အရှင်လတ်လတ်မြေမြှုပ်ခံရသူ (စ/ဆုံး)
————————————
“ဟော ဒီက ငါးတွေရမယ် ငါးတွေ ငါးကြင်း ငါးခူ ငါးရံ့ ငါးဖယ် အစုံရမယ်နော် အကောင်မပျက် သွေးမထွက်ပဲ ငါးလှလှလေးတွေနော်´´
မိုးလင်းသည်နှင့် စျေးဖက်ဆီမှ မမြခင်၏ စူးရှကျယ်လောင်လှသော အသံစူးစူးက ရပ်ကွက်နားဆီသို့ပင် လေအသင့်တွင် တစ်ချက်တစ်ချက်ရောက်ရောက်လာတတ်သည်၏။ရပ်ကွက်ထဲတွင် ကိုဇော်ဝင်း နှင့် မမြခင်တို့ လင်မယားသည် အတော်အတန် ပြေလည်သော လင်မယား ဖြစ်ကြသည်။ကိုဇော်ဝင်းသည် ရုံးတစ်ခုတွင် အလုပ်လုပ်၍ မမြခင်သည် ရပ်ကွက်ထိပ်ရှိ စျေးလေးတွင် ငါးရောင်းကာ အသက်မွေးဝမ်းကြောင်းပြုသူ ဖြစ်သည်။
စျေးလေးသည်ကား ရောင်းသူဝယ်သူများဖြင့် အမြဲတစေ စည်ကား လျက်ရှိသည်။ထိုစျေးလေးရှိ ငါးရောင်းသည့် ငါးသည်မှာ သုံးလေးဦး ရှိသည့်အနက် မမြခင်၏ ဆိုင်သည် ဝယ်သူဖောက်သည်များ ပိုများလေသည်။ အကြောင်းမှုကား မမြခင်သည် ငါး အရှင်လတ်လတ်များက်ို သတ်ရာတွင် တခြားစျေးသည်များလို တင်းပုတ်တိုဖြင့် ငါးခေါင်းကို ထု၍ မသတ်ပေ။အဘယ်ကြောင့်ဆိုသော် ငါးများ အကောင်ပုံ ပျက်၍ ရောင်းရာတွင် မလှသောကြောင့်ဝယ်သူ မကြိုက်ဖြစ်ကာ ရောင်းပန်းမလှသောကြောင့်ဖြစ်သည်။ထို့ကြောင့် မမြခင်သည် ငါးများကို သတ်ရာတွင် အရွယ်တော် ခပ်လတ်လတ် စဉ့်အိုးတခုထဲသို့ ငါးများထည့်ကာ အပေါက်ဝအား လေအဝင်အထွက် မရှိစေရန် အဝတ်ခပ်ထူထူ ဖြင့် ပိတ်၍ စည်းနှောင်ကာ အောက်ဆီဂျင်ပြတ်သေအောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။
ထိုသို့ လေမရ၍ အသက်ရှုကျပ်ကာ သေဆုံးအောင် ပြုလုပ်ခြင်းကိုမှု ယောက်ျားဖြစ်သူ ကိုဇော်ဝင်းက မကြိုက်ပေ။အမြဲတမ်း မိန်းမ ဖြစ်သူ မမြခင်အား ပြောဆိုဆုံးမတတ်လေသည်။
“မိန်းမ ရယ် နင့်ဟာကလည်းဟာ ငါးသည် မို့ ငါးသတ်ရတာကတော့ ထားပါတော့ ဒါပေမယ့် နင်သတ်ပုံသတ်နည်းကြီးကလည်းဟာ မြင်ရတာ စိတ်မချမ်းသာ စရာကြီးပါကွာ´´
“အိုတော် တော်က ဘာသိလို့တုံး ကျုပ်စျေးထဲမှာ သူများထက်ပိုရောင်းနေရတာက ကျုပ်ငါးတွေက အကောင်မပျက်ဘူးလေ လှတော့ ဝယ်သူတွေ ပိုကြိုက်ကြတာပေါ့ သူများတွေလို ခေါင်းထုသတ်လိုက်ရင် ခေါင်းနားကကြေပြီး သွေးထွက်ပေါက်ပြဲနဲ့ ဝယ်သူကမကြိုက်ကြဘူးရှင့်´´
“ဒါတော့ ဒါပေါ့ဟာ ဒါပေမယ့် နင်သတ်ပုံသတ်နည်းကြီး က ငါးတွေခင်မျာ မသေခင် အသက်ရှု မရပဲ ဆန့်ငင်ဆန့်ငင် အကြောဆွဲနေတာက အကြာကြီး ဝဋ်တွေဘာတွေလိုက်နေပါအုံးမယ်ဟာ´´
