အသက်သွေးခြယ်တဲ့ကျိန်စာပန်းချီ

အသက်သွေးခြယ်တဲ့ကျိန်စာပန်းချီ(စ/ဆုံး)

————————————-

အချိန်ကား ၁၉၉၅ ခုနှစ်အလွန် ကာလများဆီကဖြစ်သည်။ရွာတစ်ရွာ၏ ကျိန်စာမိခဲ့သော၊ကျိန်စာသင့်ခဲ့လေသောကာလများ၏ အစဟုဆိုရပေမည်။အနက်ရောင်နယ်မြေဟု ထိုစဥ်အခါက လူအများသတ်မှတ်ထားခဲ့ကြသည့် တနသ်ာရီရိုးမတစ်ခွင်သည် ရည်ရွယ်ချက်ကိုယ်စီနှင့် ရောင်စုံလူတချို့ရှိနေဆဲ။ထိုသို့ နေရာအနှံ့သောင်းကျန်းသူတွေရှိနေသော်ငြား ကျွန်းကြီးဝ ဟုခေါ်သည့် ပင်လယ်ရွာကြီးကတော့ အေးချမ်းငြိမ်သက်လျက်နေချင်စဖွယ်ကောင်းလှပေသည်။
ကျယ်ပြောလှသည့်ပင်လယ်ကြီး၏​ရေပြင် မှာ ဖြစ်ထွန်းနေသည့် တောင်စဥ်တောင်တန်းတွေနှင့် ကျွန်းကြီးက ရိုးမတောတစ်ခုနီးနီးလောက် ကျယ်ပြန့်လေသည်။ဒီအရပ် ဒီဒေသမှာ ကျွန်းကြီးဝလောက်ကြီးမားကျယ်ပြန့်သည့် နယ်မြေဟူ၍ မရှိသလောက်ရှားလေသည်။ကျွန်းကြီးသည့်အလျောက် ကညင်၊ကံ့ကော်၊လေသရက်၊သက်န်း၊ပန်းတညင်း၊အောင်ချင်းစာ၊ဥဘန်စသော အဖိုးတန်သစ်ကောင်းဝါးကောင်များနှင့် စိမ်းစိုအုပ်မှိုင်းနေသည့် နေရာတစ်ခုလည်းဖြစ်သည်။
ကျောက်ဆောင်ကျောက်သားများကြားမှစိမ့်ထွက်လာသောရေသည် စမ်းချောင်းငယ်ကလေးများအသွင်ဖြင့်တစ်ကျွန်းလုံးကို ကွေ့ဝိုက်စီးဆင်းလျက်ရှိပြီး အစဥ်သဖြင့်အေးမြကြည်လင်လျက်ရှိနေသည်။ရေချိုအရင်းအမြစ်ပြည့်ဝသောကြောင့် ရွာတည်၍လာရောက်နေထိုင်သူများ တစ်စထက်တစ်စများပြားလာပေတော့သည်။
နယ်မြေကျယ်ဝန်းလှသည်မို့ တစ်နိုင်တစ်ပိုင်ဥယျာဥ်ခြံမြေများသတ်မှတ်ပြီး ခုတ်ထွင်ရှင်းလင်းကာ ဟင်းသီးဟင်းရွက်များ၊ကွမ်းသီး၊ရာဘာ၊သီဟိုဠ်၊အုန်း၊ငှက်ပျော စသည့်များစိုက်ပျိုး၍ အသက်မွေးကြသူများရှိသလို သစ်ဝါးခုတ်ခွင့်လိုင်စင်တင်ပြီး သစ်ခုတ်၊ဝါးခုတ်လုပ်ငန်းများလုပ်ကိုင်သူများလည်း ရှိကြသည်။ပင်လယ်ရွာဖြစ်သည့်အလျောက် တံငါလုပ်ငန်းများကိုလည်း အတော်များများလုပ်ကိုင်အသက်မွေးကြလေသည်။ကျွန်းကြီးဝသည် ရာသီဥတုကောင်းမွန်သည့်အပြင် ဆယ့်နှစ်ရာသီပတ်လုံး ရေရှားပါးမှုမရှိသည့်အတွက်ကြောင့် စီးပွားရေးကောင်းမွန်ဖြစ်ထွန်းကာ လူနေအိမ်ခြေများတဖြည်းဖြည်းထူထပ်လာပြီး စည်ပင်ဝပြောသောကျေးရွာတစ်ခုအဖြစ် စာရင်းဝင်ခဲ့လေတော့သည်။
