အမျှတောင်းတဲ့သရဲ

အမျှတောင်းတဲ့သရဲ(စ/ဆုံး)

—————————-

အချိန်အားဖြင့်ညနေ၆နာရီကျော်ပြီ ဖြစ်သည်။ မှောင်ရိပ်ကတဖြည်းဖြည်းနှင့်စတင်ဝင်ရောက်လာပြီဖြစ်သည်။

ရပ်ကွက်လေးအတွင်း၌နေထိုင်ကြသော လူများလည်းမိမိအိမ်ရာများ၌နေကာ စားသောက်နေကြလေသည်။
အချို့အိမ်မှကလေးများကအိမ်ထဲမဝင်ကြသေးပဲအိမ်အပြင်၌ဝိုင်းဖွဲ့၍ကစားနေ ကြလေသည်။

“ဒုံး” “အုံး” “ဒုံး”

“ဟ,ဘာသံလဲဟ”

“အကျယ်ကြီးပဲကွ ဘယ်ကလာတဲ့အသံလဲမသိဘူး” အိမ်ထဲမှလူများလည်းကြားလိုက် ရသည့်အသံ​တွေကြောင့်အိမ်ထဲမှ ကိုယ်စီကိုယ်စီထွက်လာကြလေသည်။

“အုံး”

“ဘယ်ကောင်လဲကွ သတ္တိရှိရင်ထွက်ခဲ့ မိန်းမလိုမိန်းမရခြုံခိုပြီး ငါ့အိမ်ကိုခဲနဲ့
ထုမနေနဲ့ထွက်ခဲ့စမ်း”

“ဒုံး”

“ဟာပစ်ပြန်ပြီဟေ့ သတိထားကြ ခဲကြီးတွေကနည်းတာကြီးမဟုတ်ဘူး ခေါင်းတွေမှန်ကုန်ရင်အကုန်သေကုန် လိမ့်မယ်”

“ဟုတ်တယ်ဟေ့ ကလေးတွေသွား သွားအိမ်ထဲဝင်နေကြ တစ်ယောက်မှထွက်မလာကြနဲ့”

ရပ်ကွက်ထဲမှလူများကအော်ငေါက် လိုက်သဖြင့်ဆော့ကစားနေသည့် ကလေးများလည်းသူတို့နေထိုင်ရာ အိမ်များဆီသို့အသီးသီးပြန်သွားကြ သည်။
အမျိုးသားအများစုကတော့ တုတ်ဆွဲဓားဆွဲကာခဲဖြင့်ပေါက်သည့် တရားခံအားလှည့်လည်ရှာဖွေနေကြ လေသည်။

“ဟေ့ကောင်တွေခဲနဲ့ထုတဲ့ကောင်ကို တွေ့လိုက်ကြလား”

“မတွေ့လိုက်ဘူးကိုသံချောင်း”

“တောက်,တွေ့လို့ကတော့ကွာ အရှင်မထားဘူး”

“ကဲ,ပြန်ကြတာပေါ့ကွာ ထုတာလည်းရပ်သွားပြီပဲ၊နောက်ရက်ဆို ဒီကောင်ဒီလိုလုပ်ရဲမှာမဟုတ်တော့ပါဘူး

“အေး ပြန်ကြမယ်ဟေ့”

ကိုသံချောင်းနဲ့အပေါင်းအပါများလည်း မိမိတို့နေထိုင်ရာအိမ်များဆီသို့ အသီးသီးဝင်သွားကြလေသည်။

“ကိုသံချောင်း ခဲနဲ့ထုတဲ့သူကိုမိလိုက်လား”

“မမိလိုက်ပါဘူးမိန်းမရာ ဒီကောင်ငါတို့အုပ်စုကိုမြင်ပြီး ထွက်ပြေးသွားပြီထင်ပါရဲ့ကွာ”

“ဘာကြောင့်သူများအိမ်တွေကို ခဲနဲ့လိုက်ထုနေတာလဲမသိဘူး အားအားယားယားတော်”