“တော်ကလည်း သတ္တဝါဆိုတာ လူကချွတ်မှ ကျွတ်တာပါတော် ဟိုလိုသတ်လည်း သေမှာပဲ ဒီလိုသတ်လည်းသေမှာပဲ သတ်တာကလည်းသတ်ရမှာပဲလေ သတ်တာချင်းအတူတူတော့ ရောင်းကောင်းအောင် လှလှလေးဖြစ်အောင်သတ်တတ်ဖို့ အရေးကြီးပါတယ် မောင်ရဲ့´´
ဇနီးဖြစ်သူ၏ နောက်ဆုံးပိတ် မောင် ဟု ခေါ်သံအောက်မှာ ကိုဇော်ဝင်းတစ်ယောက် အပြစ်တင်ပြောဆိုမှုတွေ ဆိတ်သုန်းသွားခဲ့ပြန်သည်။မည်သို့ပင် ပြောဆိုစေကာမူ အသက်တစ်မျှ ချစ်ရသည့် ချစ်ဇနီးဆိုတော့လည်း ခပ်ကြမ်းကြမ်း မပြောပြရက်ခဲ့သူပါလေ။
သူတို့ဇနီးမောင်နှံသည်ကား အကုသိုလ်အလုပ်နှင့် အကျိုးပေးသည်ဟုပင် ဆိုရလေမည်လားမသိ စီးပွားရေးကား ဒီရေအလားတရိပ်ရိပ်နှင့် တိုးတက်လာခဲ့သည်။ရပ်ရေးရွာရေး ကုသိုလ်ရေးများတွင်လည်း အားတက်သရော ပါဝင်ကူညီတတ်ကြသည်။ သို့သော် ဝိပါတ်ကြမ္မာ မလွတ်သာဟု ဆိုလေမလား ကာလဝိပါတ် နောက်ပိုးတက် ဟု ပြောရလေမလားပင်မသိ အကုသိုလ် အကျိုးပေးသည်ကား ချောင်ကြို ချောင်ကြားမှ ချောင်းမြောင်းနေကာ အခွင့်အရေးရသွားသော နေ့သည်ကား ရောက်လာပေတောသည်။
ထ်ိုနေ့ကား စနေနေ့ဖြစ်သည်။ကိုဇော်ဝင်းသည် ရုံးမသွား၍ အိမ်တွင် နေဖြစ်နေသည်။နေ့လည် ၁နာရီခန့်တွင် မျက်နှာမကြည်မသာနှင့် မမြခင်တစ်ယောက်အိမ်ပြန်လာလေသည်။
“ဟင် မိန်းမ နင် စျေးက အစောကြီးပြန်လာတာရော မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲ?´´
“ဟုတ်တယ် ယောက်ျားရေ ကိုယ်တွေလဲပူ သလိုလိုနဲ့ ခေါင်းတွေကလည်း မူးတယ် အဲ့ဒါနဲ့ အိမ်ပြန်လာတာ´´
ထိုနေ့မှ စ၍ မမြခင်တစ်ယောက် တပိန်ပိန် တလိမ်လိမ်ဖြင့် ဆေးထိုးဆေးသောက်လုပ်သော်ငြားလည်း မသက်သာကာ ၅ ရက်မြောက်နေ့တွင် ဆုံးပါးသွားတော့သည်။ကိုဇော်ဝင်းလည်း ချစ်လှစွာသော ဇနီးသည် ဆုံးပါးသွားခြင်းကြောင့် ဖြေမဆည်နိုင်သော မျက်ရည်များဖြင့် အသုဘအတွက်ပြင်ဆင်လေသည်။အသုဘအား ၃ရက်ထား၍ သင်္ဂြုိလ်ရန်စီမံထားသည်။ကိုဇော်ဝင်းသည် ဇနီးဖြစ်သူ ၏ ရုပ်အလောင်း နားတွင်ထိုင်ကာ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်လေသည်။
“မိန်းမရယ် သေတယ်ဆိုတာ ငါဘယ်လ်ိုယုံရမလဲကွာ မျက်နှာလေးက အိပ်နေသလိုပဲ ဖူးယောင်ညိုမဲ အနံ့ထွက်တာမျိုးလည်း မရှိဘူးဟာ အိပ်ပျော်နေတဲ့အတိုင်းပဲ ငါဘယ်လို ဖြေရမလဲဟာ မပစ်ရက်ဘူး´´
