အပယ်ခံနန်းကြိုင်

*ဘွားမယ်စိန်နှင့်ရွာရဲ့အပယ်ခံနန်းကြိုင် *📖📖📖(စဆုံး)

********************************************

ရွာအမည်သည်ကား ချောင်းဆုံဟုခေါ်ကြ၏။

ထိုရွာ၌ဇာတ်လမ်းအားအခြေတည်ခဲ့လေသည်။

“ဟဲ့ကောင်မ…ဒီကိုလာခဲ့စမ်း။
ဒီမှာငါလုပ်ကိုင်နေတာတွေကိုနင်မမြင်တာလား…ဟမ်…”

“ဟုတ်…လာပါပြီ ဒေါ်ကြီး…”

“ကောင်မ…အစားစားရင်တော့
မသိချင်ယောင်ဆောင်ပြီး မစားဘဲနေလိုက်ပေါ့…။
အလုပ်ကျတော့ ရေသာခိုအချောင်လိုက်လို့
ကောင်းနေလိုက်တာအေ…ဟင်း”

ဒေါ်အေးမာသည် မိဘမဲ့တစ်ယောက်ဖြစ်သော ​ခြောက်နှစ်
အရွယ်တူမဖြစ်သူ နန်းကြိုင်လေးအား ပြောဆိုနေခြင်းဖြစ်သည်။
နန်းကြိုင်လည်း အဒေါ်ဖြစ်သူအားကြောက်ရွံ့ပြီး မီးဖိုထဲရှိ
စဥ့်အိုးထဲသို့ရေခပ်ယူပေးလေသည်။
နန်းကြိုင်လေး၏ ဖခင်ဖြစ်သူနှင့်ဒေါ်အေးမာသည် မောင်နှမတော်စပ်၏။
ဖခင်ဖြစ်သူသည်နန်းကြိုင်လေးမွေးကင်းစအရွယ်တွင်
တောထဲ၌ ပိုးထိကာသေဆုံးသွားခဲ့ရပြီး…။
နန်းကြိုင်၂နှစ်သမီးအရွယ်ရောက်သောအခါ ကျန်ရစ်သော မိခင်ဖြစ်သူအား ထပ်မံ၍ဆုံးရှုံးသွားရရှာသည်။
ပတ်ဝန်းကျင်၏ဝေဖန်မှုကိုမခံနိုင်၍ ဒေါ်အေးမာသည်
နန်းကြိုင်အား
မမွေးစားချင်သော်လည်း မွေးစားထားရ၏။
ဒေါ်အေးမာ၌ ဖိုးပေနှင့် ပူစူးဟုခေါ်သော သားနှင့်သမီးရှိပေသည်။
ဖိုးပေသည် အကြီးဖြစ်ပြီးအသက်အားဖြင့် ဆယ့်သုံးနှစ်အရွယ်ပင်။
ပူစူးသည်က ရှစ်နှစ်အရွယ်ပင်ဖြစ်၏။
ထိုသူတို့ထက်ငယ်ရွယ်သော နန်းကြိုင်လေးကိုသာ ဒေါ်အေးမာအိမ်အလုပ်များစုပြုံခိုင်းစေတတ်သည်။
နန်းကြိုင်လေးခမျာ
သူ့အားအလိုမကျလျှင်လည်း
ဒေါ်အေးမာ၏အရိုက်အနှက်အဆူအဆဲကိုခံရသေး၏။
ထိုသို့ မပျော်ရွှင်ရသည့်ရပ်ဝန်း၌ နန်းကြိုင်နေထိုင်ရင်းမှ…

“ဟဲ့..နန်းကြိုင်…နင်ထွက်ခဲ့…အခုထွက်ခဲ့စမ်း……”

“ရှင်…ရှင်….ဒေါ်ကြီး……….. “

မီးဖိုထဲ၌ ထမင်းအိုးလေးတည်နေရှာသော​ခြောက်နှစ်အရွယ်လေးသည် မျက်နှာထက်၌ အိုးမဲများက
ပေသလူး၍နေလေသည်။
ခြံဝိုင်းထဲမှ အဒေါ်ဖြစ်သူ၏အော်ခေါ်သံကြောင့် ထမင်းအိုးကို အလောတကြီးချကာ အဒေါ်ဖြစ်သူထံသို့ နန်းကြိုင်ပြေးလာခဲ့ရသည်။
ထိုအခါ ခြံဝိုင်းထဲ၌ အဒေါ်ဖြစ်သူနှင့်ရွာထဲမှမိန်းမကြီးတစ်ဦးရောက်ရှိနေသည်ကို နန်းကြိုင်တွေ့လိုက်ရလေသည်။
ထိုသူတို့က သူမအား ဒေါသတကြီးမျက်လုံးများဖြင့်
စိုက်ကြည့်၍နေကြသည်။
ထိုအကြည့်တို့ကြောင့်နန်းကြိုင်ကြောက်ရွံ့နေမိသည်။

“ဒီနားကိုလာခဲ့စမ်း…နန်းကြိုင်…
ဒီမှာနင့်အကြောင်းတွေကို လာတိုင်နေတယ်….
နင်သူ့သားကို တွန်းလှဲပစ်ခဲ့တယ်ဆို…အဲတာဟုတ်သလား”

ဒေါ်အေးမာအမေးအား နန်းကြိုင်
ကြောက်ကြောက်လန့်လန့်ဖြင့်…

“သမီးကို ဒေါ်ကြီး ခိုင်းလို့စျေးသွားဝယ်တာပါ…အဲ့တာလမ်းမှာ ထွန်းကျော်က သမီးကို မိဘမဲ့လေးလာနေပြီဆိုပြီး ခဏခဏလိုက်စနေတာ…
သူစတာကို သမီးဘာမှပြန်မပြောပါဘူးဒေါ်ကြီးရယ်…
ဒါမယ့်လေ သူက သမီးသွားမယ်လမ်းကိုလက်နဲ့တားတားပြီး ကာဆီးနေလို့ သမီးတွန်းလိုက်မိသလိုဖြစ်သွားတာပါ ……”

“အိုအေ…ညည်းကိုငါ့သားကလက်နဲ့တားတာပဲရှိတာ…
ညည်းကငါ့သားကိုတွန်းလှဲပစ်တယ်လေ….
မိုက်ရိုင်းလိုက်တဲ့ကလေးမ…ဒါကြောင့်
မိမရှိ ဖမရှိဖြစ်နေတာ…ပြုစုကျွေးမွေးတဲ့ဟာတွေကလည်း
ဘာသွန်သင်မှုမှမရှိကြတာကိုး…..”

“ကဲ…ကြားသလား. နန်းကြိုင်…နင့်ကြောင့်ငါတ်ို့ပါအပြောအဆိုခံနေရတယ်..အဲ့တော့နင့်အပြစ်နင်သိတယ်နော်…
သွား ကြိမ်လုံးယူခဲ့”

“ဟုတ်…….”

