အဖနှင့်သား မင်းနှစ်ပါး

အဖနှင့်သား မင်းနှစ်ပါး(စ/ဆုံး)

ခမ်းနားကြီးကျယ်လှသော ကမ္ဘောဇသာဒီ နန်းတော်ကြီးအတွင်းသို့ အဝတ်အစား သစ်သစ်လွင်လွင်နှင့် မိန်းမသူတစ်ယောက် ကလေးတစ်ဦးကို လက်ဆွဲ၍ ဝင်လာခဲ့ရာ နန်းတော်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက် ဖြစ်သွားမည့် အရေးအခင်းကြီးတစ်ခု စ ခဲ့သည်။

ခြင်္သေ့ရုပ်ခံ သီဟာသန ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူနေသည့် ဆင်ဖြူများရှင် မင်းတရားကြီးပင် အံ့သြ ထိတ်လန့်သွားသကဲ့သို့ ရှိ၏ ။ မိန်းမငယ်ကတော့ ရှင်ဘုရင်ကို တွေ့မှ ပို၍ ဝမ်းသာသွားသည့်အလား မျက်နှာဝင်းလက်သွားသည်။

“အရှင်ဘုရား ကျွန်တော်မျိုးမကို မမှတ်မိတော့ဘူးလား၊ ခင်ပြည့်စုံလေ.. အရှင်မင်းသား ချစ်မြတ်နိုးလှချည်ရဲ့ ဆိုတဲ့ တောသူမ ခင်ပြည့်စုံပါ ဘုရား”

အမျိုးသမီး၏ ငိုယိုလျှောက်တင်သံက တောင်ညာစံ မိဖုရားကြီးကိုပါ ထိတ်လန့်သွားစေခဲ့၏ ။ ဘုရင်မင်းတရားထံမှ မည်သို့မှ အမိန့်တော် ထွက်မလာသေးမီ ရှင်မိဖုရားခေါင်ကြီးက

“သယ်.. ရိုင်းလိုက်လေ၊ ဘယ်ကဟာတွေ နန်းတော်ထဲ ဝင်လာကြတာလဲ။ အခု အမြန် မောင်းထုတ်လိုက်ကြစမ်းဟဲ့။ ရာဇဝတ်တော် မသင့်ခင် နှင်လိုက်တာ ကောင်းမယ်”

သို့သော် ရှင်ဘုရင် ကိုယ်တိုင်က ငေးကြောင် မင်သက်နေသည်မို့ မှူးမတ် အစောင့်များ ဘာလုပ်ကြရမည်မသိ ဖြစ်နေကြသည်။ မကြုံစဖူး ထူးကဲသော အရေးလည်း ဖြစ်၏ ။ မင်းတကာတို့၏ ဧကရာဇ် ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးကိုမှ သူ့လင်ပါ ဟု စွပ်စွဲနေသော အာဂ ကျေးတောသူမကလေးပါတကား။

မင်းတရားကြီးက မိဖုရားခေါင်ကြီးကို မဟုတ်ပါဟု ဖြေရှင်းသေး၏ ။ သ်ို့သော် အမျိုးသမီး ထုတ်ပြသော ပတ္တမြားလက်စွပ်တော်ကလည်း သာမန် အရပ်သားတို့ သုံးနိုင်သည့် အရာမဟုတ်၊ မင်းသုံးတော်ဝင် လက်ဝတ်ရတနာအစစ် ဖြစ်နေပြန်သည်။ သျှင်ရဲထွဋ် ဘဝကတည်းက မိမိကိုယ်တိုင် တပင်ရွှေထီး၏ အစ်မတော် သခင်ကြီး အဖြစ်နှင့် ပေးခဲ့ဖူးသည့် လက်စွပ်လည်း ဖြစ်နေ၏ ။

မိဖုရားကြီးက အမျက်ပြင်းစွာ ထွက်၍ “ကိုယ်ရှုပ်ထားတာ ကိုယ်ရှင်းပေတော့” ဟု ဆိုကာ ညီလာခံမှ ထွက်ခွာသွားလေပြီ။ မှူးမတ်ဒေါဗညားတစ်စုလည်း မည်သို့ ဖြေရှင်းပေးရမည်မသိ ဖြစ်နေကြသည်။ အတန်ကြာမှ တော်နေရာ၌ ခစားနေသော မွန်အမတ်ကြီးတစ်ဦးက ထ လျှောက်၏ ။

