သားမိုက်ကြီးရဲ့နောင်တ

သားမိုက်ကြီးရဲ့နောင်တ(စ/ဆုံး)
—————————-

အဖေဆုံးပါးသွားပီးတော့ အမေဟာ အဖေ့စိတ်နဲ့လေဖြတ်ပီး အိပ်ယာထဲ ဘုန်းဘုန်းလဲနေတာ အခုထိပဲလေ။ အသက်ခုနှစ်ဆယ်
ကျော်ကြီးကျမှ လေဖြတ်တာဆိုတော့ပြန်ကောင်းဖို့လမ်းလည်း မမြင်တော့သလိုခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလည်း လုံးဝမလှုပ်
ရှားနိုင်တော့ဘူးပေါ့။ အခုဆို အအသက်က ရှစ်ဆယ်ကျော်သွားပီ
လေဗျာ။

ဒါကြောင့်လည်းအမြဲတမ်း အိပ်ယာထဲမှာပဲ ချီးအလူးလူး သေးအလူးလူးနဲ့ဖြစ်နေတာ။ သားသမီးအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ ကျုပ်ကိုယ်တိုင်ကလည်း အချိန်ပြည့်ဂရုမစိုက်နိုင်တာလဲပါတာပေါ့။ မိသားစုလက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းဖြစ်တဲ့အထည်ဆိုင်
လေးကိုနေ့တိုင်းသွားရသေးတာဗျ။ အလုပ်သမားတွေ…လူယုံနဲ့
ချည်း လွှဲထားလို့လည်းမရသေးဘူးလေ။ ကျူပ်တို့မိသားစုဘိုးစဉ်
ဘောင်ဆက်ထဲက ဒီလုပ်ငန်းလေးတစ်ခုကိုပဲ မှီခိုနေရတာဗျို့။

သမီးလေး အတွက်နောင်ရေးကရှိသေးတာမဟုတ်လား။ မိန်းမကိုတော့ သိပ်ပီးခေါင်းထဲထည့်မနေပါဘူးဗျာ။ အဓိက ကကျုပ် သမီးလေးပဲဗျ။
ကျုပ်တို့မှာ သားသမီးဆိုလို့ ဒီသမီးလေးတစ်ယောက်ပဲရှိတာ။ ဒီသမီး
လေးကို မွေးပီးတဲ့နောက်ပိုင်း နောက်ထပ်လည်း သားသမီးထပ်မရ
တော့ဘူး။ ဒါကြောင့်လည်း ငုံထားမတက်ချစ်နေရတာ။

ခုဆို သမီးက ကိုးနှစ်ကျော်လို့ ဆယ်နှစ်ထဲကိုတောင် ရောက်နေပီပေါ့ဗျာ။ မအေတူသမီး မို့ မျက်နှာဝိုင်းဝိုင်း မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ အသားကဖြူဥနေတာဗျ။ ဒီသမီးလေးကိုပဲ အရိပ်တကြည့်ကြည့်ရှိနေတာနဲ့ လေဖြတ်ပီးအမြဲအိပ်ယာထဲလဲနေတဲ့ အမေ့ကို လုံးဝဂရုမစိုက်နိုင်
တော့ဘူးဗျို့။

မိန်းမနဲ့သမီးကတော့ အမေ့ကို ဒုက္ခိတ တစ်ယောက်လိုအိမ်မှာသဘော
ထားကြတယ် ။ အမေ့ကိုအဝတ်လဲပေးတိုင်း…ထမင်းကျွေးတိုင်း… ရေတိုက်တိုင်း…မှာ အမြဲတမ်းအသံတွေ ကျယ်လောင်ရတယ် ။ ဆူညံရတယ် ။ အိမ်မှာမိသားစု နဲ့ ဆိုတော့ အမေကို ထားရတာ သိပ်
မလွတ်လပ်ဘူး။ အမေ့ကြောင့်နဲ့ ကျုပ်တို့လင်မယား တစ်နေ့မှ စကားမများ ရတဲ့နေ့ဆိုတာလည်း မရှိသလောက်ပဲ။

အိမ်က မိန်းမက ယူခါစကတော့ အမေ့ပေါ်ကောင်းပါတယ်ဗျာ။ နောက်
ပိုင်းကြာလာတော့လည်း ငြူစူလာတယ်ဗျ။ ပိုဆိုးတာက အမေက မလှုပ်မရှားနိုင်တဲ့အမယ်အိုကြီး…အဘွားကြီး။ ကျုပ်က မိသားစုစား
ဝတ်နေရေး အတွက် အပြင်မှာ ငွေထွက်ရှာရတယ်။ မောမောပန်းပန်းနဲ့
အိမ်ကိုပြန်လာရင် မိန်းမက အိမ်ပေါက်ဝကဆီးပီး နားပူနာဆာ လုပ်
တယ်။ ကြာလာတော့ ကျုပ်လည်းသည်းမခံနိုင်တော့ဘူး…အမေ့
ကြောင့်နဲ့ပဲအပြောခံနေရတာလို့ တွေးပီး အမေ့ကိုပဲ အပစ်မြင်လာ
မိတော့တာဗျ။ ကျုပ် မိန်းမနဲ့သမီးဖြစ်သူ ပြောနေကျ စကားကို
ပြန်ပြောရရင်တော့…

” ရှင့် အမေ !! မယ်မင်းကြီးမ ကလေ ဒီနေ့ ချီးတွေလည်း အများကြီး ပါချ ထားတယ်…သေးတွေလည်း အများကြီး ထမီမှာ ရွှဲနေတာပဲ…
ကျမ မှာ ပင်ပန်းလိုက်တာဆိုတာ ပြောမနေနဲ့…ကလေးတွက် လုပ်ရ
ကိုင်ရတာတစ်မျိုး…တစ်အိမ်လုံးရဲ့သန့်ရှင်းရေးတွေ သိမ်းကြုံးလုပ်ရတာ တစ်မျိုးနဲ့…ဒီကြားထဲရှင့်အမေကပါ ကလေးပေါက်စလို လုပ်နေ
တော့ ပိုပင်ပန်းတယ်…တကယ်စိတ်ပျက်ဖို့ ကောင်းတယ် သိလား… အသက်ကဖြင့် ရှစ်ဆယ် ကျော်နေပီ သေစရာ ရှိတာ မသေနိုင်ဘူး…
အလကား သက်သက် သားသမီးကိုကော… ချွေးမ ကိုပါလိုက်ဒုက္ခ
ပေးနေတယ်…နေ့တိုင်းနေ့တိုင်းနှိပ်ရ… ပြုစုရနဲ့ ကျမ သမီးလေးလဲ
ကြာလာတော့စိတ်ပျက်လာပီ ”

” ဟုတ်တယ် ဖေဖေ !! ဒီနေ့ အဘွား ဝမ်းလျှောတာလားမသိဘူး… ချီးတွေ အများကြီးပဲ ပါတယ်…တအားလည်း နံတာပဲ… နေမကောင်းတာသိရဲ့နဲ့ ဘာလို့ မတည့်တာတွေ စားတာလဲ မသိဘူး ”

မိန်းမနဲ့ သမီးဖြစ်သူ အဲဒီလိုပြောရင် ကျုပ် နားငြီးတာနဲ့ ပင်ပန်းစိတ်နဲ့
ပေါင်းပီးအမေ့ ဆီကို ဦးတည်လိုက်ပီ။အမယ်အိုကြီးကအခန်းထဲက
ကုတင်လေး ပေါ်မှာ ပက်လက်လေး လှဲလို့ လက်ထဲမှာလည်း သူစိပ်
နေကျပုတီးလေးကို တဂျောက် ဂျောက်စိပ်လို့ပေါ့ဗျာ။ ကျုပ်အနားကို
ရောက်သွားတော့ ပုတီးစိပ်နေတဲ့ အမယ်အိုကြီး တုန်တုန်ချိချိ က
အသားလေးတွေ တဆက်ဆက် တုန်နေပီလေ။

မှိတ်ထားတဲ့ မျက်လုံးတွေကနေ ပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်တစ်
ချို့ကိုလည်း ကျုပ်မြင်လိုက်ရတယ်။ မိန်းမနဲ့ သမီးဖြစ်သူရဲ့ ငြူစူ ပွက်
လောရိုက်နေတဲ့ အသံတွေကို ဒီအမယ်အိုကြီး မကြားပဲနေပ့့ါမလား။
အကုန်ကြားမှာပေါ့…ဒါကြောင့်လည်း သူ့ဆီလာနေတဲ့ ကျုပ်ရဲ့ခြေသံ
ကိုကြားတော့ ကြောက်လန့်ပီး တဆတ်ဆတ်တုန်နေရှာတာပေါ့ဗျာ။

” အ မေ !! ”

မိန်းမ နဲ့ သမီးဖြစ်သူ ဆူညံပွက်လောရိုက်ထားသော စကားတွေကြောင့် ရင်ထဲမှာ ဒေါသတွေထွက်ပီး စိတ်လည်းညစ် ခေါင်းလည်း မကြည်ဘူး
ဖြစ်နေတာဗျ။ ဒါကြောင့် လေသံက ခပ်မာမာပဲထွက်သွားတာဗျို့။

ကျုပ်ရဲ့အသံကိုကြားတော့ အမေ့ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားပီး မှိတ်
ထားတဲ့ မျက်လုံးလေးတွေ အရင်ဆုံးပွင့်လာတယ်။ ပီးတော့တုန်တုန်
ရင်ရင်နဲ့ ထူးရှာတယ်ဗျ။

” ဘာ… ဘာများလဲဟင် သားကြီး ”

” အမေ !! ဒီနေ့ ချီးတွေ အများကြီးပါတယ်ဆို ”

” အင်း !! ဟုတ်… ဟုတ်တယ်…ဒီနေ့ အမေ ဝမ်းမကောင်းလို့ပါ
သားကြီးရယ် ”

”အမေရယ် ဝမ်းမကောင်းလည်း နည်းနည်းပါးပါးလေးအောင့်ထားပီး… ကျနော့် မိန်းမကို ပြောပေါ့… ငါ အိမ်သာတက်ချင်တယ် ဟေ့လို့…လှမ်း
အော်လိုက်လည်းရတာပဲ…အခုတော့ အမေလုပ်ပုံက ကျနော့်မိန်းမကို
ပင်ပန်းအောင်လုပ်တာနဲ့တူတူပဲ…အမေလည်း ကြားတယ် မို့လား… ကျုပ်ကို ဗြစ်တောက်…ဗြစ်တောက်နဲ့ ပြောနေတာ…တောက်တဲ့ကျနေတာပဲ…ကျုပ်တစ်နေကုန် ပင်ပန်းလာတာနော် အမေ… အိမ်ကိုပြန်
ရောက်လာတဲ့ အချိန်လေးတော့ နားအေးပါးအေးနဲ့သက်တောင့်သက်
သာလေး နားချင်သေးတယ် ”

ကျုပ် အမေ့ကို နေကောင်းရဲ့လား… သက်သာရဲ့လားလို့ တစ်ခွန်းမှ
မမေးပဲ…စိတ်ဆိုးမာန်ဆိုးနဲ့အပစ်တွေချည်း တစ်ခုပီးတစ်ခု ဆက်တိုက်
ပြောချပစ်လိုက်တာဗျို့ ။

အမေက ဘာမှပြန်မပြောရှာပါဘူး… မှေးမှိန်ဖျော့တော့နေတဲ့ မျက်ဝန်း
တွေနဲ့ ကျုပ်ကို ဒီတိုင်းလေးပဲ ငေးကြည့်နေရှာတာဗျ။ မျက်ရည်တွေလဲ
ဝဲလို့ပေါ့ဗျာ။ ကျုပ် ပြောတဲ့စကားဆုံးသွားတော့မှ အမေက ခေါင်းလေးအသာငြိမ့်ပီး ပြန်ပြောတာ။

” အေးပါ… အေးပါ သားကြီးရယ် !! အမေ နောက်တစ်ခါ အဲလိုမဖြစ်
စေရပါဘူး ကွယ် ”

” သေချာတယ်နော်… အမေ… ကျနော်နောက် အဲဒီလိုမျိုးတွေ မကြား
ချင်တော့ဘူး ”

” စိတ်…စိတ်ချပါ သားကြီးရယ် ”

” ဒါဆိုလည်း ပီးယောဗျာ ”

ကျုပ် စကားဆုံးတာနဲ့ အမေ့အခန်းထဲက ခြေသံပြင်းပြင်းနင်းပီးထွက်
လာလိုက်တယ်။ အခန်းဝရောက်တော့ အနောက်ကနေ တအင့်အင့်နဲ့
ဝမ်းပန်းတနဲ ရှိုက်ငိုနေတဲ့ အမေ့ရဲ့ငိုသံကိုကြားလိုက်ရတယ်။ ဒါပေမဲ့
ကျုပ် လှည့်ကြည့်မနေတော့ဘူး…မကြားချင်ယောင်ဆောင်ပီး ဥပက္ခာပြုလို့ ထွက်လာခဲ့လိုက်တာပေါ့ဗျာ။

