သူတစ်ပါးအသက်သက်သောသူ

*သူတပါးအသက်သတ်သောသူ*📖📖📖

***********************************

စ…ဆုံး

“ငါးတွေရမယ်နော်…
ငါးလတ်လတ်ဆတ်ဆတ်တွေရမယ်တော်ရေ့”

ငါးစိမ်းသည်မ မိခိုင်၏အော်သံသည် ရွာအတွင်း၌တစတစပျံ့နှံလို့လာခဲ့သည်။
မိခိုင်သည် သောင်ထွန်းရွာနှင့် ရွာသစ်ရွာ နှစ်ရွာကြားကူးလူး၍ ငါးများရောင်းချသူပင်။
သူအော်ဟစ်ရောင်းချသော စကားအတိုင်းပင် မိခိုင်၏ငါးများသည်လတ်ဆတ်၏။
အဘယ့်ကြောင့်ဆို မိခိုင်ယောကျာ်းငပေသည်
ငါးများအား ပိုက်ကွန်ဖြင့်ဖမ်းဆီးလေရာ မိခိုင်ရောင်းချရာ၌ မသေမရှင်ငါးများကပို၍များပေသည်။
ထို့ကြောင့် လတ်လတ်ဆတ်ဆတ်ငါးများဟု မိခိုင်အော်ရောင်းချခြင်းဖြစ်သည်။
ဝယ်သူများမှာလည်း ငါးအရှင်၏အသားသည် ပို၍ချိုသည်မို့ မိခိုင်ဆီကသာဝယ်ယူကြ၏။
ဝယ်ယူကြသူများ၏ငါးများကိုလည်း မိခိုင်ကိုယ်တိုင် ထု့ရိုက်သတ်ပေးရသည်။
ထိုသည်ကမိခိုင်အတွက် နေ့စဥ်အလုပ်တစ်ခုပင်ဖြစ်၏။
မိခိုင်တို့နေသည်က ရွာသစ်ရွာတွင်ဖြစ်သည်။
ရွာသစ်နှင့်သောင်ထွန်း ထိုရွာနှစ်ရွာရှိလူတိုင်း မိခိုင်အားမသိသူမရှိကြ။
မိခိုင်တို့လင်မယားသည် အလုပ်ကိုကြိုးစား၏။
သို့သော် မိခိုင်တို့လင်မယား၌ အပိုစားသောက်မည့် သားသမီးရတနာကမရှိသေးပေ။

“ဟဲ့…မိခိုင် ညည်းငါးတွေကအရှင်တွေအေ့…ငါတော့မသတ်ရဲဘူး
ညည်းတစ်ခါထဲသတ်ပေးသွား”

“​သြော်…အရီးရယ် ကျုပ်လုပ်ပေးမှာပေါ့တော်…သတ္တဝါဆိုတာလေ လူချွတ်မှကျွတ်တာတော့”

“ဘုန်း…ဘုန်း”

“အမလေး…လေး…မိခိုင်ရယ်
ညည်းငါးသတ်တာကလည်း အငြိုးတကြီးပါလား”

“အရီးရေ…ကျုပ်ကဒီအလုပ်နဲ့ ထမင်းစားတဲ့သူ ဒါလောက်လေးကတော့ ကျုပ်အတွက်ဘာမှမဖြစ်ဘူး”

“အေးပါအေ…အလုပ်ကအကုသိုလ်အလုပ်ဆိုတော့…
ဘုရားတရားဘက်လည်းသေချာလုပ်မိခိုင်…။အရီးက ညည်းကောင်းဖို့ပြောတာပါ”

“ဟုတ်ပါပြီတော်…”

မိခိုင်နှင့် ငါးဝယ်သူတို့ပြောဆိုနေကြခြင်းဖြစ်သည်။
ထိုသို့သော စိတ်ကြမ်းလူကြမ်းမိခိုင်တစ်ယောက် သောင်ထွန်းရွာဆီသို့ငါးရောင်းလာရင်း ဘွားမယ်စိန်၏အိမ်ဘက်သို့ရောက်လာခဲ့လေသည်။

“ငါးတွေရမယ်နော့…ငါးတွေ…အရီးဝင်း ငါးယူဦးမလား”

ခြံဝိုင်းစပ်ရှိ ကြက်ဟင်းခါးပင်၌ ကြက်ဟင်းခါးသီးရှာနေသော ဘွားမယ်စိန်၏သမီးဒေါ်ဝင်းအားမြင်လေ​တော့ မိခိုင်ကမေးလိုက် လေသည်။

“ဟဲ့…မိခိုင် ညည်းအိမ်များမှားမေးသလား…တို့အိမ် ဘယ်တုန်းက ညည်းငါးဝယ်ဖူးသတုန်းအေ့”

“အို အရီးကလည်း…ဝယ်မလားလို့မေးတာပါတော်…
မဝယ်ရင်လည်းဆက်ရောင်းရမှာပါ့ ကျုပ်က”

ဒေါ်ဝင်းနှင့်မိခိုင်စကားပြောနေကြသည်ကို ဘွားမယ်စိန်ကွပ်ပျစ်၌ထိုင်နေရင်းကြည့်နေခဲ့လေသည်။
ထိုသို့ကြည့်ရင်း…

“မိခိုင်…ဝိုင်းထဲခဏဝင်လာခဲ့”

ဟုခေါ်လိုက်လေတော့ ဒေါ်ဝင်းက…

“ညည်းကို အရီးအမေခေါ်နေတယ် မိခိုင်ရေ
သွားလိုက်ဦး”

“ဟုတ်ကဲ့…ဘွားရေ…ကျုပ်ဝင်လာပြီ”

မိခိုင်သူ၏ငါးတောင်းအား ကွပ်ပျစ်ထက်၌တင်လိုက်သည်။
ငါးတောင်းထဲ၌ မသေမရှင်ငါးတချို့က တဖျက်ဖျက်လှုပ်ခါနေပြီး တချို့ငါးများကသေဆုံးနေကြလေပြီ။
ဘွားမယ်စိန်ငါးတောင်းကိုတစ်ချက်ကြည့်အပြီး
ကွပ်ပျစ်၌ဝင်ထိုင်သောမိခိုင်အား…

“မိခိုင်…ညည်းဆင်ခြင်မှရတော့မယ်…။ဘွားမြင်ရသလောက်တော့ ညည်းမှာအကုသိုလ်တွေတော်တော် များနေပြီ…
ညည်းဒါတွေကိုဆက်မလုပ်တော့ဘဲ အခြားနည်းနဲ့အသက်မွေးရင် ပိုပြီး
အဆင်ပြေလိမ့်မယ်လို့ ဘွားထင်တယ်”

“ရှင်…ဘွား ကျုပ်က ကျုပ်ကဘာဖြစ်မှာမို့လဲ”

“ဖြစ်တာမဖြစ်တာထက် ညည်းကိုသူတပါးအသက်ကို
သတ်တာဖြတ်တာဆင်ခြင်စေချင်တာ”

“သြော်…ဟုတ်ပါပြီဘွားရယ်…ကျုပ်တတ်နိုင်သလောက်ဆင်ခြင်ပါ့မယ်… အခုတော့ကျန်တဲ့
ငါးတွေဆက်ရောင်းဖို့သွားဦးမယ်တော်”

“အေး…အေး…ဘွားပြောတာမမေ့နဲ့
မိခိုင်သေချာစိတ်ထဲမှတ်ထား”

“ဟုတ်ကဲ့…”

မိခိုင်တစ်ယောက် သူ၏ငါးတောင်းကိုရွက်လို့ ခြံဝိုင်းထဲမှထွက်သွားလေပြီ။
ဒေါ်ဝင်းက မိခိုင်အားလှမ်းကြည့်ရင်း…

“အမေက ဘာလို့ပြောနေတာတုန်း…။အဲ့ကောင်မကဘယ်သူ့စကားမှအလေးထားတာမဟုတ်ဘူး။
သူတပါးအသက်သတ်ရမှကို
စားဝင်အိပ်ပျော်နေတာအမေရဲ့”

“ပြောရတာကအကြောင်းရှိလို့ဖြစ်လာမယ့်
အကျိုးတရားတွေကြောင့်ပေါ့အေ…တားရသလောက်တော့တားကြည့်ရတာပေါ့မိဝင်းရဲ့…”

ဟုသာ ဘွားမယ်စိန်ဖြေလိုက်သည်။

****************
မိခိုင်သည်က ဘွားမယ်စိန်ပြောသောစကားအားအမှုမဲ့အမှတ်မဲ့နေ၏။
မည်သူကတရားချချ နားမဝင်သောမိခိုင်တစ်ယောက် ကိုယ်ဝန်ရှိလာခဲ့လေသည်။
ထိုကိုယ်ဝန်ကြီးနှင့်ပင် မိခိုင်ငါးရောင်းထွက်လေရာ ရွာသူ၊ရွာသားများမှာ မိခိုင်အား အံ့သြ၍မဆုံးကြပေ။
ထိုသို့ဖြင့် မိခိုင်ကိုယ်ဝန်ခြောက်လခန့်၌…

“ကိုပေ…”

“ဘာလဲ မိခိုင်”

“ကျုပ်…အခုတစ်လောတစ်ခုခု
စားဖို့အတော်စိတ်ပြင်းပြနေတယ်တော်…”

“ဘာစားချင်တာလဲမိခိုင်ရဲ့…ပြောလေငါ့ကို”

“ဟိုလေ…ဟိုဘက်တဲက ကိုမြင့်သန်းရဲ့ခွေးမကြီးမိနက်ရဲ့အသားကိုချက်စားချင်တာတော့”

“ဟေ…ခွေးသားဟုတ်လားမိခိုင်….
နင်စားချင်တာကြီးကလည်းဟာ”

“ကျုပ်စားချင်နေတာတော့… ရှင်ဒါလေးတောင်လုပ်မပေးနိုင်ဘူးလား”

” ခွေးသားစားချင်ရင်ငါတခြားကရှာပေးပါ့မယ်ဟာ…
မိနက်ကသားကျထားတာရက်ပိုင်းပဲရှိသေးတယ်လေ…
နောက်ပြီးကိုမြင့်သန်းတို့နဲ့ရန်ဖြစ်နေရပါဦးမယ်ကွာ”

“အိုတော်…မရပါဘူး…ကျုပ်စားချင်တာက မိနက်အသားမှမိနက်အသားတော့”

“ဟာ…ဒီမိန်းမနဲ့တော့ခက်ပြီကွာ…”

ငပေသည် မိန်းမဖြစ်သူစားချင်သည့်မိနက်အားမသတ်ဝံ့ပေ။
ထိုသို့နေရင်း တစ်ရက်၌ မိနက်တစ်ကောင်သည် မိခိုင်တို့အိမ်ဝိုင်းအတွင်းဝင်လာခဲ့၏။
မိနက်ကိုမြင်လေတော့ မိခိုင်တစ်ယောက်အစာကျွေးဟန်ဆောင်ကာ မိနက်၏ခေါင်းအား ငရုပ်ဆုံဖြင့်အချက်များစွာထု့ရိုက်သတ်လိုက်လေသည်။
လူရင်လှသောမိနက်တစ်ကောင်မှာတော့ မိခိုင်၏လက်ချက်ကြောင့်မချိတင်ကဲဝေဒနာကိုခံစားရပြီးသေဆုံးသွားရှာသည်။

“ဟာ…မိခိုင်…ဒီမှာလည်း သွေးတွေနဲ့…နင်ဘာလုပ်ထားတာလဲဟာ”

အိမ်သို့ပြန်ရောက်လာသော ငပေ သွေးကွက်များကိုမြင်၍မေးလေရာ…

“တော်မှကျုပ်စားချင်တာလုပ်မပေးတာ ကျုပ်ဘာသာလုပ်လိုက်ရတာပေါ့”

“ဟင်…ဒါဆို နင်…နင်…မိနက်ကို သတ်လိုက်တယ်ပေါ့…ဟာ…ဒုက္ခပဲ မိခိုင်ရာ”

“ချက်တောင်ချက်ပြီးပြီ ကိုငပေရေ့….တော်ထမင်းစားချင်ရင်အသင့်ပဲ”

“အာ…ငါမစားချင်ပါဘူး…နင်ဟာ ဟိုမှာခွေးသားပေါက်လေးတွေနဲ့ နင်မို့သတ်ရက်တယ်ဟာ”

ငပေ ကိုယ်တိုင်သူ၏မိန်းမဖြစ်သူအား အလိုမကျဖြစ်လာခဲ့ရသည်။
မိနက်ပျောက်၍ ကိုမြင့်သန်းတို့လိုက်လံရှာဖွေကြလေရာ
ငပေတို့လင်မယားက မသိဟန်ဆောင်နေကြရသည်။
ညတိုင်ဆိုလျှင် မိနက်မွေးထားသော ခွေးသားပေါက်လေးများ၏နို့ဆာ၍အော်သံများကိုလည်း ကြားကြရပေသည်။

မိခိုင်၏ကိုယ်ဝန်သည် ခုနှစ်လအတွင်းသို့ဝင်လာခဲ့လေပြီ။
ထိုသို့နေရင်းတစ်ရက် မိခိုင်ကိုယ်ဝန်ပျက်ကျတော့သည်။
အကြောင်းမရင်းမရှိအထိခိုက်မရှိဘဲ ပျက်ကျသွားသော ကိုယ်ဝန်ကြောင့် ငပေတစ်ယောက် စိတ်အပူကြီးပူရလေသည်။
ကိုယ်ဝန်ပျက်ကျသူမိခိုင်အား ရွာရှိဆေးဆရာများကမကူသပေးနိုင်။
သို့ကြောင့်မြို့သို့လှည်းဖြင့်သာ အသောနှင်ကြရတော့ပေသည်။
မိခိုင်၏သတင်းသည်ကား ရွာနှစ်ရွာ၌ ပျံ့နှံ့လို့နေခဲ့၏။

ထိုသို့မိခိုင်မြို့သို့အသွားည၌ပင်…

“အီးး…ဟီးးး…ဟီးးးး…ဟီးးးးဟီးးးးးး….ဟီးးးး”

တဲအပြင်ဘက်၌ငိုသံထွက်ပေါ်လာခဲ့သည်။
ထိုအသံသည်က တဲအပြင်ဘက်ကမဟုတ်ခြံဝိုင်းအပြင်ကပင်ဖြစ်၏။
ဘွားမယ်စိန်အသံကြောင့် အိပ်နေရာမှထခဲ့လိုက်သည်။
သူ၏တောင်ဝှေးကိုထောက်၍ အိမ်ပေါ်မှအသာအယာဆင်းခဲ့၏။
ပြီးလေတော့ခြံဝိုင်းအတွင်းမှတရွေ့ရွေ့လျှောက်လာကာ ခြံပြင်ဘက်ဆီသို့ ဘွားမယ်စိန်အကြည့်….။
ဘွားမယ်စိန်အား
ကျောပေးထားသောခန္ဓာကိုယ်တစ်ခုသည် တသိမ့်သိမ့်ရှိုက်ကာငိုကြွေးလို့နေလေသည်။
ဘွားမယ်စိန် ထိုအရာကိုမြင်လေတော့ သက်ပြင်းဖွဖွချလိုက်ပြီး…

“မိခိုင်မလား…”

ဟုမေးလိုက်၏။
ထိုအခါ ငိုသံသည်ပိုကျယ်လာပြီး ဘွားမယ်စိန်အား ကျောပေးလျှက်ဖြင့်…

“ဟုတ်ပါတယ်ဘွားရယ်…ဟီးး…ဟီး…ဟီး…ဟီး….
ကျွန်မ မိခိုင်ပါတော်…ကျွန်မ မိခိုင်ပါဘွားရဲ့…အီးး…ဟီးးး…ဟီးးး….ဟီးးး…..”

“ညည်းအေ…အကုသိုလ်အလုပ်တွေဆက်မလုပ်ပါနဲ့လို့ဘွားပြောခဲ့တားခဲ့တာကို…အခုကြည့်လေ ညည်းနဲ့ညည်းရင်သွေးထိခိုက်ရပြီပေါ့”

“ကျုပ်က…ဘွားပြောခဲ့…တားခဲ့တာကို
အလေးမထားမိတာပါ…။
အခုတော့ကျုပ်ရဲ့နောင်တတွေ
နောက်ကျသွားပါပြီဘွားရယ်…နောက်ကျသွားပါပြီ…”

“အင်း…ငါ့သမီး ကိုယ့်ဝဠ်ကြွေးကိုကျေအောင်ဆပ်လိုက်ပါလို့ပဲ
ဘွားပြောနိုင်တယ်အေ”

“ဟုတ်ကဲ့ပါဘွား…ကျုပ် ကျုပ် ဘွားကိုလာနှုတ်ဆက်တာပါ…ကျုပ်လုပ်ခဲ့တဲ့ အကုသိုလ်အပြစ်တွေကိုပေးဆပ်ဖို့ ကျုပ်သွားရတော့မယ်ဘွား…ကျုပ်သွားရတော့မယ်…”

“ဝုတ်…ဝုတ်… ဝုတ်…ဝုတ်….ဂီးးး…..ဂီး….”

“အမလေးတော့….အမလေး….”

ကျောပေးကာပြောဆိုနေသော မိခိုင်အနီးသို့ဘယ်ဆီကပေါ်လာမှန်းမသိသော
ခွေးတစ်ကောင်သည်မိခိုင်အား ကိုက်ဆွဲတော့၏။
ကိုက်ဆွဲနေသောခွေးအား မိခိုင်ရုန်းကန်ရင်းအဝေးဆီသို့ပြေးထွက်သွားတော့သည်။
ခွေးသည်ကလည်းမိခိုင်၏နောက်သို့ပြေးကာလိုက်သွား
တော့၏။
ထိုအဖြစ်အပျက်အားဘွားမယ်စိန်တစ်ယောက်
ခေါင်းလေးအားတရမ်းရမ်းဖြင့်ကြည့်နေခဲ့ရှာသည်။

************
နောက်တစ်နေ့နံနက်မှာ​တော့ ငပေတို့ရွာဆီသို့ ပြန်ရောက်လာခဲ့၏။
မိခိုင်တစ်ယောက်ဆေးရုံသို့မရောက်ခင်လမ်း၌သေဆုံးသွားခြင်းကြောင့်ဖြစ်သည်။
မိခိုင်၏သတင်းကြား၍ ရွာသူ၊ရွာသားများစိတ်မကောင်းကြ။
တချို့ကတော့မိခိုင်တစ်ယောက်သူ့အကုသိုလ်များကသူ့အားခေါ်ဆောင်သွားသည်ဟုပြောကြလေသည်။
မိခိုင်၏သေဆုံးသွားပြီးနောက်အကြောင်းအားဘွားမယ်စိန်တစ်ဦးသာသိထားခဲ့လေသည်။
ဘွားမယ်စိန်သည်လည်းသူတွေ့မြင်ခဲ့ရသော
မိခိုင်၏အကြောင်းအား
မည်သူတစ်ဦးတစ်ယောက်ကိုမှပြောမပြခဲ့ပေ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

စာဖတ်သူတို့အထင်ကရော စာရေးသူရဲအဆုံးသတ်နဲ့တူညီကြရဲ့လား?