*စုန်းထီးကြီးဦးဘသာနှင့် ဥရင်တိုင်က မောင်ဒါနော*📖📖📖
******************************************
(၁)
ကျုပ်တို့တောသားတွေအဖို့ လယ်တောကပြန်လာပြီး ထမင်းတွေဘာတွေစားပြီးရင် ကျန်တဲ့အချိန်က ကိုယ်ပိုင်အချိန်ကလေးပါပဲဗျာ၊ အဲဒီအချိန်ကလေးမှာတော့ ကိုယ်လုပ်ချင်တာတွေလုပ်ကြတယ်ပေါ့၊ ကျုပ်ကတော့ စာပေဝါသနာအိုးဆိုတော့ အဲဒီအချိန်မှာ စာဖတ်တာပေါ့ဗျာ၊ တောမှာက ညနေစာထမင်းကို စောစောစားကြတာဆိုတော့ ထမင်းစားပြီးရင် ခြောက်နာရီခွဲ ခုနစ်နာရီလောက်ဖြစ်နေပြီပေါ့၊ ဒီအချိန် ရေနံဆီမီးခွက်ကလေးချ၊ ဖျာချောကလေးခင်းပြီးတော့ ခေါင်းအုံးကိုရင်ဘတ်အောက်ခုပြီး မှောက်ခုံစာဖတ်ရတာကလည်း အရသာတစ်မျိုးပေ့ါဗျာ၊ တစ်နေ့လုံး ကုန်းကုန်းကွကွနဲ့အလုပ်လုပ်ထားတာဆိုတော့ မှောက်နေရတော့လည်း ဇိမ်တစ်မျိုးပဲဗျ။
ကျုပ်က စာဖတ်တဲ့အခါ စာအုပ်မရွှေးဘူးဗျ၊ တွေ့တာဖတ်တာပဲ၊ သိပ်ရွှေးလို့လဲမရဘူးလေဗျာ၊ တောမှာက စာအုပ်ဆိုတာက ခပ်ရှားရှားသားဗျ၊ ဒီတော့ ရတဲ့စာအုပ်ဖတ်ရတာပဲ၊ မြိုင်သာလိုမြို့တက်မှ စာအုပ်ဟောင်းတွေဝယ်လို့ရတယ်မဟုတ်လား၊ စာအုပ်ဟောင်းတွေဝယ်ပြီးရင် ရွာမှာလဲဖတ်ကြတာ ထုံးစံပဲဗျ၊ ကိုယ်ဖတ်ပြီးသွားရင် အဲဒီစာအုပ်ကို သူများအိမ်ကစာအုပ်နဲ့လဲပြီးဖတ်တာပေါ့ဗျာ၊ ဒီလိုနဲ့ စာအုပ်တွေက ရွာမှာသံသရာလည်သလိုကို လည်နေတာဗျ၊ တစ်ခါတစ်ခါ ကိုယ့်အိမ်ကိုပြန်ရောက်လာဖို့ နှစ်နဲ့ချီပြီးတော့တောင်ကြာတာ၊ တစ်ခါတလေလည်း သူတို့လဲဖတ်မယ်ဆိုတဲ့စာအုပ်က ကိုယ့်စာအုပ်ကြီးဖြစ်နေတတ်ပါရောဗျာ။
ကျုပ်ကစာအစုံဖတ်တယ်ဆိုပေမယ့် အကြိုက်ဆုံးကတော့ စုံထောက်မောင်စံရှားလိုစာအုပ်တွေ၊ ပြီးတော့ လဝှက်သည်းဖို၊ သည်းထိတ်ရင်ဖိုစာအုပ်တွေကို သိပ်ကြိုက်တယ်ဗျ၊ သိုက်သမိုင်းတို့၊ ဥစ္စာစောင့်ဝတ္ထုတို့ဆိုရင်တော့ လက်ကနေမချဘဲ ဘယ်လောက်မိုးချုပ်ချုပ် တစ်ညလုံးအပြီးကို ထိုင်ဖတ်ပစ်တာ ကျုပ်အကျင့်ဗျ။
ခုလည်း ကျုပ်တို့ညီအကို ညနေစောင်းလယ်ထဲကပြန်လာခဲ့တော့ အိမ်မရောက်ခင်မှာပဲ ဟောင်ဖွာဟောင်ဖွာနဲ့ စကားပြောနေတဲ့အသံကိုကြားလိုက်ရပါရောဗျာ၊ အကိုကြီးက မျက်ခုံးပင့်လိုက်ပြီး
“အလတ်ကောင်ရေ၊ ဒီစကားသံကို မင်းကြားသလားကွ”
“ကြားတာပေါ့ဗျာ၊ မဟုတ်မှလွဲရော၊ ဒေါ်ညွန့်ရင်ကြီး အိမ်မှာရောက်နေတာများလား”
ကျုပ်နဲ့အကိုကြီးနဲ့ ခပ်မြန်မြန်သွားပြီး ခြံထဲလှမ်းဝင်လိုက်တယ်ဗျ၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ အိမ်မှာ ဒေါ်ညွန့်ရင်ကြီးရောက်နေသဗျ၊ ကျုပ်လည်း ဝမ်းသာအားရနဲ့ပြေးသွားလိုက်တယ်။
“ဟာ၊ အကြီးဒေါ်ညွန့်ရင် ဘယ်တုန်းက ရောက်နေတာလဲဗျ”
“အခုနကတင်ပဲ ရောက်တာဟေ့၊ လမ်းမှာကားပျက်လို့ ရွာအဝင်နောက်ကျသွားတယ်၊ ဒါနဲ့ နင်တို့ညီအကိုလယ်ထဲကပြန်လာတာလား”
“ဟုတ်တယ်၊ ဒါနဲ့ အကြီးညွန့်ရင် ကျုပ်အတွက် ဘာလက်ဆောင်ပါသလဲဗျာ”
အကိုကြီးက ပြောပြီးမေးတော့ ဒေါ်ညွန့်ရင်က သူ့လက်ဆွဲခြင်းတောင်းကြီးထဲ နက်လိုက်ပြီး
“ပါပါ့တော်၊ ဟောဒီမှာ ကျောက်ပန်းတောင်းက ဥဒေါင်းဆေးပေါ့လိပ်”
အကိုကြီးက ပြုံးဖြီးဖြီးနဲ့ဆေးပေါ့လိပ်အစည်းကြီးကိုလှမ်းယူလိုက်ပြီး
“ကျုပ်ဆေးပေါ့လိပ်ကြိုက်တာကို အကြီးက သိနေတယ်လား”
“သိပါ့တော်၊ ငါ့တူ ဆေးပေါ့လိပ်ကောင်းကောင်းကြိုက်တာကိုသိပါ့၊ ဥဒေါင်းဆိုတာကလည်း ကျောက်ပန်းတောင်းလက်စွဲဆေးလိပ်ပဲ၊ ဟိုးမန္တလေးကတောင်မှ သူ့အရသာကြိုက်လို့ဆိုပြီး ဆင်းဝယ်ကြတာ၊ အရသာက ရှယ်ချိုပြင်းနော်၊ ငါ့တူသောက်ပြီးလို့ကတော့နောက်ဆို ဒီနားကဆေးပေါ့လိပ်တွေ တိုးမှာမဟုတ်တော့ဘူး”
“အကြီးက ညွန်းလှချည်လားဗျာ၊ ဒါဖြင့် သောက်ကြည့်ရသေးတာပေါ့”
ဆေးပေါ့လိပ်ငါးဆယ်လောက်ပါတဲ့ ဆေးလိပ်စည်းကြိးကို ကိုင်ပြီးအကိုကြီးကကျေနပ်နေတယ်ဗျ။ ကျုပ်က ဆေးလိပ်ကိုပုံမှန်မသောက်ပေမယ့် အကိုကြီးကတော့ ဆေးလိပ်သမားဗျ၊ ဆေးလိပ်မှာမှ ဆေးပေါ့လိပ်ကို စွဲစွဲမြဲမြဲကြိုက်တဲ့လူ၊ ဆေးပေါ့လိပ်တောင်မှ အကိုကြီးက ချေးများတယ်၊ ဆေးပေါ့လိပ်ဖြစ်တိုင်းမသောက်ဘူးဗျ၊ အရသာကောင်းမှ သောက်တတ်တာ၊ မကောင်းရင်တော့ တစ်ဖွာလောက်ဖွာပြီး လွှင့်ပစ်ထည့်လိုက်တာဗျို့၊ အကိုကြီးကြိုက်တဲ့ဆေးလိပ်က မြိုင်သာက မြခြူးဆေးလိပ်ဗျ၊ ဒါပေမယ့် မြိုင်သာဆိုတာ ရောက်ခဲတာဆိုတော့ အကိုကြီးသိပ်မသောက်ရတာများပါတယ်၊ အကိုကြီးကလည်း လူတစ်မျိုးဗျ၊ သူက ဆေးလိပ်စွဲနေတယ်လို့လဲ ပြောမရဘူး၊ သူ့အကြိုက်ဆေးလိပ်မတွေ့ရင် မသောက်ဘူး၊ အကြိုက်တွေ့မှာသာ သောက်တတ်တဲ့လူမျိုးဗျ။
အကိုကြီးပြောတာကတော့ ဆေးလိပ်မှာလည်း အရသာရှိတယ်ဆိုပဲဗျ၊ ကျုပ်ကတော့မသိပါဘူး၊ ဆေးလိပ်ဖွာဆိုရင် ဖွာထည့်လိုက်တာပဲ၊ အကိုကြီးကျတော့ အရသာခံသောက်တာ၊ ချိုပေါ့၊ ချိုပြင်း၊ ချိုခါး၊ နောက်ပြီး ချဉ်တင်တင်အရသာလည်း ရှိသေးတယ်ဆိုပဲဗျာ၊ အကိုကြီးဆေးလိပ်သောက်ပုံကလည်း အဆန်း၊ သူ့အကြိုက်ဆေးလိပ်တစ်လိပ်ဆိုရင် ကုန်မှာကြောက်လို့ ချွေသောက်တာဗျ၊ မနက်လယ်ထဲဆင်းရင်း ဆေးပေါ့လိပ်ကလေး နားရွက်ကြားညှပ်လာခဲ့တယ်၊ လယ်ယာလုပ်ပြီး အလုပ်တစ်ဖြတ်နားတဲ့အခါ ဆေးပေါ့လိပ်ကလေး မီးတို့ပြီးတော့ တစ်ဖွာနှစ်ဖွာဖွာရင်း အရသာခံတယ်၊ ပြီးတော့ မီးသတ်ပြီးနားရွက်ကြားပြန်ညှပ်ထားပါရော၊ သူသောက်ချင်တော့မှ ထထသောက်တာ ဆေးပေါ့လိပ်တစ်လိပ်ကို တစ်ရက်လောက်သောက်ရတယ်ဗျ၊ ဆေးလိပ်ကုန်ခါနီးပြီဆိုရင်တော့ နှစ်ရက်တစ်လိပ်လောက် ချွေသောက်တတ်တဲ့လူ။
