“သရဲလိုက်တဲ့ ည”(စ/ဆုံး)

“သရဲလိုက်တဲ့ ည”(စ/ဆုံး)

————————————-

ကျနော့် နာမည်ကတော့ ချက်ကြီးလို့ ခေါ်ပါတယ်။ ကျနော်တိုရဲ့ ရွာလေးဟာတော့ အင်မတန်မှ အေးချမ်း သာယာတဲ့ ‘ချမ်းအေးသာ’ ဆိုတဲ့ ရွာလေး တစ်ရွာပါ။ လယ်လုပ်သူက နည်းပြီး တောင်ယာ လုပ်သူကတော့ များလှပါတယ်။ ရွာမှာက အိမ်ခြေ ၅၀ လောက် ရှိပြီး လျှပ်စစ်မီးတော့ မရသေးပါဘူး။ ဒါပေမဲ့ ဟိုဘက် ရွာမှာ မီးရလေတော့ အားသွင်းစရာ ရှိရင် တဖက်ရွာကို အားသွား သွင်းရတယ်လေ။ ကျနော် ကြားသလောက်ကတော့ လျှပ်စစ်မီး လျှောက်ထားတယ်လို့တော့ ကြားမိပါတယ်။ ဘယ်တော့မှ ရမလည်းတော့ မသိသေးဘူးပေါ့။

ကျနော့်ကို ရွာကလူတွေက ကိုစပ်စုတဲ့ဗျာ။ တကယ်က ကျနော်က စပ်စုတာ မဟုတ်ပါဘူး။ လေ့လာတာပါ။ လူဆိုတာ ကိုယ်မသိတဲ့ အရာကို လေ့လာ ရမယ်လေဗျာ။ မဟုတ်ပေဘူးလား။ ဒါကို စပ်စုတယ်တဲ့။

ပြီးတော့ သရဲဆိုတာ တကယ် ရှိလားဗျ။ ကျနော်က တော့ တကယ် ရှိတယ်လို့ ထင်မိပါတယ်။ ဘာလို့လည်းဆိုတော့ ၃၁ ဘုံ ဆိုတာ ရှိတယ်လေ။ မဟုတ်ပေဘူးလား။ ဗြဟ္မာဘုံ ၂၀။ နတ်ဘုံ ၆။ လူ့ဘုံ ၁။ အပါယ် ၄ ဘုံ လို့ ဆိုထားတယ် မဟုတ်ပါလား။ တချို့ကတော့ မရှိဘူး။ မယုံဘူးဆိုတဲ့လူတွေကိုလည်း တွေ့ဖူးပါတယ်။ သူတို့နဲ့လည်း မငြင်းချင်ပါဘူးဗျာ။ လူဆိုတာက ကိုယ်သန်ရာကို ယုံကြည် တတ်တာပဲ မဟုတ်လား။

ကျနော်တို့ ရွာမှာက သရဲခြောက်တယ် ဆိုတာက မရှိသလောက် ပါပဲ။ သရဲခြောက်တယ် လို့လည်း မကြားမိခဲ့ပါဘူး။ ဒါပေမဲ့ တစ်လောက ကြုံခဲ့ရပုံကတော့ တော်တော် ကြက်သီးထစရာ ကောင်းလှပါတယ်။ ကြုံခဲ့သူကတော့ ကိုသာလှပါ။ သူကြုံခဲ့တဲ့ ညကတော့ သူ့ခမြာ ကြောက်နေခဲ့လို့ ကျနော်လည်း မမေးဖြစ်ခဲ့ပါဘူး။ ကျနော် ဆိုတာကလည်း သိကြတဲ့ အတိုင်း သေသေချာချာ သိရမှ စားဝင် အိပ်ပျော်တဲ့ ကောင်လေ။ ဒီတော့ နောက်တစ်နေ့ မနက်မှာ ကိုသာလှ အိမ်ကို သွားပြီး မေးကြည့်ခဲ့ တာပေါ့ဗျာ။ သူပြောပြတာကလည်း ကျနော်တောင် ကျောရိုးထဲ စိမ့်ပြီး ကြက်သီး ထမိတာပေါ့။