ညရောက်တော့ ဒီနေ့ဆိုင်မှာ ရောင်းရတဲ့ ပိုက်ဆံတွေကိုစာရင်းလုပ်ပီး
ကျုပ် သေချာတွက်ချက်နေတာဗျ။ မိန်းမဖြစ်သူနဲ့ သမီးကတော့ ခုနှစ်
နာရီ မှာလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်နေကြတာပေါ့ဗျာ။

” သားကြီးရေ !! … သားကြီး !! ”

ရုတ်တရက် အမေရဲ့ အခန်းထဲကနေ ကျုပ်ကို လှမ်းခေါ်နေတဲ့အသံကို
ကြားလိုက်ရတယ်။

” ကဲ !! ဟိုမှာ ရှင့် ရဲ့ အမေ ဒုက္ခိတ မယ်သက်ရှည်ကြီး ခေါ်နေပါပီ…
ဘာတွေရစ်ဦး…ခိုင်းဦးမလဲ မသိဘူး…ကြွမြန်းတော်မူလိုက်ပါဦး ”

အမေ့ ခေါ်သံကိုကြားလိုက်တဲ့မိန်းမဖြစ်သူကလည်းကျုပ်ကို စောင်းချိတ်
ပီးပြောလိုက်တာဗျ။ ကျုပ်လည်း လုပ်လက်စအလုပ်ကို ရပ်ပီး အမေ့ရဲ့
အခန်းထဲကို စိတ်မပါ လက်မပါ လှမ်းသွားလိုက်တယ်။

” အမေ ဘာပြောမလို့လဲ…မအိပ်နိုင်သေးဘူးလား… ကျနော်အားမနေ
ဘူးနော်…ဆိုင်က စာရင်းတွေလုပ်နေရသေးတယ် ”

” အေး…အေးပါ လူလေးရယ်…အမေ ပါးစပ်တွေတအားချဉ်နေလို့
ရေနွေးကြမ်းလေး သောက်ချင်လို့ ခေါ်လိုက်တာပါကွယ် ”

” ဟာ !! အမေကလည်း ဒီအချိန်မှ ရေနွေးကြမ်းတွေသောက်ရင်ညကျ
ဘယ်လို မှအိပ်ပျော်မှာ မဟုတ်ဘူး…အဲဒီခါကျရင် ကျုပ်တို့ကို အမေ
ခေါ်ဦးမယ် မဟုတ်လား… မသောက်နဲ့တော့…အိပ်တော့ဗျာ ”

ကျုပ်ရဲ့ စိတ်မရှည်တဲ့ ငေါက်ဆတ်ဆတ် စကားကြောင့် အမေ့မျက်နှာ
လေး ချက်ချင်း ညိုးကျသွားတယ်…ပီးတော့မှ သက်ပြင်းတစ်ချက်ကို
လေးတွဲစွာ မူတ်ထုတ်ရင်းပြန်ပြော တယ်။

” အေးပါကွယ်…အေးပါ !! သားကြီးက မသောက်နဲ့ဆိုတော့လည်း
အမေ မသောက်တော့ပါဘူး…အမေ့ကိုစောင်လေးတော့လာခြုံပေးပါ
ကွယ်…အမေ အိပ်တော့မယ်နော် ”

” အမေ !! ဒီညက မအေးဘူး…ဒါ ဆောင်းတွင်းဘက်လည်း
မဟုတ်ဘူး…ဒီအတိုင်းပဲ အိပ် တော်ကြာ တစ်ရေးနိုး ကျ ချွေးတွေ
ထွက်ပီး အဲဒီချွေးနဲ့ ပြန်ဖျားလိမ့်မယ်…အမေဖျားရင် ကျုပ်တို့ပဲ အလုပ်ရှုပ်ရဦးမှာ ဘာစောင်မှ ခြုံမနေနဲ့ ”

အမေက မျက်ရည်လေးတွေ တဝဲဝဲ တလည်လည်နဲ့ ကျုပ်ကိုဘာမှပြန်
မပြောပဲနှုတ်ဆိတ်နေခဲ့တယ်။ တကယ်တော့ ကျုပ် တွက်ကိန်းမှား
သွားတာပါဗျ။ နွေရာသီမို့ အမေ့ကို စောင်ခြုံဖို့မလိုဘူးလို့ပြောပီး
…ထွက်လာခဲ့လိုက်တာ။

ညလယ်ရောက်တော့ မိုးက ရုတ်တရက်ကြီးဆိုင်းမဆင့်ဗုံမဆင့် ဗြုန်းခနဲ ရွာချ တော့တာပဲဗျို့။ အဲဒီ ချိန်မှာ ကျုပ်တို့ကတော့ မိုးကောင်းကောင်းနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မော ကျနေပီ။ အမေအိုကြီး ခမျာတော့ ဘယ်လိုအိပ်ပျော်နိုင်ပါ့မလဲ။ လေ ဖြတ်ထားတဲ့ လူမမာသည်ကြီး… မလှုပ်နိုင်
မရှားနိုင်နဲ့ အပြင်မှာလည်း မိုးတွေက သည်းကြီးမည်းကြီးကိုချနေပီ။
လေတွေကလည်း မိုးနဲ့အပြိုင်တဟူးဟူးကို တိုက်နေတာ။အမေ့လို
အမယ် အိုကြီးအတွက်တော့ အရမ်းကို ချမ်းအေးပြီး စိမ့်နေတာပေါ့။

နောက်ဆုံး ခိုက်ခိုက်တုန်းရင်း အရမ်းအေးလာပြီ ဘယ်လိုမှနေလို့မရ
တော့ဘူး။ တကိုယ်လုံးတုန်တက်ပီး အဖျားတက်သလိုခံစားနေရပီပေါ့။
မနေနိုင်တဲ့အဆုံးကျမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ကျုပ်တို့ကို အသံငယ်လေးနဲ့ ကုန်းအော်ရှာတာဗျ။

” သားကြီးရေ !! သားကြီး !! ချွေးမရေ !! ချွေးမ !! အမေ အေးတယ်
ကွဲ့… အမေ့ကို စောင်လေး လာခြုံပေးကြပါကွယ်…ဟီးးးးဟီးးးးဟီးးး ”

ကျုပ်တို့ အမေ့အော်သံကို ဘယ်လိုကြားနိုင်ပါ့မလဲ။ အကုန်လုံးက အိပ်
မောကျနေကြတာကိုး။ ဒီလိုအချိန်မှာ အမေ့ရဲ့အသံလောက်ကိုမပြော
နဲ့ဆင်အော်တာတောင် နှိုးမှာမဟုတ်ဘူးဗျို့ ။

” သား…သားလေးတို့ရေ !!သမီးတို့ရေ !! မြေးလေးရေ !! အမေအေးတယ်ကွဲ့… လာကြပါကွယ်…အမေ အေးလွန်းလို့ သေရတော့မယ်… ကျေးဇူးပြုပြီးတော့ အမေ့ကို စောင်လေးလာခြုံပေးကြပါကွယ်…အမေ့ကို လာကြည့်ကြပါဦး သားတို့…သမီးတို့ရဲ့… အီးးဟီးးဟီးးဟီးးး !! ”

အမေ ဘယ်လောက်ပဲ အော်ခေါ် အော်ခေါ် တုပ်တုပ်တောင်မလှုပ်တဲ့ကျုပ်တို့ကြောင့် နောက်ဆုံးတော့အသံတွေပါ တဖြေးဖြေးတိမ်ဝင်ဆို့
နင့်သွားပီး ဝမ်းနည်းပက်လက်ငိုကြွေးနေတာဗျ။ ဒီအမေအိုကြီးရဲ့ဒုက္ခ
တွေ…နာကျင်မူနဲ့ငိုရှိုက်သံတွေကိုလည်း ကျုပ်တို့သားအမိ..သားအဖ
တွေလုံးဝ မကြားနိုင်တော့ပါဘူးဗျာ။

နောက်နေ့ မိုးလင်းလို့ ကျုပ်အိပ်ယာနိုးတော့ထုံးစံအတိုင်း ဆိုင်ကိုမသွားခင် အမေ့အခန်းထဲကို ဝင်ခဲ့တယ်။ အမေက ကုတင်ထက်မှာ
အဖျားတက်သလို တုန်တုန်ယင်ယင်ဖြစ်နေတာဗျ။

” အင်းးးးးးဟင်းးးးးးဟင်းးးး !! ”

နူတ်ကလည်း မပွင့်တပွင့်နဲ့ ညည်း ငြူနေတာဗျို့။

” အ မေ !! ”

ကျုပ် ခေါ်ကြည့်လိုက်ပေမဲ့ အမေ့ဆီက တုံ့ပြန်သံကိုမကြားရဘူး။ စိတ်
ထဲ မသင်္ကာတာနဲ့ အနားကပ်ပီး အမေ့နဖူးကို စမ်းလိုက်တယ်။

” ဟာ !! ”

ကျုပ် ပါးစပ်ကနေလွှတ်ခနဲအလန့်တကြားအော်မိသွားတာဗျ။ ကြည့်စမ်းပါဦးဗျာ…တစ်ကိုယ်လုံး မီးခဲလို ခြစ်ခြစ်တောက်ပူပီး…ခြေဖျားလက်ဖျား
တွေကျတော့ ရေခဲတုံးလိုအေးစက်နေတာဗျို့။လတ်စသတ်တော့ အမေအဖျားတွေတက်နေတာကိုးဗျ။ ဒါကြောင့် ကျုပ်ခေါ်တာကို အသံပြန်မပြုနိုင်တာပေါ့ဗျာ။

ကျုပ်အားချင်းပဲ အခန်းထဲကနေ အပြင်ကိုပြေးထွက်ပီး စားပွဲခုံပေါ်မှာ
ရှိတဲ့ တယ်လီဖုန်းကိုကောက်ကိုင်လို့ ဆရာဝန်လှမ်းခေါ်လိုက်ရတယ်။
ခဏကြာတော့ ဆရာဝန်ရောက်လာပီး အမေ့ကိုစမ်းသပ်တယ်။ အမေ
က သတိရတစ်ချက်မရတစ်ချက်နဲ့ အဖျားတွေကြီးပီး တအီးအီးညည်း
နေတုန်းပဲဗျို့။

” ခင်များ အမေ ကိုကြည့်ရတာ အအေးပတ်ပီး အဖျားကြီးသွားတဲ့ပုံစံ
မျိုးဗျ…စိတ်ပူစရာတော့ သိပ်မရှိပါဘူး…ကျနော် ဆေးတစ်လုံးထိုးပေးခဲ့
တယ်… ခဏနေရင် အဖျားကျသွားပါလိမ့်မယ် ”

” ဟုတ်ကဲ့ !! ကျေးဇူးတင်ပါတယ် ဒေါက်တာ ”

ဆရာဝန် ကလိုအပ်တာတွေ လုပ်ပေးပီးတာနဲ့ပြန်သွားတယ်။ အခုမှပဲ
သွေးဆုတ် ဖြူဖျော့ နေတဲ့ အမေ့မျက်နှာလေးက သွေးရောင်ပြန်လွှမ်း
လာတယ်။ တအီးအီးနဲ့ လည်း မညည်းတော့ဘူးဗျ။ သတိလည်းပြန်ရ
လာပီ။

” သားကြီး !! ခုထိအလုပ်မသွားဘူးလား ”

သတိပြန်ရ ရချင်းပဲ ကျုပ်ကို မေးလိုက်တာဗျ။

” ဟုတ်တယ် အမေ !! ကျနော် အလုပ်သွားခါနီး အမေ့ကိုဝင်ကြည့်တာ
အမေကိုယ်တွေ ခြစ်ခြစ်တောက်ပူပီး အပြင်းဖျားနေလို့ ဆရာဝန်ပင့်နေ
ရတာနဲ့ မသွားဖြစ်ဘူး … နေပါဦး ညတုန်းက အမေက အကောင်းကြီး
ပါ ဒီမနက်ကျမှ ဘယ်လိုဖြစ်ရတာလဲ ”

” အော် !! ညက ရုတ်တရက်ကြီး မိုးတွေရွာတယ်လေကွယ်…အရမ်း
လည်းအေးလာတာကွဲ့…အမေ့ကို စောင်လာခြုံပေးဖို့ ခေါ်တော့လည်း
မင်းတို့လေးတွေက တစ်ယောက်မှထွက်မလာကြဘူး..ဒါကြောင့်အမေ
အအေးပတ်ပီး ဖျားသွားတာဖြစ်မှာပါ သားကြီးရယ် ”