မူလတန်းစာသင်ကျောင်း၊ဘုန်းကြီးကျောင်း၊ဘုရားစေတီတန်ဆောင်းဇရပ်များ ဖြင့်လှပသာယာနေသည့် ကျွန်းကြီးဝရွာကလေးသည် မြို့နှင့်အလှမ်းဝေးမှုကြောင့် ကျန်းမာရေးဝန်ထမ်းမရရှိသည့်အတွက် ဆေးပေးခန်းလေးမရှိတာတစ်ခုသာအပြစ်ဆိုဖွယ်ရာရှိလေသည်။တခြားသောအရပ်မှ လှေဝင်လှေထွက်များနှင့်စည်ကားနေသည့်ကျွန်းကြီးဝ ရွာကလေးသည် တစ်ချိန်ချိန်မှာ ကျိန်စာသင့်သောရွာလေးတစ်ရွာဖြစ်လာလိမ့်မည်ဟုမည်သကမှ မတွေးထင်ထားခဲ့ကြပေ။
……..
၂။
ကျွန်းကြီးဝ သည် လူမျိုးပေါင်းစုံ စုဝေးနေထိုင်ရာအရပ်ဖြစ်ခဲ့သည်။ကျွန်းကြီးဝကိုစတင်​ေကေ်ရှိလာသူမှာ ဗမာလူမျိုးမဟုတ်။မလေးအနွယ်ဝင် ပသျှူးလူမျိုး ဆာဒမ်း ဆိုသူဖြစ်သည်။ဆာဒမ်းတွင် လျာကန်း ဟုခေါ်သည့်ဇနီးတစ်ယောက်ရှိသည်။အိမ်ထောင်ကျကာစ တစ်အိုးတစ်အိမ်ထူထောင်မည်ဟု ထွက်လာရင်းက ဤကျွန်းကိုတွေ့ရှိကာ နေအိမ်ဆောက်လုပ်၍ဥယျာဥ်စိုက်ပျိုးလုပ်ကိုင်စားသောက်ရာမှ အတော်အတန်ကြွယ်ဝလာခဲ့လေသည်။သားသမီးမထွန်းကားသေးသော်လည်း လင်မယားနှစ်ယောက်စိတ်တူကိုယ်တူဖြင့်ချစ်ခင်စုံမက်ရှိကြသည်မို့ ပျော်ရွှင်ဖွယ်ကောင်းခဲ့၏။
နောက်ပိုင်းကျွန်းကြီးဝသို့ ဗမာလူမျိုးများလာရောက်နေထိုင်ကြသည့်အခါတွင် နယ်မြေအပိုင်းအခြားအရ ဆာဒမ်းတို့ဇနီးမောင်နှံက သီးခြားနေထိုင်သူသဖွယ်ဖြစ်ခဲ့လေသည်။သို့ပေမယ့် ဆာဒမ်းက ဗမာတွေနှင့်လည်း တည့်အောင်ပေါင်းသည်။ဗမာတွေကလည်း ငွေကြေးလိုအပ်လာပါက ဆာဒမ်းဆီမှ အတိုးပေး၍ ချေးငှားယူကြသည်။ဆာဒမ်းတို့ဇနီးမောင်နှံကလည်း လူမျိုးခြားပေမယ့်ခေါင်းပုံမဖြတ်ခဲ့။အတိုးနှုန်းသက်သာစွာဖြင့် ချေးငှားပေးခဲ့သည်ချည်းသာဖြစ်သည်။
အစပိုင်းတော့မှန်ကန်သယောင်ရှိသလိုနှင့် နောက်ပိုင်းကျတော့ငွေချေးသူတချို့က ဆာဒမ်းတို့လူမျိုးခြားဖြစ်သည်ကိုအခွင့်ကောင်းယူကာ လူပါးဝချင်လာကြသည်။ငွေပြန်ပေးနိုင်ရက်သားနှင့် အဆင်မပြေလို့မပေးနိုင်သေးပါဟုဆိုကြသည်။ဒါတွေကိုဆာဒမ်းမသိ။ဆာဒမ်းသိသည်က ငွေလာချေးရင်ပေးလိုက်မည်။အချိန်တန်ရင် လာပြန်ဆပ်ကြမှာပဲ။လာပြန်မဆပ်နိုင်သေးတာ ဟာ သူတို့အဆင်မပြေသေးလို့ပဲလေဟု အကောင်းဘက်ကတွေးပေးလေသည်။
ဗမာပိုင်းက မှန်ကန်သည့်လူနည်းစုလောက်သာငွေချေးပြီးမှန်မှန်ကန်ကန်ပြန်ဆပ်ကြပေမယ့် တချို့ကတော့မသိလိုက်မသိဘာသာနေကာမေ့ချင်ယောင်ပင်ဆောင်တတ်ကြသေးသည်။ဒါတွေကို ဥယျာဥ်ခြံမြေတွေနှင့်စီးပွားဖြစ်ထွန်းနေသည့် ဆာဒမ်းဂရုမစိုက်ပါ။ငွေဆိုတာ ဆာဒမ်းလိုကြီးပွားနေသည့်လူအတွက် အရေးစိုက်စရာမဟုတ်။ဥယျာဥ်ရှိရင်ငွေရှိတယ်လေ။
…..
၃။
“အစ်ကိုရေ… ဝမ်းသာစရာသတင်းရှိတယ်..အစ်ကိုမသိချင်ဘူးလား…”
နှစ်ယောက်သားထမင်းလက်ဆုံစားနေရာမှ ဇနီးဖြစ်သူလျာကန်းက စကားဟလာတော့ ဆာဒမ်းကပြုံးကာဖြင့်