**********

တစ်ညမှာပေါ့။ အချိန်ကတော့ ည ရှစ်နာရီ လောက် ရှိနေပါပြီ။ ကျနော်လည်း ပျင်းပျင်း ရှိတာနဲ့ ဟိုးတွေး ဒီငေးနဲ့ အိပ်ရာထက်မှာ လူးလိမ့်နေတာပေါ့။ ရွာမှာက ဗွီဒီယို ရုံတော့ ရှိပါတယ်။ ရွာကလူ တော်တော်များများ ကလည်း ညရောက်ရင် ဗွီဒီယိုရုံကို သွားကြည့် တတ်ကြပါတယ်။ ဒီညမှာလည်း အိမ်က အဖေနဲ့ အမေလည်း သွားကြည့်ကြပြီး ကျနော်ကတော့ ဒီညမှာ ပြတဲ့ကားက သိပ်ပြီး မကြိုက်တော့ အိမ်မှာပဲ အိမ်စောင့်အဖြစ် ကျန်နေတာပေါ့။

ဒီလိုနဲ့ ကျနော်လည်း အိပ်ရာပေါ်မှာ လှဲနေရင်း မှေးခနဲ ဖြစ်သွားတဲ့ အချိန်မှာတော့ နားထဲမှာ ဆူဆူညံညံ အသံတွေကို ကြားလိုက်ရပြီး ဖျပ်ခနဲ နိုးလာလေတော့ ဘာဖြစ်တာလည်း မသိဘူး ဆိုကာ နားစွင့် ကြည့်လိုက်မိပါတယ်။ အဲ့ဒီ ဆူညံသံတွေ ကြားနေရတာက ကိုသာလှတို့ အိမ်ဘက်က အသံတေတွေပါ။ ဒီတော့ ကျနော်လည်း လူးထဲ ထလိုက်ပြီး စိတ်ဝင်တစားနဲ့ အိမ်အပြင်ကို ထွက်ကြည့် လိုက်ပါတယ်။ ကိုသာလှတို့ အိမ်မှာ ဘယ်ထရီ မီးတွေကို ထွန်းထားပြီးတော့ လူတွေလည်း ရုန်းစုစုနဲ့ တွေ့နေရပါတယ်။ ကျနော်တို့အိမ်နဲ့ ကိုသာလှတို့ အိမ်ကလည်း မဝေးလေတော့ တွေ့နေရခြင်းပါ။

ဒီတော့ ကျနော်လည်း အပြေးအလွှား သွားကြည့် မိတာပေါ့။ ကိုသာလှဆိုတာက အမေတစ်ခုသားတစ်ခု ရယ်ပါ။ အလုပ်ကတော့ တောင်ယာပဲလုပ်တာပေါ့။ ကျနော် ရောက်သွားတော့ ကိုသာလှအိမ်မှာ လူတွေ တော်တော်များများကို တွေ့လိုက်ရပြီး ကိုသာလှ အမေကတော့ သူ့သားကို ယပ်တောင်နဲ့ ခပ်ပေးလိုက် ရေတိုက်လိုက်နဲ့ ပြာယာ ခပ်နေလေပြီး ကိုသာလှကို ကြည့်လိုက်တော့လည်း ဇောချွေးတွေ ပျံနေကာ မောနေ သလိုမျိုးလည်း တွေ့နေရပါတယ်။

ကိုသာလှခမြာ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ တစ်ခုခုကို တွေးပြီး ကြောက်နေပုံမျိုးပါ။ ဒီအချိန်မှာပဲ ကျနော်က လေသံတီးတိုးနဲ့ အနီးမှာရှိတဲ့ လူတစ်ယောက်ကို ကိုသာလှက ဘာဖြစ်တာလည်း လို့ မေးလိုက်ပါတယ်။ အကျယ်ကြီးလည်း မပြောရဲဘူးလေဗျာ။ အားလုံးက ပြာယာ ခတ်နေလေတော့ ကျနော်လည်း ခပ်တိုးတိုးပဲ မေးလိုက်တာပါ။ ဒီတော့ ဘေးနားကလူက ကျနော့်ကို မျက်စောင်းခဲ ကြည့်လိုက်ပြီး ပြန်ပြောပါတယ်။

“ဟဲ့ ချက်ကြီး နင်ဟာလေ စပ်စုပြန်ပြီ… သာလှက သရဲခြောက်ခံရလို့တဲ့… သရဲ သရဲ လို့ အော်ပြီး ပြေးလာတာတဲ့ဟ… ကျန်တာတော့ ငါလည်း မသိသေးဘူး”