နွားရိုက်ရန်ထားသော ကြိမ်လုံးအား
နန်းကြိုင်သွားယူပေးရသည်။
ထိုကြိမ်လုံးကို ဒေါ်အေးမာကနန်းကြိုင်ဆီမှ ယူလိုက်ပြီး…

“ဒီမှာ…တော့်သားအတွက် ကျုပ်ရိုက်ပေးမယ်…
ဒီလိုဆိုရင်​​တော်ကျေနပ်မလား”

ဟုမေးလေတော့ အစောကအမျိုးသမီးမှခေါင်းငြိမ့်ပြလေသည်။

“ထဘီကိုလှန်ထား”

နန်းကြိုင်သူ၏ထဘီကို လက်ဖြင့်ခြေသလုံးပေါ်အောင်လှန်ပေးထားရသည်။

“ရွှမ်း…….”

“အ….”

“ရွှမ်း…..”

“အ….”

“အသံမထွက်နဲ့….”

“ရွှမ်း…”

“ရွှမ်း ….”

အသံမထွက်နှင့်ဟုပြောလေတော့ နန်းကြိုင် နာကျင်သမျှကို အံကြိတ်ကာနေရသည်။
နန်းကြိုင်၏မျက်နှာအထက်မှာ​တော့ အိုးမဲများ…မျက်ရည်စီးကြောင်းများဖြင့်ရှုပ်ပေလို့နေလေသည်။
အားရအောင်ရိုက်နှက်ပြီးလေတော့ အစောကအမျိုးသမီးလည်းပြန်သွားတော့သည်။
ဒေါ်အေးမာက မတ်တပ်ရပ်နေသေးသော နန်းကြိုင်အား…..

“ငါရွာထဲသွားဦးမယ်…ညည်းနွားစာကျွေးထားလိုက်…
နောက်ပြီး နွားချီးတွေလည်းသေချာကြုံးထားနော်
ကြားသလားငါ​ပြောတာကို”

“ဟုတ်ကဲ့ဒေါ်ကြီး…”

ဒေါ်အေးမာထွက်သွားလေတော့ နန်းကြိုင်လေး ​ထော့နဲ့ထော့နဲ့ဖြင့် သွားရရှာသည်။
ခြေတစ်လှမ်း လှန်းလိုက်လျှင် အသည်းကြွေမတက်နာကျင်နေရှာ၏။
သို့သော်လည်း ခိုင်းသလိုမလုပ်ထားလျှင်ပို၍ရိုက်နှက်မည်ဖြစ်တာကြောင့် နာကျင်မှုကိုအောင့်အီး၍
နန်းကြိုင်လုပ်ကိုင်နေရ ရှာသည်။

***************************

“ဟဲ့…မတိုးတစ်ယောက် မြွေကိုက်ခံရလို့ဆုံးသွားပြီတဲ့အေ့….”

“ဟယ်…ဘယ်လိုဖြစ်ရတာလဲ”

“တို့လည်းမသိဘူးအေ တနေ့ကတောင်တွေ့လိုက်သေးရဲ့”

“ဟဲ့…ဟိုနေ့က မတိုး နန်းကြိုင်အဒေါ်ဆီကို
သွားတိုင်သေးတယ်နော်…”

“အေးလေ…အဒေါ်ကနန်းကြိုင်ကို
မတိုးရှေ့မှာတင်ရိုက်ပြလိုက်တာဆိုပဲ…”

“ဘာဆိုင်ရမှာလဲအေ…မတိုးသေတာ နန်းကြိုင်ကမကျေနပ်လို့ လုပ်လိုက်သလားမှမသိတာ…ကလေးမက မွေးကတည်းကအဖေ…အမေရှိတာမဟုတ်ဘူး…ငါ့အထင်အဲ့ကလေးမလေး
အောက်လမ်းတွေဘာတွေတတ်တယ်ထင်တယ်အေ့”

“အိုတော်…ဟုတ်ပါ့မလား”

“ဟုတ်သမှသိပ်ဟုတ်အေ…
ညည်းတို့ကတော့သိမှာမဟုတ်ဘူး…
အဲ့လိုမွေးရာပါတတ်တဲ့စုန်းမတွေရှိတယ်လို့
ငါကြားဖူးတယ်အေ့”

“ဟင်…ဒါဆို ကြောက်စရာပါလား”

“အေးပါဆိုဟယ်”

“ကြောက်တယ်ဆိုဝေးဝေးသာနေဟေ့…
မဟုတ်ရင်တို့တွေပါ မတိုးလိုဖြစ်ကုန်လိမ့်မယ်”

ထွန်းကျော်၏မိခင် မတိုးတစ်ယောက် မြွေက်ိုက်လို့ဆုံးသွားခြင်းအပေါ်သတင်းများထွက်လာလေတော့သည်။
ရွာထဲ၌ နန်းကြိုင်လေးက အောက်လမ်းပညာများကို
တတ်သယောင်ယောင်ဖြင့် လူပြောများနေလေသည်။

“မိန်းမ…မင်းတူမသတင်းကြားသလားကွဟေ”

“ကျုပ်ကြားပါတယ်တော်…ဒါတော့မဖြစ်နိုင်ပါဘူး…
ကလေးမက ကျုပ်ခိုင်းရင် ကျုပ်ရိုက်ရင်တောင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ဆိုတာ ယောကျာ်းလည်းသိရဲ့သားနဲ့”

“အေးပါကွာ…ငါလည်းမယုံပါဘူး…နောက်များကျရင်
တို့မိသားစုကိုပါ ထိခိုက်လာမှာဆိုးလို့ပြောတာပါကွာ”

“အင်း…တော်ပြောတာလည်းမှန်တာပဲ…
အခြေအနေစောင့်ကြည့်ရသေးတာပေါ့တော်”

ထိုသို့နေရင်းတစ်ရက်၌ ဒေါ်အေးမာတို့မိသားစု လှည်းဖြင့်
မြို့တက်ရန်ပြင်ဆင်ကြသည်။
မြို့ရှိဘုရားစုံ သွားဖူးဖို့ရန် ဖြစ်ကြသည်။
ထိုအခါ…

“ဒေါ်ကြီး…ကျုပ်လည်း လိုက်ချင်တယ်… ကျုပ်ကိုခေါ်သွားပေးပါလားတော်”

“အိုအေ…ညည်းလိုက်လို့ဘယ်ဖြစ်မလဲ…
အိမ်စောင့်ဖို့လူမှမရှိတာအေ”

“ဒေါ်ကြီးရယ် အိမ်ကသော့ခတ်လို့ရတာပဲဟာ…ကျုပ်မြို့မရောက်ဘူးလို့ လိုက်ပါရစေတော်…ဒေါ်ကြီးတို့ခိုင်းတာ ကျုပ်အကုန်လုပ်ပေးမှာပါ…ကျုပ်ကိုမြို့လေးပဲခေါ်သွားပေးပါနော်”

“ဘာမှလာမပြောနဲ့ နန်းကြိုင်…ညည်းအိမ်မှာနေခဲ့ရမယ်…ထမင်းစားချင်ကိုယ့်သာချက်စားကြားလားငါပြောတာ”

