အောင်မြတ်သာနှင့်သားခြောက်အမွှေ
+++++++++++++++++++++++++++
အောင်မြတ်သာတို့ဆရာတပည့်တွေ ကုလားမတောင်တန်းကနေထွက်လာခဲ့ပြီးနောက်ပိုင်း ညောင်ပင်ခြောက်ရွာကို ရောက်ရှိလာခဲ့တယ်။ လယ်ယာလုပ်ငန်းနဲ့အသက်မွေးကြတဲ့ရွာဖြစ်တဲ့အတွက် ရွာအပြင်တစ်ဝိုက်မှာတော့ ရွှေရောင်စပါးတွေဖုံးလွှမ်းနေတဲ့ လယ်ကွင်းပြင်တွေကို အောင်မြတ်သာတို့ မြင်တွေ့ခဲ့ကြရတယ်။
အောင်မြတ်သာတို့လည်း ရွာအပြင်သင်္ချိုင်းဇရပ်လေးပေါ်မှာ ထိုင်ပြီးအနားယူနေတဲ့အချိန် မိန်းကလေးငယ်တစ်ယောက်ရဲ့ရှိုက်ကြီးတငင်ငိုကြွေးသံကိုကြားလိုက်ရတယ်။
သက်ခိုင်ကငိုသံကြားတဲ့နေရာကိုလှည့်ပတ်ရှာကြည့်တော့ ဇရပ်နဲ့ မလှမ်းမကန်းက မန်းကျည်းပင်အောက်မှာ ငိုကြွေးနေတဲ့ မိန်းမငယ်တစ်ယောက်ကိုမြင်လိုက်ရတယ် ။
သက်ခိုင်က ငိုကြွေးနေတဲ့မိန်းမပျိုအနားသွားပြီး
“ညီမ ဘာအကြောင်းကြောင့် ဒီလိုလူမရှိတဲ့နေရာမှာ လာရောက်ငိုကြွေးနေရတာလဲ”
သက်ခိုင်ရဲ့အမေးကြောင့် ငိုနေတဲ့မိန်းမပျိုက ခေါင်းကိုမော့ကြည့်ပြီး
“ရှင်တို့က ဘယ်သူတွေလဲ၊အရင်က ဒီရွာမှာ ရှင်တို့ကိုမမြင်ဖူးဘူး”
“ကျုပ်တို့က ဒီရွာမှာ ခရီးတစ်ထောက်နားကြတဲ့ ခရီးသွားတွေပါ၊ ဇရပ်မှာနားနေတုန်း ငိုသံကြားလို့ ကြည့်မိရာကနေ ညီမကို တွေ့လိုက်တာ၊ဘယ်လိုအခက်အခဲတွေကြုံနေရတယ်ဆိုတာ အစ်ကိုတို့ကို ပြောပြကြည့်ပါလား၊အစ်ကိုတို့ ကူညီနိုင်ရင် ကူညီပေးပါ့မယ်”
အမျိုးသမီးငယ်လည်း သက်ခိုင်ရဲ့ စကားကြောင့် အားတက်သွားကာ မျက်လုံးအိမ်ထဲက မျက်ရည်စတွေကို လက်ခုံနဲ့သုတ်လိုက်ပြီး
“ညီမအဖြစ်က အတော်လဲဆန်းကြယ်သလို ကြောက်ဖို့လည်းကောင်းပါတယ်၊ဒီအဖြစ်အပျက်တွေကိုပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ခြောက်လလောက်က အကြောင်းကိုအရင်ဆုံးပြောမှရမယ် ”
သက်ခိုင်လည်း မိန်းမပျိုရဲ့စကားကိုနားထောင်ဖို့အတွက် မန်ကျည်းပင်နဲ့မလှမ်းမကမ်းမှာ ထိုင်ချလိုက်ပြီး
“ညီမကြုံခဲ့ရတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ အကိုတို့ကခုနှစ်ရက်သားသမီးတွေရဲ့ဒုက္ခကိုလိုက်လံကူညီနေတဲ့သူတွေဖြစ်လို့ အကိုတို့နဲ့အချိန်မှီတွေ့ရတာညီမအတွက်ကံကောင်းတာပဲ”
မိန်းမပျိုက သက်ခိုင်ရဲ့မျက်နှာကို အသာယာမော့ကြည့်ပြီး
” ညီမတို့မိသားစုက ဆင်းရဲကြပါတယ် အဖေနဲ့အကိုက လယ်သူရင်းငှားလုပ်ကြတယ် အမေနဲ့ညီမကတော့ လယ်စိုက်ကြပေမယ့် မိသားစုဝမ်းရေးကိုပြေလည်ရုံလောက်ပဲ အဆင်ပြေကြတယ် ဒီလိုနဲ့ လွန်ခဲ့တဲ့တစ်လလောက်က အဖေတို့သူရင်းငှားလုပ်နေတဲ့ လယ်ပိုင်ရှင်က သူ့သားနဲ့ကွ
ျွန်မကိုပေးစားဖို့ အဖေနဲ့အမေတို့ဆီမှာ လာတောင်းရမ်းခဲ့တယ်”
မိန်းမပျိုက စကားပြောနေတာကနေ တစ်ချက်ငြိမ်သွားပြီး အဝေးကိုငေးကြည့်နေလိုက်တယ်။
” လယ်ပိုင်ရှင်ရဲ့သားကိုညီမကမကြိုက်လို့လား”
သက်ခိုင်စကားကြောင့် မိန်းမပျိုက လှည့်ကြည့်ပြီး
