” အစိမ်းသေ ဝိညာဉ် ” (စ/ဆုံး)
============================
“ကဲ ခရီးသည်တွေ ခဏနားမယ်ဟေ့၊ အပေါ့အပါးသွားချင်သူတွေ သွားထားကြ၊ အစာပြေ စားချင်သူတွေလဲ ဒီဆိုင်ထဲ စားလို့ရတယ်၊ ခရီးသည်တွေအားလုံး အောက်ဆင်းကြပါ ၊ကားတံခါး ပိတ်မှာမို့ပါ”
ကားစပါယ်ယာ၏ အသံကြောင့် မြတ်မွန် ငိုက်မြည်းနေရာမှ မျက်လုံးဖွင့်ကြည့် လိုက်သည်။
ထို့နောက် အပျင်းကြောတစ်ချက်ဆန့်ကာ
” ဟဲ့ နှင်းဆီ .. ငိုက်မနေနဲ့တော့..ကားနားပြီ ..အောက်သွားရအောင်.. ပြီးတော့ တစ်ခုခုစားရအောင်”
မြတ်မွန်နှင့် နှင်းဆီ တို့ သူငယ်ချင်းနှစ်ယောက် မုံရွာတွင် စက်ချုပ်သင်တန်းတက်ရန် လာနေကြခြင်းဖြစ်သည်။
လမ်းတွင် ကားခေတ္တရပ်နားသည်မို့ အပေါ့အပါးသွားပြီးနောက် ကိုယ်လက်သန့်စင်ကာ အစာပြေ ဆီချက်ခေါက်ဆွဲအား မှာစားကြ၏။
နာရီ၀က်ခန့်ကြာပြီးနောက် ကားစပါယ်ယာမှ လူစုံ မစုံမေးကာ ခရီးဆက်ရန် ဆော်အောလိုက်လေသည်။ခရီးသည်များအားလုံးစုံပြီမို့ ကားအား အဝေးပြေးလမ်းမကြီးဘက် ဦးတည်လိုက်၏။
တရိပ်ရိပ်ပြေးနေသော ကားလေးအပေါ်၌ မြတ်မွန်နှင့်နှင်းဆီတို့နှစ်ဦးသည် စကားလေးပြောလိုက်၊ မုန့်လေးစားလိုက်ဖြင့် လိုက်ပါလာကြသည်။
မကြာမီ မုံရွာကားကြီးကွင်းသို့ ကားက ဆိုက်ရောက်လာလေသည်။
“ကဲ …ခရီးသည်များအားလုံး ဂိတ်ဆုံးပါပြီခဗျာ၊ မိမိတို့ပစ္စည်းများ မကျန်ရှိဖို့အရေး သေချာဂရုစိုက်ပေးကြပါခဗျာ”
စပါယ်ယာ၏စကားသံနှင့်အတူ ကားကလည်း စက်ရပ်သွားပြီမို့ ခရီးသည်များက လှုပ်လှုပ်ရှားရှား ဖြင့် အထုတ်များအားဆွဲလျှက် အပြိုင်အဆိုင် ဆင်းကြလေတော့သည်။
မြတ်မွန်နှင့် နှင်းဆီတို့ နှစ်ဦးလည်း အများနည်းတူ မိမိတို့၏ ပစ္စည်းများအား ယူဆောင်ကာ ကားပေါ်မှ ဆင်းလာကြတော့သည်။
မြတ်မွန်က သွားရမည့်လိပ်စာအား သေချာကြည့်ကာ သုံးဘီးတစ်စီးအား ငှားရမ်းလိုက်၏။
မကြာမီ သူမတို့စီးလာသော သုံးဘီးဆိုင်ကယ်လေးသည် အဆောက်အဦးသုံးလုံး ဆောက်လုပ်ထားသော ခြံဝိုင်းကျယ်ကြီး ဆီသို့ ဆိုက်ရောက်လာတော့သည်။
” ကဲ ငါ့တူမတို့… ပို့ခိုင်းတဲ့လိပ်စာက ဒီနေရာပဲ ၊ကဲ ကဲ ဖြည်းဖြည်းဆင်းကြ ”
မြတ်မွန်တို့လည်း သုံးဘီးဆရာအား ကျသင့်ငွေ ပေးကာ ပစ္စည်းများအား သုံးဘီးပေါ်မှ ချလိုက်ကြသည်။
မြတ်မွန်တို့နှစ်ဦးအား အဆောင်ထဲမှ သူများက ထွက်ကြည့် နေကြသည်။
ထိုအချိန်တွင် အဆောင် တစ်ခုထဲမှ အသားဖြူဖြူနှင့် ပါဝါမျက်မှန်တပ်ဆင်ထားသော အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးထွက်လာသည်။
ထိုအမျိုးသမီးသည် မြတ်မွန်တို့ရှိရာသို့ ဦးတည်လာလျှက်
” မြတ်မွန်နဲ့နှင်းဆီတို့ ရောက်လာကြပြီလား၊ ဆရာမက သမီးတို့ကိုနေ့ခင်းကတည်းက မျှော်နေတာ၊
လာ သမီးတို့လာ ”
” ဟေ့ A အဆောင်ဘက်က သင်တန်းသူတွေ နင်တို့သူငယ်ချင်းပစ္စည်းတွေကို လာကူသယ်ကြဟေ့ ”
ထိုအမျိုးသမီး၏ ခေါ်သံအဆုံးတွင် သင်တန်းသူ အချို့ ပြေးထွက်လာကြကာ မြတ်မွန်တို့၏ ပစ္စည်းများအား ကူသယ်ပေးကြတော့သည်။
ထိုသင်တန်းသူများနေထိုင်ရာ အဆောင်ကြီး နှစ်ဆောင်သည် မုံရွာမြို့ရှိ ကျောက္ကာလမ်းမကြီးဘေးတွင် တည်ရှိကာ ခြံဝိုင်း၏မျက်နှာစာဘက် ကားလမ်းမကြီးနဘေးတွင် သက်တမ်းရင့် ညောင်ပင်ကြီး တစ်ပင်ရှိသည်။
ထိုအဆောင်များသည် အရှေ့မှအနောက်သို့ လှည့်ကာ ဆောက်လုပ်ထားပြီး အုတ်တိုက် တန်းလျားဆောင်ကြီး ဖြစ်သည်။