နန်းကြိုင် ပြန်မ​ဖြေမိဘဲ ငိုနေရှာသည်။
ဒေါ်အေးမာကတော့ နန်းကြိုင်အား အကြည့်ခပ်စူးစူးကြည့်ပြီး လှည်းဆီသို့ထွက်သွားလေတော့သည်။
ခဏကြာလေတော့ ဒေါ်အေးမာတို့မိသားစု ရယ်မောသံများနှင့် ထွက်သွားကြတော့သည်။
မလိုက်ရ ရှာသော နန်းကြိုင်လေးခမျာမှာတော့ မြေပေါ်သို့ထိုင်ချကာ ငိုကြွေးနေလေသည်။

***************************
ဒေါ်အေးမာတို့မိသားစု မြို့တက်သွားတာသုံးရက်ရှိလေပြီ။
ထိုရက်များ၌ နန်းကြိုင်လေးသည့ ဘုန်းကြီးကျောင်းသို့သွားကာ ထမင်းစားရ၏။.အကြောင်းမှာက ကပ္ပိယကြီးဦးမိုးသည် နန်းကြိုင်လေးအား သနားကာ ကျောင်းရှိဆွမ်းကျန်များကိုကျွေးမွေးခြင်းဖြစ်ပေသည်။

ထိုသို့လေးရက်မြောက်နေ့၌ ရွာသို့သတင်းတစ်ခုပျံ့နှံ့လာလေသည်။
ထိုသတင်းသည်က မြို့တက်သွားသော ဒေါ်အေးမာတို့မိသားစုအား ဓားပြများမှသတ်ဖြတ်သွားခြင်းပင်ဖြစ်သည်။
မိသားစုလေးဦးစလုံး၏အလောင်းများအားရွာသ်ို့သယ်လာကြ၏။
အလောင်းများကိုမြင်လေတော့ နန်းကြိုင်လေး အံ့သြကာ
ကြည့်နေမိသည်။
ပြီးလေတော့ မိမိအပေါ်မကောင်းကျသော်လည်း
တည်ရှိနေသည့် သံယောဇဥ်များကြောင့် နန်းကြိုင် ငိုကြွေးရှာသည်။
ဒေါ်အေးမာတို့မိသားစုအား ရွာမှလူများက ကူညီကာ သဂြိုလ်ပေးကြလေသည်။
ထိုကိစ္စပြီးသော အခါ ရွာ၌ အစည်းအဝေးတစ်ခုလုပ်ကြသည်။
ထိုအစည်းအဝေးသည်ကား…

“ကဲ ..အားလုံးကိုဒီနေ့ခေါ်ရတဲ့အကြောင်းရင်းကတော့
မအေးမာတို့ရဲ့တူမလေး နန်းကြိုင်ကို
စောင့်ရှောက်ပေးဖို့ ….ပြောရရင်တော့ မွေးစားကြဖို့ပေါ့ကွာ…
အဲ့တာ မွေးစားချင်တဲ့သူရှိရင်ပြောကြပေါ့”

“ဟာဗျာ…ဒီက​လေးမက ဒီလောက်ခိုက်နေတာကို ဘယ်သူကမွေးစားချင်မှာတုန်း”

“ဟုတ်ပါ့သူကြီးရယ်ပြောလည်း​ပြောတတ်တယ်…
ဒီကလေးမက ကျုပ်တို့ရွာအတွက် ဂြိုလ်တော့ ဂြိုလ်…သူရှိနေရင် ကျုပ်တို့ရွာပျက်စီးရချည်ရဲ့”

“ဟုတ်ပါ့…”

“အဲ့ကလေးမကို ကျုပ်တို့ကမွေးစားဖို့နေနေသာသာ
ရွာမှာကိုမထားချင်တာဗျ”

“ဟ…မင်းတို့ကလည်းကွာ…ဟိုက ကလေးပါဟ…
ဘာလို့ဒီလောက်ထိပြောဆိုနေကြတာလဲ”

“ဒါဆို သူကြီးကိုယ်တိုင်ပဲမွေးစားလိုက်လေတော်…”

“ဟ…ဒါ ..ဒါ….ဒါ​တော့ ဘယ်ဖြစ်မတုန်းကွ”

“သူကြီးတောင်မဖြစ်နိုင်တာ ကျုပ်တို့က ဘယ်ဖြစ်မလဲ…
စဥ်းစားကြည့်လေဗျာ…”

“အေးပါကွာ…ဒါဆို မွေးစားဖို့ကိစ္စလည်းမဖြစ်နိုင်ကြတော့ဘူးပေါ့”

“လုံးဝမဖြစ်နိုင်ဘူး……”

သူကြီး၏အမေးအား အားလုံးတညီတညွှတ်ထဲအော်ပြောကြတော့လေသည်။
ထိုသို့ဖြင့်အစည်းအဝေးသည်လည်းပြီးဆုံးသွားခဲ့၏။

ရွာရှိမည်သူကမှနန်းကြိုင်အားခေါ်မထားချင်၍ ဘုန်းကြီးကျောင်းမှ နန်းကြိုင်အား ထမင်းကျွေးထားရသည်။
နန်းကြိုင်အား ရွာရှိကလေး လူကြီးများကအရေးမလုပ်ကြ။

တစ်ခါတစ်ရံ ဖျားလျှင်နာလျှင်တောင် နန်းကြိုင်၏အိမ်ရှေ့မှ လာဆဲတတ်သေး၏။
ထိုအခါ နန်းကြိုက်ခမျာ တဲအပြင်သို့ပင် မထွက်ရဲရှာ။

“ကောင်မ…နင်လား ငါ့ကိုဖျားအောင်နာအောင်လုပ်တာ…
ငါ့မှာအကောင်းကြီးကနေ နင်နဲ့လမ်းမှာဆုံမှ ဖျားရတယ်လို့…
သတ္တိရှိရင်ခြံပြင်ထွက်ခဲ့ ပါးဆွဲရိုက်ပစ်မယ်…”

ဟူ ၍ ဆဲဆိုကြခြင်းပင်။

တစ်ခါတစ်ရံလည်း အသက်ကြီး၍ ရောဂါနှင့်ဆုံးပါးသွားသူများရှိလျှင်…

“အမလေး….ကျုပ်အမေကို နန်းကြိုင်သတ်တာပါတော်…ကျုပ်အမေကို နန်းကြိုင်ဆိုတဲ့ကောင်မ သူ့အတတ်နဲ့သတ်လို့ သေရတာပါ….အီး….ဟီးးးးးး….ဟီးးးးးးးးးးးးးးး”

