” အစွဲအလမ်း ” (စ/ဆုံး)

” အစွဲအလမ်း ” (စ/ဆုံး)

==============================

“ဟဲ့ သားငယ် မင်းအဖွားဆီသွားမယ်ဆို အခုညနေစောင်းတော့မယ် ထ ထ. ရေမိုးချိုးချည် တော်ကြာမိုးချုပ်သွားအုံးမယ်”

“အင် ခုဘယ်နှစ်နာရီတောင် ရှိပြီလဲမေမေ?”

“ညနေ၄နာရီထိုးပြီ သားငယ်”

“ဟိုက် သွားပြီ အမြန်လမ်းရောက်ရင် မှောင်ပြီ”

လင်းရှိန်ခန့် အိပ်မှုန်စုံမွှားနှင့် ခုတင်ထက်ဆီမှ စားပွဲတင်နာရီဆီ အကြည့်ရောက်သွားတော့ မှေးစင်းနေသောမျက်လုံးတို့ပြုးကျယ်သွားပြီး အိပ်နေရာမှ ဝုန်းကနဲထ၍ ရေချိုးခန်းတွင်းကိုကမန်းကတန်းဝင်သွားတော့သည်။
သားဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီး မိခင်ဒေါ်မေတင်ပြုံး၍ ခေါင်းရမ်းမိတော့သည်။ငယ်စဉ်တည်းက ဖတဆိုးလေးဖြစ်ရတော့ သားငယ်ကို အလိုလိုက်ကာအချစ်ပိုခဲ့ရသည်။
ဒေါ်မေတင်၏ခင်ပွန်း ဦးမင်းကားလင်းရှိန်ခန့်၈နှစ်သားတည်းကပင် သူမတို့သားအမိကိုမျက်ကွယ်ပြုသွားခဲ့သည်။

ခင်ပွန်းမရှိတည်းက ဒေါ်မေတင်အနေနှင့် ဒီသားလေးပေါ်မှာ အဖေလိုတမျိုး အမေလိုတသွယ်စောင့်ရှောက်ခဲ့ပြီး သားငယ်စိတ်ချမ်းသာစေရန် အစစအလိုလိုက်ကာ ချစ်ခဲ့ရသည်။
သို့ပေမဲ့ လင်းရှိန်ခန့်က လိမ္မာရေးခြားရှိခဲ့တဲ့ ကလေးပါ။
ဒီလူ့လောကမှာ သူအရမ်းချစ်ရခင်တွယ်ရတဲ့ မိခင်ကြီးနှင့်ဖွားအေလုပ်သူတို့ကို ဘယ်တော့မှစိတ် ဒုက္ခမပေးခဲ့ပေ။

ပြင်ဦးလွင်ကအဖွားဖြစ်သူ ဒေါကြိုင်ကား ဒေါ်မေတင်၏မိခင်ပင်။အခုလည်း မိခင်ကကိစ္စတခုဖြင့်ခိုင်းသဖြင့် နေ့လည်စာစားကာတမှေးအိပ်ပြီးမှရန်ကုန်မှထွက်မည်ဟုပြင်ထားခဲ့ပြီးအိပ်သွားသည်မှာ ဒေါ်မေတင်နိုးမှပင်လင်းရှိန်ခန့်အိပ်ရာမှထကာသူတို့နေရာရန်ကုန်မှဖွားအေရှိရာပြင်ဦလွင်ကိုသွားရန် ကမန်းကတန်းပြင်ဆင်နေရခြင်းဖြစ်သည်။

လင်းရှိန်ခန့် အလုံးစုံပြင်ဆင်ပြီးသည်နှင့် သူ၏အိပ်ခန်းတွင်းမှထွက်ခါ အောက်ထပ်ဧည့်ခန်းသို့ဆင်းလာခဲ့လိုက်သည်။လှေကားရင်းကိုရောက်တော့ ဒေါ်မေတင်ကသူမ၏အမေဆီကို ဖုန်းပြောနေသည်။

“ဟုတ်ကဲ့ အမေ အမေ့မြေးက အခုမှ ရန်ကုန်ကထွက်လာမှာ”

“ေဩာ် မေတင်ရယ်အခုမှ ကလေးကိုလွှတ်တော့ ငါ့မြေးလေးလမ်းမှာ မိုးချုပ်မှာပေါ့ မနက်ကျမှပဲလာခိုင်းလိုက်တော့”

“အမေကလည်း အမေ့မြေးအကြောင်းလဲသိရဲ့သားနဲ့ သူကအခုလုပ်စရာရှိတဲ့အလုပ်ကို နက်ဖြန်ခါရွေ့တာမဟုတ်ဘူးလေ”

“ဟဲ့ ဒါတော့ဒါပေါ့လေ တော်ကြာငါ့မြေးလေး ညဖက်ကားမောင်းရင်အန္တရာယ်များမှာစိုးလို့ ကဲပါအေငါ့မြေးလေးအနားမှာရှိလား ဖုန်းပေးလိုက်ငါပြောမလို့”

ဒေါ်မေတင်က အနားတွင်ရပ်နေသော သားငယ်လင်းရှိန်ခန့်ကို ပြောလက်စဖုန်းအားပေးလိုက်သည်။တဖက်မှဖွားအေ၏အသံကိုလင်းရှိန်ခန့်ကြားလိုက်ရသည်။

“အေး မြေးလေး မနက်မှပဲလာတော့လေ အချိန်မရှိတော့ဘူးကွဲ့”

“အာ ရပါတယ် ဖွားရဲ့ သားအခုပဲထွက်လာတော့မှာ”

” အမြန်လမ်းရောက်ရင်မိုးချုပ်မှာစိုးလို့ပြောတာမြေးရဲ့ တော်ကြာမြေးကားမောင်းရတာခက်နေမှာစိုးလို့”

“ကဲပါဖွားရယ် ဘာမှစိတ်မပူပါနဲ့ သားဖြေးဖြေးပဲမောင်းမှာပါ”

“အေး အေး ဒါဖြင့်လဲပြီးရော ဖွားစောင့်နေမယ်”

လင်းရှိန်ခန့်လည်း ခရီးသွားခါနီး မိခင်ဒေါ်မေတင်ကိုကန်တော့လိုက်သည်။သားငယ်၏ခေါင်းမှဆံစလေးများကို လက်နှင့်သပ်၍လမ်းခရီးတွင်အန္တရာယ်ကင်းစေရန် ဒေါ်မေတင်ကမေတ္တာပို့လိုက်သည်။
မကြာမီပင် ရွှေတောင်ကြားရပ်ကွက်ရှိခြံဝန်းကျယ်ကြီးအတွင်းမှလင်းရှိန်ခန့်ကိုယ်တိုင်မောင်းသွားသောချောကလက်ရောင်တောက်နေသော ပြိုင်ကားလှလှလေးတစီးမောင်းထွက်သွားလေတော့သည်။

××××××××××××××××××××××
ချောကလက်ရောင်ပြိုင်ကားလေးက ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းနေရာမှ ဗဟန်းဘက်ကိုကွေ့သွားပြီး လမ်းမကြီးအတိုင်းဆက်သွားလိုက်တော့ မကြာမီမြေနီကုန်းကိုရောက်လာသည်။
ရှေ့မှာ ပိတ်နေသောကားတန်းကြီးကိုကြည့်၍ လင်းရှိန်ခန့်စိတ်ပိန်သွားသည်။ဒီတိုင်းသာဆိုရင်ဖြင့်မြို့တွင်းမှာပင်မိုးချုပ်သွားနိုင်သည်။လက်ကနာရီကိုကြည့်တော့ ညနေ၅နာရီပင်ထိုးတော့မည်။
လင်းရှိန်ခန့်တွေဝေမနေပဲ ရောက်လက်စနေရာမှ ကားကိုပြန်ကွေ့၍ ဘေးမှရှိသော လမ်းသွယ်လေးအတွင်းကို ချောကလက်ရောင်ပြိုင်ကားလေး၏ခေါင်းကို ဦးတည်လိုက်သည်။
ဒီလမ်းလေးကား ရန်ကုန်မြို့ကြီးအတွင်းမှမြို့ပြင်ကို အမြန်ဆုံးနီးနှင့်ရောက်နိုင်သော တခုတည်းသောဖြတ် လမ်းလေးပင်ဖြစ်သည်။ထိုလမ်းလေး၏ဝဲယာနှစ်ဖက်တွင် ရှိနေသော ရပ်ကွက်ငယ်လေးများကိုတရိပ်ရိပ်ဖြတ်ကျော်လာခဲ့ပြီး မကြာမီပင်

