အကျဥ်းစံဝိဉာဥ်

အကျဥ်းစံဝိဉာဥ် (စ/ဆုံး)

———————–

အပေါ် ထပ်ခိုးက ပစ္စည်းအဟောင်းတွေ ထားသိုတဲ့ အခန်းထဲက ဆက်တိုက် ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ အသံကြောင့် ခင်မမ အိပ်ပျော်နေရာက ဆတ်ခနဲ နိုးလာသည်။ အသံက မိန်းမတယောက်ရဲ့ ငိုငြီးနေတဲ့အသံ။

” အင်း … ဟင်း … ဟင်း … ”

” အင်း … ဟင်း … ဟင်း … ”

ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပါ။ ညဥ့် ၁၂နာရီသာသာလောက်ဆိုတော့ ခပ်တိုးတိုးအသံဆိုငြား ပီသစွာ ထွက်ပေါ်နေခြင်းသာ ဖြစ်ပါသည်။

အိပ်ရာနံဘေးက ၅နှစ်အရွယ် သားငယ် ထူးခန့်ကတော့ ခြေကားယားလက်ကားယားနဲ့ နှစ်ခြိုက်စွာ အိပ်နေ၏။ ခြေရင်းဘက်အခန်းမှာ အိမ်အကူ ဂျမ်းတော ရှိ၏။ သူလည်း တနေကုန် အိမ်မှုကိစ္စတွေ လုပ်ရသည်ဆိုတော့ ပင်ပန်းပြီး သိုးနေလောက်ပြီ။

ခင်ပွန်းဖြစ်သူ ကိုမြတ်သူက အရောင်းအဝယ်ကိစ္စဖြင့် မြဝတီမြို့သို့ ခရီးသွားနေ၏။ မခင်မမ စဥ်းစားသည်။ဒီအိမ်မှာ သူတို့ မိသားစု နေလာခဲ့တာ နှစ်တွေ မနည်းတော့ပါ။ တခါမှလည်း ဒီလို အသံမျိုးကို ဒီလို သန်းခေါင်ယံအချိန်မတော်ကြီးမှာ မကြားဖူးခဲ့ပါချေ။ အခုကျမှဆိုတော့ အတော်လေး ထူးဆန်းနေပါ၏။

ပြီးတော့ တိရိစ္ဆာန်တကောင်၏ ငြီးတွားသံဆိုရလောက်အောင်ကလည်း အိမ်က တောထဲတောင်ထဲ ရွာငယ် ဇနပုဒ်မှာမဟုတ်။ မြို့၏ အထင်ကရ ရပ်ကွက်ကြီးတခုမှာ၊ ဘေးဘီဝဲယာမှာလည်း အိမ်ကြီးအိမ်ကောင်းတွေက အစီအရီ ရှိနေကြ၏။ မိသားစုနည်းသော သူမတို့အိမ်သည် ထပ်ခိုးပါ တထပ်တိုက်ကလေးဖြစ်သည်။

သို့ဖြင့် မခင်မမလည်း ထပ်ခိုးက အခန်းကို တက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မခင်မမသည် အိပ်ပျော်နေသော ထူးခန့်လေးကို စောင်ပါးလေးတထည် လွှမ်းခြုံပေးလိုက်ပြီး၊ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

တယောက်တည်း တက်ကြည့်ရမှာ မဝံ့သမို့ ၊ ခြေရင်းခန်းက ဂျမ်းတောကို နှိုးရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ ဂျမ်းတော၏ အခန်းဝမှာ ရပ်၍ …

” ဂျမ်းတော … ဂျမ်းတောမ … ဟဲ့ ဂျမ်းတော ”

တံခါးဂျက်ကို အတွင်းမှ ပိတ်ထား၍ မခင်မမက တံခါးကို အသာအယာ ပုတ်ကာ ဂျမ်းတောကို နှိုးလိုက်သည်။

အအိပ်မက်သော ဂျမ်းတောမှာ အတော်နှင့်မနိုး။ မခင်မမ စိတ်အိုက်သွား၏။ ‘ ကောင်မလေး အတော် အအိပ်မက်တာကိုး ‘ ဟု တွေးရင်း စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။ တံခါးကို ခပ်ကြမ်းကြမ်း ပုတ်နှိုးလျင်လည်း သားငယ် ထူးခန့် နိုးသွားမှာ စိုးရသေးသည်။

နောက်ဆုံး ဂျမ်းတောကို နှိုးမရ၍ မခင်မမသည် သူ တယောက်တည်း အပေါ်သို့ တက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အပေါ်ထပ်ခိုး အထပ်ကို တက်သည့် လှေကားကို နင်းလိုက်သည်နှင့် မခင်မမကိုယ်သည် ထူးထူးခြားခြား ကြက်သီးထသွား၏။ စိတ်ပင် စောနေ၍လား မသိနိုင်။

ထိုထပ်ခိုးအခန်းသည် သူမ၏ ခင်ပွန်း ပစ္စည်းများ ထားသိုရာ နေရာဖြစ်သည်။ များသောအားဖြင့် မခင်မမသည် ထိုထပ်ခိုးအထပ်ပေါ်သို့ တလနေ၍ တခေါက်ပင် မရောက်သည်ကများသည်။ ပြီးတော့ သူမယောက်ကျား ကိုမြတ်သူက ထပ်ခိုးကအခန်းထဲကို သူကလွဲ၍ ဘယ်သူမှ ဝင်တာကြိုက်သူမဟုတ်။ ထို့ကြောင့် မခင်မမသည် ထပ်ခိုးက အခန်းထဲကို အရေးအကြောင်း မရှိလျင် သွားလေ့မရှိချေ။

လှေကား ခြေနင်းပြားသစ်သားတွေကို နင်းရတာက ဒီညကျမှ ပိုပြီး အေးနေသယောင်ပင်။ ခြေနင်းပြားတပြားပေါ်ကို ခြေလှမ်း တလှမ်း နင်းတက်လိုက်တိုင်း ခြေဖဝါးသည် စိမ့်ခနဲ အေးစက်စက်နှင့် ကြမ်းရှရှကို ထိတွေ့နေမိသည်။

လှေကားထိပ် ရောက်သည့်အခါ၊ မခင်မမသည် မီးခလုပ်ကို ဖွင့်လိုက်သည်။ လျှောက်လမ်း မီးက ဖျတ်ခနဲ လင်းသွား၏။

” အင်း … ဟင်း … ဟင်း ”

သေချာသွားပြီ။ ငြီးတွားသံက ထပ်ခိုးက စတိုခန်းလေးမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။သူမ စတိုခန်းအနီး ရောက်နေသည်မဟုတ်လား။ မခင်မမသည် ခပ်ရွံရွံဖြင့်သာ စတိုခန်းတံခါးအနီးသို့ ကပ်ခါ လှမ်းမေးလိုက်သည်။ သူမ၏ အသံက လိုသည်ထက် ပို၍ မာကြောနေသည်။ တမင် လုပ်ယူထားသော လေသံမှန်း သိသာ၏။

” ဟိတ်! အထဲက ဘယ်သူလဲ ”

ထိုအခါ ငြီးတွားသံသည် တိခနဲ ရပ်သွားလေ၏။ လုံးဝ တိတ်ဆိတ်သွားသည်။ လူသံကြား၍ တိတ်သွားသလော။မခင်မမ ပို၍ သိချင်သွားဟန်တူသည်။ ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။

” ဘယ်သူလဲ မေးနေတယ်လေ။ မဖြေရင် ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ် ”

ထိုသို့ မခင်မမက လေသံမာမာဖြင့် ထပ်မံမေးလိုက်သောအခါ …

” ဂျောက် ! ”

အခန်းထဲမှ ပစ္စည်းတခုခု ကြမ်းပေါ်သို့ ပြုတ်ကျသွားသော အသံ ထွက်ပေါ်လာသည်။ မခင်မမလည်း တုန့်ဆိုင်းမနေတော့ဘဲ၊ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသည့်အခါ အခန်းတွင်းမှ အလွန်အေးမြသော လေထုက မခင်မမကိုယ်ကို ဖြတ်တိုက်သွားလေ၏။ မခင်မမ ခမျာ ကျောမတလျှောက်လုံး စိမ့်အေးသွားပြီး လက်မောင်းလက်ဖျံတလျှောက် ကြက်သီးဖျန်းဖျန်းထသွားလေတော့၏။

ထိုအချိန်မှာပဲ လျှောက်လမ်း မီးသီးက တိုက်တိုက်ဆိုင်ဆိုင် ဖျပ်ခနဲ ဖျပ်ခနဲ မှောင်သွားလိုက် လင်းလာလိုက်နှင့် မငြိမ်မသက် ဖြစ်သွားသည်။

မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ကြောင့် မခင်မမသည် စတိုခန်း ပစ္စည်းများ ပုံထားရာ နေရာတခုမှာ … မိန်းမတယောက် ငုတ်တုတ်ကြီး ထိုင်နေသကဲ့သို့ မြင်လိုက်ရသောအခါ၌၊ သူမပါးစပ်က ‘အံမယ်လေး ‘ ဟုပင် အသံထွက် အော်ဟစ်လိုက်မိလေသည်။

မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးသီးက ငြိမ်သက်သွားသည်။အလင်းရောင် ကောင်းစွာ ရသွားလေ၏ ။

ထိုအခါမှ လက်ကိုင်ရိုး ကျိုးနေသော ကြမ်းသုတ်အဝတ်ကို ရေပုံးမှာ ထည့်ထောင်ထားခြင်းအား မိန်းမတယောက် ကျောပေးနေသည်ဟု ထင်မှတ်မိကြောင်း မခင်မမ၏ အမြင်က ရှင်းသွားလေ၏။

သူမ ဟင်းခနဲ သက်ပြင်းချလိုက်မိပြန်၏။ ခုဏက ကြောက်စိတ်ကြောင့် ရင်တွေ တဒိန်းဒိန်း ခုန်လှုပ်သွားတာကို ပြန်စဥ်းစားပြီး မခင်မမ ရှက်စနိုးဖြစ်သွား၏။