ရွာဖြစ်သမျှအကုန် နန်းကြိုင်ကြောင့်ဟုသာ အပြစ်ဖွဲ့ကြလေသည်။
တစ်ခါ အရက်သမားအုပ်စုသည် နန်းကြိုင်မရှိခင် နန်း​ကြိုင်နေသော အိမ်လေးအား မီးရှို့လိုက်၍ နန်း​ကြိုင်၌ နေစရာအိမ်မဲ့သွားခဲ့ရသည်။
ထိုအခါ ဘုန်းကြီးကျောင်းမှ ဆရာတော်နှင့်ကပ္ပိယကြီးက နန်းကြိုင်အတွက် တဲအသစ်လေးဆောက်ပေးကြရသည်။

ရွာသူရွာသားများအား နန်းကြိုင်အပေါ် ထိုသို့ဆက်မလုပ်ကြဖို့ ဆရာတော်က မိန့်ကြားသော်လည်း ဆရာတော်၏ရှေ့၌သားနားထောင်ဟန်ပြုကြလေသည်။

“အမ်း…..။နန်းကြိုင်လေးရဲ့ဘဝပေးကုသိုလ်က
အရမ်းဆိုးဝါးတာပဲတကာကြီးရေ”

“တင်ပါ့ဘုရား…။ကလေးမလေးခမျာ
မိစုံဖစုံကလည်းမနေခဲ့ရ…
အဒေါ်နဲ့နေတော့လည်းအဒေါ်ကရိုက်နှက်ဆဲဆို…
သြော် အခု အဒေါ်မရှိတော့လည်း ရွာကလူတွေက ဆဲဆိုကြပြန်တယ်…တပည့်တော်တော့
နန်းကြိုင်လေး ရဲ့နောင်ရေးကို စိတ်ပူမိပါတယ်ဘုရား”

“အေးကွယ်…ဘုန်းဘုန်းတို့လည်း တားနိုင်သလောက်တော့
တားပေးရတာပဲလေ….ခက်တာက ရွာကလူတွေ…
ဘယ်အချိန်ဒီကလေးမကို ထက်ပြီး
ဒုက္ခတွေပေးကြမယ်မသိဘူး…
အဲ့သလိုသာဒုက္ခပေးရင် ဘုန်းဘုန်းတို့တွေ
မကယ်နိုင်မှာကိုဆိုးရိမ်မိတယ် တကာကြီးရယ်…….”

“တင်ပါ့ဘုရား…”

ဆရာတော်နှင့်ကပ္ပယကြီးတို့
နန်းကြိုင်လေးအတွက်စိုးရိမ်နေကြခြင်းပင်ဖြစ်သည်။

************************

“ဟဲ့…သမီး မိဝင်း…”

“ရှင်အမေ…”

“အမေ့ကို မောင်တိုးတို့ကိုခေါ်ပေးစမ်းပါအေ”

“ဘာလုပ်စရာရှိလို့လဲအမေရဲ့”

“ခေါ်ပေးစမ်းပါဆိုအေ…
ညည်းလည်းအမေးအမြန်းထူချက်က”

“ဟုတ်ပါပြီ…ကျုပ်အခုပဲသွားခေါ်လိုက်ပါ့မယ်အမေရယ်”

“အေး…အေး…မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”

“ဟုတ်ကဲ့”

ဒေါ်ဝင်းတစ်ယောက်ဘွားမယ်စိန်၏
ခိုင်းစေမှုကြောင့်ထွက်သွားတော့လေသည်။
ဘွားမယ်စိန်သည်ကား သူ၏အိမ်မက်ထဲမှ
အကြောင်းအရာများအားတွေးနေမိသည်။
အကြောင်းမှာကား ဝတ်ဖြူစင်ကြယ်ဖြင့် လူကြီး
တစ်ယောက်သည်…

“မယ်စိန်…ချောင်းဆုံရွာကိုသွားပြီး အဲ့ကနေ…
နန်းကြိုင်ဆိုတဲ့ကလေးမလေးကို ခေါ်လာခဲ့ပေးပါ…
ကလေးမလေးက သူ့ဘဝ ဝဋ်ကြွေးတွေ ပြီးပြီမလို့ သူ့ကိုကောင်းတဲ့နေရာတစ်ခုမှ ကယ်တင်နေရာပေးပေးပါ”

ထိုသို့​ပြောပြီးပြီးခြင်းပျောက်ကွယ်သွားခဲ့သော
သူကြောင့်ဘွားမယ်စိန်စဥ်းစားနေရသည်။
နောက်ဆုံးမှာ​တော့
အကူအညီလိုနေသော ကလေးမလေးအား
ဘွားမယ်စိန် အမြန်ဆုံး
ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်တော့လေသည်။
ဇာတ်သိမ်း…

“ဘွား…ကျုပ်တို့ကိုခေါ်တယ်ဆို”

” အေးကွဲ့…ဘွားခေါ်ခိုင်းလိုက်တာ”

“ဘာအကြောင်းများရှိလို့လဲ ဘွား”

ဒေါ်ဝင်းသွားခေါ်လာသည့် ရွာလယ်ပိုင်းတွင်နေကြသော
မောင်တိုး နှင့် မောင်အုန်းတို့ရောက်ရှိလာကြသည်။
သူတို့နှစ်ဦးသည် ဘွားမယ်စိန်၏ကွပ်ပျစ်၌ ဝင်ထိုင်လိုက်ကြပြီး ဘွားမယ်စိန်အား မေးကြလေသည်။
ဒေါ်ဝင်းသည်က သူ၏ အိမ်အတွင်းသို့သာ တန်း၍
ဝင်သွားခဲ့လေသည်။

“အင်း…မောင်ရင်တို့တွေဘွားမေးစရာရှိလို့ပါ…
အဲ့တာက မောင်ရင်တို့ချောင်းဆုံရွာဆိုတာကို
ကြားဖူးကြသလား”

“ချောင်းဆုံရွာ….ချောင်းဆုံရွာ…..အင်း…
ကျုပ်ကတော့ မသိဘူးဗျ
ဒီရွာအနီးအနားကတော့ဟုတ်ဟန်မတူဘူးဘွားရဲ့”

မောင်တိုးက ဘွားမယ်စိန်အားပြောလေသည်။
မောင်အုန်းသည်က ဝင်မပြောသေးဘဲ စဥ်းစားနေခဲ့သည်။

ပြောရပေဦးမည်….မောင်တိုးသည် အသားကညိုညို လူကဒေါင်ကောင်းကောင်းဖြင့် အညာသားလူချောတစ်ယောက်ပင်။
မျက်ခုံးမွှေးများ ထူထဲနေပြီး မျက်နှာသည်ကအနည်းငယ်ဝိုင်းစက်၏။မောင်တိုးသည်သူ၏
လက်နှစ်ဆစ်သာသာဆံပင်များကိုလည်း ထိပ်တွင်စု၍
ကြက်ပေါင်ကွင်းဖြင့်မရမကစည်းနှောင်၍
ထားတတ်သူတစ်​ ယောက်ပင်။

မောင်အုန်းသည်ကတော့ မောင်တိုးကဲ့သို့
ဒေါင်ကောင်းသည်။
သူ၏ခန္ဓာကိုယ်သည်က လုံးလုံးကျစ်ကျစ်ဖြစ်၏။
မျက်နှာသည်က လေးထောင့်ကျကျ …မျက်နှာထက်၌ နှုတ်ခမ်းမွှေးမထူမပါးကလည်းထားတတ်သေးသည်။
သူ၏ဆံပင်သည်က မောင်တိုးကဲ့သို့မဟုတ်ဘဲ
ဆံပင်အကုန်လုံးအား
ဘီးဖြင့် နောက်သို့သေချာဖီးလှန်၍ထားတတ်သူပင်။

ထိုသူနှစ်ယောက်လုံးသည် သောင်ထွန်းရွာ၏ကာလသားခေါင်းဆောင်များဖြစ်ကြသကဲ့သို့ ဘွားမယ်စိန်၏အားကိုးရသူများလည်းဖြစ်ကြပေသည်။
ကဲဆက်ပါမည်…..

