အကျဥ်းသားနဲ့ လူစားကျား(စ/ဆုံး)
————————-
လက်မောင်းလုံး ခြေသလုံးခန့်ရှိ ပျဉ်းကတိုးထင်းများထည့်ထားသည့် မီးဖိုက တဖျစ်ဖျစ်၊ တဖျပ်ဖျပ် အသံမြည်ကာ မီးတောက်ထလျက်ရှိသည်။ ထိုမီးတောက်၏အလင်းရောင်က ပေ(၂၀)မျှသို့ ကောင်းစွာမြင်ရသဖြင့် တစ်ကြောင်းထိုး ကားလမ်း သဲဖြူဖြူများကို ဖြတ်၍ တစ်ဖက်တောစပ်သို့ မြင်ရလျက်ရှိ၏။ ကျောမှီထားရာ ကားလမ်းစပ် တောင်ခါးပန်းရံက အမြင့် (၁၀)ပေမျှ ရှိပြီး၊ ဘူဒိုဇာကလမ်းကို အမိအရ ထိုးထားသဖြင့် ဂလိုင်သဖွယ်ဖြစ်၍နေသဖြင့် အပေါ်မှ မြေသားက အမိုးကဲ့သို့ သုံးပေမျှ ထိုးထွက်နေလေရာ ထိုဂလိုင်မှာ ယာယီအားဖြင့် ကျောလုံသလိုလိုတော့ရှိ၏။ သို့သော် မျက်နှာမူရာနှင့် ဝဲယာ နှစ်ဖက်ကမူ အချိန်မရွေးပြေးဝင်ကိုက်ဆွဲနိုင်သော အနေအထားက ရှိသည်မို့ သတိကို မလွတ်အား၊ သေနတ်ကို လက်က မချအား၊ အိပ်မငိုက်အားဘဲ ထိုင်လျက် အသင့်အနေအထား နေနေရပြန်သည်။ အချိန်မရွေး ပေါ်လာနိုင်သော လူကို တိုက်ဆွဲနိုင်သော ဟင်းမျိုး (ကျားကြီး)၏ ရန်ကြောင့် ဆောင်းကာလညအခါတွင် အအေးဓာတ်ကို မခံစားနိုင်ဘဲ ချွေးများပင် ပြန်လျက်ရှိရ၏။ လူကိုကိုက်ဆွဲ၍ အသက်ကို ဖြတ်ချွေနိုင်သည့် (ဟင်းမျိုး)ကျားကြီးမှာလည်း ရိုးရိုးကျားမဟုတ် လူသားကိုစားဖူးသော လူသား၏ အရသာသိနေသောကျားကြီး၊ ထို့ကြောင့် ကျွန်ပ်ကိုယ်တိုင် အကြောက်တရားကို မကြောက်ဟု ဟန်လုပ်နေရသော်လည်း တကယ်တွင်မှု ကြောက်စိတ်ကရှိနေပြန်သည်။ သို့သော် လက်ထဲရှိ တောင့်တင်းပြောင်းထူးအားကိုးလောက်သူ ဆိုနိုင်သော SAVAGE SPRINGFILED ဆဲပေ့ချ် စပရင်းဖီးလ်နှစ်လုံးပြူးအတွင်း
မှာ ထည့်သွင်းထားသော ကျည်မ BALL တစ်တောင့်နှင့် လုံးခဲ (SG) တစ်တောင့်ထိုးနှင့် လျှင်မြန်ဖြတ်လတ်မှု၊ လက်ဦးမှုကို ရယူနိုင်ပါက ထိုအန္တရာယ် ကောင်ကို ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်ရပေသည်။
သို့သော် ကိုယ့်အသက်နှင့် ဟင်းကောင်အသက် လဲလှယ်ရမည်မှာ သူ့ဘက် ကိုယ့်ဘက် (၅၀)ရာခိုင်နှုန်း သာ ရှိပေမည်။
နဂိုက မိမိကိုယ်မိမိ သတ္တိရှိသည်။ တောကျွမ်းသည်။ အမဲပစ်လက်နက် ကိုင်တွယ်ထားသည် ဆိုသည့် အသိရှိသည်ထင်ရငြား၊ နဖူးတွေ့၊ ဒူးတွေ့ လူသားစားကျားနှင့် ဆုံရမည်ဆိုတော့ တုန်လှုပ်မိသည်ကတော့ အမှန်။
ဒီကြားထဲ ကျွန်ုပ် အဖော်ပြုနေရသူက ကျွန်ုပ်ထက် အသက်အရွယ်ကြီးပေမင့် ကရင်လူမျိုးတစ်ဦးဖြစ်ပေမင့်၊ အားကိုးရလောက်သည့် တောမှ လမ်းပြမဟုတ်။ အင်မတန် လူရည်လည် နုဖတ်၍ ဂေါက်သီးရိုက်ကျွမ်းကျင်သော မြို့မှနုနုထွတ်ထွတ် ဦးလှမောင်။ သို့သော် တောပစ်ဝါသနာပါ၍ သေနတ်ပစ်တော့ ကျွမ်းကျင်သည်။ သူ့ထံတွင် ဂျာမနီလုပ် နှစ်လုံးပြူးတစ်လက်နှင့် ပြောင်းရင်းတွင် ကိုးလုံးကျည် (S.G) နှစ်တောင့် ထည့်သွင်းထား၏။ သူလည်း ကျွန္ုပ်ကဲ့သို့ တောင်ခါးပန်းရံကို ကျောမှီထားကာ ကျွန်ုပ်၏ လက်ဝဲဘက် တစ်လံမျှအကွာတွင် နေရာယူထားပြီး မီးဖိုမှ အလင်းရောင်ရောက်ရာဆီသို့ ဟိုဟိုသည်သည် ကြည့်လျက်ရှိလေသည်။
“ဦးလှမောင် ဟင်းကောင်ပေါ်လာရင် လက်မနှေးစေနဲ့နော်၊ ရမ်းလည်း မပစ်နဲ့၊ ဟင်းကောင်မှန်း သေချာမှပစ် ပြီးတော့ ခင်ဗျားရဲ့ ဘယ်ဘက်ကိုသတိထား အရှေ့နဲ့ ညာဘက်ကို ကျွန်တော်တာဝန်ယူမယ်”
ကျွန်ုပ်က တိုးတိုးလေသံနှင့် ပြောဆိုသတိပေးရ၏။
“ဟိုလူတွေ ခုထိ မရောက်သေးဘူး၊ ဒါလောက်ကြာတာ ဘာလုပ်နေသလဲ မသိပါဘူးဗျာ၊ ရောက်သင့်နေပြီ”
သူက ဆိုလာ၏။
“လောလောဆယ် သူတို့ ကို အားကိုးလို့မရဘူး ဦးလှမောင်၊ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ။ ခင်ဗျား ဟိုဟာစဉ်းစား၊ ဒီဟာစဉ်းစား လုပ်မနေနဲ့။ ပကတိအနေအထားနဲ့ ကျုပ်တို့ နှစ်ယောက် အသက်ပါမသွားအောင် စောင့်ရှောက်ရတော့မှာပဲ”