” ဟာဗျာ !! အမေ ကျနော့်ကို အပိုတွေ မပြောစမ်းပါနဲ့… အမေသာ
လှမ်းခေါ်ရင် ကျနော်တို့ မနိုးပဲနေမလား…ကျနော်သိတယ်…ဒါ အမေ
တမင်သက်သက်လုပ်တာ မဟုတ်လား…အမေ ညတုန်းကစောင်ခြုံခိုင်း
တာကိုမခြုံပေးခဲ့လို့ဆိုပီး ကျနော်အလုပ်မသွားနိုင်အောင်…သက်သက်
အလုပ်တွေ ရှုပ်အောင် တမင်လုပ်လိုက်တာမဟုတ်လား အမေ ”

ကျုပ်ဆီက အမေ ဘယ်လိုမှမျှော်လင့် မထားတဲ့ အညှာတာကင်းမဲ့လွန်း
တဲ့ စကားတွေ ကြားလိုက်ရတော့ မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်
သွားပီး အကြောက်အကန်ငြင်းရှာတယ်။

” ဟင် !! မ…မ…မဟုတ်ပါဘူး သားကြီးရယ်… အီးးးဟီးးးဟီးးးဟီးး !!
အမေ အဲလိုမလုပ်ရပါဘူး ကွဲ့…အီးးးးး !! ဟီးးးးးဟီးးး !! ”

အမေစိတ်ထိခိုက်သွားတယ်ထင်တယ်။ကျုပ်ကိုပြောနေရင်းနဲ့တစ်ကိုယ်
လုံး သိမ့်သိမ့်တုန်အောင်ကို ငိုချပစ်လိုက်တာဗျ။ ဒါတွေကို ကျုပ် မမြင်
နိုင်ခဲ့ပါဘူး…သနားစရာလို့လည်း မထင်မြင်ခဲ့ပါဘူး… အမေ့ကိုဟန်
ဆောင်ကောင်းတဲ့ မိန်းမကြီး…ကျုပ်တို့ကို တမင်ဒုက္ခပေးနေတဲ့ မိန်းမ
ကြီးလို့ပဲ မြင်နေခဲ့မိတယ်။ တကယ်တော့ ညက အမေ့ရဲ့ သနားစရာ အသံစူးစူးလေးကို အိပ်မောကျနေတဲ့ ကျုပ်တို့ မကြားခဲ့တာလေ။ ဒါကိုတောင် ကျုပ်က အမေ့ကိုပဲ အပစ်လုပ်ပီးပြောနေတာဗျ။

” တော်ပါတော့ အမေရာ… အမေတမင်တကာခုလိုဖျားအောင်လုပ်တာ
ကျနော် သိတယ်..ဟူးးး !! အမေက ကျနော်တို့အတွက်တော့ တကယ့်
ကို ဒုက္ခသည်အရှုပ်ထုတ်ကြီးပါပဲ ”

ကျုပ် အမေ့ကို အဲဒီလိုပြောပီးတာနဲ့ အမေ့ဆီကတုံ့ပြန်စကားကိုလည်း
စောင့်မနေတော့ဘူး…အခန်းပြင်ကို လှမ်းထွက်လာခဲ့တယ်။ အမေက
တော့ ကုတင်လေးပေါ်မှာပက်လက်လေး ဝမ်းပန်းတနဲ ရှိုက်ငိုရင်းကျန်
ခဲ့ရှာတာပေါ့ဗျာ။

” ယောက်ျား !! ရှင် ဒီနေ့ ဆိုင်ကို မသွားတော့ဘူးလား ”

အိမ်ရှေ့ခန်းမှာ ထိုင်စောင့်နေတဲ့ မိန်းမက ကျုပ်ကိုဆီးပီးမေးလိုက်တာ
ဗျ။ ကျုပ်လည်း စိတ်ရှုပ်ထွေးစွာနဲ့ပြန်ဖြေလိုက်တယ်။

” မသွားတော့ဘူး မိန်းမရာ…သွားဖို့လဲ စိတ်ကမပါတော့ဘူး…နေပလေ့
စေတော့…ဆိုင်တာဝန်ခံ ကိုဝင်းမောင် ဆီဖုန်းပဲ လှမ်းဆက်လိုက်တော့
မယ် ”

” ဟင်းးးးး !! အဲဒါကြောင့် ပြောတာပေါ့… ဒီအဖွားကြီး ဒုက္ခပေးတာနဲ့
ကျမတို့ သားအမိ မပြောနဲ့ ရှင်တောင် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေ
ပီမဟုတ်လား ”

မိန်းမဖြစ်သူရဲ့ မီးလောင်ရာလေပင့်စကားက အမေ့ပေါ်အမြင်မကြည်
ဖြစ်နေတဲ့ ကျုပ်ရဲ့ ဒေါသကို ဟုန်းခနဲပြန်တောက်အောင်လုပ်ပေးလိုက်
သလိုပဲ။ မိန်းမ ကဆက်ပြောသေးတယ်။

” ယောကျာ်း !! ဒီတိုင်းဆို မဖြစ်တော့ဘူး…ရှင့်ကို အကြံတစ်ခုပေး
မယ်… ကျုပ်ကိုတော့ စိတ်မဆိုးရဘူးနော် ”

မိန်းမရဲ့ ထူးထူးဆန်းဆန်း စကားကြောင့် ကျုပ်ချက်ချင်းခေါင်းထောင်ပီး
ပြန်မေးလိုက်မိတယ်။

” မင့် !! ဟာက ဘာစကားမို့လဲကွ ”

မိန်းမက ဘေးဘီကို စိတ်မချသလို မျက်လုံးဝေ့ကြည့်လိုက်သေးတယ်။
ပီးတော့မှ လေသံကို နှိမ့်ပီး ပြောတာဗျို့။

” ဒီလိုလေတော် !! ရှင့်အမေက အသက်က ရှစ်ဆယ်သာကျော်နေပီ
…လူက မသေနိုင်တော့ဘူး…သူ့ကြောင့် ရှင်နဲ့ကျမလည်းနေ့တိုင်း
စကားများနေရတာ…ပီးတော့ ကျမတို့လည်းတစ်နေ့…တစ်နေ့သူ့ကိုပဲပြုစုရ…လုပ်ရကိုင်ရနဲ့ နားရတယ်လို့ကို မရှိဘူး…ဒီအဖွားကြီးက
အိမ်ကလူတွေကို သက်သက်ဒုက္ခပေးနေတာပဲ…ဒီတော့… ”

မိန်းမက ပြောလက်စ စကားကိုရပ်ပီးကျုပ်ကိုတစ်ချက်ကြည့်လိုက်သေး
တာ။ ကျုပ်ငြိမ်ပီး နားထောင်နေတာတွေ့တော့မှ ဆက်ပြောတာဗျ။

” ဒီတော့ ရှင့်အမေကို ဘယ်သူမှ မသိအောင်အပြင်ကိုတိတ်တိတ်
လေးခေါ်သွားပီး တစ်နေရာရာမှာသွားပစ်ထားလိုက်ပါလား ”

” ဘာ !! ဘယ်လိုကွ !! ”

” ဟုတ်တယ်လေ !! ရှင်စဉ်းစားပေါ့… ရှင့်အမေက အိမ်မှာ လူပိုကြီး
ကျမတို့ကို ဒုက္ခပေးနေတဲ့ အဖွားကြီး… ရှင်သာ အဲဒီလို လုပ်လိုက်ရင်
ခုလို စိတ်ရှုပ်စရာတွေ… ခေါင်းပူစရာတွေ မဖြစ်တော့ဘူး…သူ့ကြောင့်
ရှင်နဲ့ ကျမ လည်း ရန်ဖြစ်စရာ မလိုတော့ဘူးလေ ”

မိန်းမဖြစ်သူရဲ့ စကားကြောင့် ကျုပ်ခေါင်းနပန်းတွေကြီးသွားတယ်။ပီး
တော့ အထိတ်တလန့်နဲ့လည်း ပြန်မေးမိတာဗျ။

” ဟာ !! ဖြစ်…ဖြစ်ပါ့မလား မိန်းမရာ ”

” အိုတော် !! ဘာလို့ မဖြစ်ရမှာလဲ…အဲဒီလိုသွားပစ်ထားလိုက်ရင် ရှင့်
အမေ ဘာတက်နိုင်မှာမို့လို့လဲ… ဒီအဖွားကြီးက အိမ်ကိုဘယ်လိုပြန်
လာတက်မှာလဲ ”

ကျုပ်ခဏလောက်တော့ ငိုင်ကျသွားတယ်။ ပီးတော့မှပြန်ပြောလိုက်တာ
ဗျို့။

” အေး !! မင်းပြောသလို လုပ်လိုက်ပီပဲထားပါတော့…အိမ်နီးနားချင်း
တွေက အမေ့အသံမကြားလို့…မတွေ့လို့ မေးလာရင်ဘယ်လိုလုပ်ကြ
မလဲ…ငါတို့ ဒီလိုလုပ်တာသိသွားရင် တစ်သက်လုံးလူတောထဲတိုးမရ
ပဲ အများရဲ့ တံထွေးခွက်မှာ ပက်လက်မျှောကုန်မှာနော် ”

” အိုတော် !! ဒီကိစ္စလောက်ကို ခေါင်းထဲထည့်မနေစမ်းပါနဲ့ အိမ်နီးချင်း
တွေမေးလာရင် ကျမအဆင်ပြေသလိုကြည့်ပီး ပြောလိုက်မယ်…ရှင်သာ
ကျမ ပြောတဲ့ အကြံတိုင်း လုပ်ဖို့စဉ်းစားစမ်းပါ ”

” ဟူးးးး !! အေးပါကွာ…နေပါဦး…ငါ့ကိုစဉ်းစားချိန်လေးတော့ပေးပါဦး
မိန်းမရာ ”

ကျုပ် စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောပီး မိန်းမအနားကနေထွက်လာလိုက်
တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မိန်းမပြောတဲ့စကားနဲ့ အမေ့ရဲ့မျက်နှာ
ကိုတော့ တလှည့်စီ မြင်ယောင် နေပီဗျို့။ ကျုပ်တစ်နေ့ခင်းလုံးဘာမှကို
မစားနိုင်မသောက်နိုင်စဉ်းစားနေမိတယ်။ နေ့လည်ရောက်တော့ မိန်းမ
က မေးပြန်ယော။

” ယောကျာ်း !! ရှင် ဘာလုပ်မှာလဲ… ကျမပြောပြတဲ့အတိုင်း မလုပ်ဘူး
လား… ဒါဆိုရင်တော့ ကျမတို့ သားအမိ ဒီအိမ်မှာဆက်မနေနိုင်တော့ဘူးနော်…ရှင့်အမေ ဒုက္ခိတ အိုကြီးအိုမကြီးကို ဆက်ပီးတော့လည်းမပြုစုနိုင်တော့ဘူး… ရှင် ကျမတို့သားအမိကို စွန့်မလား… ရှင့်အမေအိုကြီး
ကိုစွန့်မလား နှစ်လမ်းထဲက တစ်ခုကိုရွေးပေတော့ ”

စကားဆုံးတာနဲ့ ရာဇသံပေးပီး ခြေသံပြင်းပြင်းနင်းထွက်သွားတဲ့ မိန်းမရဲ့ နောက်ကျောကို ကြည့်ပီး ကျုပ် ဘာလုပ်ရမှန်းမသိအောင်ကိုဖြစ်နေ
တာဗ်။

” ဟောဒီဘက်က ထောပတ် ဘိန်းမုန့် ပူပူလေး ”

” ချွေးမကြီးရေ !! အမေဗိုက်ဆာလို့ ထောပတ်ဘိန်းမုန့်လေးဝယ်ကျွေး
ပါဦးကွဲ့ ”

အိမ်ရှေ့က ဘိန်းမုန့်ရောင်းတဲ့ သူရဲ့အသံနဲ့မရှေးမနှောင်းမှာပဲ အခန်းထဲကနာတာရှည်အမေအိုကြီး…ကျုပ်ရဲ့မိန်းမ ဖြစ်သူကိုလှမ်းပြောလိုက်
တဲ့ စကားကိုလည်းကြားလိုက်ရတယ်။

” ဟွန်းးးးး !! တော်တော် ဒုက္ခပေးတဲ့ အဖွားကြီး…အစောကပဲ ထမင်း
ကျွေးပီးသွားတယ်…အခုလည်း ထပ်ပီးဗိုက်ကဆာပြန်ပီ… အပိုအလုပ်
တွေလုပ်နေတာ…ဆာလည်းဆာနိုင်လွန်းတဲ့ ဗိုက် ”

မ်ိန်းမက သူ့ဘာ့သာတစ်ယောက်ထဲပြောနေသလိုလိုနဲ့ ကျုပ်ကြား
အောင် ပြောနေတာဗျို့။ ပီးတော့ စျေးသည်ကိုလှမ်းခေါ်ပီး ဘိန်းမုန့်
ဝယ်နေတယ်။ အိမ်ပေါ်တက်လာတော့ တမင် ခြေသံပြင်းပြင်းနင်းပီး အမေ့ကိုသွားပေးတယ်။ အမေ့အခန်းထဲက ပြန်ထွက်လာတော့လည်း
ဘာမပြောညာမပြောနဲ့ အထုတ်အပိုးတွေပြင်နေတာဗျ။