ဒီလို ပြောပြတော့ ကျနော်လည်း အံသြ သွားမိတာပေါ့။ ရွာမှာက သရဲခြောက်တယ်လို့ မကြုံဖူးကြတာပဲ။ ဒီတော့ ကျနော်လည်း သိချင်နေပေမဲ့ ဒီညတော့ မေးလို့ မဖြစ်ဘူး။ မနက်ကျရင်တော့ အကျိုးအကြောင်း သိရအောင် မေးကြည့် အုန်းမှပဲ ဆိုပြီးတွေးကာ အိမ်ကိုပဲ ပြန်ခဲ့လိုက်ပါတယ်။ အိမ်ပြန်တဲ့လမ်းမှာတော့ ကိုသာလှကို သရဲခြောက်လိုက်တယ် ဆိုတဲ့ အတွေးကြီးက စိတ်ထဲမှာ စွဲလို့ နေပါတယ်။

ညမှောင်မှောင်မှာ တစ်နေရာကနေ ကျနော့်ကို စိုက်ကြည့်နေ သလိုလို တစ်ယောက်ယောက် ကပဲ ကြည့်နေ သလိုလိုနဲ့ မလုံမလဲ ဖြစ်မိပါသေးတယ်။ လူ့စိတ် ဆိုတာကလည်း အခက်သားဗျ။ သရဲခြောက်တယ်ဟေ့လို့ ကြားလိုက်တာနဲ့ သူ့အလိုလို ကြက်သီးတွေ ထလာကာ တွေးတွေးပြီး ကြောက်တတ်တာ သဘာဝပေါ့ဗျာ။

အိမ်ပြန်ရောက်တဲ့ အခါမှာလည်း အိပ်ရာထဲမှာ လူးလှိမ့် နေရင်း တွေးမိနေတာက သရဲ အကြောင်းပါ။ ဒီသရဲက ဘယ်လိုများ ခြောက်လိုက်လို့ ကိုသာလှက ဒီလောက် ကြောက်သွားရတာ လည်းပေါ့။ အဲ့ဒီ နေရာမှာ ငါသာဆိုရင် ဆိုတဲ့ အတွေးကို တွေးမိလိုက်တော့ ကြက်သီး တဖြန်းဖြန်း ထလာရပါတယ်။ ခနအကြာမှာပဲ အဖေနဲ့ အမေ ပြန်ရောက်လာတော့ ကျနော်လည်း သိပ်ပြီး မကြောက်မိ တော့ပါဘူး။ အဖော် ရှိပြီလေဗျာ။ နောက်တော့လည်း ဟိုလှိမ့် ဒီလှိမ့် ဟိုတွေး ဒီတွေးနဲ့ပဲ အိပ်ပျော်သွားပါတယ်။

မနက် နိုးလာတော့ နေတောင် အတော်မြင့်နေပါပြီ။ ဒီတော့ အိပ်ရာကနေ လူးလဲထကာ အိမ်ထဲကို ကြည့်လိုက်တော့ အမေက ပဲတွေ ရွေးနေတာကို တွေ့လိုက်ပါတယ်။ ကျနော့်ကို မြင်တော့…

“ကိုယ်တော်ချော နိုးပြီလား”

အမေက မျက်စောင်းခဲရင်း ကျနော့်ကို လှမ်းပြောတာပါ။ ဒီတော့ ကျနော်လည်း မျက်နှာကို အချိုဆုံး ပြုံးလိုက်ကာ…

“ညက အိပ်မပျော်လို့ပါ အမေရဲ့… အဲ့ဒါကြောင့် ခုမှ နိုးတာ”

“ငါသိပါတယ်… အဲ့ဒါကြောင့်လည်း မနှိုးတာပါ… နင့်အဖေတော့ ယာထဲ ဆင်းသွားပြီ နေ့လည် ထမင်းစားပြီးမှသာ နင်လိုက်သွားတော့”

အမေကဒီလို ပြောလိုက်တော့ ကျနော်လည်း ပျော်သွားပါတယ်။ အလုပ် မလုပ်ချင်လို့တော့ မဟုတ်ပါဘူး။ ကိုသာလှ အကြောင်းကို သိချင်လို့ မနက်ကျရင် မေးရမယ်ဆိုပြီး တွေးထားတာ နေ့လည်မှ ယာထဲ သွားရမယ်ဆိုတော့ အတော်ပဲပေါ့။ ဒီတော့ မျက်နှာသစ်ကာ ထမင်းကြမ်းနဲ့ ပဲပြုတ်ဆီဆမ်းကို ခပ်မြန်မြန်လေး စားပြီး ကိုသာလှတို့ အိမ်ဘက်ကို ရောက်ခဲ့ပါတယ်။