‘ငါ့နှယ် ကြောက်တတ်ရန်ကော’ဟု ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်လိုက်မိသေး၏။

စတိုခန်းကို ပို၍ အမြင်ရှင်းအောင်
မခင်မမက အခန်းမီးကို ဖွင့်လိုက်သည်။ တခန်းလုံး လင်းထိန်သွားသည်။ အခန်းထဲတွင် သက်ရှိဟူ၍ သူမတယောက်သာ ရှိသည်။ သူမ ဇဝေဇဝါ ဖြစ်သွားဟန်တူ၏။ ငိုငြီးသံပိုင်ရှင်ကို ရှာမတွေ့ချေ။

ဤသို့ဆိုလျင် စောစောက သူမ ကြားနေရသော ငိုငြီးသံသည် မည်သူ့အသံနည်း။ တွေးရင်း မခင်မမရဲ့ ခြေလှမ်းက ပစ္စည်းပုံတခုအနား ရောက်သွား၏။ သူမ ကြမ်းပြင်ကို တချက်ကြည့်လိုက်သည်။ တတောင်မျှ အရွယ်အစားရှိသော အရုပ်တခုကို တွေ့လိုက်ရသည်။

မခင်မမသည် ကြမ်းပြင်ပေါ်ရှိ သူမ၏ ခြေထောက်နားက မှောက်ခုံကြီးဖြစ်နေသော ထိုအရုပ်ကို ကောက်ယူလိုက်သည်။

အရုပ်၏မျက်နှာဖက်ကို လှည့်ကြည့်လိုက်သည်။ မခင်မမ၏ မျက်နှာသည် မသတီစရာတခုခုကို တွေ့လိုက်သည့်အလား ၊ မျက်နှာက ရှုံ့တွသွားသည်။

အရုပ်သည် ထိုင်းနိုင်ငံမှာ ပြုလုပ် ထားသော ပလပ်စတစ် ကော်ပတ်အရုပ်တရုပ်သာ။ ထူးဆန်းသည်က အရုပ်၏ မျက်နှာပေါ်၌ မျက်ခုံး၊မျက်လုံး၊နှာတံ၊ပါးစပ်တို့မပါရှိဘဲ ပြောင်ရှင်းကြီးဖြစ်နေပြီး၊ အဝတ်စ သေးသေးလေးဖြင့် ချုပ်ထားသော ထိုင်း မင်းသမီးများ၏ ရိုးရာဝတ်စုံကို အထက်အောက် ပြည့်စုံစွာ ဝတ်ဆင်ပေးထားသည်။

အဝတ်တို့မှာ ဟောင်းနွမ်းနေကြပြီ ဖြစ်သည်။ အရုပ်၌ ကျန်သောကိုယ်လက်အင်္ဂါတို့ အစုံပါရှိပြီး၊ အရုပ်၏ ဦးခေါင်းတွင် လူသား၏ ဆံသားဆံပင်နှင့် အလွန်တူသော ဆံပင်ရှည်ကို ဖါးလျား ချထား၏။ လူသားဆံပင်စစ်စစ်တော့ ဟုတ်ဟန်မတူ။

သာမန်အချိန်အားဖြင့်ဆိုလျင် မခင်မမအတွက် ဤအရုပ်သည် ယခုလောက် ရွံရှာဖွယ်ကောင်းလိမ့်မည်မဟုတ်ချေ။ ဝါကျင့်ကျင့် ဖန်မီးသီးအလင်းရောင်အောက်မှာ အရုပ်သည် ခြေလက်များ ကွေးကောက်နေပြီး၊ အရုပ်၏မျက်နှာကလည်း မျက်နှာပြောင်ကြီးနဲ့ဆိုလေတော့ မခင်မမ ထိတ်လန့်ရွံရှာမိခြင်း ဖြစ်လိမ့်မည်။ကြည့်ရသည်မှာ တစက်ကလေးမျှ ကျက်သရေ မရှိချေ။

” ကိုမြတ်သူကလဲ ဘယ်လို အရုပ်ကြီးကိုများ စတိုခန်းထဲ လာသိမ်းထားပါလိမ့်နော် … အရုပ်ကြည့်ရတာ တစက်လေးမှ ကျက်သရေမရှိဘူး ”

မခင်မမက ထိုသို့ပြောရင်း ကောက်ကွေးနေသော ခြေလက်တို့ကို တချောင်းချင်း ပြန်ဆန့်ပေးလိုက်သည်။

ပထမ လက်တချောင်းကို စ၍ ဆန့်ပေးစဥ် …

” ဂျွတ် ”

ဟင်! မခင်မမ နားဖြင့် ဆတ်ဆတ်ကြားလိုက်ရခြင်းပင်။ အသံက လူတို့ လက်ဆစ်ချိုးသည့်အခါ ထွက်လာတတ်သည့် အသံမျိုးဖြစ်သည်။ မခင်မမ သူပဲ နားအကြား လွဲသလားဆိုပြီး အရုပ်၏ နောက်လက်တချောင်းကို ထပ်ဆန့်ပေးလိုက်သည်။ ခုနကလိုပင် …

“ဂျွတ် ”

အသံက ပီသလှသည်။ မခင်မမ အနောက်သို့ လှည့်ကြည့်လိုက်သည်။ ထူးခြားသည့် အရိပ်အယောင် တစက်ကယ်မျှ မတွေ့ရချေ။ သူမ အရုပ်၏ ခြေချောင်းကို ထပ်ဆန့်ပြန်သည်။ ဂျွတ်ခနဲ အရိုးကျိုးသည့်အသံ ထပ်ထွက်လာပြန်၏။ နောက်ဆုံး ခြေတဖက်ကို ဆန့်သည့်အခါလည်း ထို့နည်းတူစွာ ဂျွတ် ဟု ပီပီသသကြီး အသံထွက်လာ၏။

သို့သော် နာကျင်ငြီးတွားသည့်အသံ လုံးဝ မကြားရချေ။ သိုပေမဲ့ အရုပ်၏ ခြေများ လက်များ သူ့နဂိုအတိုင်း ပြန်ဆန့်ပေးပြီးနောက်တွင် မခင်မမ၏ အကြားအာရုံသို့ ထိုင်းစကားသံ သဲ့သဲ့လေး လာရောက် ရိုက်ခတ်သွားသည်။

” ခပ် ခူ မက် ”

အသံက လေးလေးပင်ပင်နိုင်သလို တခွန်းချင်း သဲကွဲစွာ ကြားလိုက်ရခြင်း ဖြစ်သည်။

မခင်မမသည် တအံတဩနှင့် အရုပ်ကို အသေအချာ ငေးကြည့်လိုက်မိသည်။ ပါးစပ်ပေါက်မပါသော အရုပ်က အသံထွက်ပါမည်တဲ့လား။

ထိုအခိုက် အိမ်အောက်ထပ်က …

” မေမေ … မေမေရေ ၊ မေမေ ဘယ်မှာတုန်း ” ဟူသော သားငယ် ထူးခန့်၏ အမေအော်ခေါ်သံ ကြားလိုက်ရလေ၏။

မခင်မမလည်း သားဖြစ်သူအသံကြောင့် အရုပ်ကို ပစ္စည်းပုံ၏ အပေါ်ဆုံးမှာ အလျားလိုက် တင်ပေးထားလိုက်ပြီး စတိုခန်းထဲမှ ထွက်လာခဲ့သည်။

” သားရေ … မေမေ ဒီမှာနော်။ လာပြီ သားရေ မေမေလာပြီ ”

မခင်မမ အိမ်အောက်ထပ် ရောက်လာ၏။ သားငယ်ကို ဧည့်ခန်းမှာ ရှိလေမလားဟု ရှာကြည့်လိုက်သည်။ မတွေ့ရချေ။ သို့ဖြင့် သူမ အိပ်ခန်းဆီသို့ ခပ်သွက်သွက် သွားကြည့်လိုက်သည်။

ဟင်!

မခင်မမ အလွန်ပင် အံအားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ သားငယ် မောင်ထူးခန့်သည် အိပ်ရာပေါ်၌ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လျက်သား ရှိနေသောကြောင့်ပင်။ သူမ အခန်းအပြင် မထွက်ခင်က စောင်အပါးလေး ခြုံလွှမ်းပေးထားသည့်အတိုင်း အရာမပျက် ရှိနေသည်။

မခင်မမ အခန်းတံခါးကို ဒုန်းခနဲ ပိတ်လိုက်ပြီး အတွင်းမှ ဂျက်ချလိုက်သည်။ ပိုမို စိတ်ချလုံခြုံအောင် ဂလန့်ပါ ထိုးလိုက်၏။ သူမ ယနေ့ည တွေ့ကြုံနေရသော အဖြစ်အပျက်များမှာ ပြန်ပြောပြလျင် နားထောင်ရသူအဖို့ ယုံနိုင်စရာ ရှိပါ့မလားဟု မခင်မမ တွေးတောလိုက်မိလေတော့သည်။

___________

အခန်း၂။

တခုသော နေ့ခင်း၌၊ ဂျမ်းတောမသည် မခင်မမ ရှိရာသို့ ရောက်လာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားလာပြော၏။ ဂျမ်းတော မျက်နှာက တစုံတရာကို ကြောက်ရွံနေသည့်ဟန် အထင်းသား ပေါ်လွင်လို့နေသည်။

” မမ … ကျ … ကျမ တခုလောက် ပြောချင်လို့ ”

မခင်မမက ဂျမ်းတော၏ ထူးဆန်းသော အပြုအမူကြောင့် ဂျမ်းတော ပြောလာမည့်စကားကို စိတ်ဝင်စားသွားပြီး …

” ပြောလေ … ဂျမ်းတော၊ ဘာပြောချင်လို့လဲ ”

” ဟိုတနေ့ညက မမလဲ အပေါ်ထပ် စတိုခန်းထဲက ငိုသံ ကြားခဲ့ရပြီမဟုတ်လား ”