ကျုပ် စိတ်ထဲမှာ ဇနီးဖြစ်သူနဲ့သမီးလေးရဲ့မျက်နှာကိုမြင်ယောင်လိုက်…
ဆံဖြူသွားကျိုးပီး ပါးရေနားရေတွန့်နေတဲ့အမေအိုကြီးရဲ့မျက်နှာကိုပြေး
မြင်လိုက်နဲ့ တစ်လှည့်စီလွန်ဆွဲနေတာဗျို့။ နောက်ဆုံးတော့ စိတ်ကို
ဒုံးဒုံးချချ ပီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာပဲချလိုက်တော့တယ်။

အဲဒါတခြားတော့ မဟုတ်ဘူးဗျို့။ ကျုပ်ရဲ့အမေအိုကြီးကို စွန့်ပစ်ဖို့ပဲ
ပေါ့ဗျာ။ ဟုတ်တယ်ဗျ… ကျုပ်အဲဒီလိုမှ မလုပ်ရင်မိန်းမက သမီးလေးကိုခေါ်ပီး အိမ်ပေါ်ကဆင်းသွားတော့မှာလေဗျာ။အမေက အသက်ကြီး
နေပီ… နေဝင်ချိန်ကလည်းနီးနေပီမဟုတ်လား။ သမီးလေးကတော့ ရှေ့ဆက်လျှောက်ဖို့ လမ်းတွေရှိသေးတယ်။

သမီးလေးကို ဖအေမရှိတဲ့ ဘဝနဲ့လူပုံအလယ်မှာ တစ်သက်လုံးမျက်
နှာမငယ်စေချင်ဘူး။ ဒါ့ကြောင့် လည်း ကျုပ် အဲဒီလိုလုပ်ဖို့ပဲဆုံးဖြတ်
လိုက်တာဗျို့။ဆုံးဖြတ်ပီးတာနဲ့ မိန်းမကိုလည်း လှမ်းပြောလိုက်တယ်။

” မိန်းမ !! နေ…နေပါဦးကွာ…စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့…
ငါ…ငါ … မင်းပြောတဲ့အတိုင်း လုပ်…လုပ်ပါ့မယ်ကွာ ”

” ရှင် !! သေချာတယ်နော် ”

မိန်းမက အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲတစ်ခုချင်းခေါက်
ထည့်နေရာကနေ ရပ်ပီး ကျုပ်ကို မယုံသလိုကြည့်ရင်း ပြန်မေးတာဗျ။

” သေ..သေချာပါတယ်ကွာ !!မင်းတို့သားအမိတွေ ငါ့ဆီကတော့ထွက်
မသွားကြပါနဲ့…မင်းဆန္ဒအတိုင်း ငါ လုပ်…လုပ်…လုပ်ပေးပါ့မယ် ”

” ဒါဖြင့်လည်း အခုပဲ လုပ်လိုက်တော့လေ… ရှင်အဲဒီမှာ ဘာရပ်လုပ်နေ
သေးတာလဲ ”

” အေး …အေးပါ မိန်းမရာ ”

ကျုပ် စကားဆုံးတာနဲ့ သက်ပြင်းမောကြီးကို မိန်းမ မကြားအောင် မှုတ်
ထုတ်ရင်း အမေ့ရဲ့အခန်းလေးထဲကိုလှမ်းသွားလိုက်တယ်။ အမေက
ထုံးစံအတိုင်း အခန်းထဲက ကုတင်လေးပေါ်မှာ ပက်လက်လေးအိပ်
ပျော်နေရှာတယ်။ အမေ့ပါးပြင်မှာ ခြောက်သွေ့စပြုနေတဲ့မျက်ရည်စီး
ကြောင်းတစ်ချို့ကို လည်းကျုပ်မြင်လိုက်ရတယ်။ ကြည့်ရတာ မနက်က ကျုပ် မာန်မဲလိုက်တုန်းကငိုထားတဲ့့ မျက်ရည်တွေနဲ့တူပါရဲ့ဗျာ။ ကျုပ်
လေကိုတစ်ချက်ဝအောင်ရှိုက်ပီး စိတ်ကိုတင်းလိုက်တယ်။ ပီးတော့မှ အိပ်ပျော်နေတဲ့ အမေအိုကြီး ကိုအသာလှုပ်ပီးနိုးလိုက်တာဗျ။

” အ…အ မေ !! ”

ဘာကြောင့်ရယ် မသိဘူး… အမေ့ဆို အမြဲတန်းလေသံမာမာနဲ့ပြောဆို
ငေါက်ငမ်း နေကျ ကျုပ်ရဲ့လေသံတွေက ဒီတစ်ကြိမ်တော့ အထစ်ထစ် အငေါ့ငေါ့ နဲ့တုန်ရင်နေတာကို ပထမဦးဆုံးသတိထားမိလိုက်တယ်။
ဟော !! ကျုပ်ခေါ်သံကိုကြားတော့ အမေ့ရဲ့ မှိတ်နေတဲ့ မျက်လုံးလေး
တွေဖျတ်ခနဲပွင့်လာတယ်။ ပီးတော့ ဖြူဖတ်ဖြူရော် နှုတ်ခမ်းနှစ်ခုကို
မပွင့်တပွင့်လေးဟပီး တိုးညှင်းတဲ့လေသံလေးနဲ့ကျုပ်ကိုမေးရှာတယ်။

” သား !! ဘာကိစ္စရှိလို့လဲ… သားစိတ်ဆိုးအောင် အမေဘာများလုပ်မိ
ပြန်ပီလဲကွယ် ”

အမေ့မျက်ဝန်းတွေထဲမှာ ကျုပ်ကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ အရိပ်
အယောင်က အထင်းသားပေါ်နေတယ်။ ဒါပေမဲ့မတတ်နိုင်တော့ဘူးဗျာ…လုပ်စရာရှိတာကိုလုပ်ရတော့မှာပဲပေါ့။ ဒါကြောင့် လေသံကို
အတတ်နိုင်ဆုံးထိန်းပီး အမေ မရိပ်မိအောင် ပြောလိုက်ရတယ်။ ဒါပေမဲ့ မရဘူးဗျ…အမေ့ပေါ်မဟုတ်တာလုပ်တော့မယ်ဆိုတဲ့ အတွေးကြောင့် လိပ်ပြာမလုံဘူးဗျို့။ထွက်လာသမျှ စကားတွေက ထစ်ငေါ့တုန်ရင်နေတာပါပဲဗျာ။

” ဘာ…ဘာမှ မဟုတ်ပါဘူး အ…အ…မေ !! အမေလေဖြတ်ပီးထဲက..
ဘယ်…ဘယ်မှလဲ မသွားရ မလာရဘူးမဟုတ်လား…ဒါ့…ဒါ့…
ကြောင့် စိတ်ပြေလက်ပျောက်လေးဖြစ်အောင်… ကျ…ကျနော် အပြင်
လေးဘာလေးများ လိုက်ပို့..ပို့…မလားလို့ပါ ”

အမေ ကျုပ်ဆီက တစ်ကြိမ်တစ်ခါမှ မကြားဘူးတဲ့စကားတွေကြားရ
တော့ ရုတ်တရက်ကြောင်သွားပုံရတယ်။ပီးတော့မှ ယဲ့ယဲ့လေးပြုံးပြရင်း
ပြန်ပြောရှာတာ။

” သားကြီးက ဒီနေ့ကျမှ ထူးထူးဆန်းဆန်းစကားတွေ အမေ့ကိုပြောလို့
ပါလား ”

အမေပြုံးပြုံးလေးနဲ့ ပြောလိုက်တဲ့စကားကလိပ်ပြာမလုံတဲ့ ကျုပ်အတွက်
တော့ ငယ်ထိပ်ကို မိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလိုပါပဲဗျာ။အမေ့
ကိုပြန်ဖြေဖို့ စကားတောင်အစရှာမရဖြစ်သွားတာဗျ။

” အဲ…အဲဒါကလေ အမေ !! ဟို…ဟို…ဟိုလေ !! ”

” ကဲပါ သားရယ် !! သားပြောတာ မှန်ပါတယ်…အမေလည်း အပြင်
လောကကြီးနဲ့ အဆက်သွယ်ပြတ်နေတာကြာခဲ့ပီပဲ…သားကြီးအခုလို
လိုလိုချင်ချင်နဲ့လိုက်ပို့ချင်တဲ့စိတ် ရှိတုန်းလေး အမေလိုက်ခဲ့ပါ့မယ်
ကွယ် ”

” တ…တကယ်နော် အမေ !! ဒါဆို သား ကားသွားထုတ်လိုက်ဦးမယ်
ပီးမှ အမေ့ကိုလာခေါ်မယ်နော် ”

အမေ့ကို စကားတွေရှည်ရှည်ဝေးဝေး မပြောရပဲ လွယ်လွယ်ကူကူနဲ့
အယုံသွင်းနိုင်ခဲ့လို့ ကျုပ်ရင်ထဲမှာ လွှတ်ကိုဝမ်းသာသွားတယ်။ အဲဒီ
ဝမ်းသာစိတ်ကို မျက်နှာမှာ မပေါ်အောင်လည်းထိန်းပီးတော့ အမေ့နားကအသာထွက်လာပီး ဂိုဒေါင်ထဲက ကားကိုသွားထုတ်လိုက်တာဗျို့။
ကားထုတ်ပီးတာနဲ့ အမေ့ကို ခေါ်လိုက်တယ်။

” ကဲ !! အမေ ကားကတော့ အဆင်သင့်ဖြစ်ပီ…သားတို့သွားကြရ
အောင်နော် ”

” အေး…အေး !! သွားကြမယ်လေ သားကြီး ”

အမေ့ ကို ကျုပ်အသာအယာပွေ့ချီလို့ ကားရှေ့ခန်းထဲကိုထည့်လိုက်
တယ်။ အမေ့ဆို အမြဲငြူစူနေတဲ့ မိန်းမကိုယ်တိုင်ကပါ ဒီတစ်ခါတော့
ပြုံးပြုံးရွှင်ရွှင်နဲ့ ကားတံခါးတွေဘာတွေတောင် ဖွင့်ပေးလို့ဗျ။ ကျုပ်
အမေ့ကို ကားထဲထည့်ပီးတာနဲ့ထိုင်ခုံကိုလည်း အနောက်ကိုလှန်ချ
လိုက်တယ်။ဒါမှ ကျုပ်ကားထဲမှာ အမေပါလာတာပတ်ဝန်းကျင်ကမသိ
ကြမှာလေဗျာ။ စိတ်ချရပီဆိုတော့မှ ကျုပ်ကားထဲကိုဝင်ပီး စက်ကိုနိုး
လိုက်တယ်။ အချိန်ကနေ့လည် နှစ်ချက်တီးရှိနေပီဗျို့။

” ဝူးးးးးး !! ဝူးးးးး !! ”

လီဗာကို နှစ်ချက်လောက် ခပ်ပြင်းပြင်းလေးဖိပုတ်ပီးမှ ကျုပ် ကားကို
ခြံထဲကနေ ညင်ညင်သာသာပဲ မောင်းထွက်လိုက်တယ်။ ကျုပ်ဦးတည်
ပီးသွားမဲ့နေရာက လှည်းကူး ဖောင်ကြီးဘက်ကိုဗျ။ အဲဒီအချိန်တုန်းက
ဖောင်ကြီးဆိုတာ တောလမ်းလေးပဲရှိသေးတာ။ လူသူအရမ်းပြတ်လပ်
ပီး ကားလမ်းတွေတောင်မဖောက်ရသေးတဲ့နေရာပေါ့ဗျာ။ဒီလိုနေရာမျိုးမှာ အမေ့ကိုသွားပစ်ထားမှ စိတ်ချရမှာကိုးဗျ။ ဒါ့ကြောင့်ပဲ အဲ့ဒီနေရာကိုတမင် ရွေးချယ်ပီး ကျုပ်ထွက်လာခဲ့တာ။

ကားစထွက်ပီဆိုတာနဲ့ ကျုပ် စိတ်တွေ အတော်လေးလှုပ်ရှားလာတာဗျ။ စီယာတိုင်ကို ကိုင်ထားတဲ့ လက်တွေတောင်တုန်လာတယ်။
နဖူးမှာလည်း ဇောချွေးတွေ ပျံပီး လန့်နေတာဗျို့။

ကျုပ် မလန့်ပဲနေပါ့မလား။ ခင်များတို့ပဲ တွေးကြည့်ပေါ့။ ကျုပ်ကို လူ
မမယ်ကလေးဘဝထဲက ခုလိုလူလားမြှောက်တဲ့ထိ ကျွေးမွေးစောင့်
ရှောက်လာတဲ့ မာတာပိတု အနန္တမေတ္တာရှင် ဒီအမေအိုကြီးကို သူမသန်
မစွမ်း မကျန်းမာတဲ့အချိန်ကျမှ ကျုပ်က လူမဆန်တဲ့စိတ်နဲ့ စွန့်ပစ်ဖို့ကြံ
စည်နေတာလေဗျာ။ မိန်းမကို ချစ်တဲ့စိတ်…သမီးကိုချစ်တဲ့စိတ်တွေနဲ့ ကျုပ်လုပ်ရပ်တွေ မှန်သလား…မှားသလားဆိုတာကိုလည်း မခွဲခြားနိုင်
တော့ဘူး။