ကျနော်လည်း ခြံဝကနေ ဘယ်သူ ရှိနေမလည်းဆိုတာ အကဲ ခတ်ပြီး ကြည့်နေလိုက်ပါတယ်။ ဒီတော့ အိမ်ထဲမှာ တွေ့ရတာက ကိုသာလှ တစ်ယောက်ကိုပဲ တွေ့နေရပါတယ်။ ဒီတော့မှ ဝမ်းသာ အားရ ဖြစ်ပြီး အိမ်ထဲကို ဝင်လိုက်ပါတယ်။ ရွာမှာက တစ်ယောက်နဲ့ တစ်ယောက် သိနေကြလေတော့ ဒီလို ဝင်ထွက်လို့လည်း အပြစ်မတင် ကြဘူးပေါ့။

အိမ်ထဲကို ရောက်သွားတော့ ကိုသာလှက ရေနွေးကြမ်း ထိုင်သောက်နေတာကို တွေ့လိုက်ပါတယ်။ သူ့ပုံစံကတော့ ညကနဲ့ မတူတော့ပဲ အေးအေးဆေးဆေးပါပဲ။ ကျနော် ဝင်လာတာကိုလည်း တွေ့လိုက်ရော လှမ်းပြောလိုက်ပါတယ်။

“ဟ… ချက်ကြီးပါလား ဆိုပါအုန်း”

“ဟာ… ကိုသာလှကလည်း ကျနော် သီချင်း မဆိုတတ်ပါဘူးဗျ”

“ကဲ မင်းကလည်း နောက်တော့မယ် ဘာလည်းပြောလို့ မေးတာဟ”

“ဟဲဟဲ သိပါတယ်ဗျာ… ကိုသာလှ ဘာများပြောမလည်းလို့”

ဒီတော့ ကိုသာလှက ရီကျဲကျဲလုပ်ကာ…

“ငါသိပါတယ်ကွာ နောက်တာပါ မလာစဖူး အလာထူးလို့ အံ့ဩနေတာကွ”

“​ဪ… မေးစရာ ရှိလို့ပါဗျ”

ကျနော်လည်း ဘယ်ကဘယ်လို မေးရမလည်း ဆိုတာ စဉ်းစားနေပြီး မေးလို့ ကောင်းမကောင်း စဉ်းစားနေခဲ့ပါတယ်။ သိတာသိချင်တာ ဘယ်ကနေ စပြောရမှန်း မသိဘူးဗျ။ သူများ အကြောင်း ဆိုတော့ ကောင်းပါ့မလား ဆိုပြီး တွေးမိလိုက်တာပေါ့။ ဒီတော့ ကိုသာလှက အလိုက်တသိနဲ့ ပြောပါတယ်။

“မင်း ဘာစပ်စုမလို့လည်း ပြော… ဧကနတော့ ဘာလည်း… ညက အကြောင်းလား”

ကျနော်လည်း သူပြောတာ မှန်နေတော့ ပြုံးစိစိပဲ လုပ်နေ လိုက်ပါတယ်။ ဒီတော့ သူကပဲ ဆက်ပြောပါတယ်။

“အေး… ငါပြောပြပါ့မယ်ကွာ ငါလည်း ညက တော်တော် ကြောက်သွားတာကွ … ရွာမှာက ဒီလိုခြောက်တာ လှန့်တာ တစ်ခါမှ မကြုံဖူးဘူး လေကွာ”

“အင်းဗျ… ဟုတ်တယ်နော် ပြောပြပါဗျာ ဗဟုသုတရတာပေါ့ ပြီးတော့… ကျနော်လည်း စိတ်ဝင်းစားလို့ပါ”

“အေးပါကွာ… ပြောပြပါ့မယ် ဒီလိုကွ…”

