*အိမ်အိုကြီးမှ လက်ပြတ်သရဲ*📖📖📖
~~~~~~~~~~~~~~~~~~~~~~
အခန်း (၁)~~~
ရန်ကုန်မြို့စွန် တစ်နေရာ……..။
“ကဲ…ဒီအိမ်ပဲ …ကိုယ့်ဆရာရေ…….ဆရာပြောတဲ့ “သုခရိပ်စံ” ဆိုတဲ့ ခြံက ဟော့ဒီအိမ်ပဲ”……။
ဆိုင်ကယ် ကယ်ရီသမားလေးထံမှ ထွက်လာသော အသံကြောင့် ကိုထက် တစ်ယောက် လမ်းမှ တွေးလာသော အတွေးစများ ပြတ်တောက်သွားလေသည်။
“အေးအေး…ညီလေး..ရေ…ကျေးဇူးပဲကွာ…ရော့…”
ပိုက်ဆံ တစ်ထောင်တန်နှစ်ရွက်ကို ဆိုင်ကယ်ကယ်ရီသမားလေးကို ပေးလိုက်သည်။
“ကျေးဇူးပဲ အကို…”
“လိုအပ်တာရှိရင် ကျွန်တော့်ကို ခေါ်ခိုင်းပါ ဗျ”
“အေးညီလေး….ညီလေး ဖုန်းနံပတ် လေး ပေးထားလေ..အကို လိုအပ်တာရှိရင် ခေါ်လိုက်မယ်”
ကိုထက်လဲ ဆိုင်ကယ်ကယ်ရီသမားလေး၏ ဖုန်းနံပတ်ကို မှတ်ယူထားလိုက်သည်။
“ဟူး…..အိမ်ကြီးကလဲ… ပိတ်ထားတာ ကြာပြီထင်တယ်…..တစ်ခြံလုံးလဲ…ခြုံနွယ်တေချည်ပဲ..”
“ခြံစည်းရိုးတွေနဲ့ ခြံတံခါးကလည်း ပျက်စီးနေပြီပဲ…”
ကိုထက် တစ်ယောက် လေပူတစ်ချက်မှုတ်ထုတ်ကာ….စိတ်ထဲမှ ငြီးတွားရေ ရွတ်လိုက်သည်။
ပြီးနောက် ကျောပိုးလွယ်အိပ်ထဲ မှ ကြေးသော့ တစ်ချောင်းထုတ်ယူကာ..အိမ်ကြီး ထဲသို့ ဝင်ရန် ကျွန်းတံခါး မည်းမည်းကြီး ဆီသို့ ဦးတည်ကာ လျှောက်လိုက်သည်။
ပြီးနောက် ကျွန်းတံခါးကြီး နှစ်ချပ်ကို ပိတ်ထားသည် ကြေးသော့ဂလောက်ကြီးထဲသို့ သော့တံကို ထည့်၍ လှည့်လိုက်သည်။
“ချောက်…. ”
သော့တံ လည်သွားသော်လည်း သော့ဂလောက်က မပွင့်ပေ။
“ကျွတ်…. ဒီသော့ကလည်း…..”
ကိုထက်အနည်းငယ် ဒေါသထွက်သွားလေသည်။
ပြီးနောက် နောက်တစ်ကြိမ် သော့တံကို အားစိုက်၍ လှည့်လိုက်သည်။
“ချောက်…ဂလောက်…..”
သော့ပွင့်သွားသည့် အသံနှင့်အတူ အိမ်ကြီးထဲမှ ငြီးသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။
“အီး…..အဟီး.. ဟီး….”
~~~~~~~~~ ~~~~~~~~~~~
အခန်း(၂)~~~
“ဟင်….ဘာသံကြီးလဲ…ဟ”
ကိုထက် လည်း.. ထိုငြီးသံကြီးကို နားဖြင့်သေချာစွာကြားလိုက်ရသည်။
သူ၏ တစ်ကိုယ်လုံးလဲ ကြက်သီးဖုကလေးများထသွားကာ.. အနည်းငယ် ကျောချမ်းသွားလေသည်။
ကျွန်းတံခါးကြီး ပွင့်သွားသော အခါ ကိုထက် သူ၏ အဝတ် လက်ဆွဲအိတ်ကို ဆွဲကာ အိမ်ကြီးထဲသို့ လှမ်းဝင်လာခဲ့လိုက်သည်။
“ဟင်…..”
