” သွေးသောက်ကျောက်ဘီလူး “(စ/ဆုံး)

” သွေးသောက်ကျောက်ဘီလူး “(စ/ဆုံး)

——————————————

ဆွမ်းခံကြွနေကျ ကိုယ်တော်လေး အိမ်ထဲ သို့ကြွလာနေသည်ကို မြင်နေရသော်လည်း ဒေါ်သူဇာက ချက်ချင်းထ၍ ဆွမ်းမလောင်း နိုင်ပေ။လက်ကဒဏ်ရာ ပတ်တီးစည်းပြီးမှ ဆွမ်းလောင်းရန်အိမ်ရှေ့သို့ ထွက်ခဲ့ရသည်။ ဆွမ်းအုပ်ကိုယူလာရင်း ဦးပဉ္ဇင်းကို တောင်း ပန်ရသည်။

“စောင့်နေရတာကြာလို့ တောင်းပန်ပါတယ် ဦးပဉ္ဇင်း”

“ကိစ္စမရှိပါဘူး ဒါယိကာမကြီးရယ်”

ဦးပဉ္ဇင်းက ဒေါ်သူဇာကိုပြန်ပြောရင်း ဒေါ်သူဇာလက်မှ သစ်လွင်သော ပတ်တီးစ ကိုကြည့်၍မေးလိုက်သည်။

“လက်က ဘာဖြစ်လို့လဲ”

“တပည့်တော်မရဲ့ လက်ကိုဟင်းရွက်သင် ရင်း ဓားထိသွားလို့ပါ”

ဆွမ်းလောင်းပြီးသော်လည်း ဦးဇင်းသည် ချက်ချင်းပြန်မကြွသေးဘဲ ဒေါ်သူဇာကို စူးစိုက်ကြည်ပြီးပြောလိုက်သည်။

“ဘုန်းကြီးအနေနဲ့ ပြောတော့ပြောသင့်ဘူး ဒါပေမဲ့ ကိုယ့်ရဲ့ဆွမ်းအလှူရှင်ဖြစ်နေတော့ ပြောရမှာပဲ။ဓားထိတာရိုးရိုးထိတာလို့ ထင်လား”

“ရှင့့့့့်”

ဒေါ်သူဇာမှာ ပြန်မလျှောက်တတ်၍ အံ့အားသင့်နေပါသည်။ဦးဇင်း၏ စကားထူး ဆန်းနေသဖြင့် ရုတ်တရက်တုန်လှုပ်သွား သော်လည်း ပြန်စဉ်းစားမှ ခေါင်းထဲတွင် တရေးရေးပေါ်သဖြင့် ဦးဇင်းကို လက်အုပ်ချီ ၍လျှောက်ထားလိုက်သည်။

“မှန်လှပါ ဦးဇင်းမေးမှ ပြန်စဉ်းစားတော့ ဒါဟာရိုးရိုးတော့မဖြစ်နိုင်ဘူး။တိုက်ဆိုင်မှု တွေများလာတယ်။တပည့်တော်မရဲ့ ကြောင် ကလေးရွှေဝါ မီးဖိုဘေးမှာ ဒဏ်ရာမရှိဘဲ သေနေတယ်။နောက်ပြီး တပည့်တော်မရဲ့ သမီး ကေသီ ရေချိုးခန်းထဲမှာ ချော်လဲပြီး ခြေထောက်ကျိုးသွားတယ်။ဒီမနက် တပည့် တော်မရဲ့လက်ကိုဓားထိတယ်။ ဒီအခန်း တစ်ဝိုက်မှာ အဖြစ်တွေကဆက်တိုက်ဖြစ်နေ တယ်။တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး ဘုရား”

“ကောင်းပြီ ဦးဇင်း ညနေ ၄နာရီကြွခဲ့မယ်”

“မှန်လှပါ အမြန်ဆုံးကယ်တင်ပေးပါဘုရား။ ဒီအတိုင်းဆိုရင် တပည့်တော်မ မီးဖိုဆောင် တောင်မဝင်ရဲတော့ပါဘူး”

“အတိုက်အခိုက်ရှိနေတယ် ဘာပြဿနာရှိ ခဲ့တယ်ဆိုတာ စဉ်းစားထားပါလေ။ညနေ ဦးဇင်း လာတော့အဖြေသိရတာပေါ့”

