” ဦးဖိုးဝေ နှင့် အောက်လမ်းဆရာလောဘ “(စ/ဆုံး)
=================================
◾အခန်း (၁)
ဦးဖိုးဝေ နှင့် သူရိယတို့သည် ကြာကန်ရွာလက်ခုပ်တောင်မှ ထွက်လာကြပြီးနောက်တွင် မည်သည့်နေရာသွားရမည်ကို မစဉ်းစားရသေးပေ။ဦးဖိုးဝေ၏ မူလအစီအစဉ်မှာ ကြာကန်ရွာကို ဒုက္ခပေးသောအောက်လမ်းဆရာအား လိုက်ရှာမည် ဖြစ်သည် ။ဦးဖိုးဝေ ပြောထားသည်ကို သိထားသော သူရိယသည်
“အဘ ကျနော်တို့ အောက်လမ်းဆရာကို ဘယ်လိုခြေရာခံကြမလဲ ”
“သူက ပညာရပ်သုံးပြီး ကိုယ်ဖျောက်သွားတာဆိုတော့ တို့လည်း ပညာရပ်သုံးကြတာပေါ့ သူ့ဆီကို တခါတည်း မရောက်နိုင်ပေမဲ့ သူရှိနေတဲ့ရွာ ဒါမှမဟုတ် မြို့ကို သိရမှာပဲ”
“ကျနော်လည်း စိတ်ဝင်စားတယ် အောက်လမ်းဆရာကို ဘယ်လိုခြေရာခံရမလဲဆိုတာ သိချင်တယ် ”
“သိရမှာပေါ့ကွယ် ”
ဦးဖိုးဝေသည် ထိုမျှသာပြောပြီး လမ်းဘေးရှိ ကျွန်းပင်တပင် ၏ အရိပ်အောက်သို့ ဝင်လိုက်လေသည်။ကျွန်းပင်အောက်ရောက်သောအခါ ဦးဖိုးဝေသည် တင်ပုလ္လင်ခွေထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။သိပ်မကြာခင်မှာပင် မျက်လုံးပြန်ပွင့်ပြီး ကောင်းကင်ကို မော့ကြည့်နေလေသည်။မကြာသောအချိန်တွင် သိန်းငှက်တကောင်သည် သူတို့၏ ဦးခေါင်းထိပ်မှ ပျံဝဲကာ အော်သံပေးပြီး မလှမ်းမကမ်းရှိ သစ်ပင်ထိပ်တွင် နားနေသည်ကို တွေ့ရလေသည်။ဦးဖိုးဝေသည် ထိုသိမ်းငှက်ကို ကြည့်ရင်း
“လူလေးရေ လမ်းပြကတော့ ရောက်လာပြီ ”
“ဘယ်မှာတုန်း အဘရ ”
“ဟိုး တို့ရှေ့ အပင်မှာ နားနေတဲ့ သိမ်းငှက်လေ ”
“ဗျာ အဲ့ဒီသိမ်းငှက်က ကျနော်တို့ကို လမ်းပြမှာ ”
“လူလေး သမာဓိကိုတည်ပြီး အဲ့ဒီ သိမ်းငှက်ကို ကြည့် ကြည့်လိုက် ဘာထူးလဲဆိုတာ လူလေး မျက်မြင်တွေ့လိမ့်မယ် ”
သူရိယသည် ဦးဖိုးဝေပြောသည့်အတိုင်း သမာဓိကို တည်ပြီး သိမ်းငှက်ကြီးအား ကြည့်လိုက်လေသည်။ထိုအခါ သိမ်းငှက်ကြီးသည် ရွေရောင်အလင်းတန်းများတောက်ပနေသည့် အတွက် ဦးဖိုးဝေ၏ ပညာဖြင့် လုပ်ထားသည်ကို သိလိုက်ရသည်။ထိုအခါ သူရိယသည်
“အဘ ဒီဟာကို ဘယ်လိုလုပ်လိုက်တာလဲ အဘ”
“အဓိက ကတော့ သစ္စာပေါ့ လူလေးရယ် လူလေးသာ သစ္စာရှိရင် နတ်မြတ်နတ်ကောင်းတွေရဲ့ အကူအညီကို ရလာလိမ့်မယ် ကဲ အခုတော့ အဘတို့ ခရီးဆက်ဦးစို့ ”
ဦးဖိုးဝေသည် ကျွန်းပင်အရိပ်မှ ထလိုက်ပြီး သိမ်းငှက်ကြီးကို ကြည့်လိုက်သည်။ထိုအခါ သိမ်းငှက်ကြီးသည် သူတို့ရှေ့မြင်ကွင်း မြင်သာသောနေရာမှ ပျံသန်းသွားလိုက် မျက်ခြေပြတ်မည်စိုး၍ စောင့်နေလိုက်နှင့် ဦးဖိုးဝေ နှင့် သူရိယသည် တို့လည်း ထိုသိမ်းငှက်ကြီး ပျံသန်းသွားရာနောက်သို့ လိုက်သွားပါတော့သည် ။
◾အခန်း (၂)
တောတောင်များဖြတ်သန်းပြီး သိမ်းငှက်ကြီး ပျံသန်းရာနောက်သို့လိုက်လာရာ ညနေအချိန်တွင် ရွာတရွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။ထိုရွာသည် ကျွန်းသစ်များအတော် ပေါများဟန်ရှိပြီး တွေ့ရသည့် အိမ်များသည် လူကြီးတဖက်ခန့်ရှိသည့် ကျွန်းတိုင်လုံးကြီးများဖြင့် ဆောက်ထားကြသည်။အိမ်တော်တော်များများမှာ သစ်လွင်နေပေ၏။ထိုရွာတွင် နွားများသိပ်မတွေ့ရပေ။ ဦးချိုလိန်နေသည့် ကျွဲပေါက်ကြီးများကိုသာအတွေ့များသည်။ကျွဲကြီးများသည် သာမာန်ထက် မဲနက်နေပြီး သာမာန်ကျွဲများထက်လည်း အကောင်ပိုကြီးကြသည်။များသောအားဖြင့် ထိုကျွဲများကို သစ်ဆွဲရာတွင် အသုံးပြုဟန် ရှိ၏။အဘယ်ကြောင့်ဆိုသော် ကျွဲများ၏ပုခုံးများသည် လိုတာထက်ပို၍ အသားမာတက်နေခြင်း(ကျွဲပခုံးထနေခြင်း)ကြောင့် ဖြစ်သည်။ထိုအချိန် ဦးဖိုးဝေ နှင့် သူရိယတို့၏ရှေ့ ခပ်မြင့်မြင့်မှပျံသန်းနေသော သိမ်းငှက်ကြီးသည်လည်း ထိုရွာသို့ရောက်သောအခါတွင် အသံလည်း မကြား အရိပ်အယောင်ကိုပင် မမြင်ရတော့၍ ဦးဖိုးဝေမှ သူရိယအားကြည့်ကာ
“လူလေးရေ ဒီရွာမှာ အဘတို့ တည်းပြီး အောက်လမ်းဆရာကို စုံစမ်းရမယ် ”
“အဘ ဒီမှာ တည်းခိုဖို့ရော အဆင်ပြေနိုင်ပါ့မလား ရွာသားတွေကို ကြည့်ရတာ ကျနော်တို့ကို သိပ်ကြည်ပုံမပေါ်ဘူးနော် ”
