သုသာန်မှထလာသူ

*သုဿာန်မှထလာသူ*📖📖📖(စ-ဆုံး)

**********************************

သော်တာလမင်းစန္ဒာ

၁၉၈၀ခုနှစ်။

လှဖေမြင့်တို့ အဖွဲ့သည် လှည်းလမ်းကြောင်းအတိုင်း တရွေ့ရွေ့မောင်းနှင်လာကြသည်။ ကုန်ပို့ပြန်လာကြသဖြင့် ပေါင်းလှည်းများက ခါလီဖြစ်နေပြီး လှည်းသုံးစီး ရှေ့ဆင့်နောက်ဆင့် တန်းစီကာ ပြန်လာကြ
ခြင်း ဖြစ်သည်။ လှဖေမြင့်က ထိုအဖွဲ့၏ ခေါင်း
ဆောင်။ သူ့တွင်နောက်လိုက်တပည့် ၅ယောက်ရှိ၏။ သံချောင်း၊ တောက်တို ၊ မောင်လွင်၊တင်အောင် နှင့် လှကျော် တို့မှာ လှဖေမြင့်၏တပည့်များဖြစ်ကြသည်။၎င်းတို့က ရွာမှထွက်သည့်ထွက်ကုန်အစုစုကို အခြားမြို့သို့ပို့ဆောင်ကြသူများဖြစ်၏။

ကုန်ပစ္စည်းပို့သူများက တန်ဆာခပေးကာပို့ဆောင်ကြရသည်။ ကုန်ပစ္စည်းအလေးချိန်နှင့် တန်ဖိုးကို
ကြည့်ကာ တန်ဆာခအနည်းအများကောက်ယူလေသည်။ သန်သန်မာမာယောကျာ်းသားများလည်းဖြစ်
ကြသဖြင့် သူခိုး၊ဓါးပြအန္တရာယ်မှစိတ်ချကာ ကုန်အပ်နှံသူများပြားလှသည်။ ကုန်တစ်ခါပို့လျှင် လှည်းသုံးစီးအပြည့်ပို့ရသည်။ တစ်ခါပို့လျှင်လမ်းခရီး၌ ၅ရက်တပတ်ခန့်ကြာတတ်၏။ လှဖေမြင့်ကလှည်းထပ်တိုးချင်သော်လည်း စိတ်ချရသည့်တပည့်တပန်းရှာမရသေးသဖြင့်ငြိမ်နေရသည်။သူသာနောက်
ထပ်လှည်း ၂စီးထပ်ဖြည့်လျှင် တန်ဆာခပိုရပေ
မည်။ တပည့်မွေးရသည်မှာလည်းမစားသာချေ။

အခကြေးငွေပေးရသည့်အပြင် ကျွေးရမွေးရသေးသည်။ ထို့အပြင်ပြဿနာတစုံတရာဖြစ်လျှင်လှဖေမြင့်ခေါင်းပေါ်သာကျ၏။ မိမိတပည့်တွေအတွက် တာဝန်ယူဖြေရှင်းပေးရစမြဲ။ သမီးရည်းစားပြဿ
နာ၊ငွေရေးကြေးရေးပြဿနာ၊ လူမှုရေးပြဿနာပေါင်းစုံ တစ်ခုခုဖြစ်လျှင်တပည့်များက လှဖေမြင့်ထံသာရောက်လာတတ်၏။ ထို့ကြောင့်လည်းတ
ပည့်တပန်းအသစ်လိုချင်သော်ငြား အတော်စဉ်းစားယူနေရသည့်အဖြစ်သို့ရောက်နေသည်။ ယခုလည်း ကုန်းကြောင်းတိုက်လာသည့်လှည်းသုံးစီးမှာ တစ်
ဖက်သို့ကုန်ချခဲ့ပြီး ခါလီပြန်လာရာတွင် တပည့်
နှစ်ယောက်မှာအငြင်းပွားလာကြသည်။

