အရိပ်မထွက်သောတိုင်းပြည်

အရိပ်မထွက်သောတိုင်းပြည်(စ/ဆုံး)
———————————-

ကျွန်တော်မှာ သိပ္ပံကျောင်းသားတစ်ယောက်ဖြစ်၍ အမည်မှာမောင်လှတင်ဖြစ်သည်။ကျွန်တော်နှင့်တစ်ခန်းတည်းအတူနေ မောင်ထွန်းဦးဆိုသူ ရွှေဘိုနယ်သားကျောင်းသားတစ်ယောက်ရှိရာ ဤသူမှာ ကာယဗလကောင်းခြင်း၊ဥာဏ်ထက်မြတ်ခြင်း၊ဖြူစင်သောစိတ်ရှိခြင်း၊ကျေးဇူးပြု တတ်ခြင်း စသည့်ကောင်းမွန်သောအရည်အချင်းနှင့် ပြည့်စုံသူတစ်ယောက်ဖြစ်လေရကား ကျောင်းသားတိုင်းကပင် ချစ်မြတ်နိူးကြ၍ ကျွန်တော်နှင့်မူ အထူးသင့်မြတ်ကြလေသည်။

၁၉၃၁ ခုနှစ်၌ ကျွန်တော်တို့ကျောင်းမဖွင့်သေးမီ ရန်ကုန်သို့အတူပြန်လာကြ၍ မြို့တွင်း၌လည်ပတ်လျှက်ရှိကြစဉ် မောင်ထွန်းဦးသည် ကျွန်တော့အား ရန်ကုန် ဂေဇက်သတင်းစာတွင်ပါလာသည့် ကြော်ငြာတစ်ခုကို ပြလေ၏။

” ဗလကောင်းကောင်း၊သတ္တိကောင်းကောင်း၊သားမယားမရှိ၊လောကဓာတ်ပညာအကြောင်းအတော်အတန်နားလည်သော လူငယ်တစ်ယောက်အလိုရှိသည်။နာမည်ကျော်ဇော၍ ငွေအမြောက်အများရဖို့အတွက် စွန့်စားလိုသောစိတ်ရှိရမည်။အကြောင်းစုံသိလိုလျှင် ရန်ကုန်ဂေဇက်သတင်းစာမှ ကျေးဇူးပြု၍ ပရော်ဖတ်ဆာ ဘစ်စမတ် ထံသို့ ရေးသားမေးမြန်းနိုင်သည်။ ”

မောင်ထွန်းဦးသည် ၎င်းကြော်ငြာကိုကျွန်တော့အားပြပြီးနောက် လျှောက်ထားလိုကြောင်းတိုင်ပင်လေရာ ကျွန်တော်ကမူ မည်သည့်အလုပ်မျိုးဖြစ်သည်ကိုမသိ၊ကျောင်းဖွင့်သောအခါ ကျောင်းတက်ရန်လည်းရှိသေးသဖြင့် မလျှောက်ထားရန် ဖျက်စီးပြောဆိုလေသည်။မောင်ထွန်းဦးသည် ထိုကြောငြာကို ကျွန်တော့အား
မေ ၃၁ ရက်နေ့တွင်ပြ၍ ဇွန်လ ၁ ရက်နေ့၌ အိမ်မှထွက်သွားလေရာ ဇွန် ၄ ရက်တိုင်အောင်လည်း မပေါ်လာပဲရှိရကား ကျွန်တော့မှာသူငယ်ချင်းအတွက်အလွန်တရာစိတ်ပူပန်မိလေ၏။
ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်ဂေဇက်သတင်းစာပိုင်းတွင် အထက်ပါအတိုင်းကြော်ငြာထပ်မံ ပါလာပြန်သည်ကိုတွေ့ရ၏။ထိုအခါ ကျွန်တော့မှာ သူငယ်ချင်း၏အကြောင်းကိုသိလိုလှသည်ဖြစ်၍ ကြောငြာတွင်ပါသည့်လိပ်စာအတိုင်းလျှောက်ထားလိုက်ရာ နောက်တစ်နေ့၌ပင်ပြန်စာတစ်စောင်ရရှိလေသည်။၎င်းစာမှာ ပရော်ဖက်ဆာဘစ်စမတ် ထံမှရေးလိုက်သောစာဖြစ်လေရာ ဝင်ဒါမီယာ လမ်း ကိုဇီးကောနား အမည်ရှိ နေအိမ်သို့ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ကြောင်းပါရှိလေ၏။

သို့ဖြစ်၍ ကျွန်တော်သည် ဇွန်လ ၇ ရက်နေ့နံက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းနေရာသို့သွားရောက်ရာ ချောင်ကျသောနေရာတစ်ခု၌တည်ရှိနေသည့် အလွန်ကြီးမားအိုမင်းသော ဘိုအိမ်ကြီးဖြစ်ကြောင်းတွေ့ရလေ၏။ထိုအိမ်ကြီးမှာ ကျယ်ဝန်းလှသောဝန်းကြီးတစ်ဝင်း၏ အလယ်၌ တည်ရှိ၍ မြင့်မားသောသစ်ပင်ကြီးတို့ဖြင့် ဖုံးအုပ်လျှက်ရှိရာ အလွန်တရာပင်ခေါင်လှသည်ဟုဆိုထိုက်ပေ၏။
ဝင်းအတွင်းသို့ ဝင်မိသောအခါ အစေခံတစ်ယောက်နှင့်တွေ့၍ ပရော်ဖက်ဆာဘစ်စမတ်ရှိရာအခန်းသို့ခေါ်သွားလေ၏။ပရော်ဖက်ဆာသည် အလွန်တစ်ရာကျယ်ဝန်းသော အခန်းကြီးတစ်ခန်းအတွင်း၌ စားပွဲတစ်ခုတွင်ထိုင်လျှက်ရှိရာ ကျွန်တော့်ကိုမြင်သောအခါ ဝမ်းမြောက်ဝမ်းသာ ထိုင်ရာမှထ၍ လက်ကိုကိုင်ယမ်းကာ နှုတ်ဆက်ပြီးလျှင်နေရာထိုင်ခင်းပေးလေ၏။
ပရော်ဖက်ဆာ ဘစ်စမတ်မှာ ဂျာမန်လူမျိုးတစ်ယောက်ဖြစ်၍ အသက်ငါးဆယ်ကျော်အရွယ်ခန့်ရှိပြီဖြစ်ရာ ၎င်းရုပ်လက္ခဏာမှာ
နဖူးကျယ်ကျယ် နှာခေါင်း အထူးချွန်၍ ရှေ့သို့
ငေါလျှက် ထွက်နေသောမေးစေ့ လည်းရှိ၏။၎င်း၏ကိုယ်မှာမူ အရွယ်နှင့် မလိုက်အောင်ကိုင်းကွလျှက် မျက်လုံးတို့မှာ အထူးသဖြင့် စူးရှနက်နဲခြင်းရှိပေ၏။

ပရော်ဖက်ဆာသည် ကျွန်တော်နှင့်တွေ့သည်နှင့် တစ်ပြိုင်နက် အခြားစကားတစ်ခွန်းမှမပြောသေးပဲ၎င်းနှင့်ပြောဆိုရသောစကားများကို အခြားသူတစ်ဦးတစ်ယောက်ကိုမှမပြောပါဟု ကတိထားစေရာ ကျွန်တော်ကလည်းကတိထားလိုက်ပေ၏။၎င်းနောက်ပရော်ဖက်ဆာသည် ကျွန်တော့အားမေးခွန်းများထုတ်လေ၏။

ဆာ ။ ။ သင်္ချာဖက်က တော်တော်ဝါသနာပါသလား

ကျွန် ။ ။အတော်အတန်ပါပါတယ်။သ်ို့သော်ထူးထူးချွန်ချွန်မဟုတ်ပါ။

ဆာ။ ။ နာမည်ကျော်ကြားပြီးငွေသုံးစွဲလို့မကုန်နိုင်လောက်အောင် ရမည်ဆိုလျှင် အသက်ကိုပင်စွန့်စားနိုင်ပါသလား။

ကျွန်။ ။ စွန့်စားရခြင်းမျိုးကို ဝါသနာပါပါသည်။

၎င်းနောက်ပရော်ဖက်ဆာသည် ဤလူ့ပြည်၌ လူတို့မျက်စိဖြင့်မမြင်နိုင်၊မကြားနိုင်သော သတ္တဝါများရှိနေကြောင်း ပြောပြ၍ ၎င်းတို့သည် ကျွန်တော်တို့နှင့် တစ်လက်မမျှမခြားသောနေရာ၌ ရှိစေကာမူလည်း ကျွန်တော်တို့အား မမြင်နိုင်၊မကြားနိုင်ရှိနေကြောင်း
ကျွန်တော်တို့ကလည်း မမြင်နိုင်မကြားနိုင်ရှိနေကြောင်း ထိုသူတို့၏တိုင်းပြည်သို့ရောက်ဖူးသော သူတစ်ယောက်မှာ အမေရိကန်ပြည်ကိုရှာဖွေသော ကိုလံဘတ် ကဲ့သို့ ကျော်ဇောမည့်ပြင် ငွေဆိုသည်မှာလည်း လိုသလောက်ပင်ရနိုင်မည်ဖြစ်ကြောင်း ။သို့ရာတွင် ထိုလူတို့နှင့်တွေ့ဆုံမည့်သူမှာသာမည သတ္တိနှင့် မဖြစ်နိုင်၍ အထူးသဖြင့်ရဲဝံ့စွန့်စားသော သဘေမျိုးရှိဖို့လိုကြောင်းများနှင့်ပြောဆိုသောအခါ ကျွန်တော့မှာမည်သို့သောအကြောင်းကြောင့်မသိ တုန်လှုတ်ထိတ်လန့်သောစိတ် ဖြစ်ပေါ်လာခဲ့လေ၏။၎င်းနောက်ပရော်ဖက်ဆာကဆက်လက်၍

“ဒီတိုင်းပြည်ကိုသွားဖို့ နည်းလမ်းကိုနှစ်ပေါင်းများစွာ ကျွန်ုပ်စုံစမ်းကြည့်ခဲ့ရာ ယခုအထမြောက်ချေပြီ။သို့ရာတွင် ကျွန်ုပ်ကိုယ်တိုင်မှာအသက်ကြီးပြီဖြစ်၍ သွားနိုင်ဖို့ခဲယဉ်းလှပါသည်။လူငယ်ငယ်ရွယ်ရွယ် ခွန်အားဗလနှင့်ပြည့်စုံ၍ ဖျတ်ဖျတ်လတ်လတ်သတ္တိကောင်းပါမှ ဖြစ်နိုင်ချေ ရှိပါတယ်။ဘယ့်နှယ့်လဲ ရဲပါ့မလား ”

“ဟိုရောက်တော့ဘာတွေ့မလဲ ”

“ဘာတွေ့မယ်လို့ ကျွန်ုပ်အမှန်မပြောနိုင်ဘူး ထူးထူးဆန်းဆန်းတွေ့ရလိမ့်မယ်လို့တော့ ကျွန်ုပ်ပြောနိုင်တယ်။အာမခံဝံ့ပါ့ကွယ်။

“မောင်ထွန်းဦးသွားတာဒီကိုပဲလား”

ပရော်ဖက်ဆာက မျက်နှာပျက်လျှက်

” မောင်ထူး ဘယ်ကမောင်ထူးလဲ ”

ပရော်ဖက်ဆာသည် ထိုကဲ့သို့မသိဟန်ဆောင်၍ ပြန်လည်မေးမြန်းသော်လည်း ကျွန်တော်ကမူ မောင်ထွန်းဦးသည် ၎င်းစေခိုင်းရာသို့ထွက်သွားပြီဖြစ်ကြောင်းဧကန်မုချ ဆိုဝံ့လေ၏။
ထိုအခါ ကျွန်တော်မှာ ထိုလူကြီးသည် သူရူးတစ်ယောက်ဖြစ်၍ မောင်ထွန်းဦးအားသတ်ဖြတ်လိုက်ကြောင်းနှင့် ပုလိပ်ထံ တိုင်တန်းရမည်လောဟု တွေးတောလျက်စုံလင်စွာသိရှိစေရန် ထပ်လောင်းမေးမြန်းလေ၏။

” စုံစုံလင်လင် ပြောပြစမ်းပါဦး ကျွန်တော်ကောင်းကောင်းနားမရှင်းသေးပါ။”

” ကောင်းပြီ လာ ကျွန်ုပ်ပြမည် ”

ဟုပြော၍ပရော်ဖက်ဆာသည် အခန်းတစ်ခန်းအတွင်းသို့ ကျွန်တော့အားခေါ်ဆောင်သွားလေရာ ထိုအခန်းအတွင်း၌ကား စားပွဲတစ်ခု ၊ ကုလားထိုင်တစ်ခုအပြင် အခန်း၏ အလယ်၌ အနံလေးပေ အလျား ခြောက်ပေခန့်ရှိသော သစ်သားဘောင် တစ်ခုရှိပေ၏။ထိုသစ်သားဘောင်မှာ လျှပ်စစ်ဓာတ်ကြိုးများဖြင့် ဆက်သွယ်လျှက်ရှိရာ ၎င်းဘောင်ကြီးများနှင့် ငါးပေခန့်ဝေးသောနေရာ၌ကား စပရိန် တပ်ထားသော ခုံကလေးတစ်ခုံ ရှိပေ၏။စားပွဲပေါ်၌မူ အနီရောင်ရှိသော ကြက်ပေါင်ဘောလုံး ကလေးများကို သေတ္တာငယ်တစ်လုံးဖြင့် ထည့်၍တင်ထားလေ၏။ ထိုသစ်သားဘောင်မှာ အရုပ်ကားကြီးတစ်ကား၏ ဘောင်နှင့်တူသော်လည်း အရုပ်မရှိပဲ ဘောင် သက်သက် ရှိနေ၍ ကြေးဝါခလုတ်များ၊ဖန်ပြွန်များသည်လည်း လေးမျက်နှာတို့၌ အနှံ့အပြား တပ်ဆင်၍ထားလေ၏။

