အောက်လမ်းဘိုးထင် နှင့် နတ်စိမ်း
(၆၈)
အခန်း (၁)
သစ်ပင်များအုံ့ဆိုင်းပြီး ညို့ညို့မှိုင်းမှိုင်းရှိသည့်အိမ်ဝိုင်းထဲတွင် ကွပ်ပျစ်လေးတခု ထိုးထားသည်။ထိုကွပ်ပျစ်ပေါ်တွင် လူငယ်သုံးယောက်သည် မြေပဲပြုတ်များအား အခွံလွှာပြီး စားနေကြသည်။သူတို့သည် အိမ်ကြီးပေါ်သို့ လှမ်းကြည့်ရင်း စကားဆိုနေကြသည်။
“အဘတော့ နတ်ထိုးတာ တော်တော်နာသွားလား မသိဘူး”
“အေးကွာ မင်းအဘ အိမ်ပေါ်ကနေ အောက်ကိုမဆင်းပုံထောက်ရင် တော်တော်ထိသွားလို့နေမယ် “
“အေးကွာ အခုဘယ်လိုတွေ ဖြစ်ဦးမလဲ မသိဘူး ကိစ္စလေးတခုပြတ်လို့ အေးမလားမှတ်တယ် နတ်ကိစ္စငါတို့ပါ ပါလာပြီ”
“ဟေ့ကောင် သာအေး မင်း အဲ့လိုမပြောနဲ့လေ ငါ့အဘက တို့အတွက်ကူညီရင်း ဖြစ်တာ “
“အေးပါကွာ ဟုတ်ပါတယ် “
မြေပဲပြုတ်များကိုစားရင်း စကားပြောနေသူများမှာ မောင်ဘိုးထင်၊သာအေးနှင့် ပေတူးတို့ ဖြစ်သည်။သူတို့သည် ဦးအုန်းခေါ်ထားသောကြောင့် ယခု ဦးအုန်း၏အိမ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။များမကြာသောအချိန်တွင် ပုဆိုးတထည်ကိုမျက်နှာတွင်ပတ်ပြီး ဦးအုန်းတယောက် အိမ်ပေါ်မှဆင်းလာလေသည်။ သူသည် မျက်လုံးနေရာလေးသာ ချန်ထားပြီး မျက်နှာနှင့် ခေါင်းကို မမြင်သာစေရန် ပုဆိုးဖြင့်ပတ်ထားသည်။ထိုပုံစံဖြင့်အောက်ဆင်းလာသည်ကို မောင်ဘိုးထင်တို့မြင်သောအခါ
“ဟေ့ ဘိုးထင် မင်းအဘက သူခိုးကြီးမိုးမှောင်ပုံစံ လုပ်လာပါလားဟေ့”
“အေးကွာ မကြီးမငယ်နဲ့ “
မောင်ဘိုးထင်တို့ သူတို့ထင်ရာမြင်ရာများကို ပြောနေချိန် ဦးအုန်း သူတို့အနားသို့ရောက်လာပြီး
“သောက်ကလေးတွေ မင်းတို့ထင်ရာတွေပြောမနေနဲ့ နတ်ထိုးတာ ညိုပြီး ဖြူသွားတာကွ ပွေးကွက်လိုလို ဘာလိုလို “
“ဪ သိပြီ အဘ အိပ်ရာထနောက်ကျရင် ကိုယ်စောင့်နတ်က နတ်ဟိုဟာနဲ့ ထိုးသလိုလား”
“ခွီးတဲ့မှပဲ မင်းတို့ကောင်တွေက တမှောက် ငါ့ကို ထိုးသွားတာ လက်သီးနဲ့ဟ နတ်လက်သီးက စွမ်းအားပြင်းတော့ ညိုပြီး ဖြူသွားတာဟေ့ သိပလား”
“ဟုတ်ပါပြီ မသိလို့ပါ ဒါနဲ့ ကျုပ်တို့ကိုခေါ်တာ ဘာကိစ္စလဲ”
မောင်ဘိုးထင်မှ ခပ်တည်တည်နှင့် ပြောလိုက်သောအခါ လက်မြန်သော ဦးအုန်းမှ နားရင်းကိုရိုက်လိုက်ပြီး
“တောက် မင်းဆိုတဲ့ကောင်က အခုမှ သောက်ကြီးသောက်ကျယ် လာလုပ်နေတယ် “
“အကျင့်ပါသွားလို့ပါ အဘရာ ကျုပ်တို့ကို ဘာခိုင်းမလို့လဲ ပြော”
“မင်းတို့တွေ နတ်စိမ်းကို ပြန်ပို့ရမယ် ငါကတော့ မပို့နိုင်တော့ဘူး”
“ဟာဗျာ အဘ ဒါကတော့ မတရားတာပဲ အဘတောင် မနိုင်တာ ကျုပ်က ဘယ်လိုလုပ်ပို့နိုင်မှာလဲ “
“လွယ်ပါတယ်ကွာ မင်းတို့တွေ ရေအိုးစင်ရွာက ငကဲဆီကိုသွား ကဝေမြောက်စုန်းဒေါ်ညွန့်ရှိတဲ့နေရာကို မေး “
“ဦးကဲက သာမာန်လူလိုပဲနေတာ ကြာနေပြီနော် သူ သိပါဦးမလား “
“သိတယ် သွားကွာ အကူအညီရအောင်တောင်း မင်းမတောင်း ရင် နတ်စိမ်းသောင်းကျန်းတာနဲ့ ဒုက္ခတွေရောက်တော့မှာ အခုနတ်စိမ်းအိပ်နေတုန်းမို့နော် ဒီကောင်တွေ တရေးအိပ်ရင် ခုနှစ်ရက်လောက် ကြာတယ် နိုးလာရင် ငါလည်း မလွယ်ဘူး မင်းတို့လည်း မလွယ်ဘူး”
ဦးအုန်း၏စကားကြောင့် တချိန်လုံးငြိမ်နားထောင်နေသော ပေတူးနှင့် သာအေးမှ အထွန့်တက်သည်။
“ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ ဘကြီးအုန်း”
“ဆိုင်တယ် နတ်တပည့်အဖြစ် ငါတင် မကဘူး မင်းတို့လည်း ပါတယ်လို့ ငါ ပြောထားတာ။အဲ့တော့ သူနိုးရင် မင်းတို့ကောင်တွေကို ကျွန်လိုသဘောထားပြီး ခိုင်းမှာ “