သံချောင်းကစိတ်ဆတ်သည်။ မဟုတ်မခံလူစား။ တင်အောင်က ကိစ္စတစ်ခုဆိုလျှင် မပြီးနိုင်မစီးနိုင် ရစ်တတ်၏။ ၎င်းတို့နှစ်ယောက်မှာမကြာခဏဆိုသလို အငြင်းပွားတတ်ကြသည့်နှစ်ယောက်ပင်။ ကျန်တပည့်များကသံချောင်းကိုထိန်းလိုက်၊ တင်အောင်ကို နားချလိုက်နှင့်အမြဲကြားဝင်ဖြေရှင်းပေးနေရသည်။ သို့သော် ၎င်းတို့၂ယောက်၏အကျင့်ကမပြင်။ တကျတ်ကျတ်ဖြစ်မြဲ။ ကုန်ချသည့်အချိန်က ကုန်ပစ္စည်းထုပ်ပိုးထားသည့် ဂုံနီအိတ်ကြီးပေါက်ပြဲကျကုန်သောကြောင့်ကုန်အနည်းငယ်ဆုံးရှုံးသွားရသည်။ ဤသည်တွင် စိတ်ဆတ်သောသံချောင်းကပစ္စည်းအိတ်အားအလျှင်စလိုအောက်ပစ်ချသောကြောင့်ဟူ၍ တင်အောင်ကပြောဆိုလေသည်။

သံချောင်းမှာ ခရီးကလည်းပန်း၊ ကုန်ပစ္စည်းကလည်းလေးလံသဖြင့်နေပူပူတွင်ချွေးတရွှဲရွှဲမောဟိုက်နေရာမှတင်အောင်၏ တပျစ်တောက်တောက်
စကားကို မခံစားနိုင်တော့ပေ။ ထို့ကြောင့်ဒေါသထွက်ထွက်နှင့် တင်အောင်ကိုလက်သီးဖြင့်တစ်ချက်ထိုးပစ်လိုက်မိသည်။ လှဖေမြင့်ဝင်ထိန်းမှ ရန်ပွဲရပ်သွားရ၏။ သို့သော်လည်း ၂ယောက်လုံးက
မကျေနပ်ကြချေ။ စိတ်ထဲတနုံ့နုံ့ဖြင့် တစ်လမ်းလုံး
မကျေဘဲဖြစ်နေကြသည်။ မကြာမှီလမ်းတစ်ဝက်တွင် ညနေနေဝင်ရီတရောအချိန်ဖြစ်လင့်ကစား မိုးရိပ်မည်းကြီး၏အရိပ်အယောင်မြင်လိုက်သဖြင့်
လှဖေမြင့်ကခရီးတစ်ထောက်နားရန်ပြင်ဆင်ခိုင်း
လိုက်လေ၏။

” ဆရာကြီး… ဒီမိုးဒီလေကအခြေအနေမကောင်းဘူးဗျ… ကျုပ်တို့နေရာကောင်းကောင်းမှာခိုမှဖြစ်မယ်ဗျို့ “

” ငါလည်းတွေးနေတာ… ဒီနေရာနားမှာတော့ နားဖို့မရှိဘူး…ရှေ့နားမှာ ဇရပ်တစ်ခုရှိတယ်မလား…အဲ့နေရာရောက်အောင်အမြန်သွားမယ် …”

” တော်တော်လိုသေးတယ်ဆရာကြီး… မိုးမှီပါ့မ
လား “

” နဲနဲပါးပါးတော့…ဘယ်လွတ်မလဲ…ခပ်မြန်မြန်သွားကြ “

လှည်းသုံးစီးမှာ မြန်နိုင်သမျှမြန်အောင် မောင်းနှင်ရင်း ဇရပ်ဆီသို့ဦးတည်လာကြလေတော့သည်။ ကောင်းကင်ယံတစ်ခုလုံး တိမ်လိတ်မည်းကြီးများက ချက်ချင်းဆိုသလို မည်းနက်လာချေပြီ။ လျှပ်
စီးလက်သံ၊ မိုးကြိုးပစ်သံတို့က တစ်လောကလုံးဟီးထနေသလိုဖြစ်နေ၏။မိုးတ‌ေဖျာက်‌ေဖျာက်စတင်ကျလာသဖြင့် နွားများကိုရိုက်နှက်ပြီးအမြန်ရုန်း
နေရသည်။ လေနှင့်မိုးကအစိုးမရသလို တဝေါဝေါရွာလာသည်။နားခိုဖို့ ဇရပ်သို့မရောက်နိုင်သေးချေ။