“အန္တရာယ်ပေးနိုင်မဲ့ အနေအထားတော့မတွေ့ဘူး လူလေး တရွာလုံး အဆိုးကြီးတော့ မဖြစ်နိုင်လောက်ပါဘူးကွယ် ”
“ဒီရွာက ကျယ်တယ် အဘ လူဦးရေလည်း များလောက်တယ် ဒီလောက် လူအများကြီးထဲမယ် ကောင်းတဲ့သူတော့ရှိအုံး မှာပါ ”
ဦးဖိုးဝေ နှင့် သူရိယသည် ရွာထဲရှိ ကျွဲများဆွဲသွားသော လူများ၏ အကြည့်ကြောင့် ပြောခြင်းဖြစ်သည်။ရွာသားများသည် လူစိမ်းဖြစ်သော သူတို့ နှစ်ယောက်အား မကြည်ဖြူသည့် မျက်နှာထားဖြင့် ကြည့်နေခြင်းကြောင့် ဦးဖိုးဝေသည် ရွာသားများ၏ အကြည့်ကို မသိကျိုးကျွန်ပြုပြီး
“လူလေး အဘတို့ မေ့နေတာ ဒီရွာမှာ ဘုန်းကြီးကျောင်းတော့ ရှိလောက်တယ် ”
“ကျနော်တို့ ဝင်လာတာ ရွာထိပ်ပိုင်းက လာတာလားအနောက်ကလား ”
“ရွာအနောက်ကလေ လူလေး ”
“အဲ့တာဆို ရွာထိပ်မှာ ဘုန်းကြီးကျောင်းရှိလောက်တယ် အဘ ”
“ပြောနေတာ ကြာတယ် သွားကြတာပေါ့ ”
ဦးဖိုးဝေ နှင့် သူရိယတို့ ရွာလမ်းအတိုင်းသွားနေစဉ် ရွာအပြင် လမ်းတနေရာ လှည်းမီးတိုတစီးပေါ်၌ သစ်လုံးတလုံးကိုတင်ထားပြီး ကျွဲတရှဥ်းမှာ အားကျိုးမာန်တက်ရုန်းနေသည်။သို့ပေမဲ့ လှည်းမှာ ရုန်းနိုင်ခြင်းမရှိ၍ လှည်းမောင်းသမားမှာ စိတ်ညစ်နေဟန်ရှိကာ ကျွဲနှစ်ကောင်အား ငေါက်ငမ်းပြီး ရုန်းထွက်နိုင်ရန် ကြိုးစားနေ၏။ထိုအချင်းအရာကို မြင်သော ဦးဖိုးဝေသည် သူရိယအားကြည့်ကာ
“လူလေးရေ သွားကူညီလိုက်ပါဦးကွာ ”
“ဟုတ်ကဲ့ပါ အဘ ”
သူရိယသည် ဦးဖိုးဝေ၏အနားမှ ထွက်လာကာ သူတို့နှင့် မလှမ်းမကမ်းရှိ သစ်လှည်းသို့ သွား၍ လှည်းသမားအား စကားဆိုလေသည် ။
“ဦးလေး ကျွဲတွေက မရုန်းနိုင်တော့ဘူးလားဗျ”
လှည်းသမားသည် သူရိယအား စူးစမ်းသလို တချက်ကြည့်လိုက်ပြီး
“ဟုတ်တယ် ငါ့တူ အရေးကြီးတယ်ဆိုရင် ဖြစ်ပြီ လှည်းတွေက အမြဲသွားတော့ လမ်းက ဆိုးနေတာရယ် အခု တင်လာတဲ့ သစ်က တော်တော်ကြီးတော့ အလေးချိန်များပြီး မရုန်းနိုင်တာထင်တယ် ”
“ကျနော် ကူညီမယ် ”
“မင်း တယောက်တည်းတော့ ကူညီနိုင်မှာ မဟုတ်ဘူး မရရင်တော့ နောက်ထပ်ကျွဲတရှဉ်း ထပ်ခေါ်ရမယ် ထင်တယ် ”
“ရပါတယ်ဗျာ ကျနော်ကူညီပါ့မယ် ”
သူရိယသည် ထို့သို့ပြောပြီး မောဟိုက်နေသော ကျွဲကြီးနှစ်ကောင် အနားသို့သွားလိုက်သည်။ထိုအခါ လှည်းသမားကြီးသည်
“ဟေ့ ဟေ့ ကောင်လေး ကျွဲတွေအနားမသွားနဲ့ အဲ့ဒီကျွဲတွေက ခတ်ချင်တယ် ”
သို့ပေမဲ့ သူရိယသည် ကျွဲများအနားရောက်နေပြီ ဖြစ်သည်။ လှည်းသမားသည် သူ၏ ကျွဲများ သူရိယအား မခတ်နိုင်စေရန် ကျွဲဇက်ကြိုးကို တင်းထားလိုက်လေသည်။ထိုအခါ သူရိယသည်
“ဦးလေး ကျွဲကြိုးကို လျော့လိုက်ပါဦး ”
“မင်းခတ်ခံရမှာဆိုးလို့ကွ ”
“ရပါတယ်ဗျာ ကြိုးကိုသာလျော့လိုက် ဦးလေး”
“မင်းက ဘာလုပ်ချင်လို့လဲကွ”
“ကြိုးကို လျှော့သာ လျော့လိုက်ပါ ဦးလေးရာ ”
“အဲ့တာဆိုလည်း ပြီးတာပဲကွာ ”
လှည်းသမားကြီးသည် စိတ်မရှည်ဟန်နှင့် ကျွဲဇက်ကြိုးကို လျှော့ပေးလိုက်လေသည်။သို့ပေမဲ့ ကျွဲများမှာ သူရိယအား ရန်လိုခြင်းအလျဥ်းမရှိသောအခါ လှည်းသမားကြီးမှာ အံ့ဩနေလေ၏။သူ၏ကျွဲပေါက်နှစ်ကောင်သည် သူကလွဲ၍ မည်သူမျှ သူတို့ဦးခေါင်းအနား အကပ်မခံပေ။ယခုလို အားကြိုးမာန် တက် ရုန်းနေရချိန်ဆို ပိုပြီး စိတ်ဆတ်ကာ ရန်မူချင်၏။ယခုတွင်တော့ လူစိမ်းကောင်လေးသည် သူ၏ကျွဲရှေ့လှည်းဦးတွင် ရပ်နေပါသော်လည်း ရန်ပြုခြင်းအလျင်းမရှိ၍ အံ့ဩနေမိသည် ။ထိုအချိန် လှည်းထိပ်တွင်ရှိသော သူရိယသည် သူ၏ မျက်လုံးကို မှိတ်ပြီး ကျွဲကြီးများ၏ ဦးခေါင်းကို ပွတ်သပ်ပေးနေ၏။သူရိယ ထိုသို့ပြုလုပ်နေသည်ကို လှည်းပေါ်မှ လှည်းသမားကြီးသည် ကြောင်ငေးကြည့်နေလေ၏။ ထို့နောက် သူရိယသည် မျက်လုံးကို ဖွင့်လိုက်ပြီး
“ဝဋ်ရှိသ၍တော့ ခံရဦးမှာပေါ့ကွာ ကဲ ရုန်းလိုက်ကြပါဦး ”