ပရော်ဖက်ဆာက
” ဒီဘောင် ကိုလှည့်ပတ်ပြီး သေသေချာချာကြည့်ပါ သို့သော် လက်နှင့်မကိုင်ပါနှင့် ”
ဟုပြောသောအခါ ကျွန်တော်သည် ထိုဘောင်ကြီးကိုလှည့်ပတ်ကြည့်ရာ ဘောင်၏တစ်ဖက်၌ အုတ်နံရံမျှသာ ရှိ၍ ဘောင်နှင့်ဆယ့်ငါးပေခန့်ဝေးကြောင်းတွေ့ရသည်။ဘောင်၏ တစ်ခြားဖက်၌မူ ယခင်ကဖော်ပြခဲ့သော စပရိန် တပ်ထားသည့် ခုံတစ်ခုံရှိပေ၏။

” ခုန်ပေါ်ကိုတက်ပြီး ဘောင်ထဲကိုတည့်တည့်ခုန်လိုက်စမ်း ”

ပရော်ဖက်ဆာမှပြောလိုက်သောအခါ ကျွန်တော်သည် ဆုတ်ဆိုင်းလျှက်ရှိရာ ပရော်ဖက်ဆာသည် ခုံမှတက်၍ ဘောင်ထဲသို့ခုန်ဝင်လိုက်သဖြင့်အခြားဖက်၌ လေးဖက်ထောက်လျှက်ကျလေ၏။

” ဘာခက်သလဲ ကျုပ်ခုန်သလိုခုန်ပါ မကြောက်ပါနဲ့ ဓာတ်ကြိုးမသွယ်သေးခင် ဘယ်ကိုမှမရောက်နိုင်ပါဘူး ”

ဟုပြောသဖြင့် ကျွန်တော်သည် ခုံပေါ်မှတက်၍ဘောင်တွင်းသို့ခုန်ဝင်လိုက်သည်တွင် ဘောင်၏အခြားဖက်သို့ ငါးပေခန့် ရောက်သွားလေ၏။
ထိုအခါ ပရော်ဖက်ဆာသည် ကုလားထိုင်ကိုဘောင်၏ခုံဘေးတွင်ခင်းပေး၍ ကျွန်တော့အား ကုလားထိုင်ပေါ်သို့ထိုင်စေရာ ကျွန်တော်ထိုင်နေသောနေရာမှာ မူ ဘောင်အတွင်းသို့မမြင်နိုင်ပဲ ရှေ့နှင့်နောက်ကိုသာလျှင်မြင်နိုင်ပေသည်။ထိုသို့ရှိစဉ် ကျွန်တော်မှာ အနောက်ဖက်သို့မျက်နှာမူလျှက်ရှိသဖြင့် ပြတင်းပေါက်တစ်ပေါက်နှင့် တည့်တည့်ရှိနေလေ၏။ထိုအခါ ပရော်ဖက်ဆာသည် ခလုတ်တစ်ခုကိုနှိပ်လိုက်ရာ ဘောင်၌တပ်ထားသော ဖန်ပြွန်များသည် ရဲရဲနီလာ၍ အဝေးမှစက်ကြီးဟိန်းသောအသံကဲ့သို့ ( ဝီ ဝီ ဝီ ) ဟူသောအသံတို့မှာ မစဲပဲမြည်လျှက်ရှိပေ၏။

“ကြည့်နော် သေချာကြည့်စမ်း”
ကျွန်တော်သည် ကုလားထိုင်တွင်ထိုင်လျှက် ဘောင်ရှိရာသို့မျှော်ကြည့်နေရာ ပထမသုံးမိနစ်ခန့်အတွင်းတွင် ထူးထူးခြားခြားမရှိချေ။ထိုအချိန်ကျော်လွန်သော အခါ၌ ဘောင်၏အခြားဖက်၌ရှိနေသောနေရာလပ်သည် မှောင်အတိဖြစ်လာသဖြင့် ကျွန်တော်မှာ ယခင်က ပြတင်းပေါက်ကိုပင် မမြင်နိုင်ပဲရှိရာ အခြားသောနေရာတို့မှမူ ပြတင်းပေါက်များမှဝင်သောအရောင်ဖြင့် ရှေးနည်းတူထိန်ထိန်လင်းလျှက်ရှိပေ၏။ထိုသို့ကြည့်နေရင်း ဆယ့်ငါးမိနစ်ခန့်မျှကြာလတ်သော် ပရော်ဖက်ဆာသည် သေတ္တာ၌ထည့်ထားသော ကြက်ပေါင်ဘောလုံးနီကလေးတစ်လုံးကိုယူ၍
ဘောင်အတွင်းသို့ ပစ်သွင်းလိုက်ရာ ဘောလုံးသည် မှောင်ထဲသို့ တစ်ခါတည်းပျောက်ကွယ်၍သွားလေ
၏။ထိုအခါကျွန်တော်သည် အံ့သြလျှက်

” တယ်ထူးဆန်းပါလား ဒိပြင်တစ်လုံးပစ်သွင်းစမ်းပါဦး ”

“မောင်ကိုယ်တိုင်စမ်းကြည့်ပါ့လား ရော့လေ ဘောလုံး ”

ကျွန်တော်သည် ထိုင်ရာမှထ၍ ခုံကလေးအနီးသို့သွားပြီးလျှင်ဘောလုံတစ်လုံးကိုယူ၍ ဘောင်၏အခြားဖက်၌ရှိသော မှောင်မိုက်ထဲသို့ပစ်သွင်းလိုက်ရာ ဘောလုံးသည် နံရံကိုထိမှန်လောက်သော်လည်း မည်သည်ကိုမျှထိမှန်ခြင်းမရှိပဲ တစ်ခါတည်းပျောက်ကွယ်သွားလေ၏။ထိုအခါ၌ကား ကျွန်တော့မှာအံ့သြလှသည် ဖြစ်၍ပါးစပ်ကိုဟလျှက်ရှိနေပေ၏။
ထိုအခါ ပရော်ဖက်ဆာ သည်ဘောလုံးတစ်လုံးကိုယူ၍ဓားဖြင့်ထက်ခြမ်းခွဲပြလေရာ ဘောလုံးမှာအနီရောင်ရှိ၍ အတွင်း၌ကားအဝါရောင်ရှိကြောင်းတွေ့ရ၏။

” ပစ်စမ်းပါဦးမောင်ရင် တစ်လုံးပြီးတစ်လုံးပစ်စမ်းပါ တစ်လုံးတစ်လေလောက်တော့ တစ်ခုခုနဲ့မှန်ပြီးပြန်လာကောင်းပါရဲ့ ”

ထိုအခါကျွန်တော်သည် ဘောင်ရှေ့၌ရပ်လျှက်ကြက်ပေါင်ဘောလုံးများကိုတစ်လုံးပြီးတစ်လုံးပစ်သွင်းလေရာ တစ်ဆယ့်ငါးလုံးမြောက်မျှ ပစ်မိသောအခါ နောက်ဆုံးဘောလုံတစ်လုံးသည် ဘောင်တွင်းမှပြန်ထွက်လာ၍ ကျွန်တော့ခြေထောက်ရှေ့သို့ကျလေသည်။ထိုဘောလုံးကိုတွေ့သောအခါ ကျွန်တော်ပစ်သွင်းလိုက်သော ဘောလုံးများသည် အနီရောင်ချည်းမျှသာဖြစ်ပါလျှက် ပြန်ထွက်လာသောဘောလုံးမှာမူကား အဝါရောင်ဖြစ်နေလေသည်။

” ခွဲကြည့်စမ်း ခွဲကြည့်စမ်း ”

ပရော်ဖက်ဆာမှ စိတ်အားထက်သန်စွာပြောနေသဖြင့် ကျွန်တော်လည်း ဘောလုံးကိုဓားနှင့်ခွဲလိုက်ရာ အတွင်း၌ကား အနီရောင်ရှိနေသည်ကိုတွေ့မြင်ရလေသည်။

” ဘယ့်နှယ်ဖြစ်သွားတာတုန်း ပရော်ဖက်ဆာ ”
“ပြောင်းပြန်လန်သွားလို့ပေါ့ ”

“ဘောလုံက မကွဲပဲနှင့် ပြောင်းပြန်လန်တယ်လို့ရှိနိုင်ပါ့မလား ”

” လောကမှာ မောင်တို့ ကျပ်တို့မဖြစ်နိုင်ဘူးထင်တာတွေ ဖြစ်နေတာ အများကြီးရှိတယ် ဟိုပြည် နဲ့ ဒီပြည် မတူဘူး ဒါကြောင့် မောင့်ကို ကိုယ်တိုင်သွားပြီးစုံစမ်းစေချင်တယ် ”

၎င်းနောက်ပရော်ဖက်ဆာသည် ခလုတ်ကိုနှိပ်လိုက်ရာ ဘောင်၏အခြားဖက်မှ မှောင်မိုက်ခြင်းမှာ တစ်ဖြေးဖြေး ပြန်၍လင်းလာလေသည်။ထိုအချိန်တွင် ကျွန်တော်သည် ကြမ်းပြင်ပေါ်၌ဘောလုံးများကိုတွေ့ရမည်ဟုထင်နေသော်လည်း ပြန်ထွက်လာသည့် အဝါရောင်ဘောလုံးမှလွဲ၍ တစ်ခြားဘောလုံးတစ်လုံးမှမတွေ့ရပေ။

“ရိပ်မိပြီလားမောင်ရင် ဒီဘောင်ဟာတစ်ခြားမဟုတ်ဘူးအခြားသော
သတ္တဝါတစ်မျိုးနေတဲ့ပြည်သို့သွားရာတံခါးပေါက်ဖြစ်တယ်။ဒီအပေါက်ကနေပြီး ရိက္ခာအမျိုးမျိုး ၊လက်နက်ကိရိယာအမျိုးမျိုးကိုပစ်သွင်းပြီးဖြစ်တယ် ကြိုး၊လက်နှိပ်ဓာတ်မီး၊သေနပ်မှစ၍လိုသလောက်ပစ္စည်းအမျိုးမျိုးကိုလည်းကျွန်ုပ်ပစ်သွင်းပြီးဖြစ်တယ်။ဒီတော့မောင်ရင် သည်စင်စစ်သတ္တိကောင်းသောသူဖြစ်ပါလျှင် ခုံပေါ်ကတက်ပြီးခုနင်က ခုန်သလိုဘောင်တွင်းသို့ခုန်ဝင်စေချင်တယ်။ခုနင်ကတော့ ခလုတ်မနှိပ်ရသေးတော့ အခြားကိုမရောက်ဘူး။ခလုတ်နှိပ်ပြီးမှ ခုန်ဝင်ခဲ့လို့ရှိရင် ဘောလုံးများရောက်သွားကြသလို တစ်ခြားပြည်ကိုရောက်သွားမယ်။ခုန်ဝင်လိုက်လျှင်လူတည်နေနိုင်စရာ တစ်ခုခုတော့ရှိတယ်လို့ ကျွန်ုပ်ပြောဝံ့တယ်။တစ်ခုခုအမာခံမရှိပဲနှင့် ဒီဘောလုံးဟာပြန်ရောကာလာနိုင်စရာမရှိဘူး။မောင်လည်းပဲ ပြန်လာချင်တဲ့အခါမှာခုန်ပြီးပြန်ဝင်လာနိုင်ဖို့အကြောင်းရှိတယ်။ဟိုရောက်တဲ့အခါမှာ ဘယ်လိုဟာမျိုးတွေမြင်ခဲ့တယ်ဆိုတာ
ပြောပြနိုင်လောက်အောင်သေသေချာချာကြည့်ခဲ့ပြီးကျူ ပ်ကိုပြောစမ်းပါ ။ဒီအခါမှာ မောင့်လောက်ကျော်ဇောတဲ့လူ လောကမှာနှစ်ယောက်မရှ်ိဘူးမှတ်ပါ။ကိုင်း ဘယ့်နှယ့် လဲ ”

” ဘယ့်နှယ်ကြောင့် ခုံပေါ်တက်ပြီးမှ ခုန်ဝင်ရသလဲ ဒီအတိုင်းကျော်ဝင်လို့ မရဘူးလား ”

” ရတော့ရပါရဲ့ သို့သော် ကျော်ဝင်နေတဲ့အချိန် အတောအတွင်းမှာစက်၌ တစ်ခုခုဖြစ်ခဲ့ရင် မောင့်ကိုယ်ဟာနှစ်ခြမ်းကွဲသွားမယ်။ဒီတော့ကာ တတ်နိုင်သမျှလျင်မြန်အောင် ခုန်ပြီးဝင်တာအကောင်းဆုံးပဲ ”

