” အောက်လမ်းဘိုးထင် နှင့် တရားဆေး “

” အောက်လမ်းဘိုးထင် နှင့် တရားဆေး “(စ/ဆုံး)

================================

◾အခန်း (၁)

သစ်ပင်၊သစ်ရိပ်များအောက်တွင် တပါးကျောင်းသင်္ကန်းတ ဆောင်ရှိပြီး ထိုကျောင်းလေးဘေးတွင် ဆရာတော်များ သံဃာတော်များ စင်္ကြန်လျှောက်နေကြသည်။မြိုင်တောထဲတွင် ထိုမြင်ကွင်းကို မြင်ရသောအခါ မင်းနောင်သည် သူ၏ခြေမှ စီးထားသော ဖိနပ်ကို ချွတ်လိုက်ရာ ကျန်သူများလည်း လိုက်ချွတ်ပြီး လက်က ကိုင်ထားလိုက်ကြသည်။ သူတို့အား မသေဆေး ရှိသည်ဟုဆိုကာ ဦးသုည ပို့လိုက်သော နေရာသည် သံဃာတော်များ တရားကျင့်ကြံနေသော တောရကျောင်း ဖြစ်နေသည် မဟုတ်ပါလား ။သံဃာတော်များသည် မင်းနောင်တို့ ရောက်လာသည်ကိုပင် ဂရုမပြုမိပေ ။ထိုသို့ အနေအထားတွင် မင်းနောင်တို့ မည်သည်ပြုရမည်နည်း ဟု ဝေခွဲမရ ဖြစ်နေစဉ် ကိုရင်ငယ်လေးတပါးရောက်လာပြီး မင်းနောင်အား အသံတိုးတိုးဖြင့်

“ဒကာကြီး”

“ဘုရား”

“ဒကာကြီးတို့ ဘာကိစ္စရှိလို့လဲ ”

“ဦးသုည ဆိုတဲ့ ဦးကြီးက ဒီကို လွှတ်လိုက်တာပဲ ဘုရား ”

“အဲ့တာဆို ကိုရင့်နောက်လိုက်ခဲ့ပါ ”

မင်းနောင် ဦးဆောင်ပြီး ကျန်သောသူများသည် ကိုရင်လေးခေါ်ရာနောက်သို့ လိုက်သွားလေသည်။ချိုးသိမ်းသည် သူလွယ်ထားသော ငှက်ကြီးတောင်ဓါးအား ဘိုးထင်တို့ကို အတင်းထိုးပေးနေလေရာ မောင်ဘိုးထင်တို့သည် ချိုးသိမ်းအား မကြည်သလို ကြည့်ပြီး

“ဒီထဲ ရောက်မှ ဘာလို့လာပေးနေတာလဲ ကိုယ့်ဘာသာကို လွယ်ထား”

“ဟ ဘုန်းကြီးက ဓားကိုင်လို့ ဆော်ရင် ဒုက္ခဟ ”

“ကျုပ်တို့ကိုတော့ ဆော်ပါစေ ဆိုတဲ့ သဘောလား ”

“အဲ့ဒီလိုလဲ မဟုတ်ပါဘူးကွာ မင်းတို့က ကလေးသာသာ တွေဆိုတော့ ဘုန်းကြီးက ရိုက်မှာ မဟုတ်ဘူးလေကွာ ”

“အပိုတွေ ပြောမနေနဲ့ မယူရဲရင် ဟိုအပင်အောက်ပစ်ချခဲ့လိုက်”

“အေးပါကွာ အေးပါ ”

ချိုးသိမ်းသည် သူလွယ်ထားသော ဓားအား ကျွန်းပင်အရင်းတွင် ထားခဲ့ပြီး မင်းနောင် နောက်ကို လိုက်သွားရာ မကြာသော အချိန် တွင် နောက်ထပ် တပါးကျောင်း တကျောင်းရှေ့ရောက်လာ၏။ထိုအခါ ကိုရင်လေးသည် ကျောင်းရှေ့ သစ်ပင်ကြီးတပင်ကိုပတ်ပြီး ဆောက်ထားသော ကွပ်ပျစ်ပေါ် တွင်မင်းနောင်တို့အား ထိုင်စေကာ ကိုရင်လေးမှာ ကျောင်းပေါ်သို့ တက်သွားပါလေတော့သည် ။

◾အခန်း (၂)

မင်းနောင်တို့သည် ‌ကွပ်ပျစ်တွင် ထိုင်ပြီး တပါးကျောင်းလေးပေါ်သို့ မျက်နှာမူကာ စောင့်ကြည့်နေကြ၏ ။ များမကြာသော အချိန်တွင် သက်တော် ငါးဆယ်ကျော်မျှလောက်သာ ရှိသေးသော သစ်ခေါက်ရည်ဆိုး ထားသော သင်္ကန်းကို ဆင်မြန်းထားသည့် ဆရာတော်တပါး ကျောင်းလေးပေါ်မှ ကြွမြန်းလာလေ၏။ထိုအခါ မင်းနောင်သည် ကွပ်ပျစ်ပေါ်မှ ဆင်းပြီး မြေပြင်ပေါ်ထိုင်လိုက်လေရာ မင်းနောင် နည်းတူ ချိုးသိမ်းမှာ လိုက်ထိုင်သော်လည်း မောင်ဘိုးထင်တို့ သုံးယောက်သာ ကွပ်ပျစ်ပေါ် ထိုင်လျက်သား ကျန်နေ၏။ချိုးသိမ်းမှ မျက်စပစ်ပြီး အောက်ဆင်းထိုင်ရန် အချက်ပြလိုက်မှ မောင်ဘိုးထင်တို့ အူတူတူနှင့် မြေပြင်တွင် ဆင်းထိုင်လေသည်။ ထို့နောက် ဆရာတော် သူတို့ နှင့် မလှမ်းမကမ်းသို့ ရောက်လာသောအခါ မင်းနောင် နှင့် တခြားသူအကုန်လုံး ဦးချကန်တော့ပေမဲ့ မောင်ဘိုးထင်သည် သာ ဟိုကြည့် သည်ကြည့်နှင့် မည်သို့မည်ပုံ ပြုလုပ်ရမည်မှန်း မသိဖြစ်နေချိန် ဘေး‌တွင် ရှိသောပေတူးမှ ဦးချနေရင်း မောင်ဘိုးထင်၏ လည်ကုပ်ကို ဆွဲကာ အောက်သို့ နှိမ့်လိုက်ပြီး ဦးချ‌စေသော အခါမှသာ ပေါက်ဆိန်ပေါက် ဦးသုံးကြိမ် ချလိုက်လေသည်။ထို့နောက် ဆရာတော်သည် မောင်ဘိုးထင်တို့ထဲမှ အကြီးဆုံးဖြစ်မည်ထင်သော မင်းနောင်ကို ကြည့်ကာ

“ဒကာ ဘယ်အကြောင်းများ ရှိလို့လဲ ”

