အယောင်ဆောင်ဂမုန်း

အောင်မြတ်သာနှင့်အယောင်ဆောင်ဂမုန်း

 

အောင်မြတ်သာနဲ့သက်ခိုင်တို့ဆရာတပည့်နှစ်ဦးလည်း ဘမိုးနဲ့တောက်ရကို ကိုးနဝင်းစေတီ မှာချန်ထားခဲ့ပြီး အရှေ့မြောက်အရပ်ကိုခရီးဆက်ခဲ့ကြတယ်။ ချောမောပြေပြစ်နေတဲ့ မြေနီလမ်း အတိုင်း မိနစ်နှစ်ဆယ်ခန့်လျောက်လာပြီးတဲ့အချိန်မှာတော့ အိမ်ကြီးအိမ်ကောင်းတွေ အများအပြား ဆောက်လုပ်ထားကြတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့ကြတယ်။

အရိပ်ရအပင်တွေဖြစ်တဲ့ ဗန်ဒါပင်၊ ကုက္ကိုပင်၊ ပိန္နဲပင်တွေကို အိမ်တိုင်းလိုလို စိုက်ပျိုးထားတဲ့ အတွက် နေအပူရှိန်က မြေပြင်ကိုအပြည့်အဝမရောက်နိုင်ပဲဖြစ်နေတာမြင်တော့ အေးချမ်းပြီး နေချင်စဖွယ်ရွာတစ်ရွာလို့ မှတ်ချက်ပြုခဲ့ကြတယ်။ ရွာထဲကိုရောက်တော့ ရွာခံအချို့က အောင်မြတ်သာတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး သူတို့ချင်း တီးတိုးပြောဆိုနေတာကိုလဲ မြင်တွေ့ခဲ့ကြရတယ်။

“ဒီမှာ ဒီမှာ မင်းတို့က ဘယ်သွားကြမလို့လဲ”

ကျောအနောက်ဘက်ကနေထွက်လာတဲ့အသံကြောင့် အောင်မြတ်သာအနောက်လှည့်ကြည့် လိုက်ပြီး

“ကျုပ်တို့က ခရီးတစ်ထောက်နားလို့ရအောင် ရွာထဲကိုဝင်လာခဲ့တာပါ”

“ဒါဆိုရင် မင်းတို့ရဲ့အသိမိတ်ဆွေတွေ ရွာမှာမရှိကြဘူးပေါ့”

“ဟုတ်ပါတယ် ကျုပ်တို့အသိတွေ ဒီရွာမှာမရှိပါဘူး”

အောင်မြတ်သာစကားကြောင့် စွပ်ကျယ်အနွမ်းလေးကိုဝတ်ထားတဲ့ လူကြီးက ပျူငှာဖော်ရွှေ စွာနဲ့

“ဒါဖြင့်လဲ တစ်ညတစ်လေ တည်းလို့ရအောင် ကျုပ်စီစဉ်ပေးပါမယ် မင်းတို့ပုံကြည့်ရ တာတော့ သူခိုးကြမ်းပိုးတော့မဖြစ်နိုင်ဘူး”

“ဟက်ဟက် ဦးလေး အမြင်က တယ်မှန်တာပဲ ကျုပ်တို့က အဲဒီလိုလူမျိုးတွေမဟုတ်ပါဘူး”

“အေးပါ အေးပါ ဒီလိုဆိုတော့လဲ ငါ့အိမ်မှာ တည်းလိုက်ကြလေ တစ်ဝမ်းတစ်ခါးကတော့ ငါကျွေးနိုင်ပါတယ်”

“ ဒါဖြင့်လဲ အဆင်သင့်လိုက်လေဗျာ ကျုပ်တို့လုပ်ပေးရမယ့် အကူညီရှိရင်လဲ အားမနာပဲ ပြောနော်”

“ အေးပါ အဲဒါတွေက မလိုပါဘူးကွာ ငါတို့ရွာက ဧည့်သည်လာရင် အရမ်းပျော်ကြတာ ညဘက်ရောက်ရင် ငါ့အိမ်ကိုလူတွေလာစပ်စုကြတော့မှာမလွဲဧကန်ပဲဟေ့”

ညကတစ်ဖြေးဖြေးနက်သထက်နက်လာခဲ့ပြီ။

အောင်မြတ်သာတို့တည်းတဲ့အိမ်ပေါ်မှာတော့ ကာလသားအချို့နဲ့ သက်ကြီးပိုင်းလူကြီး အချို့က အိမ်မပြန်ကြသေးပဲ စကားကောင်းနေခဲ့ကြတယ်။ အဲဒီအချိန်

“ဦးကြီးရေ ဦးကြီး”

“ဟေ့ ဘယ်သူလဲကွ ညကြီးမိုးချုပ် လာခေါ်နေတာ”

“ ကျွန်တော်ပါ ဇော်လွင်လေ”

“အေး ဇော်လွင် တက်လာလေကွာ ဘာကိစ္စများရှိလို့လဲ”

အိမ်ပိုင်ရှင်လူကြီးရဲ့စကားကြောင့် ဇော်လွင်ဆိုတဲ့လူငယ်က အိမ်ပေါ်တက်လာပြီး

“ ဦးကြီး လုပ်ပါဦး မလှသိန်း သမီးအငယ်မ တိုင်နဲ့ခေါင်းနဲ့ဆောင့်နေတာ သွေးတွေဆို ဖြာထွက်နေတာပဲ”

“ဟဲ့ ဘယ်လိုဖြစ်တာလဲ ဒီကောင်မလေးကို ညနေကတောင် ငါတွေ့လိုက်ပါသေးတယ်”

“ဟုတ်တယ် ဦးကြီးရေ ညနေထင်းခုတ်သွားပြီး ပြန်လာတော့ အကောင်းပဲ ညနေထမင်းစားပြီးတဲ့အချိန်မှာမှ ထဖောက်တာ အစကတော့ သာမန်စိတ်ဆိုးနေတယ်ထင်ပြီး ချော့နေပေမယ့် နောက်ပိုင်းမှာ သူ့အမေကိုတောင် ဖေတွေ မောင်တွေကိုင်တုတ်ပြီးဆဲလာတာ”

“ဟာ မဟုတ်သေးပါဘူး ဒီပုံဆိုရင် အပမှီနေတာပဲဖြစ်ရမယ် မင်းက ပယောဂဆရာ သွားပင့် ငါတို့ကအနောက်ကနေလိုက်ခဲ့မယ်”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ဦးလေး”

ဇော်လွင်ဆင်းသွားပြီးတဲ့အချိန်မှာတော့ ဦးကြီးက

“ ဧည့်သည်တွေကိုတော့ အားနာလိုက်တာဗျာ ဒါမျိုးက ကျုပ်တို့ရွာမှာ မကြာခဏဆိုသလို ဖြစ်တတ်တယ်”

“ဒီလိုဆိုလဲ ကျုပ်တို့လဲ လိုက်ခဲ့မယ်လေ အတွေ့အကြုံရတာပေါ့ဗျာ”

“ဒါဖြင့်လဲ လိုက်ခဲ့ကြလေ”

ဦးကြီးက စကားဆုံးတာနဲ့ အောင်မြတ်သာတို့ကိုခေါ်ပြီး အပမှှီနေတဲ့အိမ်ရှိရာဘက်ကို ထွက်သွားခဲ့တယ်။ လမ်းသွားနေရင်း အောင်မြတ်သာက

“ဦးကြီးတို့ရွာမှာက ပယောဂကုတဲ့ဆရာတစ်ယောက်မှမရှိဘူးလား”

“မရှိဘူး ဧည့်သည်တို့ရေ အရေးအကြောင်းဆို ဟိုဘက်ရွာက ရွှေရင်ကျော်ဆရာကိုပဲ သွားပင့်နေရတာ အဲဒီဆရာကလဲ အတော်စွမ်းတာနော် သာမာန်အပမှီတာလောက်ကတော့ လက်ညိုးထိုးပြီး ဟိန်းဟောက်လိုက်ရုံနဲ့ ပြီးတယ်”