” ဒုက္ခ ပါပဲကွာ… ခပ်သွက်သွက်လုပ်ကြဟေ့ “

လှဖေမြင့်ကစိုးရိမ်တကြီးအော်ဟစ်ပြောလိုက်သည်။ လေကအတော်ပင်ကြမ်းနေသည်။ နားခိုစရာမရှိလျှင် ပေါင်းလှည်းကြီးများတောင်လွှင့်ပါသွားနိုင်ပေသည်။ စိတ်ကရောက်ချင်ဇောကြီးမှ ခရီးမတွင်သလိုခံစားနေကြရ၏။ မကြာခင်မှာပင် လျှပ်စီး
လက်လိုက်သည့်အလင်းရောင်ကြောင့် ဇရပ်မည်းမည်းကြီးအား ဖျတ်ကနဲ တွေ့လိုက်ကြသည့်အခါ
ဝမ်းသာသွားကြလေတော့သည်။

” ရောက်တော့မယ်ဟေ့… မြန်မြန်လုပ်ကြ “

အပြင်းနှင်လာသောလှည်းသုံးစီးမှာ ဇရပ်ရှေ့အရောက် နွားများကအတင်းရုန်းလာကြတော့၏။

” ဟာ…ဖေ့သားချောတွေ…ဘယ်လိုဖြစ်ကြတာတုန်း… ”

နွားများကို အတင်းချော့မော့ပြီး လှည်းမှဖြုတ်ကာ ဇရပ်အောက်တိုင်သို့ဆွဲခေါ်ချည်လိုက်ကြသည်။ နွားများကနေချင်ပုံမရချေ။ ကြောက်လန့်ပြီးရုန်းနေကြသည်။ ခက်ခက်ခဲခဲချည်ခဲ့ရ၏။လှည်းများကိုလည်း
သစ်ပင်ကြီးများတွင် ကြိုးနှင့်ရစ်ပတ်ထားရသည်။ လေတိုက်နှုန်းကအတော်ပင်ကြမ်းသဖြင့် လှည်းမှောက်မည်ကိုစိုးရိမ်ကြသော်ကြောင့်ပင်။ အားလုံးပြီးသောအခါ လှဖေမြင့်တို့အကုန်မိုးရေရွှဲရွှဲစိုနေခဲ့ကြလေပြီ။ လှည်းပေါ်၌ပါလာသည့် ချက်ပြုတ်စားသောက်စရာများနှင့် အဝတ်အထည်အပိုများ၊ အိပ်
စက်ရန်စောင်များယူကာ ဇရပ်ပေါ်သို့ပြေးတက်
ကြလေသည်။

ဇရပ်တစ်ခုလုံးကမှောင်မည်းနေသည့်အပြင် လေးဖက်လေးတန်ဟောင်းလောင်းကြောင့် မိုးရေများကြမ်းပေါ်အိုင်ထွန်းနေသည်။တောက်တိုကရေနံဆီမီးအိမ်လေးအားထွန်းကာနေရာရှာကြည့်နေသည်။

” ဒီတနေရာရတယ်ဗျို့… ဒီတကွက်လေးပဲမိုးရေမစိုတယ်… ”

