အသိုက်ပျက်သူများ(စ/ဆုံး)
———————–
အသိုက်အမြုံ တစ်ခု၏ အေးချမ်း သာယာမှုနှင့် ချစ်ခြင်းတရားများကို နားလည် ခံစားတတ် ကြသူတိုင်း အသိုက်ဖွဲ့လေ့ ရှိကြသည်။ တစ်ခါတစ်ရံ ကံကြမ္မာ မုန်တိုင်းကြောင့် ပြိုကွဲ ပျက်စီးခဲ့ကြသော အသိုက်အမြုံများ အကြောင်းကို စာနာမိလေသော အခါများတွင်တော့ မာယာများလှသော လူ့လောကကြီး ထဲမှ အကြောင်းတရား အချို့ကို ကျွန်မ နာကြည်းကြေကွဲ နေမိသည်။
နံနက်စောစော လမ်းလျှောက်ရသော အရသာများထဲတွင် တောင်သမန် အင်းမှာ လျှောက်ရသော အရသာက ကျွန်မအတွက် ကြည်နူးစရာ အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် မန္တလေး ရောက်ပြီး အမရပူရခေါ် တောင်မြို့မှာ တည်းခိုသည့်အခိုက် ကျွန်မ နံနက်စောစော ထ၍ လမ်းလျှောက် ဖြစ်သည်မှာ တောင်သမန် အင်းစောင်းမှ ကလေးအချို့နှင့်ပင် ခင်မင်နေပြီ ဖြစ်သည်။
ခါတိုင်း နေ့များတွင် အမရပူရ တောင်မင်းကြီးဘုရား ဘက်မှ ဦးပိန်တံတားပေါ် ဖြတ်ကာ တောင်သမန်ရွာမှ ကျောက်တော်ကြီး ဘုရားကို ဖူးပြီး ပြန်နေကျ ဖြစ်သော်လည်း ယနေ့တော့ ကလေးများနှင့် ရက်ကန်းစင် သွားရန် ချိန်းထားသဖြင့် ကျွန်မ ဦးပိန်တံတား ပေါ်သို့ မဖြတ်တော့ဘဲ တောင်သမန်အင်း ဘေးမှ ကန်ပတ်လမ်းကလေး အတိုင်း အတန်ငယ် လှမ်းသည်အထိ လျှောက်ပြီးမှ ပြန်လှည့် လာခဲ့သည်။
မယ်ဇယ် ပင်တန်းကလေးမှ စားသောက်ဆိုင်များနှင့် မနီးမဝေး တောင်မင်းကြီး ဘုရား၏ မုခ်ဝတစ်ခုဆီ အရောက်တွင်တော့
“ဆရာမရေ … ဆရာမ၊ ကျွန်တော်တို့ ဒီမှာ”
ဟူသော အသံကြောင့် ကျွန်မ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ ကျွန်မ တည်းခိုရာ ကျောင်းတိုက်မှ ဦးပဉ္ဇင်း တစ်ပါး၏ မိတ်ဆက်ပေးမှုကြောင့် ကျွန်မကို ကလေးများက ဆရာမဟု ခေါ်ကြသော်လည်း သူတို့နှင့် ကျွန်မက သူငယ်ချင်းလို ခင်မင် နေကြသည်။
“ကျွန်တော်တို့ ဒီမှာ ဆရာမရဲ့၊ ဒီကို လာခဲ့ပါ”
တောင်မင်းကြီး ဘုရားမုခ်ဝ အတွင်းမှ တန်ဆောင်းထဲတွင် ကျွန်မနှင့် ခင်နေသော ကလေး သုံးယောက်နှင့် အဘိုးအို တစ်ယောက်ကို တွေ့ရ၍ ကျွန်မ သူတို့ထံ လျှောက်လာခဲ့သည်။ အဘိုးအိုက တန်ဆောင်းထဲတွင် တင်ပျဉ်ခွေ ထိုင်ရင်းမှ ကြွပ်ကြွပ်အိတ် ဖောင်းဖောင်းလေး တစ်လုံးကို ပေါင်ပေါ်တင်ကာ ပွေ့ပိုက်ထားသည်။
“ဆရာမက ရက်ကန်းစင်ကို မသွားပါနဲ့ တော့နော်”
ကျွန်မ အနီးသို့ ရောက်လျှင် ရောက်ချင်း ကလေး တစ်ယောက်က ဆီးပြောသည်။
“ဘာဖြစ်လို့လဲ ကလေးရဲ့”
“ဆရာမ လိုချင်တဲ့ လွယ်အိတ်တွေ အဘဇံဆီကပဲ ဝယ်ပါနော်၊ အဘဇံ ရောင်းတဲ့ လွယ်အိတ်နဲ့ ရက်ကန်းစင်က လွယ်အိတ်က ဈေးချင်း အတူတူပါပဲ”
“ဟုတ်ပါတယ် ဆရာမရယ်၊ အဲဒီရက်ကန်းစင်က ရက်တဲ့ လွယ်အိတ်ပါပဲ၊ ပစ္စည်းလည်း ကောင်းပါတယ်၊ အဘဇံဆီကပဲ ဝယ်ပါနော်၊ အဘဇံကို သနားပါတယ်”
ပူပူပင်ပင်နှင့် တိုက်တိုက်တွန်းတွန်း ပြောနေသော ကလေးများ၏ အဘဇံ ဆိုသူကား မျှော်လင့်တကြီး ပုံသဏ္ဌာန်ဖြင့် ကြွပ်ကြွပ်အိတ်ထဲမှ လွယ်အိတ် အချို့ကို တယုတယ ထုတ်ပြနေသည်။
“ဝယ်မယ်လေ၊ ကျွန်မကြိုက်တဲ့ အရောင်တွေ့ရင် အဘဇံဆီက ဝယ်မှာပေါ့၊ ရန်ကုန်က ကျွန်မ မောင်လေးတွေ အတွက်ပါ၊ မောင်လေးက မှာလိုက်တာ အနီရောင်၊ ဒါမှမဟုတ် မီးခိုးရောင်၊ အနက်ရောင်တဲ့၊ ဝယ်ရင် နှစ်အိတ် သုံးအိတ် ဝယ်ရမှာ၊ သူတို့မှာတဲ့ အရောင်တွေ ပါရင်ပေါ့”