ကျုပ် ကားကိုဂရုစိုက်မောင်းနေရင်း အမေ့ကိုလည်းတစ်ချက်ချက် မသိ
မသာအကဲခတ်ကြည့်သေးတယ်။ အမေက ကျုပ်မျက်နှာကိုပဲစူးစူး နစ်
နစ်နဲ့စိုက်ကြည့်နေတာဗျို့။ အမေအဲဒီလို ကြည့်နေလေ ကျုပ်ပိုပီး နေ
မတက်ထိုင်မတတ် ဖြစ်လာလေပါပဲဗျာ။ ရင်တွေတဒိန်းဒိန်းခုန်လာပီး
ဇောချွေးက နဖူးကနေတင်မကတော့ဘူး…တစ်ကိုယ်လုံးကနေကို ရေချိုးထားသလိုရွှဲနစ်အောင်ထွက်လာတာဗျ။

” သားကြီး !! ”

အမေက ရုတ်တရက်ကျုပ်ကိုခေါ်လိုက်တာဗျ။ ကျုပ်ခန္ဓာကိုယ်ဆတ်ခနဲတစ်ချက်တုန်သွားတယ်။ ဘုရားး…ဘုရားးး !! အမေများရိပ်မိသွားပီလားလို့လည်း ထင်လိုက်မိတယ်ဗျ။ ပီးတော့ မရဲတရဲနဲ့အမေ့ကိုပြန်
မေးလိုက်တယ်။

” အ…အမေ !! အမေ ဘာများပြောချင်လို့ လဲဟင် ”

” အော် !! သားကြီး မျက်နှာလည်းမကောင်းဘူး…တစ်ကိုယ်လုံးလဲချွေး
စေးတွေရွှဲနစ်နေတာပဲ…နေများမကောင်းဘူးလားလို့ပါကွယ် ”

ကျုပ်ထင်နေသလို အမေရိပ်မိသွားတာ မျိုးမဟုတ်လို့စိတ်အေးသွားရ
တယ်။ အသံတွေမတုန်အောင်လည်းထိန်းပီး ပြန်ပြောလိုက်ရတာဗျို့။

” ကောင်းပါတယ်အမေရာ !! နေတွေအရမ်းပူလို့ ချွေးတွေထွက်နေတာပါ…ကျနော် ဘာမှမဖြစ်ပါဘူး ”

” အေးပါကွယ်…ဘာမှမဖြစ်ရင် ပီးတာပါပဲ…အမေ့က ငါ့သားကြီးကို
စိတ်ပူလို့ပါ ”

ကြည့်စမ်းပါဦးဗျာ…လူမသိသူမသိနေရာမှာ သူ့ကို ရက်ရက်စက်စက်
ငတ်ချင် ငတ်…ပြတ်ချင် ပြတ်… သေသေ ကြေကြေ ဆိုပီးစွန့်ပစ်တော့
မဲ့ ကျုပ်လို သားဆိုးသားမိုက် လူဗလာကောင်ကို စိတ်ပူပေးနေသေးတာဗျ။ ဒါတောင်မှ ကျုပ်စိတ်ကအမှောင်ဖုံးနေသေးတာဗျို့။ ဘာနဲ့မှတုနှိုင်းမရတဲ့ မဟာဂရုဏာ မေတ္တာရှင် ဒီအမေအိုကြီးရဲ့အချစ်တွေကို ကျုပ်လိုလူဗလာကောင်က မမြင်နိုင်သေးဘူးဗျ။

ဒီလို့နဲ့ ကားကလှည်းကူး ဖောင်ကြီးသွားတဲ့ လမ်းလေးကိုရောက်လာ
ပီဗျို့။ ကျုပ် အဲဒီမြေသားလမ်းလေးအတိုင်း ဖြေးဖြေးချင်းမောင်းဝင်လာခဲ့လိုက်တယ်။ အတန်ကြာမောင်းပီးတော့ လမ်းကဆုံးသွားပီး အပင်
တွေ…ချုံနွယ်ပိတ်ပေါင်းတွေနဲ့ဆက်သွားလို့မရအောင်ပိတ်နေပီဗျ။

ကျုပ် စိတ်ထဲမှာ ဒီလောက်ဆိုစိတ်ချရလောက်ပီလို့လည်း ထင်မိတယ်။
အမေ့ကို ဒီလိုနေရာမျိုးမှာထားခဲ့ရင် သူ့ကိုကူညီမဲ့သူရှိတာတောင်အိမ်
ကို ဘယ်လိုမှပြန်လာတက်မှာမဟုတ်ဘူးလို့လည်း တွေးမိတယ်။

ကျုပ် ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေတော့ဘူး…ကားကိုစက်မသတ်
ပဲ ရပ်ထားလိုက်ရင်း တံခါးကိုဖွင့်ပီး ဆင်းလိုက်တယ်။ပီးတော့ အမေ
ထိုင်နေတဲ့ဘက်ခြမ်းကိုလျှောက်သွားလိုက်ပီး ကားတံခါးကိုဆွဲဖွင့်လို့ အမေ့ကိုချီထုတ်လိုက်ပီဗျ။ အရိုးအပြိုင်းပြိုင်းငေါထွက်နေတဲ့ အမေ့ရဲ့
ပိန်ကပ်ကပ်ခန္ဓာကိုယ်လေးက ကျုပ်လက်ထဲမှာစွေ့ခနဲပါလာတာပေါ့။

ကျုပ် အမေ့ကို အလျဉ်းသင့်တဲ့ အပင်ကြီးတစ်ပင်ရဲ့အောက်မှာ ချထား
ပေးလိုက်တယ်။ ပီးတော့ သစ်ပင်ရဲ့ ပင်စည်ကိုမှီပီး ထိုင်လျက်အနေထားလေးဖြစ်အောင်လည်း လုပ်ပေးလိုက်သေးတာပေါ့။ ဒီနေရာကို
ရောက်လာပီဆိုမှတော့ အမေ့ကိုဘာမှဆက်ပီးလိမ်ညာနေစရာ မလို
တော့ ဘူးလေ။ အမှန်တိုင်းပြောပြဖို့အချိန်ရောက်ပီဗျ။ ဒါ့ကြောင့်
အမေ့ မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်ကြည့်လိုက်တယ်။

အလို !! အမေ့ရဲ့ အားနည်းဖျော့တော့နေတဲ့ မျက်လုံးတွေမှာ မျက်ရည်
စတွေ ခိုဝဲလို့ပါလား။ အမေ့ကို ကြည့်ပီး ကျုပ်ရင်ထဲမှာ ပထမဆုံးအ
ကြိမ်အဖြစ် ကြေကွဲဆို့နင့်သွားတာဗျာ။ ပီးတော့ တုန်ရင်နေတဲ့အသံနဲ့
လည်း အမေ့ကိုပြောလိုက်တယ်။

” အမေ !! ကျ … ကျနော့်ကို ခွင့်… ခွင့်လွှတ်ပါ… ကျနော့် မှာတစ်ခြား
ရွေး… ရွေးစရာ လမ်း မရှိတော့လို့… လို့ … လို့ … ”

ကျုပ် ပြောနေတဲ့ စကားတောင်မဆုံးလိုက် ပါဘူးဗျာ။ အမေက သူရဲ့
ပိန်ခြောက်ခြောက်လက်ကလေးနဲ့ ကျုပ်ပါးစပ်ကိုလှမ်းပိတ်လိုက်တယ်။
ပီးတော့မှ ကျုပ်ကိုပြောတာဗျ။

” အမေ သိပါတယ် သားကြီးရယ်… သားကြီး အမေ့ကို ခေါ်လာတာ
ဒီမှာ ထားခဲ့ဖို့ပဲ မဟုတ်လား ”

” ဟင် !! အ…အမေ ကြိုပီးသိနေတယ် ဟုတ်လား ”

ကျုပ် အံ့သြလွန်းလို့ ပြန်မေးမိတာဗျို့။ ဟုတ်တယ်လေဗျာ…ကြည့်စမ်း
ပါဦး… အမေက ကျုပ် သူ့ကိုစွန့်ပစ်မှာကိုသိသိကြီးနဲ့ လိုက်လာတာ
တဲ့လေ။ ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်သလဲဗျာ။ ကျုပ်
တအံ့တသြနဲ့ပြန် မေးလိုက်တာကို အမေကလည်း ပြန်ဖြေတယ်။

” ဟုတ်တယ်သား !! သားတို့လင်မယား နှစ်ယောက် အဲဒီအကြောင်းကိုတိုင်ပင်နေကတည်း က အမေအားလုံးကြားပီးပါပီကွယ် ”

” အမေရယ် !! အမေ့ကို ကျနော်က သေသေကြေကြေဆိုပီး ပစ်ထား
ခဲ့မဲ့ဟာကို သိနေလျက်နဲ့ ဘာလို့များလိုက်လာရတာလဲ ”

” အော် !! သားရယ်… သားတို့ကမှ အမေ့ကိုအလိုမရှိတော့တာပဲ… အမေက ဘာလို့ သားတို့နဲ့ ထပ်နေ နေမှာလဲ…ပီးတော့ အမေ့ကြောင့်နဲ့လဲသားတို့လင်မယားတွေခဏ ခဏ ရန်ဖြစ်စကားများရတယ်…
အမေ့ကြောင့်နဲ့ အလုပ်တွေရှုပ်ပီး ပင်ပန်းကြရတယ်မဟုတ်လား…
ဒါ့ကြောင့် အမေကိုယ်တိုင်ကိုက သားကြီး စွန့်ပစ်ချင်လည်း စွန့်ပစ်ပါ
စေတော့ ဆိုတဲ့ အတွေးနဲ့ကြည်ကြည်ဖြူဖြူ လိုက်လာတာပါကွယ် ”

အမေ့ဆီက ကျုပ်လုံးဝမျှော်လင့်မထားတဲ့ စကားတွေ ကြားလိုက်ရတာ
မို့ဘာစကားမှပြန်မပြောနိုင်အောင်ဖြစ်သွားတာဗျ။ အမေကဆက်ပြော
သေးတယ်။

” အမေက သေချိန်တန်လို့ လွန်တောင်နေပါပီကွယ်…ချွေးမကလည်း
သားကို အမြဲတန်းပြောတယ်မဟုတ်လား… ရှင့်အမေအိုကြီးအိုမ ဒုက္ခိ္ခ
တကြီးက သေစရာရှိလည်းမသေနိုင်ဘူးဆိုတာလေ…တကယ်တော့
အမေ အရမ်းပင်ပန်းနေပါပီ…အနားယူချင်နေပါပီ…အရမ်းလည်းသေ
ချင်နေပါပီ…အမေ မသေနိုင်ရတဲ့ အကြောင်းရင်းက သားကြီးကိုစိတ်မချလို့ ပါပဲကွယ် ”

” ဗျာ !! ကျ … ကျနော့် ကို စိတ်…စိတ်မချနိုင်သေးလို့ ဟုတ်လား
အ မေ ”

” ဟုတ်တယ် သား !! မိဘဆိုတာ လူသာအိုချင်အိုသွားမယ်…ကိုယ့်ရဲ့
သားသမီး အပေါ်ထားတဲ့ မေတ္တာတွေ …စေတနာတွေ…အချစ်တွေက
ဘယ်သောအခါမှ အိုဟောင်းမသွားပါဘူး…ထာဝရနုပျိုဆဲ…ချစ်မဝဆဲ
ပါ လူလေးရယ်…အခု သားလည်းမိဘနေရာကိုရောက်နေပီ ဒီသဘော
တရားတွေကို အမေ့လိုအသက်အရွယ်ကြီးရင့်လာတဲ့အချိန်ကျရင် နားလည်လာပါလိမ့်မယ် ကွယ် ”

” ဟာ !! အမေရာ … ကျနော့်ကို အဲလောက်တောင် ချစ်သတဲ့လား ”

” အဲဒီထက်တောင် ပိုတာပေါ့ကွယ်…သားကြီးလိုချင်တယ်ဆိုရင် အမေ
ဟာ အသားကိုတောင် ခုတ်ထစ်လှီးဖြတ်ပီး ပေးချင်တဲ့ မိခင်မျိုးပါ ”

” အမေ ရယ် !! ”

ကျုပ်ပါးစပ်ကနေ အမေရယ် ဆိုတဲ့ စကားလေးသုံးခွန်းကလွဲလို့တခြား
ဘာစကားမှ ဆက်မပြောနိုင်လောက်အောင် ဆွံ့အသွားတဲ့ အထိပါပဲ။