ဦးဇင်း ပြန်ကြွသွားသည်။ဒေါ်သူဇာ တစ်ဦး တည်းကျန်မှ မည်သူနှင့်ပြဿနာ ဖြစ်ခဲ့ သည်ကို ပြန်၍စဉ်းစားမိသည်။မည်သူနှင့်မှ လည်းပြဿနာမဖြစ်ခဲ့ရပါ။ခင်ပွန်းသည်မှာ လည်းတစ်နေကုန်ရုံးသွားနေသည်။သမီး ကေသီမှာလည်း ကျောင်းတက်နေသူဖြစ်ပြီး ခြေထောက်ဒဏ်ရာရ၍ ဆရာဝန်ထံသွားပြ ရသည်။အိမ်ဖော် မထွေးမှာလည်း အလွန်အေးဆေးသူဖြစ်၍ ပြဿနာဖြစ် ရန်မရှိနိုင်ပါ။

အိမ်သားတစ်ဦးချင်းစီ လိုက်စဉ်းစားနေစဉ်
စျေးသွားနေသော မထွေးပြန်ရောက်လာ သည်။ဒေါ်သူဇာ၏ လက်ကိုကြည့်၍ အံသြ စွာမေးလိုက်သည်။

“မမလက်မှာ ပတ်တီးနဲ့ ဘာဖြစ်လို့လဲဟင်”

“မထွေး နင်စဉ်းစားကြည့်စမ်း ရွှေဝါဟာ ဒဏ်ရာမရှိဘဲ သေရတယ်။ကေသီဟာ ချော်လဲလို့ ခြေထောက်ကျိုးတယ်။အခု ငါ့လက် ကိုဓားထိတယ်။ဆွမ်းခံကြွတဲ့ ဦးဇင်း ကအတိုက်အခိုက်ရှိနေတယ်လို့ မိန့်ကြား သွားတယ်။နင်စဉ်းစားကြည့်စမ်း အိမ်သား တွေအပြင်လူနဲ့ဘာပြဿနာဖြစ်ခဲ့ကြသလဲ”

“ဟာ့့့မမပြောမှသတိရတယ်။ညက မီးဖို ခန်းထဲမှာအသံတွေကြားရတယ်။မဝင်ရဲလို့ အဝေးကကြည့်နေရတယ်”

“ဘာ့့့မီးဖိုခန်း ဟုတ်လား”

“ဟုတ်တယ်။ရွှေဝါသေလို့ ကြောင်တစ္ဆေ လားလို့တွေးမိသေးတယ်။ဒါပေမဲ့ မဖြစ်နိုင် ဘူးလို့ထင်ပါတယ်”

“ကြောင်တစ္ဆေ မဟုတ်ရင် ဘာဖြစ်နိုင်သေး လဲ စဉ်းစားပါအုံး”

“မမ့့့တစ်ခုတော့ရှိတယ်”

“ဘာကိစ္စလဲ ပြောလေ”

“ဟိုနေ့က မမ ပန်းရံဆရာနဲ့ စကားများ တယ်လေ”

“အဲ့ဒီ ပန်းရံဆရာက ဘာလုပ်မှာ မို့လို့လဲဟယ်”

“ပန်းရံဆရာက လုပ်နိုင်တာ မလုပ်နိုင်တာ မသိပေမဲ့ အဲဒီနေ့က ပန်းရံဆရာရဲ့ လုပ်ပုံ ကိုင်ပုံတွေက သိပ်ထူးခြားနေလို့ ကျွန်မ သေသေချာချာကြည့်နေမိတာ။ဟုတ်ပါပြီ အဲဒီဆရာ လုပ်တာပဲဖြစ်မှာ သူမီးဖိုကြွေပြား ကပ်နေတုန်း အရုပ်ရေးပြီး နှုတ်ကတတွတ် တွတ်နဲ့ ရွတ်ဖတ်နေတဲ့ပုံပဲ”

မထွေး၏ စကားကြောင့် ဒေါ်သူဇာလန့်သွား သည်။မထွေးပြောသည်မှာ ဖြစ်နိုင်သည်။ မီးဖိုတွင် ကြွေပြားများပေါက်သည့်နေရာ ပေါက် ကွဲသည့်နေရာကွဲ ဖြစ်နေသဖြင့် ခင်ပွန်းသည်ကရုံးမှ ပန်းရံအလုပ်သမားများ လွှတ်လိုက်သဖြင့် ကြွေပြားအသစ်လဲခဲ့ သည်။ကြွေပြား အသစ်လဲရာတွင် သျှောင်တစောင်းနှင့် အသက်၄၀ခန့် အလုပ်သမားတစ်ဦးပါလာသည်။