“တပည့်တော်ကို ဦးသုည ဆိုတဲ့ ဦးကြီးတယောက်က ဒီမှာ မသေဆေး ရှိတယ် ဆိုလို့ လာခဲ့ရခြင်းပါဘုရား တပည့်တော်ကို သနားသော အားဖြင့် မသေဆေး ပေးတော်မူပါ ”

“ဘာဖြစ်လို့ လိုချင်တာလဲ ဒကာ ”

“တပည့်တော် ရဲ့ မိခင်ကြီး နာမကျန်း ဖြစ်နေလို့ပါ ဘုရား ”

“လောကီဆေးပညာတွေ နဲ့ ပြကြည့်ပြီးပြီလား ဒကာ ”

“မြို့ဆေးရုံထိတက်ပြီး တပည့်တော် ကုချင်ပေမဲ့ အမေက ငြင်းနေပါတယ်ဘုရား။ရွာက ဆေးဆရာကတော့ ဒီအတိုင်း ခေါင်းမာနေရင် လူ့လောကမှာ ဆက်နေဖို့က မလွယ်ဘူးလို့ ပြောပါတယ်။အဲ့တာကြောင့် တပည့်တော် အမေကို အသက်ရှည်ရှည် နေနိုင်ဖို့ လောကီပညာသည်တွေ ဖော်စပ်ထားတဲ့ မသေဆေးကို ရှာနေခြင်းပါဘုရား ”

“ဒကာ လောကမှာ လူရယ်လို့ဖြစ်လာရင် သေချိန်တန်သေရမှာပဲ ”

“တပည့်တော် အမေ့ကို မသေစေချင်ပါဘူးဘုရား။တပည့်တော်ကို မသေဆေးပေးပါ။တပည့်တော်မှာ ဖခင်မရှိတော့ပါဘူး ဒီအမေကြီး တယောက်တည်းပဲရှိ တော့တာပါ ”

“‌ခက်ပြီ ဒကာ ဇာတိဖြစ်လာရင် ဇရာဆိုတာ ဖြစ်မြဲပဲ။ဇရာဖြစ်ရင်တော့ ဗျာဓိနဲ့ မရဏက ပါမြဲပဲ။ဒကာရဲ့ မိခင်ကြီးက အစဉ်တိုင်း ဖြစ်တာဆိုတော့ သူများတွေထက် သာပါသေးတယ်။ တချို့များ ဇာတိမှာတင် မရဏကပ်ပါပြီး ဇရာတောင်မဖြစ်လိုက်ပါဘူး။တချို့များဆိုလည်း ဇရာမဖြစ်သေးပဲ ဗျာဓိ နှိပ်စက်လို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်သူတွေလည်း များလှပြီ ဒကာ”

မင်းနောင် နှင့် မောင်ဘိုးထင်တို့သည် ဆရာတော် ၏ တရားစကားကို လုံးဝ နားမလည်ပါ။ထို့ကြောင့် မင်းနောင်သည်

“အရှင်ဘုရားစကား တပည့်တော် ဘာမှ နားမလည်ပါဘူးဘုရား။တပည့်တော် ရဲ့ အမေကိုသာ ကယ်တင်ပေးပါ ”

“ဘုန်းကြီးမှာ ပေးစရာဆေးတော့ မရှိဘူး ဒကာ ”

” အဲ့တာ ဆို ဦးသုညက တပည့်တော်ကို ညာတာပေါ့ ”

“သူလည်း ညာတာ မဟုတ်ပါဘူး။အရပ်ထဲမှာ ဘုန်းကြီးတို့ ကျောင်းကနေ တရားထိုင်ပြီး ရောဂါပျောက်သွားတဲ့သူတွေ ရှိတော့ သတင်းပြန့်နေလို့ ပြောတာ ဖြစ်မှာပါ”

“ဘာပဲဖြစ်ဖြစ် တပည့်တော် မိခင်ကြီးကို ကယ်ပေးပါဘုရား ”

“မသေရာမှန် နိဗ္ဗာန်ဆိုတာ ရှိတယ်ဒကာ။နိဗ္ဗာန်ကို ရောက်အောင် ပြုလုပ်နိုင်တဲ့ အကျင့်တရားကိုသာ ဘုန်းကြီးဟောကြားနိုင်ပါတယ် ”

“အဲ့ဒါဆိုလည်း တပည့်တော် အိမ်ကို ကြွပါဘုရား။တပည့်တော် မိခင်ကြီးကို တရားဟောပေးပါ ”

ဆရာတော်သည် မိခင်ကြီးအား မေတ္တာကြီးမားသော မင်းနောင်ကို ကိုယ်ချင်းစာတရားထားပြီး ပေပင်ရွာကို ကြွဖို့ သဘောတူလေသည်။မင်းနောင်သည် ဆရာတော်အား ပင့်လို့ရသည် နှင့် အတော်ကို ဝမ်းမြောက်နေမိသည်။ သူထင်ထား သည်က မိခင်ကြီးသည် ဆရာတော်၏ စကားဆိုလျှင် နားထောင်မည်ဟု ထင်နေမိသည်။ထို့ကြောင့် ရွာရောက်လျှင် ဆရာတော်အား မိခင်ကြီးကို မြို့ဆေးရုံတက်ရန် ဖြောင်းဖျခိုင်း မည်ဟူသော ရိုးရှင်းသာအကြံ နှင့် ဖြစ်၏။ထို့နောက် ဆရာတော်သည် တပါးတည်း မင်းနောင်တို့ နှင့်အတူ ပေပင်ရွာသို့ ကြွမြန်း သွားပါလေတော့သည် ။

◾အခန်း (၃)

ပေပင်ရွာသို့ အပြန်လမ်းတွင် လူငယ်လေး ငါးယောက် နှင့် ဆရာတော်တပါး ကြွလှမ်းလို့လာနေသည်။ဆရာတော်သည် ခြေထောက်မှာ ခြေဗလာနှင့်မို့ မောင်ဘိုးထင်သည် မင်းနောင်အနားသို့ တိုးကပ်သွားကာ

“ကိုမင်းနောင် ဘုန်းကြီးကို ဖိနပ်လေး ပေးလိုက်ပါလား။ ကျုပ်တို့က ဖိနပ်မပါလို့ ”

“အေးအေး ”