ကျွန်ုပ်က သတိပေးရင်း မီးဖိုထဲသို့ ထင်းထပ် ထည့်လိုက်ရာ ခဏအကြာ အလင်းရောင်က ပိုမိုတောက်ပလာလေ၏။ အချိန်မှာ လမိုက်ရက် ည ၁ နာရီခန့်၊ ကောင်းကင်ကို မော့ကြည့်တော့ကြီးမားရှည်လျားသည့် သစ်ပင်ကြီးများကြားမှ ကြယ်အနည်းငယ်ကိုသာ မြင်ရ၏။ သစ်တောကြီးများကို ဖြတ်၍ ရေနက်ကြီးစခန်းနှင့် သုံးတန်ကူးစခန်းကို
တစ်ကြောင်းထိုး ဒိုဇာလမ်းကလေးကိုသာ ခပ်ရေးရေးမြင်နေရ လေသည်။
“ဝုန်း၊ ဝေါင် ဂရား။”
**********
”ကလင် ကလင် ကလင် ကလင် ကလင်”
၁၉၈၀-၈၁ တစ်ခုေသာ သောကြာနေ့ နံနက် ၉:၃ဝ ခန့် ကျွန်ုပ် ရုံးရောက်၍ အလုပ်စားပွဲတွင် ထိုင်လိုက် သည်ဆိုလျှင်ပင် တယ်လီဖုန်းလာသောကြောင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက်
“ဟလို၊ ကျော်စိုးဗိုပါ”
“အေး… K.S.Bလား၊ မနက်ဖြန် စနေ နေ့ဝက်ရုံးဆင်းရင် အိမ်ကစောင့်၊ သေနတ်၊ ယမ်းထောင့် ပါပစေ၊ ခရီးထွက်ကြမယ်”
အသံမှာ ထိုစဉ်က ရေနံထွက်
ပစ္စည်း ဖြန့်ဖြူးရောင်းချရေး P.P.S.C မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်
ခင် (အတိုကောက်အခေါ် K.K)၏ အသံဖြစ်နေသဖြင့် ကျွန်ုပ်က –
“ဘယ်ကို သွားကြမှာလဲ၊ ဘယ်သူတွေပါမလဲ”
အပတ်စဉ် တောပစ်သွားနေကျမို့ ခရီးစဉ်နှင့် လူအင်အားကို မေးလိုက်ရာ
“ကိုယ်၊ လှမောင် (ဦးလှမောင်) အန်ကယ်လ်ဂျင်မီ (မြန်မာ့ရေနံ မန်နေဂျာ) TTသန်းတင် (ဦးသန်းတင် လက်ထောက်စာရင်းစစ်ချုပ် မြန်မာ့ရေနံ) ဗိုလ်တုတ် (ဦးတုတ်လှိုင် အင်ဂျင်နီယာ မြန်မာ့ရေနံ) O.P အုန်းဖေ(ဗိုလ်ကြီးအုန်းဖေ၊ စာရင်းစစ်ချုပ် မြန်မာ့
ရေနံ)နဲ့ မောင်ရင် Mr. တိုနီတို့ပေါ့။ ခရီး ကတော့ အကျဉ်းဦးစီးဌာနကဖောက်နေ
တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းက ဖောင်ကြီး၊ မင်းကုန်းစခန်းကို”
“ဟုတ်လား၊ ဘာတွေများ ထူးတာ ရှိလို့တုန်း”
“ဗိုလ်မှူးသာဒိုး (ညွှန်ကြားရေးမှူး၊ ရန်ကုန်မန္တလေး အမြန်လမ်းဖောက်လုပ်ရေး)နဲ့ ဗိုလ်ကြီးထွန်းလွင် (ဒုတိယ
ညွှန်ကြားရေးမှူး အမြန်လမ်းဖောက်လုပ် ရေး)တို့ ဒီဇယ်၊ ဓာတ်ဆီကိစ္စနဲ့ ရုံးကို လာသွားကြတယ်။ သူတို့ဖောက်နေတဲ့ လမ်းပေါ်က ရေနက်ကြီးစခန်းမှာ ကျား သောင်းကျန်းနေလို့တဲ့၊ ကိုယ်တို့ မုဆိုးကျော်တွေကို လာနှိမ်နင်းဖို့ အကူအညီ တောင်းတာ။ ဟဲ ဟဲ မုဆိုးကျော်
တွေမို့လား”
K K ကခပ်ရွှင်ရွှင် တယ်လီဖုန်းထဲမှ ပြောနေ၏။
“ဟုတ်လား ဒီလိုတော့လည်း လုပ်ရတာပေါ့လေ၊ ကိုယ်တို့ကို ဒါလောက် အားကိုးနေမှတော့”
ကျွန်ုပ်ကလည်း ခပ်ပျော်ပျော်သာ ပြန်ပြောမိ၏။ ထိုစဉ်က ကျွန်ုပ်မှာ အသက် (၃၀)ပင် မပြည့်သေးသော် လည်း တရားရုံးချုပ်ရှေ့နေတစ်ဦး ဖြစ်၍နေပြီ။ သို့သော် ဝါသနာတူ တောပစ် ပါတနာများမှာ လူကြီးများသာဖြစ်ကြ၏။ ထိုစဉ်က ကျွန်ုပ်မှာ တရားဝင်လိုင်စင်ဖြင့် ကိုင်ဆောင်ထားသော သေနတ်သုံးလက် လည်းရှိလေရာ မိတ်ဆွေလူကြီးများက ကျွန်ုပ်အား အားကိုးကြ၏။ တောပစ်ခရီးကိုလည်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တိုင်းလိုလို သွားကြ၏၊ မအားမလပ်၍ အဝေးသို့ မသွားနိုင်သည့်တိုင် သင်္ဃန်းကျွန်းလမ်း (အမှတ်-၂ အဝေးပြေး ၊ လမ်း)မှ ကားနှင့်ထွက်ကြကာ ရွာသာကြီး၊ လေးထောင့်ကန်၊ ရှမ်းတဲကြီးဘက်သို့ ငှက်ပစ် ချိုးပစ် ထွက်တတ်ပေသည်။
၁၉၇၈ ခုနှစ်တွင် ထိုစဥ္က နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို လူအင်အား (Man Power) ဖြင့် စတင် ဖောက် လုပ်လေရာ အကျဉ်းဦးစီးဌာနမှ အကျဉ် းသားများ၏ လုပ်အားကိုလည်း အလကားမထားဘဲ အသုံးချခဲ့သဖြင့် အင်ဂျင် နီယာများဖြစ်သော ဗိုလ်မှူးသာဒိုး၊ ဗိုလ်ကြီးထွန်းလွင်တို့မှာ ထိုလမ်းကို တာဝန်ယူခဲ့ရလေ၏။ သူတို့၏ ဖောက် လုပ်မှုကိုလည်း ထိုစဉ်က ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီး ကိုယ်တိုင် မကြာမကြာ လာရောက် လမ်းညွှန်မှုများ ပြုခဲ့ ပေသည်။
