*သုဘရာဇာဖိုးပေနှင့်တစ္ဆေပုရပိုက်*📖📖📖
*****************
“မောင်ဖိုးပေ မောင်ဖိုးပေ ထ ထ”
ဖိုးပေနားထဲတွင်ထိုအသံကို ဝိုးတဝါးကြားလိုက်ရသော်လည်း မျက်လုံးများဖွင့်မရ၍ ပွတ်သပ်နေမိသည်။
“မောင်ဖိုးပေ မျက်လုံးဖွင့်လိုက်ပါပွတ်သပ်နေဖို့အချိန်မရှိဘူး…”
မျက်လုံးများကိုပွတ်နေရာမှ မှေးပြီးကြည့်လိုက်မိသည်။
“ဟင်…ခင်ဗျားဘယ်သူလဲ”
“အဘ ဘယ်သူလည်းဆိုတာအရေးမကြီးပါဘူး အဘ ဘာကြောင့်လာရတယ်ဆိုတာပဲအရေးကြီးတာ”
ထိုအချိန်ရွာကင်းတဲများဆီမှ နာရီပြန် နှစ်ချက်ခေါက်သံကြားလိုက်ရသည်။ဖိုးပေအိပ်နေရာ ဇရပ်ရှေ့တွင် ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ယောက် ရောက်နေခြင်းဖြစ်သည်။
“အချိန်မတော် အချိန်တော်ကြီး ဘာလာလုပ်တာလဲ သရဲဆိုရင်တော့ကျုပ်ကမကြောက်ဘူးနော် တခြားသွားခြောက် လောက်လေးစာမိလို့ အစာမရှာနိုင်ဘဲဖြစ်သွားမယ်”
အိပ်ရာနံဘေးကလောက်လေးခွ ထောင်ပြပြီး ခပ်စပ်စပ်ပြန်ပြောလိုက်ခြင်းပင်။
“သေချာကြည့်ပါဦးမောင်ဖိုးပေရဲ့ အဘရုပ်က တစ္ဆေသရဲရုပ်ပေါက်နေလို့လား”
“ဒါဆိုလည်း လာရင်းကိစ္စကိုပြော အိပ်ရေးမဝရင် ကျုပ်ကစိတ်သိပ်မကြည်ချင်ဘူးဗျ”
“လာရင်းကိစ္စကတော့ မောင်ရင့်ကို ပစ္စည်းတစ်ခု အပ်ထားချင်လို့ပါ ”
ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်မှ ဘေးလွယ်အိတ်အတွင်းသို့နှိုက်ပြီး ဝါးကျည်တောက်သဏ္ဍန် ဘူးတစ်ခုကို ထုတ်ပေးလိုက်သည်။
ဖိုးပေတစ်ယောက် တစ်ခွန်းတစ်ပါဒမှ မဟပဲ လက်ကအလိုလို ထိုဘူးဆီသို့ လက်လှမ်းလိုက်မိ၏။ ထိုပုဂ္ဂိုလ်နှင့်ဖိုးပေ အတန်ငယ်မျှဝေးသော်လည်း ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်ပေးသော ဘူးကလေးမှာ ဖိုးပေလက်ထဲသို့ ရောက်သွာ၏။
“သေချာစောင့်ရှောက်ပါ မောင်ဖိုးပေ နောက် လပြည့်ကျရင် အဘပြန်လာယူပါ့မယ်”
မျက်စေ့တစ်မှိတ်အတွင်း ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ် အငွေ့သဏ္ဍန်ဖြင့်ပျောက်ကွယ်သွားလေသည်။
“ဒုန်း….”