ဟု ကျွန်မက ပြောသောအခါ အဘဇံက
“ပါမှာပါ ဆရာမရယ်၊ ဘာရောင်တွေလဲတော့ ဆရာမ ကြည့်ပါ၊ ကျွန်တော် မသိဘူး၊ အသားတွေ ကတော့ တကယ် ကောင်းတာပါ၊ ကျုပ် ယူခဲ့တာ ဆယ်အိတ်ပဲ အရောင်စုံလို့တော့ ပြောပါတယ်၊ ဆရာမ ရွေးပါ”
“အဘဇံက မျက်စိ မမြင်ရဘူး ဆရာမရဲ့ …”
ဆိုတော့ ကျွန်မ တအံ့တဩနှင့် အဘဇံကို မော့ကြည့်ဖြစ်သည်။ အဘဇံကတော့ သူ့လွယ်အိတ် ရောင်းရရေးကိုသာ မျှော်လင့်နေဟန် ရှိသည်။
“ဆရာမ ကြိုက်တာ ရွေးပါဗျာ၊ လိုတဲ့အရောင် မပါရင်လည်း ကျုပ် ထပ်ယူပေးပါ့မယ်၊ ကျုပ်မှာ ဆရာမကို ရောင်းချင်လွန်းလို့ အစောကြီး ကတည်းက ဒီကလေးတွေနဲ့ ဆရာမ လမ်းလျှောက်ထွက်မယ့် အချိန်ကို လာစောင့်နေရတာ”
“ဟုတ်တယ် ဆရာမရဲ့၊ ကျွန်တော်တို့ က ညကတည်းက အဘဇံဆီ သွားပြီး လွယ်အိတ်တွေ အဆင်သင့် လုပ်ထားဖို့ သွားပြောပြီး အခုမနက် သွားခေါ်လာတာ၊ ဝယ်လိုက်ပါနော် ဆရာမ၊ အဘဇံက မျက်စိလည်း မမြင်ဘူး၊ သနားပါတယ်”
အဘဇံကို ကြည့်ကာ သနားနေရင်းက ကျွန်မမှာ အဘဇံအပေါ် ထားသော ကလေးတွေ၏ သံယောဇဉ်၊ ညှာတာစိတ်၊ အကြင်နာ မေတ္တာများကိုလည်း ပီတိပွားကာ ကြည်နူးသွားမိသည်။
“ဝယ်မှာပါ ကလေးရဲ့၊ အဘဇံဆီကပဲ ဝယ်မှာပါ၊ ဒါပေမဲ့ ဆရာမက ရက်ကန်းစင်တွေ ကိုလည်း သက်သက် သွားကြည့်ချင်သေးတာနော်၊ နောက်နေ့ကျရင် လိုက်ပြဦး”
“ပြမှာပေါ့ ဆရာမရဲ့၊ ကျွန်တော်တို့ ဘက်မှာ ရက်ကန်းစင်တွေမှ အများကြီး၊ ဆရာမ အဲဒီကျရင် မယုံရင်ကြည့်၊ အဘဇံဆီက လွယ်အိတ်နဲ့ အဲဒီက လွယ်အိတ် ဈေးချင်း အတူတူပဲ”
“ဟုတ်ပါပြီလေ၊ ဝယ်ပါ့မယ် ဆိုမှကွာ”
ကျွန်မ ရယ်ရယ်မောမောနှင့် အဘဇံဆီမှ လွယ်အိတ် နီညိုရောင် နှစ်လုံးနှင့် မီးခိုးရောင် တစ်လုံးကို မောင်လေးများ အတွက် ဝယ်ခဲ့သည်။ လွယ်အိတ်များ ရွေးချယ် ဝယ်ယူသည် တွင်တော့ ပိုက်ဆံများကို တရိုတသေ သိမ်းနေသော အဘဇံကို ကြည့်ကာ
“အဘဇံ အသက်ဘယ်လောက် ရှိပြီလဲ၊ သားသမီးတွေရော မရှိဘူးလား” ဟု မေးကြည့်မိတော့ ရှိရင်းစွဲ အသက်ထက် ဆယ်နှစ်မျှ အိုစာနေပုံ ရသည့် အဘဇံ၏ မျက်နှာသည် ညှိုးရီသွားပြီး
“ကျုပ်အသက်က ခုဝါခေါင် လဆန်းမှ ခြောက်ဆယ် ပြည့်မှာ၊ ကျုပ်က အသက်ကြီးမှ အိမ်ထောင်ကျတာ ဆရာမရဲ့ ၊ သားသမီးလည်း ရှိတာပေါ့၊ သမီးလေး နှစ်ယောက် ရှိတယ်၊ အမြွှာမွေးပေါ့၊ ကျုပ်ဘဝ ဒီသမီးလေး နှစ်ယောက်ကြောင့် အသက်ရှင် နေရတာ”
“အဘဇံ ဇနီးရော”
“သူက အဲဒီသမီး အမြွှာလေးတွေ ခုနစ်နှစ် အရွယ်မှာ မီးယပ်ကိုင်ပြီး ဆုံးသွားတယ်၊ ကျုပ်မှာလည်း အခု ကိုယ့်အသက် ကိုယ်ရှင်အောင် မွေးပြီး သမီးတို့ကို မျှော်နေရတာ ဆရာမရဲ့၊ လောကကြီးထဲမှာ သွေးသား အရင်းအချာ ဆိုလို့ ကျုပ်တို့ သားအဖ သုံးယောက်ပဲ ကျန်တော့တာ”
“မမစိုးနဲ့ မမမိုးက ဟိုးအဝေးကြီးမှာ အလုပ်သွားလုပ် နေကြတာ ဆရာမရဲ့၊ ကြာလှပြီ”
ကလေး သဘာဝ အတိုင်း သတင်းဦး ပေးချင်ဇောနှင့် တစ်ယောက်က အပြေးအလွှား ဝင်ပြောသည်။
“ဟုတ်လား၊ ဘယ်မှာ သွားလုပ်တာလဲ”
ဆိုတော့ ကလေးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဆွံ့နေကြသည်။ အတန်ကြာမှ