တောက်တိုစကားကြောင့် ဝမ်းသာအားရပြေးသွားကြသည်။ ဖျာကြီးတစ်ချပ်စာ မိုးရေလွတ်နေသည့် ဇရပ်ထောင့်လေးတွင် ဖျာအပိုအားအရင်ခင်းလိုက်ကြ၏။ ပြီးနောက်မိုးရေစိုနေသည့်အဝတ်များလဲ
လှယ်ဝတ်ဆင်သူကဝတ်သည်။ မီးဖိုလေးဖြင့်မီးမွေးသူကမွေးသည်။ ဗိုက်လဲအတော်ဆာနေပြီဖြစ်သဖြင့် ခပ်မြန်မြန်ပြင်ဆင်နေကြ၏။ ထမင်းချက်တာဝန်ကျသော မောင်လွင်က ဆန်ထည့်ရင်း ရေမရှိသည်ကို
သတိရသွားသည်။

” ထမင်းအိုးတည်ဖို့ရေလိုတယ်… သွားယူပေးဦး “

” ဟာကွာ….မေ့ခဲ့ရတယ်လို့ “

” တောက်တို…အဝတ်မလဲရသေးဘူး…သွားယူ
လိုက် ”

” အေ…အေ… ငါယူပေးမယ် “

တောက်တိုကပြောပြောဆိုဆို ဇရပ်အောက်သို့ပြေးဆင်းသွားလေသည်။ လှည်းပေါ်မှ ကြိုးချည်ထား
သည့်ရေအိုးအား ကြိုးဖြည်လိုက်စဉ် မိုးကပိုမိုသည်း
ထန်ထာလေတော့၏။ ရေအိုးကိုအမြန်ကောက်ယူ
‘ မ ‘ကာလှည့်အထွက် လှည်းဘေးတွင် လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရတော့သည်။ ရုတ်တရက်မြင်လိုက်ရသဖြင့် အလွန်ထိတ်လန့်သွား
မိသော်လည်း ဇရပ်ပေါ်တွင်မိမိလူများကိုလှမ်းမြင်နေရသဖြင့်ကြောက်စိတ်ကတဒင်္ဂအတွင်းပျောက်ကွယ်သွားလေသည်။

” ဟေ့လူ…ခင်ဗျားဘယ်ကလဲ “

ထိုသူ၏ရုပ်ကိုသေချာမမြင်ရသေးပေ။ သို့သော်ကျောချမ်းမိသလိုလိုဖြစ်နေမိသည်။ မိုးရိပ်လေရိပ်ကြောင့်ချမ်းသည်လား၊ ထိုသူကြောင့်ချမ်းသည်လားမသဲကွဲနေပေ။

” မေးနေတယ်လေဗျာ…ခင်ဗျားဘယ်ကလဲ “

” ကျုပ်လမ်းပျောက်နေလို့ “

ထိုသူ၏အသံမှာ တကယ့်တိုးတိုးလေးသာ။ သို့
သော်အဘယ်ကြောင့်ခြောက်ကပ်ကပ်အသံကိုကျောရိုးထဲစိမ့်စိမ့်လာရသနည်းဆိုသည်အား
တောက်တိုနားမလည်ချေ။

” ကဲလာ…လာ… ကျုပ်နဲ့အပေါ်လိုက်ခဲ့ “

တောက်တိုကရှေ့မှခပ်သွက်သွက်သွားကာ ဇရပ်ပေါ်ခေါ်တက်လာခဲ့သည်။ တောက်တိုနှင့်ပါလာသူကို လှဖေမြင့်တို့တအံတသြကြည့်လိုက်မိကြ၏။ ထိုသူ၏ပုံစံက အရပ်မနိမ့်မမြင့်၊ မျက်နှာလေးထောင့်စပ်စပ်ဖြစ်သည်။ ထူးခြားချက်က သူ၏ခြေထောက်နှစ်ဖက်လုံးရွံ့များဖြင့်ပေကျံနေခြင်းပင်ဖြစ်၏။ တကိုယ်လုံးလည်းမြေမှုန့်များပေနေသည်။ သို့သော်
ယခုကဲ့သို့လေကြီးမိုးကြီးရွာနေသည့်ကာလတွင် တောက်တိုလောက်တောင်ရေမစိုရွဲနေပေ။ သာမာန်မိုးလေးမိသလောက်သာဖြစ်နေသည်ကို လှကျော်ကသေချာတွေးနေ၏။