ကိုထက် သူ၏ အမြင်အာရုံ၌ ပေါ်လာသည့် မြင်ကွင်းကို အံသြ ထိတ်လန့်သွားလေသည်။
သွေးများပေကျံနေသော အကင်္ျီ အကွက်ကျဲ နှင့် ဘောင်းဘီတိုအဖြူ ကိုဝတ်ဆင်ထားသည့် လူတစ်ဦးသည် အိမ်ကြီး၏ အပေါ်ထပ်သို့တက်သည့် လှေကားပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကိုထက်လည်း သေချာအောင်သူ၏ မျက်လုံးကို ပွတ်သပ်ကာ နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။
“ဟူး…ငါအမြင်မှားနေတာ…..ပါလား…. “
တစ်ယောက်ထဲဆိုတော့….စိတ်ခြောက်ခြားတာဖြစ်မယ် ဟု စိတ်ထဲမှ တွေးကာ….သူ့ကိုယ်သူ သတ္တိနည်းသူ ဟု ရှက်စိတ်ဝင်ကာ ရှက်ပြုံးလေး ပြုံးမိလိုက်သည်။
အိမ်ကြီးထဲတွင် မှောင်နေသော်လည်း….ပြတင်းပေါက်အပေါ်ဘက် တွင်တပ်ထားသော ရောင်စုံမှန်ချပ်လေးများကြောင့် အလင်းရောင်မှာ အနည်းငယ် အိမ်ထဲသို့ဖြာကျနေသည်။
“ဟူး….တစ်အိမ်လုံးလဲ ဖုန်မှုန့်တွေချည်ပဲ….ဦးလေး “စိုင်းဝ” တို့ မနေတာ အတော်ကြာပြီထင်တယ်”. …..။
“ငါ….ခုနေ့ ဘယ်က စပြီး သန့်ရှင်းရေးလုပ်ရပါ့မလဲ……တော်သေးတာပေါ့….အလုပ်မစမှီ ၅ရက်လောက် ကြိုလာလိုက်လို့”
ကိုထက်လည်း ဒုတိယ အကြိမ်ငြီးတွားမိပြန်သည်။
အဝတ်အိတ်ကလေး ကို နီးစပ်ရာ ထိုင်ခုံလေးပေါ်သို့တင်ကာ….အိမ်အိုကြီး၏ အောက်ထပ်ကို လှည့်လည် ကြည့်ရှု့ လိုက်ပြန်သည်။
“ဂလုံး….ဂလွမ်….ချွင်……”
ရုတ်တရက် မီးဖိုခန်းဘက်မှ အိုးခွက်များ ပြုတ်ကျသံ ကြောင့် ကိုထက် တစ်ယောက် အနည်းငယ် လန့်သွားပြန်သည်။
“ဟာ….လခွမ်းတဲ့မှပဲ….”ဆဲရေးလိုက်ရင်းက တစ်ယောက်ထဲမို့အနည်းငယ် လန့်တာဖြစ်မယ်ဟု ကို ကိုယ်ကို အားပေးရပြန်သည်။
ကိုထက် တစ်ယောက် ညအိပ်ရန်နှင့် ညစာ စားရန် တွေးတောပူပန်ရပြန်သည်။
ကိုထက်လဲ နီးစပ်ရာ ထိုင်ခုံလေးပေါ်မှ ဖုန်မှုန့်များကို ပါးစပ်ထဲက လေနှင့်မှုတ်ထုတ်၍ ဝင်ထိုင်လိုက်သည်။
ပြီးနောက် သူ၏ ဖုန်းလေးကို ထုတ်ကာ ခုဏလိုက်ပို့သော ကယ်ရီသမားလေး၏ ဖုန်းနံပတ်ကို နှိပ်၍ ဖုန်းခေါ်လိုက်သည်။
“တူ…တူ…တူ……”
“ဟဲလို…ဘယ်သူပါလဲ ခင်ဗျာ”
တစ်ဖက်မှ ဖုန်းကိုင်လိုက်သံကြောင့် ကိုထက်လည်း…..”ခုဏ ညီလေးလိုက်ပို့တဲ့ “သုခရိပ်စံ” ခြံက အကိုပါ”
“ဟုတ်..အကိုပြောလေ…ဘာကူညီရမလဲ”
“ဒီလိုကွာ….အကို အိမ်ထဲကို သန့်ရှင်းရေး လုပ်ပေးဖို့ ငါ့ညီအသိထဲက လူ နှစ်ယောက် သုံယောက်လောက် အခကြေးငွေနဲ့ ခေါ်ပေးလို့ရမလား”. …….။
“ဟုတ်…ကျွန်တော်…ရအောင်ကူညီပေးပါ့မယ်….”
“အေးကွာ….”
