သွေးစွန်းသွားသည့် နာရီတစ်လုံး

သွေးစွန်းသွားသည့် နာရီတစ်လုံး(စ/ဆုံး)

—————————————

သည်ညမှာတော့ လင်းအောင်အနေနဲ့ သူတစ်ယောက်ထဲမို့ ပျင်းနေရလေပြီ။ သူ၏ အဖေနဲ့အမေ ပြီးတော့ ညီမလေးတို့မှာ ဒီနေ့မနက်မှာပဲ အမျိုးတွေ၏ အလှူပွဲ ရှိသည့်အတွက် နယ်သို့ တစ်ညအိပ်ပင် ခရီးထွက်သွားလေသည်။ သူတို့မိသားစုမှာက သူအပါအဝင် အဖေနဲ့အမေအပြင် ညီမလေးတစ်ယောက်လည်း ရှိလေ၏။ ကမာရွတ်မြို့နယ် လှည်းတန်းတွင် နေထိုင်ကြကာ ပိုက်ဆံမချမ်းသာပေမဲ့ အေးအေး ဆေးဆေးလေးတော့ နေထိုင်စားသောက် နိုင်ပြီး သူ၏ အဖေနဲ့အမေက စျေးထဲမှာ အထည်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားသည်။ ညီမဖြစ်သူကတော့ တက္ကသိုလ် ဒုတိယနှစ်တွင် တက်ရောက်နေဆဲပင် ဖြစ်လေ၏။

သူကတော့ ဘွဲ့ရပြီးသား လူတစ်ယောက်ပေမဲ့ အခုချိန် အထိတော့ အလုပ်ကိုင်ကို ရွေးနေဆဲ။ မိမိနှစ်သက်တဲ့ အလုပ်ကိုပဲ မတွေ့သေးတာလား။ ဒါမှမဟုတ် တမင် မလုပ်ချင်လို့ပဲလား ဆိုတာတောင် ကိုယ့်ကိုကိုယ်ပင် သေချာဝေခွဲ၍ မရသေးပေ။ သူနှစ်သက်တာက ပန်းချီဆွဲတာပင်။ ပန်းချီ ဆရာတစ်ယောက်ဖြစ်ဖို့ကလည်း သူ့ဘဝရဲ့ ရည်မှန်းချက် တစ်ခုပင်ဖြစ်လေသည်။

အမေကတော့ သူ့ကို လိုက်ခဲ့ဖို့ခေါ်နေပေမဲ့ သူ့မှာတော့ ပန်းချီပုံတစ်ပုံ ဆွဲစရာရှိလေသောကြောင့် လိုက်ဖို့ကို ငြင်းဆန်ခဲ့သည်။ ဒါကြောင့် သူတစ်ယောက်ထဲသာ အိမ်မှာ ကျန်နေခဲ့ရတော့သည်။ သူလည်း မနက်ထဲက ပန်းချီပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေလေပြီး နေ့လည် ၁၂ နာရီလောက်မှ ထမင်းစားဖို့ကို သတိရလိုက်ကာ အပြင်ထွက်လာခဲ့လေသည်။ လမ်းထိပ်ကိုရောက်လာလေတော့ သူ့ဆီကို ဖုန်းနံပတ်တစ်ခုက ဝင်လာခဲ့လေသည်။ ကြည့်မိလိုက်တော့ သူ၏အမေဖြစ်သူ ဆက်တာပင် ဖြစ်သည်။ ဒီတော့ အလျင်အမြန်ပင် ဖုန်းကိုကိုင်လိုက်လေပြီး ပြောလိုက်သည်။

“ဟယ်လိုအမေ.. ပြောပါ”

“အေး.. သားလေး.. အမေတို့ဒီညမရှိဘူးနော်.. ညဘက်ကို ဘယ်မှလျောက်မသွားနဲ့ ကြားလား”

ဟု ဆိုလာတာကြောင့် သူလည်း..

“အင်းပါ အမေရဲ့.. သားဘယ်မှမသွားပါဘူး.. အမေတို့ရော ရောက်ပြီလား”

“အခုလေးတင်ရောက်တာ.. သားကိုစိတ်မချလို့ ဆက်လိုက်တာ”

“စိတ်ချပါအမေရယ်.. ဘယ်မှလည်းမသွားပါဘူး”

“အေး.. ဒါဆိုလည်းပြီးရော.. ဒါနဲ့ ညအိပ်ရင် တံခါးတွေ သေချာပိတ်နော်သား”

“ဟုတ်ကဲ့အမေ.. ဘာမှမပူပါနဲ့”

“ဒါဆို အမေဖုန်းချလိုက်တော့မယ်သား”

“ဟုတ်..”