ထိုစဉ်က လှည်းကူး-ဖောင်ကြီး လမ်းမှ လှေလှော်အင်းဘက်သို့ ဖဲ့ဆင်းကာ လှေလှော်အင်းမှ မင်းကုန်း မင်းကုန်းမှ ရေနက်ကြီးစခန်း ရေနက်ကြီးမှ သုံးတန်ကူးစခန်း သုံးတန်ကူးမှ ပဲခူးမြစ်နှုတ်ခမ်းရှိ မအူပင်ဆိပ်သို့ လမ်းအူကြောင်းရှာ ဖောက်လုပ်ဆဲဖြစ်၏။ ရိက္ခာနှင့် လူအင်အားsupply အတွက်ကိုမူ ဒိုဇာတစ်ကြောင်း လမ်းထိုး၍ ပို့ပေး ပေသည်။ ထိုစခန်းများသို့ ဗိုလ်မှူးသာဒိုး ဗိုလ်ကြီးထွန်းလှိုင်တို့၏ ကျေးဇူးကြောင့်
ကျွန်ုပ်တို့ ခုလိုဝါသနာရှင်အဖွဲ့ မကြာ မကြာ တောပစ်ရောက်ကြပြီး သားကောင်အတော်များများကို ပစ်ဖူး နေကြ၏။ ယခုမူ ကျားပစ်ရန် ပြောလာေသာအခါ ကျွန်ုပ်မှာ မငြင်းမိ။
“ဒါနဲ့ (KK)ကေကေရေ ဗိုလ်ကြီးထွန်းလွင်တပည့် ဟိုလူ ကျော်သန်းလေ … ရခိုင်ဘက်မှာ ဆင်ခိုးပစ်လို့ ထောင်ကျလာတဲ့လူ၊ မုဆိုးကျော်သန်းရှိတယ်
မို့လား။ အဲဒီလူကို မခိုင်းဘူးလား” (ထိုလူမှာ အပြန်လမ်းဖောက်လုပ်ဆဲမှာပင် ကျားကိုက်၍သေဆုံး)
ကျွန်ုပ်က အတွင်းသိမို့ မေးကြည့်မိ၏။
“အဲဒီလူက ခုမှ ထောင်ကျနေ ရဲဘက်ကနေ လွတ်လို့ ဝန်ထမ်းပြန်ခန့်ကာစဆိုတော့ လက်နက်နဲ့ မလွှတ်ချင်တဲ့ သဘောနဲ့တူတယ်၊ ကိုယ်တို့ကိုပဲ ယုံယုံကြည်ကြည်အကူအညီတောင်းတာ။ အသေးစိတ်ကိုတော့ သူတို့ မင်းကုန်းစခန်းရောက်မှ သိမယ်ထင်တယ်၊ မနက်ဖြန် ရုံးဆင်းပြီး နေ့လယ် တစ်နာရီလောက်သာ အိမ်ကစောင့်၊ ကိုယ်လာခေါ်မယ်”
“ဘယ်ကားနဲ့ သွားမှာလဲ”
“ကိုယ့် T 2000 ပစ်ကပ်ကားနဲ့ သွားကြမယ်”
(ထိုစဉ်က စနေနေ့၊ နေ့ဝက် ရုံး တက်ရသည်။)
“OK စောင့်နေမယ် 1p.m နော်”
“OK Sharp “ဟုဆိုကာ ဖုန်းချ သွားလေ၏။
*********
“ဘယ်လိုလဲ မုဆိုးကျော်တွေ ဒီကျားကို ပစ်လို့ရပါ့မလား”
မေးလိုက်သူက ဗိုလ်မှူးသာဒိုး။
စနေနေ့ညနေ ၅ နာရီခန့် မင်းကုန်းအကျဥ္းဦးစီးဌာန အရာရှိရိပ်သာတွင်ဖြစ်ပြီး လူမှာအတော်စုံလေ၏။ ထိုစဥ္က မင်းကုန်းစခန်းမှာ အမြန်လမ်းဖောက်လုပ်ရေး၏ ဌာနချုပ်စခန်းလည်း ဖြစ်ပေ၏။ ဗိုလ်မှူးသာဒိုးနှင့် ဗိုလ်ကြီးထွန်းလွင်က ဦးဆောင်၍ ထောင်ဆရာဝန် ဒေါက်တာ
ဆာကား လက်ထောက်ဆရာဝန် ဒေါက်တာမောင်မောင်အောင်ကျော်
ထောင်ပိုင်ကလေး ဦးညီစိန်၊ ထောင်မှူးကြီးကိုအောင်ဆန်း၊ ထောင်မှူးကိုချစ် မောင် (ကျွန်ုပ်တို့အခေါ် ကျွန်တော်ချစ် မောင်)၊ ထောင်မှူးကိုဉာဏ်ကြီးနှင့် ကျွန်ုပ်အမည်များ မမှတ်မိသော အရာရှိ အချို့လည်း ပါသေး၏။
ကျွန်ုပ်တို့ ရန်ကုန်ဧည့်သည်များ အနေဖြင့် အန်ကယ်လ်ဂျင်မီ၊ ဗိုလ်ကြီး အုန်းဖေ၊ ဦးတုတ်လှိုင်၊ ဦးသန်းတင်(TT) ဦးကျော်ခင် (K.K)၊ ကျွန်ုပ်၊ ဦးလှမောင်၊ Mr. တိုနီတို့ဖြစ်ကြပြီး စုစုပေါင်း ရှစ်
ယောက်ဖြစ်သဖြင့် အရာရှိ ရိပ်သာတွင် လူအတော်စုံလေ၏။ ဧည့်ခံသည့်စားစရာ များမှာ ယုန်၊ ပွေး၊ တောကြက်၊ ဝက်၊ အသားများကို အမျိုးမျိုး ချက်ပြုတ်ကြော်၊လှော်ကာ ဝီစကီဖြင့် ဖြစ်လေသည်။ စားရင်းသောက်ရင်း၊ ဗိုလ်မှူးသာဒိုးမှ မေးလာခြင်းဖြစ်၏။ ထိုအခါ ကျွန်ုပ်တို့ အထဲတွင် တောပစ်ဝါသနာ အရင့်ဆုံး၊ အသက်အကြီးဆုံးဖြစ်သူ အန်ကယ်လ် ဂျင်မီက –
အန်ကယ်လ်ဂျင်မီ ။ ။ ဒီကျားကဘယ် လို သောင်းကျန်းနေတာလဲ ပြောပါဦး
ဗိုလ်မှူးရ။
ဒိုး။ ။ ဒီလို အန်ကယ်ကြီးရ ရေနက်ကြီးစခန်းမှာ နေ့ခင်းဘက် လမ်းအူကြောင်းရှင်း၊ တောသစ်ပင်တွေ လှဲ ငုတ်တွေ ထုတ်ရတယ်။ အဲဒီမှာ ရဲဘက်တွေက အလုပ်လုပ်ရင်း တောထဲဝင်ပြီး တပိုတပါးသွားရင်း ထု်ပါတယ်။ ရဲဘက်နှစ်ယောက်ပျောက်သွားတယ်။
ကျွနု်ပ်။ ။ ရဲဘက်တွေကို စောင့်တဲ့ လုံထိန်းရဲတွေရှိတယ်မလား။
ဒိုး။ ။ ရှိတော့ရှိတယ် ဒါပေမယ့် အင်အားနည်းတယ်။ အဲဒီနေ့လည်က လမ်းအရှေ့ဘက် တောထဲမှာ ကျားဟိန်းသံလည်းကြားရတယ်တဲ့။ ဒါပေမယ့် အလုပ်ပဲ ဆက်လုပ်နေကြတယ်။
ညနေ အလုပ်သိမ်း လူစစ်တော့ နှစ်ယောက် ပျောက်နေတယ်။ သူတို့ ထင်
တော့ ရဲဘက်နှစ်ယောက် ထွက်ပြေး တယ်ပေါ့။ နောက်နေ့နံနက် ထောင်ကြပ် တွေ၊ လုံထိန်းရဲတွေနဲ့ လိုက်ရှာတော့
