အဖွားအိုတယောက်ရဲ့ကျိန်စာ(စ/ဆုံး)
—————————
မန္တလေးမြို့ မြောက်ပြင်ဟု အလွယ် ခေါ်ကြသော မန္တလေး ဘီယာချက်စက်ရုံ မြောက်ဘက်ရှိ၊ ××× ရပ်ကွက်တခု အတွင်းသို့ အိမ်စီးကား တစီးနှင့် ကုန်တင်ကားကြီး တစီး ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။
ကားနှစ်စီးသည် ဆိတ်ငြိမ်သော ခြံဝင်းတခု အရှေ့တွင် ရပ်သွား၏။ရှေ့က အိမ်စီးကားပေါ်မှ လူ သုံးဦး ဆင်းလာကြသည်။ တိတိပပ ဆိုရသော ၄ဦး ဖြစ်၏။
ထိုလူများမှာ အသက် ၆၀အရွယ် ယောက်ကျားကြီးတဦး၊ အသက် ၃၀အရွယ် လူလတ်ပိုင်း အမျိုးသားတဦး နှင့် ၇နှစ်အရွယ် သမီးလေးကို ချီပိုးထားသော အသက် ၂၅နှစ်ဝန်းကျင် အမျိုးသမီးတဦးတို့ ဖြစ်ကြသည်။ ကလေးပါ ရေတွက်လျင် ၄ယောက်ဖြစ်၏။
” ဟယ် ခြံကြီးက အကျယ်ကြီးနော် ဖေဖေ ။ အုန်းပင်တွေရော သရက်ပင်တွေရော အများကြီးပါတယ် ။ ပွတာပဲ ”
အားရဝမ်းသာ ပြောလိုက်သူက မခင်လေးငယ် ဖြစ်သည်။ သူမ၏ ဖေဖေ ဦးဝင်းဦးက ခြံတံခါးသော့ကို လက်နှိုက်ဖွင့်ရင်း ၊
” ဒါက အိမ်ရှေ့က အပင်တွေ သမီးရဲ့၊ အိမ်အနောက်မှာ ဂွေးချိုသီးပင် ၊ မာလကာပင် ၊ တရုတ်ဆီးသီးပင်တွေ အများကြီးပဲ ။အပင်တွေက အသင့် ခူးစားအရွယ်တွေကွဲ့ ။ ဖေဖေ ဒီခြံကြီးကို ဝယ်ဖြစ်တာ အဲ့ဒီအပင်တွေကြောင့်လည်းပါတယ်ပေါ့ကွယ် ”
အသက် ၈နှစ်အရွယ် ရွှေရေးခြယ်က၊
” ဖိုးဖိုးကြီး မီးလေး အတွက် ဒန်းရော ပါတယ်ဆို ၊ အဲ့ဒါ ဘယ်မှာလဲ ”
“ပါတာပေါ့ မြေးရဲ့ ၊ မြေးအတွက် ဒန်းက စပယ်ရုံတွေဘေးမှာလေ ၊ လာ လာ ဖိုးဖိုးကြီး လိုက်ပြမယ် ”
ရွှေရေးခြယ်ကို လက်ဆွဲပြီး ဦးဝင်းဦးက ခြံထဲ ဝင်သွားသည်။ ကျန်ရစ်ခဲ့သော မခင်လေးငယ်က သူမ ယောက်ကျား ကိုရဲနောင်၏ အသံမကြား၍ နောက်သို့ လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် ကိုရဲနောင်သည် ကုန်တင်ကားသမားနှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများကို ကားပေါ်မှ ချရန် ၊တဆက်တည်း အိမ်အတွင်း နေရာချထားပေးရန် စကားပြောဆိုနေကြသည်ကို တွေ့လိုက်ရ၏။
သို့ဖြင့် မခင်လေးငယ်သည် ခြံစည်းရိုးသဖွယ် ဖြစ်နေသော အုန်းပင်များ စီစီရီရီ ပေါက်နေသည့် အဝင်စသို့ လျှောက်သွားလိုက်သည်။
မခင်လေးငယ် စိတ်ဝင်စားသည်က အုန်းပင်တွေမဟုတ်။ အုန်းပင်တွေအကြားက သရဖီပင်ကို ဖြစ်၏။အပင်က သိပ်မကြီးသော်လည်း သရဖီပန်းတွေက ဝေဝေဆာဆာပွင့်နေသည်။
မိန်းကလေးဆိုတော့ ပန်းကြိုက်၏။ထို့ကြောင့် အလျင်အမြန် သရဖီပင်အနီး ရောက်သွားပါသည်။
” အံမယ်လေး ဘာကြီးလဲ ”
သရဖီပင် နံဘေးက အုန်းပင်အခြေမှာ လေးထောင့် ဖက်ခွက်ချိုးဖြင့် ခေါစာများ ပုံထားသည်ကို မခင်လေးနွယ် မြင်လိုက်ခြင်းပင်။
ဘယ်အချိန်က ပစ်ထားသည်မသိ။ခေါစာခွက်မှာ ယင်တလောင်းလောင်း အုံနေပြီ ဖြစ်သည်။ ခေါစာခွက် မမြင်ဖူးသူ မဟုတ်။ သူမ အံဩရသည်က ခေါစာခွက်ထဲက စက္ကူကျားရုပ်ကို မြင်တွေ့လိုက်ရ၍ အံဩသွားခြင်း ဖြစ်သည်။ ကျားရုပ်မှာ အသက်ဝင်လွန်း၏။
သားကောင်ကို ချီမတော့မည့်ဟန်ပြင်နေသည်။ အဘယ်တွက်ကြောင့် ခေါစာခွက်ထဲ ကျားရုပ်ထည့် ပစ်ရသနည်း။
စိတ်ဝင်တစားဖြင့် ၊ သူမ ခေါစာခွက် အနီး တိုးကပ်သွားသည်။သူမသည် ခေတ်ပညာတတ် လူငယ်တဦး ဖြစ်သောကြောင့်၊ ယုံကြည်မှု လွန်ကဲသူတော့မဟုတ်။ ဆန်းကြယ်သော စက္ကူကျားရုပ်ကို ခေါစာခွက်ထဲမှ နှိုက်ယူလိုက်သည်။ အချိန်ကိုက်ပင် ၊
” ဖေရာ … ဖေရာ … ”
လေတိုက်သွားသည်လား မသိ။ သူမ ခေါင်းပေါ်က အုန်းလက်အချို့ လှုပ်ခတ်သွားကြသည်။
ရုတ်တရက်ဆိုတော့ မခင်လေးငယ် လန့်သွားဟန်တူသည်။ ကိုင်ထားသော စက္ကူကျားရုပ်ကို လွှတ်ချလိုက်သည်။
ဦးခေါင်းအပေါ် မော့ကြည့်လိုက်၏။ဝင်းကနဲ နေရောင်က သူမ မျက်နှာကို လာထိုးတော့ မျက်စိပြာဝေသွားသည်။
အုန်းလက်တခုပေါ်မှာ သူမအား တွဲလွဲခိုကာ စိုက်ကြည့်နေသော မျောက်တကောင်ကို မြင်တွေ့လိုက်ရ၏။ သူမ ကြည့်နေစဉ်မှာ ထိုမျောက်သည် တခြားသော အုန်းပင်သို့ ခုန်ကူး သွားတာ မြင်ရပြန်သည်။ တကောင်မဟုတ်။ နှစ်ကောင်။
သို့သော် ခုန်ကူးတာကိုပဲ မြင်လိုက်ရပြီး အခြားအပင်ပေါ်သို့ ထိုမျောက်တွေ ရောက်သွားသည်ကို မမြင်တွေ့ရတော့ပေ။