“ဟ ဝမ်းသာစရာဆိုပါလား…ပြောစမ်းပါဦးဗျာ..”

ဟုဆိုကာ ရေနွေးခွက်ကိုယူပြီးမော့နေစဥ်

“အစ်ကို ကလေးအဖေဖြစ်တော့မယ်..”

“အဟွတ် အဟွတ်..”

ရုတ်တရက်ပြောလိုက်သောစကားကြောင့် ဆာဒမ်းတစ်ယောက်ရေနွေးပင်သီးသွားရကား တစ်ပြိုင်တည်း မှာပင် အံ့သြဝမ်းသာသောမျက်လုံးအစုံနှင့်

“တကယ်လား…မင်းတကယ်ပြောနေတာလား…မိန်းမ….”

“အော်…ကဲ…ကျွန်မကအစ်ကို့ကို ညာပါ့မလားလို့..ဟိုဟာမလာတာနှစ်လတောင်ရှိပြီမို့လို့ ဗမာပိုင်းကဝမ်းဆွဲသည်ဒေါ်ခင်အေးကိုခေါ်စမ်းခိုင်းလိုက်တာ..သေချာမှသိပ်သေချာ…”

“ဟား…ဝမ်းသာလိုက်တာမိန်းမရာ…တကယ်ပါ…အိမ်ထောင်ကျတာဆယ်နှစ်အတွင်းမှာ ဝမ်းသာစရာအကောင်းဆုံးပဲ…သိရဲ့လား…”

“ရှင်ကတော့ပိုပြီ…”

“တကယ်ပါကွာ..မင်းကလေးမရနိုင်လည်း ငါကမင်းကိုအချစ်မလျော့ပါဘူးကွ…အခုကလေးရတော့မယ်ဆိုတော့လည်းတို့နှသ်ယောက်ဘဝ စိုစိုပြည်ပြည်ဖြစ်တာပေါ့ကွာ…ဟုတ်ဘူးလား…”

”ဟုတ်ပါ့တော်…ဟင်း…ဟင်း…”