ဆိုပြီး အစချီကာ ညက ဖြစ်ပျက်ပုံကို ခရေစေ့တွင်းကြပင် ပြန်ပြောပြပါတော့တယ်…။

**********

သာလှတစ်ယောက် ညနေထဲက တစ်ဖက်ရွာကို ရောက်နေခဲ့ပါတယ်။ တစ်ဖက်ရွာမှာက သူ့ရဲ့ အမျိုးတွေ ရှိတာပေါ့။ အကြောင်းကတော့ အဲ့ဒီ ရွာမှာရှိတဲ့ သူ့ရဲ့ အဒေါ်တစ်ယောက်က နေမကောင်းအတော် ဖြစ်နေတဲ့ အတွက် သတင်း သွားမေးတာပါ။ ဒါပေမဲ့ သိပ်ပြီး မစိုးရိမ်ရတော့ပဲ စိတ်ချသွားရတဲ့ အတွက် သာလှလည်း ညဦးပိုင်းလောက်မှာပဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်မှာကလည်း အမေတစ်ယောက်ထဲ ဆိုတော့ စိတ်မချတာလည်း ပါတာပေါ့။

ဒီလို ပြန်လာတဲ့ လမ်းကတော့ လယ်ကွင်းတွေကို ဖြတ်ပြီး ပြန်လာရတာပါ။ သွားနေကြလမ်းတော့ မဟုတ်ပါဘူး။ သူတို့ သွားနေကြ ရိုးရိုးလမ်းကနေ သွားရင် အချိန်ကြာမှာ စိုးလို့ လယ်ကွင်းတွေ ထဲကနေ ဖြတ်ပြီး ပြန်လာခဲ့ခြင်းပါ။ ဒါပေမဲ့ လအရောင်က အနည်းငယ် လင်းနေလေတော့ သာလှလည်း မကြောက်မိပါဘူး။ ပြီးတော့ သွားနေကြမဟုတ်ပေမဲ့ ဒီရွာမှာမွေး ဒီရွာမှာကြီး ဆိုတော့ ကြောက်စိတ်လည်း မရှိဖြစ်ပါဘူး။

ဒီလိုနဲ့ လယ်ကွင်းတွေကို ဖြတ်လာခဲ့လေပြီး အတန်ကြာမှာတော့ မိမိနေတဲ့ ရွာကို လှမ်းမြင်နေရတဲ့ အနေထားကို ရောက်နေပါပြီ။ ဒီတော့ ဆက်သွားသေးပဲ လမ်းမှာ ခနထိုင်ကာ နားနေလိုက်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဟိုးတစ်နေ့က ယာထဲမှာ ခြေထောက် ခေါက်လဲထားတဲ့ အတွက် ညာဘက် ခြေထောက်က နည်းနည်း နာနေလို့ပါ။ မဟုတ်ရင်တော့ သူတို့လို တောသူ တောင်သားတွေ အတွက် ဒီလမ်း ဒီခရီးလောက်ကတော့ အပျော့ပါပဲ။

ဒီလို နားနေရင်း သာလှက ဘာရယ်မဟုတ် ဟိုဟိုဒီဒီ ကြည့်လိုက်မိတော့ အတော်ဝေးဝေး ခပ်လှမ်းလှမ်းကနေ အကောင်ကြီး တစ်ကောင် ပြေးလာတဲ့ ပုံသဏ္ဍာန်ကို လှမ်းတွေ့ လိုက်ရပါတော့တယ်။ ဒီတော့ ဘာလည်း မသိဘူးဆိုပြီး အသာ ကြည့်နေမိလိုက် ပါတယ်။ ဒါပေမဲ့ ထင်ထင်ရှားရှားတော့ မတွေ့ရသေးပဲ မဲမဲသဏ္ဍာန် တစ်ခုက ပြေးလာနေ သလိုမျိုးသာ မြင်နေရတဲ့ အတွက် စိတ်ထဲမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့ပြီး သူထိုင်နေတဲ့ ကန်သင်းရိုးပေါ်ကနေ ဆင်းလိုက်ပြီး လယ်ကွင်းထဲက စပါးပင်တွေ ကြားထဲမှာ ဝင်နေလိုက်ပါတယ်။ လယ်တွေက ရိတ်တော့မဲ့ ဆဲဆဲ အခြေအနေ ဆိုတော့ လူတစ်ယောက် ပုန်းနေလို့ ရပါတယ်။