ဒီလိုပြောလိုက်လေတော့ တစ်ဖက်က ဖုန်းချသွားတော့လေသည်။ သူလည်း ထမင်းဆိုင်ကို ချီတက်ရင်း.. နောက်ထပ် ဖုန်းအဝင်ကော တစ်ခုက ရောက်ရှိလာပြန်သည်။ ကြည့်လိုက်လေတော့ သူ့သူငယ်ချင်းဖြစ်သူ မင်းမင်းက ဆက်တာပင် ဖြစ်သည်။ သူလည်း ဒီကောင် ဘာရှုပ်အုန်းမလည်း မသိဘူးဆိုတဲ့ အတွေးနဲ့အတူ ဖုန်းကိုကိုင်လိုက်ပြီး ပြောလိုက်သည်။

“အေး.. မင်းမင်း ပြော”

“မင်းဘယ်မှာလည်း”

“ငါက အိမ်မှာပေါ့ဟ ဘာဖြစ်လို့လည်း”

“ဘာမှတော့မဖြစ်ပါဘူး.. မင်းနဲ့ မတွေ့တာကြာပြီဆိုတော့ ဆုံမလားလို့”

“ဪ.. ဒါဆိုလာခဲ့လေ.. ဒါပေမဲ့ ငါကအခု လမ်းထိပ်က ထမင်းဆိုင်မှာ”

“ဟုတ်လား.. ဒါဆို အဲ့ဒီကနေပဲစောင့် ငါလာခဲ့မယ်”

ဆိုပြီး ပြောလိုက်ကာ ဖုန်းချလိုက်သည်။ သူ့သူငယ်ချင်း မင်းမင်းဆိုသူ ပြောတာလည်း ဟုတ်သည်။ သူနဲ့တောင်မှ မတွေ့ဖြစ်တာ အတော်ကြာလေပြီ။ မင်းမင်းတို့က ချမ်းသာသည်။ ကိုယ်ပိုင်ကားနှင့် ကိုယ်ပိုင်လုပ်ငန်းလည်း ရှိသည်။ သူနေတဲ့နေရာနဲ့တော့ အဝေးကြီးတော့ မဟုတ်။ ထို့ကြောင့် လင်းအောင်လည်း ထမင်းစားရင်း မင်းမင်းကို စောင့်နေလိုက်တော့သည်။

ခနအကြာမှာတော့ မင်းမင်းက ရောက်လာလေပြီး အအေးတစ်ပုလင်း မှာသောက်ကာ လင်းအောင်နှင့် ရောက်တတ်ရာရာ ပြောဆိုနေလေတော့သည်။ ငယ်သူငယ်ချင်းတွေဆိုတော့လည်း ပြောစရာက မကုန်ပေ။ ထို့နောက် မင်းမင်းက..

“ကဲ လင်းအောင်.. မင်းထမင်းစားပြီးရင် မြို့ထဲခနသွားရအောင်”

“ဘာသွားလုပ်မလို့လည်း”

“ဟာ မင်းကလည်း မြို့ထဲသွားမှာလေကွာ ဒီလိုပဲပေါ့.. ခြေဦးတည့်ရာလေး”

“မင်းကလည်း ဘာသွားလုပ်မှာလည်း ခြေညောင်းခံလို့”

ဒီတော့ မင်းမင်းလည်း မျက်လုံးပြူးလျက် ပြန်ပြောလိုက်သည်။

“ဟ.. ဟိုမှာ ငါ့ကားတွေ့လား.. ကားနဲ့သွားမှာ ဘာကိုခြေညောင်းအုန်းမှာလည်း”

“မဟုတ်ပါဘူးကွာ.. ငါမသွားချင်သလိုလိုဖြစ်လို့”

“မရဘူးဟေ့ကောင်.. မင်းကိုတကူးတက လာခေါ်တာဟ.. အပိုတွေပြောမနေတော့နဲ့ မင်းလည်း ထမင်းစားပြီးပြီမလား ကဲလာ သွားမယ်”

ဆိုတော့ လင်းအောင်လည်း ငြင်းမရတော့ပေ။ သူစားထားသည့် ထမင်းဖိုးကိုတောင် မင်းမင်းက အတင်းပင် ရှင်းသွားခဲ့လေသည်။

ထို့နောက် နှစ်ယောက်သား ကားလေးတစ်စီးနဲ့ မြို့ထဲကို ထွက်ခဲ့ကြတော့သည်။ လမ်းပေါ်မှာတော့ ကားတွေက ပြည့်သိပ်ကျပ်ညက်နေလေသည်။ တချို့မီးပွိုင့်တွေ လမ်းတွေမှာဆိုရင် အချိန်အတော်ကြာတဲ့အထိ ကားကို ရပ်ထားရလေသည်။ ဒီအတိုင်းဆိုလျင် လမ်းလျောက်တာကမှ မြန်သေးသည်ဟုလည်း စိတ်ပေါက်ပေါက်နဲ့ တွေးလိုက် မိသည်။

အချိန်အတော်ကြာတဲ့အထိ ဖင်ပူအောင် စီးပြီးကာမှ မြို့ထဲကို ရောက်လေတော့သည်။ ​ထို့နောက် ကားကို လမ်းဘေးတစ်နေရာ၌ ရပ်ထားခဲ့လိုက်ပြီး သူတို့နှစ်ယောက်လည်း မြို့ထဲမှာပဲ ဟိုဟိုဒီဒီ လိုက်လံကြည့်ရှု့နေကြလေသည်။ ရန်ကုန်မြို့ကြီးမှာတော့ လူကရှင်းမသွားပဲ ကြည့်နေရင်းဖြင့် လူတွေကလည်း များလာသလိုပင်။ အရောင်အသွေးအစုံလင်ဖြင့် ဘယ်နေရာမှ ဘယ်နေရာကို သွားမည်မသိသည့် ကားတွေကလည်း ဟိုမှသည် လူးလာခေါက်ပြန်နေလျက် ရှိလေသည်။ ဒီလိုဖြင့် မှန်အလုံခန်းလေးနှင့် အအေးဆိုင်တစ်ဆိုင်ကို တွေ့လေတော့ မင်းမင်းက အအေးသောက် မည်ဟုဆိုကာ အထဲကိုဝင်လိုက်လေတော့ လင်းအောင်လည်း တစ်ပါတည်းပင် လိုက်ဝင်ခဲ့ရလေတော့သည်။ အပြင်မှာ ပူနေပေမဲ့ ဆိုင်တွင်းမှာတော့ Air-con ၏ အအေးကြောင့် အေးစက်နေလျက်ရှိသည်။