အငယ်မတွေထွက်လာတော့ အကြီးညွန့်ရင်က ပုဝါပိုင်းကလေးတွေပေးတယ်ဗျ၊ အဖေ့အတွက်ကျတော့ လက်ပံပျားကြက်ကြော်ဆိုပဲ၊ အမေ့အတွက် ထန်းလျက်နဲ့ပုန်းရည်ကြီး၊ အငယ်ကောင့်အတွက်ကျတော့ ပဲချောင်းမုန့်ဗျ၊ အားလုံးကိုပေးပြီးတော့ ကျုပ်အလှည့်ပေါ့ဗျာ၊ ဒါပေမယ့် သူ့လက်ဆွဲခြင်းတောင်းကြီးထဲ ဘာမှမကျန်တော့ဘူး ကုန်ပြီဗျ။ ကျုပ်လည်း ခါးထောက်လိုက်ပြီး
“အကြီးညွန့်ရင်၊ ကျုပ်အတွက်တော့ ဘာမှမပါဘူးလားဗျာ၊ အကြီးက မျက်နှာသိပ်လိုက်တာပဲ၊ ကျုပ်ကလည်း အကြီးရဲ့တူအရင်းပါဗျ”
“ပါပါတယ်အလတ်ကောင်ရယ်၊ နင်ကလည်း ဇွတ်ချည်းပဲ”
“ဘယ်မလဲဗျာ၊ အခုလက်ဆွဲခြင်းတောင်းထဲမှာ ဘာမှမကျန်တော့ဘူးမဟုတ်လား”
“အောင်မယ်၊ နင့်ဖို့လက်ဆောင်က ဒီထဲမှာမဟုတ်ဘူးဟဲ့၊ ဟောဟိုငါ့အဝတ်အိတ်လေးပေးစမ်း”
အကြီးညွန့်ရင်က အဝတ်အစားအိတ်ကလေးထဲ နှိုက်ရှာနေသဗျ၊ ကျုပ်လည်းရင်တွေခုန်နေပြီ၊ ကျုပ်အတွက် ဘာများပါမလဲဆိုပြီး မျှော်နေရပြီလေဗျာ၊ နောက်တော့ အကြီးညွန့်ရင်က သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ခုကိုကျုပ်ကိုလှမ်းပေးသဗျ၊ အထုပ်ကတော့ ခပ်သေးသေးပဲ။
“အကြီး၊ ဒါကဘာကြီးလဲ”
“သိချင်ဖွင့်ကြည့်ပေါ့အေ”
ကျုပ်သတင်းစာစက္ကူတွေကို ဖြဲဆုတ်ပစ်လိုက်တဲ့အခါ အထဲက စာအုပ်တစ်အုပ်ထွက်လာသဗျ၊ စာအုပ်ရဲ့အဖုံးမှာ ရွှေကျီးဖြူသိုက်ဆိုပြီးတော့ စာလုံးလှလှနဲ့ရေးထားသဗျာ၊ ပြီးတော့ သရုပ်ဖော်ပုံကလည်း ကျုပ်အကြိုက်ပဲ မိန်းကလေးချောချောလှလှကလေးပုံရယ်၊ သူ့အနောက်က ဘီလူးကြီးတွေ၊ အရိုးခြောက်ကြီးတွေနဲ့ဆိုတော့ စာမဖတ်ခင်ကတည်းက စိတ်ဝင်စားနေပြီပေါ့ဗျာ၊ ရေးတဲ့သူကလည်း ပုဏ္ဏကတဲ့ဗျာ။
“ဘယ်လိုလဲ ကြိုက်ရဲ့လား ကိုယ်တော်ချော”
“ကြိုက်ပါ့ဗျာ၊ ကြိုက်ပါ့ ကြိုက်ပါ့၊ ဒါကြောင့် အကြီးဒေါ်ညွန့်ရင်ကို ကျုပ်ကချစ်နေရတာ”
အကြီးဒေါ်ညွန့်ရင်က မျက်နှာကိုရှုံ့မဲ့လိုက်ပြီးတော့
“သွားစမ်းပါအေ၊ ခုနက လက်ဆောင်မပါဘူးဆိုတော့ ငါ့မျက်နှာကိုနှုတ်သီးနဲ့ထိုးမယ့်ရုပ်နဲ့များ”
ကျုပ်တော်တော်ပျော်သွားတာပေါ့ဗျာ၊ ရေမိုးချိုးပြီး ထမင်းစားရင်း ရှေးဖြစ်နှောင်းဖြစ်တွေပြောနေကြသေးတယ်၊ ကျုပ်ကတော့ ဖတ်စရာရထားပြီမို့ ထမင်းကိုခပ်မြန်မြန်ခပ်သွက်သွက်စားပြီးတော့ အိမ်ပေါ်ကိုအပြေးတက်လိုက်ပါရော။ ဖျာချောလေးခင်း၊ မှောက်လျက်လှဲချပြီးတော့ ခုနကစာအုပ်ကိုတန်းဖတ်တော့တာပါပဲ။
(၂)
စာအုပ်က တော်တော်ကောင်းတယ်ဗျ၊ ကျုပ်တစ်ထိုင်တည်းအပြီးကိုထိုင်ဖတ်လိုက်တာ၊ သိုက်သမိုင်းတွေထုံးစံအတိုင်း သိုက်စောင့်လေးတွေက ချောချောကလေးတွေပေါ့ဗျာ၊ သိုက်ထဲက ရတနာတွေကိုလိုချင်တဲ့ သိုက်ဆရာလည်းပါသေးတယ်၊ သိုက်ဆရာရဲ့တပည့်ကောင်လေးက သိုက်ထဲက သိုက်စောင့်ကလေးနဲ့ချစ်ကြိုက်မိတာပေါ့၊ ဒါနဲ့ သိုက်ဖောက်တာကို မအောင်မြင်အောင်လို့ အမျိုးမျိုးတားဆီးကြတာပေါ့ဗျာ၊ နောက်ဆုံးတော့ သိုက်ဆရာလည်းသေသွားတယ်၊ သိုက်တူးတဲ့အဖွဲ့ကြီးလည်း ထွက်ပြေးကုန်ပြီးတဲ့နောက် သိုက်ဆရာတပည့်လေးနဲ့ သိုက်စောင့်ကလေးနဲ့ ကျန်ခဲ့ပါရော၊ သိုက်ဆရာတပည့်က သိုက်ထဲလိုက်ချင်တယ်ပြောပေမယ့် သိုက်စောင့်ကလေးက ချစ်သူကို ဥစ္စာစောင့်ဘဝနဲ့ မခေါ်ရက်တာမို့ ချစ်သူနှစ်ဦးလမ်းခွဲကြတဲ့အခန်းကိုရေးထားတာဆိုရင် ကျုပ်ဖြင့်မျက်ရည်ပေါက်ပေါက်ကိုကျတယ်ဗျာ။
ဒီအချိန်အိမ်ကြီးက ဝုန်းခနဲတစ်ချက်လှုပ်သွားတယ်ဗျ၊ ကျုပ်လည်း စာဖတ်နေရင်းလန့်သွားပြီးတော့ ဘေးဘီကိုကြည့်လိုက်မိတယ်၊ ညည့်တော်တော်နက်နေပြီထင်တယ်၊ အငယ်ကောင်တောင် ခြင်ထောင်ချပြီးအိပ်နေပြီဗျ၊ ကျုပ်သာ မီးခွက်တစ်ခုနဲ့ စာအုပ်ကိုသဲကြီးမဲကြီးဖတ်နေလို့ မအိပ်ပဲနေတာ။
ပြုတ်ကျတဲ့အသံကတော့ တစ်ခုခုအပေါ်ကနေ ခုန်ဆင်းလာတဲ့အသံပဲဗျ၊ ကျုပ်အစကထင်လိုက်တာက ခြေရင်းအိမ်က ကြောင်ဖားကြီးက ဘုရားကျောင်းဆောင်ပေါ်တက်ပြီး ကြွက်ချောင်းရာကနေ ဘုရားကျောင်းဆောင်ပေါ်ကနေ ခုန်ချလိုက်တယ်ထင်တာဗျ။
မီးခွက်အလင်းရောင်မှိန်ပြပြနဲ့ ကျုပ်လှမ်းကြည့်နေတဲ့အချိန်မှာပဲ အိမ်ခေါင်းရင်းအခန်းကနေ လူကြီးတစ်ယောက်လမ်းလျှောက်လာသလို ခြေသံကြားလိုက်တယ်ဗျ။ ခြေသံကလည်း ဖနောင့်နဲ့ဆောင့်နင်းပြီးလျှောက်တဲ့အသံအတိုင်း တဒုန်းဒုန်းနဲ့ရယ်ဗျ၊ ခြေသံကြားပေမယ့် လူရိပ်လူခြေတော့ လုံးဝမမြင်ရဘူးဗျာ၊ ကြမ်းပေါ်နင်းနေတဲ့အသံဆိုတော့ အိမ်အောက်ကလာတဲ့အသံလည်း မဖြစ်နိုင်ဘူးမဟုတ်လား။ နောက်တော့ ခြေသံက လှေကားအတိုင်း တဒုန်းဒုန်းနဲ့အိမ်အောက်ဆင်းချသွားပါရော။ ကျုပ်ဖြင့် ဒီအဖြစ်ကိုတွေ့ပြီး လန့်လာတယ်ဗျ၊ ကြက်သီးတွေလည်း တကိုယ်လုံးထလာတယ်၊ ဒါနဲ့မီးခွက်ကိုမှုတ်လိုက်ပြီးတော့ အငယ်ကောင်အိပ်နေတဲ့ ခြင်ထောင်ထဲကိုအတင်းပြေးဝင်လိုက်မိတာပါပဲဗျာ၊ ဝတ္ထုတောင်မှ ဘာဆက်ဖြစ်သွားသလဲ မသိတော့ဘူးဗျို့။
ညက စာဖတ်ရင်းအိပ်ရေးပျက်ထားတာဆိုတော့ မနက်အကိုကြီးလာနှိုးတော့မှ နိုးတော့တာပဲဗျာ၊ အကိုကြီးတောင် စားပြီးသောက်ပြီးလို့ လယ်ထဲဆင်းတော့မယ်ဗျ၊ ကျုပ်လည်းအိပ်ချင်မူးတူးနဲ့ အိမ်ပေါ်ကဆင်းလာပြီး သွားတိုက်ဖို့အတွက် မီးဖိုထဲဝင်ပြီးဆားနှိုက်တော့ အမေက ကြက်တွေချက်နေပါရောဗျာ၊ ဒယ်အိုးကြီးနဲ့ကို ရှယ်ချက်နေတာဗျ။
“ဟာအမေ၊ ကြက်သားတွေကများလှချည်လား၊ တန်တော့ အကြီးညွန့်ရင်ရောက်လို့ ရှယ်ချက်ကျွေးတာလားဗျာ”