“ဗျာ ခင်ဗျားတော်တော်ရက်စက်တာပဲ ဘကြီးအုန်းရာ “
“ငါ့ကို မေးမေးပြီးထိုးနေလို့ မင်းတို့ကိုပါ ဆွဲထည့်လိုက်ရတာပါကွာ “
ဦးအုန်း၏စကားကြောင့် မောင်ဘိုးထင်တို့ မည်သို့စကားပြန်ပြောရမည်ကို မစဥ်းစားနိုင်တော့ပေ။သေချာသည်မှာ နတ်စိမ်းအားပြန်မပို့နိုင်လျှင် သူတို့အား ကျွန်ပြုမည်ဖြစ်သည်။ ထို့ကြောင့် တယောက်မျက်နှာတယောက်ကြည့်ကာ တိုင်ပင်မထားပါပဲ ရေအိုးစင်ရွာမှ ဦးကဲဆီသို့သွားရန် မတ်တတ်ရပ်လိုက်ပါတော့သည် ။
အခန်း (၂)
မောင်ဘိုးထင်တို့သည် မရောက်တာကြာပြီဖြစ်သောရေအိုး စင်ရွာသို့ သွားနေကြသည်။သူတို့သည် ယခု ရေအိုးစင်ရွာသို့ ဝင်လာသောအခါ စိတ်မကောင်းကြပေ။ပန်းချီငိုကြောင့် လောင်းကစားမက်သော လေးမကြီးနှင့် ကိုရာကြီးတို့နှစ်ယောက်လုံး အသက်ဆုံးပါးသွားခဲ့ဖူးသည်။သူတို့သည် မေ့ထားသောအတိတ်ကို ပြန်သတိရကာ စိတ်မကောင်းဖြစ်နေကြသည်။ထိုအချိန်နောက်ပိုင်းကစပြီး ကိုပန်းချီငိုသည်လည်း စိတ်မကောင်းဖြစ်ကာ အရက်ချည်းသာ ဖိသောက်နေသည်ဟု ကြားရသည်။ဆုံတော့ မဆုံဖြစ်ကြပေ။သူတို့သည် မည်သည့်စကားမှမဆိုပဲ ဦးကဲ၏အိမ်သို့ သွားနေကြသည်။ ရေအိုးစင်ရွာသည် ထွေထွေထူးထူးပြောင်းလဲခြင်း မရှိပေ။မကြာသောအချိန်တွင်သူတို့ရောက်ဖူးခဲ့သည့် ဦးကဲ၏အိမ်ဝိုင်းဝသို့ ရောက်ရှိလာသည် ။ထို့နောက် အိမ်ဝိုင်းဝမှ အိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်။အိမ်ရှေ့စားပွဲတန်းလျားတွင်တော့ ဦးကဲတယောက် ငူငူငိုင်ငိုင်နှင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။သူသည် မောင်ဘိုးထင်တို့ ဝင်လာသည်ကို တချက်သာ ငဲ့စောင်းကြည့်ပြီး မှိုင်တွေငေးမှိုင်သွားပြန်သည်။ထိုအချင်းအရာကိုကြည့်ခြင်းဖြင့် ပြဿနာတခုတော့ ရှိနေပြီဆိုတာ မောင်ဘိုးထင်တို့ သိလိုက်၏။ထို့ကြောင့် ဦးကဲနှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်ကြကာ ပေတူးမှ စကားဆိုလိုက်သည် ။
“ဆရာကြီးကဲ ဘယ်လိုဖြစ်တာလဲ ကျုပ်တို့ကို မမှတ်မိတော့တာလား”
“မှတ်မိပါတယ် ကောင်လေးတွေရာ ငါ့ရဲ့အလွမ်းဒဏ်ရာက မင်းတို့ကိုမြင်တော့ ပိုဆိုးလာလို့ပါကွာ”
ဦးကဲ၏စကားကိုနားမလည်သော ပေတူးသည် သူ၏ ဦးခေါင်းကိုကုတ်ကာ မောင်ဘိုးထင်အား မေးငေါ့ပြပြီး ဘာလဲဟူသောသဘောဖြင့် မေးလာသည်။ထိုအခါ မောင်ဘိုးထင် သည် ဦးကဲကိုသေချာကြည့်ရင်း စကားဆိုလိုက်သည် ။
“ဆရာကြီးကဲ “
“ဟေ့ကောင် ဦးကဲလို့ခေါ်ရင်ရပြီ မင်းတို့ ဆရာကြီးလို့ခေါ်ရင် ခေါင်းကျိန်းလို့”
“အဲ့လိုမဟုတ်ပါဘူးဗျာ ဦးကဲ ဘာဖြစ်နေတာလဲ ပြောစမ်းပါဦးဗျာ”
“ပြောရရင်တော့ မင်းတို့ပေးတဲ့ဝေဒနာတွေ ပေါ့ကွာ “
“ကျုပ်တို့ ဒီကို မလာတာ ကြာပါပြီ ဦးကဲကို ကျုပ်တို့ ဘာဒုက္ခမှ မပေးဘူး”
“မင်းတို့တွေက အိပ်ပျော်နေတဲ့ ငါ့ရဲ့အချစ်ကို နိုးထစေခဲ့သူ တွေလေ”
“ဟာ ဦးကဲရာ ဘာတွေပြောနေတာတုန်း ကျုပ်တို့ နားမလည်ဘူး “
“မင်းတို့ ငါ့ကို မဝင်းနဲ့ ပေးစားတာလေ အခု သူ့ကို ငါ ချစ်မိနေကာမှ မဝင်းက ငါ့ကိုထားပြီးထွက်သွားပြီကွ ထွက်သွားပြီ”
“ဟာ ဘယ်လိုဖြစ်ဝာာလဲဗျ “
“ပြောရရင်တော့ အရူးမတယောက်က စတာပဲကွာ”
“နေဦး နောက်ယောကျာ်းယူသွားတာ မဟုတ်ဘူးလား “
“ဟာကွာ ငါတို့က တယောက်ကိုတယောက် ဒီလောက်ချစ်တာ ယူစရာလားကွ “
“အဲ့တာဆို လဒကြီးလို မှိုင်မနေနဲ့ ကျုပ်တို့ ကူညီမယ် “
“မင်း မင်းတကယ်ပြောတာလား ဘိုးထင်”
“တကယ်ပေါ့ဗျာ ဒါပေမဲ့ ကျုပ်တို့ကို တခုတော့ ပြန်ကူညီရမယ် “
