အောက်လမ်းဘိုးထင် နှင့် မိဝိုင်းစိန်

အောက်လမ်းဘိုးထင် နှင့် မိဝိုင်းစိန်
(၆၄)
◾အခန်း (၁)
ပေပင်ရွာလေး၏နံနက်ခင်းအချိန်တွင် ဖြစ်သည်။မကျေမနပ်ဖြစ်နေသော လူတစုသည် ရွာလူကြီး၏အိမ်ရှေ့တွင် ရောက် လာပြီး တယောက်တပေါက် စကားဆိုနေကြသည်။
“ရွာလူကြီး ကျုပ်ရဲ့ ထမင်းအိုးကို ဒီကောင်တွေရိုက်ခွဲသွားတာ တိုက်တိုင်းအောင်ရဲ့အမေကိုမှ ဒီကောင်တွေ ချက်စားပစ်ရတယ်လို့ဗျာ အဲ့ဒီကြက်မကြီးနဲ့ပဲ ကျုပ် လုပ်စားနေရတာဗျ”
“ဟေ့ကောင် မင်းက မင်းကြက်မကြီးနဲ့ ဘယ်လိုလုပ်စားနေတာလဲကွ “
“အောင်ကြည်ဆိုတဲ့ ကျုပ်က ရွာမှာ ကြက်မွေးစားတာ ရွာလူကြီးလည်း သိပါတယ် တခြားတိုက်ကြက်မျိုးတွေထက် တိုက်တိုင်းအောင်ကို မွေးထုတ်ပေးတဲ့ ကြက်မကြီးရဲ့သား ပေါက်တွေကို ဈေးကောင်းပေးဝယ်တာလည်း ရွာလူကြီးအသိ “
“အေး သိတယ်လေ ငါ့ဆီက သူတို့သမသွားတဲ့ ကြက်ဖကြီးကလည်း အဲ့ဒီကြက်မကြီးသားပဲလေ ငါ မင်းကို စပါးဆယ်တင်းတောင် ပေးထားရတာ “
“ရွာလူကြီးက ကြက်သမားမို့ အချင်းချင်းနားလည်….”
“မင်းမေကြီးတော် ကြက်သမားလား ဖြတ်ရိုက်လိုက်ရ ရွာလူကြီးကို မလေးမခန့်နဲ့ ကြက်သမားလို့ လာပြောနေတယ် ဝါသနာအရ ကြက်မွေးတာကွ”
“အင်းပါဗျာ ကျုပ် မှားသွားပါတယ် “
“ဟေ့ကောင် မင်းတို့နောက်မှမှား အခု ငါ့အိမ်ရှေ့မှာ အော်ကြီး ဟစ်ကျယ် လာမလုပ်နဲ့ အဲ့ကောင်တွေနဲ့ မင်းတို့နဲ့ လူချင်းလဲလိုက်ရမလား”
ရွာလူကြီး၏ခပ်မာမာစကားသံကြောင့် ကြက်သမားအောင်ကြည် နောက်ထပ်စကားမဆိုတော့ပဲ ခပ်ကုပ်ကုပ်ဖြင့် ရွာလူကြီး၏အိမ်ရှေ့မှ ထွက်သွား‌သည်။သူ့နည်းတူ ကျန်သောလူများသည်လည်း အခြေအနေမဟန်မှန်းသိသွားသောကြောင့် ရွာလူကြီး၏အိမ်မှ ထွက်ခွါသွားချိန် ရွာလူကြီးသည် ထိပ်တုံးခတ်ခံထားရပေမဲ့ ရှေ့တွင် စားပွဲချကာ ထမင်းကိုအဝလွေးနေသော မောင်ဘိုးထင်တို့အား မကြည်သလိုကြည့်လိုက်ပြီး
“မင်းတို့ကို ထိပ်တုံးခတ်ခံထားရတာက နာမည်သာ ခံတာ လူတွေက သက်တောင့်သက်သာပါလား ဟိုကောင် အောင်သန်းတို့ တစုက အခု မင်းတို့ကို အတော်သိတတ်နေပါလားကွ စားပွဲခုံနဲ့ကို ထမင်းလာကျွေးနေတာ “
“ဒီလိုပဲပေါ့ ဘကြီးရာ ဘုန်းကံဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ဘူးလေ”
“တောက် မင်းတို့ကောင်တွေ စကားပြောရင်သောက်ကြီး သောက်ကျယ်နဲ့ ညနေ လွှတ်ပေးမယ် “
ရွာလူကြီးသည် မောင်ဘိုးထင်တို့အား ကျောခိုင်းကာ အိမ်ပေါ်သို့ တက်သွားသည်။မောင်ဘိုးထင်တို့သည် ထိပ်တုံးခတ်ခံနေရသော်လည်း စားရေးသောက်ရေး အတော်အဆင်ပြေနေသည်။ အောင်သန်းတို့တစုသည် သူတို့အား ဖော်ကောင်လုပ်မည်ကို စိုးသောကြောင့် စားပွဲခုံအဝိုင်းလေးများကိုပါ သယ်လာပြီး ဟင်း မျိုးစုံနှင့် ထမင်းကျွေးနေကြသည်။အဘယ့်ကြောင့် စုံရသနည်းဆို အောင်သန်းတို့သည် ရွာဦးကျောင်းတွင် ဘုန်းကြီးကျောင်း သားလုပ်ကာ သူတို့အတွက် ‌ဆွမ်းကျန်ဟင်းကျန်များ ယူလာပေးခဲ့ခြင်းကြောင့် ဖြစ်ပါလေသည် ။
◾အခန်း (၂)
မောင်ဘိုးထင်တို့သုံးယောက် ထိပ်တုံးမှ လွတ်ပြီဖြစ်သည် ။ ထိပ်တုံးမှလွတ်သည်နှင့် သူတို့သုံးယောက် သာအေး၏အိမ်သို့သွားလိုက်ကြသည်။သာအေး၏အိမ်တွင်တော့ မိဘနှစ်ပါးမှာ အေးအေးလူလူစကားဆိုနေကြသည်ကိုတွေ့လိုက်၍ သာအေးမှ မကျေမနပ်ဖြစ်ပြီး
“အဘနဲ့ အမေကတော့ဗျာ ကိုယ့်သားလေးတယောက်တည်း ရှိတာ ထိပ်တုံးခတ်ခံရတာကို ထမင်းပို့ဖို့နေနေသာသာ လာတောင် မကြည့်ဘူး”
“အမလေး နင့်ကို လာကြည့်ဖို့ မအားပါဘူး အိမ်မှာက အလုပ် တွေ များပါဘိနဲ့ နေပါဦး နင့်ကို ထမင်း လာမပို့ဘူးဆိုတော့ နင်တို့ ထမင်းမစားရလို့လား”
“စားရပါတယ်ဗျာ “
“ဟင်းအစုံအလင်နဲ့ မလား”
“ဟ အမေက မလာပဲနဲ့ ဘယ်လိုလုပ်သိတာလဲ”
“သိဆို ငါ ဆွမ်းပို့နေတာလေ နင့်ကောင် အောင်သန်းတို့က ဆွမ်းခံကူပြီး ဘုန်းကြီးကျောင်းက ဆွမ်းပိုဟင်းပိုတွေကို ယူပြီး နင်တို့ကို ကျွေးနေတာ “
သာအေး၏မိခင် ထိုသို့ပြောလိုက်သောအခါ ဘိုးထင်သည်
“ငါ ထင်တော့ ထင်ပါတယ် ဒီကောင်တွေ ငါတို့ကို ဒီလောက်ဟင်းစုံအောင် ချက်မကျွေးလောက်ပါဘူးလို့ “
“အေးကွာ တကယ့်ကောင်တွေပဲ ကဲ ဘိုးထင်တို့ အိမ်ပြန်ကြတော့မှာ မဟုတ်လား”
“အေး ဟုတ်တယ် ဟေ့ကောင်သာအေး လိုက်မှာလား နေခဲ့မှာလား”
“လိုက်ခဲ့မယ်လေကွာ လာ သွားကြစို့”
