ဦးဖိုးဝေ နှင့် သမ္မာဒေဝ
(၇၈)
အခန်း (၁)
“ပန်းတောမြို့”
ထိုမြို့လေးသည် နယ်မြို့လေးတမြို့ဖြစ်ပြီး မြို့ကြီးများကဲ့သို့ တိုက်တာအိုးအိမ်များစွာရှိပြီး သန့်ရှင်းသပ်ရပ်သော မြို့လေး တမြို့ဖြစ်သည်။ယခု ညသန်းခေါင်ယံအချိန်တွင် ထိုမြို့လေးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။လျှပ်စစ်မီးရသော်လည်း နှစ်ဆယ့်လေးနာရီမရသောကြောင့် မြို့လေးသည် မှောင်မိုက်လျက်ရှိပေ၏။ထိုမြို့လေး၏အလယ်ခေါင်တွင်ရှိပြီး နှစ်ထိပ်တိုက်တလုံးတည်ရှိနေသော ခြံဝန်းထဲတွင် လူရိပ်တရိပ် လှုပ်ရှားနေသည်။ထိုလူရိပ်သည် အမှောင်ထုကိုအားကိုးပြီး ခြံဝိုင်း၏နေရာအနှံ့တွင် မြေကိုတူးဆွပြီး တစုံတခုကို မြှုပ်နှံနေသည်။ပြီးနောက် အမှောင်ရိပ်ခိုနေသောသူသည် ခြံဝန်းတံခါးကို ကြောင်တကောင်အလား လွှားခနဲကျော်တက်ကာ မှောင်မိုက်နေသောလမ်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည် ။
အခန်း (၂)
“ကိုဝင်းမြင့် ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ “
“ကျနော့်ကို ဘာလို့အလုပ်ထုတ်တာလဲ “
“ခင်ဗျားက ရုံးခန်းထဲကို အပျော်မယ်တွေခေါ်လာပြီး ပျော်ပါးတယ်လို့ တိုင်ကြလို့ “
“ကျနော် အဲ့လိုအလုပ်မျိုးတွေ မလုပ်ဘူး”
“ကျနော်တို့လည်း အစက မယုံပါဘူး ဒါပေမဲ့ လက်တွေ့ ကြုံလာတော့ မယုံလို့မရတော့ဘူး ခင်ဗျားလို လူတော်တယောက်ကို ကျနော်တို့ဌာနကနေ မထုတ်ချင်ပါဘူးဗျာ “
ဦးဝင်းမြင့်ဟု အမည်ရသော ရုံးတရုံး၏အရာရှိကြီးသည် သူ၏ရှေ့တွင်ထိုင်ကာ စကားဆိုနေသော အထက်အရာရှိ၏ စကားကို နားမလည်နိုင်ဖြစ်လို့နေသည်။တသက်လုံးအမှားနည်းအောင်နေထိုင်ခဲ့သော ဦးဝင်းမြင့်သည် ယခုကဲ့သို့ လူအထင်သေးစရာအဖြစ်နှင့် ကြုံရပြီး အလုပ်ထုတ်ခံရလိမ့်မည်ဟု မြူတမှုန်စာလောက်အတွေးပင် မရှိဖူးပေ။သို့ပေမဲ့ သူ မထင်ထားသည့်အဖြစ်က ဆိုက်ရောက်လာပြီ ဖြစ်သည်။ကျန်ခဲ့သောရက်များက သူ့လက်အောက်ရှိ ဝန်ထမ်းများသည် သူ့အား အထင်သေးသည့်အကြည့်များဖြင့် ကြည့်နေသည်ကို သတိ ထားမိသည်။သို့ပေမဲ့ ယခု အခြေအနေဖြစ်လာမည်ဟု မထင်မိချေ။ဦးဝင်းမြင့်သည် လှုပ်ရှားနေသော စိတ်တို့ကို ထိန်းလိုက် ကာ
“ဒါရိုက်တာ ခင်ဗျ ကျနော် မဟုတ်တာ ဘာမှ မလုပ်ပါဘူး ဒါရိုက်တာတို့ အထင်လွဲနေတာပါ “
“ကိုဝင်းမြင့် ကျနော်က ခင်ဗျားဘက်ကအမြဲရှိတဲ့သူပါ ခင်ဗျား အလုပ်အပေါ် ရိုးသားတာ သစ္စာရှိတာ ကျနော် သိတယ် ဒါပေမဲ့ အခုကိစ္စက မဖြစ်သင့်တဲ့ကိစ္စလေ ကျနော်ဆို မျက်မြင်မဟုတ်ရင် ယုံမိမှာကို မဟုတ်ဘူး”
“မိန်းမကိစ္စ ကျနော် မလိုက်စားပါဘူးဗျာ ကျနော့်မှာ မိသားစုနဲ့ပါ “
“တော်တော့ ကိုဝင်းမြင့် ကျနော်လည်း ဘာမှ မတတ်နိုင်ဘူး စာရိတ္တမကောင်းတဲ့သူကို ဝန်ထမ်းတွေရဲ့စံပြအဖြစ် ကျနော် ဆက်မထားနိုင်တော့ဘူး”
ဦးဝင်းမြင်သည့် ရင်ဘတ်အောင့်တက်လာပြီး အသက်ရှုပ်ပင်ကြပ်လာသည်။သို့ပါသော်လည်း လဲပြိုလို့ မဖြစ်ဘူး အဖြစ်မှန်ကို တနေ့ ဒီလူတွေ သိစေရမယ်ဆိုတဲ့ အတွေးနှင့် စိတ်ကို ထိန်းကာ အိမ်သို့ပြန်လာခဲ့ပါလေတော့သည် ။
အခန်း (၃)
အမြဲစိတ်ချမ်းစရာကောင်းပြီး ကြည်နူးစရာမိသားစုလေးသည် ယခု ဧည့်ခန်းတွင်ထိုင်ကာ မှိုင်တွေငေးနေကြသည်။ ဦးဝင်မြင့်သည် သူ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြသောအခါ သားဖြစ်သူနှင့် ဇနီးသည်တို့မှာ ပြစ်တင်ပြောဆိုခြင်းမရှိပဲ နှစ်သိမ့်ပေးနေကြသည်။ထိုအချက်ကြောင့်သာလျှင် ဦးဝင်းမြင့်မှာ အတော်စိတ်သက်ရာရပြီး ကြည်နူးမိ၏။
“အကိုကြီးရယ် စိတ်ထဲမထားပါနဲ့ ကျမတို့ အကိုကြီးကို ယုံတယ် အကိုကြီး အခုအသက်အရွယ်အထိ ဘာမဟုတ်တာမှ မလုပ်တာ အခုချိန်မှာမှ ဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ သွေးရိုး သားရိုးမဖြစ်နိုင်ဘူး”