“အေးကွာ,အလကားအားယားနေတဲ့
ကလေကဝတွေဖြစ်မှာပေါ့ကွာ”

“ကဲကဲ လက်ထဲကဓါးကြီးချလိုက်အုံး ထမင်းစားစရာရှိတာစားကြတာပေါ့”

“အေး”

ထိုနေ့ကဤမျှဖြင့်သာပြီးဆုံးသွားသည်။ နောက်တစ်နေ့ညနေ၆နာရီကျော်သည် နှင့်ခဲများကတအုံးအုံးတဒိုင်းဒိုင်းကျ လာပြန်သည်။

“အုံး ဒိုင်း” “ဒုံး”

“ဟာ,ထုပြန်ပြီဟေ့ လိုက်ကြလိုက်ကြ မလွတ်စေနဲ့”

ရပ်ကွက်အတွင်းရှိကာလသားများက တုတ်၊ဓါးကိုယ်စီဖြင့်ထွက်လာကြသည်။

ခဲနဲ့ထုသည့်လူအားအသည်းအသန် ရှာဖွေနေကြလေသည်။ ”

အမြင့်ကနေထုသလားဆိုတာ သေချာကြည့်ကြ တွေ့လို့ကတော့ သံချောင်းအကြောင်းကောင်းကောင်း သိသွားစေရမယ်”

“ကိုသံချောင်း သတိလည်းထားအုံး တော်ကြာကျုပ်တို့ကိုမမြင်ကွယ်ရာက နေခဲနဲ့လှမ်းထုနေမှဖြင့်”

“ဟေ့ကောင် သတ္တိရှိရင်ထွက်ခဲ့လေကွာ”

“အုံးအုံး ဒုံး”

“ဟ ပိုကြမ်းလာပြီဟေ့ သတိထားကြ ကလေးတွေလူကြီးတွေ အိမ်အပြင်ထွက်မကြည့်ပါနဲ့။ အားလုံးအိမ်အမိုးအောက်မှာပဲနေကြပါ”

“တောက်,တော်တော်အတင့်ရဲတဲ့ ကောင်ကွာ၊ဒီလောက်လူအုပ်ကြီးကို မြင်တွေ့နေပါလျက်နဲ့ ခဲနဲ့ထုတာရပ်မသွားဘူး အာဂသတ္တိပဲဟေ့”

“ဟုတ်ပါ့ကွာ,ဒါလူမှဟုတ်ရဲ့လား ထူးတော့ထူးဆန်းတယ်ဟေ့”
“ဘာကိုပြောချင်တာလဲ ဦးလေးသိန်းရ”

“မင်းပဲစဥ်းစားကြည့်လေသံချောင်းရာ ငါတို့ယောကျာ်းအုပ်စုတွေ ဒီလောက် ဟိန်းပြဟောက်ပြနေတာတောင်မှ ခဲနဲ့ထုတာရပ်မသွားဘူးဆိုတော့ ဒါလူတော့မဖြစ်နိုင်ဘူးကွ။

သာမန်လူတစ်ယောက်ဆိုရင်ကွာ ငါတို့ကိုမြင်တာနဲ့သူခဲနဲ့ထုတာရပ်သွား မယ်လေမဟုတ်ဘူးလား၊ အခုဟာကငါတို့ကဆဲလေ သူကပိုထုပြလေပဲ သံချောင်းရ၊ပြီးတော့လှုပ်ရှားလိုက်တာမျိုး ခဲကဘယ်ကနေဘယ်လိုကျလာတာ မျိုးကိုလည်းမမြင်လိုက်ရဘူးဆိုတော့ အင်း,ငါ့အထင် ပုဏ္ဏကတိုက်တာပဲဖြစ်မယ်ကွ”

“ဗျာ,ပုဏ္ဏကတိုက်တာဟုတ်လား”