လမ်းခုလပ်၌ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ နေရောင် စူး၍ မမြင်ရခြင်းလားဟု သူမ တွေးထင်ကာ မျက်လုံးကို ပွတ်သပ် ကြည့်ပြန်၏။
အုန်းပင်၏ အကိုင်းအလက်တို့သည် ပကတိ ငြိမ်သက်နေပါ၏။ မျောက်လို အကောင်မျိုး မပြောနဲ့ ၊ ရှဉ့်ငပေါလေး တကောင်ပင် မတွေ့ရချေ။
အခြေအနေက သူမအား ကြက်သီးမွေးညင်းများ ထသွားစေသည်။ ထို့ကြောင့် အပြင်မှာ ရပ်နေသော ခင်ပွန်းဖြစ်သူ ကိုရဲနောင်အား လှမ်းအော်ခေါ်လိုက်လေ၏။
” အစ်ကို အစ်ကို ဒီကို ခဏ လာဦး ”
ကုန်တင်ကားဆရာနဲ့ စကားပြောနေသော ကိုရဲနောင်သည် အသံကြား၍ လှည့်ကြည့်သည်။
မခင်လေးငယ်က သူ့ကို တခုခု ပြချင်ဟန်တူ၏။ ခြံထဲ အဝင်စကနေ လှမ်းခေါ်နေခြင်း ဖြစ်သည်။ ကိုရဲနောင်က ကားဆရာကို စကားစဖြတ်၍ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
“ဘာလဲ ခင်လေး ၊ ဘာတွေ့လို့လဲ”
” ခုနက ဒီအုန်းပင်ပေါ်မှာ မျောက်နှစ်ကာင် အစ်ကို။ ခင်လေး အသေအချာ တွေ့လိုက်တယ်။ အခု မရှိတော့ဘူး။
မြန်လိုက်တာ ”
ကိုရဲနောင်သည် ခင်လေး ပြောသေယ အုန်းပင်များပေါ်သို့ လိုက်ကြည့်သည်။ သို့သော် တစုံတရာ ထူးခြားသည့် အရိပ်အယောင် မတွေ့ရ။
“ခင်လေး မျက်စိမှားတာ နေမှာပါ။ မျောက်ဆိုတဲ့အကောင် အငြိမ်နေတာမဟုတ်ဘူး ။ ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ။ ပြီးတော့ အသံလည်း တကွစ်ကွစ်နဲ့ ပေးတတ်သေးတယ်လေ ။ အခု ဘာမှ မကြားရသလို ၊ ဘာမှလည်း မမြင်ရဘူး ။ ခင်လေး မျက်စိမှားတာ ဖြစ်မှာပါ ၊ ဒီနေရာ ဒီဒေသမှာ မျောက်မှ မရှိပဲ ခင်လေးရယ် ”
ကိုရဲနောင်က ထိုသို့ ပြောရင်း ကုန်ကားပေါ်က စန္ဒယားကြီးကို အလုပ်သမားများ ချနေသည်ကို မြင်သွားပြီး …
” ဗျို့ ဆရာတွေ ၊ အဲ့ဒါကို သတိလေးနဲ့ ချကြပါနော် ။ အဖေ့ရဲ့ အမွေမို့လို့ပါ ၊ဖြေးဖြေး ဖြေးဖြေးဗျို့ ”
ကိုရဲနောင်သည် ပစ္စည်းများ ချနေသည့် အလုပ်သမားဆီသို့ အာရုံရောက်သွားသဖြင့် မခင်လေးငယ်ကို ထားရစ်ခါ ကုန်ကားဆီသို့ မပြေးရုံတမယ် ထွက်သွား ပြန်၏။
မခင်လေးငယ်လည်း ကိုရဲနောင် ပြောသည့်စကားကြောင် ဇဝေဇဝါ ဖြစ်သွား၏။ သူမ အမြင်မှားတာများလား။
ဖြစ်တော့ မဖြစ်နိုင်။ သူမ မြင်လိုက်ရသည်က မျောက်တကောင်မဟုတ်။ နှစ်ကောင်တောင်မှလေ။
” အို မျောက်ပဲလေ ၊ ဘာမှ အန္တရာယ်မှ မရှိပါဘူး ၊ နောက်တော့ နေသားကျသွားမှာပေါ့ ”
သို့ဖြင့် သူမသည် ခေါစာခွက်ထဲက စက္ကူကျားရုပ်ကို သတိရသွားကာ ကျသွားသည့် မြေပြင်ပေါ်သို့ ရှာဖွေလိုက်သည်။
“ဟင်! စက္ကူကျားရုပ်လေး နှမြောစရာ”
ကျားရုပ်လေးသည် အုန်းပင်နှင့်မနီးမဝေးက ဗွက်ရေအိုင်ထဲ ပေါ်လောမျောနေသည်။ သူမ ဆယ်ယူလိုက်ပေမဲ့ ရေတွေနဲ့ နူးအိကာ ကျားရုပ်လေး ပျက်စီးသွားပြီ ဖြစ်သည်။
လက်ထဲက ကျားရုပ် အစုတ်အပြဲလေးကို မြေပေါ်သို့ ပြန်လွှင့်ပစ်လိုက်သည်။
ထိုနေရာမှ သူမ ထွက်လာခဲ့သည်။
ခြံဝင်းထဲက နှစ်ထပ် အိမ်ကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။ အောက်ထပ်သည် အုတ်သားဖြင့် ဆောက်လုပ်ထားပြီး ၊ အပေါ်ထပ်ကိုတော့ ပျဉ်ကောင်းများဖြင့် ကာရံထားသည်။
မျက်နှာဖွင့် ပေ၄၀ သို့မဟုတ် ၄၅ပေခန့် ရှိမည်။ အလျားအရှည်မှာ သစ်ပင်များ ကွယ်နေသဖြင့် မခန့်မှန်းနိုင်။ အနည်းဆုံး ၅၅ပေ ၊ ၆၀ ထက်တော့ လျော့မည်မဟုတ်။ သူတို့ မိသားစုအနေဖြင့်ဆို အတော်ကြီးမားသည့် အဆောက်အဦး ဖြစ်၏။ ရှေးကျသော လက်ရာ ဖြစ်ပြီး ထုထည် ကြီးမား ခန့်ငြား၏။
အိမ်တအိမ်ဆိုသည်ထက် ကိုလိုနီခေတ်က ရုံးအဆောက်အဦး တလုံးနဲ့ တူလေ၏။ အပေါ်ထပ် အကာပျဉ်များကို ရေနံချေးနှင့် ဆေးနီညို ရောသုတ်ထား၏။ အောက်ထပ်အုတ်သားကို အဖြူပျက် (အဝါရောင်ဖျော့ဖျော့) သုတ်ထားသည်။ယခင်ပိုင်ရှင်များသည် စိတ်ကူးကောင်းသည်ဟုဆိုရမည်။
သီးပင်စားပင်များစွာ စိုက်ပျိုးထားခဲ့သည် ။ အိမ်အနောက်တွင် လေးထောင့်စပ်စပ် အင်း ရေကန်ကြီးတခု တူးထားသည်။ စိုက်ပျိုးရေအတွက် ပူစရာမလို။ထို ရေအင်းကြီးထဲ၌ ရေကန်စွန်းပင်များ အလေ့ကျ ပေါက်ပွားနေသည်။
မွေးမြူရေး ငါးကန်အဖြစ် အသုံးပြုနိုင်၏။ သို့သော် စီးပွားဖြစ်လောက်အောင် အင်းရေကန်မှာ မကျယ်ချေ။