“ပြောကွာ ငါနဲ့ အဝင်းလေးနဲ့ ပြန်ပေါင်းရမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကူညီမယ် “
“ကျုပ်တို့ကို ကဝေမြောက်စုန်းဒေါ်ညွန့် ဘယ်မှာရှိလဲဆိုတာပြောပြပါလား”
ဦးကဲသည် မောင်ဘိုးထင်၏စကားကြောင့် မည်သည့်စကား မှ ပြန်မပြောပဲ ခေတ္တတွေဝေနေသည်။ထို့နောက် သက်ပြင်းတချက် ချလိုက်ကာ
“ကောင်လေးတွေ သူ့ကို ရှာဖို့က မလွယ်ဘူး ငါလည်း သူဘယ်မှာဆိုတာ မသိဘူး”
“အဲ့တာဆို ဘယ်လိုလုပ်ရမလဲဗျာ ကျုပ်တို့က သူ့ကိုတွေ့မှပဲ ဖြစ်မှာ “
မောင်ဘိုးထင်တို့ စိတ်ညစ်သွားကြသည်။မျှော်လင့်ချက်မဲ့သလိုလည်း ဖြစ်သွားသည်။ဦးကဲသည်လည်း သူ့နည်းတူ မှိုင် တွေငေးငိုင်သွားကြသော မောင်ဘိုးထင်တို့ သုံးယောက်ကိုကြည့်ကာ
“မင်းတို့ ဘယ်လိုဖြစ်တာလဲကွ ငါ့ထက်တောင် ဆိုးနေပြီ”
“ဘယ်လိုဖြစ်ရမှာလဲ ဦးကဲရာ ဒီကောင်ဘိုးထင်ရဲ့အဘပေါ့ နတ်စိမ်းကိုခေါ်ပြီး ဟိုက မပြန်ဘူး လုပ်နေတာ သူ့ကို ပြန်မပို့နိုင်ရင် ကျုပ်တို့အားလုံး နတ်စိမ်းရဲ့ကျွန် ဖြစ်ရတော့မှာ “
“ဟာ ဒီကောင်ငအုန်း သောက်ဦးနှောက်ကိုမရှိဘူး နတ်စိမ်းဆိုတာ မကောင်းဆိုးဝါးပဲကွ အောက်တန်းနတ်ဆိုးနတ်ယုတ်တွေပဲ မင်းတို့ပြန်မပို့နိုင်ရင် ဒုက္ခရောက်မှာနော် “
“အေးဗျာ အဲ့တာကြောင့် ကဝေမြောက်စုန်းဒေါ်ညွန့်ဆီကိုပဲ လွှတ်နေတာ “
“လွှတ်မှာပေါ့ ကဝေမြောက်စုန်းဒေါ်ညွန့်က နတ်စိမ်းတွေကို နိုင်တယ်လေကွာ “
“ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ ဦးကဲရေ အကြံဉာဏ်လေး ပေးပါဦး”
မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် ဦးကဲ၏ရှေ့တွင်မျက်နှာငယ်လေးများဖြင့် အသနားခံနေကြသည်။ဦးကဲသည် သူတို့၏မျက်နှာများကိုကြည့်ကာ အတော်စိတ်မသက်မသာဖြစ်သွားဟန်ရှိ၏။ထို့နောက် သက်ပြင်းရှည်ကြီးကို ချလိုက် ကာ
“ကောင်လေးတွေ ကဝေမြောက်စုန်းဒေါ်ညွန့်ကို ခေါ်နည်းတော့ရှိတယ်။အဲ့တာက အောက်လမ်းနည်းနဲ့ပဲ ဘယ်သူမှသိလို့တော့မရဘူး”
“ရတယ်ဗျာ ဘယ်လိုပဲ ခေါ်ရ ခေါ်ရ”
“နေပါဦးကွာ ပြောလို့က မဖြစ်သေးပါဘူး “
“ဦးကဲရာ ပြောပြစမ်းပါ “
“တော်တော်ခက်တယ်နော် “
“ခက်ပါစေဗျာ ဘာဖြစ်ဖြစ်လုပ်ရတော့မှာပဲ “
ဦးကဲသည် သူပြောမည့်စကားများကို ချိန်ဆနေပုံရသည်။ ပြောသင့်မပြောသင့်အတော်ကြာတွေးနေရင်း မောင်ဘိုးထင်တို့၏ စိတ်မချမ်းမြေ့ဖွယ်မျက်နှာများကြောင့် နောက်ထပ်တကြိမ် သက်ပြင်းတချက်ထပ်ချလိုက်ကာ
“လုပ်ရဲရင်တော့ လုပ်ပေါ့ကွာ ကဝေမြောက်စုန်းဆိုတာ လူအသား လူအသွေး လူအရိုးကို သိပ်ကြိုက်တာကွ မင်းတို့တွေ အဲ့တာတွေနဲ့ ခေါ်ရင်တော့ ရတယ် “
“ဗျာ “
မောင်ဘိုးထင်တို့သည် ဦးကဲ၏စကားကြောင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ပြိုင်တူခါယမ်းလိုက်ကာ သာအေးမှ စကားဆိုလိုက်လေသည်။
“ဒါတော့မဖြစ်ဘူးနော် ငါတို့တွေ ဒုက္ခရောက်သွားနိုင်တယ် “
“အေး ဟုတ်တယ် အဲ့တာတော့ မဖြစ်ဘူး “
သူတို့သုံးယောက် အချင်းချင်းတိုင်ပင်လိုက်ပြီးနောက် ဦးကဲကိုကြည့်၍ မတ်တတ်ထရပ်ကာ စကားဆိုလိုက်သည်။
“ဒါတော့ မဖြစ်ဘူး နတ်စိမ်းရဲ့တပည့်ပဲ လုပ်ရတော့မယ် ထင်တယ် ကဲ ဦးကဲရေ ကျုပ်တို့ ပြန်တော့မယ် “
“နေပါဦး ငါနဲ့ အဝင်းလေးကိစ္စ”
“နောက်မှ လာခဲ့မယ် အခုတော့ စိတ်တွေညစ်နေလို့ဗျာ “
မောင်ဘိုးထင်တို့သည် ပြောပြောဆိုဆို ဦးကဲ၏အိမ်ဝိုင်းထဲမှ ထွက်ကာ အိမ်ပြန်ခဲ့လိုက်ကြပါတော့သည်။
အခန်း (၃)