“ဟုတ်ပါတယ် ရွှေရင်ကျော်ဆရာတွေက အောက်လမ်းပယောဂကို တကယ်နိုင်နင်းကြတယ် ကျုပ်တို့လဲ ရွှေရင်ကျော်ဆရာတွေကုတာမြင်ဖူးတယ်”

“ ဒီဆရာကတော့ ကျုပ်တို့တစ်ရွာလုံးရဲ့လက်စွဲပဲဗျို့ တောရွာဆိုတော့ တစ်ခါတစ်လေ ပိုးထိ ခဲ့ရင်တောင် ဆေးရုံဆေးခန်းမသွားနိုင်ကြဘူးဗျ အဲလိုဆိုလဲ သူပဲကုပေးတာ”

ဦးကြီးစကားကို နားထောင်ရင်း လျောက်လာခဲ့တာ လူတွေအုံနေတဲ့ အိမ်နားကိုရောက်လာခဲ့ ကြတယ်။

“ ဟေ့ ဖိုးသာထူး အခြေအနေဘယ်လိုလဲကွ”

“အခြေအနေကတော့ မကောင်းဘူး သူ့ကိုဝင်ဆွဲတဲ့ ကာလသားသုံးယောက်ကိုတောင် ဆွဲဖွတ်လိုက်လို့ ဟိုကောင်တွေ အိမ်ပေါ်မတက်ရဲကြတော့ဘူး”

“ဒုက္ခပဲ ဇော်လွင်ကလဲ သွားတာကြာလိုက်တာ ငါတက်ကြည့်ဦးမှပါလေ”

“ဟာ ဘာတက်လုပ်မလို့လဲ ဟိုက စိတ်ကြမ်းလူကြမ်းနဲ့ ဆွဲလုပ်နေမှ မနှစ်ကတပ်ထားတဲ့ အံကပ်လေးကျွတ်ကျနေပါဦးမယ်”

ဖိုးသာထူးစကားကြောင့် ဦးကြီးအနည်းငယ်ရှိန်သွားပြီး အိမ်ပေါ်ကို ခေါင်းလေးမော့ကာ လှမ်းကြည့်လိုက်တယ်။ အိမ်ပေါ်မှာတော့ ရှိသမျှပစ္စည်းတွေကို ရိုက်ခွဲပြီး အိမ်တိုင်တွေကို ခေါင်းနဲ့ ပြေးဆောင့်လိုက် ကျလာတဲ့သွေးတွေကို လက်နဲ့သုတ်ပြီး တစ်ဟားဟားအော်ရယ်လိုက်နဲ့ သောင်းကျန်းနေတဲ့ မိန်းကလေးတစ်ယောက်ကို အောင်မြတ်သာတို့မြင်လိုက်ရတယ်။

“ဦးကြီး ဦးကြီး …”

“ဟေ့ ဇော်လွင် ပြန်ရောက်လာပြီလား ဆရာကိုရောပင့်ခဲ့လား”

ဦးကြီးစကားကို ဇော်လွင်ချက်ချင်းမဖြေနိုင်သေးပဲ အသက်ကိုဝအောင်ရှူကာ

“ ဒုက္ခပဲ ဦးကြီးရေ ဆရာက မနက်ကမှ လူနာလာပင့်လို့ မြို့ပေါ်တက်သွားတယ် သုံးလေးရက်လောက်ကြာမယ်လို့ပြောတယ်”

“ဒါဖြင့် ငါတို့ဘယ်လိုလုပ်ကြမလဲ ဒီအတိုင်းလွှတ်ထားရင် ကလေးမလေး သွေးထွက်လွန်ပြီး သေလိမ့်မယ်… နေဦးဟ ရွာဦးကျောင်းက ဆရာတော်ကိုသွားပင့်ရင်လို့ရတာပဲ ဆရာတော်က ပရိတ်တွေဘာတွေရွတ်ပေးလိုက်ရင် ကောင်းသွားနိုင်တယ်”

“ ဆရာတော်က ကျန်းမာရေးမကောင်းတာ ဘယ်လိုကြွလာနိုင်မလဲ နောက်ပြီး ကျောင်းမှာ ကျန်နေတာက ကိုရင်လေးတွေပဲရှိတာ မဖြစ်နိုင်ပါဘူး”

“ခက်ပြီ ခက်ပြီ ဟေ့ ဘယ်အိမ်မှာပရိတ်ရေရှိလဲ ရှာကြပါဦးဟ”

“ပရိတ်ရေလဲ မနိုင်ဘူး ပက်တုန်းတစ်ချက်ပဲ ငြိမ်တာ ခဏနေရင် ပြန်ပူးကပ်တာပဲ”

“ သောက်ပြဿနာကတော့ ဝင်ပြီဆိုရင် အလုံးအရင်းကိုဝင်တာဟေ့ ချီးထဲမှပဲ”

ဦးကြီးရဲ့ စကားကိုကြားတော့ အောင်မြတ်သာက မနေသာတော့ပဲ

“ ဦးကြီးတို့ခွင့်ပြုမယ်ဆိုရင် ကျုပ်တို့ကြည့်ပေးပါရစေ”

“ဧည့်သည်တို့က ပယောဂထုတ်တတ်လို့လား”

“နည်းနည်းပါးပါးတော့ ရပါတယ်”

“ဟာ ဒါဖြင့် ဘာလို့အစောထဲကမပြောတာလဲ ကျုပ်တို့ခဗျာ အသည်းအသန်ဖြစ်နေရတာ”

“ဦးကြီးတို့အရင်ကပင့်နေတဲ့ဆရာရှိတယ်ဆိုလို့ ကျုပ်က ဘာမှမပြောပဲနေတာပါ အခုသူမရှိဘူးဆိုတာသိလို့ ဒီစကားပြောရခြင်းဖြစ်ပါတယ်”

“ကဲဗျာ အဲဒါတွေထားလိုက်ပါတော့ ကုနိုင်တယ်ဆိုရင်လဲ ကုပေးပါတော့ ကြာရင် ကလေးမ မသေပဲ အောက်မှာကြည့်နေတဲ့ သူအမေသေသွားပါဦးမယ်”

ဦးကြီးက အိမ်အောက်မှာ ရင်ထုပြီးအော်ငိုနေတဲ့ မိန်းမကို စိတ်မသက်သာဟန်နဲ့ကြည့်ပြီး ပြောလိုက်တော့ အောင်မြတ်သာက

“ကျုပ်တို့အိမ်ပေါ်တက်သွားရင် ဘယ်သူမှအနောက်ကနေ လိုက်မတက်ကြပါနဲ့ အခုဝင်ပူး နေတဲ့သူက အတော်ကြမ်းတဲ့နာနာဘာဝထဲမှာပါတယ်”

“အင်းပါ မင်းတို့ အဆင်ပြေသလိုလုပ် ငါကြည့်ထားပေးမယ်”

အောင်မြတ်သာတို့လဲ ဝင်ပူးနေတဲ့မိန်းကလေးရဲ့ မိခင်ဖြစ်သူထံမှာ ခွင့်ပြုချက်တောင်းပြီး အိမ်ပေါ်တက်လာတော့ တိုင်နဲ့ခေါင်းနဲ့ဆောင့်နေတဲ့ မိန်းကလေးက မျက်စံနှစ်ခုကိုထောင့်ကပ်ပြီး ပေစောင်းစောင်းနဲ့စိုက်ကြည့်ပါလေရော။

“ သွားစမ်း အိမ်ပေါ်ကဆင်း မတက်လာနဲ့ ရှေ့မတိုးလာကြနဲ့နော်”