အဆောင်တစ်ခုတွင် အခန်းခြောက်ခန်းရှိကာ ဘယ်ဘက်အစွန်ဆုံးတွင် အိမ်သာနှစ်လုံးနှင့် ရေချိုးရန် အုတ်ကန်ကြီး တစ်ခုပါသော ရေချိုးခန်းကျယ်ကြီး တစ်ခုလည်း ရှိသည်။
တစ်ခန်းလျှင် အဆောင်သူနှစ်ယောက် နေထိုင်ကြ၏။
ထိုအဆောင်ကြီးတွင် လာရောက်နေထိုင်သူ အားလုံးတို့သည် သီရိမွန်ဟုအမည်ရသော စက်ချုပ်သင်တန်းသို့ သင်တန်းလာတက်ကြသူများသာ ဖြစ်ကြသည်။
လမ်းမကြီးဘက်မှ ကြည့်လျှင် ဘယ်ဘက် အခြမ်းရှိအဆောင်အား အဆောင် A ဟုခေါ်ကာ ညာဘက်အဆောင်ကိုမူ B ဆောင်ဟုသတ်မှတ်ထားသည်။
Aအဆောင်နှင့် B အဆောင်ကြားတွင် ထမင်းစားဆောင် ဟုသတ်မှတ်ထားသော အဆောင်ငယ်လေး တစ်ဆောင်လည်းရှိ၏။
ထိုအဆောင်ငယ်ရှိ အခန်းတစ်ခန်း၌ အဆောင်မှုးဖြစ်သော စက်ချုပ်သင်တန်းမှ နည်းပြဆရာမ နှစ်ဦးနေထိုင်ကြသည်။
မြတ်မွန်နှင့်နှင်းဆီတို့ နှစ်ဦးသည် A အဆောင်၌ နေထိုင်ခွင့်ရကြလေသည်။
မြတ်မွန်က ဗုဒ္ဓဘာသာ၀င်တစ်ဦး ဖြစ်ကာ နှင်းဆီက ခရစ်ယာန်ဘာသာ၀င် တစ်ဦးဖြစ်သည်။
အခန်းတစ်ခန်း၌ ကုတင် နှစ်လုံးစီပါရှိကာ အခန်း၏ ၀င်ပေါက်ဘေးတစ်ဘက်တစ်ချက်စီ၌ ကုတင်ကို နံရံဘက်ကပ်ထားခြင်း ဖြစ်သည်။
မြတ်မွန်တို့နေရသော အခန်းမှာ A_6 ဖြစ်သဖြင့် ရေချိုးခန်း.. အိမ်သာတို့နှင့် အနီးဆုံးအခန်းဖြစ်သည်။
မြတ်မွန်တို့လည်း ရောက်ပြီးခေတ္တ နားကာ ရေမိုးချိုးပြီးလျှင် ထမင်းစားဆောင်ဘက်၌ ညစာအား သွားရောက်စားသောက်ပြီးနောက် သူမတို့ အခန်းဘက်သို့ ပြန်လာကြသည်။
A အဆောင်တွင် နေထိုင်ကြသူများ အားလုံးက ဗုဒ္ဓဘာသာ၀င်များသာဖြစ်၍ နှင်းဆီတစ်ဦးသာ ဘာသာခြား ဖြစ်သည်။
နှင်းဆီက ကျမ်းစာဖတ်ကာ စောစောအိပ်ယာ၀င်လေသည်။
မြတ်မွန်သည် ဘုရားပုံတော်အား သူမ၏ကုတင်ခေါင်းရင်းဘက်တွင် ကပ်လိုက်စဉ်
“ဟင်း”
ရင်ခေါင်းသံကြီးဖြင့် သက်ပြင်းချသံကြီးအား ကြားလိုက်ရလျှင်
“အမလေး မိနှင်းဆီများ သက်ပြင်းချလိုက်တာ ငါတောင်လန့်တယ်”
မြတ်မွန် တစ်ဦးတည်း ရေရွတ်ကာ စိတ်က မသန့် သောကြောင့် ပါလာသော ပရိတ်ရေဘူး မှ ရေများဖြင့် အခန်းတစ်ခုလုံးအား နေရာအနှံ့ ဖျန်းပက်လိုက်သည်။
ထို့နောက်သူမလည်း ဘုရားရှိခိုးကာ ဂုဏ်တော်ကွန်ချာဖြင့် စည်းချ၍ အိပ်လိုက်တော့သည်။
ဗွမ်း. ဗွမ်း
နှင်းဆီတစ်ယောက် ရေလောင်းသံများကြောင့် နိုးလာသည်။
အချိန်က ည၂နာရီတိတိ။
နှင်းဆီအိပ်နေသော အုတ်နံရံဘေး၌ ရေချိုးခန်းအုတ်ကန်ကြီး ရှိလေသည်။
ထိုအုတ်ကန်၌ တစ်ဦးတစ်ယောက် ရေချိုးနေသံအား ကြားရသောကြောင့် သူမနိုးလာခြင်း ဖြစ်၏။
“ညဘက်ကြီး ဘယ်သူရေချိုးနေပါလိမ့်”သူမစိတ်ထဲ၌တွေးနေမိခြင်းဖြစ်သည်။
” အင်း..အဆောင်မှုးပြောတော့ ည ၈ နာရီနောက်ပိုင်း ရေမချိုးရဘူးပြောပြီးတော့”
နှင်းဆီလဲ စဉ်းစားကာ ပြန်အိပ်မရတော့ပေ။
“အရေးထဲ အပေါ့ကလဲ သွားချင်လာပြီ”
သူငယ်ချင်းမြတ်မွန်ကို ကြည့်လိုက်သောအခါ နှစ်ခြိုက်စွာ အိပ်မောကျလျှက်ရှိသည်မို့၊
နှင်းဆီလည်း မြတ်မွန်အား မခေါ်တော့ဘဲ အိမ်သာဘက်သို့ တစ်ဦးတည်း ထွက်လာလိုက်၏။
သူမ အိမ်သာထဲ၀င်စဉ် ရေချိုးခန်းဖက်မှ အဆောင်ဘက်သို့ ထွက်သွားသော ခြေသံတစ်ခုအား ကြားလိုက်ရပြန်သည်။
နှင်းဆီတစ်ယောက် အိမ်သာထဲမှ ထွက်လာပြီးနောက် ရေချိုးခန်းဘက်သို့ ၀င်ကြည့်လိုက်သောအခါ ရေချိုးခန်းတစ်ခုလုံး ရေများက ခြောက်သွေ့နေသည်မို့ တစ်ဦးတစ်ယောက် ရေချိုးထားသည်မှာ လုံး၀မဖြစ်နိုင်ပေ။