“သားတော်လေး ကြက်ကြော်ဆက်လေကွယ် မင်းတို့ရွာမှာ နေရတာ ငါပျော်သကွယ့်”
“ဟုတ် ဟုတ်ကဲ့ပါ ကိုယ်တော် ကိုယ်တော် ဌာနေကို ဘယ် တော့များ “
“ဖောက် “
“အမလေး မမေးတော့ပါဘူး ကိုယ်တော်လေးရဲ့ကျေးကျွန်တော်ကြီးသုံးယောက် ကြက်ကြော်နေပါတယ်”
“တယ် ငါ့ကျွန်တွေ သိပ်နှေးသကိုး “
ဦးအုန်း၏အိမ်ဦးခန်းတွင် ဖြစ်သည်။စားပွဲခုံပေါ်တွင် စောင်ခင်းထားပြီး ထိုစောင်ပေါ်တွင် ဖိုးထွေးသည် ကောက်ညှင်း ပေါင်းစားနေရင်းမှ စကားဆိုလေသည်။သူ၏ရှေ့တွင်တော့ ဦးအုန်းသည် ကြမ်းပြင်တွင်ထိုင်ကာ ဆေးလိပ်၊ကွမ်းများကို ဆက်သနေပြီး ထွေးခံကိုပါ အသင့်ပြင်ထားရသည်။ဖိုးထွေး သည် ဦးအုန်း၏မျက်နှာအား ခြေဖြင့် မကြာမကြာခတ်နေသော ကြောင့် ဦးအုန်း၏မျက်နှာမှာ ညိုနေသည်။
“သားတော်ကြီးကို ပြောတယ် စကားကို အရမ်းမပြောနဲ့လို့ သားတော်ကြီးက ပြန်ကြွခိုင်းနေတော့ ကိုယ်တော်က စိတ်မြန်လက်မြန်ဆိုတော့ လုပ်မိပြီ”
“ရ ရပါတယ် ကိုယ်တော် ကိုယ်တော်ပြန်ကြွ”
“ဖောက်”
“ကိုယ်တော်ကလဲ မြန်လိုက်တာ သားတော်ပြောတာက ကိုယ် တော်သွားမှ ဆေးလိမ်းမယ်လို့ ပြောမလို့ပါ”
“မသိဘူးလေကွယ် ငါကိုယ်တော်က စိတ်မြန်တယ်ကွယ့်ကြက်ကင်ဆက်မဲ့ကျွန်တော်လေးတွေ အမြန်လာကြစမ်းကွယ် “
“လာ လာပါပြီ ကိုယ်တော်လေး”
ယခုဖြစ်ပျက်နေသော အကြောင်းအရာမှာ နတ်စိမ်းသည် ဖိုးထွေး၏ကိုယ်ထဲဝင်ပူးကာ ဦးအုန်း၏အိမ်တွင် မင်းမူနေခြင်းဖြစ်သည်။တခုသောမနက်ခင်းတွင် ဖိုးထွေးသည် ဦးအုန်း၊ မောင်ဘိုးထင်တို့သုံးယောက်နှင့် စကားပြောနေချိန် ဒေါကြီး မောကြီးနှင့် ရောက်လာကာ ဦးအုန်းအပါအဝင် မောင်ဘိုးထင်တို့အား ကျွန်များဟု သုံးနှုန်းကာ စကားဆိုလေသည်။ဦးအုန်းမှာ နတ်စိမ်းပူးမှန်းမသိခင်ကတည်းက ဖိုးထွေးအား အော်ဟစ်ဆဲဆိုလိုက်သေးသည်။ထိုအခါ နတ်စိမ်းဝင်ပူးနေသော ဖိုးထွေး သည် အုန်းပင်ပေါ် သို့ ခြေဖြင့် လမ်းလျှောက်သကဲ့သို့ ကန့်လန့် ဖြတ်တက်သွားသောအခါမှသာ သူတို့ ယုံကြည်ကာ ယခုကဲ့သို့ ပူဇော်ပသနေရခြင်း ဖြစ်သည်။ယခု မီးဖိုချောင်ထဲတွင် သုံးကောင်မြောက်ကြက်ကို ကောင်လုံးကြော်နေသော မောင်ဘိုးထင်တို့သည် အချင်းချင်းတီးတိုးစကားဆိုနေကြသည်။
“တို့တတွေ အစပဲ ရှိသေးတယ် တော်တော်ခံနေရပြီ မွေးထားတဲ့ ကြက်ကလေးတွေလည်း ကုန်ပါပြီ”
“တော်သေးတာပေါ့ သာအေး ကြက်တွေမွေးထားလို့သာပဲ ဘေးကသာ ဝယ်ရရင် မလွယ်ဘူး”
“မင်းတို့ပဲ ငါ ကြက်မွေးတာ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြီး”
“အေးပါကွာ နောက်မပြောတော့ပါဘူး အခုတော့ မြန်မြန်ကြော်ဟေ့ အဘလို အကန်မခံချင်ရင် မြန်မြန်သာ လုပ်”
“ဘယ်လိုလုပ် ကိုဖိုးထွေးကို ဝင်ပူးသွားတာလဲကွာ ငါတွေးလို့ကို မရဘူး”
ဤသို့ဖြင့် သူတို့သုံးယောက်သည် ကြက်ကြော်ပြီးသွားသော အခါ ပန်းကန်ထဲထည့်လိုက်ပြီး သုံးယောက်သား အိမ်ပေါ်သို့ ခါးလေးများကုန်းကာ တက်သွားကြပါလေတော့သည် ။
အခန်း (၄)
စောင်ခင်းထားသော စားပွဲခုံပေါ်တွင် ဖိုးထွေးတယောက် လက်ဖြင့် ခေါင်းကိုထောက်ထားပြီး တုံးလုံးလှဲနေသည်။စားပွဲမှာ တိုသောကြောင့် သူ၏ခြေထောက်ကို သာအေးနှင့် ပေတူးမှ ထမ်းထားရသည်။သူတို့သည် တကယ်ကျေးကျွန်များအဖြစ် နေ နေရသည်။မထင်လျှင် မထင်သလို ကန်ကျောက်နေသော ကြောင့်လည်း ဦးအုန်းအပါအဝင် အားလုံး၏မျက်နှာများသည် အညိုအမဲစွဲနေကြသည်။သို့ပေမဲ့လည်း အားမတန်၍မာန်လျော့ ပြီး နတ်စိမ်းဝင်ပူးနေသော ဖိုးထွေးကို