“ခင်မေရေ ငါလည်း အတော်ရှက်မိတယ် ငါ့သိက္ခာကို ငါ ပြန်အဖတ်ဆယ်မှာပါ ဒီလိုကိစ္စတွေ ဘယ်တော့မှ မလုပ်ဘူး”
“အဖေ ရိုးတော့ မရိုးဘူးနော် ကျနော်လည်း အဖေ့အိမ်ခန်းထဲကနေ မိန်းကလေးအသံတွေ ကြားရတယ် မသင်္ကာလို့ ချောင်းကြည့်တော့လည်း ဘာမှမတွေ့ဘူး ထူးထူးဆန်းဆန်းတွေတော့ ဖြစ်နေပြီ အဖေ “
သားဖြစ်သူ ကျော်ဇောသည် သူ မနေ့က ကြုံတွေ့ခဲ့ရသော ကိစ္စများကို အဖေဖြစ်သူအား ပြောပြလိုက်သည်။ထိုအချိန်တွင် အိမ်အပေါ်ထပ်မှ ခြေသံများနှင့်အတူ ရယ်မောသံအချို့ ထွက်ပေါ်လာလေသည်။
“ခစ် ခစ် ခစ် “
ထိုအသံများကြောင့် ဒေါ်ခင်မေသည် ထိတ်လန့်သွားသည်။ ကျော်ဇော်သည်က အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ခဏကြာသောအခါ ကျော်ဇောမှာ ပြန်ဆင်းလာပြီး သူ၏မိဘများကိုကြည့်ကာ
“အဖေနဲ့အမေ အပေါ်မှာ ဘာမှလည်းမရှိဘူး ကျနော့်စိတ်ထင် ကျနော်တို့အိမ် ပုဏ္ဏကတိုက်နေပြီထင်တယ် “
“ဘာဖြစ်လို့လဲ သား”
“အပေါ်ထပ်မှာ ပစ္စည်းတွေ ဗြောင်းဆန်နေပြီ “
“ဟင် “
ဦးဝင်းမြင့်သည် မျက်လုံးအဝိုင်းသားနှင့် အိမ်အပေါ်ထပ်သို့ အလျင်အမြန်တက်ကြည့်လိုက်သည်။သူ အိမ်ပေါ်သို့ရောက်သွားချိန် ကြည့်မှန်တချပ်သည် အရှိန်ပြင်းစွာနှင့် သူ၏ဦးခေါင်းတည့်တည့်ဆီသို့ ပြေးဝင်လာရာ ခေါင်းငုံ့ရှောင်လိုက်နိုင်၍ နံရံကိုထိမှန်သွားပြီး ကျယ်လောင်သောအသံနှင့်အတူ မှန်များကွဲကြေပြီး လှေကားပေါ်တွင် ပျံ့ကြဲကုန်သည်။ဦးဝင်းမြင့်သည် အခြေအနေမဟန်တော့မှန်းသိ၍ အပေါ်ထပ်မှ အောက်သို့ပြန်ဆင်းစဉ် လှေကားပေါ်မှ မှန်ကွဲစဆူး၍ ခြေထောက်တွင် သွေးများဖျာထွက်လာရာ အိမ်ပေါ်မှ ရယ်မောသံများ ဟားတိုက်၍ ထွက်လာသည်။ထို့အပြင် တောက်ခေါက်သံများ၊ဆဲဆိုကြိမ်း မောင်းသံများပါ ထွက်လာ၍ ဦးဝင်းမြင့်သည် ခြေထောက်နာနေသည့်ကြားမှ အောက်ထပ်သို့ ရောက်အောင် အမြန်ဆင်းလိုက်ရသည်။လှေကားတဝက်အရောက် သားဖြစ်သူနှင့် ဇနီးမှာလည်း သူ့အားတွဲ၍ အိမ်အပြင်သို့ အလျင်အမြန်ထွက်သွားလိုက်ကြပါလေတော့သည် ။
အခန်း (၄)
ဦး၀င်းမြင့်တို့မိသားစုသည် အိမ်မှ မော်တော်ကားဖြင့် အိမ်အပြင်သို့ ထွက်လာခဲ့ကြသည်။ထို့နောက် ဒေါ်ခင်မေသည် ဦးဝင်းမြင့်၏ခြေထောက်မှ မှန်ကွဲစစူးထားသည့်ဒဏ်ရာကို ကြည့်ပြီး ကားမောင်းနေသော သားဖြစ်သူအား စကားဆိုလိုက်သည်။
“သားရေ မင်းအဖေကို အရင် ဆေးရုံပြမှ ရမယ်ထင်တယ် ခြေထောက်မှာ မှန်ကွဲစ စိုက်ဝင်နေတာ “
“ဟုတ်ကဲ့ အမေ ကျနော် ဆေးရုံကို မောင်းလိုက်မယ် “
ဒေါ်ခင်မေတို့သားအမိနှစ်ယောက်၏ပြောစကားကြောင့် ဦးဝင်းမြင့်သည် သားဖြစ်သူအား စကားဆိုလိုက်သည်။
“သားရေ အဖေ့ဒဏ်ရာက မပြောပလောက်ပါဘူး ဆရာတော်ရဲ့ကျောင်းကိုသာ မောင်းပါလား”
“အကိုကြီးကလည်း ခြေထောက်ဒဏ်ရာက ဒီလောက်နက်တာ ဆေးရုံမှာ မှန်ကွဲစကို အရင်ထုတ်ပြီးမှပဲ ကျောင်းကို သွားတာပေါ့”
“မဟုတ်ဘူး ခင်မေ ဒါ သမားရိုးကျ မဟုတ်ဘူး ဆရာတော်ကျောင်းကို သွားမှဖြစ်မယ်”
ဦးဝင်းမြင့်တို့ဇနီးမောင်နှံ ဆေးရုံသွားမည်၊ဘုန်းတော်ကြီးကျောင်းသွားမည် ငြင်းခုံနေစဉ် ကားမောင်းနေသော ကျော်ဇောမှ သူ၏ မိဘများအား
“အဖေနဲ့ အမေ ငြင်းမနေနဲ့ ဒဏ်ရာက ဆေးရုံတက်ရမှာမှမဟုတ်တာ မှန်ကွဲစထုတ်ပြီး ပတ်တီးစည်းပေးတာလောက်ပဲ လုပ်မှာ ကျနော် ဆေးရုံကိုပဲ အရင်မောင်းလိုက်မယ် ပြီးမှပဲ ဆရာတော်ကျောင်းကို သွားကြတာပေါ့ “
“ကောင်းတယ် သား ဆေးရုံကိုသာမောင်း “
ဒေါ်ခင်မေသည် သားဖြစ်သူ၏စကားကို ထောက်ခံလိုက်ပြီး ဆေးရုံသို့ မောင်းခိုင်းလေသည် ။
ကျော်ဇောမောင်းသော မော်တော်ကားလေးသည် ပန်းတောမြို့လေး၏လမ်းမပေါ်တွင် ပြေးလွှားနေသည်။ညနေချိန်ခါလည်းဖြစ်ပြီမို့ မှောင်စပျိုးနေသည့်အချိန်လည်း ဖြစ်သည်။ထိုမော်တော်ကားလေး၏ခေါင်မိုးပေါ်မှ အရိပ်မဲများကိုဖြင့် ကားထဲမှ ဦးဝင်းမြင့်တို့မိသားစု မမြင်နိုင်ပဲ ဆေးရုံဆီသို့သာ စိတ်ရောက်နေပါတော့သည် ။