ပြတင်းတံခါးများမှာ ခေတ်မှီသည်ဟု ဆိုရမည်။ မှန်ကတ်ရှင်များ တပ်ထား၏။ ဒီဘက်ခေတ်မှ ပြင်ဆင် တပ်ဆင်ထားခြင်း ဖြစ်မည်။ ပြတင်းပေါက်တိုင်း၌ သံတိုင်များ ပါရှိသည်။ သူခိုးရန်မှ ကာကွယ်နိုင်ရန် တပ်ဆင်ထားခြင်း ဖြစ်မည်။
အိမ်ကြီးသည် ယိုယွင်းပျက်စီးခြင်း မရှိ။
ပြန်လည် ပြင်ဆင်ထားခြင်းလည်း ဖြစ်နိုင်သည်။ လမ်းလျှောက်လာရင်း အိမ် တံခါးမကြီး မရောက်မှီ ညာဘက်ဘေးမှာတော့ ဦးဝင်းဦးနှင့် ရွှေရေးခြယ်တို့ မြေးအဖိုး ဒန်းစီးနေကြသည်။
ဒန်းမှာ သံထည်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဆုံလည်များ ဆီခြောက်သွေ့မှုကြောင့် တကျွီကျွီ တအီအီ မြည်နေ၏။
ကိုရဲနောင် စီမံမှုဖြင့် အလုပ်သမားများသည် အိမ်ထောင်ပရိဘောဂများကို အိမ်အတွင်း နေရာ ချထားနေ၏။
မခင်လေးငယ် အိမ်ထဲသို့ ဝင်လိုက်သည်။ ကြိုတင် ရှင်းလင်းထားသဖြင့် ဖုန်မှုန်များ ကင်းစင်နေ၏။ ပါလာသည့် တီဗွီစင် ၊ ဆိုဖာဆက်တီ ၊ ကျွန်းဘီရိုတို့ကို ဧည့်ခန်း၌ နေရာချထား၏။
ကိုရဲနောင် အသည်းစွဲ စန္ဒယားအဟောင်းကြီးကို ဝင်ပေါက်တံခါး၏ ညာဘက် နေရာလပ်တွင် နေရာချ၏။
ထိုစန္ဒယား နေရာ ယူထားသည့် နေရာ၏ အပေါ်ဘက်တွင် မှန်လည်ပေါက် ပါရှိ၍ အလင်းဝင်အားကောင်း၏။
မခင်လေးငယ် စန္ဒယားထားသည့် နေရာအပေါ်က မှန်လည် ပြတင်းပေါက်ကို အသေအချာ ကြည့်၍ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ထိုမှန်လည် ပြတင်းပေါက်တွင် ကျားတကောင်က သားကောင် ချောင်းနေသည့် ပန်းချီ ဆေးရုပ် ခြယ်ထားသည်မဟုတ်လား ။ သူမ စောစောက တွေ့ခဲ့ရသော စက္ကူကျားရုပ်ကဲ့သို့ပင်။ အခြေ၌ အင်းပုံသဏ္ဍာန် စာသားအချို့ ပါရှိနေလေ၏။
မခင်လေးငယ် မသင်္ကာ၍ ပြတင်းပေါက်တိုင်းက မှန်လည်များကို အသေအချာ လိုက်ကြည့်လိုက်သည်။
ပြတင်းပေါက် တခုစီတိုင်းတွင် ကျားရုပ်ပန်းချီတခု ရေးဆွဲထားလေ၏။ ကျားရုပ်ပန်းချီတိုင်းအောက်မှာ အင်းဟုခေါ်မလား။ မန္တန်ဟုဆိုရမလား ။ စကားလုံးအချို့ ရေးထိုးထားလေ၏။ လောကီ အစီအရင် တခုဆိုတာတော့ သေချာလှပေသည်။ ဤအိမ်ကြီးသည် ထူးဆန်းနေသည်ကတော့ အမှန်ပင်။
မခင်လေးငယ်သည် အစောက ခြံကျယ်ကြီးကိုကြည့်၍ သီးပင်စားပင်များကို တွေ့ရသော်အခါ စိတ်ကြည်နူးမိခဲ့သည်။
ယခုတော့ ထိုသို့မဟုတ် ၊ ဤအိမ်ကြီးမှ ကြုံတွေ့လာနိုင်သော မမြင်ရသည့် အန္တရာယ်အချို့ကို တွေး၍ မွန်းကြပ်သွားလေတော့၏။ သို့သော် သရဲ တစ္ဆေဆိုတာကိုတော့ တခါမှ မမြင်ဖူးသလို ကြောက်လန့်တတ်ခြင်းလည်း မရှိချေ။ ခင်လေးငယ်သည် ရဲမှုးအငြိမ်းစား ဖခင်ကြီး တာဝန်ကျရာ နိုင်ငံအစွန်အဖျားထိ လိုက်နေဖူးသူ ဖြစ်သောကြောင့် သတ္တိနည်းသူတော့ မဟုတ်။
သူမ စိတ်မွန်းကြပ်သည်ဆိုတာက ၊ သမီးလေး ရွှေရေးခြယ် ထိတ်လန့်မည်ကို စိုးရိမ်မိခြင်းသာ။
000000000
အခန်း ၂။
ခင်လေးငယ် …စက်ချုပ်ဆိုင်မှ ပို၍ ယူလာခဲ့သော အဝတ်စအိတ်ကို ချိုင်းကြား ညှပ်လိုက်ပြီး ခြံတံခါးကို လက်လျို နှိုက်ဖွင့်လိုက်သည်။
” ဟင် ! သော့ခတ်ထားပါလား ၊ ေဩာ် အဖေကလည်းနော် သမီးပြန်လာတဲ့အထိ စောင့်ပါဦးတော့လား ၊ သူ့မြေးခေါ်ပြီး လမ်းထိပ်က လ္ဘက်ရည်ဆိုင် သွားတာပဲ နေမယ် ”
ခင်လေးငယ် စက်ချုပ်ဆိုင်က ပြန်လာခြင်း ဖြစ်သည်။ ညနေ ၄နာရီလောက်က အိမ်မှ ထွက်လာခဲ့သည်။ သမီးငယ် ရွှေရေးခြယ်ကို သူ့အဖိုးနဲ့ ထားခဲ့ပြီး သူမက စက်ချုပ်ဆိုင်မှာ တနာရီခန့် ကြာသွားခြင်း ဖြစ်လေ၏။ သူမသည် အိမ်အသစ်တွက် ခန်းဆီး လိုက်ကာများ တပ်ဆင်ရန် သွားချုပ်ခြင်း ဖြစ်သည်။
စက်ချုပ်ဆိုင်က အစ်မကြီးက စပ်စပ်စုစု လုပ်နေ၍ ကြာသွားခြင်းလည်း ဖြစ်၏။ ဘယ်အရပ်က ပြောင်းလာတာလဲ ။ အခု နေတဲ့အိမ်ကြီးက အဆင်ပြေလားဟု စပ်စုနေ၏။
ထိုစက်ချုပ်ဆရာမ မေးနေသည်က ထူးဆန်းနေသည်ဟု အောက်မေ့၍ …
” အိမ်နဲ့ခြံကြီးက အကျယ်ကြီးပဲ ၊ နေလို့ကောင်းပါတယ် ။ ဘာဖြစ်လို့လဲ အစ်မရဲ့ ”
စက်ချုပ်ဆရာမက သူမအား အကဲခတ်သလို ကြည့်ပြီး ၊
” ဟိုလေ … စိတ်မဆိုးနဲ့နော် ၊ အဲ့ဒီခြံနဲ့အိမ်ကြီးက သရဲခြောက်တယ်လို့ ပြောကြလို့ပါ ။ ညီမတို့ကိုရော ဘာမှ ထူးထူးခြားခြား လုပ်မပြဘူးလား ”