“မင်းမကြားဖူးဘူးလားကွ ပုဏ္ဏကတိုက်တယ်ဆိုတာ အခုလိုမျိုး ခဲတွေနဲ့အချိန်မှန်မှန်ထုနေတတ်တာမျိုး ဒါဟာအောက်လမ်းပညာနဲ့ခိုင်းစေပြီး လုပ်တဲ့သဘောမျိုးပဲ သံချောင်းရ”

“ဘာကြောင့်ဒီလိုလုပ်ကြတာလဲ ဦးလေးသိန်း”

“ဘာကြောင့်အခုလိုလုပ်တာလဲဆိုတာက ရည်ရွက်ချက်အမျိုးမျိုးရှိကြတယ်ကွ။ ဥပမာဆိုကြပါစို့ ကြီးပွားချမ်းသာတာ မနာလိုလို့လုပ်ခိုင်းတာတို့၊မနာလိုမုန်းတီးပြီးလုပ်ခိုင်းတာတို့၊ သူတစ်ပါးဒုက္ခရောက်တာကိုကြည့်ချင်လို့လုပ်တာတို့ အို,အစုံပေါ့ကွာ”

“ဒါပေမယ့် ကျွန်တော်နားမလည်တာက ဦးလေးသိန်းပြောသလို မနာလိုလို့၊ကြီးပွားချမ်းသာတာကိုမကြည့်ချင်လို့ လုပ်တယ်ဆိုတာက ပုဂ္ဂိုလ်ရေးအရလုပ်တာဗျ။ အခုဟာကကျုပ်တို့တစ်လမ်းလုံးမှာ ရှိသမျှအိမ်တွေကိုခဲနဲ့ထုတာဆိုတော့ စဥ်းတော့စဥ်းစားစရာပဲဗျို့ ”

“အေးအဲဒါကိုတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာကိုမေးမှပဲ သိလိမ့်မယ်ကွ။ ငါလည်းအတတ်မပြောနိုင်ဘူး”

“အင်း,အခုကတော့အချိန်လည်း မရှိတော့ဘူးဆိုတော့ ပြန်အုံးမယ်ဗျာ နောက်နေ့မှပဲလုပ်စရာရှိတာဆက်လုပ် ကြတာပေါ့ ဦးလေးသိန်းရာ”

“အေးအေး”

ဦးလေးသိန်း၊ကိုသံချောင်းနဲ့ ရပ်ကွက်ထဲကလူများလည်း မိမိအိမ်သို့ ပြန်ခဲ့ကြတော့သည်။

======================

“ကဲ,အခုခေါ်လိုက်ရတဲ့အကြောင်းကတော့ဒီရက်ပိုင်းကျွန်တော်တို့ရပ်ကွက်ထဲကအိမ်အတော်များများကိုခဲနဲ့ထုခံနေရတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။
ဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုသိရဖို့နားလည်တတ်ကျွမ်းတဲ့ဆရာတစ်ဦးကိုပင့်ပြီးမေးမြန်းကြည့်မယ်လို့စဥ်းစားထားပါတယ်။ ခင်ဗျားတို့အနေနဲ့ဘယ်လိုသဘောရလဲ”

“ကောင်းတာပေါ့အုပ်ကြီးရ ဒါရပ်ကွက်အတွက်ကောင်းတာလုပ်တာပဲ ကျုပ်တို့မငြင်းဆန်ပါဘူးဗျာ”

“ဟုတ်တယ်အုပ်ကြီး အခုလိုလုပ်တော့ ဘယ်ဟာကဘယ်လိုဖြစ်တာလဲဆိုတာ သိရမှာပဲ။ ထောက်ခံပါတယ်လုပ်သင့်ပါတယ် အုပ်ကြီး”

“ဟုတ်တယ်ကျွန်မတို့လည်း သဘောတူတယ်ညညဆိုကြောက်လွန်းလို့ အိမ်ထဲမှာဝပ်နေရတယ်အုပ်ကြီးရေ”