ကျွဲကြီးနှစ်ကောင်သည် သူရိယ၏ စကားကို နားလည်သည့် အလား တချက်ကြည့်ကာ လှည်းသမား မမောင်းရပါပဲ သူ့အလိုလိုရုန်းလေတော့သည်။ကျွဲကြီးနှစ်ကောင်သည် ယခုအချိန်တွင်တော့ အတော်ကို သန်မာနေသည်။နွံထဲမှ ရုန်းထွက်သွားသည်မှာ လှည်းအခွံလေးအား ရုန်းသကဲ့သို့ ရုန်းလိုက်သည့် အတွက် လှည်းသမားကြီး အံ့ဩနေလေ၏။အချိန်အတန်ကြာအောင် ရုန်း၍မရသည့်ယခုလိုလမ်းဆိုးတွင် ကျွဲများအား ရုန်းနိုင်စေသည်မှာ သာမာန်တော့ မဟုတ်နိုင်သည်ကို သူသတိထားမိသည်။သူရိယသည် ကျွဲကြီးများ သစ်လှည်းကို အောင်မြင်စွာ ရုန်းကန်နိုင်သွားသောအခါ တချက်ပြုံးလိုက်ပြီး ဦးဖိုးဝေ၏ အနားသို့ ပြန်သွားကာ ဘုန်းကြီးကျောင်းရှိနိုင်မည့် ရွာထိပ်သို့ သွားရန် ခြေလှမ်း ပြင်လိုက်ချိန်
“ငါတူ ငါ့တူ ခဏနပေါဦး ”
လမ်းကောင်းသို့ ရောက်သွားသော လှည်းသမားကြီးသည် လှည်းကို ရပ်ပြီး လှည်းပေါ်မှ ဆင်းကာ ဦးဖိုးဝေ နှင့် သူရိယ အနားသို့ ခပ်မြန်မြန် လမ်းလျှောက်လာရင်း လှမ်းအော်ခေါ် နေသည်။ထို့အတွက် ဦးဖိုးဝေ နှင့် သူရိယသည် ရှေ့ဆက်မသွားသေးပဲ လှည်းသမားအား စောင့်နေလိုက်ပြီး အနားရောက်လာသောအခါ
“နေပါဦးဗျ ငါ့တူ နဲ့ ဒီက မိတ်ဆွေကြီးက ဘယ်ကိုသွားကြမလို့လဲ ”
“ရွာထိပ်မှာ ဘုန်းကြီးကျောင်းရှိမလားလို့ သွားကြည့်မလို့ပါ ဦးလေး ”
“အဲ့တာဆိုရင်တော့ မသွားနဲ့တော့ ကျုပ်တို့ ရွာမှာ ရွာဦးကျောင်းမရှိဘူး ဒီကနေ နာရီဝက်လောက် လမ်းလျှောက်ရတဲ့ အင်တိုင်းတောထဲမှာပဲ တောရကျောင်းရှိတာ ဒီက အလှုလုပ် ချင်တဲ့ ရွာသားတွေလည်း အဲ့ဒီကျောင်းမှာပဲ သွားလုပ်ကြတာ ”
“အင်း အဲ့ဒီလိုဆိုရင်တော့ ခက်ပြီ လူလေးရေ ”
လှည်းသမား၏ စကားကြောင့် ဦးဖိုးဝေသည် သူ၏ ဘေးတွင်ရှိသော သူရိယအား ကြည့်၍ ညည်းတွားလိုက်ရာ လှည်းသမားမှ
“ဘာဖြစ်လို့လဲ မိတ်ဆွေကြီးရဲ့ ဘာတွေ အခက်တွေ့နေလို့လဲ ပြောစမ်းပါဦးဗျ ”
“ဒီရွာမှာက အသိမရှိတော့ ရွာဦးကျောင်းရှိရင် ရွာဦးကျောင်း ဆရာတော်ကို လျှောက်ထားပြီး တည်းခိုမလို့ မိတ်ဆွေရေ ”
“အော် အဲ့ဒီလိုလား အဲ့ဒါဆိုရင်တော့ ပူမနေနဲ့ ကျုပ်အိမ်လိုက်ခဲ့ဗျာ ကျုပ်အိမ်က မပြည့်စုံပါဘူး ကျုပ်တို့လို စားနိုင် ကျုပ်တို့လို နေနိုင်ရင်တော့ အဆင်ပြေမှာပါ ”
“အဆင်ပြေပါတယ် ကျုပ်နဲ့ ကျုပ် မြေးကလည်း ကိန်းကြီး ခန်းကြီးတွေ မဟုတ်တော့ရပါတယ် ကူညီပေးတာကိုပဲ ကျေးဇူး တင်နေပါပြီ ”
“ကဲ ကဲ အဲ့တာဆိုရင်လည်း ကျုပ် လှည်းပေါ်တက်ဗျာ ”
“လှည်းပေါ်တော့ မတက်တော့ဘူး လှည်းနောက်ကနေပဲ လိုက်ခဲ့ပါ့မယ် ”
“အင်း အဆင်ပြေသလိုသာ လိုက်ခဲ့ပေါ့ဗျာ ”
လှည်းသမားသည် ဦးဖိုးဝေ နှင့် သူရိယကိုခေါ်ပြီး လှည်းပေါ်တက်သွားလေသည်။သူတို့နှစ်ယောက်သည်လည်း လှည်းထွက် သွားသည်နှင့် နောက်မှ လိုက်ပါသွားပါတော့သည်။
◾အခန်း (၃)
ကျွဲနှစ်ကောင်ဆွဲသော သစ်လှည်းလေးသည် ရွာလယ်လမ်း အတိုင်း သွားနေသည်။ထိုလှည်း၏ နောက်တွင် ဦးဖိုးဝေ နှင့် သူရိယ တို့လမ်းလျှောက်ကာ လိုက်လာနေသည်။သစ်လှည်းလေးသည် အိမ်ဝိုင်းတ၀ိုင်း၏ အနားသို့အရောက် ရပ်တန့်လိုက်ပြီး လှည်းမောင်းသူသည် ဦးဖိုးဝေ နှင့် သူရိယတို့အား နောက် ပြန်လှည့်ကြည့်ကာ
“မိတ်ဆွေကြီးနဲ့ တူလေး ဒီအိမ်က ကျုပ်အိမ်ပဲ အိမ်ထဲမှာ နားပါဦး ကျုပ်ရွာနောက်ပိုင်းကို သစ်လုံးသွားချပြီးမှ ပြန်လာခဲ့မယ် ဟေ့ မိဝေရေ ဒီမှာ ငါ့ဧည့်သည်တွေ ပါတယ် ”
လှည်းသမားသည် ဦးဖိုးဝေတို့အား စကားဆိုရင်း အိမ်ထဲသို့ လှမ်းအော်ကာ တဆက်တည်း စကားဆိုလိုက်လေသည်။လှည်းသမား စကားဆုံးသည်နှင့် အိမ်ထဲမှ အမျိုးသမီးတဦး၏ အသံမှာလည်း တပြိုင်တည်း ပေါ်လာသည်။
“အော် ဟုတ်လား အိမ်ထဲဝင်ခိုင်းလိုက်လေ ကိုသာဗျော ”
“အေး အေး နင်သေချာဧည့်ခံထားနှင့်နော် ”
“စိတ်ချပါတော် ”
လှည်းသမားသည် ဦးဖိုးဝေတို့အား အိမ်ထဲသို့ဝင်စေကာ လှည်းကို မောင်းထွက်လို့ သွားပြီဖြစ်၏။ဤသို့ဖြင့် ဦးဖိုးဝေတို့ အိမ်ထဲဝင်ချိန် ရေနွေးလင်ပန်းကို တန်းလျားစားပွဲတွင် အဆင်သင့်ပြင် စောင့်နေသော အမျိုးသမီးကြီးမှာ ကောင်းမွန်စွာ ဧည့်ခံကြိုဆိုလေ၏ ။
“ကြွပါ ကြွပါ ရေနွေးကြမ်းလေးသုံးဆောင်ပါဦး ”
“ရပါတယ် ကျုပ်တို့အတွက် အလုပ် မပိုပါနဲ့ လုပ်စရာရှိတာသာ လုပ်ပါ ”
