ဥစ္စာစောင့်သိုက်မှလိပ်ပြာနုတ်ခြင်း

* ဥစ္စာစောင့်သိုက်မှလိပ်ပြာနှုတ်ခြင်း*📖📖📖(စဆုံး)

************************************************
~~~~~~~~~~~~~~~~~~~~~~~~~

“အောက်…..အီး….အီး…အွတ်”

မနက်ခင်းနေရောင်ခြည်လေးထွန်းလင်းတောက်ပလာတာနဲ့အမျှ လင်းကြက်ဖတွန်သံလေးက ထွက်ပေါ်လို့လာ၏။
မြင်းခကျေးရွာလေးဟာလဲ
သက်ဝင်လှုပ်ရှားသွားလာနေကြသည်။

မြင်းခကျေးရွာဟုခေါ်ရသော အကြောင်းအရင်းမှာ
အနော်ရထာမင်းကြီးလက်ထက်စစ်တိုက်ထွက်သောအခါတွင်
ရန်သူများကိုအောင်နိုင်ပြီး ရန်သူ၏ မြင်းများအားလုံးက
အနော်ရထာမင်းကြီးကို ဤနေရာ၌ မြေတွင်ဝပ်ကာ ခစားသောကြောင့် ရွာတည်သောအခါ မြင်းခကျေးရွာဟု
ခေါ်ဝေါ်ကြလေ၏။

မြင်းခကျေးရွာသည် ရွာငယ်လေးသာဖြစ်၏။ လယ်အလုပ်ကိုအဓိကလုပ်ကိုင်ကြလေသည်။ မနက်မိုးလင်းပြီဆိုတာနဲ့
လယ်ထဲတွင်နွားတစ်ရှဥ်းနှင့်ရုန်းကန်နေကြရလေ၏။

“သားသူရရေ ထတော့လေကွာ မင်းအမေက ရွာဦးကျောင်းကို ဆွမ်းချိုင့်သွားပို့ဖို့တဲ့ ထတော့ကွ”

”ဟုတ်ဟုတ်အဘ ကျုပ်နိုးပါပြီဗျ”

”အေးအေး အဲ့ဒါဆို အဘလယ်ထဲသွားတော့မယ်”

သူရ၏ အဘ(အဖေ)ဦးကျော်ဖြိုးဝင်းမှာ သူရကိုနှိုးပြီးတာနဲ့ လယ်ထဲသို့ နွားတစ်ရှဥ်းဆွဲကာထွက်သွားလေသည်။ သူရလည်း မျက်နှာသစ်ပြီး ရွာဦးကျောင်းကို ဆွမ်းချိုင့်သွားပို့လေ၏။ လမ်းတွင်သူ၏အကိုတစ်ဝမ်းကွဲ
ကိုရဲမာန်နဲ့ဆုံလေသည်။

“ဟ သူရ ဆွမ်းချိုင့်သွားပို့မလို့လားကွ”

”ဟုတ်တယ် ကိုကြီးရဲမာန်ရေ
ဒီနေ့ကျုပ်တို့အိမ် ဆွမ်းချိုင့်အလှည့်လေဗျာ “

”အေးအေး ကုသိုလ်ရပါတယ်ကွာ “

”နို့ ကိုကြီးရဲမာန်က လယ်ထဲမသွားဘူးလားဗျ “

”အေးကွ ဒီနေ့အဘက လယ်ထဲလိုက်စရာမလိုဘူးဆိုလို့”

”ကဲ ဒါဆိုလည်း ကျုပ်သွားပြီဗျို့ နောက်ကျရင် အိမ်ကအမေဆူနေမှာစိုးလို့ဗျ”

”အေးအေး ငါလည်း
အရီးဒေါ်မြခင်တို့အိမ်သွားလိုက်ဦးမယ်”

သူရလည်း ကိုကြီးရဲမာန်ကို နှုတ်ဆက်ကာ ရွာဦးကျောင်းဘက်သို့ထွက်လာခဲ့၏။ ကျောင်းရောက်တော့ ဆရာတော်ကြီးကို ဆွမ်းချိုင့်ကပ်လိုက်သည်။

“ဒါကာလေး “

”ဘုရား”

”ကျော်ဖြိုးဝင်းနဲ့သီတာတို့ကော ကျန်းမာကြရဲ့လားကွဲ့”

”တင်ပါ့ဘုရား ကျန်းမာကြပါတယ် လာကာနီး
အမေကတောင်မှဆရာတော်ဘုရားကို ကျန်းမာရဲ့လား
မေးခိုင်းလိုက်ပါသေးတယ်ဘုရား”

”အင်း ဆရာတော်ကတော့ အသက်အရွယ်ကြီးလာတော့
နေလို့ထိုင်လို့သိပ်မကောင်းတော့ဘူး ဒါကာလေးရဲ့”