“နင်မသိဘဲ ဘာမှမပြောနဲ့အလတ်ကောင်၊ မနက်က အိမ်ကကြက်သုံးကောင်သေတယ်ဟဲ့၊ ဒါကြောင့်မချက်မဖြစ်လို့ ချက်လိုက်ရတာ”
ကျုပ်တောင်မှ မျက်လုံးပြူးသွားတယ်။
“အိမ်က ကြက်တွေက အကောင်းကြီးတွေကိုဗျာ၊ ကြက်နာမိသွားတာလား”
အမေက ဟင်းအိုးမွှေရင်း ခေါင်းခါတယ်ဗျ။
“ကြက်နာမိတာမဟုတ်ဘူးဟေ့၊ သူများလာသတ်သွားတာ”
“ဘယ်လိုအမေ၊ သူများလာသတ်တာတဲ့လား”
“ငါမနက် တင်းကုပ်ထဲဆင်းလာတော့ ကြက်သုံးကောင်က အိပ်တန်းပေါ်ကနေပြုတ်ကျပြီး သေနေတာပဲ၊ သေချာသွားကြည့်တော့မှ လည်ချောင်းကို ဓါးနဲ့အဖြတ်ခံရပြီးသေတာဟ”
“ဒါကိုကြည့်ပြီး သူများလုပ်တာလို့ ပြောရသလားအမေရာ”
“ဟဲ့၊ ပုံမှန်ကြက်သူခိုးဆိုရင် သတ်ပြီးတော့ ခိုးသွားမှာတော့၊ ဒီလိုမျိုးလည်ဖောက်ပြီး ပစ်ချသွားပါ့မလား၊ ဒါသက်သက် ငါတို့ကိုမကျေနပ်လို့ လုပ်ပြတာ၊ သူကြီးနားရွက်ကို တံတွေးလာဆွတ်တာဟဲ့”
အဖေက မီးဖိုထဲဝင်လာပြီး
“မဟုတ်ပါဘူးမသန်းရာ၊ မင်းမဟုတ်တာတွေမပြောစမ်းပါနဲ့”
“ဒီမှာ အကောင်လိုက်ကြီးမြင်နေရတာကို ဘာမဟုတ်တာတဲ့လဲ ကိုဘမောင်၊ အခုကိစ္စက ရှင့်ကိုမကျေနပ်ဘူးဆိုပြီး စိန်ခေါ်သွားတာတော့၊ ခြံထဲဝင်ပြီးတော့ တင်းကုပ်ပေါ်မှာအိပ်နေတဲ့ကြက်ကို သတ်ပြသွားတာ ရှင့်ကိုသက်သက်စိန်ခေါ်တာပဲ၊ အင်း အိမ်ကယောက်ျားလေးတွေကလည်း အားမကိုးရပါဘူးတော်”
အမေပြောတော့ အကိုကြီးက
“ဒါဆိုအမေရာ၊ ကျုပ်ဒီည အဲဒီသူခိုးကိုစောင့်ဖမ်းမယ်”
အကိုကြီးကပြောနေပြီဆိုတော့ ကျုပ်လည်းဘာတတ်နိုင်မှာလဲဗျာ။
“ဒါဆို ကျုပ်လည်းစောင့်မယ်အမေ”
အမေက ကျုပ်တို့ညီအကိုကိုကြည့်ပြီး အားတက်သွားတဲ့ပုံပဲဗျ။ အဖေကတော့
“မင်းတို့ကြည့်လဲလုပ်အုံးကွ၊ သူခိုးက နှစ်ညဆက်တိုက်လာမလား”
ဒီအချိန်ကျုပ်တစ်ခုသတိရလိုက်တယ်ဗျ။
“ဟာ၊ အမေ အမေ့ကြက်ကိုလုပ်တာ လူမဟုတ်ဘဲ သရဲကြီးတစ်ကောင်ဖြစ်နေသလားမသိဘူး”
ကျုပ်ပြောတော့ အားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြတယ်။
“ကျုပ်ညက စာဖတ်နေတုန်း အိမ်ပေါ်ကနေ ဒုန်းခနဲအသံကြီးကြားလိုက်ရပြီးတော့ ခြေသံတဒုန်းဒုန်းက အိမ်အောက်ကိုဆင်းသွားတာပဲအမေရာ”
ကျုပ်စကားကြားပြီး အားလုံးက ဟင်းခနဲသက်ပြင်းချလိုက်ကြတယ်ဗျ။
“အလတ်ကောင်ရာ၊ မင်းကတော့ လုပ်တော့မယ်”
“ဟုတ်တယ်အလတ်ကောင်၊ မင်းညက သိုက်သမိုင်းတွေ၊ ဘီလူးသရဲစာပေတွေဖတ်ပြီးတော့ စိတ်ကခြောက်နေတာနေမှာကွ၊ အမှန်က အဲဒါအမေပြောသလို လူလုပ်တာကွ”
ဒါနဲ့ကျုပ်လည်း လက်လျှော့လိုက်ရတော့တယ်ဗျာ၊ လူလုပ်လုပ်သရဲလုပ်လုပ်အဲဒီနေ့ကတော့ကျုပ်တို့ ကြက်သားအဝစားလိုက်ရတယ်ဗျ၊ ပုံမှန်ဆို အမေက ကြက်ချက်ရင်တစ်ကောင်လောက်ပဲချက်တာ၊ အခုက သုံးကောင်တောင်ဆိုတော့ တော်တော်စားလိုက်ရတယ်ဗျ။
နေ့လည် လယ်ထဲဆင်းတဲ့အခါမှာလည်း အမေချက်ထားတဲ့ ကြက်သားဟင်းနဲ့ထမင်းထည့်သွားတာပေါ့ဗျာ၊ နေ့လယ်ထမင်းစားချိန်ရောက်တော့ ထုံးစံအတိုင်းဦးဘသာက ကျုပ်တို့လယ်တဲဘက်ကို ကူးလာပါရောဗျာ၊
“ဦးဘသာ ဘာဟင်းချက်သလဲဗျ”
ဦးဘသာက သူ့ရဲ့ဟင်းထည့်ထားတဲ့ ကြွေရည်သုတ်ချိုင့်ကလေး ဖွင့်ပြီးတော့
“ငါးပိကောင်လေးတွေ အိုးကင်းပူတိုက်လာတယ်ကွာ၊ ပြီးတော့ ငရုတ်သီးထောင်း၊ ခရမ်းကဆော့သီးလေးတွေပြုတ်ထားတယ်၊ အဲဒါနဲ့တို့စားမယ်ကွ”
“ဟာဗျာ၊ ဦးဘသာဟင်းတွေက အမြဲတမ်းဒီလိုချည်းပဲနော်၊ တစ်ခါလာလည်း ငါးပိကြော်၊ ငါးခြောက်၊ ပဲပြုတ်ဆီဆမ်း၊ ဒါတွေနဲ့ချည်း နှစ်ပါးသွားနေတာပဲဗျာ၊ ကြက်သား၊ ဝက်သားလေး တစ်ခါတလေချက်စားစမ်းပါဗျ”
“အိုကွာ၊ တစ်ယောက်တည်းနေတာဆိုတော့ ငါလည်းမချက်ချင်တော့ပါဘူး၊ ထမင်းစားဖို့အတွက် ဒီအတိုင်းပဲဖြစ်သလိုစားလိုက်တော့ ကရိကထမများတော့ဘူးပေါ့ကွ၊ မင်းတို့ရော ဘာဟင်းချက်သလဲကွ”
“ဒီနေ့က ကြက်သားဟင်းဗျာ”
“ဟ၊ ဟင်းက ကောင်းလှချည်လားကွ၊ ကြက်သားကိုခရမ်းချဉ်သီးအနှစ်နဲ့လိပ်နေအောင်ချက်ပြီး မဆလာဖြူးထားတာများ မွှေးကြိုင်နေပါလား”
ကျုပ်က ကျုပ်စားမယ့်ကြက်သားဖတ်ကို ဦးဘသာပန်းကန်ထဲကိုထည့်ပေးလိုက်ပြီးတော့
“စားသာစား ဦးဘသာ၊ ညက သူခိုးကောင်းမှုနဲ့ ဒီနေ့ကြက်သားပေါပေါများများစားရတာဗျ၊ စားသာစား”
ကျုပ်ဝေစုနှစ်တုံးကို ဦးဘသာထဲထည့်ပေးလိုက်တယ်ဗျ၊ ဦးဘသာက မစားပါဘူးဗျာ၊ အရိုးများတဲ့အတုံးကလေးသူယူထားပြီးတော့ ရင်ဖုံအသားတုံးကို ကျုပ်ပန်းကန်ထဲပြန်ထည့်ပေးတယ်ဗျ။ သိတဲ့အတိုင်း ကြက်က အိမ်ကြက်၊ ဗမာကြက်ဆိုတော့ အသားဆိုတာ မနည်းဖြဲရှာယူရတယ်မဟုတ်လားဗျာ၊ ကျုပ်က ဦးဘသာကိုစားစေချင်လို့ကျွေးပေမယ့် ဦးဘသာက ကျုပ်ကိုပြန်ပြီးငဲ့နေပါသေးတယ်။
“စားပါဦးဘသာရာ၊ ကျုပ်က အိမ်ပြန်ရင် ကြက်သားနဲ့ဆွဲရအုံးမှာ၊ အသားတုံးလေး စားပါဗျ”
“အိုကွာ၊ ကြက်မှာအရိုး၊ လူမှာအမျိုးတဲ့၊ ကြက်ဆိုတာ အရိုးလေးကိုက်မှ အရသာရှိတာကွ၊ မင်းတို့လူငယ်တွေပဲ အသားစားစမ်းပါ၊ ငါက အရိုးနဲ့ဆိုရင်ရပြီ”
ဦးဘသာက ထမင်းကိုခရမ်းချဉ်သီးအနှစ်နဲ့ နယ်ဖတ်ရင်း
“ဒါနဲ့ သူခိုးလက်ချက်ဆိုတာ ဘာကိုပြောတာလဲကွ၊ မင်းတို့အိမ်ကို သူခိုးကပ်လို့လား”
ကျုပ်က ထမင်းပလုပ်ပလောင်းကြီးနဲ့ဆိုတော့ အကိုကြီးက ဝင်ဖြေတယ်ဗျ။
“ဟုတ်တယ်ဦးဘသာ၊ ညက အိမ်ကိုသူခိုးကပ်တယ်ဗျ၊ ထူးဆန်းတာက သူခိုးက အိမ်ကဘာပစ္စည်းကိုမှ ခိုးမသွားဘဲ နွားတင်းကုပ်အပေါ် ကြက်တန်းမှာ အိပ်တန်းတက်နေတဲ့ အိမ်ကြက်သုံးကောင်ကို လည်ပင်းလှီးသတ်ပြီးတော့ ပစ်ချထားခဲ့သဗျာ”