မောင်ဘိုးထင်တို့တွင်တော့ တကယ်ကို ဖိနပ်မပါပေ။ထိုခေတ် ထိုအခါတွင် ဖိနပ်ဟူ၍ ခုံဖိနပ် နှင့် ကားဖိနပ်သာ ရှိရာ မင်းနောင် နှင့် ချိုးသိမ်း တို့၏ဖိနပ်များမှာ ကားဖိနပ်ဖြစ်သည်။သည် ကားဖိနပ်ဆိုသည် မှာ ကားတာယာဖြင့် လုပ်ထားသော ဖိနပ်ကို ဆိုခြင်းဖြစ်သည်။မတိုးတက်သောခေတ်တွင် အကြမ်းခံသော ကားတာယာဖိနပ်(ကားဖိနပ်)နှင့် သစ်သားဖိနပ် (ခုံဖိနပ်)ကို သာစီးကြရသော အချိန်ဖြစ်၏။ လူပျိူဝင်ကာမှ ဖိနပ်စီးပြီး မောင်ဘိုးထင်တို့အရွယ် ကလေးသာသာ များသည် ဖိနပ်မရှိ ခြေဗလာ နှင့်သာ ဖြစ်ကြ၏ ။ယခု မောင်ဘိုးထင်သည် သူတို့ နှင့် အတူပါလာသော ဆရာတော်အား အပေါ်ပူ အောက်ပူ ဖြစ်နေလေ၍ ခြေထောက်ပူသက်သာရန် အလို့ငှာ မင်းနောင်ကို ဆရာတော်အား ဖိနပ်ပေးရန် ပြောလိုက်ခြင်း ဖြစ်သည်။ထိုအခါ မင်းနောင်သည် သူ၏ ဖိနပ်လေးအားချွတ်လိုက်ကာ ဆရာတော် အနားသို့ ရိုရိုသေသေ ကပ်သွားပြီး

“အရှင်ဘုရား တပည့်တော် ဖိနပ်ကို စီးပါ ဘုရား၊အခုက နေပူချိန် ဖြစ်နေလို့ပါ တပည့်တော်တို့က သွားနေကြ ဆိုတော့ ခြေဗလာ နဲ့လည်း ဘာမှ မဖြစ်ပါဘူး ”

“ဒကာလေးတို့ ရဲ့ စိတ်ဓာတ်က မွန်မြတ်ပါပေတယ်။သို့ပေမယ့် ဘုန်းကြီးအတွက် မလိုပါဘူး ”

“အရှင်ဘုရား အပေါ်က နေကလည်းပူ အောက်ကမြေကြီးကလည်းပူ ဆိုတော့ မသက်သာလှပါဘူး ဘုရား ”

“ဒီအပူက ငရဲမှာပူတဲ့ အပူနဲ့ဆို ဘာမှ မပြောပလောက်ပါဘူး ဒကာလေးတို့ ”

ဆရာတော်မှ ဖိနပ် လှုသည်ကို လက်မခံသောအခါ မင်းနောင်သည် သူ၏ ဖိနပ်ကို ပြန်စီးလိုက်လေသည် ။ထိုအချိန်တွင်တော့ ကောင်းကင်မှာ မိုးသားများသည် နေလုံးကြီးကို ရုတ်တရက် ကွယ်သွားရာ မိုးအုံ့သွား၍ မောင်ဘိုးထင်တို့ ဝမ်းသာနေမိသည်။ သူတို့ ဝမ်းသာရခြင်းသည် သူတို့ နေရိပ်ရ၍ မဟုတ်။ ဆရာတော်၏ ခေါင်းကို နေမပူနိုင်တော့၍ ဆရာတော် အတွက် ဝမ်းသာနေခြင်းဖြစ်သည်။ဆရာတော်သည် မောင်ဘိုးထင်တို့၏ စိတ်ဓာတ်ကို ခန့် မှန်းမိသည် ထင်၏။

“ဒကာလေး ဒကာလေး နာမည် ဘယ်လို ခေါ်လဲ ”

“ကျုပ် နာမည်က ဘိုးထင်လို့ ခေါ်ပါတယ် ”

“ဟေ့ကောင် ကျုပ်လို့ မပြောရဘူးကွ တပည့်တော်လို့ ပြောရတယ် ”

ဆရာတော် ၏ အမေးကို သူဖြေတတ်သလို ဖြေနေသော မောင်ဘိုးထင်အား ချိုးသိမ်းမှ ဆူငေါက်နေခြင်းဖြစ်၏ ၊၊ ထိုအခါ ဆရာတော်သည် တချက်ပြုံး၍ ချိုးသိမ်းအား

“ရပါတယ် ဒကာလေးရယ် သူပြောတတ်သလိုသာ ပြောပါစေ ဘုန်းကြီး နားလည်ပါတယ် ”

“တင်ပါ့ဘုရား”

ဆရာတော်မှ ချိုးသိမ်းအား မိန့်တော်မူပြီးသော အခါ မောင်ဘိုးထင်ဘက်ကို တခါပြန်လှည့်ကြည့်ကာ

“ဒကာလေး အတွင်းစိတ်ကတော့ ဖြူနေတယ်။အပြင်မှာတော့ အညိုရောင် သန်းနေပြီ ”

“ဘာပြောတာလဲ မသိဘူး နားမလည်ပါဘူး ဘုရား ”

ဆရာတော်သည် မောင်ဘိုးထင်ကို ကြည့်ကာ ခေါင်းကိုညိတ်လိုက်ပြီး မည်သည့် စကားမျှ မမိန့်တော့ပဲ ပေပင်ရွာသို့သာ ခရီးဆက်ကြွမြန်းနေလေသည်။ညနေ နေဝင်ရီ‌တရော အချိန်တွင်တော့ ပေပင်ရွာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ထို့နောက် ဆရာတော်သည် ရွာဦးကျောင်းကို ပို့ခိုင်းကာ ရွာဦး ကျောင်း ဆရာတော်ထံတည်းခိုခွင့် တောင်းလေရာ ရွာဦးကျောင်းဆရာတော်မှ ကြည့်ဖြူစွာ လက်ခံပြီးနောက် မင်းနောင်တို့သည် ဆရာတော်အား နှုတ်ဆက်ကာ ရွာသို့ပြန်ဝင်ရန်ဟန်ပြင်သည်။ဆရာတော်သည် မနက်ဖြန် မိုးလင်းက သူ့အားလာပင့်ရန် မင်းနောင်အား သေချာမှာကြားလေသည်။မင်းနောင် သည် ဆရာတော်မှာကြားသည်များကို အသေချာမှတ်သားကာ မောင်ဘိုးထင်တို့ နှင့် အတူ ကိုယ့်အိမ်ကို ပြန်ခဲ့ကြပါလေတော့သည် ။

◾အခန်း (၄)

မောင်ဘိုးထင် သည် ညအိပ်ယာဝင်‌သောအခါ သူတို့နှင့် အတူရွာကို ပါလာသော ဘုန်းတော်ကြီး အကြောင်း တွေးနေသည်။ဘုန်းတော်ကြီးသည် ဖိနပ်မပါ ခေါင်းဆောင်းမပါ နှင့် အတော်ကို ပူမှာပဲဟု တွေးနေမိသည်။သို့ပေမဲ့ ချွေးတစက်မှ မထွက် မျက်နှာတချက်မှ မပျက်သည်ကို သူသတိထားမိသည်။ သူတို့လို အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား‌သူပင်လျှင် ချွေးများစိုရွှဲနေချိန် သင်္ကန်းထူထူကို ဝတ်ပြီး နေပူကြီးထဲတွင် အဘယ်ကြောင့် ချွေးမထွက်ရသည်ကို တွေးမရဖြစ်နေသည်။ ထို့နောက် တောရောက် တောင်ရောက် အတွေးများဖြင့် ကြီးစိုးနေ၍ အိပ်မပျော် ဖြစ်နေစဉ်

