သရဲမွေးသောအဘိုးအို
(စ/ဆုံး)
ချစ်ဇနီးက မိဘအိမ်မှာမနေချင်တော့ပဲ အိမ်ခွဲနေမည်ဟုပူစာနေသဖြင့် စိုးကျော်တစ်ယောက်အလုပ်မှခွင့်ယူကာ အငှါးအိမ်ရှာပုံတော်ထွက်ရတော့သည်။
မနက်ကတည်းကထွက်လာခဲ့သည်မှာ ယခုနေ့လည်ပင်ရှိပြီ၊ အငှါးအိမ်ရဖို့အဆင်မပြေသေး။
” အငှါးအိမ်တွေကလည်းစျေးကြီးလိုက်တာ၊ စျေးသက်သာတဲ့အိမ်တွေရောရှိပါ့မလားမသိဘူး .. ဟူး ”
သူရရှိသည့်လခနှင့် အငှါးအိမ်စျေးနှုန်းကမကိုက်သောကြောင့် စိတ်မောစွာစိုးကျော်သက်ပြင်းမှုတ်ထုတ်လိုက်၏။ နေကပူ၊ဗိုက်ကဆာ အငှါးအိမ်ကခုထိမရသေး၊ စိတ်ညစ်ညစ်နှင့် ရက်ကွက်တစ်ခုထဲသို့စိုးကျော်ဆက်၀င်လာလိုက်သည်။ ထိုအခါမှာတော့
” အိမ်ငှါးမည် တစ်လသုံးသောင်း ”
၀ါးခြံတံခါးလေးတွင်ကပ်ထားသောစာကို စိုးကျော်အသံထွက်ကာရွတ်ဖတ်လိုက်ပြီး ပျော်သွားတော့သည်။ သပ်သပ်ရပ်ရပ်ရှိသော ခြေတံတိုပျဉ်ထောင်အိမ်လေးဖြစ်သောကြောင့့်လည်း စိုးကျော်သဘောကျသွားမိသည်။
” တစ်လမှသုံးသောင်းတဲ့ အိမ်ကလည်းသပ်သပ်ရပ်ရပ်လေး၊ အရမ်းတန်တယ် ”
သည်အိမ်ကိုပဲငှါးရန်ဆုံးဖြတ်လိုက်ပြီး အိမ်ပိုင်ရှင်ကိုမေးမြန်းရန် ခပ်လှမ်းလှမ်းတွင်ရှိနေသော ကွမ်းယာဆိုင်လေးဆီသို့သွားလိုက်၏။
” အစ်မ ဟိုမှာအိမ်ငှါးမည်လို့စာကပ်ထားတဲ့အိမ်ရဲ့ပိုင်ရှင်က ဘယ်နားမှာနေတာလဲဆိုတာ ပြောပြလို့ရမလားခင်ဗျ ”
” အဲ့ဒီအိမ်ကိုငှါးမလို့လား ”
” ဟုတ်ကဲ့ အဲ့ဒီအိမ်ကိုငှါးချင်လို့ပါ ”
” အဲ့ဒါဆိုရင် ဒီလမ်းအတိုင်းသွား လမ်းခွဲနှစ်ခုကိုတွေ့ရလိမ့်မယ်၊ ညာဘက်လမ်းခွဲကို၀င်သွားလိုက် ငါးအိမ်မြောက်အဝါရောင်နှစ်ထပ်တိုက်အိမ်က အိမ်ပိုင်ရှင်နေတဲ့အိမ်ပဲ ”
” ဟုတ်ကဲ့ အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဗျာ ”
” ရပါတယ်ရှင် ”
” ဟုတ်ကဲ့ ကျွန်တော်သွားအုံးမယ် ”
ကွမ်းယာဆိုင်ကအမျိုးသမီးပြောတဲ့အတိုင်း စိုးကျော်ထွက်လာလိုက်သည်။
” ငါးအိမ်မြောက် အဝါရောင်နှစ်ထပ်တိုက်ဆိုတော့ ဒီအိမ်ပဲဖြစ်ရမယ် ”
ပိတ်ထားသောခြံတံခါးနားသို့ စိုးကျော်ကပ်လိုက်ပြီး အထဲသို့ချောင်းကြည့်လိုက်သည်။ အထဲမှ လူရိပ်တွေ့သည်နှင့်
” အိမ်ရှင်တို့ခင်ဗျ ၊ အိမ်ရှင်တို့ ”
အော်ခေါ်လိုက်သည့်အခါမှာတော့ အသက်လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးထွက်လာပြီး တံခါးလာဖွင့်ပေးလိုက်သည်။
” ဘာကိစ္စလဲမသိဘူး ”
” ဟိုဘက်လမ်းကပျဉ်ထောင်အိမ်လေးကို ငှါးဖို့အတွက်လာခဲ့တာပါ ”
” ဪ ဟုတ်ကဲ့ရှင့် အိမ်ထဲ၀င်ပါအုံး ”
” ဟုတ်ကဲ့ ”
အိမ်ထဲရောက်သည်နှင့် အအေးနှင့်မုန့်များလာချပေးသဖြင့် ဗိုက်ကဆာနေပြီဖြစ်သောကြောင့် ဟန်မဆောင်နိုင်ပဲစိုးကျော်အားရပါးရစားလိုက်၏။
” မနက်တည်းကအငှါးအိမ်လိုက်ရှာနေတာ စျေးတွေကကြီးတော့ ကျွန်တော့အတွက်အဆင်မပြေဘူးဗျ ၊ ခုမှပဲအဆင်ပြေတဲ့အိမ်ကိုတွေ့တော့တယ် ”
စိုးကျော်၏အပြောကြောင့့်ထိုအမျိုးသမီးပြုံးလိုက်ပြီး
” ဟုတ်ကဲ့ အိမ်ငှါးဖို့သေချာပြီဆိုရင် မနက်ဖြန်စာချုပ်ချုပ်ကြတာပေါ့ ”
” ဟုတ်ကဲ့ မနက်ဖြန်ကျွန်တော်ထပ်လာခဲ့ပါမယ် ”