ခင်လေးငယ် မထမတော့ ကြောင်တောင်တောင်ပင်။နောက်တော့ ပါးလေးခွက်သွားအောင် ပြုံးလိုက်မိသည်။ စက်ချုပ်ဆရာမ ပြောနေတာ ရယ်ချင်၍ ဖြစ်သည်။ အိမ်ကြီးက သရဲခြောက်သည်တဲ့လေ။ အိုင်တီခေတ်ကြီးထဲမှာ ခေတ်နောက်ပြန် ဆွဲချင်တွေလည်း အများသားပါလားဟု တွေးမိသွားပြီး ၊
” အစ်မက သရဲရုပ်ရှင်တွေ အကြည့်များတယ်နဲ့တူတယ် ၊ သရဲဆိုတာ ရုပ်ရှင်ထဲသာ ထိတ်လန့်စရာ ကောင်းတာလေ။ အပြင်မှာ ရှိမှ မရှိပဲ ။ စိတ်ကူးယဉ် သဲထိတ်ရင်ဖို ဇာတ်လမ်းအနေနဲ့သာ ကြည့်ပါအစ်မရယ် ။ အယုံအကြည် မလွန်ကဲပါနဲ့ ။ အဲ့ဒီ အိမ်ကြီးက သရဲ မရှိပါဘူး ။ တိတ်ဆိတ် အေးချမ်းလို့ပါ ။
နောက်ကြုံရင် လာလည်ပါလား။ ခြံထဲက ဂွေးချိုပင်တွေ သီးနေတာများ အပြွတ်လိုက် အပြွတ်လိုက်ပဲ ။ပြန်တဲ့အခါ လက်ဆောင်ထည့်ပေးလိုက်မယ်လေ”
ခင်လေးငယ်က မကြောက်သည့်အပြင် ရယ်မော၍ သူမအား အိမ်အလည်လာရန် ဖိတ်ခေါ်နေသောအခါ ၊ စက်ချုပ်ဆရာမသည် တွန့်သွား၏။
” ဟုတ်ကဲ့ … နောက် အားမှ လာလည်ပါ့မယ် ။ ကျမ ပြောတာ စိတ်မဆိုးပါနဲ့နော် ။ ကျမကလည်း ဒီကို ပြောင်းလာတာ မကြာသေးဘူး ။
အရပ်ထဲက ပြောသံကြားလို့ စပ်စပ်စုစု မေးမိတာပါ ။ ခြံကြီးက သီးပင်စားပင်တွေနဲ့ ဝေဆာလို့ဆိုတော့ နေရတာ ကောင်းမှာပါ ”
ခင်လေးငယ် စကားကြောဖြတ်လိုက်သည်။
” ကဲ အစ်မရေ ၊ စကားကောင်းနေလိုက်တာ ။ အိမ်မှာ အဖေနဲ့ သမီးလေး ချန်ထားရစ်ခဲ့ရတာဆိုတော့ ၊ ပြန်လိုက်ပါဦးမယ်နော် ။ ေဩာ် ခန်းဆီး ချုပ်ခက လာရွေးမှ ရှင်းပေးရမှာ မဟုတ်လား ။ အခု စရံ ပေးထားစရာ လိုသေးလားရှင့် ။ လိုရင်လည်း ပေးခဲ့မလို့ပါ ”
“ရတယ် ရတယ် ညီမ ၊ လာရွေးတော့မှ ရှင်းပါ ။ နှစ်ရက်လောက်တော့ စောင့်ပေးနော် ၊ တခြား အပ်ထည်လေးတွေ လက်စသပ်ရဦးမှာမို့ပါ ”
စက်ချုပ်ဆရာမက တိုင်းဖြတ်၍ ပိုနေသာ အဝတ်စကို စက္ကူအိတ် တအိတ်ထဲ ထည့်ပေးသည်။
အိမ်ပြန်လာတော့ ခင်လေးငယ်ရဲ့စိတ်ထဲမှာ စနိုးစနှောင့် ဖြစ်မိတာ အမှန်။ သူက နဂိုကမှ ဒီအိမ်ကြီးရဲ့ အနေအထားကို သိပ်မကြိုက်သူလေ။ အခု စက်ချုပ်ဆရာမက ခင်မင်ရင်းနှီးမှုလည်း မရှိ၊ စကား အဆက်အစပ်လည်း မရှိပဲ ၊ သူမ ပြောင်းလာသော အိမ်ကြီးက တစ္ဆေခြောက်တယ်လို့ ပြောလာတော့ ခံစားချက်က မကောင်း။
ဒီအိမ်ကြီးရောက်တာ တပတ်ကျော်ပြီ။ ဘာမှတော့ ထူးထူးခြားခြား မရှိသေး။ညဘက် ခြိုးခြိုးချွတ်ချွတ် အသံကြားရတာလောက်ကတော့ လူမနေပဲ ကြာမြင့်သည့် အိမ်တို့ ထုံးစံအတိုင်း ကြွက်များ သောင်းကျန်းကြသည်သာ ဖြစ်လိမ့်မည်။
ပြီးတော့ အစ်ကို့ ရင်ခွင်ထဲ အိပ်စက်ရသည်မို့ ခင်လေး ကြောက်စိတ် မဖြစ်မိ။
အတွေးစကိုဖြတ်၍ ခင်လေး ပိုက်ဆံအိတ်လေးထဲက သော့အပိုတချောင်းကို ထုတ်၍ ခြံတံခါးသော့ကို ဖွင့်လိုက်သည်။
ပြီးတော့ သော့မခတ်တော့ပဲ ချိတ်ရုံသာ ချိတ်၍ အိမ်ကြီးဆီ လမ်းဆက်လျှောက်လာခဲ့သည်။
စိတ်ဆိုတာက သာမန် အခြေအနေထက် ထူးခြားမှုရှိရင် လှုံ့ဆော်တတ်သည့်အမျိုး ။ အခုလည်း ပုံမှန်မဟုတ်ပဲ အပေါ်ထပ် အခန်းတခန်းမှ ပြတင်းပေါက်သည် ပွင့်လျက်သားရှိနေ၍ ခင်လေး မော်ကြည့်လိုက်မိသည်။
အခန်း ပြတင်းပေါက် သံတိုင်ကြားမှ မီးခိုးငွေ့တချို့ တလူလူ လွင့်ပျံနေသည်ကို မြင်လိုက်ရသည်။ မီးလောင်သည့် မီးခိုးမျိုးမဟုတ်။ စီးကရက် သို့မဟုတ် ဆေးပြင်းလိပ် သောက်သည့်အခါ ထွက်လာတတ်သည့် မီးခိုး ဖြစ်သည်။
” ဟင် ! အစ်ကို အိမ်ပြန်ရောက်နေပြီလား ။ ငါ မရှိဘူးဆိုပြီး စီးကရက်များ ခိုးသောက်နေတာလား ”
ခင်လေးငယ်က သူမခင်ပွန်း ကိုရဲနောင်ဟု ထင်သွားသည်။ ကိုရဲနောင်သည် တခါတရံ ဆေးလိပ် ခိုးသောက်လေ့ရှိသည်။ အဆုတ်နာ ဖြစ်ဖူး၍ ကိုရဲနောင် ဆေးလိပ်သောက်ခြင်းကို ဆရာဝန်က တားမြစ်ထားသလို ခင်လေးငယ်ကလည်း ခွင့်မပြုပေ။
ခင်လေးငယ် စိတ်တိုသွားသည်။ ကိုရဲနောင်အား ဆူပူရန် အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်သွား၏။ လှေကားရင်း ဖိနပ်ချွတ်ကို စိုက်ကြည့်သည်။
ကိုရဲနောင်၏ ဖိနပ်ကို မတွေ့။ အိမ်အပေါ်ထပ်သို့ မည်သူမျှ ဖိနပ်စီး မတက်ရ။ ဖိနပ်ချွတ်တွင် ဖိနပ်မတွေ့ရသောအခါ သူမ ခဏတုန့်သွားသည်။
သူမ ယောက်ကျား မဟုတ်လျင် အပေါ်ထပ်က ဆေးလိပ်သောက်သူသည် မည်သူနည်း ။