ဖိုးပေ ခေါင်းအုံးထားသော ဝါးပိုးဝါး လိမ့်သွားပြီး ဖိုးပေ၏ခေါင်းနှင့် ဇရပ်ကြမ်းပြင် တို့မိတ်ဆက်ရာမှထွက်ပေါ်လာသောအသံဖြစ်၏ ။ မိုးပင် လင်းနေပြီဖြစ်သည်။
ဖိုးေပအိပ်နေရာမှ ကမန်းကတန်းထလိုက်ရာ လက်ထဲတွင် ဝါးကျည်တောက်သဏ္ဍန်ဘူးတစ်ခုကို ပိုက်ထားမိနေလေသည်။
“ဟင်…ဒါဆို ညကအိပ်မက်မဟုတ်ဘဲ တစ်ကယ်ဖြစ်ခဲ့တာလား၊ တကယ်ဖြစ်ခဲ့တာဆိုရင် ရော ဒီဘူးထဲကဘာတွေဖြစ်နေမလဲ ညကလူကရော ဘယ်သူလဲ” အတွေးများစွာဖြင့်ဖိုးပေခေါင်းထဲပြာယာခတ်သွားလေသည်။
“ဒါက ငါနဲ့ဘာဆိုင်လို့ ငါ့ကိုလာပေးသွားတာလဲ… ငါဖွင့်ကြည့်လိုက်ရင်ကောင်းမလား ငါ့အတွက် အန္တရာယ်ရှိနိုင်မလား …ဟာမသိဘူးကွာ ဒီတိုင်းထားလိုက်တာပဲကောင်းမယ်”
ဘူးလေးမှာ သစ်နှင့်ထွင်းထားပြီး ဘီလူးရုပ်များ ပန်းကနုတ်များနှင့်အနုစိတ်လှသည်။အဖုံးကိုလည်း အစွယ်ဖွေးဖွေးနှင့် ဘီလူးတစ်ကောင်ပုံစံထုစစ်ထားသည်မှာလက်ရာမြောက်လွန်းနေပြန်သည်။
ပြောပြောဆိုဆိုနှင့်် ခေါင်းအုံး၍အိပ်သော ဝါးပိုးဝါးပိုင်းထဲသို့ ထိုဘူးကလေးကို ထည့်ပြီး အခေါင်းပေါက်ကို အဝတ်တစ်ခုဖြင့် စို့ထားလိုက်သည်။
မီးသင်္ချိုလ်စက်ရှိရာဘက်သို့ထွက်လာခဲ့လေသည် ဒီနေ့ မီးသင်္ချိုလ်မည့်အလောင်းနှစ်လောင်းရှိနေသည် ။
အလောင်းလာမပို့မီ မီးစက်ကို ကြိုတင်နှိုးထားရ၏ လုံလောက်သောမီးအရှိန်ရမှ အလောင်းမီးစွဲပြီး ပြာကျနိုင်မည်ဖြစ်သည် မဟုတ်လျှင် အလောင်းမှာ မီးဖုတ်ထားသကဲသို့ မဲရုံမျှသာ မဲသွားပြီးပြာမကျပဲဖြစ်သွားတတ်သည်။
မီးစက် လုံလောက်သောအပူရသည်နှင့် အလောင်းလာပို့သော ကားတန်းတစ်ခုဝင်လာသည်။
ဖိုးပေအလောင်းကိုသေချာစစ်ဆေးသည်။ ” ေစာင်တွေဘာတွေထည့်မနေနဲ့ ဖယ်လိုက် မီးလောင်တာပိုကြာတယ် မလိုအပ်တာတွေအကုန်ထုတ် နားကနားကပ်တွေချွတ်ပစ်လိုက် သေခါမှ လာပြီး အလှဆင်မနေနဲ့ ဘယ်မသာမှနားတောင်းနဲ့မလိုက်ဘူး…ခဏနေ ပလပ်စတစ်နဲ့ထုပ်မှာ မိသားစုတွေဝအောင်ကြည့်ထားကြ ကန်တော့မယ့်သူတွေကန်တော့ကြ” ပရိသတ်ဘက်လှည့်လိုက် အလောင်းတင်ထားသော စင်ဘက်သို့လှည့်လိုက်နှင့်ဖိုးပေ တတွတ်တွတ်ပြောနေသည်။