ဦးဖိုးဝေသည် တန်းလျားတွင်ထိုင်ပြီး သူတို့ တည်းမည့်အိမ်လေးကို အကဲခတ်ကြည့်လိုက်သည်။ပုံမှန် သစ်လုံးဝိုင်းလေး များနှင့်သာဆောက်ထားသော ယခုအိမ်သည် ချမ်းသာသည့် လူတန်းစာတော့ မဖြစ်နိုင်ပေ။ခြံဝန်းမှာလည်း တခြားသောသူများ ၏ ခြံနှင့်ယှဉ်ပါက အတော်ကို ကျဉ်းသည်ဟု ဆိုရမည်။ ထို့နောက်သိပ်မကြာသောအချိန်တွင် လှည်းသမား ဦးသာဗျော လှည်းအခွံကို မောင်းပြီး အိမ်ဝိုင်းထဲသို့ဝင်လာလေသည်။လှည်းကို ရပ်လိုက်ပြီး ကျွဲများကို တင်းကုတ်တွင် ချည်ကာ ဦးဖိုးဝေ နှင့် သူရိယ ထိုင်နေသော တန်းလျားစားပွဲသို့ လာပြီး
“မိတ်ဆွေကြီးတို့ ထမင်းလည်းစားရသေးပုံမပေါ်ဘူး ကျုပ် ကြက်လေးတကောင်လောက် ရိုက်လိုက် ”
“မလုပ်ပါနဲ့ မိတ်ဆွေ ကျုပ်တို့က မြင်သားကြားသားတွေ မစားဘူးဗျ”
“ဘာဟင်းချက်လည်းတော့ မသိဘူး ခဏနေ ထမင်းပြင်ပေးမယ်ဗျာ အဲ့တာဆိုလည်း ရှိတာနဲ့ပဲ စားလိုက်ကြတာပေါ့ ”
လှည်းသမားကြီးသည် ပြောပြောဆိုဆို အိမ်ပေါ်တက်သွားပြီး သူ၏ မိန်းမဖြစ်သူအား ထမင်းပွဲပြင်ဆင်ခိုင်းလေသည်။ ဟင်းသည် အချဉ်ဟင်း ငါးပိထောင်း နှင့်သာဖြစ်၍ အိမ်ရှင် အမျိုးသမီးကြီးမှာ အတော်ကို အားနာနေလေသည်။ထို့ကြောင့် ထမင်းစားချိန်တွင် အမျိုးသမီးကြီးမှာ
“အားနာလိုက်တာရှင် ကျမတို့က ဧည့်သည်တွေကို ဧည့်ဝတ်မ ကျေသလို ဖြစ်နေပြီ ”
“မဟုတ်တာဗျာ ဒီလောက်က အဆင်ပြေပါပြီ ထမင်းဆာနေတဲ့အချိန် ဘယ်ဟင်းနဲ့ ဖြစ်ဖြစ် စားကောင်းပါတယ် ”
“ဟုတ်တယ် အရီးရေ အချဉ်ဟင်း ငါးပိထောင်း နဲ့ စားရဝာာ အတော်ကို ကောင်းပါတယ်ဗျ”
အားနာနေသော အိမ်ရှင်လင်မယားဟည် ဦးဖိုးဝေ နှင့် သူရိယ ၏ ပြောစကားများကြောင့် အနည်းငယ် စိတ်သက်သာရာ ရဟန် နှင့် ပြုံးလာ၏။ထမင်းစား၍ ပြီးသောအခါ အိမ်အောက် တန်းလျားစားပွဲတွင် ရေနွေးကြမ်းသောက်ရင်း စကားစမည် ပြောကြသည် ။ ဦးဖိုးဝေသည် အိမ်ရှင်လှည်းသမား ဦးသာဗျောအား စကားဆိုလေ၏။
“ဒီက မိတ်ဆွေနာမည် ဦးသာဗျော နော် ”
“ဟုတ်ပါတယ် ”
“ကျုပ်တို့က အထက်လမ်း ဆရာတွေပါ ဒီက ကျုပ်တပည့် သူရိယလို့ ခေါ်ပါတယ်။ကျုပ်နာမည်ကတော့ ဦးဖိုးဝေလို့ခေါ်တယ် ”
“ဒီက တူလေးလေ ကျုပ်ကျွဲတွေကို လှည်းရုန်းလို့ရအောင်လုပ်ပေးလိုက်ကတည်းက ဆရာကြီးတို့က သာမာန်လူတွေ မဟုတ်ဘူးဆိုတာ ကျုပ် သတိထားမိပါတယ် ”
“ဒီကို လာတာက အကြောင်းတခု ရှိတယ် ဦးသာဗျောရဲ့ ကျုပ်တို့နေခဲ့တဲ့ရွာမှာ အောက်လမ်းဆရာတယောက် နှောက်ယှက်သွားတယ် အဲ့ဒီအောက်လမ်းဆရာ ဒီဘက်မှာ ရှိနိုင်လို့ လိုက်လာတာပါ ”
“ကျုပ်တို့ ကျွဲတောရွာမှာတော့ မရှိဘူးထင်တယ် ”
” သူ့မှာ တပည့်တွေ လေး၊ငါးယောက်ပါတယ် သူတပည့်တွေက ထူးထူးဆန်းဆန်း သျှောင်ထုံးတွေနဲ့ဗျာ အောက်လမ်းဆရာက မျက်နှာမှာ ကျောက်ပေါက်မာတွေ နဲ့ ဦးသာဗျောရ ”
“ဗျာ ကျောက်ပေါက်မာနဲ့ ပြီးတော့ သူတပည့်တွေက သျှောင် ထုံးတွေ နဲ့ ဟုတ်လား ”
“ဟုတ်တယ် ဗျ”
“အဲ့တာဆိုရင်တော့ ဦးလောဘပဲ ထင်တယ် လွန်ခဲ့တဲ့ရက် ပိုင်းလောက်က ကျုပ်တို့ ရွာကို ဆရာကြီး ပြောတဲ့ပုံစံနဲ့ လူတွေလာတယ် နာမည်ကတော့ ဦးလောဘတဲ့ သူက သစ်တွေလာဝယ်တာဗျ သူပေးတဲ့ ဈေးက အတော်ကို နည်းပါတယ်။နည်းဆို အရင်းတောင် မရှိဘူး ဆရာကြီးရေ အဲ့တာ သစ်ပိုင်ရှင်တွေက လည်း မရောင်းဘူးပေါ့ဗျာ နောက်ထပ်တော့ ရောက်မလာသေးဘူး။ကျုပ် သစ်ဆွဲနေတဲ့အချိန် ဦးလောဘ လာတာဆိုတော့ ကျုပ်အလုပ်ရှင် နဲ့ သူ နဲ့ ပြောနေတာတွေ ကြားခဲ့ရတယ် ”
“ဟုတ်လား ပြောစမ်းပါဦး ဦးသာဗျော ”
“နောက်တပတ်အတွင်း ပြန်လာမယ်တဲ့ သူပြောတဲ့ဈေးနဲ့ မရောင်းဘူးဆိုရင် သူ့အကြောင်း သိစေရမယ်တဲ့ဗျာ ဒီလူက ခြိမ်းခြောက်သွားတာ ”
“အဆင်သင့်တာပဲ ကျုပ်လည်း ဒီအောက်လမ်း ဆရာကို နှိမ်နင်းဖို့ ရောက်လာတာ ဒီတခေါက် ဒီကောင်ကို မပြေးနိုင်အောင်လုပ်ပြီး သူရဲ့ ပညာတွေဖျက်ဆီးပစ်ရမယ် ”
ဦးသားဗျော နှင့် သူ၏ ဇနီးသည်တို့သည် ဦးဖိုးဝေပြော စကားကို နားလည်ဟန်မရှိပါ။ထို့နောက် အာလာပသလာပ စကားများကိုသာဆိုရင်း ရေနွေးကြမ်းသောက်နေကြပါတော့သည်။