ခင်လေးငယ် ကြောက်တတ်သူမဟုတ်။ ဖခင်ကြီးက သူမ ငယ်စဉ်က အနီးကပ် ရန်သူကို တိုက်ခိုက်နည်း သင်ကြားပေးထား၏။ သို့သော် အပေါ်ထပ်က လူသည် သူခိုး ဖြစ်နေသော် သူမအား ရန်မူနိုင်၏။ ထို့ကြောင့် သူမသည် ဘေးဆီးရန်ကာ သဘောမျိုးဖြင့် အနီးနားက တွေ့ရသော လူရိုက်ကောင်းမည့် အလော်တော် တုတ်ချောင်းတချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ဆေးလိပ်မီးခိုး ထွက်သောအခန်းမှာ ညာဘက်မှ ရေတွက်သော ဘုရားခန်းနှင့် ကပ်လျက်က လူနေအိပ်ခန်း ဖြစ်၏။ ထို့ကြောင့် သူမသည် အတတ်နိုင်ဆုံး ခြေသံမမြည်အောင် ကြမ်းပြင်ကို ခပ်ဖွဖွ နင်းလျက် ထိုအခန်းတံခါးဝသို့ လျှောက်သွားလိုက်သည်။
အခန်းတံခါးကို နားဖြင့် ကပ်၍ နားထောင်ကြည့်သည်။
” ထောက် ! ”
(မီးခြစ် ခြစ်သည့်အသံ)
” ဖျစ် ဖျစ် ”
” အားဟား … ”
စီးကရက်ကို အငမ်းမရ ရှိုက်ဖွာပြီး ကျေနပ် နှစ်သက်သွားသည့် အသံ ၊ စသဖြင့် သူမ ကြားလိုက်ရသည်။ သေချာပြီ အထဲမှာ လူရှိနေပြီ။
အရင်က လူမနေသည့်အိမ်ကြီးထဲကို ဆေးသမား၊ ဖိုးသမားများ ခိုးဝင်၍ ဆေးသုံးကြသည်ဟု ကြားဖူးထားသည်။ ယခုလည်း ထိုသို့ ဖြစ်နေမလား မပြောတတ်။ သူမ စိတ်ကို တည်ငြိမ်အောင် ထိမ်းလိုက်ပြီး … အသက်ကို ဝဝရှုသွင်းလိုက်သည်။
ပြီးတော့ တံခါးမှာ ခြေတလှမ်းစာ အနောက်သို့ ခွာ၍ တုတ်ချောင်းကို ရိုက်ရန် အသင့်ရွယ်ထားလိုက်သည်။
” အခန်းထဲက ဘယ်သူလဲ ၊ အခု ထွက်ခဲ့စမ်း ”
ခင်လေးငယ် အသံမာမာဖြင့် အမိန့်ပေးလိုက်၏။ သို့သော် အထဲမှ ပြန်ဖြေသံ မကြားရ။ ခုနက လှုပ်ရှားသံများပင် တိတ်သွားလေ၏။
” ပြောနေတာ မကြားဘူးလား ၊ မင်း ထွက်မလာရင် ငါ ဝင်လာမှာနော် ။ ငါ ဝင်လာရင်တော့ မင်း နာပြီသာမှတ် ”
မလှုပ်။ အခန်းထဲက တုတ်တုတ်မျှ မလှုပ်။ငြိမ်သက်မြဲ ငြိမ်သက်နေသည်။
သို့ဖြင့် ခင်လေးငယ်သဟ် တုတ်ကို လက်တဖက်ကို ကိုင်၍ ကျန်လက်တဖက်က အခန်းတံခါး လက်ကိုင်ဘုကို လှည့်ကာ ဖွင့်လိုက်သည်။
” ကျြီ … ဟီ … ဟီ ”
တံခါး ပွင့်သွားသည်နှင့် သူမ တုတ်ကို ကိုင်မြှောက်လိုက်သည်။ သူခိုး ပြေးထွက်လာပါက အသင့် ရိုက်ရန်ဖြစ်သည်။
” အွန့် … ဘာလဲဟ ”
အခန်းထဲတွင် လူမရှိချေ။ ပြတင်းတံခါးမှ ပွင့်လျက်သားရှိနေသည်တော့ အမှန်။ သို့သော် ရှေးကဆိုထားသလို ပြတင်းပေါက်တိုင်း၌ သံတိုင်များ တပ်ဆင်ထားသည်။လူတယောက်အနေဖြင့် ပြတင်းပေါက်ကနေ ထွက်မရချေ။
ပို၍ ထူးဆန်း အံဩဖွယ်ကောင်းသည်ကတော့ …
အခန်းထဲတွင် ဆေးလိပ်မီးခိုးငွေ့များ ပျံ့နှံ့နေခြင်း ဖြစ်သည်။ ထိုမီးခိုးငွေ့များကို ခင်လေးငယ် ရှုလိုက်မိသည်။ မွှန်ထူသွား၏။
” အဟွတ် … ဟွတ် … ဟွတ် ”
သူမ ချောင်းဆိုးနေစဉ် အခိုးအငွေ့တို့သည် ပျံ့နှံ့နေရာမှ စုဝေးလာပြီး သဏ္ဍာန်တခု အသွင်ဆောင်၍ ဟုတ်ကနဲ အခန်းထဲမှ ပြေးထွက်လာသည်။
ကသုတ်ကရက် ထွက်လာသည်ဖြစ်ရာ ထိုမီးခိုးငွေ့ အလုံးကြီးသည် ခင်လေးငယ်ကိုယ်အား တိုက်ချသွား၏။ ဖြတ်ကျော်သွား၏။
” အားဟား … ”
မီးခိုးလုံးကြီးထဲမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အသံကြီးတသံ ပေါ်ထွက်လာပြီးနောက် ၊
ထိုအသံနှင့်အတူ မီးခိုးများပါ ရုတ်ခြည်း ပျောက်ကွယ်သွားတော့လေသည်။
ခင်လေးငယ်မှာ အံဩထိတ်လန့်ခြင်းနှင့်အတူ မှင်သက် ငေးမောရင်း ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့လေ၏။
သေချာသည်မှာ မကြောက်တတ်သော ခင်လေးငယ် တကိုယ်လုံး ကြက်သီးမွှေးညှင်းများစွာ ထသွားခြင်းပင် ဖြစ်လေတော့သတည်း။
အခန်း(၃)
ကိုရဲနောင်က သူ့ဇနီးပြောတဲ့ အခန်းကို တက်ကြည့်၏။ သူနဲ့အတူ ယောက်ခထီးဖြစ်သူ ဦးဝင်းဦးလည်းပါသည်။
အခန်ထဲမှာ ရှင်းလင်းနေတာတော့ အမှန်။ ဆေးလိပ်အနံ့လည်း မရသလို ၊ ဆေးချေးနံ့လည်း မရှိ။ ယုတ်စွအဆုံး ၊ သောက်ထားပြီး စီးကရက်အစီခံတို တခုတလေပင် မတွေ့ရချေ။ ခက်တော့နေပြီ။ ခင်လေးငယ်ကလည်း သူမ မျက်မြင်ကိုယ်တွေ့ပါဟု ကျိန်တွယ် ပြောနေ၏။
ရဲမှုးဟောင်း ဖြစ်တဲ့ ဦးဝင်းဦးက တခန်းလုံးကို စေ့စေ့စပ်စပ် ရှာဖွေသည်။ နံရံက ကြွက်လျှောက်တန်းလေး၏ အပေါ် အစအဆုံး လိုက်ကြည့်သည်။
ကြွက်လျှောက်တန်း တနေရာတွင် ခေတ်ဟောင်း ကြေးမီးခြစ်တလုံးကို ရှာတွေ့၏။
ဦးဝင်းဦးက ထိုမီးခြစ်ကို ကိုရဲနောင်အား ကမ်းပေးလိုက်ရင်း …