” ခင်ဗျားကဘယ်ကလဲ… ခင်ဗျားကြည့်ရတာမိုးလည်းသိပ်မစိုပါလား…”

” ကျုပ်လမ်းပျောက်နေလို့ ဇရပ်အောက်မှာမိုးခိုနေတာ “

” သြော်…ဒါကြောင့်ကိုး…ခုနကဇရပ်အောက်မှာခင်ဗျားကိုမမြင်ပါလား “

” ကျုပ်ကခင်ဗျားတို့ကိုမြင်တယ်…ထောင့်မှာအိပ်နေရင်းလှမ်းကြည့်နေတာ “

” မှောင်လည်းမှောင်နေတော့မသိလိုက်တာနေမှာပေါ့.. လှကျော်ရ”

တင်အောင်ကစကားလှမ်းထောက်ပေးလိုက်သည့်အခါအားလုံးလည်းဖြစ်နိုင်သည်ဟုငြိမ်သွားကြတော့သည်။

” ဒါနဲ့…ခင်ဗျားလမ်းပျောက်တယ်ဆို…ဘယ်ကနေလာလို့ဘယ်လိုလမ်းပျောက်တာတုန်းဗျ “

ထိုသူက ပြန်စဉ်းစားနေရင်း…

” ကျုပ်မှတ်မိတာ… ထင်းလာခုတ်တာပဲ…ထင်းခုတ်ပြီးကျုပ်ကိုတစ်ယောက်ယောက်ကနောက်ကနေရိုက်သွားတယ်… သတိရလာတော့ အခုလိုမည်းမှောင်နေလို့စမ်းတဝါးဝါးလျှောက်ရင်း ဇရပ်
အောက်မှာဝင်အိပ်နေတာပဲဗျ “

” ဖြစ်ရလေဗျာ… ခင်ဗျားရွာကဒီနားတစ်ဝိုက်ပဲ
လား “

” ဟုတ်ပါ့ဗျာ… ဒီကနေ မြောက်ယွန်းယွန်းသွားရင် မကြာဘူးရောက်ပြီပဲ “

” ဒါဆို မနက်လင်းမှပြန်ပေါ့…ကျုပ်တို့ကကုန်သည်တွေပါ…အတူတူနားလို့ရပါတယ်… မောင်လွင် ချက်ပြုတ်ပြီးရင် အတူစားတာပေါ့…”

” ဟုတ်ကဲ့ “

” ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ “

” ဖိုးနီ “

” ဟုတ်ပြီ…ကိုဖိုးနီ… ကျုပ်က လှဖေမြင့်…ဒါကျုပ်တပည့်တွေ…မောင်လွင်တဲ့… လှကျော်…တောက်တို…သံချောင်း…သူကတင်အောင်တဲ့… မှတ်ထားပေါ့ဗျာ “

ဖိုးနီဆိုသူက မည်သည်မှမဆို ခေါင်းသာငြိမ့်ပြ
သည်။ မောင်လွင်ချက်ပြုတ်ပြီးစီးသည့်အခါ အား
လုံးကလည်းဆာနေကြချေပြီ။ အလျှင်အမြန်ခူးခပ်ပြီး အားရပါးရစားသောက်ကြသည်။ ဖိုးနီကတော့ တို့ကနန်းဆိတ်ကနန်းသာစားနေ၏။