◾အခန်း (၄)
ကျွဲတောရွာ၏ သစ်ပိုင်ရှင်များသည် သူတို့၏ တောင်လိုပုံ ထားသော သစ်ပုံကြီးများအနီးတွင် ထိုင်ရင်း သစ်ဈေး နှင့် သူတို့ လုပ်ငန်းအကြောင်း စကားဖောင်ဖွဲ့ နေကြသည်။ကျွဲတောရွာတွင် ဆယ်ဦးခန့်သာရှိသောရွာသားများသည် သစ်ထုတ်၊သစ်ပွဲစားများဖြစ်ကြပြီး ကျန်သောရွာသားများမှာ သစ်တိုက်ရသော ကျွဲသမားအလုပ်သမားများဖြစ်ကြသည်။သစ်ပေါသောဒေသဖြစ်သောကြောင့် သစ်တိုက်သမားများပင်လျှင် အိမ်ကြီး အိမ်ကောင်း နှင့် နေနိုင်သလို အိမ်အဟောင်းကို ရောင်းပြီး အိမ်အသစ်ချက်ခြင်းဆောက်ကာ အရောင်းအဝယ်လုပ်နေကြသော ရွာသားများလည်းရှိကြသည်။တချို့နယ်များသည် သစ်ကို အသစ် ထက် သစ်အဟောင်းကိုပင် ပို၍ ဝယ်ကြသည်။လမ်းခရီး၌ သယ်ယူရာတွင် အဟောင်း နှင့် အသစ်ဆိုလျှင် အဟောင်းသည် သယ်ယူရသည်မှာ သာ၍ လွယ်ကူသော ကြောင့်ဖြစ်၏။ထိုအခြေအနေကို သိသော ကျွဲတောရွာသားများသည် အိမ်ဆောက်လိုက် ရောင်းလိုက် လုပ်နေခြင်းဖြစ်သည်။သို့ပေမဲ့ ဆယ်ဦးသော သစ်ပွဲစားကြီးများ၏ အရောင်းအဝယ် နှင့် ယှဉ်လျှင် မိုးနှင့် မြေပမာ ကွာခြားနေဆဲ ဖြစ်၏။ယခု ကျွဲတောရွာ၏ သစ်လုပ်ငန်းရှင်သူဌေးများသည် သူတို့၏ သစ်ကွင်းထဲတွင် ရေနွေးကြမ်းသောက်ရင်း စကား ပြောနေကြသည်။ထိုအချိန်တွင် သျှောင်ထုံးနှင့်လူလေးယောက် ခြံရံလျက် ကျောက်ပေါက်မာဗရပွနှင့် အောက်လမ်းဆရာ ဦးလောဘ ရောက်လာလေသည်။ဦးလောဘသည် ရယ်ပွဲ ဖွဲ့ကာ စကားဆိုနေသော ကျွဲတောရွာ၏ မျက်နှာဖုံး သူဌေးများကို ကြည့်ရင်း
“ဟေ့ သစ်သူဌေးတွေ ဘယ်လိုလဲ ငါ ပြောတဲ့ ဈေးနဲ့ ရောင်းဖို့ အဆင်သင့်ဖြစ်ပြီလား ”
“လာပြန်ပြီစလား ဒီအရူးကြီး မင်းပေးတဲ့ဈေးက ငါတို့ သစ်တွေ ဆွဲတဲ့ ကျွဲငှားခတောင် မရှိဘူး ငါတို့က ရူးနေလို့ ရောင်းရမှာလား သွားစမ်းကွာ ”
“ဟေ့ကောင်တွေ မင်းတို့ကို ငါက အခွင့်အရေးပေးထားတာနော် တောင်းဆိုနေတာ မဟုတ်ဘူး ”
“ဟေ့ကောင် ဟိုဘက်က လွှဆွဲနေတဲ့ ကောင်တွေ လာစမ်း ”
ကျွဲတောရွာ သစ်သူဌေးများထဲမှ လူကြီးတယောက်သည် တောအုပ်အတွင်းသို့ မျက်နှာမူပြီး အော်လိုက်သည် နှင့်တပြိုင် နက် လေးကင်းဓားများ နှင့် သံတရွင်းများကို ထမ်းလာသော သစ်ဆွဲသမားများ ရောက်လာကြသည်။ထိုသူများသည် သူဌေးများအနီးသို့ ရောက်သောအခါ
“သူဌေး ဘာဖြစ်လို့လဲဗျ”
“ဒီမှ ဟိုတလောကလာတဲ့ အရူးကြီးအဖွဲ့ လာနှောက်ယှက်နေလို့ဟေ့ ရွာအပြင် လိုက်ပို့လိုက်စမ်း”
“စိတ်ချ ကျုပ်တို့ လုပ်လိုက်မယ် ”
သစ်ဆွဲသမားများသည် အောက်လမ်း ဆရာလောဘတို့ အဖွဲ့အနားကပ်လာချိန် အောက်လမ်းဆရာလောဘမှ သစ်ဆွဲသမားများ ကို လက်ညိုးထိုးပြီး ခပ်မာမာ စကားဆိုလေသည်။
“မင်းတို့က တယ်သတ္တိရှိနေတယ်ပေါ့ မကြာခင် ငါ ဘာကောင်လဲဆိုတာ မင်းတို့ သူဌေးတွေရော မင်းတို့ရော သိစေရမယ် ”
ဦးလောဘသည် ထိုသို့သာပြောပြီး သူ၏ တပည့်များကို ခေါ်ကာ ထိုနေရာမှ ထွက်သွားလေသည်။ကျန်ခဲ့သော သစ်သူဌေး နှင့် သစ်ဆွဲသမားများသည် ထွက်သွားသော ဦးလောဘ နှင့် အပေါင်းအပါများကို ကြည့်ကာ ဟားတိုက်၍ ရယ်မောနေကြပါလေတော့သည် ။
◾အခန်း (၅)
ဦးလောဘ နှင့် အပေါင်းအပါများ ပြန်သွားပြီး မကြာခင်မှာပင် သစ်ပွဲစားများလည်း အိမ်သို့ ပြန်သွားကြသည်။သစ်ဆွဲ လွှဆွဲသည့် လုပ်သားများလည်း နေမဝင်သေး၍ လုပ်ငန်းခွင် ဝင်နေဆဲ ဖြစ်သည်။လွှစင်တစင်တွင် မောင်တိုး နှင့် မြင့်ဦးတို့ လွှဆွဲနေကြသည်။ မောင်တိုးသည် အောက်မှ ဆွဲကာ မြင့်ဦးမှာ အပေါ်ဘက်မှ လွှဆွဲနေချိန် ဖြစ်သည်။ရယ်ရယ်မောမော နှင့် စကားပြောရင်း အလုပ်လုပ်နေရင်း လွှစင်အောက် မြေကျင်းထဲမှ မောင်ပုသည် လွှဆွဲနေရင်း ရုတ်တရက် ရပ်လိုက်သဖြင့် မြင့်ဦးမှ မကျေမနပ် စကားဆိုလေသည် ။
“ဟေ့ကောင် မောင်ပု ဘာဖြစ်လို့ ရပ်လိုက်တာလဲ ခွီးတဲ့မှပဲ လွှ သမားဖြစ်ပြီးတော့ ရပ်တော့မယ်ဆို အသိပေးမှပေါ့ဟ ”