နှင်းဆီလဲသူမ အခန်းသို့ အလျှင်စလို ပြန်လာကာ ကြားခဲ့ရသော ရေသံများသည် မည်သည့် နေရာမှ ရေသံများ ဖြစ်လေမည်နည်းဟုတွေးလျှက်ပြန်လည် အိပ်ပျော်သွားလေတော့သည်။
သင်တန်းနည်းပြ ဆရာမနှစ်ဦး၏ အမည်မှာ မြမူ နှင့် မေသွယ် ဟူ၍ ဖြစ်သည်။
သင်တန်းသူများက မမမူနှင့် မမသွယ် ဟုသာ ခေါ်ကြသည်။
B အဆောင်၌ နေထိုင်သော သင်တန်းသူများက ဘာသာခြားကိုးကွယ်သူ များသည်။
သင်တန်းတက်ရင်း နှင်းဆီက သူမ၏ ငယ်သူငယ်ချင်း မိုင်ဆန်နှင့် ပြန်တွေ့ ရသည်မို့ ပျော်မဆုံးပေ။
နှင်းဆီနှင့်မိုင်ဆန်က ငယ်စဉ်ကအိမ်နီးချင်းများ ဖြစ်ကာ တနင်္ဂနွေ နေ့ များတွင် ဘုရားကျောင်း အတူတူ တက်ခဲ့ကြဖူးသည်။
မိုင်ဆန်က B ဆောင် B-3 ၌ တစ်ဦးတည်း နေထိုင်ရသည်။
B ဆောင်တွင် ကျန်အခန်းများက နှစ်ယောက်ခန်း ဖြစ်ကာ မိုင်ဆန် တစ်ဦးတည်းသာ တစ်ယောက်တည်း ဖြစ်နေသည်။
” နှင်းဆီ.. နင် ..ငါနဲ့ လာနေပါလား .. မမမူတို့ဆီ ပြောလိုက်လေ ”
” မြတ်မွန်ရှိသေးတယ်လေမိုင်ဆန် … လာတုန်းက အတူတူလာပြီး သူ့တစ်ယောက်ထဲထားခဲ့လို့ ကောင်းပါ့မလား…”
” နင်နဲ့ မြတ်မွန်က တစ်မြို့ထဲအတူနေကြတာလေဟာ .. ငါနဲ့နင်ကခုသင်တန်းမှာပဲ တွေ့ရတာ …သင်တန်းပြီးရင် မတွေ့ရတော့ဘူးလေ ”
” အင်းနော်.. ငါ.. မြတ်မွန်ကို ပြောကြည့်လိုက်မယ်.. အဆင်ပြေရင် ဆရာမဆီပြောပြီး ငါ ပြောင်းလာခဲ့မယ်နော်”
” ၀မ်းသာလိုက်တာနှင်းဆီရယ် … ဒီညနေပြောလိုက်နော် ငါစောင့်နေမယ်”
” အေးပါ”
ညနေသင်တန်းပြီးချိန် နှင်းဆီက သူမ၏အခန်းထဲသို့ ပြန်ရောက်သောအခါ
” မြတ်မွန်ရေ ..ငါ..မိုင်ဆန်နဲ့အတူ သွားနေချင်တယ်.. နင်တစ်ယောက်ထဲ ဖြစ်နေမှာလည်း စိုးတယ် ..”
” ငါ့ကိုအားမနာနဲ့ နှင်းဆီရယ် .. နင်တို့က ခုမှပြန်တွေ့ ရတာလေ ..ငါနားလည်တယ်. ..နင်သာ အဆင်ပြေသလိုလုပ်ပါ ”
” ဟယ် ကျေးဇူးပါ မြတ်မွန်ရယ်.. ဒါဆိုရင်.. ငါ ဆရာမ ..မမမူတို့ဆီ သွားပြောလိုက်ဦးမယ် ”
အခန်းထဲမှ အပြေးတစ်ပိုင်းထွက်ခွာသွားသော နှင်းဆီကို ကြည့်ကာမြတ်မွန် ပြုံးလိုက်မိသည်။
မြတ်မွန်က ပဠာန်းတရားတော်စာအုပ်အား ထုတ်ကာ သူမ၏ခေါင်းအုံးပေါ် တင်လိုက်သည်။
ခါတိုင်းက နှင်းဆီရှိနေသည်မို့ ပဠာန်းပူဇော်လျှင် နှင်းဆီအတွက် စိတ်အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် မပူဇော်ဖြစ်ခဲ့။
သူမက ပဠာန်းပူဇော်လျှင် အသံကျယ်ကျယ်ဖြင့် ပူဇော်မှ အားရကျေနပ်သူ ဖြစ်သည်။
ယခုညတော့ အားရပါးရကို ပူဇော်လိုက်ဦးမည်ဟု တွေးထားသည်။
မကြာမီ နှင်းဆီနှင့် မိုင်ဆန်တို့နှစ်ဦးက သူမ၏ ပစ္စည်းများအား လာယောက်ယူငင်ကာ B အဆောင်ဘက်သို့ သယ်ဆောင်သွားကြတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx
အခန်း(၂)
နှင်းဆီနှင့်မိုင်ဆန်တို့နှစ်ဦး ညနက်သည်အထိ မအိပ်ကြသေးပဲ ငယ်ဘ၀အကြောင်းများ ပြန်ပြောကြရင်း ပျော်ရွှင်နေကြ၏။
ရာသီဥတုမှာ ပူအိုက်လွန်းသဖြင့် သူမတို့ အခန်း၏ ပြတင်းပေါက်အား ဖွင့်ထားကြသည်။
ပြတင်းပေါက်တွင် သံတိုင်များအား တပ်ဆင်ထားသောကြောင့် လူ၀င်၍မရပေ။
ထိုအချိန်တွင် ဆန်းသစ်စလကလေးကလည်း သာနေသည်မို့ ပတ်၀န်းကျင်တစ်ခုလုံး၏ မြင်ကွင်းအားလုံးကို သဲသဲကွဲကွဲမြင်နေရ၏။
နှင်းဆီက စကားပြောနေရင်းမှ မျက်လုံးကတစ်နေရာသို့ ကြည့်မိသွားသည်။