” ကဲ !! မကြာခင်မှောင်လာတော့မယ်… ချွေးမကြီးရဲ့ စကားအတိုင်း
အမေ့ကို ထားခဲ့ပီး ပြန်ပါတော့ကွယ်…ဒီနေရာက လူလည်းပြတ်တယ် အိမ်ကို မြန်မြန်သာပြန်ပေတော့ကွဲ့ ”

အမေအိုကြီးက လှုပ်ရှားနိုင်သေးတဲ့ ညာဘက်လက်ကလေးနဲ့ ကျုပ်ရဲ့
လက်မောင်းကိုဖျစ်ညှစ်ပီး ပြောလိုက်တာဗျ။ ကျုပ် အမေ့ကိုနောက်ဆုံးအနေနဲ့ ဦးချ ကန်တော့လိုက်တယ်။ အမေ့က သူ့ကိုစွန့်ပစ်ခဲ့တဲ့
သားလူမိုက် ကြီး ကျုပ်ကိုစိတ်မဆိုးတဲ့ အပြင် မိခင်တစ်ယောက်ရဲ့
မေတ္တ္တာအပြည့်နဲ့ ဆုတွေတောင် ပေးလိုက်သေးတာဗျာ။

” သားကြီး အမြဲကျန်းမာပါစေ…ချမ်းသာပါစေ… လင်မယားချင်းလည်း
အစဉ်သင့်မြတ်လို့ သက်ဆုံးတိုင်ကြင်ကြင်နာနာနဲ့ပေါင်းဖက်သွားနိုင်
ကြပါစေကွယ် ”

အမေ့ရဲ့ ဆုပေးစကားဆုံးတာနဲ့ ကျုပ် မတ်တပ်ထရပ်လိုက်တယ်။

” အမေ !! ကျ …ကျနော် သွား…သွားတော့ မယ်နော် ”

” နေဦးကွဲ့… သားကြီး ဒီနေ့ တစ်နေကုန် မိုးလင်းထဲက ဘာဆိုဘာမှ
မစားရသေးဘူးမဟုတ်လား ”

” ဟုတ်တယ် အမေ !! ကျနော် စိတ်တွေတအားရှုပ်ထွေးနောက်ကျိနေ
တာနဲ့ပဲ ဘာမှမစားရသေးဘူး ”

” ဒါဖြင့် ဒါလေးကို ယူသွားပီး လမ်းမှာကားမောင်းရင်းနဲ့ စားလိုက်နော်
သားကြီး… နောက်ဆို အဲဒီလို မနေပါနဲ့ကွယ်… အစာအိမ်ရောဂါဖြစ်
လိမ့်မယ်ကွဲ့ ”

အမေက ပြောရင်းနဲ့ ကျုပ်ကို အထုတ်လေးတစ်ထုတ်လှမ်းပေးတယ်။
ဘာလေးများလဲဆိုပီး ကျုပ်လည်းလှမ်းယူပီးကြည့်လိုက်တာဗျို့။

” ဟာ !! အမေ…ဒါ…ဒါ နေ့လည်က အမေဗိုက်ဆာလို့ စားဖို့ဆိုပီး
ကျနော့် မိန်းမကို ဝယ်ခိုင်းတဲ့ ဘိန်းမုန့်တွေ မဟုတ်လား …အမေဗိုက်
ဆာရင် စားလို့ရတယ်လေ… အမေပဲ ယူထားလိုက်ပါ ”

” အမေ့ တွက်က မလိုတော့ပါဘူးသားကြီးရယ်… သားပဲ စားလိုက်
တော့နော်…ကဲ…ကဲ !! သွားတော့ သားကြီးရေ မှောင်လာတော့မယ် ”

ကျုပ် အမေစိတ်ကျေနပ်အောင် ဘိန်းမုန့်ထုတ်လေးကိုယူပီး ကားပေါ်
တက်လို့ မောင်းထွက်လာရင်း နောက်ကြည့်မှန်ကနေ လှမ်းကြည့်
လိုက်တော့ အမေက သစ်ပင်ကြီးကို မှီထားလျက်က မျက်စိလေးစုံမှိတ်
ပီးကျန်နေခဲ့ရှာတယ်။ အမေ ကျုပ်ကိုစားဖို့ပေးလိုက်တဲ့ ဘိန်းမုန့်ထုတ်
လေးကတော့ ဒက်ခ်ျဘုတ်ပေါ်မှာပဲ တင်ထားလျက်ပဲပေါ့။

ဘာကြောင့်ရယ် မသိဘူး…အမေ့ကိုထားခဲ့ပီး ပြန်လာတဲ့အပြန်လမ်း
တစ်လျှောက်လုံး ကျုပ်ရဲ့စိတ်တွေလေးလံထိုင်းမှိုင်းလို့နေတယ်။
တကယ်ဆို ဒီအမေအို ဒုက္ခိတကြီးကို အရှုပ်ထုတ်ကြီးလို့ထင်ပီး ကျုပ်
တို့ လင်မယား နှစ်ယောက် စိတ်တူကိုယ်တူ တိုင်ပင်ပီးလုပ်ခဲ့ကြတာ
မဟုတ်လား။ အခု ဒီအမယ်အိုကြီး မရှိတော့ဘူးလေ။

ကျုပ်ပျော်နေရမှာမို့လား။ ဒါပေမဲ့ အခုတော့ မပျော်ရွှင်တဲ့ အပြင် ရင်ထဲမှာကြီးမားတဲ့ ကျောက်တုံးကြီးတစ်တုံးထည့်ထားသလို လေးလံလို့နေ
တာဗျ။ ကျုပ် အိမ်ကိုပြန်ရောက်လို့ ကားပေါ်ကဆင်းလိုက်တာနဲ့ မိန်းမဖြစ်သူက အိမ်ပေါက်ဝကနေ ဆီးပီးမေးတယ်။

” ယောကျာ်း !! ပြန်လာပီလား… ရှင့်အမေကိုကော ဘယ်မှာပစ်ခဲ့လဲ
လူသူမနီးတဲ့ နေရာမှာ ပစ်ခဲ့တာမှ ဟုတ်ရဲ့လား ”

” ပစ်ခဲ့ပါတယ်ကွာ… မင်းသိပ်မုန်းပီး ကြည့်မရဖြစ်နေတဲ့ ငါ့ရဲ့အမေကို
ဒီအိမ်ကို ဘယ်လိုမှ ပြန်မလာနိုင်တဲ့ နေရာမှာ ပစ်ခဲ့လိုက်ပီကွ…မင်း
စိတ်ချလက်ချသာပျော်နေလိုက်တော့ ”

ဒေါသသံပါသွားတဲ့ ကျုပ်ရဲ့စကားကြောင့် မိန်းမဖြစ်သူကမျက်လုံးကြီး
ပြူးပီး ဘာမှဆက်မပြောတော့ပဲ ကြည့်နေတယ်။ ကျုပ်လည်းသူ့ကို
ဂရုစိုက်မနေတော့ဘူး…အိပ်ခန်းထဲကိုပဲတန်းသွားပီး လှဲချလိုက်တယ်။
မိန်းမကတော့ ကျုပ်ကို စိတ်ကောက်သွားသလားမသိဘူး။ အိမ်ရှေ့မှာ
ပဲ တီဗွီ ဖွင့်ကြည့်နေတာဗျ။

စိတ်ကောက်ရုံမကလို့ သေချင်လည်းသေပါစေတော့ဗျာ။ ဘယ်နဲ့ ဒီက
အမေ အရင်းဖြစ်သူကိုတောင် ပစ်ပစ်ခါခါလုပ်လာခဲ့ပီးပီ။ ဒါကိုတောင်
ဒင်းက အားမနာလျှာမကျိုး အိမ်ပေါ်တောင်လူကမရောက်သေးဘူး
ဝမ်းသာအားရ တန်းမေးနေတာလေ။ ညရှစ်နာရီ ထိုးခါနီးကျတော့
သမီးဖြစ်သူကျူရှင်က ပြန်လာပီး သူ့အမေကိုလှမ်းပြောနေတဲ့အသံကို
ကြားလိုက်ရတယ်။

” မေမေ !! ဖေ့ဖေ့ ကားထဲမှာလေ ဘိန်းမုန့်ထုတ်လေးတွေ့လို့ သမီး
စားချင်လို့ ယူလာခဲ့တယ်… သမီးစားလို့ရတယ်မို့လား မေမေ ”

” ရတာပေါ့ သမီးရဲ့…အဲဒီ ဘိန်းမုန့်မှမဟုတ်ဘူး သမီးလေးက မေမေတို့မှာရှိတဲ့အရာ…ပိုင်သမျှအရာ အားလုံးကိုကြိုက်သလို ယူနိုင်ပါသတဲ့
ရှင် ”

သမီးလေးနဲ့ ကျုပ်မိန်းမတို့အပြန်အလှန်ပြောနေကြတာကို ကျုပ်အခန်းထဲကနေ အတိုင်းသားကြားနေရတယ်။ ရုတ်တရက်ဘာရယ်မဟုတ်ပဲ
တောကြီးမျက်မဲထဲမှာကျန်ခဲ့တဲ့အမေ့ကိုလည်းပြေးပီးမြင်ယောင်မိတယ်။

ကျုပ် လူမမယ်ကလေးဘဝမှာ အမေကဘယ်သူတွေနဲ့မှ မတူအောင်
ချစ်ခဲ့…ကြင်နာခဲ့…ဂရုစိုက်ခဲ့..ပြုစုယုယ ခဲ့တာတွေကိုပေါ့ဗျာ။အဲဒီချိန်မှာပဲ မိုးကလည်း ဗြုန်းခနဲ သည်းကြီးမဲကြီးကိုရွာချတော့တာပဲဗျို့။ ကျုပ်
ခေါင်းထဲမှာ မနေ့ညကအမေ အအေးမိပီးဖျားရတဲ့ အကြောင်းတွေကို
ရုပ်ရှင်ကြည့်နေရသလို တစ်ခန်းပီးတစ်ခန်း တစ်ကွက်ပီးတစ်ကွက်
ထင်ထင်ရှားရှားကြီးပေါ်လာတယ်။

အဲဒီညက အမေ စောင်ခြုံ ခိုင်းတာကို ကျုပ်ကနွေရာသီကြီး ခြုံစရာမလို
ဘူးဆိုပီး ပစ်ထားခဲ့မိတယ်။ တကယ်တမ်း မိုးတွေရွာလာတော့ ကျုပ်
တို့က ကုလားသေကုလားမော အိပ်မောကြနေပီး အမေ့ကိုစောင်လေး
တစ်ထည်ခြုံပေးဖို့တောင်ထွက်မလာနိုင်ခဲ့ဘူး။

အမေက မလှုပ်မရှားနိုင်တဲ့လူမမာ။ လေဖြတ်နေတဲ့ ဝေဒနာသည်ကြီး။ တစ်ယောက်ယောက်ရဲ့ အကူညီ လုံးဝမပါဘဲ ။ မလှုပ်ရှားနိုင်တဲ့ ဒုက္ခိတ အမယ်အိုကြီးပါ ဗျာ။ သူဘာသာ ဘာမှမလုပ်နိုင်တဲ့ အမယ်အိုကြီးကိုမှ ကျုပ်ကအရှုပ်ထုတ်ကြီးလို့ထင်ပီးစွန့်ပစ်ခဲ့တယ်။ ကျုပ်က ဘယ်
သူလဲ … အဲဒီ ဒုက္ခိတအမေအိုကြီးရဲ့သားလေ။အမေ့မှာ သားသမီးဆိုတာကကောဘယ်နှစ်ယောက်တောင်ရှိလို့လဲ ။

ကျုပ် တစ်ယောက်ထဲရှိတာလေ။ ကျုပ် မှမပြုစု…မစောင့်ရှောက်နိုင်ရင်
ဒီအမေ အိုကြီးကို ဘယ်သူဂရုစိုက်မှာလဲ…ပီးတော့အမေ့ရဲ့အသက်
က လေးဆယ်ကျော်…ငါးဆယ်လည်းမဟုတ် ရှစ်ဆယ်ကျော်နေပီဖြစ်
တဲ့တုန်တုန်ချိချိ အဘွားကြီး။ အတွေးတွေ များစွာနဲ့ စဉ်းစားနေရင်း
လှိုက်တက်လာတဲ့ ဝမ်းနည်းမူနဲ့အတူမျက်ရည်ပူတို့က အတားအဆီး
မရှိ တာကျိုးသလို ဝုန်းခနဲ ဝေါခနဲ ဒလောဟော စီးကျလာတာဗျို့။