သို့ဖြင့် ခနအကြာမှာတော့ မနားနိုင်သေးပဲ လမ်းဘေးမှာ ရောင်းချနေသည့် ပစ္စည်းတန်းတွေရှိရာကို ထွက်ခဲ့ကြလေသည်။ ဘာရယ်တော့ မဟုတ်ပဲ ဒီအတိုင်းသာလျင် လျောက်ကြည့်ကြခြင်းပင်။ ဒီလိုနဲ့ လျောက်ကြည့်နေရင်း တစ်နေရာသို့ အရောက် မှာတော့ လမ်းဘေးမှာ အခင်းလေးနဲ့ခင်းပြီး ရောင်းချနေတဲ့ စျေးသည်တစ်ဦးကို တွေ့လိုက်ရတော့သည်။ ထိုအခါ လင်းအောင်လည်း ထိုလူကြီး ရောင်းချနေသည့် ပစ္စည်းများကို ကြည့်လိုက်မိလေတော့ ရှေးဟောင်းပစ္စည်းတွေ ရှေးဟောင်း နာရီလေးတွေနဲ့ ရှေးဟောင်းဆေးတံတွေ စုတ်တံတွေကို အစုံပဲ တွေ့ရလေသည်။

ဒီတော့ ပန်းချီဝါသနာအိုးဖြစ်သည့် သူ့အတွက်တော့ စိတ်ဝင်စားသွားပြီး ထိုဆိုင်လေးရှေ့မှာပဲ ခန ထိုင်ကြည့်မိလိုက်လေ၏။ မင်းမင်းကတော့ ထိုအရာတွေကို စိတ်မဝင်းစားတဲ့အတွက် ခပ်လှမ်းလှမ်း လူရှင်းတဲ့နေရာမှာပဲ ရပ်စောင့်နေလျက်။ ထို့နောက် လင်းအောင်လည်း ပန်းချီစုတ်တံလေးတွေကို ဝယ်ယူလိုက်ပြီး သူ့မျက်လုံးကလည်း ပစ္စည်းတစ်ခုကို အမှတ်မထင်ပဲ တွေ့လိုက်ရလေသည်။ ထိုပစ္စည်းလေးမှာ နာရီလေးတစ်လုံးပင် ဖြစ်လေသည်။ လက်ပတ်နာရီလေးတော့ မဟုတ်ပဲ လည်ဆွဲနာရီလေးတစ်လုံးပင် ဖြစ်သည်။ လော့ကတ်သီးလို ဘဲဥပုံသဏ္ဌာန်လေးရှိပြီး အဖုံးလေးနဲ့ပင်။ နာရီကြည့်ချင်ရင်တော့ ထိုအဖုံးလေးကို ဖွင့်ပြီးကြည့်ရသည့် နာရီတစ်လုံး။ ပြီးရင်တော့ ထိုအဖုံးလေးကို ပြန်ပိတ်ထားလိုက်ရင်တော့ လည်ဆွဲလေးတစ်ခု ဖြစ်သွားလေသည်။ လည်ဆွဲကြိုးရော နာရီလေးကိုပါ ကြေးနဲ့ပြုလုပ်ထားခြင်းဖြစ်လေ၏။ ကြေးအရောင် အနည်းငယ် ကျနေသည်ကလွဲ၍ အတော်လေးကို လက်ရာမြောက်လွန်းလှတဲ့ ထိုနာရီလေးကို သူလည်း အရမ်းပင် လိုချင်သွားတော့လေသည်။ ထို့နောက် လင်းအောင်လည်း ထိုနာရီကိုလည်း ထပ်မံကာ ဝယ်ယူခဲ့ပြန်တော့လေသည်။

ထို့နောက် မှာတော့ ညနေစောင်းလာတဲ့အခါ သူတို့လည်း ပြန်ခဲ့တော့လေသည်။ မင်းမင်းကတော့ သူ့ကို အိမ်အထိပင် လိုက် ပို့ပြီးမှ ပြန်သွားတော့၏။ လင်းအောင်လည်း ခနတဖြုတ်နားကာ ရေချိုးလိုက်ပြီး လမ်းထိပ်ထမင်းဆိုင်မှာ ညစာသွားစားလိုက်သည်။ စားသောက်ပြီး သူအိမ်ပြန်ရောက် လာတဲ့အခါမှာတော့ အချိန်က ည ၈ နာရီခန့်ပင် ရောက်လာလေသည်။ ဒီတော့မှ ဒီနေ့မှာ ဝယ်လာသည့် ပစ္စည်းလေးတွေကို ထုတ်ကြည့်လိုက်ပြီး သဘောကျနေလျက်ပင်။ ပန်းချီဆွဲသည့် စုတ်တံတွေကိုတော့ ပုံဆွဲခန်းမှာ သွားထားလိုက်ပြီး နာရီလေးကိုတော့ သူ့အခန်းထဲက စားပွဲပေါ်တင်ကာ အိမ်ရှေ့ကို ထွက်လာလိုက်တော့သည်။