“ဟုတ်တယ်ရှင် ကျွန်မတို့လည်းကိုယ့်ကလေးတွေခဲမှန်မှာစိုးလို့ပုန်းခိုင်းရတာအလုပ်တစ်ခုလို ဖြစ်နေပါပြီရှင်”

“ကဲအားလုံးကသဘောတူကြတယ်ဆိုတော့ ကျွန်တော်ဒီကိစ္စကိုချက်ချင်းပဲလုပ်လိုက်ပါ့မယ် အားလုံးပြန်လို့ရပါပြီ”

အစည်းအဝေးပွဲပြီးသွားသဖြင့် ရပ်ကွက်ထဲမှာနေသူများလည်း အသီးသီးပြန်သွားကြတော့သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှုးလည်း ရပ်ရွာလုံခြုံရေးအတွက်မအားမလပ် လုပ်ဆောင်ရတော့သည်။

နေ့တွင်းချင်းမှာပင်ဆရာတစ်ယောက်အားပင့်နိုင်ခဲ့လေသည်။ ဆရာပင့်လာသည်ဟုသိကြသဖြင့် ရပ်ကွက်ထဲမှလူများလည်းရပ်ကွက်လူကြီးအိမ်သို့ တဖွဲဖွဲရောက်လာကြလေသည်။

ထိုအထဲတွင်ကိုသံချောင်းလည်း အပါအဝင်ဖြစ်သည်။ ကိုသံချောင်းလည်းရောက်ရောက်ခြင်း ဆရာကြီးအားအကဲခတ်လိုက်ရာ ဆရာကြီးကအသက်၅၀ခန့်ရှိမည်ဟု တွေးမိလိုက်သည်။

ဥပဓိရုပ်ရည်အားကြည့်ခြင်းအားဖြင့် သီလ၊သမာဓိဖြင့်ပြည့်စုံသောလူတစ်ဦး ဖြစ်မည်ဟုတွက်ဆမိလိုက်သည်။ ဆရာကြီးနံဘေးတွင်တော့ရပ်ကွက်အုပ်ချုပ်ရေးမှုးလည်းရှိနေလေသည်။

“ဒါကတော့ကျွန်တော်တို့ဒုက္ခကို ကူညီဖြေရှင်းပေးမယ့် ဆရာကြီးဦးထွန်းသိုက်လို့ခေါ်ပါတယ်”

“အဟမ်း,ဟုတ်ကဲ့ ဆရာလည်း ဟောဒီကအုပ်ချုပ်ရေးမှုးကြီးပြောပြ ထားလို့အားလုံးသိပြီးပါပြီ။ ဘာမှမစိုးရိမ်ကြပါနဲ့ ဆရာကြီးအားလုံးကိုကူညီကယ်တင်ပေးပါ့မယ်၊အဲ ဒါပေမယ့်လို့ဆရာကြီးကမင်းတို့ကိုမကူညီခင် မင်းတို့ဘက်ကဆရာကြီးကို ကူညီဖို့တစ်ခုတော့လိုမယ်ကွဲ့”

“ပြောပါဆရာကြီး ဘာများလဲမသိဘူး”

“ဒီလိုပါအုပ်ချုပ်ရေးမှုးရဲ့ ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတာသိရဖို့ ကာယကံရှင်ကိုဖိတ်ခေါ်တဲ့နေရာမှာ ကြားခံလူတစ်ယောက်တော့လိုတယ်ကွဲ့။ နတ်ဝင်သည်ပဲဖြစ်ဖြစ်ပေါ့ကွာ” ”

ဒါတော့မပူပါနဲ့ဆရာကြီး ကျွန်မကဒီရပ်ကွက်ထဲမှာနေတဲ့ နတ်ကတော်မပုစိန်ပါ။ ဆရာကြီးကိုကူညီပါရစေရှင်”

