*သုဘရာဇာနဲ့ ခေါင်းထမ်းဘီလူး *📖📖📖
*********************************
********
ညဉ့်နက်ချိန်…။
ထိန်ပင်မြို့ကလေးက တိတ်ဆိတ်နေတဲ့ အမှောင်ထုအကြား ငြိမ်ငြိမ့်ကလေး စီးမျောနေလို့။
အဲ့ဒီ့အချိန်…။
မြို့အနောက်ဘက်ဆီက သုသာန်တစ်စပြင်ဆီမှာတော့…။
******
မှိန်ပြပြ မီးအုပ်ဆောင်းရဲ့ အလင်းကို အားပြုပြီး သံတူရွင်းတစ်လက်နဲ့ အလုပ်ရှုပ်နေတဲ့ သုဘရာဇာဖိုးခွေး။
သူ့အရှေ့မှာတော့ နှစ်ကာလတွေ ကြာနေပြီဖြစ်တဲ့ အုတ်ဂူဟောင်းတစ်လုံး။
အုတ်ဂူကြီးရဲ့ ကမ္ဗည်းစာမှာ ‘ ဦးရာဘ။ အသက် ၆၄ နှစ်’ လို့ ရေးထားပြီး ကွယ်လွန်တဲ့ ရက်စွဲကိုလည်း ရေးထိုးထားသေးတယ်။ အချိန်အားဖြင့် ကြည့်ရင်တော့ ကွယ်လွန်ခဲ့တာ ဆယ်နှစ်ကျော်နေပြီ။
သုဘရာဇာဖိုးခွေးက ဒီအုတ်ဂူကြီးကို တူးဆွဖြိုဖျက်နေတာ။ အကြောင်းကတော့ ဒီရာဘဆိုတဲ့လူကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဆုံးပါးခဲ့တဲ့ သူဋ္ဌေးကြီးတစ်ယောက်ဖြစ်နေတာကြောင့်ပါ။
လက်တစ်လော အခြေအနေအရ သုဘရာဇာဖိုးခွေးတစ်ယောက် ငွေကြေးကို အရေးပေါ်လိုအပ်နေပါတယ်။
အကြောင်းကတော့ သူက ဘိန်းစားတစ်ယောက်ဖြစ်ပြီး လက်ထဲမှာ ငွေရှိရင် ရှိသလောက် ဘိန်းစေးကို ဝယ်ယူကာ သိမ်းဆည်းထားတတ်တယ်။
ဒါပေမယ့် လွန်ခဲ့တဲ့လပိုင်းက လူကုံထံအသိုင်းအဝိုင်းက လူတစ်ယောက် သေဆုံးရာမှာ ရွှေထည်ပစ္စည်းတချို့ပါဝင်ခဲ့တာကို သုဘရာဇာဖိုးခွေး မြင်မိခဲ့ပြီး ညဘက်မှာ အလောင်းပြန်ဖော်ခဲ့တယ်။
အလောင်းဆီက ရွှေလက်စွပ်နဲ့ ဆွဲကြိုး၊ တန်ဖိုးကြီးတဲ့ အိပ်ဆောင်နာရီတစ်လုံးတို့ကို ဖိုးခွေးရရှိခဲ့တယ်။ ဒါတွေကို အောက်စျေးနဲ့ သွားရောင်းပြီးနောက်မှာတော့ ရသမျှငွေကို ဆန်အနည်းငယ်နဲ့ ငါးဆခြာက်ငါးခြမ်းတွေ ဝယ်ပြီး ကျန်တာကို ဘိန်းစေးတွေချည်းသူဝယ်ခဲ့တယ်။
ဝယ်ခဲ့တဲ့ ဘိန်းစေးတွေကို တစ်နေ့တာအတွက် ပုံသေနှုန်းနဲ့ အသုံးပြုခဲ့တာမှာ နှစ်လကျော်ကျော်လောက်အထိ အသုံးခံခဲ့ပြီး အခုတော့ ပြတ်လပ်သွားခဲ့ပြီ။
ဒီကြားထဲမှာ မြို့ထဲဘက်က နာရေးကိစ္စတွေကလည်း ရှားပါးနေတော့ ဖိုးခွေး ကြံရာမရဘူး။ ဝယ်နေကျ တရုတ်ကြီးဆီကလည်း အကြွေးအနေနဲ့ ဘိန်းစေးသွားဝယ်ကြည့်သေးတယ်။
သူ့လို သုဘရာဇာတစ်ယောက်။ ပြီးတော့ ရုပ်သွင်ကလည်း ဆံပင်က ကျိုးတို့ကျဲတဲ၊ သွားတွေက မညီမညာ၊ ခြေတစ်ဖက်က ထော့ကျိုးဖြစ်နေတဲ့ သူ့ပုံက ငွေမပါရင် တစ်စက်မှ နှစ်မြို့စရာမရှိ။
ဒါတောင် ဘိန်းစေးရောင်းတဲ့ တရုတ်ကြီးက သူ့အပေါ်ကောင်းနေသေးတယ်။
ဘာကြောင့်ဆို အခြား မြို့ထဲက ဘိန်းစေးရောင်းကြတဲ့ အခြားသူတွေက သူ့ငွေကို သင်္ချိုင်းက ရတဲ့ငွေမို့ မသတီ၊ ဘယ်လောက်ပေးပေး မရောင်းပေးကြ။ တရုတ်ကြီးကတော့ သူ့ကို အခြားသူထက် အမြတ်ငွေပိုတင်ပြီး ရောင်းတယ်။ ဒီတစ်ချက်နဲ့တင်ပဲ တရုတ်ကြီးကို သုဘရာဇာဖိုးခွေးက ကျေးဇူးရှင်တစ်ယောက်လို ဦးထိပ်မှာ ထားရတာပေါ့။
ခွမ်းခနဲ အော်သံနဲ့အတူ အုတ်ဂူရဲ့ အောက်ခြေနေရာက အပေါက်ကြီးဖြစ်သွားခဲ့တယ်။.
ဖိုးခွေးလည်း ဝမ်းသာအားရဖြစ်သွားပြီး သူ့လက်အစုံတစ်ထဲ တံတွေးတစ်ချက် ထွေးထည့်လို့ လက်နှစ်ဖက်ကို ပွတ်ချေလိုက်ပြီး အပေါက်ကို ထပ်ချဲ့လိုက်တယ်။
လူတစ်ကိုယ်ဝင်စာရတော့ အထဲကို မီးအုပ်ဆောင်းကို အထဲထည့်ပြီးကြည့်တော့ နှစ်ကာလကြာနေပြီဖြစ်တဲ့ အထဲက အလောင်းကောင်ဟာ ဦးခေါင်းခွံတစ်ခုကလွဲပြီး အခြားမရှိတော့ဘူး။
ခေါင်းရင်းဘက်ဆီမှာ တစ်ထွာလောက်ရှိမယ့် သေတ္တာကလေးတစ်လုံးကို တွေ့ရတယ်။
သုဘရာဇာဖိုးခွေးလည်း အပေါက်ကနေ လျှိုဝင်လိုက်တယ်။
နောက်…အထဲက သေတ္တာလေးကို ယူပြီး ပြန်ထွက်ခဲ့ပြီး သူနေထိုင်ရာ တဲကုတ်လေးဆီကို အပြေးလာခဲ့တော့တာရယ်။
*******
‘ ဟာကွာ…တောက်…’
သေတ္တာကို ဖွင့်ကြည့်ပြီး သုဘရာဇာဖိုးခွေးအလွန်ပဲ စိတ်ပျက်သွားရတယ်။
အထဲမှာ လက်စွပ်ကလေးတစ်ကွင်းကလွဲပြီး ဘာမှ ရှိမနေဘူး။
ဖိုးခွေးလည်း စိတ်ပျက်လက်ပျက်နဲ့ လက်စွပ်ကို ကောက်ယူပြီး သေတ္တာခွံကို ကန်ထုတ်လိုက်တယ်။
ပြီးတော့ လက်စွပ်ကို တန်ဖိုးကြီးမကြီး၊ အသေအချာ အကဲခတ်လေ့လာကြည့်တယ်။
ရွှေ၊ ငွေ စတာတွေနဲ့ လုပ်ထားတဲ့ လက်စွပ် မဟုတ်ဘူး။ စိန်ကွပ်၊ ကျောက်ကွပ်လည်း မပါဘူး။
အရောင်ကလည်း ဖြူဖျော့ဖျော့နဲ့။ မှန်အိမ်အလင်းရောင်အောက်မှာမို့လို့လားတော့မသိ၊ အဝါဘက်ကို နည်းနည်းသမ်းနေတယ်။
လက်စွပ်ရဲ့ ခေါင်းပိုင်းမှာ ဘီလူးတစ်ကောင်ရဲ့မျက်နှာကို လက်ရာကျကျ ပုံသွင်းထွင်းထုထားလေရဲ့။
‘ လက်စွပ်ပုံကြည့်ရတာ တန်ဖိုးရှိမှာတော့ မဟုတ်ဘူး။ တောက်…လက်တွေနာတာပဲ အဖတ်တင်တယ်။ ဘာမှသုံးစားလို့မရဘူး…ဝှီး…’
သုဘရာဇာဖိုးခွေး စိတ်ပျက်လက်ပျက်ရေရွတ်ပြီး လက်စွပ်ကို တဲရဲ့ ကြမ်းခင်းဆီကို ပစ်ချလိုက်တယ်။
ပြီးတော့ သူ့ခါးပိုက်ထောင်ထဲက ဆေးလိပ်တိုကို သတိရပြီး ဖွာတယ်။ ဘိန်းစေးပြတ်လပ်နေတာမို့ ရှိတဲ့ အကပ်အသက်လေးကို ဒီဆေးလိပ်ထဲ မြှုပ်ထည့်ပြီး ချွေတာဖွာနေရတဲ့ သုဘရာဇာဖိုးခွေး။
တစ်ဖွာနှစ်ဖွာ ဖွာလိုက်တော့လူက စိတ်နည်းနည်းငြိမ်သွားသလို ခံစားလာရတယ်။
မှေးစင်းနေတဲ့ အကြည့်က ကြမ်းခင်းဆီက လက်စွပ်ဆီကို ပြန်ကြည့်မိလေရဲ့။
ဒီတစ်ခါတော့ သုဘရာဇာဖိုးခွေးရဲ့ စိတ်ထဲတစ်မျိုးတသ်ဖုံ ပြောင်းလဲသွားတယ်။
လက်စွပ်ကို ပြန်ကောက်ယူလိုက်ပြီး သူ့ရဲ့ ညာဘက်လက်သူကြွယ်ဆီမှာ စွပ်ချလိုက်မိရဲ့။
‘ ဝုန်း…’
လက်စွပ် လက်ဆီမှာ နေသားတကျဖြစ်ပြီဆိုတာနဲ့ ရုတ်တရက် အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာတာကို သုဘရာဇာဖိုးခွေး နောက်ဆုံး ကြားမိလိုက်ပြီး အာရုံတွေက မှောင်မိုက်သွားခဲ့ရပါတော့တယ်။