အောင်မြတ်သာနဲ့သက်ခိုင်ကတော့ ပြောသမျှစကားတွေကို ဂရုမစိုက်ပဲ ဘုရားကျောင်းဆောင်ရှေ့ဝင်ထိုင်ကာ ဘုရားရှင်နဲ့ အထက်ဆရာကြီးတွေကို တိုင်တည်နေတဲ့အချိန် အနောက်မှာရှိနေတဲ့ မိန်းကလေးက ရန်ပြုဖို့ပြေးဝင်လာခဲ့တယ်။ ဒါပေမယ့် အောင်မြတ်သာတို့နဲ့ တစ်တောင်လောက်အကွာကိုရောက်တော့ ရှေ့ကိုဆက်တိုးလို့မရတော့ပဲ အနောက်ကို ပက်လက်လှန်လဲကျသွားခဲ့တယ်။

“တောက် ဟင်းဟင်း ငါနှော်”

အနောက်ကနေ တောက်တစ်ခတ်ခတ်ကြိမ်းဝါးနေတဲ့မိန်းကလေးအသံကို ဂရုမစိုက်ပဲ မိမိတို့ လုပ်စရာရှိတဲ့အမှုတွေကိုပြီးဆုံးအောင် ပြုလုပ်ခဲ့ကြတယ်။ အားလုံးပြီးစီးတော့မှ အနောက်ဘက်ကို လှည့်ပြီး

“ အခုဝင်ပူးနေတာ သရဲလား၊ သဘက်လား၊ မြေဖုတ်ဘီလူးလား”

“ ငါကနင်တို့မေးတိုင်းပြောစရာလား နင်တို့အိမ်ပေါ်ကဆင်းသွားကြစမ်း မဆင်းရင် ဒီမိန်းမ ခေါင်းကို ရှစ်စိပ်ကွဲအောင် တိုင်နဲ့ပြေးဆောင့်လိုက်မယ်နော်”

“ဟောဟော ငါတို့က လေသံအေးအေးနဲ့ပြောနေလို့ သင်ကရောင့်တက်နေတာလား သင်ဒီ မိန်းကလေးခန္ဓာကိုယ်ကို ပွန်းပဲ့ရာတစ်ခုရအောင်တောင်ထပ်လုပ်လို့မရစေရဘူး”

အောင်မြတ်သာစကားအဆုံးမှာ အစွဲ‌ကောင်က ဘေးမှာရှိတဲ့တိုင်နဲ့ခေါင်းကိုဆွဲဆောင့်ဖို့ အလုပ်

“ အင်းစောင့်ပုဂ္ဂိုလ်တွေ ဒီကောင်ရဲ့ ဆံပင်ကိုဆွဲပြီး လှန်ထားကြစမ်း”လို့ပြောလိုက်ရာ တိုင်နဲ့ ခေါင်းနဲ့ဆောင့်ဖို့လုပ်နေတဲ့အစွဲကောင်ရဲ့ ဆံပင်ကို အနောက်ကနေ တစ်ယောက်ယောက်က ဆွဲထားသလို တစ်တန်းထဲဖြစ်နေပြီး လှုပ်မရဖြစ်နေတာကို ရွာသားတွေအားလုံး တစ်အံ့တစ်သြ မြင်တွေ့လိုက်ကြရတယ်။

“ ဟေ့ အစွဲကောင် ရမ်းကားနေတာတွေကို ရပ်တန်းကရပ်ပြီး ငါ့အရှေ့မှာ ပဆစ်တုပ် ထိုင်ချစမ်း”

“ မထိုင်ဘူးဟေ့ မထိုင်ဘူး ငါနင်ခိုင်းတိုင်းလုပ်ရမှာလား”

“ တယ် ဒီလောက်ပြောရဆိုရခက်နေတဲ့ကောင် အစောင့်တွေက ညိုသကျဉ်းကို ကျိုးအောင် ရိုက်ချပြီး ဆွဲခေါ်လာခဲ့”

“ အား အ အား ငါ့ခြေထောက် ထောက်လို့မရတော့ဘူး”

“အေး စကားမနားထောင်ရင် ဒီထက်ပိုနာလိမ့်မယ် အရှေ့ကိုလာပြီး ဘုရားဦးတိုက်စမ်း”

အစွဲကောင်က ဒီတစ်ခါမှာတော့ ခံမပြောနိုင်တော့ပဲ အောင်မြတ်သာအရှေ့ကို ဝမ်းလျားမှောက်လာပြီး မျက်နှာကိုလွှဲကာ နေနေခဲ့တယ်။

“ ငါအမိန့်အာဏာသုံးပြီး နာကျင်အောင်မလုပ်ချင်ဘူး မင်း ဘယ်သူလဲ ဘာကြောင့် ဒီကလေးမကို ဝင်ရောက်ပူးကပ်နေတာလဲ”

ဒီတစ်ခါမှာလဲ ခေါင်းကြောမာမာနဲ့ ပေကပ်ကပ်လုပ်နေတာမြင်တော့

“ကဲ မပြောရင်လဲ တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတွေ စိစိညက်ညက်ကြေအောင် ရိုက်ကြစမ်း၊ နှုတ်ကိုတော့ပြောနိုင်အောင်ဖွင့်ထားပေး” လို့ပြောလိုက်တော့မှ

“ပြောမယ် ပြောမယ် မရိုက်ကြနဲ့တော့”

“ အေး ပြော မင်းနာမည်ဘယ်လိုခေါ်လဲ”

“ ငါ့ ငါ့နာမည်က မောင်တာ”

“မင်း ဘယ်မှာနေတာလဲ”

“ဟိုဘက်က တောထဲမှာနေတာ”

“ အစထဲက ဒီလိုခေါင်းမမာရင် မင်းမနာကျင်ရတော့ဘူးပေါ့ ဒါဆို ငါထပ်မေးမယ် မင်းဘာကြောင့် ဒီကလေးမကို ဝင်ရောက်ပူးကပ်ပြီး သောင်းကျန်းနေရတာလဲ”

“ သူငါ့ကို လိမ်တယ် ထင်းတွေအများကြီးရရင် ငါ့အတွက် အသားစိမ်းတစ်ပိဿာကျွေးမယ် လို့ပြောပြီး တကယ်လဲရရော ငါ့ကိုဘာမှမကျွေးဘူး”

“ဟဲ့ကောင်ရ မင်းက မကျွေးတိုင်း အခုလိုလုပ်စရာလား မင်းကြောင့် ဒီကလေးမသေသွားရင် ဘယ်လိုလုပ်မလဲ”

“သေပစေ သေအောင်ပဲလုပ်နေတာ”

“ကဲကဲ ငါကပဲ ကြားထဲကနေ တောင်းပန်ပေးမယ် မင်းလဲ ဒီကလေးမကိုယ်ထဲကနေ ထွက်သွားပေး နောက်မဖြစ်အောင်လဲ ဆုံးမပေးမယ်”

“မရဘူး ငါမထွက်သွားနိုင်ဘူး အမဲသားစားရမှ ငါထွက်မယ်”

“ မောင်တာ ဒီအချိန်ဘယ်ကအမဲသားရမလဲ မင်းကြောင့်လဲ ဒီကလေးမ စိတ်နှလုံးပင်ပန်း နေပါပြီ ဒီလောက်နဲ့တော်လိုက်တော့”

“ မရဘူးဆို မရဘူးနော် အမဲသား စားချင်တယ် အမဲသားကမှ လတ်လတ်ဆတ်ဆတ် ဖျက်ထားတဲ့အသားမှစားချင်တာ ဟင်းဟင်း”

“ ငါက လေသံပျော့ပျော့နဲ့ ပြောနေလို့ မင်းကရောင့်တက်နေတာလား ဟမ်း”

အောင်မြတ်သာရဲ့ ဌာန်အပြည့်မာန်အပြည့်နဲ့ပြောလိုက်တဲ့စကားသံကြောင့် ဝင်ပူးနေတဲ့ ကောင်ငြိမ်သွားပြီး