ဦးဘသာက ထူးဆန်းသွားတဲ့ဟန်နဲ့
“မင်းတို့သူခိုးကလည်း အဆန်းပါလား”
“ကျုပ်ကတော့ သူခိုးဆိုတာထက် အဖေ့ကိုမကျေနပ်လို့ တစ်ခုခုလုပ်တာလို့ပဲယူဆတယ် ဦးဘသာ၊ ဒါကြောင့် ဒီညကျုပ်တို့ညီအကိုတွေ နွားတင်းကုပ်နားမှာစောင့်နေပြီး သူခိုးဖမ်းမလို့ဗျ”
“ဖမ်းမနေပါနဲ့ကွာ၊ နောက်နေ့လည်း ကြက်တွေသူသတ်ပေးခဲ့တယ်ဆိုရင် ငါတို့လည်းကြက်သားစားရတာပေါ့ကွ၊ သတ်ပေးတဲ့လူရှိတော့လည်း မင်းတို့ အကုသိုလ်တောင်နည်းတာပေါ့၊ ဟား၊ ဟား”
ဦးဘသာပြောတာနဲ့ ကျုပ်တို့လည်းထရယ်လိုက်ကြတယ်။
“မလုပ်နဲ့ဦးဘသာ၊ ကြက်သားစားရတာကနောက် အမေက သူ့ကြက်တွေကုန်လို့ ရင်ထုမနာဖြစ်နေတာကအရင်ဗျ၊ ဒီညတော့ ဒီလူကိုမိအောင်ဖမ်းမှပဲဗျာ”
ကျုပ်တို့ ရယ်ရင်းမောရင်းစားလိုက်ကြတာပေါ့ဗျာ၊ ဒီလိုနဲ့ညရောက်ခဲ့ပါရော၊ ကျုပ်နဲ့အကိုကြီးလည်း တိုင်ပင်ပြီးတော့ ကင်းပုန်းဝပ်ဖို့လုပ်ကြတယ်၊ သူခိုးက ညနက်မှလာတာဆိုတော့ ကျုပ်တို့ညီအကို ညကိုစောစောအိပ်လိုက်ကြတယ်၊ သက်ကြီးခေါင်းချလွန်ပြီးတော့မှ အိပ်ရာကနေထပြီးတော့ စောင့်ကြတယ်၊ လက်လွန်ခြေလွန်ဖြစ်မှာစိုးလို့ အဖေက ကျုပ်တို့ကို ဓါးတွေပေးမကိုင်ဘူးဗျာ၊ ဒီတော့ အကိုကြီးက ဝါးရင်းတုတ်ကိုင်တယ်၊ ကျုပ်က ရှားသားအနှစ်နဲ့လုပ်ထားတဲ့ တုတ်ကြီးကိုကိုင်လို့ပေါ့ဗျာ၊ ကျုပ်လက်ထဲမှာလည်း ဓါတ်ခဲအကြီးလေးတောင့််ထိုးရတဲ့ လေးတောင့်ထိုးဓါတ်မီးကြီးကို ကိုင်ထားပါလေရောဗျာ။
ညီအကိုနှစ်ယောက် နွားတင်းကုပ်အပေါ်ကိုတက်လာခဲ့ကြတယ်၊ ကျုပ်တို့အညာမှာ နွားတင်းကုပ်ဆိုပေမယ့်လည်း အိမ်တစ်ဆောင်လို ကျကျနန ခိုင်ခိုင်ခန့်ခန့်ဆောက်ထားကြတာဗျ၊ နွားတင်းကုပ်အရှေ့ခြမ်းမှာ ဆင့်တွေခံပြီးတော့ ပစ္စည်းတွေတင်ထားလို့ရအောင်လုပ်ထားသေးတယ်၊ လူတက်အိပ်လည်းရတယ်၊ ဆင့်တွေရဲ့ ခြေရင်းဘက်နားလောက်မှာတော့ ဝါးလုံးတွေတန်းတင်ထားတယ်၊ အစကတော့ အိမ်မှာသုံးဖို့ ဝါးကောင်းဝါးဖြောင့်တွေ၊ အသီးခူးဘာခူးတဲ့ဝါးတွေတင်ထားတာပေါ့၊ အိမ်ကြက်တွေက အဲဒီပေါ်ကို တက်တက်အိပ်ရင်း ကြက်တန်းလိုဖြစ်နေပါရောဗျာ။
ကျုပ်နဲ့အကိုကြီးလည်း ဝါးလှေကားနဲ့ ဆင့်ပေါ်ကိုတက်ခဲ့ကြတယ်ဗျ၊ အဲဒီအပေါ်မှာ ကြက်အုပ်တဲ့ခြင်းတောင်းတွေ ပစ္စည်းပစ္စယတွေ အစုံတင်ထားတာဆိုတော့ အဲဒီပစ္စည်းတွေနဲ့ကွယ်ပြီးပုန်းနေကြပါရော၊ စိတ်လှုပ်ရှားလွန်းလို့ ညီအကိုနှစ်ယောက် အသံတောင်မထွက်ရဲဘူးဗျာ၊ ခြင်တွေကလည်း တဝီဝီနဲ့ကိုက်လိုက်တာပြောမနေပါနဲ့။
“အလတ်ကောင်၊ သူခိုးလာတဲ့အခါ ငါအရင်ဆင်းပြီးဒီကောင့််ကိုဆော်မယ်၊ မင်းက ဓါတ်မီးနဲ့သာထိုးပေးထားစမ်းကွာ”
“ကောင်းတယ်အကိုကြီး၊ ဒါနဲ့ ကျုပ်ဆော်ဖို့လည်း ထားအုံးနော်ဗျ”
“စိတ်ချစမ်းပါကွာ၊ ဒီညတော့ ဒီကောင်သေပြီသာမှတ်”
ကျုပ်တို့စောင့်နေရင်း ကြက်တန်းပေါ်က ကြက်ဖတစ်ကောင်က သန်းခေါင်ကြက်ထတွန်တယ်ဗျ၊ သန်းခေါင်ကြက်တွန်ပြီး သိပ်မကြာခင်မှာပဲ နွားတင်းကုပ်နားကိုဦးတည်လာတဲ့ ခြေသံတစ်ခုကြားလိုက်ရတယ်ဗျ၊ ခြေသံက ခပ်လေးလေးကြီးပဲ၊ ဖနောင့်ကိုဆောင့်နင်းပြီးတော့ လျှောက်လာတဲ့ပုံစံပဲဗျ၊ အကိုကြီးက ကျုပ်လက်ကိုအသာကုပ်တာနဲ့ ကျုပ်လည်း အသာပြန်ကုပ်ပြလိုက်တယ်။
“အလတ်ကောင်၊ ဒီကောင်ခိုးပါစေအုံးကွာ၊ ဒီကောင့်ကို ပိုင်ပြီဆိုမှ လက်ပူးလက်ကြပ်နဲ့အတူတူဖမ်းမယ်ကွ”
အကိုကြီးက တိုးတိုးကလေးပြောတယ်၊ မကြာပါဘူး၊ တင်းကုပ်ထဲက နွားတွေအကုန်လုံး နှာတွေမှုတ်ပြီး ရှုးရှဲရှုးရှဲနဲ့ဖြစ်ကုန်တယ်ဗျ။ လူတစ်ယောက်က တင်းကုပ်ထဲကိုဝင်လာပါရောဗျာ၊ ကျုပ်က ဓါတ်မီးနဲ့မထိုးသေးဘူးဆိုတော့ လရောင်နဲ့ပဲ ဒီလူ့ကိုမြင်ရတာ၊ လူပုံစံက တုတ်တုတ်ခိုင်ခိုင်ပဲဗျ၊ ဝင်လာပြီးတော့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း ကြက်တန်းတွေဆီကို တန်းသွားတယ်ဗျာ၊ ပြီးတော့ ကြက်တန်းပေါ်ကိုလွှားခနဲခုန်တက်လိုက်ပြီး ကြက်တန်းပေါ်မှာဆောင့်ကြောင့်ကြီးထထိုင်နေသဗျ။
ကျုပ်ဖြင့် ခေါင်းနားပန်းတွေကြီးသွားတာပဲဗျာ၊ ကြက်တန်းဆိုတာကလည်း ကျပ်စေ့လောက်ရှိမယ့် ဝါးလုံးအသေးလေးတွေ တင်ထားတာဗျ၊ ဒီဝါးလုံးကလေးတွေပေါ်ကို ဒီလူတက်နိုင်တယ်ဆိုကတည်းက သာမန်မဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသား၊ မဟုတ်ရင် ဒီဝါးလုံးတွေက သူ့အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျကုန်မှာပေါ့။
ဒီလူက ကြက်တန်းပေါ်မှာအိပ်နေတဲ့ ကြက်တွေကို သူ့လက်နဲ့ဖမ်းဆွဲလိုက်တယ်ဗျ၊ ကြက်သုံးကောင်ကို လည်ပင်းကဖမ်းဆွဲလိုက်တော့ ကြက်တွေကရုန်းကန်ပြီး သူ့လက်ထဲပါသွားပါရော၊ အသံတော့မထွက်ဘူးဗျ၊ နောက်လက်တစ်ဖက်နဲ့ ကြက်သုံးကောင်ကိုလှမ်းဆွဲပြီး ကြက်ခြောက်ကောင်လက်ထဲရောက်တဲ့အချိန်မှာ တန်းပေါ်ကနေ ခုန်ဆင်းသွားပါရော။
“အလတ်ကောင်၊ ထိုး . . .ထိုးတော့ဟေ့”
အကိုကြီးက အော်ပြောတာနဲ့ ကျုပ်လည်း ဓါတ်မီးခလုပ်ကို အရှေ့ကိုတိုးလိုက်တယ်ဗျ၊ ဒါပေမယ့် ဘာဖြစ်သလဲမသိဘူး၊ ဓါတ်မီးမှာပါတဲ့ သံခလုပ်က အရှေ့ကိုတိုးလို့မရဘူးဖြစ်နေတယ်၊ တင်းကုပ်အောက်ကလူက လူသံကြားတော့ ကျုပ်တို့ကိုမော့ကြည့်ပါရောဗျာ၊ အကိုကြီးက ယားခနဲတစ်ချက်အော်ပြီး ဆင့်ပေါ်ကနေ ခုန်ချသွားတယ်ဗျာ၊ အဲဒီလူရဲ့ကျောဘက်လောက်ကိုကျသွားသဗျ၊ အကိုကြီးက လည်းသိပ်လျှင်တာဗျ၊ အောက်ရောက်တာနဲ့ လက်ထဲကဝါးရင်းတုတ်နဲ့ ဒီလူရဲ့ဇက်ပိုးကို အားကုန်လွှဲရိုက်ထည့်လိုက်ပါရောဗျာ။