” နေပါဦးခင်ဗျာ ကျွန်တော်ပြန်လာတဲ့အခါမှာ ခုနင်က ဘောလုံးလို အတွင်းအပြင် ပြောင်းပြန်လန်ပြီးသွားလျှင်ဘယ့်နှယ်လုပ်မတုန်း ”

“ဒီလိုတော့မဖြစ်တန်ကောင်းဘူးထင်ပါရဲ့ ထူးထူးဆန်းဆန်း ကြုံတွေ့ချင်တဲ့သူဟာ နည်းနည်းပါးပါးလောက်တော့စွန့်စားရတာပေါ့ ”

ကျွန်တော်မှာ ဤကိစ္စ၌ နည်းနည်းပါးပါးစွန့်စားရခြင်းမဟုတ် အသက်ပင်စွန့်ရနိုင်လောက်သောစွန့်စားခန်းတစ်ခုဖြစ်သော်လည်း အထူးအဆန်းများကိုကြုံတွေ့လိုခြင်းကြောင့် ၎င်း ၊ချစ်စွာသော သူငယ်ချင်းကိုတွေ့ဆုံ စုံစမ်းလို၍တစ်ကြောင်းတို့ကြောင့် စွန့်စားရန်သဘောတူညီလိုက်လေသည်။
၎င်းနောက် ပရော်ဖက်ဆာသည် ခလုတ်ကိုနှိပ်လိုက်ရာ ဘောင်၏အခြားဖက်၌အမှောင်ကြီးပေါ်လာ၍ ဖန်ပြွန်များသည်လည်းနီရဲလာလျက်ရှိ၏။ကျွန်တော်သည် ခုံနှင့်လေးငါးလှမ်းအကွာမှ အရှိန်ယူ၍ ခုံပေါ်သို့ပြေးတက်ပြီး ဘောင်ကြီးအတွင်းရှိ မှောင်မိုက်ကြီးအတွင်းသို့ တစ်ဟုန်ထိုးခုန်ဝင်လိုက်လေတော့သည်။

••••••••••••••

ကျွန်တော်သည် လင်းလျှက်ရှိသောနေရာတစ်ခုမှ မှောင်အတိပြီးလျှက်ရှိသောနေရာတစ်ခုသို့ ရောက်သွားလေရာ ရင်ထဲ၌ ဓာတ်လှေကားဖြင့်ဆင်းရသောအခါ၌ ခံစားရခြင်းမျိုးကဲ့သို့ ပထမ၌ ဟာ ကနဲဖြစ်သွားပြီးလျှင် အူ အသည်းများသည် ကျွမ်းသန္တာလန်၍ဗလုံဆန်သည့်တိုင်အောင် အနေရခက်လှပေသည်။တစ်ကိုယ်လုံးမှာလည်း အရပ်ဆယ်မျက်နှာမှ တစ်ပြိုင်တည်း ပြင်းထန်စွာဆွဲငင်လိုက်ဘိသကဲ့သို့ မခံချိ မခံသာရှိနေရာမှ အစိတ်စိတ်အမြွှာမြွှာကဲ့သို့ ကွဲပြို သွားပြီးလျှင် တစ်ဖန်ပြန်၍ဆက်လိုက်သလို ရှိနေလေသည်။ ကျွန်တော်သည် ခုံပေါ်မှခုန်လိုက်သည့် အချိန်သည် မှောင်ထဲသို့ရောက်သွားသည့်တိုင်အောင် တစ်စက္ကန့်မျှထက်ကိုမိုကြာမြင့်မည် မဟုတ်သော်လည်း အကြိမ်ပေါင်းတစ်ထောင်သေခဲ့ပြီးသကဲ့သို့လည်း မှတ်ထင်ရပေ၏။

မြေပေါ်တွင်လေးဖက်ထောက်လျှက်အနေအထားမှ မည်ကဲ့သို့သော နေရာသို့ရောက်နေသနည်းဟု ကြည့်ရှုသည့်အခါ
ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိနေပြီးရှေ့၌ကား လှိုင်းများ တစ်ဖြေးဖြေးပုတ်ခတ်လျှက်ရှိသော ပင်လယ်ကမ်းခြေရှိ၍ နောက်၌မူ အလွန်တစ်ရာနက်သော ချောက်ကြီးရှိလေ၏။ထိုအခါမှ ကျွန်တော်သည် ဘောင်ထဲသို့ ခုန်ဝင်လိုက်တုန်းအခါက အရှိန်နှင့်ခုန်ဝင်ခဲ့သဖြင့်သာ ထိုချောက်ကြီးကိုကျော်လွန်လာခဲ့ခြင်းဖြစ်ပေရာ အကယ်၍ တစ်ပေ ခန့်သာ လျော့၍ ခုန်မိပါက ထိုချောက်ကြီးထဲသို့ ကျသွားရချေတော့မည်။ထိုသို့ စဉ်းစားမိသော် ကြက်သီးဖြန်းဖြန်းထမိလေ၏။

လက်ဝဲဖက်နှင့် လက်ယာဖက်သို့ မျှော်ကြည့်လိုက်သော် ကျောက်ဆောင်ကြီးများသည် မျက်စိတစ်ဆုံးစီရှိနေကြ၏။ ထူးဆန်းသောအချက်တစ်ခုမှာ မြင်တွေ့ရသော အရာဝတ္ထု တိုင်းသည် အစိမ်း ၊အနီ ၊ အဝါ ၊ အပြာ စသည်ဖြင့် အရောင်အမျိုးမျိုးမရှိပဲ ဓာတ်ပုံတွင်တွေ့မြင်ရသည့်အတိုင်း ပြာနှမ်းနှမ်း အရောင်မျှသာရှိနေ၍ အပြာနု အပြာရင့် အပြာ ဟူ၍သာလျှင် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားခြင်းဖြစ်လေရာ ထိုကဲ့သို့နေရာတိုင်းသည် တစ်သွေးတစ်ရောင်တည်းရှိနေလေရာ အကြောင်းမည်သို့နည်းဟု နေ ကိုမော့ကြည့်ရာ မည်သည့်နေရာ၌မှ နေ ကိုမတွေ့ရပဲ ကောင်းကင်တစ်ခုလုံးသည် ပြာနှမ်းနှမ်း အရောင်သာလျှင်ရှိလေ၏။၎င်းနောက်ကျွန်တော့၏ ခြေရင်းသို့ ငုံ့ကြည့်လိုက်ရာ ကျွန်တော့၏ကိုယ်မှာလည်း အရိပ်မထွက်ချေ ။

ဤသည်ကားထူးဆန်းခြင်းတစ်ရပ်ပေတည်းဟု အောက်မေ့၍ အချိန်ကိုသိလိုသဖြင့် နာရီကိုကြည့်လိုက်ရာ ပထမ၌ နားမလည်သလိုရှိ၏။အကြောင်းဆိုသော် နာရီကွက်များသည် ပြောင်းပြန်ရှိ၍ နာရီလက်တံသည်လည်း လက်ယာရစ်မလည်ပဲ ပြောင်းပြန်လည်နေလျှက်ရှိ၏။ကျွန်တော်မှာ ပရော်ဖက်ဆာစမစ်၏အိမ်သို့ ဆယ်နာရီအချိန်တွင် လာခဲ့ကြောင်းသတိရသည်နှင့်တစ်ပြိုင်နက် ကျွန်တော်မှာ မည်သည့်နည်းနှင့်မှ ပရော်ဖက်ဆာ အိမ်နှင့်ဝေးဝေးသို့ မရောက်နိုင်သေးကြောင်း။ယခု တွေ့မြင်နေရသည့်အရာများမှာလည်းစိတ်ထဲ၌ထင်ရခြင်းမျှသာဖြစ်ရမည်ဟု တွေးမိသဖြင့်

” ပရော်ဖက်ဆာ စမစ် ” ဟုသံကုန်ဟစ်၍ အော်ခေါ်လိုက်လေ၏။သို့ရာတွင် မည်သူမှပြန်ထူးသံလည်းမကြားရသလို မိမိ၏ပဲ့တင်သံမျှပင်ပြန်မလာချေ ။၎င်းနောက် ကျွန်တော်သည် အိပ်မက်မက်ခြင်းမျှသာဖြစ်မည်ဟု မျက်စိကို မှိတ်ပြီးလျှင်တစ်ဖန်ပြန်၍ဖွင့်ကြည့်ပြန်လေရာ မည်သို့မျှ ခြားနားခြင်းမရှိပဲ ပင်လယ်ပြင်နှင့် ကျောက်ဆောင်တို့သာ မျက်စိတစ်ဆုံးတွေ့မြင်ရလေသည်။ထိုအခါ၌ကား ကျွန်တော်မှာ အတော်ပင်ထိတ်လန့်ခဲ့လေပြီ။

ဤအဖြစ်သည်ကား အိပ်မက်မဟုတ် ၊ရူးသွပ်၍ထင်မိထင်ရာထင်နေခြင်းလည်းမဟုတ် ဧကန်စင်စစ် ထူးဆန်းသောအရာဖြစ်ပေသည်တကား။ယင်းသို့ဖြစ်လျှင်သူငယ်ချင်းမောင်ထွန်းဦး ကို ရှာဖွေအံ့ဟု အကြံဖြစ်၍အနီးအပါး၌ မောင်ထွန်းဦးရောက်ဖူးသော အထိမ်းအမှတ်များမည်သို့ရှိမည်နည်းဟု ကြည့်လေရာ ပထမ၌ အစအနကိုမျှ မတွေ့ရပဲ ပရော်ဖက်ဆာ ပစ်သွင်းထားသောရိက္ခာနှင့်အခြားကိရိယာများကိုသာလျှင် တွေ့ရလေ၏။၎င်းတို့မှာ ဘီစကစ်မုန့်လေးသေတ္တာ၊ရေဘူးတစ်ဘူးငါးသေတ္တာနှစ်ဒါဇင်၊ ဒိန်ခဲ လေးဘူး ၊ချော့ကလက် နှစ်ဘူး၊နို့စိမ်း၊ ဝက်ပေါင်ခြောက် တစ်ခု ၊လက်နှိပ်ဓာတ်မီးတစ်ခု ၊ကြိုးတစ်ချောင်း၊ဆွယ်တာအင်္ကျီ တစ်ထည်၊ ခြောက်လုံးပြူးသေနတ် တစ်လက် စသည်တို့ဖြစ်သည်။

ကျောက်ဆောင်ပေါ်၌ပြန့်ကျဲလျှက်ရှိသောထိုပစ္စည်းများကိုတစ်နေရာတည်း၌ စုပုံထားပြီးနောက်အနည်းငယ် ဆာလောင်လာသဖြင့် ဘီစကွတ် တစ်သေတ္တာကိုဖွင့်မည်ပြုရာ ဖွင့်ပြီးဖြစ်နေသည့်အပြင် ဘီစကွတ် တစ်တန်းကျော်ကျော်မျှလည်း လျော့လျှက်ရှိသည်ကိုတွေ့ရသဖြင့် အံ့အားသင့်သွားလေ၏။
ထိုသို့ဆိုလျှင်ဤနေရာသို့ သူငယ်ချင်း မောင်ထွန်းဦး ရောက်ရှိခဲ့မည်ဖြစ်လေရာ ၎င်းအားတွေ့လိုဇောဖြင့်အားတက်ခဲ့ရလေ၏။သူရောက်ခဲ့သည်ဆိုလျှင် အဘယ့်ကြောင့်မတွေ့ရပဲနေမည်နည်းဟု စဉ်းစားလျှက်သူငယ်ချင်းကိုရှာဖွေရန်အတွက် အားအင်ပြည့်ဖြိုးရန်လိုသည့်အတွက် ယိုဘူး တစ်ဘူးကိုကောက်ဖွင့်လိုက်လေသည်။အံ့သြစရာကောင်းနေသည်မှာ ကျွန်တော်သည် ညာသန်တစ်ယောက်ဖြစ်ခဲ့ပါလျှက်ယခုအခါ အဘယ့်ကြောင့်ဘယ်ဖက်လက်ဖြင့်လှည့်ဖွင့်ခဲ့သနည်း။ထို့နောက် စမ်းသပ်ရန်အလို့ငှာ ကျောက်ခဲတစ်လုံးကိုကောက်ကိုင်လိုက်လေရာ ဘယ်ဘက် ဖြင့်သာကောက်မိရက်သားဖြစ်နေပြန်၏။