ဂျမ်းတောက မခင်မမ မိန်းမတယောက် ငိုငြီးသံကြားခဲ့ရသည့် ညအကြောင်းကို မေးလိုက်သည့်အခါ အံအားသင့်သွား၏။ ပြီးတော့ ဒေါသလည်း ထွက်သွား၍ …

” ဟေ ! ညီး …ညီး အဲ့နေ့ညက ငါ အော်နှိုးတာ သိတယ်ပေါ့ ။ ဒါဆို ဘာလို့ မထူးတာလဲ ”

ဂျမ်းတောက မျက်လုံးလေး ကလည်ကလည်နဲ့ ခေါင်းကို ငုံချလိုက်ပြီးနောက် …

” ကျမ ကြောက်လို့ပါ မမ။ အဲ့နေ့ညက ကျမ မမရဲ့ ခေါ်သံကိုလည်း ကြားသလို ၊ မိန်းမငိုငြီးသံကြီးကိုလည်း ကြားရပါတယ်။ ကျမ တအား ကြောက်လွန်းလို့ စောင်ကို ခေါင်းမြီးခြုံပြီး အခန်းထဲ အောင်းနေခဲ့တာပါ ၊ ကျမ အခြောက်ခံရတာ သုံးလေးခါရှိပြီ။ မမကို မပြောရဲလို့ ကြိတ်ခံနေရတာ ”

မခင်မမ ဟင်းခနဲ သက်ပြင်း ချလိုက်သည်။ ဂျမ်းတောဆိုတာက မပြေလည်လို့ ကိုယ့်အိမ်မှာ အိမ်အကူ လာလုပ်တာ။ အသက်အားဖြင့်က ၁၅နှစ်/၁၆နှစ်လောက်သာ ရှိဦးမည်ဖြစ်သည်။ ကလေးသာသာဆိုတော့ သူမလည်း ကြောက်ရှာလိမ့်မည်ဟု နားလည်ပေးလိုက်သည်။ဂျမ်းတောမ မျက်နှာကို ကြည့်၍ မခင်မမ၏ စိတ်ထဲ တစုံတရာကို တွေးမိသွားပြီး

” ဂျမ်းတော ငါ့ကို မှန်မှန်ပြောစမ်း။ ညီး အဲ့နေ့ည မတိုင်ခင်ကရော ဘာတွေ ထူးဆန်းတာ တွေ့မိသေးလဲ ”

” ပြောရရင် ကြောက်စရာကြီး မမ။ ကျမ လိမ်ပြောတယ်လို့ မမ ထင်မှာလဲ စိုးတယ်။ ကျမ တွေ့ခဲ့တာ တခါ နှစ်ခါ မကတော့ဘူး ”

မခင်မမ ထိတ်ခနဲ ဖြစ်သွားပြီး၊

” ဟင်! ညီးက ဘာကို တွေ့တာလဲ။ ငါ့ကို ရှင်းအောင် ပြောစမ်းပါ ဂျမ်းတောရယ်။ ငါ ရင်ထိတ်လိုက်တာဟယ် ”

” ပထမ တရက်က ညနေ နေဝင်ရီတရော်အချိန် ၊ မိုးလေး ဖွဲဖွဲကျတော့၊ ကျမ အိမ်အပြင်မှာ လှန်းထားတဲ့ အဝတ်တွေ သွားရုပ်တယ် မမ ”

” အေး … အဲ့ဒီတော့ ဘာဖြစ်လဲ ”

” အဝတ်တန်း လှန်းတဲ့နေရာက ကြည့်ရင် … အပေါ်ထပ်က စတိုခန်း မှန်ပြတင်းပေါက်ကို မြင်ရတယ်လေ။
ကျမ အဝတ်တွေ ရုပ်နေရင်းနဲ့ ဘာကြောင့်မှန်းမသိဘူး။ အဲ့ မှန်ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ …
မှန်ပြတင်းပေါက်နားမှာ ဆံပင်ရှည်ရှည်နဲ့ မိန်းမတယောက် ခပ်စောင်းစောင်း ထိုင်နေတာ တွေ့လိုက်ရတယ်။
ရုတ်တရက်ဆိုတော့ ကျမလဲ ကြောင်တောင်တောင် ဖြစ်သွားတယ်။ မမများလားပေါ့ ။ မမကလဲ ဆံပင်ရှည်တယ်လေ။ နောက်မှ ကျမ တွေးမိသွားတာက … အဲ့နေ့ ညနေက မမနဲ့ ဦးလေးတို့ သားသားထူးခန့်လေး နေမကောင်းလို့ဆိုပြီး မိသားစုလိုက် ဆေးခန်းသွားနေကြတယ်မဟုတ်လား။
ဒါနဲ့ အဲ့ဒီမိန်းမက ဘယ်သူလဲဟဆိုပြီး ကျမက ထပ်အကြည့် သူ့မျက်နှာက ကျမဘက်ကို တဖြည်းဖြည်း လှည့်လာတယ်။
အောင်မယ်လေး … မမရေ၊ ခုပြော ခုကြက်သီးတွေ ထလာပြန်ပြီ။ ကြောက်စရာကြီး သူ့မျက်နှာပေါ်မှာ ဘာမှ မရှိဘူး။ မျက်နှာက မျက်နှာပြောင်ကြီး မမရဲ့။ ပြီး ဖွေးစုပ်စုပ် ဖြူရော်ရော်ကြီး ”

ဒီတခါ အံအားသင့့်ရသူူက မခင်မမပင်။
” ဟင်! မျက်နှာပြောင်ကြီး ဟုတ်လား ဂျမ်းတော ”

ဂျမ်းတောက ခေါင်းငြိမ့်ပြရင်း …

” ဟုတ်တယ် မမ၊ အဲ့ဒါကြီးလဲ တွေ့ရော ကျမ အိမ်ထဲ မဝင်ရဲတာနဲ့၊ မိုးရွာထဲ ခြံဝမှာပဲ မမတို့ပြန်လာတဲ့အထိ ထိုင်နေတာပေါ့ ”

မခင်မမ သတိရသွားသည်။ ထိုနေ့က သားငယ်ထူးခန့် ဖျားသဖြင့် သူတို့လင်မယားသည် အိမ်မှာ ဂျမ်းတောကို ထားခဲ့ပြီး၊ ဆေးခန်းသို့ ကားဖြင့် ထွက်သွားခဲ့သည်။

ဆေးခန်းက အပြန် အိမ်ရောက်တော့ ခြံဝမှာ မိုးရေတွေ ရွှဲနေသော ဂျမ်းတောမကို တွေ့ရ၏။ ထိုနေ့က ဖျားနေသော သားငယ်ကို အလေးပေးနေရသဖြင့် သူတို့လင်မယား ဂျမ်းတော ဘာဖြစ်သည်ကို လေးလေးနက်နက် မမေးမိကြချေ။

‘ဂျမ်းတော ညီး ဘာလို့ ခြံဝမှာ ရပ်နေသလဲ ‘ဆိုတော့လည်း ဂျမ်းတော့က’ တယောက်တည်း အိမ်ထဲမှာ မနေရဲလို့ ၊ ကြောက်လို့ ‘ဟု ဖြေသည်မဟုတ်လား။ သားဇောနဲ့ဆိုတော့ ဂျမ်းတောကို အမှုမဲ့အမှတ်မဲ့ပင်။

ထိုစဥ်က သူတို့လင်မယားနှစ်ယောက်စလုံး ဖျားနေတဲ့ ထူးခန့့်ကိုသာ ပို၍ ဂရုစိုက်နေမိခဲ့ကြသည်။ ဂျမ်းတောကို စေ့စေ့စပ်စပ် မမေးခဲ့ကြချေ။

အခုတော့ မခင်မမကိုယ်တိုင်က တွေ့ကြုံခဲ့ဖူးပြီမို့ ၊ ဂျမ်းတောရဲ့ အဖြစ်အပျက်ကို စိတ်ဝင်စားလာသည်။ မခင်မမက …

” နောက်တခါကျတော့ရော ၊ ဘယ်လို တွေ့တာလဲ ဂျမ်းတော ”

” အင်း … နောက်တခါကျ ပိုထူးဆန်းတယ် မမ။ မမ သားသားထူးခန့်ကို ကျောင်းသွားပို့ချိန် မနက် ၉နာရီလောက်မှာပေါ့ ။
ကျမလဲ အဝတ်တွေ လျှော်ဖို့ ရေချိုးခန်းထဲမှာ အဝတ်တွေကို ဆပ်ပြာရေ စိမ်နေတုန်း … ရေချိုးခန်းတံခါးက ရုတ်တရက်ကြီး ဝုန်းခနဲ ပိတ်သွားတယ်။ ဘယ်လိုပြောရမလဲ လူက ဆောင့်ကန်ပိတ်လိုက်သလိုပေါ့ မမရယ်။
ကျမလဲ လန့်သွားပြီး အဝတ်တွေ စိမ်နေရာကနေ တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တယ်။
အဲ့ဒီမှာ ဧည့်ခန်းဘက်က ရိပ်ခနဲ ဖြတ်ပြေးသွားတာ တွေ့လိုက်ရတယ်။ သူ ပြေးတာက မြန်လွန်းတော့ လူလား တိရိစ္ဆာန်လားတောင် သဲသဲကွဲကွဲ မမြင်လိုက်ရဘူး မမ။
ကျမက မမများ ပြန်ရောက်ပြီလားပေါ့။ ဒါနဲ့ အိမ်ရှေ့ကို ထွက်ကြည့်တယ်။ မမရဲ့ ကား မတွေ့ရဘူး။ မမလဲ ပြန်လာတာမဟုတ်ဘူးရယ်။
အဲ့ဒီလို ကျမ အိမ်ရှေ့ ထွက်ကြည့်နေတုန်း၊ ထပ်ခိုးက စတိုခန်းထဲက ပစ္စည်းတွေ ပြုတ်ကျတဲ့အသံ ကြားရပြန်ရော။ ကျမက ကြောင်တကောင် ဝင်မွှေနေပြီ ထင်တာ။
မမက အဲ့ဒီအခန်းကို မဝင်ရဘူးလို့ ပြောထား သတိပေးထားတာ ကျမ မှတ်မိပါတယ်။ ဒါပေမဲ့ အဲ့ဒီအခန်းထဲက ပစ္စည်းတွေ ပြုတ်ကျသံတွေက ထပ်ကြားရတော့ ကျမ မနေနိုင်ဘူး။
အဲ့ဒီ အပေါ်က စတိုခန်းကို တက်သွားလိုက်မိတယ်။ ကျမ စတိုခန်းကိုသွားဖို့ တခုခုက စေ့ဆော်နေသလိုပါပဲ မမရယ်။ပြောရဦးမယ် … ကျမ လှေကားက စတက်တက်ချင်း ကြက်သီးမွှေးညင်းတွေ ထသွားတယ်မမ။ ဘာဖြစ်မှန်းကို မသိတာနော်။
ကျမ အပေါ်လဲ ရောက်ရော အံဩစရာ မမရေ။ စတိုခန်းတံခါးကလေ သူ့အလိုလို တကျွီကျွီနဲ့ ပွင့်သွားတယ်။ ကျမလဲ စပ်စပ်စုစုနဲ့ အခန်းထဲကို လှမ်းကြည့်လိုက်တယ်။ ကျမ စိတ်အထင်က ကြောင်မွှေလို့ ပစ္စည်းတွေ ပြန့်ကြဲနေမှာပဲလို့ ထင်ထားပေမယ့် …
တကယ်တမ်းကျ အခန်းထဲမှာ ပစ္စည်းတွေက သူ့နေရာနဲ့သူ ၊ စီစီရီရီ နေသားတကျ ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါဆို ခုနက အသံတွေက ဘယ်က လာတာလဲပေါ့။ ကျမရဲ့ တထွာတမိုက် ဉာဏ်လေးနဲ့ တွေးမရနိုင်ဘူး။
အဲ့ဒီလို ကျမ စိတ်ရှုပ်နေတုန်း ပစ္စည်းပုံတခုရဲ့ အပေါ်ဆုံးမှာ အရုပ်တခုကို တွေ့လိုက်ရတယ် မမ ”