” ဒီလို မီးခြစ်တွေက တို့ဗမာတွေ အသုံးနည်းတယ်ကွ ၊ ဒါ ၁၉၆၀ ခုနှစ်လောက်က တရုတ်ပြည်မကြီးက လာတဲ့ တရုတ်တွေ အသုံးပြုတာများတယ်။ မီးခြစ် အောက်ခြေကို ကြည့်လိုက် ”
ကိုရဲနောင် မီးခြစ်၏ အခြေကို ကြည့်လိုက်သည်။ တရုတ်စာအချို့ တွေ့ရ၏။
မီးခြစ်၏ ဘေးဘက်မျက်နှာစာတွင် တရုတ်နဂါးပုံ ထွင်းထားသည်။
” မီးခြစ်က အသုံးပြုလို့ မရတော့ပါဘူး။ အထဲက မီးစာမှာ ရေနံဆီမှ မရှိတော့တာ။ မီးခြစ်ကို သုံးချင်ရင် မီးစာကို ရေနံ သို့မဟုတ် ဓာတ်ဆီ စိမ်ရတယ်လေ”
ဦးဝင်းဦး ပြောသည်မှာ မှန်၏။ မီးခြစ်ကို ကိုရဲနောင် အဖုံးဖွင့်ကြည့်သည့်အခါ အထဲက မီးစာဂွမ်းသည် ခြောက်သယောင်းနေလေပြီ။ လတ်တလော မည်သို့မျှ အသုံးပြုရမည် မဟုတ်ချေ။
တခန်းလုံးကို လှည့်ပတ်ကြည့်ကြသည်။ အခန်းလွတ် တခု ဖြစ်သဖြင့် ကုတင်၊ ဗီရို အစရှိသော အိမ်ထောင်ပရိဘောဂ တခုမျှ မထားရှိချေ။ နေရာလွတ်ကြီး တခု ဖြစ်လေ၏။ အမြင်မှာ ရှင်းလင်းနေ၏။
ကြမ်းပေါ်၌ ဖုံမှုန် အနည်းငယ် ရှိသည်။ သို့သော် အခန်းထဲ စဝင်လာကတည်းက ဦးဝင်းဦးသည် ရဲမျက်စိဖြင့် ကြည့်ပြီး ဖြစ်သည်။ ခြေရာ လက်ရာမရှိ။
ပြတင်းပေါက်နှင့် မျက်နှာကျက်ကို ဆက်နွယ်ထားသော ပင့်ကူပိုးအိမ်မျှင်မှာ လေအဝေ့တွင် လှုပ်ခတ်သွား၏။
ကိုရဲနောင် အဲ့ဒါကို မြင်တော့ ပြုံးလိုက်သည်။
” အဖေ … အဖေ့ သမီး မျက်စိမှားတာပဲ ဖြစ်မယ် ။ ပင့်ကူအိမ်က ပုံမှန်ထက် ကြီးတယ်လေ ။ လေတိုက်တော့ အဲ့ဒါကြီးက လှုပ်လိမ့်မယ် ။ အဖေ့သမီး ပင့်ကူအိမ်ကို မြင်တာပဲ ဖြစ်မယ်ထင်တယ် ”
ချက်ချင်းပဲ ဦးဝင်းဦးက ခေါင်းကို လေးပင်စွာ ခါပြ၏။ သူ့ အမြင်က ထိုသို့ ဟုတ်ဟန်မတူ။သမက်နဲ့ယောက်ခမ အမြင်မတူကြချေ။
” မင်းမိန်းမ ပြောတာ သေချာ နားမထောင်ဘူးလား ၊ သူ့ကို ဝင်တိုက်သွားတဲ့ မီးခိုးလုံးကြီးထဲက အော်ဟစ်သွားတယ်ဆိုတဲ့ အသံလေ ။
ပင့်ကူအိမ်ကတော့ အသံမထွက်ပါဘူးကွ ။ ပြီးတော့ ငါ ငါ့သမီးကို ယုံတယ်။ သူက တော်ရုံ မကြောက်တတ်ဘူး ။ လီဆယ်လည်း မပြောတတ်ဘူး။
အခု ကိစ္စကို ထူးခြားဖြစ်စဉ်တခုအနေနဲ့ ငါ လက်သင့်ခံတယ်။ ဘာကြောင့် ဘယ်လိုဆိုတာကိုတော့ ငါလည်း ခုထိ အဖြေရှာလို့ မရသေးဘူး ။ ကဲပါ … မင်းက မင်းမိန်းမကို အားပေးစကား သွားပြောချေ။
အဖေ ဒီအပေါ်ထပ်ကို နည်းနည်း ထပ်လေ့လာလိုက်ဦးမယ် ၊ တခုခု ထူးခြားတာများ တွေ့ရမလားလို့ပါ ”
ကိုရဲနောင်လည်း ဦးဝင်းဦးစကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်တော့ အမှန်။ ထက်မြက်သော ရဲမှုးဟောင်းတယောက်၏ စကားက အခြေအမြစ် မရှိပဲ ဤသို့ ပြောထွက်လာမည်မဟုတ်။
ဘာပြောပြော ခင်လေးတွေ့ကြုံခဲ့သော ဖြစ်ရပ်သည် ထူးခြား ဖြစ်စဉ်အနေနဲ့ သူလည်း လက်သင့်ခံရလိမ့်မည် ဖြစ်သည်။
ကိုရဲနောင် မီးခြစ်ကို ဦးဝင်းဦးအား ပြန်ပေးပြီး အောက်ထပ်သို့ ဆင်းသွား၏။
ဦးဝင်းဦးက မီးခြစ်လေးကို လက်ထဲ ဆုပ်ကိုင်ထားရင်း … ၊
တယောက်တည်း ပြောနေမိသည်။
” တစ် နဲ့ တစ် ပေါင်းရင် ‘ နှစ် ‘ ရတယ်ဆိုတဲ့ ရလာဒ်အဖြေဟာ အခြေအနေတိုင်းပေါ်မှာ မမှန်နိုင်ဘူး ။
တခါတလေ တစ်နဲ့ တစ်ပေါင်းလည်း ‘တစ်’ပဲ ဖြစ်တတ်တဲ့ အခြေအနေတွေ ရှိတယ်။
အခု ငါ့သမီး မြင်တွေ့ ဖြစ်သွားတဲ့ အမှုအခင်းကို လူပါလို့ တရားသေ တွက်ထားရင် ငါ အမှားကြီး မှားလိမ့်မယ် ။
ဒီအိမ်ကြီးရဲ ထူးခြားတဲ့ အခြေအနေကို ထည့်တွက်ရလိမ့်မယ်။ ဒီခြံကြီးရဲ့ ထူးခြားတဲ့ အခြေအနေကို ထည့်စဉ်းစားမှ တော်ကာကျလိမ့်မယ်။
ဟူး … ဒါဟာ ငါ့အတွက် အမှားနည်းမဲ့ တွက်နည်းတခုပဲ ဖြစ်ပါစေကွယ် ”
အခန်း မျက်နှာကျက်တနေရာသည် စိုစွတ်နေ၏။ အမိုးသွပ်ပြား ပေါက်နေသည်လား မသိနိုင်။ ထိုမျက်နှာကျက်မှ ရေစက်လေး တစက် ကြမ်းပြင်ပေါ်သို့ ပေါက်ကနဲ ကျလာ၏။
ဦးဝင်းဦး ထိုရေစက်လေး ကျရာ ကြမ်းပြင်ပေါ်သို့ ဒူးထောက် ထိုင်ရင်း အပေါ် မျက်နှာကြက်သို့ မော်ကြည့်လိုက်သည်။
ကြည့်နေစဉ်မှာ ရေစက်လေး တပေါက် ထပ်မံကျလာ၏။ ထိုရေစက်သည် ကြမ်းပြင်ပေါ်က ရေစက်နဲ့ ပေါင်းစပ်သွားသည်။ သို့သော် ရေစက်နှစ်စက်တော့ ဖြစ်မလာချေ။ ကြမ်းပြင်ပေါ်မှာတော့ နှစ်ခုပေါင်းလည်း ရေစက်ပေါက်လေးကတော့ တခုတည်းသာ။
_____________
အခန်း (၄)
နောက် ၅ရက် ခန့်အကြာ။