စျေးတော်တော်နှင့်နေရအဆင်ပြေမည့်အိမ်လေးတစ်လုံးကို ရှာတွေ့ခဲ့ပြီမို့ ပျော်ရွှင်စွာဖြင့်စိုးကျော်အိမ်ပြန်လာလိုက်သည်။
” ဘယ်လိုလဲ အဆင်ပြေလာရဲ့လားကို ”
အိမ်သို့ရောက်သည်နှင့် ဆီးကြို၍မေးလိုက်သောဇနီးသည်ကို စိုးကျော်ပြုံး၍ကြည့်လိုက်ပြီး
” ဘာမှမပူနဲ့ အားလုံးအဆင်ပြေတယ်၊ စျေးလည်းသက်သာ နေရလည်းအဆင်ပြေမယ့်အိမ်ကိုတွေ့ခဲ့တယ် ”
” ဟုတ်လားကို ”
ယမင်း၀မ်းသာသွားသည်။
” ဟုတ်တယ်ယမင်းရဲ့၊ အဲ့ဒါ မနက်ဖြန်စာချုပ်ချုပ်ဖို့အတွက်ထပ်သွားရမယ် ယမင်းပါလိုက်ခဲ့လေ အိမ်ကိုလည်းကြည့်လို့ရတာပေါ့ ”
” ဟုတ်ကဲ့ကို ယမင်းလိုက်ခဲ့မယ် ”
နောက်တစ်နေ့တွင်တော့ အိမ်အငှါးစာချုပ်ချုပ်ရန်အတွက် စိုးကျော်နှင့်ယမင်းထွက်လာလိုက်၏။
” အိမ်လေးကသပ်သပ်ရပ်ရပ်လေးနော်ကို ခြံထဲမှာလည်းအပင်တွေအများကြီးနဲ့ စိမ်းလန်းစိုပြည်လို့ ”
အိမ်လေးကိုကြည့်ပြီးယမင်းအရမ်းသဘောကျသွားမိသည်။
” ယမင်းသဘောကျတယ်မဟုတ်လား ”
” အရမ်းကိုသဘောက်တာ ”
” ကဲ ဒါဆိုရင်စာချုပ်ချုပ်ဖို့အတွက် အိမ်ရှင်ဆီသွားရအောင် ”
အိမ်ပိုင်ရှင်အိမ်သို့ စိုးကျော်နှင့်ယမင်းရောက်လာခဲ့၏။ သူတို့ရောက်သည်နှင့် အိမ်ရှင် အဆင်သင့်ပြင်ထားသောစာချုပ်ပေါ်တွင် လက်မှတ်ထိုးပြီး စားပေါ်ငွေပေးချေလိုက်၏။
အိမ်ရှင်လည်း အိမ်ငှါးသူတွေမလာပဲ သော့ခတ်ပိတ်ထားသည်မှာကြာပြီဖြစ်သောအိမ်ကို ယခုငှါးရမ်းနေထိုင်သူပေါ်လာပြီဖြစ်သည့့်အတွက် ၀မ်းသာနေလေသည်။
” ရော့ အိမ်သော့ ”
အိမ်ရှင်ကမ်းပေးသောအိမ်သော့ကိုစိုးကျော်လှမ်းယူလိုက်၏။
” ဒါနဲ့ သရဲကြောက်တတ်လားမသိဘူး ”
ထိုသို့အိမ်ရှင်မေးလိုက်သဖြင့်စိုးကျော်ရယ်လိုက်ပြီး
” မကြောက်တတ်ပါဘူးဗျာ… ဘာလို့လဲ ”
” ဘာရယ်မဟုတ်ပါဘူး ဒီတိုင်းပဲမေးကြည့့်တာပါ ၊ ကဲ ရှင်တို့အဆင်ပြေတဲ့နေ့ လာပြောင်းနေလို့ရပြီ ”
” ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုံး ”
” ကောင်းပါပြီရှင် ”
စိုးကျော်နှင့်ယမင်း ပြန်ထွက်လာလိုက်ကြသည်။
” အဲ့ဒီမိန်းမကြီးက သရဲကြောက်တတ်လားလို့ ဘာကြောင့်မေးတာလဲမသိဘူး ၊ အဲ့ဒီအိမ်မှာ သရဲရှိလားမသိဘူးနော်ကို ”
ပြောရင်း ယမင်းကြောက်သွားမိသည်။
” ဒီတိုင်းမေးကြည့်တာလို့ပြောတယ်လေကွာ ဘာမှစိတ်ထဲမထားပါနဲ့ ၊ သရဲဆိုတာတစ်ကယ်မရှိဘူး ၊ အခု ယမင်းအိမ်ခွဲနေချင်တဲ့ဆန္ဒလေးပြည့်သွားတဲ့အတွက် ပျော်ပျော်လေးနေလိုက် ဟုတ်ပြီလား ”
” ဟုတ်ကဲ့ပါကို ယမင်းကလေ ကိုနဲ့အိမ်ထောင်စပြီးကျကတည်းက အိမ်ခွဲနေချင်တာ၊ ဒါပေမယ့်ကိုက ကို့အမေအိမ်မှာပဲနေချင်တယ်ဆိုလို့ဘာမှမပြောပဲနေနေခဲ့တာ ၊အခုဆိုယမင်းတို့ဘ၀ထဲကို ယမင်းတို့ရဲ့ရင်သွေးလေးရောက်လာတော့မယ်လေ အဲ့ဒါကြောင့် ယမင်းတို့ပါသာ ပျော်ရွှင်တဲ့မိသားစုကမ္ဘာလေးကို စပြီးတည်ထောင်ဖို့အတွက်အိမ်ခွဲနေဖို့ ကို့ကိုပူစာခဲ့တာ ”
” ဟုတ်ပါပြီဗျာ … ဟောဒီကကို့ရဲ့ဇနီးချောလေးသဘောတော်အတိုင်းပါ ”
” ခစ်ခစ် ကိုကသိပ်လိမ္မာတာပဲ ”
❀ ❀ ❀ ❀ ❀ ❀ ❀ ❀
အငှါးအိမ်လေးသို့ စိုးကျော်နှင့်ယမင်း ပြောင်းလာခဲ့သည်မှာနှစ်ရက်ရှိပြီဖြစ်သည်။