*****

ထို့နောက်မှာတော့ လင်းအောင် တစ်ယောက်လည်း ပျင်းပျင်းရှိလာတာနှင့် အိမ်ရှေ့ခန်းက တီဗွီကို ခနလောက်ဖွင့်ကြည့်နေလိုက်ပြီး ကြာလာတော့ ထိုင်ရတာလည်း ညောင်းလာ၍ အခန်းထဲကိုပင် ပြန်လာခဲ့လိုက်လေသည်။ အခန်းထဲရောက်လာလေတော့ စားပွဲပေါ်တင်ထားသည့် လော့ကတ်သီးနာရီလေးက သူ့ကိုဆွဲဆောင်လျက် ရှိနေသလိုပင်။ သူလည်း ကြည့်မဝဖြစ်နေပြီး စိတ်တွေက ပန်းချီဆွဲဖို့အတွက် တွန်းပို့နေတာကြောင့် ထိုနာရီလေးကို ကိုင်လျက် ပန်းချီဆွဲခန်းထဲကို ဝင်လိုက်လေသည်။

သူ့ရဲ့ ပန်းချီခန်းကတော့ သိပ်ပြီး မကျယ်ဝန်းပေမဲ့ ပန်းချီကားတွေကိုတော့ သေသေချာချာ သပ်သပ်ရပ်ရပ်ပင် အခန်းထဲမှာ ချိတ်ဆွဲထားလေသည်။ ပန်းချီက သူ့ရဲ့ဝါသနာဖြစ်သည့်အတွက် အချိန်ရတိုင်း ဆွဲနေခဲ့တော့သည်။ ယခုလည်း ပုံဆွဲဖို့အတွက် ခဲတံကိုကြည့်လိုက် မိတော့ ခဲတံက ကျိုးနေတာကိုလည်း တွေ့လိုက်ရသည်။ ဒီတော့ နာရီလေးကို ပန်းချီဆွဲသည့် ခုံလေးပေါ်မှာ ခနတင်လိုက်ကာ ဓားလေးနှင့် ခဲတံကို ချွန်နေလိုက်တော့သည်။ ထိုအခါမှာတော့ အမှတ်မထင်ပဲ ဓားချက်တစ်ခုကြောင့် သူ့ရဲ့လက်ညိုးမှာ ထိသွားကာ သွေးတွေလည်း ထွက်လာတော့၏။ ထိုသွေးတွေက လက်မှတဆင့် အောက်မှာရှိသည့် နာရီပေါ်ကို တစ်စက်ခြင်းကျနေတာကိုတော့ သူသတိမထားမိလိုက်သေးပေ။ ဒဏ်ရာကိုသာ သွေးတိတ်အောင် လုပ်လိုက်ပြီး ပလာစတာကပ်ထားလိုက်သည်။ ပုံဆွဲဖို့လည်း စိတ်ကူးမရှိတော့။ ဓားထိသွားတဲ့အတွက် မိမိကိုယ်မိမိအပြစ်တင်ရင်း နာရီလေးကိုကြည့်လိုက် မိလေတော့ သွေးစွန်းနေသည်ကို တွေ့လိုက်ရ၍ အလျင်အမြန်ပင် အဝတ်တစ်ခုနှင့် သုတ်လိုက်ရတော့သည်။ ထို့နောက် တီဗွီကိုပဲ ပြန်ကြည့်တော့မယ်ဆိုကာ စိတ်ကူးရင်း ထွက်လာခဲ့တော့သည်။ နာရီလေးကိုတော့ သူ့ရဲ့ အခန်းထဲက ခုံပေါ်မှာ တင်ထားခဲ့လိုက်တော့လေသည်။

ဒီလိုနှင့် တီဗွီရှေ့ထိုင်ကာ ဟာသကားတစ်ကားကို ထိုင်ကြည့်နေလိုက်လေသည်။ အတန်ကြာတဲ့အခါမှာတော့ သူ့ရဲ့ အနောက်ဘက်မှ လူတစ်ယောက် ဖြတ်လျောက်သွားသလို ခံစားလိုက်ရပြီး သူလည်း အနောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်လေတော့ ဘယ်သူမှရှိမနေခဲ့ပေ။ ဒါ့ကြောင့် ဘာရယ်မသိသေးပဲ တီဗွီကိုသာ ဆက်၍ ကြည့်နေလိုက်သည်။ ဒီလိုကြည့်နေရင်းနဲ့ အိမ်ရှိ မီးတွေက ပျက်သွားခဲ့လေတော့သည်။

“ဟာ.. ဒီမီးကလည်း ပျက်ပြန်ပြီကွာ.. ဒုက္ခပါပဲ”

ဆိုလျက် ညည်းလိုက်ပြီး တစ်အိမ်လုံးမှောင်မဲသွားလေပြီး အပြင်မှာတော့ လမ်းမီးတွေ လာနေတာကိုလည်း တွေ့လိုက်ရတော့သည်။ အိမ်မီးတွေပဲ ပျက်သွားတာဖြစ်မယ် ဆိုကာ တွေးလျက် ဖယောင်းတိုင်ကိုပဲ ထွန်းထားလိုက်ရတော့သည်။ မှောင်နေတာထက်စာလျင် တော်သေးသည်။ ထိုစဥ်မှာပဲ အမှတ်မထင် အိမ်နောက်ဖေး မီးဖိုခန်းနားကို ကြည့်လိုက် မိလေတော့ လူပုံသဏ္ဍာန် မဲမဲပုံရိပ်တစ်ခုကို မြင်လိုက်ရလေတော့သည်။ ထိုအခါ သူလည်း ဘာရယ်မဟုတ်ပဲ ကြက်သီးလေးတွေ ထလာခဲ့ပြီး သေသေ ချာချာသိချင်တဲ့အတွက် ဖုန်းမီးကိုဖွင့်လိုက်ကာ လှမ်းထိုးကြည့်လိုက်လေတော့ ဘာကိုမှ မတွေ့ရတော့ပေ။ လင်းအောင်လည်း ဇဝေဇဝါဖြစ်သွားခဲ့ပြီး ဘာမှန်းတော့ မသိသေးပေ။