မောင်ပုသည် စကားပြန်ပြောခြင်း မရှိသလို ဆွဲထားသော လွှကိုလည်း မလွှတ်ပဲ တင်းထားရာ မြင့်ဦး ပို၍ စိတ်တိုလာပြီး သူ့ထက်ငယ်သည့် မောင်ပုအား ငေါက်ငမ်းမည်ဟုတွေးပြီး လွှစင် အောက်ကို ငုံ့ကြည့်လိုက်ရင်း
“ဟေ့မောင်ပု မင်းဘာဖြစ်နေတာလဲ လာထိုးလိုက်ရ ”
ဘေးလွှစင်မှ လူများလည်း သူတို့၏ လွှဆွဲသံကို ကျော်ပြီး ကျယ်လောင်စွာထွက်ပေါ်လာသော မြင့်ဦး၏ အသံကြောင့် လွှဆွဲနေသည်ကို ရပ်လိုက်ပြီး နားစွင့်နေကြသည်။မောင်ပုသည်ခေါင်းငုံ့ထားပြီး လွှကိုသာ ကိုင်မြဲကိုင်ထား၏။ထိုသို့ ရပ်နေသော မောင်ပုအား စိတ်မရှည်ဖြစ်ကာ မြင့်ဦးသည် လွှစင်ပေါ်မှ ဆင်းကာ မြေကျင်းထဲရှိ မောင်ပုအနားသွားကာ ခေါင်းကို ဆွဲ မော့လိုက်ချိန်တွင်တော့ မျက်လုံးတို့သည် မဲနက်နေပြီး သူ့အား ပြုံးပြကာ
“လွှဆွဲတယ်ဆိုတာ ဒီလို ဆွဲရတာ မဟုတ်လား ”
“အား ”
မောင်ပုသည် မြင်ဦး၏ လက်ကိုဖမ်းဆုပ်ကာ ကိုင်ထားသော လက်တဖက်ဖြင့် သူ၏လွှအား ဆွဲလိုက်ခြင်း ဖြစ်သည်။အသွား ထက်အောင် တံစဉ်းဖြင့် သွေးထားသော ငါးမန်းလွှသည် မြင့်ဦး၏လက်ကို အကြောင်းလိုက် ပြတ်ရှသွား၍ နာကျင်စွာ အော်လိုက်ခြင်း ဖြစ်၏။ထိုအချင်းအရာကို မြင်သော တခြားလွှစင်မှ အလုပ်သမားများသည် ကြောင်ငေးနေရင်းမှ သတိရလာပြီး
“ဟေ့ ဟေ့ မြင့်ဦးကို အပေါ်တင် ဟိုကောင်မောင်ပု ဘာဖြစ်တာတုန်းဟ ဆွဲထားကြစမ်းပါ ဘာတွေ အမှားလုပ်ထားကြလဲ ကွာ တောထဲမှာ ”
“မသိပါဘူးဗျာ ဒီညနေမှ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး ဟိုကောင်တွေ လှမောင်တို့အဖွဲ့လည်း အစောကမှ ရန်ဖြစ်ပြီး ရိုက်ကုန်လို့ ခေါင်းကွဲကုန်ပြီ ”
“အဲ့တာတွေ နောက်မှ ပြောဟေ့ အခု မောင်ပုကို ချုပ်ထား မြင့်ဦးကို အပေါ်တင်ကြ ”
အသက်အကြီးဆုံး လွှသမားကြီးတဦးမှ ခိုင်းလိုက်ရာ ကျန်သူများသည်လည်း သူပြောသလို လုပ်လိုက်ကြသည်။မောင်ပုသည် လူလေးယောက်ဆွဲထားသည်ကိုပင် မရ ဟားတိုက်ရယ်မောကာ လေးကင်းဓားရှိရာသို့ သွားနေသောကြောင့် ကြိုးများဖြင့် ခက်ခက်ခဲခဲ ချည်ထားလိုက်ရလေသည်။ထိုညနေသည် လွှသမားများအတွက် အတော်ကို ဆိုးဝါးသည့် ညနေဖြစ်မည်ဟု ထင်သည်။ထို့ကြောင့် အလုပ်မလုပ်တော့ပဲ သစ်ပွဲစားများအိမ်သို့ သွားလိုက်ကြပါတော့သည် ။
◾အခန်း (၆)
“သူဌေး ဗျို့ သူဌေး ဆင်းခဲ့ဦးဗျို့ လွှစင်မှာ ပြဿနာတွေ တက်နေပြီ ”
“မင်းတို့ ပြဿနာ အသာထားဦး ဒီမှာ ငါ့မိန်းမ နဲ့ ငါ့သား ဘာဖြစ်လည်း မသိဘူးကွ”
ထိုညနေသည် သစ်ပွဲစား နှင့် သစ်လုပ်သားများ အတော်ကို ဒုက္ခရောက်နေသော အချိန်ဖြစ်သည်။ထို့ကြောင့် သစ်ပွဲစားများနှင့် လွှဆွဲအလုပ်သမားများ စုဝေးပြီး ပြဿနာ၏ အရင်းအမြစ်ကို ဆွေးနွေးကြသည်။အများစုမှာ
“ဒါ ဦးလောဘဆိုတဲ့ လူကြီးရဲ့ လက်ချက်ဖြစ်မယ် ကျုပ်တို့ အဲ့လူကြီးကို သစ်တွေ ရောင်းမှ ဖြစ်မယ် ထင်တယ် ”
“သစ်တွေ သူပြောတဲ့ ဈေးနဲ့ ရောင်းရင် ငါတို့က ဘယ်လိုရပ်တည်ရမှာလည်း သူက အကုန်ဝယ်မှာလေကွာ ”
“ခင်ဗျား အိမ်ကလူတွေ ဘာမှ မဖြစ်ဘူးလား ကျုပ်မိန်းမ နဲ့ သားကတော့ သွေးတွေတောင် အန်နေပြီဗျ”
“ငါလည်း တူတူပါပဲ ”
ကျွဲတောရွာသားများ အတော်ကို ဒုက္ခများနေပေပြီ။အလုပ် သမားများလည်း ဆက်၍ အလုပ်မလုပ်ရဲတော့ပေ။သစ်ပွဲစားများသည်လည်း သူတို့၏ မိသားစုဝင်များ နာကျင်ခံစားနေရသည်ကို မကြည့်ရက်နိုင်ပဲ သစ်ရောင်းဖို့သာ ဆုံးဖြတ်ချက် ချလိုက်ပြီး စိတ်ညစ်ညစ် နှင့် ထိုင်နေစဉ် သစ်လှည်းသမား ဦးသာဗျောသည် ဦးဖိုးဝေနှင့် သူရိယတို့ကို ခေါ်ကာ ရောက်လာ၏ ။ထို့နောက် သစ်ပွဲစား သူဌေးများအား စကားဆိုလေသည် ။
“ကဲ သူဌေး ခင်ဗျားတို့ အခက်အခဲကို ကူညီနိုင်တဲ့သူတွေကိုကျုပ် ခေါ်လာတယ်”
“ကိုသာဗျော မဟုတ်တာတွေ မပြောနဲ့ဗျာ ကျုပ်တို့ အကုန် စိတ်တွေညစ်နေတယ် ”
“တကယ်ပြောတာ ခင်ဗျားတို့ကို အောက်လမ်းအတတ်နဲ့ တိုက်ထားတာ ”
“အဲ့တာတော့ ကျုပ်လည်း သိတယ် ဟိုရုပ်ဆိုး လောဘဆိုတဲ့ကောင် လုပ်ထားတယ်ဆိုတာလည်း သိတယ် ”
ဦးသာဗျော နှင့် သူဌေးများ စကားပြောနေစဉ် ဦးဖိုးဝေသည် ထိုစကားဝိုင်းအတွင်းသို့ ဝင်၍ စကားဆိုလေသည် ။