ခင်ပွန်းသည်အလုပ်သွားသဖြင့် ယမင်းတစ်ယောက်တည်းသာအိမ်တွင်ကျန်ခဲ့၏။
နေရာမကျသေးသည့် ပစ္စည်းများကိုနေရာချ ၊ အိမ်တစ်ခုလုံးပါသန့်ရှင်းရေးလုပ်ပြီးစီးသည့်အခါမှာတော့ ညနေစောင်းအချိန်ပင်ရှိလေပြီ။ထို့ကြောင့် ထမင်းဟင်းချက်ပြုတ် ရေမိုးချိုးပြီး ခင်ပွန်းသည်အလုပ်ကပြန်အလာကိုစောင့်နေလိုက်၏။ သည်ကနေ့မှ စိုးကျော်အိမ်ပြန်နောက်ကျနေသဖြင့် ယမင်းလည်းတစ်ယောက်တည်းပျင်းပျင်းရှိတာနှင့် ခြံထဲဆင်းပြီးလမ်းလျှောက်နေလိုက်သည်။
မှောင်ရိပ်ကသန်းလာပြီ။ ထိုစဉ် ခေါင်းရင်းခြံ၌ အသက်ခုနှစ်ဆယ်အရွယ်ခန့်အဘိုးအိုတစ်ဦး သစ်ပင်အောက်တွင်ထိုင်ကာ တစ်ယောက်တည်းစကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ယမင်းလည်းထိုအဘိုးအိုကို နားမလည်နိုင်စွာကြည့်နေမိသည်။
” ဒီအဘိုးကရူးနေတာများလား တစ်ယောက်ထည်းစကားတွေပြောနေတယ် ၊ သနားစရာကောင်းလိုက်တာ ”
သက်ကြီးရွယ်အိုတွေကိုမြင်လျှင် သနားတတ်သူပီပီ ထိုအဘိုးအိုကိုကြည့်ပြီး ယမင်းသနားသွားမိသည်။
” ဘယ်သူ့ကိုငေးနေတာလဲယမင်း ”
” ကိုပြန်လာပြီလား နောက်ကျတယ်နော် ”
” ဟုတ်တယ်ယမင်းရဲ့ အလုပ်များနေလို့နောက်ကျသွားတာ၊ ဒါနဲ့ ဘာကိုငေးနေတာလဲ ”
” ဟိုအဘိုးလေ တစ်ယောက်တည်းစကားထိုင်ပြောနေတာ၊ စိတ်မနှံ့ဘူးထင်တယ် သနားပါတယ် ”
” ဟုတ်လား ကဲ အဲ့ဒါတွေထားလိုက် ကိုပင်ပန်းလာပြီ ရေချိုးမယ် ၊ ပြီးရင်ထမင်းစားကြတာပေါ့ ”
” ဟုတ်ကဲ့ကို ”
နားနားနေနေမနေတတ်သောယမင်းတစ်ယောက် ခင်ပွန်းသည်အလုပ်သွားသည်နှင့် ပြန်ရောက်လာလျှင်စားဖို့အတွက် ခင်ပွန်းသည်ကြိုက်တတ်သော ကောက်ညှင်းထုပ်ထုပ်တော့သည်။
တစ်နေကုန် သူမပင်ပင်ပန်းပန်းထုပ်ပြီး ရရှိလာသည့်ကောက်ညှင်းထုပ်များကို ကြည့်ပြီး ယမင်းပျော်နေမိသည်။
” ကောက်ညှင်းထုပ်ကမွှေးနေတာပဲ၊ အများကြီးဆိုတော့ ငါနဲ့ကိုနှစ်ယောက်တည်းစားမကုန်လောက်ဘူး ၊ အင်း ဘယ်သူ့ကိုသွားပေးရမှာလဲ ”
ယမင်းခဏမျှစဉ်းစားလိုက်ပြီး မနေ့ကသူမတွေ့ခဲ့သည့် ခေါင်းရင်းခြံမှအဘိုးကိုမြင်ယောင်လာကာ
” ဟုတ်ပြီ ခေါင်းရင်းခြံကအဘိုးကိုသွားပေးရမယ် ”
ကောက်ညှင်းထုပ်များကို အိတ်တစ်လုံးထဲကောက်ထည့်ပြီး ခေါင်းရင်းခြံထဲသို့ယမင်း၀င်လာလိုက်သည်။ ခြံထဲတွင် နှစ်ကြာနေပြီဖြစ်သောသစ်ပင်ကြီးများက တစ်ခြံလုံးနီးပါးပြည့်နေသည့်အတွက် နေ့လည်ခင်းပင်ဖြစ်လင့်ကစား မှောင်နေလေသည်။
အဘိုးအို၏ပျဉ်ထောင်အိမ်လေးအရှေ့သို့ရောက်သည်နှင့်
” အဘိုး အိမ်ထဲမှာရှိလား အဘိုး ”
ပြန်ထူးသံမကြား၊ ယမင်းခေါင်းကုတ်လိုက်ပြီး
” ဘယ်သွားနေလဲမသိဘူး ၊ တံခါးလည်းဖွင့်ထားပါတယ် ငါခေါ်တာမကြားတာပဲနေမှာပါ ”
အိမ်ပေါ်သို့ယမင်းတက်လာလိုက်ပြီး အိမ်ထဲသို့၀င်လိုက်စဉ် ကြက်သီးဖျန်းခနဲ့ထသွားသည်ကိုခံစားလိုက်သည့်အတွက် အနည်းငယ်ကြောက်လန့်မိသွား၏။
” ဘာဖြစ်တာပါလိမ့်၊ ငါဒီလိုတစ်ခါမှမခံစားဖူးပါဘူး ”
စိတ်ထဲဘ၀င်မကျသလိုခံစားလာရသဖြင့် ဟိုဟိုဒီဒီကြည့်ကာ အဘိုးအိုကိုသာရှာလိုက်သည်။
ထိုအခါ ခပ်လှမ်းလှမ်းရှိ စားပွဲတစ်ခုပေါ်တွင် အမဲသားတွဲတစ်တွဲကိုတွေ့လိုက်ရသည်။
….. ရှပ်… ရှပ် … ရှပ် …..