ထို့နောက် မီးတွေက ဖျပ်ခနဲ ပြန်လင်းလာလေတော့သည်။ ဒီတော့မှ တစ်အိမ်လုံး လင်းသွားပြီး စောစောက နေရာကို ကြည့်မိတော့ တကယ်ကို ဘာမှမတွေ့ရပေ။ ဒီတော့ သူပဲ အမြင်မှားတာဖြစ်မယ်ဆိုကာ ဘာမှတော့ ဆက်ပြီးလည်း မတွေးမိတော့ပေ။ ထို့နောက် မျက်လုံးတွေစင်းလာပြီး အိပ်ချင်စိတ်က ဖြစ်လာလေတော့ အိပ်ခန်းထဲဝင်ကာ အိပ်ဖို့ကို ပြင်လိုက်တော့သည်။ သူ့ရဲ့ အိပ်ခန်းမီးကိုသာ ပိတ်ထားလိုက်ပြီး ကျန်တဲ့မီးတွေကိုတော့ ဖွင့်ထားလိုက်ကာ ခုတင်ပေါ်တက်လျက် အိပ်လိုက်တော့လေ၏။

*****

ဒီလိုနှင့် ညအချိန် ၁ နာရီဝန်းကျင်ခန့်မှာတော့ ရုတ်တရက် နိုးလာခဲ့သည်။ နိုးနိုးခြင်းမှာပဲ တပို့တပါးသွားချင်စိတ်က ဖြစ်ပေါ်လာခဲ့တာကြောင့် အလျင်အမြန်ပဲ အိမ်သာခန်းထဲကို ထသွားလိုက်တော့သည်။ ဒီအချိန်အထိတော့ ဘာမှ မထူးခြားသေးပေ။ သို့ဖြင့် ပြန်ထွက်အလာမှာတော့ အိမ်ရှေ့ဧည့်ခန်းကနေ ဂလုံးဂလွမ်ဆိုတဲ့ အသံဖြင့် ပစ္စည်းတစ်ခုခု ပြုတ်ကြသံတွေကို ကြားလိုက်ရလေသည်။ စိတ်ထဲမှာကတော့ ဘာဆိုတာ မသိတာကြောင့် ကြွက်တွေ သောင်းကျန်းနေတာလို့ပဲ ထင်လိုက်မိလေ၏။ စိတ်ထဲမှာလည်း ထိုနေရာကို သွားကြည့်ချင်စိတ်က ဖြစ်လာခဲ့လေပြီး အိမ်ရှေ့ခန်းဆီကို သွားလိုက်မိတော့သည်။

မီးကအစောကြီးထဲက ဖွင့်ထား​တာကြောင့် လင်းထိန်နေပြီး ထူးဆန်းသည်က ဘာပစ္စည်းမှ ပြုတ်ကြထားတာ မရှိချေ။ ဒီတော့ စိတ်ထဲမှာ အနည်းငယ်တော့ ထူးဆန်းသလိုလျက် ခံစားခဲ့ရသည်။ စောစောက ကြားလိုက်သည်က ကြမ်းပြင်ပေါ်ကို ပစ္စည်းတွေ ပြုတ်ကြသံကို သေချာကြားလိုက်ရပြီး ယခုတော့ ဘာကိုမှမတွေ့ရပေ။ သူလည်း တွေးမရပင် ဖြစ်သွားမိတော့သည်။ ထို့နောက် စိတ်ထဲမှာ ဘာမှမတွေးတော့ပဲ အိပ်ခန်းထဲကိုသာ အမြန်ပင် ပြန်ပြေးလာခဲ့လိုက်သည်။ ကုတင်ပေါ်ကိုတက်ကာ စောင်ကိုပင် ခေါင်းမြီးခြုံပြီး အိပ်ပျော်အောင်ပင် ဆက်၍ကြိုးစားကာ အိပ်လိုက်ရတော့သည်။

သို့ဖြင့် ခနအကြာမှာတော့ လင်းအောင်လည်း အိပ်ပျော်လုလု အခြေနေကို ရောက်ခဲ့လေတော့သည်။ ထိုအခါမှာတော့ နားထဲမှာ လမ်းလျောက်နေသည့် ခြေသံတရှပ်ရှပ်ကို ပီပီသသကြီး ကြားလိုက်ရပြီး ဖျပ်ခနဲလန့်နိုးလာတော့သည်။ ဒီတော့ ရုတ်တရက် ဘာမှန်းမသိသေးတာကြောင့် ခေတ္တခန နားစွင့်လိုက်တဲ့အခါမှာတော့ နားထဲမှာ လမ်းလျောက်နေသံ ခပ်သဲ့သဲ့ကို ကြားနေရသည်က အသေအချာပင်။ အိမ်မှာကလည်း သူတစ်ယောက်ထဲ ရှိတာကြောင့် ဒီခြေသံက ဘယ်သူများလည်း ဆိုကာ တွေးလျက် ကျောထဲမှာ စိမ့်ခနဲဖြစ်သွားပြီး ကြက်သီးမွှေးညှင်းတွေလည်း ထလာခဲ့တော့၏။ အိမ်ကလူတွေကလည်း ဒီလိုအချိန်မျိုးမှာ ပြန်လာမည်မဟုတ်။ ဒီတော့ သူခိုးတွေဘာတွေများလား။ စိတ်ထဲမှာကလည်း အမျိုးမျိုးပင် တွေးမိနေလေသည်။