အိမ်ခြေများတဖြည်းဖြည်းကျဲလာကာ စိမ်းစိုလတ်ဆတ်နေသော လယ်ကွင်းပြင်စိမ်းစိမ်းတွေကိုတွေ့လာရသည်။လမ်းလေး၏အဆုံးမတော့ လင်းရှိန်ခန့်ရောက်ချင်နေသောရန်ကုန်မြို့အထွက်ကိုရောက်လာခဲ့ပေပြီ။
မြို့ပြင်ရောက်သည်နှင့် လီဘာကိုအစွမ်းကုန်တင်လျက် ပြိုင်ကားလေးကိုလေးညို့မှလွှတ်လိုက်သော မြားလေးတစင်းလို စိတ်ရှိတိုင်း မောင်းနေမိတော့သည်။
ရှေ့တွင်အမြန်လမ်းပေါ်ကိုရောက်တော့မည်ဖြစ်၍ ကားကိုစက်ရှိန်ထပ်မြှင့်လိုက်သည်။ဒိုင်ခွက်ကိုကြည့်တော့ မိုင်120ကိုညွန်ပြနေသည်၊ပြိုင်ကားလေးက အမြန်လမ်းပေါ်ရိပ်ကနဲရိပ်ကနဲ သွားနေရင်း မိုင်တိုင်160ကိုရောက်လာတော့ ထူးဆန်းစွာပင် ရှေ့မှာ မြူနှင်းများပိတ်ကာနေပေပြီ။လင်းရှိန်ခန့် ကားရှေ့မှနှင်းခွဲမီးသီးကြီးကိုဖွင့်၍ သွားနေသောကား၏အရှိန်ကိုလည်း သိသိသာသာလျော့ချလိုက်သည် ။

အမြန်လမ်းပေါ်တွင် ကားဆို၍ သူ့တစီးတည်းသာဖြစ်သည်။မြူမှုန်မြူနှင်းများကြားတွင် ကားလေးကိုသတိကြီးစွာထား၍မောင်းနေရသည်။လက်မှနာရီကိုကြည့်လိုက်တော့ ညနေ၆နာရီပင်ခွဲတော့မည်။လင်းရှိန်ခန့်ရှေ့ကိုကြည့်၍ဂရုတစိုက်မောင်းနေရင်း နှုတ်မှတီးတိုးရေရွတ်မိသည်။

“ဒီနားရောက်မှ မြူတွေဘာလို့ဒီလောက်ကျနေတာလဲ ပြီးတော့ဆောင်းတွင်းလဲမဟုတ်ပါဘူး”

ရှေ့တူရှုရှိ နှင်းခွဲမီးရောင်အောက်တွင် အုံ့ဆိုင်းနေသောခရေပင်ကြီးအောက်မှ မိန်းမငယ်လေးတယောက်က သူ့ကားကို လှမ်းတားနေသည်။အချိနိကိုကြည့်တော့မှောင်နေပြီ ဒီလိုအချိန်မှာမှ မိန်းကလေးတယောက်ထဲ လမ်းပေါ်တွေ့လိုက်ရတော့ လင်းရှိန်ခန့်အံ့ဩမိသည်။
ပြိုင်ကားလေးကို သူမအနီး၌ရပ်ပေးလိုက်ပြီး ကားမှန်ကိုချ၍ကြည့်လိုက်တော့ အလွန်လှသောမိန်းကလေးတယောက် ဆိုသည်ကိုသတိပြုမိသည်။
အသက်အားဖြင့် ၂၀ကျော်လေးသာ ရှိမည်ဟုခန့်မှန်းမိသည်။မိန်းကလေး၏ ရုပ်ရည်သည် မဟာဆန်လှပေသည်။မဲနက်သောစင်ရော်တောင်ပံမျက်ခုံးတို့အောက်မှ ကြည်လဲ့နေသောမျက်ဝန်းတစုံသည် တခုခုကိုလွမ်းဆွတ်နေသလိုရှိသည်ကိုတော့ လင်းရှိန်ခန့်သတိပြုမိသည်။စွဲမက်ဖွယ်အရှိဆုံးက သူမ၏ဆေးချယ်ထားခြင်းမရှိသော နှင်းဆီရောင်နှုတ်ခမ်းဖူုးလေးများပင်။မိုးပြာရောင်ဂျင်းပျော့ကုတ်လေးနှင့်အသားကပ်နေသောမိုးပြာရောင်ဂျင်းဘောင်းဘီရှည်တို့အောက်ရှိ ခြေတစုံ၌ ဝေါကင်းရှုးအဖြူရောင်လေးနှင့် လှလွန်းသည်။သူမ၏ပုခုံးထက်၌လည်းကျောပိုးအိတ်ပန်းရောင်လေးကိုလွယ်ထားလိုက်သေးသည်။လင်းရှိန်ခန့် မိန်းမငယ်လေးကိုကြည့်၍ မေးလိုက်သည်။

“ညီမ ဘာအကူအညီလိုလို့လဲ?”

“ဟုတ်အကို ဟိုညမကို တခုလောက်ကူညီပါ အကိုဒီကနေဆက်မောင်းသွားရင် ဇေယျသီရိလမ်းကိုတွေ့လိမ့်မယ်”

“အဲ့တော့ ”

“အဲ့ဒါအကိုက အဲ့လမ်းထဲကိုဝင်ပြီး ညီမရဲ့ချစ်သူကိုသွားပြောပေးပါ သူ့ကိုညီမဒီမှာစောင့်နေတယ်လို့”

“အော် ညီမရယ် အကိုကညီမချစ်သူကို လည်းမတွေ့ဖူးဘူးလေ အဲ့တော့အကိုကဘယ်လိုသိမှာလဲ ညီမပဲလိုက်ပြပါလား ပြီးတော့သူနဲ့တွေ့ပြီး ပြောကြပေါ့”

“ညီမလိုက်လို့မရဘူး အကို ညီမကဒီနားကနေ ဘယ်မှသွားလို့မရလို့ပါ”

“ဘာဖြစ်လို့လဲ ညီမရဲ့ အကို့ကိုယုံရင် ကားပေါ်တက်ပါ ပြီးတော့ ဒီလိုအချိန်ကြီး လမ်းပေါ်မှာ မိန်းကလေးတယောက်ထဲအန္တရာယ်ရှိနိုင်တယ်လေ”

“ရတယ် အကို ညီမကသူ့ကို ဒီနားမှာပဲ တွေ့မယ်ပြောထားလို့ပါ ပြီးတော့ သူနဲ့ညီမက ခိုးရာလိုက်ပြေးဖို့ချိန်းထားတာ”

“ေဩာ် သဘောပေါက်ပါပြီ ညီမနံမည်နဲ့ ညီမချစ်သူရဲ့နံမည်ကို ပြောလေ အကိုသွားပြောပေးမယ်”

“ဟုတ် အကို ညီမနံမည်က ဆောင်းဝတ်လွှာ ညီမချစ်သူနံမည်က အုပ်စိုးမောင်ပါ”

“အင်း အင်း အဲ့ဒါဆိုအကိုသွားပြောပေးပါမယ် ”

“ကျေးဇူးပါအကို ညီမကိုခွင့်ပြုပါအုံး”

ဆောင်းဝတ်လွှာက ပြောပြီး မြူမှုန်နှင်းများကြားကိုတိုးဝှေ့ဝင်ရောက် ပျောက်ကွယ်သွားသည်။လင်းရှိန်ခန့်လည်းသူမကိုညြ့်ပြီး ခေါင်းရမ်းမိသည်၊ သူမ၏ချစ်သူဆိုတဲ့ အုပ်စိုးမောင်ဆိုတဲ့သူုကိုလည်းဒေါသထွက်မိသည်။ ကိုယ့်ချစ်သူကို အခုလိုညဖက်ကြီးမှာဘာဖြစ်လို့ စိတ်ချစွာစောင့်ခိုင်းရတာလဲ?တကယ်ဆို သူကယောက်ကျာင်္်းလေးပဲ ခိုးရာလိုက်ဖို့ကို ဦးဆောင်နိုင်ရမှာပေါ့ သူနဲ့သာနေရာခြင်းလဲလိုက်ချင်သည်။
တွေးရင်းနှင့်လင်းရှိန်ခန့်ပြုံးမိသွားပြီး နေရာမှပြိုင်ကားလေးကို ပြန်လည်ထွက်ခွာခဲ့သည်။
ထိုအချိန်မှာပင် လင်းရှိန်ခန့် လက်ကိုင်ဖုန်းမှ အသံမြည်လာသဖြင့်ကြည့်လိုက်တော့သူ၏အဖွားဖြစ်နေလေသည်။

“ဟယ်လို အဖွား သားအခုရောက်တော့မယ် ”

“အေး အေး မြေးလေးအဖွားစိတ်ပူလို့ အခုငါ့မြေးဘယ်နားရောက်နေပြီလဲ?”