မခင်မမက သိချင်လွန်း၍ ကြားဖြတ်မေးလိုက်မိသည်။

” အဲ့ဒါ တတောင်လောက် အရွယ်ရှိတဲ့ ကော်ပတ်ရုပ်မဟုတ်လား။ သူ့မျက်နှာမှာ နှာခေါင်းတို့ ပါးစပ်တို့ မပါဘူးလေ။ ပြောင်ရှင်းကြီး ”

ဂျမ်းတောက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြသည်။

” ဟုတ်တယ်မမ ၊ အဲ့ဒီအရုပ်ပဲ။ ထိုင်းရုပ်ရှင်ဇာတ်ကားတွေထဲက မင်းသမီးတွေလို အဝတ်အစားနဲ့လေ”

” အင်း ဟုတ်တယ်။ဒါနဲ့ ဘာဆက်ဖြစ်လဲ ပြောပါအုံး ”

” ကျမကို အဲ့ဒီအရုပ်က ညှို့ယူထားသလိုပဲ မမရေ ။ အရုပ်ကို ငေးကြည့်နေမိတယ်။ ကျမ သေသေချာချာ ကြည့်လိုက်တော့ အရုပ်ရဲ့ လက်တဖက်ကို ပစ္စည်းပုံထဲက ရှေးခေတ်တုန်းက သုံးတဲ့ ဖန်မီးအိမ်အဟောင်းရဲ့ လက်ဆွဲချိတ်က ဖိထားသလို ဖြစ်ပြီး ပိနေတယ်။ ဒါနဲ့ ကျမလဲ အဲ့ဒီ မီးအိမ်လက်ကိုင်ကိုင်းကို အရုပ်ရဲ့ လက်ပေါ်ကနေ ဖယ်ပေးလိုက်တယ်။
အဲ့ဒီအချိန် ကျမ နားထဲမှာ စကား ပြောသံလိုလို အသံတခု ကြားလိုက်ရတယ်။ အသံက မိန်းမသံ မမရဲ့။ ပြီးတော့ အဲ့ဒီစကားသံက ဗမာစကားမဟုတ်ဘူး။
ဒါနဲ့ အရုပ်က စကားပြောတာလားဆိုပြီး အရုပ်ကို ကြာကြာ ငေးကြည့်နေတုန်း အောက်ထပ်ကနေ မမရဲ့ ‘ဂျမ်းတောရေ ဂျမ်းတော’ ဆိုတဲ့ အော်ခေါ်သံကို ကြားလိုက်ရတယ်လေ။ ကျမ မှတ်မိတယ်မမ။ အဲ့တုန်းက အော်ခေါ်တဲ့အသံက မမမှ မမရဲ့အသံပဲ ။ ကျမ နားကြားမလွဲဘူးနော်။
ဒါနဲ့ ကျမ အောက်ထပ်ကို ပြေးဆင်းလာလိုက်တယ်။ ဒါပေမဲ့ မမရေ ၊ မမကို မတွေ့ရဘူး။ ကျမ တအံတဩနဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့အချိန် အဲ့ဒီ စတိုခန်းတံခါးက ဂျိမ်းခနဲဆိုပြီး ပိတ်သွားပြန်တယ်။ နောက်တော့ မမရဲ့ကား… ခြံတံခါးဝ ရောက်လာပြီး ကားဟွန်းတီးတော့မှ ကျမ လှည့်ဖြားတာ ခံလိုက်ရပြီဆိုတာ သိလိုက်ရတယ် ”

မခင်မမက နားထောင်နေရင်းမှ မှတ်ချက်ပြု၏။

” အရုပ်ကတော့ စကား မပြောနိုင်လောက်ပါဘူး ဂျမ်းတောရယ်။ နို့ … ညီး ကြားခဲ့ရတဲ့ ထိုင်းစကားဆိုတာက ဘယ်လိုလဲ ။ ညီး မှတ်မိသေးလား”

ဂျမ်းတောက စဥ်းစားသလို လုပ်ပြီးမှ ဖြေသည် ။

” ‘ခပ် ခူ မက် ‘ဆိုလားပဲ မမ။ ကျမလဲ သေသေချာချာ မမှတ်မိတော့ဘူး”

မခင်မမက ဂျမ်းတောရဲ့ လေသံကို နင်းပြီး တလုံးချင်း လိုက်ရွတ်ကြည့်လိုက်သည်။

” ခပ် … ခူ … မက် … ”

ဂျမ်းတောက မခင်မမ ရွတ်လိုက်သည့်အခါမှ၊ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ‘အင်း ဟုတ်တယ် ဟုတ်တယ် မမ၊ မမ အခုပြောသလို တလုံးချင်း ခပ်လေးလေးကြီး ပြောသွားတာပဲ ”

မခင်မမသည် သူ အရုပ်ကို လက်ကလေးတွေ ပြန်ဆန့်တန်းပေးစဥ်ကလည်း အရုပ်ထံမှ ထိုသို့သော ထိုင်းစကားပြောသံကို ကြားခဲ့ဖူးသည်မဟုတ်လော။ မခင်မမစိတ်ထဲမှာ

‘ အင်း စတိုခန်းထဲက ထိုင်းရိုးရာ အရုပ်မလေးက ထူးခြားတယ်။ တခုခုတော့ တခုခုပဲ ‘ လို့ မခင်မမတွေးတောလိုက်မိလေ၏။

ဘာပဲ ပြောပြော ဒီလိုမျိုး အိမ်ထဲမှာ မရိုးသားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပျက်နေတာ ကိုမြတ်သူ ယူဆောင်လာခဲ့တဲ့ ထိုင်းရိုးရာ ကော်ပတ်အရုပ်လေးကြောင့်သာ ဖြစ်လိမ့်မည်။

ကိုမြတ်သူ ခရီးကနေ အိမ်ကို ပြန်လာရင်တော့ သူမတို့ အဖြေတခုခု သိရလိမ့်မည်။

တခုပဲ မခင်မမ စိုးရိမ်မိသည်။ ဒီတခေါက် ကိုမြတ်သူ ခရီးထွက်တာ ကြာသင့်သည်ထက် ရက်ပိုကြာနေသည်။ ထိုင်းရိုးရာအရုပ်မနှင့် ပတ်သက်ပြီး ကိုမြတ်သူ မရိုးဖြောင့်တာ တခုခုများ လုပ်ထားခဲ့လေသလား။

အကယ်၍ လုပ်ထားမိရင်ရော ဤ ဝိဉာဥ် တွယ်ကပ်နေသော အရုပ်ကလေးက ကိုမြတ်သူကို ခွင့်လွှတ်ပေးနိုင်ပါ့မလား …

မခင်မမခမျာ အမျိုးမျိုးအဖုံဖုံ တွေးတောရင်း ခင်ပွန်းဖြစ်သူ ကိုမြတ်သူအတွက် စိုးရိမ်သောကစိတ်တွေ များလာခဲ့သည်။

ကိုမြတ်သူတယောက် အခုတခေါက် အလုပ်တွေ အဆင်ပြေလို့ အိမ်ကို ချောချောမောမော ပြန်ရောက်ပါစေလို့ တိုးဖွဖွ ဆုတောင်းရင်း သူမ သက်ပြင်းမောကို မှုတ်ထုတ်လိုက်မိသည်။

____________

အခန်း၃။

” ဂျိန်း … ဒလိမ်း ”

ည ကိုးနာရီခွဲလောက်တွင် မိုးက သည်းသည်းမည်းမည်း ရွာနေပါ၏။ မိုးသံလေသံနဲ့အတူ မိုးခြိမ်းသံ လျှပ်စီးကြောင်းကြီးတွေက ရင်ဖိုထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

မိုးကများ လေကပြင်းဆိုတော့ လျှပ်စစ်မီးက ပျက်သွားသည်။ သိုပေမဲ့ မခင်မမတို့အိမ်က အင်ဗာတာနဲ့ ဘက်ထရီ ရှိ၍ မီးလင်းနေသေးသည်။

မခင်မမ၊သားငယ် ထူးခန့် နှင့် အိမ်အကူ ဂျမ်းတောတို့သည်၊ အိမ်၏ ဧည့်ခန်း ဆိုဖါဆက်တီ၌ စုရုံးထိုင်နေကြသည်။ သူတို့သည် ကိုမြတ်သူ ပြန်အလာကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ ကိုမြတ်သူက ဒီကနေ့ ပြန်ရောက်မည်ဟု ဖုန်းကြိုဆက်ထား၏။

ဂျိန်း !