ဒီလို ဝင်ပုန်းနေရင်းနဲ့ အရှေ့မှာ ပြေးလာနေတဲ့ မဲမဲ အကောင်ကြီးကို ပိုပြီး ခပ်နီးနီး မြင်လိုက်ရတဲ့အခါ သာလှတစ်ယောက် ကျောရိုးထဲမှာ စိမ့်ခနဲ ဖြစ်သွားပြီး ကြက်သီးတွေလည်း ဖြန်းခနဲ ဖြန်းခနဲ ထလာခဲ့ပါတယ်။

သူ တွေ့လိုက်ရတာက လူတစ်ယောက် ပုံသဏ္ဌာန်မျိုးပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ထက် နည်းနည်းလေး ပိုကြီးပြီးတော့ မဲမဲ အရောင်ကြီးပါ။ ပြီးတော့ လက်ကြီးနှစ်ဖက်ကလည်း ခြေသလုံး နားလောက်အထိ ရှည်ကျနေတာကို လှမ်းတွေ့လိုက်ပါသေးတယ်။ မျက်နှာကိုတော့ သဲသဲကွဲကွဲ မတွေ့ရလိုက်ပါဘူး။ သူလည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းလည်း မသိခဲ့တော့။ အဲ့ဒီ လက်တံရှည်ရှည်နဲ့ မဲမဲအကောင်ကြီးက လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးသွားတာကို တွေ့နေရတာပါ။ ပြီးတော့ အဲ့ဒီ အကောင်ကြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း
မြေကြီးတွေတောင် တုန်ခါ သွားသလိုပါပဲ။

သာလှလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့ရတာပါ။ ဒါဟာ ဘာကြီးလည်း နာနာဘာဝ မကောင်းဆိုးဝါးကြီးလား မသိ။ တော်ကြာ ပုန်းနေတဲ့ နေရာကို ဆင်းချလာရင် ဒုက္ခပဲ ဆိုပြီး တွေးကြောက်နေ ခဲ့မိတာပါ။ ဒီတော့ သူလည်း မျက်တောင် မခတ်ရဲပဲ ကြက်သီးထနေလျက် ဆက်ကြည့်နေခဲ့ပါတယ်။ ကန်သင်းရိုးအတိုင်း မသွားပဲ သူရှိနေရာ ဘက်ကို ဆင်းချလာရင် ပြေးဖို့ကိုလည်း အသင့်ပြင်ထားခဲ့ ပါတော့တယ်။

ဒါပေမဲ့ အဲ့ဒီ အကောင်ကြီးက အောက်ကိုတော့ ဆင်းမလာပဲ ကန်သင်းရိုးအတိုင်း တလှုပ်လှုပ်နဲ့ ပြေးသွားပြီး ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ကျီးပင်ကြီး တစ်ပင်ပေါ်ကို ဖျပ်ခနဲ ခုန်တက်သွားပြီး ပျောက်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။ ထိုအခါ သာလှလည်း နှလုံးတွေတုန် ရင်တွေတုန်ကာ ခေါင်းတွေ ကြီးလာသလိုလည်း ဖြစ်နေခဲ့ပါတယ်။ ဒါဆို သေချာနေပါပြီ။ ဒါကြီးက သရဲ တစ္ဆေ တစ်ကောင် ဖြစ်လိမ့်မယ်။ အပင်ပေါ်တက်ပြီး ပျောက်သွားပါလား။ ဘုရား ဘုရား ဒီအပင်ကြီး ဘေးကနေ ငါ ငါဖြတ်သွားရမှာပဲ။ ဘယ်လိုလုပ်ရပါ့မလည်း။

သာလှလည်း ဒီလို တွေးကာ တော်တော်လေး ကြောက်လန့် နေခဲ့ပါတယ်။ လမ်းကလည်း ဒီတစ်လမ်းပဲ ရှိတာ။ လယ်ကွင်းတွေ ထဲကလည်း ဖြတ်သွားလို့မရ။ ဧကန ဒီအပင်ကြီးမှာ နေတဲ့ သရဲကြီးလား မသိဘူးဆိုပြီး တွေးမိလိုက်ပါတယ်။ ခြေထောက် ကလည်း နာနေတော့ ပြေးနိုင်ပါ့မလား လို့လည်း စိုးရိမ်နေမိပါတယ်။