ဖြောင်းခနဲအသံကြီးမြည်သွားပြီးတော့ အကိုကြီးလက်ထဲက ဝါးရင်းတုတ်က ထိပ်ပိုင်းကနေ ကျိုးကျသွားသဗျာ၊ ဝါးရင်းတုတ်ဆိုတာ တော်ရုံနဲ့မကျိုးတဲ့အမျိုးဗျ၊ အနှစ်အသားများများပါတဲ့ဝါးမျိုးရဲ့ အောက်ဘက်အမြစ်နား နှစ်တောင်လောက်ကနေဖြတ်ယူထားတာ၊ အထဲမှာလည်း ကျစ်နေတာပဲဗျာ၊ အခေါင်းပေါက်က အအေးသောက်တဲ့ပိုက်သာသာလောက်ပဲပါတာဗျ၊ ဒီလိုဝါးအနှစ်တုတ်တောင် ဖြောင်းခနဲကျိုးသွားတယ်ဆိုတော့ အကိုကြီးရဲ့အားကို မှန်းသာကြည့်တော့ဗျာ။
ပိုထူးဆန်းတာက ဝါးရင်းတုတ်ကျိုးသွားပေမယ့် အရိုက်ခံရတဲ့လူက ဘာမှတောင်မဖြစ်ဘူးဗျာ၊ အကိုကြီးဘက်ကိုလှည့်ကြည့်တာဗျ၊ အကိုကြီးကတော့ လက်နာသွားတယ်နဲ့တူတယ်၊ ဒီလူက စိုက်ကြည့်နေတော့ အကိုကြီးက ကျောက်ရုပ်ကြီးတစ်ရုပ်လို ရပ်နေပါရောဗျာ။ ကျုပ်လည်း ဓါတ်မီးကိုလက်နဲ့ပုတ်လိုက်၊ ထုကြည့်လိုက်နဲ့ကြိုးစားဖွင့်နေမိတယ်၊ အရေးထဲမှ အရာပေါ်ဆိုသလို ဓါတ်မီးကလည်း လုံးဝထွန်းလို့မရဘူးဗျာ။ နောက်ဆုံးကြံရာမရတာနဲ့ ဓါတ်မီးကိုအသာချပြီးတော့ တုတ်ကိုင်ပြီးခုန်ဆင်းသွားလိုက်တယ်၊ ဒီလူက အကိုကြီးကိုတစ်ခုခုလုပ်နေရင် ဘယ့်နှယ့်လုပ်မလဲဗျာ။
လွှားခနဲခုန်ဆင်းပြီးတာနဲ့ ကျုပ်လည်း လက်ထဲကတုတ်နဲ့ ဒီလူရဲ့ခေါင်းကို အားကုန်လွှဲရိုက်ချလိုက်တာပဲဗျာ၊ ဒီလူက ဘာမှမဖြစ်ပေမယ့် ရိုက်တဲ့ကျုပ်က လက်နာသွားတယ်ဗျာ၊ ကျောက်တုံးကြီးကို အားနဲ့လွှဲရိုက်လိုက်လို့ လက်နာသွားတဲ့ပုံစံမျိုးပေါ့ဗျာ၊ ကျုပ်လက်က စူးခနဲအောင့်သွားတာနဲ့ တုတ်ကိုလွှတ်ချလိုက်မိတယ်ဗျ။
ဒီလူကြီးက ကျုပ်ဘက်ကိုလှည့်ကြည့်ပါလေရော၊ ဒီတော့မှ ဒီလူရဲ့မျက်နှာကြီးက မည်းမည်းကြီးဗျ၊ မီးသွေးတွေ မည်းနက်နေသလိုမျိုးကို မည်းနေတာ၊ မျက်လုံးကြီးနှစ်လုံးကလည်း အနီရောင်ဝင်းဝင်းကြီးလင်းလို့ဗျို့၊ နှုတ်ခမ်းနှစ်ဖက်အဆုံးမှာ အပေါ်ကိုကောက်တက်ပြီး ကွေးလန်နေတဲ့အစွယ်ကြီးနှစ်ချောင်းကိုလည်း တွေ့လိုက်ရသဗျ။
“ဘီ . . .ဘီလူးကြီး”
ကျုပ်လန့်ပြီးအော်လိုက်တဲ့အချိန်မှာပဲ ဘီလူးက ကျုပ်ဘယ်ဘက်ဇက်ပိုးကို လက်ပြန်နဲ့အုပ်ထည့်လိုက်ပါရောဗျာ၊ သူ့လက်အားဘယ်လောက်ပြင်းသလဲဆို ကျုပ်က ညာဘက်ကိုလွင့်ထွက်သွားပြီး နွားတွေနဲ့တိုက်မိပါရော၊ ကျုပ်ခေါင်းကြီးတစ်ခုလုံး ပူထူလာပြီးတော့ ရှိန်းရှိန်းကြီးဖြစ်လာသဗျ၊ ဘီလူးကြီးက ကျုပ်အရှေ့နားမှာ မတ်တပ်ရပ်နေရင်း သူ့လက်ထဲက ကြက်ရဲ့လည်ပင်းကို အစွယ်နဲ့ခြစ်ထည့်လိုက်သဗျာ၊ ပြီးတော့ကြက်လည်ပင်းကို သူ့ပါးစပ်နားတပ်ပြီး သွေးတွေကိုစုပ်သောက်ပါလေရော၊ ကျုပ်ခေါင်းတွေပူထူလာရင်း မျက်လုံးတွေက မှိတ်ကျလာပြီး ကျုပ်မေ့သွားပါရောဗျာ။
(၃)
“အဖေရေ ဘီလူးကြီး . . .ဘီလူးကြီးဗျ”
ကျုပ်လန့်ပြီးအော်လိုက်မိတယ်၊ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အိမ်ဦးခန်းမှာရောက်နေသဗျာ၊ စောင်ကြီးလည်းခြုံထားလို့ဗျ၊ ကျုပ်အရှေ့မှာတော့ ဦးဘသာနဲ့ အဖေ့ကိုတွေ့ရတယ်၊ အမေနဲ့ ညီမတွေလည်းရှိတယ်ဗျ။ အဖေက
“ဦးဘသာရဲ့ ကွမ်းရွက်ချေထားတဲ့ရေက စွမ်းသားဗျ၊ ဒီကောင်အခုမှ သတိရတော့တယ်”
“အဖေရေ၊ ဘီလူးကြီးဗျ”
“တော်စမ်းပါအလတ်ကောင်ရာ၊ မင်းတို့ကို သူခိုးရိုက်လို့ မေ့နေတာကို ဘီလူးကြီးတဲ့လား”
အဖေက ကျုပ်ပြောတာကို မယုံချင်ယုံချင်ပဲဗျ၊ ဒီအခါ စောင်ကြီးခြုံထားတဲ့အကိုကြီးက အနားကိုလာပြီး
“တကယ်ပါအဖေရာ၊ ကျုပ်တို့တွေ့ခဲ့တာ လူမဟုတ်ဘူးဗျ၊ ဘီလူးကြီး”
အဖေက ဒီတော့မှ ရုပ်နည်းနည်းတည်သွားတယ်ဗျ။
“ဟုတ်ရဲ့လားကွာ၊ အစက မင်းအကိုကြီးပြောတုန်းက ဒီကောင်ခေါင်းထိပြီး ဂယောင်ဂတမ်းတွေဖြစ်နေတယ်ထင်နေတာ၊ အခုအလတ်ကောင်ကလည်း ဘီလူးလို့ဆိုလာပါလား၊ နှစ်ယောက်စလုံးကပြောတယ်ဆိုတော့ မင်းတို့စကားက တကယ်များလား”
“အစစ်ပါအဖေရာ၊ တစ်ကိုယ်လုံးမည်းနက်နေပြီးတော့ အစွယ်ကော့ကော့ကြီးနဲ့ ဘီလူးကြီးပါ၊ ကျုပ်အရှေ့မှာတင်ပဲ ကြက်ခြောက်ကောင်ကို လည်ချောင်းဖောက်ပြီးတော့ လည်ချောင်းသွေးစုပ်သောက်သွားတာပါ”
ဦးဘသာက သူ့မေးစေ့ကိုပွတ်နေရင်း
“ထူးတော့ထူးနေပြီသူကြီးရေ၊ ဒါထက် ဘီလူးဆိုရင်ရော ဘယ်ကဘီလူးလဲ၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ၊ အခုတလောရော ဘယ်လိုမျိုးထူးထူးခြားခြားတွေ တွေ့တာရှိသေးလဲ”
ကျုပ်က သတိရသွားပြီးတော့
“ဟုတ်ပြီဦးဘသာ၊ ဟိုတစ်ညက ကျုပ်စာဖတ်နေတုန်း ညသန်းခေါင်လောက်ရောက်တော့ ဒုန်းခနဲခုန်ချတဲ့အသံကြားလိုက်ရတယ်ဗျ၊ နောက်တော့ အကောင်အထည်မမြင်ရဘဲ ခြေသံတဒုန်းဒုန်းနဲ့ အိမ်အောက်ဆင်းသွားတာ၊ ကျုပ်အဖေတို့ကိုပြောပြပါသေးတယ်၊ အဖေတို့က ကျုပ်က သရဲတစ္ဆေတွေ၊ သိုက်သမိုင်းစာတွေဖတ်တော့ စိတ်ဆွဲပြီးထင်နေတာလို့ ပြောကြသေးတယ်”
“အေး၊ ဒါဆိုရင် အဲဒီခုန်ချတဲ့အသံကို ဘယ်နားကကြားရတာလဲ”
“ဟောဟို ဥရင်တိုင်နားက ကြားတာဗျ”
ကျုပ်ပြောတော့မှ ဦးဘသာက ဥရင်တိုင်ကိုကြည့်ုလိုက်တယ်ဗျ၊ အဲဒီမှာပန်းချီကားတစ်ချပ်ကိုတွေ့လိုက်ရပါရောဗျာ။ ဦးဘသာက သေသေချာချာမျက်မှောင်ကြုတ်ကြည့်ရင်း
“ဒီပန်းချီကားက ဘယ်ကနေဘယ်လိုရောက်လာတာလဲ”
“အကြီးညွန့်ရင်ပေးတာ”
ဦးဘသာက ဒေါ်ညွန့်ရင်ကိုလှမ်းကြည့်လိုက်တဲ့အခါ ဒေါ်ညွန့်ရင်က မျက်စိမျက်နှာပျက်နေတယ်ဗျ။
“ဒါနဲ့သူကြီး၊ ဒီပုံကို ဒီနေရာမှာ ဘယ်သူချိတ်တာလဲဗျ”