သူမကြည့်နေသောအရာမှာ လရောင်အောက်တွင် သူမတို့၏အဆောင်ခေါင်းရင်းဘက် ၌ အမျိုးသမီးတစ်ဦးသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသောမြင်ကွင်းဖြစ်၏။
ထိုအမျိုးသမီးမှာ အဝါရောင်အင်္ကျီ၊ အနက်ရောင်ထမီကို ၀တ်ဆင်ထား၏။
သူမလမ်းလျှောက်နေပုံမှာ အေးအေးဆေးဆေး လမ်းလျှောက်နေပုံမျိုး မဟုတ်ပဲ တစ်စုံတစ်ရာအရေးကြီးနေဟန်ဖြင့် ခပ်သွက်သွက် လျှောက်နေခြင်းမျိုး ဖြစ်သည်။
ထို့နောက်သူမသည် နှင်းဆီတို့ အခန်းဘက်သို့ ကြည့်လာရာ နှင်းဆီလည်းသူမကို ကြည့်နေသည်ကို တွေ့သွား၏။
ထိုအခါသူမသည် နှင်းဆီတို့ အခန်းဘက်သို့ ဦးတည်ကာသူမ၏လက်ကိုလည်း လိုအပ်သည်ထက်ပိုလွှဲကာ လာခဲ့လေသည်။
သူမ၏လက်နှစ်ဖက်မှာ လွှဲလွန်းသဖြင့် ပြုတ်ထွက်သွားမည်ဟုပင် ထင်ရသည်။
နှင်းဆီလည်း ထိုအမျိုးသမီးအား ကြည့်ကာ လွန်စွာထိတ်လန့်လျှက်ရှိသည်မို့ ကြောင်ကြည့်နေမိသည်။
” နှင်းဆီ.. ဘာမြင်လို့လဲဟင် .. အာ့လိုကြီးမနေပါနဲ့ မိုင်ဆန်ကြောက်တယ် ”
ကြက်သေသေနေသော နှင်းဆီပုံစံကို ကြည့်ကာ မိုင်ဆန် ထိတ်လန့်လျှက် ရှိသည်။
နှင်းဆီကြည့်နေစဉ် ထိုအမျိုးသမီးသည် ပြတင်းပေါက်အနီး ရောက်လာလေသည်။ သူမ၏ ဖွေးဆုတ်နေသောမျက်နှာပေါ်တွင် ပြူးကျယ်နေသောမျက်လုံးအဖြူဆံချည်းနှင့်မဲပြာနေသော နှုတ်ခမ်းများက မြင်ရသူအဖို့ လိပ်ပြာလွင့်မတတ်ပင် ကြောက်စရာ ကောင်းလှသည်။
သူမ၏မျက်နှာကို
ပြတင်းပေါက်သံတိုင်နှင့် နီးကပ်စွာကပ်လိုက်ပြီးနောက် သူမလက်တစ်ဘက်က သံတိုင်ကြားမှ တိုး၀င်ရှည်ထွက်လာပြီးနောက် နှင်းဆီ၏ လည်ပင်းအား လှမ်းညှစ်လေတော့သည်။
သူမ၏လက်တစ်ဖက်က နှင်းဆီ၏ လည်ပင်းအား ညှစ်ထားစဉ် သူမ၏ ကျန်လက်တစ်ဖက်က နှင်းဆီ၏ ဘယ်ဘက်လက်မောင်းတစ်ဖက်ကို ဆွဲကိုင်ဆုပ်ထားသည်။
“အီး အစ် အစ်”
နှင်းဆီ တဖြည်းဖြည်း အသက်ရှုကြပ်လာကာ သတိပင် လစ်မတတ်ဖြစ်နေလေသည်။
ထိုစဉ်မိုင်ဆန်က ပြတင်းပေါက်အား အမြန်ထပိတ်လိုက်၏။
မိုင်ဆိုင်က နှင်းဆီတစ်ယောက် မျက်လုံးကြီးပြူးကာ လျှာထွက်လာသည်မှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရပါချေ။
တံခါးပိတ်လိုက်သောအခါ နှင်းဆီသည်လည်း သူမထိုင်နေသော ကုတင်ပေါ်၌ပင် မေ့လဲသွား၏။
မိုင်ဆန်လဲ
” လာကြပါဦး ဒီမှာနှင်းဆီ ဘာဖြစ်သွားမှန်းမသိလို့ ”
မိုင်ဆန်၏အော်သံကြောင့် အဆောင်သူများ ပြေးလာကြကာ သင်တန်းနည်းပြများအား ပြေးခေါ်ကြသူကခေါ်နှင့် ဆူညံသွားကြသည်။
A အဆောင်မှ သင်တန်းသူများလည်း ပြေးလာကြလေသည်။
ဆရာမမြမူနှင့်မေသွယ်တို့နှစ်ဦးလည်း မိုင်ဆန်တို့၏အခန်းသို့ ရောက်ရှိလာကာ
“နှင်းဆီ… နှင်းဆီ.. သမီး ဘာဖြစ်တာလဲ ”
မြတ်မွန်က သူမလက်ထဲ၌ပါလာသော ပရိတ်ရေဘူးအား လှမ်းပေးကာ
” ပရိတ်ရေဘူးပါ ဆရာမ ”
“ပရိတ်ရေနဲ့ဘာလုပ်ရတာလဲ”
ထိုဆရာမ နှစ်ယောက်လုံးက ဘာသာခြားမို့ ပရိတ်ရေဘူးအား အသုံးမပြုတတ်ကြပေ။
မြတ်မွန်လဲပရိတ်ရေအနည်းငယ်ဖြင့် နှင်းဆီ၏ခေါင်းပေါ်သို့ လောင်းချလိုက်လျှင်
” အင်း..ဟင်း..အား ကျွတ်ကျွတ်.. သရဲမကြီး .. သရဲမကြီး လည်ပင်း လာညှစ်နေတယ် လွှတ် ..လွှတ်”
“နှင်းဆီ.. သမီး …စိတ်ထိန်းပါ ဆရာမတို့ ရှိတယ် နော် ”
နှင်းဆီသတိပြန်ရလာပြီမို့ မြတ်မွန်ကနှင်းဆီအား ပရိတ်ရေအနည်းငယ် တိုက်လိုက်သည်။
နှင်းဆီက ဟိုဟိုဒီဒီကြည့်ကာ ရှိုက်ကြီးတငင် ငိုနေတော့သည်။