“အချိန်မှီလေး.ညမိုးမချူပ်ခင် အမြန်ပြီးအောင် ငါ့ညီ ကူညီမှရမယ်….” “ပြီးတော့…Ledမီးအိမ်လေး တစ်လုံးနဲ့ ဓာတ်မီးအသေးလေး တစ်လုံးလောက် ကော….ငါ့ညီ လူပို့ရင်းနဲ့ ဝယ်ပေးအုန်းကွာ…..”
“ဟုတ်ရပါတယ်အကို….”ဟု…ကယ်ရီသမားလေးက ပြောကာ ဖုန်းချသွားလေသည်။
အခန်း (၃)~~~
နာရီဝက်ခန့်အကြာတွင် ဆိုင်ကယ်ကယ်ရီသမားလေးနှင့်အတူ အခြား လူ နှစ်ယောက် ဓားနှင့် တံမြက်စည်းကြမ်းများ သယ်ဆောင်ကာ ကိုထက်နေထိုင်မည့် သုခရိပ်စံ ခြံကြီးဆီသို့ ရောက်ရှိလာလေသည်။
“ကဲ..လာကြ…”
“ငါ့ညီတို့ …အကိုတို့ရေ….ခုည အမှီ နေဖို့ထိုင်ဖို့ လိုအပ်တာလေးတွေ ကူညီပေးပါအုန်းခင်ဗျာ “
“ဟုတ်ကဲ့”. ..”ကူညီရမှာပေါ့…..ကိုတွေ မြို့ကို အလည်လာတဲ့ ဧည့်သည်ပဲ”
ကယ်ရီသမားလေး ခေါ်လာသည့် လူနှစ်ဦးအနက်မှ အသက်ခပ်ကြီးကြီး ဦးလေးကြီးက လောကွတ်ပြုလိုက်လေသည်။
“ဒါနဲ့ အကိုက. .ဒီအိမ်မှာ တစ်ယောက်ထဲ နေမှာလား….”
“ဒါပေါ့ ငါ့ညီရဲ့ တစ်ယောက်ထဲ နေမှာပေါ့..အကိုက မြို့ထဲကို အလုပ်ကိစ္စလေးရှိလို့ သာယာဝတီ က ခဏလာတာ အလွန်ဆုံး သုံးလ လောက်ပဲ ကြာမှာပါ “
“ဟုတ်…ညဘက်တွေ သတိထားအိပ်နော်”
“ဟေ…ဘာဖြစ်လို့လဲ ကွ…..”
ကယ်ရီသမားလေး၏ ပြောစကားကြောင့် ကိုထက်အနည်းငယ်တွေဝေသွားကာ ဘာဖစ်လို့လဲ ဟု ပြန်မေးမိလိုက်သည်။
“ဟို…ဟို….ဘာမှဖြစ်ပါဘူး…အကို ခြံက သီးခြား ဖြစ်နေတော့….သူခိုးသူဝှက် ရန် သတိထားအိပ်ဖို့ပြောတာပါ….”
“အော်…အေးအေး…..ကျေးဇူးပါကွာ….”
“ခု အကို ကို မီးအိမ်ရယ် ဓာတ်မီးရယ် ညနေစာ စားဖို့ ခေါက်ဆွဲကြော် တစ်ပွဲ ရေသန့် သုံးဘူး နဲ့ ရမ် တစ်ပုလင်းလောက် ဝယ်ပေးအုန်းကွာ….”
ကိုထက်လည်း ပြောပြောဆို ဆို အိပ်ကပ်ထဲမှ တစ်ထောင်တန်အုပ်ထဲမှ အရွက်နှစ်ဆယ်ကို ရေကာ ကယ်ရီသမားလေးကို ပေးလိုက်သည်။
~~~~~~~
ညနေ ၅နာရီခွဲခန့်တွင် အိမ်ကြီး၏ အောက်ထပ် ကို ရှင်းလင်းပြီး ချေပြီ။
“အကိုကြီးနဲ့ ညီလေးမနက်ကျ လည်း ကျွန်တော့် ဆီကို လာခဲ့ပါအုန်း ခင်ဗျာ အိမ်အပေါ်ထပ် နဲ့ အခန်းတွေကို သန့်ရှင်းရေး လေးလုပ်ပေးပါအုန်း” ဟုဆိုကာ သန့်ရှင်းရေးလာရောက်လုပ်ကိုင်ပေးသော လူနှစ်ယောက်ကို တစ်ယောက် တစ်သောင်းပေးကာ…. မနက်အတွက်အကူညီတောင်းရပြန်သည်။
“ဟုတ်ကဲ့အကိုကြီး” လာခဲ့ပါမယ်ခင်ဗျာ… ဟု ပြောကာ ကယ်ရီသမားလေး၏ ဆိုင်ကယ်ပေါ်သို့ တက်ကာ ပြန်သွားကြလေသည်။
ဂျူလိုင် လမို့…… မိုးသားတိမ်လိပ်များ အုန့်မှိုင်းလာချေသည်။
“ဝုန်း.. ဂျိန်း…ဂျလိမ်း…… “
“ဟာ..အရေးထဲကွာ..မိုးက ရွာအုန်းမယ်ထင်တယ်”
ကိုထက်လည်း အိမ်အိုကြီးအောက်ထပ်မှ ပြတင်းပေါက်များကို လိုက်၍ ပိတ်လိုက်ကာ….Led မီးအိမ်လေးကို ဖွင့်လိုက်သည်။
ဝေါ…ဝရော….