“ကျုပ်ချိတ်ထားတာပါ၊ ဒေါ်ညွန့်ရင်ပန်းချီပုံပေးတော့ ကျုပ်လည်း ဘယ်နားမှာချိတ်ရမလဲမသိတာနဲ့ အဲဒီဥရင်တိုင်မှာ ချိတ်လိုက်တာပါ”
ဦးဘသာက ထသွားပြီးတော့ ပန်းချီပုံကိုသေသေချာချာကြည့်တယ်ဗျ၊ ပန်းချီကားကတော့ သစ်သားနဲ့ဘောင်ကွပ်ထားတဲ့ကားပါဗျာ၊ ပုံကလည်း မြင်းဖြူကြီးတစ်ကောင်စီးထားတဲ့ စစ်သူကြီးလိုပုံစံပဲဗျ၊ ဘာဆေးနဲ့ဆွဲထားသလဲတော့မသိပေမယ့် ဆေးရောင်တွေက ခပ်ဝါဝါခပ်စိုစိုကလေးတွေပါပဲ။
အဖေက ထပြီးတော့ ဦးဘသာအနောက်မှာသွားရပ်ပြီးတော့ ပန်းချီကားကိုအတူတူကြည့်နေတယ်။
“ဒီပန်းချီကားက ဘာထူးခြားလို့လဲ ဦးဘသာ”
“ဒါကတော့ ပန်းချီကားပေးတဲ့လူကို မေးကြည့်ရမှာပေါ့ သူကြီးရဲ့”
အဖေက ဒေါ်ညွန့်ရင်ကိုကြည့်လိုက်တော့ ဒေါ်ညွန့်ရင်က ခေါင်းတခါခါနဲ့
“ဘာထူးရမှာလဲ၊ ပန်းချီကားက ပန်းချီကားပဲပေါ့၊ ဒီကားကို ပုဂံမြို့ဟောင်းက ပန်းချီဆရာကြီးတစ်ယောက်ရေးထားခဲ့တာတဲ့၊ ကျွန်မတို့အိမ်မှာကျတော့ အိမ်ကလည်းစုတ်၊ နေရာကလည်း ကျဉ်းတော့ ဒီပန်းချီကားနဲ့ မတန်ပါဘူးရှင်၊ သူကြီးတို့အိမ်မှာ ချိတ်မယ်ဆိုရင်တော့ ခန့်ညားမယ်လို့တွေ့မိတာနဲ့ ယူလာခဲ့တာပါ”
“ဒီတော့ခင်ဗျား ဘာမှမသိဘူးပေါ့”
“ဟုတ်ပါတယ်ရှင်၊ ဘာမှကိုမသိပါဘူး”
“မသိဘူးဆိုတော့လည်း အားလုံးသိသွားအောင် ပြရတာပေါ့ဗျာ၊ ကဲသူကြီးရေ သူကြီးတို့အိမ်မှာ လက်ဖက်အစိုရှိသလား”
“ရှိတာပေါ့ဗျာ၊ လက်ဖက်ကတော့”
“အဲဒါနည်းနည်းသွားယူလာခဲ့ပါ”
အငယ်မက အိမ်အောက်ကိုပြေးဆင်းသွားပြီးတော့ လက်ဖက်လက်တစ်ဆုပ်လောက်ယူလာသဗျ၊ လက်ဖက်က စားတဲ့လက်ဖက်အစိုအကြမ်းပေါ့ဗျာ၊ ဦးဘသာက အဲဒီလက်ဖက်ကို အကြမ်းသောက်တဲ့ပန်းကန်ကလေးထဲထည့်ပြီးတော့ ရေနွေးပူပူထည့်လိုက်တယ်၊ ပြီးတော့ ဆားနည်းနည်းထပ်တောင်းပြီး ဆားခပ်တယ်ဗျ၊ လက်ဖက်ကို လက်သုံးချောင်းနဲ့နယ်ဖတ်ရင်း ညှစ်တော့လက်ဖက်ထဲက အဖန်ရည်တွေထွက်လာတယ်ပေါ့ဗျာ။ သူက လက်ဖက်ကိုနယ်နေရင်း
“ဒီလိုသူကြီးရ လက်ဖက်ဆိုတာ သန့်စင်တယ်ဆိုတဲ့သဘောရှိတယ်၊ ပြီးတော့ လက်ဖက်မှာလည်း ဂမ္ဘီရအစွမ်းတွေရှိတယ်လို့ ဆိုကြတယ်မဟုတ်လား၊ ဒါကြောင့် လက်ဖက်အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် အသားစိမ်းငါးစိမ်းတို့၊ ငါးပိတို့လို အနံ့ပြင်းတဲ့အရာတွေနဲ့ တွဲထားရင် အနံ့တွေစုပ်ကုန်တယ်လို့ဆိုတယ်မဟုတ်လားဗျာ”
“ဟုတ်တာပေါ့ ဦးဘသာရာ”
“ဆားဆိုတာကလည်း မကောင်းတဲ့အရာတွေ မခံနိုင်ဘူးဆိုတဲ့အယူတစ်မျိုးလည်းရှိသေးသဗျ၊ ကုန်းဘောင်ခေတ်တုန်းက အောက်ပြည်ဘက်မှာ ဆားမန်းတဲ့ဆရာတော်တစ်ယောက်ရှိတယ်ဆိုပဲဗျ၊ သူက ဆားတွေကိုမန်းမှုတ်ပြီး အဲဒီဆားတွေနဲ့ ပယောဂဝင်တဲ့လူတွေကို ပက်ရင် ပယောဂက ထွက်ပြေးရောဆိုပဲ၊ ဆီမန်းတို့၊ ဆေးမန်းတို့ဆိုတာလည်း ဒီသဘောပေါ့ဗျာ”
ဦးဘသာက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက လက်ဖက်ညှစ်ထားတဲ့ အရည်စိမ်းစိမ်းတွေနဲ့ ပန်းချီကားကို ဘောင်ခတ်သလိုမျိုး လေးဘက်လေးတန် လိုက်ပွတ်ဆွဲလိုက်တာပဲဗျာ၊ ပွတ်ဆွဲပြီးမကြာခင်မှာပဲ ပန်းချီကားတစ်ချပ်လုံး လှုပ်ယမ်းလာတယ်ဗျ။
“သူကြီး၊ သေချာကြည့်နော်၊ သေချာကြည့်”
ကျုပ်တို့ကြည့်နေရင်း မြင်းစီးထားတဲ့စစ်သူကြီးရုပ်ပုံကနေ စစ်သူကြီးမျက်နှာက တဖြည်းဖြည်းပျောက်သွားပြီးတော့ ဘီလူးမျက်နှာကြီးဖြစ်သွားပါရောဗျာ၊ အစိမ်းပုပ်ပုပ်မျက်နှာ၊ နီရဲနေတဲ့မျက်လုံးနဲ့၊ အစွယ်ငေါငေါကြီးလည်းပါသဗျ၊ ပန်းချီကားကြီးတစ်ချပ်လုံးလည်း ဝါကျင့်ကျင့်အရောင်ကြီးဖြစ်သွားပါရော။
တစ်အိမ်သားလုံး အံ့သြလွန်းလို့ စကားတောင်မပြောနိုင်ဘူးဗျာ၊ ဦးဘသာက ဆက်ပြီးတော့ပြောတယ်။
“ဟောဒီပန်းချီကားက အစိမ်းသေရဲ့သွေး၊ လူသေရဲ့အပုပ်ရည်နဲ့ အရောင်ကိုရောစပ်ဖျော်ပြီးဆွဲထားတဲ့ အောက်လမ်းပန်းချီကားပဲကွ၊ တမင်ကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ၊ ပြီးတော့ ပန်းချီကားထဲမှာလည်း သွေးသောက်တဲ့ ဒါနောဘီလူးကိုထည့်ထားသေးတယ်၊ မရိပ်မိအောင်လို့ အပေါ်ကနေ လူပုံပြန်ဖျက်ဆွဲထားတာကွ”
“ဒါနောဆိုတာ ဘီလူးတဲ့လားဗျာ”
“ဘီလူးဆိုတာ ဘိရုဆိုတဲ့အမည်ကနေဆင်းသက်လာတာကွ၊ ဘီလူးမှာလည်း အမျိုးအစားတွေရှိသေးတယ်၊ ပါဠိဘာသာမှာတော့ ယက္ခ၊ ရဆသ၊ ကုမ္ဘဏ္ဍ၊ ဒေဝ၊ ဘူတ၊ ဒါနဝ၊ ပေတ၊ ပိဿာစ၊ အမနုဿလို့ခေါ်ကြတယ်၊ အဲဒီအထဲမှ ဒါနဝဆိုတဲ့ဘီလူးမျိုးကတော့ အသွေးကိုနှစ်ခြိုက်တဲ့ဘီလူးပဲကွ၊ ပါဠိလို ဒါနဝကနေ မြန်မာတွေလိုက်ခေါ်ရင်း ဒါနောဆိုပြီးဖြစ်လာတယ်၊ တစ်ချို့ကလည်း အသံပျော့နဲ့ တာနောလို့ခေါ်ကြတယ်၊ ဒါပေမယ့် ဘယ်လိုခေါ်ခေါ်အတူတူပါပဲကွာ”
“ဒါဆို ဦးဘသာဆိုလိုချင်တာက အောက်လမ်းပညာနဲ့စီရင်ထားတဲ့ ပန်းချီကားထဲမှာ ဒါနောဘီလူးထည့်မွေးပြီးတော့ အိမ်ကိုတိုက်တာပေါ့နော်၊ ဟုတ်ပြီဗျာ၊ ဒါကြောင့် ဒီကောင်ကြီးက ညညဆိုရင် အိမ်ပေါ်ကဆင်းပြီးတော့ အမေ့ရဲ့ကြက်တွေကို လည်ချောင်းသွေးဖောက်သောက်တာကိုးဗျ”
“ကြက်ပြီးရင် ခွေး၊ ခွေးပြီးရင် ကျွဲနွား၊ အဲဒါပြီးရင်တော့ လူသွေးပေါ့ကွာ၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လာတာပေါ့”
ကျုပ်နဲ့အကိုကြီးဆိုရင် တော်တော်ဒေါသထွက်နေတာဗျာ။
“တော်တော်ယုတ်မာတဲ့လူတွေပဲဗျာ၊ ဒါကျုပ်တို့မိသားစုကို ပျက်စီးအောင်တမင်လုပ်တာဗျ”
ဦးဘသာက ခပ်ထေ့ထေ့ပြုံးရင်း