” ကိုဖိုးနီ…ထည့်စားလေဗျာ… “

” ကျုပ်သိပ်မဆာလို့…ရပြီ “

ဖိုးနီကိုကြည့်ကာ လှဖေမြင့်တို့အားမရပေ။ အမှန်တကယ်မဆာခြင်းလည်းဖြစ်ပေမည်ဆိုပြီးထပ်မပြောတော့။ မိမိတို့မှာဝမ်းမီးတောက်ဖို့စားနိုင်သမျှစားဖို့လိုပေသည်။ ဖိုးနီက ၎င်းတို့တစ်ယောက်ချင်းစီကိုသာ စေ့စေ့လိုက်ကြည့်နေခဲ့သည်။ သံချောင်းနှင့် မောင်လွင်မှာ ကတောက်ကဆဖြစ်ထားသဖြင့် ခပ်
တန်းတန်းသာနေပြီးကျန်လူများက စားလိုက်ပြောလိုက် အလုပ်ရှုပ်နေကြသည်။ ဖိုးနီက လှဖေမြင့်
တို့ပြောသမျှဆိတ်ဆိတ်နားထောင်နေလေသည်။ စားပြီးသောက်ပြီး၍ အိုးခွက်များဆေးရန်ရေကမရှိတော့ပေ။ ရေအိုးထဲမှရေကလည်းချက်ပြုတ်လိုက်သဖြင့် အိုးတစ်ဝက်ကျော်ကုန်နေလေပြီ။သောက်
ရေချန်ထားရမည်ဖြစ်၍ အိုးခွက်များကို တောင်းကြီးထဲသာစုပြုံထည့်ထားလိုက်တော့သည်။ မီးဖိုမီးလေးနွေးနွေးဖြင့် ဝိုင်းဖွဲ့ထိုင်ရင်း ဆေးလိပ်ထိုင်သောက်ကာ စကားဝိုင်းဖွဲ့ဖြစ်ကြ၏။ အိပ်စရာနေ
ရာကလည်းမရှိသဖြင့် တညလုံးငုတ်တုပ်ထိုင်ကြရုံသာ။ မိုးကလည်းတိတ်မည့်သဘောမရှိချေ။

” ဒီကအစ်ကိုတော်တို့က ဘယ်ရွာကလဲ “

ဖိုးနီကမေးလာသည်။

” တပင်ငိုရွာက… ကုန်ပစ္စည်းသွားပို့တာ…ကျောက်
ကြီးကို “

” အော်…အဝေးကြီးပဲ “

” ဒီလိုပဲရှာဖွေစားသောက်နေရတာပဲဖိုးနီရ… ပင်ပန်းပေမယ့်လည်းဘဝပေးမဟုတ်လား “

” ဟုတ်ပါတယ်… ကျုပ်လည်းပင်ပင်ပန်းပန်းလုပ်
ကိုင်စားနေရတာပါပဲ… ဘဝတွေကဆိုးတယ်ဗျာ…
ငွေလေးမစို့မပို့ရဖို့ လုပ်ရတာမလွယ်ပါဘူးဗျာ “

” ဒါနဲ့ ခင်ဗျားကထင်းခုတ်သမားလား “

” အိမ်အတွက်လိုသလောက်လာဆိုက်ရုံပဲ…ကျုပ်ကလက်သမားလုပ်တာဗျ…”

” ဒါဆိုဝင်ငွေကောင်းတာပေါ့ “

ဖိုးနီမှာခေါင်းမှဆံပင်များကိုဖွကာပြန်ဖြေသည်။

” မကောင်းလှပါဘူးဗျာ… ပင်ပန်းတာနဲ့မကာပါဘူး “

စကားဝိုင်းဖွဲ့နေကြရင်း ငိုက်လာကြသဖြင့် မီးဖိုဘေးတွင်ခွေခေါက်ကာအိပ်ပျော်သွားကြလေတော့
သည်။ မိုးအေးအေးနှင့်ကွေးလို့ကောင်းနေကြတုန်း မောင်လွင်၏အော်သံကြောင့်အားလုံးလန့်နိုးကုန်ကြတော့၏။ အချိန်က မနက် ၅နာရီခန့်ဖြစ်သည်။ မိုးလည်းတိတ်နေပြီဖြစ်၍အလင်းရောင်လေးရသင့်သလောက်ရနေချေပြီ။