“ကဲ ကဲ အဆောင်သူတွေ ကိုယ့်နေရာကိုယ်သွားကြတော့”
“မြတ်မွန်… သမီးက… ဆရာမတို့နဲ့ ခဏနေခဲ့ဦး”
“ကဲ..နှင်းဆီ… ဆရာမတို့ကို.. ဘယ်လိုက..စဖြစ်တယ်ဆိုတာပြောပါဦး ”
နှင်းဆီကလည်း သူမေတွ့ကြုံ ရသမျှအား အထိတ်တလန့်ဖြင့် ပြန်လည် ပြောပြတော့သည်။
” လည်ပင်းကိုလာညှစ်တဲ့ လက်ကြီးက သိပ်သန်တာပဲ ..အား ကျွတ်..ကျွတ် နာလိုက်တာ ”
အားလုံးက နှင်းဆီ၏လည်ပင်းအား ကြည့်လိုက်ရာ ညိုမည်းနေသော လက်ရာကြီးအား တွေ့လိုက်ရလေတော့သည်။
တစ်ဖန် နှင်းဆီက သူမ၏ လက်မောင်းအား ပြလိုက်ရာ လက်မောင်းတွင်လည်း လက်ရာကြီးက ထင်ရှားစွာ ထင်ကျန်ရှိနေသည်။
နောက်ရက်၌ နှင်းဆီက နေမကောင်းသဖြင့် သင်တန်းသို့မသွားနိုင်ပေ။
သင်တန်းတက်ရသည့်နေရာက သူမတို့နေထိုင်ရာ အဆောင်ကြီးနှင့် ခြံဝိုင်းကျယ်ကြီး ငါးဝိုင်းအကျော် လမ်းလေးခွဆုံရာနေရာ၌ တည်ရှိလေသည်။
အဆောင်နှင့်သင်တန်းက မနီးမဝေးဟုပင် ဆိုရပေမည်။
နှင်းဆီနှင့်မိုင်ဆန်တို့ နှစ်ဦးသာ..အဆောင်၌ ကျန်ခဲ့ပြီးကျန်သင်တန်းသူအားလုံးမှာ သင်တန်းသို့သွားကြ၏။
နေ့ခင်းဖက်၌ မုံရွာမြို့၏နေက ပြင်းပြင်းရှရှ ပူနေသည်။
မိုင်ဆန်က ၀တ္ထုစာအုပ်တစ်အုပ်အားဖတ်နေကာ
နှင်းဆီကလည်း ဆေးသောက်ပြီး မှိန်းနေစဉ်
“အင်း..ဟင်း..ဟင်း..အီး..ဟီး..ဟီး ..အဟင့်..ဟင့်”
သူမတို့၏ဘေးကပ်လျှက်အခန်း၌ မိန်းမတစ်ဦး၏ ညည်းသံကြီးနှင့် ငိုရှိုက်သံကြီးအား ကြားလိုက်ရသည်။
မိုင်ဆန်လက်မှ ဖတ်လက်စ၀တ္ထုစာအုပ်ပင် လွတ်ကျသွားလေသည်။
နှင်းဆီလည်း အိပ်နေရာမှ ထထိုင်လိုက်လေသည်။
ထို့နောက်တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြ၏။
သူတို့နှစ်ဦးလုံးက ထိုအသံကြီးကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။
” မိုင်ဆန် ကြားလား ..ဘယ်သူလဲ ..ဟိုဘက်အခန်းက ဘယ်သူလဲ ဟင်”
“မသိဘူးနှင်းဆီ ကြောက်စရာကြီး အသံက လာ..လာ ငါတို့ သင်တန်းကို သွားရအောင် အဆောင်မှာ မနေရဲတော့ဘူး”
သူတို့နှစ်ဦးလည်း အခန်းတံခါးအား အမြန်ပိတ်ကာ သင်တန်းသို့ ခပ်သွက်သွက်သွားကြသည်။
သင်တန်းရောက်သော အခါ မိုင်ဆိုင်တို့က ဆရာမများအား အကျိုးအကြောင်းပြောပြလိုက်ကြသည်။
“အင်း ..ခက်တော့ ခက်နေပါပြီ အရင်က ဒီလောက် မကြမ်းပါဘူး .. မေသွယ်… ဟိုသစ်ပင်က သရဲမက အဆောင်ထဲ ရောက်လာပြီ ထင်တယ်”
” ဟုတ်မှာမြမူ .. ဒို့ ဘယ်လိုလုပ်ကြမလဲ”
သင်တန်းဆရာမ နှစ်ဦး အချင်းချင်း တီးတိုးတိုင်ပင်နေကြသည်။
မြမူတို့ အဆောင်ရှေ့ ရှိညောင်ပင်ကြီး၌ ယခင်က သရဲမတစ်ဦး ရှိဖူးသည်ဟု ကြားခဲ့ဖူးသည်။
ထိုသရဲမသည်ယခင်က သစ်ပင်အောက်မှ ထွက်လာကာ ကားများတားစီးတတ်သည်ဟု အများက ပြောသံအားကြားဖူးသည်။
သို့သော်နောက်ပိုင်း၌ မည်သည့်အသံမှ မကြားရတော့သဖြင့် ကျွတ်သွားပြီဟုပင် ထင်မိနေကြသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx
အခန်း(၃) ဇာတ်သိမ်း
ညနေသင်တန်းမှ ပြန်လာကြသောအခါ နှင်းဆီနှင့် မိုင်ဆန်တို့က သင်တန်းသူများ၏ အနောက်ဘက် ခပ်လှမ်းလှမ်းအကွာမှ ပြန်လာကြခြင်းဖြစ်သည်။
နှင်းဆီက သစ်ပင်ကြီးအောက်သို့ ကြည့်လိုက်သောအခါ အင်္ကျီ ပိတောက်ခြောက်ရောင်၊ ပါတိတ်ထမိန်အနက်ရောင်အား ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သစ်ပင်အောက်ရှိကျောက်တုံးပေါ်တွင် ထိုင်နေသည်။