ဘယ်လက်နှင့်စားသည်ဖြစ်စေ ၊ညာလက်ဖြင့် စားသည်ဖြစ်စေ ဝမ်းဝဖို့ရန်သာလိုရင်းဟုအောက့်မေ့၍ ဘီစကွတ် မုန့်နှင့်ယိုဘူး ကို စားသုံး၍ ငါးသေတ္တာဘူး နှင့် ဘီစကွတ်မုန့်တစ်တန်း ကိုလည်း ထည့်၍ သူငယ်ချင်းကိုရှာဖွေရန်ပြင်ဆင်လေ၏။
ကျွန်တော်သည် သွားရန်လမ်းကိုကြည့်သောအခါ ရှေ့တွင် ပင်လယ် ၊နောက်ဖက်တွင် ချောက်နက်ကြီး ဖြစ်၍ လက်ဝဲဖက် နှင့် လက်ယာဖက် နှစ်ဖက်ရှိသည့်အနက် မည်သည့်ဖက်တွင်မောင်ထွန်းဦးရှိနိုင်မည်လဲဟု လေ့လာပေမယ့်လည်း နှစ်ဖက်စလုံးမှာ မောင်ထွန်းဦးသွားတန်လောက်သည့် လမ်းချည်းသာလျှင်ဖြစ်နေလေ၏။ယင်းသို့ဖြစ်လျှင် ကျွန်တော်သည် လက်ယာဖက်လမ်းသို့လိုက်ပါရန် ဆုံးဖြတ်ပြီးနောက် အကယ်၍ မောင်ထွန်းဦးထပ်မံ၍ရောက်လာလျှင်လည်း ကျွန်တော်သွားသောဖက်သို့သိစေရန် စာတစ်စောင်ရေး၍ထားခဲ့လေသည်။

” ပင်လယ်ဖက်သို့ မျက်နှာမူ၍ရပ်သော် လက်ယာဖက်လမ်းသို့ ကျုပ်လိုက်သွားပြီ လိုက်ခဲ့ပါလေ
လှတင် ”

ဤစာကိုရေးပြီးနောက် အလွယ်တကူမြင်နိုင်သောနေရာတွင် ခဲတစ်လုံးနှင့်ဖိ၍ထားခဲ့ပြီးမှ ရေဗူး ၊ဆွယ်တာ နှင့် ခြောက်လုံးပြူးတို့ကိုကောက်လျှက် လက်ယာဖက်လမ်းသို့လိုက်ခဲ့လေ၏။

ကျွန်တော်သွားသောလမ်းသည်အလွန်တစ်ရာကြမ်းတမ်း၏။ချောက်ကြီးနှင့်ပင်လယ်၏အကြား၌ရှိသောကျောက်ဆောင်မှာပေ ၃၀၀ ခန့်ကျယ်၍ တစ်ခါတစ်ရံကျဉ်းမြောင်းသွား၍ တစ်ခါတစ်ရံ ကျယ်ဝန်းလာပြန်၏။တစ်ခါတစ်ရံ ဆယ်ပေ မျှသာကျန်တော့သဖြင့်လမ်းဆုံးတော့မည်လားဟု
ထင်မှတ်နေရာမှ ကျယ်ဝန်းလာပြန်၏။ထိုသို့ဖြင့် သုံးနာရီကျော်မျှ သွားမိလျှင် ကြမ်းတမ်းသောလမ်းဖြစ်၍ ခရီးလည်းပန်းလာခဲ့ရာ ကျောက်တုံးတစ်ခုကိုမှီ၍ အပန်းဖြေရာ အိပ်ပျော်ခြင်းသို့ရောက်လေ၏။

အိပ်ယာမှနိုး၍နာရီကိုကြည့်လိုက်သောအခါ ဆယ်နာရီ ထိုးလျှက်ရှိသည်ဖြစ်ရာ ကျွန်တော်ထွက်လာခဲ့သည့်အချိန်နှင့်ချင့်တွက်သော် ညဉ့် ဆယ်နာရီ အချိန်ုဖြစ်ထိုက်သော်လည်း ယခင်ကထက် တိုး၍ မှောင်လာခြင်းလဲမရှိ ၊ လင်းလာခြင်းလည်း မရှိ။ပြာမွဲမွဲ အရောင်ဖြင့် ရှေးနည်းအတိုင်း ထွန်းလင်းလျှက်ရှိပေ၏။ထိုအလင်းရောင်မှာ မည်သည့်အရပ်မှ လာသည်ဟူ၍ မသိနိုင်ပေ။နေ့အချိန်လည်းနေမထွက် ၊ည အချိန်လည်း လမထွက် အလင်းရောင်မှာလည်းတစ်သမတ်တည်းရှိနေလေ၏။

အိပ်ယာမှထ၍ ဆာလောင်မွတ်သိပ်လာသဖြင့် ဘီစကွတ်အနည်းငယ်နှင့်ရေတစ်ကျိုက်ကိုမော့သောက်ပြီးလျှင် ခရီးဆက်၍သွားရန်ပြင်ဆင်လေ၏။ဆွယ်တာအင်္ကျီကိုပခုံးပေါ်တင် ခြောက်လုံးပြူးကိုခါးကြားထိုး လျှက် ရေဘူး ကို လွယ်ကာ ထိုင်ရာမှ ထတော့မည် ပြု သည်တွင် ငလျင်တော်လဲသံ ကဲ့သို့ မြည်ဟိန်း၍သွားသောအသံကြီးကို ရုတ်တရက်ကြားလိုက်ရသဖြင့်အရပ်လေးမျက်နှာသို့ လှည့်ပတ်ကြည့်စဉ် ပင်လယ်ပြင်ရှိရာအရပ်မှ ရုတ်တရက်မိုးမှောင်ကျလာသကဲ့သို့မှောင်နဲ့မည်းမည်းရှိလာသဖြင့် ကျွန်တော်သည် ငါးမိုင် ခရီးခန့်၌တိမ်တိုက်နှင့်တူသော အရာဝတ္ထု ကြီးကိုစိုက်ကြည့်မိရာ ထိုတိမ်တိုက်နဲ့တူသောမှောင်ကြီးအတွင်းမှ တောက်ပသောအရာဝတ္ထု နှစ်ခုသည် တစ်ဖြေးဖြေးပြူ ထွက်၍လာလေ၏။ထိုအခါ ထိုအရာများမှာကြယ်များပင်ဖြစ်လေသလော ဟု သေချာစွာကြည့်ရာတွင် ထိုအလင်းရောင်သည် ကျယ်ဝန်းသည်ထက်ကျယ်ဝန်းလာ၍ အလယ်၌ကား အရစ်များပေါ်လာလေ၏။ကြယ်ဖြစ်လျှင်လည်း အရစ်မပေါ်တန်ရာ။ဤမျှလောက်လည်းမကြီးနိုင် စသည်ဖြင့် စဉ်းစားလျှက်ရှိစဉ်ထိုအလင်းဝိုင်းကြီးနှစ်ဝိုင်း၏အနီးမှ တဖြေးဖြေး အရိပ်များပေါ်လာလေ၏။ထိုအတောအတွင်း၌ ယခင်ကတော်လဲသံလည်း ဟိန်းသည်ထက် ဟိန်းလျှက်ရှိ၏။

ထိုအခါကျွန်တော်သည် ခြောက်လုံးပြူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက်မျက်တောင်မခတ်ပဲ မျှော်ကြည့်နေရာ နံဘေးမှပေါ်လာသောအရိပ်များသည်ကား အခြားမဟုတ် မျက်နှာကြီးတစ်ခု၏ ပုံသဏ္ဏန်ဖြစ်၍ အလင်းရောင်ဝိုင်းကြီးနှစ်ခုမှာကား မျက်လုံးကြီးနှစ်လုံးဖြစ်လေ၏။ထိုကဲ့သို့စိုက်ကြည့်နေစဉ်မျက်နှာကြီးသည်ထင်ရှားလာ၍ နှာခေါင်း ပါးစပ် တို့ဖြင့်ပီသစွာ မြင်နိုင်ပေတော့သည်ဖြစ်ရာ မျက်လုံးတို့မှာလည်း ကျွန်တော့အား စိုက်ကြည့်လျက်ရှိ၏။ထိုမျက်နှာကြီးသည် ပထမငါးမိုင်ခရီးခန့်ဝေးကွာသောတိမ်တိုက်ပုံသဏ္ဏန်ရှိမှောင်ကြီးအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်လေရာ ကျွန်တော်နဲ့နီးလျှက်ရှိသည် အတွင်းတွင် နီးကပ်သည်ထက်နီးကပ်လာပြီး တစ်မိုင်ခန့်အတွင်း လိုက်လာချေပြီဟု ထင်မှတ်ရလေ၏။မျက်လုံးမှာလည်း ဝင်းဝင်းပြောင်ပြောင် ဝိုင်းဝိုင်းစက်စက်နှင့် ကြောက်မက်ဖွယ်ရာ စူးစူးစိုက်စိုက် ကျွန်တော့အားကြည့်လျှက်ရှိသဖြင့် ယခုထက်နီးကပ်စွာ ချည်းကပ်လာခဲ့လျှင် အဘယ်သို့ပြေးရမည်နည်းဟု ပြေးရန်လမ်းကိုပင် မျှော်ကြည့်မိ၏။သို့ရာတွင် မျက်နှာကြီးသည် တစ်ပြိုင်နက် ရုတ်တရက် ရပ်တန့်၍ အလင်းရောင်အတွင်း၌ အနက်ရစ်သဖွယ်ပါရှိသော မျက်လုံးကြီးနှစ်လုံးသည် ကလယ် ကလယ် နှင့်ချာချာလည်အောင်လှည့်လိုက်လေရာ ကျွန်တော့်မှာမကြည့်ဝံ့သဖြင့် မျက်နှာကိုလက်ဝါးဖြင့်အုပ်ထားလိုက်မိတော့၏။

ထို့နောက်လက်ကိုဖွင့်လိုက်သောအခါ မျက်လုံးကြီးနှစ်လုံးသည် ချာလပတ်မလည်တော့ပဲ ကျွန်တော့်အား စူးစိုက်၍ကြည့်နေပြန်ရာ ကျွန်တော်မှာ အော်ဟစ်လိုက်တော့မည်ကဲ့သို့ ဖြစ်သွားဆဲတွင် မျက်နှာကြီးနှင့်တစ်ကွ မျက်လုံးကြီးသည် တစ်ဖြေးဖြေးမှိန်၍သွားပြီးနောက် တိမ်တိုက်နှင့်တစ်ကွ ကွယ်ပျောက်၍သွားလေ၏။ထိုအခါ တော်လဲ သောအသံကြီးလည်း ရပ်စဲ၍သွားပြီး ဆိတ်ငြိမ်စွာ ရှိနေပြန်သည်။

ထိုသို့ကွယ်ပျောက်၍သွားသော်လည်း ကျွန်တော့်မှာ ကြောက်လန့်ဆဲပင်ရှိနေသေးသဖြင့် တစ်ခုခု အသံပေးလိုက်ရင်ဖြင့် ကြောက်လန့်စိတ်ပြေပျောက်နိုင်မလား ဟုစဉ်းစားမိပြီး မိမိကိုယ်ကိုယ်အားပေးရာရောက်လိမ့်မည်ဟုမျှော်လင့်မိသဖြင့်

” မောင်ထွန်းဦးရေ ဟေ့မောင်ထွန်းဦး မင်းဘယ်မှာလဲဟေ့ ကြားရင်ထူးပါဦးဟေ့ ”

ဟုအကြိမ်ကြိမ် ဟစ်အော် ခေါ်ငင်လေတော့သည်။၎င်းနောက် ကျွန်တော်သည် ထူးလိမ့်မည်ဟု မျှော်လင့်၍မဟုတ်။အတန်ငယ်မောသွားသဖြင့် ရပ်ဆိုင်းကာ နားထောင်နေရာ အရပ်ဆယ်မျက်နှာတွင် မည်သည့်အရပ်ကဟူ၍မပြောနိုင် လွန်မင်းစွာဝေးလှသဖြင့် သဲ့သဲ့ကလေးရှိသောအသံဖြင့်

” မောင်လှတင် ဟေ့မောင်လှတင် ”