*******
မနက်မိုးလင်းချိန်…။
သုဘရာဇာဖိုးခွေးတစ်ယောက် နေမြင့်မှ အိပ်ရာက နိူးလာရတယ်။
နိုးနိုးချင်း သူ့ခေါင်းတစ်ခုလုံးက အုံခဲပြီး နောက်ကျိကျိနဲ့မို့ အနေရခက်လွန်းနေရလေရဲ့။
တဲပေါ်ကနေ ခြေထောက်တွေ မြေဆီချပြီး အုံခဲနေတဲ့ခေါင်းကို သက်သာလိုသက်သာငြား နားထင်ကို လက်နှစ်ဖက်နဲ့ ထောက်လို့ နှိပ်နယ်နေမိတယ်။
အဲ့ဒီ့အချိန် သုသာန်ဝဆီကို မြင်းလှည်းတစ်စီး ထိုးစိုက်လာတယ်။ ပြီးတော့ ညှိုးငယ်နေတဲ့ မျက်နှာထားနဲ့ လူနှစ်ယောက် ဆင်းလာပြီး သုဘရာဇာဖိုးခွေးရဲ့ တဲဆီကို ရောက်လာတယ်။
‘ ဗျို့…သုဘရာဇာကြီး ရှိလားဗျ…’
‘ ဟေ…ရှိတယ်ဗျို့ ဝင်ခဲ့ကြ…’
လူနှစ်ယောက်အထဲကို ဝင်လာကြတယ်။
‘ ကျုပ်တို့ အလုပ်အပ်ချင်လို့ပါ…’
အလုပ်ဆိုတဲ့စကားကြောင့် သုဘရာဇာဖိုးခွေး ခေါင်းတွေတောင် ကြည်သွားရသလိုပဲ။ လူနှစ်ယောက်ကို ကြည့်မိတော့ လူကုံထံအသိုင်းအဝိုင်းက အသွင်တွေ။
‘ ဟုတ်ကဲ့ ပြောပါဗျ…’
‘ ကျုပ်တို့ အုတ်ဂူတစ်လုံး အပ်ချင်ပါတယ်။ နေရာကောင်း မြေကောင်းကောင်းမှာ အကောင်းဆုံးလုပ်ပေးပါ။ တောင်းသလောက်ပေးပါ့မယ်…’
တစ်ဖက်က ငွေလမ်းခင်းလာတဲ့စကားကြောင့် သုဘရာဇာဖိုးခွေး အတော့်ကို ပျော်သွားရတာပေါ့။
‘ အဲ့ဒါဆိုရင်တော့ ကျုပ်ဘက်က အကောင်းဆုံး စီစဉ်ပေးပါ့မယ်။ ဒါနဲ့ ပန်းရံတွေလာမှာလား၊ ကျုပ် လုပ်ပေးရမှာလား…’
‘ ပန်းရံတော့ ကျုပ်တို့ဘက်ကမငှါးတော့ပါဘူး။ သုဘရာဇာကြီးပဲ အစ၊ အဆုံး စီစဉ်ပေးပါ…’
‘ ကောင်းပါပြီ။ ငွေအနေနဲ့တော့ ဆယ့်ငါးကျပ်ကျသင့်မယ်ဗျ…’
ဆယ့်ငါးကျပ်ဆိုတဲ့ငွေက ခေတ်ကာလအရတော့ တကယ့်ကို များပြားတဲ့ ပမာဏပါ။ ဒါပေမယ့် တစ်ဖက်က မငြင်းဆန်ဘူး။
‘ ကောင်းပါပြီ။ အခုကိုပဲ အားလုံး ပေးချေပါ့မယ်…’
ငွေဆယ့်ငါးကျပ်ပေးပြီး အလုပ်အပ်သူတွေ ပြန်သွားကြတယ်။
သုဘရာဇာဖိုးခွေးလည်း ငွေဆယ့်ငါးကျပ်ကို တစ်ဝက်ခွဲလိုက်ပြီး ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ ဘိန်းစေးရောင်းတဲ့ တရုတ်ကြီးဆီကို အပြေးသွားတော့တာပဲ။
ဟိုရောက်တော့ ဘိန်းစေးက အဖမ်းအဆီးများနေတာမို့ ငါးကျပ်ဖိုးကိုမှ သုံးလုံးပဲ ရခဲ့တယ်။
ဒါပေမယ့် သုဘရာဇာကြီးကျေနပ်ပါတယ်။
ရလာတဲ့ ဘိန်းစေးသုံးလုံးထဲက တစ်လုံးကို နည်းနည်းဖဲ့ပြီး ခံတွင်းဆီမှာငုံလိုက်တယ်။
နောက်တော့ သူအလုပ်အပ်နေကျ ပန်းရံဆရာသိန်းအေးဆီ ထွက်လာခဲ့တော့တာပေါ့…။
******
တစ်လခန့်ကြာခဲ့ပါပြီ။
သုဘရာဇာဖိုးခွေးတစ်ယောက် နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် အလုပ်က မပြတ်တော့ ဝင်ငွေက မှန်နေတယ်။
အလုပ်က မပြတ်ဆိုတာက မြို့ထဲကနေ တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို ပုံမှန်လူတစ်ယောက်သေနေတယ်။
ဒိတော့ မြေကျင်းတစ်မျိုး၊ အုတ်ဂူတစ်ဖုံ အလုပ်အပ်လာသူတွေကြောင့် ဝင်ငွေက ပုံမှန်ဖြစ်နေတယ်။
ဒါပေမယ့် သူမသိတာက ဒီလူတွေဟာ ဘာကြောင့် သေရလဲဆိုတာကိုပေါ့။
သူကလည်းသူလေ။
လုပ်စရာရှိတာလုပ်ပြီးတာနဲ့ သူ့တဲထဲမှာ ဘိန်းစေးငုံရင်း မှိန်းနေတတ်တာကိုး။
တစ်ရက်သားမှာတော့ အသက်နှစ်ဆယ်အရွယ် အချောအလှ မိန်းကလေးတစ်ယောက် သေဆုံးလေတယ်။
ဒိအခါမှာတော့ သုဘရာဇာကြီးဟာလည်း မိန်းကလေးအလောင်းအတွက် အုတ်ဂူလုပ်ပေးပြီး သူ့တဲထဲမှာ ပြန်ဝင်ပြီး နေနေလိုက်တယ်။
အလောင်းရောက်ချိန်မှာတော့ မိန်းကလေးဟာ လှပသူဆိုတဲ့ သတင်းကြောင့် သွားကြည့်ဖို့ ဆုံးဖြတ်ထားပြီး ဘိန်းစေးမငုံဘဲနေလိုက်တယ်။
တကယ်လည်း အလောင်းရောက်လာတော့ သုဘရာဇကြီးလည်း မယောင်မလည်နဲ့ သွားကြမိလေတယ်။
‘ အို ချောလိုက်တာ…’
သုဘရာဇာကြီး အလွန်ပဲ အံ့အားသင့်မိရတယ်။
အလောင်းက သိပ်ကို လှပလွန်းတဲ့ မိန်းကလေးပဲ။
သေနေတာတောင် ပစ်ရက်စရာမရှိအောင် လှပလွန်းနေသေးတာ။ ပစ်ရက်စရာမရှိအောင်ပဲ လှနိုင်လွန်းတဲ့သူမို့ သုဘရာဇာဖိုးခွေးစိတ်ထဲ အကြံတစ်မျိုးတောင် ကြ့်မိသေးတယ်။
ဒါပေမယ့် ဒါက ညမှ လုပ်ရမယ့် အစီအစဉ်။ အရင်ကလည်း သူလုပ်နေကျ။
ဒါပေမယ့် ဒိလိုမိန်းကလေးဟာ ဘာကြောင့်များ သေရသလဲဆိုတာကို သုဘရာဇာဖိုးခွေး သိချင်မိရတယ်။ ဒါကြောင့်…။
‘ ဘာဖြစ်တာတဲ့လဲ…’
သိချင်စိတ်နဲ့ နာရေးလာပို့သူတစ်ယောက်ကို မေးကြည့်တော့…။
‘ ဟာ…ခင်ဗျား ဘာမှမသိဘူးလား။ အခုလထဲကို မြို့ထဲမှာ အခေါင်းထမ်းထားတဲ့ မကောင်းဆိုးရွားတစ်ကောင် သောင်းကျန်းနေတယ်လို့ ပြောကြတယ်။ အဲ့ဒီမကောင်းဆိုးရွားကလူတွေကို စားသောက်တာမို့ ရက်ခြားဆိုသလို လူတစ်ယောက် သေနေရတယ်လို့ ပြောကြတာပဲ။ ဟုတ်မဟုတ်တော့ ကျုပ်လည်း သေချာမသိသေးဘူး။ ကောလဟာလသတင်းထွက်နေတာ။ ဒါပေမယ့် လူတွေ အကောင်းကြီးကနေ သေသေနေတာကတော့ ဒီတစ်လအတွင်းကို လူဆယ်လေးငါးယောက်လောက်ရှိပြီ…’
‘ ဟာ…ဖြစ်နိုင်ပါ့မလား။ မကောင်းဆိုးရွားက စားတာ ဟုတ်ပါ့မလားဗျာ…’
‘ ဒါတော့ ဘယ်ပြောတတ်ပါ့မလဲဗျ။ မြို့ထဲမှာ ဖြစ်နေတဲ့ ကောလဟာလသတင်းကို ပြောပြတာ။ သတင်းကတော့ အတော်ကြီးနေတယ်။ အခုဆို တစ်မြို့လုံး အကာအရံတွေလည်း လုပ်သူလုပ်ကြနဲ့။ မြင်ဖူးတဲ့သူတွေလည်း မြင်ဖူးကြတယ်လို့တော့ ပြောကြတာပဲ။ အခုလည်း ဒီမိန်းကလေးဆို အကောင်းကြီးကနေ သေသွားတာ။ ညမအိပ်ခင် မိသားစုနဲ့အတူ စကားထိုင်ပြောကြသေးတယ်တဲ့။ မနက်ကျမှ အိပ်ရာထဲမှာ သေနေတာလို့ ပြောတယ်။ ဒိမိန်းကလေးအပြင် မြို့ထဲမှာလည်း နောက်ထပ်နာရေးနှစ်ခုလောက် ရှိသေးတယ်။ ခင်ဗျားဆီ ရောက်လာဦးမှာပဲ။ ဪ… ပြီးတော့ ကောလဟာလနောက်တစ်ခုက အဲ့ဒီမကောင်းဆိုးရွားက မြို့ထဲကို လာရင် ဒီသုသာန်ဘက်ကနေ လာတာတဲ့။ ခွေးတွေက ဒီဘက်ကနေ အရင်အူတာလို့ ပြောကြတယ်။ ခင်ဗျားလည်းသတိထားဦး…’