အစွမ်းကုန်ပြုစုနေရသည်။ယခုလည်း သူ၏ခြေထောက်ကို ထမ်းထားရသော သာအေးနှင့် ပေတူးတို့သည် အတော်ပင်ပန်းနေကြပြီ ဖြစ်သည်။ စားပွဲခုံနှစ်လုံးဆက်ပေးမည်ဟု ပြောသောအခါ ခြေဖြင့် တယောက်တချက် ကန်၍ ငြိမ်နေရသည်။ပေတူးမှာ ဓားနဲ့ထိုးမည်ကြံစည်နေ၍ ဖိုးထွေး၏ခန္ဓာကိုယ်ကြီးဖြစ်ကြောင်း သေချာရှင်းပြကာ အောင့်အီးသည်းခံနေရသည်။ဦးအုန်းသည် ရေခွက်ကို ကိုင်ထားပြီး ဒူးထောက်နေသလို မောင်ဘိုးထင်သည်လည်းကြက်ကြော်ကို ကိုင်ထားပြီး ဒူးထောက်နေရသည်။များမကြာသောအချိန်တွင် လက်ထောက်ပြီး အိပ်နေသော နတ်စိမ်း သို့မဟုတ် ဖိုးထွေးသည် နိုးလာကာ တချက်သန်းဝေပြီး
“ကဲ ကိုယ်တော့်ကျွန်တွေကို ဒီနေ့ မိန့်စရာရှိတယ်”
“ပြန်ကြွ”
“အဘလည်း မျက်နှာ ဖူးရောင်နေပြီ ဒီစကားချည်း ပြောနေတယ် “
မောင်ဘိုးထင်သည် ဦးအုန်းအား တံတောင်နှင့်တို့ပြီး သတိပေးစကားဆိုလိုက်ခြင်း ဖြစ်သည်။သူ သတိပေး၍သာတော်သေး၏။ဖိုးထွေး၏ခြေထောက်မှာ ကန်ဖို့ရာ အသင့်ပြင်နေပြီး ဖြစ်၏။
“ကဲ ကိုယ်တော်မိန့်မှာက သားတော်တို့ကို ငါ့ကျွန်လို့ မသတ် မှတ်တော့ပါဘူး “
“ဝမ်းသာလိုက်တာ ကိုယ်တော်ရယ် “
ထိုစကားကြားလိုက်သော ပေတူးနှင့် သာအေးသည် ဝမ်းသာအားရဖြင့် သူတို့ထမ်းထားသောခြေထောက်ကို အောက်သို့ချလိုက်ရာ လျင်မြန်သောခြေကန်ချက်ကာ သူတို့၏ပါးကို တယောက်တချက်စီလာထိ၍ ပါးကို လက်နှင့်ပွတ်လိုက်ပြီး ခြေထောက်အား ပြန်ထမ်းထားလိုက်ရသည်။ဖိုးထွေးသည် ပေတူးနှင့် သာအေးကို သေချာကြည့်ကာ
“သားတော်တို့က တယ်မိုက်သကိုး ကျွန်မဟုတ်ဘူးဆိုပေမဲ့ ကိုယ်တော်က သားတော်တို့ရဲ့အဖနေရာမှာ ရှိနေမှာလေ ပိုလို့တောင် ပြုစုသင့်တယ်မလား”
“ဟုတ် ဟုတ်ပါတယ် “
“ကဲ ကဲ ဒီနေ့ ကိုယ်တော်မိန့်မှာက ကိုယ်တော် ပျင်းတယ် ကချေသည်တွေ ရှာပြီး ဆက်စမ်းကွယ် “
“ဗျာ “
ဦးအုန်းသည်လည်း မကြီးမငယ်နှင့် ဗျာ တရပြီဖြစ်သည် ။ ထိုအခါ နတ်စိမ်းဝင်ပူးနေသော ဖိုးထွေးသည် သာအေးတို့၏ ပခုံးပေါ်မှ သူ၏ခြေထောက်ကို ရုတ်လိုက်ပြီး တင်ပျဉ်ခွေချိတ်ထိုင်လိုက်ကာ
“ဘာလဲ သားတော်က ငါ့စကားကို ပယ်ချချင်တဲ့ သဘောလား ငါ့စကားကို ပယ်ရှားရင် နင့်အိမ်နဲ့ နင့်ရွာ လောင်မီးကျမယ်သာမှတ် နင်ပင့်လို့ပဲ ငါက ဒီရောက်နေတာနော် “
“စိတ် စိတ်လျှော့ပါ ကိုယ်တော် သားတော် ကြံဆောင်ပါ့မယ် “
“ဟုတ်ပြီ သားတော်တို့နှစ်ယောက်က ကခြေသည် သွားခေါ်ချေ ဒီက သားတော်လေးနှစ်ပါးက ကိုယ်တော်ကို နှိပ်နယ်ပေးစေကွယ် “
ဤသို့ဖြင့် ဦးအုန်းနှင့် မောင်ဘိုးထင်သည် နတ်စိမ်း၏ ခွင့်ပြုမှုဖြင့် အိမ်အောက်သို့ဆင်းခွင့်ရပြီး သာအေးနှင့် ပေတူးမှာဖြင့် ခြေထောက်ကို နှိပ်နယ်ပေးနေရပါလေတော့သည် ။
အခန်း (၅)
ပေပင်ရွာအစွန်ရှိ မောင်ဘိုးထင်၏အိမ်ဝိုင်းအတွင်း အိမ်ရှေ့ကွပ်ပျစ်တွင် မောင်ဘိုးထင်နှင့် ဦးအုန်းတို့ လှဲအိပ်နေကြသည်။ထို့နောက် သက်ပြင်းကိုယ်စီချကာ စကားဆိုကြလေသည် ။
“ကောင်လေးရေ သောက်ပြဿနာကတော့ စပြီ ကချေသည်တဲ့ ဘယ်က သွားရှာမလဲ မင်းကို ပြောသားပဲ အဲ့ဒီနတ်စုတ်ပဲ့ကို နှင်ထုတ်နိုင်တဲ့ ကဝေမြောက်စုန်းဒေါ်ညွန့်ကို ရှာခဲ့ပါဆိုတာ “
“အဘကလည်းဗျာ လူ့အသွေးအသားတွေနဲ့ ကျွေးပြီး ခေါ်ရမှာတဲ့ဗျ “
“အခုတော့ ဘယ်လိုလုပ်မလဲ ဖိုးထွေးဆိုတဲ့ကောင်က တကယ် နတ်ပူးတာရော ဟုတ်ရဲ့လား ငါတို့ကို အငြိုးနဲ့များ လုပ်နေရော့သလား “
“အဘကလည်း ကိုဖိုးထွေးကိုယ်မှာ အရိပ်လို ထပ်နေတဲ့ နတ်စိမ်းကို မြင်ရဲ့သားနဲ့ ဘာတွေပြောနေတာလဲ “