ဟူ၍ကျွန်တော့၏အမည်ကိုပြန်ခေါ်သံကို ကြားရသဖြင့်များစွာအံ့သြမိ၏။
ကျွန်တော့်၏အမည်ကိုခေါ်သံကြားလိုက်ရသောအခါ အံ့သြခြင်းထက်ဝမ်းမြောက်ရခြင်းကထူးကဲသာလွန်လျှက် ” မောင်ထွန်းဦး ” ဟု
ထပ်လောင်း၍ ခေါ်ပြန်လေရာ ထိုအသံကလည်း ” မောင်လှတင် ” ဟုကျွန်တော်၏အမည်ကိုတစ်ခွန်းတည်း ထပ်ဆင့်၍ခေါ်ပြန်လေ၏။ထိုအသံမှာမူကား မောင်ထွန်းဦး၏ အသံစစ်စစ်ဖြစ်ပေ၏။
သို့ဖြစ်၍ ကျွန်တော်သည် ကျောက်တုံးတစ်တုံးပေါ်တက်၍ထိုင်ပြီးလျှင် အသံလာသည့်အရပ်ကို တွေးတောလျှက်ရှိစဉ် မြင်လိုက်မိသောမျက်နှာကြီးကိုသတိရသဖြင့် မောင်ထွန်းဦး သည် ထိုသို့သောလူမျိုး၏လက်တွင်းသို့ရောက်နေချေပြီလောဟု တွေးမိပြန်သဖြင့် တည်ငြိမ်စွာထိုင်၍မနေနိုင်ပဲ ရုတ်တရက် ထမိပြန်၏။အသံသည် ကျောက်ဆောင်များ၏နောက်မှလာသလောဟု ထင်မိ၍ ၎င်းတို့ကိုကျော်လွန်၍တက်အံ့ဟု တက်နိုင်လောက်သော နေရာကိုရှာဖွေလေ၏။အနောက်ဖက်မှ ကျောက်ဆောင်များသည် အမြင့်ပေ ၂၀ ခန့်ရှိ၍ မတ်စောက်စွာရှိနေကြသည်ဖြစ်ရာ ကျွန်တော်သည် ကျောက်စွန်းများကိုတွယ်လျက်တက်တော့၏။ ၁၅ ပေခန့်မျှ တက်မိလျှင် အောက်ခြေနှင့်အတော်လှမ်းနေပြီကိုတွေ့လိုက်သဖြင့် အကယ်၍ခြေချော်ကျခဲ့ပါက ပရော်ဖက်ဆာ၏ တံခါးဝသို့ ပြန်မသွားနိုင်တော့မည့်အပြင် ချစ်လှစွာသောမိမိ သူငယ်ချင်းလည်း အသက်ဆုံးရှုံးရတော့မည့် အဖြစ်ကိုတွေးမိသဖြင့် ရှိသမျှခွန်အားကိုညှစ်ထုတ်၍ တွေ့သမျှ ကျောက်စွန်းများကို သေသေချာချာ ကုတ်ကက်တွယ်တက်ပြီးလျှင် နောက်ဆုံး၌ ကျောက်ဆောင်ပေါ်သို့ရောက်လာခဲ့လေ၏။ ကျောက်ဆောင်ပေါ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော်မှာ ခြေပစ်လက်ပစ် ဖြစ်နေ၍ငါးမိနစ်ခန့်နားနေပြီးမှ တစ်ဖန်ထ၍ သူငယ်ချင်း၏အမည်ကိုခေါ်ပြန်လေရာ ” ဒီကဟေ့ ဒီက ” ဟုပြန်ထူးသံကိုကြားရလေရာ ထိုအသံမှာ ပထမကြားရသောအသံထက် အနည်းငယ်ကျယ်လာ၍ လမ်းလွဲသို့မရောက် လမ်းမှန်သို့ ရောက်နေသည့်အကြောင်းကို သိရှ်ိရလေ၏။ဤနေရာ၌မူ ကျောက်ဆောင်ကြီးမှာ ညီညာပြန့်ပြူးစွာရှိနေလေ၏။

၎င်းနောက် ကျွန်တော်က ” ဘယ်ကလဲဟေ့ ” ဟု အော်ဟစ်ပြန်ရာ မောင်ထွန်းဦး၏ အသံက ” ဒီကဟေ့ တွင်းထဲက ” ဟုပြန်ထူးသည်ကိုကြားရ၏။အရပ်လေးမျက်နှာသို့မျှော်ကြည့်ပါသော်လည်း မည်သည့်တွင်းကိုမျှ မမြင်နိုင်ပဲရှိလေ၏။သို့သော်အသံသည် ကျွန်တော့်၏ လက်ဝဲဘက်မှလာကြောင်းကို သိရှိသည်ဖြစ်၍ အသံကြားရာ လက်ဝဲဘက်သို့ လိုက်လေရာ လမ်း၌ကျောက်တုံးကြီးများဆီးကာလျှက် ရှိသောကြောင့် တစ်လုံးပြီးလျှင်တစ်လုံး ကျော်လွှား၍သွားရလေ၏။

” ဘယ်ကလဲဟေ့ မောင်ထွန်းဦး ”

” ဒီကဟေ့ ဒီတွင်းထဲက ”

” ဘယ်တွင်းလဲကွဲ့ ဘယ်မှာလဲ ”

“ဒီကတွင်းဟေ့ ဒီမှာ သတိထားလာနော် လိမ့်ကျမယ် ”

ကျွန်တော်သည် အသံကြားရာသို့ ပြေးသွား၍ ကျောက်တုံးတစ်လုံးကိုကျော်မိသဖြင့် တစ်ပြိုင်နက် တွင်းနှုတ်ခမ်းသို့ ချက်ချင်းရောက်သွားလေ၏။တွင်းကြီးမှာ ၁၅ တောင်ခန့်ကျယ်၍ အတောင် ၃၀ ခန့်နက်သည်ဖြစ်ရာ နံဘေးတို့မှာလည်းပွတ်ခံ၍ထားဘိသကဲ့သို့ ချောမွေ့စွာရှိနေလေ၏။တွင်း၏ အောက်၌ကား ကျွန်တော့်၏သူငယ်ချင်း မောင်ထွန်းဦးမှာ ကျွန်တော့ကိုမော့ကြည့်လျှက်သွားကိုဖြဲကာ ပြုံးရယ်လေရာ ထိုအချင်းအရာကိုကြည့်ရုံမျှနှင့် ထိုသူ၏ သတ္တိမည်မျှကောင်းမည်ကို ခန့်မှန်းနိုင်လေ၏။ရောက်နေကျ ၊တွေ့မြင်နေကျ ၊ဖြစ်သောတိုင်းပြည် လည်းမဟုတ် နက်လှစွာသော တွင်းထဲသို့ ကျနေသဖြင့် ကယ်ဆယ်မည့်သူလာပါလေဦးမည်လား မျှော်လင့်ဖွယ်ရာမရှိသောအခြေအနေမျိုး၌ ကျွန်တော့်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ပြုံးရယ်နိုင်ခြင်းမှာ အာဂယောက်ျား ၊အာဂ သတ္တိ ပင်ဖြစ်ပါပေသည်ဟု ကျွန်တော်၏ စိတ်၌ချီးကျူး မိပါလေ၏။ကျွန်တော့်မှာ သူငယ်ချင်းကိုမြင်သည်နှင့် မည်မျှလောက်ဝမ်းသာသည်ကို ထုတ်ဖော်၍မပြောနိုင်အောင် ရှိပေ၏။

” ဟိုကြော်ငြာကိုမင်းတွေ့လျှင် လိုက်လာလိမ့်မယ်လို့ ငါထင်ပြီးသားပဲ ”

” နေစမ်းပါဦး နာသွားသလား ”

” မနာပါဘူး အကောင်းကြီးပါပဲ မတက်နိုင်တာ တစ်ခုလောက်ရှိတယ် ”

“ဒီအတွက်တော့မပူနဲ့ ငါကယ်မယ် ”

” စားစရာ ဘာများပါသလဲ ပစ်ချလိုက်စမ်းပါ ”

ထိုအခါ ကျွန်တော်သည် လိုလိုမယ်မယ် ယူလာခဲ့သော ငါးသေတ္တာ တစ်လုံးကို ဖောက်တံနှင့်တစ်ကွ တွင်းထဲသို့ ပစ်ချပေးလိုက်ရာ ကောက်ယူ၍မြိန်ယှက်စွာစားသောက်နေတော့သည်။
” ရေငတ်တယ် ရေဘူး မပါဘူးလား ”

“အင်းပါတယ် ”

ရေဘူးမှာ တစ်ဘူးတည်းသာပါလာသောကြောင့် မောင်ထွန်းဦး၏ အကြံပေးချက်အတိုင်းရေဘူးထဲမှရေများအား ကျွန်တော်မှ လောင်းချ ၍ မောင်ထွန်းဦးက လက်ခုပ်ဖြင့်ခံကာ သောက်ရလေသည်။ရေများအကုန်မရောက်ပေမယ့်လည်း ရေဘူးထဲမှရေ ကုန်သောအခါ မောင်ထွန်းဦး မှာအတော်အတန် ရေငတ်ပြေလေ၏။

ကျွန်တော်သည် မောင်ထွန်းဦးအား တွင်းထဲသို့ မည်ကဲ့သို့ရောက်ကြောင်း မည်မျှ ကြာကြောင်းများကိုမေးမြန်းလိုလှသော်လည်း အချည်းနှီးအချိန်ကုန်မခံလိုလှသဖြင့် မမေးသေးပဲ မည်ကဲ့သို့ ကယ်ရမည်ကိုသာလျှင် စဉ်းစားလေ၏။၎င်းနောက် ကျွန်တော်ယူဆောင်ခဲ့သောကြိုးကိုသတိရ၍ ထိုကြိုးကို ပြန်ယူအံ့ အကြံဖြစ်သော်လည်း အသွားအပြန်ခရီးမှာ အနည်းဆုံး ၆ နာရီကျော် ခုနှစ်နာရီခန့် ကြာမည်ဖြစ်သောကြောင့်

‘” အဲ့လောက်ကြာကြာစောင့်နိုင်ပါ့မလား ”

” သွားသာသွားပါ ကိစ္စမရှိတန်ကောင်းပါဘူး
မင်းပြန်သွားဝံ့ရဲ့လား ”

” ဘာကြောင့်မသွားဝံ့ရမှာလဲ လာဝံ့ရင် သွားဝံ့တာပေါ့ ”

“မင်းလမ်းမှာ ဘာမှ မတွေ့ခဲ့ဘူးလား ”

” တွေ့တယ် မင်းရော ”

” တွေ့တာပေါ့ သို့သော်မြန်မြန်သွားလေကွယ် နောက်မှ စကားပြောကြစို့ မကြာနဲ့နော် ”

” စိတ်ချပါကွယ် ကိုင်း ငါသွားပြီဟေ့ ”

“သတိဝီရိယ နဲ့သွားဟေ့ ”

” ကောင်းပါပြီ ”

အပြန်ခရီးအားမှတ်မိစေရန် မြင်သမျှ ကျောက်တုံးများကို စုပုံထားခဲ့ပြီး အမှတ်အသားပြု ၍ ခရီးကြမ်းကို ပြန်နှင်ရပြန်တော့သည်။

( ကြားထဲမှ ခရီးလမ်းအကြောင်းအား စာအရမ်းရှည်နေမည်စိုးသဖြင့် သင့်တော်သလို ဖြတ်တောက်၍ စာဖတ်သူများအဆင်ပြေစေရန် အတိုချုံ့၍ရေးလိုက်ရပါသည်။ )
( November Rosy )

လျှင်မြန်စွာလျှောက်လာခဲ့ရင်း ပင်လယ်ကမ်းခြေသို့ ရောက်သောအခါ ပြင်းစွာရေငတ်ခြင်းဖြစ်လေ၏။သို့ရာတွင် ရေမှာ မောင်ထွန်းဦးကို သွန်ချ ပေးခဲ့စဉ်က ကုန်နေပြီဖြစ်ရာ သောက်စရာ ရေမကျန်တော့ပေ။ရေမသောက်ရပေမယ့် ရေချိုးရလျှင် ရေငတ်ပြေသက်သာတတ်ကြောင်း သတိရ၍ ပင်လယ်ထဲသို့ဆင်းပြီးလျှင် မျက်နှာရော ၊ဦးခေါင်းပါ ရေထဲသို့နှစ်၍ချိုးလေသည်။ထိုသို့ရှိစဉ် ရေအနည်းငယ် ပါးစပ်ထဲသို့ ဝင်သွားရာ ပင်လယ်ရေဖြစ်သော်လည်း ရေချို များဖြစ်နေသည်ကို အံ့သြစွာတွေ့ရလေ၏။ထို့ကြောင့် ဝမ်းမြောက်စွာ ရေများကို အဝ သောက်သုံးခဲ့ပြီး မောင်ထွန်းဦးအားတိုက်ရန် အတွက် ရေချို များကို ဘူးထဲသို့ ခပ်ထည့်၍သယ်ခဲ့လေသည်။၎င်းနောက်ကျွန်တော်သည် ရေဘူးကိုလွယ်၍ လျှောက်လာခဲ့ရာ ယခင်ကတွေ့မြင်ရသော မျက်နှာကြီးကို တွေ့မြင်ရလေရာ ကြောက်ရွံ့တုန်လှုတ်ခြင်းဖြစ်လာ၍ မကြောက်စေခြင်းငှာ တစ်ယောက်တည်း တေးသီချင်း ဟစ်၍သီဆိုမိလေ၏။အလွန်ဆိတ်ငြိမ်၍ကြောက်မက်ဖွယ်ကောင်းသောအရပ်၌ ကိုယ့်အသံကိုယ် ပြန်ကြားရသည်ကပင် ကြောက်ရွံ့ခြင်းအတန်ငယ်ပြေပျောက်တတ်ကြောင်းကြုံဖူးသူတို့သိရှိကြပေလိမ့်မည်။