” အံမယ်လေး ! မမရေ ”

ဒီတခါ ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံက အတော်ကျယ်လောင်၏။ပြီးတော့ မှန်ပြတင်းပေါက်မှာ လျှပ်စီးကြောင်းကြီးက လာပြီး အရိပ်ပြက်ခနဲ ထင်သွားသည်။ ထို့ကြောင့် ဂျမ်းတောမ ထိတ်လန့်တကြား အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

မခင်မမ စိတ်ထဲမှာ …

‘ အင်း ကိုမြတ်သူ ဖုန်းဆက်တော့ သူ ည၈နာရီလောက် ပြန်ရောက်မယ် ပြောထားတာပါ။ အခု ကိုးနာရီခွဲပြီးလို့ ဆယ်နာရီတောင် ထိုးတော့မယ်။ ခုထိ မရောက်သေးပါလား။ ဖုန်းဆက်တော့လဲ စက်ပိတ်ထားပါသည်တဲ့။ ဘာတွေများ ဖြစ်နေပါလိမ့်နော် ‘ ဟု တွေးတော ပူပန်နေရှာသည်။

စောင့်မျှော်ရသူအဖို့က စက္ကန့်ပိုင်း မိနစ်ပိုင်းလေးမျှပင် ကြာတောင့်ကြာရှည်နိုင်လွန်းလှသည်။

အိမ်ရှိတံခါးများကို မိုးပက်မည်စိုး၍ အကုန်ပိတ်ထားသော်လည်း၊မိုးစက်တွေက တချက် တချက် ဆောင့်တိုက်လာသော လေပြင်းနဲ့အတူ ဆုပ်ကြဲပက်လိုက်သည့်အလားပင်။မိုးရေနှင့် မှန်ပြတင်း ၊ မိုးရေနှင့် ခေါင်မိုးသွပ်ပြား ထိတွေ့ရိုက်ခတ်သံတွေက တဗြောင်းဗြောင်း တဖေါင်းဖေါင်း မြည်ဟီးလျက်ရှိသည်။

တိုင်ကပ်နာရီက စက္ကန့်တံက တရွေ့ရွေ့ လည်ပတ်ရင်း သူတာဝန်ကို မှန်မှန်ကြီး ထမ်းဆောင်နေသည်။ ဧည့်ခန်းက ဆိုဖါဆက်တီပေါ်၌ သားငယ်ထူးခန့်ပင် မခင်မမရဲ့ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်ပျော်သွားပြီဖြစ်သည်။

ညဥ့်နက်လာသည်နှင့်အမျှ မခင်မမလည်း ကျောမှီပေါ် လှဲချရင်း ငိုက်မြည်းလာသည်။ တချက် တချက် မေ့ခနဲ အိပ်ပျော်လုလု ဖြစ်နေရှာသည်။

မအိပ်ပျော်နိုင်သူက ဂျမ်းတော။ ဂျမ်းတောရဲ့ စိတ်တွေက ကြောက်ရွံစိတ်တွေ ကြီးစိုးနေလေတော့ ဘယ်လိုမှ အိပ်မပျော်ချေ။

ဆယ့်တစ်နာရီ ထိုးလုလုမှာတော့ အိမ်အပြင်ဘက် ခြံတံခါး၌ ချိတ်ဆွဲထားသော လူခေါ် ခေါင်းလောင်းသံနှင့်အတူ …

” ခင်မရေ … ခင်မ ၊ မောင်ပြန်ရောက်ပြီ ၊ ခြံတံခါး လာဖွင့်ပေးပါအုံး ”

ပုပြပ်ဝပ်နေမိသော ဂျမ်းတော ချက်ချင်း ခေါင်းထောင်သွားသည်။ ဂျမ်းတောက မခင်ခင်မကို လှုပ်နှိုးလိုက်ပြီး …

” ဟော မမ ၊ ဦးလေးအသံကြားတယ်။ အိမ်ပြန်ရောက်ပြီနဲ့တူတယ်။ ကျမ တံခါးသွားဖွင့်ပေးလိုက်မယ်နော် … ”

မှေးခနဲ အိပ်ပျော်သွားရာက ဂျမ်းတောမ လှုပ်နှိုးမှုကြောင့် ဆတ်ခနဲ နှိုးလာတဲ့ မခင်မမသည် သူမ ပေါင်ပေါ်က သားငယ်ရဲ့ ဦးခေါင်းကို ဆိုဖါပေါ် အသာအယာ ချပေးလိုက်ပြီး၊

” အေး … အေး သွားဖွင့်ပေးလိုက် ဂျမ်းတော၊ ညီးဦးလေး မိုးတွေ မိလာပြီနေမှာ၊ ငါလဲ မောင့်အတွက် အဝတ်တွေ သွားယူထားလိုက်မယ် ”

ဂျမ်းတောက ခြံဝန်းတံခါးသော့နှင့် ထီးကို ယူ၍ ပြေးဆင်းသွားသည်။

မကြာမီ ကိုမြတ်သူသည် မိုးရေများ တကိုယ်လုံး ရွှဲစိုလျက် အိမ်ထဲသို့ ဝင်လာသည်။ ကိုမြတ်သူနောက်က ဂျမ်းတောက ကိုမြတ်သူရဲ့ ခရီးဆောင်အိတ်ကို မနိုင့်တနိုင် သယ်မလာ၏။

မခင်မမက အဝတ်တချို့နှင့် တဘက်ကို ယူလာပြီး ၊ ‘နောက်ကျလိုက်တာ မောင်ရယ်’ဟု ခပ်ညီးညီးလေး ဆိုလိုက်၏။

ကိုမြတ်သူက ဘာမှမပြောဘဲ၊ သူလွယ်ထားသော ယောက်ကျားလွယ် သားရေအိတ်ကို မခင်မမထံ လှမ်းပေးသည်။

ထိုအခါမှ မခင်မမသည် ကိုမြတ်သူ၏ ညာ ဘက်လက်မှာ လက်မကလွဲပြီး ကျန်လက်လေးချောင်းနေရာမှာ တုံးတိကြီး ပတ်တီးစည်းနှောင်ထားသည်ကို တွေ့လိုက်ရလေသည်။ မခင်မမ ထိတ်ထိတ်ပြာပြာနှင့် …

” ဟင်! မောင့်လက်က ဘာဖြစ်တာလဲ ၊ ပတ်တီးတွေ စည်းထားပါလား ”

” မစိုးရိမ်ရပါဘူး၊ ကားတံခါးနဲ့ ညပ်မိတာ ၊ ဘာမှ မဖြစ်ဘူး ၊ ပြီးတော့မှ မောင် အကုန်ပြောပြမယ် ခင်မ ”

ကိုမြတ်သူက မခင်မမ ပေးသော အဝတ်ခြောက်တို့ကို အမြန်လဲလှယ်ဝတ်ဆင်လိုက်ပြီး …

” ခဏနော် ခင်မ၊ မောင် အရေးတကြီး လုပ်စရာလေးရှိသေးလို့ ”

ထိုသို့ ပြောကာ၊ ကိုမြတ်သူတယောက် သုတ်သုတ်ပြာပြာနှင့် ထပ်ခိုးက စတိုခန်းရှိရာသို့ တက်သွားလေ၏။

မခင်မမမှာ ဘာကိုမှ နားမလည်နိုင်ဘဲ၊ ကိုမြတ်သူ တက်သွားရာ ထပ်ခိုးအပေါ်ထပ်သို့ ငေးကြည့် ကျန်ခဲ့လေ၏။

စတို တံခါးဖွင့်သံ ၊ မီးခလုတ်ဖွင့်သံများ ဆက်တိုက်ကြားလိုက်ရပြီးတခဏ၌၊ကိုမြတ်သူ၏ ဒေါသဖြင့် တောက်ခေါက်လိုက်သည့်အသံ ထွက်ပေါ်လာသည်။

တခဏအကြာ ကိုမြတ်သူသည် ရှုးရှုးရှားရှားနှင့် ဒေါသတကြီး ဧည့်ခန်းသို့ ပြန်ရောက်လာ၏။

ဆင်းလာသည့် ကိုမြတ်သူ လက်တဖက်ထဲတွင် ထိုင်းကော်ပတ်ရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်ကို တွေ့ရသည်။

ဒေါသထွက်နေသော ကိုမြတ်သူက သူ့ဇနီး မခင်မမမျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။

” ခင်မ … မင်း အပေါ်ထပ် စတိုခန်းကို ငါခရီးထွက်နေတုန်း ဝင်သေးတယ်မို့လား ”

အနီးနားတွင် ဂျမ်းတောလဲ ရှိနေရာ၊ ကိုမြတ်သူ၏ ဒေါသမေးခွန်းကြောင့် ဇက်ကလေး ပုဝင်သွားရှာသည်။ သူမလည်း စတိုခန်းထဲကို တကြိမ် ဝင်ခဲ့မိသည်မဟုတ်လား။အခွင့်မရှိဘဲ ဝင်ခဲ့မိ၍ အပြစ်မကင်းသလို ခံစားနေရဟန်တူသည်။

မခင်မမက လေသံ ခပ်အေးအေးနဲ့ ပြန်ဖြေလိုက်သည်။

” ဟုတ်တယ်၊ မောင် ခရီးသွားနေတုန်း တညက အဲ့ဒီအခန်းထဲကနေ မိန်းမတယောက် ငိုငြီးသံကြားရလို့ ခင်မက သူစိမ်းတယောက် အိမ်ထဲ ရောက်နေလားဆိုပြီး ၊ ဝင်ခဲ့မိတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ မောင် ”