” ဟင် ”
ခြေသံနှင့်အတူအရိပ်မည်းတစ်ခုကိုတွေ့လိုက်ရသဖြင့် ယမင်းထိတ်လန့်သွားတော့သည်။
” ဟေ့ မင်းဘယ်သူလဲ… ငါ့အိမ်ထဲဘာလို့ရောက်နေရတာလဲ ”
အနောက်မှ ခပ်မာမာမေးလိုက်သံကြောင့် အရိပ်မည်းကိုမြင်ပြီးကြောက်လန့်သည့်အရှိန်ဖြင့် ယမင်းတစ်ကိုယ်လုံးတုန်သွားတော့သည်။ ထို့နောက် နောက်သို့လှည့်ကြည့်လိုက်သည့်အခါမှာတော့ သူမကိုစူးစူးဝါးဝါးကြည့်နေသော အဘိုးအိုကိုတွေ့လိုက်ရသည်။
” ဟို.. သမီးကဟိုဘက်အိမ်မှာလာငှါးနေတာပါ… အခုက အဘိုးအတွက်သမီးကိုယ်တိုင်လုပ်ထားတဲ့ ကောက်ညှင်းထုပ်လေးလာပို့ပေးတာပါ ”
ကိုင်ထားသောကောက်ညှင်းထုပ်အိတ်ကိုယမင်းမြှောက်ပြလိုက်၏။
” မလိုဘူး… ထွက်သွားစမ်း နောက်တစ်ခါ ငါ့အိမ်ကိုဘယ်တော့မှမလာနဲ့ ”
” ရှင် ”
အဘိုးအိုအော်ငေါက်မောင်းထုတ်လိုက်သဖြင့် ယမင်းကြောင်သွားမိသည်။
” ထွက်သွားလို့ပြောနေတယ်လေ … သွား ”
” ဟုတ် ဟုတ်ကဲ့ ”
အဘိုးအိုထပ်မံအော်ငေါက်မောင်းထုတ်လိုက်သည့်အခါမှာတော့ ယမင်းကြောက်ကြောက်နှင့် အိမ်ပေါ်မှအမြန်ပြေးဆင်းလာလိုက်သည်။
” ငါကစေတနာနဲ့ကောက်ညှင်းထုပ်သွားပေးရသေးတယ် ငါ့ကိုမောင်းထုတ်ရတယ်လို့ ”
ယမင်းမကျေမနပ်ဖြစ်နေမိသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ခြံအနောက်ဘက်တွင်ရှိနေသော ငွေပန်းပင်တွင် ပန်းအများအပြားပွင့်နေသဖြင့် ဘုရားပန်းကပ်ရန် ယမင်းသွားခူးလိုက်၏။
ထိုစဉ် အကြည့်က ခေါင်းရင်းခြံသို့ရောက်သွားသည့်အခါမှာတော့ ယမင်းအံ့အားသင့်သွားရသည်။
အဘိုးအိုသည် အမဲသားစိမ်းများကိုသစ်ပင်ခြေရင်းအောက်ရှိ ပန်းကန်နှစ်ပန်းကန်ထဲတွင် တစ်တုံးချင်းစီထည့်ပေးနေပြီး အဘိုးအို၏အနားတွင်တော့ အရိပ်မည်းကြီးနှစ်ခုသည် ပန်းကန်ထဲတွင် အဘိုးအိုထည့်ပေးသော အမဲသားစိမ်းများကိုနှိုက်စားနေလေသည်။
သူမကြည့်နေသည်ကို အဘိုးအိုတွေ့သွားမည်စိုးသဖြင့် ငွေပန်းပင်အကွယ်တွင်ထိုင်နေကာ ယမင်းဆက်ပြီးချောင်းကြည့်နေလိုက်သည်။
” ယမင်း … ယမင်း ”
” အိမ်ပေါ်မှာလည်းမရှိဘူး ဘယ်သွားနေပါလိမ့် ”
အလုပ်ကပြန်အရောက် ဇနီးသည်ကိုမတွေ့ရသဖြင့်စိုးကျော်စိတ်ပူသွား၏။
ထို့ကြောင့် ဇနီးသည်ကိုတွေ့လိုငြား ခြံနောက်သို့စိုးကျော်ထွက်လာလိုက်၏။
” ယမင်း …. ယမင်း ”
ခင်ပွန်းသည်စိုးကျော်သူမကိုအော်ခေါ်ကာ ရှာနေသဖြင့် ယမင်းလည်း ပန်းပင်ကြားထဲမှအမြန်ထွက်လာလိုက်ပြီး
” ကို ဘာလို့အော်ခေါ်နေတာလဲ ”
” ဟင် ယမင်း… ဘာလို့ပန်းပင်ကြားထဲမှာနေနေရတာလဲ ”
” ရှူ း … တိုးတိုး…. ကြားသွားအုံးမယ် ”
ယမင်း၏ခိုးကြောင်ခိုးဝှက်ဖြစ်နေသောအမူယာကိုကြည့်ပြီး စိုးကျော်နားမလည်နိုင်ဖြစ်သွား၏။
” ဘာဖြစ်လို့လဲယမင်း ”
ထိုစဉ် အဘိုးအိုသူတို့ကိုလှည့်ကြည့်လာသဖြင့် ယမင်းလန့်သွားပြီး စိုးကျော်၏လက်ကိုဆွဲကာ ထိုနေရာမှအမြန်ထွက်လာလိုက်၏။
စိုးကျော်မှာတော့ ဘာမှနားမလည်နိုင်ပဲ ယမင်းဆွဲခေါ်လာရာဆီသို့သာလိုက်ပါလာခဲ့သည်။
အိမ်ပေါ်သို့ရောက်လာသည့်အခါမှာတော့
” ခေါင်းရင်းအိမ်ကအဘိုးအိုကိုချောင်းကြည့်နေတာ ကို့အသံကျယ်တာနဲ့ဟိုကမြင်သွားပြီ ”
” အဲ … ကိုကယမင်းကိုအိမ်ထဲမှာမတွေ့လို့လိုက်ရှာတာလေ… ဒါနဲ့ ယမင်းကဘာလို့ခေါင်းရင်းအိမ်ကအဘိုးအိုကိုချောင်းကြည့်နေရတာလဲ ”
” အဲ့ဒီအဘိုးအိုကကြောက်စရာကြီးကိုရဲ့ ”
” ဟားဟား… ယမင်းပဲအရင်ကသနားစရာကောင်းပါတယ်ဆို၊ အခုကျမှဘယ်လိုဖြစ်ပြီးကြောက်စရာကောင်းသွားရပြန်တာလဲ ”
စိုးကျော်သဘောကျစွာရယ်မောလိုက်၏။