အခန်း (၅)
နယ်မြို့လေး၏ဆေးရုံဝန်းထဲသို့ ကျော်ဇောမောင်းသော မော်တော်ကားလေး ဆိုက်ရောက်လာသည်။ထို့နောက် ကျော်ဇောသည် ဖခင်ကို တွဲကာ ဆေးရုံတာဝန်ကျသူနာပြုလေးအား စကားဆိုလိုက်လေသည် ။
“ဆရာမ ကျနော့်အဖေ မှန်ကွဲစစူးလို့ အထဲမှာ မှန်ကွဲစ ကျန်နေတယ် “
“ဦးဝင်းမြင့်ပါလား လာပါရှင့် လာပါ “
သူနာပြုဆရာမလေးသည် သူတို့အား အခန်းတခန်းထဲသို့ခေါ်သွားသည်။ထို့နောက် ဦးဝင်းမြင့်အား ကုတင်တွင် လဲလျောင်းခိုင်းလိုက်ပြီး ဒဏ်ရာကို ကြည့်နေသည်။ဆေးရုံမှ မီးများထွန်းထားသည်မို့ ဒဏ်ရာအား ရှင်းလင်းစွာမြင်နေရသည်။ထို့နောက် သူနာပြုဆရာမလေးသည် ကျော်ဇောအား လှည့်မကြည့်ပဲ စကားဆိုလေသည် ။
“ကိုကျော်ဇော “
“ခင်ဗျာ “
“ရှင် ဒေါက်တာကျော်သန်းကို သိတယ် မဟုတ်လား”
“သိတယ် ဆရာမ “
“သွားခေါ်ပေးစမ်းပါ ကျမ ဒဏ်ရာကို သန့်ရှင်းရေးလုပ်ထားမယ် မှန်ကွဲစထုတ်ဖို့က သူရှိမှ ဖြစ်မှာ “
“ဟုတ်ကဲ့ ဆရာမ “
ကျောဇောတို့မိသားစုသည် မြို့မျက်နှာဖုံးစာရင်းဝင်ဖြစ်ပြီး ချမ်းသာကြသူများမို့ ယခု ဆေးရုံတွင် လှူဒါန်းမှုများ နှစ်စဉ်ပြုလုပ်ကြ၍ ဆေးရုံမှ တာဝန်ကျသူနာပြုများ ဆရာဝန်များနှင့် ရင်းနှီးကြသည်။သူနာပြုမလေးသည် ဦးဝင်းမြင့်၏ ဒဏ်ရာကို ဆေးကြောပေးရင်းမှ ဒေါ်ခင်မေအား မစိုးရိမ်ရန် နှစ်သိမ့်ပေးနေသည်။ကျော်ဇောသည်လည်း ဆရာဝန်နားနေခန်းသို့ သွားလိုက်ပါတော့သည်။
အခန်း (၆)
သူရိယသည် ဒေါက်တာကျော်သန်းအားခေါ်ပြီး ဖခင်ဖြစ်သူရှိသည့်အခန်းကို အမြန်သွားနေ၏။စင်္ကြန်လမ်းတလျှောက် မီးတို့သည် ရုတ်တရက်လင်းလိုက်မှိတ်လိုက်ဖြစ်နေသဖြင့် ဒေါက်တာကျော်သန်းမှာ မီးချောင်းများကိုကြည့်ရင်း ကျော်ဇောအား စကားဆိုလေသည်။
“ကိုကျော်ဇော မီးက ဘယ်လိုဖြစ်တာလဲဗျ “
“ဒေါက်တာတောင် မသိတာ ကျနော်က သိမလား”
“အေးဗျာ ထူးထူးဆန်းဆန်း “
သူတို့နှစ်ယောက် မီးလင်းလိုက်၊မှောင်လိုက်ဖြစ်နေသည့် စင်္ကြန်လေးအတိုင်းလျှောက်လာပြီး ဦးဝင်းမြင့်အား ကုသပေးသည့် အဆောင်နားအရောက်
“အမလေး ဆရာမ ဆရာမဘာလုပ်နေတာလဲ”
ဒေါ်ခင်မေ၏ အလန့်တကြားအော်သံကြောင့် ကျော်ဇောနှင့် ဒေါက်တာသန်းဝင်းသည် အခန်းထဲသို့ အလျင်အမြန်ဝင်လိုက်သည်။သူတို့သည် မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် မယုံကြည်နိုင်အောင်ဖြစ်နေပြီး ခေတ္တကြောင်ငေးနေမိသည်။ သူတို့ မြင်လိုက်ရသည်မှာ သူနာပြုဆရာမလေးသည် ဇဂနာအချွန်ကိုဆုပ်ကိုင်ပြီး ဦးဝင်းမြင့်၏လည်ပင်းအား ထိုးရန်ကြိုးစားနေသည်။ဦးဝင်းမြင့်မှာ သူမ၏လက်နှစ်ဖက်အား ဆုပ်ကိုင်ထား၍သာ လည်ပင်းနားရောက်လုလု ဇာဂနာအား ဟန့်တားနိုင်ခြင်းသာ ဖြစ်သည်။ကျော်ဇောသည် ချက်ချင်း သတိ၀င်လာကာ
“ဆရာမ ဘာလုပ်တာလဲ “
ကျော်ဇောသည် ပြောပြောဆိုဆို သူနာပြုဆရာမအား ခါးမှ သိမ်းပွေ့လိုက်ပြီး ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ဒေါက်တာကျော်သန်းသည် သူနာပြုဆရာမလေး၏ လက်ထဲမှ ဇာဂနာအချွန်အား လုယူလိုက်ပြီး ငေါက်ငမ်းနေလေသည် ။
“ဆရာမ ခင်ဗျား ဒါ ဘာလုပ်တာလဲ “
ဒေါက်တာကျော်သန်းသည် သူနာပြုဆရာမလေးကို ကြည့်ရာ တခုခုမှားနေပြီမှန်း သိလိုက်သည်။သူမ၏မျက်လုံးအိမ်တို့မှာ မဲနက်နေပြီး သာမာန်လူတယောက်နှင့်မတူပဲ တခုခုဝင်ရောက်ပူးကပ်နေသည်ဆိုတာ သတိထားမိလိုက်သည်။ကျော်ဇောသည် ဆရာမလေး၏သေးငယ်သောခန္ဓာကိုယ်ကိုသိုင်းဖက်ထားသော်လည်း ဆရာမလေးမှာ ထင်မထားလောက်အောင် သန်မာနေပြီး ရုန်းကန်နေလေရာ ကျော်ဇောတယောက် စကားပင်မပြောနိုင်ပဲ အားကုန်ချုပ်ထားရသည်။သူတို့ မည်သို့ပြုလုပ်ရမည်ဆိုတာ တွေးမရခင်မှာပင် ဒေါက်တာကျော်သန်းသည် သူ၏မိခင်ဖြစ်သူမှ အမြဲဆောင်ခိုင်းထားသော ချည်မန်းကွင်းလေးကို အမှတ်ရကာ အင်္ကျီအိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး ကျော်ဇောချုပ်ထားသော ရုန်းကန်နေသည့် သူနာပြုဆရာမလေး၏လည်ပင်းကို ဆွဲပေးလိုက်သည့်အခါမှသာ ငြိမ်ကျသွားတော့သည်။ထို့နောက် သူမ၏ခါးကို ဖက်ထားသော ကျော်ဇောကို ကြည့်ကာ