” သူတို့ကချမ်းသာတယ်ဆိုတာမှန်ပေမယ့် သူတို့လာကြောင်းလမ်းတဲ့သူက သက်ရှိမှမဟုတ်တာ ညီမဘယ်လိုလက်ခံရမှာလဲ”
“ဟမ် ဘယ်လို သက်ရှိမဟုတ်ရတာလဲ”
” ဟုတ်တယ် သူတို့သားက မွေးထဲကအသေမွေးခဲ့တာ ဒါပေမယ့်သူတို့က ကလေးရုပ်အလောင်းကိုအခြောက်ခံပြီး သက်ရှိတစ်ယောက်လို ကျွေးမွေးထားခဲ့ကြတယ် တစ်ခြားသူတွေပြောတာက ဒီကလေးအသေမွေးပြီးမှ သူတို့စီးပွားတက်လာတယ်လို့ပြောကြတယ် အဲဒီလို လူမဟုတ်တဲ့သူနဲ့လက်ထပ်ဖို့ ပြောတာကို ညီမက လက်ခံရမှာလား”
” ဟင်း ညီမတို့မိဘတွေကရော ဘာမှမပြောဘူးလား”
“အဖေတို့အပေါ်သူတို့ကျေးဇူးတွေရှိနေလို့ ဘာမှထွေထွေထူးထူးမပြောပေမယ့် သိပ်တော့ဘဝင်မကျလှဘူး ”
“ညီမပြောပုံအရဆိုရင် အခုအဖြစ်အပျက်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ညီမတို့ဘက်ကရော လက်ခံမခံဆိုတာ ဘယ်နေ့အဖြေ ပေးမယ်ပြောထားလဲ ”
“ညီမကတော့ စဉ်စားဦးမယ်လို့ပဲပြောထားတယ် အချိန်တော့အတိအကျမပြောရသေးဘူး”
“ဟုတ်ပြီး ဒါဆိုရင် အချိန်ဆွဲလက်စနဲ့ဆက်ဆွဲထားပါဦး အစ်ကိုတို့လည်း သူတို့အကြောင်းစုံစမ်းပြီးတာနဲ့ ဘာဆက်ရမလဲဆိုတာကို လာပြောပေးပါမယ်၊ဒါနဲ့ သူတို့က ဘယ်ရွာမှာနေတာလဲ ”
“သူတို့ကဟိုဘက်ရွာမှာနေတာပါ ၊ဒီရွာကနေကျော်တာနဲ့ ပထမဆုံးတွေ့ရတဲ့ ရွာပဲ ၊ရွာနာမည်က ရွှေခလုတ်ရွာ တဲ့”
“ဒါဆိုအစ်ကို့ကို ခွင့်ပြုပါဦး နောက်သုံးရက်နေရင် ဒီလ်ိုအချိန် ဒီနေရာကို ပြန်လာခဲ့ပါ”
သက်ခိုင်လည်း အမျိုးသမီးကို နှုတ်ဆက်ပြီး
အောင်မြတ်သာရှိရာ ပြန်လာခဲ့လိုက်တယ်။
ဇရပ်ပေါ်ရောက်တော့ အောင်မြတ်သာက
“ဘယ်လိုလဲ သက်ခိုင်
အလုပ်တစ်ခုပါလာပြီးလား ”
အောင်မြတ်သာရဲ့အမေးကြောင့် သက်ခိုင်မျက်နှာပြုံးစိစိဖြစ်သွားပြီး
“ဟုတ်တယ်ဆရာ အလုပ်ကတော့ ကျွန်တော်တို့ကိုဆီးကြိုနေတာပဲ”လို့ ပြောပြီး ထိုင်ချလိုက်တယ်။
လယ်ကွင်းပြင်တွေဆီကနေ တစ်ချက်တစ်ချက်ဝေ့ဝိုက်တိုက်ခတ်လာတဲ့ လေပူတွေကြောင့် ဇရပ်တစ်ခုလုံး ပူလောင်အိုက်စပ်နေတာမို့ သက်ခိုင်က လွယ်အိတ်ထဲက ယပ်တောင်ကိုထုတ်ပြီး ယပ်ခတ်ရင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တယ်။
အားလုံးပြောပြပြီးတဲ့အချိန်မှာတော့
အောင်မြတ်သာက
“ဒီလိုပုံစံဆိုရင် လယ်ပိုင်ရှင်လင်မယားက သူတို့ရဲ့ သေသွားတဲ့ကလေးကို သက်ရှိတစ်ယောက်လို မွေးထားတာဖြစ်လိမ့်မယ် ၊အခြေအနေအကြောင်းစုံသိရအောင် ဟိုဘက်ရွာကို ခရီးထပ်ဆက်ကြတာပေါ့ကွာ”
လို့ပြောပြီး ရွှေခလုတ်ရွာဘက်ကို ခရီးဆက်ခဲ့ကြတယ်။
ရွှေခလုပ်ရွာကိုရောက်တော့ ရွာထဲကိုဆက်မဝင်သေးပဲ ရွာအပြင်လယ်ကွင်းစပ်က လယ်စောင့်တဲလေးမှာထိုင်ကာ အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။
ခဏနေတော့ လယ်ကွင်းဘက်ကနေ ထမင်းပို့ပြီးပြန်လာတဲ့မိန်းမတစ်ယောက်ကိုတွေ့တော့ အောင်မြတ်သာက
“သက်ခိုင် အဲဒီမိန်းမဆီသွားပြီး နည်းနည်းပါးပါးစုံစမ်းကြည့်လိုက် သူပုံစံက လည်လည်ဝယ်ဝယ်ရှိမဲ့ပုံပဲ”