ထိုနေ့က မထွေးစျေးသွားနေချိန် ပန်းရံ သမားများရုတ်တရက်လာသဖြင့် ရှုပ်ပွနေ သောပစ္စည်းများကို ဒေါ်သူဇာကိုယ်တိုင်ရှင်း ခဲ့သည်။မီးဖိုပြင်မည်ဖြစ်၍ ချက်ထားသော ဟင်းအိုးများကို အောက်သို့ချထာရသည်။ အားလုံးရှင်းလင်းပြီး ဖြစ်သဖြင့် ပန်းရံဆရာ များလွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရန် အပြင်သို့ထွက်နေပေးပြီး သတင်းစာတစ် စောင်ကိုဖတ်နေခဲ့သည်။ဦးဇင်း ဆွမ်းခံကြွ လာမှ မီးဖိုခန်းသို့ ဆွမ်းအုပ်ယူရန် ဝင်ခဲ့ သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် အံ့သြဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။သျှောင်တ စောင်းနှင့် ပန်းရံဆရာမှာ ချက်ပြီးဟင်းအိုး များကို တစ်အိုးပြီးတစ်အိုး ဖွင့်ကြည့်နေ သည်ကိုတွေ့လိုက်ရသည်။ဒေါ်သူဇာ ရုတ်တရက်ဒေါသထွက်ပြီး အော်လိုက် သည်။

“ဟေ့့့ဟင်းအိုးတွေ ဘာဖြစ်လို့ လိုက်ဖွင့်နေရတာလဲ။သူများစားသောက်ဖို့ သန့်သန့်ရှင်းရှင်းချက်ထာတာ။မသန့်တဲ့ လက်နဲ့ဖွင့်လို့ဖွင့် ဘယ်လိုလူတွေလဲ။ကိုယ် နဲ့မဆိုင်တာ ဘာဖွင့်ကြည့်စရာလိုလို့လဲ”

ဒေါ်သူဇာ စိတ်ဆိုးမှန်းသိ၍ ထိုပန်းရံဆရာ ကတောင်းပန်ပါသည်။

“ဟင်းကအနံ့ကောင်းလွန်းလို့ ဖွင့်ကြည့်တာ ပါ”

“ဟင်းအနံ့ကောင်းလည်း ရှင်ကြည့်စရာလား ရှင်နဲ့ဘာဆိုင်လို့လဲ”

“တောင်းပန်ပါတယ်ဗျာ ချက်ပုံချက်နည်း သိရုံလေးပါ”

“ဒါလောက်ညစ်ပတ်တဲ့ လူတွေရဲ့ လက်နဲ့ ကိုင်ထားတာ ဘယ်လိုလုပ်စားဖြစ်တော့ မှာလဲ အားလုံးခွေးကျွေးပစ်ရတော့မှာ”

“ကျွန်တော်တို့က လူကောင်းတွေပါဗျာ။ မညစ်ပတ်ပါဘူး။ဖွင့်ကြည့်ရုံနဲ့ ဘာမှမထိ ခိုက်ပါဘူး။ဒါလောက်လည်း မပြောသင့်ပါဘူး”

“ရှင်တို့က ညစ်ညစ်ပတ်ပတ် စုတ်စုတ်ပြတ် ပြတ်လူစားတွေဆိုတော့ ပြောရတာပေ့ါ။ အဆင့်အတန်းမရှိတဲ့ လူလိုမသိတတ်တဲ့ အောက်တန်းစားတွေ”

ဒေါ်သူဇာသည် အားရအောင်ပြောပြီး ဆွမ်းလောင်းရန် အိမ်ရှေ့သို့ထွက်ခဲ့သည်။ ထိုအချိန် မထွေးပြန်လာသဖြင့် မထွေးက မီးဖိုခန်းထဲဝင်သွားသဖြင့် ဒေါ်သူဇာ မီးဖိုခန်းထဲသို့ မဝင်တော့ပါ။

မထွေးသည် မီးဖိုခန်းတစ်နေရာတွင် ရပ်နေပြီး ပန်းရံဆရာများ လုပ်ကိုင်ပုံကို အစအဆုံးကြည့်နေခဲ့သည်။