ထိုအ၀တ်အစားများက မနေ့ညကသူမအား လည်ပင်းညှစ်သောသရဲမ၏ ၀တ်ထားသော အ၀တ်စားများနှင့် ဆင်တူသည်ဟု နှင်းဆီက တွေးမိကာ ကြက်သည်းများထလာသည်။
နှင်းဆီက ထိုအမျိုးသမီးအကြောင်းကို မိုင်ဆန်အားပြောပြလိုသော်လည်း သူမနှုတ်က အာစေးမိသူတစ်ဦးကဲ့သို့ ပြောမရပေ။
သူမတို့နှစ်ဦး သစ်ပင်အောက်သို့ ရောက်သောအခါ ထိုအမျိုးသမီးမှာ ထရပ်လိုက်ပြီးနောက် ရုတ်တရက်နှင်းဆီထံ ခုန်၀င်လာသည်။
“နှင်းဆီ နင်ဘာဖြစ်သွားတာလဲ ”
နှင်းဆီက မိုင်ဆန်အား မည်သို့မျှပြန်မပြောပါချေ။
သူမတို့နှစ်ဦး အဆောင်သို့ ပြန်ရောက်ကြသောအခါ
နှင်းဆီကငူငူငိုင်ငိုင်ဖြင့် အခန်းထဲ ၀င်လာပြီးနောက် အိပ်ယာထက်တွင် တောင့်တောင့်ကြီး ထိုင်နေသည်။
“နှင်းဆီ နင်နေကောင်းရဲ့လား .. ဘယ်လိုဖြစ်နေတာလဲသူငယ်ချင်းရယ် ..စကားလဲပြန်မပြောဘူး”
ထိုစဉ် နှင်းဆီ၏တစ်ကိုယ်လုံးသည် တဆတ်ဆတ်တုန်လာပြီးနောက် သူမနှုတ်မှ
မိန်းမကြီးတစ်ဦး၏ အသံဩရှရှဖြင့်
” ငါ .. နှင်းဆီမဟုတ်ဘူး..ဟား ဟား ဟား ငါက ကေသီ.. ငါ့နာမည်ကေသီ ”
” ဟင် ..အမယ်လေး..လာကြပါဦး..ဒီမှာ နှင်းဆီ… သရဲ၀င်ပူးနေလို့ လာကြပါဦး ”
မိုင်ဆန်ကထိုသို့ အော်လိုက်စဉ် နှင်းဆီက သူမအား ဖန်ခွက်တစ်ခုဖြင့် ပစ်ပေါက်လိုက်ရာ
“ခွမ်း”
မိုင်ဆန်ကဖန်ခွက်အား အလျှင်အမြန် ရှောင်လိုက်သော်လည်း ဖန်ခွက်ကွဲစတစ်ခုက မိုင်ဆန်၏ ယာဘက်နဖူးအား ထိကာ သွေးများစီးကြလာသည်။
” နားညည်းတယ် ထွက်သွားစမ်း ”
အားလုံးက နှင်းဆီတို့အခန်းသို့ ရောက်ရှိလာကြသော်လည်း သူမအားကြည့်ကာမည်သူမျှ အခန်းထဲမ၀င်ရဲကြချေ။
” ဟား…ဟား…ဟား”
နှင်းဆီသည် သူမ၏ခန္ဓာကိုယ်အား ရှေ့နောက် ယိမ်းထိုးလျှက် အသံနက်ကြီးဖြင့် အော်ရယ်နေလေသည်။
မြတ်မွန်တို့လည်း နှင်းဆီတို့အဆောင်ဖက်ရောက်လာကြကာ
” အိအိနဲ့ မေဇင် ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးပင့်ခဲ့ကြ မြန်မြန် “မြတ်မွန်ကထိုသို့ဆိုပြီးနောက် ထပ်မံကာ
“နေဇာကမိုင်ဆိုင်ကိုအခန်းထဲခေါ်ပြီး အနာဆေးထည့်ပေးလိုက်ဦး သွေးနံ့ရရင် သရဲပူးတာက ပိုဆိုးလာလိမ့်မယ်”
မြတ်မွန်က အခန်းထဲသို့ မရဲတရဲ ၀င်ကာ ” နင်က ဘယ်သူလဲ ဘာလို့ငါ့သူငယ်ချင်းကို နှောင့်ယှက်နေတာလဲ ”
ထိုအခါ နှင်းဆီက မြတ်မွန်အား မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ
” ငါက ညောင်ပင်မှာနေတာ..ဒီအဆောင်ကြီး ဆောက်ပြီးသွားတော့ ဟိုဘက် အဆောင်မှာ နေတာ …နင်ရောက်လာပြီး အခန်းနဲ့ အဆောင်ကို ပရိတ်ရေ ဖျန်းလို့ ရေချိုးခန်းဘက် မှာ သွားနေရတယ်…နင်က ဘုရားစာတွေ အသံအကျယ်ကြီး ရွတ်တော့ ငါ ပူလို့ နေလို့ မရတော့လို့ ဒီဘက် အဆောင်ကို ပြောင်းလာတာ…နင့်ကိုလည်း မကျေနပ်ဘူး အင်း ဟင်း ဟင်း..နင့်ကို သတ်မယ် နင့်ကိုလည်း သတ်ရမယ် ဟား ဟား ဟား”
“သမီး မြတ်မွန် လာခဲ့တော့ ”
အခန်း၀မှ မမမူနှင့်မမသွယ်တို့က စိုးရိမ်တကြီး လှမ်းအော်ကြသည်။
ထိုစဉ် ဘုန်းကြီးကျောင်းမှကားက မြတ်မွန်တို့ အဆောင်ရှေ့၌ ရပ်သွားပြီး ဆရာတော်အပါအ၀င် ကပ္ပိယနှင့် ဘုန်းကြီးကျောင်းသားလေးဦးတို့သည်ကားပေါ်မှ ဆင်းလာကြသည်။
“ကဲ ကပ္ပိယကြီး အဲ့ဒီကလေးမကို ဝိုင်းချုပ်ပြီး ကားပေါ်တင်လိုက်
ကျန်တဲ့ဒကာမတွေလဲ ကျောင်းလိုက်ခဲ့ကြ
ဒီမှာကမိန်းခလေးတွေအဆောင်ဆိုတော့ ကိုယ်တော်၀င်လို့ မသင့်လျော်ဘူး”