ကျားကိုက်ထားတဲ့ ဒဏ်ရာနဲ့ အလောင်း တစ်လောင်းတွေ့တယ်၊ အလောင်းအနီး မှာလဲ စွပ်ကြောင်းကြီး တွေ့လို့ လူအုပ်နဲ့ လိုက်ရှာကြတော့ ခြုံတွေမှာ ငြိနေတဲ့ ရဲဘက်ယူနီဖောင်း အဖြူအစတွေကို တွေ့ရတယ်၊ သွေးကွက်တွေလည်း တွေ့ တယ် ဒါပေမဲ့ အလောင်းတော့ မတွေ့
တော့ဘူး၊ ဒါကြောင့် ကျားဆွဲတယ် ဆိုတာ သိရတာ။
ဗိုလ်ကြီးထွန်းလွင် ။ ။ ဒါတင် မက သေးဘူး၊ ရေနက်ကြီးစခန်းနားမှာလည်း ညဘက် ကျား လာ,လာဟိန်းတယ်၊၊ ခြံစည်းရိုးကိုပတ်ပြီးလည်း လာဟိန်းတယ်။ ဒါကြောင့် ရဲဘက်တွေနဲ့ ဝါးခုတ် ကျားလန်စည်းရိုး လုပ်ထားရတယ်။ နောက်ထပ်ဖြစ်တာကိုတော့ ကိုအောင်ဆန်းက ပြောပြလိုက်ပါ။
ထောင်မှူးကြီး အောင်ဆန်း။ ။ အဲဒီနောက်ပိုင်း စခန်းက ရဲဘက် ငှက်ဖျားနဲ့သေလို့ လမ်းအရှေ့ဘက်တောထဲမှာ မြှုပ်ဖို့သွားတာ ကျားကအတင်းဝင်လာလို့ အလောင်းထားပြီးပြေးခဲ့ကြရတယ်။ ကျားသံတိတ်သွားတော့ လူအင်အားများများနဲ့ အလောင်းမြှုပ်ဖို့သွားကြည့်တာ အလောင်းမရှိတော့ဘူး။ ကျားဆွဲသွားပြီ။ အခုလည်း စခန်းနားမှာ လာလာဟိန်းတယ်။ ဒါကြောင့် ညဘက်ဆိုရင် စခန်းက လုံထိန်းရဲတွေတောင် သေနတ်အဆင်သင့်နဲ့ ကင်းစောင့်ကြရတယ်။
ကျွန်ုပ် ။ ။ ရဲတွေနဲ့ ခြေရာကောက် မလိုက်ဘူးလား။
ဆန်း။ ။ ဟာ .. ဆရာကလည်း ဘယ်လိုက်ရဲပါ့မလဲ။ အလုပ်လည်း ပျက်မှာစိုးတော့ နေ့ခင်းအလုပ်လုပ်ချိန်မှာတောင် လုံထိန်းအင်အား ထပ်တိုးပြီး ရဲဘက်တွေကို စောင့်ပေးနေရတယ်။
ဒိုး။ ။ အဲဒါပါပဲ ဆရာတို့ ဘယ်လိုနှိမ်နင်းမယ်ဆိုတာသော တိုင်ပင် ပါ၊ လိုမယ်ထင်တာကိုတော့ ဦးညီစိန်က ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။
ကျွန်ုပ် ။ ။ ဒါနဲ့ ကျားကိုက်လို့ ပြန်ရတဲ့ အလောင်းကို စစ်ဆေးကြည့်သေးလား။ ကျွန်ုပ်က ဒေါက်တာဆာကားဘက်သို့ လှည့်ကာမေးရ၏။
ဒေါက်တာဆာကား ။ ။ ဟုတ်ကဲ့ စစ်ရပါတယ်၊ ဖောင်ကြီးရဲစခန်းကလည်း
သေမှုသေခင်းဖွင့်ထားတော့ Medical Report လိုတယ်မို့လား၊ စစ်ကြည့်တော့ လည်ပင်းမှာ အစွယ်ရာတွေ့တဲ့အပြင် ခန္ဓာကိုယ်မှာလည်း ကျားကုတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်၊ ဒါကြောင့်
အဲဒါတွေကို Cause of death သေရတဲ့ အကြောင်းရင်းကို ရေးပေးခဲ့ရတယ်။ ကျွန်တော့်အမြင်တော့ မျက်နှာချင်းဆိုင်က ခုန်အုပ်ကိုက်ခဲသွားပုံပါပဲ။
ကျွန်ုပ်။ ။ ဟုတ်လိမ့်မယ် ဒေါက်တာ ပထမ လူကို ကျားကကိုက်ပြီးဆွဲတော့ သူက ချောက်လှန့်တာတို့ မောင်းတာတို့ လုပ်လိမ့်မယ်။ အဲဒီမှာ ကျားက ဒေါသထွက်ပြီး ခုန်အုပ်ပြီးကိုက်တာဖြစ်မယ်။ ဒါပေမယ့် ကျားက သူ့ကို ဆွဲမသွားတာက ကျားက သူသတ်မှတ်ထားတဲ့ သားကောင်ကို ရနေရင် ကျန်တဲ့သားကောင်ကို စိတ်မဝင်စားတတ်ဘူး၊
အနှောင့်အယှက်ပေးရင်သာ တိုက်ခိုက်တတ်တာ။
ကျွန်ုပ်မှာ ထိုစဉ်က ငယ်သေးသော်လည်း ကျားနှင့်ပတ်သက်သည့် ဗဟုသုတကို ဗိုလ်တာရာ (ရဲဘော် သုံးကျိပ်)၏ စာအုပ်များတွင်လည်း လည်း ကောင်း၊ အိန္ဒိယစာရေးဆရာကြီး (COLONEL KESRI SINGH ၏ TIGER OF RAJASTHAN) စာအုပ်ကို ဖတ်ထားဖူးသည့်အပြင် ကျွန်ုပ်ကိုယ်တိုင် ကျားသစ်နှစ်ကောင်ကို ပစ်ခတ်
ရရှိခဲ့ဖူးပြီးဖြစ်၍ ဆရာကြီး လုပ်ခါပြောဆိုနေမိခြင်းဖြစ်ပေသည်။ (ကျွန်ုပ် ကျားသစ် ပစ်ခဲ့သည့် အကြောင်းကို ကျွန်ုပ်၏ ဝတ္ထုတိုပေါင်းချုပ် ပထမအုပ်ဖြစ်သော “ကောင်းကင်ပေါ်က မျက်လုံးနှင့်ကိုယ်တွေ့မုဆိုး” စာအုပ်တွင်ရှု )
အန်ကယ် ဂျင်မီ။ ။ ဟုတ်တယ် အဲဒီလို ဖြစ် နိုင်တယ်၊ အခုကော ကျားက စခန်းနားလာလာ နေသလား။
ဆန်း ။ ။ အခုတလောတော့ စခန်းမှာ သိပ်မကပ်ဘူး၊ လွန်ခဲ့တဲ့ ငါးရက်လောက် က စခန်းနားလာဟိန်းလို့ အသံကြားတဲ့ ဘက်ကို ရိုင်ဖယ်နဲ့ သုံးလေးချက် ခြောက် တွင်ပြီး ပစ်ထားတယ်၊ ဒါပေမဲ့ ရေနက်ကြီး ကနေ သုံးတန်ကူးဘက်သွားတဲ့ ကား လမ်းဝဲယာမှာတော့ ဟိန်းဟိန်းနေသံ ကြားရတယ်။
ဗိုလ်ကြီးအုန်းဖေ ။ ။ ဟုတ်လား၊ ဒါဆိုရင် ဒီလိုလုပ်ရင် ကောင်းမယ် ၊