မောင်ဘိုးထင်တို့ သာအေး၏မိဘနှစ်ပါးအား နှုတ်ဆက် ကာ ရွာအစွန်ရှိ သူ၏အိမ်သို့ ပြန်ခဲ့ကြလေသည်။လမ်းတွင်အောင်သန်းတို့နှင့် ဆုံကြရာ အောင်သန်းမှ သူ၏ အသံလေးလေးကြီးနှင့် ကျေးဇူးတင်စကားဆိုလေသည် ။
“ဘိုးထင်တို့ မင်းတို့တွေ ပြန်လွတ်လာတယ်ဆိုတာ သိသိ ချင်း လိုက်ရှာနေတာကွ မင်းတို့က တကယ်ရဲရင့်တဲ့သူရဲကောင်းတွေပါကွာ “
“ဟေ့ကောင် အောင်သန်း ဘာတွေ‌သူရဲကောင်းနေတာလဲ “
“မင်းတို့ကောင်တွေ သူရဲကောင်းမဟုတ်ရင် ငါတို့ ပါတယ်ဆိုတာကို ဖော်မှာပဲ အခု မင်းတို့က မဖော်ဘူးလေ “
“ဒါပေမဲ့ မကျေနပ်ဘူးကွာ ဆွမ်းခံပြီးကျွေးတာတော့ မင်းတို့လွန်တယ် “
“ဟာ ငါတို့က မင်းတို့ကို ဟင်းစုံစားစေချင်လို့ ပါ “
သကောင့်သားများသည် မောင်ဘိုးထင်တို့ကို အလျင်အမြန်နှုတ်ဆက်ကာ ထွက်သွားကြလေသည်။မောင်ဘိုးထင်တို့ အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ နေဝင်လုလု ဖြစ်နေပြီဖြစ်၏ ။အိမ်ထဲတွင် ဖိုးထွေးနှင့် သာရအပြင် ပညာသည်ဝိုင်းစိန်ကိုပါတွေ့လိုက်ရသည်။ဝိုင်းစိန် ပညာသည် ဖြစ်ကြောင်းကိုဖြင့် မောင်ဘိုးထင်နှင့် ပေတူး သာသိသည်။ကျန်သောသူများမှာ မသိပေ။အိမ်ရှေ့ ကွပ်ပျစ်တွင် ဝိုင်းစိန်အား ရယ်ကာမောကာ စကားဆိုနေသော ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင်တို့ကိုမြင်သောအခါ သဘောကောင်းကြင်နာတတ်သော သူများဟု ဝိုင်းစိန် ထင်မြင်စေရန် အပြိုင်အဆိုင်ကြိုးစားကြလေသည်။
“ဘိုးထင် လွတ်လာပြီလား မင်းတို့လွတ်အောင် ငါ ညတိုင်း အဘကိုပြောရတာ အာပေါက်မတတ်ပဲကွာ”
ထိုစကားသည်က အပိုစကားဆိုတာ မောင်ဘိုးထင်တို့ သိသည်။အဘယ့်ကြောင့်ဆိုသော် ဖိုးထွေးသည် သူတို့ရှေ့မှ နေ၍ ထမင်း ပြောင်စားပြသည် ခုန်စွခုန်စွ လုပ်ပြသည် ရက်တိုးချုပ်ဖို့ရာ ပြောသည်။ယခု ဝိုင်းစိန်၏အရှေ့တွင် ဒင်းက အမှတ်ယူနေပေသည်။ဖိုးထွေးနည်းတူ သာရလည်း မထူးပေ။သူတို့ ထိပ်တုံးခတ်ခံရသည်ကို ဝမ်းသာနေကြသည်။အဘယ်ကြောင့်ဆိုသော် ပုဆိုးကျွတ်သည့်အထိ ပြေးခဲ့ရသော တစ္ဆေခြောက်မှု့မှာ မောင်ဘိုးထင်တို့ လက်ချက်ဆိုသည်ကို သိသောကြောင့် ဖြစ်၏ ။ထို့အတူ သာရသည်လည်း မောင်ဘိုးထင်တို့ကို မြင်သည်နှင့် မဏ္ဍပ်တိုင် တက်ပြနေ၏။
“ကောင်လေးတွေ မင်းတို့ကို လွတ်ပါစေဆိုပြီး ဖိုးထွေးအဘကို ငါ စပါးလှည်းတစီးနဲ့ လာဘ်ထိုးတာ ဖိုးထွေးရဲ့အဘက လူရိုးလူဖြောင့် သမာသမတ်ကျတဲ့လူကြီးဆိုတော့ မရဘူးကွာ “
“ဟုတ်ပါပြီ ကျေးဇူးရှင်တို့ အခုက ကျုပ်အိမ်မှာ ဘာလုပ်နေကြတာလဲ “
“ဒီအမပေါ့ မင်းတို့ကိုလာခေါ်တာတဲ့ အဲ့တာ ငါနဲ့ ဖိုးထွေးက လိုက်ပို့ပြီး အဖော်လုပ်ပေးနေကြတာ လာ လာ “
“အခု ကျုပ်တို့ ရောက်ပြီ ခင်ဗျားတို့ပြန်တော့ “
‌မောင်ဘိုးထင်၏ ခပ်ပြတ်ပြတ်စကားကြောင့် ဖိုးထွေး နှင့် သာရသည် တဦးမျက်နှာတဦးကြည့်ကာ
“အေး အေးပါကွာ မင်းကလည်း ငါတို့က စေတနာနဲ့ ကူညီတာပါ “
“နားလည်တယ် ပြန်တော့ “
ပေတူးကပါ ၀င်ပြောလိုက်သောကြောင့် ဖိုးထွေး နှင့် သာရအိမ်ဝိုင်းအပြင်သို့ ထွက်သွားကြသည်။သူတို့နှစ်ယောက် မောင်ဘိုးထင်တို့အား စိတ်မဆိုးပေ။စိတ်ဆိုး၍လည်းမရ သူခိုးကြီးညက ကတိအတိုင်း ကြက်လာမပေးသူမှာ သူတို့ မဟုတ်ပါလား ဖိုးထွေး နှင့် သာရ ပြန်သွားသောအခါ မောင်ဘိုးထင်သည် ကွပ်ပျစ်ပေါ်တွင် ခပ်ယို့ယို့လေးထိုင်နေသာ ဝိုင်းစိန်အား စကားဆိုလိုက်သည် ။
“အမကြီး ကျုပ်တို့ကို ဘာကြောင့်လာခေါ်တာလဲ “
“ငါ့မောင်တို့ ရွာကိုရောက်ရင်တော့ သိရမှာပေါ့ “
“ရွာရောက်မှ မသိချင်ဘူး အခု သိချင်တာ “
မောင်ဘိုးထင်တို့သုံးယောက် ကွပ်ပျစ်တွင် ၀င်ထိုင်လိုက်သည်နှင့် ဝိုင်းစိန်သည် သက်ပျင်းရှည်တချက်ကိုချလိုက်ပြီး စကားဆိုလိုက်သည်။
“ဟင်းး ပြောရရင်တော့ အမကြောင့် တမိသားစုလုံးပြဿနာတက်တော့မယ် “
“ဗျာ ဘယ်လိုလဲ ကျုပ်တို့ နားမလည်ဘူး”
“အမတို့ အိမ်မှာ အမက ပညာသည်ဆိုတာ မသိဘူး ဝါသနာ ပါလို့ တိုးတိုးတိတ်တိတ်သင်ထားတာပါ “
ဝိုင်းစိန် ထိုသောပြောလိုက်သည့်အခါ သူမအား စုန်းမှန်းမသိသေးသော သာအေးမှ မျက်လုံးအပြူးသားနှင့် ကြည့်ပြီး
“အမက စုန်းမကြီးလား”
“ဟေ့ကောင် ဘယ်လိုမေးလိုက်တာလဲ တောက် လူမှုရေး နားမလည်ဘူး “
ပေတူး ငေါက်ငမ်းလိုက်သည့်အခါမှသာ သာအေး ငြိမ်သွားသည်။ထို့နောက် ပေတူးသည် ဆက်၍စကားဆိုရန် ဝိုင်းစိန်အား ပြောလိုက်သည် ။
“အမကြီး ဆက်ပြောဗျာ “
“အမ ပညာသည်မှန်းမသိတော့ သူတို့က ရွာထဲက အထက် လမ်းယောင်ယောင်ကောင်နဲ့ အတင်းပေးစားနေတယ် “