“မိတ်ဆွေတို့ အချိန် အများကြီး ကြာလို့ မရဘူး ဝေဒနာခံစားနေရတဲ့သူတွေ အချိန်နဲ့ အမျှခံစားနေရတာ ”
“ကျုပ်တို့က ဘာလုပ်ပေးဖို့လိုလဲ ”
“သောက်ရေတအိုးပဲ လိုပါတယ် ”
“ကဲတယောက်လောက် ဒီက ဆရာကြီးလိုတဲ့ ရေအိုးကို ယူပေးလိုက်ဟေ့ ”
သူဌေးတဦးမှ ခိုင်းလိုက်သောအခါ အလုပ်သမားတဦးမှ သောက်ရေအိုးအား ဦးဖိုးဝေ၏ ရှေ့စားပွဲခုံတွင် တင်ပေးလိုက် ၏။ဦးဖိုးဝေသည် ရေအိုးကို လက်ဖြင့်ကိုင်ရင်း မျက်လုံးကို မှိတ်ကာ သစ္စာအဓိဋ္ဌာန်ပြုလိုက်ပြီး ဦးသာဗျောအား အနားလာစေ၍
“ကဲ ဦးသာဗျော ဝေဒနာ ခံစားနေရသူတွေကို တိုက်လိုက်ပါ ပြီးတော့ အလုပ်သမားတွေကိုလည်းတိုက်ပါ စိတ်ပုံမှန် မဟုတ်တဲ့ သူတွေကိုတော့ အရင်တိုက်ပါ ”
“ဟုတ်ကဲ့ ဆရာကြီး ”
ဦးသာဗျောသည် ကြိုးနှင့် တုပ်ထားသော မောင်ပုအား ပထမဆုံးတိုက်လိုက်ရာ မဲနက်နေသောမျက်လုံးတို့သည် ချက် ခြင်းကြည်လင်လာကာ သူ့အားကြိုးတုပ်ထားသည်ကိုပင် အံ့ဩနေလေ၏။ထို့နောက် ဦးသာဗျောသည် အချိန်မဆွဲပဲ သူဌေးများ၏ မိသားစု၀င်များအား ရေတိုက်လိုက်ရာ အော်ဟစ်ငိုယိုညည်းတွားနေသော သူများသည် ချက်ချင်းပျောက်ကင်းကုန်၍ ဦးဖိုးဝေ၏ အစွမ်းအား အံ့ဩနေကြသည်။ ထို့နောက် ဦးဖိုးဝေသည် ရေအိုးထဲမှ ရေများအား ထပ်ပွားစေ၍ သူဌေး များအပါအဝင် တရွာလုံးကို လိုက်တိုက်စေသည်။ယခုအချိန်မှာတော့ ကျွဲတောရွာသားများသည် ဦးဖိုးဝေအား ယုံကြည်အားကိုးနေကြပြီးဖြစ်သည်။ထို့ကြောင့် သူလုပ်ခိုင်း သည့် အရာမှန်သမျှ ပြုလုပ်ပေးဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ဦးဖိုးဝေသည် ရွာသား အချို့နှင့် သူဌေးများကို ဦးလောဘ၏အကြောင်းကို ပြောပြပြီး သူပြုလုပ်မည့် အစီအစဉ်များအား ဆက်ပြောပြနေပါတော့သည် ။
◾အခန်း (၇)
နံနက်ခင်းအလင်းရောင်အောက်တွင် အောက်လမ်းဆရာဦးလောဘ နှင့် သူ၏ တပည့်များ ရွာအနောက်ဘက်ရှိ သစ်ပုံကြီး ဆီသို့ သွားနေကြသည်။သူတို့သည် မြို့မှ သူတို့ချိတ်ထားသော သစ်ပွဲစားများအကြောင်း နှင့်အမြတ် မည်မျှရမည့် အကြောင်း အပြင် ဥပဒေကို လက်တလုံးခြား လုပ်နိုင်သည့် ဦးလောဘ၏ အကြံအစည်ကို အမွှန်းတင်နေကြသည်။
“အရင်တုန်းကလို ပညာရပ် နဲ့ ခိုးတာထက် အခုလို ဝယ်ပြီးပြန်ရောင်းတာက ပိုအဆင်ပြေတယ် ဆရာကြီးပေးတဲ့ဈေးက သစ်တတန်ကို တိုက်ခတောင် မရှိဘူး။အမြတ်ကတော့ ကြမ်းတယ်ဗျာ မရောင်းပဲလည်း ဒီ လူတွေ မနေရဲပါဘူး ”
“နေကြည့်ပါလား တရွာလုံး သွေးပွက်ပွက်အန်ပြီး သေ အောင် လုပ်ပစ်မှာပေါ့ ”
“ဆရာကြီးရဲ့ အစွမ်းကို ဘယ်သူမှ အံမတုရဲပါဘူး ”
သူတို့စကားတပြောပြောနှင့် သစ်ပုံကြီးအနား ရောက်စဉ် မည်သူတဦးတယောက်မှ ရှိမနေသောအခါ အနည်းငယ် အံ့ဩနေကြသည် ။
“ဆရာကြီး သစ်ကွင်းထဲမှာ ဘယ်သူမှလည်း မရှိပါလားဗျ ”
“အေး မရှိဘူးကွ တကယ်ဆို ဒီမှာ ငါ့ကို တောင်းပန်ပြီး သစ်ရောင်းနေရမှာ ”
“ယုတ်မာတဲ့ အောက်လမ်းဆရာလောဘ ထွက်ပြေးနိုင်တဲ့ အပေါက်မှန်သမျှ ပိတ်စေ”
ထိုစဉ် အသံတသံ နှင့်အတူ သူတို့ ရှိနေသော သစ်ဝိုင်းဝန်းကျင်ကို ရွှေရောင်စက်ဝိုင်းတခု တဖြည်းဖြည်း ဝိုင်းလာလေ သည်။ထိုအရာကို မြင်တွေ့ နိုင်စွမ်းရှိသော ဦးလောဘသည် မျက်စိမျက်နှာပျက်ကာ
“ဟေ့ကောင်တွေ ဟို ဟို အထက်လမ်းဆရာ ရောက်လာပြန် ပြီ ထင်တယ် ”
“ကြာကန်ရွာသင်္ချိုင်းက အထက်လမ်းဆရာလား ဆရာကြီး ”
“ဟုတ်တယ် ဒီကောင် ငါတို့ကို ဘယ်လိုလုပ်ပြီး ခြေရာခံနိုင်တာလဲကွာ ”
“မထူးဘူး ကျုပ်တို့ ပြန်ချကြရအောင် ”
“ငါ့ ပညာနဲ့တော့ မနိုင်ဘူး မင်းတို့ ဝင်တိုက်ကွာ ”
အောက်လမ်းဆရာသည် သူ၏ တပည့်များကို ပြောလိုက်သောအခါ ဦးလောဘ၏ တပည့်ဖြစ်သူများသည် လွယ်အိတ်များထဲမှ ဓားမြှောင်များကို ကိုယ်စီထုတ်လိုက်ကြလေသည်။ထို့နောက် သူတို့၏ မြင်ကွင်းတွင် ပေါ်လာသော ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက်မည်ဟု ကြံလိုက်စဉ် သူတို့၏ ခြေ ထောက်များမှာ လှုပ်မရတော့ပဲ ကိုင်ထားသော ဓားများသည် သူတို့တို့၏ လည်ပင်းကို သူတို့လက်နှင့်ပင် ပြန်ပြီး ထောက်ထားမိ၍ မျက်စိမျက်နှာ အကြီးအကျယ် ပျက်ကာ