ဒီတော့ အပြင်ထွက်ကြည့်ဖို့ ပြင်လိုက်ပေမဲ့ စိတ်ထဲက ခြောက်ခြားနေတာကြောင့် ချီတုန်ချတုန်ပင် ဖြစ်နေမိလေ၏။ ထို့နောက် ဧည့်ခန်းထဲမှာ ရှိတဲ့ တီဗွီက ရုတ်တရက် အသံတွေ မြည်လာတာကိုလည်း ကြားလိုက်ရတော့သည်။

“ဟင်.. တီဗွီကအသံထမြည်နေပါလား.. ဘယ်လိုဖြစ်ရတာလည်း”

ဆိုပြီးလည်း တွေးလိုက်ကာ စိတ်ထဲမှာတော့ အတော်လေးပင် ထိတ်လန့်သွားမိတော့သည်။ စောစောက ကြားနေရတဲ့ ခြေသံမှာလည်း ပိုပြီးကျယ်လောင်လာသလို ခံစားလိုက်ရပြီး ခေါင်းတွေလည်း နှစ်ဆလောက် ကြီးလာသလိုပင်။ တစ်ဆက်တည်းမှာပင် အိမ်ရှေ့ခန်းက တီဗွီသံက ပြန်ပျောက်သွားခဲ့ပြီး ခြေသံတွေလည်း ရုတ်တရက် မကြားရတော့ပေ။ ထို့နောက်မှာတော့…

“ခလွမ်း…”

ဆိုသည့် အသံတစ်ခုကို ကျယ်ကျယ်လောင်လောင်ပင် ကြားလိုက်ရတော့၏။ ထိုအသံကတော့ နောက်ဖေး မီးဖိုချောင်ထဲမှ ဖန်ခွက်တစ်ခွက် ကျကွဲသံပင်။ သည်လိုတွေ ဖြစ်လာတဲ့အခါ လင်းအောင်တစ်ယောက်လည်း ဘယ်လိုမှ နေမရတော့ပေ။ ဘာတွေလည်း။ ခြေသံတွေရော လမ်းလျောက်သံတွေရော အစုံပင်ကြားနေရတော့ သရဲများလား ဆိုပြီး တွေးမိကာ နေလို့ပင် မရတော့။ ချွေးစီးတွေလည်း ပြန်နေခဲ့လေပြီး ရင်ထဲမှာလည်း တဒိန်းဒိန်းပင် ခုန်နေလေပြီ။ သူ၏ဤအခန်းတံခါးကို ဂျက်ထိုးထားမိ၍သာ အနည်းငယ် ခံသာသေးသည်။ မဟုတ်ရင်တော့ တွေးမရတော့ပေ။ အပြင်ကိုလည်း မထွက်ရဲတာကြောင့် အခန်းထဲမှာပင် ရသမျှဘုရားစာကို ဂပေါက်တိဂပေါက်ချာပင် ရွတ်ဆိုနေလျက် ရှိသည်။ အခုလိုအချိန်မှာ ဘုရားစာတွေလည်း အထစ်ထစ်အငေါ့ငေါ့ဖြင့်။

အဲ့ဒီနောက် မှာတော့ ဧည့်ခန်းကနေ တဟင်းဟင်းဖြင့် လူမာညည်းသံကြီးကို ကြားလိုက်ရတော့ပြန်သည်။ ဒီအခါမှာတော့ လင်းအောင်လည်း ကြောက်လွန်း၍ အသံပင်မထွက်ရဲတော့ပဲ စောင်ကို ခေါင်းအထိဆွဲခြုံကာ နေလိုက်ရတော့သည်။

“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…”

ထိုအသံကတော့ သူ၏အခန်းတံခါးကို တစ်စုံတစ်ယောက်က လာရောက်၍ ထုနေသံပင်။ သူလည်း ဘုရားစာကို ရသမျှရွတ်ဆိုလျက် ခေါင်းမြှီးခြုံထဲကတော့ မထွက်ရဲပေ။ ခနကြာတဲ့အခါမှာတော့ ခြေသံတွေ, တီဗီွသံတွေအပြင် တံခါးထုသံတွေကိုပါ မကြားရတော့ပဲ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။ သည်အခါမှ သူလည်း စောင်ခြုံထဲကနေ ထွက်ခဲ့ရတော့သည်။ နှလုံးခုန်သံတွေကလည်း တဒုန်းဒုန်းဖြင့် ချွေးတွေလည်း ရွှဲနစ်နေကာ အသားတွေလည်း တဆက်ဆက်ပင် တုန်နေလေသည်။ အခုလို ဘာအသံမှ မကြားတော့၍သာ တော်ရော့လေသည်။ ခနနားထောင်နေပေမဲ့ ဘာမှ မထူးခြားလာတာကြောင့် ပြန်လည်ကာ အိပ်လိုက်တော့လေ၏။ စိတ်ထဲမှာ မောနေ၍လားမသိ အိပ်ချင်စိတ်တွေ များလာကာ စိတ်ထဲမှာလည်း ဘာကိုမှ မသိတော့ပေ။