“အဘဇံ ပြောလိုက်လေဗျာ” ဟု ဆိုကာ ကျန်လွယ်အိတ်များကို အဘဇံ၏ ကြွပ်ကြွပ်အိတ် ထဲသို့ သေသေသပ်သပ် ခေါက်ထည့်ကာ စည်းနှောင်ပေး နေကြသည်။ ကျွန်မက အဘဇံဘက်သို့ လှည့်ပြီး
“အဘဇံ သမီးတွေက ဘယ်မှာ အလုပ်သွားလုပ် ကြတာလဲ။ ရန်ကုန်မှာလား” ဟု ဒုတိယ အကြိမ် ထပ်မေးဖြစ်တော့မှ အဘဇံက
“ရန်ကုန် မဟုတ်ပါဘူး ဆရာမရယ်၊ ဟိုအိန္ဒိယ နယ်ထဲလို့ ပြောတာပါပဲ၊ မီဇိုဆိုလား ဘာလားပဲ၊ အဲဒီမှာ ရက်ကန်းခတ်တဲ့ အလုပ်က ဝင်ငွေကောင်းလို့ ဆိုပြီး အဖော်တွေနဲ့ လိုက်သွားတာပါ၊ အစတုန်းက အဲဒီလောက် ဝေးမှန်း မသိပါဘူးဗျာ၊ သိရင်လည်း ကျုပ်မလွှတ်ပါဘူး ဆရာမရယ်၊ ကျုပ်သမီးလေးတွေက သိပ်လှတာ ဆရာမရဲ့၊ လိမ်လည်း လိမ္မာတယ်၊ ဖအေကိုလည်း သိပ်ချစ်တာ၊ ခမျာများမှာ သွားသာ သွားရတာ၊ ကျုပ်ကို သိပ်စိတ်ချတာ မဟုတ်ဘူး၊ ဟိုမှာ အလုပ်လုပ်ရင်း ကျုပ်ကို လွမ်းလို့ ငိုသတဲ့”
သမီးတွေ အကြောင်း ပြောရင်း အဘဇံ မျက်ဝန်းမှာ အနည်းငယ် စိုစွတ် လာသယောင် ရှိသည်။
“အဘဇံ သမီးတွေက အဘဇံကို အမှန်အတိုင်း မပြောသွားဘူးလား၊ အရင်တုန်းကရော သူတို့က ဒီမှာ ဘာလုပ်လဲ၊ အဲဒီအရပ်က ဘယ်သူတွေနဲ့ သွားတာလဲ”
“ဒီလို ဆရာမရဲ့၊ အစက ပြောရရင် ကျုပ်က အညာကုန်သည်၊ သူတို့ အမေက ဟောဟို ရတနာ့ဂူ သွားတဲ့လမ်းက ယက္ကန်းတော် ရွာမှာ အဒေါ်များနဲ့ နေပြီး ရက်ကန်း ခတ်တယ်၊ ကျုပ်တို့နှစ်ယောက် အိမ်ထောင်ကျတော့ ဟောသည် အရပ်မှာ အခြေချပြီး ကိုယ်ပိုင် ယက္ကန်းစင်ကလေးနဲ့ နေကြတာ ချောင်လည် ပါတယ်။ အဲဒီ သမီးအမြွှာလေးတွေ မွေးပြီး ခုနစ်နှစ် အကြာမှာ သူတို့အမေ ဆုံးတော့ လူမမည်ကလေး နှစ်ယောက်နဲ့ ကျုပ် ယက္ကန်းခတ်လိုက်၊ ကုန်ရောင်း ထွက်လိုက်နဲ့ နေလာရတာ၊ သမီးတွေကလည်း တော်တယ်၊ ပတ်ဝန်းကျင်နဲ့လည်း တည့်တယ်၊ အပျိုပေါက်ကလေးတွေ ဖြစ်လာတော့ သူတို့လည်း အလိုလို ရက်ကန်းစင်ပေါ် ရောက်တာပဲပေါ့၊ ကျောင်းလည်း တစ်ဖက်က တက်ပါတယ်၊ ဒါပေမဲ့ နောက်တော့ နှစ်ယောက်စလုံး ရှစ်တန်းနဲ့ ထွက်ပြီး ရက်ကန်းပဲ ရက်ကြတော့တယ်၊ ကျုပ် ခရီးသွားရင်း ကားမှောက်တဲ့ထဲ ပါသွားရာက လူက ဘာမှ မကျိုးမပဲ့ဘဲ အာရုံကြော ထိခိုက်တာတဲ့၊ မျက်စိက တဖြည်းဖြည်း မှုန်လာရာက ကွယ်သွားတဲ့ အထိ ဖြစ်သွားလို့ သူတို့ လေးတွေ ကျောင်းထွက် လိုက်ရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့ ဆရာမရယ်”
“အဘက ဖြစ်ဖြစ်ချင်း မကုဘူးလား”
“ဘယ်နေလိမ့်မလဲ ဆရာမရယ်၊ ကုတာပေါ့၊ ချက်ချင်းကြီး ကွယ်သွားတာ မဟုတ်ပါဘူး၊ ကြားထဲ တစ်နှစ်လောက် ကြာတယ်၊ တဖြည်းဖြည်း ကုနေရင်းနဲ့ကို ကွယ်သွားတာ၊ ကျုပ်စိတ်တွေ စောပြီး ဟိုဆရာ ပြောင်းလိုက်၊ ဒီဆရာ ပြောင်းလိုက် နည်းနည်း သက်သာတယ်လို့ ထင်ပြီး ဆေးရပ်လိုက်၊ ငွေကြပ်လို့ ဆိုပြီး သောက်ဆေး ခဏ ဖြတ်ထားလိုက်နဲ့ လုပ်တာတွေလည်း ပါမှာပေါ့ဗျာ၊ အဲသည် တစ်နှစ်လောက် အတွင်းမှာ ရက်ကန်းစင်လည်း ရောင်းလိုက်ရပြီး သမီးတွေ သူများစင်မှာ အငှါးခတ်ရတဲ့ အထိ ဖြစ်သွားတယ်၊ နဂို သူ့အမေ မမာကတည်းက ကျုပ်တို့မှာ အတွင်းပစ္စည်းက ကုန်နေတာ၊ သမီးနှစ်ယောက် နားက နားကပ် သေးသေးလေး တစ်ရန်စီပဲ ကျန်တာဗျ၊ ဒါနဲ့ ကျုပ်ကလည်း မျက်စိကွယ်၊ ဆေးဖိုးက တစ်ဖက်၊ စားစရိတ်က တစ်ဖက်နဲ့ ရက်ကန်းပိုင် မရှိတဲ့ လူတွေ သိပ်မချောင်လည် ကြတော့ အဲဒီနယ်စပ်ကို သွားပြီး ရက်ကန်း အငှါး သွားခတ်ကြတဲ့ ဆီကို ကျုပ်သမီးတွေက အားကျပြီး အဖော်ကောင်းတာနဲ့ ကျုပ်ကို ပူဆာတော့တာပဲ၊ သွားခါနီးတုန်းက ကျုပ်ကို အဝေးကြီးလို့ ပြောမသွားဘူးဗျ”