“မပူပါနဲ့ကွာ၊ ဒီပန်းချီကားကို မီးနဲ့မြိုက်ရင် လုပ်တဲ့လူ မနေနိုင်အောင်ပူလောင်လိမ့်မယ်ကွ၊ မီးထဲပြာချရင်တော့ အဲဒီလိုလုပ်တဲ့လူ သေသွားလိမ့်မယ်”
အကိုကြီးက စောင်ကြီးချွတ်ချပြီးတော့ ပန်းချီကားဆီကိုလှမ်းလျှောက်လာရင်း
“ဒီလိုအကျင့်ယုတ်တဲ့လူ သေတာပဲကောင်းတယ်၊ အခုပဲ ထင်းမီးဖိုထဲ သွားပစ်ထည့်မယ်ဗျာ”
အကိုကြီးက ပန်းချီကားကိုဖြုတ်ဖို့လုပ်တော့မှ
“မလုပ်ပါနဲ့ရှင်၊ မလုပ်ကြပါနဲ့”
အကြီးဒေါ်ညွန့်ရင်က ဒီတော့မှ တားတာပဲဗျ၊ ဦးဘသာက ပြုံးပြီးကြည့်လိုက်တယ်။
“မကောင်းတဲ့လူက မကောင်းတာခံရမှာပဲ၊ ညည်းက ဘာဖြစ်နေတာလဲ”
ဒေါ်ညွန့်ရင်က ငိုမဲ့မဲ့မျက်နှာနဲ့
“မီးထဲတော့မထည့်ပါနဲ့ရှင်၊ အဲဒါတွေက ကျွန်မယောက်ျားကိုဆင့် လုပ်တာတွေပါ၊ ဒီဆရာကြီးပြောသလိုသာဆိုရင် မီးထဲပန်းချီကားရောက်ရင် ကျွန်မယောက်ျားသေရပါလိမ့်မယ်”
အဖေဆိုရင် တော်တော်ကြီးကို အံ့သြသွားတာဗျ။ လှေကားကနေနားထောင်နေတဲ့အမေက အိမ်ပေါ်ကိုပြေးတက်လာပြီး
“ဟင်၊ အမညွန့်ရင်၊ အမကျုပ်တို့ကို လုပ်ရက်လိုက်တာတော်၊ ကျုပ်တို့ အမအပေါ်ဘာလုပ်ထားဖူးလို့လဲတော့”
“ပြောပါ့မယ်၊ ညီမသန်းပြောရင်လည်း ခံပါ့မယ်၊ ဒီလိုပဲ၊ တစ်နှစ်က ကျွန်မတို့လင်မယား ဒီကိုလာပြီးတော့ လုပ်ငန်းတစ်ခုလုပ်ချင်လို့ ငွေအရင်းအနှီးလာတောင်းခဲ့တယ်မဟုတ်လား၊ ဒီအခါ မသန်းက ကျွန်မတို့လင်မယားကို ရှိရင်တောင်ထုတ်မချေးဘူးလို့ ပြောခဲ့တယ်လေ”
“ဒါကတော့ အမညွန့်ရင်ရယ်၊ အမညွန့်ရင်ယောက်ျား ကိုဆင့်ဆိုတာက အရက်သမား၊ ဖဲသမား၊ တစ်ခါမှလည်း အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်တာမှမဟုတ်တာ၊ ဟိုးအရင်နှစ်တွေကလည်း အမတို့ကျောက်ပန်းတောင်းမှာ ယာစိုက်ဖို့အတွက် ငွေထုတ်ချေးခဲ့တယ်လေ၊ အဲဒါလည်းပြန်ရတာမှမဟုတ်တာ၊ တစ်ခါ အမညွန့်ရင်တို့ အာလူးကြော်ဖိုတည်မယ်ဆိုပြီးပြောလို့ ငွေငါးရာတောင်ထည့်ပေးလိုက်တာပဲ၊ ဒါလည်း ငါးဆယ်ဆပ်၊ တစ်ရာဆပ်နဲ့ ဘယ်တုန်းက အပြည့်ရဖူးလို့လဲ၊ ဒါကြောင့် နောက်ဆိုရင် အမညွန့်ရင်ကို ငွေကြေးကိစ္စမပတ်သက်ဘူးလို့ ဆုံးဖြတ်ခဲ့လို့၊ ရှိရင်လည်းမချေးဘူးလို့ ပြောလိုက်တာပဲအမညွန့်ရင်”
“မှန်ပါတယ်၊ ညီမသန်းမှန်ပါတယ်၊ မမှန်တာက အမယောက်ျား ကိုဆင့်ပါ၊ ကိုဆင့်က မသန်းပြောဆိုလွှတ်လိုက်တာကို အနာပေါ်တုတ်ကျဖြစ်ပြီး သူ့ကိုစော်ကားပါတယ်ဆိုပြီးတော့ ကြိတ်မနိုင်ခဲမရဖြစ်ခဲ့တယ်၊ ဒါကြောင့် တစ်ကွေ့ကွေ့မှာ လက်စားချေမယ်ဆိုပြီးတော့ ပြောခဲ့ဆိုခဲ့ ကြိမ်းဝါးခဲ့ပါသေးတယ်”
အမေက ဒေါ်ညွန့်ရင်ကို မျက်စောင်းထိုးရင်း
“ဒါဆို အခုပန်းချီကားကိစ္စက အမယောက်ျားလုပ်တာပေါ့၊ ဒါကို အမက သိသိရဲ့နဲ့အလိုတူအလိုပါ လုပ်ခဲ့တာပေါ့လေ၊ ဟုတ်လား”
ဒေါ်ညွန့်ရင်က လက်ကာပြရင်း
“အမမသိပါဘူးညီမသန်းရယ်၊ ဘုရားပေးပေးကျမ်းပေးပေးပါ၊ ဒါပေမယ့် ခုနက ဒီက ဆရာကြီးပြောတော့မှ အမသတိထားမိသွားတာ၊ ဒီပန်းချီကားက အမယောက်ျားကိုဆင့်ယူလာခဲ့တဲ့ပန်းချီကားပါ၊ ဒီပန်းချီကားက အမတို့အိမ်နဲ့မတန်လို့ သူကြီးအိမ်ကိုပေးခိုင်းတာကလည်း သူအကြံပေးတာပါ”
“သြော် အမယောက်ျားကိုဆင့်လက်ချက်ပေါ့၊ တွေ့မယ်၊ တွေ့မယ် ဒီကိစ္စ ဒီအတိုင်းမနေဘူးနော်”
အဖေကကြားဝင်ပြီး
“ကဲပါ၊ သူကလည်းမသိဘူးလို့ပြောနေပြီမဟုတ်လား၊ ကဲဦးဘသာ ဒီပုံကိုဘယ်လိုဆက်လုပ်ကြမလဲ”
“တကယ်တော့ ဒီလိုပုံက မီးရှို့လို့လည်းမထူးဘူးဗျ၊ ဒီပုံထဲမှာ အသက်သွင်းထားတဲ့ ဒါနောကို နှင်ထုတ်နိုင်မှသာ ရမယ်သူကြီးရေ”
“ဘယ်လိုနှင်ရမလဲ ဦးဘသာ”
“အရင်ဆုံး သူပန်းချီကားထဲက ထွက်မယ့်အချိန်ကိုစောင့်ရမယ်၊ ပန်းချီကားထဲကထွက်တာနဲ့ သူ့ရဲ့ဗိမ္မာန်အိမ်ဖြစ်တဲ့ ဒီပန်းချီကားကို ဖျက်ဆီးရမယ်၊ အိမ်မရှိတော့ နေစရာမရှိတော့တဲ့သဘောပေါ့ဗျာ၊ ဒီတော့မှ နှင်လွှတ်ရမှာဗျ၊ ဒါကြောင့် သူထွက်လာတတ်တဲ့ ညသန်းခေါင်အချိန်လောက်ကို စောင့်ရမှာပဲဗျာ”
အဖေက ခေါင်းညိတ်ရင်း
“ဒါနဲ့ ဦးဘသာ၊ ကျုပ်တစ်ခုမသိလို့မေးမယ်နော်၊ ဒေါ်ညွန့်ရင်အဆိုအရဆိုရင် ဒီပန်းချီကားက သူတို့အိမ်မှာအရင်ရှိတာမဟုတ်လားဗျ၊ ဒါဆို သူတို့အိမ်မှာကျတော့ ဘာမှမဖြစ်ဘဲ ကျုပ်တို့အိမ်ရောက်မှ ဘာလို့ဒီလိုဖြစ်တာလဲ”
“မေးလည်းမေးလောက်စရာပါသူကြီးရယ်၊ အိပ်နေတဲ့လူကို နိုးအောင်လို့ နှိုးရသလို လောကီပညာရပ်တွေမှာလည်း ပညာရပ်တစ်ခု၊ အစီအရင်တစ်ခုကို ပွင့်စေချင်တဲ့အခါ အဟိန်းမန္တန်တို့၊ အပွင့်မန္တန်၊ အမွှမ်းတို့ရွတ်ဖတ်ပြီး ဖွင့်ပေးရတယ်ဗျ၊ ဒါကြောင့် ကျုပ်အထင် ဒီပန်းချီကားက သူတို့အိမ်မှာရှီတဲ့အချိန် ကိုဆင့်က ပန်းချီကားထဲက ဒါနောကို မဖွင့်ပေးတာဖြစ်နိုင်တယ်၊ သူကြီးအိမ်ကိုပို့မယ်ဆိုတော့မှသာ ဒါနောကိုလွှတ်ပေးလိုက်တာပဲ၊ အနှစ်နှစ်အလလ ငတ်ခဲ့တဲ့ဒါနောက သူကြီးအိမ်ရောက်တော့မှ ရှာဖွေပြီးစားသောက်နေတာပေါ့ဗျာ”
ဒေါ်ညွန့်ရင်က ခေါင်းတညိတ်ညိတ်နဲ့
“ဟုတ်မယ်၊ ဟုတ်မယ်၊ ဒီကိုမလာခင်တစ်ရက်က ကိုဆင့်က ကျွန်မကို ကြက်အရှင်တစ်ကောင်ဝယ်ခိုင်းခဲ့တာ၊ အခုမှ မှတ်မိတော့တယ်”
“ကဲ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ”
“ဒီညတော့ အိပ်ရေးပျက်ပြီပေါ့ သူကြီးရာ”
(၄)