ကိုဇော်ဝင်း၏ အသိမဲ့စွာ တတွတ်တွတ်ပြောဆိုနေခြင်းကြောင့် လူကြီးများလည်းစိတ်မကောင်းဖြစ်ရသည်။ဤသို့ဖြင့် ၃ရက်မြောက်သောနေ့ ညနေ၌ အသုဘ ချရန်ပြင်ဆင်လေသည်။အခေါင်းထဲထည့်သည့် အချိန်ထိ မမြခင်၏ ရုပ်အလောင်းသည် ပကတိ အိပ်နေသည့် အတိုင်းသာ ဖြစ်သည်။အသုဘ ပို့ရန်အတွက်လူများလည်း တဖွဲဖွဲ ရောက်လာကြသည်။အိမ်တွင်ပင် သရဏဂုံတင်လိုက်ကြသည်။ထို့နောက် ထုံးစံအတိုင်း ကာလသားများက အသုဘ အခေါင်းကို ထမ်းကာ သုသာန်သို့ လိုက်ပို့ကြသည်။ကိုဇော်ဝင်းကား အသုဘ အခေါင်းဘေးမှ နေ၍ ကြိတ်ငိုကာ ခေါင်းငိုက်စိုက်ချ၍ လိုက်လာသည်။
“မောင်ရေ မောင် မောင်ရေ မြမသေသေးဘူး မောင်´´
သုသာန်မရောက်ခင်တွင် အခေါင်းဘေးမှ လိုက်လာသော ဇော်ဝင်းတစ်ယောက် မိန်းမဖြစ်သူ၏ ခေါ်သံကို ကြားလိုက်ရသည်ဟုထင်မိလိုက်သည်။သို့သော် စိတ်စွဲလမ်း ၍ နားထဲကြားနေတာနေမှာပါဟု တွေးကာ ကျန်လူများ ကြည့်လိုက်သောအခါ တဦးတယောက်မျှ ကြားမိသော ပုံမပေါ်သောကြောင့် မပြောဖြစ်တော့ပေ။သုသာန်သို့ရောက်သော အခါ အသင့်တူးထားသောကျွင်းထဲသို့ အခေါင်းအား ထည့်ကာ မြှုပ်နှံလိုက်သည်။(ထိုခေတ်အခါက အုတ်ဂူသွင်းခြင်းထက် မြေမြှုပ်ခြင်းကိုသာ ထိုဒေသက အများအပြား ပြုလုပ်ကြလေသည်)
ကိုဇော်ဝင်းလည်း မရွှင်သော နှလုံး ညှိုးနွမ်းသောစိတ်တို့အား သက်သာစိမ့်သောငှာ အိမ်သို့ ချက်ခြင်း ပြန်လိုက်သည်။အိမ်တွင်လည်း အသုဘ လုပ်ကိုင်ကူသူများဖြင့် ရှုပ်ရှက်ခက်နေသဖြင့် အနည်းငယ် စိတ်သက်သာရာ ရလေသည်။ညပိုင်းတွင်လည်း ဖဲရိုက်သူများနှင့် အသုဘအိမ်ကား စည်ကားနေသည်။ကိုဇော်ဝင်းသည် ရှေ့ရက်များတွင် အိပ်ရေးပျက်ခဲ့ ခြင်းများကြောင့် ဖဲဝိုင်းနားတွင် ထိုင်နေရင်းမှ တုံးလုံးလဲကာ နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
“မောင်ရေ မောင် မြမသေပါဘူး မောင်ရေ မြ အခု အသက်ရှုလို့မရဘူး အသက်ရှုကြပ်နေပြီ လာကယ်ပါအုံးမောင် မြလေမြ တကယ်မသေပါဘူး မျောနေတာပါမောင်ရေ မြကိုလာကယ်ပါအုံးနော်´´
မျက်နှာညှိုးငယ်စွာဖြင့် အသနားခံလာသော မမြခင်ကို အိပ်မက်ထဲမှာတွေ့လိုက်ရသဖြင့် ကိုဇော်ဝင်း သည် ဝမ်းပန်းတနည်း ငိုယိုကာ လန့်နိုးလာသည်။လန့်နိုးလျင် နိုးခြင်း အနားမှာရှိသည့် လူများကိုငိုယိုကာပြောလေသည်။
“လုပ်ကြပါအုံးဗျာ ကျုပ်မိန်းမ မသေသေးဘူး မျောနေတာတဲ့ ကျုပ်ကို လာကယ်ပေးဖို့ပြောနေတာ ကူညီကြပါအုံး ကျုပ်မိန်းမက အသက်ရှုတွေကျပ်နေတာတဲ့ ပြန်တူးကြရအောင်ဗျာ နော်နော်´´