*** *** ***

ဒေါ်သူဇာ ပြန်စဉ်းစားကြည့်သည်။ပြဿနာ ဖြစ်နိုင်စရာ ထိုကိစ္စတစ်ခုသာရှိခဲ့သည်။ မထွေးပြောသည်မှာ ဖြစ်နိုင်ပါသည်။ပန်းရံ အဖွဲ့မှာလည်း ခင်ပွန်းသည်ရုံးမှ အလုပ် သမားများသာဖြစ်၍ ခင်ပွန်းသည်စေလွှတ် လိုက်သောကြောင့် မီးဖိုခန်းတွင် လိုအပ်သည့် ပြုပြင်မှုများကို ပြုလုပ်ပေးခြင်း သာဖြစ်ပြီး လုပ်ငန်းပြီးသည်နှင့် ချက်ချင်း ပြန်သွားကြသည်။ထိုကိစ္စနှင့်ပတ်သက်၍ အလေးအနက်မထားသဖြင့် ခင်ပွန်းသည်ကို ပင်အကျိုးအကြောင်း မပြောတော့ဘဲ မေ့မေ့ပျောက်ပျောက်နေခဲ့သည်။

အိမ်မှာမွေးထားသော ကြောင်ကလေး ရွှေဝါမှာ မီးဖိုခန်းတွင် အိပ်လေ့ရှိသည်။မီးဖို ခန်းတွင်ကြွက်ပေါသဖြင့် ညစဉ်ရွှေဝါကို မီးဖိုခန်းသို့သွင်းရသည်။ရွှေဝါလည်း ကြွက်ခုတ်လိုသဖြင့် မီးဖိုခန်းတွင် နေရသည်ကို ပျော်မွေ့ပုံရပါသည်။ကြွေပြား ခင်းပြီးသည့်နေ့တွင် ရွှေဝါ၏ထူးခြားမှုကို တွေ့ရသည်။

ရွှေဝါကို မီးဖိုခန်းထဲသို့ သွင်းသော်လည်း ရွှေဝါမှာ မီးဖိုခန်းထဲသို့ မဝင်ရဲအောင်ရှိပြီး အိမ်သားတွေနောက်သို့သာ လိုက်နေသည်။ မီးဖိုခန်းထဲသို့ သွင်းသော်လည်း ချက်ချင်း အော်၍ထွက်ပြေးပါသည်။နေဝင်သည်နှင့် မထွေးက ရွှေဝါကိုရအောင်ဖမ်းပြီး မီးဖိုခန်း သို့သွင်းကာတံခါးပိတ်ထားလိုက်သည်။ ထုံးစံအတိုင်းရွှေဝါ မီးဖိုခန်းထဲတွင် ကြွက်ခုတ်နေမည်ဖြစ်၍ မည်သူမျှ သတိမထားမိလိုက်ကြပါ။

နောက်နေ့လင်းသည်နှင့် မထွေး၏ အသံကို ကြားရသည်။

“မီးဖိုခန်းထဲမှာ ရွှေဝါအသက်ပျောက် နေတယ်။ရွှေဝါ့ကိုယ်မှာ ဘာဒဏ်ရာမှမတွေ့ ရဘူး”

မထွေး၏ စကားကြောင့် ဒေါ်သူဇာ မီးဖိုခန်း သို့ချက်ချင်းသွားကြည့်ရာ ရွှေဝါအသက် ပျောက်နေပြီး ဒဏ်ရာကိုမတွေ့ရသဖြင့် အံ့သြမိသည်။

ဒေါ်သူဇာသည် ရွှေဝါအတွက် စိတ်မ ကောင်းဖြစ်၍ အိပ်ရာထဲလှဲနေပြန်သည်။ထို အချိန် မထွေးဝင်လာပြီး စိတ်မကောင်းစရာ သတင်းတစ်ခုပေးလိုက်ပြန်သည်။

“မမ့့့ ကေသီ ရေချိုးခန်းထဲမှာလဲလို့ ခြေကျိုးသလားမသိဘူး”

မထွေးစကားကြောင့် ဒေါ်သူဇာရေချိုးခန်း ထဲပြေးသွားသည်။ရေချိုးခန်းမှာ မီးဖိုနှင့်တွဲ လျက်ရှိပါသည်။သမီးကိုပွေ့ဖက်ပြီး ဆေးခန်းသွားရန်ပြင် ဆင်ရပြန်သည်။သမီး ကိုလည်းဂရုဏာဒေါသောနှင့်ပြောမိသည်။