“ဒါနဲ့ပဲ အဘဇံက ထည့်လိုက်ရောလား”
“ပထမ တစ်ခါတုန်းက မထည့်ဘူးဗျ၊ နောက်တစ်ခါ ကျတော့ ကျုပ်တို့ အရပ်က မတင်မှီ ဆိုတာ ပါတယ်၊ သိပ်စိတ်ချရတာ၊ မတင်မှီ ပါလို့ကတော့ ကျုပ်က ဘယ်ဖြစ်ဖြစ် စိတ်ချတယ်၊ သမီးတွေကလည်း အမှန်မှာ သွားချင်လွန်းလို့ မဟုတ်ဘူး၊ ဒီမှာ တစ်နေ့ နှစ်ရာလောက် ရအောင် ဖျစ်ဖျစ်မြည်အောင် လုပ်ရတဲ့ အချိန်။ ဟိုမှာ စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်နေ့ နှစ်ထောင်လောက်စီ ရတယ်ဆိုတော့ ရက်ကန်း အပိုင်ကလေး ပြန်ရအောင် တစ်နှစ်၊ တစ်နှစ်ခွဲလောက် သွားခတ်ပြီး ငွေစုခဲ့မယ် ဆိုပြီး ကျုပ်ကို အဖန်ဖန် ခွင့်တောင်းလို့ လွှတ်လိုက်ရတာ၊ သူတို့က သားအဖ သုံးယောက် အိုးမကွာ အိမ်မကွာနဲ့ စိတ်ချမ်းချမ်းသာသာ ချောင်ချောင်လည်လည် နေဖို့ ရည်ရွယ်ချက်နဲ့ ဆိုတော့ ကျုပ်လည်း လိုက်လျော လိုက်ရတာပေါ့ဗျာ”
“အဘဇံဆီ သူတို့ စာရေးသလား၊ ပိုက်ဆံရော ပို့လား”
“ပို့တာပေါ့ဗျာ၊ နောက်တော့ ကျုပ်က မပို့နဲ့၊ သမီးတို့ ပိုက်ဆံ အဖေဘာမှ မသုံးဘူး၊ စုထားတာ၊ သမီးတို့လည်း စုထားပြီး ပြန်မှပဲ တစ်ပါတည်း ယူလာခဲ့တော့၊ စာတော့ မှန်မှန်ရေးလို့ မှာထားလိုက်တယ်၊ ဒါတောင် ကျုပ်ကြိုက်တဲ့ မလိုင်လုံးတွေတော့ ဝယ်ဝယ်ပို့တယ်ဗျ၊ စာလည်း ရေးတယ်၊ စာရေးတဲ့ အခါတိုင်း ကျုပ်ကို ‘အဖေ စိတ်ချမ်းသာအောင် နေပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ အဖေကြိုက်တဲ့ မလိုင်လုံးတွေ ဝယ်ထည့်ပေး လိုက်တယ်၊ သမီးတို့ ငွေစု နေကြတယ်၊ ရက်ကန်းစင် ထောင်နိုင်တာနဲ့ အဖေ့ဆီ ပြေးလာခဲ့မယ်၊ အဖေချစ်တဲ့ သမီး စိုးစိုးနဲ့ မိုးမိုး’ လို့ အမြဲ ရေးတယ်၊ သူတို့ စာကို ကျုပ်အလွတ်တောင် ရနေပြီ။ သူတို့ကို အပ်လွှတ်လိုက်တဲ့ မတင်မှီက တစ်နှစ်ကို သုံးလေးခေါက်လောက် ပြန်ပြန်လာတယ်။ သူက ဒီမှာ အိမ်ထောင်နဲ့ ကလေးတွေလည်း ရှိတော့ အရောင်းအဝယ် ကုန်လေးတွေနဲ့ ပြန်ပြန်လာ တတ်တယ်၊ သည်အတိုင်း ဆိုရင် လမ်းစရိတ်ကတင် မနည်းဘူး၊ မတင်မှီ ပြန်လာတိုင်း သမီးတွေဆီက မုန့်နဲ့ စာပါ ပါလာတတ်တယ်၊ အခု တစ်ရက် နှစ်ရက်အတွင်း မတင်မှီ ပြန်လာဦးမယ်လို့ သူ့အိမ်က လာပြောတယ် ဆရာမရဲ့၊ သမီးတွေကလည်း ပါချင် ပါလာတော့မှာ၊ မတင်မှီ နောက်ဆုံးအခေါက် လာတုန်းက ကျုပ် မှာလိုက်တယ်၊ သမီးတို့ ပိုက်ဆံ မပြည့်ရင် နေပါစေ၊ အဖေလွမ်းလှပြီ ပြန်ခဲ့ကြတော့လို့”
—
ကျွန်မ မနက်ဖြန် ရန်ကုန် ပြန်မည်မို့ ကျွန်မမိတ်ဆွေ ကလေးများနှင့် ညနေဘက် မယ်ဇယ်ပင်တန်းကို လမ်းလျှောက်ထွက်ရင်း အဘဇံကို နှုတ်ဆက်ရန် ရက်ကန်းစင်များ ရှိရာ အရပ်သို့ လျှောက်လာခဲ့သည်။ လွယ်အိတ် ဝယ်ပြီးသည့် နောက်ပိုင်း အဘဇံနှင့် တစ်ခေါက် ထပ်တွေ့စဉ်က အဘဇံ ပြောခဲ့သည့် စကားတချို့ကို လမ်းတွင် တွေးလာမိသည်။