“မယူချင်တာများ မယူဘူးချင်လို့ ပြောလိုက်ရောပေါ့ “
“အဲ့လောက်မလွယ်လို့ပေါ့ ပညာတွေလည်းမစွန့်နိုင်ဘူး ဒင်းကိုလည်း မယူနိုင်ဘူး အဲ့တာကူညီနိုင်မဲ့သူ စုံစမ်းကြည့်လိုက်တော့ မောင်လေးတို့ဆီကို သွားဆိုလို့ ရောက်လာတာ နာမည်ကြားကတည်းက မောင်လေးတို့မှန်းသိတယ် ထိပ်တုံးခတ် ခံထားရလို့ လွတ်မဲ့နေ့ လာစောင့်နေတာပဲ “
“ညတွင်းချင်း သွားမှာလား အမကြီး “
“မြောက်ပြင်က သိပ်မဝေးဘူးဆိုတော့ ညတွင်းချင်းပဲ သွားကြတာပေါ့ “
“အဲ့တာဆိုလည်း ပြီးတာပဲ သွားကြတာပေါ့ဗျာ ကျုပ်တို့ လွယ်အိတ်တွေ ယူလိုက်ဦးမယ် “
မောင်ဘိုးထင်တို့သည် ရွာတွင် လောလောဆယ် မနေချင်သည့်အတွက် ဝိုင်းစိန်နှင့် အတူလိုက်သွားဖို့ရာ ဆုံးဖြတ်လိုက်ကြလေသည် ။
◾အခန်း (၃)
လပြည့်ကျော် သုံးရက်မျှသာရှိသေးသော်လည်း လရောင်သည် တောတောင်များကြီးစိုးသောနေရာတွင် အလင်းရောင် အတော်ပေးစွမ်းနိုင်သည် ဆိုရမည်ဖြစ်သည်။အေးမြသောလရောင်ကြယ်ရောင်များအောက်ရှိ လှည်းလမ်းလေးတွင် ဝိုင်းစိန် နှင့်အတူ မောင်ဘိုးထင်တို့သုံးယောက် လမ်းလျှောက်နေကြသည်။ပေတူးနှင့် သာအေးမှာ လမ်းလျှောက်နေရင်းမှ ရုတ်တရက် ပျံသန်းသွားသောငှက်များကို လေးခွဖြင့် ပစ်ရန် ကြိုးစားနေကြသည် ။
“တောက် မမြင်ရလို့ကွာ မြင်ရရင်တော့ အပိုင်ပဲ “
“အေးကွာ ပစ်လိုက်မယ်လုပ်တိုင်း ရှေ့က အမကြီးခေါင်းကို မှန်မှာစိုးလို့ စိတ်လျှော့နေရတာ “
သာအေး၏စကားကြောင့် ဝိုင်းစိန်တယောက် နောက်ကျော မလုံပဲ မကြာခဏ နောက်သို့ ပြန်လှည့်ကြည့်နေသည်။ထိုသို့ခဏခဏလှည့်ကြည့်နေသော သူမအား ပေတူးမှ စကားလှမ်းဆိုလိုက်သည် ။
“ကြောက်မနေပါနဲ့ အမရာ ခင်ဗျားတို့က မီးလောင်တာတောင်ဘာမှ မဖြစ်တာ ဒီလောက်စာလုံးလောက်ကတော့ အပျော့ပဲ နေမှာပါ”
“မပျော့ရပါဘူး ငါ့မောင်ရယ် ငါ့မောင်တို့မြင်ခဲ့ရတဲ့အချိန်က စုန်းတောက်စားနေတဲ့အချိန် အခုချိန်သာ လောက်စာလုံးထိရင် ခေါင်းပေါက်မှာပေါ့ “
သူတို့လေးယောက် စကားတပြောပြောနှင့် လမ်းလျှောက်လာရာ မကြာမီ မီးရောင်ပျပျလင်းနေသော ရွာတရွာအား မြင် လိုက်ရသည်။ထိုအခါ ဝိုင်းစိန်သည် ရွာကို လက်ညှိးထိုးပြကာ
“ဟိုမှာ အမတို့ရွာပဲ “
“ကျုပ်တို့က ဘယ်မှာနေရမှာတုန်း”
“မပူနဲ့ အမ အကုန်စီစဉ်ထားပြီးသား မင်းတို့ နေဖို့ထိုင်ဖို့နဲ့ စားဖို့ သောက်ဖို့ အကုန်စီစဉ်ပြီးပြီ”
“အဲ့တာဆိုလည်း ပြီးတာပဲဗျာ”
မောင်ဘိုးထင်တို့သည် သူတို့နေရမည့်နေရာအတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။မစိုးရိမ်၍က မဖြစ်ချေ။အဘယ်ကြောင့် ဆိုသော် ဝိုင်းစိန်မှာ အိမ်မပိုင်သောကြောင့် သူမ၏အိမ်တွင် ထားမည်မဟုတ်မှန်း သူတို့သိနေသောကြောင့် ဖြစ်သည်။စကား တပြောပြောနှင့် လမ်းလျှောက်လာရာ မကြာသောအချိန်တွင် ရွာ၏သင်္ချိုင်းသို့ ရောက်လာပြီဖြစ်သည်။မြောက်ပြင်ရွာသည် ရွာသင်္ချိုင်းအား အရင်ဖြတ်ပြီးမှသာ ရွာထဲသို့ ရောက်သည်။ လရောင်အောက်တွင် မြောက်ပြင်သင်္ချိုင်းအား အထင်းသား မြင်တွေ့လိုက်ရသည်။အိုဟောင်းနေသည့် အုတ်ဂူအပြိုအပျက်များသာ ရှိ၏။သူတို့ ရွာသင်္ချိုင်းထဲမှ ဖြတ်၍ လမ်းလျှောက်နေစဉ် ရုတ်တရက် အနောက်မှ အသံခပ်ဩဩနှင့် ခေါ်သံကြား၍ အားလုံး အနောက်သို့ လှည့်ကြည့်လိုက်ကြသည် ။
“ဝိုင်းစိန် ရောက်လာပြီလား”
“လန့်လိုက်တာဗျာ ခင်ဗျားကလည်း အရှေ့ကခေါ်တော့ မြွေကိုက်မှာ စိုးလို့လား”
လန့်ဖျန့်သွား၍ အနောက်မှ ခေါ်သူကို ထိုသို့တုန့်ပြန်လိုက်သူမှာ ပေတူး ဖြစ််၏။ပေတူးသည် သာအေးနှင့်အတူ အနောက်မှ လမ်းလျှောက်နေရင်း ရုတ်တရက်ခေါ်သံကြောင့် လန့်ကာ ယခုကဲ့သို့ ပြောဆိုမိခြင်းပင်ဖြစ်သည်။အနောက်မှ ဝိုင်းစိန်အား ခေါ်လိုက်သူမှာ အသက်ရွယ်ကြီးရင့်နေပြီဖြစ်သော အသားဖြူဖြူ အမျိုးသမီးကြီးတယောက် ဖြစ်သည်။သူမသည် တဘက်တထည်ကိုခေါင်းပေါင်းထားကာ လက်တွင်လည်း တုတ်တချောင်းကို ကိုင်ထားသေးသည်။ပေတူးသည် ရုတ်တရက် ပြောထွက်သွားသော ရင့်သီး‌သည့်ပြောစကားကြောင့် အမျိုးသမီးကြီးအား အနည်းငယ် အားနာသွားကာ
“ကျုပ်က လန့်လို့ ပြောမိတာပါ တုတ်နဲ့တော့ မရိုက်‌နဲ့ဦး”
“အေးပါကွယ် ဟဲ့ ဝိုင်းစိန် နင်ခေါ်လာတဲ့ ကောင်လေးတွေက ဆတ်ဆတ်ထိမခံပါလားဟဲ့ “
“ဟုတ်တယ် အမေပြုံးရေ ဟိုအကောင်ကိုကလည်း ဒီလိုလူမျိုးနဲ့မှ အဆင်ပြေမှာ “
“ဟုတ်ပါ့ ကဲ ဒီကောင်လေးတွေကို ငါ့အိမ်မှာ ခေါ်ထားရမှာ မလား”