ဒါပေမယ့်လည်း ဘယ်သူသိနိုင်မှာလဲ…လေပြည်အေးလေးတွေနဲ့သာယာနေတဲ့သူတို့ဘဝထဲကို မုန်တိုင်းကြီးတစ်ခုကျလာတော့မယ်ဆိုတာ…ကံကြမ္မာဆိုတာကြိုတင်မြင်နိုင်ကောင်းတာမှမဟုတ်တာလေ။
……
၄။
ကွမ်းသီးသီးတော့မယ်ရာသီမို့ ကွမ်းတောကိုလိုက်စစ်ဆေးကြည့်ဖို့ရာ ဆာဒမ်းဥယျာဥ်ရှိရာသို့ထွက်လာခဲ့လေသည်။ဒါပေမယ့် ကွမ်းတောအရောက်မှာ မြင်ရတဲ့မြင်ကွင်းတွေကမလှမပ…။ရာနဲ့ချီတဲ့ကွမ်းပင်တွေတစ်ပင်မှမကျန် ရှဥ့်တွေကိုက်ဖောက်တာခံရ၍ အားလုံးခါးလယ်ကစ၍ ထက်ပိုင်းကျိုးနေခဲ့လေပြီ။နှစ်စဥ်ကွမ်းပင်ကရတဲ့အကျိုးအမြတ်က မနည်းလှတာမို့ ဆာဒမ်းနှမျောမိ၏။သို့ပေမယ့် ဆာဒမ်းလက်မလျှော့ပါ။သူ့မှာ အုန်းတောကြီးတွေနဲ့ သီဟိုဠ်တောတွေကျန်သေးတာပဲလေ….။
ဒါပေမယ့်ကံကြမ္မာမုန်တိုင်းဆိုတာ မိုးဖွဲမိုးပေါက်လေးကျရုံမျှနဲ့ပြီးသွားတတ်တာမျိုးမဟုတ်တာလေ…။နယ်​မြေမအေးချမ်းမှုကြောင့် အုန်းသီးနဲ့သီဟိုဠ်စေ့တွေတင်ရောင်းလို့မရဘဲ အရှုံကြီးသာပြနေလေတော့သည်။ဒီလိုနဲ့ ဆာဒမ်းရဲ့စီးပွားရေး သိသိသာသာကျဆင်းလာသည်။ထို့ကြောင့်ငွေရင်းလေးများပြန်ပေယ်လိုပေါ်ငြား သူချေးငှားထားသူတွေဆီက ကြွေးမြီလေးများ ပြန်တောင်းကြည့်သည်။တချို့ကျကြည်ကြည်ဖြူဖြူပင်ပေးလိုက်သည်။တချို့ကျတော့လည်း ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့….။

“ခင်ဗျားတို့အခုအဆင်မပြေသေးလို့မပေးနိုင်သေးဘူးဆိုလည်း ကိစ္စမရှိပါဘူးဗျာ…ကျွန်တော့်မိန်းမမီးဖွားရင်သာ ဆေးရုံသွားရမှာမို့ မီးဖွားစားရိတ်လေးရအောင်တော့ပေးပေးကြပါ…ကျွန်တော်စောင့်နေပါ့မယ်…”

တုံးအလိုက်တဲ့ ဆာဒမ်း..။အကြွေးရစရာရှိတာတောင် ပိုက်ဆံဆုံးမှာစိုးလို့ အောက်ကနေပြီးပြောရတဲ့အဖြစ်။
လူဆိုတဲ့သတ္တဝါက ခက်သားလား။ဆာဒမ်းတို့ကြွယ်ဝစဥ်က ရိုသေလိုက်ကြတာ၊မှန်ကန်လိုက်ကြတာ။ယခုသူတို့စီးပွားကျသွားသည်လည်းဆိုရော မြေနိမ့်ရာလှံစိုက်ချင်ကြတော့သည်။မထီလေးစားပြုမူလာကြတော့သည်။အံ့သြစရာကောင်းသည့် လူတွေ၏အတွင်းမနောပင်ဖြစ်သည်။
…..
၅။
ထိုနေ့က ကောင်းကင်တစ်ခွင်လုံးညှို့မှိုင်းအုံ့ဆိုင်းနေသည်။မကြာခင်မိုးရွာတော့မည့်လက္ခဏာပင်။နွေရာသီကုန်၍ မိုးရာသီထဲဝင်မည့်အစမို့ မုတ်သုန်ကဝင်လာလေပြီ။ဆာဒမ်း၏ဇနီးဖြစ်သူ လျာကန်းမှာလည်းနေ့စေ့လစေ့ဖြစ်လာနေပြီမို့ မွေးရမည့်ရက်ပင်တဖြည်းဖြည်းနီးကပ်လာချေပြီ။လျာကန်းမှာ အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သည့်အပြင် မွေးလမ်းကြောင်းကလည်းကောက်နေသည်မို့ ခွဲမွေးမှအဆင်ပြေမည်ဟု ဒေါ်ခင်အေးက ဆိုသည်။ဒေါ်ခင်အေး မမွေးနိုင်၍မဟုတ်။အသက်အရွယ်တစ်ခုရနေသည်မို့ဆေးရုံဆေးခန်းသွားဖို့ လိုရမယ်ရပြင်ဆင်ခိုင်းထားခြင်းဖြစ်သည်။
လျာကန်းတစ်ယောက် ဆေးရုံသွားဖို့လိုရမယ်ရ ပစ္စည်းတွေကောက်ထည့်နေရာမှ ဗိုက်ထဲကတစ်ချက်တစ်ချက်နာလာသည်။