ကျွန်ုပ် ။ ။ ဘယ်လိုလဲ
ဗိုလ်ကြီးအုန်းဖေ ။ ။ ညဘက် ကို
ရေနက်ကြီးနဲ့ သုံးတန်ကူးကြားကို ကားနဲ့ မီးထိုးပြီး ရှာမယ် တွေ့ရင် ကားပေါ်ကပစ်၊ ကားနဲ့ဆိုတော့ မုဆိုးလည်း အန္တရာယ်ကင်းတာပေါ့။
ဦးတုတ်လှိုင် ။ ။ ဟုတ်တယ်၊ ဒီ အကြံကောင်းတယ်။ ဒါဆိုရင် ပစ်မယ့်မုဆိုးရွေး။ KK ကျော်ခင် လိုက်ရင် ကိုယ့်နှစ်လုံးပြူး ယူသွား။ ခင်ဗျား ပွိုင့်တူးတူးနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အမိန့်တော်ရကြီးနဲ့ အန်ကယ်လ်ဂျင်မီကတော့ မပါမဖြစ် လူတွေပဲ။
ဦးတုတ်လှိုင်မှာ ကျွန်ုပ်နှင့် စတင် သိကျွမ်းကတည်းက ကျွန်ုပ်အား အမိန့်တော်ရကြီးဟု ခေါ်လေ့ရှိ၏။ ကျွန်ုပ်တို့တွင် လက်နက်အင်အားမှာ ကျွန်ုပ်၏
SAVAGE နှစ်လုံးပြူးတစ်လက်၊ အန်ကယ်လ်ဂျင်မီက သူ၏ ဒသမ ၃၇၅
ဟော်လန်နှင့် ဟော်လန် ရိုင်ဖယ်ကြီး တစ်လက်၊ ဗိုလ်တုတ်က သူ၏ ဂျာမန် လုပ် နှစ်လုံးပြူး တစ်လက် ဦးကျော်ခင် က သူ၏ CESKA ပွိုင့်တူးတူးအော်တို မစ်တစ် ရိုင်ဖယ်တစ်လက် Mr တိုနီက ပွိုင့်တူးတူးတစ်လက် ပေါင်း ငါးလက် ဖြစ်၏။ သို့သော် ကျားကိုပစ်ရန်မှာ ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်နှင့် အနီးကပ်ပစ်ရန် နှစ်လုံးပြူး၊ နှစ်လက်ကသာ ကျားနှင့်သင့်တော်ပေသည်။ ထို့ကြောင့် အဓိက ကျားပစ်မည့်မုဆိုးသုံးယောက်မှာ ကျွနုပ် အန်ကယ်လ်ဂျင်မီနှင့် ဦးကျော်ခင်တို့ဖြစ်သည်။ ကားနှင့်လိုက်မည့်သူများမှာ ကျွန်ုပ်တို့သုံးယောက်အပြင် ဦးလှမောင်နှင့် ဗိုလ်ကြီးအုန်းဖေတို့ ဖြစ်လေ သည်။ ကျန်သည့် ဦးတုတ်လှိုင်၊ ဦးသန့် တင်၊ Mr. တိုနီတို့မှာ အရာရှိရိပ်သာတွင်ပင် အိပ်၍ စောင့်ကျန်ရစ်မည်ဟု သတ်မှတ်ခါ စားဝိုင်းကို ပျော်ရွှင်စွာဆက်၍ ည ရှစ်နာရီခန့်တွင် သိမ်းခဲ့၏။ သိမ်း ပြီးလျှင်ပြီးချင်း ဗိုလ်မှူးသာဒိုးနှင့် ဗိုလ်ကြီးထွန်းလွင်တို့မှာ ရန်ကုန်သို့ ပြန်ကြလေသည်။ နောက်တစ်နေ့ တနင်္ဂနွေ နေ့ပင် ဖြစ်စေကာမူ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး (ထိုစဉ်က ဗိုလ်မှူးချုပ် စိန်လွင်)ထံ လမ်းအခြေအနေကို သတင်းပို့ကြရမည် ဖြစ်သောကြောင့် ပြန်ကြခြင်းဖြစ်၏။ မပြန်မီ ကျွန်ုပ်တို့ အဖွဲ့ စားရေးနေရေးကို ဦးညီစိန်နှင့် အရာရှိများအား မှာကြားစီစဉ်ပေးခဲ့လေသည်။ ဦးညီစိန်နှင့် အဖွဲ့ ကလည်း ကျွန်ုပ်တို့အား လိုလေသေးမရှိ ပြုစု ခဲ့သည်မှာ ယနေ့တိုင် အမှတ်ရ ကျေးဇူးတင်လျက်ရှိရပါသည်။
*********
ည ကိုးနာရီခန့်တွင် မင်းကုန်းစခန်းမှ TE 11 တီအီးအလဲဗင်းကားကြီးနှင့် စတင်ထွက်ခဲ့ကြရာ ကားခေါင်းခန်းတွင် ဗိုလ်ကြီးအုန်းဖေနှင့် ဒရိုင်ဘာကထိုင်၍ နောက်ဘက်ပစ်ကပ်ပေါ်တွင် ကျွန်ုပ်က နှစ်လုံးပြူး၊ ဦးကျော်ခင်က နှစ်လုံးပြူး အန်ကယ်လ်ဂျင်မီက ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်တို့ကိုင်၍ လိုက်လာကြပြီး ဦးလှမောင်က ဆလိုက်ဖြင့် မီးရှာ၏။
ကိုအောင်ဆန်း၊ ကိုချစ်မောင် ကိုဉာဏ်ကြီးတို့ လည်းပါပြီး ကိုဉာဏ်ကြီးက Mr တိုနီ၏ ပွိုင့်တူးတူးကို ကိုင်၍ ထားသည်။ မင်းကုန်းစခန်းမှ ထွက်ပြီး လေးမိုင်မျှဝေးရာ ရေနက်ကြီးစခန်းကို ရောက်သော်လည်း မဝင်တော့ဘဲ ကျားသောင်းကျန်းနေရာ ရေနက်ကြီး သုံးတန်ကူး တောလမ်းအတိုင်း ဆက်၍ မောင်းခဲ့ကြ၏။ ဇန်နဝါရီလ ညအခါဖြစ်၍ နှင်းထုက အတော်ကျနေသည်။ ထိုစဥ္က ထိုတောမှာအမြဲစိမ်းတောကြီးမျိုးဖြစ်၍ ကညင်ပင်ကြီးများ ပျဥ္းကတိုး ယမနေ ဘင်္ဂ္ဂ သံသတ်စသည့် အပင်ကြီးများအပြင် ကြိမ် စလူ ဓနုံး ဆူးရစ် စသည့်အောက်ပိုင်းရှုပ်သည့် အပင်များလည်းရှိလေရာ ကျားခိုအောင်းကောင်းသည့် တောကြီးပင်။
သို့သော် အားကောင်းသည့် HELOGEN ၁၂ ဗို့ ဆလိုက်မီးက ခြုံကြားကွက်သာ
သစ်ကျင်းေတာများဆီသို့ မီးပေါက်လျက်ရှိ၏။
တစ်နေရာတွင် မီးပြသူ ဦးလှမောင်က ကားကိုရပ်စေပြီးနောက်
ကျွန်ုပ်က