“ဟုတ်တယ် အမေပြုံး”
“ငါ ခေါ်သွားမယ် နင်ကတော့ ဟန်မပျက်နေ ဘယ်နေ့ လာတောင်းရမ်းမှာလဲ နင့်အကောင်က “
“သဘက်ခါပါ အမေပြုံး “
“အေး ပြီးတာပဲ ငါ ခေါ်သွားပြီ “
စင်စစ် အမေပြုံးဟုအမည်ရသော အမျိုးသမီးကြီးမှာ ဝိုင်းစိန်အား စုန်းပညာရပ်များကို သင်ကြားပြသပေးသော ဆရာဖြစ်လေသည်။ထို့နောက် ဝိုင်းစိန်သည် အမေပြုံးဆီသို့ မောင်ဘိုးထင်တို့ကို အပ်လိုက်ကာ သူမသည်ကား အိမ်သို့ပြန်ချေပြီဖြစ်၏။ မောင်ဘိုးထင်တို့သည်လည်း သင်္ချိုင်းတွင် စတင်တွေ့ခဲ့ရသော အမေပြုံး၏အနောက်သို့ လိုက်ပါသွားကြပါလေတော့ သည်။
◾အခန်း (၄)
မြောက်ပြင်ရွာစွန်ရှိ အမေပြုံး၏အိမ်တွင် မောင်ဘိုးထင်၊ ပေတူးနှင့် သာအေးတို့ ရောက်ရှိနေကြသည်။သက်ငယ်မိုးထရံ ကာ ခပ်မြင့်မြင့်အိမ်လေးတွင်‌တော့ အမေပြုံးတယောက်တည်းသာ နေထိုင်သည်။သူမသည် သားသမီးမရှိ၊လင်ယောကျာ်းနှင့် ဆွေမျိုးလည်းမရှိဘဲ တယောက်တည်းသာ ယခုအိမ်လေးတွင် နေထိုင်ခြင်း ဖြစ်သည်။မောင်ဘိုးထင်သည် အမေပြုံး တည်ခင်းထားသော ထမင်းဝိုင်းလေးအား ကြည့်ရင်း စကားဆိုလိုက်သည် ။
“အမေကြီး ကျုပ်တို့အတွက် ထမင်းဟင်း‌တွေ တယောက်ထဲ ချက်ပြုတ်ထားတာလား ဟင်းတွေကို စုံလို့ “
“အေး ဟုတ်တယ်ကွယ့် “
“ဒီလောက်ထိ လုပ်ပေးစရာ မလိုပါဘူးဗျာ ကျုပ်တို့က ချေးမများ..”
မောင်ဘိုးထင်၏စကားပင် မဆုံးသေး ဘယ်အချိန်ကတည်း က အမြင်ကပ်နေမှန်းမသိသော ပေတူးနှင့် သာအေးသည် သူ့ရှေ့ချထားသော ဟင်းပန်းကန်ထဲမှ ဟင်းများကို ခပ်ထည့်လိုက်ကြရာ မရှိသလောက်ကို ဖြစ်သွား၏။ထို့နောက် သာအေးသည် ထမင်းပလုတ်ပလောင်းစားနေရင်းမှ အမေပြုံးကို ကြည့်ကာ
“အမေကြီးရေ ဒီကောင်က ထမင်းဆီဆမ်း ငရုတ်သီးထောင်းလေးရှိရင်ကို အဆင်ပြေတာဗျ ဒီလိုဟင်းကောင်းတွေ မစားတတ်ဘူး”
“ဟုတ်တယ် အမေကြီးရေ သာအေးပြောတာ အမှန်ပဲ ဘိုးထင် ဆိုတဲ့ကောင်က ဟင်းကောင်းကို မစားတာ “
ထုံးစံအတိုင်း စနောက်နေကြဖြစ်သည်မို့ မောင်ဘိုးထင်မှာ တုန့်ပြန်နေကြပုံစံဖြစ်သော ဟင်းများကို သူ၏ပန်းကန်ထဲသို့ အကုန်ထည့်ပစ်ပြီး တုန့်ပြန်လိုက်သည်။အမေပြုံးသည် ဟန်ဆောင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားရှိလှသော မောင်ဘိုးထင်တို့အား သဘောကျနေလေ၏။ထမင်းစားပြီးသွားသောအခါ အိမ်ရှေ့ခန်းတွင်ထိုင်ပြီး စကားစမြည်ပြောကြသည်။
“အမေကြီးက ကျုပ် တခုမေးပါရစေ “
“မေးလေ “
“ကျုပ် သိချင်တာက စုန်းပညာကို ယောကျာ်းတွေရော သင်လို့ရလား”
“ရတာပေါ့ကွယ် ဘာလို့လဲကွယ့်”
“ဘာမှ မဟုတ်ပါဘူးဗျာ ပြီးတော့ ကျုပ်သိချင်တာက ရွာစာ ချရင် အမေကြီးတို့စုန်းတွေက တကယ်စားရလား”
အမေပြုံးအား မေးမြန်းနေသူမှာ သာအေးဖြစ်သည်။ထိုအခါ အမေပြုံးသည် တချက်ပြုံးပြီး
“အဲ့တာက အဆင့်နိမ့်စုန်းတွေပါ လူလေးတို့ သိချင်လို့လား စောစောအိပ်တဲ့ အကျင့်မရှိဘူးဆို အမေကြီး လိုက်ပြမယ် “
“လိုက်ကြည့်မယ်ဗျာ ကျုပ်တို့ကို လိုက်ပြပါ”
“ကဲ စိတ်ချ ခဏတော့ လှဲကြဦး အိပ်ပျော်သွားရင်လည်း အမေကြီး နှိုးမယ် “
“ဒီကောင်တွေကိုပဲ လိုက်ပြလိုက် အမေကြီး ကျုပ်ကတော့ အိပ်တော့မယ် “
“အေးပေါ့ မင်းက ဒါတွေရိုးနေပြီကိုး အိပ် အိပ်”
မောင်ဘိုးထင်သည် မလိုက်တော့ကြောင်းပြောကာ သူတို့အတွက် ပြင်ပေးထားသော အိပ်ယာတွင် တယောက်တည်း လှဲလိုက်သည်။ပေတူးနှင့် သာအေးမှာဖြင့် စုန်းပညာသည်ကြီး အမေပြုံးအား သိလိုသည်များကို မေးမြန်း၍ နေပါလေတော့ သည်။
◾အခန်း (၅)
ညသန်းခေါင်ယံချိန်တွင် ဖြစ်သည်။လရောင်သည် ကောင်း မွန်စွာထွန်းလင်းနေသောကြောင့် မှောင်မိုက်မနေပါ။ထိုညသန်း ခေါင်ယံအချိန်တွင် လူတယောက်သည် လမ်းလယ်ခေါင်တွင် ထမင်းနှင့် ငါးပိဖုတ်တို့အပြင် ကြက်ဥ‌ကြော်တို့အား ငှက်ပျော ဖက်ပေါ် ပုံပြီး ဆန်ကောထဲထည့်ကာ သယ်လာသည်ကို တွေ့လိုက်ရသည် ။ထို့နောက် သယ်လာသော ထမင်းနှင့် ငါးပိဖုတ်၊ကြက်ဥကြော်များထည့်ထား‌သော ဆန်ကောအား ပါလာသော ယောင်းမဖြင့် ပုတ်ကာ နှုတ်မှလည်း တတွတ်တွတ်ရွတ်ပြီီးနောက် ခပ်လှမ်းလှမ်းတွင် ချထားခဲ့ပြီး ထွက်သွားလေ၏။ထိုသို့ပြုလုပ်ခြင်းမှာ ရွာစာချခြင်း ဖြစ်၏။ထိုရွာစာချသော နေရာနှင့် မလှမ်းမကမ်းရှိ မန်ကျည်းပင်ကြီး၏ အမှောင်ရိပ်တွင် အမေပြုံးနှင့်အတူ သာအေးနှင့် ပေတူးတို့ရှိလေသည်။သူတို့နှစ်ယောက်သည် ရွာစာချထားသောနေရာအား မျက်တောင်မခတ်ဘဲစိုက်ကြည့်နေရာ မကြာသောအချိန်တွင် ခွေးလေးကောင် ရောက်ချလာသည်။ခွေးများသည် ငှက်ပျောဖက်ပေါ်မှ ရွာစာကို တကောင်ပြီးတကောင် ကုန်စင်အောင်စားပြီးနောက်ထွက်သွားကြလေသည်။ထို့နောက် အမေပြုံးသည်လည်း အိမ်ပြန်လာရာ ပေတူးနှင့် သာအေးတို့ နားမလည်နိုင်ဖြစ်နေသော် လည်း သူမ နောက်မှသာ လိုက်သွားပါတော့သည် ။