မောင်အုန်းစဥ်းနေရာမှ ဘွားမယ်စိန်အား….

“ကျုပ်…ကြားဖူးတယ်ဗျ…
သူကြီးတို့ပြောတာကို ကြားဖူးတယ်ဘွားရဲ့”

“ဟေ…သူကြီးကဘာများပြောတုန်း မောင်အုန်းရဲ့”

“အရင်တစ်ခါကျုပ်တို့ ရွာသူကြီး
မြို့ကို သွားရတယ်လေဗျာ…။
သူတို့ရွာသူကြီးတွေ အစည်းအဝေးပွဲဖြစ်မယ် ဘွားရဲ့…။
အဲ့မှာ ဓားပြတွေသတ်တယ်ဆိုလားမသိဘူး
မိသားစုတစ်စုသေသွားတယ်ဆိုပြီး သူကြီးမြို့ကပြန်လာ​တော့
ဦးလေးဘစီနဲ့အဲ့အကြောင်းတွေ ပြောနေတာကို ကျုပ်​တောင်နားထောင်လိုက်ရသေးတယ်ဗျ။
ရွာနာမည်ကလည်း ဘွားပြောတဲ့ရွာနဲ့ တူတယ်လို့
ကျုပ်ထင်တယ်”

“အေး…ဒါဆို အတော်ပဲကွယ်…မောင်နောင်ချိုကို သွားခေါ်ခိုင်းရတော့မှာပဲ…သမီး မိဝင်းရေ”

“ရှင်အမေ…”

“အာ…ကျုပ်သွားခေါ်မှာပေါ့ ဘွားရဲ့…အရီးနေနေ ကျုပ်ပဲ
သွားလိုက်မယ်”

ဖင်ပေါ့ ခြေပေါ့ ရှိသော မောင်တိုးသည် ကွပ်ပျစ်မှဆင်းကာပုဆိုးအား ခြေသလုံးပေါ်အောင်ပြင်ဝတ်လိုက်ပြီးနောက်
ခြံဝိုင်းထဲမှထွက်သွားတော့လေသည်။
ကျန်ရစ်ခဲ့သော ဘွားမယ်စိန်နှင့်မောင်အုန်းသည်ကားတော့ ရောက်တက်ရာရာများပြောနေခဲ့ကြတော့၏။

ခဏမျှကြာလေတော့ သူကြီးဦးနောင်ချို တစ်ယောက်မောင်တိုးနောက်မှလိုက်ပါလာခဲ့လေသည်။
သူတို့ပုံစံက အလျှင်သလိုဖြစ်နေသည်မို့ ဘွားမယ်စိန်က…

“ဟဲ့ ..အမောတကောပါလား…
ဖြေးဖြေးဆေးဆေးလာလို့ရပါတယ်မောင်ရင်တို့ရဲ့”

“ဟောဗျာ…မောင်တိုးပြောတော့ ဘွားက မြန်မြန်လာခဲ့ပါအရေးကြီးတယ်ဆိုလို့
ကျုပ်သူ့နောက်ကနေ အပြေးလိုက်လာရတာဗျ”

“ဟုတ်သလား မောင်တိုး”

“ဟီး…သူကြီးကနှေးနှေး နှေးနှေးသွားနေလို့
ကျုပ်ကအားမရလို့ပြောလိုက်တာပါဘွားရဲ့”

“ဟာ…ဒီနွား….။ငါကအကောင်းမှတ်လို့ အပြေးလိုက်လာခဲ့တာ…ငါလုပ်လိုက်ရကွာ”

သူကြီးဦးနောင်ချိုက မောင်တိုးအား
ဒေါသတကြီးပြောနေသော်လည်း မောင်တိုးခမျာ ပြုံးနေလေသည်။
ကြည့်နေသော မောင်အုန်းသည်လည်း ပြုံးနေလေရှာသည်။

ဘွားမယ်စိန်က…

“ကဲပါ…ရောက်လာကြပြီပဲ နောင်ချိုရယ်…မောင်တိုးပြောသလို ဘွားကလည်းအရေးကြီးနေတာပါ…..”

“သြော် ဟုတ်ကဲ့ဘွား….ဘာအကြောင်းများတုန်း”

သူကြီးဦးနောင်ချိုတစ်ယောက်
မောင်တိုးအားစိတ်မဆိုးနိုင်တော့ဘဲ
ဘွားမယ်စိန်နှင့်သာစကားဆက်ပြောတော့လေသည်။
ဘွားမယ်စိန်သည် သူသိချင်ခဲ့သော ရွာ၏နေရာကို သူကြီးအား
မေးလေတော့…

“သိတာပေါ့ ဘွားရဲ့…အဲ့ရွာက ဒီဘေးက ရွာသစ်ရွာကိုကျော်ရင် နောက်လေးငါးရွာထပ်ကျော်ရမယ် အဲ့တာပြီးရင်တော့
ရောက်ပြီပဲဗျ….ကျုပ်အထင်တော့ဖြင့်
တစ်ညအိပ်လောက်တော့ဝေးမယ်ထင်တယ်”

“အေး…ဝေးလည်း သွားမှဖြစ်မယ့်ခရီးမို့လို့မေးတာပါ
မောင်နောင်ချိုရဲ့…”

“ဘာကိစ္စရှိလို့လဲဘွား”

“အကြောင်းကတော့သေချာမသိသေးရဘူးကွယ်…
အဲ့ရွာရောက်လေမှပဲ ဘာဆိုတာသချာသိရမှာပဲ”

“ဒါဆို အဲဆီကိုသွားရင် ကျုပ်တို့လိုက်ခဲ့မယ်နော်ဘွား”

ဒီစကားက မောင်တိုးပြောလိုက်ခြင်းပင်။
မောင်တိုးစကားကြောင့် ဘွားမယ်စိန်က ခေါင်းငြိမ့်လိုက်ပြီး….