“ရေချိုးခန်းကချော်တယ် ဒါကြောင့်သမီးကို သတိထားဖို့ပြောတာပေါ့”

“သမီး သတိထားပါတယ်မေမေ သမီးရေချိုး ခန်းကအထွက် နောက်ကတစ်ယောက် ယောက်တွန်းလို့လဲရတာ။နောက်ကိုကြည့် တော့လည်းဘယ်သူမှ မရှိဘူး”

သမီး၏ စကားကိုမယုံကြည် နိုင်အောင်ရှိ သော်လည်း သမီးကိုပြန်မမေးတော့ဘဲ လမ်းထိပ်ကဆေးခန်းသို့ သမီးကိုလိုက်ပို့ရ သည်။ဆရာဝန်မှခြေထောက်ကို စစ်ဆေး ကြည့်ရာ ဆိုးဆိုးဝါးဝါးမဖြစ်၍ ကံကောင်း သည်ဟုဆိုရမည်။ဆရာဝန်က ဆေးလိမ်းပြီး ပတ်တီးစည်းပေးလိုက်သည်။

ဒေါ်သူဇာသည် ရွှေဝါသေဆုံးရသည့်ကိစ္စ ကေသီခြေထောက်တွင် ဒဏ်ရာရသည့် ကိစ္စများကိုပြန်စဉ်းစားနေပါသည်။စဉ်းစား ရင်းဟင်းချက်ရန် ခရမ်းသီးကိုစိတ်လိုက်ရာ ရုတ်တရက်ဓားက ဘယ်ဘက်လက်ညှိုးကို ထိသွားပါသည်။ဒေါ်သူဇာကိုယ်တိုင် သတိရှိ စွာလုပ်ကိုင်နေရင်း ဓားထိသဖြင့်ဓားမှာ ရုတ်တရက်နေရာ ရွေ့သွားသည်မှာ ကေသီ ပြောသလို တစ်စုံတစ်ယောက်က တွန်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းဖြစ်ပါ သည်။

သွေးပူနေစဉ် သတိမထားမိခဲ့သော်လည်း ဦးဇင်းပြောမှ ပြန်လည်စဉ်းစားရင်း ရင်ထိတ်လျက်ရှိသည်။ဦးဇင်း ပြောသလို အတိုက်အခိုက်ဖြစ်နေပြီလားဟု စဉ်းစားမိသည်။

ဖြစ်ပုံများကဆန်းကြယ်သည်။ဖြစ်လိုက်သမျှ မကောင်းသည့် ကိစ္ဇချည်းဖြစ်နေ သည်။သွေးရိုးသားရိုးတော့ မဖြစ်တန်ရာ။ ဦးဇင်းပြောသလို မလိုသူကတိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။မထွေးပြောသလို ပန်းရံဆရာ၏ လက်ချက်ဖြစ်ရမည်ဟု စဉ်းစားမိပြန်သည်။မီးဖိုခန်းသို့ တစ်ယောက် တည်းမဝင်ရဲသဖြင့် ဒေါ်သူဇာလာမှ နှစ်ယောက်အတူ ဝင်ခဲ့ကြသည်။နေ့လည်စာ စားပြီးသည်နှင့် မီးဖိုခန်းတံခါးကို ပိတ်ထားလိုက်ကြသည်။ညနေ ဦးဇင်း ကြွလာမှ အဖြေမှန်သိရပေတော့မည်။

ဦးဇင်း ကြွရောက်လာပါက သီတင်းသုံးရန် နေရာထိုင်ခင်းစီစဉ်ရသည်။အအေးပုလင်း များကပ်ရန်စီစဉ်ပြီးသည်နှင့် ဦးဇင်းကြွလာ မည့်အချိန်ကို စောင့်မျှော်နေကြပါသည်။

ညနေ ၄နာရီခန့်တွင် ဦးဇင်းသည် လူရွယ် တစ်ဦးနှင့်အတူ ကြွလာပါသည်။ဒေါ်သူဇာ ဦးဇင်းကို ဝတ်ဖြည့်ပြီးအအေးကပ်လိုက် သည်။အအေးဘုဉ်းပေးပြီးသည်နှင့်ဦးဇင်းက မေးပါသည်။

“ကဲ့့ဒကာမကြီး ဒီနေ့ကိစ္စတွေက ဘယ်လိုဖြစ်လာတယ်ဆိုတာ စုံစမ်းသိရှိ ပြီးပြီလား”