ကြားရတဲ့ သတင်းက ကောလဟာဠို့ ခေါင်းစဉ်တပ်ထားတယ်။
ဒါပေမယ့် ဒီကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သုဘရာဇာဖိုးခွေးက မဖြစ်နိုင်တဲ့ အရာဆို ဘယ်သူက ဘယ်လိုပြောပြောယုံကြည်တတ်တဲ့သူ မဟုတ်ဘူး။ ပြီးတော့ မကောင်းဆိုးရွားက သုသာန်ဘက်ကလာတာတဲ့။ မဖြစ်နိုင်တာ၊ ရယ်စရာပဲလို့ တွေးမိတယ်။
တကယ်တမ်း မကောင်းဆိုးရွားက လူတွေကို စားတယ်ထားဦး။ သုသာန်ဘက်ကလာတာဆိုရင် သူ့ကိုအရင်ဆုံး အဲ့ဒီ့မကောင်းဆိုးရွားက စားရမှာလေ။ ဘာလို့ မစားဘဲတာလဲ။ နီးနီးရှိနေတဲ့ သူ့ကို လွန်ပြီး ဘာလို့ မြို့ထဲက လူတွေကို စားနေတာလ။
သုဘရာဇာဖိုးခွေး စိတ်ထဲကနေ တွေးရင်း လူတွေကို လှောင်ပြုံးပြုံးမိတယ်။ မှန်တာပြောရရင် သူက မကြောက်တတ်လို့ လူတကာ ခြေမချဝံ့တဲ့ သုသာန်ဆီမှာ တစ်ယောက်ထဲ နေတာ။ ပြီးတော့ ဒီညကို သူ တစ်စုံတစ်ခုတောင် လုပ်ဦးမှာရယ်။
အကြောင်းကတော့ လူတကာသိလို့မှမကောင်း။
သူလည်း ပုထုဇဉ် လူသားတစ်ယောက်။ သူ့မှာလည်ားကိလေသာတွေ တဏှာတွေဆိုတာရှိတယ်။ ဒါပေမယ့် ရုပ်ဆိုးပြီး အသွင်ကြမ်းလွန်းလို့ ဘယ်ဣထ္ထိယကမှ သူ့ကို စိတ်မဝင်စားကြဘူး။
သူ့ကို မြင်တာနဲ့တင် အဝေးက ရှောင်လေတာ။ ဒီတော့ သူ့ရဲ့ အမှောင်စိတ်တွေကို ဖြေဆည်ဖို့ရာက တစ်ခုပဲ ရှိတယ်။
ဒါက မိန်းမအလောင်းတွေရောက်တဲ့အခါ ရုပ်အသွင် မပျက်ဆီးသေးပါက သူ့ရဲ့ ဆန္ဒတွေကို အဲ့ဒိ့အလောင်းနဲ့ ဖြေတတ်တာပါ။
အခုညကို သူ ဟိုမိန်းကလေးအလောင်းကို ဒီလိုလုပ်မယ်လို့ မှန်းထားတယ်။
သုဘရာဇာဖိုးခွေး အတွေးတွေတွေးပြီး သူ့တဲဆီကို ပြန်လာခဲ့လိုက်တယ်။
တဲကိုရောက်တော့ ဘိန်းစေးတစ်ဖဲ့ကို ဖဲ့လို့ အသာငုံပြီး ဇိမ်ယူလို့ မှေးနေလိုက်တော့တာရယ်။
******
ညဦးပိုင်းအချိန်က သုသာန်တစ်စပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။
သုသာန်အရှေ့လမ်းဆီမှာ လူသွားလူလာပြတ်တောက်သွားပြီဆိုတာနဲ့ သုဘရာဇာဖိုးခွေးတစ်ယောက် သူ ရည်ရွယ်ထားတဲ့အလုပ်ကို စဖို့ ပြင်ဆင်တယ်။
မိန်းကလေးအလောင်းက မြေမြှုပ်ထားတာမို့ ပေါက်တူးတစ်လက်ကို သုဘရာဇာဖိုးခွေး ဆွဲခဲ့တယ်။
ညက အစောပိုင်းပဲ ရ်ှသေးတာမို့ မီးအိမ်ကို သူမသုံးဘူး။
ကြယ်ရောင်အချို့ကို အားကိုးပြီး မြေပုံဆီကို လှမ်းခဲ့လိုက်တယ်။
သွားနေကျ နေရာတွေမို့ အခက်အခဲက မရှိ။
သာမန်လူတစ်ယောက်အတွက်ဆိုရင်တော့ မြေပုံမို့မို့တွေ၊ အုတ်ဂူ ဖြူဖြူမည်းမည်းတွေနဲ့ ခြံနွယ်ပင်တွေအကြား အခုလို သွားလာရရင် သွေးပျက်ခြောက်ခြားနေမှာ သေချာပေမယ့် အခု သုဘရာဇာဖိုးခွေးကတော့ သူနေထိုင်ရာ၊ သူကျက်စားရာနေရာမို့ အေးအေးလူလူပါပဲ။
မိန်းကလေးရဲ့ မြေပုံအသစ်ကလေးကို ကြယ်ရောင်အောက်မှာ ဖွေးဖွေးလေး လှမ်းတွေ့ရတယ်။ မကြာဘူး သုဘရာဇာဖိုးခွေး မြေပုံဆီကို ရောက်ပြီး တူးဆွလိုက်တယ်။
လုပ်နေကျအလုပ်မို့ သူ့အတွက် အခက်အခဲမရှိ။
အချိန်အတိုင်းအတာတစ်ခုအရောက်မှာတော့ မြေကျင်းထဲက ခေါင်းတလားကို မြင်ရပြီ။
မြှုပ်စဉ်တုန်းက အခေါင်းက ပိတ်ထားတာမို့ ပေါက်တူးနဲ့ ရိုက်ဖွင့်ရတယ်။
အဖုံးပွင့်သွားတော့ မြေကျင်းထဲကို ဆင်းဖွင့်ပြီး အလောင်းကို အပေါ်ဘက် ဆွဲမယူလိုက်တယ်။ အလောင်းက သုံးရက်ထားတာမို့ တောင့်တင်းနေပြီ။
ဒါပေမယ့် ဒါက သုဘရာဇာဖိုးခွေးအတွက်တော့ မှုစရာမဟုတ်။ အလောင်းကို မြေပေါ်ချလိုက်တယ်။ ပြီးတော့ သူ့ ခါးကြားမှာ ထိုးလာတဲ့ ပုလင်းတစ်ခုကို ထုတ်ပြီး မြေဆီချလိုက်လေရဲ့။
နောက်တော့ သူ့စိတ်အာသီသပြေစေဖို့ အလောင်းကို ဟိုဟိုဒီဒီပွတ်သပ်နေချိန်…။
‘ ဝုန်း…’
နားထဲမှာ ဟိုတစ်ခါကလို ဝုန်းခနဲ အသံကို ကြားလိုက်ရပြီး သုဘရာဇာဖိုးခွေးရဲ့ အသိစိတ်တွေ အမှောင်ထုထဲဆီကို ရောက်သွားရလေတော့တာပဲ။
သုဘရာဇာဖိုးခွေး သတိလစ်သွားရပြီးနောက်မှာတော့…။
သုသာန်ထဲဆီက ခေါင်းတလားလို အရာတစ်ခုကို ထမ်းထားတဲ့ အရိပ်ကြီးတစ်ခုက ထွက်လာခဲ့တယ်။
အဲ့ဒီအရိပ်မည်းကြီးကို ထွက်လာပြီး မကြာဘူး။ ခွေးအူသံတွေက စီခနဲပါပဲ…။
******
မနက်အာရုံကျင်းချိန်မှာ သုဘရာဇာဖိုးခွေးတစ်ယောက် နိုးထလာရတယ်။
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အာရုံကျင်းစ နီကျင်ကျင် ကောင်းကင်ယံကြီးက သူ့မျက်နှာပေါ်မှာ။
‘ ဟာ…ငါဘယ်ကိုရောက်နေတာလဲ။ တဲထဲ အိပ်နေတာ မဟုတ်ဘူးလား…’
သုဘရာဇာဖိုးခွေး သူ့ဘာသာ ပြန်တွေးတယ်။
တွေးလို့မဆုံးသေးဘူး။ နံဘေးဆီက အေးစက်စက်အထိအတွေ့ကြောင့် ကြည့်မိလိုက်တော့…။
‘ ဟာ…’
မနေ့တုန်းက မိန်းကလေးအလောင်းက သူ့နံဘေးမှာ ဆန့်ဆန့်ကြီး။
သုဘရာဇာဖိုးခွေးရဲ့ ခေါင်းထဲမှာ ညတုန်းက အဖြစ်အပျက်တွေက အစီအရီ ပေါ်လာတယ်။
သူ ဒီအလောင်းကို ပြုမူဖို့အတွက် ကြံရွယ်ပြီး ပြန်ဖော်တာတွေ၊ ပြီးတော့ အလောင်းကို မချီပြီး ကိစ္စဝိစ္စအတွက် ကြိုးပမ်းတာတွေ။ နောက်တော့ ထွက်ပေါ်လာတဲ့ ဝုန်းခနဲဆိုတဲ့ အသံ။
အဲ့ဒီ့အသံနောက်ပိုင်း ဘာဆက်ဖြစ်တယ်ဆိုတာကို သုဘရာဇာဖိုးခွေး လုံးဝ စဉ်းစားမရဘူး။
‘ ငါ ကြာကြာစဉ်းစားနေလို့ မရဘူး။ ဒီအလောင်းကို မြေပြန်မြှုပ်မှရမယ်။ မဟုတ်လို့ တစ်ယောက်ယောက် မြင်သွားရင်…’
သုဘရာဇာဖ်ိုးခွေးလည်း မိန်းကလေးအလောင်းကို ပြန်မချီပြီး သူ့အခေါင်းထဲကိုသူ ပြန်လည်ထည့်လိုက်တယ်။ ပြီးတော့ အဖုံးကို ဖြစ်သလို ပြန်အုပ်လိုက်ပြီး မြေကြီးတွေကို ယက်ချလို့ ပုံစံမပျက် ပြန်ဖို့လိုက်တော့ရဲ့။