“ကောင်လေး ”

“ဗျာ အဘ ”

“ငါတို့ အိမ်ရှေ့မှာ လူရိပ်တခုတွေ့တယ် အဘမျက်လုံး သိပ်မကောင်း‌လို့ ကြည့်စမ်းပါဦး ”

“ဟုတ်ကဲ့ အဘ ”

မောင်ဘိုးထင်သည် ပြုတင်းပေါက်တံခါးအနားတွင် ရပ်နေသော ဦးအုန်း အနားသို့ သွားလိုက်သည် ။ထို့နောက် ပြုတင်းတံခါးပေါက်မှ သေချာကြည့်လိုက်ရာ လူတယောက် အိမ်‌ဝိုင်းအဝတွင် ရပ်နေသည်ကို တွေ့ လိုက်ရသည်။ထိုသူသည် အိမ်ကို သေချာကြည့်နေရင်းမှ

“ဦးအုန်း ဘိုးထင် ကျုပ်ကို ကူညီပါဦးဗျာ ကျုပ်ကို ကူညီကြပါဦး ”

ထိုအရိပ်မှ အသံထွက်လာသော အခါ ‌အိမ်ပေါ်တွင် ထွန်းထားသော ရေနံဆီမီးခွက်ကို ယူပြီး မီးအိမ်ထဲထည့်ကာ အိမ်အောက်သို့ ဦးအုန်း နှင့် မောင်ဘိုးထင် ဆင်းလာလိုက်သည်။ထို့နောက် အိမ်ဝိုင်းအဝတွင် ရပ်နေသောလူအား ‌မီးရောင်နှင့် သေချာ ကြည့်လိုက်‌သောအခါ ဘုန်းကြီးလူထွက် ရာကြီးဆိုသူဖြစ်နေလေ၏ ။

“ရာကြီး ညကြီးမိုးချုပ် ဘာဖြစ်တာလဲကွ”

“ကျုပ်ကို ခင်ဗျား ကူညီမှရမယ်ဗျ ကျုပ်သိထားတဲ့ တရားတွေက သူနဲ့တွေ့ မှ အဝိဇ္ဇာ လုံးလုံး ဖြစ်သွားပြီ ဗျာ ”

“ဟေ့ကောင် ဟေ့ကောင် ငါတို့ နဲ့ စကားပြောရင် မင်းပဲသိ၊နားလည်တဲ့ စကားတွေ လာမပြောနဲ့ ငါတို့ နားလည်မဲ့ စကားပြောစမ်း ”

“အေးပါဗျာ ကျုပ်ပြောပြပါမယ် ကျုပ်ကို ကူညီနိုင်တာဆိုလို့ ခင်ဗျားတို့ နှစ်ယောက်ပဲ ရှိတယ် ”

“ဟေ့ကောင် လာ လာ တန်းလျားမှာ ထိုင်ပြော အထဲဝင် ”

“အထဲ ဝင်လို့ရော ရလား ကျုပ် အထဲဝင်ရင် ခင်ဗျားကောင်တွေက ကျုပ်ကို လုပ်မယ် ထင်တယ် အစောကတောင် ကျုပ်ကို မျက်ထောင့်နီကြီးတွေ နဲ့ သစ်ပင်ပေါ်ကနေကြည့်နေတာ ကျုပ်က အခုအချိန်မှာ သူနဲ့ဝေးရမှာကို အကြောက်ဆုံးပဲ ကျန်တာဘာကိုမှ မကြောက်ဘူး”

“အေးပါ ရာကြီးရာ လာ လာ တန်းလျားမှာ ထိုင်”

ဦးအုန်း နှင့် မောင်ဘိုးထင် သည် အရက်မူးနေသောဘုန်းကြီး လူထွက် ရာကြီးအား အိမ်ရှေ့တန်းလျားတွင် ထိုင်စေပြီး သူတို့သည်လည်း ရာကြီး နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်၊၊ထို့နောက် ရာကြီးအား ဦးအုန်းမှ စကားဆိုလေသည်။

“ငါတို့က အိပ်တော့မှာ မင်းက မလာစဖူး။အခု အရက်မူးမှ ငါ့အိမ်လာပြီး ဘာလုပ်တာလဲ ”

“ဦးအုန်း ကျုပ်က ခင်ဗျားထက် အတော်ငယ်သေးတယ်ဗျာ ကျုပ်က အခုမှအသက်လေးဆယ်ပဲ ရှိသေးတာ ”

“ငါသိပါတယ် ကွ ”

“ကျုပ်က လောကီလူသားဆိုတာ ခင်ဗျားလည်း အသိ ”

“အေးလေ ”

“ကျုပ်က အဝိဇ္ဇာ အမှောင်ဖုံးပြီး စွဲလမ်းခြင်းဆိုတဲ့ တဏှာ အောက်ကို ကျုပ် သက်ဆင်းလိုက်ရပြီ ဗျာ ”

“မင်းကို ငါပြောထားတယ်နော် ငါတို့ နားလည်အောင် ပြောလို့ ”

“ကျုပ် ခင်ဗျားလို ငပိန်း ”

“ဟေ့ကောင် ရာကြီး မင်း ပြန် အခု ပြန် ”

“ဦးအုန်းရာ စကားကိုပြီးအောင် နားထောင်စမ်းပါဦး ခင်ဗျားလို ငပိန်း မဟုတ်တဲ့ သူမျိုးဆိုလို့ ဒီရွာမှာ ပြေးရှာကြည့် ကျုပ်ပြီးရင် ခင်ဗျားကို ပဲ ပြေးမြင်တာ ”

“ပြီးရော ပြီးရော ”

ရာကြီး အလျှောက်ကောင်းသွား၍သာ တော်၏။ထို့နောက် ရာကြီးသည် သူ၏ မျက်ဝန်းမှ မျက်ရည်များကျလာကာ

“ကျုပ်ရဲ့ဘဝ ကျုပ်ရဲ့ အနာဂတ် ကျုပ်ရဲ့ ပန်းတိုင် ကျုပ်ရဲ့ အရာရာကို ဆုံးရှုံးရတော့မယ် ဗျာ ”

“ဟ ရာကြီး မင်း ဘာဖြစ်တာလဲ ဆိုတာ ရှင်းရှင်း လင်းလင်းပြောပြစမ်းပါဦးကွာ ”

“ကျုပ် ကျုပ် နဲ့ လေး ကြိုက်နေတာ အတော်ကြာပြီဗျာ”