လေရော မိုးရော….စတင်ရွာသွန်းတိုက်ခတ်လာလေသည်။
“သုခရိပ်စံ” ခြံ ဝင်းကြီးထဲမှ သစ်ပင်ကြီးများသည် လေနှင့်အတူ မျောလွင့် နေသည်မှာ လူသားစားရတော့မည်ဖြစ်သောကြောင့် အပျော်လွန်ကာ ကခုန်နေသည့် တစ္ဆေသရဲ ကြီးများ၏ ပုံသဏ္ဍန်ကြီးများသဖွယ် ကျောချမ်းစရာကောင်းနေပေသည်။
~~~~~~~
ကိုထက်လည်း စားပွဲခုံဘေးရှိ သစ်သားထိုင်ခုံလေးပေါ်တွင် ဝင်ထိုင်လိုက်ကာ ရေသန့်ဘူးနှင့် ရမ်အရက်ပုလင်းကို ဖောက်ကာ….ရောစပ်၍ တစ်ငုံသောက်လိုက်သည်။
“အား……ရှယ်ပဲ..ရင်ထဲကို ပူသွားတာပဲ “
တံတွေး တစ်ချက်ပစ်က နဲ ထွေးလိုက်ရင် မှတ်ချက်ချလိုက်သည်။
အိမ်ကြီး၏ အပြင်ဘက်တွင်တော့ လေများ မိုးများ သည်းထန်လျက်။
ကိုထက်လည်း အရက် လေးပက်ခန့်သောက်ပြီးသော အခါ အနည်းငယ် ရေချိန်ကိုက်သွားပေသည်။
သူည စာ စားရန် ခေါက်ဆွဲကြော်ဘူးကို ဖွင့်လိုက်လေသည်။
“ဟင်”
“ဝေါ့….ထွီ…..”
ခေါက်ဆွဲကြော်ဘူး ထဲ မှာရောက်ရှိနေသော လူလက်ဝါး ကြီးကြောင့် ကိုထက် တစ်ချက်ပျို့တက်ကာ ထိတ်လန့်သွားလေသည်။
“ငါ..ငါ…အမြင်မှားတာလား…မသိဘူး”
ကိုထက် သူ၏ မျက်လုံးကို ပွတ်သတ်ကာ..သေချာပြန်ကြည့်လိုက်ပြန်သည်။
သူ၏ အမြင်မမှားပေ။
ခေါက်ဆွဲကြော်ဘူးထဲမှ လူတစ်ယောက်၏ ညာဘက် လက်ကောက်ဝတ်မှ ပြတ်ကာ လက်ချောင်းများပါသော လက်ပြတ်ကြီးတစ်ခု။
ထို လက်ပြတ်ကြီးမှာ အရေပြားများ ခြောက်ကပ်နေကာ….ပိန် ရှူံ့ တွန့်လိမ်နေလေသည်။
သူ ထိုလက်ပြတ်ကြီးကို ကြည့်နေရာမှာ….ထိုလက်ပြတ်ကြီးမှာ..အနည်းငယ်လှုပ်ရှားလာလေတော့သည်။
ကိုထက်လည်း….ထိတ်လန့်သွားကာ..ခေါက်ဆွဲကြော်ဘူးကို ယူ၍ နံရံဆီသို့ ပစ်ပေါက်လိုက်လေသည်။
“ငါ*မသား သရဲ…….”
##$$
ကိုထက်၏ ဆဲဆိုရေရွတ်သံပင် မဆုံးလိုက်…ကျယ်လောင်စွာ တောက်ခေါက်သံကြီး ကို ကြားလိုက်ရပြန်သည်။
“တောက်….”