“မောင်ရင်တို့နှစ်ယောက်ကို ဘွားကခေါ်မှာပါကွယ်”

“ဒါဆိုရင်တော့ ကျုပ်ဆီကနွားလှည်းယူသွားဗျို့…
ဒါမှဘွားတို့သွားရတာအဆင်ပြေကြမှာလေ”

“အေးပါ မောင်နောင်ချိုရယ်…ကျေးဇူးတင်ပါတယ်”

ထိုသို့ဖြင့် ဘွားမယ်စိန်တို့သုံးဦးသားချောင်းဆုံရွာဆီသို့သွားဖို့
ခရီးစဥ်အတွက်
အဆင်ပြေသွားကြတော့လေသည်။

********************************

တစ်ညအိပ်ခရီးစဥ်ကို သွားလာပြီးသည့်နောက်…
ချောင်းဆုံရွာ၏ ဘုန်းကြီးကျောင်းသို့ ဘွားမယ်စိန်တို့ရောက်ရှိလာခဲ့ကြသည်။

“ဧည့်သည်တွေထင်တယ်….လာကြဗျာ…လာကြ…
ကျောင်းပေါ်ကိုပဲတန်းတက်သွားလိုက်နော်…
ဆရာတော်ဘုရားရှိတယ်ခင်ဗျ”

“ဟုတ်ကဲ့…ဟုတ်ကဲ့”

ဘုန်းကြီးကျောင်းဝန်းအတွင်း၌
နွားလှည်းချွတ်လိုက်တော့သည်။
နွားများအား ပါလာသော ကောက်ရိုးများကိုချကျွေးလိုက်ပြီးနောက် သုံးဦးသာ ကျောင်းဆောင်ပေါ်သို့တက်လာခဲ့ကြတော့
သည်။
ကျောင်းဆောင်ပေါ်၌ ဘုရားစာအုပ်ဖတ်ရှု့နေသော ကျောင်းထိုင်ဆရာတော်သည်
ဘွားမယ်စိန်တို့အားမြင်သွားခဲ့ပြီး…

“ဟော…ဧည့်သည်တွေပါလား”

“တင်ပါ့ဘုရား…တပည့်တော်တို့က
သောင်ထွန်းရွာကပါဘုရား”

ဘွားမယ်စိန်သည် ဆရာတော့်အားဖြေကြားပြီးနောက် မောင်တိုးတို့နှင့်အတူ ဆရာတော်အား ဦးချကန်တော့လေသည်။
ကန်တော့ပြီးလေမှ ဆရာတော်က…

“သောင်ထွန်းရွာဆိုတာ ဘယ်အရပ်ကလဲတကာမကြီး”

“ဒီရွာနဲ့ငါးရွာကျော်လောက်ကပါဘုရား….ခရီးကတော့အတော်ဝေးပါတယ်…တပည့်တော်တို့လာရတာကို တည အိပ်ကြာပါတယ်ဘုရား”

“အို…တယ်ဝေးတဲ့ခရီးပါလား…အင်း…
ဘာအကြောင်းများရှိလို့ လာရတာလဲ တကာမကြီး”

“အကြောင်းကတော့ ဒီရွာမှာနေတဲ့ နန်းကြိုင်ဆိုတဲ့ကလေးမလေးကို လာစုံစမ်းတာပါဘုရား”.

“နန်းကြိုင်…ဟုတ်စ တကာမကြီး”

“တင်ပါ့ဘုရား”

“နန်းကြိုင်နဲ့ဘာအကြောင်းများရှိလို့တုန်း တကာမကြီးရဲ့”

“အကြောင်းကတော့ ဒီလိုပါဘုရား…………….”

ဘွားမယ်စိန်သည် သူမက်ခဲ့သော အိမ်မက်အကြောင်းအားဆရာတော်ဘုရားကို ပြောပြလိုက်လေသည်။
ထိုအခါ ဆရာတော်ဘုရားကလည်း
တအံ့တသြ ဖြစ်သွားခဲ့ရ၏။
ပြီးလေ​တော့ ဆရာတော်သည် နန်းကြိုင်၏အကြောင်းများ ရွာရှိလူများ၏သဘောထားများကိုပါ ဘွားမယ်စိန်အား ပြောပြခဲ့လေသည်။
အကြောင်းစုံသိရှိသွားသည့်အခါ ဘွားမယ်စိန်သည် နန်းကြိုင်လေးအား သနားစိတ်များဝင်လာခဲ့တော့၏။

******************************

“ဟဲ့…ရွာမှာ စုန်းတွေအောက်လမ်းတွေကို နှိမ်နင်းတဲ့အမေကြီးတစ်ယောက်ရောက်နေတယ်တဲ့…”

“ဘယ်မှာရောက်တာတုန်း… ညည်းဟာကဟုတ်လို့လားအေ”

“ဟုတ်ပါတယ်ဆိုအေ…သူကြီးအိမ်မှာရောက်နေတာ
သူကြီးအိမ်မှာ”

“ဒါဆိုတို့ရွာကံကောင်းတာပေါ့”

“ဘာကံကောင်းတာတုန်းအေ့”

“ဘာကံကောင်းရမှာတုန်းတော်…ကျုပ်တို့ရွာကိုဒီလောက် ဒုက္ခပေးနေတဲ့ ဟို ကျက်သရတုန်းမကို နှိမ်နင်းခိုင်းရမှာပေါ့”

“အေးဟဲ့…ညည်းပြောတာလည်းဟုတ်သားပဲ”

“ဒါဆိုတို့တွေ သွားပြီးပြောရအောင်လေ”

“လာ…အခုပဲသွားကြမယ်”

ချောင်းဆုံရွာရှိသူကြီးအိမ်၏၌
ဘွားမယ်စိန်တို့တည်းခိုကြသည်။
ဘွားမယ်စိန်သည် သူသည် အောက်လမ်းပညာသည်များအား နှိမ်နင်းသူဟု သူကြီးအား မိတ်ဆက်ထား၏။
ထိုအခါ သူကြီးက ဝမ်းသာအားရကြိုဆိုလေသည်။
သူကြီးကိုယ်တိုင်က
ရွာမှလူများကိုလည်း ပြောပြလိုက်လေရာ
ဘွားမယ်စိန်အား လာရောက်တွေ့ကြသူများ များပြားနေခဲ့သည်။
လူများသော်လည်းထိုသူတို့​ပြောသည့်အကြောင်းအရာသည် တစ်ထပ်ထဲပင်ဖြစ်၏။
ထိုသည်က သူတို့ရွာ၌အောက်လမ်းပညာများတတ်မြောက်သော နန်းကြိုင်အား ရှင်းထုတ်ပေးဖို့ပင်ဖြစ်သည်။
တချို့က နန်းကြိုင်အား ရှင်းပေးပါက ရွှေငွေများပေးမည်ဟု
ပြောကြလေသည်။
ထိသို့ လာရောက်အပူကပ်နေကြသည့် ရွာသူ၊ရွာသားများကို ဘွားမယ်စိန် ကြည့်ကာ သက်ပြင်းချမိ၏။
ပြီးနောက်…

“ဒါဆို…နန်းကြိုင်ကို ဒီကိုခေါ်လာပေးကြပါ…”

“ရတယ်လေ…လာဟေ့သွားခေါ်ကြမယ်…”