ဲအဲဒီချိန်မှာပဲ အိမ်ရှေ့က တီဗွီကနေ သတင်းတွေလွှင့်နေလို့ ကျုပ်
အသာနားစွင့်လိုက်တယ်။ သတင်းက အရေးကြီးသတင်း…နာဂစ်ဆို
တဲ့မုန်တိုင်းကြီးက မကြာမှီမှာ လာတော့မည်တဲ့။ နေရာအနှံ့ မိုးသက်
လေပြင်းများကျရောက်ပီး… ရေကြီးခြင်း … မိုးကြီးခြင်း များ ကျရောက်
နိုင်ပါသဖြင့် မိဘပြည်သူများ သတိဖြင့်နေထိုင်ရှောင်ရှားပါရန်တဲ့လေ။

ကျုပ် ချက်ချင်းပဲ အမေအိုကြီးရဲ့မျက်နှာလေးကို ပြေးပီးမြင်ယောင်မိ
တယ်။ ခုချိန် အမေအိုကြီးဘယ်လိုများနေ နေရှာလဲ… ဘာတွေများ
ဖြစ်ပျက်နေပီလဲ…ဒီအမေအိုကြီးကို ကျုပ် အဲဒီလိုမိုက်မိုက်မဲမဲစွန့်ပစ်ရ
လောက်အောင် သူဟာ ဘာအပစ်တွေများရှိနေလို့လဲ။

ကျုပ်ရဲ့ မိခင် အမေအိုကြီးဟာ နောက်ဆုံးအချိန်ရောက်နေတာတောင် သားအတွက် ဘာမှမလုပ်ပေးနိုင်ပေမဲ့ တစ်နေ့လုံးဘာမှမစားရသေးဘူးလား မေးပြီး…သူ ဗိုက်ဆာလို့စားမယ့် ဘိန်းမုန့်ထုတ်လေးကို ပေးခဲ့တယ် ။ ဒါဟာ မိခင်မေတ္တာ… နောက်ဆုံး ဘာမှမပေးနိုင်ရင်တောင် အမေဟာ ကျုပ်အတွက် ဘိန်းမုန့်လေးတော့ ပေးနိုင်သေးပါတယ်ဗျာ။ သားဖြစ်သူကို စိုးရိမ်စိတ်ပူပေးပါသေးတယ်။ သူ့ကို ကျီးထိုးထိုး…လဒ
စားစား ရက်ရက်စက်စက်စွန့် ပစ်ခဲ့တဲ့ သားလူမိုက်ကြီးကိုအဆုံးစွန်းထိ နားလည်ခွင့်ပေးပါသေးတယ်။ ကျုပ် .… ကျုပ် ကတော့ဖြင့်.…

” အ မေ !! ”

ကျုပ် ဘယ်လိုမှကိုဆက်ပီးမတွေးနိုင်တော့ဘူး။ အမေ့ကို အသံကုန်ခြစ်
အော်ခေါ်ရင်း အိမ်ရှေ့မှာရပ်ထားတဲ့ ကားဆီကိုတရှိန်ထိုးပြေးတက်လို့
ကားကို တရကြမ်း မောင်းထွက်လိုက်တာဗျို့။

” ဝေါ လ် !! ကျွီ !! ”

” ဖေဖေ !! ”

” ယောကျာ်း !! ”

ကျုပ်သိပ်ချစ်လှပါတယ်ဆိုတဲ့ မိန်းမနဲ့ သမီးဖြစ်သူရဲ့ ခေါ်သံတွေကို
လည်း ဂရုမစိုက်နိုင်တော့ဘူး။ အမေ့ဆီကိုပဲ တဟုန်ထိုးမောင်းထွက်
လာခဲ့လိုက်တယ်။ မိုးတွေကလည်း သဲသဲ … ကားကိုလည်း အရှိန်ပြင်း
ပြင်းနဲ့ မောင်းရင်း ကားပေါ်မှာ ကျုပ်ငယ်စဉ်ဘဝထဲက အမေကျွေးမွေး
စောင့်ရှောက်လာတဲ့အချိန်က စပီး နောက်ဆုံး စွန့်ပစ်ခဲ့တဲ့အချိန်ထိ အကြောင်းတွေကိုပါ ပြန်စဉ်းစား မြင်ယောင်ရင်း ကိုယ့်ပါးကိုယ်အဆက်
မပြတ် ရိုက်နေမိတယ်။

” ခွေးကောင် !! ခွေးလောက်တောင် အသိဥာဏ်ကင်းမဲ့တဲ့အကောင်… ထမင်းစားပြီး မကြီးပဲ ချီးစားပြီးကြီးလာတဲ့ဒီဦးနှောဏ် …အနန္တကျေးဇူးရှင် အဆုံးအစမရှိတဲ့ မေတ္တာရှင်မကြီး အမေ့ကိုမှ ငါဟာပစ်ရက်တယ်
အီးးးဟီးးးးဟီးးးးး !! ”

ကျုပ် ရဲ့လူမဆန်လွန်းတဲ့ လုပ်ရပ်ကို ကိုယ့်ဘာသာတစ်ယောက်ထဲ
ပြန်တွေးမိပီး တရှိုက်ရှိုက် ငိုရင်း နှပ်တွေကော မျက်ရည်တွေပါ
အထိန်းအကွပ် မရှိစီးကျလာတာပါဗျာ။

” အမေ … အမေ !! ခဏလောက် … ခဏလောက်စောင့်ပါဗျာ။ အမေ့ရဲ့သား ခွေးထက်တောင်မိုက်တဲ့ လူမိုက်ကြီး အမေ့ကိုပြန်လာခေါ်နေပါပီ။ ဘုရား…ဘုရား !!အမေ ဘာမှမဖြစ်လိုက်ပါနဲ့…မြတ်စွာဘုရားသခင် စောင့်ရှောက်တော်မူပါဗျာ ”

ကျုပ် အဲဒီလိုပါးစပ်ကလည်း အဆက်မပြတ် ရေရွတ်ရင်း အမေ့ကို
ပစ်ထားခဲ့တဲ့ နေရာလေးကို ပြန်ရောက်လာတယ်။

ရောက်ရောက်ချင်းပဲ အမေ့ကို မြင်လိုက်ရတဲ့ မြင်ကွင်းကဘယ်လိုမှကို
မကောင်းဘူး…အမေက သစ်ပင်အောက်ကလေးမှာ ကျုပ်ပစ်ထားခဲ့တဲ့
အတိုင်း ပင်စည်လေးကို မှီပီး ထိုင်နေလျက်ပဲ။ ကျုပ်အမေ့ဆီကို ပြေးသွားလိုက်တယ်။ မိုးရေတွေတစ်ကိုယ်လုံးရွှဲစိုနေပီး မျက်စိလေးစုံမှိတ်
ထားတဲ့ အမေ့ကို ကျုပ် ခပ်ကြမ်းကြမ်းလေး လှုပ်နိုးလိုက်တယ်။

” အမေ !! အမေ !! သား ရောက်လာပြီလေ ”

အမေ ဘာမှပြန်မပြောဘူး…တုံ့ပြန်မူလည်း မရှိတော့ဘူး…အင်မတန်မှကို ငြိမ်သက်နေတာဗျို့။ ကျုပ် နောက်တစ်ကြိမ် အမေ့ကိုထပ်ပီးလှုပ်နိုး
လိုက်တယ်။

” အမေ ထကြည့်ပါဦး !! မျက်လုံးလေး ဖွင့်ကြည့်ပါဦးဗျာ…အမေ့သား
လူမိုက် အမိုက်တကာ့ အမိုက်ကြီး…အဇာတသတ်ကြီး နောင်တတွေရပီး အမေ့ကို ပြန်လာခေါ်နေပီဗျ… အမေ့ မျက်လုံးတွေဖွင့်ပါတော့ဗျာ ”

အမေ တုပ်တုပ်တောင် မလှုပ်တော့ဘူး။ ဒါနဲ့ အမေ့ရဲ့နှာခေါင်းဝကို လက်နဲ့တေ့ပီး အသက်ရူမရူစမ်းကြည့်လိုက်တယ်။ ဟာ !! အမေ
မသေသေးဘူးဗျို့။ အသက်ရှိနေသေးတယ်ဗျ။ ကျုပ်ရဲ့လက်က အမေ အသက်ရူနေတဲ့ လေဝင်လေထွက် မျှင်မျှင်သဲ့သဲ့လေးကို ခံစားမိနေ
တယ်။ အမေ့မှာ အသက်ငွေ့ငွေ့လေးကျန်နေသေးတာဗျို့။

ကျုပ် ချက်ချင်းပဲ မိုးရေတွေ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတဲ့ အမေ့ကို ပွေ့ပီး
ကားပေါ်ကို တင်လိုက်တယ်။ ပီးတာနဲ့နီးစပ်ရာ ဆေးရုံကို အလောတ
ကြီးဒုန်းစိုင်း မောင်းချသွားတာဗျို့ ။ ကားမောင်းရင်းနဲ့လည်း အမေ့ကို
တကြော်ကြော် ခေါ်ပီးနိုးနေမိတယ်။ အမေ အသက်များ ရှိသေးရဲ့လား ဆိုတဲ့အတွေးနဲ့ လမ်းတလျှောက်လုံး အမေနှာခေါင်းကို လက်နဲ့တေ့
ပီး စမ်းရတာကလည်း အမောပေါ့ဗျာ။

အခုချိန် အမေ သေသွားမှာကို ကျုပ်အရမ်းစိုးရိမ်တယ်။ ကြောက်လည်း
တအားကြောက်တယ်။ နောင်တတွေလည်း အားကြီးရတယ်။ အမှား
တွေကို သိပီးအမှန်ကို ပြင်ချင်နေပီ။ ဒါကြောင့်လည်း အမေ့နှာခေါင်းဝကို မကြာခဏစမ်းပီး အရူးကြီးတစ်ယောက်လို ပါးစပ်ကနေလည်း
တတွတ် တွတ်နဲ့ပြောနေမိတယ်။

” အမေ !! အမေ မသေပါနဲ့ဦးဗျာ… သားအမှားတွေ…သားရဲ့မိုက်မဲမူ
တွေ…လူမဆန်တဲ့ အပစ်တွေအတွက် သားကိုပြန်ပြီး ပေးဆပ်ခွင့်ပေး
ပါနော်…အမေ့ရဲ့ ချီးတွေ…သေးတွေကိုလည်း သားမရွံတော့ပါဘူး…
အမေဘာပဲခိုင်းခိုင်း အလုပ်ရှုပ်တယ်လို့လည်းမထင်တော့ပါဘူးဗျ…လူဖြစ်ပီး အမေ့ပေါ်လူသားမဆန်တဲ့ သားရဲ့ အပစ်တွေကို ပြန်လည်
ချေပဖို့ အမေ ဆက်ပီးအသက်ရှင်ပေးပါဗျာ…အီးးးးဟီးးးးဟီးးးး !! ”

တစ်ယောက်ထဲ ပြောလိုက်ငိုလိုက်နဲ့ ကားကိုတရကြမ်းမောင်းလာခဲ့
တယ်။ မောင်းလာရင်းနဲ့ အရှေ့မှာဆေးရုံကြီး တစ်ခုကိုလည်းမြင်လိုက်
ရတယ်။ ကျုပ် ဘာမှစဉ်းစားမနေတော့ဘူး…ကားကိုအရှိန်ပိုမြှင့်ပီး အဲဒီဆေးရုံကြီးထဲကို မောင်းဝင်လိုက်တာဗျို့။ ပီးတာနဲ့ အမေ့ကိုကားထဲကပွေ့ထုတ်လို့ ဆေးရုံရဲ့အရေးပေါ်ဌာနရှိရာကို ရင်ပွင့်မတက်အသံကုန်ခြစ် အော်ဟစ်ပီး ပြေးသွားလိုက်ပီပေါ့ဗျာ။

” ကယ်… ကယ်ပါဦး !! ကယ်ကြပါဦးဗျာ…အမေရဲ့အသက်ကို
ကျေးဇူးပြုပီး ကယ်တင်ပေးကြပါ … ရှစ်ကြီးခိုးပါရဲ့ဗျာ ”

ကျုပ် ဝမ်းခေါင်းသံကြီးနဲ့အသားကုန်ကြုံးအော်လိုက်လို့ ထင်တယ်…
အရေပေါ်ဌာနမှာ တာဝန်ကျနေတဲ့ … ဆရာဝန်…ဆရာဝန်မလေးတွေ
ပြေးထွက်လာကြတယ်။ အဲဒီဆရာဝန်တွေ အနားကိုရောက်လာတော့ကျုပ် အားကိုးတကြီးနဲ့ ပြောလိုက်တာဗျ။

” ဆ…ဆရာတို့ …လုပ်ကြပါဦးဗျာ… ကျေးဇူးပြုပီး ကျုပ်အမေကို ကယ်
တင်ပေးပါ…ကယ်ပေးကြပါဗျ…ဆရာတို့ကိုထိုက်ထိုက်တန်တန်ပြန်ပီး ကျေးဇူးဆပ်ပါ့မယ် ဗျာ ”

ဆရာဝန်တွေက အမေ့ကို ချက်ချင်းပဲ ကျုပ်လက်ထဲကနေ လူနာတွန်း
လှဲပေါ် ပြောင်း တင်ခိုင်းပီး စမ်းသပ်ကြတယ်။