အဲ့ဒီနောက်တော့ သူ့တဲဆီကို သူပြန်လာခဲ့တယ်။
တဲကိုရောက်တော့ မျက်နှာတောင် မသစ်နိုင်ဘူး။
ညတုန်းက အဖြစ်အပျက်ကို သူပြန်စဉ်းစားတယ်။ ဘယ်လိုမှ စဉ်းစားလို့မရဘူး။
သူ ဘာဖြစ်သွားတာပါလိမ့်…။
*******
ထိန်ပင်မြို့လေးက လူတွေ အတော့်ကို ခြောက်ခြားနေကြရပြီ။
တစ်လအတွင်း လူတွေ တစ်ယောက်ပြီးသတ်ယောက် အကြောင်းမဲ့ သေနေကြရတယ်။ နာရေးတွေကလည်း မြို့ထဲမှာ တစ်ခုပြီးတစ်ခု ဆက်နေကြတာပဲ။ နေ့စဉ်နဲ့ အမျှ သုသာန်ဆီကို နာရေးပို့နေရတာကလည်း အလုပ်တစ်ခုလို ဖြစ်နေပြီ။
ပြီးတော့ ကောလဟာလသတင်းက ညစဉ်တိုင်း မြို့ထဲကို ပတ်နေတဲ့ ခေါင်းတလားထမ်းတဲ့ မကောင်းဆိုးရွားတဲ့။
ဒိမကောင်းဆိုးရွားကြောင့် လူတွေသေနေတာလို့ ပြောနေကြတယ်။
အချို့က အိမ်တွေမှာ စာရေးကြတယ်။
လူအသားခါး၊ ခွေးအသားချိုတို့ ဘာတို့ညာတို့…။
ဒါပေမယ့် ဒီကောလဟာလက တစ်လောက သေသွားတဲ့ အရက်သမား အောင်ကြီးရဲ့ ကိစ္စမှာတော့ ပိုပြီး သတင်းကြီးလာတယ်။
အရက်သမားအောင်ကြီးသေတဲ့အချိန် အတူသောက်နေတဲ့သူတွေက ဒီမကောင်းဆိုးရွားကို မျက်ဝါးထင်ထင် မြင်ခဲ့ကြတာဆိုပဲ။
အဲ့ဒီ့ညက သူတကာတို့ ကောလဟာလ မကောင်းဆိုးရွားကို ကြောက်ပြီး အိမ်တံခါးတွေ အစောကြီးပိတ်ပြီး ရှိနေကြချိန်မှာ အောင်ကြီးတို့လူစုကတော့ မြို့ထဲက လမ်းဆုံမှာ အရက်ထိုင်သောက်နေကြတယ်တဲ့။
သောက်နေရင်း အတော်လေး ရေချိန်ကိုက်လာတော့ အောင်ကြီးရဲ့ အနောက်မှာ ခေါင်းတလားထမ်းတဲ့ မကောင်းဆိုးရွားကြီးက ရုတ်တရက် ပေါ်လာတယ်။
ပေါ်လာပြီး ချက်ချင်းဆိုသလိုပဲ အောင်ကြီးဆီကို အခေါင်းကြီး ပစ်ချတယ်တဲ့။ အောင်ကြီးတစ်ယောက် နေရာမှာတင် အစ်ခနဲ လဲကျသေသွားတယ်။
ကျန်တဲ့သူတွေကတော့ အဖြစ်အပျက်ကြောင့် အမူးတွေပြေ၊ သွေးပျက်ပြီး အော်ဟစ်ပြေးကြတယ်။
အချို့ကတော့ အောင်ကြီး သူ့ဘာသာသူ အရက်သီးပြီးသေတာကို ကျန်သူတွေက မူးမူးရူးရူးနဲ့ ဖင်ရာစွတ်ပြောတာလို့ ထင်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်အပြီး နောက်ပိုင်းတွေမှာ ခေါင်းတလားထမ်းတဲ့ မကောင်းဆိုးရွားရဲ့ ကောလဟာလက အမှန်တကယ်ကြီးလိုလိုကို ပြောဆိုလာကြတော့တာပဲ။
နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းတွေက သေမယ့်သူရဲ့ နံဘေးမှာ မကောင်းဆိုးရွားကောင်ပေါ်လာတယ်။ ပြီးတော့ အဲ့ဒီ့သူဟာ သေတော့တာပဲလို့ ဆိုကြတယ်။
အချို့ကျတော့ လမ်းပေါ်မှာ သွားလာနေတာကို မြင်ရတယ်ဆိုပြန်ရော။
မကောင်းဆိုးရွားကြီးက ခေါင်းတလားကြီးကို ထမ်းလို့ ခွေးတစီစီနဲ့ သွားနေတာတဲ့လေ။
လူတွေသေတာကလည်း ဆက်တိုက်ဆိုသလိုဖြစ်လာတော့ မြို့က တာဝန်ရှိသူတွေကလည်း စုံစမ်းကြတယ်။ ရဲတွေလည်း လက်နက်တွေနဲ့ ညဘက်ဆို ကင်းလှည့်တာတွေ ကင်းစောင့်တာတွေ ပြုကြတယ်။
ဒါပေမယ့် မထူးပါဘူး။ လူတွေက အကြောင်းမဲ့ သေမြဲသေနေတာပါပဲ။
နောက်တော့ ကောလဟာလသတင်းဆီက မကောင်းဆိုးရွားကို မြို့ခံလူထုက ကြောက်တတ်လာပြီး ညဘက်ဆို တံခါးတွေ အစောကြီးပိတ်၊ အပြင်ကို မထွက်ကြတော့ဘဲ အိမ်ထဲမှာပဲ နေကြလေတော့တယ်။
******
‘ ချီလေတဲ့ ခန္ဓာဝန်…မတိုင်ခင် ချုပ်ငြိမ်း။ ဒါတွေဟာ ဘာကြောင့်လဲပေါ့ အတိတ်ကြောင်းနဲ့ ချီကာရယ် ပြောရရင်ဖြင့် မောင်ကြံရယ်။ အနှိမ်ခံရယ် ဘဝကြီးနဲ့ လူတွေကို စိတ်နာတယ်။ အပါယ်လားမယ့် ပညာရပ်ကို အသုံးချလို့ သေကြောင်းရယ်တဲ့ ကြံစည်လေတော့တယ်…’
မနက်ဘက်ကြီး ထိန်ပင်မြို့ထဲက လမ်းဆုံတွေမှာ အော်ရင်းဟစ်ရင်း ကခုန်ဝင်လာတဲ့ သူရူးတစ်ယောက်။
ဒီအကြောင်းအရာကိုပဲ ထပ်ဖန်တလဲလဲရေရွတ်နေတယ်။ ပြီးတော့ ကခုန်တယ်။ ပြီးတော့ ငိုပြန်တယ်။ ပြီးရင် အားရပါးရ ရယ်နေပြန်ကော။
လမ်းသွားလမ်းလာအချို့က သူရူးကို ကြည့်ကြတယ်။ အချို့ကတော့ ဂရုတောင် မစိုက်ကြဘူး။
ဒီလိုနဲ့ နေ့လည်ဘက်အထိ သူရူးက မြို့ကို လှည့်ပတ်သွားနေတယ်။
ဗိုက်ဆာလာတော့ မြို့အစွန်က ဘုန်းကြီးကျောင်းဆီကို ဝင်လေတယ်။
ဆွမ်းကျန်အချို့ကို တောင်းယူစားသောက်တယ်။
သူရူးစားသောက်နေတဲ့အချိန် ကျောင်းဆီက ဆွမ်းစားကျောင်းကိုယ်တော် ဥူးပဇ္ဇင်း ကောဝိဒက ကြွလာပြီး…။
‘ တကာကြီး စားသောက်လို့ရော အဆင်ပြေရဲ့လား…’
ဥူးပဇ္ဇင်းရဲ့ အမေးကြောင့် သူရူးက ထမင်းဟင်းတွေ ပေပွနေတဲ့ လက်အစုံကို ကပြာကယာလက်အုပ်ချီလိုက်လို့…။
‘ တင်ပါ့…တပည့်တော် စားသောက်လို့ ကောင်းပါတယ်…’
‘ အင်း…ဟုတ်ပါပြီဗျာ။ ဒါဖြင့်လည်း ဆက်စားချေဦး…’
‘ ကုန်ပါပြီ ဘုရား…’
‘ ထမင်း ထပ်ယူဦးမှာလား…’
‘ မယူတော့ပါဘူး ဘုရား။ တပည့်တော် ဗိုက်ကြီးပေါက်ထွက်တော့ပါမယ် ဘုရား…’
သူရူးက ထမင်းတွေအများကြီး စားထားတာမို့ ပူကားနေပြီဖြစ်တဲ့ သူ့ဗိုက်ကိုသူ ပွတ်ပြီး ဖြေတယ်။
ဥူးပဇ္ဇင်းက သဘောကျလို့ ခေါင်းကို ည်တ်လိုက်ပြီး…။
‘ ဒါနဲ့ တကာကြီးက ဘယ်က လာတာလဲကွယ့် ‘
‘ တပည့်တော်က နတ်ပြည်ကလာတာပါဘုရား ‘
‘ ဟော…’
ဥူးပဇ္ဇင်းလေး ပြုံးစစဖြစ်သွားတယ်။
ဪ…ဒါနဲ့ အရှင်ဘုရား။ တပည့်တော်ကို ဘိုးသိကြားက လွှတ်လိုက်တာပါ။ ဒီအရပ်မှာ မကောင်းဆိုးရွားတစ်ကောင် လူတွေကို သတ်နေတဲ့အတွက် နှိမ်နင်းခဲ့ပါဆိုလို့ပါ ဘုရား…’
‘ ဟင်…မကောင်းဆိုးရွား ဟုတ်လား။ ဒီအကြောင်းက မြို့ထဲမှာ ကောလဟာလလိုလိုပျံ့နေတာတော့ ဥူးဇင်းလည်း ကြားမိတယ်။ နာရေးတွေကလည်း ဆက်နေတာ မှန်ပါရဲ့။ ဥူးဇင်းတို့လည်း ပက့်ဖိတ်လို့ ကြွကြရတယ်လေ။ ဒါပေမယ့် အချို့ကလည်း ရောဂါဘယကြောင့်လို့ ပြောနေတော့ မကောင်းဆိုးရွားကြောင့်ဆိုတာ ဟုတ်၊ မဟုတ် တိတိကျကျတော့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမယ့် ဥူးဇင်းတို့လည်း အချို့ပင့်ဖိတ်ရာကို ပရိတ်တရားတော်တွေ သွားရွတ်ပေးဖြစ်ပါတယ်။ ဒါကို တကာက ဘယ်ကဘယ်လိုများ သိတာလဲ…’