ယင်းသို့ မိမိကိုယ်ကိုအားပေးလျှက် လျှောက်လာခဲ့ရာ ကြိုးထားခဲ့သောနေရာနှင့်နီးလာသည်ကို သိရသဖြင့် စိတ်အားထက်သန်စွာနှင့်လျှောက်လာခဲ့ရာ လက်ဝဲ ဘက်၌ရှိသော ကျောက်ဆောင်၌ ခရမ်းရောင်ရှိသော အဝိုင်းတစ်ခုကို ရုတ်တရက်မြင်လိုက်ရသဖြင့် ရုတ်ကနဲ ရပ်တန့်မိလေ၏။ထိတ်လန့်ခြင်းပြေပျောက်ပြီးနောက် ထိုအရာကိုကြည့်လျှက်ရှိရာ ခရမ်းရောင်စက်ဝိုင်းသည် တစ်ပေခန့် အဝိုင်းရှိရာမှ ခြောက်ပေခန့် အရှည်ရှိသည့်တိုင်အောင် တစ်ဖြေးဖြေး ကြီး၍ကြီး၍လာခဲ့ရာ ထိုအတောအတွင်း၌ ဂျင်တစ်လုံးကို မွှတ်အောင်မွှေ့ထားသောအသံကဲ့သို့ တစ်ဝီဝီ မြည်သောအသံကိုလည်းကြားရပေ၏။ ၆ ပေခန့်အရှည်ရှိလာသောအခါ၌ ထိုအဝိုင်းသည် တိုး၍ကြီးလာခြင်းမရှိပဲထိုအရွယ်အတိုင်းပင်တည်နေ၍ တစ်ဝီဝီလည်နေသဖြင့် ဆက်လက်၍ကြည့်နေရာ နောက်ဆုံး၌ တစ်ဖြေးဖြေးသေးငယ်သွား၍ ပျောက်ဆုံးသွားလေတော့သည်။ထိုအကြောင်းကို ကျွန်တော်သည် နောင်အခါ၌ သိရှိရသော်လည်း ထိုအခါကမူ မည်သိုသောအကြောင်းကြောင့်ဖြစ်ပေါ်လာသည်ကို မသိခဲ့ပေ။ထို့နောက်ဆက်လက်၍လျှောက်သွားရာ ပစ္စည်းများထားခဲ့သောနေရာသို့ ဆိုက်ရောက်လေ၏။ပစ္စည်းများမှာကျွန်တော်ထားခဲ့သောနေရာမှာပင် ခြေရာလက်ရာမပျက် တည်ရှိနေ၏။ကျွန်တော်သည်ကြိုးခွေနှင့် ရိက္ခာအနည်းငယ်ကို ယူပြီးနောက် နားနေခြင်း မပြုတော့ပဲ တစ်ဖန်ပြန်၍ လျှောက်လာခဲ့လေ၏။

ခရမ်းရောင်စက်ဝိုင်းကိုမြင်တွေ့ရသောနေရာသို့ပြန်ရောက်လျှင် ကျွန်တော်သည် ကျောက်ဆောင်ကို စိုက်ငေးလျှက် အတန်ကြာအောင်ကြည့်နေပါသော်လည်းမည်သည့်စက်ဝိုင်းမျိုးကိုမှမမြင်ရပေ။ဆက်လက်၍လျှောက်လာခဲ့ရာ ခရီးအတော်ပန်းနေပြီဖြစ်သော်လည်း စောင့်မျှော်နေရှာမည့်သူငယ်ချင်းကို တွေးမိသဖြင့် မနားတော့ပဲ ခရီးပြင်းနှင်ခဲ့တော့သည်။၎င်းနောက်အတန်ကြာသွားပြန်သောအခါ ကျောက်ဆောင်ကိုကျော်တက်ရမည့်နေရာသို့ ရောက်လာ၍ ကျောက်စွန်းများကို ရှေးနည်းတူတွယ်တက်ရသောအခါ ခရီးအလွန်ပန်းလာသောကြောင့် ရှေးကထက်ပင်ပန်းစွာ တက်ရလေ၏။အပေါ်သို့ရောက် သဖြင့်ကျောက်တုံးများစုပုံထားခဲ့ရာ အရပ်သို့ရောက်သော် မျှော်ကြည့်လိုက်သောအခါ မည်သည့်ကျောက်ပုံကိုမျှ မမြင်ရတော့ပေ။ငါသည်လမ်းမှား၍လာချေမည်လောဟု အောက်မေ့သဖြင့် ထိတ်လန့်စွာနှင့် ” မောင်ထွန်းဦး မောင်ထွန်းဦး ” ဟုခေါ်လိုက်ရာ ” မောင်လှတင် ” ဟုရှေးနည်းအတိုင်း သဲ့သဲ့လေးခေါ်သံကိုကြားရသဖြင့် အသံကြားရာသို့ တစ်ဖြေးဖြေးလျှောက်လာရင်း ကျောက်လုံးများစုပုံထားသောနေရာသို့ရောက်သောအခါ ကျောက်လုံးများမှာ အလွန်တစ်ရာကြီးမားသောလက်နှင့်တစ်ချက်တည်း ဖြတ်ရိုက်ထားပြီးယက်ဖြဲထားဘိအလား ဖရိုဖရဲ ပြန့်လျှက် အောက်ဆုံး၌မူ လက်နှင့်မြေကြီးထိတွေ့သည့် သဏ္ဏန်ဖြင့် မြေအနည်းငယ်ပွန်းလျှက်ရှိသည်ကိုတွေ့ရ၏။
ထိုအခါ ကျွန်တော့်မှာ ကြက်သီးဖြန်းဖြန်းထလှသည်ဖြစ်သဖြင့် ” မောင်ထွန်းဦးရေ ဘယ်ကလဲဟေ့ ” ဟုအော်လိုက်ရာ ” ဒီကဟေ့ “ဟုအသံပေးသံကိုကြားရမှ ဝမ်းမြောက်ဝမ်းသာလျှောက်လာခဲ့ပြန်လေ၏။
အနီးသို့ရောက်သောအခါ တိတ်ဆိတ်လျှက်ရှိသည်ကိုတွေ့ရပြန်သဖြင့် ရင်ထဲမှ တစ်ဒိန်းဒိန်းမြည်သောအသံကိုပင်ကြားရလေ၏။တွင်းနှုတ်ခမ်းသို့ရောက်သောအခါ၌မူ မောင်ထွန်းဦးသည် မြေပေါ်တွင်ထိုင်လျှက် ဒူးနှစ်ဖက်ကို လက်နှင့်ဖက်ကာ ဒူးပေါ်တွင်မေးတင်လျှက်ရှိနေရာ ကျွန်တော်ကခေါ်လိုက်သောအခါ ပြုံးရွှင်သောမျက်နှာထားနှင့်မော့ကြည့်လိုက်သည်ကို တွေ့ရမှ စိုးရိမ်ခြင်း ၊ထိတ်လန့်ခြင်း ၊ရွံ့ကြောက်ခြင်းစသောစိတ်တို့သည် ကွယ်ပျောက်၍သွားလေ၏။

” မောလွန်းလို့ပါ သူငယ်ချင်းရယ် ငါးမိနစ်လောက်ကလေးနားပါရစေဦး ပြီးတော့ဆွဲတင်ပါ့မယ် ”

” ကြိုးရော ပါခဲ့ရဲ့လား ”

” ပါခဲ့ပါတယ် ”

ငါးမိနစ်လောက်နားပြီးသောအခါ အမောပြေသည်နှင့်တစ်ပြိုင်နက် ကြိုးတစ်စကိုကျောက်တုံးတစ်တုံး၌ချည်၍ ကြိုးခွေကိုအောက်သို့ပစ်ချ လိုက်လေ၏။

မောင်ထွန်းဦးမှာ ခွန်အားနည်းပါးနေပြီဖြစ်သောကြောင့် ကြိုးမှဆွဲ၍တက်ရန် မတတ်နိုင်အောင်ဖြစ်နေပေရာ ကျွန်တော်ဆွဲ၍တင်မှသာ ရောက်နိုင်ဖို့ရှိတော့သည်။ကျွန်တော့မှာမူ ဘားကစားခြင်း၊ ဒန်ဘယ်ကစားခြင်း ၊မှစ၍ ခွန်အားနှင့်ပတ်သက်သောကစားနည်းအမျိုးမျိူးတို့၌လေ့ကျင့်သောသူဖြစ်ရကား မောင်ထွန်းဦးက ဥာဏ်ကောင်းသလောက်ပင် ကျွန်တော်က ခွန်အားကောင်းပေ၏။

ကြိုးမှာမနီလာလျှော်ကြိုးဖြစ်သဖြင့် လက်မဝက်ခန့်မျှ လုံးပတ်ရှိသော်လည်း အလွန်တရာ ခိုင်ခံ့လှ လေရာ မောင်ထွန်းဦးအားကြိုးကွင်းတွင် ခြေလျှို လျှက် မတ်တပ်ရပ်၍ လိုက်စေရာ ကျွန်တော့်မှာတွင်းနှုတ်ခမ်းဝတွင် အလျားမှောက်လျှက် ကြိုးကိုတစ်လှမ်းပြီးတစ်လှမ်း ဆွဲတင်လေ၏။ တစ်ဝက်လောက်ရောက်သောအခါ လက်များမှာပွန်းပဲ့၍ လက်ဖဝါးတို့မှ သွေးထွက်မတတ်ဖြစ်လာတော့သည်။သို့ရာတွင်အလွန်တစ်ရာ ချစ်လှစွာသော သူငယ်ချင်းကြီး ဖြစ်သောကြောင့် အားတင်း၍ကြိုးစားနိုင်ခဲ့ခြင်းဖြစ်လေ၏။နောက်ဆုံး၌မောင်ထွန်းဦး၏ခေါင်းမှာ တွင်းပေါ်သို့ပေါ်ထွက်လာရာ ကျွန်တော်သည် သူ၏လက်နှစ်ဖက်ကိုဆွဲကိုင်လျှက် ကြိုးကိုလွှတ်ပြီးလျှင် အပေါ်သို့ရောက်အောင်တစ်ပါတည်း ဆွဲတင်လိုက်တော့၏။

၁၀ မိနစ်ခန့်နားပြီးသောအခါ မောင်ထွန်းဦးက ” ဘယ့်နှယ့်လဲ အမောပြေပြီလား ခရီးသွားနိုင်ပါ့မလားဟုမေးရာ ”
” မင်းသွားရင် ငါလိုက်နိုင်တာပေါ့ ” ဟု ပြန်ပြော၍ ထိုင်ရာမှ ထကြလေ၏။ထိုအခါမှစ၍ ကျွန်တော်မှာ စဉ်းစားခြင်းအလုပ်ကို မောင်ထွန်းဦးအား လွှဲပေးလိုက်ပြီး ထုံးစံအတိုင်း နောက်လိုက်သက်သက်အဖြစ်နှင့်သာ လိုက်ခဲ့လေတော့သည်။

” နေစမ်းပါဦးမောင်ထွန်းဦးရယ် ဒီတွင်းထဲကို ဘယ်လိုရောက်သွားသလဲ ”

” နေပါဦး နောက်တော့ပြောတာပေါ့ အခုအလုပ်က ဒီနေရာကအမြန်ဆုံးထွက်သွားနိုင်ဖို့က အဓိကပဲ ”

လျှောက်ရင်းသွားရင်းဖြင့် ကျောက်ဆောင်များကိုဖြတ်ကျော်ပြီးနောက် ကမ်းခြေသို့ရောက်ရှိလာရာ အလွန်ပင်ပန်းလာခဲ့သည်။ခြေထောက်များမှာလည်းအလွန်ပင်ညောင်းညာလာကာ ဒူးများပင် တုန်လာသဖြင့် မောင်ထွန်းဦးက ” ကိုင်း ခြေညောင်းလျှင်လည်း နားပါဦးတော့ မင်းဖိနပ်ကိုချွတ်ပြီး ခြေထောက်ကို ရေစိမ်လျှင် ကောင်းလိမ့်မယ် ” ဟုပြောသဖြင့်သူခိုင်းသည့်အတိုင်းလုပ်လေရာ ရေနှင့်တွေ့သည်နှင့် အပန်းပြေပျောက်သွားလေရာ မေးလိုသောမေးခွန်းများကိုမေးမည်ဟု ကြံပြီးမှ စကားတစ်ခွန်းမှမပြောနိုင်တော့ပဲ မျက်စိများသည် မှိန်း၍သွားပြီး အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။ဆယ်နာရီခန့်မျှ မလှုတ်ရှားပဲ အိပ်ပျော်နေရာမှ နိုးလာ၍ ကျွန်တော်တို့သည် စကားပြောကြလေရာ မောင်ထွန်းဦးက ၎င်းသည် ကြော်ငြာကိုတွေ့သဖြင့် ပရော်ဖက်ဆာ ဘစ်စမတ်နှင့်တွေ့ပြီးလျှင် သစ်သားဘောင်အတွင်းသို့ ခုန်ဝင်ပြီးနောက်ဤပြည်သို့ရောက်လာခြင်းဖြစ်ကြောင်း ပြောပြလေ၏။

” ငါတို့တော့ ဒီကပြန်သွားရင် ကမ္ဘာပေါ်မှာနာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေဖြစ်ဦးမှာပေါ့ကွယ် ဒီလောက်ထူးဆန်းတဲ့ အဖြစ်အပျက်ကို ကြုံဖူးတဲ့သူ ဘယ်မှာရှိမလဲ သို့သော် ”

” သို့သော် ဘာဖြစ်လဲ မောင်ထွန်းဦးရဲ့ ”

” သို့သော် ဟိုလူကြီးတွေ နှောက်ယှက်မှာ စိုးရိမ်ရတယ်ကွဲ့ ”

” ဘယ်လူကြီးတွေလဲ ”

” မင်းလာတော့လမ်းမှာ ဘာတွေ့ခဲ့သလဲ ”

” လူတော့မတွေ့ခဲ့ဘူး မျက်နှာကြီးတစ်ခုတော့တွေ့ခဲ့တယ် ”

” အဲ့ဒါပြောတာပေါ့ကွဲ့ ငါလည်းပဲကမ်းခြေတစ်လျှောက် လမ်းလျှောက်ပြီးလာခဲ့ရာမှာ မောလေတော့ စောင်တစ်ထည်ခင်းပြီးအိပ်လိုက်တာ အိပ်ရာကနိုးတော့ လူရော ၊စောင်ရော ခုနင်က တွင်းထဲ ရောက်နေတာတွေ့ရတာပါပဲကွာ ”