နောက်ဆုံးမှာတော့ မထူးတော့ပါဘူး။ ငါရတဲ့ ဘုရားစာသာ ရွတ်ပြီး ပြေးတော့မယ် ဆိုပြီး စိတ်ကိုအားတင်းလိုက်ကာ ကန်သင်းရိုးပေါ်ကို ပြန်တက်လိုက်ပါတော့တယ်။ စိတ်ကို တင်းထားပေမဲ့ တကယ်တမ်း ကြတော့လည်း ကြောက်နေမိပါသေးတယ်။ တစ်နှစ်သုံး လို့ သူ့ဘာသာသူ ရေရွတ်လျက် ရသမျှ ဘုရားစာတွေ ခပ်မြန်မြန်ရွတ်ကာ ပြေးနိုင်သလောက်တော့ ပြေးထွက် ခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဲ့ဒီမဲမဲအကောင်ကြီး တက်သွားတဲ့ အပင်နားကို အရောက်မှာတော့ ကျောရိုးထဲ ပိုစိမ့်လာသလို ဖြစ်လာခဲ့ပြီး ကြက်သီးတွေလည်း တဖြန်းဖြန်းနဲ့ ပိုထလာခဲ့ပါတယ်။ ဘုရားစာတွေ ရွတ်နေပေမဲ့ စိတ်ထဲက ကြောက်နေတဲ့အတွက် ဘုရားစာလည်း ဟိုရောက်ဒီရောက်နဲ့ အဆီအငေါ် မတည့်တော့ပါဘူး။

သာလှလည်း ခြေထောက်က နည်းနည်း နာနေပေမဲ့ သူ့ခမြာ မနားရဲပဲ ထိုအပင်ကြီးနားကို ကျော်အောင် ပြေးလာခဲ့ပါတယ်။ ဒီလို ပြေးလာရင်း အပင်ကြီးကို ကျော်လာခဲ့လေတော့ စိထ်ထဲမှာ အနည်းငယ်လေး အကြောက် ပြေသွားခဲ့ပါတယ်။

ဒီအချိန်မှာပဲ အပင်ပေါ်ကနေ ဂျိုးခနဲ ဂျွတ်ခနဲ ကြားလိုက်ရလေတော့ ပြေးနေရင်းနဲ့ အပင်ကြီးပေါ်ကအသံကြားလိုက်၍ ပြန်လှည့်ပြီး အကြည့်မှာတော့ …

“ဟင်… ဟို ဟို မဲမဲ အကောင်ကြီး အပင်ပေါ်ကနေဆင်းလာတာပါလား အမယ်လေး… ဘုရား ဘုရား”

လို့ အော်ဟစ် လိုက်မိပါတယ်။ သူနောက်လှည့် အကြည့်မှာ တွေ့လိုက် ရတာကတော့ မဲမဲသဏ္ဌာန် အကောင်ကြီးက အပင်ကြီး ပေါ်ကနေ ဆင်းချလာတာကို တွေ့လိုက်ရပြီး သူပြေးနေတဲ့ အနောက်ကို လှုပ်လီ လှုပ်လဲ့နဲ့ ပြေးလိုက် လာတာကိုလည်း ထိတ်လန့်ဖွယ် တွေ့လိုက်ရပါတော့တယ်။

သာလှလည်း ပြေးလိုက် အနောက်ကို လှည့်ကြည့်လိုက်နဲ့ အဲ့ဒီ မဲမဲအကောင်ကြီးမှာ သူကြည့်နေရင်းနဲ့ တဖြေးဖြေး ကြီးလာတာလည်း တွေ့လိုက်လေတော့ အရင်ကထက် ပိုကြောက်မိပြီး အားယူကာ ပိုပြေး လိုက်ပါတော့တယ်။ သူကြည့်နေရင်းနဲ့ အဲ့ဒီ အကောင်ကြီးက တဖြေးဖြေးနဲ့ကို ကြီးလာတာပါ။ ဒီတော့ သာလှခမြာ ခြေထောက် နာနေတာကိုတောင် သတိမရနိုင် တော့ပါဘူး။ ကြက်သီးတွေလည်း နေရာအနှံ့ ထကာ ရင်တွေလည်း တဒုန်းဒုန်းနဲ့ ပိုတုန်လာပြီး…

“ကယ်ကြပါအုန်းခဗျာ… သရဲကြီးဗျို့… သရဲကြီး… ကယ်ကြပါအုန်း… ကျနော့်နောက်ကို ပြေးလိုက်လာ လို့ပါ”