“တင်ပါ့ဘုရား ဒါဆိုတပည့်တော်ကို သွားခွင့်ပြုပါဦးဘုရား”

“ကောင်းပါပြီကွယ်”

သူရလည်း အိမ်သို့ပြန်လာခဲ့၏။ အိမ်ရောက်သောအခါ အမေချက်ထားတဲ့ ကြက်သားနဲ့ခရမ်းချဥ်သီးချက်ကလေးကို အားရပါးရ စားလိုက်လေသည်။ ထို့နောက် ထမင်းစားပြီးသောအခါ အိမ်ရှေ့ မန်ကျည်းပင်အောက် ကွပ်ပျစ်ကလေးပေါ်တွင် ထမင်းလုံးစီနေလေ၏။

“သူရရေ သူရ ဟေ့သူရ”

သူရလည်း အသံကိုတရင်းတနီးကြားဖူးသောကြောင့်ဝိုင်းဝကိုလှမ်းကြည့်လိုက်သည်။ အသံပိုင်ရှင်ကကိုကြီးရဲမာန်ရဲ့
ညီ ပြည့်စုံ ဖြစ်နေလေသည်။ ကိုကြီးရဲမာန်နဲ့ ကိုပြည့်စုံက
အမေ့ရဲ့ အမမှမွေးသောကြောင့် သူရနဲ့ညီအစ်ကို
တစ်ဝမ်းကွဲတော်လေ၏။

“ဟ ကိုကြီးပြည့်စုံ လာလေဗျာ ကျုပ်ကဒီမှာဗျ”

ကိုကြီး ပြည့်စုံက ဝိုင်းထဲသို့ဝင်လာပြီး ဝါးခမောက်လေးကိုချွတ်လိုက်သည်။ သူရလည်း အိမ်ပေါ်သို့တက်ကာ ရေနွေးကြမ်းပန်းကန်နှင့်လက်ဖက်သုပ်ပေးလိုက်လေ၏။

“ကဲ ကို​ကြီးပြည့်စုံ အမောပြေ အကြမ်းရည်လေသောက်
လက်ဖက်ကလေးစားဗျာ”

”အေးကွာ ဒီနှစ်နွေကတော့ အတော့်ကို ပူတာဟေ့”

‘”ဟုတ်ပါ့ ကိုကြီးပြည့်စုံရေ နွေဦးပိုင်းမှာကို ပူတာဗျ”

“ကဲထားပါ ငါလာတာ မင်းကိုပြောစရာရှိလို့ကွ”

”နို့ ဘာကိစ္စ လဲဗျ”

“ကိုကြီးရဲမာန်ကွာ အခုတလော တစ်မျိုးပဲကွ”

”ဗျာ မနက်က ကျုပ်ဆွမ့်းချိုင့်သွားပို့တုန်းကတောင်
တွေ့ခဲ့သေးတယ် အကောင်းပါဗျ”

”အေး ငါလဲအဲ့ဒါပဲပြောချင်တာ နေ့ဆိုသူကအကောင်းပဲ
ညဆိုရင် သူ့ကိုခေါ်နေပြီဆိုပြီး ရွာပြင်ကိုထွက်ထွက်ပြေးနေလို့ မနဲချုပ်ထားရတယ်ကွ”

”နို့ ဒီကိစ္စကို ဘယ်သူတွေသိသေးတုန်းဗျ”

”ငါတို့မိသားစုပဲ ဒါကိုသိတာကွ ရွာထဲကလူတွေသိသွားရင်တစ်ယောက်တစ်ပေါက်ပြောကြမှာစိုးလို့အသိမပေးဘူး
မင်းက ဒီလိုကိစ္စတွေသိပ်စပ်စုတက်တဲ့ကောင်ဆိုတော့
မင်းသိမလားလို့ကွ”

”ဟာ ကိုကြီးပြည့်စုံကလည်း ကျုပ်လည်းအခုမှကြုံ ဖူးတာဗျ
ဒါနဲ့ကိုကြီးပြည့်စုံတို့က ကိုကြီးရဲမာန်ကိုမနက်ကြ မေးမကြည့်ကြဘူးလားဗျ”

”မေးပါပြီရောလားကွာ မနက်ကြသူက ဘာမှကို
မမှတ်မိဘူးတဲ့ကွ”

”ဒါဆိုအတော်ထူးဆန်းတာပဲဗျ ကျုပ်ဘိုးအောင်မြတ်ကိုသွားမေးပေးမယ်ကိုကြီးပြည့်စုံဘာမှစိတ်မပူနဲ့ကြားလား”

”အေးပါကွာ ငါလည်းမင်းကိုပဲအားကိုးရမှာပဲ”

ကိုပြည့်စုံပြန်သွားတော့ နေ့ခင်းတစ်နာရီလောက်ရှိနေပြီဖြစ်၏။ သူရလည်း ဘိုးအောင်မြတ်တို့ဝိုင်းဘက်ကိုထွက်လာခဲ့လိုက်တယ်။ ဘိုးအောင်မြတ်တို့ဝိုင်းရှေ့ရောက်တော့ ဘိုးအောင်မြတ်က အိမ်ပေါ်မှာ ရေနွေးကြမ်းသောက်ပြီး ထိုင်နေတာကိုတွေ့လိုက်ရသည်။