ကိုထက်လည်း ဆဲဆိုနေခြင်းကို ခဏရပ်နားကာ…ဘေးဘီပတ်ဝန်းကျင်သို့ မျက်စိဝှေ့ကာ ကြည့်လိုက်လေသည်။
မည်သည့်အရာမှ မရှိ အိမ်အိုကြီးသည် ပကတိတိတ်ဆိတ်ငြိမ်သက်နေပြန်သည်။
ကိုထက်လည်း ညစာ စားစ ရာမရှိတော့သောကြောင့် စိတ်ညစ်သွားကာ…အိပ်ရန် ပြင်ဆင်လေတော့သည်။
အိမ်အိုကြီး၏ အပြင်မှာတော့ မိုးများသည်းထန်လျက်။
ကိုထက်လည်း အိမ်ကြီး၏ အောက်ထပ်ကြမ်းခင်း၌ပင် အိပ်ရာ ခင်း၍ လှဲအိပ်လိုက်သည်။
“အားပါး…ခုမှ ခါးညောင်းပြောတော့တယ်”ဟု တစ်ကိုယ်တည်းရေ ရွတ်လိုက်ရင်းက ကျောပိုးအိတ်ထဲ မှာသူ၏ ဖုန်းကိုထုတ်ယူကာ ကြည့်လိုက်သည်။
“အခုမှ ၈နာရီ ကျော်ကျော်ပဲ ရှိသေးတာကို…”
ကိုထက်လည်း ဖုန်းထဲမှ “စိုင်းထီးဆိုင်” သီချင်းလေးကို ဖွင့်ကာ ခဏမျက်စိလေးမှတ်၍ မှိန်းနေလိုက်သည်။
“ကျွီ….အား…..ကယ်… ကြ….ပါ….အုန်း…..”
ဖုန်းထဲ မှ ရုတ်တရက် ထွက်ပေါ်လာသော ရှတတ အက်ကွဲကွဲ အသံကြောင့် ကိုထက် အိပ်နေရာမှ ထထိုင်လိုက်ကာ ဖုန်းကို ဖွင့်ကြည့်မိလိုက်သည်။
ဖုန်းထဲမှ “ကယ်ကြပါအုန်း” ဆိုတဲ့အသံကြီး ပြန်ပျောက်သွားကာ စိုင်းထီးဆိုင်၏ သီချင်းသံချိုချိုအေးအေးလေး ပြန်လည်ထွက်ပေါ်လာလေသည်။
“ဟူး…”
“ဘာတွေ..ဖြစ်နေတာ တုန်း….”
ကိုထက်လည်း ထိတ်လန့် အံသြစွာဖြင့် ရေရွတ်နေလေသည်။
“ရွှီ…..ဒေါက်…ဒေါက်….ဒေါက်….”
အိမ်အိုကြီး၏ အပေါ်ထပ်ဆီမှ အသံ တစ်သံထွက်လာပြန်လေသည်။
“ကျွတ်…..”
“ဘာဖြစ်ပြန်ပြီလဲကွာ……စိတ်ပိန်လိုက်တာ…..”
ကိုထက်လည်း လက်နှိပ်ဓာတ်မီး အသေးလေးကို ယူကာ….အနီးပတ်ဝန်းကျင်သို့ ဝှေ့ကာ မီးထိုးလိုက်သည်။
“တွေ့ပြီ…..”
“သူ၏ ညာဘက် ခပ်လှမ်းလှမ်းမှာ တုတ်တစ်ချောင်း…”
ထို တုတ်ကို သွား၍ ကောက်ကိုင်လိုက်ကာ…အိမ်အိုကြီး၏ အပေါ်ထပ်သို့ တက်ရန် ကျွန်းလှေကား မည်းမည်းကြီးဆီသို့ သူ၏ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။
အပိုင်း(၂) ဆက်လက် တင်ပေးပါမယ်ခင်ဗျာ။
အလုပ်တစ်ဖက်နဲ့ရေးရတာ မို့ အခန်းဆက်များအနည်းငယ်နောက်ကျနေရခြင်းပါ ခင်ဗျာ။
စာဖတ်သူများကို အစဥ် လေးစားလျက်မောင်နတ်ဆေး(မင်းလှ)
ကျွန်ုပ်၏ ခွင့်ပြုချက်မပါပဲ မည်သူတစ်ဦးတစ်ယောက်မျှ အသံဖိုင်ဖြင့် ကူယူဖော်ပြခွင့်မပြုပါ😊
စာဖြင့်ပြန်လည်မျှဝေမည့်သူများ လွပ်လပ်စွာ ကူးယူဖော်ပြခွင့်ပြုသည်။😍