“သွားတဲ့သူကလမ်းပြသူ လိုက်ပို့သူကလမ်းကြည့်သူ တဲ့ ငါလည်းတစ်နေ့ဒီလမ်းသွားရမှာပဲဆိုပြီး တရားအလုပ် ကုသိုလ်အလုပ်လုပ်ကြ သေရင် နားကနားကပ်ပါချွတ်ယူကြမှာဘာမှထည့်မပေးလိုက်ဘူး ထည့်ပေးလိုက်ရင်တောင်ဘာမှ ယူသွားမရဘူးဆိုတာ သတိရကြ”
စကားပြောဘောက်စက်စက်နိုင်သော်လည်း ဖိုးပေပြောသမျှသည် တရားကျလှပေသည်။
မီးသင်္ချိုလ်စက် အပေါက်ဝမှနေ၍ မီးများရဲနေအောင်တွေ့နေရသည်။ ဘီးတပ်ကုတင်ပေါ်တွင်အလောင်းကိုအိတ်ဖြင့်ထုပ်ပိုးပြီး တင်လိုက်၏။ စက်အပေါက်ဝတွင်ကုတင်ကိုတေ့ပြီး ရှေ့တိုးနောက်ငင် သုံးကြိမ်လုပ်ပြီး အလောင်းကို အရှိန်ဖြင့် စက်ထဲထည့်လိုက်လေသည်။ သံတံခါးပိတ်သံဂျိမ်းကနဲမြည်ပြီး ဘဝတစ်ခု အဆုံးသတ်သွားချေပြီ။
ဖိုးပေလုပ်နေကျအလုပ်များကိုလုပ်နေရသည်ဆိုသော်လည်း စိတ်က အလုပ်ထဲတွင်မရှိဘဲ ညက ပုဂ္ဂိုလ်လာပေးသွားသော ဘူးကလေးကိုပဲ စိတ်ရောက်နေ၏။
ညနေစောင်းချိန်သို့ရောက်ရာ ရေမိုးချိုးအဝတ်စားလဲပြီး ပုံမှန်တိုင်းဘုရားဝတ်တက် တရားထိုင်နေရာ ဇရပ် ဝန်ကျင်တွင် တဂျုံးဂျုံး အသံများ ကျယ်လောင်စွာကြားနေရ၏။
“မြင်အပ်မမြင်အပ်တဲ့သတ္တဝါဝေနေယျအပေါင်းကို ကျွန်ုပ်ပြုသမျှကုသိုလ်အမျှပေးဝေပါသည် အမျှယူကြပါကုန်လော့…ကုသိုလ်…”
“ဂျော…. ဂျော…ဂလိမ်း…” ဇရပ်ခေါင်မိုးကို သဲများ ဖြင့်ပတ်သံ ခဲများဖြင့် ထုသံများဆူညံသွားလေသည်။
“မောင်ဖိုးပေ… မောင်ဖိုးပေ”
ခေါ်သံကြောင့်ဖိုးပေ မေတ္တာပို့အမျှဝေခြင်းအလုပ်ကို ရပ်လိုက်သည်။
“မောင်ဖိုးပေ… ဂရုစိုက် ပရလောကသားတွေ မောင်ရင့်ကို ဒုက္ခပေးဖို့လာနေကြပြီ”
ဇရပ်နံဘေးသစ်ပင်ပေါ်မှ ကြားနေရသောအသံဖြစ်သည်။
“ခင်ဗျားကရော ဘယ်သူလဲ ”
ဖိုးပေ သစ်ပင်ဘက်သို့အသံပေးလိုက်သည်။
” ကျုပ်က ဒီကုက္ကိုလ်ပင်မှာ နေတာ နှစ်ပေါင်းရာနဲ့ချီနေပါပြီ မောင်ရင့် မေတ္တာပို့အမျှဝေတာတွေရပြီး ခုမှပြောင်ပြောင်ယောင်းေယာင်ဖြစ်လာတဲ့ တစ္ဆေပဲဆိုပါတော့..”