“ဘယ်ကလေး လဲ ရွာ အောက်ပိုင်းက ‌လေးစိန် လား ”

“ဟာဗျာ အဲ့တာက ‌ဘယ်နှခုလပ်မှန်း မသိတဲ့ ဟာမကြီးကျုပ်က ဘာလုပ်ရမှာလဲ ကျုပ်ရဲ့လေးက အပျိုဗျ”

“ဟေ့ကောင် ဟေ့ကောင် မင်း မင်းသမီးလောက်ပဲရှိတဲ့ သောင်းဝေ နဲ့ မိတင်စိန်ရဲ့ သမီး လေးရီလေးကိုလား အဲ့တာဆို မင်း တော်တော် ဆိုးသွားပြီကွာ။မင်းကွာ ကိုယ့် သူငယ်ချင်းအရင်းကြီး သောင်းဝေ ရဲ့ သမီး ကိုမှ ”

“မဟုတ်ဘူးဗျာ မကြီး၊မလေး ညီအမနှစ်ယောက်ထဲက မလေးကို ပြောတာ ချစ်လွန်းလို့ လေး လို့ ခေါ်တာ ခင်ဗျားက ပြောချင်တာ‌တွေ လျှောက်ပြောနေတယ် ”

“မသိဘူးလေကွာ မင်းက လောင်းကစားသမား ညီအမကို မှ ကြိုက်ရလားဟ ”

“အချစ်မှာ စက္ခု မရှိဘူး ”

“ဘာလဲကွ စက္ခု ”

“စက္ခုဆိုတာ မျက်လုံးကို ပြောတာဗျာ ခင်ဗျားကလည်း အောက်လမ်း ဆရာသာဖြစ်တာ တော်တော်ဝေးတာ ပဲ ”

ဦးအုန်းသည် မခံချိမခံသာဖြစ်ပေမဲ့ စိတ်အတော်ဝင်စားနေ၍ သီးခံအောင့်အီးကာ။

“အဲ့တာ ဘာဖြစ်လို့ လဲ ပြောစမ်း”

“ကျုပ်ရဲ့ လေးကို ဟိုဘက်က ပန်းချီငိုဆိုတဲ့ကောင်က လာတောင်းတော့မယ်တဲ့ဗျာ။ကျုပ်ရဲ့ ဥပဓိရုပ် နဲ့ အဲ့ဒီကောင် ရုပ် ယှဉ်ကြည့်စမ်းပါ ဦးအုန်း ကျုပ်စိတ်ထင် အဲ့ဒီကောင် အောက်လမ်းအတတ်တွေ နဲ့ ပြုစားပြီး ကျုပ်ချစ်သူကို အပိုင် ကြံနေတာ ”

“ဟုတ်ရော ဟုတ်လို့လားကွာ ”

“ဟုတ်တာ မှ သိပ်သိပ် ဟုတ်၊ကျုပ်ကို ကူညီပါဗျာ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်အောင် လုပ်ပေးစမ်းပါအုံး ”

“အေးကွာ ငါ စုံစမ်းလိုက်ဦးမယ်။မှန်တယ် ဆိုရင်တော့ ငါကူညီမယ် အခုတော့ မင်းပြန်တော့ ငါတို့ အိပ်ချင်နေပြီ ”

“ဦးအုန်း နဲ့ ဘိုးထင်ရာ လူ့ဘဝမှာ အိပ်ချိန်တွေက အများကြီးပါ ကျုပ်လို အဆွေးသမားရဲ့ စကားတွေကသာ ရှားတာ ကျုပ်စကား ”

ရာကြီး ‌ကြယ်များကို ကြည့်ရင်း စကားဆိုနေစဥ်တံခါးပိတ် သံ ကြား၍ ဘေးဝဲယာကို ကြည့်လိုက်သောအခါ ဦးအုန်း နှင့် မောင်ဘိုးထင်တို့ အနားတွင် ရှိမနေတော့ပါ။သူစကားစပျိုး နေစဉ်ကတည်းကပင် အိမ်ပေါ်တက်သွားကြပြီး ဖြစ်သည် ထင်၏။ ထို့ကြောင့် ရာကြီးသည် လည်း ဒယီးဒယိုင်နှင့် ဦးအုန်း၏ အိမ်ဝိုင်းထဲမှ နေ၍ ထွက်ခွာသွားပါလေတော့သည် ။

◾အခန်း (၅)

မောင်ဘိုးထင်သည် ညက ရာကြီးကိစ္စကြောင့် အိပ်ရေး ပျက်၍ မနက် မိုးစင်စင်လင်းမှ နိုးလာသည်။ထို့နောက် နိစ္စဓူဝ ပြုလုပ်သည့် အရာများကို လုပ်ပြီးသောအခါ နေသည်အတော် မြင့်နေပြီဖြစ်သည်။ယခုချိန်ဆိုလျှင် သူတို့ ခေါ်လာသော ဘုန်းကြီးလည်း မင်းနောင်တို့အိမ်သို့ ရောက် လောက်ပြီဟုတွေးကာ မင်းနောင်တို့ အိမ်သို့ထွက် လာလေသည်။မင်းနောင်တို့ အိမ်အနားရောက်သောအခါ ဆရာတော်၏ တရားဟောသံသည်က ပျံ့လွင့်နေသည်။ထို့ကြောင့် အိမ်လှေကားလေး အတိုင်းတက်သွားရာ အိမ်လေးပေါ်တွင် မင်းနောင်၏ မိခင်ကြီးမှာ လှဲအိပ်ရင်း တရားနာ နေလေသည်။သူမ ဘေးတွင်တော့ ရွာမှ လူကြီးများနှင့် သာရတို့ လူစုံရှိနေကြသည်။တရားလည်း ဟော နေပြီမို့ မောင်ဘိုးထင်သည် အိမ်အောက်တန်းလျားတွင် ထိုင်နေလေရာ အိမ်ပေါ်မှ ဆရာတော်၏ တရားသံအား အတိုင်းသား ကြားနေရသည် ။

“ဒါယိကာမကြီး ဒေါ်ပျို ဘုန်းကြီးရဲ့ စကားသံကို ကြားနိုင်စွမ်းရဲ့လား ”

“ကြားပါတယ်ဘုရား ထိုင်ပြီး တရားနာချင်ပေမဲ့ ခေါင်းက မထူနိုင်အောင် မူးနေလို့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား”

“ဒါယိကာမကြီးက ဘာအပြစ်မှမရှိတာ တောင်းပန်စရာမလိုပါဘူး။ဒီနေ့ ဘုန်းကြီး ဒါယိကာမကြီးကို မသေရာအမှန် မြတ် နိဗ္ဗာန်ကို တက်လှမ်းနိုင် တဲ့ တရားကို ပေးမယ်။ဒါယိကာမကြီး စိတ်အေးချမ်းသာစွာနဲ့ တရာကို နာယူပါ၊နာယူပြီးက နှလုံးသွင်းပါ ”