“ဘိုး ကျုပ်ဝင်ခဲ့မယ်နော်”

”အေးအေး ဝင်ခဲ့လေ”

ဘိုးအောင်မြတ်က အသက်အရွယ်ရလာလို့ထင်၏။
သူရကိုတမ်းမမှတ်မိ​ပေ။ သူရကဘိုးအောင်မြတ်ဘေးမှာဝင်ထိုင်လိုက်တော့မှ..။

“ဪ ငါ့​မြေးသူရပဲ ဘိုးကဘယ်သူများလဲလို့ကွယ်”

”ဟုတ်တယ်ဘိုး ကျုပ်လည်း
ဘိုးကိုမေးစရာလေးရှိလို့ဝင်လာခဲ့တာဗျ”

”မြေးက ဘာမေးမလို့လဲကွဲ့”

”ဒီလိုဘိုးရ ဦးသိန်းဇော်ရဲ့သား ကိုရဲမာန်ကိုသိတယ်မလား”

”ဟိုရွာလည်ပိုင်းက သိန်းဇော်သားလား”

”ဟုတ်တယ်ဘိုး”

”နို့သူကဘာဖြစ်လို့တုန်းကွဲ့”

”သူကဘိုးရေ နေ့ဆိုရင်တော့အကောင်းပဲတဲ့
ညညဆိုရင် သူ့ကိုခေါ်နေပြီဆိုပြီး ထွက်ထွက်ပြေးနေလို့
ကြိုးနဲ့ကိုယ်တုတ်ထားရတယ်ဆိုပဲ ဘိုးရ”

”အင်း ဒီကောင်လေးက ဘိုးသူငယ်ချင်း ထွန်းတောက်လိုဖြစ်သွားမှာကိုယ်တော့ ဘိုးစိုးရိမ်မိတယ်ကွယ်”

”ဗျာ ဘိုးသူငယ်ချင်းဘိုးထွန်းတောက်က ဘာဖြစ်သွားလို့လဲ
ကျုပ်ကိုအဲ့အကြောင်းလေးပြောပြပေးပါ့လားဘိုး”

”အင်း ဘိုးအစကတော့ဘယ်သူ့ကိုမှမပြောဘူးနေတာ
ငါ့မြေးလေး ဗဟုသုတ ရအောင်ဘိုးပြောပြပါ့မယ် ဒီလိုကွဲ့”

        ***************************************

ထိုစဥ်အခါက ဘိုးအောင်မြတ်အသက်က ၃၀ ဝန်းကျင်ပင်ရှိသေး၏။ ဘိုးအောင်မြတ် လယ်ထဲတွင်အလုပ်လုပ်နေတုန်း
သူ၏ သူငယ်ချင်း ထွန်းတောက်ရောက်ချလာခဲ့သည်။

“ဟကောင် အောင်မြတ်ရ ကြိုးစားလှချည်လားကွ”

”ဟ ထွန်းတောက် ဘယ်ကလှည့်လာတာတုန်း”

”ဘယ်ကမှလှည့်လာတာမဟုတ်ပါဘူးကွာ
မင်းဆီကိုပဲတမင်လာခဲ့တာ
မင်းအိမ်တောင်ရောက်ခဲ့သေးတယ်
လယ်ထဲသွားတယ်ဆိုလို့ လိုက်လာတာ”

”အေး လာကွာ ဟိုနားက
ထနောင်းပင်အရိပ်အောက်သွားရအောင်”

ဘိုးအောင်မြတ်လည်း အိမ်ကနေထည့်ယူလာခဲ့တဲ့ ထန်းလျက်ခဲများဖြင့်ဧည့်ခံလေသည်။ ရေနွေးအိုးကို ပုဆိုးစ
နှင့်ပတ်ထားတော့ သိပ်မပူတော့ပေမယ့် နွေးနွေးလေးရှိ​နေ​သေး၏။

“ကဲ ထွန်းတောက် အခါးရည်နဲ့ထန်းလျက်ခဲလေးစားကွာ”

”အေးအေး ဒါနဲ့ငါမင်းကို
ပြောစရာရှိလို့လာတာအောင်မြတ်ရ”

”ဘာများလည်းထွန်းတောက်ရ “

”ဒီလိုကွ ငါညည အိပ်မက်တွေထူးထူးဆန်းဆန်းမက်နေတယ်”

”ဘယ်လိုမျိုးလဲ ထွန်းတောက်
ငါ့ကိုပြောပြစမ်းပါ”

”ငါမင်းကိုပြောပြချင်လို့တမင်လာခဲ့တာပဲအောင်မြတ်ရေ
ဒီလိုကွ ညငါအိပ်ကာနီးအချိန်တိုင်းစံပယ်ပန်းအနံ့ရတယ်ကွ