“သမီးတွေ ပို့လိုက်တဲ့ ပိုက်ဆံနဲ့ ကျုပ်တစ်ခုခု ဝယ်စားရမှာ သိပ်ကြောက်တာ ဆရာမရဲ့၊ ကျုပ် မစားရက်ဘူး၊ သူတို့ ဆန္ဒလေးတွေ မြန်မြန်ပြည့်ပါစေ ဆိုပြီး သိမ်းထားရတာ၊ ကျုပ် တစ်ဝမ်းတစ်ခါး အတွက် ကော်မရှင်စားနဲ့ ရက်ကန်းက လွယ်အိတ်ကလေးတွေ၊ ပုဆိုးလေးတွေ ယူယူပြီး တောင်သမန်မှာ ဧည့်ကျတဲ့ အချိန် ဒီကလေးတွေ အကူအညီနဲ့ လိုက်လိုက်ပြီး ရောင်းရတာ၊ ထမင်း တစ်ဝမ်းကတော့ ဝပါတယ်ဗျာ၊ ဒါကြောင့် သမီးတွေကို ကျုပ်အမြန် ပြန်လာစေချင်တာ၊ လွမ်းတဲ့ဒဏ်ကို ကျုပ်မခံနိုင်ဘူးဗျ”
“ဆရာမ အဘဇံနေတာ ဒီအိမ်ကလေးပေါ့”
ကျွန်မ အတွေးမဆုံးခင် ခပ်ကုပ်ကုပ် မြေစိုက်အိမ်လေး တစ်လုံးရှေ့ ရောက်လာခိုက် ကလေး တစ်ယောက်က ကျွန်မလက်ကို ဆွဲပြီး ရပ်တန့်လိုက်တယ်။ ကျန်တစ်ယောက်က တဲထဲသို့ လှမ်းပြီး
“အဘဇံ၊ ဗျို့ … အဘဇံ၊ ဆရာမ လာတယ်ဗျ၊ ဟာ … ဒေါ်တင်မှီ ပြန်လာပြီ၊ မမစိုးစိုးတို့ ပါလာပြီလား” ဟု လှမ်းအော်လိုက်၍ ကျွန်မ အတွင်းသို့ ကြည့်လိုက်ရာ တဲအတွင်းမှ ကွပ်ပျစ်ပေါ်တွင် အဘဇံနှင့် အမျိုးသမီး တစ်ယောက် ထိုင်နေကြသည်ကို မြင်လိုက်သည့် ခဏ၊ အမျိုးသမီး၏ မျက်နှာကို ကျွန်မ လျှပ်တပြက် အကဲခတ်မိစဉ် ရင်ထဲ၌ စိုးရိမ်ပူပန်စိတ် တစ်ခု လှုပ်ခတ်သွားသလို ရှိသည်။
“ဆရာမလား၊ လာပါ ဆရာမ၊ ထိုင်ပါ၊ အိမ်က ကျဉ်းတော့ အားနာတယ်”
“ရပါတယ် အဘဇံရယ်၊ ကျွန်မ မနက်ဖြန် ပြန်မှာမို့ အဘဇံကို လာနှုတ်ဆက်တာပါ၊ အဘဇံ စားဖို့ ဟောသည်မှာ ကျွန်မ ကန်တော့ခဲ့တာပါ” ဆိုပြီး ပါလာသော စားသောက်ဖွယ်ရာများကို ပေးတော့ အဘဇံက
“ဒုက္ခရှာလို့ ဆရာမရယ်၊ ဟောသည်မှာ သမီးတွေကလည်း မလိုင်လုံးတွေနဲ့ စာနဲ့ ပေးလိုက်တယ်၊ နောက်အခေါက်မှ လိုက်ပြန် လာခဲ့မယ်တဲ့ဗျာ၊ ခက်တဲ့ ကလေးတွေပဲ”
“အဘဇံ သမီးတွေကို အဘဇံ ပြောတာနဲ့ပဲ ကျွန်မ စိတ်ဝင်စား နေပြီ၊ သိပ်ချစ်စရာ ကောင်းမှာပဲ၊ နောက်တစ်ခါ ကျွန်မ တောင်သမန် လာရင် တွေ့ရမှာပေါ့နော်”
“သေချာတာပေါ့ ဆရာမရယ် …၊ ဪ ဆရာမ တင်မှီ ဆိုတာ သူပေါ့ဗျ၊ သမီးတွေကို သူ့ပဲ အပ်ထားရတာဗျ”
ဟု အဘဇံက ပြောတော့ မတင်မှီဆိုသူ အမျိုးသမီး၏ မျက်နှာက ဟန်မဆောင် နိုင်လောက်အောင် ပျက်သွားသည်။ သူမ၏ တဖျပ်ဖျပ် ခတ်နေသော မျက်တောင်ဖျား များတွင် စိုစွတ်နေသော မျက်ရည်စများ ကိုလည်း ကျွန်မ အတိုင်းသား မြင်နေရသည်။ အဘဇံကတော့ စာရွက်ကလေးနှင့် မလိုင်လုံးထုပ် ကလေးကို တယုတယ ပွတ်သပ် နေရင်းက …
“မတင်မှီရေ၊ နင့်ညီမတွေ အလုပ်လုပ်တဲ့ နေရာက ဘယ်နေရာ …၊ ဆရာမကို ပြောပြလိုက် စမ်းပါဟာ၊ ပြီးတော့ နင်တို့ရဲ့ အလုပ်အကိုင် အကြောင်းတွေ ငါက သေသေချာချာ ပြောမပြတတ်ဘူးဟ”
“ဒါဆိုရင် အေးအေးဆေးဆေး စကားပြောရအောင် မတင်မှီနဲ့ ကျွန်မ ဦးပိန်တံတားပေါ် သွားရအောင်လား၊ မတင်မှီလည်း ကိုယ့်ဒေသ ပြန်ရောက်ခိုက် လန်းလန်းဆန်ဆန်း ဖြစ်သွားအောင် ကျွန်မလည်း မနက်ဖြန် ပြန်တော့မှာမို့ တောင်သမန်ရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစား သွားချင်သေးတယ်၊ အဲဒီကျမှ စကားပြောရရင် မကောင်းဘူးလား”
ဆိုတော့ အဘဇံကပါ ထောက်ခံသည်။
“ကောင်းတယ် ဆရာမတို့ အဲဒီသွားကြ၊ ကျုပ်တော့ မလိုက်တော့ဘူး၊ ဟိုချာတိတ်တွေလည်း နေခဲ့ဦးနော်။ မင်းတို့ မမတွေ ပေးလိုက်တဲ့ မလိုင်လုံးတွေ စားသွားကြဦး၊ ဪ ဆရာမလည်း စားသွားဦးလေ၊ ကျုပ် မေ့ပြီး ဧည့်တောင် မခံမိဘူး”