“လူအုပ်နဲ့သွားရင် ဒင်းဘာမှမလုပ်နိုင်ပါဘူး…လာကြကွာ”

ရွာသူ၊ရွာသားတို့သည် ဘွားမယ်စိန်စကားအား လက်ခံလိုက်ကြသည်။
ထိုသူတို့ထွက်သွားလေတော့ ကျန်ရစ်ခဲ့သော မောင်တိုး
တို့အား…

“မောင်ရင်တို့နှစ်ယောက် သူတို့နောက်ကိုအမြန်
လိုက်သွားပြီး…ကလေးမလေးကို ဘာမှမထိခိုက်ရအောင်
ကာကွယ်ပေးကြကွယ်”

“ဟုတ်ကဲ့ဘွား”

မောင်တိုးနှင့်မောင်အုန်း အလျှင်အမြန်ထွက်သွားကြတော့သည်။

***************************

“နန်းကြိုင်….နန်းကြိုင်…ညည်းအခုထွက်လာခဲ့စမ်း”

“ဟေ့…နန်းကြိုင် အခုခေါ်နေတာမကြားဘူးလား”

“ရှုပ်ပါတယ်ကွာ…အိမ်ထဲဝင်ဆွဲခေါ်ကြတာပေါ့”

“နေကြပါဦး…နေကြပါဦး…”

ရွာသူ၊ရွာသားတို့သည် နန်းကြိုင်၏အိမ်ရှေ့၌ အော်ဟစ်နေကြလေသည်။
နောက်မှ အမြန်လိုက်လာကြသော မောင်တိုးနဲ့မောင်အုန်းတို့သည် ထိုရွာသူ၊ရွာသားများအား တားဆီးလိုက်ပြီး…

“ဘွားက ကျုပ်တို့နှစ်ယောက်ကိုပဲ ခိုင်းလိုက်တာ…
ဒါကြောင့် ခင်ဗျားတို့ ကလေးမလေးကို မထိကြပါနဲ့”

မောင်တိုး တားဆီးလိုက်သောအခါ အားလုံးငြိမ်သွားကြသည်။
မောင်တိုးသည် ခြံရှေ့မှ လူများကိုထိန်းရင်း မောင်အုန်းသည်က ကလေးမလေးရှိသောအိမ်အတွင်းဝင်သွားတော့၏။
အိမ်အတွင်းရောက်တော့ ချောင်တစ်နေရာ၌ ကျုံ့ကျုံ့လေးထိုင်ကာ ငိုကြွေးနေရှာသော နန်းကြိုင်အား မောင်အုန်းတွေ့လိုက်ရာ စိတ်မကောင်းဖြစ်ရလေသည်။
ကလေးမလေးဘယ်လောက်ကြောက်နေလိုက်မလဲ အတွေးဖြင့် သက်ပြင်းချလိုက်၏။

“ကလေးလေး …လာ ကိုကြီးနဲ့လိုက်ခဲ့ ဟိုမှာ ဘွားက ကလေးကိုတွေ့ချင်လို့ ကိုကြီးတို့ကိုခေါ်ခိုင်းလိုက်တာ…။
ကလေးက်ိုဘယ်သူကမှထိခိုက်​အောင်မလုပ်စေရဘူး
စိတ်ချနော်”

မောင်အုန်းကပြောလေတော့ ခြောက်နှစ်အရွယ် နန်းကြိုင်လေးသည် မောင်အုန်းအားကြည့်နေရှာ၏။
ခဏကြာတော့ မောင်အုန်းကို ယုံကြသွားပုံရကာ
ခေါင်းငြိမ့်ပြလေသည်။
ထိုသို့ဖြင့် မောင်တိုးနှင့် မောင်အုန်းတို့သည်
နန်းကြိုင်လေးအား ခေါ်ယူလာခဲ့တော့၏။

ဘွားမယ်စိန် ရှေ့သ်ို့ခေါ်လာလေတော့ ဘွားမယ်စိန်သည် နန်းကြိုင်လေးအား ကြည့်မိ၏။
အဝတ်အစားအစုတ်များဖြင့် ပေရေနေသော
နန်းကြိုင်လေးသည် သက်သက်ရပ်ရပ်နေလျှင် ချစ်စဖွယ်ကလေးမလေးတစ်ယောက်ဖြစ်နေမည်ဆိုပြီး ဘွားမယ်စိန်တွေးမိလေသည်။
နန်းကြိုင်လေးသည်လည်း ဘွားမယ်စိန်အားကြည့်နေရှာ၏။
ရွာသူရွာသားတွေရောက်လာတာမို့ ဘွားမယ်စိန် လက်တစ်ဖက် နန်းကြိုင်လေး၏လက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်ကသူ၏တောင်ဝှေးကို ထောက်ကာ သူကြီး၏ခြံဝိုင်းထဲသို့
ခေါ်သွားတော့သည်။
အားလုံးသည်လည်း ဘွားမယ်စိန်တို့​နောက်မှာလိုက်လာခဲ့ကြလေသည်။

ခြံဝိုင်းထဲရောက်တော့ ဘွားမယ်စိန်က…

“သင့်တော်ရာမှာထိုင်ကြပါ…ဘွား အားလုံးကို ပြောချင်တယ်”

ရွာသူ၊ရွာသားများလည်း အသီးသီးထိုင်ကုန်ကြသည်။
မောင်တိုးနှင့်မောင်အုန်းကတော့ ဘွားမယ်စိန်၏အနီး၌
မတ်တပ်ရပ်လျှက်ရှိကြ၏။

“ဒီကလေးမလေးက ဘာပညာမှမတတ်ပါဘူး..
ဒါဟာ ဒီကလူအားလုံးရဲ့ စွပ်စွဲချက်အမှားတစ်ခုပဲ”

“ဟာ…”

“ဟင်…ဘယ်လိုလို့ဖြစ်နိုင်မှာလဲ”

“မဟုတ်တာကွာ”

“ဘာလို့ပြောတာလဲ…. ဘာသက်သေရှိလည်း”

အားလုံးမကျေမနပ်ဖြစ်လာကြသည်။
ထိုစဥ် ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကြီးတို့ရောက်ရှိလာခဲ့၏။
ဆရာတော်ဘုရားသည် ဘွားမယ်စိန်တို့အနီးသို့
လာရပ်သောအခါ အားလုံးက လက်အုပ်ချီထားကြ၏။

“ဒီက တကာမကြီးပြောတာမှန်တယ် တကာ၊တကာမတို့…။ဘုန်းဘုန်းကိိုယ်တိုင် တားမရဆီးမရ နိုင်အောင်
ဒီတစ်ရွာလုံးက စွပ်စွဲခဲ့ကြတာ…အဲ့တာလည်း ဒီကလေးမလေးရဲ့ ဘယ်ဘဝကမှန်းမသိတဲ့ ဝဋ်ကြွေးပေါ့…။အခုတော့ သူ့ရဲ့ ဝဋ်ကြွေးလည်း ကျွတ်ချိန်တန်ပြီလေ။
ဟောသည်တကာမကြီး ဘုန်းဘုန်းတို့ရွာကို
ရောက်လာရတာက ဒီလို………………………………”

ဟုဆိုပြီး ဘွားမယ်စိန် ဒီရွာဆီသို့ လာခဲ့ရတဲ့အကြောင်းရင်းကို
အားလုံးအား ပြောပြလိုက်သော်အခါ
အားလုံးက အံ့သြ သင့်ကုန်ကြသည်။

“ဒီလောက်ဝေးတာကို လာတယ်”

“အေးဟယ်…ဒါဆို ဘွားက တော်တော်ထက်မယ်ထင်တယ်”

“ဒါဆို နန်းကြိုင်လေးက လူကောင်းပေါ့”

အားလုံးနားလည်သွားချိန်၌….