အိမ်ကလူတွေမေးကြည့်တော့ သူတို့ကတော့ဘာအနံ့မှ
မရကြဘူးတဲ့ကွ မင်းသိတဲ့အတိုင်း ငါတို့အိမ်က
ပန်းတွေမွှေးလွန်းရင်မကြိုက်ဘူးလေကွာ”

”အေးဒါဆို အဲ့ဒီစံပယ်ပန်းအနံ့ ဘယ်ကရတာလဲကွ”

”ငါလည်းမသိဘူး အဲ့ဒီစံပယ်ပန်းနံ့ရပြီးငါအိပ်လိုက်ရင်
အိပ်မက်ထဲမှာ ငါကနန်းတော်ကြီးတစ်ခုထဲကိုရောက်နေတာကွ အဲ့ထဲမှာ မိန်းကလေးတစ်ဦးက ငါ့ကိုလာနှုတ်ဆက်တယ်”

”မောင်တော်ရောက်လာပြီလား နှမတော်နဲ့ပျော်ပါးရအောင်လိုက်ခဲ့ပါမောင်တော်”

”အဲ့ဒီလိုပြောတာကွ အဲ့မှာထူးဆန်းတာက ငါကငြင်းလို့လဲမရ ခေါင်းညိမ့်လဲမရနဲ့ တောင့်တောင့်ကြီးကွ စကားပြောလို့လဲမရဘူး သူ့နောက်ကနေ ငါကအလိုလိုလိုက်သွားတာ
အောင်မြတ်ရ”

”ထူးဆန်းလှချည်လားကွ
မင်းဒီအိပ်မက်ကိုခဏခဏမက်တာပဲလား”

”ခဏခဏတော့လဲမဟုတ်ဘူးကွ
စံပယ်ပန်းအနံ့ရပြီးအိပ်လိုက်မှဒီလိုမက်တာ”

”မင်းဒီအိပ်မက်ကို ဘယ်အချိန်ကစမက်တာလဲ”

”မှတ်မှတ်ရရ ငါတို့တောတက်ပြီး
သစ်ခုတ်ပြန်လာတဲ့နေ့ကမှ စမက်တာကွ”

”အင်း မင်းအဲ့ဒါဘယ်လိုလုပ်မယ်စဥ်းစားထားလဲ”

”ဟကောင်အောင်မြတ်ရ ငါဘယ်လိုလုပ်ရမယ်မှန်းမသိလို့ မင်းနဲ့လာတိုင်ပင်တာလေကွာ”

”ဪအေး ဟုတ်သားပဲ ဒါနဲ့မင်းအိမ်ကလူတွေရော
မင်းဒီလိုဖြစ်နေတာပြောပြသေးလား”

”မပြောရသေးဘူး တော်ကြာစိတ်ပူနေကြမှာစိုးလို့ကွ”

”အေးမပြောနဲ့ဦး ငါလည်းဒီကိစ္စတွေသိပ်မသိဘူးကွ
နေဦး ဟိုဘက်ရွာမှာ ဟိုတစ်ခေါက်ကဆရာကြီးဦးဒိဗ္ဗရှိသေးလားမသိဘူး သူကတော့သိလောက်တယ်ကွ ငါသွားမေးပေးမယ် မင်းဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား”

”အေးကွာကျေးဇူးတင်ပါတယ်”

”ရပါတယ်ကွာ မလိုပါဘူး”

”အေး ဒါဆိုငါပြန်အုံးမယ်
အိမ်မှာနှမ်းတွေနေလှန်းစရာရှိသေးလို့အောင်မြတ်ရ”

”အေးအေး ငါမေးပြီးရင် မင်းဆီလာပြောမယ်ဟုတ်ပြီလား”

”အေးအေး သွားပြီဟေ့”

ဘိုးအောင်မြတ်လည်း သူငယ်ချင်းဖြစ်သူထွန်းတောက်ပြန်သွားတာနဲ့ လုပ်စရာရှိတဲ့အလုပ်တွေကိုပြန်လုပ်နေလိုက်တယ်။ နောက်တစ်နေ့ကြ ဟိုဘက်ရွာကို ဘိုးအောင်မြတ်တစ်ယောက် လှည်းနဲ့သွားလိုက်လေသည်။ ရောက်ရောက်ချင်း သူကြီးအိမ်သို့အရင်သွားလိုက်၏။

“ဟ မောင်အောင်မြတ်ပါ့လား
ဘယ်ကနေပေါက်ချလာတာတုန်းကွ”

”ဘယ်ကမှပေါက်ချလာတာမဟုတ်ဘူးသူကြီးရေ
ဒီကိုပဲ လာခဲ့လိုက်တာဗျ”

ဘိုးအောင်မြတ်က ပြောရင်းနဲ့ သူကြီးဘေးကတန်းလျားခုံလေးမှာဝင်ထိုင်လိုက်တယ်။.