‘ ဪ…အရှင်ဘုရားရယ်။ တပည့်တော်က ဘိုးသိကြားက လွှတ်လိုက်တဲ့သူပါဆို တပည့်တော်သိတာပေါ့။ တကယ်တော့လေ အဲ့ဒါက အစီအရင်တစ်ခုကြောင့် ဖြစ်လာတဲ့ ဘီလူးတစ်ကောင်ပါဘုရား။ အစီအရင်ပြုသူဟာ မောင်ကြံလို့ အမည်ရတဲ့လူတစ်ယောက်ပါ။ သူဟာ လူတွေကို မုန်းတီးတာမို့ အောက်လမ်းအတတ်နဲ့ ခေါင်းတလားထမ်းထားတဲ့ ဘီလူးတစ်ကောင်ကို စီရင်ခဲ့ပါတယ်။ ဒါကို စီရင်တာ ကြာပြီဖြစ်ပြီး ဆရာတစ်ယောက်က လွန်ခဲ့တဲ့ နှစ်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပြန်ပါတယ်။ အခုတော့ ဘယ်လိုကြောင့် ဒီအစီအရင်ဟာ ပြန်ပြီးပေါ်ထွက်လာတာလဲ မသိရသေးပါဘူး။ အစီအရင်ဖြစ်တာကြောင့် သူ့ရဲ့ အရင်းအမြစ်ကို မသိရရင် နှိမ်နင်းမောင်းထုတ်ဖို့ရာတော့ တကယ် ခက်ပါတယ် ဘုရား…’
ဥူးပဇ္ဇင်းလေးက အခုနကနဲ့မတူ တည်တည်ငြိမ်ငြိမ်နဲ့ ပြောနေတဲ့ သူရူးကို ကြည့်ပြီး အံ့သြမိနေတယ်။
‘ တကာကြီး…ဒါဆို ဘယ်လိုလုပ်ကြမလဲ…’
‘ အရှင်ဘုရား တပည့်တော်ကို တစ်ခု ကူညီပေးပါဘုရား…’
‘ ပြောပါ တကာ…’
‘ အခြားတော့မဟုတ်ပါဘူး ဘုရား။ ဒီညကို မြို့ဆီကလူတွေ အပြင်ကို မထွက်ဖို့ နှိုးဆော်ပေးပါဘုရား။ ပြီးတော့ အားလုံးတစ်စုတစ်စည်းထဲ နေပေးကြဖို့ ပြောပေးပါ ဘုရား။ ပြီးတော့ ဒီအင်းစာရွက်လေးတွေကို အိမ်တကာရရှိအောင် မျှဝေပေးပြီး အိမ်တွေမှာ ကပ်ပေးထားပါလို့ ပြောပေးပါဘုရား။ နောက်တစ်ခုကတော့ ဒီညကို တပည့်တော် လုပ်မယ့်အရေးအတွက် ဘယ်သူမှ မသိစေချင်ကြောင်းပါ ဘုရား…’
‘ ကောင်းပြီလေ တကာတော်…’
‘ ဒါဖြင့်လည်း တပည့်တော် ဒီက အိုးခွက်ပန်းကန်တွေ ဆေးကူပြီး သွားနားတော့မယ် ဘုရာ့…’
သူရူးက ပြောပြောဆိုဆို သူစားထားတဲ့ ပန်းကန်တွေနဲ့ စားပွဲထက်ဆီမှာ ရှိနေတဲ့ ဆေးကြောရမယ့် ပန်းကန်တွေကို သိမ်းယူပြီး ရေကပြင်ဆီမှာ သွားဆေးလေတယ်။
ကျန်ရစ်သူ ဥူးပဇ္ဇင်းကလေးမှာတော့ ထူးဆန်းနေတဲ့ သူရူးကို ကြည့်ပြီး နားလည်ရခက်ခက်ဖြစ်နေခဲ့တာပေါ့…။
အိုးခွက်ပန်းကန်တွေ၊ သပိတ်တွေကို ဆေးကြောပြီးနောက်မှာတော့…။
သူရူးက ကျောင်းပေါ်က ဆင်းသွားတယ်။
မဆင်းခင်မှာ လှေကားအတက်အဆင်းကနေ ကျောင်းမကြီးဆီက ဘုရားဆင်းတုကို လှမ်းပြီးတော့ ရိုရိုကျိုးကျိုးနဲ့ ဦးခိုက်သွားခဲ့သေးလေတာရယ်။
ပြီးတော့မှ ကျောင်းပေါ်က ဆင်းသွားပြီး ကျောင်းတိုက်ကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ စေတီကလေးဆီသွားပြီး လှဲအိပ်နေတော့တာပဲ။
သူရူးထွက်သွားပြီးတော့ ဥူးပဇ္ဇင်းလေးက သူရူးစကားကို ဆရာတော်ဆီ လျှောက်ထားတယ်။
ဆရာတော်ကလည်း…။
‘ အင်း…သူတို့က လောကီသမားတွေဆိုတော့ လောကီရေးရာ လောကီနည်းနဲ့ လုပ်ပါစေပေါ့။ တို့တတွေဘက်ကကျ တကာ၊ တကာမတွေလှူတဲ့ ဆွမ်းကို ဘုန်းကြရတဲ့သူတွေဆိုတော့ ဆွမ်းကျေးဇူးကို နိုင်တဲ့နေရာက ဆပ်ကြရမှာပေါ့။ ကဲ…အရှင်ကောဝိဒ။ ကိုယ်တော်ကိုယ်တိုင်ပဲ ကျောင်းက ရဟန်းတွေ ကိုရင်တွေနဲ့ ဟိုတကာကို ကူညီပေးလိုက်ပါ…’
ဆရာတော်ဆီက မိန့်ကြားမှုကို ရရှိပြီမို့ အရှင်ကောဝိဒလည်း ကျောင်းက ရဟန်းသုံးပါနဲ့ ကိုရင်ငါးပါးကို ခေါ်ပြီး မြို့ထဲဆီမှာ သူရူးပေးခိုင်းတဲ့ အင်းတွေကို အိမ်ပေါက်စေ့ လိုက်ဝေပါတယ်။ ပြီးတော့ သူရူးပြောတဲ့စကားလိုပဲ ဘယ်သူမှ အိမ်ကမထွက်ကြဖို့၊ ပြီးတော့ အားလုံး စုဝေးပြီး နေကြဖို့ကို မှာတယ်။
ထိန်ပင်မြို့ဆိုတာက မြို့ငယ်ကလေးတစ်မြို့သာဖြစ်တယ်။
ပြီးတော့ မြို့ထဲက တကာတွေကလည်း အင်းချပ်တွေကို ကူညီဖြန့်ဝေပေးတာကြောင့် ညနေစောင်းချိန်မှာတော့ အလုံးစုံ ပြီးဆုံးခဲ့ပါပြီ။
ကျောင်းဆီကို ပြန်ရောက်တော့ အရီင်ကောဝိဒတို့ သူရူးက စေတီလေးဆီမှာ ရှိမနေတော့ဘူး။
အရှင်ကောဝိဒလည်း ထူးဆန်းတဲ့သူရူးဟာ သာမန်မဟုတ်ဘူးလို့ တွေးမိနေတော့တာပေါ့။
*******
ညအချိန် ထိန်ပင်မြို့လေးဆီမှာ လူသံသူသံတွေ အားလုံး တိတ်ဆိတ်နေတယ်။
နေ့လည်က မြို့ဦးကျောင်းဆီက ဥူးပဇ္ဇင်းတွေရဲ့ ပြောကြားချက်အတိုင်း အားလုံး နေမဝင်ခင်မှာဘဲ အိမ်တွေမှာ အင်းချပ်တွေကပ်ကြလို့ မိသားစုတွေအကုန် အိမ်ထဲမှာ စုဝေးပြီး ရှိနေကြတာ အခု ညဥ့်နက်ချိန်အထိပေါ့…။
အဲ့ဒီ့အချိန် မြို့ပြင်ဆီက သုသာန်ဆီမှာတော့ သုဘရ ဇာဖိုးခွေးတစ်ယောက် ဘိန်းစေးငုံပြီး မှိန်းနေတယ်။
သူ့အာရ့်ုတွေက တစ်စုံတစ်ခုဆီမှာပဲ စူးနစ်နေပြီး မျက်ဝန်းတွေက မှေးစင်းရင်း ရှိနေတယ်။
‘ ဖရော…ဝေါ…’
ရုတ်တရက် တဲအတွင်းမှာ လေပြင်းကြမ်းကြမ်းကလေးတစ်ခုက ဝေ့ခနဲ ဖြစ်သွားတယ်။
မီးအုပ်ဆောင်းအောက်ဆီက ဖရောင်းတိုင်မီးတောင် လေအဝေ့ကြောင့် ယိမ်းထိုးသွားလေရဲ့။
အေးခနဲ ဖြစ်သွားတာကြောင့် မှေးစင်းနေတဲ့ သုဘရာဇာဖိုးခွေးရဲ့ မျက်ဝန်းတွေ ဖွင့်ကြည့်လာတယ်။
မျက်ဝန်းတွေ ပြန်မှိတ်ဖို့ တွေးလိုက်စဉ်မှာပဲ ရုတ်တရက် လက်စွပ်ထဲကနေ ဖြူစွတ်စွတ် အခိုးအငွေ့တချို့ တိုးထွက်လာတာကို မြင်လိုက်ရတယ်။
‘ လက်စွပ်က အခိုးအငွေ့တွေ ထွက်လာပါလား…’
တွေးနေမိတုန်းမှာပဲ လက်စွပ်ဆီက အငွေ့တွေက ပိုထွက်လာပြီး သိပ်သည်းလာကာ တဲရဲ့ ခေါင်းမိုးအနားထိ အလုံးလိုက်ကြီး ထိုးတက်သွားတယ်။
ပြီးတော့ အားလုံးတစ်စုတစ်စည်းထဲ တဲအပြင်ကို ရွေ့လျားလို့ တိုးထွက်သွားပြီး ‘ ဝုန်း’ ဆိုတဲ့ အသံနဲ့အတူ ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