“မှန်လှပါ ဒီအိမ်က မထွေးပြောပြချက်အရ ဟိုနေ့က မီးဖိုကြွေပြားကပ်တဲ့ ပန်းရံဆရာက တပည့်တော်မကို မကျေနပ် လို့အစီအရင် တစ်ခုခုလုပ်သွားတယ်လို့ ထင်မိပါတယ်ဘုရား”

“အင့်း့့ဦးဇင်းထင်တဲ့အတိုင်းပါပဲလား။ကဲ့့အသေးစိတ်ပြောပြပါအုံး”

“ဒီလိုပါဘုရား”

ဒေါ်သူဇာသည် ဖြစ်ကြောင်းကုန်စင်အောင် အဖြစ်ပျက်အစအဆုံး အသေးစိတ်ကို ပြောပြလိုက်ပါသည်။ဒေါ်သူဇာစကားကို အဖန်ဖန်စဉ်းစားပြီး ဦးဇင်းကပြောပါသည်။

“ကဲ့့မီးဖိုခန်းကိုလိုက်ပြပါ”

ဒေါ်သူဇာရှေ့မှသွားပြီး ဦးဇင်းနှင့်လူရွယ်က နောက်မှလိုက်လာသည်။ဦးဇင်းသည် ကြွေပြားကပ်သည့်နေရာများကို သေသေချာချာကြည့်၍ ကြွေပြားအသစ် လဲသည့်မီးဖိုခုံနေရာကို လက်ထောက်ပြီး ပါလာသူလူငယ်ကိုပြောသည်။

“ဒီကြွေပြားကို ခွာလိုက်စမ်း”

လူရွယ်က သူ့လက်ဆွဲအိတ်ထဲက ပန်းရံသုံး သန်လျက်နှင့် စို့ပြားတစ်ချောင်းကို ဆွဲထုတ် ပြီးကြွေပြားကိုခွာနေပါသည်။ကြွေပြားမှာ ရာနှုန်းပြည့် မခြောက်သေးသဖြင့် ခွာ၍လွယ်ပါသည်။ကြွေပြားကိုခွာ၍ ဘိလပ်မြေအစအနများကို သီးသန့်ကျုံးပစ် ပါသည်။အုတ်ခုံအမာခံပေါ်လာသည်။ထိုအမာခံအုတ်ခုံကို အဝတ်စဖြင့် အသာအယာ ပွတ်တိုက်ရှင်းလင်းလိုက်ရာ အရုပ်တစ်ရုပ်ပုံ ပေါ်လာပါသည်။ထိုအရုပ်ကို သေသေချာချာ ကြည့်မှ ဘီလူးရုပ်ဖြစ်ကြောင်းသိရသည်။ ခဲတံဖြင့်တစ်ကြောင်းဆွဲ ဆွဲထားသော်လည်း အလွန်သေသပ်ပြီး လက်ရာမြောက်သဖြင့် ရုပ်လုံးကြွဘီလူးရုပ် ဖြစ်ကြောင်းတွေ့လိုက် ရသည်။ဦးဇင်းသည် ထိုဘီလူးရုပ်အပေါ် လက်ညှိုးထောက်၍ ပရိမိတ္တဇာလသုတ်ကို သုံးကြိမ်သုံးခေါက်ရွတ်ဆိုနေပါသည်။ပရိတ် ရွတ်မည့်အချိန်ပါလာသူ လူငယ်ကို တစ်စုံတစ်ခုပြောလိုက်ရာ လူရွယ်ကပြန် ထွက်သွားသည်။ဦးဇင်း ပရိတ်ရွတ်ပြီးချိန် လူရွယ်ပြန်ရောက်လာပါသည်။

“ကဲ့့ဒီဘီလူးရုပ်ကို ပျက်အောင်ဖျက် ထုတ်လိုက်ပါ”

ဦးဇင်းခိုင်းသည့်အတိုင်း လူရွယ်က အုတ်အင်္ဂတေပေါ်တွင် ရေးဆွဲထားသောစာ ကိုအသင့်ယူဆောင်လာသော ကော်ပတ်နှင့်တိုက်၍ ဖျက်လိုက်သည်။ ဘီလူးရုပ်ပျက်သွားသည်နှင့် ဦးဇင်းက ရေတစ်ခွက်တောင်းပြီး ပရိတ်ရွတ်ပါသည်။ ထိုပရိတ်ရေဖြင့် ဘီလူးရုပ်နေရာကို ဆေးကြောပါသည်။အားလုံးဆေးပြီးသည် နှင့်ဦးဇင်းက လူရွယ်ကိုထပ်မံပြောကြား လိုက်ပြန်သည်။