“အစ်ကိုရေ…ကျွန်မမွေးတော့မှာလားမသိဘူး…ဗိုက်ကတစ်ချက်ချက်နာလာသလိုပဲ…”

“ဟင်ဟုတ်လား…ဒါဖြင့် အစ်ကိုဗမာပိုင်းမှာအကြွေးတောင်းသွားမှာမို့ ဒေါ်ခင်အေးကိုပါတစ်ခါတည်းလွှတ်ပေးလိုက်မယ်…အစ်ကိုအမြန်ပြန်လာခဲ့မယ်နော်…ဒီနေ့တေ့ာအကြွေးပေးကြမှာပါ…”

အပြင်ထွက်ရန်ပင်ကြံသေးသည်။ဒေါ်ခင်အေးရောက်လာတော့သည်။

“ဟာ..ဒေါ်ကြီး ကျွန်တော်အခုပဲလာခေါ်တော့မလို့ဗျ…အခန့်သင့်လိုက်တာဗျာ…ကျွန်တော့်မိန်းမဗိုက်နာနေပြီဗျ…”

“ဟင်ဟုတ်လား…ငါက ဒီဘက်မှာ ဟင်းရွက်လေးလာခူးရင် နင့်မိန်းမကိုဝင်လာကြည့်တာ…ဆေးရုံသွားဖို့ရောစီစဥ်ထားပြီးပြီလား…”

“လှေနဲ့စက်ကတော့အဆင်သင့်ပဲဗျ…မီးဖွားစရိတ်လေးရအောင် ကျွန်တော်ခဏသွားတောင်းလိုက်ဦးမယ်…ကျွန်တော့်မိန်းမအနားမှာစောင့်ပေးပါဥွးနော်..သူမွေးချင်နေရင်မွေးသာမွေးပေးထားလိုက်ဗျာ..အားကိုးမယ်နော်.. ဒီနေ့တော့ရစရာရှိတာလေးတွေသူတို့ပေးကြမှာပါ…စိတ်ချမယ်နော်ဒေါ်ကြီး…”

ပြောရင်းနှင့်ထွက်သွားသောဆာဒမ်း၏နောက်ကျောကိုကြည့်ကာ ဒေါ်ခင်အေး ခေါင်းကိုလေးတွဲ့စွာခါလိုက်၏။ရွာထဲကလူတွေအကြောင်း ဒေါ်ခင်အေးအသိဆုံးဖြစ်ပါသည်။ဆာဒမ်းပိုက်ဆံတွေ ပြန်ပေးစရာအကြောင်းမရှိဘူးဟုပြောဆိုနေတာတွေကိုလည်း ဒေါ်ခင်အေးကြားခဲ့ပြီးပြီပဲ။ဆာဒမ်းသွားတောင်းလို့ ရလာနိုင်မှာမဟုတ်တာ ဒေါ်ခင်အေးသိသည်။ဘာပဲဖြစ်ဖြစ် ကလေးကိုတော့ရအောင်မွေးပေးမည်ဟု ဆုံးဖြတ်ကာ မီးဖိုပေါ်ရေနွေးတစ်အိုးကောင်တင်လိုက်သည်။ဆား၊နနွင်းနှင့်မီးဖွားရန်လိုအပ်မည်ထင်သည်များကိုလိုက်လံစုစည်းကာ လျာကန်းကို အခန်းထဲဝင်စေသည်။

“ကောင်မလေး…ညည်းဘာမှမပူနဲ့…ညည်းကလေးကို ငါရအောင်မွေးပေးမယ်သိလား…မွေးချင်ရင်ပြော…ဒီနေ့မှ မိုးကလည်းအုံ့နေတော့မှောင်မဲနေတာပဲ …နေအုံး…ငါမီးခွက်ထထွန်းလိုက်အုံးမယ်…”

အပြင်မှာမိုးက ပြိုတော့မည့်ဟန်ပြင်နေသည်။
လေအေးတွေတရစပ်တိုက်ခတ်နေပေမယ့် ဆာဒမ်းရင်မှာပူလောင်နေသည်။