“ ဒီတစ်ခါ ဆရာတို့ပြောလို့ ထွက်သွားပေးမယ် နောက်တစ်ခါ တောထဲဝင်လာရင်တော့ သူ့ကိုစားပစ်မှာ”

“ဒီလိုဆိုရင်တော့ မင်းကိုငါထပ်ချုပ်ထားရဦးမှာပဲ မင်းထွက်သွားတာနဲ့ ဒီကလေးမကို ဘယ်တော့မှ အန္တရာယ်မပြုပါဘူးဆိုတဲ့ကတိကိုပေးရမယ် မပေးဘူးဆိုရင် ငါတို့ရဲ့လုပ်ထုံးလုပ်နည်း အတိုင်းဆက်လက်လုပ်ရလိမ့်မယ်”

“ တောက် ကတိမပေးပြန်ရင်လဲ ငါပဲနာကျင်ရဦးမယ် မောင်တာ မောင်တာ မင်းဘဝက စိတ်တိုဒေါသထွက်လို့တောင်မရပါလား”

“ စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေနဲ့ ကတိပေးမလား မပေးဘူးလား”

“ပေးမယ်ကွာ ဒါပေမယ့် နောက်တစ်ခါ ငါ့ကိုထပ်လှည့်စားရင်တော့ အဆိုးမဆိုနဲ့”

“အေးပါ ငါတို့လဲ သေချာဆုံးမပေးပါ့မယ် ကဲကဲ ကတိသစ္စာဆိုပြီး ထွက်သွားတော့…. အော် ထွက်သွားရင်လဲ သူ့ကိုယ်ပေါ်မှာ ပွန်းပဲ့ရာသေးသေးလေးတစ်ခုတောင်မကျန်အောင် နှုတ်ယူသွား။ ကျန်ခဲ့လို့ကတော့ မင်းကိုပြန်ခေါ်ပြီး ယူခိုင်းမှာ”

အောင်မြတ်သာစကားအဆုံးမှာ မောင်တာက ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြီး ကတိသစ္စာယူကာ ထွက်သွားခဲ့တယ်။ အဲဒီတော့မှ အပမှီနေတဲ့ မိန်းကလေးကို နှာနှပ်ယူ ဇက်ကြောဆွဲပေးတော့မှ သတိပြန်လည်လာခဲ့တယ်။ သတိရလာချိန်မှာတော့ ခေါင်းမှာကပ်နေတဲ့ သွေးစသွေးနတွေကလွဲလို့ ကွဲရာရှရာတစ်ခုမှမကျန်ခဲ့တာကိုလဲ ရင်သပ်ရှုမောဖွယ်မြင်တွေ့လိုက်ရတယ်။

ဦးကြီးကတော့ သူ့အိမ်မှာတည်းနေတဲ့ လူငယ်တွေရဲ့အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရတော့

“ ဧည့်သည်တို့ကလဲ အတော်စွမ်းတာပဲ ကျုပ်အိမ်မှာ ဒီလိုဆရာကောင်းတွေ တည်းတာ အရမ်းဂုဏ်ယူတာပဲဗျို့”

“ ဂုဏ်ပဲမယူနေနဲ့ဦး ဦးကြီးရေ နောက်နောင်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့လဲ ကြပ်မတ်ပေးကြ ပါဦး နာနာဘာဝလောကဆိုတာ အရမ်းရှုပ်ထွေးတယ်။ သူတို့ကို တော်ရုံကတိမပေးသင့်သလို ပေးပြီးရင်လဲ တည်ဖို့လိုအပ်တယ်”

“အေးပါ ဦးကြီတို့လဲ နားလည်ပါပြီ နောက်နေ့ရောက်မှ ရွာထဲကလူတွေကို သေချာရှင်းပြပြီး ဆုံးမထားပါ့မယ် ဧည့်သည်တို့လဲ ပင်ပန်းသွားပြီဆိုတော့ အိမ်ပြန်ပြီး နားလိုက်ကြရအောင်”

ဦးကြီးက အောင်မြတ်သာတို့ကို ခေါ်ပြီးပြန်ဖို့အလုပ်မှာ အိမ်ရှင်မိန်းမကြီးနဲ့သမီးဖြစ်သူက လက်အုပ်ချီပြီး

“ ကျေးဇူးတင်ပါတယ်ဆရာတို့ရယ် ကျွန်မသမီးမှာ ဆရာတို့ပေးတဲ့အသက်ပဲရှိပါတော့တယ် ဟဲ့ မိပေါက်မ ဆရာတို့ကိုကျေးဇူးတင်ကြောင်းပြောလိုက်လေ”

မိခင်ဖြစ်သူစကားကြောင့် မိပေါက်မက

“ ဆရာတို့ကိုကျေးဇူးတင်ပါတယ် သမီးနောက်နောင် ဒီလိုပါးစပ်မဆော့တော့ဘူးလို့လဲ ကတိပေးပါတယ်”

“အေးပါ ရပါတယ် ဆရာတို့တာဝန်က ဒုက္ခရောက်နေတဲ့ လူတွေကိုကယ်တင်ဖို့ပဲ မဟုတ်လား မင်းလဲ ပင်ပန်းနေပြီဆိုတော့ နားလိုက်ကြပါဦး သက်ခိုင်က သူတို့ကိုရေမန်းမန်းပြီး လိုက်လာခဲ့လေ”

“ဟုတ်ကဲ့ဆရာ ကျွန်တော် လိုအပ်တာတွေ လုပ်ပြီးမှလိုက်လာခဲ့ပါမယ်”

အောင်မြတ်သာတို့လဲ အပမှီနေတဲ့ကိစ္စကို ဖြေရှင်းပြီးတဲ့နောက် တည်းခိုရာအိမ်ကိုပြန်လာခဲ့ ကြတယ်။

ကလေးငယ်တွေရဲ့ဆော့ကစားသံ၊ တစ်အိမ်နဲ့တစ်အိမ် စကားလှမ်ပြောတဲ့အသံတွေကို အောင်မြတ်သာတို့ တည်းတဲ့အိမ်ထဲကနေအတိုင်းသား ကြားနေခဲ့တယ်။ အိမ်ထဲမှာတော့ အိမ်ပိုင်ရှင် ဦးကြီးရယ် အောင်မြတ်သာတို့နှစ်ယောက် ရေနွေးကြမ်းတစ်ဝိုင်းနဲ့ထိုင်ကာ ညကဖြစ်ခဲ့တဲ့ အဖြစ် အပျက်ကို ပြန်ပြောင်းပြောဆိုနေစဉ်

“ဦးကြီး ဦးကြီး”

“ဟေ့ မောင်ပျော့ ဘာကိစ္စလဲ”

“ဦးသောင်းစိန်က ဦးကြီးကို လာခေါ်ခိုင်းလို့ ဘာကိစ္စအရေးကြီးလဲတော့မသိဘူး”

“ အေးအေး ငါလာခဲ့မယ်”

ဦးကြီးက ပြောပြီးတာနဲ့ အအေးခံထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို အလျင်စလို မော့ချ လိုက်ပြီး

“ကျုပ်တို့ရွာကတော့ ဆရာတို့မြင်တဲ့အတိုင်းပဲဗျို့ ကလေးမွေးတာကစလို့ လူသေတဲ့အထိ ကျုပ်မပါရင် ပြီးကိုမပြီးတာ”

“ရပါတယ် ကျုပ်တို့အတွက် နောက်ဆံမတင်းပါနဲ့ လုပ်စရာရှိတာ ပြီးအောင်လုပ်ကြပါ”

“ဒါဖြင့်လဲ ဆရာတို့အေးဆေးနားကြဦး အလုပ်ပြီးတာနဲ့ကျုပ်ပြန်လာခဲ့ပါမယ်”

အောင်မြတ်သာတို့လဲ ဦးကြီးထွက်သွားတာနဲ့ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး

“သက်ခိုင် ဒီညတော့ ရွာထဲကို ဧည့်သည်တစ်ယောက်ဝင်လာလိမ့်မယ် သူက ငါတို့ရှိနေတာ ကိုသိထားတယ် ဒါကြောင့် မင်းရောငါရော ညသန်းခေါင်အချိန်ရောက်တာနဲ့ ဝိဉာဉ်လွှင့်ကျင့်စဉ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်ကြဖို့လိုမယ်”

“ဆရာပြောတဲ့ဧည့်သည်ဆိုတာက ကောင်းတဲ့ဧည့်သည်တော့ဖြစ်မယ့်ဟန်မတူဘူး”

“ငါ့စိတ်ထဲထင်နေတာလဲ မင်းလိုပဲ ဒါပေမယ့် တစ်ထစ်ချမပြောနိုင်သေးတဲ့အတွက် အခြေအနေကိုစောင့်ကြည့်ရမှာပဲ”

“ ဆရာ အိမ်ရှင်ဦးကြီးကိုရော ဘယ်လိုလုပ်မလဲ သူကညဘက်ရောက်ရင် တော်ရုံအိပ်တာ မဟုတ်ဘူး။ သူ့ကြောင့် ကျွန်တော်တို့ကိစ္စအနှောက်အယှက်ဖြစ်လာနိုင်တယ်”

“ဒါကိုစိတ်မပူပါနဲ့ သူဒီညပြန်အိပ်အောင် ငါစီစဉ်ထားပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ အိမ်ဝင်းထဲကို ဝင်လာတဲ့ မောင်ပျော့ကိုမြင်လိုက်ရတယ်။

“ဆရာလေးတို့ ဆရာလေးတို့ ကျုပ်တက်လာမယ်နော်”

“အေး တက်လာလေကွာ ဘာကိစ္စရှိလို့လဲ”

“ဦးကြီးက ဒီညအိမ်ပြန်မအိပ်ဖြစ်ဘူးလို့ပြောခိုင်းလိုက်လို့ ဆရာတို့ အရေးအကြောင်းဆို ကျုပ်ကိုခေါ်ခိုင်းပါ ကျုပ်အိမ်က ဆရာလေးတို့ခေါင်းရင်းမှာပဲရှိပါတယ်”

“အေးပါ အေးပါ ငါတို့လိုရင် လှမ်းခေါ်လိုက်မယ် မင်းလဲ နားလိုက်ပါဦး”

“ ဒါဆိုလဲ ကျွန်တော်သွားပြီနော်”

မောင်ပျော့က အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး အိမ်ပေါ်က ဆင်းသွားတဲ့အချိန်

“ဆရာက ဦးကြီး အိမ်ပြန်မအိပ်အောင် ဘယ်လိုများလုပ်လိုက်တာလဲ”

 

“ မနက်က ရွာထဲလမ်းလျောက်ထွက်တဲ့အချိန် ဦးသောင်းစိန် အိမ်မှာမွေးထားတဲ့ နွားမကြီးက မကြာခင်မွေးတော့မယ်ဆိုတာ သတိထားမိခဲ့တယ်။ အရင်က ရွာမှာ နွားတွေမွေးရင် အပမှီတဲ့ ကောင်မလေးရဲ့အမေက မွေးပေးတာလေ”

“ဒါနဲ့ ဦးကြီးနဲ့ဘယ်လိုပတ်သတ်နေလို့လဲ”

“ အရင်က ရွာမှာ ဘယ်အိမ်နွားမွေးမွေး ဦးကြီးက ညလုံးပေါက်စောင့်ပေးတာ။ နွားလက်သည်မနိုင်ရင် သူကကူပြီးမွေးပေးသေးတာ။ ဒီနေ့မှာတော့ ကလေးမလေးအနားကနေ ဘယ်မှမခွာဖို့ မှာထားတဲ့အတွက် ဦးကြီးကိုယ်တိုင်မွေးရတော့မယ်ဆိုတာ ကြိုသိနေခဲ့တယ်လေ။ ဒါကြောင့် ဒီညအိမ်ပြန်မအိပ်ဘူးလို့ပြောတာပေါ့”

“ လက်စသတ်တော့ဒီလိုကိုး ဒါဖြင့်လဲ ဒီညလာမယ့်ဧည့်သည်ကို သေချာစောင့်ကြည့်ရတော့ မှာပေါ့”

ညက တစ်ဖြေးဖြေးနက်လာတာနဲ့အမျှ ရွာလေးက တစ်ဖြေးဖြေး တိတ်ဆိတ်ခြောက်ကပ် နေခဲ့တယ်။ တစ်ခါတစ်ရံ ဦးစိန်သောင်း အိမ်ဘက်ကထွက်လာတဲ့ စကားပြောသံ သဲ့သဲ့ကို ကြားနေ ရတယ်။ အောင်မြတ်သာတို့လဲ ဘုရားကျောင်းဆောင်ရှေ့ထိုင်ပြီး ဝိဉာဉ်လွှင့်ကျင့်စဉ်ကို ကျင့်ကြံ နေတဲ့အချိန် နှစ်ယောက်လုံးနားထဲမှာ ကြေးမောင်းတီးသံတစ်ချက်ကို တစ်ပြိုင်နက်ထဲကြားလိုက် ရတယ်။

အသံကြားတာနဲ့ အောင်မြတ်သာနဲ့သက်ခိုင်တို့ရဲ့ ခန္ဓာကိုယ်ထဲကနေ အခိုးငွေ့သဏ္ဍာန် ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့တယ်။ ပကတိရုပ်သွင်ကတော့ ဘုရားကျောင်းဆောင်ရှေ့ ထိုင်နေပေမယ့် အောင်မြတ်သာတို့ရဲ့ ဝိဉာဉ်တွေကတော့ ရွာလမ်းမအတိုင်း တစ်ဖြေးဖြေး လျောက်လှမ်းလာခဲ့ ကြတယ်။

တစ်ယောက်နဲ့တစ်ယောက်စကားမပြောပဲ လမ်းလျောက်လာနေတဲ့အချိန် ဦးစိန်သောင်း အိမ်ခြေရင်းနွားတင်းကုတ်မှာ ရေနွေးသောက်ကာ စကားထိုင်ပြောနေကြတဲ့ ရွာသားအချို့ကိုလဲ မြင်လိုက်ရတယ်။ နွားတင်းကုတ်ပတ်ပတ်လည်မှာတော့ မမြင်အပ်တဲ့ နာနာဘာဝတွေက နွားပေါက်လေးမွေးတဲ့အခါ ကျလာမယ့် အညစ်အကြေးတွေကို စားသောက်ဖို့အတွက် ပုန်းလျှိုး ကွယ်လျိုးချောင်းမြောင်းနေတာကိုလဲ မြင်တွေ့လိုက်ရတယ်။

“ဆရာ ဆရာ ဟိုမှာ ကြည့်ဦး”

သက်ခိုင်ရဲ့တီးတိုးစကားကြောင့် အောင်မြတ်သာလှမ်းကြည့်လိုက်ရာ နူးညံ့နေတဲ့ပိုးသား အင်္ကျီကိုသေသပ်စွာဝတ်ဆင်ထားတဲ့ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားတစ်ယောက်ကို တွေ့လိုက် ရတယ်။

“ လွှတ်ထားလိုက်သက်ခိုင် သူဘယ်သွားမလဲဆိုတာ နောက်ယောင်ခံလိုက်ကြတာပေါ့”

အောင်မြတ်သာတို့လဲ လှပကျော့ရှင်းနေတဲ့ လူငယ်အရဲ့အနောက်ကို အသာယာလိုက်သွားပြီး ကြည့်လိုက်တဲ့အချိန် ရွာထိပ်က ကောက်ရိုးပုံဘေးမှာ ငုတ်တုတ်ထိုင်ပြီးစောင့်နေတဲ့ မိန်းမပျို တစ်ယောက်ကိုမြင်လိုက်ရတယ်။

မိန်းမပျိုလေးက တောင်ကြည့်မြောက်ကြည့်နဲ့ စောင့်ဆိုင်းနေရင်း လူငယ်ကိုမြင်တော့ ဝမ်းသာ အားရထလာပြီး ပြေးဖက်လိုက်တာကိုမြင်လိုက်ရတယ်။

“ဆရာ ဒီပုံစံအတိုင်းဆိုရင်…..”