” အဲ့ဒါကအကြောင်းမသိသေးလို့ပါ … စောစောက အဲ့ဒီအဘိုးအိုကလေ အမဲသားစိမ်းတွေကိုင်ပြီး ပန်းကန်နှစ်ပန်းကန်ထဲကိုထည့်ပေးနေတာ … သူ့ရဲ့အနားမှာလည်း အရိပ်မည်းကြီးနှစ်ခုကိုတွေ့တယ်ကိုရဲ့ … ပြောရင်းကြက်သီးတောင်ထလာပြီ ”
” ယမင်းကလည်းလေ အဲ့ဒီအဘိုးအိုကစိတ်မှမနှံ့တာ… သူလုပ်ချင်တာတွေလုပ်မှာပေါ့ အရိပ်မည်းဆိုတာကလည်း သစ်ပင်ရိပ်ပဲဖြစ်မှာပါ ခြံထဲမှာသစ်ပင်တွေဒီလောက်ပေါတာကို ”
” ကိုကမယုံဘူးလား … မနေ့ကလည်းလေ ကောက်ညှင်းထုပ်တွေသွားပို့တာ ယမင်းကိုအော်ငေါက်မောင်းထုတ်တယ် … ကြည့်ရတာ သူ့အိမ်ကိုသူစိမ်းတွေလာတာမကြိုက်ဘူးထင်တယ် … အဲ့ဒီအဘိုးအို မရိုးသားဘူး ”
” သူ့အိမ်ကိုသွားတာမကြိုက်ဘူးဆိုရင် နောက်တစ်ခါမသွားနဲ့ပေါ့ယမင်းရဲ့ … ကဲ ဘာမှစိတ်ထဲမထားနဲ့ ကိုလည်းပင်ပန်းလာပြီ ရေချိုးတော့မယ် ”
” အင်းပါ ”
မနက်မိုးလင်းသည်နှင့် ထုံးစံအတိုင်း ထမင်းချိုင့်လေးပြင်ကာ စိုးကျော်အလုပ်သွားသည်၊ ယမင်းကတော့အိမ်တွင်အရင်လိုပဲ တစ်ယောက်တည်းကျန်ခဲ့ပြန်၏။
လိုက်လည်ဖို့ကလည်း မကြာသေးခင်ကမှသူတို့ရောက်လာသည့် သူစိမ်းပတ်၀န်းကျင်မို့အသိအိမ်ကမရှိ။ တစ်နေ့နေ့ အိမ်မှာနေရတာကိုယမင်းငြီးငွေ့လာမိသည်။
” ပျင်းလိုက်တာ … ငါ့နှယ်နော် စကားပြောဖော်အသိမိတ်ဆွေလေးတောင်မရှိတဲ့ဘ၀၊ ဒုက္ခ ဒုက္ခ… ဟူး မတတ်နိုင်ဘူး သည်းခံပြီးနေရမှာပဲ ”
ယမင်းညည်းတွားလိုက်ပြီး အပျင်းပြေလိုငြား ၀တ္ထုစာအုပ်လေးတစ်အုပ်ကောက်ဖတ်နေလိုက်၏။
….. ဒုန်း…..
” အမလေး ”
ခေါင်မိုးပေါ်သို့ တစ်ခုခုကျသံကြီးကကျယ်လောင်စွာထွက်ပေါ်လာသဖြင့် ယမင်းလန့်အော်လိုက်မိသည်။
” ဘယ်ကကလေးတွေလက်သရမ်းလဲမသိဘူး … ဟူး လန့်သွားတာပဲ ”
ထိုသို့ပြောပြီး ဖတ်လက်စ၀တ္ထုစာအုပ်လေးကိုသာ ယမင်းပြန်ဖတ်နေလိုက်သည်။
တစ်အောင့်မျှအကြာ
… ဒေါက် … ဒေါက်… ဒေါက် ….
တံခါးခေါက်သံထွက်ပေါ်လာပြန်သည်။
” ဘယ်သူတွေများလာလဲမသိဘူး ”
အိမ်တံခါးဖွင့်လိုက်သောအခါ မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရ။
” ဟင်… ဘယ်သူမှလည်းမရှိဘူး၊ ငါနားကြားမှားတာတော့မဟုတ်နိုင်ဘူး ”
စိတ်စနှိုးစနောက်ဖြစ်သွားကာ အထဲသို့ပြန်၀င်လာလိုက်ချိန်တွင်
” အမလေး ”
ဖုန်း၀င်လာသည့်သီချင်းသံရုတ်တရက်ထွက်ပေါ်လာသဖြင့် ယမင်းလန့်သွားတော့သည်။
” ရင်တုန်သွားတာပဲ ငါဒီနေ့ဘာဖြစ်လို့ကြောက်နေပါလိမ့်… ဟူး ”
” ဟဲလို … ယမင်း ”
” ပြောလေကို ”
” ကိုအိမ်ပြန်နောက်ကျမယ်ယမင်း … အလုပ်ကကို့သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ကွာ အဲ့ဒါသူကအားလုံးကိုဒီညကျွေးမွေးချင်လို့ဆိုပြီးအတင်းခေါ်နေတာ မလိုက်ရင်လည်းမကောင်းဘူး ”
” ယမင်းနားလည်ပါတယ်ကိုရဲ့ လိုက်သွားလိုက်ပါ ၊ ဒါပေမယ့် အများကြီးတော့မသောက်နဲ့နော် ”
” အင်းပါယမင်းရဲ့ … အိမ်တံခါးကိုသေချာပိတ်ပြီးအိပ်နော်၊ ကိုလည်းပြီးတာနဲ့အမြန်ဆုံးပြန်ခဲ့မယ် ”
” ဟုတ်ကဲ့ပါကို ”
ခင်ပွန်းဆီကဖုန်းကျသွားသည်နှင့် သည်ည တစ်ယောက်တည်းနေရမည်ဟူသည့်အတွေး၀င်လာပြီး ယမင်းအနည်းငယ်ကြောက်စိတ်၀င်လာမိသည်။
…. အို … ငါကဘာကိုကြောက်နေရမှာလဲ … ထွက်သွားစမ်းကြောက်စိတ်တွေ…. မကြောက်ဘူး … မကြောက်ဘူး …
ကြောက်စိတ်တွေကို ယမင်းတစ်ယောက်အတင်းမောင်းထုတ်လိုက်တော့သည်။
တစ်ဖြည်းဖြည်းနှင့်ညဉ့်နက်လို့လာခဲ့ပြီ၊ ယမင်းလည်းအိမ်တံခါးသေချာပိတ်ပြီး အိပ်ယာထဲတွင်လှဲနေလိုက်သည်။
” ဟာ … ဒီအချိန်ကြီးမှဗိုက်ကအောင့်လာရတယ်လို့ ”
ဗိုက်အောင့်လာသဖြင့် ယမင်းစိတ်ညစ်သွားပြီး ဓါတ်မီးကိုယူကာ ကြောက်ကြောက်နှင့်အိမ်သာသို့ထလာလိုက်သည်။
…. ရှပ်…ရှပ်…ရှပ်….