နှင်းဆီက အော်ဟစ်ရုန်းကန် နေသည်မို့ ယောက်ျားသားလေးဦးပင် မနည်းဝိုင်းချုပ်ရလေသည်။
ဘုန်းကြီးကျောင်းက မြတ်မွန်တို့အဆောင်နှင့် သိပ်မဝေးလှပေ။
ဘုန်းကြီး ကျောင်းသို့ ရောက်သောအခါ နှင်းဆီမှာ
ဆံပင်များဖွာလန်ကြဲလျှက် သွားရေများကျလျှက် မျက်လုံးကြီးပြူးကာ မျက်တောင်ပင်မခတ်ပေ။
“ကဲ ဘုရားကို ဦးချလိုက်ပါဦးဒကာမကြီး”
“မချဘူး မချဘူး ..ငါမကျေနပ်ဘူး.. ငါ .. ငါ ကလဲ့စားချေရမှ ကျေနပ်နိုင်မယ် …အီး ဟီး ဟီး”
” ကဲ ..ဒါဆို ဒီခန္ဓာရှင်ကို မထိမခိုက်အောင် နေပေးပါ ..ဒကာမကြီးက ဘယ်လို ဖြစ်ချင်သလဲ ပြောပြပါ ဘုန်းဘုန်း အတတ်နိုင်ဆုံးကူညီပါ့မယ် ”
ထိုစဉ် စက်ချုပ်သင်တန်းပိုင်ရှင် ဒေါ်သီရိမွန် သည်လည်း ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာလေသည်။
ဒေါ်သီရိမွန်သည် အသက်ငါးဆယ်၀န်းကျင် အရွယ်ခန့်ရှိပြီဖြစ်သည်။
နှင်းဆီက ဒေါ်သီရိမွန်အား သေချာစိုက်ကြည့်ကာ
“မမမွန်..ငါကကေသီလေ မမှတ်မိတော့ဘူးလား ”
“ဟင် ညီမလေးကေသီလား ..ဘယ်တွေရောက်နေတာလည်းကေသီရယ်၊ မမမွန် ရှာခဲ့တာ ကြာလှပြီ တွေ့မယ့်တွေ့ တော့ ခုလိုပုံစံနဲ့… အမလေး ကေသီရယ်၊ မမရင်တွေ ကျိုးပါပြီကွယ် ”
ထိုအခါတွင် နှင်းဆီက ဆရာတော် ဘက်လှည့်ကာ
” တပည့်တော် ကျွတ်ချင်တာ ကြာလှပါပြီဘုရား ၊ဒါပေမဲ့ တပည့်တော်ကို သတ်သွားတဲ့ သူတွေကို မတွေ့ သေးလို့ ဒီနေ့အထိ သာဓု မခေါ်နိုင်သေးတာပါဘုရား ”
“ဒကာမကြီး ဖြစ်ချင်သလိုပြောပါ ဘုန်းကြီးကူညီပါ့မယ်၊
အရင်ဘ၀ရဲ့ မကျေနပ်တဲ့ အစွဲ အလမ်းကြောင့် ခုလိုဘ၀ ရောက်ရတယ်..ဒီဘ၀ မှာတော့ ထပ်မမိုက်ပါနဲ့တော့ဒကာမ ”
ကေသီ၏ဝိညာဉ် ၀င်ပူးနေသော နှင်းဆီက ဒေါ်သီရိမွန်ဘက်သို့ ခေါင်းကြီးစောင်းကာလှည့်လိုက်ပြီးနောက်
“မမမွန် အဲဒီညက မမမွန်နဲ့ စကားများပြီး ညဘက်ကြီး ကေသီ ထွက်လာခဲ့တယ် .. အဲဒီနေ့က မိုးတွေကလဲ အရမ်းရွာနေတယ် ..ကေသီ အတော်ဝေးဝေး လျှောက်လာပြီးမှ ကြောက်လို့ နောက်ပြန်အလှည့် ကားတစ်စီး က ကေသီကို ၀င်တိုက်သွားတယ်. .ကားမောင်းတဲ့သူက အရက်မူးနေတာ ..ကေသီကားတိုက်ခံရပြီး သူတို့က ကေသီကို ညောင်ပင်ကြီး အောက်မှာ မြှုပ်ထားခဲ့ကြတယ်…အဲဒီညက မိုးကရွာနေတော့ ကေသီ့ကို မြေမြှုပ်ခဲ့ကြတာကို ဘယ်သူမှမတွေ့ခဲ့ကြဘူး..ကေသီ့ကို ကားနဲ့တိုက်ပြီး အလောင်းဖျောက်သွားတဲ့သူက နှင်းဆီဆိုတဲ့ ကောင်မလေးရဲ့အဖေပဲ ”
“ဟာ…ဟင် ”
အားလုံး၏နှုတ်မှ အံ့ဩမှုများစွာဖြင့် အာမေဋိတ် အသံများ ထွက်ပေါ် လာသည်။
“မယုံရင် ညောင်ပင်အောက်က ကျောက်ခဲသုံးလုံး ချထားတဲ့ နေရာကိုတူးကြည့်ပါ၊
ကေသီရဲ့ အလောင်း ကိုတွေ့ရမှာပါ။
မမမွန် ကေသီ့အရိုးတွေကို သင်္ချိုင်းမှာသေချာ ပြန်သင်္ဂြိုဟ်ပေးပါ။
အစကတော့ နှင်းဆီကို သတ်မလို့ဘဲ…. လူယုတ်မာ သမီးကို သတ်ရမှ ကျေနပ်မယ် ဆိုပြီး။
ခုတော့မသတ်တော့ပါဘူး၊
မမမွန်ကိုတောင်းပန်ပါတယ် ၊
စိတ်ပူအောင် လုပ်ခဲ့မိလို့ ၊
ပြန်လာလို့ မရတော့လို့ တောင်းပန်ပါတယ်၊ လူသတ်သမားက တစ်ယောက်တည်း မဟုတ်ဘူးနော် သုံးယောက်ပါ ၊
သူတို့ကို ဥပဒေအရ အရေးယူပေးပါ ၊
ကေသီ့ကို ညောင်ပင်ကြီးဆီမှာ လာခေါ်ပြီး ကုသိုလ်ပြုအမျှဝေပေးကြပါ ၊ ကေသီ သာဓုခေါ်ချင်လှပါပြီ ”
ပြောနေရင်း နှင်းဆီက မေ့လဲကျသွား၏။
“နှင်းဆီ ..နှင်းဆီ..”