” သွေးခုန်နှုန်း တိုင်းကြည့်ဟေ့ !! ”

” သူငယ် အိမ်တောင် ကျယ်နေပီ ”

” လူနာ အသက်အန္တာရာယ် အရမ်းစိုးရိမ်ရတယ်အခန်းထဲပို့ကြဟေ့!! ”

အမေ့ကို စမ်းသပ်ပီး သူတို့အချင်းချင်းတစ်ယောက်တစ်ပေါက်နဲ့ပြော
နေကြတာဗျ။ ပီးတော့ အမေ့ကိုလည်းအရေးပေါ်အခန်းထဲကို အားချင်း
ခေါ်သွားကြတာဗျို့။ လက်သင်ဆရာဝန်လေးတစ်ယောက်က အခန်းထဲ
ဝင်ခါနီးမှာ ကျုပ်ကိုမေးတယ်။

” ခင်များက ဒီအမေကြီးနဲ့ ဘာတော်လဲ ”

” ကျ … ကျနော် က သူ့ … သူ့ရဲ့ သားပါ ”

” အေးဗျာ !! လူနာရဲ့ အခြေအနေက လုံးဝမကောင်းဘူး… ကျနော်တို့
အတက်နိုင်ဆုံးတော့ ကြိုးစားပေးပါ့မယ်… ခင်များ အပြင်က လူနာ
စောင့်ခုံမှာပဲ ထိုင်စောင့်နေလိုက်ပါ ”

ဆရာဝန်လေးက ကျုပ်ကို မှာစရာရှိတာမှာပီးသွားတာနဲ့ အမေ့ကိုခေါ်
သွားတဲ့အခန်းထဲကိုလိုက်ဝင်သွားတယ်။ ကျုပ်ကတော့ အရေးပေါ်
အခန်းလေးရဲ့ အပြင်မှာ တစ်ကိုယ်တည်း ဆောက်တည်ရာမဲ့စွာနဲ့
ကျန်ခဲ့တာပေါ့။ လူကလည်း လက်မကိုင်မိခြေမကိုင်မိနဲ့ ပျာယာခတ်
ပီးရသမျှဘုရားစာတွေ တတွတ် တွတ်ရွတ်ရင်း အမေ့တွက်ဆုတောင်း
ပေးနေမိတာပေါ့ဗျာ။

အတော်လေးကြာတော့ အမေရှိနေတဲ့ အရေးပေါ်အခန်းလေးထဲကနေ ဆရာဝန်တွေ တစ်ယောက်ပီးတစ်ယောက်ပြန်ထွက်လာကြတယ်။
မျက်နှာအမူရာတွေကလည်း လုံးဝမကောင်းဘူး။ စောနက ကျုပ်ကိုစကားပြောတဲ့ ဆရာဝန်လေးကတော့ ကျုပ်ဆီကိုလှမ်းလာနေတာဗျ။
ကျုပ် ချက်ချင်းပဲ အဲဒီဆရာဝန်လေးနားကို အပြေးသွားပီး အမေ့ရဲ့
အခြေနေကို အငမ်းမရမေးလိုက်တယ်။

” ဆရာ !! ကျုပ် အမေ ဘယ်လိုနေလဲဟင် … သက်သာသွားပီမို့လား
အသက်အန္တာရာယ် မရှိတော့ဘူးမို့လားဟင် ”

ဆရာဝန်လေးက ကျုပ်မေးတာကို ချက်ချင်းပြန်မဖြေသေးပဲ ဂရုဏာ
သက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတယ်။ ပီးတော့မှ တစ်လုံးချင်းပြော
ချလိုက်တာဗျ။

” စိတ် မကောင်းပါဘူးဗျာ !! ခင်များရဲ့အမေက နောက်ဆုံးအခြေနေ
ကိုရောက်သွားပါပီ…ကျနော်တို့ ဘာမှ မတက်နိုင်တော့ဘူး…အသက်
ကယ်ဆေးတစ်လုံးတော့ ထိုးပေးထားတယ်…အခန်းထဲကိုဝင်သွား
လိုက်ပါ…သူ ခင်များကိုပြောစရာရှိတယ်နဲ့တူတယ် ”

” ဗျာ !! ”

ကျုပ် ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပီး ပါးထက်မှာမျက်ရည်ပူတွေ ဝေါခနဲ့လှိမ့်ဆင်းလာတယ်။ မျက်ရည်စက်လက်နဲ့အမေ့ရဲ့ အခန်းထဲကို
တောဆင်ရိုင်းတစ်ကောင်ရဲ့ လျင်မြန်မူမျိုးနဲ့ တဟုန်ထိုးပြေးဝင်လိုက်
တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ကျုပ်မျက်လုံးထဲမှာ ယနေ့ထိတိုင်
ပျောက်ပျက်မသွားမဲ့ မြင်ကွင်းမျိုးပါဗျာ။

သနားစရာ မိခင်အိုကြီးက ကုတင်လေးထက်မှာ ပက်လက်လေးလှန်ပီး ပါးစပ်ကလေးဟလို့ အသက်ကိုဖုတ်လိုက်ဖုတ်လိုက်နဲ့ရူနေရရှာတယ်။ ကျုပ် ဝင်လာတာကိုသိတော့ မျက်လုံးလေးတွေကို အတင်းအားခဲပီး မနိုင် တနိုင်ဖွင့်လိုက်တယ်။ ပီးတော့ လက်ကလေး အသာယက်လို့
ကျုပ်ကို အနားတိုးခဲ့ဖို့ခေါ်နေတာဗျို့။

ကျုပ် အနားကို တိုးကပ်လိုက်ပီး အမေ့ရဲ့ပိန်လှီနေတဲ့ လက်လေးကို
အသာအုပ်ကိုင်လိုက်တော့…အမေက သူရဲ့နောက်ဆုံးလက်ကျန် ခွန်
အားလေးနဲ့ ကျုပ်လက်ကို ပြန်ပီးဆုပ်ထားတယ်။ အသက်ကိုခက်ခက်
ခဲခဲပင်ပန်းကြီးစွာရူရှိုက်နေရတဲ့နူတ်ခမ်းတွေကလည်းမပွင့်တပွင့်လေးဟ လာတယ်။

အမေ ကျုပ်ကို တစ်ခုခု အားယူပီးပြောချင်တဲ့ ပုံစံမျိုးဗျ။ ကြည့်ရတာ
သူ့ကို အခုလိုဖြစ်အောင် ရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ သားလူမိုက်
ကြီး ကျုပ်ကို စိတ်နာပီးနောက်ဆုံးအနေနဲ့အပစ်တင်စကားပြောဖို့ထင်
ပါရဲ့ဗျာ။

“ခံပါ့မယ် အမေ !! ခံပါ့မယ်… အမေ့ပေါ်ရက်စက်ခဲ့တဲ့ သားလူမိုက်
အဇာတသတ်ကြီးကို အမေဆူရုံဆဲရုံ မကလို့…ပါးတွေ နားတွေပါ
ရိုက်ပစ်ပီး ဆုံးမလိုက်စမ်းပါ အမေရဲ့ ” လို့ ကျုပ် စိတ်ထဲမှာပြောပီး
အမေ့ရဲ့နူတ်ခမ်းနားလေးကို ခေါင်းလေးတိုးကပ်လိုက်တော့…အမေ
ကလေသံ ယဲ့ယဲ့လေးနဲ့ ကျုပ်ဘယ်လိုမှ မမျှော်လင့်ထားတဲ့ စကားကို
ပြောတယ်။

” သား…သားကြီး !! အမေပေးလိုက်တဲ့ ဘိန်းမုန့်လေး စားပီးပီလား …ဗိုက်ကိုအဆာ မခံပါနဲ့ကွယ်… စားလိုက်ပါတဲ့ ”

အဲဒီစကားကို ပြောပီးတာနဲ့ ကျုပ်လက်ကိုဆုပ်ကိုင်ထားတဲ့ အမေ့ရဲ့
ပိန်လှီလှီ လက်ချောင်းလေးတွေ ပြေလျော့ပီး ကုတင်အောက်ကိုတွဲ
လောင်း ပြုတ်ကျသွားပီ။

ဟာ !! သွားပီ…သွားပီ။ အမေ … အမေ မရှိတော့ဘူး…ကျုပ်ရဲ့စိတ်
ထဲမှာအမြဲ တန်း လူပိုကြီးလို့ထင်နေတဲ့ ဒီအဖွားကြီး…အရှုပ်ထုတ်
ကြီးလို့အမြဲ မြင်နေခဲ့တဲ့ဒုက္ခိတ ဒီအမေအိုကြီး…အခုတော့ ကျုပ်မျက်စိရှေ့မှာတင် လူ့လောကကြီးထဲကအပီးအပိုင်
ထွက်ခွာသွားပီဗျ။

ကျုပ် တစ်ကိုယ်လုံး ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်တင်းသွားပီး
အမေ့ရဲ့ သက်မဲ့ခန္ဓာကိုယ်ကြီးကို မျက်လုံးအပြူးသားနဲ့ငေးကြည့်နေ
မိတယ်။ မျက်ရည်ပူတွေ ဖြိုင်ဖြိုင်ကျရင်းက…ရင်ဘတ်တစ်ခုလုံး ကျိုး
ကြေပွင့်ထွက်သွားသလိုလည်း ခံစားလိုက်ရတယ်။ ကျုပ်ရဲ့ နှလုံးသား
တွေလည်း မှန်တစ်ချပ်လို အစိတ်စိတ်အမွှာမွှာကွဲကြေသွားပါပီဗျာ။

သွားပီ… ကျုပ်အပေါ် အင်မတန် မေတ္တာတရားကြီးမားပီး အရမ်းချစ်ခဲ့
…နားလည်မူပေးနိုင်ခဲ့တဲ့ မာတာပိတု အနန္တမေတ္တာရှင်ကြီး အမေဟာ
သေသွားခဲ့ပီ။ ကျုပ်ဘာမှ မတက်နိုင်တော့ဘူး။ မိန်းမဖြစ်သူရဲ့စကား
ကိုနားယောင်မိပီး ဒီအမေအိုကြီးကို ကျီးထိုးထိုး… လဒပဲစားစားဆိုတဲ့
စိတ်နဲ့ လမ်းဘေးမှာသွားပစ်ခဲ့တယ်။

အခုကျုပ် အသိတရားရပီး နောင်တရလို့ ပြန်သွားခေါ်တော့ အမေဟာ မိုးရေတွေထဲမှာရွှဲနစ်ပီး မလှုပ်နိုင်မရှားနိုင်နဲ့ ဝေဒနာကိုဆိုးဝါးစွာခံစား
နေရပီ။ ဆေးရုံရောက်လို့ အသက်လေး မျှင်မျှင်သာကျန်တော့တဲ့ အချိန်ကိုရောက်တော့လည်း ကျုပ်ကိုစိတ်မချနိုင်ပဲ နောက်ဆုံး
ပြောသွားတဲ့ စကားတစ်ခွန်းကိုကြည့်ပါဦး။

” သားကြီး !! ဘိန်းမုန့်လေး စားလိုက်ပီလား…ဗိုက်ကို အဆာမခံပါနဲ့ကွယ်… စားလိုက်ပါတဲ့ လေ ”

သူ့အတွက် နောက်ဆုံးအချိန် ရောက်နေတာတောင် ဝေဒနာကို ဂရုမ
စိုက်ပဲ သားမိုက်ကြီးကို စိုးရိမ် ပူပန်နေတဲ့ အမေ့ကို ဒီပုံစံ မျိုးနဲ့ ကျုပ်
ကျေးဇူးဆပ်လိုက်တာလား..… ကျုပ်…ကျုပ်လို လူ့ဗလာကောင်ဟာ
သေရင် ငရဲကိုသွားဖို့ကလွဲလို့ တခြားမရှိတော့ဘူးဗျ။

အောင်မလေး !! ကျုပ် ဘယ်လိုမှ ဆက်မတွေးနိုင်တော့ ပါဘူး။ ကျုပ်အပေါ်မှာထားရှိတဲ့ ဒုက္ခိတ မိခင်အိုကြီးရဲ့အနှိုင်းမဲ့ ချစ်ချင်းမေတ္တာတရားတွေကို ဆက်ပီးတော့လည်း မတွေးရဲတော့ပါဘူး။

” အမေ !! ” လို့ရင်ပွင့်မတက် အကျယ်ကြီးအော်ခေါ်ရင်းက ကျုပ်ရဲ့မျက်လုံးတွေပြာဝေလာပီး အမြင်အာရုံတွေ မှောင်အတိကျလို့
ဆေးရုံကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ် ဝုန်းခနဲ ပစ်လဲကျသွား
တော့တာပါပဲဗျာ။

×××××××××××××××××××××××××××××××××××××××
ပြီးပါပြီ။

#စာချစ်သူများအားအစဉ်လေးစားရိုသေလျက်