သက်ခိုင်ကအောင်မြတ်သာစကားကြောင့် ထမင်းအုပ်ရွက်ပြီးလာနေတဲ့သူဆီကိုထွက်လာခဲ့လိုက်တယ်။
” ဗျို့ အစ်မကြီး ခဏလေးနေပါဦးဗျ”
ထမင်းအုပ်ရွက်ထားတဲ့မိန်းမက သက်ခိုင်အသံကြောင့် ခြေလှမ်းတွေရပ်လိုက်ပြီး
“ဘာကိစ္စရှိလို့လဲ ”
” ကိစ္စကတော့ထွေထွေထူးထူးမရှိပါဘူး သိချင်တာလေးမေးစရာရှိလို့ပါ အဲလိုမေးတဲ့အတွက် ထိုက်တန်တဲ့အဖိုးအခတော့ပေးမှာပါဗျ”
အဖိုးအခဆိုတဲ့အသံကြောင့် ထမင်းအုပ်ရွက်ထားတဲ့မိန်းမရဲ့မျက်နှာရဲ့မျက်နှာဝင်းလက်သွားပြီး
“ရတယ်ရတယ် ကြိုက်တာသာမေး ဒီရွာမှာအပ်ကျတာကအစ မြရင်သိတယ် ”
“ဟာ ဒါဆိုအတော်ပဲဗျို့ ဟိုနကတဲမှာကျုပ်ဆရာရှိတယ် သူလဲသိရအောင် အဲဒီကိုသွားကြရအောင်”
သက်ခိုင်စကားကြောင့် ရင်မြဆိုတဲ့အမျိုးသမီး
နောက်တွန့်သွားပြီး
“ရှင်…ရှင်…ရှင်တို့ကျွန်မကို ဘာမှလုပ်ဖို့တော့ မဟုတ်ပါဘူးနော် ”
“ဟာဗျာ….ကျုပ်တို့က ခင်ဗျားကို လက်ဖျားနဲ့တောင်မထိပါဘူး ….စိတ်ချ..”
“အခုလိုမေးရတာစိတ်တော့မဆိုးပါနဲ့ရှင်…ခေတ်ကာလကြီးကမကောင်းတော့ …အစစအရာရာ သတိထားနေရလို့ပါ”
သက်ခိုင်က စကားပြောရင်း လယ်စောင့်တဲဆီကိုခေါ်လာခဲ့တယ်။
“လာ မရင်မြ ဒီမှာထိုင်..ဆရာ ဒီအမျိုးသမီးနာမည်က မရင်မြလို့ခေါ်တယ်…. ”
“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်….ကျုပ်တို့သိချင်တာက ဒီရွာမှာ လူခြောက်မွေးခဲ့ဖူးတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးလား”
အောင်မြတ်သာ စကားကြောင့် မရင်မြ အနည်းငယ် စဉ်းစားလိုက်ပြီး
“ရှိတယ် ရှိတယ် လွန်ခဲ့တဲ့ ၁၆နှစ် ၁၇နှစ်လောက်တုန်းက ဒီရွာမှာလူခြောက်လေးနစ်ကောင်မွေးခဲ့ဖူးတယ်”
“ဒါဆိုရင် ကျုပ်တို့ကို အဲ့ဒီအကြောင်း အစအဆုံးပြောပြပေးလို့ရမလား ..ဒါက ခင်ဗျားကို ပေးတဲ့ အဖိုးအခငွေပါ” လို့ပြောပြီး လွယ်အိတ်ထဲကနေ ငွေစက္ကူအချို့ကို ထုတ်ပေးလိုက်တယ်။
မရင်မြလည်း အောင်မြတ်သာပေးတဲ့ငွေစက္ကူအချို့ကို ယူပြီး ထမင်းအုပ်ထဲ ထိုးထည့်ကာ
“ဒီသားခြောက်လေးကတော့ထူးဆန်းတယ်ရှင်..
အရင်ကကျုပ်တို့ရွာမှာ ကိုသိန်းဝင်းနဲ့မလှနွယ်ဆိုတဲ့ လင်မယားနှစ်ယောက် ရှိတယ်…
သူတို့က အိမ်ထောင်ကျပြီး ၁၀နှစ်လောက်ထိ ကလေးမရခဲ့ဘူး …နောက်တော့ မလှနွယ်က ထူးဆန်းတဲ့အိမ်မက်တစ်ခု မက်တယ်လို့ သူများတွေပြောတာကြားဖူးတယ်…”
“ဘယ်လိုအိမ်မက်လဲဆိုတာ ပြောပြပါဦး”
“ရွာထဲမှာပြောတာကတော့ အခုမွေးလာမယ့်သားခြောက်လေးက သူ့ကိုရွာပြင်အနောက်ဘက်ခြုံပုတ်ပေါ်မှာ လာခေါ် ပါဆိုပြီး အိမ်မက်မက်တယ်လို့ပြောကြတယ် ..အဲ့ဒီနောက်ပိုင်း မလှနွယ် က်ိုယ်ဝန်ရလာတယ်…ကိုယ်ဝန်၆လလောက်ထိ သာမန်ကိုယ်ဝန်ဆောင်တွေလိုဖြစ်ပြီးမှ ၇လလောက်ရောက်တော့ ဗိုက်မပူလာဘဲ ပြန်ပိန်သွားခဲ့တယ်
ရွာထဲက လူတွေကတော့ မလှနွယ်ကိုယ်ဝန်ပျက်ကျပြီးထင်နေကြပေမဲ့ နောက်လအလယ်လောက်မှာ ဗိုက်နာပြီးကလေးမွေးလို့ ရွာထဲမှာ အုတ်အော်သောင်းနင်းတောင် ဖြစ်ခဲ့သေးတယ်.