“ဟုတ် ကဲ့အဖွား ခုပြင်ဦးလွင်ကိုဝင်လာပြီ နောက်နာရီဝက်ဆို ဖွားဆီရောက်ပြီ”

“အေးပါကွယ် အဲ့ဒါဆိုအဖွား ခြံတံခါးဖွင့်ပြီး အိမ်ပြင်မှာ ထွက်စောင့်နေမယ် ဟုတ်ပြီလား ”

“ဟုတ်အဖွား အဲ့ဒါဆို ဒါပဲနော်”

ပြောပြီးလင်းရှိန်ခန့်ကဖုန်းချသွားတော့ ဒေါ်ကြိုင်လည်း မတွေ့တာကြာပြီဖြစ်တဲ့မြေးလေးကို မကြာမီတွေ့ရတော့မည်ဖြစ်လို့ သူမြေးကြိုက်တတ်သော ရှမ်းခေါက်ဆွဲလုပ်ကျွေးရမည်ဟုတွေးကာ အဆင်သင့်ပြင်ထားလိုက်သည်။
×××××××××××××××××××××÷×××××

အလုံးစုံပြင်ဆင်ပြီးတာနှင့် ဒေါ်ကြိုင်လည်း အိမ်တံခါးဖွင့်၍ ခြံထဲကိုဆင်းလာခဲ့လိုက်သည်။ဒီနေ့မှမီးကလည်းပြတ်နေတော့ အိမ်ထဲရော ခြံထဲမှာပါ မှောင်နေသည်။မကြာမီမနက်၄နာရီထိုးတော့မည်ဆိုပေမဲ့လည်း အလင်းရောင်မလာသေးသည့်အတွတ် ဓာတ်မီးကိုယူကာ ခြံတံခါးသွားဖွင့်ဖို့လုပ်လိုက်သည်။
ထိုစဉ် ကားဂိုဒေါင်မှရပ်ထားသောကားက ရုတ်တရက်မီးများလင်းလာပြီး alam အသံမြည်လာသဖြင့် ဒေါ်ကြိုင်လန့်သွားသည်။သူမလည်းသိချင်စိတ်နှင့် ကားနားသွားသည့်နှင့် ကားရှေ့ခန်းတံခါးက ရုတ်ကနဲပွင့်လာပြီး ဆံပင်ဖားလျားချထားကာ မိုးပြာရောင် ဂျင်းပျော့ကုတ်အကျီနှင့်ဘောင်းဘီအရှည်ဝတ်ကာ ဝေါကင်းရှုးဖိနပ်အဖြူလေးစီးထားသော မိန်းမငယ်လေးတဦးဆင်းလာပြီး ကားအောက်ရောက်သည်နှင့် ရုတ်တရက်ထိုင်ချ၍ရှိုတ်ကြီးတငင်ငိုနေသည်ကို တွေ့လိုက်ရသည်။

ဒေါ်ကြိုင်လည်းရုတ်တရက်ကြောင်သွားပြီး သူမခြံထဲကို ဘယ်ကမိန်းကလေးရောက်လာပြီးလာငိုနေသည်ကိုမေးရန်သူမအနီးကိုလျောက်သွားစဉ် အနားရောက်သည်နှင့်ပျောက်သွားသဖြင့် ဒေါ်ကြိုင်တယောက်ခေါင်းနပန်းတို့ကြီးသွားရသည်။ထိုစဉ်မှာပင် ဒေါ်ကြိုင်၏နှာခေါင်းအတွင်းသို့သွေးညှီနံ့လို အနံ့တမျိုးဝင်ရောက်လာပြီး ဂိုဒေါင်တွင်းရှိကားဆီမှ သီချင်းသံလွင့်ပျံ့လာသည်။

#မောင်နဲ့ကျွန်မ… သိပ်ချစ်မိနေတာ…. မောင့်ရဲ့မိဘများက…သဘောမတူနိုင်ပါဘူး…#ကျွန်မ… သိက္ခာလေးများ…စွန်းထင်လို့သွား…#

ဒေါ်ကြိုင်ကားနားကိုရောက်သွားပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ ကားကတ်ဆတ်မှထွက်နေသော သီချင်းသံက အလိုအလျောက်ပြန်ပိတ်သွားသည်။
သူမလည်း မကြုံစဖူး ထူးဆန်းနေသောကြောင့် ဘာများဖြစ်သလဲဟုတွေးနေတုန်းမှာပင် မီးများပြန်လာသည့် အတွတ်အိမ်တွင်းမှာရော ခြံတွင်းမှာပါ ထိန်ထိန်လင်းသွားတော့သည်။

ဒေါ်ကြိုင်တယောက် သူမအိမ်၏ကားဂိုဒေါင်တွင် ထူးဆန်းစွာဖြစ်ပေါ်နေသည့်အကြောင်းများကို စဉ်းစားနေတုန်းမှာပင် ဟွန်းသံပေး၍ခြံတွင်းဝင်လာသော ချောကလက်ရောင်ပြိုင်ကားလေးကိုတွေ့ပြီး သူမ၏မျက်နှာဝင်းပသွားသည်။ဒီကားလေးက လင်းရှိန်ခန့်အသက်20ပြည့်တုန်းက သူမကိုယ်တိုင်ဝယ်ပေးထားခဲ့သော မွေးနေ့လက်ဆောင်ဖြစ်သည်။
ပြိုင်ကားလေးက ကွန်ကရစ်လမ်းလေးအတိုင်း မောင်းဝင်လာပြီးဆင်ဝင်အောက်တွင် ရပ်တန့်သွားသည်။

ပြိုင်ကားလေး၏ညာဖက်ဘေးတံခါးလေးပွင့်လာပြီး လင်းရှိန်ခန့်ဆင်းလာကာ သူ့အဖွားရပ်နေရာကားဂိုဒေါင်ဆီကို အပြေးလေးလာနေသည်။အနီးရောက်ကာမှ အဖွားဖြစ်သူကိုပွေ့ဖက်၍ ဒေါကြိုင်၏ပါးတဖက်ကို ရွှတ် ကနဲနေအောင်နမ်း၍ စိုးရိမ်သောလေသံနှင့်ပြောလိုက်သည်။

“ဖွားကလည်း အပြင်မှာ ဒီလောက် အေးနေတာကို ဘာလို့ ထွက်နေလဲ တော်ကြာ ဖွားအအေးပက်ရင် ဘယ်လိုလုပ်မလဲ?”
ဒေါ်ကြိုင်က လင်းရှိန်ခန့်ခေါင်းမှ ဆံပင်လေးတွေကို လက်နှင့်ပွတ်၍ပြောလိုက်၏။

“ဖွားမြေးလေးကို ထွက်ကြို နေတာပေါ့ ဖွားက မြေးလေးကိုလွမ်းနေတာ”

“သားကလည်း ဖွားကို လွမ်းတယ်”

“အံမယ် ရန်ကုန်မှာ မအေကိုချွဲပြီး အခုပြင်ဦးလွင်မှာ အဖွားကို လာချွဲနေတာလား?”

” အာ တကယ်လွမ်းတာပါဆို ဖွားကလည်း ”

“ကဲ ကဲ ဟုတ်ပါပြီ မြေးရယ် လာအိမ်ထဲဝင်ရအောင် အထဲမှာ ငါ့မြေးကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ကိုဖွားကိုယ်တိုင်လုပ်ထားတယ်”

“ဟေး ဒါမှ တို့ဖွားဖွားကွ ”

မြေးအဖွားနှစ်ယောက် ကားဂိုဒေါင်အနီးရပ်စကားပြောနေရင်းမှ အိမ်တွင်းကိုဝင်သွားကြသည့်အချိန်တွင် ကားဂိုဒေါင်မျက်နှာကျက်ဆီမှ တွဲလွဲခိုနေသော မီးလုံးသည် ရုတ်တရက်လှုပ်ရမ်းလာပြီး တဂျိဂျိ အသံမြည်ကာ ဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်ကိုတော့ လင်းရှိန်ခန့်နှင့် ဒေါ်ကြိုင်တို့ နှစ်ယောက်စလုံးမသိရှိလိုက်ကြတော့ပေ။
××××××××××××××××××××××××