သူတို့ အိမ်ပြန်ရောက်ချိန်တွင် မောင်ဘိုးထင်မှာ အိပ်မောကျနေပြီ ဖြစ်သည်။အမေပြုံးသည် ပေတူးနှင့် သာအေးကိုကြည့်ပြီး
“ကဲ ‌လူလေးတို့ အိပ်တော့”
“ဗျာ ကျုပ်တို့ ရွာစာချတာကြည့်တာ ဘာမှ မထူးဆန်းပါလား ငှက်ပျောဖက်ထဲ ထည့်ထားတဲ့ထမင်းကို ခွေးစားတာပဲမြင်ခဲ့ရတယ်”
“ဟုတ်တယ် ကျုပ် ထင်ထားတာက ထူးထူးဆန်းဆန်းတွေ တွေ့မယ် ထင်တာ “
သာအေးနှင့် ပေတူးမှ ထိုသို့ပြောသောအခါ အမေပြုံးသည် တချက်ပြုံးပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ
“ထူးဆန်းပါတယ် လူလေးတို့ မတွေ့ဘူးလား”
“အမေကြီးကလည်းဗျာ ကျုပ်တို့ဖြင့် မျက်တောင်မခတ်ပဲကြည့်နေတာပါ ဘာမှမထူးဆန်းပါဘူး”
“မထူးဆန်းတာ ဟုတ်လို့လား သေချာပြန်စဉ်းစားပါဦး”
အမေပြုံး၏စကားကြောင့် သာအေးနှင့် ပေတူး‌ သေချာပြန်စဉ်းစားကြည့်နေမိသည်။ငှက်ပျောဖက်ထဲရှိ ရွာစာကို ခွေးများစားနေသည်ကလွဲ၍ ကျန်သည့်ထူးခြားမှုကမရှိပေ။ထို့ကြောင့် အမေပြုံးအား မထူးခြားကြောင်း ပြန်ပြောလိုက်သည်။
“မထူးဆန်းပါဘူး အမေကြီးရာ ခွေးတွေစားနေတာပဲတွေ့တာ”
“ဟုတ်ပါပြီ အဲ့ဒီခွေးတွေက ဘယ်လို စားတုန်း”
“ဗျာ “
“သေချာ ပြန်စဉ်းစားကြည့် “
အမေပြုံးပြောမှပဲ ပေတူးနှင့် သာအေး ထပ်ပြီးစဉ်းစားကြည့်လိုက်သည်။သို့ပေမဲ့ နားမလည်ပေ။သူတို့ နားမလည်နိုင်ဖြစ်နေ သည်ကိုသိသော အမေပြုံးသည် ပြုံးကာ စကားဆိုလေသည်။
“ခွေးလေးကောင်လောက်စားတာ လုစားကြသလား”
“မစားဘူး အမေကြီး “
“တကောင်နည်းနည်းစား နောက်တကောင်နည်းနည်းစားနဲ့ပဲ အလှည့်ကျစားသွားတာ မဟုတ်လား မာန်တာမဲတာ စားမာန်ခုပ်တာတွေရှိလား လူလေးတို့”
“ဟုတ်တယ် မရှိဘူး အမေကြီး”
“ရွာထဲက သာမာန်ခွေးတွေဆို အဲ့ဒီလို ငြိမ်ပါ့မလား ‌လူလေးတို့ရယ် ကဲ အချိန်လည်း လင့်ပြီ အိပ်တော့ “
အမေပြုံးသည် ထူးဆန်းသည့်အချက်များအား ပြောပြပြီး ပေတူးနှင့် သာအေးအား အိပ်ယာဝင်ခိုင်းလိုက်သည်။သူမသည်လည်း သူမ၏အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ပေတူးနှင့် သာအေးတို့၏အတွေးထဲတွင် ခွေးလေးကောင်သည် ရွာစာအား အလှည့်ကျစားနေပြီး မာန်ဖီခြင်းမရှိစားမာန်ခုပ်ခြင်း မရှိပဲ အေးအေးလူလူ စား၍ ထွက်သွားသည့်မြင်ကွင်းကို တွေးပြီး ဟုတ်ပေတယ် ဒီဟာက ထူးဆန်းတာပဲလို့ တွေးပြီး အိပ်ယာဝင်လိုက်ကြပါလေတော့သည် ။
◾အခန်း (၆)
မနက်မိုးလင်းအချိန်ခါသို့ ရောက်ရှိလာပြီဖြစ်သည်။မောင်ဘိုးထင်တို့ မနိုးသေးသော်လည်း ဝိုင်းစိန်သည် မနက်‌အစော ကြီးကတည်းပင် ရောက်လာပြီး မနက်စာအတွက် အမေပြုံးနှင့်အတူ ဝိုင်းဝန်းပြင်ဆင်ပေးနေသည်။စားဖို့အသင့်ဖြစ်ချိန်တွင် မောင်ဘိုးထင်တို့သည်လည်း အိပ်ယာမှ နိုးလာကြသည်။
“လူလေးတို့ ဆားလည်း ရှိတယ် တမားရိုးလည်း ရှိတယ် မီးသွေးရော ကြိုက်တာနဲ့ သွားတိုက်ကွယ်။မျက်နှာသစ်ပြီးရင် အိပ်အောက်က စားပွဲဆီကို လာခဲ့ကြ”
“ဟုတ်ကဲ့ အမေကြီး အမကြီးရော ရောက်နေတာလား “
“ဟုတ်တယ် ကဲ ကဲ မျက်နှာသွားသစ်လိုက်ကြဦး”
မောင်ဘိုးထင်တို့သုံးယောက်သည်လည်း မျက်နှာသစ်လိုက်ကြပြီး အိမ်အောက်ရှိ စားပွဲတန်းလျားသို့ သွားလိုက်ကြသည်။ စားပွဲခုံပေါ်တွင်တော့ အငွေ့တထောင်းထောင်းထနေသော ကောက်ညှုင်းပေါင်း၊အကြော်စုံနှင့် ငါးခြောက်ဖုတ်အပြင် ထမင်းကြမ်း၊ခရမ်းချဉ်သီးထောင်း၊အသားခြောက်ဖုတ်ကို ဆီဆမ်းထားပြီး စားချင်စဖွယ်ပြင်ဆင်ထားသည်။လက်မြန်ခြေ မြန်နှင့် ပွင့်လင်းသော မောင်ဘိုးထင်တို့မှာ လူစိမ်းလော၊ လူကျက်လော မခွဲခြားတတ်သလို စားစရာရှိကလည်း အားရ ပါးရစားတတ်သည့်အကျင့်အတိုင်း မူမနေပဲ လွေးနေကြသည်။ကောက်ညှင်းပေါင်းကြိုက်သူက ကောက်ညှင်းပေါင်း၊ထမင်း ကြမ်းကြိုက်သူက ထမင်းကြမ်းကို အားရပါးရစားနေကြသည်။ဘေးတွင်ထိုင်နေသော အမေပြုံးနှင့် ဝိုင်းစိန်သည် ဟန်ဆောင်မှုမရှိ ဟောဟောဒိုင်းဒိုင်းရှိသောကောင်လေးများကို သဘောကျနေကြသည် ။
မနက်စာစားပြီးသောအခါ မောင်ဘိုးထင်သည် အမေပြုံးနှင့် ဝိုင်းစိန်ကို ကြည့်ကာ