ကိုမြတ်သူ အံဩဟန်တူ၏။ မိန်းမ ငိုငြီးသံဟု သူ့ဇနီးက ဆိုသည်မဟုတ်လား။

” ဘာ! မိန်း … မိန်းမ ငိုငြီးသံ ဟုတ်လား ၊ အဲ့ဒါနဲ့ မင်း ဘာဆက်လုပ်လိုက်သေးလဲ ”

” ခင်မ အခန်းထဲမှာ ဘယ်သူမှ မတွေ့ဘူး မောင်။ ဒါနဲ့ ပြန်ထွက်မယ်အလုပ်မှာ ခင်မ ခြေရင်းမှာ အခု မောင်ကိုင်ထားတဲ့ ကော်ပတ်ရုပ်ကလေးကို တွေ့တာနဲ့ ကိုင်ကြည့်မိတယ် ”

ဟူးခနဲ ကိုမြတ်သူ လေပူများ မှုတ်ထုတ်လိုက်သည်။ သူ ကိုင်ထားသော ကော်ပတ်ရုပ်ကို မခင်မမ မြင်သာအောင် မြှောက်ပြရင်း …

” မင်းတွေ့တုန်းက အရုပ်က ဒီအတိုင်းပဲလား ”

တင်းမာပြတ်သားလှသော ကိုမြတ်သူ၏ စိမ်းဆတ်ဆတ် လေသံကြောင့် မခင်မမ၏ မျက်နှာမှာ ဝမ်းနည်းရိပ်သမ်းသွားရှာသည်။ တလက်စတည်း မခင်မမက မကျေမနပ်နှင့် ဆိုလိုက်၏။

” မောင် ဘာဖြစ်နေတာလဲ၊ ခင်မကို ဘာလို့ မင်းတလုံး ငါတလုံးနဲ့ ဒေါသ ထွက်နေရတာလဲ …၊ ခင်မ ဘာများ အမှားလုပ်ထားမိလို့လဲ၊မောင်ပိုင်တဲ့ ဒီအိမ်ရဲ့ အခန်းတခန်းကို မောင့်မိန်းမ ခင်မ ဝင်ခဲ့မိတာ အဲ့သလောက် အပြစ်ကြီးနေလို့လား။ ပြီးတော့ မောင်ကရော ခင်မ မသိအောင် ဘာတွေများ ဖုံးကွယ်ထားလဲ”

ထိုအခါမှ ကိုမြတ်သူလည်း ဆိုဖါ ဆက်တီပေါ် သူ့ခန္ဓာကိုယ်ကို ပစ်ခွေ ထိုင်ချလိုက်ပြီး လေသံကို ထိမ်းကာ…

” Sorry ကွာ၊ မောင် တောင်းပန်ပါတယ် ။မောင် သိချင်တာက ခင်မ ဟောဒီအရုပ်ရဲ့ ကွေးနေတဲ့ ခြေလက်တွေကို ဆွဲဆန့်ပစ်ခဲ့တယ်မဟုတ်လား ”

မခင်မမက ဝမ်းနည်းနေသော သူမစိတ်ကို အားတင်းရန်အတွက် အသက်ကို ဝအောင် ရှုသွင်းလိုက်ပြီး … ။

” ဟုတ်တယ် မောင် ၊ အဲ့ဒီအရုပ်ကို ဆွဲဆန့်ပေးတုန်းက အရိုးကျိုးသံလိုလို အသံတွေတောင် ူးထူးခြားခြား ကြားခဲ့ရသေးတယ်။ ပြီးတော့ ထိုင်းစကားနဲ့ (ခပ် ခူ မက် )လို့ ပီပီသသကြီး ကြားလိုက်ရသေးတယ်။အဲ့ဒါ မြန်မာလိုအဓိပ္ပါယ်ဆိုရင် (အများကြီး ကျေးဇူးတင်ပါတယ် )လို့ ပြောလိုက်တာမဟုတ်လား မောင်”

ကိုမြတ်သူက မြဝတီမြို့နှင့် ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်ဖက်ကို မကြာခဏ ခရီးသွားနေသူဆိုတော့၊ ထိုင်းစကား အနည်းအကျဥ်း ပြောနိုင်ဆိုနိုင်ပြီး နားလည်သူ ဖြစ်သည်။ ခပ်ခူမက် ဆိုတာ မခင်မမ ပြောသလို အရမ်း ကျေးဇူးတင်ပါတယ်ဆိုသည့်မြန်မာစကားနဲ့ အဓိပ္ပါယ်တူ၏။

ကိုမြတ်သူက မခင်မမစကားတွေထဲက တစုံတခုကို ကျေနပ်သွားဟန်တူ၏။ လေသံ ခပ်ပျော့ပျော့ဖြစ်ကာ …

” ဟုတ်တယ် … အရုပ်ကို ခင်မက ခြေလက်တွေ ပြန်တည့်ပေးလိုက်လို့ သူက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာပဲ ခင်မ ”

” ဟင်! ဒါဆို အရုပ်က အသက်ရှိတာလား မောင် ”

မခင်မမ၏ မေးခွန်းကြောင့် …

ကိုမြတ်သူတယောက် ထပ်ခါ ထပ်ခါသာ သက်ပြင်းမောကို ချနေမိတော့သည်။ နောက်ပြီး သူ လျှို့ဝှက်ထားသော ကိစ္စရပ်မှာ ပေါ်လွင်နေပြီမို့ ဆက်၍ မဖုံးကွယ်တော့ဘဲ ၊ အမှန်ကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်၏။

” အရုပ်ကတော့ သက်ရှိ မဟုတ်ဘူးပေါ့ ခင်မရယ်။ ဒါပေမဲ့ အဲ့ဒီအရုပ်မှာ မကောင်းတဲ့ လောကီပညာနဲ့ ဝိဉာဥ်တခုကို ထည့်သွင်း ချုပ်နှောင်ထားတယ်လို့ မောင်လဲ အခု တခေါက် သွားတဲ့ ခရီးရောက်မှ သိခဲ့ရတယ် ”

” ရှင်! အံမယ်လေး ကြောက်စရာ ကောင်းလှပါလား မောင်။ ဘာဖြစ်လို့ မောင်က အဲ့ဒီအရုပ်ကို အိမ်အထိများ ယူလာရတာလဲ ။ အခု ဒီအရုပ်ကို ဘယ်လို လုပ်ကြမလဲ မောင် ။ သူက ခင်မတို့ မိသားစုကို အန္တရာယ်များ ပေးလာခဲ့ရင် …. အို တွေးတောင် မတွေးရဲဘူး မောင်ရယ် ”

ထိုအခါ ကိုမြတ်သူက အရုပ်ကို သူ ဝယ်ယူသည့် ကွန်တိန်နာဘောက်တခုထဲမှ ရခဲ့ကြောင်း ရှင်းပြသည်။

” မောင် ဝယ်တဲ့ ဘောက်ထဲမှာ အဲ့ဒီအရုပ် ပါလာတာ အစက မောင်လဲ တကယ်မသိဘူး။ဒီဘက် ကမ်းရောက်မှ ဘောက်ကို ဖွင့်ပြီး အထဲက ကားပစ္စည်းတွေ ထုတ်တော့ အဲ့ဒီအရုပ်ကလေးက မောင့်ရှေ့တည့်တည့် ထွက်ကျလာတာ။
အရုပ်ကို မောင် စတွေ့တော့ လိုချင်စိတ် မဖြစ်မိဘူး။ ဒါနဲ့ တနေရာမှာ တင်ထားလိုက်တယ်။ ထူးဆန်းတာက အဲ့ဒီညဘက် မောင် အိပ်ပျော်တော့ အရုပ်က သူ့ကို မောင်နဲ့အတူ ခေါ်သွားပေးပါလို့ အိပ်မက် လာပေးတယ်။
အခု သူရှိနေတဲ့ နေရာနဲ့ ဝေးရာကို မောင်ကသာ ခေါ်သွားပေးရင်၊ မောင့်စီးပွားရေးတွေ ဒါ့ထက်ပိုကောင်းအောင် သူ ကူညီပေးမယ်တဲ့။ ပထမတော့ မောင်လဲ ငါ စိတ်စွဲလို့ အိပ်မက်မက်တာနေမှာပါလို့ ထင်မိတယ်။ ဒါကြောင့် အရုပ်ကို သွားမယူဖြစ်ဘူး။ အိပ်မက်က တရက်တည်း မက်တာမဟုတ်ဘူးနော် နောက်ရက်တွေလဲ အဲ့ဒီလိုပဲ ဆက်မက်တယ်။ မောင်က မယုံတော့ အရုပ်ကို လုံးဝ မယူဘူး။
ဒါပေမဲ့ အဲ့ဒီ အရုပ်ကို ယူဖြစ်ဖို့ အကြောင်းက ဖန်လာခဲ့တယ် ခင်မရေ။ အဲ့ဒါက ထိုင်းဘက်ကမ်း လှေဆိပ်က မောင်နဲ့ ခင်နေတဲ့ ဆိပ်ကမ်းစောင့် ထိုင်းအဖိုးကြီးတဦးနဲ့ တွေ့ပြီး၊ မောင်က အရုပ်အကြောင်းရယ်၊ အိပ်မက်အကြောင်းရယ်ကို ပြောပြလိုက်မိတယ်။

အဲ့ဒီမှာ ထိုင်းအဖိုးကြီးက …

‘ ဒီမှာ မောင်ရင် မင်းနဲ့ ထိုက်လို့ မင်းရတာကို ဘာလို့ မယူချင်ရတာလဲ၊ ဒါမျိုးက ရှားသကွဲ့။ တို့ထိုင်းရိုးရာနတ်တွေက အများကြီး၊ တချို့နတ်ကြီးတွေဆို အဘတောင် မသိဘူး။သူတို့က လူတွေရဲ့ စီးပွားလာဘ်လာဘ ကောင်းအောင် ဆောင်မ ပေးနိုင်တယ်။ ယူသာသွား။ မင်း အတွက် ဘာမှ အကျိုးမယုတ်ဘူး။ နောင် မင်း မလိုချင်တော့ လွှင့်ပစ်လိုက်ပေါ့ ‘ တဲ့။