ညကလင်းရှိန်ခန့် မိုးလင်းခါနီးမှ ပြင်ဦးလွင်ရောက်လာပြီး အဖွားလုပ်ပေးတဲ့ရှမ်းခေါက်ဆွဲစားပြီး ခရီးပန်းလာသည့်အတွတ်တချိုးထည်းအိပ်သွားသည်မှာ အခုနေ့လည် ၂နာရီထိုးမှပင် နိုးလာခဲ့သည်။
အိပ်ယာမှနိုးသည်နှင့် မျက်နှာသစ်ကိုယ်လက် သန့်စင်၍ခြံထဲဆင်းလာခဲ့လိုက်သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ယူကလစ်ပင် အုပ်အုပ်ဆိုင်းဆိုင်းလေးများနှင့် သစ်ခွပန်းရောင်စုံတို့ ဖူးပွင့်နေသော ကြွေပန်းအိုးလေးများကြောင့်အဖွား၏ခြံသည် အလွန်တိတ်ဆိတ် အေးချမ်းလှပေသည်။
ခပ်လှမ်းလှမ်းရှိခြံထောင့်တွင်ရှိနေသော သရက်ပင်အုပ်ဆိုင်းဆိုင်းကြီးအောက်ရှိဒန်းလေးဆီကို လင်းရှိန်ခန့် လျောက်လာခဲ့သည်။
ဒန်းပေါ်တွင်ထိုင်၍ ခန္ဓာကိုယ်နှင့်လှုပ်ရမ်းနေလိုက်ပြီး နောက်မှီပေါ် ခေါင်းတင်၍ မျက်လုံးကိုမှိတ်ကာ ပတ်ဝန်းကျင်၏တိတ်ဆိတ်မှု့နှင့် သစ်ခွရနံ့လေးများဆွတ်ပျံ့ပါဝင်နေသော လေနုအေးလေးများ၏ ပွေ့ဖက်ကျီစယ်မှု့တို့ကို လင်းရှိန်ခန့်ခံစားနေလိုက်သည်။
ထိုစဉ်သူ၏နှာခေါင်းတွင်းကို သစ်ခွပန်းနံ့တို့၏ မွှေးပျံ့မှု့ပျောက်ပြီး လူရဲ့သွေးညှီနံ့စူးစူးဝါးဝါးကြီးတိုးဝင်လာသည်။အနံ့ကြီးကပို၍ပြင်းထန်လာပြီး ပိတ်ထားသောမျက်လုံးတို့ကို လင်းရှိန်ခန့် ဖွင့်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည့်အခါ သူထိုင်နေရာနှင့် ကပ်နေသော ကားဂိုဒေါင်တွင်းမှ သွေးများစီးလာသည်ကို ထိတ်လန့်စွာတွေ့လိုက်ရသည်။

စူးစမ်းစိတ်နှင့်နေရာမှထသွားပြီး ကားဂိုဒေါင်တံခါးကိုဖွင့်လိုက်သည့်အခါ ခုဏကမှမြင်ရသော သွေးစီးကြောင်းကြီးကိုမတွေ့ရတော့ပဲ အတွင်း၌ နောက်ဆုံးပေါ် လင့်ခရူဆာ ကားအဖြူကြီးကိုတွေ့လိုက်ရသည်။
လင်းရှိန်ခန့်လည်း ကားဂိုဒေါင်တွင်း ဘာမှမထူးခြားပဲပြန်ထွက်မလို့ပြင်စဉ်သူ၏ အကြည့်က လင့်ခရူဆာ ကား၏ ရှေ့ဘန်ဘာပေါ်တွင် သွေးလိုိုလိုညစ်ထေးထေးအရာများကို သတိပြုမိသွားပြီး ကား၏ဘန်ဘာသည်တခုခုနှင့် တိုက်မိထားသလို ပိန်ချိုင့်နေသည်ကိုပါတွေ့လိုက်ရတော့သည်။
ဒီကားက အဖွားဒေါ်ကြိုင် အပြင်ကိုသွားလာစရာရှိက အသုံးပြုရန်အတွတ်ထားခြင်းဖြစ်သည်။
ကားဝယ်ပြီးခါစတုန်းက ဒရိုင်ဘာရှာရတာ အဖွားအတွတ်အလုပ်ပိုခဲ့သည်။နောက်တော့ လင်းရှိန်ခန့်က ရန်ကုန်မှာရှိသော သူ၏ကုမ္ပဏီ ယာဉ်မောင်းများထဲမှ အသက်အကြီးဆုံးနှင့် အသောက်အစားကင်းကာ ရိုးသားသော ဦးမောင်ကြီးကို အဖွား၏ကားအားမောင်းရန် ကုမ္ပဏီမှာသူလက်ရှိရနေသော လစာထက်နှစ်ဆခန့်မျှပိုပေးကာ ပြင်ဦးလွင်ကို လွှတ်လိုက်ခြင်းဖြစ်သည်။ဦးမောင်ကြီးက ကားမောင်းတဲ့နေရာမှာ စိတ်ရှည်ပြီးစည်းစနစ်ရှိသည့်အတွတ် ယာဉ်တိုက်မှု့ဖြစ်သည်ကို တခါဖူးမျှမကြားခဲ့ပေ။ အခုတော့ လင့်ခရူဆာ ကားဘန်ဘာကဘာကိုဝင်တိုက်ထားသည့်အတွတ် အခုလို ပိန်ချိုင့်နေရသည်ကို သိလို သဖြင့် ခြံတွင်း၌ သစ်ပင်ရေလောင်းနေသော မာလီဖိုးပိန်အား လင်းရှိန်ခန့် သွားမေးလိုက်သည်။

“ဖိုးပိန် ဦးမောင်ကြီး ဘယ်သွားလဲ သူ့အဆောင်မှာ မတွေ့ဘူး”

“ဟုတ်တယ် အကိုလေး လွန်ခဲ့တဲ့ နစ်ရက်ကပဲ ခွင့်တပတ်ယူမယ်ပြောပြီး မေမေကြီးကိုပြောသွားတယ်”

“ဟုတ်လား ဘယ်သွားမယ် ပြောသွားသေးလဲ?”

“အဲ့ဒါတော့မသိဘူး အကိုလေး မေမေကြီးတော့သိမှာပေါ့”

ဖိုးပိန်နှင့်လင်းရှိန်ခန့်တို့ စကားပြောနေသည့် အချိန်မှာပဲ အနောက်မှ အဖွားဒေါ်ကြိုင်၏အသံကိုကြားလိုက်ရသည်။

“ဟုတ်တယ် မြေးလေး မောင်ကြီးက အဖွားဆီမှာ ခွင့်တင်သွားတယ် ဘာတဲ့သူ့သမီးလေးနေမကောင်းဖြစ်နေလို့ ခွင့်တပတ်လောက်ပေးပါဆိုပြီး သူ့အိမ်ပြန်သွားတယ် ဘာဖြစ်လို့လဲမြေးရဲ့”

“ေဩာ် တခြားတော့ မဟုတ်ပါဘူးဖွားရဲ့ ဂိုဒေါင်ထဲက ကားကလေ တခုခုနဲ့ တိုက်မိထားတဲ့ပုံဖြစ်နေလို့ အဲ့ဒါမေးမလို့ပါအဖွား”

“ဟုတ်လား အဖွားတောင် သတိမထားမိဘူး ဒီကောင်ကားမောင်းတာစည်းကမ်းရှိတဲ့လူပါ ဘာနဲ့တိုက်မိပါလိမ့်”

“ကဲပါဖွားရယ် သားနောက်မှပဲ မေးလိုက်ပါမယ် အဖွားစိတ်ရှုပ်မခံပါနဲ့ အခုတော့ သားဗိုက်ဆာလို့”

“အေးပါမြေးရယ် အေးပါ အိမ်ထဲမှာ ထမင်းဟင်းတွေ အဆင်သင့်ဖြစ်ပါပြီ ငါ့မြေးကြိုက်တဲ့ ငါးရံ့အူဟင်းလေးကို ဆီပြန်ချက်ထားတယ်”

“ဟာ အသံကြား ရုံနဲ့ဗိုက်ကဆာလာပြီ သားသွားစားတော့မယ်”

လင်းရှိန်ခန့်က ပြောပြီး အိမ်ထဲဝင်သွားတော့သည်။ဒေါ်ကြိုင်လည်းမြေး၏ကျောပြင်ကို ကြည့်၍ပြုံးနေလေသည်။ထို့နောက် အနားတွင် ပန်းပင်ရေလောင်းနေသော ဖိုးပိန်အား ခြံထောင့်ရှိ သစ်ခွ အိုးများကို အရိပ်ရသော နေရာကိုရွှေ့ထားရန် စေခိုင်းလိုက်လေတော့သည်။
××××××××××××××××××××××××××××
ပြင်ဦးလွင်၏ညသည် မေးခိုက်ခိုက်တုန် အရိုးကွဲမတတ်အေးလှသည်မဟုတ်ပဲ ချမ်းစိမ့်စိမ့်လေးနှင့် ပြတင်းပေါက်မှ တိုးဝင်လာသော လေနုအေးတို့ကြောင့် လင်းရှိန်ခန့်တယောက်ပြတင်းတံခါးထပိတ်ရန် ကုတင်ထက်ဆီတွင် မိုဘိုင်းဂိမ်းကစားနေရာမှ အောက်ကိုဆင်းလိုက်သည်။
ခုတင်ခေါင်းရင်းရှိ ပြတင်းတံခါးအားပိတ်မလို့ပြင်လိုက်စဉ် သူ၏မျက်လုံးအကြည့်က ခြံထောင့်သရက်ပင်အောက်တွင်ရှိသော ကားဂိုဒေါင်ဆီအကြည့်ရောက်သွားသောအခါ ဂိုဒေါင်ရှေ့တွင်ထွန်းထားသော ၄၀ ဝပ်အားမီးသီး၏ အလင်းရောင်အောက်တွင် မိန်းမငယ်တယောက်သည် သူ့အခန်းဖက်ကိုကျောပေးကာထိုင်နေပြီး တသိမ့်သိမ့် ငိုရှိုက်နေသည်ကို တွေ့လိုက်ရသည်။
လင်းရှိန်ခန့်် လည်းသူ့အဖွားခြံအတွင်း၌ ညကြီးအချိန်မတော် တွေ့ရသော မိန်းမတယောက်ကြောင့် ရုတ်တရက်ခေါင်းနပန်းကြီးသွားလေသည်။ပြီးမှ သူ၏ကြောက်တတ်သောစိတ်ကို အသာထိန်း၍ ထိုမိန်းမပျိုအား သေချာကြည့်သောအခါ သူပြင်ဦလွင်လာသည့်ညက အမြန်လမ်းပေါ်တွင် တွေ့ရသော ဆောင်းဝတ်လွှာဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