” မင်းဘယ်နည်းနဲ့ရောက်သွားတာလဲ ”

” မပြောတတ်ဘူး ငါပြောတဲ့အတိုင်းပဲ အိပ်ပျော်သွားတုန်းမှာ တစ်ယောက်ယောက်က လူရော စောင်ရော သယ်ယူပြီးတွင်းထဲချထားဟန်တူတာပဲ ”

” ဘယ့်နှယ်လဲကွယ် လူတစ်ယောက်လုံးကို သယ်ပြီး ပေလေးဆယ်လောက်နက်တဲ့တွင်းထဲကို သူမနိုးအောင် ပစ်ချနိုင်တယ်ဆိုလို့ ဟုတ်နိုင်ပါ့မလားကွယ် ”

” ဘယ်လိုလူမျိုးမှန်းမှ အသိဘဲကိုးကွဲ့ မင့်လိုငါ့လို လူမျိုးတော့ ဘာတတ်နိုင်မလဲ ”

” ဒီဟာတွေဟာ လူပဲလား ၊မကောင်းဆိုးဝါးလား၊သရဲသဘက်လား မင်းဘယ့်နှယ့်ထင်လဲ ”

” မကောင်းဆိုးဝါးလည်းမဟုတ်ဘူး၊ သရဲသဘက်လည်း ဟုတ်မယ်မထင်ဘူး ၊လူ့ဘုံသားလည်းမဟုတ် ဒီ့ပြင်ဘုံသားများ ဖြစ်မယ်လို့ငါထင်တယ် ”

” လူ့ဘုံသားမဟုတ်ရင် အသူရကာယ် သော်လည်းကောင်းဖြစ်မယ်ထင်တယ် အသူရကာယ် များဟာလည်း လူ့ပြည်နဲ့တစ်ဆက်တည်းနေတယ်လို့ ပြောကြတယ် တစ်ဆက်တည်းနေလို့သာ ငါတို့တစ်ခုန်ခုန် လိုက်ရုံနဲ့ ဒီရောက်ကြတာပေါ့ကွဲ့ ”

” မျက်နှာကြီးတစ်ခုကို မင်းတွေ့ရလား ”

” တွင်းထဲရောက်တော့မြင်တယ် ငါကအိပ်ယာကနိုးလို့ လူးလဲထပြီးကြည့်လိုက်တော့ လားလား မောင်မင်းကြီးသားက တွင်းနှုတ်ခမ်းမှာ အလျားမှောက်ပြီး ငါ့ကိုငုံ့ကြည့်နေတာကိုးကွဲ့ ကြီးလိုက်တဲ့မျက်လုံးကြီးတွေကွယ် မျက်နှာကြီးကလည်းကြီးပါရဲ့ သို့သော်မျက်နှာနှင့် အဆမတန်အောင်ကြီးတဲ့ မျက်လုံးကြီးတွေကိုးကွဲ့ ”

” ငါတို့ကိုသူတို့စောင့်ကြည့်ချင်ကြည့်နေမယ်နော် ”

” ဒါပေါ့ဘယ်သူပြောနိုင်မလဲ မင်းနဲ့ငါနဲ့ အနားမှာ သူတို့ရှိချင်ရှိနေမယ် ”

” ဒါဖြင့် ဘာကြောင့် ငါတို့ကအခုမမြင်ရသလဲ ”

“သူတို့က ပြမှ ငါတို့မြင်ရမှာပေါ့ကွဲ့ ”

” ကြောက်စရာကောင်းလှပါတယ်ကွယ် မြန်မြန် ပြန်ကြပါစို့ ”

” ပြန်မှပဲဖြစ်မယ် ဘာကြောင့်ဆို့ တို့မှာရိက္ခာလည်းသိပ်များများပါမလာဘူး နောက်တစ်ခါလာရင်ဖြင့် ရိက္ခာများများယူလာခဲ့ရမယ် ”

” အံမယ်နောက်တစ်ခါ လာဦးမယ် စိတ်ကူးသေးတယ်လား ”

” ကူးပြီလားကွယ် ”

ထိုအခါ ကျွန်တော်မှာ မည်သို့မျှ ပြန်မပြောသော်လည်း နောက်တစ်ခေါက်အတွက်ကိုမူ ကျွန်တော်ကိုယ်တိုင်လည်းမလာရုံမျှမက တတ်နိုင်ခဲ့လျှင် မောင်ထွန်းဦးအားလည်း မသွားစေဖို့ စိတ်ထဲ၌ ဆုံးဖြတ်ထားလေ၏။၎င်းနောက် ကျွန်တော်က

” ဒီဘုံသားတွေဟာ ငါတို့အပေါ်မှာ ဘယ်လိုများသဘောထားတယ်လို့ထင်လဲ ”

” ငါတို့ငယ်ငယ်တုန်းက ပုဇဉ်းလေးတွေ လိပ်ပြာလေးတွေကို ဘယ်လိုသဘောထားသလဲ ”

” ထူးဆန်းရင် ထူးဆန်းတဲ့အလျှောက်ကြည့်ဖို့ပေါ့ကွယ် ”

” အေး သူတို့ကလည်း ငါတို့ကို ဒီလိုပဲ သဘောထားဟန်တူတယ် ဒါကြောင့်ငါ့ကိုတွင်းထဲမှာလှောင်ထားတယ် သူတို့ကြည့်ချင်တဲ့အခါ ထုတ်ကြည့်မယ် သတ်ချင်လဲသတ်မယ် အူထုပ်ပြီးစားချင်စားမယ် ဘယ်သူသိနိုင်မလဲ ”

” တော်ပြီကွယ် ဟေ့ သွားကြပါစို့ ”

ကျွန်တော်တို့သည် လူ့ဘုံမှ ထွက်လာသောနေရာသို့ရောက်အောင်ဆက်လက်၍ ထွက်ခွာလာခဲ့၏။ခရမ်းရောင်အဝိုင်းကိုတွေ့သောနေရာသိုရောက်လျှင် ထိုခရမ်းရောင်အဝိုင်းအားတွေ့မြင်ခဲ့ကြောင်းမောင်ထွန်းဦးအားပြောပြခဲ့၍ တစ်ဖြေးဖြေးပြန်၍ သေးငယ်သွားပုံကိုမူ ပြောမပြဖြစ်ခဲ့ပေ။
အကယ်၍ ပြောပြခဲ့ပါမူ မောင်ထွန်းဦးမှာ ကျွန်တော့ထက် ဥာဏ်ရှိသည့် အလျှောက် ကျွန်တော်တို့တွေ့ကြုံရလတ္တံ့သော ဒုက္ခမှလွတ်ကင်းအောင်ကြံစဉ်နိုင်မည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

လူ့ဘုံမှ ရည်၍ထွက်ခဲ့ကြသော ကျောက်ဆောင်သို့ရောက်သောအခါ စားနပ်ရိက္ခာများနှင့်တစ်ကွ ကျွန်တော်ပစ်သွင်းလိုက်သောဘောလုံးများသည် ခြေရာ လက်ရာ မပျက်ရှိနေကြသည်ကို တွေ့ရသည်။မောင်ထွန်းဦးမှာမူအနည်းငယ်မျှစိတ်အားငယ်ဟန်မရှိပဲ ဘောလုံးများကိုပင် ကောက်ယူ၍ ကလေးသဖွယ်မြှောက်ယူဆော့ကစားနေသည်ကိုတွေ့ရသဖြင့် ကျွန်တော်မှာ အတော်အတန်ထိတ်လန့်ခြင်းပြေခဲ့ရသည်။

ကျွန်တော်တို့သည် ကျောက်ဆောင်ပေါ်တွင်ထိုင်ကာ အမောအပန်းဖြေလျှက် လူ့ဘုံသို့ပြန်ရန်လမ်းကြောင်းကို တိုင်ပင်ဆွေနွေးလျှက်ရှိကြစဉ် မောင်ထွန်းဦးက ကျွန်တော့်ပုခုံးကိုရုတ်တရက် ဆွဲကိုင်လျှက်

” ကြည့်စမ်းဟေ့ ဟိုမှာကြည့်စမ်း ”

မောင်ထွန်းဦးလက်ညှိုးညွှန်ပြရာသို့ကြည့်လိုက်ရာ နှစ်ဖာလုံခန့်ဝေးသောအရပ်၌ မျက်နှာကြီးနှစ်ခုကိုတွေ့မြင်ရလေ၏။ထိုမျက်နှာကြီးများသည် ကျွန်တော်တို့ကြည့်နေစဉ်အတွင်း အမျိုးမျိုးပြောင်းလျှက်ရှိရာ ပါးစပ်မှာလည်း နှုတ်ခမ်းဟူ၍ မပါချေ ။ထိုသို့ကြည့်နေစဉ်အတွင်းမှာပင်မျက်နှာကြီးများသည် တစ်ဖြေးဖြေးပျောက်ကွယ်သွားလျှက် အောက်ဖက်နေရာတွင် လုံးတုံးတုံးရှိသော ခန္ဓာကိုယ်ကြီးများပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

ကျွန်တော်တို့လည်း ပျောက်ကွယ်သွားသောမျက်နှာကြီးများကိုတွေ့ရပြီးနောက် တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုတ်လျှက် တောင်မြောက် အရပ်လေးပါးသို့ ကြည့်မိကြရာ ကျောက်ဆောင်များအတွင်းမှ မျက်လုံးကြီးနှစ်လုံးသည် ထင်ထင်ရှားရှားပေါ်လာ၍ ခြောက်ထောင့်ပုံစံ မျက်နှာကြီးတစ်ခုသည်လည်း ကျောက်ဆောင်များကြားမှ ထင်ရှားစွာပေါ်လာပြန်သည်။၎င်းမျက်နှာကြီးမှာ ကျောက်ဆောင်နှင့်တစ်သီးတစ်ခြားမဟုတ်။ ကျောက်ဆောင်အတွင်းတွင် တစ်သားတည်းတည်ရှိနေဘိသကဲ့သို့ တစ်သားတည်းဖြစ်နေရကား နီးကပ်သည်လည်းတစ်ကြောင်း ကြောင့် အလွန်အမင်းကြောက်လန့်ခြင်းဖြစ်၍
တစ်ယောက်လက်တစ်ယောက်ကိုင်ကာ စိုက်ငေး၍ ကြည့်နေကြလေ၏။ ကျွန်တော်မှာ ကျားကြီးတစ်ကောင်၏ ပါးစပ်ထဲသို့ပြေးဝင်၍ ပုန်းလျှင် ထိုမျက်နှာကြီးကိုမမြင်ရဘူးဆိုဦးတော့ ထိုကျား၏ပါးစပ်တွင်းသို့ မိခင်၏ရင်ခွင်တွင်းသိုပြေးဝင်သော
ခလေးငယ်တစ်ဦးပမာ ပြေးဝင်လိုက်ချင်ပါ၏။ထိုမျက်နှာကြီးကို ဤမျှလောက်ပင် ကြောက်လှပါ၏။

၎င်းနောက်ထိုမျက်နှာကြီးသည်ရှေးနည်းတူ ပျောက်ကွယ်သွားပြန်လေ၏။ကျွန်တော်သည်မောင်ထွန်းဦး၏လက်ကိုဆွဲကာပြေးမိပြေးရာပြေးပါသော်လည်း ရှေ့တွင်ပင်လယ်သာရှိ၍ ဆက်မပြေးနိုင်ပဲ ဒူးထောက်၍မျက်နှာကိုလက်ဝါးနှစ်ဖက်နှင့်အုပ်ထားမိလေ၏။မောင်ထွန်းဦးက ကျွန်တော့်အားဆွဲထူ၍
” မကြောက်ပါနဲ့ကွာ ငါတစ်ယောက်လုံးရှ်ိနေသားပဲ ” ဟုအားပေးသည်တွင်မှ ကျွန်တော်သည် စိတ်ပန်းလူပန်းဖြစ်၍ မောင်ထွန်းဦး၏ပေါင်ပေါ်တွင်ခေါင်းအုံး၍ အိပ်ပျော်သွားလေသည်။

ကျွန်တော်တို့နှစ်ယောက်စလုံး အိပ်ပျော်ရာမှ တစ်ပြိုင်နက် နိုးလာပီး

” ဒီဟာဘာလဲဟေ့ ”

” ငါလည်းမပြောတတ်ဘူးကွဲ့ ”

တစ်ဝုန်းဝုန်း တစ်ဝီဝီ နှင့်အသံများကိုကြားရသည့်အပြင် အလွန်ဝေးလံလှသော အရပ်မှ လူအမြောက်အများ ခြေလှမ်း၍ လာကြသောအသံများကိုလည်း ကြားကြရလေ၏။

” ဒီတစ်ခါ လူတွေအများကြီးစုပြီး လာကုန်ကြပြီထင်တယ်ဟေ့ မြန်မြန်ပြေးကြမှပဲ ”

” ဟုတ်တယ်ဟေ့ သူတို့မရောက်ခင် လူ့ဘုံရောက်အောင်အမြန်ပြေးကြမှပဲ ”

” ကိုင်းဒါဖြင့် ငါတို့ရှေးဦးစွာ ပရော်ဖက်ဆာ အခန်းကခုန်ထွက်စဉ်က ကျရောက်တဲ့နေရာ ရှာကြစို့ ”