“အမေကြီးနဲ့ အမ ကျုပ်တို့က ဘာလုပ်ပေးရမှာလဲ အလုပ်အကြောင်းလည်း ဘာမှမပြောဘူး”
“အလုပ်က ညမှ လုပ်ရမှာ “
“ဘာအလုပ်လဲဗျ ကျုပ်တို့ကို ပြောတော့ အထက်လမ်းဆရာယောင်ယောင်လူကို မယူချင်လို့ဆို “
“အေး ဟုတ်တယ်ကွယ့် ညရောက်ရင်တော့ အကြောင်းစုံသိရမှာပါ အထက်လမ်းဆရာယောင်ယောင်ကောင်က ဒီကဝိုင်းစိန်မ ရဲ့ညီမလေးကို ဓားစာခံလုပ်ပြီး ခေါ်ထားတာ အဲ့ဒီကလေးမကို မင်းတို့ ကယ်ပေးရမယ် ဓားစာခံမရှိရင် ဝိုင်းစိန်မလည်း အဲ့ဒီလူကို ယူစရာမလိုတော့ဘူးလေ “
“ဒါက ဥပဒေမဲ့လုပ်ရပ်ပဲဗျာ ရွာလူကြီးကို မတိုင်ဘူးလား “
“ဝုန်း”
ပေတူးသည် ဒေါသထွက်သွားသဖြင့် စားပွဲခုံကို လက်ဝါးနှင့် ရိုက်ရင်း စကားဆိုလိုက်ရာ ကျန်သောသူများ လန့်သွားကြသည်။ပေတူး၏အနားတွင်ရှိသော သာအေးမှာ လန့်ပြီး သောက်လက်စရေနွေးဖိတ်စင်ကုန်ကာ အနည်းငယ် အပူ လောင်သွားသောကြောင့် မကျေမနပ်ဖြစ်ကာ
“တောက် ပေတူးဆိုတဲ့ကောင် လုပ်လိုက်ရင် အလန့်တကြားချည်းပဲ ခွီးတဲ့မှပဲ ပူလိုက်တာ “
“ဒေါသဖြစ်လွန်းလို့ပါ ရပ်ထဲရွာထဲမှာနေပြီး လူတယောက်ကို ဓားစာခံအဖြစ်ခေါ်ထားတယ်ဆို‌တာ တော်တော်ကိုဆိုးတဲ့ လုပ်ရပ်ကွ “
“ဟုတ်တယ် အရင်ဆုံး အမေကြီးတို့စကားကို မင်းတို့သေချာနားထောင်စမ်းပါကွာ “
မောင်ဘိုးထင် တည်ကြည်သောလေသံနှင့် စကားဆိုလိုက်မှ ရန်စောင်နေသော ပေတူးနှင့် သာအေးတို့ ငြိမ်သွားကြသည်။ ထို့နောက် ဝိုင်းစိန်မှ စကားဆက်လာသည် ။
“ဒီလို ငါ့မောင်တို့ရဲ့ အမရဲ့မိသားစုက အမ ပညာသည်ဆိုတာ ကို မသိဘူး အိမ်က အထက်လမ်းဆရာယောင်ကောင်နဲ့ စီစဉ်ပေးလာတော့ အမက မယူချင်လို့ ငြင်းတာပေါ့ အိမ်က မယူချင်ရင်လည်း ညည်းသဘောလို့ပြောတော့ ဒင်းက အမရဲ့ညီမလေးကို သူ့အိမ်ခေါ်သွားပြီး သူ့ကိုယူမှ ညီမလေးကို ပြန်လွှတ်ပေးမယ်တဲ့လေ “
“အဲ့ဒီလူက ဆွဲတာ မှားနေတယ် တကယ်ဆွဲရမှာက အမလေ “
“တောက် ဟေ့ကောင် ပေတူး မင်းကတော့ကွာ “
“ရပါတယ် ငါ့မောင် သူပြောတာလည်း ဟုတ်တာပါပဲ ဒါပေမဲ့”
ဝိုင်းစိန်သည် စိတ်မကောင်းဟန်ဖြစ်သွားလေရာ မောင်ဘိုးထင်မှာ ပေတူးအား ကြိမ်းမောင်းလိုက်ပြီး သူမအား စကားဆိုလေသည်။
“အမ ဘာမှမပူနဲ့ ကျုပ်တို့ ကူပြီး ကယ်ထုတ်ပေးမယ်”
“ငါ့မောင်တို့ကိုပဲ အားကိုးရတော့မှာ အမက ကယ်ချင်ပေမဲ့ သူရဲ့အစီအရင်တွေက အားကောင်းနေတော့ အဟင့် အဟင့် “
“ဝိုင်းစိန်မရယ် အားမငယ်ပါနဲ့ ဒီကလူငယ်လေးတွေက ကူညီမှာပေါ့ကွယ် ….”
အမေပြုံး ဝမ်းနည်းပြီး မျက်ရည်လေးများကျလာကာ ငိုညည်းသံသဲ့သဲ့ထွက်နေသော ဝိုင်းစိန်၏ပုခုံးလေးကို ဖက်ကာ အားပေးနေလေသည်။ထိုအခါ မောင်ဘိုးထင်တို့ထဲမှ ပေတူး နှင့် သာအေးသည် ယခုပင်သွားကယ်ထုတ်မည်လုပ်နေရာ ငိုတော့မည့် ဝိုင်းစိန်ပင် မငိုအားတော့ပဲ သကောင့်သားနှစ်ယောက်အား ဆွဲထားလိုက်ရပါတော့သည် ။
◾အခန်း (၇)
လပြည့်ပြီးသည်မှာ မကြာသောအချိန်မို့ ညဖက်ရောက်သည်နှင့် လရောင်က ထွန်းလင်းလျက်ရှိသည်။အမေပြုံး၏ အိမ်အောက်တွင်တော့ မောင်ဘိုးထင်တို့သည် သူတို့၏ လွယ် အိတ်ထဲတွင် လိုအပ်သည့် ပစ္စည်းများ ပါမပါ စစ်ဆေးလျက်ရှိသည်။
“ဘိုးထင် မင်းအဘဆီက အစီအရင်တွေပါခဲ့လား”
“ပါတာပေါ့ကွာ ပြန်ကိုမထားတာ ငါ့လွယ်အိတ်ထဲ အမြဲထည့်ထားတာ “
“အေးကွာ သေချာပြန်စစ်ဦး ဟိုကောင်သာအေး မင်းလွယ် အိတ်ထဲမှာ လောက်စာလုံး မပါ ပါလား”
“ပါမလား အကုန်ရှုံးကုန်တာကိုး ငါ့လက်ကလည်း ကန်းချက် တလံလောက်က ပစ်ရတာကိုတောင် မမှန်တာ “
သာအေးသည် ထိပ်တုန်းခတ်မခံရခင် ရှေ့ရက်များကတည်း ကပင် လောက်စာလုံးလှိမ့်ရာ၌ ရှုံးနိမ့်သွားသောကြောင့် ယခုသူ၏လွယ်အိတ်ထဲတွင် လောက်စာလုံးတလုံးမှ ရှိမနေပါ။ထို့အတွက်ကြောင့်လည်း သူ့ဘာသာမကျေမနပ်ရေရွတ်နေခြင်းဖြစ်သည်။အမေပြုံးနှင့် ဝိုင်းစိန်သည်ကား မောင်ဘိုးထင်တို့အား စိတ်မချ၍ တတွတ်တွတ်မှာကြားနေသည် ။
“လူလေး စိတ်ချမယ်နော် သူတို့အစီအရင်က အဖွားတို့ဆိုရင် အိမ်ဝိုင်းထဲကို ဝင်လို့ကိုမရတာ လူလေးတို့က ကလေးမလေးကို ကယ်ထုတ်ပြီးရင် အဖွားအိမ်ကိုပဲ လာပို့နော် “
“စိတ်ချပါဗျာ ဘိုးထင်တို့ရာဇဝင်မှာ မဖြစ်ဘူးဆိုတာ ဘာမှ မရှိခဲ့ဘူး ဘာမှစိတ်မပူနဲ့ ကျုပ်တို့ ကယ်ခဲ့မယ် သွားရမဲ့အိမ်ကိုသာ လိုက်ပို့ “
“အမလိုက်ပို့မယ် ပြီးတော့ ငါ့မောင်တို့ကို မှာစရာရှိတယ် “
“မှာပါ မှာပါ “