အားလုံးက နှင်းဆီကို ဝိုင်း၍ ခေါ်ကြသော်လည်း
ဒေါ်သီရိမွန်ကမူ
“ကေသီ… ညီမလေးကေသီရယ်၊ မမ စိတ်မကောင်းလိုက်တာကွယ်၊ ခုထိအသက်ရှင်နေဦးမယ်လို့ ထင်နေခဲ့တာပါ ညီမရယ်”
ဝိညာဉ်၀င်ပူးခံရသည်မှာ ကြာသွား၍လားမပြောတတ် နှင်းဆီတစ်ယောက် သတိပြန်မလည်လာသည်မို့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။
နောက်ရက်မနက်၌ စခန်းမှုးသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က လူပျောက်တိုင်ထားသော အမှုတွဲဟောင်းအား ပြန်လည်ရှာဖွေကာ ညောင်ပင်ကြီးအောက်တွင် ကျောက်ခဲသုံးလုံးချထားသောနေရာအား ပြန်လည်တူးဖော်ကြလေတော့သည်။
ထိုအခါ အမျိုးသမီး၏အရိုးစုအား ညောင်ပင်ကြီးအောက်၌ အမှန်တစ်ကယ်ပင် တွေ့ ကြရတော့သည်။
ကေသီက သီရိမွန်၏ မွေးစားညီမဖြစ်ကာ တစ်ည၌ သူမနှင့်ကေသီ စကားများရာမှ ကေသီကအိမ်က ထွက်သွားပြီး ယနေ့ထိပြန်မလာခဲ့ခြင်းဖြစ်သည်။
သီရိမွန်က ရဲစခန်းတွင် လူပျောက်တိုင်ခဲ့သော်လည်း သတင်းအစအနပင်မရခဲ့။
တိုက်ဆိုင်စွာပင် သူမ၏ညီမဖြစ်သူအား မြှုပ်နှံထားသော သစ်ပင်ကြီး ရှေ့ကမြေကွက်ကျယ်ကြီးကိုပင် သီရိမွန်က ၀ယ်ယူခဲ့မိသည်။
ထို့ထက် တိုက်ဆိုင်သည်က ကေသီအား ကားနှင့်တိုက်ခဲ့သော တရားခံ၏သမီးက အလောင်းမြှုပ်ထားသော သစ်ပင်ကြီးရှိရာ အဆောင်၌ သင်တန်းလာတက်မိခြင်း ဖြစ်သည်။
” နှင်းဆီ …သမီးနှင်းဆီ… ”
လက်ထိပ်တန်းလန်းဖြင့် သမီးဖြစ်သူအား စိုးရိမ်တကြီး ခေါ်နေမိသူသည် တစ်ချိန်က မုံရွာဘက်တွင် ကားသမားဘ၀ဖြင့် ကျင်လည်ခဲ့ဖူးသူ ဖြစ်သည်။
“အင်း..အဖေ…ဟင် အဖေ ဘာလို့လဲ လက်ထိပ်ကြီးနဲ့ အဟင့် ဟင့် ..အဖေက ဘာတွေ လုပ်ခဲ့လို့ အဖေ့ကို ဖမ်းကြတာလဲ …အဖေ့ သူငယ်ချင်း နှစ်ယောက်ကလဲ လက်ထိပ် ကြီးတွေနဲ့ပါလား”
နှင်းဆီတစ်ယောက် သတိရလျှင်ရခြင်း ဖခင်ကို ကြည့်ကာ ၀မ်းနည်း ပက်လက် ငိုကြွေးနေသည်။
” သမီးရယ်မငိုပါနဲ့.. အဖေကိုယ်ချင်းစာတတ်တတ်ဖို့ သိပ်ကို နောက်ကျသွားတယ် သမီး ..
သမီးသတိလစ်နေတုန်း သမီးများ သေသွားရင် ဆိုပြီး အဖေသိပ်စိတ်ပူခဲ့ရတယ်..လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းကလည်း ဒီလိုစိတ်ပူသူတွေ အတွက် အဖေ ကိုယ်ချင်းမစာခဲ့မိဘူး ..အဖေလူမိုက်ကြီးကို ခွင့်လွှတ်ပါ သမီး …အပြစ်တွေ ဆေးကြောပြီးတစ်နေ့ အဖေ သမီးတို့ သားအမိဆီ ပြန်လာခဲ့ပါ့မယ်ကွာ”
လက်ထိပ်များဖြင့်ကျောခိုင်းထွက်ခွာသွားသော ဖခင်ဖြစ်သူနှင့် သူ၏သူငယ်ချင်းနှစ်ယောက်….
ထို့နောက် ရဲသားများ ၏ကျောပြင်များအား ကြည့်ကာ နှင်းဆီတို့ သားအမိ ငိုရှိုက်နေကြသည်။
လောကမာရဇိန် ဘုန်းကြီးကျောင်း၏ ဓမ္မရုံကြီးအတွင်း၌မူ
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ကွယ်လွန်သွားပြီဖြစ်သော ဒကာမကြီး မကေသီ.. ကြားရာဘုံဘ၀မှ သာဓုခေါ်ဆိုနိုင်ပါစေ
” အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ
ယူတော်မူကြပါ ကုန်သော်
သာဓု သာဓု သာဓု ”
“ဪ ညီမလေး ကေသီရယ် ဖြစ်လေရာဘ၀တိုင်း ရောက်လေရာ ဘ၀တိုင်းမှာခုလိုအဖြစ်ဆိုးမျိုးနဲ့ ဘယ်တော့အခါမှ ထပ်မကြုံပါစေနဲ့ကွယ်”
ဒေါ်သီရိမွန်တစ်ယောက် ဆုတောင်းရင်း ကျလာသော မျက်ရည်များအား သုတ်လိုက်မိသည်။
ဆယ့်ငါးနှစ်ကျော်ကာလပတ်လုံး ကျခဲ့ရသော မျက်ရည်များနှင့်ပဟေဠိ ဇာတ်လမ်းလေးသည်လည်း ယနေ့တွင်တော့ အားလုံးအဆုံးသတ်သွားပြီ ဖြစ်သည်။
မကောင်းမှုဟူသည်လည်း ဆိတ်ကွယ်ရာ မရှိပါချေ။
လေးစားလျက်
စာရေးသူ နန်းကြာညို
#crd