ညရောက်တာသိပ်မကြာပါဘူးဗျာ၊ ကျုပ်မေ့နေတာ တစ်နေ့လုံးမေ့နေတာတဲ့၊ ကျုပ်သတိရတဲ့အချိန်က ညနေစောင်းပေါ့ဗျာ၊ ဒီလိုနဲ့ ညနက်တဲ့အထိ ကျုပ်တို့ထိုင်စောင့်ကြတယ်။ အငယ်မနှစ်ယောက်ကတော့ အိပ်တယ်၊ အမေက မနက်အစောထပြီး ချက်ရပြုတ်ရဆိုတော့ သူလည်းစောင့်တော့စောင့်ရှာပါသေးတယ်၊ ဒါပေမယ့် အိပ်ပျော်သွားတာပဲ၊ ဒေါ်ညွန့်ရင်လည်းအိပ်တယ်၊ မအိပ်တာဆိုလို့ အဖေရယ်၊ ကျုပ်ရယ်၊ အကိုကြီးရယ်၊ ဦးဘသာရယ်ပါပဲ၊ အငယ်ကောင်လည်း စောင့်ရင်းနဲ့ငိုက်ပြီး ဘယ်အချိန်အိပ်သွားမှန်းမသိဘူးဗျာ။
ညနက်လာတော့ ခြေရင်းခြံက ကြက်တွန်သံကြားရသဗျ၊ ကျုပ်တို့ဆီမှာ ကြက်ဖမှ မရှိတော့တာ၊ ညက ဒါနောသွေးဖောက်သောက်သွားလို့ လစ်သွားပြီလေဗျာ။ သိပ်မကြာပါဘူးဗျာ၊ ဒုန်းခနဲအသံကြီးနဲ့အတူ အိမ်ကြီးတစ်ခုလုံး တုန်ခါသွားသလိုခံစားရတယ်ဗျ၊ ပြီးတော့ ခြေသံတဘတ်ဘတ်ကြားရပြီးတော့ လှေကားအတိုင်းဆင်းချသွားပါလေရော။ ဦးဘသာက ကျုပ်ကိုလက်ကုပ်ပြီး
“ထွက်သွားပြီဟေ့၊ အကြီးကောင်ရေ ပန်းချီကားကို လက်နောက်ပြန်နဲ့ဖြုတ်ပြီး ဓါးနဲ့ခပ်ကြမ်းကြမ်းခုတ်ပြီး မီးမြှိုက်လိုက်တော့ဟေ့၊ အလတ်ကောင် မင်းက ငါနဲ့လိုက်ခဲ့”
အကိုကြီးက ဦးဘသာခိုင်းတဲ့အတိုင်းလုပ်တယ်ဗျ၊ ကျုပ်နဲ့ဦးဘသာက အိမ်အောက်ကိုပြေးဆင်းခဲ့ကြတယ်၊ မီးဖိုချောင်ကိုဖြတ်ပြီး နွားတင်းကုပ်ဆီပြေးလာတော့ ဒါနောက နွားတစ်ကောင်ရဲ့ကျောကုန်းကိုပေါ်ကို ဆောင့်ကြောင့်ထိုင်ပြီးတက်နေသဗျာ၊ ဦးဘသာက ဒါနောကိုလက်ညှိုးထိုးပြီး
“ဟေ့ကောင်ဒါနော၊ မင်းဆင်းစမ်း၊ ဆင်းခဲ့စမ်း”
ဒါနောရဲ့ကိုယ်လုံးက မနေ့က ကျုပ်တို့တွေ့ခဲ့တဲ့ကိုယ်လုံးထက် တော်တော်ကိုကြီးနေပြီဗျ၊ ဦးဘသာက ဒါနောကိုကြည့်ရင်း
“ကြက်သွေးဖောက်သောက်ပြီး ဒီလောက်တောင်ကြီးနေတာ၊ နွားသွေးသာ ဖောက်သောက်ပြီးရင်တော့ ရှင်းရလွယ်မှာ မဟုတ်တော့ဘူးဟေ့”
အခုလည်း ဒါနောက နွားသွေးဖောက်သောက်ချင်လို့နေမယ်ဗျ၊ ဦးဘသာကို ခပ်စိမ်းစိမ်းကြီးကြည့်ပြီး မြေပေါ်ကိုခုန်ဆင်းလိုက်ပါရောဗျာ၊ အကောင်က တော်တော်ကိုကြီးသွားလို့ ကျုပ်တို့ဖြင့် မော့တောင်ကြည့်နေရတယ်ဗျ၊ ဦးဘသာက လက်တစ်ဖက်မြှောက်လိုက်တော့ သူ့လက်ထဲမှာ တင်းပုတ်ကြီးတစ်ခုပေါ်လာသဗျ၊ တင်းပုတ်ဆိုလို့ ကာတွန်းတွေထဲကလို တင်းပုတ်ကြီးမထင်ပါနဲ့ဗျာ၊ တူကြီးတစ်ခုကိုပြောတာပါ။
“ဟေ့ကောင် ဒါနော၊ မင်းမှာ အိမ်ခြေမရှိတော့ဘူး၊ မင်းရဲ့ဗိမ္မာန်မရှိတော့ဘူး၊ ဒါကြောင့် အခုမင်းက လွတ်လပ်သွားပြီ၊ မင်းသွားလိုရာသွားနိုင်ပြီ၊ နောက်တစ်ခါ၊ ဒီအိမ်၊ ဒီခြံ၊ ဒီရွာကိုလာရင် မင်းငါနဲ့တွေ့မယ်”
ဒါနောက သိပ်တော့ကျေနပ်တဲ့ပုံမရဘူးဗျ၊
“ဒါ ဘီလူးမင်းရဲ့အမိန့်၊ ငါ့ရဲ့အမိန့်ပဲ ဒါနော၊ ဘီလူးမင်းရဲ့အမိန့်ကို မနာခံရင် မင်းကိုဟောဒီတင်းပုတ်နဲ့ထုနှက်ပြီး ငါဆုံးမမှာနော်ကွ”
ဒါနောက မကြောက်ဘူးဗျာ၊ ဦးဘသာဆီကို တဟုန်ထိုးပြေးလာသဗျ၊ ပြီးတော့ ဦးဘသာကို သူ့လက်ကြီးနဲ့လွှဲရိုက်တော့တာပါပဲ၊ ဦးဘသာက လက်နဲ့ခံလိုက်တာမြန်လို့ဗျို့။
“ဟာ၊ ဟေ့ကောင် မင်းကိုလူလိုပြောနေတာ မင်းကနားမလည်ပါလားကွ၊ အေးလေ၊ မင်းကဘီလူးဆိုတော့ ဘီလူးဆိုင်းလေးတီးပေးမှ မြိုင်မှာပေါ့ကွ”
“ကဲ ငါ့ရဲ့လက်ဝဲလက်ယာ အစောင့်ဘီလူးညီနောင်၊ ဒီကောင့်ကိုချုပ်စမ်း”
ဦးဘသာအော်လိုက်တဲ့အချိန်မှာ သူ့လက်မောင်းအိုးနားက အလင်းရောင်တွေထွက်သွားပြီး ဒါနောအနားရောက်သွားတယ်ဗျ၊ ဒါနောနားရောက်တော့ ဘီလူးတွေဖြစ်သွားသဗျ၊ ဒါနောရဲ့ပခုံးကို တစ်ယောက်တစ်ဖက်ချုပ်ကိုင်ထားလို့ပေါ့ဗျာ။ ဦးဘသာက တင်းပုတ်ကြီးဝင့်ပြီး ပြေးဝင်သွားတယ်၊ ဒါနောကို သူ့တင်းပုတ်နဲ့ နှစ်ချက်ထုလိုက်တော့ ဒါနောတစ်ယောက် မနေနိုင်တော့ဘဲ အော်ဟစ်နေပါရောဗျာ။ ပြီးတာနဲ့ အစောင့်တွေလက်ကနေ ကိုယ်လွတ်ရုန်းပြီး အိမ်နောက်ဖေးဘက်ကို တစ်ချိုးတည်းပြေးတော့တာပါပဲဗျာ၊ ခြံနောက်မှာ ဆောက်ထားတဲ့ အိမ်သာကိုတောင်ဝင်တိုက်ပြီး အိမ်သာကြီး ဘုန်းဘုန်းလဲသွားပါရော။
ကျုပ်တို့အိမ်ပေါ်ပြန်တက်လာတော့ အဖေနဲ့အကိုကြီးက ကြေးလင်ပန်းတစ်ခုထဲ ပန်းချီကားထည့်ပြိး အိမ်ပေါ်မှာတင်ပဲ မီးတင်ရှို့နေကြပါရောဗျာ။
“ကဲ အားလုံးပြီးသွားပါပြီသူကြီးရာ၊ ဘာမှစိတ်ပူမနေနဲ့တော့”
“ဦးဘသာရှိနေလို့ပါပဲဗျာ၊ နို့မို့ဆို ဒီဘီလူးကောင်ကြီးနဲ့ ကျုပ်တို့ဘယ်လိုနှစ်ပါးသွားရပါ့မလဲဗျာ”
“ကျုပ်တို့ ဒါနောကို အမြန်မောင်းထုတ်နိုင်လို့ပေါ့သူကြီးရာ၊ မဟုတ်လို့ကတော့ သူကြီးမနက်ဖြန် အမဲသားဟင်းစားရပြီပဲဗျ၊ ဟား၊ ဟား”
ဦးဘသာက ညတွင်းချင်းပဲ အိမ်ပြန်သွားပါရောဗျာ။ ဒီတော့မှ ကျုပ်တို့တွေအတိုးချပြီး အိပ်လိုက်ကြသဗျ၊ မနက်လင်းတာနဲ့ ဒေါ်ညွန့်ရင်လည်း အိမ်ကနေထွက်သွားပါရော၊ အမေကတော့ မကျေနပ်ပေမယ့် အဖေက ခွင့်လွှတ်လိုက်ပါတယ်ဗျာ၊ သူလည်းမသိဘူးလို့ ဆိုတာကိုးဗျ၊ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် သူလည်းတစ်ကြိတ်ထဲတစ်ကြံထဲပဲဗျ။
ထူးဆန်းတာလား၊ တိုက်ဆိုင်တာလားတော့မသိဘူး၊ တစ်လလောက်ကြာတော့ ဒေါ်ညွန့်ရင်ယောက်ျား ကိုဆင့် ကောက်ကာငင်ကာသေသွားတော့တာပါပဲဗျာ။ သေပုံကလည်းကြည့်အုံးလေဗျ၊ ဘယ်သူကဆော်ထည့်လိုက်တယ်မသိဘူး၊ ကျောတွေရင်တွေမှာ အညိုအမည်းရာကြီးတွေနဲ့ သွေးခြေဥပြီးသေတာတဲ့ဗျ၊ ကျုပ်အထင်ကတော့ သူမွေးထားတဲ့ဒါနောက သူ့ကိုပြန်လုပ်သွားတာပဲဖြစ်မှာဗျ၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့မကောင်းမှုဒဏ်တွေအတွက် သူပြန်ပေးဆပ်လိုက်ရတယ်ထင်ပါ့ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်