မလှနွယ်ကို ကလေးမွေးပေးတဲ့လက်သည်ပြောတာကတော့..ကလေးက တစ်ထွာလောက်ပဲ ရှိတယ်တဲ့ လက်သည်ကကလေးကိုမြုပ်ဖို့ပြောပေမယ့် သူတို့ကမမြုပ်ပဲ ယူထားခဲ့တယ် ဒါပေမယ့် ကလေးမွေးပြီးနောက်ပိုင်းစီးပွားအရမ်းတက်ခဲ့တယ် အခုဆိုရွာထဲမှာအချမ်းသာဆုံးတောင်ဖြစ်နေပြီ သူတို့အိမ်မှာ အိမ်အကူလုပ်တဲ့ မိညက်မပြောတာကတော့ သားခြောက်ကိုတကယ်လူလိုထားတာတဲ့ ကလေးကစားစရာကအစ ရေမွှေးဘူး ၊ပေါင်ဒါအဆုံးအကုန်ဝယ်ထားပေးတယ်တဲ့ သားခြောက်လေးက သူလိုချင်တာရှိရင် သူ့မိဘတွေကိုအိမ်မက်ပေးပြီး ပူဆာတယ်လို့လဲပြောကြတယ် ဟိုတစ်လောကတောင် ညောင်ပင်ခြောက်ရွာမှာ မိန်းမသွားတောင်းသေးတယ် အဲဒါကလဲ ဟိုသားခြောက်လက်ချက်ပဲဖြစ်မယ်ထင်တယ် ”
” အင်းပေါ့ သူကရုပ်သာမရှိတာ နာမ်ကရှိနေသေးတာကိုး ဒါကြောင့်သာမန်လူတွေလို ဖြစ်ချင်မှာပေါ့ အခုလိုသိသင့်သလောက်သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“ဒါတိုကျွန်မလဲ ပြန်လိုက်ဦးမယ် ”
အောင်မြတ်သာတို့လဲ မရင်မြထွက်သွားတာကိုကြည့်ပြီး
” ဒီတစ်ခေါက်ကိစ္စက အတော်ထူးဆန်းသလို ဖြေရှင်းရမဲ့နည်းလမ်းကလဲ ခက်လိမ့်မယ် သက်ခိုင် ဒီကိစ္စမှာတော့ မင်းကိုပဲအားကိုးရတော့မှာပဲ”
“ဗျာ ကျွန်တော်ကဘယ်လိုလုပ်ရမှာလဲ”
” ဒီညနေစောင်းတာနဲ့ ရေမိုးချိုးသန့်စင်ပြီး တရားထိုင်ရမယ် ဒီတစ်ခါတရားထိုင်ရင် စိတ်ကိုမချုပ်ထားပဲလွှတ်ထုတ်ပေးလိုက် အာရုံထဲမှာ အသက်၁၇နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုမြင်ရင် သူ့ကိုရင်းနှီးအောင်လုပ် သူနဲ့ရင်းနှီးရင်ဘာဆက်လုပ်ရမလဲ ပြောပြမယ်”
“ဒါဆို ကျွန်တော်တို့ဘယ်ကိုဆက်သွားမလဲဆရာ”
” အခုငါတို့အရင်သင်္ချိုင်းကိုပြန်မယ် အဲဒီကနေ ဆက်လုပ်ကြရအောင်”
အောင်မြတ်သာတို့လဲ ရွှေခလုပ်ရွာကနေပြန်ထွက်လာခဲ့လိုက်တယ်။ ဇရပ်ကိုပြန်ရောက်တော့ ညနေစောင်းနေပြီမို့ မလှမ်းမကမ်းမှာရှိတဲ့ရေတွင်းမှာရေချိုးကာ ဇရပ်ပေါ်မှာ တရားစမှတ်နေလိုက်တော့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ သက်ခိုင်ရဲ့စိတ်ဆွေတည်ငြိမ်လာပြီး ပတ်ဝန်းကျင်က ထွက်လာတဲ့အသံတွေကိုမကြားရတော့ဘူး။ သက်ခိုင်လဲအောင်မြတ်သာမှာထားတဲ့အတိုင်း စိတ်ကိုထိန်းချုပ်မထားပဲ လွှတ်ထုတ်လိုက်တယ်ဆိုရင်ပဲ စိတ်က မြင်းဇောင်းကလွှတ်လိုက်တဲ့မြင်းတစ်ကောင်လိုပြေးထွက်သွားခဲ့တယ်။
သက်ခိုင်အသိပြန်ဝင်လာတဲ့အချိန်မှာတော့ တစ်ခါမှမရောက်ဖူးတဲ့ ရွာလမ်းမကြီးတစ်ခုကိုရောက်နေခဲ့တယ်။ ရွာလမ်းကြီးတစ်လျောက် ဥဒဟိုသွားလာနေတဲ့ ရွာသူရွာသားတွေကတော့ သက်ခိုင်ကိုမမြင်ကြတာမြင်တော့ သူလိပ်ပြာလွင့်နေတယ်ဆိုတာချက်ချင်းသိလိုက်တယ်။