“ဖိုးထွေး ဟန်ဆောင်နေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြည့်တာပါကွာ အခု ဘယ်လိုလုပ်မလဲ ကချေသည်တဲ့ ခွီးတဲ့မှပဲကွာ အောက်လမ်းဆရာတွေ အလူးအလဲ ခံနေရတယ် လို့ကွာ ရာဇဝင်ရိုင်းလိုက်တာ “
“အခု ကချေသည်ကိစ္စ ဘယ်လိုလုပ်မလဲ “
”နေဦးအဘ ရွာထဲက ဆိုင်းဆရာဘကြီးထီဆီ သွားကြည့်မလား သူဆို မင်းသား၊မင်းသမီးတွေကို သိလောက်တယ် “
“အေး မင်းအကြံမဆိုးဘူးကွ လာကွာ အခုပဲ သွားရအောင် “
ဦးအုန်းနှင့် မောင်ဘိုးထင်တို့သည် စိတ်ပျက်လက်ပျက်ဖြင့်အိပ်နေရာမှာ ထလိုက်ပြီးနောက် ရွာထဲသို့ ထွက်သွားကြပါလေတော့သည် ။
အခန်း (၆)
“လာ လာ ဘိုးထင်နဲ့ ကိုအုန်း ခင်ဗျားတို့သားအဖ မလာစဖူး ကျုပ်အိမ်ကို လာလို့ပါလား”
“အေးဗျာ ကိစ္စလေးရှိလို့ “
“နေပါဦး ခင်ဗျားတို့မျက်နှာတွေက ဘာဖြစ်ထားတာလဲ ညိုမဲ နေပါလား”
“ခြင်းလုံးဘဝ ရောက်နေတယ်လို့ပဲ မှတ်ပါ ကိုထီရာ “
“ကောင်းပါပြီဗျာ လာရင်းကိစ္စ ပြောပါဦး”
ဦးအုန်းနှင့် မောင်ဘိုးထင်သည် ဦးထီထိုင်နေသော တန်းလျားနှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်သည်။ထို့နောက် ဦးအုန်းသည် အသံခပ်တိုးတိုးနှင့် ဦးထီရှေ့အနားအထိ မျက်နှာကပ်လိုက်ကာ
“ကိုထီ မင်းသမီးလေးတွေ လိုချင်လို့ဗျ”
“ဟာဗျာ ခင်ဗျား မကြီးမငယ်နဲ့ သိက္ခာလည်း ထိန်းပါဦး ဘိုးထင်ကို ဘေးမှာထားပြီး ဒီစကားတွေ မပြောသင့်ပါဘူး”
“ကိုထီ ဘာတွေပြောနေတာတုန်း “
“ခင်ဗျားပဲ မင်းသမီးလေးတွေ လိုချင်တယ်ဆို “
“အေးလေ ကခိုင်းဖို့ မင်းသမီးလေးတွေ လိုချင်တာ ကျုပ်ပြောပြမယ်ဗျာ “
ဦးအုန်းသည် သူ၏အိမ်တွင်ဖြစ်ပျက်နေသော အကြောင်း အရာများအား ပြောပြလိုက်ရာ ဦးထီမှ သဘောပေါက်သွားပြီး
“နေဦးဗျ မင်းသမီးကတော့ ကျုပ်တို့မှာ ဘယ်လိုလုပ်ရှိမလဲ တခုတော့ရှိတယ် ရွာက ယိမ်းအဖွဲ့ကို အကူအညီတောင်းကြည့် ပါလား “
“မိကျော့တို့ လှရင်တို့လား”
“အေးလေဗျာ “
“ဖြစ်ပါ့မလား “
“ခင်ဗျားသားက သူတို့ကို ပိုင်ပါတယ် ဟေ့ကောင် ဘိုးထင် အဲ့လိုလုပ်မှပဲ ရမယ်။သူတို့ကလည်း မ,ကချင်တွေဆိုတော့ အဆင်ပြေလောက်တယ် “
ဦးထီမှ မောင်ဘိုးထင်အား စကားလှမ်းဆိုလိုက်ရာ မောင်ဘိုးထင်လည်း တွေးမိသွားပြီး
“ဟုတ်တယ် အဘ ဘကြီးထီပြောတဲ့အကြံက ကောင်းတယ် အဘအိမ်ပြန်နှင့်ဗျာ ကျုပ် သာရကို အကူအညီတောင်းပြီး အမမိကျောတို့ကို ခေါ်ခဲ့မယ် “
“ကောင်းသလိုသာ လုပ်တော့ ကောင်လေးရေ အကန်မခံရရင်ပြီးရော “
ဤသို့ဖြင့် မောင်ဘိုးထင်သည် ဦးထီအိမ်မှ ထွက်လိုက်ပြီး သည်နှင့် သာရဆီသို့ ခြေဦးလှည့်လိုက်ပါလေတော့သည် ။
အခန်း (၇)
မောင်ဘိုးထင်သည် အိမ်တွင် မိဘများ၏ဆုံးမစကားအားနားထောင်နေသော သာရကို မရမကခေါ်ထုတ်လာပြီး အကျိုး အကြောင်း ပြောပြလိုက်သည်။နောက်ဆုံးသက်သေအဖြစ် သူ၏မျက်နှာမှ ဒဏ်ရာများကိုပါပြ၍ အကူအညီတောင်းပါမှ သာရတယောက် လက်ခံလေသည်။ထို့နောက် သူတို့နှစ်ယောက်သည် လှရင်၏အိမ်သို့ သွားကြသည်။လှရင်၏အိမ်တွင်တော့ လူကြီးများ မည်သူမှမရှိကြဘဲ လှရင်သာ ခွေးကတစ်လှေကားတွင် ထိုင်ကာ စပါးလုံးကောက်နေသည်။သူမသည် အိမ်ထဲဝင်လာသော မောင်ဘိုးထင်နှင့် သာရကိုမြင်သောအခါ
“နင်တို့ ဘာလာလုပ်ကြတာလဲ “
“လုပ်စရာလေးရှိလို့ လာခဲ့တာပါဟာ”
“သေနာကောင်သာရ နင် ဘာစကားပြောတာလဲ “
“နင်ကလဲဟာ ယောင်သွားတာပါ ကဲ ဘိုးထင် မင်းကိစ္စကိုပြောပြလိုက်”
သာရ ထိုသို့ပြောလိုက်သောအခါ မောင်ဘိုးထင်သည် သူ၏မျက်နှာကိုညပြကာ