“ဟုတ်တယ် ငါတို့ဒီရွာကိုမရောက်ခင် တောထဲမှာမြင်တွေ့ခဲ့ရတဲ့ သူယောင်ဂမုန်းထဲက တစ်ကောင်ဒီကိုရောက်နေတာ”

“ဆရာ ဒီကောင်က ကောင်မလေးကို အတော်ဆွဲဆောင်ထားတာပဲ ကျွန်တော်တို့လွှတ်ထား လိုက်တာနဲ့ ကောင်မလေးဘဝပျက်တော့မယ်”

“အခုငါတို့အခြေအနေမှန်ကိုမြင်ရပီမို့ သူ့ရဲ့မူလရုပ်သွင်ကို ကောင်မလေးမြင်ရအောင် အရင် လုပ်ရလိမ့်မယ်”

“ ဘယ်လိုလုပ်ရမယ်ဆိုတာပြောပါဦးဆရာ”

“အခုတွေ့နေတဲ့ကောင်မလေးက ဦးစိန်သောင်းအိမ်ရဲ့ သုံးအိမ်ကျော်မှာနေတယ် ငါတို့ သူအိပ်တဲ့နေရာကို ဝင်ကြရအောင်”

အောင်မြတ်သာက ပြောပီးတာနဲ့ ရွာထဲဘက်ကိုလှည့်ထွက်သွားတဲ့အချိန် ကောက်ရိုးပုံ အောက်မှာရှိနေတဲ့ ချစ်သူနှစ်ဦးက အကြင်နာတွေယိုဖိတ်ပြီး မိုးမမြင်လေမမြင်ဖြစ်နေကြတာကို သက်ခိုင် မြင်တွေ့လိုက်ရတယ်။

“ ဆရာ .. ဆရာပြောပုံအရဆိုရင် ဒီအိမ်ကကောင်မလေးအိမ်ပဲ”

သက်ခိုင်စကားကြောင့်‌ အောင်မြတ်သာက အိမ်ဝင်းထဲကိုဝင်ဖို့ဟန်ပြင်လိုက်တဲ့အချိန် ခြံစည်းရိုးထိပ်ကနေ အရှက်လုံအောင်သာ ဖုံးထားတဲ့အဝတ်ကိုဝတ်ဆင်ထားတဲ့ နတ်သူငယ် တစ်ယောက်ပေါ်လာခဲ့တယ်။

“သင်က ခြံစောင့်နတ်လား”

“ဟုတ်ပါတယ် သင်တို့က ဘာကိစ္စကြောင့် ခြံထဲကိုဝင်ရတာလဲ”

နတ်သူငယ်စကားကြောင့်‌ အောင်မြတ်သာက ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်တဲ့အချိန် မှာတော့ ပိတ်ထားတဲ့လမ်းကိုဖယ်ပေးပြီး ပျောက်ကွယ်သွားခဲ့တယ်။ အောင်မြတ်သာတို့အိမ်ပေါ်ကို တက်ခါနီးအချိန်မှာတော့ လှေကားထိပ်ကနေ အရောင်မှေးမှိန်တဲ့ နတ်ဝတ်တန်ဆာကို ဝတ်ဆင် ထားတဲ့သူတစ်ယောက်ပေါ်လာခဲ့ပြန်တယ်။

ဒီတစ်ခါမှာလဲ အောင်မြတ်သာက အကျိုးအကြောင်းပြောပြလိုက်ရုံနဲ့ ပိတ်ထားတဲ့လမ်းကို ဖယ်ပေးကာ အိမ်ထဲကိုဝင်ခွင့်ပြုခဲ့တယ်။ အိမ်ထဲရောက်တော့ အိမ်ဦးခန်းထောင့်တစ်နေရာမှာ အိပ်ပျော်နေတဲ့ မိန်းမပျိုတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ မိန်းမပျိုက အိပ်ပျော်နေရင်းတောင် မျက်နှာမှာအပြုံးပန်းတွေဝေနေတာကိုမြင်ရတော့ အောင်မြတ်သာ ခေါင်းကို ခါယမ်းလိုက်ပြီး ညာဘက်လက်ညိုးထိပ်ကို မျက်လုံးနေရာကိုထောက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်ရေးဆွဲလိုက်တော့မှ ပြုံးနေတာတွေ ရပ်ပြီး ရှိုက်ကြီးတစ်ငင်ငိုကျွေးကာ လန့်နိုးလာပါလေရော။

အောင်မြတ်သာတို့လဲ ကိစ္စတစ်ခုပီးပြတ်ပီမို့ အိမ်ပေါ်ကနေ ချက်ချင်းဆင်းလာပြီး ရွာထိပ်ကို ပြန်ထွက်ခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့ တစ်ကိုယ်လုံးနီညိုရောင်အမွှေးကြမ်းတွေထူထပ်စွာ ဖုံးအုပ်ထားတဲ့ လူဝံလိုလို မျောက်ဝံလိုလိုအကောင်တစ်ကောင်ကို မြင်လိုက်ရတယ်။

“ ရပ်လိုက်စမ်း”

အောင်မြတ်သာရဲ့ သြဇာပါတဲ့အသံကြောင့် ငိုက်စိုက်ငိုက်စိုက် လမ်းလျောက်လာနေတဲ့ ကောင်ရဲ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်လိုက်တာကိုမြင်တွေ့လိုက်ရတယ်။

“ငါ့ရဲ့ရုပ်သွင်အမှန်ကို ဖုံးမနိုင်ဖိမနိုင်ဖြစ်အောင်လုပ်တာ နင်တို့မဟုတ်လား”

ခြောက်ကပ်အက်ကွဲနေတဲ့ လေသံနဲ့ပြောလိုက်တဲ့ စကားအဆုံးမှာ အောင်မြတ်သာက

“ ဟုတ်တယ် သင့်ကိုမူလပုံပြန်အောင်လုပ်တာ ကျုပ်ပဲ”

“ ငါက ဘယ်သူ့ကိုမှ ဒုက္ခပေးတာမဟုတ်ဘူး နင်တို့ဘာကြောင့် ငါ့ကိုအခုလိုလုပ်တာလဲ”

“ ဘာပြောတယ် သင်က ဘယ်သူ့ကိုမှဒုက္ခပေးတာမဟုတ်ဘူး ဟုတ်လား သင့်ကြောင့် ဘဝပျက်ပြီး ရူးသွပ်ခဲ့ရတဲ့ မိန်းကလေးတွေ ဘယ်နှစ်ယောက်ရှိခဲ့ပြီလဲ တောင်ညိုရွာက မယ်သင်း ဆိုတဲ့ကလေးမလေးဆို သင့်ရဲ့ပြုစားညို့ယူမှုတွေအောက်မှာ အရှုံးပေးပြီး ကိုယ့်ကိုကိုယ်သတ်သေ ခဲ့တာ သင်မသိတာလား မသိချင်ယောင်ဆောင်နေတာလား”

အောင်မြတ်သာစကားအဆုံးမှာ အမွှေးစုတ်ဖွားကောင်ကြီးက မျက်နှာလွှဲလိုက်ပြီး

“ ငါက သူ့ကိုတကယ်မြတ်နိုးပြီးချစ်တာပါ ဒါပေမယ့် ရွာထဲကလူတွေက ငါနေတဲ့နေရာကို ရိပ်မိပြီး နှင်ထုတ်လိုက်လို့သူ့ဆီမသွားဖြစ်တော့တာ”