“ကိုကျော်ဇော ရှင် ဘာလုပ်နေတာလဲ “
“ဗျာ ဆ ဆရာမ”
“လွှတ် ကျမကို “
သူနာပြုဆရာမလေးသည် ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို သိပုံမပေါ်ပေ။ဒေါ်ခင်မေမှ သူမအား အကျိုးအကြောင်းပြောမည်ပြုစဉ် ဦးဝင်းမြင့်မှ တားလိုက်ပြီး
“ခင်မေ ထားလိုက် အကိုကြီးတို့ ဘုန်းကြီးကျောင်းကို အခုသွားမှ ဖြစ်မယ် “
“အကိုကြီးဒဏ်ရာ “
“ရတယ် အကိုကြီးတို့ သွားကြမယ် “
ဦးဝင်းမြင့်နှင့် ဒေါ်ခင်မေ စကားပြောနေစဉ် ဒေါက်တာ ကျော်သန်းသည် ဦးဝင်းမြင့်အနားလာကာ ဒဏ်ရာကို ကြည့်လိုက်ပြီး ရှက်နေသော သူနာပြုဆရာမလေးအား စကားဆိုလိုက်သည်။
“ဆရာမ လိုအပ်တဲ့ပစ္စည်းတွေ မြန်မြန်ပေးပါ “
“ဟုတ်ကဲ့ ဒေါက်တာ ဘာတွေဖြစ်နေကြတာလဲဟင် မျက်နှာတွေလည်း မကောင်းကြဘူး ဒါနဲ့ ကျမလည်ပင်း “
“ဆရာမ အဲ့တာကို မချွတ်လိုက်နဲ့ “
သူနာပြုဆရာမလေးသည် ဘာကိုမှနားမလည်ဟန်နှင့် ဦးဝင်းမြင့် ဒဏ်ရာကိုကုသဖို့အတွက် လိုအပ်သောပစ္စည်းများကိုသာ ယူပေးနေလိုက်သည်။ဒေါက်တာကျော်သန်းသည် ကျွမ်းကျင်စွာနှင့် အသားထွဲင် စိုက်ဝင်နေသော ဖန်ကွဲစကို ထုတ်လိုက်နိုင်ကာ ပတ်တီးစည်းပေးလိုက်သည်။အကုန်ပြီးစီးသွားသောအခါ ကျော်ဇောသည် ဖခင်ဖြစ်သူအား တွဲကာ ကားဆီသို့ ခေါ်ဆောင် သွားပါတော့သည်။
အခန်း (၇)
ကားမောင်းနေသော ကျော်ဇော၏မျက်နှာတွင် ချွေးများစိုရွှဲနေသည်။အကြောင်းမှာ ကားသည် ပုံမှန်မဟုတ်ပဲ အတော်ထိန်းသိမ်းရခက်ခဲနေခြင်းကြောင့် ဖြစ်သည်။ဘုန်းကြီးကျောင်း သွားသည့် လမ်းတလျှောက်တွင် အနှောက်အယှက်မျိုးစုံနှင့် ကြုံရသည်။ကားခေါင်မိုးများကို ရိုက်သံ အတိုင်းသားကြားနေရပြီး ကားမှန်များကိုပါ ထုရိုက်၍ မှန်ကွဲကြောင်းများပါ ထလာသည်။ကားထဲတွင်ရှိသော ဦးဝင်းမြင့်နှင့် ဒေါ်ခင်မေသည် ရတနာသုတ်ကို အသံကျယ်ကျယ်နှင့် ရွတ်ဖတ်နေကြသည် ။ ထိုအတွက်ကြောင့် ထင်၏ ကားထဲဝင်ပြီး အန္တရာယ်မပေးကြပေ။သူတို့၏ ကားလေးသည် လေသာကျောင်းတိုက်ဟု ရေးထိုးထားသော ကျောင်းမုဒ်ဦးကို ဖြတ်ကျော်ဝင်ရောက်လာကာမှ ကားခေါင်မိုးနှင့် ကားအား ရိုက်ပုတ်နေသည်များ ငြိမ်သွားသည်။ကျောင်းဝန်းထဲသို့ ရောက်သောအခါ ကျော်ဇောသည် ကားကိုရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ဖခင်ဖြစ်သူကို တွဲကာ နှစ်ထပ်ကျောင်းကြီးပေါ်သို့ မိသားစုသုံးယောက်လုံးတက်လိုက်ကြပါတော့သည်။ကျောင်းတံခါးကို ခေါက်လိုက်သောအခါ ဆရာတော်တပါး တံခါးလာဖွင့်ပြီး သူတို့အား တွေ့သည်နှင့် အံ့သြစွာဖြင့် မိန့်လေ၏ ။
“ဒကာကြီးဝင်းမြင့်တို့မိသားစုပါလား လူတွေလည်း ထိတ်ထိတ်ပြာပြာနဲ့ လာ လာ ကျောင်းထဲဝင်ကြ”
“တင်ပါ့ဘုရား တပည့်တော်တို့ကို ကယ်ပါဦး ဘုရား “
“လာ လာ ပြီးမှလျှောက် အခု ထိုင်ကြဦး “
ဆရာတော်မှ ကျောင်းထဲသို့ခေါ်လိုက်ပြီး ထိုင်ခိုင်းလိုက်သည်။ကျော်ဇောတို့သည်လည်း သင့်တင့်သောနေရာတွင် ထိုင်လိုက်ကာ မြတ်စွာဘုရားရှင်၏ဆင်းတုတော်ကို ဦးခိုက်လိုက်ပြီးနောက် ဆရာတော်အား ဦးချရှိခိုးလိုက်ရင်း ဦးဝင်းမြင့်မှ ဖြစ်ပျက်ခဲ့သမျှအား အလုံးစုံလျှောက်တင်လေသည်။ထိုအခါ ဆရာတော်သည် ဦးခေါင်းညိတ်လိုက်ပြီး
“အင်း လောကီအတိုက်အခိုက်တွေ ကြုံနေရပြီ ထင်ပါရဲ့ ဆရာတော်လည်း လောကီရေးရာတွေကို သိပ်မသိဘူး အဲ့တော့ သမ္မာဒေဝနတ်မြတ်နတ်ကောင်းတွေကို မေတ္တာပို့ပင့်ဖိတ်ပြီး ဒကာကြီးတို့အတွက် မေတ္တာဘာဝနာပွားပေးပါ့မယ် ဒကာကြီးတို့လည်း ကျောင်းမှာပဲ အိပ်လိုက်ကြပေါ့ “
“ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား”
“ဒကာတို့လည်း မေတ္တာပို့ပြီးသာနေကြကွယ် “
“တင်ပါ့ ဘုရား “
ဤသို့ဖြင့် ဆရာတော်သည် ဦးဝင်းမြင့်တို့မိသားစုအား မေတ္တာဘာဝနာပွားများခြင်း၏အကျိုးတို့ကို ဟောကြားပေးပါ လေတော့သည်။
အခန်း (၈)
ပန်းတောမြို့၏ မြို့အစွန်တွင်ရှိသော စေတီ၏အာရုံခံ တန်ဆောင်းတွင် လူနှစ်ယောက်သည် တင်ပျဉ်ခွေကာ တရားထိုင်နေသည်။အသက်ကြီးရင့်နေပြီး အရောင်မွဲမွဲတိုက်ပုံအင်္ကျီဝတ်ဆင်ထားသော လူကြီးတဦးနှင့် သာမာန်တောသူ တောင်သားတယောက်၏ပုံစံ ဝတ်ဆင်ထားသော လူငယ်လေးတဦးတို့ ဖြစ်ကြသည်။အချိန်အတော်ကြာသောအခါ သူတို့သည် တိုင်ပင်ထားသည့်အလား စေတီတော်ကို ဦးခိုက်ပြီးနောက် တရားဖြုတ်လိုက်ကာ လူငယ်မှ စကားဆိုလေသည်။
“အဘ အောက်လမ်းဆရာရဲ့တပည့် ဒုက္ခပေးမဲ့သူကို ကျနော်တို့ ဘယ်လိုရှာကြမလဲ “
“အဘတို့ ရှာရမှာမဟုတ်ဘူး အဘတို့ ဒီမှာ နှစ်ရက်နေမယ် အဲ့ဒီရက်အတွင်းမှာ အကြောင်းမတိုက်ဆိုင်ရင်တော့ တခြားရွာတွေကိုပဲ သွားကြတာပေါ့ မြို့ဆိုတော့ ရွာတွေလို ရှာဖို့ မလွယ်ဘူးလေ”
“အဘသဘောပါပဲ အဘ ဗိုက်ဆာပြီလား ကျနော် မြို့ထဲမှာ ညစာသွားဝယ်လိုက်မယ် “
“လူလေးသဘောပါပဲကွယ် ဆာတော့ ဆာတယ်ကွယ့် ရေနွေး ကြမ်းလေးတော့ သောက်ချင်သား လူလေးရေ “
“ကျနော် ရှာခဲ့မယ် အဘ “
လူငယ်မှာ သူရိယဖြစ်ပြီး အသက်ကြီးရင့်နေသောလူကြီးမှာ ဦးဖိုးဝေဖြစ်သည်။ယခု သူရိယသည် စေတီထဲမှထွက်ပြီး မြို့ထဲသွားသည့်လမ်းကို တယောက်တည်းလမ်းလျှောက်နေသည်။ များမကြာသောအချိန်တွင်တော့ မြို့ထဲသို့ ရောက်လာသည်။ လမ်းဘေးတွင် ဈေးဆိုင်လေးများရှိ၏။ သူရိယသည် လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဝင်လိုက်လိုက်သည်။သူ ထိုင်လိုက်သည်နှင့် စားပွဲထိုးလေးမှာ လက်သုတ်ပဝါလေးကိုင်ပြီးရောက်လာကာ
“အကိုလေး ဘာသောက်မလဲ ခင်ဗျ “
“ရေနွေးကြမ်းဝယ်လို့ရလား ညီလေး “
“ဗျာ “
“အကို့အဘက ရေနွေးကြမ်းသောက်ချင်လို့တဲ့ကွ အဲ့တာ ဝယ်လို့ရလား “
“ကျနော် ဆိုင်ရှင်ကို သွားမေးလိုက်ဦးမယ် “
စားပွဲထိုးလေးသည် ခေါင်းကို ကုတ်ကာ ထိုင်ခုံတွင် ထိုင်နေသောလူကြီးကို သွားရောက်မေးမြန်းနေသည်။မကြာသောအချိန်တွင် စားပွဲထိုးကောင်လေးပြန်ရောက်လာပြီး
“အကို အလကားယူသွားတဲ့ “
“အိုးလိုက်ယူသွားမယ်လေ အိုးဖိုးအပေါင်ငွေ ထားခဲ့မယ် “
“ကျနော် ပြန်မေးလိုက်ဦးမယ် “
“နေ နေ အကို့ဘာသာပဲ သွားမေးလိုက်မယ် “
သူရိယသည် ဆိုင်ရှင်ဖြစ်ဟန်တူသော လူကြီးအနားသို့ သွားလိုက်ပြီး
“ဦးလေး “
“ပြော မောင်ရင် “
“ကျနော် ရေနွေးကို အိုးလိုက်ယူသွားချင်တယ်ဗျာ ရေနွေးပန်းကန်လေးရောလေ ကျနော် အပေါင်သဘောမျိုးငွေ ထားခဲ့ပါ့မယ် မနက်ဖြန် ဆက်ဆက်ပြန်လာပို့မယ် “
ဆိုင်ပိုင်ရှင်သည် သူရိယအား သေချာအကဲခတ်ကြည့်လာပြီး
“ရတယ် ငါ့တူ ယူသွား ငွေတော့ မထားခဲ့ပါနဲ့ကွာ မင်းကို ယုံပါတယ် “
“ကျေးဇူးတင်ပါတယ် ဦးလေးရာ ဒါနဲ့ ထမင်းရောင်းတဲ့ဆိုင် ဘယ်နားရှိလဲဗျ”
“ဒီလမ်းအတိုင်းသာ သွား ဝိုင်းဝိုင်းလည်ဆိုတဲ့ ဆိုင်ရှိတယ် အဲ့ဒီမှာဝယ် အဲ့ဒီက ဈေးသင့်တယ် အပြောကတော့ နည်းနည်းဆိုးတယ်မောင်”
“ဟုတ်ကဲ့ ကျနော်သွားပြီ ဦးလေး”
သူရိယသည် လူရှင်းနေသော လက်ဖက်ရည်ဆိုင်လေးမှ ထွက်လာပြီး ဆိုင်ရှင်လမ်းညွှန်သော ထမင်းဆိုင်သို့ သွားလိုက်သည်။လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပြောသော ဆိုင်သို့ ရောက်သွားသောအခါ ဆိုင်တွင် လူများ အတော်စည်ကားနေသည်ကို တွေ့လိုက်ရသည်။သူရိယသည် ဆိုင်ရှေ့တွင် ရပ်လိုက်သည်နှင့် ခပ်ငယ်ငယ်မိန်းမငယ်တယောက်မှ သူ့အား အသံခပ်ကျယ်ကျယ်နှင့် စကားဆိုလေသည် ။