ဆိုပြီး အသားကုန်ပင် အော်ဟစ်ကာ ပြေးနိုင်သလောက် ပြေးလိုက်ပါတော့တယ်။ ပါးစပ်ကလည်း အော်ဟစ်ပြီး ပြေးလာခဲ့တာပါ။

ဒါနဲ့ ရွာထိပ်ကို ရောက်သွားတော့မှ ရွာထိပ်ကအိမ်တွေက ထွက်ကြည့် ကြပြီး သာလှမှန်း သိတော့ အတင်းပြေးခေါ် ကြပါတယ်။

“သာလှ… ဟေ့ သာလှ ဘာဖြစ်လို့လည်း”

ဒီလို ဝိုင်းမေးကြပေမဲ့ သာလှခမြာ ရင်တွေ တုန်ပြီး မောနေတဲ့အတွက် သရဲ… သရဲခြောက်လို့ ဆိုပြီး ဒီလောက်ပဲ ပြောနိုင်ပါတော့တယ်။ နောက်တော့ အဲ့ဒီနားက လူတွေကပဲ သာလှကို သူ့အိမ်အထိ ဝိုင်းဝန်းကာ ပို့ဆောင်ပေးခဲ့ ကြပါတော့တယ်။

**********

“ကဲ အဲ့ဒါပဲဟေ့… ငါလည်း တော်တော်ကြောက် သွားတာကွ ခြေထောက် နာတာကလည်း ပိုနာလာတယ်ကွာ အခုတောင် ခြေထောက်နာလို့ အလုပ်မဆင်းနိုင်ဘူးကွ”

“အေးဗျာ ကိုသာလှရယ်… ကျနော်တောင် နားထောင်နေရင်းနဲ့ ကြက်သီးတောင် ထမိတာဗျ”

ကျနော်လည်း ကိုသာလှ ပြောပြတာကို နားထောင်နေရင်း ကျောချမ်း လာမိပါတယ်။ ညဘက် အသွားအလာ ဆင်ခြင်လေမှပဲ ငါသာဆို အသက်
ထွက်မှာပဲ ဆိုပြီး တွေးလိုက်ကာ ကိုသာလှကို ဆက်မေး လိုက်ပါသေးတယ်။

“ကိုသာလှ အဲ့ဒီ အကောင်ကြီးက အပင်ကြီးမှာ နေတဲ့ နာနာဘာဝ တစ္ဆေသရဲလား မသိဘူးနော်”

“အေးကွာ… မသိတော့ပါဘူး ညက ငါ့ကိုများ မိသွားရင် ဘယ်လိုဖြစ်မလည်းတော့ မသိဘူး… ပြန်ပြောရင်းနဲ့တောင် ကြက်သီးထတယ်ကွာ… ဒါတောင် နည်းနည်း ဝေးနေလို့ မျက်နှာကို မတွေ့ရတာ… တွေ့များ တွေ့ရရင် အကြောက်လွန်ပြီး သေတောင် သေမလား မသိတော့ ပါဘူးကွ”

ဒီတော့ ကျနော်လည်း စဉ်းစားမိတယ်ဗျ။ အပင်ကြီးမှာ နေတဲ့ သရဲကြီးလား ဒါမှမဟုတ် ကြုံကြိုက်လို့များ ခြောက်လှန့် သွားတာလား ဆိုတာ မတွေးတတ်အောင် ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းလေးက ကျနော်တို့ ရွာမှာ ကြုံတောင့်ကြုံခဲ ဖြစ်ခဲ့တဲ့ အကြောင်းလေး ပေါ့ဗျာ။

ကျနော်လည်း ကိုသာလှနဲ့ စကားပြာနေခဲ့တာ အတော် ကြာသွားခဲ့ပါပြီ။ ထမင်းစားချိန်တောင် ရောက်တော့မယ်။ ဒီတော့ အိမ်ပြန် ထမင်းစားပြီး အဖေနဲ့အတူ ယာထဲကို သွားရအုန်းမှာ ဆိုတော့ ကိုသာလှ ကို နှုတ်ဆက်ပြီး အိမ်ကိုသာ ပြန်လာခဲ့ပါတော့တယ်။ ခေါင်းထဲမှာတော့ အဲ့ဒီ အကြောင်းက မထွက်တော့ဘူးဗျို့။ တွေးမိရင် ခုထိ ကျောချမ်းမိ နေတုန်းပါပဲ။

*******
…ပြီးပါပြီ…

ရေးသားသူ-လင်းစက်ရာ

#crd