သက်ခိုင်လဲ ရွာလမ်းတစ်လျောက် သတိကြီးစွာလမ်းလျောက်ရင်း လူတစ်ယောက်ကိုလိုက်ရှာနေခဲ့တယ်။ ခဏကြာတော့ ဘန်ကောက်ပုဆိုးနဲ့ အင်္ကျီအနက်ကွက်လေးကိုကျကျနနဝတ်ထားပြီး လည်ပင်းမှာ မာဖလာအစိမ်းလေးပတ်ထားတဲ့လူတစ်ယောက် လျောက်လာနေတာကိုမြင်လိုက်ရတယ်။
အဲဒီလူက လမ်းမှာတွေ့သမျှလူတွေကို နှုတ်ဆက်နေပေမယ့် လူတွေကတော့သူ့ကိုအဖက်မလုပ်တာကိုမြင်လိုက်ရတယ်။
သက်ခိုင်သိလိုက်ပြီ။ ဒီကောင်လေးက သားခြောက်ရဲ့ကိုယ်ပွားပဲဖြစ်ရမယ်ဆိုပြီး သူသွားတဲ့နောက်ကို မလှမ်းမကမ်းကနေ လိုက်လာခဲ့လိုက်တယ်။
ကျော့မော့သေသပ်စွာဝတ်ထားတဲ့လူငယ်က ရွာအပြင်ကိုထွက်ပြီး ညောင်ပင်ခြောက်ရွာဘက်ကိုထွက်သွားတာမြင်လိုက်ရတယ်။
သက်ခိုင်လဲအနောက်ကနေလိုက်ကြည့်တော့ ညောင်ပင်ခြောက်ရွာအဝင်ဝလဲရောက်ရော လူငယ်ကဆက်မသွားတော့ပဲရပ်လိုက်တယ်။
သက်ခိုင်ကဘာဆက်လုပ်မလဲကြည့်နေတဲ့အချိန် ရွာအဝင်လမ်းပေါ်ကနေ အခိုးငွေ့တွေနဲ့အတူ အရပ်မြင့်မြင့်လူထွားထွားကြီးတစ်ယောက်ပေါ်လာခဲ့တယ်။
လူငယ်က ရွာထိပ်မှာပေါ်လာတဲ့ လူထွားကြီးကိုစကားအတန်ကြာပြောပြီး ရယ်ရယ်မောမောဖြင့် ရွာထဲကိုဝင်သွားခဲ့တယ်။ သက်ခိုင်လဲ လူငယ်ရဲ့အနောက်ကိုလိုက်ဖို့ ရွာထဲအဝင်
” ဟေ့ ရပ်လိုက်စမ်း ဒီရွာထဲကို အပြင်ကဝိဉာဉ်တွေဝင်မရဘူး”ဆိုတဲ့အသံနဲ့အတူ လူထွားကြီးက ဘွားကနဲပေါ်လာခဲ့တယ်။
သက်ခိုင်က လူထွားကြီးကို ကြည့်ပြီး
” ငါကျတော့ဝင်မရဘူး ဟိုကောင်လေးကျတော့ဘာလို့ဝင်ရတာလဲ အဲဒီကိစ္စကို မင်းတို့ကိုအုပ်ချုပ်နေတဲ့ ရွာတော်ရှင်ချုပ်ကိုပြောလိုက်ရမလား”
သက်ခိုင်ရဲ့မာထန်တဲ့စကားကြောင့် လူထွားကြီးမျက်နှာပျက်သွားပြီး
” သင်ကခုနကလူကိုဘယ်လိုတွေ့တာလဲ သူနဲ့ရောဘယ်လိုပတ်သတ်တာလဲ”
” မင်းကိုရှည်ရှည်ဝေးဝေးပြောဖို့အချိန်မရှိဘူး ငါ့ရှေ့ကဖယ်ပါ မဖယ်ရင် မနက်ဖြန်မင်းအတွက် ဟိုကောင်လေးမိဘတွေဘာမှလာမပို့ပဲနေအောင်လုပ်ပစ်မယ်”
” တောင်းပန်ပါတယ်ဗျာ ဆရာ့ကို အထင်လွဲသွားတာဗွေမယူပါနဲ့ ဆရာအလိုရှိတဲ့အတိုင်းဝင်ထွက်လို့ရပါတယ်”
” အဲဒါဆို လာလက်စနဲ့တစ်ခုလောက်မေးဦးမယ် ခုနက ကောင်လေးက ဒီရွာကိုအမြဲတမ်းလာနေကြလား”
“ဆရာ ပြန်မတိုင်ဘူးဆိုရင် ပြောပြပါ့မယ် ”
” တယ် ငါတိုင်ချင်ရင် ဒီအချိန်မင်းရွာကိုတောင်စောင့်ရမှာမဟုတ်ဘူး အချိန်မရှိဘူး ငါမေးတာဖြေစမ်းပါ”
” ဒီကောင်လေးက ရွာကိုလာနေတာကြာပြီ စလာတုန်းက ကျုပ်ကမပေးဝင်ဘူး ဒါပေမယ့် မပေးဝင်မချင်း ညမှောင်ရီပျိုးစရောက်ပြီဆိုရင် သူအမြဲလာလာစောင့်တယ်”
” သူကဒီရှာကိုဘာလာလုပျတာလဲ”
” ဒီရွာမှာ သူကြိုက်နေတဲ့မိန်းကလေးတစ်ယောက်ရှိတယ် သူက ဘဝသာခြားနေတာ မိန်းကလေးကိုအတော်ချစ်တာ ဒါကြောင့် ညဘက်ရောက်တိုင်း လာလာပိုးနေတာပေါ့”