လင်းရှိန်ခန့်လည်း ရုတ်တရက် ဝမ်းသာသွားပြီး ခြံတွင်းကို ဆင်းလာသောအခါတွင် သူ့ကိုကျောပေး၍ ငိုနေသော ဆောင်းဝတ်လွှာသည် မနေ့ညက သူတွေ့ခဲ့ရသည့် အဝတ်အစားအတိုင်းပင်ဖြစ်သည်။
လင်းရှိန်ခန့် သူမအနားကိုရောက်သည်နှင့် ဆောင်းဝတ်လွှာက သူ့ဖက်ကို ရုတ်တရက် လှည့်ကြည့်သည့်အခါ လင်းရှိန်ခန့်တကိုယ်လုံးကြက်သီးမွှေးညင်းများထလျက် သူ့ခေါင်းထက်မှဆံပင်မွှေးများပင် ထောင်သွားရသည် ။
အဘယ့်ကြောင့်ဆိုသော် သူမ၏မျက်နှာသည် မနေ့ညက အမြန်လမ်းပေါ်တွင်တွေ့ခဲ့ရသလို ချောမောလှပမှု့ဟူသည် တစက်ကလေးမျှမရှိတော့ပဲ ပြည့်ဖောင်းနေသောပါးလေးနှစ်ဖက်သည် လူသေကောင် တဦးကဲ့သို့ အတွင်းကိုချိုင့်ဝင်နေလျက် ကြည်လဲ့တောက်ပသောမျက်ဝန်းနက်နက်တို့သည် ရေတွင်းကဲ့သို့ အတွင်းကို ချိုင့်ဝင်နေပြီး မျက်ဆံဟူ၍လုံးဝမရှိတော့ပဲ မျက်သားဖြူဖြူကြီးကိုသာ တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

လင်းရှိန်ခန်ူ့ကြည့်နေတုန်းမှာပင် ဆောင်းဝတ်လွှာသည် ထိုင်နေရာမှထလာကာ သူ့ထံကို ခေါင်းကြီးကိုစောင်း၍ လျောက်လာပြီး အနီးကိုရောက်သည်နှင့် မသတီစရာကောင်းသောအသံကြီးနှင့်ပြောလိုက်သည်။

“ရှင် ဂတိမတည်ဘူး ကျွန်မချစ်သူကို သွားပြောပေးမယ်ဆိုပြီး မပြောဘူးပေါ့ ဟုတ်လား”

“ဟို ဟို ဟို ဆောင်းဝတ်လွှာ ကျွန်တော်မေ့သွားလို့ပါ”

” ဘာမေ့တာလဲ ရှင်ကျမချစ်သူကို သွားမပြောပေးလို့ ကျမ အဲ့ဒိနားကနေ ဘယ်မှ သွားလို့မရဘူး ”

“ဒါထက်နေပါအုံး မင်းက ဆောင်းဝတ်လွှာရော ဟုတ်ရဲ့လား ငါတွေ့ခဲ့တဲ့ဆောင်းဝတ်လွှာက အရမ်းလှတာ”

“သိပ်ဟုတ်တာပေါ့ ငါအခုလို ဘဝရောက်ရတာ ရှင့်အဖွားအိမ်က ဒရိုင်ဘာက ငါ့ကိုကားနဲ့တိုက်သွားလို့ ငါ အဲ့ဒိလူကို မကျေနပ်ဘူး….မကျေနပ်ဘူး….မကျေ…နပ်ဘူး”

ဆောင်းဝတ်လွှာ၏ လူသေမျက်နှာကြီးသည် လင်းရှိန်ခန့်မျက်နှာအနီးသို့ ပူးကပ်လာပြီး အပုပ်နံ့များလှိုင်လှိုင်ထနေသော ပါးစပ်ကြီးကိုဟလျက် စူးဝါးစွာ အော်လိုက်သည်နှင့် လင်းရှိန်ခန့်လည်း ကုတင်ထက်ဆီအိပ်နေရာမှ ကြောက်လန့်စွာအော်၍ လန့်နိုးလာခဲ့သည်။

“အား….” ”ဟင် ငါ ငါ အိမ်မက်မက်နေတာပဲ အိမ်မက်ထဲမှာ ဆောင်းဝတ်လွှာ သူ သူ ဒါ ဒါဆို ဦးမောင်ကြီးက ကားနဲ့တိုက်မိလို့ သေသွားပြီပေါ့ မဖြစ်ဘူး မဖြစ်ဘူးဒီကိစ္စကို ဖွားကိုပြောပြပြီး ဦမောင်ကြီးကိုပြန်ခေါ်ရမယ်”

လင်းရှိန်ခန့်အိပ်ယာမှထလာပြီး နှုတ်ခမ်းတို့ ခြောက်ကပ်နေသဖြင့် ရေခဲသေတ္တာတွင်းမှ အေးစက်နေသောရေဗူးကိုထုတ်၍ ဖန်ခွက်တွင်းထည့်ကာ သောက်လိုက်မှပင် အနည်းငယ်ရင်အေးသွားရသည်။
×××××××
မနက်ရောက်သည်နှင့် လင်းရှိန်ခန့် အဖွားဒေါ်ကြိုင်ကိုဦးမောင်ကြီးနှင့်ပက်သက်၍ အသိပေးစရာအချို့ကိုပြောပြ၍ခြံတွင်းမှ သူ၏ပြိုင်ကားလေးကိုမောင်းထွက်ခဲ့သည်။ဆောင်းဝတ်လွှာပြောသော အမြန်လမ်းအနီးတဝိုက်၌ရှိသော ဇေယျသီရိလမ်းဆိုသည်ကို လိုက်ရှာနေမိသည်။
အမြန်လမ်းပေါ်ရှိ မိုင်တိုင် ၁၆၀အနီးကိုရောက်ခဲ့ပြီး ဘယ်ဖက်တွင် လမ်းသွယ်လေးတခုကိုတွေ့ရကာထိုလမ်းလေး၏အဝင်ဝ၌ဇေယျသီရိလမ်းဟုရေးထားသဖြင့်ကားကိုမောင်းဝင်ခဲ့လိုက်လေသည်။လမ်းသွယ်လေးအဆုံးထိရောက်သွားပြီး လူနေရပ်ကွက်များကို တွေ့လိုက်ရသည်။လင်းရှိန်ခန့်လည်းရပ်ကွက်ထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ကားကိုခေတ္တရပ်လိုက်ပြီးကားပေါ်မှဆင်း၍ ဆိုင်လေးထဲကိုဝင်ကာထောင့်တွင်လွတ်နေသောစားပွဲတလုံးတွင်ဝင်ထိုင်လိုက်သည်။
သူထိုင်သည်နှင့် စားပွဲထိုးလေးက အနီးကိုရောက်လာပြီးမေးလိုက်သည်။

“အကို ဘာသုံးဆောင်မလဲဗျ”

“အေး ညီလေး ပုံမှန်တခွက် ဖျော်ပေးကွာ အချိုပေါ့ပေး”

“ဟုတ် အကို”

စားပွဲထိုးလေးက ယဉ်ကျေးစွာပြောပြီး လှည့်ထွက်သွားသည်။နောက်တခေါက်လက်ဖက်ရည်လာချပေးတော့ လင်းရှိန်ခန့်က သူသိချင်တာကို စားပွဲထိုးလေးကို မေးလိုက်သည်။

“ညီလေး ခဏကွာ ဒီရပ်ကွက်မှာ အုပ်စိုးမောင်ဆိုတာကို သိလား?”