ကားလမ်း၊ အရှေ့ဘက်အားမီးပြပေးရာ ချေဖိုတစ်ကောင်မှာ ကိုက် (၃၀)ခန့်အကွာတွင်မီးကို စိုက်ကြည့်နေသည်ကို တွေ့ရသဖြင့် ကျွန်ုပ်က
“K.K ပစ်၊ ပစ်”ဟု လေသံဖြင့် ပြောလိုက်ရာ စကားအဆုံးတွင်-
“ဒိုင်း”
သေနတ်သံ မြည်ဟီးသွားပြီးနောက် ချေမှာ နေရာတွင်ပင် လဲသွားလေရာ ကိုဉာဏ်ကြီးနှင့် ကိုချစ်မောင်က ဆင်း၍ကောက်ခါ ကားပေါ်သို့ တင်လာခဲ့၏။
ဤအခါမှ ပြဿနာက စခဲ့၏။ ကားမောင်းပြီးလေးမိုင်ခန့်အရောက်တွင် ကားလမ်းက တောင်ကြောပေါ်သို့ တက်ရ၏။ ေကြာထိပ်ရောက်သောအခါ တစ်ဘက်တောင်ကြောနှင့် ဆက်မိရန်အတွက် ကုန်းနှီးသဖွယ်ရှိနေသော အဆက်ခလေးက နိမ့်နေပြီ။ တစ်ဖက်ကမတ်လေရာ အတော်အတင့်ပြေစေရန် ဒိုဇာနှင့်မြေဖို့ထား၏။ သို့သော် မြေသားမှာမသေဘဲ အပေါ်ယံသာတင်းနေသည်ကို မသိ။ ကျွန်ုပ်တို့ကားက ထိုမြေသားသစ်ပေါ်သို့ ဖြတ်၍ အပေါ်သို့ ၃၀• မျှ မောင်းတက်ရ လေရာ မြေမသေမှုကြောင့် ကားမှာ သဲနစ်သွားပြီး လက်ျာဘက်ချောက်ဘက်သို့ ပါသွားရာ နောက်ဘီး (နှစ်ဘီးတွဲ) စာမျှသာ ချောက်ထဲကျရန် ရှိတော့သဖြင့် မီးသမားက ကားဘီးအားမီးထိုးကြည့်ကာ ဒရိုင်ဘာအား လှမ်းအော် ရလေ၏။
“ဟိုး၊ ဟိုး၊ ဟိုး နောက်ဘီး ချောက်ထဲ ကျတော့မယ်။
ဤအခါမှ ကားကိုရပ်ခါ ဒရိုင်ဘာက လမ်းကိုဆင်းကြည့်ပြီး-
“ရတယ်၊ ဆရာတို့ မောင်းတက်မယ်” ဟု ပြောကာ ကားပေါ်ပြန်တက် နံပါတ်ဝမ်း၊ဂီယာထိုးကာ အင်ဂျင်အရှိန်မြှင့်၍ တက်လေ၏။
“ဂီး ဂီး ဝီး ဝီး”
“ဟိုး ဟိုး မရဘူးဟေ့၊ ချောက်ထဲ ကျတော့မယ်”
ဦးလှမောင်က ဆလိုက်ဖြင့် ဘီးကိုထိုးကြည့် ထားရာမှ အော်လိုက်ခါ ကားအောက်သို့ တစ်ဖက်မှ ခုန်ဆင်း လိုက်လေရာ ကျွန်ုပ်လည်း သေနတ် ကိုင်လျက်ဖြင့် ခုန်ဆင်းရ၏။ ထို့အတူ ကားနောက်မှ လူများအားလုံး ခုန်ဆင်းသကဲ့သို့ ရှေ့ခန်းမှ ဒရိုင်ဘာနှင့် ဗိုလ်ကြီး အုန်းဖေတို့လည်း ဆင်းကြရ၏။
ဒရိုင်ဘာက လက်နှိပ်ဓာတ်မီးတစ်လက်ဖြင့် ကားခေါင်းခန်းမှ ဂျမ်းတုံးကိုယူကာ နောက်ဘီးတွင် ခုထား၍သာ ချောက်ထဲသို့ ကားကျမသွားခြင်းဖြစ်၏။ သို့သော် မြေမှာ ခပ်အိအိမို့ စိတ်မချရပေ။
“ကားကတော့ မောင်းလို့ ရတော့မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ကြမလဲ”
ဦးလှမောင်က မေးလေရာ ဗိုလ်ကြီးအုန်းဖေက •••
“ဘယ်လိုလုပ်ရမလဲ ရေနက်ကြီးစခန်းလောက်ပြန်ပြီး ကားတစ်စီးယူပြီးတော့ ရှေ့ကဆွဲတင်မှရလိမ့်မယ်။
ကားမရှိရင်တော့ ပြဿနာပဲ လူနဲ့ တွန်းတင်ဖို့ကလည်း စိတ်မချရဘူး”
ထိုအခါ ထောင်မှူးကြီးကိုအောင်ဆန်းက –
“ရေနက်ကြီးစခန်းမှာ ကားရှိ တယ်၊ ဒါပေမဲ့ လေးမိုင်လောက် ပြန်လျှောက်ရလိမ့်မယ်၊ ဒီကားပေါ်မှာလည်းပစ္စည်းတွေကရှိနေတော့ ဘယ်သူတွေစောင့်ရင်း ကျန်ခဲ့မှာလဲ”
သူ့စကားကြောင့် တိုင်ပင်ကြရာ ကျွန်ုပ်နှင့် ဦးလှမောင် စောင့်ကျန်ခဲ့ရန် စီစဉ်ရလေ၏။ သို့သော် ကားပေါ်တွင် စောင့်၍မဖြစ်။ ကားက အချိန်မရွေး တစ်ဖက်သို့ နိမ့်ဆင်းသွားနိုင်လေရာ စောင့်ရန်နေရာကို ရွေးရ၏။ ထိုအခါ ဤဝတ္ထုအစတွင် ဖော်ပြခဲ့သည့် ကားလမ်းဘေးတောင်ခါးပန်းရံကို ကျောကပ်၊ အရှေ့တွင် ထင်းရှာ မီးဖိုပြီး နှစ်လုံးပြူး နှစ်လက်နှင့် ကျွန်ုပ်၊ ဦးလှမောင်တို့က ကားနှင့် ကိုက် (၅ဝ)ခန့်အကွာတွင် စောင့်ကျန်ခဲ့ရသည်။ ကျန်လူများ အားလုံးမှာ တစ်အုပ်တမကြီးသေနတ် နှစ်လက်ဖြင့် လာလမ်းအတိုင်း ခြေကျင် ပြန်ကာ ကားသွားခေါ်ရလေသည်။
***********
“ဝုန်း၊ ဝုန်း၊ ဂရား”
ဝမ်းခေါင်းသံကြီးဖြင့် ဟိန်းလိုက်သော ကျားဟိန်းသံက ကျွန်ုပ်နှင့်ကိုလှမောင်အား မျက်လုံးပြူးကျယ် ဓာတ်မီး သွားစေပြီး ညအေးအေး၊ နှင်းဖွေးဖွေးတွင် ချွေးပြန်လျက်ရှိခဲ့ရလေသည်။ ချွေးမပြန်ဘဲ ရှိနိုင်ပါမည်လား။ အသံက ကိုက်(၁၀၀)မျှသာ ဝေးသည်ဟု ထင်ရသည့် လမ်းအရှေ့ဘက်တောင်ကြောဆီမှ။
ကိုက်(၁၀၀)ဆိုသည်မှာ ကျားတစ်ကောင်အဖို့ အလွန်အင်မတန် နီးသည့်ခရီး၊ တစ်ညလျှင် (၁၀)မိုင်ဝန်းကျင်မျှ ခရီးသွားနိုင်သော ကျားတစ်ကောင်၏