“အမလှရင် ကျုပ်မျက်နှာကို ကြည့်”
“ဟယ် ဟုတ်သား ဘာဖြစ်လာတာလဲ “
“ဘာဖြစ်ရမှာလဲ နတ်က အနိုင်ကျင့်တာပေါ့ အခု အမလှရင်တို့သာ မကူညီရင် ကျုပ်ဖြင့် အသက်နဲ့ ခန္ဓာ မြဲတော့မှာ မဟုတ်ဘူး ကျုပ်တယောက်တည်း မဟုတ်ပါဘူး ဟိုနှစ်ကောင်ရော အဘရောပဲ “
“ဟယ် ဘယ်လိုဖြစ်ကြတာလဲ ငါ သတင်းတော့ ကြားတယ်။ ဖိုးထွေးတယောက် နင်တို့အိမ်ကမပြန်တာ သုံးလေးရက်ရှိပြီဆို”
“အဲ့တာ ကိုဖိုးထွေးမဟုတ်ဘူးဗျ နတ်စိမ်း”
“ဟုတ်လို့လားဟယ် ထူးဆန်းလိုက်တာ “
“အမ ကျုပ်တို့ကို ကူညီပါဗျာ နော်”
“နေပါဦး ငါက ဘာကူညီရမှာလဲ “
“ထွေထွေထူးထူးတော့မဟုတ်ဘူး အမတို့ယိမ်းအကအဖွဲ့ ကျုပ်တို့အိမ်မှာ လာကပြပါလားဗျာ “
“ဟယ် ဘယ်လိုလုပ်ဖြစ်မလဲ”
လှရင်မှ ငြင်းနေလေရာ မောင်ဘိုးထင်သည် မြေပြင်တွင် ဒူးထောက်ပြီး လက်အုပ်ချီလိုက်ကာ
“အမလှရင်တို့ မကူညီရင် ကျုပ်တို့ သေရတော့မှာဗျ “
“ဟုတ်ပါတယ် လှရင်ရယ် ကူညီလိုက်စမ်းပါဟာ “
ဘေးမှ သာရသည်လည်း ကူပြောပေးလေရာ သနားကြင်နာတတ်သော လှရင်မှာ ငြင်းနိုင်စွမ်းမရှိတော့ပေ။
“ငါက ကူညီမယ်ထား မိကျော့၊သန်းရင်နဲ့ မြထွေးတို့ကိုဘယ်လိုလုပ်မလဲ “
“ကျုပ် သွားပြောလိုက်ပါ့မယ် “
“ပြီးရော အဲ့တာဆို ဦးအုန်းအိမ်ကိုပဲ လာခဲ့ရမှာမလား “
“ဟုတ်တယ် ကျုပ် တခြားလူတွေကို အကူအညီသွားတောင်း လိုက်ဦးမယ်”
ဤသို့ဖြင့် မောင်ဘိုးထင်နှင့် သာရတို့သည် ကျန်သော ယိမ်းအကအဖွဲ့ဝင်များကိုလည်း လှရင်ကို ခေါ်သည့်အကွက်ကိုသာသုံးပြီး အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပါတော့သည် ။
အခန်း (၈)
သာရနှင့် မောင်ဘိုးထင်တို့သည် ဦးအုန်း၏ အိမ်ပေါ်သို့တက်လာကြသည်။အကြောင်းမသိသေးသော သာရသည် စားပွဲခုံပေါ်တွင် ဟိတ်ဟန်အပြည့်ဖြင့် ထိုင်နေသော ဖိုးထွေးအား
“ဟေ့ကောင် ဖိုးထွေး ရူးများ ရူးသွားသလား လူကြီးက အောက်မှာထိုင်ပြီး မင်းကအပေါ်မှာ အခန့်သားထိုင်နေတယ် ဒီကောင် လူ့ကျင့်ဝတ်”
သာရတယောက် စကားဆုံးအောင်ပင် မပြောလိုက်ရပေ ။ တင်ပျဉ်ခွေချိတ်ထိုင်နေရင်းမှ ဖိုးထွေးသည် မည်သို့ကန်လိုက်သည်မသိ။သာရနောက်သို့ လန်ကျသွားသည်။ထို့နောက် သာရသည် စိတ်ဆိုးဒေါသထွက်ကာ လဲနေရာမှ ပြန်ထပြီး ဆွဲထိုးရန်ပြင်သော်လည်း လျှပ်စီးအလားမြန်ဆန်လွန်းသော ဖိုးထွေး သည် သာရ၏မျက်နှာအား ဘယ်ပြန်ညာပြန် လေးချက်ခန့် ကန်လိုက်၍ နှုတ်ခမ်းပေါက်သွားပြီး သွေးများထွက်လာရာ သာရ ကြောက်သွားပြီး ဦးအုန်း၏အနားကပ်ကာ
“ဦးအုန်း ဒီကောင် ဘာလို့ဒီလောက်သွက်လက်နေတာလဲ “
“ရှူး တိုးတိုး အဲ့တာ နတ်စိမ်းဝင်ပူးနေတာကွ ဖိုးထွေး မဟုတ်ဘူး”
“ထင်ပါတယ် ဖိုးထွေးက ဖင်လေးကောင် အခုလောက် မသွက်ဘူး”
“တိုးတိုးသာ ထိုင်နေ တော်ကြာ ထပ်ပြီး အကန်ခံနေရဦးမယ် “
မောင်ဘိုးထင်သည် ဖိုးထွေး၏ အရှေ့သို့သွားကာ
“ကိုယ်တော် ကချေသည်လေးတွေ သိပ်မကြာခင် ရောက်လာပါလိမ့်မယ် ကျွန်တော်မျိုး ဆိုင်းလေးတီးပေးပါရစေ”
“သားတော်က အတော်သိတတ်တာပဲ ကဲ ကဲ သဘော “
ထို့နောက် မောင်ဘိုးထင်သည် အသင့်ယူထားသော ခြောက်လုံးပတ်အား အသင့်ပြင်လိုက်လေသည်။ထို့နောက် သူတို့ မည်သည့်စကားမှမပြောပဲ ငြိမ်သက်နေကြလေသည်။ အတန်ကြာသည်အထိ မည်သူမှ ရောက်မလာသောအခါ ဖိုးထွေးသည် တချက်သမ်းဝေလိုက်ကာ
“သားတော်တို့ ကချေသည်တွေက မရောက်သေးပါလား”
“လာမှာပါ ကိုယ်တော် အလှပြင်နေလို့ ကြာနေတာနေမှာ”
“ဪ အဲ့လိုလား အဲ့တာဆိုရင်တော့ ကြာပလေ့စေ “