“မောင်ဇော်ဝင်းရယ် မင်းစိတ်က မင်းမိန်းမသေတာ လက်မခံနိုင်လို့ စိတ်စွဲပြီးမက်တာပါကွာ အလောင်းပြန်ဖော်တယ်ဆိုတာ မလုပ်ကောင်းသလို ရပ်ရွာကလည်း ခွင့်ပြုမှာမဟုတ်ဘူး မင်းစိတ်ထိန်းပါကွာ´´
ဘေးနားတွင်ရှိသော လူကြီးသူမ များနှင့် အပေါင်းအသင်းများ၏ ဝိုင်းဝန်းနားချမှုကြောင့် ကိုဇော်ဝင်းလည်း တငိုငို တရီရီဖြင့် ဘာမှ ဆက်မပြောနိုင်တော့ချေ။တနေ့လုံးလည်း ထိုအိမ်မက်ကာသာ စိတ်ထဲစွဲကာ တွေးမိနေလေတော့သည်။ထိုနေ့ညတွင်လည်း အလားတူ အိမ်မက်သည် ဆက်၍ မက်ပြန်သည်။အိမ်မက်မှနိုးသည်နှင့် အနီးအနားတွင်ရှိသည့် လူများကို အကူအညီတောင်းပြန်သည်။ထပ်မံ၍ဝိုင်းဝန်း နားချကြပြန်လေသည်။ ကိုဇော်ဝင်းကိုယ်တိုင်ပင် စိတ်စွဲ၍ မက်သည်လား တကယ်ပင်မိန်းမက အိမ်မက်ပေးသည်လားဟူ၍ ပင် မခွဲခြားနိုင်အောင်ဖြစ်နေသည်။
ဤသို့ဖြင့် နေ့တစ်နေ့ကုန်လွန်မြောက်ကာ ညခင်းဖက်သို့ရောက်လာပြန်သည်။တနေကုန်ငိုယိုကာ ပင်ပန်းထားသမျှ ညအခါတွင် အိပ်စက်ခြင်း နယ်မြေသို့ ပြန်လည်ဝင်ရောက်သွားပြန်သည်။အိမ်မက်ထဲတွင် မမြခင်သည် လာရောက်ငိုယိုကာ သူမသေသေးကြောင်း အသက်ရှု ရ အရမ်းခက်နေကြောင်း အခုချက်ချင်း လာရောက် ကယ်ပါဟု ပြောပြန်လေ၏။အိပ်နေရာမှ နိုးလျင်နိုးချင်းပင် ကိုဇော်ဝင်းတစ်ယောက်ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်သည်။ထို့နောက်ရပ်ရွာလူကြီးအား အကျိုးအကြောင်းသေချာပြောပြကာ ဘုန်းကြီးကျောင်းသို့ အတူတကွ သွားလေသည်။
“အရှင်ဘုရား တပည့်တော် အမျိုးသမီးက သူမသေသေးကြောင်း မျောနေတာဖြစ်ကြောင်း ယခုအသက်ရှုရအရမ်းခက်နေကြောင်း အမ်မက်ပေးတာ ၃ည ဆက်တိုက်ရှိနေပါပြီ ဘုရား အရင်နေ့တွေကတော့ တပည့်တော် စိတ်စွဲလို့ မက်တာထင်နေတာ အခုက ၃ရက်ဆက်တိုက်မက်နေတာဆိုတော့ သူတကယ် မျောနေတာကို သိစေချင်တဲ့ စိတ်ကြောင့် အိမ်မက်လာပေးတာဖြစ်မယ် တကယ်အသက်ရှင်သေးတယ်ဆိုလားသေချာ သိရအောင်မြေပုံပြန်တူးပြီး အလောင်းဖော်ချင်ပါတယ်ဘုရား အဲ့ဒါကြောင့်အရှင်ဘုရားကို လာလျှောက်တာဘုရား´´
“ဟေ ဟုတ်လားကွ ဒါဆိုလည်း မြန်မြန်လုပ်ကြကွာ ငါလည်း လိုက်ခဲ့မယ်ဟေ့ လာကြလာကြ သွားရအောင်´´