အဲ့သလို မောင့်ကို ယူသွားဖို့ တိုက်တွန်းတယ်။ဒါနဲ့ မောင်လဲ အိပ်မက်က ဆက်တိုက်မက်၊ ထိုင်းအဖိုးကြီးကလဲ အရုပ်က လူကို ဘာဥပါဒ်မှ မပေးပါဘူးဆိုတော့ နတ်ရုပ်တုထင်ပြီး ယူလာခဲ့မိတယ် ”

မခင်မမက …

” သူက တကယ်ပဲ အကျိုးပေးတာလား မောင် ”

” အင်း သူ အကျိုးပေးပုံက တမျိုး ဆန်းတယ် ။ မောင် မြဝတီကို ပစ္စည်းဝယ် သွားတော့မယ်ဆို သူက အိပ်မက် လာပေးလေ့ရှိတယ် ခင်မ ”

မခင်မမ အလွန်စိတ်ဝင်စားသွားသည်။ ထို့ကြောင့် သိလိုစိတ်နဲ့ မေးလိုက်၏။

” ဘယ်လိုတွေ … အိပ်မက်ပေးတာလဲ မောင် ”

” အဲ့ဒီတခေါက်မှာ မောင်ဝယ်ရမယ့်ပစ္စည်းကို သူက ရွေးပေးတယ် ။ ဒီတခေါက် ဘယ်ကားပစ္စည်း ဝယ်ရင် အမြတ်များများ ကျန်မယ်။ ဘယ်ပစ္စည်းတော့ မဝယ်နဲ့။ အဲ့ဒါက ဒီတခေါက် အရောင်းထိုင်းလိမ့်မယ်။ အဲ့သလိုတွေ အိပ်မက်ပေးတာ ”

” သူ့ အိပ်မက်ကရော မှန်လားဟင် ”

” မှန်တာပေါ့ ။ သူ ပြောတဲ့အတိုင်း ကွက်တိပဲ ခင်မရေ။ သူ ဝယ်ခိုင်းတဲ့ ပစ္စည်းအမျိုးအစားသာ ဝယ်။ အဲ့ဒီအခေါက် အချီကြီး မြတ်တာပဲ ”

” ဟင် ဒီလောက်မှန်ပြီး မောင့်ကို အကျိုးပြုနေတာတောင် မောင်က ဘာပြုလို့ အရုပ်ရဲ့ ခြေလက်တွေကို ကွေးကောက်သွားအောင် လုပ်ထားရတာလဲ ”

” လောဘပေါ့ ။ အခေါက်တိုင်း မြတ်လေ မြတ်လေ မောင့်လောဘက အတောမသတ်နိုင်အောင် ကြီးလာလေ ဖြစ်လာတယ်။
တခေါက်မှာ မောင်က သူဝယ်ခိုင်းတဲ့ပစ္စည်း ဟိုဘက်ကမ်းမှာ ဝယ်လို့ မရတာနဲ့။ သူ မဝယ်ခိုင်းတဲ့ ပစ္စည်းကို မောင့်စိတ်နဲ့ မောင် ဆုံးဖြတ်ပြီး ဝယ်လာခဲ့လိုက်တယ်။မောင့်စိတ်ထဲမှာလဲ လက်ဗလာ ပြန်ရင် စရိတ်ရှုံးမှာပဲလို့ ခပ်တိမ်တိမ်တွေးလိုက်မိတာလဲ ပါတာပေါ့။
ပြီးတော့လဲ မောင် မသွားခင်က အခုမောင် ဝယ်လိုက်တဲ့ပစ္စည်းက အရမ်း အဝယ်လိုက်တယ်လေ။ မောင်လဲ စီးပွားရေး လုပ်လာတာ ကြာပြီဆိုတော့ ငါ မမှားလောက်ပါဘူးဆိုတဲ့ မာနလေးနဲ့ ဝယ်ချလိုက်တယ်။ ဝယ်တာမှ ပါလာသမျှ ငွေ အကုန်ပဲ ။
အဲ့ဒီမှာ မောင့်ပစ္စည်းတွေ ဒီကို ရောက်တော့ အဝယ် လုံးဝမရှိဘူး ဖြစ်ကုန်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အရောင်းအဝယ် တအားဖြစ်တဲ့ ပစ္စည်း။ ဈေးကွက်ထဲမှာ အဟော့ဆုံးပစ္စည်းက၊ တရုတ်ဖက် ဈေးပေါပေါနဲ့ အောက်လိုင်းကနေ လိမ့်ဝင်လာတော့ ချက်ချင်း ဈေးကွက်ပျက်သွားတယ်။ မောင့်ပစ္စည်းတွေ တခုမှ ရောင်းမထွက်တော့ဘူး။
မောင် အဲ့ဒီမှာ စိတ်ဓာတ်ကျသွားတယ်။ အရင်းအနှီးက အဲ့ဒီထဲ မြုပ်သွားပြီလေ။ မောင့်မှာ သုံးဖို့စွဲဖို့လောက်ပဲ ငွေရှိတော့တာ။ ရင်းနီီးစရာ ငွေ မကျန်တော့ဘူး။
အဲ့ဒီမှာ မောင်လဲ ကြံရာမရတဲ့အဆုံး၊ အရုပ်ကို သွားပြီး အကြပ်ကိုင်တယ်။ ငါ့ ကုန်ပစ္စည်းတွေ ရောင်းထွက်အောင် လုပ်ပေး၊ မလုပ်ပေးရင် နင့်ကို တစစီ ဆွဲဖြဲပစ်မယ်။ မီးရှို့ပစ်မယ်လို့ သွားကြိမ်းတယ်။
အဲ့ဒီညမှာ အရုပ်က မောင့်ကို အိပ်မက်ပေးတယ်။ငါ လုပ်မပေးနိုင်ဘူးတဲ့။ အဲ့ဒီလောက်လဲ မစွမ်းဘူးတဲ့။ဒါမှ မကျေနပ်ရင် ကြိုက်သလိုလုပ်တဲ့။ ငါ့ကို နာကျင်အောင်လုပ်ရင် နင်လဲ ငါ့လို ထပ်တူ ခံစားရလိမ့်မယ်ဆိုတာ မမေ့နဲ့တဲ့။ အဲ့သလို ပြောပြီး ပျောက်သွားတယ်။
မောင်လဲ အဲ့ဒီအချိန်က ငါ့ကုန်ပစ္စည်းတွေ မရောင်းရရင် ငါတော့ စီးပွားပျက်ပါပြီး ဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ သူ့ခြေလက်တွေကို ကွေးကောက် ချိုးပစ်ရုံမကဘူး၊ လက်တဖက်ကိုလဲ ဖန်မီးအိမ် လက်ကိုင်ကိုင်းနဲ့ အတင်းဖိထားပစ်ခဲ့လိုက်တယ်။
နောက်နေ့ကျတော့ မောင့်သူငယ်ချင်း ထွန်းရွှေက ၊ ငါ့ကို မင်းက နယ်စပ်က ပစ္စည်းတွေ ဝယ်ပေးရောင်းပေးပါ သူငယ်ချင်း၊ အကျိုးအမြတ်ကို တဝက်စီခွဲယူကြမယ်ဆိုပြီး၊ မဲဆောက်ကို ခေါ်သွားခဲ့တယ်။

ထွန်းရွှေက ဘာအလုပ်မှ မရှိဘူး။ ဒါပေမဲ့ သူက အမွေရထားတော့ ငွေထုပ်ရှိတယ်။မောင်တို့ လုပ်ငန်းကို သူက ဘာမှ နားမလည်ဘူး။အဲ့ဒီတော့ သူက ငွေစိုက်၊ မောင်က လုပ်ငန်းလုပ်ပေါ့။ မောင် လုပ်ငန်းကျွမ်းကျင်တာ သူက သိတယ်လေ။ဒါနဲ့ မောင်လဲ ထွန်းရွှေနဲ့အတူ ခရီးထွက်ခဲ့ကြတယ်။

အဲ့ဒီမှာ ပြသနာက စတာပဲ ခင်မရေ။ ဒီမှာကြည့် … ”

ကိုမြတ်သူက သူ့လက်က ပတ်တီးကို ဖြည်ပြလိုက်သည်။

” ဟင်! မောင် … မောင် !
မောင့်မှာ လက်မကလွဲပြီး ကျန်တဲ့ လက်ချောင်း ၄ချောင်းလုံး မရှိတော့ဘူး ”

” ဟုတ်တယ် … မောင်က သူ့လက်တွေ ခြေတွေ ချိုးပစ်ခဲ့တော့ ၊မောင်တို့ အသွားခရီးမှာတင် ကားအက်ဆီးဒင့်ဖြစ်တယ်။ဖြစ်တဲ့ နေရာမှာတင် မောင့်လက်ချောင်း လေးချောင်း ပြတ်ပြီး ကြေမွသွားခဲ့တယ်။ ထွန်းရွှေကတော့ ပွန်းရုံပဲ့ရုံလောက်ပဲ ဒဏ်ရာ ရခဲ့တယ်။
ဒါကြောင့် မောင်လဲ အနာသက်သာတဲ့အထိ ဆေးရုံတက်နေရတော့ ဒီတခေါက်ကြာသင့်တာထက် ပိုကြာသွားတာ ”

မခင်မမက ဝမ်းနည်းစွာဖြင့်

” ဖြစ်ဖြစ်ချင်း ဖုန်းဆက်ရောပေါ့ မောင်ရယ်။ ခင်မ လိုက်လာခဲ့မှာပေါ့”

ကိုမြတ်သူက ပြုံးပြလိုက်ပြီး

” မောင် တမင် မဆက်တာ ။ ထွန်းရွှေက ဖုန်းဆက်ပြောမယ်လုပ်တော့၊ မောင်ပဲ မဆက်ပါနဲလို့ တားခဲ့တာပါ ”