“ တော်စမ်း သင်က ကိုယ့်အခြေအနေကိုယ်မသိချင်ယောင်ဆောင်ပြီး မိန်းကလေးတွေရဲ့ ဘဝကိုလိုက်ဖျက်ဆီးနေတာပဲ အခုချိန်ကစပြီး သင့်ရဲ့အမျိုးနွယ်တွေရှိတဲ့ တောထဲကိုပြန်သွားရမယ်”

“ငါ မသွားနိုင်ဘူး ဒီကောင်မလေးက ငါ့ကိုအရမ်းချစ်တာ ငါဒီရွာမှာပဲနေပါရစေ”

“ကျုပ်က သင့်ကိုမေတ္တာရပ်ခံပြီး ညှင်ညှင်သာသာပြောနေလို့ ရောင့်တက်နေတာလား သက်ခိုင် ဒီကောင်နေတဲ့နေရာကိုတွေ့အောင်ရှာပြီး ပြာမှုန်တောင်မကျန်အောင် ငရဲမီးနဲ့တိုက်ပစ် လိုက်”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ ထွက်သွားဆို ထွက်သွားပါ့မယ် ကျုပ်ကိုနေစရာမဲ့အောင်တော့ မလုပ်ကြပါနဲ့”

“ဒါဆို သင်ဘယ်နေရာမှာ ပုန်းခိုနေတယ်ဆိုတာ ကျုပ်တို့ကိုပြောပါ အမှန်တိုင်းပြောရင် သင့်ကိုချမ်းသာပေးမယ်”

“ငါ ငါက ထင်းခုတ်သမား ဦးသာမြရဲ့အိမ်အနောက် ရေကပြင်ဘေးမှာနေတာပါ”

“သေချာတယ်နော် ကျုပ်တို့ကို လိမ်ညာပြီပြောမယ်ဆိုရင် အမိန့်ပြန်စာနဲ့ခေါ်ပြီး ကြိုးပိုင် ကြိမ်ပိုင်တွေကိုရိုက်ခိုင်းမှာ”

“ တကယ်ပြောတာပါ ငါမလိမ်ပါဘူး အခုငါနဲ့တွေ့တဲ့ကောင်မလေးက ဦးသာမြရဲ့ အိမ်မှာ ထင်းလာဝယ်ရင်း ငါ့ကိုလိုချင်တယ်ဆိုပြီးပြောတာကြားလို့ သူ့စိတ်ကိုဖမ်းစားခဲ့တာပါ”

“ နောက်တစ်ခါ ဘာကြောင်းကြောင့်နဲ့မှ လူတွေနေတဲ့နားကိုမလာပါနဲ့ ထပ်လာတာ မိလို့ကတော့ ကျုပ်တို့အလွန်မဟုတ်ဘူးနော်”

“ ဟုတ်ကဲ့ပါ ကျုပ် မလာတော့ပါဘူး နင်တို့ကိုလဲ ကြောက်ပါတယ် နင်တို့အနောက်မှာ ရပ်နေတဲ့ ဓါးသမားတွေကိုလဲ ပြန်ခိုင်းလိုက်ပါတော့ သူတို့က ငါ့ကိုသတ်ဖြတ်မယ့်အကြည့်နဲ့ ကြည့်နေကြတယ်”

“ ကောင်းပြီ ဒါဆိုရင် ဒီညတော့ သင်နေတဲ့နေရာကိုပြန်သွားလိုက်ပါ”

အောင်မြတ်သာစကားအဆုံးမှာ အမွှေးစုတ်ဖွားကောင်ကြီးက ကွတကွတနဲ့ အမှောင်ထု ထဲကိုပြေးဝင်ပျောက်ကွယ်သွားခဲ့တယ်။

————————-

နောက်တစ်နေ့မနက်ရောက်တော့

“ဆရာလေးတို့ ညကအိပ်ရတာအဆင်ပြေရဲ့လား”

“ပြေပါတယ် ဦးကြီး နွားမကြီးရော ဘယ်လိုနေသေးလဲ”

“အဆင်ပြေပါတယ် နွားပေါက်လေးရော နွားမကြီးရော ကျန်းမာကြတယ် ဒါနဲ့ ညက ဒေါ်စိမ်းမြရဲ့သမီး ရုတ်တရက်ထအော်လို့ ကျုပ်တို့ပါလန့်သွားသေးတယ်။ အပပဲမှီတာလား ဘာများ ဖြစ်တာလဲဆိုပြီး သွားမေးတော့မှ အိမ်မက်မက်ပြီး ထအော်ဆိုတာသိခဲ့ရတာ။ အတော်ဆိုးတဲ့ ကလေးမပဲ”

ဦးကြီးစကားကြောင့် အောင်မြတ်သာက ရေနွေးသောက်နေရင်း ပြုံးလိုက်ပြီး

“ဒါနဲ့ ဦးကြီးတို့ရွာမှာ ထင်းခုတ်သမားဦးသာမြဆိုတာရှိလား”

“သာမြလား ရှိတာပေါ့ သူနဲ့ငါနဲ့က အသက်သိပ်မကွာဘူး”

“ဒါဆို သူ့အိမ်ကို ကျုပ်တို့ကိုလိုက်ပြပေးပါလား”

“မင်းတို့က ဘာလုပ်ကြမလို့လဲ”

“ လုပ်စရာလေးရှိလို့ပါ နောက်ပြီး ဟိုရောက်ရင် ဦးကြီးတို့ကို ပြစရာလေးလဲရှိလို့”

“ ဒါဖြင့်လဲ သွားကြရအောင်”

ဦးကြီးက အရွယ်နဲ့မလိုက်အောင် ပေါ့ပါးစွာဖြင့် ထထွက်သွားတဲ့နောက်ကို အောင်မြတ်သာတို့ အမှီလိုက်လာခဲ့ကြတယ်။ ဦးသာမြအိမ်ရောက်တော့ ရေကပြင်နားကို သွားပြီး

“ဦးကြီး ဒီအပင်က ဘာအပင်လဲသိလား”

“အရွက်ကနီညိုရောင်၊ ပင်စည်မှာလဲ အမွှေးတွေပေါက်နေတယ် ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့အပင်ပဲ ဟေ့ သာမြ ဒီအပင်က ဘာအပင်လဲကွ”

ဦးကြီးစကားကြောင့် အိမ်ရှေ့မှာ ထင်းခွေနေတဲ့ ဦးသာမြ ထလာပြီး

“ငါလဲမသိပါဘူး ထင်းခုတ်သွားတုန်းက လှလို့ဆိုပြီး ခူးလာခဲ့တာပဲ”

“ဆရာလေးတို့ကရော ဒါဘာအပင်လဲဆိုတာသိလို့လား”

“သိတာပေါ့ ဦးကြီးရာ ဒီအပင်မျိုးက တောထဲတောင်ထဲတွေမှာ အပေါက်များတယ် သူတို့ကို လူနေအိမ်မှာစိုက်မကောင်းဘူး အကြောင်းမလှရင် အိမ်မှာရှိတဲ့ သားပျိုသမီးပျိုတွေရူးတတ်တယ်”

“ဟေ ဟုတ်လား ငါက ဒီတိုင်းလှလို့ ခူးလာလိုက်တာ ဆရာလေးတို့ပြောမှပဲ သိရတော့တယ်”

“နောက်ဆို ထင်းခုတ်သွားတာပဲဖြစ်ဖြစ် ခရီးသွားတာပဲဖြစ်ဖြစ် အမြင်ဆန်းတဲ့ အပင်တွေ ဆိုရင် အိမ်ကိုမယူလာသင့်ဘူး အခု ဦးသာမြ ယူလာတဲ့အပင်က အယောင်ဆောင်ဂမုန်းလို့ခေါ်တယ် ဒီအပင်က နီညိုရောင်အဆင်းရှိတဲ့အဖိုပင်ပဲ”

“ဒါဆို အမပင်ဆိုတာရှိသေးတာလား”