“ကိုစံ…လုပ်ပါဗျာ…ကျွန်တော်ရမယ့်ပိုက်ဆံထဲက တစ်ဝက်လောက်ဖြစ်ဖြစ် ပြန်ပေးပါဗျာ..ကိုစံတို့မနေ့က သစ်ရောင်းပြီးပြန်လာတာကျွန်တော်တွေ့ပါတယ်..ကျွန်တော့်မိန်းမ မီးဖွားတော့မှာမို့ပါဗျာ…”

ကိုစံဆိုသူကို ဆာဒမ်းအောက်ကျို့ကာ ပြောဆိုနေပေမယ့် ထိုသူကတော့ ခြေကလေးချိတ်၍ဆေးလိပ်ပင်အဖွာမပျက်။

“ငါလည်း ပေးချင်ပါတယ်ကွာ…သစ်အလုပ်ကသိပ်မကျန်တာမင်းလည်းသိသားနဲ့…စာရင်းကအကုန်မရှင်းလာရဘူးကွ…လမ်းကြောင်းတွေကလည်းမကောင်းတော့ အမြန်ဆင်းလာရတာ…ငါ့အလုပ်ကလိုင်စင်မတင်ထားတော့ လူကြီးတွေနဲ့နားလည်မှုယူရတာနဲ့ တကယ်မကျန်တော့လို့ပါကွာ..တခြားသူတွေဆီမှာသွားတောင်းကြည့်ပါဦး..”

တကယ်တမ်းက ကိုစံတို့အိမ်ကိုရောက်သွားသည့်အချိန် လင်မယားနှစ်ယောက်ငွေတွေအထပ်လိုက်ရေနေတာကို ဆာဒမ်းမြင်ခဲ့ပြီးပြီဖြစ်သည်။ဇနီးကလည်း မီးဖွားခါနီးပြီမို့တစ်ယောက်ထဲနဲ့အချိန်ကုန်မခံတော့ဘဲ တခြားသူတွေဆီမှာလိုက်တောင်းကြည့်သည်။မပေးလိုက်ကြ အချည်းနှီးသာ။

တစ်ဖက်မှာလည်း…

“ညှစ်ထား…လျာကန်း…ညှစ်ထား…အသက်ကိုမှန်မှန်ရှူ…”

“အား….အီး….မရတော့ဘူး…ဒေါ်ကြီး..ကျွန်မ မညှစ်နိုင်တော့ဘူး….အား…”

တခြားအဖော်ဆိုလို့ဘယ်သူမှမရှိ..။ဒေါ်ခင်အေးနှင့်နှစ်ယောက်တည်းသာ။လျာကန်းတစ်ကိုယ်လုံးလည်းချွေးတွေရွှဲနစ်နေပြီ ဖြစ်သည်။ကလေးက ခေါင်းမျှပင်မမြင်ရသေး။

“ညည်းကလည်းအေ..လက်မလျှော့လိုက်ပါနဲ့…ညှစ်စမ်းပါ…ဟုတ်ပြီ ညှစ်ထား…”

တစ်ခါတစ်ခါ လျာကန်းခမျာ သတိလစ်မေ့မျောလုနီးပါးပင်ဖြစ်နေပြီ။အသက်ကိုပင် ဝအောင်မရှူနိုင်တော့။တဖြည်းဖြည်းအားလျော့လာနေတဲ့အထဲ ဒေါ်ခင်အေးပြောနေတာတွေကိုတောင် ကြားတစ်ချက်မကြားတစ်ချက်။