လရောင်က ထိန်ထိန်ဖြာနေတော့ မြင်ကွင်းက ရှင်းရှင်းလင်းလင်းရှိနေတယ်။ သုဘရာဖိုးခွေး အလွန်ပဲ အံ့အားသင့်ပြီး ကြည့်နေတုန်း အခိုးအငွေ့တွေက လုံးထွေးသွားကုန်ပြီး ပျောက်ကွယ်သွားချိန်မှာ ကြောက်မက်ဖွယ်ရာအဆင်းနဲ့ မကောင်းဆိုးရွားကြီးတစ်ကောင်ရဲ့ သဏ္ဍာန်က ထင်ရှားပေါ်လွင်လာတယ်။
‘ ဒါက ဘာကောင်ကြီးလဲ…’
အရပ်ရှည်ရှည်၊ အမွေးဖွားဖွားနဲ့ အရုပ်ဆိုးအကျည်းတန်လှတဲ့ မကောင်းဆိုးရွားကြီးတစ်ကောင်။
ပခုံးထက်ဆီမှာ ခေါင်းတလားကြီးတစ်လုံးကိုလည်း ထမ်းထားသေးတယ်။
မကောင်းဆိုးရွားကောင်ကြီးကြောင့် စောစောနက ဘိန်းမှေးမှေးနေခဲ့တဲ့ သုဘရာဇာဖိုးခွေးရဲ့ မျက်လုံးတွေဟာ အခုတော့ ဝိုင်းစက်ပြူးကျယ်သွားရတယ်။
ပြီးတော့ အာရုံတွေဆီမှာ ဟိုဘက်ရက်တုန်းက နာရေးလာပို့တဲ့လူ ပြောသွားတဲ့ စကားကို ပြန်ကြားမိလာတယ်။
‘ မကောင်းဆိုးရွားကောင်ကြောင့် လူတွေသေနေတာ။ သုသာန်ဘက်က လာတာတဲ့…’
နားထားမှာ ပဲ့တင်လာတဲ့ စကားသံတွေကို နားထောင်ပြီး သုဘရာဇာဖိုးခွေး သူ့ဘဝမှာ မဖြစ်စဖူး ကြက်သီးမွေးညှင်းတွေတောင် ထလာရသလိုပဲ။ ဒါပေမယ့် နဂိုကတည်းက သုသာန်မှာနေ၊ လူသေတွေနဲ့ ယဉ်ပါးခဲ့သူဆိုတော် ကြောက်စိတ်ကင်းခဲ့သူဆိုတော့ အလွန်တစ်ရာကြီး ထိတ်လန့်တာမျိုးတော့ မဖြစ်ဘူး။
မကောင်းဆိုးရွားကြီးက လရောင်အောက်မှာ မတ်မတ်ရပ်ရင်း သုဘရာဇာဖိုးခွေးကို လှည့်ကြည့်လာတယ်။
သုဘရာဇာဖိုးခွေးလည်း ဟန်မပျက် မျက်လုံးတွေကို မှေးရင်း မလှုပ်ဘဲနေလိုက်တော့ မကောင်းဆိုးရွားကောင်ကြီးက တစ်ဖက်ကို ပြန်လှည့်သွားပြီး ခေါင်းတလားကြီးကို ထမ်းလို့ သုသာန်အပြင်ဘက်ကို ခြေလှမ်းကြဲကြီးတွေနဲ့ ထွက်သွားတော့လေတယ်။
*******
‘ ဒီ ဒီအကောင်ကြီးက ငါစွပ်ထားတဲ့ လက်စွပ်ကနေ ထွက်လာပြီး ဟိုလူတွေပြောသလိုပဲ မြို့ထဲက လူတွေကို…’
ဟိုတစ်နေ့က အလောင်းဖော်တုန်းက အဖြစ်အပျက်က သုဘရာဇာဖိုးခွေးရဲ့ ခေါင်းထဲကို တိုးဝင်လာတယ်။
အဲ့ဒိ့တုန်းက ဒီမကောင်းဆိုးရွား လက်စွပ်ထဲကနေညအခုလို ထွက်ပေါ်လာလို့ သူ သတိမေ့သွားခဲ့တာဖြစ်မယ်။
သုဘရာဇာဖိုးခွေး ဆက်မတွေးရဲတော့ဘူး။
လက်စွပ်ကိုလည်း စက်ဆုပ်ရွံရှာစွာကြည့်တယ်။
အရာအားလုံးက သူ တူးဖော်ခဲ့တဲ့ လက်စွပ်ကြောင့် ဖြစ်လာတာ။ ဒါကို သူမသိဘဲ သာမန်ထင်နေမိခဲ့တာကြောင့် လူတွေ အတော်များများ သေကုန်ပြီ။
သူက ငယ်စဉ်ကတည်းက မသန်စွမ်း၊ ချို့ငဲ့မှုကြောင့်သာ အချို့အရာတွေအတွက် မကောင်းတဲ့ဘက်ကို လှမ်းဖြစ်ခဲ့ပေမယ့် အခုလို လူတွေ မသေသင့်ဘဲ သေနေတာကိုတော့ သူလက်မခံနိုင်ဘူး။
‘ တောက်…တော်တော် ကြောက်ဖို့ကောင်းတဲ့ လက်စွပ်ပဲ…’
သုဘရာဇာဖိုးခွေး ရေရွတ်ရင်း သူ့လက်က လက်စွပ်ကို ချွတ်လိုက်တယ်။
ပြီးတော့ တဲအပြင်ကို ထွက်ပြီး လွှင့်ပစ်လိုက်လေတော့ရဲ့…။
အဲ့ဒိ့်နောက်မှာတော့ သုဘရာဇာဖိုးခွေးဟာ မြို့ထဲကို ဝင်သွားတဲ့ မကောင်းဆိုးရွားရန်ကနေ လူတွေလွတ်မြောက်အောင် အတတ်နိုင်ဆုံး ဆော်သြရမယ်လို့ တွေးလိုက်ပြီး ထောနဲ့တဲ့ ခြေလှမ်းတွေနဲ့ သုသာန်က ထွက်လို့ မြို့ထဲကို အမြန်ဆုံး လှမ်းခဲ့တော့တယ်။
*******
မြို့ပြင်က ခွေးအူသံတွေက စီစီညံညံနဲ့ မြို့ထဲဆီကို ရွေ့လျားလာတယ်။
ခွေးအပါအဝင် တိရိစ္ဆာန်တွေဟာ မကောင်းဆိုးရွားတွေကို မြင်နိုင်တယ်လေ။
ဒါကြောင့် ခွေးအူသံတွေကို အစွဲပြုပြီး မကောင်းဆိုးရွားကောင် မြို့ထဲကို ဝင်လာနေပြီဆိုတာ မြို့သူမြိ့သားတွေ သိကြရတယ်။
‘ ဟဲ့…မိချော…နင့်ကလေးကို တိတ်နေအောင် လုပ်စမ်းပါဟာ…’
အိမ်တစ်အိမ်မှာ ကလေးသားသည် အမေကို သူ့နံဘေးက မိသားစုက တားတယ်။
အခြားအိမ်တစ်အိမ်ဆီမှာကျ…။
‘ အမေ…ဗိုက်နာလို့…’
‘ ဟယ်…ဒီကလေးနှယ်၊ အခုလို အချိန်ကြီးကျမှ…ဟိုမှာ နင့်ပထွေးက မြို့ထဲကို ဝင်လာနေပြီ ထိန်းထားစမ်း…’
ခွေးအူသံတွေကို နားစွင့်ရင်း အခြားမိသားစုတွေမှာလည်း ကြောက်စိတ်တွေ ရှိနေကြတယ်။
မြို့ထဲလမ်းဆီမှာတော့ တစီစီ အူလိုက်ဟောင်လိုက်ရှိနေကြတဲ့ ခွေးတွေရဲ့ အရှေ့ကနေ ခေါင်းတလားကို ထမ်းထားတဲ့ မကောင်းဆိုးရွားကောင်က ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင်း လှမ်းလာနေတယ်။
သူ့အမြင်မှာ အရင်က သူဝင်ထွက်သွားလာနေကျ အိမ်တွေကို တစ်လုံးမှ မမြင်ရတာမို့ အလွန်ပဲ ဒေါသထွက်နေတယ်။
ဒေါသကြောင့် နှုတ်ဆီကလည်း တဟမ်းဟမ်း အသံပြုရင်း ပါးစပ်ဆီကလည်း စားနေကျ အစာမစားရလို့ထင့်၊ သွားရည်တွေက တမြားမြား ကျနေလေရဲ့။
အမှန်တော့ အိမ်တွေမှာ ကပ်ထားတဲ့ အင်းချပ်တွေကြောင့် မကောင်းဆိုးရွားကောင်ရဲ့ မြင်ကွင်းမှာ ဘာကိုမှ မတွေ့ရဘဲ ဖြစ်နေတာ။
မကောင်းဆိုးရွားကောင်က မြို့ထဲက လမ်းတွေကို တစ်လမ်းပြီးတစ်လမ်း ဝင်ထွက်သွားလာနေတယ်။
အဲ့ဒီအချိန် သုဘရာဇာဖိုးခွေးတစ်ယောက် မြို့ထဲကို ထော့နင်းထော့နင်းနဲ့ ဝင်ရောက်လာပြီး…။
‘ ဒီဘက်ကလူတွေ… မ…မကောင်းဆိုးရွား…အစ်…အု…အု…’
အော်တဲ့ စကားတောင် မဆုံးသေးဘူး။ သုဘရာဇာဖိုးခွေးရဲ့ ပါးစပ်တွေ အာစေးထည့်သလို ဖြစ်သွားပြီး အလိုလို စေ့သွားရတာမို့ အသံက တစ်ဝက်တစ်ပျက်ဖြစ်သွားရတယ်။
‘ ဟေ့…လူသား…’
‘ အူး…’
ရုတ်တရက် သူ့အနားကို ခုန်ထွက်လာတဲ့ ဆံပင်စုတ်ဖွားဖွား အဝတ်အစား ဖရိုဖရဲနဲ့ အရူးလို လူတစ်ယောက်ကြောင့် သုဘရာဇာဖိုးခွေးတစ်ယောက် အလွန်လန့်သွားရပြီး လဲကျတော့ အနားရောက်လာသူက တဟားဟား ရယ်နေလေရဲ့။
‘ ဝု…အစ်…အူး…’