” မိဘတွေဆုံးတယ်…အဒေါ်က နှိပ်စက်တယ်…
ပြီးတော့အဒေါ်မိသားစုကိုထပ်ဆုံးရှုံးရတယ်…
ဒါတွေအားလုံးက သူ့ဘဝရဲ့ ဒုက္ခတွေပဲ…ဒါပေမယ့် ဒီရွာက လူတွေရဲ့ ဒုက္ခတွေကိုပါ သူဆက်ပြီးတော့
ဝဋ်ကြွေးဆပ်ရပြန်တယ်…
ဒီတော့ ဒီကလေးမလေးကို ဘွားတို့နေတဲ့
သောင်ထွန်းရွာကိုခေါ်သွားပြီး
လူကောင်းသူကောင်းဖြစ်အောင် ၊
သူတပါးအပေါ်ကိုယ့်ကြောင့်စိတ်ဒုက္ခမရောက်အောင်
ဘွားကျွေးမွေးစောင့်ရှောက်သွားမယ်…
ဒါဆိုရင် ဒီရွာကလူတွေလည်း အေးချမ်းကြတာပေါ့
မဟုတ်ဘူးလား”

အားလုံး နန်းကြိုင်အပေါ်၌
မှားခဲ့သည်များကိုပြန်တွေးရင်း
စိတ်မကောင်းဖြစ်မိကြသည်။
ဆရာတော်ဘုရားက….

“တကာမလေး နန်းကြိုင်ကရော…ဟောသည်က တကာမကြီးနဲ့ လိုက်သွားချင်ရဲ့လား ကွဲ့”

“တပည့်တော်လိုက်ပါ့မယ်ဘုရား”

ဆရာတော့်အမေးအား နန်းကြိုင်ချက်ချင်းဖြေလေသည်။
မောင်တိုး…မောင်အုန်းနှင့် ကပ္ပိယကြီးသည်လည်း
နန်းကြိုင်လေး၏အဖြေကြောင့် ဝမ်းသာနေမိကြသည်။

“မြေးမလေးလည်းသဘောတူတယ်ဆိုတော့…တပည့်တော်တို့ကို ပြန်ခွင့်ပြုပါဘုရား”

“အေးကွယ် …အချိန်ရှိတုန်းပြန်ကြပေါ့…
တကာမလေးနန်းကြိုင် ဘွားစကားကိုနားထောင်ရမယ်နော်”

“ဟုတ်ကဲ့ပါဘုရား”

နန်းကြိုင်လေးကဖြေလေသည်။
ဘွားမယ်စိန်… မောင်တိုး၊ မောင်အုန်းနှင့် နန်း​ကြိုင်တို့သည် ဆရာတော်ဘုရားအားကန်တော့ကြ၏။
ဆရာတော်ဘုရားက ဆုမွန်ကောင်းများပေးသနားလေသည်။
ပြီးနောက် နန်းကြိုင်လေးသည် ကပ္ပိယကြီးအား ပြေးဖက်လေတော့ ကပ္ပိယကြီးကလည်း ဝမ်းနည်းစိတ်ဖြင့် မျက်ရည်များကျလာကာ…

“နန်းကြိုင်လေး…ကပ္ပိယကြီး နန်းကြိုင်လေးဆီလာလည်မယ်နော်….နန်းကြိုင်လေးက
ဘွားစကားကိုသေချာနားထောင်ရမယ်ကြားလား…”

“ဟုတ်…ကဲ့”

နန်းကြိုင်သည် သူ့အားစောင့်ရှောက်ခဲ့သော ကပ္ပိယကြီးအား ဖက်ရင် ငိုနေရှာသည်။
ခဏကြာတော့ ကပ္ပိယကြီးကလူချင်း ပြန်ခွာလိုက်ပြီး
မောင်အုန်းအသင့်ပြင်ထားသည့် လှည်းပေါ်သို့ နန်း​ကြိုင်လေးအား တင်ပေးလိုက်တော့သည်။
ဘွားမယ်စိန်တို့လှည်းပေါ်တက်ချိန်၌ အားလုံးကနှုတ်ဆက်ကြလေသည်။

“နန်းကြိုင် အကြီးတို့ကိုခွင့်လွှတ်နော်…”

“နန်းကြိုင်ရွာကိုအလည်လာနော်…ဦးကြီးတို့
နန်းကြိုင်ကိုမျှော်နေပါ့မယ်ကွယ်”

“နန်းကြိုင်လေး ….”

အားလုံးနောင်တများဖြင့် နှုတ်ဆက်ကြလေသည်။

*******************************
ဘွားမယ်စိန် တို့သောင်ထွန်းရွာသ်ို့ပြန်ရောက်လာသောအခါ…
ဒေါ်ဝင်း သည် နန်းကြိုင်လေးအား ချစ်ခင်ရှာ၏။
နန်းကြိုင်လေးစားဖို့ဝတ်ဖို့ကအစ သူကိုယ်တိုင်စီစဥ်ပေးရှာသည်။
နန်းကြိုင်လေးသည်လည်း ယခုဆို ဆံပင်လေးသေချာဖီးသင်ကာ အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့် ထိုမျှမက ဒေါ်ဝင်းက သနပ်ခါးကအစသေချာ လိမ်းပေးလေသည်။

နန်းကြိုင်လေးလည်း ပျော်ရှာ၏။
ဘွားမယ်စိန်လည်း သမီးဖြစ်သူနှင့် နန်း​ကြိုင်ကိုကြည့်ကာ…

“အမေ မရှိရင်တော့ ငါ့သမီးလေး အဖော်ရပြီပေါ့ကွယ်…”

ဟု ပြောရှာသည်။

ပြီးပါပြီ။

နန်းကြိုင်လို့အဖြစ်မျိုးနဲ့ကင်းဝေးကြပါစေ။
ကိုယ်ပြုသော ကုသိုလ်သည် ကိုယ့်ထံပြန်လာသကဲ့သို့….
ကိုယ်ပြုသော အကုသိုလ်သည် အချိန်သာကြာ၏ကိုယ့်ထံသို့ ဆိုက်ဆိုက်အမြိုက်မြိုက်ပြန်ရောက်လာပေမည်။

ယဥ်မင်း(ကန့်ဘလူ)