“နေပါစေ အဘဇံရယ်၊ မစားတော့ပါဘူး၊ အဘဇံတို့ မြေးအဘိုးတွေပဲ စားကြပါ”
အဘဇံကို နှုတ်ဆက်ပြီး ကျွန်မ မတင်မှီကို ခေါ်၍ တံတားဘက် ထွက်ခဲ့သည်။ ကျွန်မနောက်မှ အရုပ်တစ်ရုပ်လို ငြိမ်သက်စွာ လိုက်ပါလာသော မတင်မှီ၏ ထံတွင် ဝမ်းနည်း ကြေကွဲမှုတွေပါ ရောယှက် ပူးတွဲလာကြောင်း မကြာမီ အချိန်အတွင်းမှာပဲ ကျွန်မ သိလိုက် ရတော့သည်။
“မတင်မှီကို မမြင်ဖူးခင် ကတည်းက အဘဇံ ပြောလို့ ကျွန်မ သိနှင့်နေတာပါ၊ ဒါပေမဲ့ အခု မြင်လိုက်ရတော့ အဘဇံရယ်၊ မတင်မှီရယ် ကလေးတွေရယ် ကြားထဲမှာ တစ်ခုခုတော့ စိတ်မကောင်းစရာ ရှိနေပြီလို့ ကျွန်မ တွေးလိုက်မိတယ်၊ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ ပွင့်ပွင့်လင်းလင်း ပြောပြပါလား မတင်မှီရယ်၊ အဘဇံရဲ့ သမီးလေးတွေ အခြေအနေက ဘယ်လိုလဲဟင်၊ သူတို့က ဘာလုပ်ကြတာလဲ၊ ရိုးရိုးသားသား အလုပ်ရော ဟုတ်ရဲ့လား၊ ကျွန်မ စိတ်ပူလို့ မေးကြည့်တာ ပါနော်၊ စပ်စုတယ် မထင်ပါနဲ့”
“ရပါတယ် ဆရာမရယ်၊ ကျွန်မလည်း ဆရာမရှေ့မှာ ဘယ်လိုမှ ဟန်ဆောင် မနေနိုင်တော့ဘူး၊ သူတို့ သားအဖတွေကို ကြည့်ရတာ ကျွန်မ ရင်နာလိုက်တာ ဆရာမရယ်”
ဟု ပြောက မတင်မှီ မျက်ရည်သုတ်သည်။
“ဘာဖြစ်လို့လဲ မတင်မှီရယ်၊ ပြောပါဦး”
“စိုးစိုးရော မိုးမိုးပါ မရှိတော့ဘူး ဆရာမရဲ့၊ နှစ်ယောက်လုံး ဆုံးသွားပြီ”
“ရှင် …”
“ကျွန်မ အရင်တစ်ခေါက် ပြန်လာကတည်းက စိုးစိုး မရှိတော့တာ၊ အခု မိုးမိုးပါ ဆုံးသွားပြီ ဆရာမရဲ့၊ ကျွန်မ အဘဇံကို ဘယ်လို ပြောရမှာလဲ၊ ပြောလို့လည်း ဘယ်ဖြစ်ဦးမှာလဲ ဆရာမရဲ့၊ အဘဇံ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ”
“စောစောက ပြောတော့ သူတို့ စာရေးပေး လိုက်တယ်ဆို၊ ဘယ်လိုဖြစ်လို့ ဆုံးရတာလဲ”
“အဲဒီမုန့်တွေ၊ စာတွေက သူတို့ ညီအစ်မ ပေးသလိုနဲ့ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေ တိုင်ပင်ပြီး လုပ်ကြတာပါ၊ သူတို့ ညီအစ်မ အဖြစ်ကိုက ဆိုးပါတယ် ဆရာမရယ်”
“မတင်မှီပဲ တာဝန်ယူပြီး ခေါ်သွားတာဆို၊ ဘယ်လို ဖြစ်ကြတာလဲ၊ ရက်ကန်းခတ်တယ် ဆိုတာရော အမှန်ပဲလား”
“အမှန်ပါပဲ ဆရာမရယ်၊ တကယ် ရက်ကန်း ခတ်ကြတာပါ၊ ကျွန်မ သွားလုပ်ပြီး ခြောက်လလောက် ကြာမှ သူတို့ကို လာခေါ်တာ၊ ပိုက်ဆံကလည်း တကယ်ရလို့ ကျွန်ကလည်း စေတနာနဲ့ သူတို့ကလည်း ရက်ကန်း ထောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လိုက်ခဲ့တာပါ၊ ဟိုကျတော့ အလုပ်က တစ်နေရာဆီမှာပဲ ရတယ်၊ သိပ်တော့ မဝေးပါဘူး၊ သွားတွေ့လို့ ရပါတယ်”
“အဲဒါက ဘယ်နေရာလဲ”
“အိန္ဒိယ မြန်မာ နယ်စပ်ပေါ့၊ မီဇိုနယ်လို့ ခေါ်ပါတယ်”
“အဲဒီမှာ နေလို့ ရသလား”
“အလုပ်ရှင်က တာဝန်ယူထားရင်၊ ဒါမှမဟုတ် အုပ်ချုပ်ရေးက လူတွေနဲ့ နားလည်မှု ရရင် နေလို့ ရပါတယ်၊ ကျွန်မတို့တွေ အဲဒီမှာ တကယ် ရိုးရိုးသားသား လုပ်စား နေကြတာပါ ဆရာမရယ်၊ ငွေများများ စုမိရင် ကိုယ့်နေရာကိုယ် ပြန်လာပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ စိတ်ကူးယဉ် နေကြတဲ့ လူတွေချည်းပါပဲ”
“စိုးစိုးတို့ ညီအစ်မက ဘယ်လို ဖြစ်တာလဲ”