“ဤအရေးသည် ဖြေရှင်းရ ခက်နေပါက ကျွန်တော်မျိုးတို့ မွန်လူမျိုး ထုံးစံမှာ ရေပြိုင်ကြခြင်း ရှိပါသည်။ သစ္စာတည်သူ မှန်ကန်သူက ရေမှာနှစ်လည်း မမွန်းကြပ်၊ မမှန်သူသာ ရေမွန်း၍ မခံနိုင် ဖြစ်တတ်ပါသည်ဘုရား”

ဟံသာဝတီ နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ မင်းဧကရာဇ် စင်စစ်ဖြစ်လျက် ကျေးတောသူမတစ်ဦးနှင့် ဖက်ပြိုင်ကာ မျက်နှာတော်ကို ရေမှာ နှစ်ရပါမည်လား ဟု မြန်မာအမတ်အချို့က သဘောမကျ။ မွန်အမတ်တို့ကလည်း ညီတော် မင်းမြတ်သာ ဆိုလျင် အမှန်ပင် ရေပြိုင်လိမ့်မည် မုချ ဟု တီးတိုး ဆိုကြသည်။

တပင်ရွှေထီးကတော့ မွန်ဆံပင် ဖြတ်၍ မွန်မကိုဋ်ဥသျှောင် ဆောင်းကာ မွန်လို နန်းတက်ခဲ့သူ မဟုတ်လား။ သို့သော် ဘုရင့်နောင်တော်ကတော့ မြန်မာပီသသူ ဖြစ်၍ ထို့သို့ ပြုမည်မထင်၊ မွန်တို့ရိုးရာ ရေပြိုင်ခြင်းကိုလည်း လက်ခံလိမ့်မည်မဟုတ်။ ထို့ထက်ပို၍ မင်းတကာတို့၏ မင်းဖြစ်ပြီးမှ သာမန်မိန်းမတစ်ဦးနှင့် ပြိုင်ကာ ရေနှစ်ခံရမည် ဆိုခြင်းမှာ…၊

သို့သော် အမတ်ကြီး ဗညားဒလ၏ အကြံဉာဏ်များကို အမြဲတစေ ငြင်းပယ်လေ့ မရှိသော ဆင်ဖြူရှင်က ရေပြိုင်ရန် လက်ခံလိုက်ရာ နန်းတွင်းသား မှူးကြီးမတ်ရာ အရာရှိကြီးများ အံ့သြသွားကြသည်။ ပြဿနာ ရှာခဲ့မိသော ကျေးတောသူမကလေးကတော့ ငို၍သာ နေ၏ ။ သူ့နောက်မှ သူငယ်ကလေးသည် စူးရဲသော မျက်လုံးနှင့် ဖခင်ဟူ၍ သူသိရသော ဘုရင်ကြီး၏ မျက်နှာကိုသာ စိုက်ကြည့်နေလေသည်။

မကြာမီ အမှူးအမတ်များ ဝိုင်းဝန်းတိုင်ပင်၍ ကျေးတောသူမ ခင်ပြည့်စုံမှာ မျက်နှာနှင့် နှာခေါင်း ပါးစပ်များကို နှစ်ရန် ငွေဖလားတစ်လုံး၊ မင်းတရားကြီး ဖြစ်သည့်အလျောက် ခြေမတော်ကိုသာ နှစ်ရန် ရွှေဖလားတစ်လုံးတို့ကို ပြင်ဆင်ပြီးလေပြီ။ မည်သို့မျှ တရားမျှတသည့် ပြိုင်ပွဲမဟုတ်။

ခင်ပြည့်စုံအား သနားကြသည့် သူများကတော့ နန်းစဉ်လက်စွပ် ပြနိုင်သော်လည်း ရှက်နိုး၍ ငြင်းနေသည့် မင်းတရားကြီးအား ကျန်စစ်သားမင်းကြီးကဲ့သို့ အမှန်ကို ဝန်ခံလိုက်စေချင်ကြသည်။ ယခု ရေပြိုင်ခြင်းမှာ မမျှတသည့်အတွက် အရပ်သူမပင် ရှုံးလိမ့်မည်မုချ ဟု လူတိုင်း သိနေကြပေပြီ။ ခြေမကို နှစ်ခြင်းဖြင့် မည်သူက ရေမွန်းလိမ့်မည်နည်း။