“ကဲ့့ကြွေပြားကို မူလအတိုင်းပြန်ကပ်ဖို့ ပြင်ဆင်ထား”

ဦးဇင်းသည် ယခင်ဘီလူးရုပ်နေရာတွင် လက်ထောက်ပြီး ပြောလိုက်သည်။

“ဟဲ့့့ကျောက်ဘီလူး ဒါနင့်နေရာမဟုတ်ဘူး ခုချက်ချင်းနင့်နေရာကို နင်ပြန်တော့။ငါတို့ ကမေတ္တာသမားဖြစ်လို့ နင့်ကိုရော နင့်ကိုစေ ခိုင်းတဲ့ဆရာကိုရော အရေးမယူအပြစ်မ ပေးဘဲ ခွင့်လွှတ်လိုက်တယ်။နောင်ကို သူတစ်ပါးဒုက္ခရောက်မယ့်အလုပ် ဘယ်တော့မှမလုပ်နဲ့။နင့်ကိုမေတ္တာပို့ပေးမယ်။ကဲ့့အမြန်သွားတော့”

ဦးဇင်းစကား ဆုံးသည်နှင့် ပန်းရံဆရာက ကြွေပြားကိုမူလ နေရာတွင်ပြန်ကပ်ထား လိုက်သည်။ကြွေပြားကပ်ရန် ဘိလပ်မြေများ သဲများ အသင့်ယူလာသဖြင့် ခဏအတွင်း ပြင်ဆင်ပြီးစီးသွားပါတော့သည်။ဦးဇင်သည် သူလုပ်စရာရှိသည့် အလုပ်များကို ပြီးပြတ် အောင်လုပ်ဆောင်ပြီးသည်နှင့်ဒေါ်သူဇာကို ပြောလိုက်သည်။

“ဒကာမကြီ့း့့ဒီအခန်းက လုံးဝသန့်သွားပြီ။ ဘာအနှောင့်အယှက် မှမရှိတော့ဘူး။ဒါဟာ ကျောက်ဘီလူးလို့ခေါ်တယ်။သူက သူ့ဆရာ ခိုက်းတဲ့အတိုင်းလုပ်နေရမှာ။သူက သွေးသောက်ရမှကျေနပ်တယ်။နေ့တိုင်း သွေးသောက်နေမှာ။ကျုပ်တို့ကသိလိုက်တာလက်ဦးသွား လို့ကံကောင်းတယ်။ ဒီကျောက်ဘီလူးကတော်ရုံနဲ့မရဘူး။လုပ်တဲ့သူကကျောက်ပြားမှာ ဘီလူးရုပ်ရေးပြီး အသက်သွင်းတာ။အခုမရှိတော့ဘူး။ဘီလူး ပြေးပြီ။စိတ်သာချ။နောက်တစ်ဖန် မလာနိုင်တော့ဘူး။ ကျုပ်အပြတ်နှင်လိုက် ပါပြီ”

“ကျေးဇူးတင်ပါတယ် အရှင်ဘုရား။အရှင် ဘုရားသာ မကယ်ရင်တစ်အိမ်လုံး ဒုက္ခရောက်နိုင်တယ်။အခုမှတွေးလိုက်တိုင်း လန့်နေပါတယ်ဘုရား”

“ကဲပါ မလန့်ပါနဲ့တော့။အားလုံးရှင်းသွားပြီ။ ကျုပ်တို့ကိစ္စပြီးပြီမို့ ပြန်ကြွတော့မယ် ခွင့်ပြုပါ”

ဦးဇင်း ပြန်ကြွသွားပါသည်။ယခုမှ ဒေါ်သူဇာစိတ်ရှင်းသွားသည်။မထွေး မှလည်းကြောက်လန့်စိတ်မရှိတော့ဘဲ မီးဖိုခန်းသို့ ရဲရဲဝင်တော့သည်။သွေးသောက် ဘီလူးအကြောင်းတွေးမိတိုင်း ရင်တုန်လှုပ်ရှားလျက်ရှိပါတော့သည်။

ပြီးပါပြီ

ရေးသူ-အမည်မသိ