“ဘာနဲ့ စားမလဲ “
“ကျနော်က ယူသွားမှာ “
“ရတယ် ဘာနဲ့ယူမလဲ ထမင်းရောလား”
“ဟုတ်တယ် ဘာဟင်းတွေ ရလဲ”
သူရိယမေးလိုက်သောအခါ မိန်းကလေးသည် မြန်ဆန်စွာဖြင့် ဆိုင်တွင်ရသည့်ဟင်းများကို တရစပ်ရွတ်သွားလေသည်။ ထိုအခါ သူရိယမှာ ပါးစပ်ဟလျက်သားဖြင့် နောက်တခေါက် ပြန်မေးရလေသည်။မိန်းကလေးမှာလည်း မကြည်သလိုကြည့် ၍ ထပ်မံရွတ်ပြလေသည်။သူမ ရွတ်သွားသည်မှာ မြန်လွန်းသော်လည်း ကြက်သားနှင့် ဝက်သား အား သူ ကောင်းစွာနားလည်လိုက်သည်။နောက်တခါ ပြန်မေးပြန်ရင်လည်း ကိုင်ထားသော ဇွန်းနှင့်ပစ်ပေါက်မည့် အခြေအနေမှာရှိ၍ ကြက်သားဖြင့် ထမင်းနှစ်ပွဲဝယ်ပြီး စေတီသို့ပြန်လာလိုက်ပါလေတော့သည် ။
အခန်း (၉)
သူရိယတယောက် မြို့ထဲမှနေ၍ စေတီသို့ပြန်လာခဲ့သည်။စေတီအာရုံခံတန်ဆောင်းအတွင်း ဝင်သွားချိန်တွင်တော့ ဦးဖိုးဝေသည် တိုက်ပုံအင်္ကျီအဖြူကို ဝတ်ဆင်ထားသည့် လူကြီးတယောက်နှင့် စကားဆိုနေသည်ကို တွေ့လိုက်ရသည်။သူရိယ သိသည်က ထိုပုဂ္ဂိုလ်မှာ သာမာန်လူမဟုတ်ဘူးဆိုတာကိုပင် ဖြစ် သည်။အနားရောက်လာချိန်တွင် ထိုတိုက်ပုံအင်္ကျီအဖြူရောင်ဝတ် ပုဂ္ဂိုလ်ကြီးသည် သူ့အားပြုံးပြပြီးနောက် တန်ဆောင်းအပြင်သို့ ထွက်သွားလေသည်။သူထွက်သွားသည်နှင့် ဦးဖိုးဝေမှ သူရိယအား စကားဆိုလေသည် ။
“လူလေးရေ အဘတို့ မနက်စောစော ဘုန်းကြီးကျောင်းတကျောင်းကို ရှာရလိမ့်မယ် “
“ဟုတ်ကဲ့ အဘ “
“ကျောင်းနာမည်က လေသာကျောင်းတဲ့ အဘတို့ရှာနေတဲ့လူတော့ တွေ့ပြီ လူလေးရေ “
“ဟုတ်လား အဘ”
“ကဲ ကဲ အဘလည်း ဗိုက်ဆာပြီ ထမင်းစားကြရအောင် ရေနွေးအိုးလိုက် ပါလာတာပဲ လူလေးရ”
“ဟုတ်တယ် အဘရေ မနက်ဖြန်ပြန်ပေးရမှာ “
“အေး အေး “
“ဒါနဲ့ အဘ ကျနော်တို့ကို လာပင့်သွားတာလား”
“ဟုတ်တယ် “
“ဘယ်သူလာပင့်သွားတာလဲ အဘ”
“စောနကတယောက်လေ သူက ရုက္ခစိုးကြီး လေသာကျောင်းမှာ မိသားစုတစု ဒုက္ခရောက်နေတယ်တဲ့ သူတို့က မေတ္တာ ဘာဝနာပွားနေတာနဲ့ သူ့အထက်က သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေက အဘတို့ကို ပင့်ပေးဖို့ တာဝန်ပေးလိုက်တာ တဲ့ကွယ် “
“ဪ ဟုတ်ကဲ့ အဘ “
ထို့နောက် သူရိယသည် ထမင်းစားဖို့ရာ ပြင်ဆင်လိုက်ပြီးနောက် သူတို့နှစ်ယောက် ထမင်းစားလိုက်ပါတော့သည် ။
အခန်း (၁၀)
မနက်မိုးလင်းချိန်ရောက်သောအခါ ဘုန်းကြီးကျောင်းတွင် အိပ်စက်နေသော ဦးဝင်းမြင့်တို့မိသားစု နိုးထလာကြသည်။ သူတို့သည် ကျောင်းကြီးပေါ်တွင် မိသားစုတပြေးညီအိပ်ကြသည်။ကောင်းမွန်စွာ အိပ်စက်ရသည့်အတွက် ဆရာတော်အား အတော်ကျေးဇူးတင်မိသည်။သူတို့ ငုတ်တုတ်ထိုင်လိုက်သည် နှင့် ဆရာတော်၏စကားသံက ထွက်ပေါ်လာလေသည်။ဆရာတော်သည် ကျောင်းကြီး၏ခေါင်းရင်းခန်းရှိ သစ်သား ပုလ္လင်ပေါ်တွင် ထိုင်နေပြီး ဆရာတော်၏ဘေးတွင် လူနှစ်ယောက် ထိုင်နေသည်။
“ဒကာကြီးတို့ လာဦးကွယ့်”
“တင်ပါ့ဘုရား”
“ဒကာကြီးရေ ဝမ်းသာပေတော့ ဒကာကြီးတို့မိသားစုကို သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တာပဲ “
ဦးဝင်းမြင့်တို့ ဆရာတော်အနားမရောက်ခင်မှာပင် ဆရာတော်မှ ဝမ်းသာအားရမိန့်လေသည်။ထို့နောက် ဆရာတော် အား ဦးချကန်တော့လိုက်ပြီး ဦးဝင်းမြင့်မှ ဆရာတော်၏စကားအား နားမလည်၍ လျှောက်တင်လေသည်။
“ဆရာတော်ဘုရား တပည့်တော် နားမလည်ဘူး ဘုရား”
“ဒီက ဒကာကြီးတို့က အထက်လမ်းဆရာတွေတဲ့ တောကျတဲ့ ဘက်က အောက်လမ်းဆရာရဲ့ကျောက်သင်ပုံးမှာ ဒီကပန်းတောက မိသားစုကို တိုက်ထားတာသိလို့ လိုက်လာတာတဲ့ “
“အောက်လမ်းဆရာက ဘယ်သူလဲ ဘုရား”
“အဲ့တာတော့ ဘုန်းကြီးလည်း မသိဘူး ဒကာကြီးကို မေးကြည့်ပေါ့ “
ဆရာတော်မှ ထိုသို့ မိန့်လေရာ ဦးဝင်းမြင့်သည် အထက်လမ်းဆရာကြီးကို ကြည့်ကာ
“ဆရာကြီး ကျနော့်နာမည်ဝင်းမြင့်ပါ ဆရာကြီးနာမည်ရော သိခွင့်ရှိမလား “