*****

“ဟေ့ကောင် ထအုန်း.. ဟေ့.. ထအုန်းကွ”

နားထဲမှာ ထိုသို့ခေါ်နေသံသဲ့သဲ့ကို ကြားလိုက်ရပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်လေတော့ သူတွေ့လိုက်သည်က အသားမည်းမည်း ကတုံးပြောင်နှင့် လူကြီးတစ်ဦးကို တွေ့လိုက်ရတော့သည်။ ထိုလူကြီး၏ လက်ထဲမှာတော့ နေ့လည်က သူဝယ်ထားသည့် လည်ဆွဲနာရီလေးကို ကိုင်ထားလျက်ရှိသည်။

“ဟင်.. ခင်ဗျား.. ခင်ဗျားကဘယ်သူလည်း.. ကျနော့်အခန်းထဲကို ဘယ်လိုရောက်လာတာလည်း.. ပြီးတော့ ခင်ဗျားကိုင်ထားတာက ကျနော့်နာရီမဟုတ်လား”

ဆိုကာ ပြောလျက် အိပ်ရာကနေ ထလိုက်တဲ့အခါ ထမရခဲ့ပေ။ တစ်ယောက်ယောက်က သူ့ကိုချုပ်ထားသလိုဖြစ်ကာ ပက်လက်အနေထားမှာပင်။ ခေါင်းတစ်ခုပဲ စောင်းလို့ရလေပြီး ခန္ဓာကိုယ်ကတော့ လှုပ်မရပေ။ ထိုလူကြီးကတော့ သူ့ကို မျက်လုံးစိမ်းကြီးနဲ့ စိုက်ကြည့်နေတာကိုလည်း တွေ့လိုက်ရသည်။ သူလည်း ထိုလူကြီးနဲ့ အကြည့်ချင်းဆုံလေသည့်အခါမှာတော့ ဘာရယ်မသိပဲ စိတ်ထဲကနေ ခြောက်ခြားလို့လာခဲ့လေ၏။ ထို့ကြောင့် လင်းအောင်လည်း ကြာကြာစိုက် မကြည့်နိုင်ပဲ မျက်နှာလွှဲထရလေသည်။ ဒီအခါမှာတော့ ထိုလူက သူ့ကို သေချာစိုက်ကြည့်နေပြီး စကားပြောလိုက်လေသည်။ အသံကြီးကလည်း လှိုင်ခေါင်းထဲကနေ ပြောနေသည့်အသံမျိုးပင်။

“ဒီနာရီလေးက ငါရဲ့နာရီလေးကွ.. ငါ့မိန်းမက အမှတ်တရ ဝယ်ပေးထားတဲ့ နာရီပဲ.. ဘယ်သူမှ ငါမပေးနိုင်ဘူး…ငါသေတာတောင် နာရီလေးနားမှာပဲ ငါနေနေတာ”

ဒီလိုပြောလိုက်တာကို ကြားလိုက်လေတော့ လင်းအောင်လည်း ဘာပြောရမှန်းပင် မသိတော့ပေ။ စိတ်ထဲမှာတော့ ကြက်သီးတွေ တဖြန်းဖြန်ထလျက်။ လူကလည်း လှုပ်မရသေးပေ။ သို့ပေမဲ့ စိတ်ကိုတင်းကာ ထိုလူကြီးကို ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ကျနော်.. ကျနော်က နေ့လည်က ဒါလေးကိုဝယ်လာတာပါဗျာ.. ကျနော်ဘာမှမသိပါဘူး.. ဒါနဲ့ ကျနော့်ဆီကမှ လာတောင်းရတာလား.. အရင်ထဲက ခင်ဗျား ယူလို့မရဘူးလား”

ထိုအခါမှာတော့ ထိုလူကြီးရဲ့မျက်နှာမှာ တဖြေးဖြေးနဲ့ ပြောင်းလာခဲ့လေသည်။ ကြည့်နေရင်းနဲ့ မျက်နှာပေါ်က အသားဖတ်တွေက တဖြေးဖြေး ကွာကြလာပြီး သွေးတွေကလည်း တစက်စက်ပင် စီးကျလာတာကိုလည်း ကြောက်မက်ဖွယ် တွေ့လိုက်ရတော့သည်။ ထိုအခါ လင်းအောင်လည်း ခန္ဓာကိုယ်ကို လှုပ်ကြည့်ပေမဲ့ ဘယ်လိုမှ လှုပ်မရပေ။ ကြောက်လွန်း၍ ဆက် မကြည့်နိုင်တော့ပဲ မျက်လုံးကိုသာ ပိတ်ထားလိုက်ရတော့လေသည်။ သည်အခါမှာတော့ ထိုလူကြီးထံမှ အက်ရှရှအသံကြီးဖြင့် ပြန်ပြောတာကိုလည်း ကြားလိုက်ရတော့သည်။