” မင်းပြောတော့ သူအစကရွာထဲဝင်မရဘူးဆို ဘယ်လိုလုပ်မိန်းကလေးကိုတွေ့တာလဲ”
” ပြီးခဲ့တဲ့လက ရွာထဲမှာရှိတဲ့ရေကန်က နေပူလို့ရေခမ်းသွားတယ် အဲဒီလိုရေခမ်းတော့ ရွာကလူတွေအကုန် ရွာပြင်သင်္ချိုင်းနားကရေတွင်းမှာ ရေခပ်ကြရတယ် ဒီကောင်လေးကလဲ လူပျိုလှည့်တဲ့အချိန် မိန်းမကလေးရေလာခပ်တဲ့အချိန်တိုက်ဆိုင်ပြီးတွေ့တာပဲ”
” ဟုတ်ပြီ ဒီလောက်ဆိုပိုဇာတ်ရည်လည်သွားပြီ မင်းလဲရွာကိုသေချာကြည့်ပေးဦး သူများပူဇော်ထားတဲ့အရာတွေကိုပဲ မစားနေနဲ့ ငါရွာထဲဝင်လိုက်ဦးမယ်”
” လိုတာရှိရင်အချိန်မရွေးလှမ်းခေါ်လိုက်ပါဆရာ ရွာထဲမှာရှိတဲ့ ကျုပ်တပည့်တွေကိုလဲ လွတ်ရာကျွတ်ရာမှာနေဖို့မှာထားပေးပါမယ် ”
သက်ခိုင်ကသိချင်တာသိရပြီမို့ ရွာထဲကိုဝင်ဖို့အလုပ်မှ တစ်စုံတစ်ခုကိုသတိရပြီး
” ခဏလေး မသွားခင်တစ်ခုမှာစရာရှိတယ် ခုနက ဝင်သွားတဲ့ ကောင်လေးရွာအပြင်ပြန်ထွက်ရင် မပေးထွက်နဲ့ဦး ငါသူ့ကိုမေးစရာရှိသေးတယ် ”
” ဟုတ်ကဲ့ပါဆရာ ရွာစည်းကိုပိတ်ထားပေးပါ့မယ်”
သက်ခိုင်လဲ ရွာစောင့်ပုဂ္ဂိုလ်ကိုပြောပြီး ရွာထဲကိုဆက်ဝင်လာခဲ့တယ်။ ရွာထဲရောက်တော့ မှောင်နေပြီမို့ လမ်းပေါ်မှာသွားလာနေသူတွေ မရှိသလောက်နည်းနေတယ်။
အဲဒီအချိန်
” အထွေးရေ အထွေး မောင်ရောက်နေပြီလေ အိမ်ပြင်ထွက်ခဲ့ပါဦး” ဆိုပြီးအော်ခေါ်နေတဲ့အသံကြားလို့ကြည့်လိုက်တော့ မကြာသေးခင်က ရွာထဲကိုဝင်သွားတဲ့ကောင်လေးဖြစ်နေတာတွေ့လိုက်ရတယ်။
သက်ခိုင်က ဘာမှမပြောသေးပဲ မလှမ်းမကမ်းက သရက်ပင်အောက်မှာထိုင်ပြီး အခြေအနေကိုစောင့်ကြည့်နေတယ်။
ကောင်လေးက အော်ခေါ်နေပေမယ့် အိမ်ပေါ်ကနေဘယ်သူမှမဆင်းလာခဲ့ဘူး။ အတန်ကြာအော်ခေါ်ပြီးတဲ့နောက်မှာ စိတ်မရှည်တော့ပဲ လမ်းမပေါ်က ခဲကိုယူပြီး ကောင်မလေးအိမ်ပေါ်ကိုပစ်တင်လိုက်တာတွေ့လိုက်ရတယ်။
” ဝုန်း ဒုန်း ဂလုန်း”
” အိမ်ကိုခဲနဲ့ပစ်ပြန်ပြီ ထွေးငယ်ရယ် ငါနင့်ကိုပြောသားပဲ သူတို့လာပြောတာလက်ခံလိုက်ပါလို့ အခုလိုအကောင်အထည်မမြင်ရပဲ ဖြစ်နေတာကြာတော့ ရွာကလူတွေလဲ ငါတို့ကိုမောင်းထုတ်တော့မယ်”
” အို အမေကလဲ အကောင်အထည်လဲမမြင်ရတဲ့လူကိုလက်ထပ်တာအမေကြားဖူးလို့လား သမီးဘဝကို အဲလိုမဖြစ်ချင်ဘူးအမေ သမီးလက်မခံဘူး”
” လက်မခံလို့မရဘူးလေ အခုဆို ငါတို့ထမင်းစားဖို့သူ့မိဘတွေကပဲလုပ်ပေးနေ နင်မသိလို့ဒီလိုပြောရတာလား”
” တော်ပီအမေရာ အမေတို့ကိုပြောလိုက်ရင်ဒီလိုကြီးပဲ သမီးတော့စိတ်ညစ်တာပဲ အမေတို့အတင်းစီစဉ်ရင် သမီးကိုယ့်ကိုကိုယ်တစ်ခုခုလုပ်မှာနော်”
” အေးပါ အေးပါ စိတ်တွေလဲညစ်လှပါရဲ့ ငါသာသေလိုက်ချင်တော့တယ်”
ဗျစ်တောက်ဗျစ်တောက်ပြောပြီး အိမ်ပေါ်တက်သွားတဲ့ မိန်းမကြီးကိုမြင်တော့ ဘန်ကောက်ပုဆိုးနဲ့လူငယ်က