“အမ ညီမလေးနာမည်က စုစုတဲ့ သူက အထုပ်လေးပိုက်ပြီး စောင့်နေလိမ့်မယ် သူ့ကိုတွေ့ရင် အမက လွှတ်လိုက်တယ်လို့ပြောနော် အဲ့တာဆို သူ လိုက်ခဲ့လိမ့်မယ် “
“အင်းပါဗျာ စိတ်ချစမ်းပါ “
“စိတ်ပူရတယ် မောင်လေးရေ သူတို့က အထက်လမ်းပညာအပြင် လူအစောင့်တွေပါ ထား ထားတာ “
“နေပါဦး ကျုပ်မသိလို့ မေးပါရစေဦး ရွာမှာ ရွာလူကြီးမရှိဘူးလား “
“ရှိတော့ရှိပါတယ် ရွာလူကြီးက အမတို့လို မျက်နှာမွဲတွေထက် ဒင်းတို့လို ဂုဏ်ရှင်ဓနရှင်တွေကို”
“ကျုပ် နားလည်ပြီ အမ စိတ်ချ ဒီတိုက်ပွဲကို ကျုပ်တို့ နိုင်အောင်တိုက်မယ် မတရားတာကို ကျုပ်တို့ လုံးဝကို လက်မခံနိုင်တာဗျ”
ထို့နောက် သူရဲကောင်းကြီးသုံးယောက်အလား မောင်ဘိုးထင်တို့သည် ပုဆိုးကို ခါးတောင်မြောက်အောင်ကျိုက်လိုက်ပြီး လွယ်အိတ်တယောက်တလုံးနှင့် ဝိုင်းစိန်မ၏နောက်သို့ လိုက်သွားကြပါလေတော့သည် ။
◾အခန်း (၈)
ညသန်းခေါင်ယံအချိန်တွင် ဖြစ်သည်။လရောင်ဖွေးဖွေးအောက်တွင် မြောက်ပြင်ရွာလေးသည် တိတ်ဆိတ်ငြိမ်သက်စွာရှိနေသည်။တခါတခါ ဇီးကွက်နှင့် လင်းဝက်တို့အော်သံ ကြားရသည်။ထိုရွာလေး၏လှည်းလမ်းဘေးရှိ သစ်ပင်အရိပ်အောက်တွင် မောင်ဘိုးထင်တို့သုံးယောက် ကုန်းကုန်းကွကွနှင့် ရှိနေ သည်။သူတို့သည် ရွာအလယ်ရှိ ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီး၏ အိမ်ဝိုင်းဝကို မမှိန်မသုန်စိုက်ကြည့်နေကြသည်။ထိုအိမ်ကြီး၏ အိမ်ဝိုင်းဝတွင်တော့ တန်းလျားနှစ်လုံးကို ပူးချထားပြီး လူနှစ်ယောက် အိပ်နေသလို လမ်းလျှောက်ပြီး ကင်းစောင့်နေသော လူနှစ်ယောက်မှာလည်း အရှေ့လျှောက်လိုက် အနောက်လျှောက်နှင့် ရှိနေသည်။ထိုသူများကိုကြည့်ပြီး အမှောင်ရိပ်ထဲရှိ ပေတူး သည် ကျန်သူများ အနားကိုကပ်ကာ
“ဟေ့ကောင်တွေ ကင်းတောင် အလှည့်ကျနဲ့ စောင့်နေတာဟ အိမ်ထဲဝင်ဖို့ လွယ်ပါ့မလား”
“မလွယ်လည်း မရ ရအောင်၀င်ကယ်ရမှာပဲ “
“မင်းတို့ ပူမနေနဲ့ ဒီလူတွေကို ကျော်ဖို့က လွယ်တယ်ကွ သိချင်တာက ဟိုအထက်လမ်းဆရာယောင်ယောင်ကောင်ရဲ့ အစီအရင်တွေကို မဖျက်နိုင်မှာ စိုးတာ “
“အဲ့ဒီအစီအရင်တွေက ပညာသည်တွေကိုပဲ တားနိုင်တာ မဟုတ်လား ငါတို့ကိုတော့ တားလို့မရလောက်ပါဘူး “
“အေး ဟုတ်တယ်ကွ ခဏလေး အစီအရင် ရှိမရှိကြည့် ကြည့်ဦးမယ် “
မောင်ဘိုးထင်သည် အသံခပ်တိုးတိုးနှင့် စကားဆိုပြီးနောက် မန္တန်တပုဒ်ကို ရွတ်သည်။ပြီးနောက် မျက်လုံးကို လက်ညှိုးနှင့်ကွင်းလိုက်ရာ သူ၏မြင်ကွင်းထဲတွင် အိမ်ဝိုင်းပတ်လည်အား ရွှေရောင်ကြိုးများဖြင့် တားထားသည်ကို တွေ့လိုက်ရ၏။ ထိုအခါ မောင်ဘိုးထင်သည်
“ဟုတ်တယ်ကွ စည်းတားထားတယ် စုန်းကဝေနဲ့ အောက် လမ်းပညာသည်တွေ မဝင်နိုင်ဘူး မင်းတို့ကတော့ ဝင်လို့ရလောက်တယ် “
“အေးကွာ အဲ့တာဆိုရင် ငါ ဟိုလူတွေကို အိပ်ငွေ့ချပေးမယ် မင်းတို့ အိမ်ထဲဝင်ကြ ကြားလား”
“အေး လုပ်ကွာ “
ထို့နောက် မောင်ဘိုးထင်သည် သူ၏လွယ်အိတ်ထဲမှ မြေသားအမဲဖြင့် ပြုလုပ်ထားသော လောက်စာလုံးသဏ္ဍန် အလုံးလေးတလုံးကိုယူကာ မန္တန်တပုဒ်ကို ခပ်တိုးတိုးရေရွတ်လိုက်ပြီး အိမ်ဝိုင်းဝတွင် ကင်းစောင့်နေသောသူများထံသို့ ပစ်လိုက်သည် ။ဝါးကပ်ခြံစည်းရိုးသို့ ထိုအလုံးလေးထိမှန်သွားရာ ဒေါက်ခနဲပင် အသံမြည်သွားပြီး ကင်းစောင့်နေသောအိမ်ဝိုင်းဝမှ လူနှစ်ယောက်သည် အသံကြားရာဆီသို့ သွားကြည့်လေသည် ထို့နောက် မည်သည့်အရာမှ မတွေ့ရ၍ သူ့နေရာသူပြန်ချိန်တွင်တော့ ခွေခေါက်လဲကျသွားလေသည်။သူတို့ လဲကျသွားသည့်အချိန် အိမ်ထဲတွင် မည်သည့်လှုပ်ရှားမှု့မှ မရှိသောကြောင့် မောင်ဘိုးထင်သည် သာအေးနှင့် ပေတူးအား တိုးတိုးကပ်၍ စကားဆိုလေသည်။
“ဟေ့ကောင်တွေ သွားတော့ စုစုဆိုတဲ့ အမဝိုင်းစိန်ရဲ့ညီမကို သွားခေါ်ခဲ့တော့ကြ ငါ ဒီမှာ စောင့်နေမယ်”
“အေး အေး”
ထို့နောက် သာအေးနှင့် ပေတူးတို့သည် ‌အမှောင်ရိပ်ကိုအားပြုကာ လဲကျပြီးအိပ်ပျော်နေသော အစောင့်နှစ်ယောက်နှင့် တန်းလျားပေါ်တွင် အိပ်ပျော်နေသော အစောင့်နှစ်ယောက်ကို ကျော်ကာ အိမ်ဝိုင်းထဲသို့ ဝင်သွားလိုက်ကြပါလေတော့သည် ။
◾အခန်း (၈)
သာအေးနှင့် ပေတူးသည် အိမ်ဝိုင်းထဲသို့ဝင်သွားပြီး ကျွန်းတိုင်ကြီးများအနားသို့ ဟိုဖက်ကပ်လိုက် ဒီဖက်ကပ်လိုက်နှင့် ကူးလူးနေသည်။အမှန်စင်စစ် သူတို့သည် အတူတူရှိရန်ကြိုးစားနေခြင်း ဖြစ်သည်။သို့ပါသော်လည်း သာအေးရှိသော တိုင်ဆီသို့ ပေတူးကူးသွားချိန် ပေတူးသည် တိုင်၏ ညာဖက်ခြမ်းရှိ နောက်ထပ်တိုင်တတိုင်သို့ကူးပြီး ပေတူးဆီ သွားလိုက်သည်။ဤသို့‌ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်နေသည်ကို စိတ်မရှည်သော ပေတူးသည်