သို့သော် စီစဉ်သူ မွန်ဝန်ကြီးကတော့ ‘လုပ်သာ လုပ်ပါ။ အမှန်တရားက သည်တိုင်းမနေ၊ အဖြေပေါ်ပါလိမ့်မည်’ ဟု ဆိုနေသည်။ သူ့စကားက ယုံရခက်ခက်၊ သို့သော် သူပြောသမျှလည်း မှန်တတ်သည်က များ၍ မည်သူမျှ စောဒက မတက်ကြတော့။ ရေပြိုင်ရန်သာ ပြင်ကြတော့သည်။

ကျေးတောသူမလေးသည် အငိုရပ်၍ ဘုရင်ကို တစ်ချက် စိမ်းစိမ်းကြည့်၏ ။ ထို့နောက် ရေဖလားကို မျက်နှာမူလျက် သေချင် သေပါစေတော့၊ အမှန်တရား ပေါ်ပေါက်ရန်အတွက် အသက်နှင့် ရင်း၍ ပြမည်။ သူသေလျင် သူ့သားငယ် ကောင်းစားလိမ့်မည် ဟူသော မာန်မာနမျိုးနှင့် ဆုံးဖြတ်ချက် ပိုင်ပိုင်ချလိုက်ဟန်ကို လူတိုင်း မြင်လိုက်ကြရသည်။

အညတြမိန်းမသားတစ်ဦးက အမှန်တရားအတွက် ရေဖလားမှ မျက်နှာကို သေသည့်တိုင်အောင် ခွာတော့မည် မဟုတ်ဟူသော အသိသည် နန်းတော်တစ်ဆောင်လုံးနှင့်တကွ ဆင်ဖြူများသခင် ဘုရင့်နောင် မင်းတရားကြီး၏ နှလုံးကိုပါ ပြင်းထန်စွာ ထိခိုက်သွားစေသည်။ သူရဲကောင်းများကို မြတ်နိုးတတ်လွန်းသော မင်းကြီး၊ ရန်သူ ဖြစ်လင့်ကစား ထူးချွန်ထက်မြက်သူကို အနီးဆုံးတွင် ထား၍ အမြင့်ဆုံးရာထူး ပေးထားနိုင်ခဲ့သည့် ဘုရင်၊ မိမိအား ပေါင်ကို လှံနှင့် ထိုးသူဖြစ်ပါလျက် အသက်မသေစေနှင့် ဟု ဆိုကာ သူကောင်းပြုဝံ့သော ရေမြေ့ရှင်သည် ယခုတော့ အရှက်အတွက်နှင့် လူတစ်ယောက်အသက်ကို စတေးတော့မည်လား။

ဘုရင့်နောင်၏ အာရုံတွင်လည်း အိမ်နိမ့်စံခဲ့စဉ်က အရပ်သူတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့ရပုံများကို တရိပ်ရိပ် မြင်ယောင်လာသည်။ တလှပ်လှပ် ခံစားလာရသည်။ ရေတွင် နှစ်ထားသော ခြေမတော်သည် ကိုက်ခဲသည် ထင်ရ၏ ။ ရာဇပလ္လင်ပေါ်မှ ခြေတစ်ဖက်ချ၍ ရေခွက်တွင် စိမ်ထားရသဖြင့် ခြေကျင်သည်ကို ခံစားလာရသည်။ စိတ်နှလုံး ဒုံးဒုံးချထားပြီ ဖြစ်သည့် ခင်ပြည့်စုံမှာမူ တစ်ဖက်က သားလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် တစ်ဖက်က ရေခွက်ကို တင်းနေအောင် ကိုင်ထားရင်း ရေထဲ ခေါင်းစိုက်ထားသည်မှာ အသက်ပင် မရှိတော့သယောင်။

“တော်တော့၊ သူ့ကို ထုတ်ပေးလိုက်တော့၊ လောလောဆယ် အနောက်ဆောင်မှာ အဆောင်တစ်ခု စီစဉ်ပေးလိုက်ကြ၊ အမိန့်တော်”