မိုးကြိုစးတ်ချက်ထစ်ချုန်းအပြီးမှာ မိုးကသည်းကြီးမည်းကြီးပြိုဆင်းလာ၏။အချိန်မှာ ညနေနေဝင်ရီတရောဖြစ်နေပြီး ဆာဒမ်းတစ်ယောက်လက်ဗလာနှင့် မိုးရေထဲမှာ ပြေးလွှားနေ၏။မျက်ဝန်းအိမ်မှ စီးကျလာသော မျက်ရည်တွေက မိုးရေစက်တွေနှင့်အတူစီးဆင်းသွား၏။အိမ်သို့အရောက် မိုးကြိုးတစ်ချက်ထစ်ချုန်းပြန်လေသည်။ဒီတစ်ခါချုန်းသည့်မိုးကြိုးက သူ့ရင်ဝနှလုံးအိမ်တည့်တည့်သို့ပစ်ခွင်းလိုက်သည့် မိုးကြိုး၊သူ့ကမ္ဘာကို ဖြိုပစ်လိုက်တဲ့ မိုးကြိုး။အသက်မရှိတော့တဲ့ ချစ်ဇနီးရဲ့ခန္ဓာကိုယ်က သူ့ကိုစောင့်ကြိုနေခဲ့ပြီ။ကလေးလေးကလည်း သူ့အမေဗိုက်ထဲမှာပဲ အိပ်စက်အနားယူနေခဲ့ပြီ။သူ့ကမ္ဘာပြိုသွားပြီ။သူ့ရဲ့ရပ်ဝန်းလေးပျောက်ဆုံးသွားမှတော့ သူလည်းဒီကမ္ဘာငယ်လေးနဲ့အတူ ပျောက်ဆုံးသွားဖို့ပဲရှိတော့သည်။သူ့ဘဝရဲ့တဲတဲလေးသာရှိတော့တဲ့ မျှော်လင့်ချက်အလင်းရောင်လေးဟာ မှောင်မိုက်သွားခဲ့လေပြီမို့ သူရှင်သန်နေစရာဘာအကြောင်းမှရှိမနေတော့။ဒါပေမယ့် သူ့ရင်ထဲကနာကျည်းချက်တွေကို ဒီကမ္ဘာပျက်ထဲကိုယူဆောင်သွားပြီးအကျည်းမတန်စေချင်ဘူး။ဒီနာကျည်းချက်တွေကို ထိုက်တန်တဲ့သူတွေဆီမှာ သူအပ်နှံထားခဲ့မယ်။
ကျွန်းကြီးဝရွာရှေ့ကရေပြင်ဟာ သွေးတွေနဲ့လွှမ်းခြုံနေခဲ့တယ်။မုတ်သုန်တစ်ခုကိုအစပျိုးနေတဲ့ဒီမိုးတွေနဲ့အတူ သူ့ရင်ထဲကနာကျည်းမုန်းတီးမှုတွေနဲ့ထွက်လာခဲ့တဲ့ ကျိန်စာတစ်ခုရဲ့အသံဟာ အထက်ကောင်းကင်က ပုဂ္ဂိုလ်တွေကိုပါ နားစွင့်နေသယောင်ထင်မှတ်စေခဲ့တယ်။ကျွန်းကြီးဝရွာရဲ့ကမ်းစပ်ပေါ်မှာတော့ ဆာဒမ်းရဲ့ထူးဆန်းတဲ့အပြုအမူကို အံ့သြစွာကြည့်ရှုနေကြတဲ့လူတချို့ရှိနေခဲ့တယ်။တချို့ကတော့ ဆာဒမ်းရူးသွားပြီလားလို့တောင်ထင်ကြေးပေးကြတယ်။ဆာဒမ်းရဲ့လက်ကောက်ဝတ်ကသွေးတွေဟာ လက်ချောင်းကြားတွေကတစ်ဆင့်
ရေပြင်ကို ကျဆင်းနေတယ်။

“ဒီကျွန်းကြီးဝမှာနေထိုင်နေတဲ့ ငါဆာဒမ်းရဲ့အကြွေးတွေကို ဆပ်နိုင်ပါလျက်နဲ့မဆပ်ဘဲ ယုတ်မာပြီးကောက်ကျစ်ပြီး နေခဲ့တဲ့လူတွေနဲ့မင်းတို့ရဲ့သားစဥ်မြေးဆက်အကုန်လုံး ဘယ်လောက်ပဲအလုပ်ကြိုးစားကြိုးစား ဘယ်တော့မှမချမ်းသာမကြီးပွားပါစေနဲ့…မင်းတို့လုပ်အားနဲ့ရရှိလာခဲ့တဲ့ငွေတွေဟာလည်းတစ်နည်းနည်းနဲ့ကုန်သွားပြီး ဘယ်တော့မှမစုဆောင်းမိပါစေနဲ့…စိတ်ဓာတ်မမှန်ကန်တဲ့မင်းတို့နဲ့မင်းတို့ရဲ့သားစဥ်​မေးဆက်တွေရှိနေသရွေ့ ဒီကျွန်းကြီးဝရွာကြီးဟာ တစ်နေ့တခြားဆုတ်ယုတ်ပျက်စီးလာပါစေလို့…ငါ့အသက်၊ငါ့သွေးတွေနဲ့ရင်းပြီးငါကျိန်ခဲ့တယ်….”

မိုးကြိုးများကထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းစွာအဆက်မပြတ်ထစ်ချုန်းနေတာကြောင့် လူတွေလည်းနီးရာအမိုးအောက်ဝင်ပြေးကြတော့တယ်။

ပင်လယ်ရေဟာ ဆာဒမ်းရဲ့သွေးတွေနဲ့အတူလွှမ်းသွားခဲ့ပြီး ဆာဒမ်းရဲ့အလောင်းဟာလည်း ပင်လယ်ရေတွေနဲ့အတူမျောပါသွားခဲ့လေပြီ။မိုးဟာလည်းဆာဒမ်းရဲ့အဖြစ်ကိုကြည့်ရင်း ဝမ်းနည်းကြေကွဲဖွယ်ရာ ရွာချလာပြန်လေတယ်။
ထိုနေ့ကစပြီး ဆာဒမ်းရဲ့ကျိန်စာဟာ ကျွန်းကြီးဝမှာ ပြောစရာပါးစပ်ရာဇဝင်တစ်ခုဖြစ်ခဲ့ပြီး ဆာဒမ်းရဲ့အသက်သွေးတွေနဲ့ကျိန်ဆိုခဲ့တဲ့ကျိန်စာဟာလည်း အသက်ဝင်လေခဲ့သလားမသိပါ။လုပ်ငန်းကြီးငယ်အသွယ်သွယ်နဲ့ သာယာစည်ပင်ခဲ့တဲ့ကျွန်းကြီးရွာဟာ အမျိုးအမည်မသိသော ဆုတ်ယုတ်ပျက်စီးမှုများစွာနှင့် မည်သည့်လုပ်ငန်းမှ ရှည်ကြာစွာလုပ်မရဘဲ ရွာကြီးမှာလည်း တစ်နေ့တခြား ခြောက်ကပ်လို့လာခဲ့ပါတော့သည်။ဤသည်မှာ ကျိန်စာကအသက်ဝင်လာခဲ့ပြီလား…။
နောက်ပိုင်းတွင် ထိုကျိန်စာနှင့်ပတ်သက်ပြီး ပြေလျော့ရန်နည်းလမ်းများကိုလည်းပြောစမှတ်ပြုသံကြားရသည်။ထိုနည်းမှာ ဆာဒမ်းသည် ဝက်သားစားလို့မရသည့်ပသျှူးလူမျိူးခြားဖြစ်တာကြောင့် သူကျိန်စာတိုက်ခဲ့သောနေရာတစ်ဝိုက်တွင် ဝက်သွေးဖြန်း၍ ကျိန်စာဖြေရမည်ဟုဆိုသည်။ထို့အပြင် ဆာဒမ်းကအသက်ပါပေးခဲ့သည့်အတွက် လူ့အသက်တစ်ချောင်းပါ ယဇ်ပူဇော်သကဲ့သို့စတေးပေးရမည်ဟုဆိုကြသည်။တချို့ကလည်းဆာဒမ်းကျိန်စာသင်သည့်ဆိုသည်မှာ ယုတ္တိမရှိကြောင်း၊ရွာမစည်ကားတော့သည်မှာ လူတွေစိတ်ဓာတ်မမှန်ကန်လို့သာဖြစ်ကြောင်း ငြင်းခုန်ကြပြန်သည်။မည်သို့ပင်ဆိုစေ ကျွန်းကြီးဝရွာကလေးသည် တခြားသောရွာငယ်လေးများခေတ်နှင့်အညီတိုးတက်လာသော်ငြား ရေမြေတောတောင်သဘာဝကောင်းနေပါသော်ငြား စီးပွားရေးလုပ်နေပါသော်ငြားလည်း မည်သည့်လုပ်ငန်းကိုမှရေရှည်လုပ်ကိုင်၍မရသော ဖွံ့ဖြိုးတိုးတက်လာရမည့်အစား ဆုတ်ယုတ်လာခဲ့သည်မှာတော့ ငြင်းမရဖွယ်အကြောင်းပင်ဖြစ်လေတော့သည်။

ပြီးပါပြီ။
မှတ်ချက်။ဤဝတ္ထု၌ပါသော အမည်နာမများအားလွှဲပြောင်းထားသည်များမှလွဲ၍ ဇာတ်လမ်းအကြောင်းအရာအနည်းငယ်ပြောင်းလဲထားသည်မှလွဲ၍ တကယ်ရှိခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

#နွေးနွေးအေးချမ်း