“မှန်လှပါ ဘုရား ”

“ဘုန်းကြီးတို့ တရားဆိုတာ ဘယ်ကျောင်းသွားပြီး ကျင့်ကြံမှ ရယ်လို့မရှိပေဘူး။ကိုယ်ရဲ့ စိတ်သဏ္ဍန်မှာ ဖြစ်ပေါ်လာတဲ့ အရာတွေသည်သာ တရားရကြောင်းတွေပါ ”

ထို့နောက် ဆရာတော် သည်

“အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ရှိတယ် ဒါယိကာမကြီး အနိစ္စဆိုတာတော့ မမြဲခြင်းတရားကို ဆိုခြင်းဖြစ်ပါတယ်။အလွယ်ကူဆုံးပြောရရင် ဒါယိကာမကြီးခံစားနေရတာ နဲ့ ယှဉ်ပြီး သိနိုင်ပါတယ်။ ဒါယိကာမကြီး ဟိုးအရင်က နေကောင်းခဲ့တယ် အခုတော့ နေမကောင်းဘူး အလွယ်ပြောရရင် ဒါတွေက မမြဲချင်း တရားတွေပေါ့။နောက်ပြီး ဒုက္ခ ဒါယိကာမကြီးတို့ အရပ်ထဲမှာ မပါမဖြစ် အမြဲ သုံးတဲ့ စကားမဟုတ်လား အလိုမကျမှုတွေ ရှိလာရင် ဒုက္ခ လို ငြီးတတ်တယ် မဟုတ်လား ဒုက္ခဆိုတာ နာကျင်နေမှ ဒုက္ခလို့ ခေါ်တာ မဟုတ်ပါဘူး စိတ်ဆင်းရဲတာ အလိုမကျတာ ငါက ဒီလိုလုပ်ဆို သူက ဒီလို လုပ်တယ် ဆိုပြီး မကျေမနပ်ဖြစ်တာ ကိလေသာကြောင့် ဆင်းရဲတာကလည်း ဒုက္ခတွေပါပဲ ဒါယိကာမကြီး အခုချိန်ဆို ဒုက္ခကို ပိုဆင်ခြင် လို့ သင့်မယ် ထင်ပါတယ်။နောက်ဆုံး တခုက အနတ္တ ဆိုတာက တော့ အတ္တရဲ့ ဆန့်ကျင်ဘက် စကားပါပဲ အတ္တဆိုတာက ငါ ငါအိမ် ငါ့ယာ ငါ့သား ငါ့သမီး ဆိုပြီး စွဲလမ်းတတ်တယ်မဟုတ်လား။အနတ္တကတော့ အဲ့လို့ မဟုတ်ဘူး ဒကာမကြီး ငါ သူတပါး ယောက်ျား မိန်းမ မဟုတ်ဘူး ဆိုတာကို အနတ္တလို့ခေါ်တယ် ငါ ဆွဲ ကင်းနေရမယ် ပေါ့ ဒါယိကာမ ကြီးရယ် ”

ဆရာတော်၏တရားအား အရီးပျိုသည် အိပ်ရင်းမှ လက်အုပ် လေးချီပြီး နာကြားနေသည် ။ သူမဘေးတွင် ရှိသော မင်းနောင် နှင့် သာရ၊သာအေး နှင့် ပေတူးတို့သည်က နားမလည်ပါ။ထို့အတူ မောင်ဘိုးထင်သည် လည်း မတွေးနိုင်ပေ။မင်းနောင်သည် က သူ၏ မိခင်ကြီး အေးချမ်းစွာ တရားနာနေသည်ကို ပင် ဝမ်းမြောက်ဝမ်းသာစွာရှိနေလေ၏။ဆရာတော်သည် မျက်လုံးကို မှိတ်ထားပြီး အိမ်ဦးခန်းတွင် စံနေကာ အရီးပျိုကို ခေါ် ခေါ် ပြီးတရားဟော နေခြင်းဖြစ်သည်။ထို့နောက် ဆရာတော်သည်

“ဒကာမကြီး ခန္ဓာငါးပါးဆိုတာ ရှိတယ်။အဲ့တာတွေက ဖောက်ပြန်တတ်တဲ့ ရုပ် အစုအဝေးကြီး ကို ရုပက္ခန္ဓာ လို့ခေါ်တယ် ဒါယိကာမကြီး သတိထားမိမယ် ထင်ပါတယ် ။ ကျန်းမာရေးကောင်းနေစဉ်က ဒါယိကာမကြီးရဲ့ ခန္ဓာကိုယ်ကြီးက လိုက်နိုင်တယ် မဟုတ်လား။ငါ ဘယ်သွားမယ် ဆို သွားလို့ရတယ် ငါဘာလုပ်မယ် လိုက်မယ်ဆို သူလိုက်တယ် အခု ကျန်းမာရေးမကောင်းတော့ ဒါယိကာမကြီး စိတ်ထဲ ရှိတာတွေကို သူလိုက်ပေးနိုင်သေးလား ”

“မလိုက်နိုင်တော့ပါဘူး ဘုရား ”

“အဲ့တာ ဖောက်ပြန်တတ်တဲ့ ရုပ်ကြောင့် မဟုတ်လား ။အဲ့တာကို ရုပက္ခန္ဓာ လို့ ခေါ်တယ် ဒကာမကြီး ပါဠိတွေကို မမှတ်နိုင်ရင်တော့ မမှတ်ပါနဲ့ ဘုန်းကြီးပြောတဲ့ ဆိုလိုရင်းကိုပဲ မှတ်သားထားပါ ဒါယိကာမကြီး ”

ဆရာတော် သည် တရားဟော ကောင်းသော ဆရာတော်ဖြစ်သည်။အရီးပျိုသည်လည်း ဆရာတော်ဟောသော တရားအား သဘောပေါက်ဟန်ရှိသည် ထင်၏ အသက်ရှုသံတို့သည်ပင် အေးငြိမ်းလာသည်ဟု သူမ အနားတွင် ရှိသော သားဖြစ်သူမင်းနောင် သတိထားမိသည့်အထိဖြစ်၏ ။သူမသည် စွဲလန်းလွန်းပြီး အတ္တ ကြီးနေသည်ကို သဘောပေါက်လာ၍ စိတ်ကို ဖြေလျှော့ လိုက်ရာ နေလို့ ကောင်းလာသည် ဟု ထင်လာမိ၏။ထို့နောက် ဆရာတော် ဟောကြားမည့် တရားသံအား စိတ်ထဲ နှစ်ပြီး မျက်လုံးကို မှိတ်၍ နာနေပြန်သည်။ထိုအခါ ဆရာတော်၏ အေးငြိမ်းသော အသံသည် ထပ်မံပေါ်လာပြန်၏။