“ဒါဆို ခင်ဗျားလည်းပရလောကသားပဲ ခင်ဗျားက ဘာလို့ပရလောကသားတွေလာနေပြီပြောတာလဲ”
ဖိုးပေ ဘဝင်မကျတဲ့လေသံဖြင့်ပြန်မေးလိုက်သည်။
“ဒီလို မောင်ရင်ရဲ့ မောင်ရင်ပို့သတဲ့အမျှတန်းတွေရပြီး ကျုပ်က ကျွတ်ရလွတ်ရတော့မှာ ခုမောင်ရင့်လက်ထဲရောက်နေတဲ့ သစ်သားဘူးလေးက တစ္ဆေပုရပိုက်ထည့်ထားတဲ့ဘူးပဲ အဲ့ဒိပုရပိုက်က တစ္ဆေသရဲမြေဘုတ်ဘီလူး စတဲ့နာနာဘာဝတွေကို အတော်ဒုက္ခပေးနိုင်တယ် အဲ့ဒါကြောင့်မောင့်ရင့်ဆီက လာလုယူကြတာ… သတိဝရိယနဲ့သာနေတော့ နောက်ပြီးအကျိုးရှိသလိုအသုံးချပါ ကျုပ်ကတော့ဒါပဲပြောပြနိုင်တယ်…”
သင်္ချိုင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားရာ လေတိုးသံပင်မကြားရပဲ ရှိနေသည်။
ဖိုးပေ ဝါးပိုးဝါးပိုင်းကလေးကိုသတိရသွား၏ စို့ထားသောအဝတ်စကလေးကို ဖယ်ပြီး အတွင်းမှ တစ္ဆေပုရပိုက်ဟုခေါ်သော ဘူးကလေးကို စေ့စေ့ကြည့်လိုက်လေသည်။
နှစ်ပေါင်းများစွာ ကလက်ရာတစ်ခုဖြစ်ဟန်တူသည်။မည်သို့အစွမ်းထက်သည်ကို ဖိုးပေ နားမလည်နိုင်ရှိနေ၏။
“ဟီးဟီးဟီး…ဟား…ဟားဟားဟား” ဇရပ် ရှေ့တွင်ဆံပင်ဖားလျားချထားသော အမျိုးသမီး တစ်ဦး အသံကျယ်လောင်စွာဖြင့်အော်ဟစ်ရယ်မောနေလေသည်။
“ကောင်လေး မင်းလက်ထဲရှိနေလို့ အဲ့ဒီဟာ ဘာမှအသုံးမဝင်ဘူး ငါ့လက်ထဲထည့်လိုက်… ”
“ဘာ…နင့်လို သရဲမက ငါ့ဆီက ပစ္စည်းလိုချင်တယ်ဟုတ်လား ရရင်ယူလေ ”
ဆံပင်ဖားလျားနှင့်အမျိုးသမီး ဒေါသပုန်ထကာ ခြေစောင့်နင်းပြီး လက်ကြီးရှည်ထွက်လာကာ တစ္ဆေပုရပိုက်ကို လှမ်းယူဖို့လုပ်လိုက်ရာ
“ရော ဒါတော့မရဘူး ငါ့ပုတီးပဲရမယ် ယူသွား” ဟုဆိုကာ လက်ကို ပုတီးဖြင့်ရိုက်ချလိုက်၏
“အား…သေပါပြီ ပူတယ်ပူတယ်”
ကျယ်လောင်သောအသံဖြင့်ပျောက်ကွယ်သွားလေသည်။
“နောက်တစ်ခါ လာခဲ့ လောက်လေးခွနဲ့ကို ပစ်လွှတ်မယ် ဘာကောင်တွေမှန်းကိုမသိဘူး”
“မောင်ဖိုးပေ သတိဝရိယရှိပါလိုအပ်ရင် တစ္ဆေပုရပိုက်ကို ထုတ်သုံးလို့ရတယ် ” ကုက္ကိုလ်ပင်ပေါ်မှ အသံပင်ဖြစ်သည်။
“မသုံးတတ်ဘူးဗျာ လာချင်တဲ့ကောင်လာ ယူလို့ရရင်လာယူစမ်းပါ ဖိုးပေတဲ့ တစ်ပေတည်းရှိတယ်
မကြောက်တတ်လို့ သင်္ချိုင်းထဲ တစ်ယောက်တည်းလာနေတာ ”
ဖိုးေပ ခြေထောက်တစ်ချောင်းပေါ်တစ်ချောင်းထပ်တင်၊ခါးကိုမတ်မတ်ထိုင်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ နှုတ်မှ မန္တန်တစ်ခုကိုဖိရွတ်နေသည်။