“နို့ ဘာကိစ္စများလဲကွ”

”ဆရာကြီးဦးဒိဗ္ဗဆီလာတာသူကြီးရ
ဆရာကြီးရောရှိလား”

”မရှိဘူး အောင်မြတ်ရ ဟိုဘက်ရွာကိုသွားတယ်”

”အဲ့ဒါမှ ဒုက္ခပါပဲဗျာ ကျုပ်ကအရေးကြီးကိစ္စရှိလို့လာတာဗျ”

”ဘာကိစ္စမလို့လဲ မောင်အောင်မြတ်ရ”

”ဒီလိုသူကြီးရေ”

ဘိုးအောင်မြတ်လည်း ရှားစောင်းကန်ကျေးရွာသူကြီး
ဦးဖိုးစီကိုယ် အကြောင်းစုံရှင်းပြလိုက်၏။

“မောင်အောင်မြတ် ပြောတဲ့အကြောင်းတွေက
အတော်ထူးဆန်းတာပဲကွ သာမာန်လူတွေအဖို့
ဒီလိုအိပ်မက်မျိုး မမက်နိုင်ဘူး”

”အဲ့ဒါကြောင့် ကျုပ်လည်းဆရာကြီးဦးဒိဗ္ဗဆီလာခဲ့တာ
ဆရာကြီးကဒီလိုမျိုးကိစ္စတွေဆိုသိမလားလို့ဗျ”

”လောကီဆရာဆိုတော့ သိလောက်မယ်ထင်တယ်
စောင့်လိုက်ပေါ့အောင်မြတ်ရာ ဆရာကြီးက
ဒီရွာကိုပြန်လာမယ်ပြောသွားတယ်”

”ဒီနေ့ပြန်လာဦးမယ်ပြောတာလား သူကြီး”

”အေးဟုတ်တယ်ကွ ငါ့တပည့်လူအေးကို
ပြောခိုင်းလိုက်တာတဲ့”

”ဒါဆိုလဲစောင့်တာပေါ့ သူကြီးရာ”

ဘိုးအောင်မြတ်လည်း သူကြီးဦးဖိုးစီတို့အိမ်ကနေ ဆရာကြီးဦးဒိဗ္ဗအလာကိုစောင့်နေခဲ့လိုက်တယ်။ ဆရာကြီးဦးဒိဗ္ဗကလည်းတစ်ဖက်၌ ပယောဂကုသရာတွင် အစွဲကအတော်ခေါင်းမာသဖြင့် အချိန်အတော်ကြာသည်ထိကုနေရလေ၏။ ညသန်းခေါင်လောက်မှ ရှားစောင်းကန်ကျေးရွာကိုပြန်ရောက်လာခဲ့သည်။

ဘိုးအောင်မြတ်ကလည်း မပြန်သေးတာကြောင့် ဆရာကြီးဦးဒိဗ္ဗလာတာနဲ့ အကျိုးသင့်အကြောင်းသင့်ပြောပြလိုက်၏။
ဆရာကြီးက ဘုရားစင်ရှေ့တွင် ပုတီးစိပ်ကာ တစ်ခုခုကိုအာရုံခံနေပုံရသည်။ ခဏလောက်ကြာတော့မှ ဘိုးအောင်မြတ်ဘက်လှည့်လာခဲ့၏။

“မောင်အောင်မြတ်သူငယ်ချင်း ထွန်းတောက်ကို
ဆရာကြီးမကယ်နိုင်တော့ဘူးကွဲ့”

”ဗျာဆရာကြီး ဘာဖြစ်လို့လဲ”

”မောင်အောင်မြတ်သူငယ်ချင်းထွန်းတောက်ကို
ဥစ္စာစောင့်မ တစ်ဦးကချစ်ကြိုက်စွဲလန်းသွားတယ်
ဒီနေ့ညမှာပဲ ထွန်းတောက်ကို လိပ်ပြာနှုတ်ယူသွားခဲ့ပြီ”

”ဗျာ”
ဘိုးအောင်မြတ်လည်း မနက်စောစောထကာ
ရှားစောင်းကန်ကျေးရွာကနေထွက်လာခဲ့တယ်။ သူ၏ရွာကိုရောက်တာနဲ့ ထွန်းတောက်အိမ်ဘက်ကိုယ် လှည်းဒုန်းဆိုင်းမောင်းကာ ရောက်ချလာခဲ့လေ၏။ ဘိုးအောင်မြတ်မှာ မြင်မြင်ချင်း အံ့သွားခဲ့ရသည်။ ဆရာကြီးဦးဒိဗ္ဗပြောသလိုပင်
ထွန်းတောက်ကို ဥစ္စစောင့်မက လိပ်ပြာနှုတ်ယူသွားခဲ့လေပြီဖြစ်၏။

     ဘိုးအောင်မြတ်လည်း စိတ်မကောင်းဖြစ်ကာ သူမကူညီ
နိုင်လိုက်တာကို ခွင့်လွှတ်ပေးပါရန်စိတ်ထဲကနေ​ပြော၍ ထွန်းတောက်အသုဘကိုယ် လိုက်ပို့ပေးခဲ့လေသည်။ ည
သူအိပ်ချိန် အိပ်မက်ထဲတွင် နန်းဝတ်နန်းစားများဖြင့် ထွန်းတောက်ရောက်ချလာခဲ့သည်။ သူနှင့်အတူ အလွန်လှပတဲ့မိန်းမပျိုတစ်ဦးလည်းပါလာခဲ့၏။

“မင်း…မင်းထွန်းတောက်မလား”

”ဟုတ်တယ် အောင်မြတ် ငါမင်းသူငယ်ချင်းထွန်းတောက်ပါ
ငါမင်းကိုယ်ပြောစရာရှိလို့လာခဲ့တာ အမှန်တကယ်တော့