ဘုရင်မင်းမြတ် အမိန့်တော် မှတ်သည့်တိုင်အောင် ခင်ပြည့်စုံသည် မလှုပ်မယှက်သဖြင့် ရဲမက်တစ်ဦးက ဆံထုံးကို ဆွဲ၍ ဖော်ရသည်။ အမျိုးသမီးသည် ဘာကိုမှ မမြင်တော့ဟန်ဖြင့် လဲကျသွားသည်၌ မငိုမကြွေး တောင့်တောင့်ရပ်နေသော သားငယ်က မိခင်အား ‘မေမေ.. မေမေ’ ဟု လှုပ်ယမ်းခေါ်ငင်နေသည့် မြင်ကွင်းမှာ ဘုရင်ပင် မကြည့်ရက်သဖြင့် မျက်နှာတော် လွှဲနေရ၏ ။

သို့ဖြင့် အရပ်သူမ ခင်ပြည့်စုံမှာ အဆောင်တော်ရ မိဖုရားငယ်တစ်ပါး ဖြစ်လာပြီး ရဲဝံ့သော သူငယ်ကလေးမှာလည်း ရှင်သစ္စာ ဟူသော အမည်ဖြင့် မင်းညီမင်းသားတစ်ပါး ဖြစ်လာခဲ့သည်။ အရွယ်ရောက်သောအခါ သခင်ကြီး၏ သားတော် အိမ်ရှေ့စံ နန္ဒမင်းသားထက် လက်ရုံးရည် နှလုံးရည် လွန်စွာ ထက်မြက်ပြီး ခမည်းတော် ဘုရင့်နောင်မင်းတရားကြီးကပင် ‘ငါ့သားတော်မှာ ငါ့လို မင်းတကာတို့၏ မင်း ဖြစ်မည့် အရည်အချင်းများ ရှိပေသည်’ ဟု ထုတ်ဖော်ချီးကျူးလာရသည်။

ညောင်ရမ်းမြို့စား မင်းသားကလေး ရှင်သစ္စာမှာ ခမည်းတော် သွားသည့်နောက် လိုက်ရ၍ ခမည်းတော် စေခိုင်းသည်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်း ရှိ၏ ။ နောင်တော် နန္ဒကမှ ဥပရာဇာဖြစ်သော်လည်း အရေးမလှလျင် မတိုက်ဝံ့ဘဲ ပြန်လှည့်လာသည်များ ရှိသေးသည်။ ရှင်သစ္စာကတော့ ရဲရင့်စွာနှင့် အစီစဉ်တကျ ကွပ်ကဲ စီမံတတ်သည်သာမက မည်သို့ နေ၍ မည်သို့ ကြံရမည် ဆိုသည်ကိုပါ သိတတ် နားလည်သူ ဖြစ်၍ ဘုရင့်နောင် အထူးအားကိုးခဲ့ရလေသည်။

ဖခမည်းတော် လွန်သောအခါ နန္ဒဘုရင်လက်အောက်တွင် အမှုတော်ကို ထမ်း၏ ။ နန္ဒဘုရင်သည် မှူးမတ် သူရဲကောင်း ကျေးကျွန်တို့ကို သူကောင်းမပြု ဖောက်လွှဲဖောက်ပြန် ပြုသဖြင့်လည်းကောင်း၊ သူ၏ သားတော်မှာလည်း အလွန်ဆိုးသွမ်း၍ ပြည်သူတို့ စိတ်နှလုံး မချမ်းသာရသဖြင့် လည်းကောင်း တိုင်းပြည်အများ ပုန်ကန်ခြားနားကြလေသည်။ ပြည်စား ပုန်ကန်၍ ပုခန်းကြီးတွင် အခိုင်နေရာ ရှင်သစ္စာက သွားရောက်နှိမ်နင်းရ၏ ။ အင်အားကြီး ရန်သူတော်အား အောင်နိုင်ခဲ့သဖြင့် မင်းရဲနန္ဒမိတ် ဟူသော ဘွဲ့ကို ရသည်။