” ဟောဒီနေရာ နဲ့တူတယ် ကျောက်စွန်းနှစ်ခုကြားပဲ ငါမှတ်မိတယ် ”

” နေပါဦးကွဲ့ ဒီနေရာ ဟုတ် မဟုတ်ကို ငါစုံစမ်းကြည့်ဦးမယ် ”

” မင်းဘယ်လိုစုံစမ်းမလဲ ”

” ဘောလုံးတွေပစ်ကြည့်တာပေါ့ကွဲ့ ဘောလုံးပျောက်သွားရင်ဖြင့် ဒီနေရာ ဟုတ်လို့ဟာပေါ့ ”

” ဟုတ်တယ်ဟေ့ ကြည့်ကြည့်စမ်းကွယ် ”

ထို့နောက်မောင်ထွန်းဦးသည် ပင်လယ်ကိုကျောခိုင်း၍ ကျောက်ဆောင်ဖက်သို့ ဘောလုံးကိုပစ်သွင်းလိုက်လေ၏။
ဘောလုံးများသည် မောင်ထွန်းဦးလက်မှ လွှတ်လိုက်သောအခါ၌ တစ်ရှိန်ထိုးထွက်သွားပြီး အတန်ငယ်ရောက်သွားသောအခါ လေထဲ၌ ခေတ္တရပ်တန့်နေပြီးမှ ပျောက်ကွယ်၍သွားလေ၏။

” ဟုတ်ပြီဟေ့ ဒီနေရာပဲ ”

” ကိုင်းခုန်ကြစို့ ဘယ်သူအရင်ခုန်မလဲ ”

” မျောက်ပန်းတောက်ကွယ် ”

ထိုအခါမောင်ထွန်းဦးသည် အင်္ကျီအိတ်ထဲမှ ပိုက်ဆံတစ်ပြားကိုထုတ်ယူ၍ ကျွန်တော့အား ” ခေါင်းလား ပန်းလား ” ဟုမေးလေ၏။ ယခင်ကြားရသောခြေသံများမှာလည်း နီးသည်ထက် နီးလာသည့်လက္ခဏာနှင့် ကျယ်သည်ထက်ကျယ်လာကြ၏။

” ခေါင်းကွယ် ”

မောင်ထွန်းဦးသည် ပိုက်ဆံကိုလေထဲတွင်မြှောက်လိုက်ရာ ကျောက်ဆောင်ပေါ်သို့ကျလာသောအခါ၌ ပန်းဖက်မှ လန်လျက်သားကျလေ၏။

” ကိုင်း ဒါဖြင့် ငါအရင်ခုန်မယ် ”

သို့ဖြစ်၍ မောင်ထွန်းဦးသည် ထိုနေရာ၌ရပ်လိုက်ပြီး ပေ ၆၀ ခန့်နက်သော ချောက်ထဲသို့မကျစေရန် နောက်သို့ ခြေ လေးငါးခြောက်လှမ်းမျှ အရှိန်ယူရန်ဆုတ်ခွာလိုက်ပြီး တစ်ဟုန်တည်းပြေးလာ၍ ကျောက်စွန်းမှ လေဟာပြင်သို့ အထက်ကျကျမှန်းလျှက်ခုန်လိုက်လေ၏။ မောင်ထွန်းဦး၏ခြေသည် ကျောက်စွန်းမှ ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်မှာ အသက်မရှူ ပဲ စိုက်ငေးကြည့်လျှက်ရှိရာ မောင်ထွန်းဦးသည် တစ်စုံတစ်ခုကို ကိုင်ဖမ်းသည့်အနေနှင့် လေထဲ၌လက်ဖြင့်ဆုတ်ကာကိုင်ဖမ်းပြီးနောက် ရုတ်တရက်ချော်သွားသည့်အနေဖြင့်ပက်လက်လန်ကာကျသွားသည်တွင် ကျွန်တော့မှာ မကြည့်ဝံ့သည်ဖြစ်၍ မျက်စိကိုမှိတ်ထားလိုက်ရ၏။သို့ပင်မကြည့်ဝံ့သော်လည်း ပေ ၆၀ အနက်သို့လူတစ်ယောက်ကျသွားသည့်အသံမှာ မကြားနိုင်ပဲမရှိပေ။မောင်ထွန်းဦး၏ကိုယ်နှင့်ကျောက်ဆောင်များ ရိုက်သံကိုကြားရပြီးနောက် ထိုတစ်ရပ်လုံးဆိတ်ငြိမ်လျှက်ရှိလေ၏။အတန်ငယ်ကြာသောအခါမှ ကျွန်တော်သည် အားတင်း၍ ကျောက်ဆောင်စွန်းသို့သွားပြီးလျှင် အောက်သို့ငုံ့ကြည့်လိုက်ရာ ကွေးကွေးလေး စုပုံလျှက်ရှိသော မောင်ထွန်းဦး၏ ရုပ်အလောင်းကိုတွေ့မြင်ရသောအခါ မည်မျှလောက်စိတ်ထဲ၌ ယူကျုံးမရဖြစ်ရသည်မှာ ထုတ်ဖော်ရေးသားခြင်းငှာမတတ်နိုင်ပေ။တောနက်ကြီးမျှမက ၊တစ်ပြည်တစ်ရွာသို့ ရောက်နေခြင်းမျှမက ၊ အခြားသောဘုံ သို့ရောက်၍တစ်ယောက်တည်းကျန်ရစ်ခဲ့ရခြင်း ဖြစ်သောကြောင့် များစွာပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။
သို့ဖြစ်၍ ကျွန်တော်သည် ကျောက်စွန်းတွင်ထိုင်ကာ စိတ်အပျက်ကြီးပျက်လျှက်ရှိစဉ် ယခင်က ခြေသံများသည်သာ၍ပင်နီးကပ်လာပြန်ပြီဖြစ်သောကြောင့် ဦးခေါင်းကိုမော့ကြည့်မိရာတွင် ကျွန်တော်၏ရှေ့တည့်တည့်၌ ခရမ်းရောင်အလင်းဝိုင်းကလေးတစ်ခုကိုမြင်ရပြန်၏။ထိုအခါ၌ကား ယခင်က ၂ မိုင်ခန့်တွင်မြင်ခဲ့ဖူးသောအလင်းဝိုင်းကို သတိရ၍ စိတ်ကူးတစ်မျိုးပေါ်ပေါက်လာခဲ့လေ၏။ဤအဝိုင်းကား ပရော်ဖက်ဆာဘစ်စမတ်၏အခန်းမှ လွှတ်လိုက်သော လျှပ်စစ်အလင်းဝိုင်းဖြစ်တန်ရာချေသည်။ကျွန်တော်သည် ထိုအကြောင်းကိုမောင်ထွန်းဦးအားပြောပြခဲ့ပါမူ သူသည် အလင်းဝိုင်းပေါ်လာအောင်စောင့်ဆိုင်းနိုင်မည်ဖြစ်၍ ဤကဲ့သို့မရှုမလှ သေဆုံးရှာမည်မဟုတ်ပေ။

ဘောလုံးပစ်သွင်းလိုက်သောအခါ၌မူ ပရော်ဖက်ဆာ သည်စက်နှိုးခါစဖြစ်၍ အပေါက်ကျဉ်းကျဉ်းမျှပွင့်လာစဉ် ထိုအပေါက်အတွင်းသို့ ဝင်သွားခြင်းဖြစ်ဟန်တူလေရာ မောင်ထွန်းဦးတစ်ကိုယ်လုံးခုန်ဝင်လိုက်သောအခါ၌မူ အပေါက်ကောင်းစွာမပွင့်သေးသဖြင့် ကိုယ်နှင့်မဆံ့သောကြောင့် ထိုကဲ့သို့အောက်သို့ကျသွားရဟန်တူလေသည်။ပရော်ဖက်ဆာ ဘစ်စမတ်က ကျွန်တော့်အား စက်ကို အစဉ်နှိုး၍ထားပါမည်ဟု ကတိထားခဲ့သော်လည်း ထိုသို့အစဉ်နှိုးမထားသဖြင့် ကျွန်တော်၏သူငယ်ချင်းမှာ အသက်ဆုံးရှုံးရခြင်းဖြစ်လေရာ မောင်ထွန်းဦးကိုသတ်သောသူမှာ ၎င်း ပင်ဖြစ်သည်ဟု ရန်ငြိုးထားလျှက် များစွာမကျေမချမ်းဖြစ်ခဲ့လေ၏။

ထိုခဏ၌ အလင်းသည် ကျယ်သည်ထက်ကျယ်လာ၍ ၆ ပေခန့်မျှ ကျယ်ဝန်းသည်ဖြစ်ရာ ယခင်ကခြေသံများသည်လည်း ဤတောနှင့်များစွာခရီးမဝေးနိုင်တော့ပေ။သို့ဖြစ်၍ ကျွန်တော်သည် စိတ်ပျက်လျှက်ရှိနေရာမှ ရုတ်တရက်ထ၍ မောင်ထွန်းဦးရပ်နေရာသို့သွားပြီးလျှင် ၎င်း နည်းတူ လေးငါးခြောက်လှမ်းမျှ အရှိန်ယူပြီးနောက် အထက်သို့ ခပ်ကျကျ မျှော်လင့်လျှက် ချောက်ဖက်သို့ တစ်အားခုန်လိုက်ရာ ပခုံးစွန်းတစ်ဖက်နှင့်ထောက်၍ ကျလေ၏။ထိုခဏ၌ ပရော်ဖက်ဆာ ၏ အသံကိုကြားရသဖြင့်လဲရာမှ လူး၍ထလေရာ ပရော်ဖက်ဆာက

” ဘာမြင်ခဲ့ရသလဲ ပြောပြစမ်းပါ ဘာမြင်ခဲ့သလဲ ”
ဟုစိတ်အားကြီးစွာသောအသံဖြင့်မေးလျှက်ရှိလေ၏။ထိုအသံကိုကြားရသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်သူငယ်ချင်းမောင်ထွန်းဦးသေဆုံးရခြင်းမှာ ထိုလူ့ကြောင့်ဖြစ်သည်ဟု စိတ်ကို ချုပ်တည်းမထားနိုင်တော့ပဲ ပရော်ဖက်ဆာကြီးကို ခါးမှတစ်ဖက် လည်ပင်းမှတစ်ဖက် ကိုင်၍မြှောက်လေ၏။ပရော်ဖက်ဆာသည် ထိတ်လန့်တုန်လှုတ်သော အမူအရာနှင့် ရုန်းကန်အော်ဟစ်လျှက်ရှိစဉ် ကျွန်တော်သည် ခွန်အားကောင်းသော လူတစ်ယောက်ဖြစ်သည့်အတိုင်း အရိုးနှင့် အရေမျှ ရှိသော ပရော်ဖက်ဆာကြီး၏ ကိုယ်ကို လေထဲ၌ တစ်ပတ် နှစ်ပတ်ရမ်းပြီးနောက်….

” ခင်ဗျား ကိုယ်တိုင်သွားကြည့်ပေတော့ ”

ဟုပြောလျှက် သစ်သားဘောင်အတွင်းသို့ အားကုန်ပစ်သွင်းလိုက်ရာ ပရော်ဖက်ဆာလည်း လူ့ပြည်မှ ပျောက်ကွယ်၍သွားလေတော့၏။

************-

ဆရာဝန်ကြီးများသည် ကျွန်တော့်၏သွေးကိုစမ်းသပ်ကြည့်ရှုကြပြီးလျှင် အရူးထောင်သို့ပို့ကြလေ၏။သို့ပါသော်လည်း ၎င်းတို့သည် ကျွန်တော့်၏နာရီအကြောင်းကို၎င်း ၊ နှလုံးလက်ဝဲ ဖက်မှ လက်ယာဖက် သို့ပြောင်းသွားသည့် အကြောင်းကို၎င်း ၊ညာသန်သူအဖြစ်မှ ဘယ်သန်သူအဖြစ်သို့ပြောင်းသွားသည်ကို၎င်း ကျေနပ်အောင်မပြောနိုင်ကြသည်ဖြစ်သောကြောင့် ကျွန်တော့်မှာမည်သူကပင် ရူးသွပ်သည် ဆိုစေကာမူ ရူးသွပ်ခြင်းမဟုတ် အကယ်စင်စစ်သာတွေ့မြင်ခဲ့ရသောအဖြစ်အပျက်များဖြစ်ကြောင်းကို ယခင်ကဖော်ပြခဲ့ဖူးသော သက်သေခံပစ္စည်းများအားဖြင့် ထောက်ခံပြောနိုင်ပေသတည်း။

#ဆရာကြီးရွှေဥဒေါင်း

( ဤ ဝတ္ထု အားရေးသားရာတွင် ဆရာကြီးရွှေဥဒေါင်း၏ ဝတ္ထု သွားအတိုင်းရေးသားခဲ့ပါသော်လည်း အချို့သော စာကြောင်းများ စာပိုဒ်အနည်းငယ်တို့အား စာရှည်မည်စိုးသောကြောင့် ချန်လှပ်ထားခဲ့ရပါသည်။သို့ပါသော်ကြောင့် ဝတ္ထု ၏ အနှစ်သာရ မပြည့်စုံခဲ့သော် မိမိ၏ လိုအပ်ချက်သာဖြစ်ပါကြောင်း)