…. ရှပ်…ရှပ်…ရှပ် ….
အိမ်သာနားအရောက်တွင် ခြေသံများကိုကြားလိုက်ရသဖြင့် သွားလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ကာ
” ဘယ်သူလဲ …. ကိုလား ”
…. ရှပ်…ရှပ်…ရှပ်….
ဖြေသံထွက်မလာ၊ ခြေသံများသာပို၍နီးကပ်စွာထွက်ပေါ်လာ၏။
” ဘယ်သူလဲလို့မေးနေတယ်လေ ”
ကြောက်စိတ်ကြောင့် ယမင်း၏အသံတွေတုန်လာသလို ဘေးပတ်၀န်းကျင်တစ်ခုလုံးကို ဓါတ်မီးလှည့်ပတ်ထိုးကြည့်ရင်း ယမင်းတစ်ကိုယ်လုံးလည်းတုန်နေတော့သည်။
ထိုစဉ်
” အား ….. ”
ခြေထောက်ကိုကိုင်ကာ ဒရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရသဖြင့် ယမင်းထိတ်လန့်စွာငယ်သံပါအောင်ပင်အော်လိုက်၏။
” ဟီး ဟီး ဟီး ”
” ဟား ဟား ဟား ”
တစ်ဆက်တည်းမှာပင်ကြောက်မက်ဖွယ်ရယ်မောသံကြီးများထွက်ပေါ်လာခဲ့၏။
မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရသဖြင့် ယမင်း၏ခန္တာကိုယ်တစ်ခုလုံးပွန်းပဲ့သွားကာ နာကျင်စွာခံစားနေရ၏။
” ဟီး ဟီး ဟီး ဟီး ”
” ကယ်ကြပါအုံး… အား ”
အမွှေးကြမ်းကြီးများပြည့်နှက်နေသည့် ကြမ်းတမ်းသောလက်ကြီးက သူမ၏ခြေထောက်အား မလွှတ်တမ်းဆွဲကိုင်ကာ မနားတမ်းလှည့်ပတ်ပြေးနေလေသည်။
ထိုစဉ်
… ဒုတ္ ….
” အား…. ”
သစ်ပင်နှင့်ဦးခေါင်း ပြင်းထန်စွာဆောင့်မိသွားပြီး ထူပူသွားကာ နာကျဉ်မှုဒဏ်ရာတွေကိုခံနိုင်ရည်မရှိတော့ပဲ ယမင်းတစ်ယောက် လောကကြီးနှင့်အဆက်သွယ်ပြတ်သွားတော့သည်။
” ဟီး ဟီး ဟီး ”
” ဟား ဟား ဟား ”
တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ်ရယ်မောသံကြီးများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
” ဟင်… ဒီကောင်တွေတစ်ခုခုလုပ်နေပြီထင်တယ် ”
ရယ်မောသံကြီးများ နားထဲသို့တိုး၀င်လာသဖြင့် အဘိုးအိုလန့်နိုးသွားပြီး တီးတိုးရေရွတ်ကာ ခြံထဲသို့ဆင်းလာလိုက်၏။
ခြံနောက်သို့ရောက်လာသည့်အခါတွင်တော့ သွေးသံတရဲရဲဖြင့် ငြိမ်သက်နေသောယမင်းကိုတွေ့လိုက်ရသောကြောင့် အဘိုးအိုထိတ်လန့်သွားတော့သည်။
” ဟာ ခြေရင်းအိမ်ကကလေးမပဲ၊ ဒုက္ခပါပဲကွာ ”
ထို့နောက် ယမင်းအသက်ရှူ မရှူ အဘိုးအိုစမ်းကြည့်လိုက်၏။
” အသက်မရှူတော့ဘူး ၊ သေပြီထင်တယ် ”
အဘိုးအိုတုန်တုန်ယင်ယင်ဖြင့် ယမင်းအား သူ၏အိမ်သို့ပွေ့ချီလာလိုက်၏။ ထို့နောက် အားနေသော သေတ္တာကြီးတစ်လုံးထဲတွင် ယမင်းကိုထည့်ကာ သော့ခတ်ထားလိုက်တော့သည်။
” မင်းတို့တွေကွာ… တောက်… အေးအေးဆေးဆေးနေပါလို့ငါမှာထားရဲ့သားနဲ့ ၊ မင်းတို့အပြစ်လုပ်ထားတဲ့အတွက်ဒဏ်ပေးရမယ် မနက်ဖြန်ကစပြီးအစာအငတ်နေကြတော့ ”
ဒေါသထွက်စွာပြောနေသော အဘိုးအို၏စကားများကို ဘေးနားတွင်အရိပ်မည်းကြီးနှစ်ခုက ငြိမ်သက်စွာနားထောင်နေကြသည်။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ည ၁၂ ထိုးမှစိုးကျော်အိမ်ပြန်လာခဲ့သည်။ သောက်ထားသဖြင့်အတော်လေးကိုမူးနေလေသည်။
” မိန်းမရေ ယမင်း ကိုပြန်လာပြီ ”
ပြန်ဖြေသံထွက်မလာ တိတ်ဆိတ်နေသဖြင့် စိုးကျော်ပြုံးလိုက်ပြီး
” အိမ်ပြန်နောက်ကျလို့စိတ်ဆိုးနေတာလား ၊ စိတ်မဆိုးပါနဲ့ကွာ ”
ပြောရင်းအိမ်ပေါ်သို့စိုးကျော်တက်လာလိုက်သည်။ သို့ပေမယ့် ယမင်းကိုမတွေ့ရသေးသဖြင့် စိုးကျော်စိုးရိမ်စပြုလာခဲ့၏။
” ယမင်း ဘယ်သွားနေတာလဲ ”
အခန်းထဲတွင်၀င်ရှာသော်လည်းမတွေ့။
” အိမ်သာသွားတာလား ”