ညသန်းခေါင်လောက်တွင် ကိုရဲနောင်သည် အိမ်မက်ထဲမှာလိုလို အပြင်မှာလိုလို ရေငတ်မွတ်ခြင်း ခံစားလာရ၍ အိပ်နေရာမှ တရေးနိုးထလာသည်။
မနေ့ည ညဦးပိုင်းက သူ ဘာတွေ စားမိလို့လဲ။ အာခေါင်တွေ ခြောက်ကာ ရေငတ်နေလေ၏။အကြောင်းမဲ့ မောဟိုက်နေသည်။ သူ ငုတ်တုတ် ထထိုင်တော့ ဘေးမှာ ခင်လေးငယ်က နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့လိုက်ရ၏။ အခန်းထဲတွင် သူတို့လင်မယားအတွက် ကုတင်တလုံး ၊ သမီးလေး ရွှေရေးခြယ်အတွက် ကုတင်တလုံး ထားရှိရာ ၊ တဖက်သော ကုတင်ငယ်ပေါ်တွင် သမီးငယ်ကို မမြင်ရ၍ သူ ထိတ်ကနဲ ရင်ဖိုသွားသည်။
” ခင်လေး … ခင်လေး ထပါဦး ၊ ဟိုဘက်ကုတင်မှာ သမီးလေး မရှိတော့ဘူး”
ကိုရဲနောင်က ကတုန်ကရင်နဲ့ မခင်လေးငယ်ကို လှုပ်နိုးလိုက်သည်။ မခင်လေးငယ်လည်း အိပ်စုံမှုန်ဝါးနဲ့ ထလာ၏။
” ဟင် … ဘာလဲ ဘာလဲ အစ်ကို ”
ကိုရဲနောင် ပြန်မဖြေအား ။ တဖက်က ကလေးကုတင်သို့ ထသွားပြီး …
” သမီးလေး ပျောက်နေလို့ ”
ထိုအခါမှ မခင်လေးငယ်လည်း ကုတင်ပေါ်မှ ကသောကမျော ခုန်ဆင်းလာ၏။ သမီးငယ်၏ ကုတင်ပေါ်ကို ကြည့်တော့ စောင်ကလေးကို ပုံထားသည်ကို တွေ့ရသည်။
မခင်လေးငယ် ကုတင်ပေါ်က မွေ့ယာကို လက်ဖဝါးဖြင့် စမ်းကြည့်လိုက်သည်။
” ဟင် … သမီးက ဘယ်သွားလို့လဲ ”
” ဟုတ်တယ် … သမီးက ခါတိုင်းဆို အပေါ့အပါးသွားချင်ရင် အစ်ကို့ကို နိုးတာ၊ အခု အစ်ကို့လည်း လာမနှိုးဘူး ၊ လာ လာ ခင်လေး ၊ အပြင် ထွက်ရှာရအောင် ”
မခင်လေးငယ်က …
” ထွက်သွားတာ မကြာလောက်သေးဘူး အစ်ကို ၊ အိပ်ယာခင်းက နွေးနွေးလေးပဲ ရှိသေးတယ် ”
ကိုရဲနောင်က ဘာမှ မပြောတော့ မခင်လေးငယ်၏ လက်ကို ဆွဲယူခေါ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
လင်မယား နှစ်ယောက် စိုးရိမ်ပူပန်စိတ်နဲ့ အခန်းအပြင်သို့ ထွက်လာခဲ့သည်။သူတို့ နေထိုင်ရာ အခန်းသည် ဖခင်ကြီးဦးဝင်းဦးအခန်းနဲ့ မျက်နှာချင်းဆိုင် ဖြစ်လေ၏။
ထိုအိပ်ခန်းများကို ကျော်သော် ၊ ဧည့်ခန်းသို့ ရောက်လေ၏။ သူတို့ ဖခင်ကြီးအား မနှိုးတော့။ ဧည့်ခန်းသို့ တန်းလာခဲ့ကြသည်။ ဧည့်ခန်းမီးများသည် ထွန်းလင်းနေ၏။ သမီးငယ် မီးဖွင့်ခဲ့ခြင်း ဖြစ်မည်။ သူတို့ ညအိပ်ယာဝင်လျင် အခြားမီးများကို အမြဲပိတ် အိပ်လေ့ရှိသည်။ထိုအခိုက် … ၊
” ဖျန်း … ဖျန်း …”
ဧည့်ခန်း၌ သမီးငယ်ကို မတွေ့ရ။ နောက်ဖေး ရေချိုခန်းက ရေသံတွေ ကြားလိုက်ရသည်။ လင်မယား နှစ်ယောက်စလုံး ရေသံကြားရာသို့ ခေါင်းတွေ လည်ကြည့်လိုက်ကြသည်။
ရေချိုးခန်း မီသည်လည်း လင်းလျက်ရှိ၏။ သို့နှင့် အပြေးတပိုင်း သွားကြည့်ကြပြန်သည်။
ရေချိုးခန်းထဲမှ သန့်ရှင်းရန် သွယ်တန်းထားသော ဘိုထိုင် ရေပိုက်မှ ရေများ တဖန်းဖန်းနဲ့ ထွက်ကျနေသည်။ ကိုရဲနောင် ထိုရေပိုက် ခလုတ်ကို ပိတ်လိုက်သည်။
” ရေကန်မှာလည်း မရှိဘူး ခင်လေး ”
ရေချိုးခန်းနှင့် ဘိုထိုင်အိမ်သာက တွဲလျက်။ သမီးငယ်သည် အပေါ့အပါး ထွက်ခဲ့ခြင်းလည်း မဟုတ်။ သူတို့လင်မယား စိုးရိမ်စိတ် ပိုကြီးသွားသည်။
ဧည့်ခန်းသို့ တဖန် ပြန်ထွက်လာကြပြန်သည်။ ဒီတခါတော့ ဦးဝင်းဦး အိပ်ခန်းတံခါး ပွင့်လာပြီး ၊ သူတို့လင်မယားပျာယာခတ်နေတာကို ကြည့်၍ …၊
” ဘာဖြစ်နေတာလဲ သမီး ၊ ညဉ့်နက်နေမှကွယ် … ”
” ဖေဖေ့ မြေး ရွှေရေးခြယ် အိပ်ယာထဲမှာ မတွေ့လို့ လိုက်ရှာနေတာ ဖေဖေ ၊ ဘယ်ထွက်သွားလဲ မသိဘူး ”
” ဟေ … ”
ဦးဝင်းဦး သူ၏ မျက်မှန်ကို ယူတပ်လိုက်ပြီး ၊ မခင်လေးငယ်တို့နှင့်အတူ ဧည့်ခန်းသို့ လိုက်ပါလာ၏။
” အပေါ်ထပ်များ တက်သွားလား ”
” အို မဖြစ်နိုင်တာ ဖေဖေကလည်း ၊ သမီးပဲ မနေ့ညနေကတည်းက အပေါ်ထပ်တံခါးကို သော့ခတ်ထားတာ ”
ဦးဝင်းဦး လှေကားကနေ အပေါ်ကို မော့ကြည့်သည်။ ဟုတ်နေ၏။ အပေါ်ထပ်က တံခါး သော့ခတ်လျက် တန်းလန်း ရှိနေသည်။
” ခြံထဲရော ဆင်းသွားလား ၊ ကြည့်ပြီးကြပြီလား ”
ဦးဝင်းဦးက သတိပေးမှ သူတို့လင်မယားသည် အိမ်ရှေ့တံခါးမကြီးကို လှမ်းကြည့်မိလိုက်ကြသည်။
” ဟင် ! အိမ်ရှေ့တံခါး ပွင့်နေပါလား ”
လင်ရောမယားပါ အိမ်ရှေ့က ခြံထဲ ပြေးထွက်သွားကြသည်။ မကြာမီ ၎င်းတို့လင်မယားထံမှ …၊
” သမီးရေ … သမီးလေး ရွှေရေးခြယ်”
” ခြယ်ရေ … မေ့သမီးလေး ”