” မိဘတွေကလဲ သဘောတူနေရဲ့သားနဲ့ အထွေးရယ် မောင့်ကိုဘာလို့လက်မခံရတာလဲ”
အိမ်တံစက်မြိတ်အောက်မှာ ထိုင်ငိုနေတဲ့ မိန်းကလေးကိုကြည့်ပြီး တစ်တွတ်တွတ်ပြောနေတဲ့ ကောင်လေးကိုမြင်တော့ သက်ခိုင်က
“ဟိုကောင်လေး မင်းကိုသူမှမချစ်တာ ဘာလို့အတင်းလုပ်ယူနေတာလဲ”
ရုတ်တရက်ကြားလိုက်ရတဲ့သက်ခိုင်ရဲ့စကားကြောင့် အံ့ဩသွားပြီး
” ခင်ဗျားကဘယ်သူလဲ ကျုပ်ကိုဘာလို့မြင်နေရတာလဲ”
” ငါကဘယ်သူဆိုတာထက် မင်းလုပ်နေတာတွေက စည်းကျော်နေလို့ဝင်ပြောနေရတာ မင်းက ဝေမာနိကအမျိုးနွယ်ထဲမှာပါနေတာကိုရောမင်းသိရဲ့လား”
“ဟေ့လူ ခင်ဗျားပါးစပ်ကိုပိတ်ထားစမ်း ထပ်ဟရင် ကျုပ်ဘာကောင်လဲသိမယ်”
” ဟားဟား ကြောက်တတ်ရင် ဒီထိတောင်လိုက်မလာဘူး ကောင်လေးရေ မင်းငါ့ကိုဖို့မဆိုထားနဲ့ ငါ့အနားကိုပဲရောက်အောင်လာပါဦး”
သက်ခိုင်စကားကြောင့် ဘန်ကောက်ပုဆိုးကိုကျနစွာဝတ်ထားတဲ့ကောင်လေးရဲ့မျက်နှာ ရုတ်ချည်းပြောင်းလဲသွားပြီး ခါးကြားထဲမှာ ထိုးထားတဲ့ ဓါးမြောင်ကိုဆွဲထုတ်ကာ ပြေးဝင်လာခဲ့တယ်။
အရှိန်နဲ့ပြေးဝင်လာပေမယ့် သက်ခိုင်အနားလဲရောက်ရော မမြင်ရတဲ့အဟန့်အတားတစ်ခုကြောင့် အနောက်ကိုလွင့်ထွက်သွားတယ်။
“ကောင်လေး မင်းကုသိုလ်ကံကုန်ပြီ ဒီညပြီးရင် မင်းအရင်ဘဝကိုပြန်သွားရတော့မယ် မင်းကိုကျွေးမွေးခဲ့တဲ့မိဘတွေကိုလဲဒုက္ခမပေးနဲ့တော့ မင်းဟာသူတို့မွေးခဲ့တဲ့ ကလေးအသေကို အမှီပြုပြီး လိုချင်တာရအောင် တောင်းယူနေတာတွေကိုလဲရပ်တန်းကရပ်ပါတော့ မရပ်ဘူးဆိုရင် သင့်ကိုချုပ်နှောင်ပြီး ထားရလိမ့်မယ်”
လဲကျနေတဲ့ကောင်လေးကသက်ခိုင်ရဲ့ စကားကိုကြားတော့ ဟန်မဆောင်နိုင်အောင် တုန်လှုပ်သွားပြီး ရုတ်တရက်ထပြေးပါလေရော။
သက်ခိုင်က ပြေးတဲ့နောက်ကို လမ်းလျောက်မပျက်လိုက်သွားပြီး ရွာထိပ်ရောက်တော့
” ရွာစောင့်နတ်ကြီး ကျုပ်ကိုလွှတ်ပေးပါ ကျုပ်အိမ်ပြန်တော့မယ် စည်းကိုဖျက်ပေးပါဗျာ မနက်ကျရင် ရွာစောင့်နတ်ကြီးအတွက် စားကောင်းသောက်ဖွယ်တွေလာဆက်သပါ့မယ် ကျုပ်ဒီရွာကိုလဲ ဘယ်တော့မှမလာတော့ပါဘူး ကျုပ်ကိုလွှတ်ပေးပါ”
” ဟိတ်ကောင်လေး ဒီတစ်ခါတော့ငါလဲမတတ်နိုင်ဘူး ငါ့ကိုအမိန့်ပေးသွားတဲ့ဆရာစကားကို မနာခံရင် ငါလဲမင်းလိုပဲအပစ်ပေးခံရမှာ”
ရွာစောင့်ပုဂ္ဂိုလ်နဲ့ ထွက်ပြေးသွားတဲ့ကောင်လေးတို့ပြောနေတာကိုကြားတော့ သက်ခိုင်က
” ဟိုကောင်လေး မင်းအိမ်ပြန်ချင်လို့လား”
“ဆရာကိုတောင်းပန်ပါတယ် ကျွန်တော်အိမ်ပြန်ချင်လို့ပါ ဒီရွာကိုလဲနောက်တစ်ခါခြေဦးမလှည့်တော့ပါဘူး ကျွန်တော်ကတိပေးပါတယ်”
” အေး မင်းပေးတဲ့ကတိကနည်းလွန်းတယ် ငါအခုပြောသမျှအရာတွေကိုမင်းလိုက်နာမယ်ဆိုရင်တော့ သနားငဲ့ညှာတဲ့အနေနဲ့ မင်းကိုအိမ်ပြန်ခွင့်ပြုမယ်”