“အစက ကျွန်မလည်း မသိပါဘူး၊ ကျွန်မက မိုးမိုးနဲ့ တစ်နေရာတည်း လုပ်တာမို့ မိုးမိုး နေမကောင်း ခဏခဏ ဖြစ်ပြီး အလုပ်ပျက်ရက်တွေ များလာတာရယ်၊ တဖြည်းဖြည်း ပိန်လှီပြီး ပုံသဏ္ဌာန် ပျက်လာတာရယ်ကြောင့် ကျွန်မတို့ မိုးမိုးကို ဆေးကုကြတော့ မိုးမိုးမှာ ဟိုရောဂါ ဖြစ်နေတာလို့ ဆရာဝန်က ပြောတယ်၊ အဲဒီ အရပ်မှာက AIDS သိပ်ပေါတာ ဆရာမရဲ့၊ ကျွန်မတို့တွေက စည်းနဲ့ကမ်းနဲ့ စုစုစည်းစည်း နေကြတာပါ၊ ဘာကြောင့် မိုးမိုး အဲသည်လို ဖြစ်ရတာပါလိမ့်လို့ အားလုံး ရင်ထုမနာ ဖြစ်ကြရတယ်၊ ဒါနဲ့ မိုးမိုးကို ချော့မော့ မေးတော့ မိုးမိုးက အစတုန်းက ရှက်လို့ မပြောဘူး၊ နောက်မှ အဲဒီရဲ့ အုပ်ချုပ်ရေးပိုင်းက လူတစ်ယောက်က သူတို့ ညီအစ်မရဲ့ နေထိုင်ခွင့်ကို ခြိမ်းခြောက်ပြီး စော်ကားသတဲ့၊ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ အဲသည်လူနဲ့ တွေ့လိုက်တာမို့ ကျွန်မတို့လည်း မသိလိုက်ဘူး၊ မိုးမိုးကလည်း မပြောဘူး၊ ရောဂါရင့်မှ ပြောတော့ အဲသည်လူတောင် သေသွားပြီ၊ မိုးမိုးက သူ့ရောဂါကို သူ့အစ်မ စိုးစိုးကို ပြောမပြနဲ့၊ အစ်မ မတင်မှီ စိုးစိုးဆီ သွားပြီး အိမ်ကို အမြန်ပြန်လွှတ်ပြီး အဖေနဲ့ ပြန်နေခိုင်းပါ၊ သူ့ကိုတော့ ဒီမှာပဲ ထားခဲ့ပါ ဆိုပြီး ကျွန်မကို စိုးစိုးဆီ လွှတ်တယ်၊ စိုးစိုးကို အဖေနဲ့ ဆက်ဆက် ပြန်နေပါ၊ အဖေ့ကို စိတ်မချဘူးလို့လည်း အထပ်ထပ် မှာတယ်၊ ကျွန်မက စိုးစိုးဆီ ရောက်တော့ စိုးစိုးက သူ့ထက် ပိုဆိုးနေတယ်၊ ပါးစပ် တစ်ခုလုံးလည်း အနာတွေ ပြည့်လို့ ၊ ကျွန်မတို့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်မို့ အကြောင်းမရှိဘဲ သူ့ဆီ မရောက်ဖြစ်ကြဘူး၊ ကျွန်မက စိုးစိုး ဘာဖြစ်တာလဲ ဆိုတော့ သူက စကားတောင် သွက်သွက် မပြောနိုင်ရှာဘူး ‘မသိပါဘူး အစ်မရယ်၊ ဗိုက်မှာ ရေယုန်တွေ ပေါက်တာ အများကြီးပဲ၊ ထဘီတောင် တင်းတင်းဝတ်လို့ မရဘူး၊ အလုပ်ပျက်တာလည်း ကြာပြီ၊ ရေယုန် ပျောက်တဲ့ဆေး ဆိုလို့ သောက်လိုက်တာ ဗိုက်မှာတော့ နည်းနည်းချပ် သွားပါရဲ့၊ ပါးစပ်တွေထဲ လျှောက်ပေါက်နေတာ အစ်မမြင်တဲ့ အတိုင်းပဲ၊ မိုးမိုးကို သွားမပြော ပါနဲ့နော်၊ ကျွန်မဆီ လာလို့ အလုပ်ပျက်ရင် ပိုက်ဆံ တော်တော်နဲ့ မပြည့်ဘဲ နေလိမ့်မယ်’ တဲ့ ”
“တိုတို ပြောရရင်တော့ ဆရာမရယ်၊ သူလည်း မိုးမိုးလို ဖြစ်နေတာပဲ၊ မခံချင်စရာ ကောင်းတာက သူတို့ ညီအစ်မကို စော်ကားတဲ့ တရားခံက တစ်ယောက်တည်းပဲ၊ အဲဒီလိုတော့လည်း ခုမှ ဘာလုပ်လို့ ရတော့မှာလဲ၊ ကျွန်မတို့မှာ ရင်ထုမနာ ဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး၊ သူတို့ ညီအစ်မကို အတူထား၊ ရတဲ့ လုပ်အားခတွေ ထဲက တတ်နိုင်သလောက် ဝိုင်းစု ဆေးကုပေးပြီး အဘဇံ ကိုတော့ သူတို့ ရေးနေကျ စာအတိုင်း ရေး၊ သူတို့ ပေးနေကျ မုန့်အတိုင်း ဝယ်ပေး နေခဲ့တာ အခုထိပေါ့၊ ကျွန်မ အမှန်အတိုင်း ဘယ်လို ပြောရက်ဦးမှာလဲ ဆရာမရယ်”
ကျွန်မရင်ထဲ မတင်မှီနှင့်အတူ ဆို့နင့်သွားသည်။
“အဲဒီကိစ္စကို မတင်မှီတို့ ဘယ်လိုမှ မတုံ့ပြန်ကြဘူးလား၊ ဒီအတိုင်းပဲ ခံနေကြရသလား”