ဒီဥစ္စာစောင့်မလေးကို ငါလည်းအချိန်ကြာလာတာနဲ့အမျှ
မေတ္တာသက်ဝင်လာခဲ့မိတယ် ဒါ့ကြောင့်ငါသူနဲ့အတူ
အခုလိုလိုက်သွားခဲ့တာပဲ

မင်းမကူညီနိုင်တာမဟုတ်ပါဘူး
မင်းကြိုးစားခဲ့ပါတယ် ငါကိုယ်တိုင်က အကူညီမခံခဲ့တာပါ
ငါသွားတော့မယ် ငါတို့သိုက်ကလည်းရွေ့ရတော့မှာမလို့
ငါမင်းကိုလာနှုတ်ဆက်တာ ရော့ဒီမှာမင်းအတွက်”

ဘိုးအောင်မြတ်မှာလည်းမျက်ရည်တသွင်သွင်စီးကျကာ
ထွန်းတောက်ပေးသောအရာတစ်ခုကိုယူလိုက်လေသည်။
ထွန်းတောက်က ပေးပြီးတာနဲ့”ငါသွားပြီနော်သူငယ်ချင်း
နှုတ်ဆက်ခဲ့ပါတယ်ကွာ”ဟုဆိုကာ တ​ဖြည်းဖြည်းပုံရိပ်တွေက
ဝေဝါးသွားခဲ့လေတော့၏။

          **********************************************

ဘိုးအောင်မြတ်ကအတိတ်ကို ပြန်လည်ပြောပြရင်းမျက်ရည်တွေကျလာခဲ့၏။ သူရလည်း နားထောင်ပြီး
စိတ်မကောင်းဖြစ်သွားပုံရသည်။

“ဒါနဲ့ဘိုး ဘိုးကိုပေးခဲ့တဲ့ပစ္စည်းက
ဘာလဲဆိုတာကျုပ်သိလို့ရမလား”

”မြေးသိချင်ရင်တော့ ဘိုးပြပါ့မယ်ကွယ်
ဘယ်သူ့ကိုယ်မှတော့ပြန်မပြောရဘူးနော်”

”စိတ်ချပါဘိုးရ ကျုပ်ကနှုတ်လုံပါတယ်”

”အေးအေး ဒါဆိုဘိုးသွားယူပြမယ်”

ဘိုးအောင်မြတ်က ပြောပြီးတာနဲ့ သူအိပ်တဲ့အခန်းထဲဝင်သွားတယ်။ ခဏလောက်နေတော့ ပုဝါနဲ့ထုပ်ထားတဲ့ အရာတစ်ခု
လက်ထဲမှာကိုင်ပြီးပြန်ထွက်လာတယ်။

“ဒီမှာ ငါ့မြေးသိချင်တဲ့ ဘိုးသူငယ်ချင်းထွန်းတောက်
ဘိုးကို ပေးခဲ့တဲ့ပစ္စည်းပဲ”

သူရလည်း ပုဝါလေးကိုယ်ဖြည်းဖြည်းချင်းဖြည်ချလိုက်တယ်။ ပုဝါလည်းဖြည်လိုက်ရော အထဲကနေရွှေမန်းကျည်းသီးတောင့်နှစ်ချောင်းထွက်လာခဲ့တယ်​။ သူရမှာ အံ့သြ
မှင်သက်သွားခဲ့လေ၏။ သူရသေချာကိုင်ကြည့်လိုက်တော့ရွှေအစစ်ဖြစ်နေမှန်းသိသွားသည်။ ဝိတ်ကလည်းအတော်ပါပုံရ၏။ သူရလည်းခဏပဲကိုင်ကြည့်ပြီး ဘိုးအောင်မြတ်ကို
ပြန်ပေးလိုက်သည်။

“ဘိုး ဘိုးဒီပစ္စည်းတွေမရောင်းဘူးလား”

”မရောင်းဘူး ငါမြေးရဲ့ ဒီပစ္စည်းတွေကို ဘိုးရဲ့အမွေဖြင့်
ဘိုးသားသမီးတွေကိုပေးခဲ့မှာ သူတို့ကိုယ်လည်းမရောင်းခိုင်းဘူး ဒီပစ္စည်းလေးက ဘိုးတို့အမွေအနှစ်ဖြင့်တစ်သက်လုံးသိမ်းထားခိုင်းခဲ့မှာကွဲ့”

”ဘိုးရည်ရွယ်ချက်လေးကကောင်းပါတယ်ဗျာ
ဒါနဲ့ ဘိုးပြောပုံအရဆို ကိုကြီးရဲမာန်ကိုယ်လည်း
ဥစ္စာစောင့်တွေဘာတွေက လိပ်ပြာနှုတ်မလို့လားမသိဘူးနော်”

“ဘိုးသူ့ရဲ့ဇာတာကိုစစ်ကြည့်ပေးမယ်လေ
ငါ့မြေးသူမွေးတဲ့ခုနစ်၊ ရက်၊ လကိုသိလား”

”ဟုတ်ဘိုး ကျုပ်သိတယ်”

”ဒါဆိုပြောကွယ်”

ဘိုးအောင်မြတ်က ဘေးနားမှာထောင်ထားတဲ့ကျောက်သင်ပုန်းတစ်ချက်ကိုယူလိုက်လေ၏။
သူရလည်းကိုကြီးရဲမာန်ရဲ့ မွေးရက်၊ မွေးလ၊ မွေးခုနစ်ကိုပြောပြလိုက်တယ်။.ဘိုးအောင်မြတ်ကသေချာတွက်ချက်ပေးနေပုံရ၏။ မျက်မှောင်ကျုံ့သွားလိုက် ပြုံးသွားလိုက်နဲ့ဖြစ်နေလေသည်။