“ရှိတာပေါ့ ဝါဖန့်ဖန့်အရောင်ရှိတဲ့အပင်ဆိုရင် အမပင်လို့သတ်မှတ်တယ် အခု ဒီအပင်ကို ကျုပ်တို့ကိုပေးလိုက်ပါ”

“ဆရာလေးတို့က အန္တရာယ်များတဲ့အပင်ကိုယူပြီး ဘယ်သွားကြမလို့လဲ”

“ကျုပ်တို့တာဝန်လဲပီးပီဆိုတော့ လာရာအရပ်ကိုပြန်ကြရမှာပေါ့”

အောင်မြတ်သာစကားကြောင့် ဦးကြီးက မျက်နှာညိုးငယ်စွာနဲ့

“အဲလိုတော့ မပြန်ကြနဲ့ဦးလေ ဒီကြားထဲ အပမှီတာတွေဘာတွေဖြစ်ရင် ကျုပ်တို့ ဘယ်သူ့ကို အားကိုးရမှာလဲ”

“အပမှီတာဖြစ်ရင် ကုပေးမယ့်သူရောက်လာပါလိမ့်မယ် ကျုပ်တို့က ဒီအပင်ကို အချိန်မှီ သွားမစွန့်ပစ်ဘူးဆိုရင် ရွာအတွက်လဲ အန္တရာယ်များနိုင်တယ်နော်”

“ဟူး ဒီလိုဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ နောက်လဲ လမ်းကြုံရင် ဝင်လည်ကြဦးနော်”

“စိတ်ချပါ ကျုပ်တို့ရှိနေတဲ့ကာလမှာ သေချာဂရုစိုက်ပေးကြတဲ့ ရွာသားတွေအားလုံးကိုရော ဦးကြီးကိုရော လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် ကျုပ်တို့ကိုခွင့်ပြုကြဦး”

အောင်မြတ်သာက ဦးသာမြနဲ့ဦးကြီးကိုနှုတ်ဆက်ပြီး ရေကပြင်ဘေးမှာစိုက်ထားတဲ့ အယောင်ဆောင်ဂမုန်းပင်ကိုဆွဲနှုတ်ကာ ရွာအပြင်ကိုထွက်လာခဲ့လိုက်တယ်။ ရွာပြင်လဲရောက်ရော ထန်းခေါက်ဖာတစ်လုံးကို ပိုက်ပြီး ရွာထဲကိုဝင်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက ထိုလူကိုမြင်တော့ ပြုံးပြကာနှုတ်ဆက်ပြီး စိမ်းညို့မှိုင်းပြနေတဲ့ တောအုပ် ထဲကိုဝင်ရောက်သွားခဲ့တယ်။ တောတစ်နေရာကိုရောက်တော့ လက်ထဲကိုင်ထားတဲ့ အပင်ကို သေချာပြန်စိုက်ပေးပြီး သာမန်လူတွေမတွေ့မြင်နိုင်အောင် အစီရင်တွေပြုလုပ်ကာ ကိုးနဝင်းစေတီ ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ဆရာ ကျွန်တော်တို့ရွာထိပ်မှာတွေ့တာက ဦးကြီးတို့ပြောနေတဲ့ဆရာမဟုတ်လား”

“ဟုတ်တယ်လေ မင်းက ဘယ်လိုသိတာလဲ”

“သူ့အနားကိုရောက်တာနဲ့ အမျိုးအမည်မသိတဲ့ လှိုင်းတစ်ခုက ကျွန်တော့်မျက်နှာကို လာရိုက်ခတ်သလိုခံစားမိလို့ပါ ပညာသည်တွေဆီကထွက်တဲ့လှိုင်းနဲ့ မတူလို့ သေချာအောင် ဆရာ့ကို မေးကြည့်လိုက်တာ”

“မင်းလဲ လူကဲခတ်တော်လာပြီပဲ အချိန်လဲ လင့်နေပြီဆိုတော့ စေတီကိုရောက်အောင် သွားကြတာပေါ့”

အောင်မြတ်သာတို့ကိုးနဝင်းစေတီကိုရောက်တော့ ဘမိုးကို စည်းဝိုင်းထဲထည့်ပြီး စောင့်ကြပ်နေတဲ့ တောက်ရကိုမြင်လိုက်ရတယ်။

“ ဟာ ဆရာတို့ ပြန်ရောက်လာတာ အတော်ပဲ ဒီလူကို ထိန်းရတာအတော်ခက်တယ်ဗျ”

“ဘယ်လိုဖြစ်တာလဲ တောက်ရ”

“ဆရာတို့ထွက်သွားတဲ့အချိန်ကတော့ အေးအေးဆေးဆေးပါပဲ မနေ့ညကမှ သူ့ကိုယ်ထဲကနေ အညိုရောင်အခိုးငွေ့တွေထွက်လာပြီး သောင်းကျန်းနေလို့ အမိန့်ပြန်ပြီး စည်းထဲချုပ်ထားရတာ”

တောက်ရစကားကြောင့် အောင်မြတ်သာက ချက်ချင်းဆိုသလို စည်းဝိုင်းထဲမှာ လဲကျနေတဲ့ ဘမိုးရဲ့ကျောပြင်ကိုလှန်ကြည့်ပြီး

“ အင်း မူးမူးရူးရူးနဲ့ ပေါက်ကရတွေ ထိုးထားတာ ဘီလူးနက္ခတ်နဲ့သွားကိုက်နေတာကိုး”

“ ဘယ်လို ဆရာ သူက အစီရင်နဲ့ထိုးထားတာမဟုတ်ဘူးလား”

“မဟုတ်ဘူး တောက်ရ သူထိုးထားတာက ရိုးရိုးအရုပ်ပဲ ဒါပေမယ့် ထိုးတဲ့အချိန်း စန်းနက္ခတ်က ဘီလူးစန်းနက္ခနဲ့တိုက်ဆိုင်သွားတာ။ မနေ့ညက ဘီလူးနက္ခ ကျတဲ့အချိန် ဖြစ်နေခဲ့တာလဲပါတယ်”

“အော် ဒါကြောင့် အယောင်ဆောင်ဂမုန်းထဲက အကောင်က အပြင်ကိုထွက်လာတာကိုး”

“ဟုတ်တယ် သက်ခိုင် မင်းထင်တဲ့အတိုင်းပဲ… လောလောဆယ်တော့ ဒီကောင်ကိုယ်မှာ ထိုးထားတဲ့ ဘီလူးရုပ်ကို အစီရင်နဲ့ပြန်ဖျက်ပေးရဦးမယ်”

“ကျွန်တော်တို့ဘာကူညီပေးရမလဲဆရာ”

“အခုတော့ဖျက်မရသေးဘူး နောက်နှစ်ရက်ပြည့်တဲ့ ညသန်းခေါင်မှာ ဘီလူးနက္ခတ်အထွဋ် ထိပ်ရောက်တဲ့အချိန်ကျလာလိမ့်မယ် ဘမိုးက ငါတို့ပေးထားတဲ့ဆေးမြစ်ကို ငုံထားတဲ့အတွက် သူ့ကိုယ်ထဲမှာ စီးဝင်နေတဲ့ ဓါတ်တွေကိုလိုချင်တဲ့ ဘီလူးတွေက ငါတို့ဆီကို မဖိတ်ခေါ်ပဲ ရောက်လာ ကြလိမ့်မယ်။ နောက်လာမယ့်ညက အတော်ကိုကြမ်းမှရမယ့်ပွဲပဲ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့နှစ်ယောက်လုံး သက်ပြင်းရှည် တစ်ချက်ကိုမှုတ်ထုတ်ကာ ထိုင်ချလိုက်ပါလေရော။

နောက်ဝတ္တုမှာတော့ အောင်မြတ်သာတို့ဆီကို စုပြုံရောက်လာကြမယ့် ဘီလူးတွေကို ဘယ်လိုရင်ဆိုင်ပြီး ဘမိုးကို ကုသမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ဘီလူးစီးတဲ့နက္ခတ် ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)