ပါးစပ်က ဖွင့်မရတာမို့ သုဘရာဇာဖိုးခွေး ဒေါသနဲ့ ပြောလိုက်တဲ့ စကားတွေက မသဲမကွဲ။
‘ ဪ…ဟုတ်သားပဲ။ နင့် ပါးစပ်ကို ပြန်ဖွင့်ပေးရဦးမယ်…’
အနားရောက်လာတဲ့သူက ပြောပြောဆိုဆို လဲကျနေတဲ့ သုဘရာဇာဖိုးခွေးရဲ့ ခေါင်းကို တတောင်တောင် ပါးစပ်က အော်ရင်း သုံးကြိမ်လာခေါက်တယ်။
‘လန့်လိုက်တာဗျာ…ခင်…ခင်ဗျားက ဘယ်သူလဲ…’
‘ ငါလေးက နတ်သားလေး သူတော်လေ…’
‘ ဟင်…ခင် ခင်ဗျားက၊ ရူး…ရူးနေတာများလား…’
‘ ဟယ်…အမောင်လူသား၊ ငါ သူတော်နတ်သားလေးက ဘယ့်နှယ့်လို့ ရူးရမလဲ။ ငါလေးက ဘိုးသိကြားရဲ့သားတော်၊ သူတော်မည်တဲ့ နတ်သားလေး။ သိပြီလား လူသားလေးရဲ့…’
ဟန်နဲ့ပန်နဲ့ ပြောနေတဲ့ သူတော်ဆိုတဲ့ သူရူးကြောင့် သုဘရာဇာဖိုးခွေး ဟန်မဆောင်နိုင်ဘဲ ရယ်မိလိုက်တယ်။
‘ ကဲပါ…ထားပါတော့ နတ်သားရယ်။ ခင်ဗျားလုပ်တာနဲ့ ကျုပ် ဟိုမကောင်းဆိုးရွားကြီးတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး…’
‘ အယ်…နင်ကလည်း ဒီအကောင်ကြီးကို မြင်တယ်လား…’
‘ မြင်တာပေါ့ဗျ…ဒိအကောင်ကြီးက…’
‘ ရှူး…’
သုဘရာဇာဖိုးခွေးရဲ့ စကားတောင် မဆုံးသေးဘူး၊ သူရူးက ဟိုဒီကြည့်ပြီး ပြူးပြူးပြာပြာကြည့်လိုက်ပြီး…။
‘ သူက အကောင်ကြီးမဟုတ်ဘူး။ သူဝင်လာတုန်းက ငါသူတော်လေး မြင်လိုက်တယ်။ အစီအရင်ကြောင့် ဖြစ်တည်လာတဲ့ ဘီလူး။ ခေါင်းထမ်းဘီလူးလို့ ခေါ်တယ်။ လူတွေမုန်းလို့ လူတွေကို သတ်စားနိုင်အောင် စီရင်ထားတာ…’
‘ ဟင်…ဟုတ်လား။ ကျုပ်တော့ အဲ့ဒိ့လို မသိဘူး။ ကျုပ်မြင်တာတော့ ကျုပ် အုတ်ဂူထဲက ရတဲ့ လက်စွပ်ဆီကနေ သူက ထွက်လာတာကို…’
‘ ဟင်…ဟုတ်လား။ အဲ့ဒါ အစီအရင်ရဲ့ အရင်းအမြစ်ပဲ။ ဘယ်မှာလဲ အဲ့ဒီ့လက်စွပ်၊ ငါသူတော်လေးကို မြန်မြန်ပေးချေ…’
‘ မရှိတော့ဘူး။ ကျုပ်လည်း အခုနကမှ ဒီအကောင်ကြိး အဲ့ဒီ့က ထွက်လာတာသိလို့ လန့်ပြီး လွှင့်ပစ်လိုက်ပြီ…’
‘ ဟာ…ငါသူတော်လေးက ဒီအကောင် ဘယ်က လာတာလဲဆိုပြီး သိချင်လို့ သူအပြန်ကို စောင့်နေတာ။ ဒါဖြင့်ရင်တော့ နင်ရှိတဲ့ သုသာန်ကိုပဲ ပြန်ကြမယ်…’
သုဘရာဇာဖိုးခွေး သူရူးကို ကြည့်ပြီး အံ့သြရပြီ။
‘ ခင်ဗျားက…ပယောဂဆရာလား။ ဒါမှမဟုတ် ကျုပ်ကြားဖူးတဲ့ ဝိဇ္ဇာဆိုတာများလား…’
‘ အမ်…’
သူရူးက အဖြေရခက်သလိုဖြစ်သွားပြီး ခေါင်းကို ကုတ်တယ်။ ပြီးတော့…
‘ နင်ပြောတာတွေတော့ ငါ မသိတတ်ဘူး။ ငါသိတာက တော့ ငါက နတ်သားလေးတဲ့။ အဲ့ဒိ့လိုပဲ မှတ်ထားလို့ ဘိုးသိကြားက ပြောထားတာ။ ကဲပါလေ…အချိန်လင့်မယ် နင်သုသာန်ဆီကို သွားကြစို့။ ဟိုရောက်ရင် လက်စွပ်လည်း ရှာရဦးမှာ…’
သူရူးက ပြောပြောဆိုဆိုပဲ သုသာန်ဘက်ကို လှည့်ထွက်သွားတယ်။
သုဘရာဇာဖိုးခွေးလည်း အံ့အားသင့်စရာကောင်းလွန်းလှတဲ့ သူရူးကို နားမလည်နိုင်လို့ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း အနောက်က လိုက်ရတော့တာပေါ့…။
*******
သုသာန်ဆီကို ပြန်ရောက်တော့ သူရူးနဲ့ သုဘရာဇာဖိုးခွေးတို့ လက်စွပ်ကို ရှာကြတယ်။
လွှင့်ပစ်လိုက်တုန်းက မှတ်မှတ်ညာညာမရှိခဲ့တာမို့ လရောင်ဝိုးတဝါးနဲ့ ရှာရခက်နေကြတာပေါ့။
‘ ဟင်း…ဒီးအတိုင်းဆိုရင်တော့ ဟိုအကောင်ပြန်လာရင်တောင် ငါတို့ တွေ့မယ်မထင်ဘူး။ သင်္ချိုင်းရှင်မကို အကူအညီတောင်းရမယ်။ ဒါနဲ့ နင်ကြောက်တတ်သလား…’
သုဘရာဇာဖိုးခွေးက ခေါင်းကို ခါရမ်းလိုက်တယ်။
‘ ကျုပ်က သုသာန်မှာပဲ နေတာ ကြာလှပြီ။ မကြောက်တတ်ဘူး…’
သုဘရာဇာဖိုးခွေးရဲ့ စကားအဆုံး သူရူးက ဘာမှပြန်မပြောတော့ဘဲ…။
‘ အို…သင်္ချိုင်းရှင်မ။ သင့်ကို ငါသူတော် အကူအညီတောင်းခံအပ်ပါတယ်။ ခေါင်းထမ်းဘီလူး အစီအရင်ကို လုပ်ဆောင်ထားတဲ့ လက်စွပ်ဟာ သင်ပိုင်တဲ့ မြေပေါ်မှာ ပျောက်ရှနေပါတယ်။ ငါသူတော်လေးကို ရှာကူပေးလှည့်ပါ…’
သူရူးက ပြောပြီး နှုတ်က တတွတ်တွတ်နဲ့ ရွတ်နေတယ်။ သုဘရာဇာဖိုးခွေး ကြားမိသလောက် သူရူးက သင်္ချိုင်းရှင်မကို မေတ္တာပို့နေတာရယ်။
‘ ဗျစ်…ဖျစ်…ဖျစ်…’
သူတို့ရဲ့ အနောက်ကျောဘက် မြေပြင်က ထွက်ပေါ်လာတဲ့ အသံ။
သူတို့ လှည့်ကြည့်လိုက်တော့…။
မြေပြင်ဆီကနေ တိုးထွက်လာတဲ့ ဆံပင်ရှည်ကြီးနဲ့ မိန်းမကြီးတစ်ယောက်။ ဆံပင်တွေက မျက်နှာကို လွှမ်းအုပ်ထားတယ်။
‘ တွေ့ရဲ့လား သင်္ချိုင်းရှင်မ…’
သူရူးက မေးတော့ မိန်းမကြီးက ခေါင်းကို ညိတ်ပြီး သူ့လက်တစ်ဖက်ကို အရှေ့ထုတ်ပေးလာတယ်။ လက်ကို ဖြန့်လိုက်တော့ အထဲမှာ လက်စွပ်က အထင်းသား။ သူရူးက လက်စွပ်ကို ယူလိုက်ပြီး…။
‘ ကျေးဇူးတင်ပါတယ် အရှင်မ။ သင့်ကို ငါသူတော်လေး မေတ္တာပို့ပါတယ်…’
မိန်းမကြီးဆီက ဗလုံးဗထွေးနဲ့ နားမလည်နိုင်တဲ့ စကားသံတွေ ထွက်ပေါ်လာတယ်။
အဲ့ဒီ့စကားသံတွေကို နားထောင်ပြီး သူရူးက သုဘရာဇာဖိုးခွေးကို ကြည့်လာတယ်။
‘ ကောင်းပါပြီ အရှင်မ…’
သူရူးက ပြောလိုက်တော့ သင်္ချိုင်းရှင်မက အနောက်ကို ရွေ့လျားပြီး ထွက်ခွာသွားလေတယ်။
‘ ဟိုလူသား…နင့်ကို သင်္ချိုင်းရှင်မက ပြောသွားတယ်။ သူ့နယ်မြေမှာ မဟုတ်တာတွေ မလုပ်နဲ့တော့တဲ့။ ထပ်လုပ်ရင် သူ ခွင့်မလွှတ်တော့ဘူးတဲ့…’
သုဘရာဇာဖိုးခွေးတစ်ယောက် သူလုပ်ရပ်တွေ သူပြန်မြင်ပြီး ထူပူသွားမိရတယ်။
‘ ကျုပ်…ကျုပ်…’
‘ ကဲပါ…ထားလိုက်တော့။ နင် စိတ်လိုလက်ရ ပြုပြင်ချင်ရင် ငါသူတော်လေး ကူညီပေးမယ်။ အခုတော့ ဟိုဘီလူးကောင် ပြန်လာတော့မယ်။ သူ မရိပ်မိအောင် နင့်တဲထဲ နင်ပြန်ဝင်ပြီး အိပ်ချင်ယောင်ဆောင်နေ။ ကျန်တာ ငါသူတော်လေး တာဝန်ထားလိုက်…’
သုဘရာဇာဖိုးခွေးလည်း ဘာမှပြန်မပြောတော့ဘူး။