သမီးပျောက်အား အသံပေး အော်ခေါ် ရှာဖွေကြကုန်၏။ လူကြီးဖြစ်သော ဦးဝင်းဦးသည် နောက်မှ လိုက်သွား၏ ။
ဦးဝင်းဦးသည် သူတို့လင်မယားလို ပျာယာမခတ်။သူ့မြေး ဒါန်းစီးနေကျ နေရာဘက်သို့ ထွက်လာခဲ့သည်။
ဒါန်းကြိုး၌လည်း ရွှေရေးခြယ် မရှိ။ ဦးဝင်းဦးသည် ဒါန်းခုံလေးပေါ် လက်ဖဝါးတင်လိုက်သည်။ ခုံကလေးက နွေးနေ၏။ အင်း … ဒါဆိုရင် ကောင်မလေး ဒါန်းစီးသွားတာ မကြာသေးဘူးပဲ ။
ဒါပေမဲ့ ခုချိန်ထိ ဘာလို့ ရှာမတွေ့တာလဲ။ ပုန်းနေတာလား ။ ဖအေမအေရဲ့ အော်ခေါ်သံကို ကြားရရင်တော့ သူ ပြန်ထူးရမှာပါ။ အခု ဒီလိုလည်း မဟုတ်။
ညကြီးအချိန်မတော် စိတ်ဆိုးစိတ်ကောက်နေသည်တော့ မဖြစ်နိုင်။ ထိုသို့ ဦးဝင်းဦးက စဉ်းစားနေခိုက် ကိုရဲနောင်တို့ လင်မယား ပြန်ရောက်လာပြီး … ၊
” အဖေ လုပ်ပါဦး ၊ ခြံထဲ နေရာကုန် အနှံ့ ရှာပြီးပြီ ၊ သမီးကို အခုထိ မတွေ့သေးဘူး အဟင့်ဟင့် ”
မခင်လေးငယ်က သမီးအတွက် စိတ်ပူပန်စွာ ရှိုက်ငိုလေပြီ။ ကိုရဲနောင်က ဦးဝင်းဦးအား အားကိုးတကြီး ကြည့်နေ၏။ သူ့မျက်လုံးတွေကတော့ ပူပန်ဟန် အထင်းသား ပေါ်နေ၏။
ဦးဝင်းဦး စဉ်းစားသည်။ ပျောက်သည်။ ရှာသည်။ ဘယ်နေရာက ပျောက်လဲ။ အိပ်ခန်းထဲက စ၍ ပျောက်သည်။ တခြံလုံး ရှာပြီးပြီ မတွေ့ဆိုတော့ … ၊
ပုန်းနေတာလား ၊ သို့မဟုတ် ကွယ်ပျောက်နေတာလား ။ ဒီ၂ချက်သာ စဉ်းစားရာ ရှိသည်။
သူတို့ လူကြီးတွေ တခါတလေ မျက်စိမှောက်တတ်သည်။ ဆိုချင်သည့်သဘောက မီးခြစ်တလုံးကို စားပွဲခုံပေါ်က ဖန်ခွက်အနီး ချထားမိသည်ဆိုကြပါစို့ ။ မီးခြစ် အသုံးလိုသောအခါ လူတို့သည် အရေးတကြီး ရှာဖွေကြသည်။ ထားတတ်သည့် နေရာများ ၊ ရှိတတ်သည့်နေရာများကို ရှာကြသည်။ သို့ပေမဲ့ တခါတရံမှာ မျက်စိအောက်တွင် ပျောက်နေတတ်ကြသည်။ ထိုနေရာကို ကျော်သွားတတ်ကြသည်။
ထိုအခါ လူကြီးများက နတ်ဖွက်သည်ဟု ဆိုကြ၏။ မတွေ့စေလိုသူကို မတွေ့စေရန် နတ်ဖွက်သည်ပေါ့ ။
ဦးဝင်းဦးက ရဲအမှုထမ်းဟောင်းဆိုတော့ တောအတွေ့အကြုံလည်း ရှိ၏။တောထဲ၌ လူပျောက်ပါက ဘယ်လိုရှာရှာ မတွေ့။ တောချောက်သည်။ နတ်လှည့်စားသည်ဟု ဆိုကြသည်။
ယခုလည်း ဦးဝင်းဦးသည် ထိုအယူအဆကို အခြေခံ၍ ဆင့်ပွား တွေးတောယူလိုက်သည်။ မျက်လုံးများက အရောင်တောက်ပသွားသည်။
ဦးဝင်းဦး ဘယ်သူ့ကိုမှ စကားမပြောပဲ အိမ်ထဲသို့ ခပ်သွက်သွက် ဝင်ချသွားသည်။ သူ့နောက်က ကိုရဲနောင်နှင့် မခင်လေးငယ်တို့ လိုက်ပါသွားကြသည်။
အတွေ့အကြုံ ရင့်ကျက်သော ဦးဝင်းဦးက သူတို့လင်မယား၏ အခန်းကို သွားခြင်းဖြစ်သည်။ အခန်းဝ ရောက်သည့်အခါ … ၊
” မင်းတို့ အပြင်မှာ ခဏနေခဲ့ ”
ထိုသို့ပြောပြီး ဦးဝင်းဦးက အခန်းတံခါးကို ဖွင့်၍ ဝင်သွား၏။ ပြီးသော် တံခါးကို ပြန်ပိတ်လိုက်သည်။
ဦးဝင်းဦး မြေးမလေး၏ ကုတင်ဆီသို့ လှမ်းသွားသည်။ သူ နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးလိုက်သည်။
ကုတင်ပေါ်တွင် မြေးမလေး ရွှေရေးခြယ် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ကုတင်စောင်းမှာ ဝင်ထိုင်လိုက်ပြီး ၊ ရွှေရေးခြယ်၏ ကိုယ်ကို စမ်းသပ်လိုက်သည်။ ခြေဖျား လက်ဖျားလေးတွေ အေးနေသည်။ လက်တွင် ရေစရေမှုန်လေးတွေ ကပ်နေသည်။ ကိုယ်အပူချိန် စမ်းသည်။ ပုံမှန်ရှိ၏။ ဟူးကနဲ သက်ပြင်းချလိုက်ကာ …
ဦးဝင်းဦးက တံခါးဝဘက်သို့ လှမ်းအော်ခေါ်လိုက်သည်။
” သမီးတို့ရေ … ဝင်ခဲ့လို့ ရပြီကွဲ့ ”
လင်မယား၂ယောက်သည် ကုတင်ပေါ်က ရွှေရေးခြယ်ကို မြင်လိုက်သည့်အခါ အံဩ ဝမ်းသာသွားကြသည်။
” ဖေဖေ ဘယ်လိုဖြစ် … ”
ဦးဝင်းဦးသည် ရွှေရေးခြယ်အား စောင်ခြုံပေးလိုက်ပြီး ၊
” မနက်ကျမှ ဖေဖေ ရှင်းပြမယ်နော်သမီး ၊ အခု သမီးတို့လည်း စိတ်ပမ်းလူပမ်း ဖြစ်သွားကြတယ်မို့လား ၊ အိပ်လိုက်ကြတော့ ၊ အနားယူလိုက်ကြတော့ … ”
ထိုသို့ ပြောပြီး ဦးဝင်းဦးက ထွက်သွားလေ၏။ လင်မယားနှစ်ယောက်မှာ သမီးလေးကို ပြန်တွေ့ရ၍ ဝမ်းနည်းဝမ်းသာ ဖြစ်နေကြသည်။
သူတို့ လင်မယားသည် တဦးကိုတဦး ပွေ့ဖက်လျက် ၊ ရွှေရေးခြယ်၏ ကုတင်အနီးမှာပင် အိပ်စက်လိုက်ကြလေတော့သည်။
သူတို့လင်မယား၏ နှလုံးသားကို နောက်တကြိမ် ခိုးယူခွင့် မပြုနိုင်တော့ပြီမဟုတ်လား ။
(ဆက်ရန်)