တဆင့်စကား တဆင့်နားဖြင့် မမြခင် အလောင်းအား ပြန်တူးမည်ဆိုသောကြောင့် သုသာန်တစ်ခုလုံး လူများဖြင့် ပြည့်နေလေတော့သည်။ကိုဇော်ဝင်းတို့ ရောက်လာသည်နှင့် တူးမည့်လူများက မြေပုံအား စတင် တူးဖော်ကြသည်။ကိုဇော်ဝင်းနှင့်တကွ လူများအားလုံး၏မျက်လုံးများသည် မြေတူးနေသောနေရာအား စ်ိတ်ဝင်စားမှု မျှော်လင့်ချက်များဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
“ဒုတ် ဒုတ် ´´
ပတ်ဝန်းကျင်တစ်ခုလုံး မြေတူးသံများကသာ ဖုံးလွှမ်းနေသည်။ မကြာမှီ ပင် အခေါင်း ပေါ်လာတော့သည်။
“မြန်မြန်တူးပါဟ အခေါင်းကို မထိစေနဲ့ ဝိုင်းမကြပါဟ´´
စသည့် အသံများကတစ်ယောက် တစ်ပေါက်ဆူညံစွာ ထွက်ပေါ်လာသည်။ကိုဇော်ဝင်းလည်း အလောတကြီးမြေကျင်းထဲသို့ခုန်ဆင်းကာ အခေါင်းအား အမြန်မတော့သည်။ကျန်သည့်လူများလည်း ဝိုင်းကူကာ မကြသဖြင့် အခေါင်းသည် မြေကျင်းအပေါ်သို့ရောက်လာသည်။ကိုဇော်ဝင်း၏ ရင်အစုံသည် တဒုတ်ဒုတ်ဖြင့် မြည်ဟီးနေသည်။ အခေါင်းဖုံးတွင် ရိုက်ထားသော သံချက်များအားကလန့်ကာ ခွာချလိုက်သည်။
“ကလစ် ကျီ ကျွီ ဒုန်း ဝုန်း´´
အခေါင်းဖုံးသည် မြေပေါ်သို့ ဝုန်းကနဲ မြည်ကာ ကြသွားလေသည်။လူအားလုံး၏ မျက်လုံးများသည် အခေါင်းထဲသို့ စုပြုံကျရောက်သွားသည်။လူအားလုံး ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြသည်။ကိုဇော်ဝင်ကား ယူကြုံးမရ ရှိုက်ကြီးတငင် ငိုကျွေးတော့သည်။အကြောင်းမူကား ကုတ်ခြစ်ရုန်းကန်ထားသောကြောင့် လက်ချောင်းများတွင် သွေးအလိမ်းလိမ်း အပြင် အခေါင်းဖုံးအား နဖူးနှင့် ကြိမ်ဖန်များစွာ တိုက်ဖွင့်ထားသဖြင့်မျက်နှာတခုလုံးတွင် သွေးများပေကျံကာ မခြောက်သေးသည့်အပြင် သိပ်မကြာခင်ကမှ အသက်ရှုကျပ်ကာ သေဆုံးသွားသည့် လက္ခဏာများဖြင့် တွန့်လိမ်ကွေးကောက်ကာ သေဆုံးနေသော မမြခင်ကို တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
ကိုဇော်ဝင်းကမူ အိမ်မက်စမက်သောညက ချက်ချင်းတူးလိုက်မည်ဆိုလျင် မမြခင်၏ အသက်အား မှီနိုင်သေးသည်ဟု တွေးကာ ယူကြုံးမရဖြစ်နေသည်။သို့သော်လည်း သူ့မိန်းမ၏ ငါးများကို သတ်သည့် ပုံစံ အတိုင်း အသက်ရှု မရဖြစ်ကာ မချိမဆံ့ ခံစားပြီးသေရသည့် အဖြစ်ကို သတိရတွေးမိကာဝဋ်ကြွေးကြမ္မာ ပြေးမလွတ်သာ ဟူ၍ သံဝေဂနှင့်အတူ ချက်ချင်းပင် ဘုန်းဘုန်း ဘုရားထံ ရာသက်ပန် ရဟန်းဝတ် ပေးပါရန် လျှောက်ထားပြီး အရာအားလုံးကို စွန့်လွှတ်ကာ သာသနာဘောင်အတွင်း၌ သက်ဆုံးတိုင်နေထိုင်သွားလေတော့သည်။
#ပန်းသခင်