“သိတယ်အကို ဒီကနေကြည့်ရင် ဟိုမှာမြင်နေရတဲ့ အမိုးအပြာလေးနဲ့အိမ်က ကိုအုပ်စိုးမောင်တို့အိမ်ဗျ”

စားပွဲထိုးလေး ညွန်ပြရာကို လင်းရှိန်ခန့်ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်လေးနှင့် မနီးမဝေးမှာရှိသော အရိပ်ရအပင်တွေအုပ်ဆိုင်းနေတဲ့ ခေါင်မိုးအပြာရောင် လေးနှင့် အိမ်လေးကိုတွေ့လိုက်ရသည်။
လင်းရှိန်ခန့် လက်ဖက်ရည်ကို လက်စသတ်၍ ပိုက်ဆံရှင်းကာ သူ၏ကားရပ်ထားရာနှင့်သိပ်မဝေးလှသည့်အတွတ် ထိုအိမ်လေးဆီသို့လမ်းလျောက်သွားလိုက်သည်။
အိမ်လေးရှေ့ကိုရောက်တော့ သစ်သားခြံစည်းရိုးလေးမှနေ၍ အတွင်းကို အသံပြုလိုက်သည်။

“ဗျို့ အိမ်ရှင်တို့. အိမ်ရှင်တို့”

“ခြံဝက ဘယ်သူလဲ? ”

ခြံအတွင်းမှ အသက်အားဖြင့် ဆောင်းဝတ်လွှာနှင့် မတိမ်းမယိမ်း ကောင်ချောလေး တယောက်ထွက်လာသည်။ထိုကောင်လေးက လင်းရှိန်ခန့်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ စူးစမ်းစိတ်နှင့်မေးလိုက်ခြင်းဖြစ်သည်။ဆောင်းဝတ်လွှာ ကြွေမယ်ဆိုလည်းကြွေလောက်ပါသည်။ထိုကောင်လေးသည် ကျစ်လစ်သော body ရှိပြီးအဆီပိုဟူ၍ တစက်မှမရှိပဲ သွက်လက်ဖျတ်လတ်ပုံရလေသည်။မျက်ခုံးက မဲနက်၍ မျက်လုံးနှစ်လုံးကြားထိတိုင်အောင်ဆင်းသွားပြီး နှုတ်ခမ်းပါးတို့ကား သွေးရောင်လွှမ်းနေ၍ တခုခုကို လုပ်မည်ဆိုပါက ဖြစ်မြောက်အောင်လုပ်မည့် လူစားမျိုးဟူ၍ ခန့်မှန်းမိသည်။
သို့သော်လည်း ထိုလူငယ်လေး၏ မျက်လုံးတို့သည်ကား အရည်ကြည်လေးများ တလဲ့လဲ့နှင့် တဦးတယောက်ကို လွမ်းဆွတ်နေသည်မှာ သိသာ ထင်ရှားလှသည်။
လင်းရှိန်ခန့်က ထိုလူငယ်လေးကိုကြည့်၍……
“ညီလေးက အုပ်စိုးမောင်လား?”

“ဟုတ် အကို ဘာကိစ္စများရှိလို့ပါလဲ”

“ညီလေး ဟိုနားက လက်ဖက်ရည်ဆိုင်ကို ခဏလိုက်ခဲ့ပါလား ဆောင်းဝတ်လွှာနဲ့ ပက်သက်တာကို အေးဆေးပြောချင်လို့ပါ”

ဆောင်းဝတ်လွှာ ဆိုသော အမည်ကို ကြားလိုက်သည်နှင့် အုပ်စိုးမောင်၏ မျက်ဝန်းများသည် ပိုမိုမှိုင်းညို့သွားပြီးလင်းရှိန်ခန့်နှင့်အတူ သူ၏အိမ်နှင့် မဝေးသော လက်ဖက်ရည်ဆိုင်လေးကိုလိုက်ခဲ့လိုက်သည်။
သူတို့နှစ်ဦး လက်ဖက်ရည်ဆိုင်တွင် ထိုင်မိသည်နှင့် လင်းရှိန်ခန့်က ဆောင်းဝတ်လွှာနှင့် ပက်သက်၍ သူကြုံခဲ့ရသည်များကို အုပ်စိုးမောင်အား ပြောပြလိုက်သည်။
***********
“အဲ့ဒါပဲ ညီလေး အခုဆို ညီလေးချစ်သူက မင်းကိုစောင့်ရင်းနဲ့မကျွတ်မလွတ်ဖြစ်နေရတယ်”

“ကျွန်တော် သူ့ကို နေ့တိုင်းသတိရနေတာဗျ အဲ့ဒိနေ့ကတာ ဝတ်လွှာကို အဲ့နေရာမှာ မစောင့်ခိုင်းခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး အီး ဟင့် ဟင့် ဟီး ”

“ဒါနဲ့နေပါအုံး ညီလေး ဆောင်းဝတ်လွှာကို တိုက်သွားတဲ့ကားသမားကိုရောမိလိုက်လား?”

လင်းရှိန်ခန့် အမေးကြောင့် အုပ်စိုးမောင် ကြေကွဲစွာငိုနေရာမှ အံကို တင်းတင်းကြိတ်၍ တောက်တချက်ကို ပြင်းထန်စွာခေါက်လိုက်လေသည်။

“တောက် ဒီကောင် ဝတ်လွှာကိုတိုက်ပြီး လူမဆန်လို့ ဝတ်လွှာသေရတာ”

လင်းရှိန်ခန့်လည်း အုပ်စိုးမောင်ဆီမှ မထင်ထားတဲ့ စကားတခွန်းကြောင့် နားမလည် နိုင်သလိုဖြစ်သွား၍ ပြန်မေးလိုက်သည်။

“ဘယ်လို ဘယ်လို အုပ်စိုး အဲ့ဒိလူက ဘယ်လိုလူမဆန်တာလဲ?”

“ဘယ်လိုလူမဆန်ရမလဲ အကိုရာ ဒီကောင့်ကားနဲ့တိုက်မိပေမဲ့ ဝတ်လွှာက မသေသေးဘူးဗျ သူသာ လူစိတ်ရှိပြီး အချိနိမှီ ဆေးရုံ ဆေးခန်းပို့ခဲ့ရင် ဝတ်လွှာသေရမှာမဟုတ်ဘူး ဖြစ်ချင်တော့ ကျနော့်ဖုန်းကလည်း အဲ့အချိန်မှ ဘတ္တရီဒေါင်းနေတာ ဝတ်လွှာကျနော့်ဆီ ဖုန်းတွေခေါ်နေပေမဲ့ ကျနော်ဘာမှမသိခဲ့ဘူး ကျနော်ဖုန်းအားသွင်းပြီးပြန်ဖွင့်ကြည့်မှ ဝတ်လွှာခေါ်ထားတဲ့miss callတွေကိုတွေ့ပြီး ကျနော် လိုက်သွားတော့ အဲ့အမြန်လမ်းမှာ ဝတ်လွှာက အသက်မရှိတော့ဘူးလေ”

လင်းရှိန်ခန့် အုပ်စိုးမောင်ဆီမှ မထင်မှတ်ထားသော စကားတို့ကိုကြားလိုက်ရမှ ဒရိုင်ဘာ ဦးမောင်ကြီးကို ပို၍မကျေမနပ်ဖြစ်ရသည်။တကယ်ဆို သူ ဒီမိန်းကလေးကို အချိန်မှီဆေးရုံပို့ပေးခဲ့သင့်သည်။
အခုတော့သူ့ရဲ့လူမဆန်သောလုပ်ရပ်ကြောင့် အပြစ်မရှိတဲ့မိန်းကလေးတယောက် လူ့လောကမှ အပြီးပိုင် ထွက်သွားရပေပြီ။လင်းရှိန်ခန့်အခုအချိန်မှာစဉ်းစားမိသည်က ဆောင်းဝတ်လွှာ သူ့ကို အိမ်မက်ပေး၍ပြောခဲ့သော ဒရိုင်ဘာဦးမောင်ကြီးနှင့်ပက်သက်သည့် အကြောင်းများကိုတော့ အုပ်စိုးမောင်ကို ပြောမပြပဲထိမ်ချန်ထားလိုက်ရသည်။သို့မဟုတ်ပါက အခုချိန် ပြောလိုက်ရင် ဦးမောင်ကြီးအတွတ်မလိုလားအပ်သော ကိစ္စများ ဖြစ်လာနိုင်လေသည်။
ဒီကိစ္စတွေအားလုံးပြီးမှသာ ဦးမောင်ကြီးအား တရားဥပဒေ၏အဆုံးအမကို ခံယူရန်ပြောတော့မည်ဟု လင်းရှိန်ခန့် ဆုံးဖြတ်ထားလိုက်လေတော့သည်။

နောက်နှစ်ရက်နေတော့ ဆောင်းဝတ်လွှာ၏အသုဘကို လင်းရှိန်ခန့် လိုက်ပ ို့ဖြစ်လေသည်။အုပ်စိုးမောင်ကတော့ သူ့ချစ်သူ၏အသက်ကင်းမဲ့နေသော ရုပ်အလောင်းကိုကြည့်၍ ဖြေမဆည်နိုင်တော့ပေ။အခုတော့ အခေါင်းတွင်း၌ ငြိမ်သက်စွာလဲလျောင်းနေသော ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတဦး၏ ရုပ်အလောင်းကိုကြည့်၍ လင်းရှိန်ခန့်လည်းစိတ်မကောင်းဖြစ်ရလေသည်။ထို့ကြောင့်ပင် သူ၏နှုတ်မှ တိုးတိုးလေးဂတိပေးလိုက်လေသည်။