” အလောင်းကောင်ကြီးဗျ…ဆရာထပါဦး…ထကြပါဦး  “

လှဖေမြင့်လည်းကမန်းကတန်းထကြည့်လိုက်သည့်အခါ ၎င်းတို့ကြားတွင် အေးစက်တောင့်တင်းပြီးလဲကျနေသည့် ဖိုးနီအလောင်းအား တွေ့မြင်လိုက်
ရလေတော့သည်။ ဖိုးနီကို မထိရဲ ထိရဲဖြင့် ထိကြည့်သည့်အခါ အသားများကအေးစက်တောင့်တင်းနေချေပြီ။

” ဟာ… ဘယ်လိုဖြစ်တာလဲ… ငါတို့တော့အမှုပတ်ပြီထင်တယ် “

” ဆရာကြီး…သူခေါင်းမှာသွေးတွေခဲနေတယ်ဗျ “

ဖိုးနီ၏နောက်စေ့တွင် သွေးများကခဲကာကပ်နေ၏။

” ဟေ့ကောင်တွေ… ဖိုးနီကအသတ်ခံရတာထင်
တယ် “

” ကျုပ်တို့ခဏလေးအိပ်ပျော်သွားတာ..ဘယ်သူကသတ်မှာတုန်း…တချိန်လုံးသူ့ဘေးမှာရှိနေသားပဲ “

” မင်းတို့ထဲကလား…ပြောစမ်း…ဘယ်သူလုပ်တာ
လဲ ”

လှဖေမြင့်မှာ စိုးရိမ်စိတ်နှင့်ဒေါသစိတ်တို့ကရောကာအော်ဟစ်မေးမြန်းမိလေသည်။ တပည့်များက နားမလည်နိုင်စွာပြန်လည်ကြည့်ရင်းတုန်လှုပ်နေကြသည်။ ထိုစဉ် တောင့်တောင့်ကြီးသေနေသည့်ဖိုးနီမှာ
ရုတ်တရက်ထထိုင်လာကာ

” ကျုပ်ပြန်ဖို့နောက်ကျနေပြီ… ပြန်ပြီအစ်ကိုတော်
တို့ “

ဟုကောက်ခါငင်ကာပြောပြီး တောင့်တောင့်ကြီးလမ်းထလျှောက်လာ၏။ ထို့နောက်သူ၏ခေါင်းကို ဇက်ကျောတက်လာ၍ ဆတ်ကနဲချိုးသလိုချိုးလိုက်သည့်အခါ ခေါင်းက ဂျွတ်ဟူသောအသံနှင့်အတူ
ပြန်မတည့်လာတော့ပေ။ ထိုအခြေအနေဖြင့် ဇက်အကျိုးလိုက်လှဖေမြင့်တို့ဖက်လှည့်ကာ ရယ်ပြနေသည်။ ထိတ်လန့်ဖွယ်အချင်းအရာကြောင့်အားလုံးကြောက်လန့်တကြားဖြင့် ဇရပ်ပေါ်မှဆင်းပြေးကြလေတော့၏။ နောက်ကျသည့်ခြေထောက်သစ္စာဖောက်ဆိုသကဲ့သို့ ဦးတည်ရာမဲ့ပြေးသွားရင်း အချိန်တော်တော်ကြာမှ လူပြန်စုမိကြသည်။ဇရပ်
သို့ မပြန်၍လည်းမဖြစ်ပေ။ ကျန်ရစ်သည့်ပစ္စည်းများယူရပေဦးမည်။ ထိတ်ထိတ်လန့်လန့်ဖြင့် ပူးကပ်ကာဇရပ်ပေါ်သို့ဖြည်းဖြည်းချင်းတက်လာကြလေသည်။ ထို့နောက်ယူစရာများအားလုံး မြန်မြန်ဆန်
ဆန်ယူပြီး ပြန်ပြေးလာကြ၏။