“ဒါယိကာမကြီးကို နားလည်အောင် အလွယ်ဆုံး ဥပမာ ပေးရရင်တော့

ရူပက္ခန္ဓာသည် လှောင်အိမ်ကြီးနှင့်တူတယ် ။

ဝေဒနာက္ခန္ဓာက သံခြေချင်းခတ်ခံရတာ ရိုက်နှက် ပုတ်ခတ်ရတာတို့နဲ့ တူတယ် နောက်ထပ် သညာက္ခန္ဓာကတော့ ထောင်ကျနိုင်တဲ့ ခိုးမှု၊တိုက်မှုစတဲ့ ရာဇဝတ်မှုများနှင့် တူပြန်တယ် ။ သင်္ခါရက္ခန္ဓာကတော့ ထောင်မှူးယောက်ျားနှင့်တူတယ် ။ နောက်ဆုံး ဝိညာဏက္ခန္ဓာ အပြစ်အားလျော်စွာ ထောင်သို့ကျသောသူနှင့်တူတယ် ဒါယိကာမကြီး ဆိုလို ရင်း ကတော့ ခန္ဓာငါးပါးကို စွဲရင် ကောင်းကျိုး မရှိနိုင်ဘူးလို့ ပြောတာပါပဲ ဘုန်းကြီးတို့လည်း ကြိုးစားနေရတုန်းပါ ဒါယိကာမကြီးကို နည်းလမ်းပေးခဲ့မယ် တတ်နိုင်သလောက်ကြိုးစားကျင့်ကြံပေါ့ ”

“မှန်ပါ့ ဘုရား တပည့်တော် ညဏ်မှီသလောက် ကြိုးစားပါ့မယ် ဘုရား”

ဆရာတော်သည် ချောင်းတချက် ဟမ့်လိုက်ကာ တရားထပ်မံဟောပြန်သည် ။

“ဒကာမကြီး ဒွါရခြောက်ပါးဆိုတာ ရှိတယ် ။

စက်ခုဒှါရ –

သောတဒွါရ –

ဃာနဒွါရ –

ဇိဝှာဒွါရ –

ကာယဒှါရ –

မနောဒွါရ –

ဆိုတာ ရှိတယ် မြန်မာလိုပြောရမယ်ရင်တော့

မျက်စိ

နား

နှာခေါင်း

လျှာ

ကိုယ်

စိတ်

ဆိုတဲ့ ခြောက်မျိုးပေါ့ အဲ့ဒီကနေ ကာမဂုဏ် ငါးပါးကို ဖြစ်စေတာပဲ ဒါယိကာမကြီး ပါဠိ လိုတော့

ရုပါရုံ

သဒ္ဒါရုံ

ဂန္ဓာရုံ

ရသာရုံနဲ့ ‌

ဖောဋ္ဌဗ္ဗာရုံ

ဆိုပြီးခေါ်တယ် ဒါယိကာမကြီး နားလည်အောင် ပြောရရင်တော့

အဆင်းအာရုံ

အသံအာရုံ

အနံ့အာရုံ

အရသာအာရုံ နဲ့

အတွေ့အထိ အာရုံတို့ပါပဲ

ဒါယိကာမကြီးတို့ ဘုန်းကြီးတို့က ကာမဂုဏ်အာရုံတွေ နဲ့ ပျော်ပါးနေကြတယ် မဟုတ်လား အဆင်းမှာ လှတာမှကြိုက်တယ် ကောင်းတာမှ မြတ်နိုးတယ် အသံအာရုံမှာဆိုရင်လည်း သာယာနာပျော်ဖွယ်မှ ကြားချင်တယ် အနံ့မှာဆိုလည်း ကောင်းမွန်တဲ့ အနံ့အာရုံတွေ ပဲ ရချင်သလို အရသာမှာလည်း ကောင်းပေမွန်ပေ ဆိုတာ ပဲ လိုချင်ကြတယ်။အတွေ့အထိလည်း ကောင်းတာပဲ မကောင်းတဲ့ အာရုံတွေ ခံစားရပြီဆို စိတ်မချမ်းမြေ့ ဖြစ်ရတယ် မဟုတ်လား ကဲ ဒီတော့ သံသရာက လွတ်ကြောင်း ဖြစ်တဲ့ မသေရာမှန် မြတ်နိဗ္ဗာန်ကို ရောက်နိုင်မဲ့ ဝိပဿနာ အခြေခံရှု့နည်း ပေးခဲ့မယ်။အရင်ကထက် ပိုပြီး အာရုံစိုက်ပေတော့ ဒါယိကာမကြီး”

ဆရာတော်သည် ဝိပဿနာ တရားဟောနေချိန်တွင် အိမ်အောက်မှ မောင်ဘိုးထင်သည်က အိပ်ပျော်နေသလို အိမ်ပေါ်မှ သာရတို့သည်လည်း ငိုက်မြည်းနေကြကာ လူကြီးများအချို့လည်း သမ်းဝေ နေလေသည် ။တရားကို အတန်အသင့် နားလည်သွားသော အရီးပျိုသည် အိပ်နေရမှ မင်းနောင်၏ အကူအညီ ဖြင့် ထထိုင်လိုက်ပြီး ဆရာတော် ၏ တရားအား စိတ်ပါဝင်စားစွာ နာကြားနေပါလေတော့သည် ။

◾အခန်း (၆)