“စိတ်ချသွားပါ ညီမလေးရယ် မင်းကိုသတ်တဲ့ တရားခံကို တရားဥပဒေရဲ့ အဆုံးအမခံရအောင် အကိုကြိုးစားပေးပါမယ်”
လင်းရှိန်ခန့်၏ဂတိစကားကို ဆောင်းဝတ်လွှာက အသိအမှတ်ပြုသည့်အလား သူမ၏ ရုပ်အလောင်းအနီး၌ မတ်တပ်ရပ်၍ ပြံုးပြနေသည်ကို အသုဘပို့သူတွေကြားထဲမှ လင်းရှိန်ခန့်တယောက်သာတွေ့လိုက်ရတော့လေသည်။

××××××××××××××××××××××××××××××××
ည…. တိတ်ဆိတ်လွန်းလှသည် တချက်တချက် အဝေးဆီမှ ခွေးများ၏ အူသံသည် တိတ်ဆိတ်နေသော ညအမှောင်မှာ ခြောက်ခြားဖွယ်ကောင်းလွန်းလှသည်။ဦးမောင်ကြီး တယောက် ခြောက်ခြားမှု့နှင့်အတူ အိပ်မရတဲ့ညတွေ များလွန်းလာတော့ အရက်ကို အဖော်ပြုပေါင်းများလာလေသည်။
အခုလည်း သူ၏အိမ် တွင်ဇနီးနှင့်သားငယ်သမီးငယ်တို့က နှစ်ခြိုက်စွာ အိပ်နေပေမဲ့ သူကတော့ လူတယောက်ကိုကားနှင့် တိုက်မိထဲက သွေးပျက်ခြောက်ခြားစွာထိတ်လန့်မှု့တွေက သူ့အတွတ်နေ့စဉ်နေ့တိုင်းလို ဖြစ်ပေါ်နေတော့သည်။
တုန်ယင်နေသောလက်တို့နှင့် သူရှေ့ရှိအရက်ခွက်ကိုယူကာ ရေပင်မရောတော့ပဲ ဦးမောင်ကြီးတယောက် တကျိုက်ထဲ မော့သောက်လိုက်သည်။
အယ်ကိုဟောက သူ၏လည်ချောင်းတလျောက် မီးစနှင့်ထိုးလိုက်သလိုကို ပူဆင်းသွားသည်။
ထိုအချိန် အဝေးဆီမှ အူနေသော ခွေးလေခွေးလွင့်များသည် တဖြည်းဖြည်းနှင့် သူ၏အိမ်အနီးကို ရောက်လာနေသည်ဟုသိလိုက်ရသည်။
ဦးမောင်ကြီး သူ၏ အိမ်အနီးတွင် ဆူညံနေသော ခွေးအူသံများကိုနားထောင်နေစဉ် သူ၏ ခြံတံခါးသည်တစုံတယောက်ကတွန်းဖွင့်လိုက်သလို ကျီ ကနဲအသံမြည်သွားပြီး အရက်ထိုင်သောက်နေသောသူ့ခေါင်းရင်းဖက် ထရံကို လက်နှင့်ပြင်းထန်စွာပုတ်လိုက်သည့် အသံကိုကြားလိုက်ရသည်။
ဦးမောင်ကြီး ၏မျက်လုံးတို့သည် ဂနာမငြိမ်ဖြစ်လာကာနေရာမှထ၍ ထရံတွင် ထိုးထားသော ဌက်ကြီးတောင်ဓားကိုယူလိုက်ကာ အိမ်ရှေ့တံခါးအားဖွင့်၍ လှေကားမှ အောက်ကိုဆင်းလိုက်သည့်အခါ တွေ့လိုက်ရသောမြင်ကွင်းကြောင့် သောက်ထားသောအရက်များပင် ဘယ်ဆီရောက်သွားမှန်း မသိလောက်အောင် ထိတ်လန့်မိတော့သည်။

သူတွေ့လိုက်ရသည်ကား သူကားနှင့်တိုက်လိုက်သော ကောင်မလေးသည် ဇာတ်ကနောက်ကိုလိမ်နေလျက် ဦးခေါင်းမှသွေးတို့သည် သူမ၏မျက်နှာထက်ဆီသို့စီးကျနေသည်။
ထိုမိန်းကလေးသည် ဦးမောင်ကြီးကို လက်ညိုးထိုးလျက် တုန်ရီ ခြောက်ကပ်နေသော အသံအက်အက်ကြီးနှင့် တလုံးချင်းပြောလိုက်လေသည်။
“ရှင် လူယုတ်မာ ကျမကို မသေသေးပဲ ပစ်ထားခဲ့တယ် ရှင့်ကို မကျေနပ်ဘူး မကျေနပ်ဘူး မကျေ…နပ်…ဘူး…ဟူး…ဟူး….ဟီး…ဟီး…ဟီး”

“ေဩာ် မင်းက သေပြီးလို့ သရဲမဖြစ်နေတာတောင် ငါ့ကို ဒုက္ခလိုက်ပေးနေတယ် ဒီတော့လည်းမင်းကို နှစ်ခါပြန် သတ်ပေးရတာပေါ့ ကဲကွာ”

” ”ဝှစ် ဝှစ် ရွှတ်”

ဦးမောင်ကြီးက သူ၏လက်ထဲမှ ဌက်ကြီးတောင်ဓားနှင့် ဆောင်းဝတ်လွှာ၏ ဝိညဉ်ကို စလွယ်သိုင်း ခုတ်ချလိုက်သော်လည်း လေကိုသာ ခုတ်မိသလို ဖြစ်သွားပြီး အရှိန်လွန်ကာ အနီးတွင်ရှိနေသော ပျဉ်းမပင်ကြီး၏ပင်စည်ကိုသာ ဓားချက်က ကျရောက်သွားသည်။
ဆောင်းဝတ်လွှာလည်း တဟားဟား အော်ရီလျက် ဦးမောင်ကြီး၏နောက်ကို ပြန်ရောက်သွားသည်နှင့် ပျဉ်းမပင်ကြီး၏ ပင်စည်မှ ဓားကို ပြန်ဆွဲ နှုတ်နေစဉ်မှာပင် သူ၏ လက်ကောက်ဝတ်ကို အမှောင်ထဲတွင် ပြောင်လက်နေသော စတီးလက်ထိပ်တခုနှင့် ခတ်လိုက်ခြင်းကို ခံလိုက်ရသည်။

ဦးမောင်ကြီးထိတ်ကနဲဖြစ်သွားပြီး သတိပြုမိတဲ့အချိန်တွင် ရဲအုပ်တယောက်က သူ့အား ခြောက်လုံးပြုးတလက်နှင့်ချိန်၍ အမိန့်ပေးလိုက်သည်။

” ဦးမောင်ကြီး ခင်ဗျားလက်ထဲက ဓားကိုချလိုက်ပါ အမြန်လမ်းပေါ်မှာ လူတယောက်ကို ကားနဲ့တိုက်မှု့နဲ့ ခင်ဗျားကို ဖမ်းလိုက်ပါပြီ”

” ဘာလဲ ကျုပ် ဘယ်သူ့ကိုမှ ကားနဲ့မတိုက်ဘူး ခင်ဗျားတို့မှာ သက်သေရှိလို့လား ကျုပ်ကို အခုပြန်လွှတ်ပေး လွှတ်”

ထိုစဉ် အမှောင်ရိပ်ထဲမှ လူတစု ထွက်လာပြီး ပြောလိုက်လေသည်။ ဦးမောင်ကြီး သတိထားကြည့်လိုက်တော့ လင်းရှိန်ခန့်၊အုပ်စိုးမောင်နှင့် လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေး တို့ပင်ဖြစ်သည်။

“ဒီမှာ ဦးမောင်ကြီး ခင်ဗျားလုပ်ခဲ့တဲ့ လုပ်ရပ်ကိုဝန်ခံလိုက်ပါ ကျုပ်တို့မှာ သက်သေရှိတယ် ကဲညီလေး အဲ့ဒိညက မင်းမြင်ခဲ့ရတာတွေကို အများရှေ့မှာ ပြောပြလိုက်ပါ”လင်းရှိန်ခန့်က စားပွဲထိုးလေးကိုကြည့်၍ပြောလိုက်သည်နှင့် ထိုလူငယ်လေးက ဦးမောင်ကြီးကို သေချာကြည့်၍ အောက်ပါအတိုင်းပြောလိုက်လေသည်။