“ဟေ့ကောင် မင်းအဲ့ဒီတိုင်မှာ ရပ် ခွီးတဲ့မှပဲ “
“အေး အေး တိုးတိုးပြောဟ သူများတွေ ကြားကုန်ဦးမယ် “
သာအေးနှင့် ပေတူး တတိုင်ထဲ အတူရှိနေချိန် သူတို့၏ နောက်ကျောမှ တစုံတယောက်သည် ပုခုံးအား လာပုတ်သဖြင့် သာအေးမှ လန့်ဖျန့်ပြီး
“အမလေး “
“အမစုစုပါ အမဝိုင်းစိန်လွှတ်လိုက်တဲ့ မောင်လေးတွေလား “
“ဟုတ်တယ် အမက စုစုလား “
“အင်း “
“အဲ့တာဆို သွားကြအောင် အစောင့်က ဒီလူတွေပဲရှိတာလား”
“မဟုတ်ဘူး တခြားသူတွေ အိပ်ပျော်နေတာ “
“လာ လာ အဲ့တာဆို သွားကြရအောင် “
ပေတူးသည် စုစုဆိုသောမိန်းမပျိုလေးအား ခေါ်၍ အိမ်ဝိုင်းအပြင်သို့ ထွက်လေသည်။သာအေးသည်လည်း သူတို့နှစ်ယောက်အနောက်မှနေ၍ ဟိုကြည့်သည်ကြည့်နှင့် အိမ်ဝိုင်း အပြင်သို့ ထွက်လိုက်ချိန်
“အမလေး သေပါပြီးဗျ”
“ဟာ လူစိမ်းဟ မမလေးကို ‌ခိုးနေပြီဟေ့ “
“ဟာ သောက်ခွေး သာအေးကွာ အိပ်နေတဲ့ အစောင့်ရဲ့မျက်နှာ ကိုမှ တက်နင်းရတယ်လို့ “
“ပြေး ပြေး ငါလည်း ဘေးဘီဝဲယာအကြည့်လွန်သွားတာဟ”
“ခွီးတဲ့မှပဲ”
ပေတူးနှင့် စုစု၏အနောက်မှ လိုက်သော သာအေးသည် ခြံဝတွင် မောင်ဘိုးထင်၏အစီအရင်အစွမ်းဖြင့် အိပ်ပျော်နေသော အစောင့်တယောက်၏မျက်နှာအား ခြေဖြင့် နင်းမိသွားရာ အစောင့်မှာ လန့်နိုးသွားပြီး အော်ဟစ်သတိပေးလိုက်လေသည်။ ထို့‌နောက် ခြံထဲမှ လူများပါ ပြေးထွက်လာကြပြီး မီးတုတ်များထွန်းညှိကာ သာအေးနှင့် ပေတူးတို့ နောက်သို့ လိုက်ကြလေသည်။အမှောင်ရိပ်ထဲတွင် ကျန်ခဲ့သော မောင်ဘိုးထင်သည်လည်း သူတို့နောက် အပြေးလိုက်နေသည်။စုစုမှာ မိန်းမသားဖြစ်နေ၍ မပြေးနိုင်ပဲ ရှိနေချိန် မြင်းခွာသံနှင့်အတူ မြင်းစီးလာသော လူရွယ်တယောက်သည် မောင်ဘိုးထင်တို့အနားရောက်ချိန် မြင်းကို ရပ်လိုက်ပြီး စုစုအား လက်မောင်းအရင်းမှ ဆွဲကာ မြင်းပေါ်သို့ စွေ့ခနဲတင်လိုက်ပြီး မောင်ဘိုးထင်တို့အား တချက်ကြည့်ကာ
“ကျေးဇူး ညီလေးတို့ရေ အကိုတို့သွားပြီကွာ”
“အယ် ဘယ်လိုတွေ ဖြစ်ကုန်တာလဲ “
မောင်ဘိုးထင်တို့ကြောင်ငေးကြည့်နေမိစဉ်မှာပင် မြင်း‌စီးလူငယ်နှင့် စုစုတို့ အတော်ခပ်လှမ်းလှမ်းကို ရောက်သွားပြီဖြစ်သည် ။သူတို့သုံးယောက်မှာဖြင့် အနောက်မှလိုက်လာသော လူအုပ်ကြီး၏ ဝိုင်း၍ဖမ်းဆီးခြင်းကို ခံလိုက်ရပါလေတော့ သည် ။
◾အခန်း (၉)
“မင်းတို့ဘယ်ကကောင်တွေလဲ “
“ကျုပ်တို့က ပေပင်ရွာကပါ”
“ဟေ့ကောင် မင်းက ငါ့နှမကို ဘာလို့ ခိုးပေးရတာလဲ သူတို့မျိုးက စုန်းတွေမို့ သဘောမတူတာ မင်းတို့တွေ ကလေးတွေမို့ ငါ ညှာပေးထားတာ “
“ငါ့သား အောင်ကြီး ခဏနေဦး ဒီကောင်တွေပြောပုံအရ‌ဆို ဒေါ်ပြုံးတို့သားအမိက ဒီကောင်တွေကို အသုံးချသွားတာ “
“ဟုတ်ပါတယ်ဗျာ ကျုပ်တို့ကို သူရဲ့ညီမလေး ခင်ဗျားတို့ ဖမ်းထားတယ်ဆိုလို့ ကျုပ်တို့က လာကယ်တာပါ “
“မင်းတို့ကောင်တွေကွာ ဘုမသိဘမသိနဲ့ ပေပင်က ဦးမောင်ကြီးကို သိကြလား”
“သိရုံတင် မဟုတ်ပါဘူးခင်ဗျာ ရွာလူကြီးနဲ့ ကျုပ်တို့က သားအဖတွေလို နေကြတာပါ “
“ငါ ရှိနေလို့ မင်းတို့ သက်သာသွားတယ်မှတ် တကယ့်ကောင်တွေကွာ မင်းတို့ကောင်တွေကို လွှတ်ပေးလို့တော့ မရဘူး ပေပင်ရွာဆီ ပြန်အပ်ရမယ် ပြီးရင် မင်းတို့ကောင်တွေ ငါ့သမီးကို ပြန်ရှာပေးရမယ် ဟိုက မိသားစုလိုက် ပျောက်သွားပြီ “
“တောင်းပန်ပါတယ်ဗျာ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သုံးယောက်သည် အထက်လမ်းဆရာ၏ညီမဖြစ်သူ ရွာလူကြီး၏သမီးအား ဝိုင်းစိန်၏ မောင် အမေပြုံး၏သားဆီ ခိုးပေးမှုဖြင့် ကြိုးတုတ်၍ အဖမ်းခံထားရပါလေတော့သည် ။
◾အောက်လမ်းဘိုးထင်နှင့် ဝိုင်းစိန် သည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင် နှင့် ဒဏ် အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏ကျနော်ရဲ့ သာအေး နှင့် ကျားဆိုးရွာ အမည်ရ Ebook လေးကို ဝယ်ပြီးအားပေးသူများကို page Messenger မှာ စာချက်ချင်းမပြန်နိုင်တာ ကို ခွင့်လွှတ်ပေးကြပါခင်ဗျ အချိန်ပြည့်စာရေးနေရလို့ပါ အားလုံးကို Ebook ရရင်ပို့ပေးပါမယ် ခင်ဗျ နားလည်ပေးဖို့တောင်းပန်ပါတယ် ခင်ဗျ။🙏🙏🙏
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း