” ပြောပါဆရာ အားလုံးလိုက်နာပါ့မယ် ကတိဖျက်ခဲ့ရင်ဆရာတို့ကြိုက်သလိုဆုံးမပါ”
” ကောင်းပြီ အခုကစပြီး သူများသားသမီးမျက်ရည်ကြီးငယ်ကျအောင်မလုပ်ရဘူး
အရက်သေစာမသောက်စားရဘူး
သူတစ်ပါးသားမယားကိုစိတ်နဲ့တောင်မပစ်မှားရဘူး
မင်းနေတဲ့ရွာအပြင်ကိုခြေတစ်လှမ်းမှမထွက်ရဘူး
ဒါတွေကိုလိုက်နာမယ်ဆိုရင်မင်းကိုပြန်ခွင့်ပြုမယ်”
” လိုက်နာပါမယ်ဆရာ ကတိလဲပေးပါတယ် ကျွန်တော်ကိုပြန်ခွင့်ပေးပါ”
” ကဲ အဲဒါဆို စည်းကိုဖျက်ပေးလိုက် ”
ကြောက်လန့်တကြားဖြစ်နေတဲ့ကောင်လေးက ရွာစည်းပျက်တာမြင်တော့ ပြေးမယ်အလုပ် သက်ခိုင်
” ဟိုကောင်လေး ခဏနေဦး ”
” ဘာများဖြစ်လို့လဲဆရာ ကျွန်တော်ကတိလဲပေးပြီးပြီလေ”
” ဒီအတိုင်းတော့မင်းကိုပေးမသွားနိုင်ဘူး ဒါကငါတို့ဂိုဏ်းရဲ့သင်္ကေတအင်းစမပဲ ဒီအင်းစမကို မင်းကျောကုန်းမှာကပ်ပေးခဲ့မယ် ကတိပျက်တာနဲ့ ဒီအင်းစမက မင်းကိုဒဏ်ခတ်လိမ့်မယ် အိမ်ပြန်ရောက်ရင် မင်းမိဘတွေကို ဒီစေ့စပ်ပွဲကိုဖျက်ခိုင်းပါ “လို့ပြောပြီး ကောင်လေးရဲ့ ကျောပြင်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။
ကောင်လေးရဲ့ကျောပြင်နဲ့ သက်ခိုင်ရဲ့လက်ဝါးထိတဲ့အချိန် သက်ခိုင်ရဲ့ကိုယ်ကလေထဲကိုဝေ့ခနဲပါသွားပြီး လွင့်ထွက်သွားတယ်။ သတိရလာတော့ မနက်အာရုံတက်ခါနီးနေပြီ။
အောင်မြတ်သာက သတိရလာတဲ့ သက်ခိုင်ကို ရေနွေးကြမ်းတစ်ခွက်ထိုးပေးပြီး
” ဒါလေးအရင်သောက်လိုက်ပါဦး သောက်ပြီးရင် ခရီးထပ်ဆက်ရဖို့ရှိတယ်”
သက်ခိုင်ကရေနွေးကိုတစ်ကြိုက်မော့လိုက်ပြီး
“ဘယ်ကိုများလဲဆရာ အရေးကြီးလို့လား”
” ဟိုရောက်ရင်သိရမှာပေါ့ ငါတို့အချိန်မှီရောက်ရင်တော့ အသက်ပေါင်းများစွာကိုကယ်နိုင်မယ် ငါတို့နောက်ကျရင်တော့ အသက်ပေါင်းများစွာဆုံးရှုံးသွားနိုင်တယ် ကဲအဆင်သင့်ဖြစ်ရင်သွားကြရအောင်”
သက်ခိုင်လဲ ဇရပ်ပေါ်ကဆင်းခါနီး ဆီစိမ်စက္ကူပေါ်မှာ တစ်စုံတစ်ခုကိုရေးပြီး ခဲလုံးနဲ့ဖိထားခဲ့လိုက်တယ်။
နောက်တစ်နေ့ရောက်တော့ ဇရပ်မှာတွေ့ဖို့ပြောထားတဲ့လူစိမ်းနဲ့လာတွေ့ဖို့ ထွေးငယ်ထွက်လာခဲ့ပေမယ့် ဇရပ်ပေါ်မှာဘယ်သူ့ကိုမှမတွေ့ရပဲ
” ပြဿနာအားလုံးအဆင်ပြေသွားပါပြီ နောက်ထပ်ဘယ်သူမှမနှောက်ယှက်တော့ပါဘူး” ဆိုပြီးရေးထားတဲ့စာရွက်လေးကိုသာတွေ့လိုက်ရတယ်။
သားခြောက်ကိစ္စကိုဖြေရှင်းပြီးတဲ့နောက်မှာတော့ အောင်မြတ်သာတို့ဘယ်လိုပြဿနာတွေကိုကူညီဖြေရှင်းပေးကြမလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့်ကဝေတိုက်ပွဲ”ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့် မူရင်းရေးသားသူ
ဆရာ ဇေယန(ရာမည) ကို crd ပေးပါတယ်