“မခံလို့လည်း ဘာမှ လုပ်မရဘူး အစ်မရယ်၊ ကိုယ့်မြေ ကိုယ့်ရေမှ မဟုတ်ဘဲ၊ တရားခံကလည်း သေပြီ၊ ရှိနေသေးရင်တောင် သူတို့ မြို့ သူတို့ရွာမှာ သူတို့ လက်ခုပ်ထဲက ရေပဲ၊ အဲဒီကိစ္စကို မခံနိုင်လို့ တိုင်ဟယ်တောဟယ်ဆို အခြားလူတွေပါ ဒုက္ခ ရောက်ကုန်တော့မှာ၊ ဒီတော့ ကြိတ်ခံပြီး ကိုယ့်နိုင်ငံ ကိုယ်ပြန်လာဖို့ လုံးပန်းကြရတော့ တာပေါ့၊ မိုးမိုးတို့ ညီအစ်မက အသက်လေးတွေ ကလည်း ငယ်၊ ရုပ်လေးတွေ ကလည်း လှတော့ ကျွန်မတို့ ဘယ်လို စောင့်ရှောက် စောင့်ရှောက် အလစ်တော့ ခံရသေးတာပဲ၊ အားလုံးက သူတို့အတွက် ယူကျုံးမရ စိတ်နဲ့ အဘဇံကို မသေမချင်း ကြည့်ရှု စောင့်ရှောက်ကြဖို့ သန္နိဋ္ဌာန် ချထားကြပါတယ်”
“မတင်မှီတို့ နေတဲ့ နေရာမှာ ယောက်ျားတွေရော ရှိသလား”
“ရှိတာပေါ့ ဆရာမရယ်၊ ဒါပေမဲ့ ကိုယ့်အလုပ်ထဲကိုယ် နစ်နေကြတဲ့ လူချည်းပဲ၊ အရေးရှိလို့ ကတော့ မောင်နှမအရင်းထက် ပိုသံယောဇဉ် ကြီးကြ စောင့်ရှောက် ကြတယ်၊ သူများ အရပ်မှာမို့ ကိုယ့်လူမျိုးချင်း ပိုချစ်ကြတယ်”
“ဘယ်လိုပဲ ချစ်ချစ် သူများနိုင်ငံ ဆိုတော့ အနေတော့ ကျုံ့မှာပဲနော်”
“ကျုံ့ပြီလား ဆရာမရယ်၊ ကျွန်မတို့ထဲက လူတွေသေရင် သင်္ဂြိုဟ်စရာ နေရာ မရှိဘူး၊ သူတို့ သင်္ချိုင်းမှာ သူတို့ ဘာသာဓလေ့ အတိုင်း သင်္ဂြိုဟ်မှ ခွင့်ပြုတာ၊ စိုးစိုးတို့ မိုးမိုးတို့ကိုလည်း သည်လိုပဲ သင်္ဂြိုဟ်ခဲ့ရတယ်”
“သူတို့ ညီအစ်မအတွက် ကျွန်မတို့ရဲ့ လုပ်အားခလေးတွေ စုပြီး အခုတစ်ခေါက် မပြန်ခင်မှာ တတ်နိုင်သမျှ အလှူဒါနလေးတွေ လုပ်ခဲ့ကြသေးတယ်၊ အဘဇံ အတွက်တော့ ထုံးစံအတိုင်း အဘဇံ ကြိုက်တဲ့ မလိုင်လုံးကလေးတွေကို သူတို့ ဝယ်နေကျအတိုင်း ဝယ်ပြီး စာကိုလည်း သူတို့ ရှိစဉ်က ရေးနေကျအတိုင်း …
‘အဖေ စိတ်ချမ်းသာအောင် နေပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ သမီးတို့ ငွေစုနေကြတယ်၊ ရက်ကန်းစင် ထောင်နိုင်တာနဲ့ အဖေ့ဆီ အပြေးလာခဲ့ပါ့မယ်၊ အဖေကြိုက်တဲ့ မလိုင်လုံးတွေလည်း ဝယ်ပေးလိုက်တယ်၊ သမီး စိုးစိုးနဲ့ မိုးမိုး’
ဆိုပြီး ရေးယူလာခဲ့တယ်၊ အဘဇံက မျက်စိမှ မမြင်တာ၊ သူ့သမီးတွေရဲ့ လက်ရေးကို မသိနိုင်တော့ဘူးလေ”
မတင်မှီက စကားကို ရပ်ပြီး အဝေးသို့ ငေးကြည့်နေသည်။ သူ့ထံမှ ရှိုက်သံသဲ့သဲ့ ကိုလည်း ကျွန်မ ကြားနေရသည်။
ကျွန်မ အလွန် ကြည်နူးသာယာ ခဲ့မိသော ဦးပိန်တံတားကြီး၏ မြင်ကွင်းသည် ရုတ်တရက် လူရိပ်လူခြည် ခန်းခြောက်ကာ အထီးကျန် ဆန်သလို ငေါင်းစင်းစင်းကြီးနှင့် ကြေကွဲလွမ်းမောဖွယ် ကောင်းသွားသယောင် ရှိနေသည်။
တောင်သမန်လေ ခပ်ကြမ်းကြမ်း တစ်ချက် အဝှေ့မှာ မတင်မှီ၏ ရှိုက်သံနှင့်အတူ မယ်ဇယ်ပင်တန်းမှ အကိုင်းအခက်တွေ ယိမ်းထိုးပြီး အင်းစပ်ကို ရေလှိုင်း ခပ်ကြမ်းကြမ်း တစ်ခု၏ ရိုက်ခတ်ရှိန်နှင့် ရေမြွှာတွေ လွင့်စဉ်ပြိုကွဲ ဖရိုဖရဲ စဉ်ထွက်နေသည့် မြင်ကွင်းနှင့်အတူ အဘဇံ၏ စကားတစ်ခွန်းကို ကျွန်မ ကြားယောင်နေမိသည်။
“ပိုက်ဆံ မပြည့်ရင် နေပါစေ၊ အဖေ လွမ်းလှပြီ၊ ပြန်လာခဲ့ကြတော့ …”။ ။
(ရုပ်ရှင်အောင်လံ မဂ္ဂဇင်း)
___________****____________
#သန်းမြင့်အောင်
#အသိုက်ပျက်သူများ
#shared_by_louis_augustine_မှကူးယူဖော်ပြပါသည်။