အိမ်သာဆီသို့ထွက်လာလိုက်ပြန်သည်။ သို့ပေမယ့်ယမင်းကိုအရိပ်ယောင်တောင်မျှမတွေ့ရသဖြင့် စိုးကျော်စိုးရိမ်စိတ်မြင့်တက်လာပြီးအမူးပင်ပြေသွားတော့သည်။
” ဟာ ဘယ်တွေသွားနေတာလဲကွာ ”
ဖုန်းခေါ်ကြည့်လိုက်သည့်အခါ ဖုန်းသည်အိပ်ယာဘေးတွင်ရှိနေပြန်သည်။
ထို့ကြောင့် စိုးကျော်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ။၊
” ငါ့ကိုစိတ်ဆိုးပြီးသူ့အမေဆီပြန်သွားတာလား ”
ယမင်း၏မိခင်ထံ စိုးကျော်ဖုန်းခေါ်လိုက်ပြန်သည်။ သို့ပေမယ့်ယမင်းရောက်မလာဟုဆိုသဖြင့် စိုးကျော်အရူးတစ်ယောက်ပမာ အိမ်နီးချင်းအိမ်တွေဆီသွားကာ အချိန်မတော်အားနာရမည်မသိတော့ပဲ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်မေးပြန်သည်။
ဇနီးသည်ရုတ်တရက်ပျောက်သွားသဖြင့် တစ်ညလုံးစိုးရိမ်စိတ်တွေနှင့်စိုးကျော်အိပ်မရခဲ့။ မနက်ရောက်သောအခါ ရဲစခန်းသို့သွားကာ လူပျောက်တိုင်ချက်ဖွင့်လိုက်၏။
တစ်နေကုန်ဇနီးသည်ပျောက်နေသည်ကိုရှာနေရသဖြင့်စိုးကျော်အတော်လေးကိုပင်ပန်းနေပြီ။ မနေ့ညကတည်းကခုချိန်ထိမအိပ်ရသေး၊ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကာ စိုးကျော်ခဏလှဲချလိုက်၏။
” ကို ယမင်းကိုကယ်ပါအုံး၊ အီးဟီး ယမင်းကိုကယ်ပါအုံးကိုရယ် ”
နားထဲတွင် ဇနီးသည်၏အသံတိုး၀င်လာသဖြင့် စိုးကျော်ထထိုင်လိုက်၏။
” ယမင်းရဲ့အသံပဲ၊ ယမင်း ”
” ကို ယမင်းကိုကယ်ပါအုံး ”
ဇနီးသည်၏အကူညီတောင်းသံ ထပ်မံထွက်ပေါ်လာခဲ့သဖြင့် အိမ်ပေါ်မှစိုးကျော်အမြန်ဆင်းလိုက်ပြီး ဇနီးသည်အားရှာလိုက်၏။
အရာအားလုံးကို ညဉ့်နက်ကြီးကကြီးစိုးထားသဖြင့် ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။
” ယမင်း ဘယ်မှာလဲကွာ ”
” ကို ယမင်းဒီမှာလေ လာကယ်ပါအုံး ”
အသံကခေါင်းရင်းအဘိုးအို၏ခြံထဲမှထွက်ပေါ်လာခြင်းပင်။ ထို့ကြောင့် ခေါင်းရင်းခြံထဲသို့ စိုးကျော်အပြေး၀င်လာလိုက်၏။
” ယမင်း ဘယ်မှာလဲ၊ ယမင်း ”
အားရပါးရအော်ခေါ်နေသည့်မိမိအသံကိုပြန်ကြားကာ စိုးကျော်အိမ်မက်မှလန့်နိုးလာခဲ့တော့သည်။တစ်ကိုယ်လုံးလည်း ချွေးများရွှဲနစ်နေလေသည်။
” ငါအိမ်မက်မက်နေပါလား၊ အိမ်မက်ထဲမှာယမင်းငါ့ကိုအကူညီတောင်းနေတယ် ယမင်းတစ်ခုခုဖြစ်နေတာလား ”
တွေးရင်းစိုးကျော်ရင်ပူသွားတော့သည်။ ထို့နောက် အချိန်ဆွဲမနေတော့ပဲ ခေါင်းရင်းခြံရှိအဘိုးအိုအိမ်သို့အမြန်လာလိုက်တော့သည်။
…. ဒေါက် ဒေါက် ….
” ဘယ်သူလဲ ”
” ကျွန်တော်ပါ ခြေရင်းခြံကအိမ်ငှါးနေတဲ့သူ ”
အဘိုးအိုတံခါးလာဖွင့်ပေးလိုက်ပြီး
” ဘာကိစ္စလဲ ညကြီးအချိန်မတော် ”
” မေးစရာလေးရှိလို့ပါ ”
” မင်းနဲ့ငါနဲ့ကဘာပတ်သတ်မှုမှမရှိဘူးထင်တယ်ကောင်လေး ”
” အရင်ကမရှိပေမယ့်အခုရှိတယ်ဗျ ၊ ကျွန်တော့မိန်းမပျောက်နေတယ် ”
” အဲ့ဒီကိစ္စငါနဲ့ဘာဆိုင်လို့လဲ ”
အဘိုးအို၏အသံမှာမာနေလေသည်။
” ကျွန်တော့မိန်းမဒီမှာရှိတယ်လို့အိမ်မက်တယ်၊ ဒီကိစ္စခင်ဗျားသိနေတယ်မဟုတ်လား ”
စိုးကျော်၏စကားကြောင့် အဘိုးအိုမျက်နှာပျက်သွားတော့သည်။
” သွားကွာ မင်းပြန်တော့ ”
အဘိုးအိုတံခါးပြန်ပိတ်ရန်ပြင်လိုက်စဉ် စိုးကျော်လျင်မြန်စွာ အိမ်ထဲသို့၀င်လာလိုက်၏။
” ငါ့အိမ်ထဲကထွက်သွား၊ ထွက်သွား ”
အဘိုးအိုဒေါသတကြီးမောင်းထုတ်နေသည်ကိုစိုးကျော်ဂရုမစိုက်ပဲ တစ်အိမ်လုံးကိုရှာဖွေတော့သည်။အချိန်တော်တော်ကြာသည်အထိ နေရာအနှံ့ရှာဖွေသော်လည်း ဘာသဲလွန်စမှမရခဲ့ချေ။၊နောက်ဆုံး အခန်းထဲတွင်သော့ခတ်ထားသောသေတ္တာကြီးတစ်လုံးသာကျန်တော့သည်။ ထို့ကြောင့် သော့ကိုသံတူဖြင့်ရိုက်ဖွင့်ရန်ပြင်လိုက်၏။