“ဆရာကြီး ကျုပ်တို့လက်တွေကို ထိန်းလို့ မရဘူး လည်ပင်းကို ထိုးမိတော့မယ် လုပ်ပါဦး”
“မင်းတို့ဘာသာ မင်းတို့ ဓားနဲ့ ပြန်ထောက်နေတာ ငါက ဘယ်လိုလုပ် လုပ်ပေးလို့ရမလဲ ”
“ဆရာကြီး လှုပ်လို့လည်း မရတော့ဘူး ကျုပ်တို့ကို မထားခဲ့ပါနဲ့ ”
“မင်းတို့ ဘာသာ လှုပ်မရတာ ငါနဲ့ဘာဆိုင်လို့လဲ ကံကောင်း ရင်တော့ မင်းတို့လည်း လွတ်မပေါ့ ‘
ဦးလောဘသည် ပြောပြောဆိုဆို သူ၏ လွယ်အိတ်ထဲ တခုခုကို ထုတ်ကာ မန္တန်ကို ရွတ်လိုက်ပြီး မြေကြီးထံ ပစ်ပေါက်လိုက်သည်။ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ဦးလောဘ ပျောက်ကွယ်သွားလေသည်။ဦးဖိုးဝေ နှင့် သူရိယသည် ဦးလောဘ၏ တပည့်များအနီးရောက်လာပြီး
“ကဲ မင်းတို့ ခေါင်းဆောင်က မင်းတို့အပေါ် အတော်ကို သစ္စာရှိတာပဲကွ ပြေးတာ တန်းနေတာပဲ ”
“ဟုတ် ဟုတ်ပါတယ် ကျုပ်တို့ကို မသတ်ပါနဲ့ ဆရာကြီးရယ် ကျုပ်တို့လည်း မိသားစုစားဝတ်နေရေးအတွက် သူ့နောက်လိုက် ပြီး အလုပ် လုပ်နေရတာပါ ”
“တော်စမ်းပါကွာ မင်းတို့ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ တခြားမိသားစုတွေ ဒုက္ခရောက်ပေးရတာ တရားတယ်လို့ ထင်နေတာလား ”
“အဲ့ဒီလိုလည်း မ မဟုတ်ပါဘူး ”
“မင်းတို့ကိုတော့ ငါ မစီရင်တတ်ဘူး ကျွဲတောရွာလူကြီး နဲ့ ရွာသားတွေ စီရင်လိမ့်မယ် ကဲ ထွက်ခဲ့ကြတော့ ဒီလူတွေကိုဖမ်းလိုက်ကြဦး ”
ဦးဖိုးဝေမှာ အနောက်သို့ လှည့်ပြီး စကားပြောလိုက်သော အခါ ပုန်းကွယ်နေသော ကျွဲတောရွာသားများ ရောက်လာပြီး ဦးလောဘ၏ တပည့်များကို ဖမ်းလိုက်ကြသည် ။ ရွာသားများဖမ်းလိုက်သောအခါမှသာ သူတို့၏ ခြေလက်များ လှုပ်ရှားနိုင်သွား၍ သက်ပျင်းချကာ ကြည်ဖြူစွာ အဖမ်းခံကြသည်။ဦးဖိုးဝေသည် ရွာသားများကို ထိုလူလေးယောက်အားဖမ်းပြီး ရွာထဲသို့ အရင်ပြန်နှင့်စေသည်။ရွာသားများပြန်ပြီး မကြာခင်အချိန် တွင် သူတို့၏ရှေ့တွင် ရုတ်တရက် ခြေပစ်လက်ပစ် လဲကျနေသော ဦးလောဘပေါ်လာရာ ဦးဖိုးဝေမှာ အံ့အားသင့်ဟန်မပြဘဲ အေးဆေးတည်ငြိမ်စွာ နှင့် စကားဆိုလေသည် ။
“ဘယ်လိုလဲ တခြားနေရာ ရောက်နေပြီ ထင်နေတာလား မင်း ငါ့ စေတခိုးအောက်က လွတ်အောင် ပြေးနိုင်မယ် ထင်လား ”
“ကျုပ် ကျုပ် ကြောက်ပါပြီ ဗျာ ”
“မင်းပညာက တကယ်တော့ မသေးဘူး ဒါပေမဲ့ မင်းမှာ ရှိနေလည်း ဘယ်သူကိုမှ အကျိုးမပြုလေတော့ ကဲ ”
ဦးဖိုးဝေသည် သူ၏ လက်ကို ဆန့်တန်းလိုက်ရာ ဦးလောဘ ၏ ပါးစပ်သည် ဟသွားပြီးအမဲရောင်အခိုးအငွေ့များထွက်လာကာ ဦးဖိုးဝေ၏ လက်ထဲသို့ ဝင်နေလေသည်။အတန်ကြာသော အခါ ဦးဖိုးဝေ၏ လက်သည် မဲနက်လို့ သွား၏။ထို့နောက် သူ၏ လက်ကိုကြည့်ကာ ပါးစပ်မှ လေနှင့် မှုတ်လိုက်သဖြင့် လက်မှာ တဖြည်းဖြည်း ရွှေရောင်များလင်းလာပြီး မဲနက်နေသော လက်မှာ ရွှေရောင်များဝင်းဝါသွားလေ၏။ရွှေရောင်များ အရောင်ဖျော့သွားချိန်တွင်တော့ သူ၏ လက်မှာ သာမာန်သာဖြစ်နေ၏။ထိုအချင်းအရာကို မြင်တွေ့နေရသော ဦးလောဘသည် မျက်ရည်များ ကျကာ အရူးတယောက်ပမာ စကားဆိုလာသည် ။
“ငါ ငယ်ငယ်ကတည်းက ကျင့်ကြံထားတဲ့ ပညာတွေ ငါ့ပညာတွေ ပြန်ပေး ငါ့ပညာတွေပြန်ပေး ”
သူကျင့်ကြံထားသောပညာများ သူ၏ ရှေ့တွင်ပင် ဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့ရသော ဦးလောဘသည် သူ၏ ဆိုးသွမ်းသောလုပ်ရပ်များကြောင့် လောကကြီးက ဒဏ်ခတ် သည် ထင်၏။ပါးစပ်မှ ပေါက်ကရများပြောကာ ကျွဲတောရွာတွင်းသို့ ဝင်သွားပါလေတော့သည်၊၊ထိုအချင်းအရာကို သစ်ပင်တပင်၏ ကွယ်ရာမှ အမျိုးသမီးတယောက် ချောင်း ကြည့်နေသည် ။ထိုအမျိုးသမီးသည် ရူးသွားသော ဦးလောဘကို သနားကြင်နာစွာကြည့်ရင်း တောက်တချက်ကို ခေါက်ပြီး နှုတ်ခမ်းကို ကိုက်ရင်း ဦးဖိုးဝေ နှင့် သူရိယအား မုန်းတီးစွာ ကြည့်နေပါတော့သည် ။
▪️ဦးဖိုးဝေ နှင့် အောက်လမ်းဆရာလောဘသည်က ဤမျှသာ
ရေးသားသူ-မောင်တင်ဆန်း
#မောင်တင်ဆန်း
#crd