ခြေလှမ်းခုန်အားနှင့်ဆိုလျှင် တွက်သာကြည့်ကြပေရော။ ဒီလူသားစားကျားက ကျွန်ုပ်တို့ ဖိုထားသည့် မီးရောင်ကို တောင်ကြောပေါ်မှမြင်၍ ဟိန်းလိုက်သည်မှာသံသယဖြစ်စရာပင် မလို။ ထို့ကြောင့် ကျွန်ုပ်က ဦးလှမောင်အား
“ဟင်းကောင်ပေါ်လာရင် လက် မနှေးစေနဲ့နော်၊ သေချာအောင် ပစ်”
ထပ်မံ သတိပေးလိုက်ရပြီး ကျွန်ုပ် ကိုယ်တိုင်မှာလည်း သေနတ်အား ယာပခုံးတွင်ထောက်ခါ ပြောင်းကို လမ်းဘက်သို့ တန်းထားရ၏။ ကျွန်ုပ်တို့တွင် တစ်ခု
တည်းသောအခွင့်အရေးမှာ တောင်နံရံကို မှီထားသောကြောင့် ကျားက နောက်ကျောမှတော့ ခုန်မအုပ်နိုင်။ ကျွန်ုပ်တို့အားကိုက်ဆွဲမည်ဆိုလျှင် ကျားက ကားလမ်း ပေါ်မှသာ လာရမည်။ ထိုသို့လာပါက မီးဖို၏ အလင်းရောင်ကြောင့် သူ့အား မြင်ရပေမည်။ ကျားမှာ အင်မတန်မြန်၍ ကျွန်ုပ်တို့ နှစ်ဦးအနက် တစ်ဦးကို ဆွဲမည် ဆိုလျှင် ကျန်တစ်ဦးက အနီးကပ်ပစ်ခတ်နိုင်ပေသည်။ ကျားတစ်ကောင်မှာ လူနှစ်ဦးကိုတော့ တစ်ပြိုင်တည်း ခုန်အုပ်နိုင်မည်မဟုတ်ပါပေ။
ကျွန်ုပ်က နံဘေးရှိ ထင်းတုံးများကို မီးဖိုထဲသို့ ထပ်မံပစ်ထည့်လိုက်လေရာ မီးဖွားများထလာပြီးနောက် တဖျစ်ဖျစ် မီးတောက်လာပြန်လေ၏။ ထင်းမှာအလုံအလောက် ရှိပါပေ၏။
“ဝေါင်း၊ ဝေါင်း၊ ဂရောင်း”
အသံမှာ ပို၍ နီးလာလေပြီ။ လူသားစားဖူးသည့် ဟင်းကောင်၊ လူကို ကိုက်သတ်ဆွဲယူ၍ စိတ်ကြိုက်စားဖူးသည့် ဟင်းမျိုးကျားအဖို့ လူဆိုသည်ကို ကြောက်ရမှန်း မသိတော့။ အမဲ သားကောင်တစ်ခုနှယ်သာ သဘောထားတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် အတင်းဝင်၊ အတင်းဆွဲတော့ မည်မထင်။ ဤလို အန္တရာယ်များသည့် ကျားသောင်းကျန်းရာအရပ်မှာ ကားက ခုလိုဖြစ်ရသည်မှာ ကျွန်ုပ်တို့ပဲ ကံဆိုးမလား၊ ကျားကပဲ ကံဆိုးလေ များ မလား မသိ။
“ဗျီး ကီး ကီး”
“ဟာ ဒီကောင်” ကျွန်ုပ် နှုတ်မှ ထွက်သွားမိ၏။ အရေးထဲ ငှက်ဆိုး(လင်ကောင်ပိုး)တစ်ကောင်က အစာရှာ
ရင်း ကျွန်ုပ်တို့ မီးဖိုကို တွေ့သွားသည် ထင့်။ ဗွီးခနဲ၊ ကီးခနဲ အော်ကာ ဝဲ၍ သွား၏၊ ဤညဉ့်ငှက်မျိုးက လာဘ် မကောင်းဟု ရှေးလူကြီးများ အယူအဆ ရှိသဖြင့် စိတ်တွင် ထင့်ခနဲ ဖြစ်သွား
ကာ နှုတ်မှ ထွက်သွားမိခြင်းဖြစ်လေသည်။
“ကိုစိုး… ငှက်ဆိုးထိုးတာမကောင်းဘူးဗျ”
“ဦးလှမောင်ရေ ကောင်းတာ မကောင်းတာ တွေးမနေနဲ့။ အကောင် မြင်ရင် ပစ်ဖို့သာ စိတ်ကူး”
ကျွန်ုပ်က အားထည့်ပေးထားရ ၏။ ဤတောပစ်အဖွဲ့တွင် ကျွန်ုပ်မှာ အငယ်ဆုံးဖြစ်စေကာမူ အန်ကယ်လ် ဂျင်မီမှအပ အတွေ့အကြုံအရှိဆုံးဟု ပြောက ရနိုင်မည်ထင်သည်။
ကျား၏အသံကို ထပ်မံမကြားရဘဲ တောမှာ ငြိမ်သက်သွားပြန်သည်။
“စီ၊ စီ၊ စီ၊ စီ”
ပုရစ်ငယ်များ၏ အော်သံသာလျှင် လွှမ်းမိုးနေ၏။ အချိန်မှာ နံနက် နှစ်နာရီ ခန့် ဖြစ်ပေသည်။
“ဝေါင်း”
ဟိန်းသံတစ်ချက်နှင့်အတူ ကျွန်ုပ်တို့ ကျောပြုထားရာ တောင်ကုန်းပေါ် မှ လွှားခနဲ ခုန်ချလိုက်ပြီးနောက် ကား လမ်း၏ အလယ်သို့ ကျလာသည်။
ဟင်းကောင်ကြီးမှာ ကျွန်ုပ်တို့နှင့် ပေ(၂၀)မျှအကွာသို့ မျက်လှည့်ပြလိုက် သလို ရောက်လာပြီးနောက်
“ဝေါင်း” ၊
တစ်ချက်မျှ ဟိန်းလိုက်သည် ခဏတွေ့လိုက်ရသည် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာ •••
ဟထားသည့် ပါးစပ်အတွင်းမှ အစွယ် လေးချောင်းက လူကြီးလက်မ တုတ်တုတ်ခန့် ရှိမည်ဖြစ်ပြီး၊ အဖျားမှာ မူ ခပ်တုံးတုံးဟု ထင်ရသည်။ ပါးစပ်ဖြဲထားသဖြင့် နှာခေါင်းရှုံ့၍ နေလေရာ နှာခေါင်းပေါက်နံဘေးမှ နှုတ်ခမ်းမွေးများက ဘေးသို့ကား၍ နောက်သို့ အနည်းငယ်ယိုင်လျက် ရှိသည်။ ဦးခေါင်းပိုင်းတွင် အဝါအောက်ခံပေါ်မှ အနက်ရောင် အတန့်အတန့်များမှာ ခပ်စိတ်စိတ် ရှိသော်လည်း၊ ကျောဘက်နှင့် နံဘေး ဘက်တွင်မူ ခပ်ကြဲကြဲကန့်လန့်တည်ရှိကြ၏။ ခြေဖဝါး လက်ဖဝါးကြီးများမှာ ကြီးမားတုတ်ခိုင်နေရကား