“ဝုန်း…ဝုန်း” ဇရပ်တစ်ဆောင်လုံး သိမ့်သိမ့်တုန်သွားသည်။ တစ်ယောက်ယောက်က ကိုင်လှုပ်နေသည့်အလား။
လူဝံသဏ္ဌန် မဲမဲအရိပ်ကြီးတစ်ခုက ဇရပ်ကိုဆွဲကိုင်လှုပ်ယမ်းနေသည် ။
ဖိုးပေ မျက်လုံးများစုံမှိတ်ကာ မန္တန်တစ်ခုကိုပဲ အဆက်မပြတ်ရွတ်နေပြန် ၏။
ထိုအချိန် ကျွဲနက်ကြီးတစ်ကောင် အုတ်ဂူတွေကြားထဲ ဒရကြမ်းပြေးဝင်လာပြီး ဇရပ်ကိုကိုင်လှုပ်နေသော လူဝံကြီးသဏ္ဌန်မဲမဲအရိပ်ကြီး ကို ချိုကားကားကြီးများဖြင့် တိုးဝှေ့ပစ်လိုက်ရာ ထိုအရိပ်မဲကြီးမှာနောက်သို လဲကျသွားလေသည်။
ကျွဲ ကြီးမှာ နှာတဖူးဖူးမှုတ်လျက် ခြေများဖြင့်မြေကိုယက်ရင်း အရှိန်ယူနေပြန်သည်။
မဲမဲအရိပ်ကြီးမှာဖင်ထိုင်လျက်သားဖြင့် နောက်သို့ဆုတ်ရင်းဖြင့် တချိုးတည်းလှည့်ပြေးလေသည်။
“မောင်ဖိုးပေ…မောင်ဖိုးပေ ပေးပေး အဘကိုပေးတော့ မောင်ရင်က အတော်ကို သမာဓိရှိတဲ့လူငယ်ပေပဲ ဒါကြောင့််လည်း ဒီလိုသုဿာန်တစပြင်မှာ တစ်ယောက်တည်းနေဝံ့တာကို…” ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်ပြန်ရောက်လာခြင်းပင်။
“ခင်ဗျားဥစ္စာ ကျုပ် ဖွင့်လည်းမကြည့်ဘူး ဖောက်လည်းမကြည့်ဘူး လပြည့်ညတွေဘာတွေစောင့်မနေနဲ့ ခုပဲပြန်ယူသွားတော့…”
ဖိုးပေ ဒေါနဲ့မောနဲ့ပြန်ပြောလိုက်ပေသည်။
“လင်းစလည်းပြိုးနေပါပြီ ဒါကိုတစ္ဆေပုရပိုက်လို့ခေါ်တယ်မောင်ဖိုးပေ ဒီထဲမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ တစ္ဆေတွေကို မန္တယားအတတ်ပညာတွေနဲ့ထိန်းချုပ်ထားတာ…အထက်ပုဂ္ဂိုလ်တွေက မင်းကို စမ်းသပ်ချင်ကြလို့ ဒါကို တစ်ညစောင့်ရှောက်ခိုင်းတာပဲ မောင်ရင့်အတွက်တော့ ပထမစမ်းသပ်မှုအောင်မြင်ပါပြီ သာဓု သာဓု သာဓု…”
“ဘာတွေလဲဗျာ ကျုပ်တော့ နားကိုမလည်တော့ဘူး”
“အချိန်တန်ရင် မောင်ဖိုးပေနားလည်လာမှာပါ…” ဖိုးပေလက်ထဲမှတစ္ဆေပုရပိုက်မှာ သူ့အလိုလို ထိုပုဂ္ဂိုလ်ထံသို့ပြန်လည်ရောက်ရှိသွားလေသည်။
သုဿာန်တစ်ခုလုံးငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်မှာ တရွေ့ရွေ့ဖြင့်ပင် ပျောက်ကွယ်သွားချေပြီ။ဖိုးပေတစ်ယောက် ဇရပ် ပေါ်တွင် အတွေးများစွာဖြင့်ပင်ကျန်ရစ်ခဲ့ရပြန်လေသည်။
……ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
….
စာရေးသူ- #အက္ကသူအားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး