အောင်မြတ်သာနှင့်သွေးစားသရဲမ
အောင်မြတ်သာတို့ဆရာတပည့်တွေ အမှောင်ထုကို ဖြတ်ကျော်ပြီး တစ်ညလုံးနီးပါး ခရီးဆက်ခဲ့ကြရာ မနက်အာရုဏ်တက်ချိန်ရောက်တော့ လူတစ်ဖက်ခန့်ကြီးတဲ့ ထန်းပင်တစ်ပင် ရှိတဲ့နေရာကို ရောက်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ထန်းပင်ဘေးမှာ ဖောက်ထားတဲ့လူ သွားလမ်းအတိုင်း ဆက်လျောက်လာခဲ့ရာ ခြေလှမ်းနှစ်ရာလောက် လျောက်ပြီးတဲ့အချိန်မှာတော့ ဆီမီးခွက်တွေထွန်းထားတဲ့ အိမ်တစ်အိမ်ကို မြင်လိုက်ရတယ်။
အိမ်ရဲ့အရှေ့မှာတော့ ငိုတဲ့သူက ငိုနေပြီး အချို့ကျတော့ အခေါင်းရိုက်ဖို့ သစ်ပြားတွေကို စုပုံ ထားတာကို မလှမ်းမကမ်းကနေ တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ မီးထွန်းထားတဲ့ အိမ်ရဲ့တံစက်မြိတ်အောက်ကိုရောက်တာနဲ့ အသက်ငင်နေတဲ့ လူမမာက ချက်ချင်းဆိုသလို ငုတ်တုတ်ထထိုင်ပြီး
“ သူတို့ကို မောင်းထုတ်လိုက် အိမ်ထဲမပေးဝင်နဲ့ “လို့ အသံနက်နဲ့ အော်ဟစ်ပါလေရော။
သေလုဆဲဆဲလူမမာတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်တဲ့အသံကြောင့် အိမ်ပေါ်မှာ ရှိနေကြတဲ့ လူနာစောင့်တွေအားလုံး လန့်ဖြန့်ကာ ဘုရားတတဲ့သူကတ ထွက်ပြေးတဲ့သူကပြေး ဖြစ်ကုန်ကြတယ်။ အောင်မြတ်သာကတော့ သူ့ကိုမျက်စောင်းထိုးကာ စောင့်ကြောင့်ထိုင်ပြီး ကြည့်နေတဲ့ လူမမာကိုဂရုမစိုက်ပဲ
“ ဒီလူမမာရဲ့ ဆွေမျိုးသားချင်း တစ်ယောက်လောက် အိမ်အပြင်ကို ထွက်လာပေးနိုင်မလား” လို့မေးလိုက်တော့ ခပ်ဝဝအမျိုးသမီးတစ်ယောက်က အိမ်ပေါ်ကနေ ဆင်းလာပြီး
“ ကျွန်မက သူ့ရဲ့မိခင်ပါ ဘာကိစ္စများရှိလို့ပါလဲ”
လူမမာရဲ့မိခင်ဖြစ်သူရဲ့စကားကြောင့် အောင်မြတ်သာက အိမ်ပေါ်ကို တစ်ချက်ဝှေ့ကြည့် လိုက်ပြီး
“ ဘာရယ်တော့မဟုတ်ပါဘူး ကျုပ်တို့က ခရီးသွားတွေပါ ဒီနားကဖြတ်သွားရင်း စိတ်ထဲ မသိုးမသန့်ဖြစ်တာနဲ့ ဝင်လာခဲ့တာပါ လူမမာပုံစံက သိပ်ပြီးမမူမမှန်ဘူးဆိုတာရော သိကြရဲ့လား”
အောင်မြတ်သာစကားကြောင့် လူမမာရဲ့မိခင်ဖြစ်သူက
“ ဟုတ်ပါတယ် အရီးတို့လဲ သတိထားမိတာကြာပြီ ဒါပေမယ့် ဘယ်လိုမှကုလို့မရတဲ့အဆုံး လက်လျော့ထားတာ မနေ့ကလာကြည့်ပေးတဲ့ဆရာကတော့ မရတော့ဘူးတဲ့ အလွန်ဆုံခံရင် တစ်ညပဲဆိုလို့ လိုအပ်တာတွေအကုန်ပြင်ဆင်ထားတာ”
“ ဒါဖြင့်ရင် လူနာကို ကျုပ်တို့လက်ထဲကို အပ်ပေးနိုင်မလား အသက်မသေအောင် အတတ်နိုင်ဆုံးကုပေးပါမယ်”
အောင်မြတ်သာစကားကြောင့် လူနာရဲ့မိခင်မျက်နှာ ပြုံးရွှင်သွားပြီး
“ ရပါတယ် ရပါတယ် ကြည့်ပေးပါ ဆရာတို့ကို အပ်ပါတယ် အားလုံးလက်လျော့ထားပြီးမှ အခုလိုစကားကြားရတာ တကယ်ကိုဝမ်းသာပါတယ် ဆရာတို့ အိမ်ပေါ်ကိုကြွကြပါ”
အိမ်ရှင်မိန်းမကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် အောင်မြတ်သာတို့လဲ လှေကားရင်းကနေ တက်ဖို့ အလုပ်မှာ
“ သွားးးး ထွက်သွားကြ ငါ့အိမ်ပေါ် မတက်လာကြနဲ့ အမေ သူတို့ကို ဘာလို့ခေါ်လာတာလဲ သွားးးးးး ငါ့ဆီမလာနဲ့နော်”
အသက်ငင်နေတဲ့လူမမာရဲ့အသံက လူကောင်းတစ်ယောက်လို မာထန်ပြီးဒေါသတွေပြည့်လျှံ နေခဲ့တယ်။ အိမ်ပေါ်မှာရှိနေတဲ့သူတွေကတော့ လူမမာကိုကြည့်လိုက် အောင်မြတ်သာတို့ကို ကြည့်လိုက်နဲ့ အံ့သြနေတဲ့အချိန်
“ သမီးကို ကုပေးဖို့ လာတာလေ စိတ်ကိုလျော့ထားနော် သမီးကောင်းသွားမယ်လို့ဆရာ တွေကပြောတယ်”
“ ဘာသမီးလဲ ငါနင့်သမီးမဟုတ်ဘူး နင်က ငါမကြိုက်တဲ့အရာကိုလုပ်တယ် ဒီဆရာတွေကို ငါမခေါ်ခိုင်းပဲ ခေါ်လာတာ နင်ငါအကြောင်းသိမယ်”
ရုတ်တရက်ဆိုသလို မိခင်ဖြစ်သူကို နင်နဲ့ငါနဲ့ပြောတဲ့ လူမမာကြောင့် အိမ်ပေါ်ရှိ လူအားလုံး ဟင်ခနဲ ဟာခနဲဖြစ်သွားတယ်။
“ အားလုံး ဘေးမှာနေပေးကြပါ ဒီလူနာမှာ မကောင်းတဲ့အရာတစ်ခုကပ်နေတဲ့အတွက် အခုလိုစကားတွေထွက်လာတာပါ”
သက်ခိုင်စကားကြောင့် အိမ်ပေါ်မှာရှိနေတဲ့သူတွေအားလုံး အနောက်ကိုဆုတ်သွားခဲ့ ကြတယ်။ သက်ခိုင်နဲ့တောက်ရကတော့ လူမမာရဲ့ အိပ်ယာပတ်ပတ်လည်ကို စည်းတားပြီး တောင်ဘက်နဲ့ မြောက်ဘက်မှာထိုင်ချလိုက်တယ်။ အောင်မြတ်သာကတော့ လူနာရဲ့အရှေ့ဘက်မှာ ထိုင်လိုက်ပြီး မျက်နှာကိုစူးစိုက်ကြည့်လိုက်တယ်။
အရိုးပေါ်အရေတင်ဖြစ်နေပြီး ပိန်ချုံးနေတဲ့လူမမာက အောင်မြတ်သာရဲ့ မျက်လုံးတွေကို စူးစိုက်မကြည့်ရဲတော့ပဲ လွတ်နေတဲ့နေရာဖြစ်တဲ့ အနောက်ဘက်ကို ကျောပေးကာ လှည့်ထိုင် လိုက်တယ်။
အောင်မြတ်သာလဲ လူမမာအခြေအနေကိုအကဲခတ်ပြီးတာနဲ့ ဘုရားကျောင်းဆောင်ဘက်ကို လှည့်ကာ
“ သုံးလောကထွဋ်ထား သဗ္ဗေညုမြတ်စွာဘုရားနှင့်တကွ သမ္မာဒေဝနတ်ကောင်းနတ်မြတ် အပေါင်းတို့အားလည်းကောင်း ကျေးဇူးတော်ရှင် ဂိုဏ်းတော်ချုပ်ဆရာတော်ကြီးနှင့်တကွ ဆရာသခင်အပေါင်းအား ဦးထိပ်ပန်ဆင်ကာ ခွင့်တောင်းအပ်ပါတယ်” လို့ပြောပြီး ထိခြင်းငါးပါးနှင့် တစ်ကွကန်တော့ကာ ခွင့်တောင်းပန်လိုက်တယ်။
ခွင့်တောင်းပြီးတာနဲ့ လူနာဘက်ကိုလှည့်ကာ
“ ငါရဲ့အရှေ့ရောက်နေတဲ့ မိန်းကလေးကို ဒုက္ခရောက်အောင် ဝင်ရောက်နေရာယူထားတဲ့သူ ငါ့မေးခွန်းတွေကို အမှန်တိုင်းဖြေရမယ် အမှန်တိုင်းပြောရင် သင်နာကျင်ခံစားမှုကို မခံစားရပဲ သက်တောင့်သက်သာနေနိုင်မှာဖြစ်ပြီး လိမ်ညာလှည့်ဖျားတဲ့စကား တစ်ခွန်းပြောတိုင်း နှလုံးကို အပ်နဲ့တစ်ချက်ထိုးတာခံရမယ် ထပ်ပြီးလိမ်ညာပြီးထွက်ဆိုခဲ့သည်ရှိသော် အပ်ထိုးချက်ဆတိုးတက် ကာနာကျင်မှုကို မရပ်မနားခံစားစေရမယ် ငါအောင်မြတ်သာ ကုသနေတဲ့အချိန်အတွင်း မည်သူ တစ်ဦးတစ်ယောက်မှစည်းဝိုင်းထဲမဝင်လာစေရ ငါ၏အမိန့်မရပဲ ဝင်လာခဲ့သည့် နာနာဘာဝ၊ စုန်း၊ ကဝေ၊ အောက်လမ်းမိစ္ဆာအပေါင်း ပြာမှုန်ပင်မကျန်စေပဲ မီးလောင်ကျွမ်းစေသား”လို့အဓိဌာန်ပြု လိုက်တယ်။
အောင်မြတ်သာရဲ့အဓိဌာန်စကားအဆုံးမှာတော့ အိမ်ပတ်ပတ်လည်ကနေ ထွက်ပြေးသွား ကြတဲ့ခြေသံတွေကို အိမ်ပေါ်ရှိနေတဲ့သူတွေအပြင် အိမ်အောက်မှာရှိနေတဲ့သူတွေပါ အတိုင်းသား ကြားလိုက်ရတယ်။
လူမမာကတော့ အောင်မြတ်သာစကားတွေကို ဂရုမစိုက်ဟန်နဲ့ ကျောပေးကာဒူးနန့်ပြီး လှောင်ပြောင်နေသေးတာကိုလဲ သက်ခိုင်တို့မြင်လိုက်ရတယ်။
“ သင်နာမည်ဘယ်လိုခေါ်လဲ “
အောင်မြတ်သာရဲ့တည်ကြည်ပြတ်သားပြီး သြဇာအပြည့်ပါတဲ့အသံက တိတ်ဆိတ်နေတဲ့ အရုဏ်တက်ချိန်ကို ဖောက်ထွက်လာခဲ့တယ်။
“ ငါ့နာမည် သီတာအေး”
လူမမာက နာမည်ကိုခပ်ပြတ်ပြတ်ပြောလိုက်ပေမယ့် သူ့ရဲ့မျက်နှာတစ်ချက် မဲ့ခနဲဖြစ်သွားတာကို ဘေးမှာထိုင်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံး မြင်လိုက်ရတယ်။ အောင်မြတ်သာကတော့ နှုတ်ခမ်းတွန့်ရုံလောက်ပြုံးလိုက်ပြီး
“ သင်လိမ်လိုက်တဲ့အချိန် ဘယ်ဘက်ရင်အုံထဲကနေ စူးရှတဲ့နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်မဟုတ်လား ကဲ ကျုပ်အခုထပ်မေးမယ် သင့်နာမည်အမှန်ပြောပါစေလို့ မျှော်လင့် ပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ကျောပေးပြီး ထိုင်နေတဲ့လူမမာက အောင်မြတ်သာဘက်ကို ဖြေးဖြေးချင်းလှည့်လာပြီး
“ ကျွန်မတကယ်ပြောတာပါ မလိမ်ပါဘူးရှင် ကျွန်မနာမည်သီတာအေးပါ အခုဖြစ်နေတဲ့ ရောဂါအခြေအနေကြောင့် စိတ်မကြည်မလင်ဖြစ်နေခဲ့မိလို့ ပြောမိပြောရာပြောခဲ့မိတာပါ “
“ အိမ်း သင်ဆိုသည်မှာလဲ နာကျင်နေတာကို ကြိတ်ခံပြီး လိမ်နေသေးပါလား ကျုပ်က သင့်ကို မနာကျင်စေချင်လို့ လျော့ပေါ့ပြီးလုပ်ပေးခဲ့တယ် သင်ကတော့ ကျုပ်ရဲ့သနားမှုကို အခွင့်ကောင်းယူ နေပါလား ကျုပ်ဒီတစ်ခါထပ်မေးမယ် ထပ်လိမ်ရင် ကြေးလှံတိုင်ကိုင်ထားတဲ့ အင်းစောင့်တွေက ဝင်ရောက်ပူးကပ်နေသူရဲ့ နှလုံးကိုထုတ်ချင်းပေါက်အောင် ထိုးစေ ကာယကံရှင်ကို မည်သို့သော အကြောင်းကြောင်းနဲ့မှ မထိခိုက်စေရ ကဲ အမိ သင့်နာမည်ဘယ်လိုခေါ်လဲ”
လူမမာလဲ အောင်မြတ်သာကိုလိမ်မရမှန်းသိတာနဲ့ မျက်နှာကြောပြောင်းသွားပြီး
“ စောက်ဆရာကောင်တွေ ငါအလုပ်ပြီးခါနီးမှ ရောက်လာရတယ်လို့ ထွီ”
လူမမာက အောင်မြတ်သာကိုကြည့်ပြီး ဆဲဆိုကာ တံတွေးနဲ့လှမ်းထွေးလိုက်တဲ့အချိန် အိမ်ခေါင်မိုးထုတ်တန်းပေါ်ကနေ ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်ဆင်းလာခဲ့တာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ရတယ်။
ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်က လူမမာရဲ့ မျက်နှာတည့်တည့်ကို ကြာပွတ်နဲ့ တစ်ရွှမ်းရွှမ်းမြည်အောင်ရိုက်ပြီးဆုံးမပါလေရော။
“ ရွှမ်း ရွှမ်း နင့်လိုအောက်တန်းစားက ငါတို့ဆရာကို တံတွေးနဲ့ထွေးတယ်ပေါ့လေ သေစမ်းဟဲ့ ရွှမ်း ရွှမ်း ရွှမ်း”
အင်းစောင့်တွေက ကြာပွတ်နဲ့ရိုက်ပြီးဆုံးမတော့ လူမမာက ကြမ်းပေါ်မှာ ကွေးနေအောင် လူးလိမ့်ကာ ငယ်သံပါအောင် အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန် အိမ်အောက်မှာကြည့်နေတဲ့ လူတွေထဲက ယောင်္ကျားတစ်ယောက် ရုတ်တရက်အိမ်ပေါ်ပြေးတက်လာပြီး စည်းဝိုင်းထဲ ဝင်ဖို့လုပ်တဲ့အချိန် “ ဝုန်း “ ဆိုတဲ့အသံနဲ့အတူ အနောက်ကို လေးပေခန့်လွှင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ လွှင့်ထွက်သွားတဲ့သူကိုကြည့်ပြီး
“ ပြဿနာကတော့ ရှည်မယ့်ပုံပဲ “လို့ရေရွတ်ခဲ့တယ်။
စည်းဝိုင်းထဲဝင်လာတဲ့သူကလွင့်ထွက်သွားပြီး ခဏနေတော့ သတိပြန်ရလာပြီး သူဘာမှ မသိသလိုနဲ့ ဘေးကလူတွေကို ကြည့်နေခဲ့တယ်။
အောင်မြတ်သာလဲ စည်းထဲမှာ ရိုက်ခံနေရတဲ့လူမမာရှိရာဘက်ကို လက်ကာပြပြီး
“ ရိုက်တာခဏရပ်လိုက်ပါဦး “လို့ပြောလိုက်တော့မှ လူးလိမ့်နေတာရပ်သွားခဲ့တယ်။
အဲဒီအချိန် အိမ်အောက်မှာ ရှိနေတဲ့သူတွေထဲက လူသုံးယောက်က ဝူးဝူးဝါးဝါးထဖြစ်ကာ အိမ်ပေါ်ကို တက်လာခဲ့ကြတယ်။
အောင်မြတ်သာလဲ တက်လာတဲ့သူတွေကို မျက်လုံးဝှေ့ကြည့်လိုက်ပြီး
“ ကဲကဲ အခြေအနေတွေက ကျုပ်ထင်ထားတာထက်ကိုပိုရှုပ်ထွေးနေပါလား အိမ်အောက်မှာ ရှိနေတဲ့သူတွေအားလုံး အိမ်ပေါ်ကိုတက်လာခဲ့ကြ အောက်မှာနေခဲ့လို့ တစ်ခုခုဖြစ်သွားရင် ကျုပ်လဲ မတတ်နိုင်ဘူး” လို့ပြောလိုက်တော့မှ အိမ်အောက်မှာရှိနေတဲ့လူတွေအားလုံး အိမ်ပေါ်ကို တက်လာခဲ့ကြတယ်။
“ အသိစိတ်ရှိတဲ့သူတွေအားလုံး တစ်နေရာထဲစုပြီးထိုင်ကြ သက်ခိုင်က သူတို့အားလုံးရဲ့ ပတ်လည်ကို စည်းတားပြီး မဆိုင်တဲ့သူတွေမဝင်နိုင်အောင် လုပ်ပေးပါ တောက်ရကတော့ ဝင်ပူးနေတဲ့သူသုံးယောက်ကို အိမ်အောက်မဆင်းပြေးနိုင်အောင် အိမ်ပတ်ပတ်လည်ကို စည်းတားပေးပါ “
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရက ထိုင်နေတဲ့နေရာကနေ ထပြီး လူတွေနဲ့ အိမ်ပတ်လည်ကို စည်းတားလိုက်ကြတယ်။
လူမမာကတော့ အောင်မြတ်သာအရှေ့မှာ ခွေခွေလေးထိုင်ပြီး တုန်တုန်ရီရီဖြစ်နေတာ မြင်တော့
“ သင်အမှန်တိုင်း ပြောဖို့အချိန်တန်ပြီ ထပ်လိမ်ရင် ဒီထက်ပိုပြီး နာကျင်ရလိမ့်မယ် အခုတောင် သင်အသည်းခိုက်အောင် နာကျင်နေရပြီမဟုတ်လား “
“ ငါအမှန်အတိုင်းပြောမယ် နင်ဘာသိချင်တာလဲ”
ကြာပွတ်ကိုင်ထားတဲ့ အင်းစောင့်နှစ်ယောက်က အောင်မြတ်သာကို ငါနဲ့ပြောရမလားဆိုပြီး ရိုက်ဖို့ရွယ်လိုက်တဲ့အချိန်
“ မရိုက်နဲ့တော့ သူပြောတတ်သလိုပြောပါစေ “လို့အမိန့်ပေးလိုက်တော့မှ အင်းစောင့်နှစ်ယောက်လဲ အရိုအသေပေးကာ ပျောက်ကွယ်သွားကြတယ်။ အင်းစောင့်တွေ ပျောက်သွားတော့မှ အောင်မြတ်သာက လူမမာရဲ့ မျက်နှာကိုစူးစိုက်ကြည့်ပြီး
“ သင့်နာမည်ဘယ်လိုခေါ်လဲ “
“ ငါ့နာမည်က မိကြာအေး”
“ သင်ဒီထဲကိုဘာလို့ရောက်နေတာလဲ သင်ဘာလိုချင်လို့လဲ”
“ ငါသွေးဆာတယ် အပျိုစင်ရဲ့သွေးကိုသောက်ရတာ အရသာရှိတယ် ဒါကြောင့် ဒီကောင်မလေးရဲ့ကိုယ်ထဲဝင်နေတာ”
“ သင်လဲ သူတစ်ပါးကိုဒုက္ခပေးထားတာကြာပြီဆိုတော့ ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ် ဒီကောင်မလေးရဲ့ ကိုယ်ထဲကနေထွက်သွားပေးပါ သင့်ကိုနာကျင်အောင် မလုပ်ပါဘူး”
အောင်မြတ်သာရဲ့စကားအဆုံးမှာ ဘေးမှာရှိနေတဲ့ လူသုံးယောက်က ဟက်ဟက်ပက်ပက် ရယ်ပြီး
“ သူထွက်လို့မရဘူး သူနဲ့ငါတို့က အပေးအယူလုပ်ထားတာ ဒီကောင်မလေးရဲ့ သွေးကို သူစားပြီးရင် ငါတို့က သူ့ရဲ့အသားနဲ့ အတွင်းကလီစာတွေကို စားဖို့ကျန်သေးတယ် သူထွက်လို့မရဘူး ဒီကောင်မလေးက သေကိုသေရမယ်” လို့ပြောတာကြားတော့ အောင်မြတ်သာတို့မှအပ ကျန်တဲ့သူတွေအကုန် ကြောက်လန့်ကုန်တယ်။
“ ကဲ ဒါဖြင့်လဲ ကြိုးပိုင်တွေက အဲဒီသုံးယောက်ကို ငါ့အရှေ့ကို ကြိုးနဲ့တုပ်ပြီးခေါ်လာခဲ့ “
အောင်မြတ်သာအမိန့်ပေးသံအဆုံးမှာ ဘေးကစည်းဝိုင်းထဲမှာရှိနေတဲ့ လူသုံးယောက်က လက်ပြန်ကြိုးတုပ်ခံထိတဲ့ဟန်နဲ့ အောင်မြတ်သာအရှေ့ကို ရောက်လာခဲ့တယ်။
“ဒီနားတစ်ဝိုက်မှာနေတဲ့သူတွေကို နင်တို့လေးယောက် ဘယ်လောက်အထိ ဒုက္ခပေးခဲ့ ပြီးပြီလဲ အတိတ်ဘဝက အကုသိုလ်အကျိုးကြောင့် ဒီလိုမကောင်းတဲ့ခန္ဓာကို ပိုင်ဆိုင်ထားတာတောင် အသိတရားမရသေးပါလား “
“ အဟီးအဟီး ဟက်ဟက်ဟက် မိကြာအေး နင်ကတော့ သွေးဝအောင်သောက်ပြီးပြီနော် ငါတို့ကမစားရသေးဘူး နင့်တာဝန်နင်ပြီးအောင်လုပ် သူများပြောတာ နားမယောင်နေနဲ့ “
“ သူကစွမ်းတယ် ငါ့ကိုရိုက်ထားတာပဲကြည့် တစ်ကိုယ်လုံးအရှိုးရာတွေကြီးပဲ ဒါပေမယ့် ငါတို့က အသားနာတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတာ သူတို့မသိတာပဲ ဟက်ဟက်ဟက်”
သက်ခိုင်နဲ့တောက်ရကတော့ အောင်မြတ်သာကိုအရှေ့မှာထားပြီး မခန့်လေးစားလုပ်နေတဲ့ နာနာဘာဝတွေကိုကြည့်ပြီး ဒေါသတစ်ထောင်းထောင်းထွက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ အောင်မြတ်သာကတော့ ဒေါသထွက်နေတဲ့ သက်ခိုင်နဲ့ တောက်ရကို စိတ်ကို ထိန်းဖို့လက်နဲ့အချက်ပြလိုက်ပြီး
“ သင်တို့ကဒီလောက်စားချင်သောက်ချင်နေမှတော့ ကျုပ်ကလဲ ဆန္ဒကိုလိုက်လျောပေး ရတာပေါ့ အစကတော့ သင်တို့ကို မနာကျင်စေချင်လို့ အတတ်နိုင်ဆုံးလျော့ပေါ့ပြီး ဆုံးမခဲ့ပေမယ့် သင်တို့ကအသိတရားလုံးလုံးမရကြပေဘူးပဲ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ သင်တို့ကို စံပြဖြစ်အောင် လုပ်ပြမှရတော့မယ် သက်ခိုင်နဲ့တောက်ရ ဒီကလေးမအိပ်တဲ့ အိပ်ယာအောက်မှာ ရှစ်ကွက်အင်း တစ်ရွက်ထည့်ထားလိုက်ပါ သူကပဲ ကိုယ်ထဲမှာနေနိုင်မလား လာတဲ့နေရာကိုပြန်ပြေးမလား ကြည့်ရအောင်” လို့ပြောလိုက်တော့ သက်ခိုင်က လွယ်အိတ်ထဲမှာ အသင့်ပါတဲ့ ရှစ်ကွက်အင်း စာရွက် တစ်ရွက်ကိုထုတ်ကာ အိပ်ယာအောက်ထဲထိုးထည့်လိုက်တယ်။
အင်းစာရွက်ထည့်ပြီးတဲ့အချိန်မှာတော့ ဝင်ပူးနေတဲ့ ကောင်မလေးရဲ့ကိုယ် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ချွေးစေးတွေ ထွက်လာခဲ့တယ်။ ကြိမ်ပိုင်တွေရိုက်တဲ့ဒဏ်ကို ခံနိုင်တဲ့ မိကြာအေးက ဒီတစ်ခါမှာတော့ ဘယ်လိုမှမနေနိုင်တော့ပဲ
“ ငါထွက်တော့မယ် ငါထွက်တော့မယ် ပူတယ် ပူတယ် မနေနိုင်ဘူး ဟိုသုံးယောက်က ဘာမှ မဖြစ်ပဲ ဘာလို့ငါကပဲပူနေရတာလဲ ငါ့ကိုပြန်ပေးထွက်ပါတော့ “
“ နေဦး ထွက်လို့မရသေးဘူး နင်ထွက်သွားတာနဲ့ ကောင်မလေးက သေမှာငါသိနေတယ် ဒါကြောင့် သူမသေအောင် သူ့ဝိဥာဏ်ကိုဖမ်းချုပ်ထားတဲ့နေရာကနေ ပြန်လွှတ်ပေးရမယ် “
“ ငါလွှတ်ပေးလို့မရဘူး မှတ်ကြီးနဲ့ ဘော်တိုးတို့ လွှတ်ပေးမှရမယ် နင်တို့သူ့ကိုပြန်လွှတ်ပေး လိုက် ဒါမှငါထွက်လို့ရမှာ ငရဲမီးလိုပူလိုက်တာ အမလေး ငါမခံစားနိုင်တော့ဘူး”
မိကြာအေးက အော်ဟစ်ပြောဆိုရင်း ညဉ်းညူနေခဲ့တယ်။ အောင်မြတ်သာကတော့ စည်းဝိုင်း ထဲမှာရှိနေတဲ့သူသုံးယောက်ကိုကြည့်ပြီး
“ သင်တို့သုံးယောက်က လာလမ်းအတိုင်းပြန်ပြီး ဒီကောင်မလေးရဲ့ ဝိဉာဥ်ကိုပြန်လွှတ်ပေး လိုက်ပါ သင်တို့သွားမယ့်လမ်းကိုကျုပ်ဖွင့်ပေးထားပေးတယ်” လို့ပြောလိုက်တော့မှ ဝင်ပူးနေတဲ့ လူသုံးယောက်က အရုပ်ကြိုးပြတ်သလိုလဲကျသွားခဲ့တယ်။
ခဏကြာတော့ ပူလောင်မှုဒဏ်ကိုလူးလိမ့်ခံနေရတဲ့ ကောင်မလေးက
“ သူလာနေပြီ ငါထွက်မှရတော့မယ် ငါ့ကိုထွက်ခွင့်ပေးပါတော့ “လို့အသံနက်ကြီးနဲ့ အော်ပါလေရော။
“ ကောင်းပြီ သင်ထွက်နိင်ပြီ သက်ခိုင် အင်းစာရွက်ပြန်ထုတ်လိုက်တော့ “လို့ပြောလိုက်တော့ သက်ခိုင်က အိပ်ယာအောက်က အင်းစာရွက်ကို ဆွဲထုတ်လိုက်တယ်။
အင်းစာရွက်ထုတ်လိုက်တဲ့အချိန်မှာပဲ လူမမာကောင်မလေးက ခွေခနဲလဲကျသွားပြီး သိပ်မကြာခင်မှာပဲ သတိပြန်ရလာကာ
“ ရေ ရေ ရေ ပေးပါ “ ဆိုပြီး တောင်းပါလေရော။
အောင်မြတ်သာတို့လဲ လူမမာကောင်မလေးရဲ့ ပါးစပ်ထဲကို ရေစက်အနည်းငယ်ထည့်ပေး ပြီးချိန်မှာတော့ သတိပြန်ရလာခဲ့တယ်။ အိမ်ရှင်မိန်းမကြီးက လူမမာကောင်မလေးကို ပွေ့ချီပြီး
“ ကျေးဇူးကြီးလှပါတယ်ဆရာတို့ရယ် ဆရာတို့သာမကယ်ရင် သမီးလေးက သေနေလောက်ပြီ ခုနကဝင်ပူးနေတဲ့ မိကြာအေးဆိုတာ အရင်ကဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာမတစ်ယောက်ပဲ သူ့နာမည်ပြောတော့ ကျွန်မတို့အတော်အံ့သြသွားကြတာ သူက ဘယ်လိုဖြစ်ပြီး ကျန်မသမီးလေးကို အခုလိုလုပ်ရတာလဲ “လို့မေးတော့ အောင်မြတ်သာက
“ ကောင်မလေးရဲ့ လိပ်ပြာကအတော်ကိုလှတဲ့အပြင် မမြင်သင့်မမြင်အပ်တဲ့အရာတွေကို မြင်နိုင်စွမ်းလဲရှိတယ်လို့ထင်တယ် “
“ ဟုတ်တယ်ဆရာ ငယ်ငယ်လေးထဲသူ့မှာ ထူးခြားတဲ့အမြင်တွေပါလာတယ် သူများအိမ် အလည်သွားရင်လဲ အိမ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကို သူမြင်ရတယ် အစကတော့ လျောက်ပြောနေတယ်ထင်ရပေမယ့် နောက်ပိုင်းမှာသူပြောတာတွေက အမှန်ဖြစ်နေတတ်တယ်”
“ ပြဿနာကအဲဒီအမြင်ကစတာပဲ ကောင်မလေးက အမြင်အာရုံရှိတော့ မိကြာအေးက သူ့ကို သွေးဆောင်ပြီးဝိဥာဥ်ကိုဖမ်းထိန်းထားလိုက်တာ ပြီးတော့ သူ့နေရာမှအစားဝင်ပြီး ကောင်မလေးရဲ့ သွေးသားတွေကို တစ်ဖြေးဖြေးစားသုံးခဲ့တယ် ဒါကြောင့်ရောဂါရှာမရပဲ တစ်နေ့တစ်ခြား ပိန်လာ တာပေါ့ “
“ ဒါဆိုသူတို့က သမီးလေးကိုထပ်ပြီး ဒုက္ခပေးကြဦးမလားဆရာ ကူညီပါဦး နောက်တစ်ခါဒီလိုမျိုးထပ်မဖြစ်အောင်လုပ်ပေးလို့မရဘူးလားဟင်”
“ စိတ်မပူပါနဲ့ သူသတိရလာရင် ကျုပ်တို့ပေးခဲ့မယ့် အင်းစာရွက်ကို မီးရှို့ပြာချပြီး တိုက်လိုက်တဲ့အခါ အမြင်အာရုံတွေ ပျောက်ကွယ်သွားလိမ့်မယ် အင်းစာရွက်ရဲ့ပြာကြောင့် သူ့ကိုဘယ်သူမှထပ်ပြီး ဒုက္ခပေးလို့မရတော့ပါဘူး”
“ ကျေးဇူးတင်လိုက်တာဆရာတို့ရယ် ဆရာတို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မ နိုင်သ လောက်ကန်တော့ပါရစေ”
အိမ်ရှင်မိန်းမကြီးစကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး
“ မဟုတ်ပါဘူး ကျုပ်တို့က အခကြေးငွေမယူပဲ ဆေးကုပေးတဲ့သူတွေပါ ဒါကြောင့် ကျုပ်တို့ကိုပေးမယ့်အရာကို မရှိတဲ့သူတွေကို ပြန်လှူလိုက်ပါ “လို့ပြောလိုက်တော့ အိမ်ရှင်မိန်းမကြီးက ဆုတွေပေးမေတ္တာတွေပို့ကာ အောင်မြတ်သာတို့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောကြားခဲ့တယ်။
အောင်မြတ်သာတို့လဲ လူမမာအိမ်ကနေပြန်ထွက်ပြီး တစ်ပြလောက်ရောက်တော့
“ ဆရာ ဘာဖြစ်လို့ မိကြာအေးနဲ့အပေါင်းအပါတွေကို လွှတ်ပေးလိုက်တာလဲ သူတို့ကို ဒီထက်ပိုပြီး ပညာပေးရမှာ”
မကျေမနပ်ဖြစ်နေတဲ့အသံနဲ့မေးလိုက်တဲ့ တောက်ရရဲ့စကားအဆုံးမှာ အောင်မြတ်သာက
“ မင်းတို့က သူတို့ကို လွှတ်ပေးလိုက်တယ်ထင်နေတာလား “
“ ဆရာလွှတ်ပေးလိုက်တာမဟုတ်ဘူးလား”
“ မဟုတ်ဘူးတောက်ရ အိမ်ပေါ်မှာ ကုတဲ့အခါ ငါတို့ရဲ့ပညာစွမ်းက လူအများကြားထဲမှာ ပိုပြီးထင်ပေါ်လာလိမ့်မယ် တစ်ယောက်စကားတစ်ယောက်နားနဲ့ ငါတို့ဘယ်သွားသွား အနောက်ကနေ လိုက်လာကြလိမ့်မယ် ဒါကြောင့် ခေတ္တလွှတ်ပေးလိုက်တာ “
“ ခေတ္တလွှတ်ပေးလိုက်တာဆိုတော့ အပြီးလွှတ်ပေးတာမဟုတ်ဘူးပေါ့နော်ဆရာ”
တောက်ရစကားအဆုံးမှာ အောင်မြတ်သာက စူးရှတောက်ပတဲ့မျက်လုံးအိမ်ကို အဓိပ္ပါယ်ရှိရှိ ကျဉ်းလိုက်ပြီး
“ ဘယ်သူ့ကိုမှထပ်ပြီး ဒုက္ခမပေးနိုင်အောင် ဆုံးမရလိမ့်မယ် မိကြာအေးဆိုတဲ့သရဲမက လူ့ဘဝတုန်းက အောက်လမ်းပညာကို ထဲထဲဝင်ဝင်တတ်မြောက်ခဲ့တဲ့သူဖြစ်တဲ့အတွက် ဝိဥာဥ်ချုပ်နည်းတွေကို အခုဘဝရောက်တဲ့အထိ ပြုလုပ်တတ်နေတာပဲဖြစ်တယ် သူ့ကိုအပြီးတိုင် ဖယ်ရှားမှသာ ဒီနယ်တစ်ဝိုက်အေးချမ်းလိမ့်မယ် အခုတော့ အရိပ်ရတဲ့နေရာတစ်ခုမှာ နားလိုက်ကြရအောင်” လို့ပြောပြီး ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရက ဒီအတိုင်းလွှတ်ပေးလိုက်ရပြီထင်ပြီး မျက်နှာမသာမယာဖြစ်နေရာ ကနေ ချက်ချင်းဆိုသလို တက်ကြွသွားပြီး နားခိုလို့ရမယ့်နေရာရှာဖို့အရှေ့ကနေ ခပ်သုတ်သုတ် ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင်အချိန်မှာတော့ အရိပ်အာဝါသကောင်းတဲ့ ကုက္ကိုပင်တစ်ပင် အောက်ကိုရောက်လာခဲ့တယ်။
အောင်မြတ်သာကတော့ ကုက္ကိုပင်ခြေရင်းမှာဝင်ထိုင်လိုက်ပြီး လွယ်အိတ်ထဲကနေ ရုပ်ထု တစ်ခုကိုဆွဲထုတ်လိုက်ပြီး
“ ဒီအရုပ်ကို ကရင်ပြည်နယ်၊ မုလအိတောင်မှာ အဓိဌာန်ဝင်တုန်းက ရခဲ့တာ “လို့ပြောကာ သက်ခိုင်နဲ့တောက်ရအရှေ့ကိုချပေးလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာချပေးတဲ့အရုပ်ကိုသေချာကြည့်လိုက်ပြီး
“ ဒီအရုပ်က ပျိုမြစ်နုနယ်တဲ့နတ်နဂါးလုလင်ပျိုတစ်ယောက်ပုံကို ထုထားတာနဲ့တူနေတယ် နောက်ပြီး အရုပ်က မဲနက်တောက်ပြောင်နေတာ မသိရင် မီးသွေးခဲတစ်ခဲကို ပန်းပုထုထားတာနဲ့ အတော်တူတာပဲ”
“ ဟုတ်တယ် ဒီအရုပ်က နတ်နဂါးအနွယ်ဝင်တို့ စောင့်ရှောက်တဲ့ ကျွန်းနက်သားကို လောကီ အစီအရင်တွေနဲ့ ရှေးဆရာကြီးတွေကထုလုပ်ခဲ့တာပဲ”
“ ကျွန်းနက်ဆိုတာက ဘယ်လိုသစ်မျိုးလဲဆရာ သဘာဝအတိုင်းမဲနက်နေတဲ့ ကျွန်းပင်ကို ဆိုလိုတာလား”
“ မဟုတ်ဘူးသက်ခိုင် ကျွန်းနက်ဆိုတာ မြေအောက်ရေအောက်မှာ နှစ်ပေါင်းများစွာ မြုပ်နေတဲ့ ကျွန်းသစ်လုံးတွေကိုပြောတာ ဒီလိုကျွန်းနက်စစ်စစ်ကို ပဌာန်းဆက်ပါတဲ့သူတွေကမှ ပိုင်ဆိုင် တတ်ကြတယ် “
“ ကျွန်းနက်စစ်မစစ်ကိုရော ဘယ်လိုစမ်းသပ်လို့ရလဲဆရာ အချို့သစ်တွေထဲမှာလဲ မဲနက်နေတဲ့ သစ်တွေရှိတာ ကျွန်တော်လဲမြင်ဖူးတယ်”
“ ကျွန်းနက်စစ်မစစ်စမ်းသပ်တဲ့နည်း နှစ်နည်းရှိတယ် ပထမနည်းက ကျွန်းနက်သား အနည်းငယ်ကိုမီးရှို့ပြာချရင် ရွှေရောင်ပြာအချို့ရလိမ့်မယ် ဒုတိယနည်းက ရလာတဲ့ရွှေရောင်ပြာကို သံလိုက်နဲ့ကပ်ရင် ပြာတွေက သံလိုက်မှာ လာပြီးကပ်ညိနေလိမ့်မယ် အဲဒီနှစ်ချက်နဲ့တိုက်ဆိုင် စစ်ဆေးလို့ပြည့်စုံရင် ကျွန်းနက်စစ်စစ်ကိုရပြီပေါ့”
“ ဒါဆိုဒီအရုပ်လေးက ကျွန်းနက်စစ်စစ်နဲ့ ထုလုပ်ထားတဲ့ ရုပ်ထုလေးပေါ့”
“ ဟုတ်တယ် ဒီအရုပ်ကို တောက်ရက ထိန်းသိမ်းပြီး စေခိုင်းနိုင်အောင်ကြိုးစားကြည့်ပါ”
အောင်မြတ်သာကစကားပြောနေရင်း တောက်ရလက်ထဲကို နဂါးလုလင်ပျိုရုပ်ထုလေးကို ထည့်ပေးလိုက်တယ်။ တောက်ရကလဲ အောင်မြတ်သာပေးတဲ့ ရုပ်ထုလေးကို လက်ပေါ်တင်လိုက်တဲ့ အခါမှာတော့ ရုပ်ထုဆီကနေ တုန်ခါမှုတစ်ခုကိုခံစားလိုက်ရတယ်။
“ ဆရာ ဆရာ ဒီရုပ်ထုလေးကအသက်ဝင်နေသလိုပဲ ကျွန်တော့်လက်ပေါ်မှာ ယိမ်းထိုးပြီး လှုပ်ရှားနေတယ်လို့ခံစားနေရတယ်”
တောက်ရစကားကိုကြားတော့ အောင်မြတ်သာက
“ ဒီအရုပ်မှာစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက မင်းကိုနှစ်သက်လို့ဖြစ်မှာပေါ့ကွာ “လို့ပြောပြီး ကုက္ကိုပင်အနောက်ဘက်ကိုထွက်သွားခဲ့တယ်။
တောက်ရလဲ အောင်မြတ်သာပေးခဲ့တဲ့ ရုပ်ထုလေးကိုကြည့်ပြီး ညနေစောင်းမယ့် အချိန်ကို စောင့်မျှော်နေရင်း မှေးခနဲအိပ်ပျော်သွားချိန်မှာတော့ လက်ထဲမှာကိုင်ထားတဲ့ ကျွန်းနက်ရုပ်ထု လေးကအသက်ဝင်လာပြီး သက်ခိုင်ရဲ့ လက်မောင်းကို ဆွဲကိုင်ကာ
“ ဆရာ ဆရာ ထပါဦး ထပါဦး” ဆိုပြီး လှုပ်နှိုးနေခဲ့တယ်။
တောက်ရလဲ လက်မောင်းကိုဆွဲလှုပ်ပြီး နှိုးနေတဲ့အသံကြောင့် လန့်နိုးလာချိန်မှာတော့ နီညိုရောင်အဝတ်အစားကိုဝတ်ထားတဲ့ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ် တစ်ယောက်ကို မြင်လိုက်ရပြီး
“ မင်း မင်းကဘယ်သူလဲ “
“ ကျုပ်နာမည်က စန္ဒပါ ဆရာမှာ ကျုပ်တို့မျိုးဆက်တွေနဲ့ပတ်သတ်တဲ့ ပဌာန်းဆက်အချို့ကို ခံစားနေရတယ် ဒါကြောင့်ကျုပ်အရုပ်ထဲကထွက်လာပြီး အကူအညီလာတောင်းတာပါ”
“ ဟင် ဒါဆိုရင် မင်းက ကျွန်းနက်ရုပ်ထုထဲက ထွက်လာတာလား”
“ ဟုတ်ပါတယ်ဆရာ ကျုပ်က ကျွန်းနက်ရုပ်ထုထဲမှာနေတာပါ ဆရာကျုပ်တို့ကိုကူညီပါဦး”
“ ငါကဘာကူညီရမှာလဲ အခုညနေတောင် ရိုင်းစိုင်းတဲ့သရဲမတစ်ကောင်ကို ဆုံးမရဦးမယ်”
“ ဆရာတို့ကျုပ်တို့မျိုးနွယ်ကို ကူညီမယ်လို့ကတိပေးရင် ကျုပ်ကိုလိုသလိုစေခိုင်းနိုင်ပါတယ် ကျုပ်ဆရာတို့ကိုကူညီပေးပါ့မယ်”
“ ဟင်း မင်းနဲ့တော့ခက်ပြီး ကဲပြော ငါတို့ကဘယ်လိုကူညီရမလဲ”
“ ကျိုက္ခမီရေလယ်ဘုရားရဲ့ တောင်ဘက်စွန်းစွန်းမှာ ကျုပ်တို့မျိုးနွယ်တွေနေတဲ့ အငူမော်တစ်ခု ရှိတယ် အငူမော်ရဲ့အောက်မှာတော့ လပြည့်နေ့တိုင်း ကျိုက္ခမီရေလယ်ဘုရားကို နို့ဆွမ်းဆက်ကပ်ရတဲ့ နဂါးမျိုးနွယ်စုတစ်စုနေထိုင်တယ်ဆရာ အခုတော့ လူတစ်စုက သူတို့နေတဲ့ အငူမော်ကို ဖြိုပြီး သိုက်စေတီတစ်ဆူတည်ဖို့လုပ်နေတယ်ဆရာ သိုက်စေတီတည်တဲ့သူကလဲ အရမ်းစွမ်းတာမို့ ဆရာတို့ကူညီမှရပါမယ် ကျုပ်တို့မျိုးနွယ်တွေကို ကယ်တင်ပေးပါဆရာ “
လူငယ်လေးရဲ့အကူညီတောင်းခံမှုအပြီးမှုတော့ မျက်စိရှေ့ကနေရုတ်ချည်းပျောက်ကွယ် သွားပြီးအသံကလဲ ဝေးသထက်ဝေးကွာသွားခဲ့တယ်။
“ တောက်ရ ညနေစောင်းနေပြီ ထတော့ “ ဆိုပြီးခေါ်နှိုးလိုက်တဲ့ သက်ခိုင်ရဲ့အသံကြောင့် အိပ်မောကျနေရာကနေ လန့်နိုးလာခဲ့ပြီးအရှေ့မှာထိုင်နေတဲ့ အောင်မြတ်သာနားကိုသွားကာ
“ ဆရာ အိမ်မက်ထဲမှာ ရုပ်ထုထဲကနေ လူငယ်တစ်ယောက်ထွက်လာပြီး ကျွန်တော်ကို အကူအညီလာတောင်းတယ် “
“ မင်းကိုအကူအညီလာတောင်းတယ်ဆိုတာ မင်းနဲ့ပဌာန်းဆက်ပါလို့ဖြစ်လိမ့်မယ် ဒီကိစ္စ ပြီးရင် မင်းရဲ့အခန်းကဏ္ဍကအရေးကြီးလာလိမ့်မယ်တောက်ရ အခုတော့ လူသူရှင်းတဲ့နေရာတစ်ခု ကိုသွားပြီး မနက်ကအမှုကိုအရင်ဖြတ်ကြတာပေါ့”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ လွယ်အိတ်ကိုယ်စီလွယ်ကာ လူသူအရောက်ပေါက်နည်းတဲ့ ကွင်းစပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကွင်းစပ်ကိုရောက်တော့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရက ဖိုခနောက်ဆိုင်နေရာယူလိုက်ပြီး
“ ပွင့်လေပြီးသောဘုရားလေးဆူတို့ရဲ့အမိန့်တော် အင်းတော်ကြီးဂိုဏ်းကိုစောင့်ရှောက်နေတဲ့ အဖဆရာကြီးများရဲ့အမိန့်တော်၊ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးရဲ့အမိန့်တော်၊ ငါ အောင်မြတ်သာ၏အမိန့်တော်နဲ့ ဆင့်ခေါ်လိုက်သည် မိကြာအေးဆိုတဲ့သရဲမနဲ့ အပေါင်းအပါများ ငါ၏ရှေ့မှောက်သို့ မဆိုင်းမတွပဲ အမြန်ရောက်လာစေ” လို့အမိန့်ပြန်ကာ မြေကြီးပေါ်ကို အင်းစာရွက်တစ်ရွက်ပစ်ချလိုက်တယ်ဆိုရင်ပဲ နားနှစ်ဘက်ကိုလက်နဲ့ပိတ်ပြီး ပြေးလာနေကြတဲ့ မိကြာအေးနဲ့ သူ့အပေါင်းအပါတွေကို မြင်လိုက်ရတယ်။
“ ကျုပ်တားထားတဲ့ စည်းထဲကိုအရောက်ဝင်လာစေ ဝင်ပြီးသည့်သူမှန်သမျှ ကျုပ်အမိန့်မရပဲ အပြင်ကိုခြေတစ်လှမ်းမှမထွက်စေရ စည်းဝိုင်းအပြင်ဘက်မှာ ဆူးတင်းပုတ်ကိုင်ဆောင်ထားတဲ့ ယက္ခလေးပါးက အစဉ်တိုင်းစောင့်ကြပ်စေ”
အောင်မြတ်သာက ပြေးလာနေတဲ့ မိကြာအေးတို့အဖွဲ့ကို စည်းထဲမှာပိတ်ချလိုက်တဲ့အချိန် မှာတော့
“ ငါတို့နားစည်တွေကွဲတော့မယ် နင်ကငါတို့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”
မိကြာအေးရဲ့စကားကိုကြားတော့ ဘေးမှာရပ်နေတဲ့ သက်ခိုင်က
“ ဟဲ့ အရိုင်းစိုင်းမ ဆရာက နင့်ကိုသက်ညှာထားလို့ နင်အခုချိန်ထိရှိနေတာ ကျေးဇူးရှင်ကို ကျေးဇူးမတင်ပဲ လာရိုင်းစိုင်းနေတယ် ဒီအမျိုးယုတ်မရဲ့ နံဟောင်နေတဲ့ပါးစပ်ကို လှံချိတ်နဲ့ဖြဲပြီး အဝီစိငရဲက မီးတောက်နဲ့မြိုက်စမ်း ပူလောင်မှုဒဏ်ကိုကျုပ်မရပ်ခိုင်းမချင်း ခံစားရစေသား”လို့ အမိန့်ပြန်လိုက်တဲ့အချိန်မှာတော့ မြေကြီးအောက်ထဲကနေ နီရဲနေတဲ့ကိုယ်ခန္ဓာရှိတဲ့ လူထွားကြီး နှစ်ယောက်ထွက်လာပြီး တစ်ယောက်က ပါးစပ်ကို သံချိတ်နဲ့ချိတ်ဆွဲကာ တစ်ယောက်က လက်မှာ ကိုင်လာတဲ့ မီးခဲရဲရဲတွေကို ထိုးထည့်ပါလေရော”
“ အား ဝူး ဝလူး ဝလူး ဖူး ပူ ပူ ပူ တယ် အူးးးးးး”
မိကြာအေးခံစားနေရတာကိုမြင်တော့ အပေါင်းအပါသရဲသုံးကောင်က
“ ကျုပ်တို့မှားပါတယ် နောက်မလုပ်ရဲတော့ပါဘူး အားလုံးကို မိကြာအေး လုပ်ခိုင်းလို့ လုပ်ရတာပါ ကျုပ်တို့နောက်တစ်ခါ သူတစ်ပါးထိခိုက်အောင်လုပ်ရင် ပြာအတိကျပြီး လောင်ကျွမ်းပါစေလို့ သစ္စာဆိုပါတယ်” ဆိုပြီး ကြောက်လန့်တကြားထအော်ပါလေရော။
အောင်မြတ်သာကတော့ ကြောက်လန့်တစ်ကြားဖြစ်နေတဲ့ သရဲသုံးကောင်ကိုကြည့်ပြီး
“ မင်းတို့ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် ငါခွင့်လွှတ်ပေးမယ် သက်ခိုင် သူ့ကိုလွှတ်ပေးလိုက်တော့”
သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် မိကြာအေးကို လွှတ်ပေးလိုက်ပြီး
“ နင် ထပ်ပြီးရိုင်းဦးမလား ငါ့ဆရာကို ရှိခိုးပြီးတောင်းပန်မလား”လို့မေးလိုက်တော့ မိကြာအေးက
“ ငါ့က အသက်သာအသေခံမယ် နင်တို့လိုအထက်လမ်းဆရာတွေကို ဘယ်တော့မှ အောက်မကျို့ဘူးဟေ့ နင်တို့နှိပ်စက်သမျှ ငါခံမယ် ငါလွတ်သွားခဲ့ရင်လဲ လူတွေကိုပြုစားပြီး သူတို့ရဲ့ သွေးကိုအရသာရှိရှိသောက်ဦးမယ်ဟေ့”လို့ကြိမ်းဝါးလိုက်တယ်။
အောင်မြတ်သာကတော့ မိကြာအေးရဲ့ကြိမ်းဝါးသံကိုကြားတော့ အခြားတစ်နေရာကို မျက်နှာလွှဲကာ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
“ ဒါဖြင့်လဲ သင့်ကိုဖျောင်းဖျမနေတာ့ပါဘူး အခုကစပြီး သင်ပြုစားခဲ့တဲ့လူတွေခံစားရသလို သင်ကိုပေးခံစားကြည့်မယ် “လို့ပြောကာ ရှစ်ကွက်အင်းစာရွက်တစ်ရွက်ကို ကောင်းကင်ပေါ် ပစ်တင်လိုက်တယ်ဆိုရင်ပဲ အင်းစာရွက်က အစိတ်စိတ်အမွှာအမွှာလွင့်ကျဲသွားပြီး စက်ဝိုင်း ပုံသဏ္ဍာန်အပေါက်တစ်ခုပေါ်လာခဲ့တယ်။
မိကြာအေးလဲ ကောင်းကင်မှာပေါ်လာတဲ့ စက်ဝိုင်းပုံအပေါက်ကို ကြည့်နေတဲ့အချိန်
“ ထိုးကြ ခုတ်ကြ သတ်ကြဟေ့ “ဆိုတဲ့အသံနဲ့အတူ ခက်ရင်းခွလက်နက်တွေ ကိုင်ဆောင် ထားတဲ့ မြင်းစစ်သည်တော်တွေ ပေါ်လာခဲ့တယ်။
မြင်းစစ်သည်တော်တွေရဲ့ နဖူးမှာတော့ ရွှေမှင်ရောင်ဆေးနဲ့ထိုးထားတဲ့ အင်းစမကွက်တွေပါနေပြီး မျက်နှာတွေက သနားမှုကြင်နာမှုကင်းမဲ့နေတဲ့အလား စည်းဝိုင်းထဲမှာ ရှိနေတဲ့ မိကြာအေးရဲ့ကိုယ်ခန္ဓာကို ခက်ရင်းခွတွေနဲ့ အချက်ပေါင်းများစွာထိုးနှက်ခဲ့ကြတယ်။
မြင်းစစ်သည်တော်တွေထိုးလိုက်တဲ့ ခက်ရင်းခွဒဏ်ကြောင့် မိကြာအေးရဲ့ ကိုယ်ခန္ဓာက ဇကာပေါက်လိုဖြစ်သွားပြီး သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်လာခဲ့တယ်။
“ ငါ ငါ မခံစားနိုင်တော့ဘူး ငါ့ကိုသတ်ချင်သတ်လိုက်တော့ နင့်ကိုတော့ မတောင်းပန်နိုင်ဘူး “
ထိုးခုတ်ရာတွေနဲ့ အလူးအလဲဖြစ်နေတဲ့ မိကြာအေးက မာန်မလျော့ပဲ ပြောလိုက်တဲ့အချိန်မှာတော့ အောင်မြတ်သာက
“ ဟင်းးးး သဗ္ဗေသတ္တာကမ္မတကာပါ မိကြာအေး သင့်သွားရမယ့်လမ်းကို သင်ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ” လို့ရေရွတ်ကာ မျက်နှာလွှဲလိုက်တယ်။ အဲဒီအချိန်မှာပဲ မိုးကောင်းကင် တစ်ခုလုံးရုတ်တရက်မှိုင်းညို့လာပြီး
“ ဂျိမ်းးးး” ဆိုတဲ့အသံနဲ့အတူ အဖြူရောင်အလင်းတန်းက မိကြာအေးဆီကို ထိုးကျလာခဲ့တယ်။
ကျယ်လောင်လှတဲ့မိုးကြိုးပစ်သံကြောင့် သက်ခိုင်နဲ့ တောက်ရတို့ နားနှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်ပြီး မိကြာအေးကိုကြည့်လိုက်တဲ့အချိန်မှာတော့ စည်းထဲမှာ မိကြာအေးကို မတွေ့ရ တော့ပဲ ညိုပုတ်နေတဲ့ပြာမှုန်အချို့ကိုသာတွေ့လိုက်ရတယ်။ အဲဒီတော့မှ သက်ခိုင်နဲ့ တောက်ရလဲ အခြေအနေအရပ်ရပ်ကို နားလည်သွားပြီး
“ ဒီလောက်ခေါင်းမာတဲ့သရဲ အခုမှကြုံဖူးတယ် “လို့သက်ပြင်းချကာ ညီးတွားလိုက်မိတယ်။
အောင်မြတ်သာတို့လဲ အမှားကိုသိခဲ့တဲ့ သရဲသုံးကောင်ကို နောက်နောင် ခုနှစ်ရက်သားသမီး တွေကို ထိခိုက်နာကျင်အောင်ပြုစားပါက ပြာအတိလောင်မီးကျစေဆိုတဲ့ သစ္စာကိုပြုစေခဲ့တယ်။ ကိစ္စအားလုံးပြီးစီးသွားချိန်မှာတော့ ညိုမှိုင်းနေတဲ့ ကောင်းကင်ကြီးက ပြန်လည်တောက်ပလာခဲ့ပြီး ဝင်းပနေတဲ့ လကလဲ တိမ်မှောင်ကင်းစွာထွန်းလင်းလာခဲ့တယ်။
အောင်မြတ်သာတို့ ဆရာတပည့်တွေကရဲ့ခြေလှမ်းတွေကတော့ ဆားငန်းနံ့သင်းသင်းလေး ရနေတဲ့ ပင်လယ်ပြင်ရှိရာဘက်ကို ဦးတည်နေကြတယ်ဆိုတာ စာဖတ်သူတွေသိပြီးလောက်ပြီထင် ပါတယ်။
နောက်ဝတ္တုမှာတော့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့သုံးယောက်က နဂါးမျိုးနွယ်တွေနေထိုင်တဲ့ အငူမော်မပျက်စီးအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို အောင်မြတ်သာနှင့် ဂဠုန်နဂါးရေမှာနားဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