ရွာသို့ရောက်သည့်အခါ မောင်လွင်နှင့် လှကျော်ကအပြင်းဖျားသွားကြချေသည်။ ကယောင်ကတမ်းဖြစ်နေကြသည်။ လှဖေမြင့်လည်းစိတ်ကယောင်
ချောက်ချားဖြစ်နေကြသည့်တပည့်များကို အိမ်အသီးသီးပြန်ပို့ပေးလိုက်သည်။ မိမိမူကား ခေါင်း
ဆောင်ဖြစ်နေ၍ ကြောက်စိတ်ကိုပြသရန်မလွယ်ကူပေ။ စိတ်အားတင်းထားရလေသည်။ အိမ်သို့
ရောက်သည့်အခါ လှည်းပေါ်မှ ‘ဘုတ်ကနဲ ‘ ခုန်ချ
လာသံအားကြားလိုက်ရသဖြင့် အမြန်လိုက်ရှာ
ကြည့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်း
ကြောင့် လှဖေမြင့်သည်ထိုနေရာ၌ပင် မေ့လဲကျ
သွားလေ၏။

ဖိုးနီမှာ ပေါင်းလှည်းကြီးပေါ်မှခုန်ချလာပြီး

” ကျုပ်အိမ်မပြန်ချင်သေးလို့လိုက်လာမိတယ်ဗျို့”

ဟူ၍ပြောလိုက်သံနှင့်အတူ ဖြူရော်နေသည့်အလောင်းကောင်ကြီးက လှဖေမြင့်အား ကြည့်နေသောကြောင့်ပင်ဖြစ်လေသည်။ လှဖေမြင့်သတိ
လည်လာသည့်အခါ ၎င်း၏အိမ်၌ ဖိုးနီ၏အလောင်းအားတွေ့ကြောင်း၊ သေဆုံးသူကိုစုံစမ်းနေကြောင်း သိလိုက်ရသည်။ လှဖေမြင့်မှာကံမကောင်းစွာဖြင့် အလောင်းကြီးအားအိမ်သို့သယ်လာမိသလိုဖြစ်
နေရ၏။ မကြာမှီမှာပင် ဖိုးနီ၏အကြောင်းအပြည့်အစုံသိလာရတော့သည်။

ဖိုးနီမှာ အုန်းပန်လှရွာမှလက်သမားဖြစ်ပြီး ထင်းခုတ်နေစဉ်အသတ်ခံရ၍ သုဿာန်၌မြုပ်နှံထားသူဖြစ်
ကြောင်း၊ လှဖေမြင့်တို့ရောက်သည့်ညက ဖိုးနီ
အသုဘချသည့်နေ့လည်းဖြစ်ကြောင်း ၊ ဖိုးနီသတင်းကြောင့်အုန်းပန်လှရွာခံများကသုဿာန်၌သွားကြည့်ရာ မြေကြီးများပွယောင်းနေကြောင်း၊ ဖိုးနီမှာသေ
ဆုံးပြီးသားဖြစ်သည့်သူ့အလောင်းထံပြန်လည်ပူးကပ်ခဲ့ဟန်ရှိကြောင်း၊ လှဖေမြင့်တို့နားခိုသည့်ဇရပ်မှာ ဖိုးနီအားမြုပ်ထားသည့်သုဿာန်တွင်ရှိ
သည့်အတွက်လိုက်ပါလာသည့်အကြောင်းတို့ကို သိရှိလိုက်ရသည်။

ဖိုးနီသည် သူ့သူသေဆုံးပြီးသည်အားသိရှိဟန်မတူ။ အသက်ရှင်စဉ်ကအတိုင်းနေထိုင်ပြုမူနေပုံရ၏။ ထိုကိစ္စကြီးကြောင့် လူအများတုန်လှုပ်ချောက်ချားသွားကြပြီး ပြောစမှတ်တွင်သွားကြသလို လှဖေမြင့်
တို့အဖွဲ့သည်လည်း ကုန်ပို့ခြင်းအား ကာလအတန်
ကြာရပ်နားသွားကြလေတော့လေ၏။

ဖြစ်ရပ်မှန်အားအခြေခံပါသည်။

သော်တာလမင်းစန္ဒာ