လေးတိုင်စင် စိုက်ထားသကဲ့သို့ရှိရာမှ နောက်သို့ ခန္ဓာကိုယ်က ခပ်ယို့ယို့ရှိပြန်သည်။ သုံးလေးပေမျှရှိမည့် အမြီးတုတ်တုတ် ကမူ ဘယ်ညာ၊ ထက်အောက်ရမ်းကာ အငြိမ်မနေ။ မီးဖို၏ အလင်းရောင်က ခပ်ရဲရဲမို့ ကျား၏ အဝါနှင့်အနက်ကျား က နီကြောင်ကြောင်နှင့် အနက်ကျားဟု ထင်ရသည်။ ဝင်းဝင်းတောက်သည် မျက်လုံးနှင့် ခန္ဓာကိုယ် ခပ်ယို့ယို့အနေ အထားကပင် ရှစ်ပေ၊ ကိုးပေမျှ ရှည် သည်ဟု ထင်ရလေသည်။ ချက်ခြင်းဆိုသလိုပင် သူ၏အမြီးမှာ ငြိမ်၍ မြေနှင့် ကပ်လိုက်လေရာ ကျွန်ုပ်တို့နှစ်ဦးအားခုန်အုပ်တော့မည့် အနေထားက အငြင်းပွားဖွယ်မရှိလေပြီ။
ထိုအချိန်ကလေးမှာ ယခု ပြန် လည် ရေးပြရသည်က ကြာလွန်းလှသည်၊ တကယ့်လက်တွေ့တွင်မူ တဒင်္ဂမြင်ကွင်းသာဖြစ်လေ၏။
“ပစ်၊ ပစ် ကိုလှမောင် ပစ်”
“ဒိုင်း၊ ဒိုင်း”
ကျွန်ုပ်က သတိပေးလျက်ပင် နှစ်လုံးပြူးအား ဟင်းကောင်ကြီးထံ ထိုး ချိန်လိုက်ပြီးနောက် ခလုတ်နှစ်ခုကို တစ်ခုပြီးတစ်ခု ဆွဲလိုက်လေရာ သေနတ် သံနှစ်ချက်က ဆက်တိုက်ဆိုသလို ထွက်သွားခဲ့ပြီးနောက် • • •
“ဒိုင်း”
ဦးလှမောင်ထံမှလည်း သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့၏။
“ဝေါင်း”
နာကျည်းစွာဟိန်းလိုက်သံနှင့်အတူ ဟင်းကောင်ကျားမှာ နောက်သို့ ယိုင်လျက်ပါသွားပြီးနောက် အလိုက်သင့်ပင် ကျွမ်းပစ်လိုက်ခါ အမှောင်အတွင်းဝင်ရောက် ပျောက်ကွယ်သွားလေ၏။
ကျွနု်ပ်မှာ နှစ်လုံးပြူးအား ခါးချိုးကာ ယမ်းတောင့် နှစ်တောင့် ထပ်ထည့်လိုက်ပြီး တစ်နေရာရာမှ ဟင်းကောင်ကြီး ေပါ်လာနိုးဖြင့် စောင့်ကြည့်နေရသဖြင့် ဦးလှမောင် ဘာလုပ်နေသည်ကို သတိမထားအားပေ။
“ဝူး . အု အု ••• ဝုန်း”
“ဝူး အူး • အု”
ကျားဟိန်းသံက တစ်တစ်ဆို့ဆို့ဖြင့် ကိုက် (၁၀၀)ခန့်ဆီမှ ပေါ်လာလေရာ အသံကို နားထောင်ခြင်းအားဖြင့် အတော် အထိနာသွားပုံရပေသည်။ သို့သော် ဤလို အကာလညအခါတွင် အန္တရာယ်ရှိသော ဟင်းမျိုးကြီးအား မှန်မမှန် သွေးကျမကျ ပစ်သည့်နေရာသို့ သွားမကြည့်နိုင်သေးဘဲ နောက်တစ်ကြိမ် ဘယ်ကပေါ်လာ၍ ဘယ်လို တိုက်စစ်ဆင်ဦးမည်လဲ ဆိုတာကို ငံ့လင့်ရင်း အသင့်အနေအထားဖြင့် စောင့်နေရသည်။ စိတ်ကမူ ကားသွားယူသည့်အဖွဲ့ အမြန်လာပါစေဟုသာ ဆုတောင်းမိတော့သည်။
နာရီဝက်ခန့်ကြာသောအခါတွင်မူ
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
ကားသံနှင့်အတူ ကားရှေ့မီးကြီး ၏ အလင်းရောင်ကို မြင်ရပြီး မကြာမီ တီအီးအလဲဗင်းတစ်စီးနှင့်အတူ အပြာ
ဝတ် ရဲဘက်ကြီး (၁၀)ယောက်ခန့်ပါ ပါလာလေရာ၊ ထိုအခါမှ ဟင်းမျိုးကြီးအား ပစ်ထားသည့်နေရာကို ရှေ့မီးကြီးဖြင့်ထိုးထား၍ ကြည့်ရလေ၏။ ကော်ဖီအောက်ခံ ပန်းကန်ပြားခန့်ရှိသောကျားခြေရာများ၏ တစ်ဖက်တစ်ချက်တွင်
သွေးမှာ တန်းကာကျသွားပြီး တစ်ဖက်တောအတွင်း ဝင်သွားသည့်ခြေရာကို တွေ့ရသဖြင့် အန်ကယ်လ် ဂျင်မီက –
“အထိတော့ နာတယ်ကွ၊ သွေး က ရဲပြီး ပျစ်တယ်။ ဝမ်းခေါင်းထဲက သွေးပဲ၊ ဗိုက်အိုးသွေး၊ ရှပ်ထိတဲ့သွေး မဟုတ်ဘူး၊ ဒီကောင် ဒီဒဏ်ရာနဲ့ သေ လောက်တယ်”
ဟု အတွေ့အကြုံရှိသူပီပီ သုံးသပ်ပြောကြားပါသည်။
ထိုညက ကားကိုဆွဲတင်ပြီးနောက် သုံးတန်ကူးစခန်းသို့အရောက်သွား ညအိပ်ခါ နံနက်လင်းမှ ရဲဘက်များပါခေါ်ပြီး ဟင်းမျိုးကြီးအား ရှာဖွေရာ မတွေ့
ခဲ့ပါ။ နောက်တစ်ည ကားလမ်းအတိုင်း မီးထိုးရှာသော်လည်း မတွေ့ပါ။ ထိုည
က ချေနှစ်ကောင်နှင့် တောကြောင် တစ်ကောင်သာ ရရှိပြီး တနင်္လာနေ့ ရုံးတက်အမီ ရန်ကုန်သို့ ပြန်ခဲ့ကြရပါသည်။
ကျော်စိုးဗို
စာကြွင်း။ ထိုဟင်းမျိုးကြီးကို ကျွန်ုပ်တို့ပစ်ခတ်ပြီး နောက်ပိုင်း ရေနက်ကြီး စခန်းနားတွင်လည်းကောင်း အခြားစခန်းများအနားတွင် လည်းကောင်း၊ ကျားဟိန်းသံများ မကြားရတော့ပါ။ သို့သော် ထိုဟင်းမျိုးကြီး သေဆုံးနေသည်ကို တွေ့ရှိသည်ဟူသည့်သတင်းမရခဲ့ပါ။
စာပိုင်ရှင် ဆရာ ကျော်စိုးဗိုလ်အား ဂါဝရပြုပါသည်။