“ရပါတယ် ကျုပ်နာမည်က ဦးဖိုးဝေပါ ဒီက ကျုပ်မြေးပါ သူရိယလို့ ခေါ်တယ် “
“ဟုတ်ကဲ့ ဆရာကြီးပြောတဲ့ အောက်လမ်းဆရာနာမည်က ဘယ်သူလဲ ခင်ဗျ “
“သူ့ကိုယ်သူ ဆရာလှိုင်လို့ ပြောတယ် “
“ဆရာလှိုင် ဆရာလှိုင်”
ဦးဝင်းမြင့်သည် ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေသည် ပြီးမှ သူသတိရသွား၏ သူ့လက်အောက်မှ ရာထူးတက်လာသောဝန်ထမ်းသည် သူ၏အပေါင်းအသင်းများကို ပြောပြနေ သည်ကို ကြားဖူးခြင်းဖြစ်သည်။ထိုဝန်ထမ်းမှာ အလွန်လာဘ် စားပြီး သူ၏အထက်အရာရှိများကို အိပ်ကပ်ထဲထည့်ကာပေါင်းသူဖြစ်ရာ ယခုကိစ္စ၏အဓိကတရားခံမှာ သူပဲဆိုတာကို ဦးဝင်းမြင့် သိလိုက်သည်။
“ကဲ ဦးဝင်းမြင့်ရေ အကုသိုလ် မများတော့ပါနဲ့ သူ့အကုသိုလ်နဲ့ သူ့လမ်းသူ သွားပါလိမ့်မယ် “
“ဗျာ ဆရာကြီး “
ဦးဝင်းမြင့် ထိတ်လန့်သွားရသည်။သူ၏စိတ်ထဲတွင် တွေးနေသည်ကို ဦးဖိုးဝေသိနေသောကြောင့် ဖြစ်သည်။ထိုအတွက်လည်း သူတို့မိသားစု ကြုံတွေ့နေရသော အခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဆိုတာ ချက်ခြင်းယုံကြည်သွားသည်။ထို့နောက် ဦးဖိုးဝေသည် ထပ်မံစကားဆိုလာပြန်သည်။
“မေတ္တာဘာဝနာပွားများလို့ ဦးဝင်းမြင့်တို့ကို သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တယ်လေ အကုသိုလ်စိတ်တွေ မဝင်မိစေနဲ့ ကျုပ်တို့ ခင်ဗျားအိမ်ကို သွားကြတာပေါ့ “
“ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး “
ဤသို့ဖြင့် ဦးဝင်းမြင့်တို့မိသားစုနှင့်အတူ ဦးဖိုးဝေနှင့် သူရိယသည် ဆရာတော်အား ဦးချရှိခိုးကာ မြို့ထဲရှိ ဦး၀င်းမြင့် ၏အိမ်သို့ သွားရန်ပြင်ဆင်လိုက်ကြပါတော့သည် ။
အခန်း (၁၁)
နှစ်ထပ်တိုက်လေး၏အိမ်အောက်ထပ်သို့ ဦးဝင်းမြင့်တို့ မိသားစုနှင့် ဦးဖိုးဝေတို့ ဝင်လိုက်သည်နှင့် အိမ်အပေါ်ထပ်မှ တောက်ခေါက်သံ၊ကြိမ်းမောင်းသံများကြားရပြီး ပစ္စည်းများလွင့်စင်နေသာ အသံတို့ကို ကြားလိုက်ရသည်။ဦးဖိုးဝေနှင့် သူရိယသည် အိမ်အပေါ် ထပ်သို့ တက်မည်ပြုသောအခါ ဦးဝင်းမြင့်သာမက သူ၏ မိသားစုကပါ စိုးရိမ်၍ သတိပေးစကား ပြောလာသည်။
“ဆရာကြီးနဲ့ တူလေး အဆင်ပြေပါ့မလား ဆရာကြီးတို့ကို မယုံလို့မဟုတ်ဘူးနော် စိတ်ပူလို့ပါ ခင်ဗျ “
“ရတယ် ဦးဝင်းမြင့် “
လူငယ်ပီပီ စူးစမ်းချင်သော ကျော်ဇောသည် ဦးဖိုးဝေအား ခွင့်တောင်းစကားဆိုလေသည် ။
“ဆရာကြီး ကျနော်အပေါ်ကို လိုက်ကြည့်လို့ ရမလား “
“ရတယ် မောင်ရင် ဦးကြီးတို့နောက်က လိုက်ခဲ့”
ကျော်ဇောသည် မိခင်ဖြစ်သူတားနေသည့်ကြားမှ ဦးဖိုးဝေတို့နှင့်အတူ အိမ်ပေါ်သို့ တက်သွားလေသည်။အိမ်ပေါ်ရောက်သော အခါ အိမ်ပေါ်တွင်ရှိသော ပရိဘောဂများမှာ လှုပ်ရှားနေပြီး ကြွေပန်းအိုးအချို့သည် သူတို့ဆီသို့ အရှိန်ပြင်းစွာတိုးဝင်လာသည်။ကျော်ဇောမှာ ခေါင်းငုံ့ပြီး ရှောင်ရန်ပြင်လိုက်သော်လည်း ဦးဖိုးဝေနှင့် သူရိယမှာ ရပ်မြဲသာ ရပ်နေသည်။အံ့ဩဖွယ်ရာမှာ အရှိန်ဖြင့် တိုးဝင်လာသော ပန်းအိုးမှာ သူတို့အနီးသို့ ရောက်သည်နှင့် လေပေါ်တွင် တုံ့ခနဲရပ်တန့်သွားကာ အောက်သို့ ပြန်ကျလာလေသည်။ထို့နောက် ဦးဖိုးဝေသည် နဖူးတွင် လက်သီး ဆုပ်၍ တည်လိုက်ကာ
“အတိုက်ခိုက်မှန်သမျှ မြူတမှုန်မှ မကျန်စေရ အခုချက်ချင်း မြင်သာအောင် ပြစေ “
ထိုသို့ပြောပြီးသည်နှင့် အိမ်ကြမ်းပြင်အား ပစ်ပေါက်ဟန်ပြုလုပ်လိုက်ရာ တောက်ခေါက်သံ၊ကြိမ်းမောင်းသံများ ရုတ်ချည်းငြိမ်သက်သွားလေသည်။ထိုအခါမှ ဦးဖိုးဝေသည် အိမ်အောက် ပြန်ဆင်းလိုက်ပြီး ဦးဝင်းမြင့်အား စကားဆိုလေသည်။
“အိမ်ဝိုင်းထဲကို လိုက်ကြည့်ရမယ် ကဲ မောင်ရင် မင်းအဖေကို တွဲပြီး အိမ်ဝိုင်းထဲ လိုက်ကြည့်ကြစို့ “