“ယူလို့မရလို့ပေါ့ကွာ.. ငါတို့က လူ့ဘဝတုန်းက ချမ်းသာတယ်.. ငါ့မိန်းမက ငါ့ကို အမှတ်တရဆိုလို့ ဒါလေးပဲပေးဖူးတာ.. ဒါကြောင့် ငါမြတ်နိုးတယ်.. ငါသေတော့ ကားမှောက်ပြီးသေတာ.. ငါ့ကိုမြေမမြှုပ်ပဲ ဂူသွင်းထားတာကွ.. ငါဝတ်ထားတဲ့ ရွှေငွေတွေကိုလည်း မချွတ်ပဲ ဂူသွင်းထားတာ.. ငါ့ဂူကို ဂူဖောက်တဲ့ကောင်တွေရောက်လာပြီး ဖောက်ကြတယ်.. ပြီးတော့ ငါ့ပစ္စည်းတွေကို ငါနှောက်ယှက်လို့မရအောင်.. စီရင်ထားကြတာ.. အခုတောင် ငါ့နာရီပေါ်မှာ မင်းရဲ့သွေးတွေ ကျသွားလို့ အခုလို လာတောင်းလို့ရတာပဲ.. မင်းပြန်ပေးပါ.. မပေးရင် အခုလို ညတိုင်းလာတောင်းရလိမ့်မယ်”

သည်လို စကားတွေကို ကြားလိုက်ရလေတော့ လင်းအောင်လည်း စောစောကလိုတော့ သိပ်ပြီးမကြောက်တော့ပေ။ ထိုလူကြီး၏ အဖြစ်ကလည်း သနားစရာပင်ကောင်းနေလေသည်။ ထို့ကြောင့် သူလည်း ပြန်ပေးမည်ဟု ပြောလိုက်လေတော့ ထိုလူကြီးကလည်း နေရာကို ပြောပြသွားလေသည်။

“အေး.. ကောင်းပြီ.. မနက်ဖြန်ကျရင် (…..)သင်္ချိုင်းကို လာခဲ့ပါ.. အဲ့ဒီမှာ ဦးထွန်းမြတ် (၄၉)နှစ်လို့ ရေးထားတဲ့ အုတ်ဂူကိုတွေ့ရလိမ့်မယ်.. ဂူကတော့ ဟောင်းနေပြီ.. အဲ့ဒီဂူရဲ့ အောက်နားမှာ လက်တစ်ဆုတ်စာ အပေါက်တစ်ခုရှိတယ်.. ဒီနာရီလေးကို ပြန်လာထားခဲ့ပေးပါ.. ကဲ.. ငါသွားတော့မယ်”

ဆိုကာ ပြောလျက် ပျောက်ကွယ်သွားလေတော့သည်။

*****

လင်းအောင်လည်း ထိုအခါမှ ဖျပ်ခနဲပင် အိပ်ရာကနေ လန့်နိုးသွားတော့လေသည်။ ဒီတော့မှ သူ၏ ခန္ဓာကိုယ်လည်း လှုပ်လို့ရတာကိုတွေ့ရလေသည်။ ဒါဆို စောစောက သူတွေ့ခဲ့တာက အိပ်မ က်ထဲမှာလား အပြင်မှာလား ဆိုတာကိုပင် မဝေခွဲတတ်တော့ပေ။ နိုးလာတော့ ချွေးစီးတွေလည်း ပြန်နေပြီး ရင်တွေကလည်း တလှပ်လှပ်ဖြင့် တုန်နေချေပြီ။ ဆက်ပြီးလည်း မအိပ်ရဲတော့ပေ။ စားပွဲပေါ်က နာရီလေးကို လှမ်းကြည့်မိလေတော့ ထိုနာရီလေးက သူ့ကို ခြောက်နေသလိုလည်း ခံစားနေရလေသည်။ ကြက်သီးတွေကလည်း တဖြေးဖြေးနှင့် ထလျက် ဒီအတိုင်းပင် မိုးလင်းတာကို စောင့်ခဲ့ရတော့လေသည်။

မနက်လင်းတဲ့ အခါမှာတော့ မင်းမင်းဆီကို ဖုန်းဆက်၍ ညကလူကြီးပြောသွားသည့်နေရာကို လိုက်ပို့ခိုင်းရတော့သည်။ လမ်းမှာတော့ သူပြောပြ၍ မင်းမင်းလည်း ရင်တထိတ်ထိတ်ဖြင့် နားထောင်ကာ အံ့အားသင့်လျက်ပင်။ ကားလေးက သုသာန်တစ်ခုရှေ့ကိုရောက်လာတော့ ရပ်လိုက်လေပြီး ‘ဦးထွန်းမြတ် အသက်(၄၉)နှစ်’ ဆိုသည့် အုတ်ဂူကို ရှာရတော့လေသည်။ ခနကြာတဲ့အခါ တွေ့လိုက်ရပြီး ညကပြောခဲ့သလိုပင် ဂူ၏အနောက်ဘက်နားမှာ အပေါက်လေးတစ်ခုကို တွေ့လိုက်ရ၍ နာရီလေးကို ထိုအပေါက်လေးထဲ ထိုးထည့်လိုက်ကြတော့၏။ ထို့နောက် လင်းအောင်နဲ့ မင်းမင်းတို့၏ ဆုတောင်းသံမှာတော့..

“နောက်ဘဝတွေကြရင် ဒီလို အဖြစ်မျိုးတွေ မကြုံပါစေနဲ့ ဦးထွန်းမြတ်ရေ…”

သည့်နောက် မှာတော့ သူတို့နှစ်ယောက်လည်း ကားလေးကို အသာအယာပင် မောင်းကာ အိမ်သို့ ပြန်လာခဲ့လိုက်တော့လေ၏။ ထိုအဖြစ်အပျက်ကတော့ သူ့ရဲ့ဘဝမှာ ​ကြောက်စရာ အမှတ်တရအဖြစ် ကျန်ရှိနေခဲ့တော့သည်။

***** *****
~ ပြီးပါပြီ ~