တစ်အောင့်လောက်ကြာတော့မှ….။

“ငါ့မြေး ဒီသိန်းဇော်သားလေးက သိုက်ကလာတာကွဲ့”

”ဗျာ ကိုကြီးရဲမာန်က သိုက်ကဟုတ်လားဘိုး”

”အေးကွဲ့ ဘိုးသေချာစစ်ကြည့်ပြီးပြီ သိုက်တောင်မှ
ဥစ္စာစောင့်သိုက်ကကွဲ့ “

”ဒါဆို ညညသူ့ကိုယ် ခေါ်နေပြီဆိုတာက ဘာဖြစ်လို့လဲဘိုး”

”ဒါတော့ဘိုးမသိဘူးမြေးရဲ့ ဆရာတစ်ယောက်ရှာရင်ရှာလိုက်ပါ ဒါပေမဲ့”

”ဒါပေမဲ့ ဘာဖြစ်လဲ ဘိုး”

”တော်ရုံတန်ရုံ ဆရာကတော့ ဒီကိစ္စကိုယ်ကူညီမှာမဟုတ်ဘူးကွဲ့ သိုက်ကြိုးဖျက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး”

”ကျုပ်တို့ဘယ်လိုလုပ်ရမလဲ ဘိုး”

”အင်း ဘိုးအထင် ဒီရက်ပိုင်းထဲမှာ ဆရာတစ်ယောက်လာလိမ့်မယ် ဒီရွာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာ ဒါပေမယ့်သူလည်း အတတ်အပ်ကြီး ကူညီလိမ့်မယ်ပြောလို့တော့မရဘူးကွဲ့”

“ဟုတ်ကဲ့ဘိုး အခုလိုပြောပြပေးလို့ကျေးဇူးတင်ပါတယ်
ကျုပ်ကိုယ် ပြန်ခွင့်ပြုပါဦးဘိုး”

”အေးအေး ကောင်းပါပြီကွယ်”

သူရလည်း ဘိုးအောင်မြတ်ကိုနှုတ်ဆက်ပြီး အိမ်ကိုယ်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်​တော့ရေမိုးချိုးပြီး ညစာစားလိုက်၏။ ည၇နာရီလောက်ရောက်တော့ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ကိုရဲမာန်တို့အိမ်ဘက်ကိုယ်ထွက်လာခဲ့လိုက်သည်။ ကိုရဲမာန်တို့အိမ်ရှေ့ရောက်တော့ အိမ်ထဲကိုတမ်းဝင်လာခဲ့လိုက်၏။ မြင်မြင်ခြင်း သူရမှာအံ့သြသွားခဲ့ရလေသည်။

“ကိုကြီးရဲမာန် ဘယ်လိုဖြစ်တာလဲဗျ”

အစ်ကိုဝမ်းကွဲဖြစ်သူရဲမာန်သည် အိမ်ခေါင်းရင်းတွင် ပလပ်လှန်ကာအသက်ပျောက်နေခဲ့ပြီဖြစ်၏။ ဘေးတွင်လည်း အဒေါ်ဖြစ်သူဒေါ်ခင်ဝင်းနှင့် သူ၏ယောက်ျားဖြစ်သူဦးသိန်းဇော်တို့ကထိုင်နေကြလေသည်။ ကိုပြည့်စုံကတော့ အိမ်တိုင်ကိုဖက်ကာ ကြမ်းပြင်ကိုလက်သီးနှင့်တဒုံးဒုံးထိုးနေလေ၏။

“ကိုပြည့်စုံ ကိုကြီးရဲမာန်ဘယ်လိုဖြစ်တာလဲဗျာ”

သူရမှာ မျက်ရည်တွေဆို့တက်လာကာ
တုန်တုန်ယင်ယင်ပင်ဖြစ်လာခဲ့သည်။

“ငါ့အပြစ်ပါ ညီလေးသူရရာ
ငါသူ့ကိုယ်သေချာစောင့်မကြည့်မိခဲ့လို့ ခုလိုဖြစ်ရတာ”

”ပြောပြပါဦး ကိုပြည့်စုံရာ
ကျုပ်ဖြင့်ယုံတောင်မယုံနိုင်ပါဘူးဗျာ”

“မင်းမလာခင်စောစောလောက်က ကိုရဲမာန်က ဘယ်လိုမှထိန်းလို့မရတော့ဘူး အိမ်ထဲမှာလုံးဝကိုသောင်းကြမ်းနေတာ
ဟိုမှာမြင်လားကြိုး ငါနဲ့အဘသူ့ကိုကြိုးနဲ့တုတ်ထားပြီး
ရွာထဲက အမဲပေါ်လို့ဆိုလို့သွားဝယ်တာ အိမ်ပြန်ရောက်တော့
ကိုကြီးရဲမာန်ကမရှိတော့ဘူး ကြိုးတွေကလည်း
အကုန်ပြတ်နေတယ်

   ငါတို့လည်းစိတ်ပူပြီး တစ်အိမ်လုံးရှာပေမဲ့ ဘယ်မှာမှမတွေ့ဘူး အဲ့မှာ အဲ့ဒီမှာ ရွာထဲက ဦးခိုင်သင်းကငါတို့ဆီပြေးလာပြီး