သို့သော် မကြာမြင့်မီပင် နန္ဒဘုရင်၏ ညံ့ဖျင်းမှုများကြောင့် သူပါ ညောင်ရမ်းကို အခြေပြု၍ ပုန်စားတော့သည်။ ထို့နောက် အင်းဝကို သိမ်း၍ မင်းပြုရာ ညောင်ရမ်းမင်းတရားဟု အမည်တွင်လာခဲ့သည်။ ထို့ပြင် ညောင်ရမ်းမင်း၏ ဘုန်း လက်ရုံး ထက်မြက်ပုံများကို ကြားသောကြောင့် ဝင်လာကြသည့် အတိုင်းတိုင်း အပြည်ပြည်မှ လူဟောင်း လူကောင်းများတွင် ဟံသာဝတီမှ ကြွလာသော ဘားမဲ့ဆရာတော်မှာ အစီအရင် ကောင်းလှသဖြင့် ကျော်ကြား၏ ။ အချို့စစ်ပွဲများကိုပင် နိုင်အောင် စီရင်နိုင်စွမ်း ရှိလေ၏ ။

သားတော် သခင်လတ်မှာလည်း ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်အားကိုးရသည့် စစ်ဦးစီးချုပ် ဖြစ်လာ၏ ။ ရှမ်းပြည်တလွှားကို ထိန်းသိမ်းရာ၌ ဘုရင့်တပ်တော်များကို မစောင့်ဘဲ သူ့တပ်နှင့်သူ အပြင်းဝင်ရောက် ထိုးဖောက်တတ်သဖြင့် မြို့ကို ရသော်လည်း ညောင်ရမ်းမင်းက ဆူသည်ကို ခံရလေ့ ရှိသည်။

“သားတော် လူပျိုလူရွယ် ပီသသည်။ အရဲကိုးလွန်း၏ ။ အရပ်အနေ မသင့်၍ ဆုံးချေသော် မခက်လော”

ဟု မိန့်တော်မူသော်လည်း အချိန်တန်လျင် မစောင့်၊ ရောက်သည်နှင့် တပ်မချဘဲ ချက်ချင်း တက်တိုက်မြဲ။ နိုင်မြဲ၊ အောင်ပွဲရသော်လည်း ဆူခံရမြဲ ဖြစ်နေသည်။

အမြော်အမြင် ကြီးမား၍ လက်ရုံးတောက်ထွန်းလှသော ညောင်ရမ်းမင်းကြီးသည် ရှမ်းပြည်မှ အပြန်တွင် နာမကျန်းဖြစ်ရာ သားတော် သခင်လတ်ကို ခေါ်၍

“ငါတော့ ဤအနာမှ ထနိုင်တော့မည်မဟုတ်။ ငါမရှိလျင် မင်းတို့ ညီနောင်သုံးပါး အစဉ်လိုက် မင်းပြုလျက် ဘေးစကားများကို ယုံ၍ စိတ်ဝမ်းမကွဲကြစေနှင့်”

ဟု အမှာတော်ထားကာ သစ္စာရေ သောက်ကြစေ၏ ။

ညောင်ရမ်းမင်း လွန်သော် သားတော် သခင်လတ်သည် မဟာ ဓမ္မရာဇာအမည်ဖြင့် အင်းဝနန်း တက်လာသည်။ နန်းတက်၍ တစ်နှစ်အကြာ ပြည်ကို သွားရောက်တိုက်ခိုက်ပြီး ၈ လကြာ ဝန်းရံခဲ့ရသည်။ ညောင်ရမ်းမင်း စတင် ခြားနားစဉ်က တောင်ငူစား မင်းရဲသီဟသူနှင့် ပြည်စား မင်းကြီးနှောင်း ပူးပေါင်း၍ ညောင်ရမ်းကို တိုက်မည် ပြင်ကြသော်လည်း ပြည်စားကို အထိန်းတော် ရန်နိုင်စားက လုပ်ကြံခဲ့သဖြင့် ယခု ပြည်ဘုရင် ဖြစ်နေသော ရန်နိုင်စားအား ခမည်းတော်က ကျေးဇူးရှင်ဖြစ်၍ မသတ်နှင့်ဟု မှာခဲ့သည်။ ထိုတိုက်ပွဲတွင် တောင်ဖီလာဆရာတော်နှင့် ငထင်ငယ်ကို ရခဲ့လေသည်။

ထို့နောက် တောင်ငူကို တိုက်ခိုက်ကြပြန်သည်။ တောင်ငူတွင် မင်းရဲသီဟသူ၏ သားတော် နတ်သျှင်နောင်က သီဟသူရအမည်ဖြင့် မင်းပြုနေ၏ ။ တိုက်၍မရ၊ မင်းနှစ်ပါး စီးချင်းထိုးရန် ပြင်ကြသော်လည်း နတ်သျှင်နောင် သွေးစုနာ ပေါက်သဖြင့် မတိုက်ဖြစ်။ ထို့နောက် တောင်ငူ အညံ့ခံလာ၍ နန်းတော်မှန်ကင်း ချကာ လက်အောက်ခံနိုင်ငံအဖြစ် နတ်သျှင်နောင်ကိုပင် မြို့စားခန့်ခဲ့လေသည်။