“အဆင်သင့်လိုက်လေကွယ် ကောင်းပြီကောင်းပြီ တူမကြီးဆရာ့ရှေ့ကိုလာပါအုံး”

“ဟုတ်ကဲ့ ဆရာကြီး”

“နာမည်ကမပုစိန်ဟုတ်သလား

” “ဟုတ်ပါတယ်ရှင့်”

“အင်း,နတ်ဝင်သည်ဆိုတော့ အခုလုပ်မယ့်ကိစ္စကိုသေချာရှင်းပြဖို့ မလိုတော့ဘူးပေါ့လေ။ ကဲ ကဲ မပုစိန် လက်အုပ်ချီပြီး စိတ်ကိုရှင်းရှင်းထား ဘာမှမကြောက်နဲ့ ဟုတ်ပြီလား။ အားလုံးပဲလမ်းလေးတော့ချန်ထားပေးပါ။ အဝင်အထွက်အသွားအလာလုပ်လို့ ရအောင် အလည်မှာလမ်းလေးချန်ပေးပါ”

ဆရာကြီး၏ပြောစကားကြောင့် လာရောက်ကြည့်ရှုကြသည့် လူများလည်းလူသွားလမ်းချန်ထားပေး လိုက်ကြသည်။

“အဟမျး အဟမျး” ”

ဤအိမ်နေရာဤရပ်ကွက်အတွင်း၌ စောင့်ကြပ်ကြကုန်သောနတ်အပေါင်းနှင့် တကွ၊ဆိုင်ရာပိုင်ရာများကိုလည်း ခွင့်ပန်ပါသည်။ ဤရပ်ကွက်အတွင်း၌နှောင့်ယှက်နေ သည့်ပုဂ္ဂိုလ်အားမည်သူ တစ်ဦးတစ်ယောက်ကမှ ဟန့်တားနှောင့်ယှက်ခြင်းမပြုပဲ ငါဆရာရှေ့မှောက်သို့အရောက်ပို့စေရ မည်။ ငါဆရာထွန်းသိုက်ရဲ့အမိန့်”

ဆရာကြီး၏အမိန့်သံဆုံးသည်နှင့် နတ်ကတော်မပုစိန်ရဲ့ခန္ဓာကိုယ်မှာ ဆက်ကနဲတုန်သွားလေသည်။

“ရောက်လာပြီလား”

“ရောက်ပါပြီဆရာကြီး”

“မင်းဘယ်သူလဲ ဘယ်မှာနေလဲ ဘာကြောင့်အခုလိုလူတွေနေတဲ့ အိမ်တွေအပေါ်ကိုခဲနဲ့ထုရတာလဲ”

“ကျွန်တော့်နာမည်ကိုတော့ မပြောတော့ပါဘူးဆရာကြီး ကျွန်တော်ဟာသရဲဘဝနဲ့နေလာခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။

ဦးခင်ဆွေရဲ့အိမ်အနောက်ဘက်ကဝိုင်းကွက်လပ်ကြီးထဲမှာနေပါတယ်”

“ဘာလို့အခုလိုလုပ်ရတာလဲ” ”

အမျှလိုချင်လို့ပါဆရာကြီး ကျွန်တော်အမျှအတန်းလိုချင်လို့ အခုလိုလုပ်ရတာပါဆရာကြီး။

“ဒီဘဝကကျွတ်ချိန်တန်ပြီဆိုတော့ ဆရာကြီးတို့ဘက်ကလည်း မင်းကို ကူညီပေးပါ့မယ်။ ဒါပေမယ့်အခုအချိန်ကစပြီး ဘယ်သူ့အိမ်ကိုမှခဲနဲ့မထုပါဘူးလို့ ဆရာ့ကိုကတိပေးနိုင်မလား”

“ပေးနိုင်ပါတယ်ဆရာကြီး အမျှအတန်းလိုချင်လို့ ခဲနဲ့ထုတာပါ ဘယ်သူ့ကိုမှထိခိုက်အောင်မပြုလုပ်ခဲ့ပါ ဆရာကြီး”