” နေ နေအုံး ”
အဘိုးအိုတုန်တုန်ယင်ယင်ဖြင့် လာရောက်တားလိုက်၏။သို့ပေမယ့် စိုးကျော်ဂရုမစိုက်ပဲအားရပါးရရိုက်ဖွင့့်လိုက်တော့သည်။ ထိုအခါ သေတ္တာထဲတွင် ခြောက်သွေ့နေပြီဖြစ်သောသွေးများနှင့် မြင်မကောင်းအောင်ဖြစ်နေသောဒဏ်ရာများဖြင့်သေဆုံးနေသော ဇနီးသည်၏အလောင်းကိုတွေ့လိုက်ရ၏။စိုးကျော်ယူကျုံးမရဖြစ်ကာ ရင်ထဲတွင်ဆို့နစ်နေပြီး မျက်ရည်များအလိုလိုစီးကျလာတော့သည်။ အဘိုးအိုလည်း နံရံဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချကာခေါင်းငိုက်စိုက်ကျနေလေသည်။ ထို့နောက် ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားလိုက်တော့သည်။ တစ်ခဏအကြာတွင် ရဲများရောက်ရှိလာကြပြီး အလောင်းစစ်ဆေးသိမ်းဆည်းကြတော့သည်။
” ကဲ အဘိုး ဘာပြောချင်သေးလဲ ”
ဒုရဲအုပ်၏အမေးကြောင့် အဘိုးအိုခေါင်းမေ့လာပြီးမျက်ရည်တွေစီးကျလာကာ
” ဒီကလေးမကိုအဘိုးမသတ်ရပါဘူးကွယ် ဒါပေမယ့် အဘိုးကြောင့်ဒီကလေးမသေဆုံးရတာပါ ”
အဘိုးအို၏စကားကိုအားလုံးနားမလည်နိုင်ဖြစ်သွား၏။
” အားလုံးကိုပြောပြပြီး အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ်… ဒီကလေးမသေဆုံးရတာ အဘိုးရဲ့မိန်းမနဲ့သားကြောင့်ပါ ”
” ဟင် ဒါဆိုသူတို့ဘယ်မှာလဲ ”
” သူတို့ကလူတွေမဟုတ်ပါဘူး ”
” ဘယ်လို ”
အားလုံးပို၍နားရှုပ်သွားတော့သည်။
” အဘိုးရဲ့မိန်းမနဲ့သားက လွန်ခဲ့တဲ့အနှစ်သုံးဆယ်က ခရီးသွားရင်းကားမှောက်ပြီးဆုံးသွားကြတာပါ၊ အဲ့ဒီအချိန်မှာ ကမ္ဘာပျက်မတတ်ခံစားခဲ့ရတယ်၊ သူတို့နဲ့မခွဲနိုင်တော့ နောက်ဆုံးအဘိုးဆုံးဖြတ်လိုက်တယ် သူတို့ကိုအဘိုးရဲ့ဘေးနားမှာအရင်လိုပြန်ပြီးရှိနေနိုင်အောင် သူတို့ရဲ့ဝိညာဉ်ကိုအိမ်မှာခေါ်ထားလိုက်တာပေါ့၊ သူတို့ကြိုက်တဲ့အမဲသားစိမ်းနေ့တိုင်းကျွေးတယ်၊ နှစ်ကြာတော့သူတို့လည်းသတ်တမ်းရင့်လာပြီး လူတွေကိုဒုက္ခပေးလာကြတယ်လေ၊ ခြေရင်းအိမ်ကအိမ်ငှါးတော့ လာငှါးနေကြတဲ့သူတွေကိုသူတို့ခြောက်လှန့်ကြတယ် အဲ့ဒီလိုနဲ့သူများတွေဆက်မငှါးရဲကြတော့ပဲပြေးကြတယ်၊ အိမ်ငှါးမလာပါစေနဲ့လိုအဘိုးအမြဲတမ်းဆုတောင်းနေခဲ့တာ၊ အဘိုးရဲ့ခြံထဲကိုလည်းသူစိမ်းတွေကိုအ၀င်မခံဘူး သူတို့ဒုက္ခပေးမှာစိုးလို့ပါ၊ ဒါပေမယ့် အခုတော့ အပြစ်မရှိတဲ့လူတစ်ယောက်သူတို့သတ်လို့သေဆုံးခဲ့ရပြီ၊ အားလုံးကအဘိုးရဲ့အပြစ်တွေပါ အဘိုးရဲ့အတ္တတွေကြောင့်ပါ အဘိုးရဲ့အပြစ်တွေကိုခံယူပါ့မယ် အဘိုးကိုဖမ်းပါကွယ် ”
မျက်ရည်တွေနှင့်အဘိုးအို၏စကားကိုနားထောင်အပြီးမှာတော့ အားလုံးစိတ်မကောင်းဖြစ်သွားရသည်။
အဘိုးအိုကတော့သူ၏အပြစ်တွေကိုခံယူဖို့အသင့်ပင်။
အရာအားလုံးကတစ်ခဏအတွင်းမှာပင်အိမ်မက်မက်နေသည့်သဖွယ် ဖြစ်သွားခဲ့ရပြီ။ သူအရမ်းချစ်သည့်ဇနီးသည်နှင့် လူ့လောကထဲကိုမကြာခင်ရောက်လာတော့မည့်ရင်သွေးလေးအား တစ်ပြိုင်နက်တည်းဆုံးရှုံးလိုက်ရသဖြင့် စိုးကျော်တစ်ယောက်ရင်ကွဲလုမတတ်ခံစားနေရ၏။ ထို့နောက် ဇနီးသည်၏ရက်လည်အပြီးမှာတော့စိုးကျော်လည်း အငှါးအိမ်လေးကိုလေးတွဲသောခြေလှမ်းတို့ဖြင့် နှုတ်ဆက်ထွက်ခွါသွားလေတော့သည်။
ပြီးပါပြီ
( ကလောင်ပြောင်းလိုက်ပါပြီ၊ နေဇင်သော်ဆိုတဲ့နာမည်နဲ့စာဆက်ရေးသွားမှာပါ ) 😊😊
(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျက်)
နေဇင်သော်
#လေးစားစွာCreditပေးပါတယ်