သူ့တဲထဲကို ပြန်ဝင်ပြီး ဟန်မပျက် လှဲလျောင်းရင်း အိပ်ပျော်ဟန်ဆောင်နေလိုက်တယ်။
သူရူးကတော့ ဖိုးခွေးတဲထဲကို ဝင်သွားတာနဲ့ ပါးစပ်က တစ်စုံတစ်ခုကို ရွတ်ဆိုပြီး သူ့ကိုယ်သူ လက်နဲ့ ပြန်သပ်လိုက်တာ တစ်ကိုယ်လုံး ချက်ချင်းပျောက်ကွယ်သွားလေတော့ရဲ့။
*******
တဟမ်းဟမ်း အသံနဲ့အတူ သုသာန်ထဲကို ပြန်ဝင်လာတဲ့ ခေါင်းတလားကြီးထမ်းထားတဲ့ ဘီလူးကောင်။
ပါးစပ်ပြဲကြီးဆီက သွားရည်တွေက အစကထက် ပိုမိုကျနေပြီး သူ့ခြေလှမ်းတွေက ဖိုးခွေးနေထိုင်ရာ တဲဆီကို။
တဲထဲကို ဝင်လေတယ်။
အိပ်နေတဲ့ ဖိုးခွေးကို ကြည့်တယ်။ ဖိုးခွေးကတော့ အိပ်ပျော်ဟန်ဆောင်ရင်း မှေးထားတဲ့ မျက်ဝန်းဆီက မြင်နေရတာမို့ အသည်းတယားယားပဲ။
‘ ဟမ်း…’
ဘီလူးကောင်က မြို့ထဲက အစာမရခဲ့တာမို့ သုဘရာဇာ ဖိုးခွေးကို သတ်စားဖို့ ကြံတယ်ထင်ပါ့။
ခေါင်းတလားကြီးကို နံဘေးချလိုက်ပြီး ကုန်းကွကွကြီးလုပ်လို့ ဖိုးခွေးရဲ့ မျက်နှာအနားကို သူ့မျက်နှာကြီး ကပ်လိုက်တယ်။
သုဘရာဇာဖိုးခွေးမှာတော့ စိတ်က အသည်းတယားယားနဲ့ သူရူး အမြန်လာကယ်ပါစေ ဆုတောင်းမိနေတော့တာရယ်။
‘ ဟေ့…ဘီလူးစုတ် ဘီလူးနာ…’
‘ ဟမ်း…’
အနောက်ပါးက ထွက်လာတဲ့ အသံကြောင့် ဘီလူးကောင် လှည့်ကြည့်လာတယ်။
သူရူးကို မြင်တော့ သူ့အတွက် အစာမြင်ရသလိုဖြစ်သွားပြီး ပါးစပ်ကြီးဖြဲလို့ ရှေ့ကို လှမ်းတိုးလိုက်ချိန်…။
‘ ဒိမှာ ကြည့်စမ်း…ဘီလူးကောင်…’
သူရူးက သူ့လက်ဖဝါးကို ဖြန့်ပြီး အထဲက လက်စွပ်ကို ပြလိုက်တယ်။ လက်စွပ်ကို မြင်တော့ ဘီလူးကောင်က ရှူးရှူးရှားရှားဖြစ်သွားပြီး သုဘရာဇာ ဖိုးခွေးကို လှည့်ကြည့်ရဲ့။ အဲ့ဒီ့အခိုက်မှာ သုဘရာဇာ ဖိုးခွေးက လှစ်ခနဲ ထပြေးပြီး သူရူးအနားကို ပြေးကပ်လေတယ်။
ဘီလူးကောင်က အခြေအနေကို ရိပ်စားမိသွားတယ်။ ပြီးတော့ ခေါင်းတလားကြီးကို ဆွဲယူလိုက်ပြီး ပစ်ပေါက်ကာ ထွက်ပြေးဖို့ လုပ်ဆောင်လိုက်ချိန် သူရူးက…။
‘ ဟဲ့…ပြေးဖို့ ကြံတယ်ပေါ့။ မောင်ကြံရဲ့ အစေအပါး အစီအရင်ဘီလူးကောင်၊ နင့်ဋ္ဌာနေ နင်ပြန်ဝင်။ ငါသူတော်ရဲ့ အာဏာစက် နင့်အပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှု ရှိစေ…’
သူရူးရဲ့ စကားအဆုံး ဘီလူးကောင်ကြီးဟာ ခေါင်းတလားကြီးနဲ့အတူ အခိုးအငွေ့တွေအသွင်ကို ချက်ချင်းပြောင်းလဲသွားတယ်။
ပြီးတော့ လက်စွပ်ထဲဆီကို အခိုးအငွေ့တွေက ပြန်ဝင်သွားခဲ့တော့တာရယ်။
*******
မနက်မိုးလင်းချိန်…။
သုဘရာဇာဖိုးခွေးတစ်ယောက် အိပ်ရာကနေ နိုးထလာရတယ်။
နိုးနိုးချင်း သူ့ခေါင်းထဲမှာ ညတုန်းက အဖြစ်အပျက်တွေက အစီအရီပဲ ပြန်လည်ထွက်ပေါ်လာလေရဲ့။
သူတော်…။
ပြီးတော့ သင်္ချိုင်းရှင်မနဲ့ ခေါင်းထမ်းဘီလူးကောင်…။
ပြီးတော့ လက်စွပ်နဲ့ အချုပ်သေတ္တာ…။
‘ ဒီ ခေါင်းထမ်းဘီလူး အစီအရင်လက်စွပ်ကို မောင်ကြံဆိုတဲ့ အောက်လမ်းတစ်ယောက်က စီရင်ခဲ့တယ်။ နောက်တော့ ဆရာတစ်ပါးက မောင်ကြံကို နှိမ်နင်းပြီး ဒီလက်စွပ်ကို မဖျက်ဆီးဘဲ အချုပ်သေတ္တာနဲ့ ထားခဲ့တယ်။ နင်က ဘုမသိဘမသိနဲ့ သွားဖွင့်တော့ အခုလို ဖြစ်တာပေါ့…’
‘ သင်္ချိုင်းရှင်မကတော့ နင့်ကို သတိပေးနေပြီ။ နင်ဘာတွေလုပ်သလဲဆိုတာ ငါလည်း သိသင့်သလောက်သိပြီးပြီ။ နင်ကိုယ်တိုင် မှားတယ်လို့ ခံယူနိုင်မှ ပြင်ဆင်နိုင်မှာ…’
‘ အကောင်းဆုံး လမ်းကို နင်ရွေးချယ်လိုက်တာပဲ။ ငါ နင့်ကို ဆေးလုံးတစ်လုံးပေးခဲ့မယ်။ ဒါကို သောက်ပြီ ခဏကြာတာနဲ့ ရေချိုးသန့်စင်လိုက်ပါ။ ပြီးရင်တော့ နင့်ကတိအတိုင်း ကောင်းမွန်ရာလမ်းဆီ ဆက်တော့ပေါ့…’
ူသူတော် ပြောသွားတဲ့ စကားတွေ။
ဒီစကားတွေကို ပြောပြီးနောက် သူတော်က သူ့ကို ကျောခိုင်းပြီး ပြေးထွက်သွားခဲ့တယ်။
‘ ကျေးဇူးတင်ပါတယ် နတ်သားလေးသူတော်ရယ်…’
သုဘရာဇာဖိုးခွေး ခပ်တိုးတိုးရင်း ရေရွတ်ရင်း သူ့လက်ထဲက သူတော်ပေးခဲ့တဲ့ လက်တစ်ဆစ်လောက်ရှိမယ့် ညိုတိုတို ဆေးလုံးလေးကို ကြည့်လိုက်တယ်။
ပြီးတော့ ပါးစပ်ထဲကို ထည့်ပြီး ဝါးချေလို့ မြိုချလိုက်လေရဲ့။
ဆေးလုံး ဝမ်းထဲကို ဝင်ပြီးချိန်မှာ တစ်ကိုယ်လုံး ပူရှိန်းရှိန်း ခံစားချက်ကို ရရှိခံစားရတယ်။
တအောင့်ကြာတော့ ခန္ဓာကိုယ်တစ်ခုလုံးက ယားယံလာသလို ခံစားလာရလေရဲ့။
သုဘရာဇာဖိုးခွေးလည်း သုသာန်ဇရပ်ရဲ့ နံဘေးမှာ ရှိတဲ့ ရေတွင်းကို သွားလိုက်တယ်။
ပြီးတော့ ရေငင်ပြီး တဝကြီးချိုးချေတော့တာပဲ။
ရေချိုးလို့ ပြီးချိန်မှာတော့ သူ့တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ရရှိနေတယ်။
စိတ်ကလည်း ကြည်လင်တောက်ပလို့ရယ်။
လေးငါးစုံရှိတဲ့ အဝတ်အစားတွေထဲက အကောင်းဆုံးအဝတ်အစားကို သုဘရာဇာဖိုးခွေး လဲလှယ်ဝတ်လိုက်တယ်။
နောက်တော့ တဲထဲမှာ သူတတ်သလောက် ဘုရားရှိခိုးနည်းနဲ့ ဘုရားရှိခိုးလိုက်ပြီး ငါးပါးသီလကို ခံယူဆောက်တည်လို့ အမျှအတန်းပေးဝေတယ်။
နောက်တော့ သူနေထိုင်ရာ တဲရဲ့ မလှမ်းမကမ်း ကုက္ကိုလ်ပင်ကြီးအောက်က ဂူကြီးတစ်လုံးဆီကို တက်လို့ တင်ပုလ္လင်ခွေကာ ဝင်သက်ထွက်သက်ကို ရှုရင်း ငြိမ်ငြိမ်သက်သက်ပဲ ရှိနေလေတော့တာရယ်။
ဒီကနေစလို့ သုဘရာဇာဖိုးခွေးဟာ သုသာန်မှာ အားလပ်ချိန်တိုင်း တရားထိုင်တယ်။ ရဟန်းတော်တွေဆီမှာ အသုဘကမ္မဋ္ဌာန်းစည်းဖြန်းနည်းကို နာယူပြီး သုသာန်မှာပဲ သုဘရာဇာအဖြစ်ဆက်နေလို့ စနစ်တကျ ရှုမှတ်တယ်။
အဲ့ဒီ့လိုပဲ တစ်ဖက်မှာလည်း ထိန်ပင်မြို့လေးဟာ မကောင်းဆိုးရွားအန္တရာယ်ကနေ ကင်းဝေးခဲ့ပြီး အရင်ကလို အေးချမ်းတည်ငြိမ်နေခဲ့ပါပြီ…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)