“ဒါဆို အဲ့ဒီ မျက်နှာပြောင်ကြီးနဲ့ အရုပ်က မောင့်ကို တမင်အပြစ်ပေးလက်စားချေတာပေါ့နော် ”

ကိုမြတ်သူက မချိတင်ကဲ ပြုံးလိုက်ပြီး …

” မောင်က သူ့ကို အရင် စပြီး နာကျင်အောင် လုပ်ခဲ့မိတာကိုး။ မောင် ခုလိုဖြစ်တာ သူ လုပ်တာလဲ ဖြစ်ချင် ဖြစ်မှာပေါ့ ။ တကယ်ဆို သူက မောင့်ကို ခြေနှစ်ဖက်၊လက်နှစ်ဖက် ပြတ်သွားအောင်တောင် လုပ်သင့်တာမဟုတ်လား”

” အို … မောင်ရယ် ၊ မပြောကောင်း မဆိုကောင်းကွယ် ”

” မောင့်အထင်တော့ ခင်မက သူ့ခြေလက်တွေ သေသေချာချာ ပြန်တည့်ပေးလိုက်တော့ ၊ သူက ခင်မကို ကျေးဇူးတင်ပါတယ် ပြောသွားတယ်မဟုတ်လား။ ဒါကြောင့် ခင်မ မျက်နှာနဲ့ မောင့်ကို လက်ချောင်းလေးတွေပဲ ပြတ်အောင် လျော့ပေါ့ ဒဏ်ခတ်ခဲ့တာလားမှ မသိတာ ”

ကိုမြတ်သူ ပြောတာက လက်ခံချင်စရာ။ ကျိုးကြောင်းဆီလျော်သည်။ မခင်မမလည်း ထိုသို့ တွေးတောမိသွားသည်။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်မိသည်။

ကိုမြတ်သူက ဆက်ပြောသည်။

” ဆေးရုံတက်နေတုန်းမှာ မောင် ထိုင်းလူမျိုးတယောက်နဲ့ ခင်မင်ခဲ့တယ်။ မောင်က အဲ့ဒီ ထိုင်းအရုပ်အကြောင်းနဲ့ အခု မောင်ဖြစ်ပျက်နေတာတွေကို ပြောပြတော့ သူ မျက်လုံး ပြူးသွားတယ်။သူက အဲ့ဒီအရုပ်အကြောင်းကို သိတယ်။အဲ့ဒီလို အရုပ်မျိုးက သူတို့ တောင်ပိုင်းနယ်က လုပ်လေ့လုပ်ထရှိတာတဲ့။ သူက မောင့်ကို အရုပ်အကြောင်း ဂဃနဏ ရှင်းပြတယ်။
တကယ်တော့ အဲ့ဒီအရုပ်က နတ်ရုပ်တုမဟုတ်ဘူးတဲ့။ လောကီပညာ ကျွမ်းကျင်တဲ့ အောက်လမ်းဆရာတွေက အပြစ်မဲ့တဲ့ ဝိဉာဥ်တွေကို ဖမ်းခေါ်ပြီး၊ အရုပ်တွေထဲမှာ အဲ့ဒီဝိဉာဥ်တွေကို ပိတ်လှောင်ထားတတ်ကြတယ်တဲ့။ ဝိဉာဥ်ကို အကျဥ်းချပြီး သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတာဆိုပဲ ခင်မရဲ့။
တကယ်တော့ သူတို့က ‘အကျဥ်းစံ ဝိဉာဥ်’တွေပါတဲ့။ အဲ့သလို အကျဥ်းချခံရတဲ့ အရုပ်မှန်သမျှမှာ မျက်နှာပေါ် ဘာဆေးမှ ခြယ်သမထားဘူးတဲ့။

ဝိဉာဥ်တွေဟာ နှစ်သက် အကျဥ်းခံရတာ များလေလေ သူတို့အစွမ်းက ကြီးလေပဲတဲ့။
တကယ်လို့ အဲ့ဒီဝိဉာဥ်ကို အကျဥ်းချထားခံရတာကနေ လွတ်မြောက်စေချင်ရင် ၊ သူ့မျက်နှာပေါ်မှာ လိုအပ်နေတဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင် ခြယ်သပေးရမယ်တဲ့။

ဒါဆိုရင် ဝိဉာဥ်က လူတွေလို မျက်စိပွင့် နားပွင့်ပြီး လွတ်မြောက်ခွင့် ရလိမ့်မယ်တဲ့။

တကယ်လို့ အဲ့ဒီအကျဥ်းစံဝိဉာဥ်အပေါ်မှာ အပြစ်တခုခု လုပ်ထားခဲ့ရင်တော့ အရုပ်ကို အဝတ်သစ်တွေ လဲပေး၊ အမွှေးနံ့သာတွေ ပက်ဖျန်းပေးပြီး ၊ သူနေထိုင်ဖို့ သစ်သားကွန်းခိုဆောင်လေးတခုမှာ အရုပ်ကို တသီးတသန့် ထားပေးရမယ်တဲ့။
အဲ့ဒီတော့မှ သူလဲ ကျေနပ်ပြီး၊ ကြည်ဖြူခွင့်လွှတ်လိမ့်မယ်တဲ့။ ဒါကြောင့် မောင်လဲ အိမ်ကို ပြန်ရောက်ရောက်ချင်း အဲ့ဒီအရုပ်ကို တက်ကြည့်တာပဲပေါ့။

မောင် အိမ်ပြန်ရောက်တော့ ဒေါသဖြစ်တယ်ဆိုတာက ခင်မတို့ မသိနားမလည်ဘဲ အရုပ်ကို တခုခု လုပ်မိပြီး မောင့်လို အပြစ်ခံကြရမှာစိုးလို့ပါ။
အခုတော့ အရုပ်က ခင်မတို့ကို ကျေးဇူးတင်ပါတယ်တောင် ပြောသွားခဲ့တယ်ဆိုတော့ မောင် စိတ်မပူတော့ပါဘူးကွယ် … ”

အားလုံး ရှင်းသွားပြီဆိုတော့ မခင်မမ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူမ စိတ်ထဲ အခုမှ ဘဝင်ကျသွားလေတော့သည်။

မခင်မမသည် ကိုမြတ်သူ လက်ထဲက အရုပ်ကို ယူလိုက်သည်။ ကိုမြတ်သူကလည်း မခင်မမ လက်ထဲ အလိုက်သင့် ထည့်ပေးလိုက်သည်။

မခင်မမသည် ငယ်စဥ်က ပန်းချီ ဆု ရဖူးသူတယောက်ဆိုတာ ကိုမြတ်သူ မသိဘဲ နေပါ့မလား။

_____________

တောအုပ်လေးတခုရဲ့ အစပ်၊ အပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်း ရှိသော နေရာတခုကို ကိုမြတ်သူနဲ့ မခင်မမတို့ လင်မယား အတူ ရောက်နေကြသည်။

သူတို့လင်မယားသည် အသစ်စက်စက် တိုင်စိုက်သစ်သားနတ်ကွန်းလေးကို ကြည့်၍ ကြည်နူးစွာ ပြုံးနေကြသည်။

နတ်ကွန်းထဲတွင် အမွှေးရည်နံ့သာများပက်ဖျန်းထားသော အလွန်လှပသော ထိုင်းမင်းသမီးအရုပ်လေး ရှိသည်။ အရုပ်တွင် ရွှေချည်ထိုး ဝတ်စုံအသစ် ဆင်မြန်းပေးထားကြသည်။

ဆေးဖြင့် ရေးခြယ်ထားသော အရုပ်၏ မျက်နှာသည် မြင်ရသူတိုင်းအတွက် ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည်။

ယခုအခါ အရုပ်ကလေး၏ လက်နှစ်ဖက်မှာ လက်အုပ်ချီထားဟန် အနေအထားရှိပြီး၊ တင့်တယ်လှပနေပါသည်။

ကိုမြတ်သူသည် နတ်ကွန်းရှေ့က ကလပ်မှာ အမွှေးတိုင်များ မီးညှိထွန်းကာ ပူဇော်လိုက်သည်။

သစ်တောအုပ်လေးဆီသို့ နံ့သာဖြူ အမွှေးတိုင်ရနံ့က သင်းပျံ့ကြိုင်လှိုင်သွားသည်။

ကိုမြတ်သူ ပါးစပ်က …

” တမြေခြားက ဝိဉာဥ်မိန်းကလေးရေ … ကျွန်တော် မှားခဲ့သမျှ အပြစ်တွေအတွက် ကျေနပ်ပေးပါလို့ အနူးအညွတ်တောင်းပန်ပါတယ်နော်။
သင်လဲ ကောင်းမွန်ရာ ဘုံဘဝကို အမြန်ဆုံး ကူးပြောင်း ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ မိသားစု ဒီကနေ့ သင့်အား ရည်းစူးပြီး လှုဒါန်းတဲ့ ဝါဆိုသင်္ကန်းနဲ့ နေ့ဆွမ်းအလှုကိုပါ သင့်အတွက် ကုသိုလ်အမျှ ပေးဝေပါတယ်။ ရလွယ် ရောက်လွယ်နိုင်ပါစေ မိန်းကလေးရေ”

လင်မယားနှစ်ယောက် ပြိုင်တူပဲ ကုသိုလ်အမျှ ပေးဝေ လိုက်ကြသည်။

” ကုသိုလ် … အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်သော် ”

” သာဓု သာဓု သာဓု ”

ပြုဖွယ်ကိစ္စဟူသမျှကို သူတို့လင်မယား လုပ်ဆောင်ပြီးနောက်မှာ၊ ကားပေါ်တက်၍ ထွက်ခွါသွားကြသည်။

ကိုမြတ်သူ ထွန်းညှိခဲ့သော အမွှေးတိုင်မှ ရနံ့မီးခိုးတို့သည် ကောင်းကင်ထက်ဆီသို့ …

တလူလူနဲ့ လွင့်ပျံပြေးတက် မွှေးပျံ့နေကြလေတော့သည်။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊
၂၁၊၇၊၂၀၂၃
လေးစားစွာဖြင့်
#Credit……..
sth.