ဤသို့ဖြင့် ဆရာတော် ပြန်ကြွသွားသည်မှာ တပတ်ပြည့်ပြီး ဖြစ်သည်။မောင်ဘိုးထင်တို့သည်လည်း မင်းနောင် ၏ အိမ်သို့ အမြဲ သွားဖြစ်သော်လည်း မင်းနောင်သည် မောင်ဘိုးထင်တို့အား အိမ်ပေါ်မတက်ခိုင်းသလို စကားလည်းကျယ်ကျယ် မပြောခိုင်းပေ။ဆယ့်ငါးရက်ခန့်ကြာသောအခါတွင်တော့ အရီးပျိုသည် သူ၏ အိမ်ရှေ့မြေကွက်လပ်တွင် လက်လေးနှစ်ဖက်အနောက်ပစ်ကာ တရားမှတ်နိုင်သည့် အခြေအနေဖြစ်လာလေသည်။ မင်းနောင်မှာ ပျော်မဆုံးသောသူဖြစ်ပြီး သူ၏ မိခင် အတွက် လိုလေသေးမရှိအောင် ပြုလုပ်ပေးလေသည်။မောင်ဘိုးထင်တို့လာသည်ကိုပင် ကောင်း ကောင်းစကားမပြောနိုင်။ မိခင်ကြီးအတွက် ဆန်ပြုတ် နှင့် သူမ နှင့်တည့်မည့် ဓာတ်စာများကို တယောက်ထဲ အလျဥ်မပြတ် ပြုလုပ်နေတတ်သည် ။အရီးပျိုသည်က အရင်နှင့် လားလားမှ မဆိုင်အောင်ပင် အပြုံးချိုချို နှင့် တည်ငြိမ်လာသည် ၊၊ စိတ်မြန် လက်မြန် ရှိလှသော အရီးပျိုမှာ အရာရာကို နားလည်လာသည်။ဤသို့ဖြင့် အလျင်အမြန် နေပြန်ကောင်းလာသော အရီးပျိုအား မောင်ဘိုးထင်တို့ လူငယ်တသိုက် မည်သည့်ဆေးမျှမကုလိုက်ရဘဲ လျင်လျင်မြန်မြန်သက်သာလာသည့်အကြောင်းအား သိချင်လာသည်။ ထို့ကြောင့် မင်းနောင် လယ်တော သွားနေသောအချိန်တွင် မောင်ဘိုးထင်၊ သာရ၊ပေတူး နှင့် သာအေးတို့ အရီးပျို၏ အိမ်သို့ ရောက်လာကြသည်။အိမ်သို့ရောက်သောအခါ အရီးပျိုသည် အိမ်အောက်တွင် ရှိမနေ၍ မောင်ဘိုးထင်တို့သည် အိမ်ပေါ်သို့ တိုးတိုးတိတ်တိတ် တက်သွားပြီး လှေခါးမှ ချောင်းကြည့်သော အခါ သူတို့ မြင်ရသည်မှာ အရီးပျိုသည် ဘုရားစင်ကို မျက်နှာ မူပြီး တဘက်တထည်ကို ပုခုံးပေါ်တင်လျက် ငြိမ်သက်စွာ တရားထိုင်နေပါ‌သည် ။ အတန်ကြာအောင် လှုပ်ရှားမှု့ မရှိသောကြောင့် မောင်ဘိုးထင်တို့သည် အိမ်အောက်သို့ ဆင်းပြီး တန်းလျားတွင် ထိုင်ကာ အရီးပျို အိမ်ပေါ်မှ ဆင်းအလာကို စောင့်နေလေသည်။မကြာသောအချိန်တွင် အရီးပျို အိမ်ပေါ်မှ ဆင်းလာပြီး မောင်ဘိုးထင်တို့ကို ကြည့်ကာ

“ဘိုးထင်တို့ ရောက်နေတာ ကြာပြီလားကွဲ့ လူလေးတို့ အကို တော့ တောထဲသွားတယ် ”

“ဟုတ်ကဲ့ အရီးပျို ကျုပ်တို့ အရီးပျိုကို မေးစရာ ရှိလို့ပါ ”

“ဘာများလဲကွဲ့ ”

“အရီး အိပ်ယာပေါ်မှာ လဲနေရာက နေ ဘာလို့တလ မပြည့်သေးတဲ့အချိန်မှာပဲ ချက်ချင်းကြီးကောင်းလာရတာလဲ ”

“အဲ့တာက လူလေးတို့ ကျေးဇူးတွေပါ။လောဘ မောဟ ဒေါသစိတ် နဲ့ အတ္တ စိတ်တွေ ဖုံးလွှမ်းပြီး ကိုယ့်ဒုက္ခကို ယူနေတဲ့ အရီးကို လူလေးတို့က ဆရာတော်ကို ပင့်ပြီး တရားဟောခိုင်းခဲ့တယ် တကယ်ကို ဒုက္ခနဲ့ ယှဉ်ပြီး တရားနာရတဲ့ အချိန်မှာ အရီး အရင်က မသိ နားမလည်ခဲ့တဲ့ အရာတွေကို ယှဉ်ပြီး သိလာတယ်။ပြီးတော့ ဆရာတော် ရဲ့ သမာဓိတည်ပြီး ဝိပဿနာရှု့နေတဲ့ အချိန်မှာ အရီးရဲ့ ကိုယ်ထဲမှာ မဲမဲ အလုံးတလုံး လှည့်နေသလို ခံစားရတယ်။အဲ့ဒီ အမဲလုံးက အရီးရဲ့ ပါးစပ်ထဲက နေထွက်သွားသလို ခံစားပြီးတဲ့ နောက်ပိုင်း အရီး နေလို့ကောင်းသွားတော့တာပါပဲ။အမှန်စင်စစ်ကတော့ တရားဆေးပေါ့ လူလေးတို့ရယ် ”

မောင်ဘိုးထင်တို့သည် အရီးပျိုပြောသော စကားကို ထူးဆန်းအံဩစွာ နားထောင်ပြီး အရီးပျိုကို နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။ထို့နောက် အရီးပျို ကျန်းမာလာသည်အား ဝမ်းသာ ကြောင်းနှင့် မင်းနောင် သိတတ်လာသည်အား ၀မ်းသာကြောင်း ပြောနေစဉ် ချိုင်းထောက် နဲ့ ဖိုးထွေးသည် သူတို့ နှင့် မျက်နှာ ချင်းဆိုင်တွင် လမ်းလျှောက်လာရာ မောင်ဘိုးထင် နှင့် သာအေး မှာ သွားရောက်တွဲလိုက်ပြီး

“ကိုဖိုးထွေးရယ် ရွာထဲ လမ်းလျှောက်မယ် ဆိုရင်လည်း ကျုပ်ကို ခေါ်ရောပေါ့ ”

“မင်းတို့ အလာကို စောင့်နေတာပဲ မင်းတို့က ငါ့ဆီ မလာဘူး။ ငါ့အဘ ရဲ့ ရန်သူတော်ကြီး ဦးရာကြီးက နေ့တိုင်းငါ့အဖေ မရှိတဲ့ အချိန်ဆို လာပြီး မင်းတို့ကို အကူအညီ တောင်းခိုင်းနေတာ ”

“ဘာဖြစ်လို့လဲ ဗျာ ”

“ဘာဖြစ်ရမှာလဲ ဦးအုန်း နဲ့ မင်းကို ပြောပြီးသားဆို မလေးကို ကိုပန်ချီငို အောက်လမ်း နဲ့ လုပ် မလုပ်စုံစမ်းခိုင်းနေတာကိုပေါ့ ”

“အေးဗျာ ကျုပ် မေ့သွားတယ် ”

“ဟိုက လာတောင်းတော့မယ် လို့ သတင်းရတယ်။အခု ကိုရာကြီးက ကြိုးဆွဲချသတ်သေမယ် တကဲကဲ လုပ်နေလို့ ငါ မနည်းချော့ ထားရတယ် သွားလိုက်ဦး ငါ့အဘတောင် ဦးရာကြီးကို သနားနေပြီ ”

ထို့နောက် မောင်ဘိုးထင်တို့သည် ဖိုးထွေးနှင့် အတူ ရာကြီးဆီသို့ ထွက်ခွာသွားကြပါလေတော့သည်။

◾အောက်လမ်း ဘိုးထင် နှင့် တရားဆေး သည်က ဤမျှသာ။

ရေးသားသူ- မောင်တင်ဆန်း

#မောင်တင်ဆန်း

#crd