ရွာပြင်ကကွင်းစပ်မှာ ကိုကြီးရဲမာန်ကိုယ်တွေ့ခဲ့တယ်ဆိုလို့ ငါတို့အ​ပြေးလိုက်သွားတော့ သူ့ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုပဲ
ပြန်ရခဲ့တယ် သူရရာ ငါ့ကြောင့်ပါကွာ ကိုကြီးရဲမာန်သေရတာငါ့ကြောင့်”

ကိုပြည့်စုံက အသံကုန်အော်ဟစ်ကာငိုနေလေ၏။ သူရမှာလည်းကိုပြည့်စုံကိုယ်နှစ်သိမ့်ပေးရင် သူပါငိုနေလေသည်။
ထို့နောက် ဘိုးအောင်မြတ်ရောက်လာခဲ့၏။

“ဘာမှ ငိုမနေကြနဲ့တော့ သေတဲ့သူဟာ​သေသွားပြီပဲ
ပြန်ရှင်လာမှာမှ မဟုတ်တော့တာ “

“မဟုတ်ပါဘူး ဘိုးရယ် ကျုပ်ကြောင့်
ကျုပ်သေချာစောင့်မကြည့်ခဲ့လို့
ကိုကြီးရဲမာန်သေရတာပါဗျာ”

”ငါ့မြေးပြည့်စုံ အမှန်တော့  ရဲမာန်သေဆုံးသွားရတာက
ဘယ်သူ့ကြောင့်မှမဟုတ်ဖူးကွဲ့ ဘိုးပြောပြမယ်
ရဲမာန်က သိုက်ကလာတာကွဲ့ သိုက်တောင်မှ
ဥစ္စာစောင့်သိုက်ကကွဲ့  “

”ဗျာ ဘိုး တကယ်ပဲလား ကိုကြီးရဲမာန်က
တကယ်ဥစ္စာစောင့်သိုက်ကလား”

”ဟုတ်တယ် မြေးရဲ့ မြေးမယုံ မြေးရဲ့မိဘနှစ်ပါးမေးကြည့်စမ်းကွဲ့ သူတို့ဟာအရင်တုန်းက သူများအိမ်နောက်​ဖေးမှာ အဖီဆွဲပြီးနေခဲ့ရတာ ရဲမာန်မွေးလာတဲ့အချိန်ကစလို့ စီးပွားရေးတွေအဆင်ပြေလာတယ် လယ်ယာသီးနှံပျိုးကြဲတိုင်းအောင်လာခဲ့တာကွဲ့ ဒါ့ကြောင့်ရဲမာန်က
သူနေရမယ့်သက်တမ်းကုန်လို့ သူ့သိုက်ကိုယ်ပြန်သွားခဲ့ပြီ
သူ့အတွက်အမျှတန်းပေးဝေဖို့သာစီစဥ်ကြဖို့ ဘိုးကလာပြောရတာဘဲကွဲ့
ဘိုးပြန်ဦးမယ်”

ဘိုးအောင်မြတ်က သူပြောစရာရှိတာများပြောကြားပြီး
နဂါးခေါင်းပုံပါတဲ့တောင်ဝှေးကိုထောက်ကာ ​အိမ်ဝိုင်းထဲကထွက်သွားလေသည်။ ဘိုးအောင်မြတ်ပြောခဲ့တာတွေကိုကြားပြီး ရွာသူရွာသားများမှာလည်း အံ့သြမဆုံး​ဖြစ်နေခဲ့ကြရ၏။
ကိုကြီးရဲမာန်ရက်လည်နေ့တွင် သူရတို့သူငယ်ချင်းတစ်စုက
ကူညီလုပ်ကိုင်ပေးခဲ့ကြသည်။ ကိုပြည့်စုံမှာလည်းအလုပ်ကိုယ်အရင်ကထက်ပိုမိုကြိုးစားလာခဲ့လေ၏။

အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးတစ်လခန့်အကြာတွင်
မြင်းခကျေးရွာသင်္ချိုင်းထဲသို့ လွယ်အိပ်တစ်လုံးလွယ်ပြီး အသားခတ်ညိုညိုနှုတ်ခမ်းမွှေးကြဲကြဲနှင့်
လူတစ်ဦးကရောက်ရှိလာခဲ့လေ၏..။
မျက်နှာအသွင်ပြင်ကိုယ်ကြည့်ရှူပါက
မည်မျှကောက်ကျစ်လိမ့်မည် မပြောတတ်ပေ..။

*********
ပြီးပါပြီ။

ထိုလူကြီးဟာဘယ်သူလဲ။?
မြင်းခကျေးရွာလေးကို ဘာလုပ်ဖို့ရောက်လာခဲ့သလဲ?
နောက်အပိုင်းမှာစောင့်မျှော်အားပေးကြပါဦးဗျ။

စာရေးသူ စာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)
22.6.2022 စာပြီးချိန် 1: 34မိနစ်။

ဝန်ခံချက်။ သူရဇာတ်လမ်းထဲက. အမည်နာမများသည်
အပြင်တွင်တကယ်ရှိပါသည်။
ကျွန်တော်၏ ဆွေမျိုးများနှင့်
ရင်းနီးသူများဖြစ်ကြပါသည်။
ခွင့်မတောင်းပဲ ယူသုံးမိသည့်အတွက်
ခွင့်လွှတ်နားလည်သည်းခံပေးစေလိုပါတယ်ခင်မျ။