ဦးဖိုးဝေဦးဆောင်ပြီး အိမ်ဝိုင်းထဲသို့ လိုက်ကြည့်လိုက်ရာ တ နေရာအရောက်တွင် မြေသားများသည် အပေါ်သို့ ဖွာထွက်နေပြီး ထိုနေရာအား တူးဆွကြည့်လိုက်ရာ အမဲရောင် အထုပ်လေးများကို တွေ့လိုက်ရသည်။ထိုအထုပ်လေးများသည် အိမ်နေရာအနှံ့တွင် ရှိနေသည်ကို ဦးဝင်းမြင့်တို့ ထူးဆန်းအံ့ဩစွာ တွေ့ရှိလိုက်ရသည်။ထို့နောက် ဦးဖိုးဝေသည် အစီအရင် အထုတ်လေးများကို စုပုံလိုက်ပြီး သူရိယအားကြည့်ကာ
“လူလေး မီးသာ တိုက်လိုက်ပါကွယ် “
“ဟုတ်ကဲ့ အဘ “
သူရိယ အထုတ်ကလေးများအနီး ငုတ်တုတ်ထိုင်လိုက်ချိန်၌ ကျော်ဇောသည် စကားလှမ်းဆိုလိုက်သည်။
“ညီလေး အကို မီးခြစ်ပေးရမလား”
“ရတယ် အကို “
သူရိယသည် အစီရင်အထုတ်များအပေါ် လက်ဝှေ့ယမ်းလိုက်သည်နှင့် ပြာလဲ့လဲမီးတောက်များ တောက်လောင်လာကာ ချက်ချင်း ပြာအတိကျသွားသည်ကို ကြည့်ပြီး ကျော်ဇော တယောက် အံ့ဩမင်သက်နေချိန် အိမ်ဝိုင်းထဲသို့ ကားတစီးဆိုက်ရောက်လာလေသည်။ကားပေါ်မှ ဆင်းလာသူမှာ ဦးဝင်းမြင့်၏ရုံးမှ အထက်လူကြီးဖြစ်ပြီး သူသည် ဦးဝင်းမြင့်ကို မြင်သည်နှင့် တောင်းပန်စကားဆိုလေသည်။
“ကိုဝင်းမြင့်ရေ ကျနော်တောင်းပန်ပါတယ်ဗျာ ကျနော်အထင်လွဲမိသွားတယ် မိန်းကလေးကိစ္စက ကိုဝင်းမြင့်မဟုတ်ဘူးဗျ ကိုဝင်းမြင့် သိတယ်မဟုတ်လား ရာထူးမြန်မြန်တိုးလာတဲ့ကောင်လေ အဲ့ဒီကောင် ဖြစ်နေတာဗျ “
“ရပါတယ် ဒါရိုက်တာကိုယ်တိုင် အိမ်အထိလာပြောတာကိုပဲ ကျေးဇူးတင်ပါတယ် “
“ရုံးပြန်တက်တော့ဗျာ နော် “
“ကောင်းပါပြီ ဒါရိုက်တာ ကျနော် ဒီမှာ ဆရာကြီးတို့ကို ဧည့်ခံလိုက်ဦးမယ် “
“ဪ ဟုတ်သားပဲ ကျနော်လည်း ပြန်ဦးမယ် “
“ကောင်းပါပြီ”
ဦးဝင်းမြင့်သည် အထက်အရာရှိဟူ၍ အလေးပေးဆက်ဆံခြင်း မရှိသည်ကို သူရိယ မြင်တွေ့ရသောအခါ သဘောကျနေမိသည်။သူ၏မိသားစုသည်လည်း ဦးဝင်းမြင့်နှင့် တထပ်တည်းဖြစ်သည်။ထို့နောက် ဧည့်ခန်းတွင်ခေါ်ပြီး ကောင်းမွန်စွာ ဧည့်ခံနေချိန် သူရိယမှ ဦးဖိုးဝေ၏အနားကပ်ကာ တိုးတိုးပြောနေ၍ ဦးဝင်းမြင့်မှာ မေးလေသည် ။
“ငါ့တူ ဘာကိစ္စရှိလို့လဲကွယ့် “
“ဘာမှ မဟုတ်ပါဘူး လူလေးက ရေနွေးအိုးသွားပို့ချင်လို့တဲ့ ညက လက်ဖက်ရည်ဆိုင်ကနေ ရေနွေးကြမ်းအိုး ငှားသောက်ထားတာလေ “
“ဪ အဲ့တာလား သားရေ မင်းညီကို ကားနဲ့ လိုက်ပို့ပေး လိုက်ပါဦး”
ကျော်ဇောသည် အလိုက်သိစွာဖြင့် သူရိယကို ခေါ်လေသည် ထိုအခါ သူရိယသည် ငြင်းမနေတော့ပဲ ရေနွေးကြမ်းအိုးနှင့် ရေနွေးပန်းကန်ထည့်ထားသော လွယ်အိတ်ကိုလွယ်ပြီး ကျော်ဇောနောက် လိုက်ပါသွားပါလေတော့သည် ။
အခန်း (၁၂)
“အကို အဲ့ဒီဆိုင်ပဲဗျာ့”
“ဒီဆိုင်လား”
“ဟုတ်တယ်လေ “
“ဒီဆိုင်က သရဲခြောက်လို့ မြို့ထဲကလူတွေ ဘယ်သူမှ မထိုင်ဘူး အဲ့တာကြောင့်မို့ နေရာကောင်းပေမဲ့ လူမစည်တာ “
“ဟုတ်လား ခဏစောင့်ဦး အကို ကျနော် ဒါလေး သွားပေး လိုက်ဦးမယ် “
ကားပေါ်မှ သူရိယနှင့် ကျော်ဇောတို့ စကားပြောနေကြခြင်းဖြစ်သည်။ထို့နောက် သူရိယသည် ကားပေါ်မှ ဆင်းကာ ရေနွေးအိုးကို သွားပေးလိုက်ပြီးနောက် ဆိုင်ရှင်နှင့် စကားပြောနေသည်။အတန်ကြာမှ ကားပေါ်ပြန်တက်လာပြီး
“အကို ကျနော်နဲ့ အဘကတော့ နောက်ထပ်ကူညီပေးရမဲ့လူကို တွေ့ပြီ ဒီဆိုင်ကိုထိုင်တဲ့သူတိုင်း အန္တရာယ်တခုခုဖြစ်တယ်ဆိုတာ ဟုတ်လား “
“ဟုတ်တယ် ညီလေး “
“ပြန်ကြရအောင် ကျနော်တို့တော့ ဒီမှာ နေရဦးမယ် ထင်ပါတယ် “
“အဲ့တာဆို အိမ်မှာပဲ နေဖို့ ဆရာကြီးကို ပြောပေး ညီလေးရာ သွားစရာရှိရင် အကို လိုက်ပို့မယ် ညီလေး”
ကျော်ဇောသည် ထိုသို့ပြောရင်း ကားလေးကို မောင်းနှင်နေလေသည်။ဤသို့ဖြင့် သူတို့ နှစ်ယောက်သည် စကားတပြောပြောနှင့် အိမ်သို့ပြန်လာခဲ့ကြပါတော့သည်။
ဦးဖိုးဝေနှင့် သမ္မာဒေဝ သည်က ဤမျှသာ။မကြာမီ ဦးဖိုးဝေ နှင့် ဝိညာဉ်ဆိုင် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
မောင်တင်ဆန်း