သို့သော် နတ်သျှင်နောင်က သစ္စာဖျက်၍ သန်လျင်စား ဒီဘရစ်တို ထံ စာစေ၍ တောင်ငူကို သိမ်းခိုင်းသည်။ ဒီဘရစ်တို ရောက်လာ၌ နန်းတော်နှင့်တကွ ဘုရားကျောင်းကန်များကိုပါ မီးတိုက်သွား၏ ။ နတ်သျှင်နောင်လည်း ပေါ်တူဂီနှင့် ပေါင်းလျက် ခရစ်ယာန် ဘာသာသို့ ဝင်ကာ သန်လျင်မှ ခြားနားနေကြသဖြင့် အင်းဝတပ်များ သွားရောက် တိုက်ခိုက်ကြရလေသည်။

သန်လျင်မှာ ပေါ်တူဂီ ၅၀၀ ခန့် ရှိ၍ ခေတ်မီ လက်နက်ကောင်းများ အပြည့်ရှိသောကြောင့် တစ်နှစ်ကျော်ကြာသည်အထိ အလွန် ခဲယဉ်းပင်ပန်းစွာ တိုက်ခိုက်ယူရသည်။ မြန်မာတပ်များ အလွန်အကျအဆုံးများသော်လည်း နောက်ဆုံးတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်၏ ။ နတ်သျှင်နောင်မှာ အမှားကို ဝန်မခံ၊ ဘာသာပြန်မပြောင်းနိုင် ဟု ဆိုသဖြင့် ဒီဘရစ်တိုခေါ် ငဇင်ကာနှင့် အတူတကွ တံကျင်လျှုိ ကွပ်မျက်ခံလိုက်ရလေသည်။

တနင်္သာရီ ရေး ဒေသတို့ကိုလည်း ယိုးဒယားတို့က နှောင့်ယှက်ထိပါးလာသဖြင့် သွားရောက် နှိမ်နင်းရသေးသည်။ အင်းဝတပ်များမှာ ရေမြေတောတောင် မကျွမ်းသော်လည်း ကျူးကျော်သူ ယိုးဒယားတို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်သာမက ဇင်းမယ်သို့ပါ ချီတက် သိမ်းပိုက်လိုက်ကြသေး၏ ။

ထို့နောက် ရခိုင်က ကျူးကျော်လာသဖြင့် သံတွဲကိုပါ သွားရောက်သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံတော် ကျယ်ဝန်းခဲ့လေသည်။ ဟံသာဝတီ၌ စိုးစံနေစဉ် သားတော် မင်းရဲဒိဗ္ဗက ကိုယ်လုပ်တော် ကျိုင်းတုံစော်ဘွားသမီးနှင့် ရည်ငံနေကြောင်း ကြားသိရသဖြင့်

“နင့်အား သံအိုးကင်းနှင့် ကြော်မည်” ဟု ကြိမ်းမောင်းခဲ့သည်ကို အကယ်ထင်မှတ်၍ ဟံသာဝတီချောင်း အနောက်ဘက်၌ ယာယီတဲနန်းနှင့် နေစဉ် မင်းရဲဒိဗ္ဗက လုပ်ကြံလိုက်သည်။ ထို့ကြောင့် မဟာဓမ္မရာဇာအား အနောက်ဘက်လွန်မင်း ဟု ခေါ်ကြကုန်၏ ။

အနောက်ဘက်လွန်မင်း မရှိလျင် ခမည်းတော် ညောင်ရမ်းမင်းကြီး၏ မိန့်ကြားချက်အရ ညီတော် အိမ်ရှေ့မင်း သတိုးဓမ္မရာဇာ အား ထီးနန်းအပ်ရမည် ဖြစ်သော်လည်း အဝေးရောက်နေသဖြင့် အင်အားကောင်းနေသော မင်းရဲဒိဗ္ဗသည်သာ ဘုရင်ဖြစ်လာခဲ့လေ၏ ။

#သင်္ခရာဇာ