နတ်ဝင်နေသောဖိုးထွေး၏မျက်နှာသည် ဖနောင့်နှင့်အတော် ပေါက်ချင်စရာကောင်းလှသည်ဟု အိမ်ပေါ်ရှိ လူအကုန်လုံး တွေးနေကြသည်။နတ်ထွက်သွားလျှင်တောင် သူတို့သည် ဖိုးထွေး၏မျက်နှာကို မြင်တိုင်း ကျေနပ်ကြမည်မဟုတ်ပေ။ယခုတော့ သူ့ကို စေ့စေ့ပင် မကြည့်ရဲ။အမှန်တကယ်နတ်ဝင်နေသောကြောင့် သူ၏ကိုယ်ခန္ဓာသည် အစွမ်းထက်နေသည်မဟုတ်ပါလား သူတို့ တိတ်ဆိတ်စွာ အတွေးကိုယ်ဆီနှင့် ရှိနေကြချိန်
“ဦးအုန်း ဟေ့ ဘိုးထင် ငါတို့ရောက်ပြီ “
“ဟုတ်ကဲ့ အမမိကျော့တို့ အိမ်ပေါ်တက်ခဲ့နော် “
အိမ်ပေါ်သို့ မိကျော့တို့ တက်လာကြသည်။သူတို့သည် စုစု ပေါင်းခုနှစ်ယောက်ဖြစ်ပြီး ဦးအုန်း၏အိမ်မှာ အတော်ကျယ် ဝန်းသောအိမ်ဖြစ်၍သာ တော်သေးသည်။ပေပင်ရွာ၏အလှပဂေးလေးများ အိမ်ပေါ်ရောက်သောအခါ နတ်ဝင်နေသည့် ဖိုးထွေးသည် မရှိသော မုတ်ဆိတ်ကို သပ်လိုက်ရင်းမှ ကပြမည့် မိန်းမပျိုလေးများကို တပ်မက်စွာ ငေးမောကြည့်နေလေသည်။သူ့ပုံစံသည် အတော်အမြင်ကပ်စေသည်။သို့ပေမဲ့ မိန်းမပျိုလေးများသည် ဦးအုန်းနှင့် မောင်ဘိုးထင်တို့ သုံးယောက်အပြင် သာရ၏ထပ်တိုးမျက်နှာများကြောင့် သနားကာ ဖိုးထွေး၏ အကြည့်ကို သည်းခံလေသည်။ ထို့နောက် ဖိုးထွေးသည်
“ကဲ သားတော်လေး နှစ်ယောက် ကိုယ်တော့်ကို နှိပ်နယ်ပေးဦးကွယ် ကချေသည်တွေ စ ကလို့ရပြီ ကိုယ်တော် ရှု့စားမယ် “
မိကျော့တို့သည်လည်း မောင်ဘိုးထင်၏ ဆိုင်းသံနှင့်အတူ စတင်ကပြလေသည်။ထို့နောက် ဖိုးထွေးသည် တပြုံးပြုံးနှင့် ကြည့်နေပြီး သီချင်းနှစ်ပုဒ်ဆုံးသွားသည်နှင့် ဦးအုန်းအား လက်ယပ်ခေါ်လိုက်ပြီးနောက် နား နားကပ်၍ တိုးတိုးပြောလေသည်။ထိုအခါ ဦးအုန်းသည်လည်း တိုးတိုးပြန်ပြောရာ ဖိုးထွေးတယောက် ခေါင်းကိုညိတ်ပြီး ပြုံးတုံ့တုံ့ဖြင့်
“ကဲ ကဲ ဒီနေ့တော့ ဒီလောက်နဲ့ တော်ပေဦးတော့ နောက်နေ့တွေမှာ ကိုယ်တော် စိတ်ကြိုက်ကြည့်မယ် နားပေတော့”
မိကျော့တို့သည် ဖိုးထွေး၏စကားကြောင့် ကနေသည်ကို ရပ်လိုက်ပြီး ဆိုတီးနေသော မောင်ဘိုးထင်ကို ကြည့်လိုက်သည်။ မောင်ဘိုးထင် ခေါင်းညိတ်ပြသောအခါမှ အိမ်ပေါ်မှ ဆင်းလာခဲ့ကြသည်။မောင်ဘိုးထင်သည်လည်း အိမ်ပေါ်မှ လိုက်ဆင်းပြီး မိကျော့တို့နောက်လိုက်သွားချိန် ဦးအုန်းလည်း နောက်မလှမ်းမ ကမ်းမှ ပါလာလေသည်။ထို့နောက် အသံခပ်အုပ်အုပ်ဖြင့် မောင်ဘိုးထင်အား လှမ်းခေါ်လေသည်။
“ဘိုးထင် နေဦး”
မောင်ဘိုးထင်သည် မိကျော့တို့အား ပြန်စေပြီး ဦးအုန်းအားရပ်စောင့်နေလိုက်သည်။များမကြာသောအချိန်တွင် ဦးအုန်း အနားရောက်လာကာ
“ကောင်လေးရေ အခြေအနေ မကောင်းတော့ဘူး ဒီနတ်စိမ်းက ပြန်မဲ့ပုံမပေါ်ဘူး မင်းတို့ဖြစ်တဲ့နည်းနဲ့ ကဝေမြောက်စုန်း ဒေါ်ညွန့်ကို ပင့်ကွာ”
“ဘာ ဘာဖြစ်တာလဲ အဘ “
“ဘာဖြစ်ရမှာလဲကွာ အဲ့ဒီကလေကဝနတ်ယုတ်က မိကျော့တို့ကို ကိုယ်လုပ်တော် လုပ်ခိုင်းမလို့တဲ့ကွာ သောက်ကျိုးက နည်းပြီ ငါ ချော့မော့ပြီး ပြောထားရတာ ဒီသောက်နတ်ကို မြန်မြန်ရှင်းမှ ရတော့မယ် ဘာပဲဖြစ်ဖြစ် ဒေါ်ညွန့်ကိုသာ ခေါ်တော့ကွာ”
မကျေမနပ်ပြောနေသော ဦးအုန်း၏စကားကြောင့် မောင်ဘိုးထင်သည်လည်း ကဝေမြောက်စုန်းဒေါ်ညွန့်ကို ခေါ်ဖို့ရာ ဆုံးဖြတ်လိုက်ပါလေတော့သည် ။
အောက်လမ်းဘိုးထင်နှင့် နတ်စိမ်းသည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် ကဝေမြောက်စုန်းဒေါ်ညွန့် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
မောင်တင်ဆန်း