“အေး,ကောင်းပြီ ဆရာကြီးလည်း ဟောဒီကရပ်ကွက်လူကြီးတွေနဲ့တိုင်ပင်ပြီးမင်းအတွက်ကုသိုလ်ကောင်းမှုပြုပြီး အမျှအတန်းပေးပါ့မယ်လို့ မင်းကိုကတိပေးပါတယ်။ ကဲမင်းနေတဲ့ဆီကိုမင်းပြန်လို့ရပြီ”

မပုစိန်အားပူးကပ်နေသည့် သရဲလည်းဆရာကြီးဦးထွန်းသိုက်အား ကန်တော့ပြီးထွက်ခွာသွားတော့သည်။

သရဲထွက်သွားသည်နှင့်မပုစိန်လည်း သတိလစ်မေ့မြောနေလေသည်။ ဆရာကြီးကသောက်ရေခွက်ထဲမှ ရေအနည်းငယ်ဖြင့်တောက်လိုက်မှ သတိပြန်လည်လာတော့သည်။

မပုစိန်လည်းဘာမှမမှတ်မိသည့် ဟန်ဖြင့်လူကြားထဲသို့သွားထိုင်နေ တော့သည်။

“အားလုံးကြားတဲ့အတိုင်းပါပဲ အမျှလိုချင်လို့ခဲနဲ့ထုရတာပါတဲ့ အဲဒီတော့ခင်ဗျားတို့အားလုံးပေါင်းပြီး အမျှလိုချင်တဲ့သရဲအတွက်ကုသိုလ် ကောင်းမှုပြုပေးလိုက်ကြပါလို့ ဆရာကြီးပြောပါရစေ။

“ဟုတ်ကဲ့ပါဆရာကြီး အကြောင်းစုံကိုသိရပြီဆိုတော့ ကျွန်တော်ကပဲဦးဆောင်ပြီး ဒီကိစ္စကို အကောင်အထည်ဖော်လိုက်ပါ့မယ်။

“သာဓုသာဓုသာဓုပါကွယ် ဒုက္ခရောက်နေသူကိုကူညီတာ အင်မတန်မှမွန်မြတ်ပါပေတယ်။ နာနာဘာဝဆိုတာမိမိကိုယ်တိုင် ပြုလုပ်မရတဲ့ကုသိုလ်ကောင်းမှုကို ပြုလုပ်ခွင့်ရှိတဲ့ပြုလုပ်ခွင့်ရတဲ့ လူသားတွေဆီကိုအကူအညီတောင်း ကြတာဟာ ထုံးစံပါပဲ။

ဒီတော့လူ့ဘဝရတုန်းမှာ လှုပါတန်းပါ သေရင်ကိုယ့်နောက်ဘာမှမပါဘူး ကိုယ့်နောက်ပါမယ့် ဒါန၊သီလ၊ဘာဝနာကိုသာကြိုးကြိုးစားစား ပြုလုပ်ကြပါလို့ဆရာကြီးမှာခဲ့ပါရစေ ဆရာကြီးကိုပြန်ခွင့်ပြုပါအုံး

” ဆရာကြီးကမှာကြားသင့်တာများကို မှာပြီးပြန်သွားတော့သည်။
အုပ်ချုပ်ရေးမှုးနဲ့ရပ်ကွက်နေလူများ လည်းအမျှလိုချင်သည့်သရဲအား ဆရာတော်၅ပါးပင့်ဖိတ်ကာ ရေစက်ချအမျှအတန်းပေးဝေလိုက် တော့သည်။

ထိုနေ့မှစပြီးရပ်ကွက်အတွင်း၌ ဘာသံမှမကြားရတော့ပေ။

ပြီးပါပြီ။

ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်ပါက
လက်မလေးတွေပေးသွားကြပါနော်။

ချစ်တဲ့စာဖတ်သူတွေလည်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။