“ဟုတ်ပါတယ် အဲ့ဒိညက ဒီလူကြီးက မမလေးတယောက်ကို ကားနဲ့တိုက်တဲ့လူပါ မိုင်တိုင် ၁၆၀ နားကခရေပင်ကြီးရဲ့အောက်မှာ မမလေးတယောက်က ကားတစီးလာတာတွေ့လို့ ထွက်တားတာကို ဒီလူကြီးက ကားကို အရှိန်ပြင်းပြင်းမောင်းလာပြီး ဖြတ်တိုက်သွားတာပါ ဒါကိုကျနော် ဆိုင်အတွတ်လိုအပ်တာတွေဝယ်ဖို့ ထွက်လာတုန်းမှာ တွေ့လိုက်တာပါ ကျနော်လည်းကားတိုက်ခံရတဲ့ မမလေးကို အကူအညီပေးမလို့သွားတုန်းမှာ ကျောပိုးအိတ်ပန်းရောင်ထဲကနေ ဖုန်းတလုံးထွက်ကျနေတာ တွေ့တာနဲ့ contact မှာလိုက်ရှာကြည့်တာ အုပ်စိုးမောင်ဆိုတဲ့ နံမည်တလုံးသာ ရိုက်ထားတာတွေ့လို့ ဆက်သွယ်ကြည့်ပေမဲ့ တဖက်က ဖုန်းက ဘယ်လိုမှ ခေါ်မရဘူး အဲ့ဒါနဲ့ကျနော်လည်းဆိုင်ကို ပြန်ပြေးပြီး ရပ်ကွက်ထဲကလူတွေကိုခေါ်ပြီးပြန်လာတော့ ကားနဲ့တိုက်မိတဲ့မမလေးအနားမှာ ဟောဒိအကိုနဲ့ရဲတွေရောက်လာတာပါပဲ ခင်ဗျာ”
လက်ဖက်ရည်ဆိုင်မှစားပွဲထိုးလူငယ်လေးက အုပ်စိုးမောင်ကိုလက်ညိုးညွန်၍ ပြောလိုက်သောအခါ..
ဦးမောင်ကြီးလည်း ခေါင်းငိုက်စိုက်ချသွားတော့သည်။ဒိထက်ခိုင်လုံသော သက်သေဆိုသည်မှာ ရှိမနေတော့ပေ။
သူက လူတယောက်ကို ဘယ်သူမှမမြင်နိုင်ပဲ ကားနှင့်တိုက်ကာထွက်ပြေးခဲ့ပေမဲ့ ဒီလောကကြီးတွင် အမှန်တရားဟူသည် ထောင့်တထောင့် တနေရာရာတွင် အမြဲရှိနေသည်ဆိုတာကိုတော့ ဦးမောင်ကြီးတယောက် လက်ခံလိုက်လေသည်။ ဒါကြောင့် သူ့အနေနှင့် တရားဥပဒေက ပေးတဲ့ အပြစ်ဒဏ်ကိုခံယူရုံမှတပါး အခြားမရှိတော့ပေ။
ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်တို့ခြံရံလျက် ဦးမောင်ကြီးအားလက်ထိပ်ခတ်လျက် ခေါ်သွားတော့သည်။

ထိုအချိန်မှာပင် ဆောင်းဝတ်လွှာလည်း လင်းရှိန်ခန့်၊အုပ်စိုးမောင်နှင့် စားပွဲထိုးလူငယ်လေးတို့ အနီးတွင် ဘွား ကနဲ ပေါ်လာလေသည်။
ဆောင်းဝတ်လွှာသည် လင်းရှိန်ခန့် အိမ်မက်ထဲတွင်တွေ့ရသလို ရုပ်ပျက်ဆင်းပျက်ဖြစ်မနေတော့ပဲ အမြန်လမ်းမပေါ်တွင်သူမနှင့်စတွေ့ခါစထက်ပင် ပိုမိုလှပနေသည်ကို လင်းရှိန်ခန့် သတိပြုမိလိုက်သည်။အုပ်စိုးမောင်လဲ ချစ်သူကို ရုတ်တရက်ပြန်တွေ့ရသည့်အတွတ် သူ၏ရင်မှဖြစ်တည်နေသော ချစ်ခြင်းတို့နှင့်လှိုက်လှဲစွာ ပြောလိုက်လေသည်။

“ဝတ်လွှာ ဝတ်လွှာကို အကို အရမ်းချစ်တယ်”

“ဝတ်လွှာလဲ စိုးကို ချစ်ပါတယ် ဒါပေမဲ့ ဝတ်လွှာ အခုသွားရတော့မယ် အဲ့ဒါကြောင့် စိုးကို လာနှုတ်ဆက်တာ”

“ဝတ်လွှာရယ် စိုးကို ထားမသွားပါနဲ့ ဝတ်လွှာနဲ့ ထပ်ပြီးမခွဲနိုင်တော့ဘူး”

“ဘယ်လိုဖြစ်နိုင်မှာလဲ စိုးရယ် ဝတ်လွှာတို့က ဘဝတွေ ခြားသွားပြီလေ ဒါကြောင့် ဝတ်လွှာမရှိတော့ပေမဲ့ လူ့ဘဝမှာ ကျန်ခဲ့မဲ့စိုးက ဘဝကို အရှုံးမပေးပဲ ဆက်ပြီးကြံ့ကြံ့ခံရင်ဆိုင်ပါ နောင်ဘဝတွေ ဆိုတာရှိခဲ့ရင် ဝတ်လွှာတို့ ဆုံကြဦးမှာပါ”

ဆောင်းဝတ်လွှာက အုပ်စိုးမောင်ကို ပြောပြီး လင်းရှိန်ခန့်ဖက်ကိုငဲ့စောင်း ကြည့်၍ တည်ငြိမ်သော အပြုံးလေးနှင့်ပြောလိုက်လေသည်။

“ဒီက အကိုကိုလည်း ဝတ်လွှာ အရမ်းကျေးဇူးတင်ပါတယ်နော်”

ဆောင်းဝတ်လွှာက ထိုသို့ပြောပြီး သူမရဲ့ခန္ဓကိုယ်သည် လင်းရှိန်ခန့်ကြည့်နေရင်းနှင့် ပိုမိုလင်းလက်တောက်ပလာကာ အခိုးအငွေ့များ အဖြစ်ပြောင်းလဲ၍ ကောင်းကင်ယံကို တလွင့်လွင့်ပျံတက်သွားသည်ကို လင်းရှိန်ခန့်၊အုပ်စိုးမောင်နှင့် စားပွဲထိုးလူငယ်လေးတို့သုံးဦးကပြုံး၍ ကြည့်နေကြပြီး လက်ဝှေ့ယမ်းနှုတ်ဆတ်လိုက်ကြလေတော့သည်။

ဦမောင်ကြီးလည်း ဆောင်းဝတ်လွှာကို ကားနှင့်တိုက်မှု့၊ထွက်ပြေးတိမ်းရှောင်မှု့တို့နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ်၄၀ကျသွားလေသည်။

အခုဆိုရင်ဖြင့် အရာအားလုံးက ပြီးဆုံးခဲ့ပေပြီ။လင်းရှိန်ခန့်လည်း သူ့အဖွား ဒေါ်ကြိုင်ကို နှုတ်ဆတ်၍ ရန်ကုန်ကို ပြန်သွားခဲ့သလို အုပ်စိုးမောင်လည်း သေဆုံးသွားပြီဖြစ်သော သူ့ချစ်သူ ဆောင်းဝတ်လွှာကို ဘဝကူးကောင်းစေရန်ရည်စူး၍ စစ်ကိုင်းချောင်သို့ဝင်ကာ ရာသက်ပန် ဘုန်းကြီးဝတ်သွားတော့သည်။
ချစ်သူအပေါ်ထားမိသော အစွဲအလမ်း စိတ်နှင့်သေဆုံးသွားပြီးချိန်တောင် ဘယ်မှမသွားနိုင်ပဲ အမြန်လမ်းပေါ်ရှိ မိုင်တိုင် ၁၆၀အနီးခရေပင်ကြီးနားတွင်နေကာ သက်ရှိလူသားတို့ကို အကူအညီတောင်းရသော ဆောင်းဝတ်လွှာဆိုသော မိန်းကလေးသည် နောင်သံသရာတွင် ဒီလို အဖြစ်ဆိုးများမှကင်းဝေးပါစေဟု ဦးပဇ္ဖင်းတဖြစ်လဲ အုပ်စိုးမောင်က ဆုတောင်းပေးလိုက်လေသည်။
လောကတွင်ကိုယ်လုပ်သော မကောင်းမှု့သည် ဘယ်တော့မှ ဆိတ်ကွယ်

ရာ မရှိသည်ကို ကျွန်ုပ်တို့လူသားအားလုံး နားလည်ကြလိမ့်မည်ဟု မျော်လင့်မိပါတော့သည်။

ပြီးပါပြီ…

ကဲ စာဖတ်သူတွေရေ အမှားအယွင်းလေးတွေ ရှိရင်လည်း သည်းခံပြီး ဖတ်ပေးပါအုံးနော်….

ရေးသားသူ- ရောင်နီ(ရွှေဥက္ကလာ)

#crd