၀င်္ကဘာဘုရားသိုက်

၀င်္ကဘာဘုရားသိုက် (စ/ဆုံး)

———————

စွန်ပါချောင်းကမ်း၊ လှေဆိပ်ဘေးဆီမှာ တည်ခဲ့တဲ့ ခေတ်ကာလကို အတိအကျမသိနိုင်တဲ့ ၀င်္ကဘာဘွဲ့အမည်ရှိတဲ့ ရှေးဟောင်းဘုရားတစ်ဆူရှိတယ်။ 

     ဘုရားတည်ထားပုံက ၀င်္ကဘာလမ်းတွေကို ဖြတ်သန်းပြီး၀င်မှ ဘုရားဆီကို ရောက်နိုင်တာ။

     ဒီဘုရားနဲ့ ပက်သက်ပြီး သိုက်ရှိတယ်ဆိုတာ ရှေးပဝေသနီကနေစလို့ အခုအချိန်အထိ လူတိုင်းနီးပါးသိကြတယ်။

    များသောအားဖြင့် ဘုရားနဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းမှာ အိပ်ကြတဲ့ လှေသမားတွေက ပိုသိ၊ ပိုကြုံရတယ်။

    ဘုရားရှိတဲ့ ကမ်းဘက်မှာကျ လှေသမားတွေ မအိပ်ရဲကြဘူး။ ဒါကြောင့် တစ်ဖက်ကမ်းမှာပဲ အားလုံးအိပ်ကြတာ။

     သူတို့ ကြုံရတာက ညဘက်ညဘက်ဆို ဘုရားရှိတဲ့ တစ်ဖက်ကမ်းကနေ လူစုလူဝေးနဲ့ မီးလှုံနေကြတာမျိုး၊ နောက်…ဘုရားမှာ ဆီမီးတွေ ထိန်နေအောင် ကပ်လှူနေကြတာမျိုး၊ ပြီးတော့…ကလေးကို သီချင်းဆို ချော့သိပ်နေကြတာမျိုးတွေ မကြာခဏလှမ်းမြင်ကြရတယ်။

      တကယ်လို့များ သွားကြည့်လိုက်မယ်ဆိုရင်တော့ ကမ်းနားကို မရောက်ခင်မှာပဲ မြင်နေရတဲ့အရာတွေအားလုံးဟာ လျှပ်တပြက် ပျောက်ကွယ်သွားတတ်တယ်။

      ဒါကြောင့်လည်း ၀င်္ကဘာဘုရားမှာ သိုက်ရှိတယ်ဆိုပြီး ခြွင်းချက်မရှိ ယုံကြည်ကြတာပေါ့။

     ပြီးတော့ ၀င်္ကဘာဘုရားသိုက်နဲ့ ပက်သက်ပြီး မမြစိမ်းတို့လို လူ၀င်စားဇာတ်လမ်းတစ်ပုဒ်လည်း ရှိခဲ့တယ်။

      အဲ့ဒီ့အဖြစ်အပျက် စတင်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကပေါ့…။

******

      ” မြတင့် မိန်းမ မလှစိန်တော့ ကလေး အမွှာလေးမွေးတယ်တဲ့…”

      လယ်မရွာမှာ ဒီသတင်းက ကြားရသူ အားလုံးအတွက် မင်္ဂလာရှိစေတဲ့ သတင်းတစ်ခုပါပဲ။

     မြတင့်တို့ဆိုတာက ရွာအပြင် လယ်ကျင်းထဲမှာ နေကြတဲ့ လင်မယား ။ သားသမီးမရှိလို့ အမြဲလိုလို လိုချင်ဆုတောင်းနေကြတဲ့ သားသမီးရူး လင်မယားတွေရယ်။

    ဟော…အခု လှစိန်မှာ ကိုယ်၀န်ရှိပြီး မွေးမယ့်မွေးလာတော့ အမွှာပူးတဲ့။ ပြီးတော့ ထိုက်တန်လွန်းစွာနဲ့ပဲ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ ယောက်ျားလေးက မိန်းကလေးထက် သုံးမိနစ်ကြီးတယ်။

     တစ်ကြိမ်မွေးပြီး သားသမီး စုံရတာဆိုတော့ မြတင့်တို့ လင်မယားနှစ်ယောက်လည်း ပျော်လို့မဆုံး၊ ကြားရသူ မြင်ရသူတို့မှာလည်း မော်လို့မဆုံးပါပဲ။

     မြတင့်ဆိုရင် ၀မ်းသာလုံးတွေဆို့ပြီး သူ့ကလေးတွေကို နာမည်တန်းပေးတော့တာ။

    အကြီးကလေးကိုက ၀င်းထိန်၊ အငယ်မလေးကိုကျ ညွန့်စိန်တဲ့။

******

      ၀င်းထိန်နဲ့ ညွန့်စိန်တို့ သုံးလေးန်ှအရွယ်ရောက်တော့ ကလေးနှစ်ယောက်ထဲ ကစားနေတဲ့အခါ ထူးထူးဆန်းဆန်းအဖြစ်အပျက်ကလေးတွေ ရှိလာတယ်။

      ” သားလေး…အမေ့ကို ဟိုက အရွက်ကလေးခူးပေးပါ…”

      ” ဟုတ်ကဲ့ မေမေ”

      ထူးခြားလွန်းစွာနဲ့ပဲ အငယ်မလေးညွန့်စိန်က အကြီးကလေး၀င်းထိန်ကို သူ့ကိုယ်သူ မေမေလို့ သုံးနှုန်းပြီး ပြောနေတာ။ အကြီးကလေးကလည်း အငယ်လေးခိုင်းသမျှကို နာခံပြီး အားလုံးလုပ်ပေးတယ်။ ဒါကို လူကြီးတွေက မသိကြဘူး။

      ကလေးတွေ အသက်ငါးနှစ်ပြည်လို့ တစ်ခုသော နေ့မှာတော့။

     လူကြီးတွေ အလုပ်လုပ်နေကြတုန်း သူတိူ့မောင်နှမနှစ်ယောက် သစ်ပင်ရိပ်တစ်ခုမှာ ကစားကြရင်းနဲ့ ရုတ်တရက်ကြီးနှစ်ယောက်စလုံး ငိုလို့ လူကြီးတွေဆီကို ပြေးလာကြတယ်။

      ” ဟဲ့…ဟဲ့…သားတို့သမီးတို့ ဘာဖြစ်လာကြတာလဲ…”

      ကိုမြတင့်က လုပ်လက်စ အလုပ်ကိုထားရစ်ပြီး ကလေးတွေဆီကို ပြေးပွေ့လို့မေးတယ်။

      ” မလိုက်ဘူးနော်…မလိုက်ဘူး။ ဖေဖေ…သမီးမလိုက်ဘူးလို့ပြောပေး အီး…ဟီး…ဟီး…”

      အငယ်မလေး ညွန့်စိန်က အော်ငိုလို့ပြောတယ်။ အကြီးလေး ၀င်းထိန်းကတော့ ဘာမှမပြောဘူး။ ငိုပဲ ငိုနေတယ်။

    အဲ့ဒီ့အခိုက် လှစိန်က အနားကိုရောက်လာပြီး ၀င်းထိန်လေးကို ချီယူလိုက်တယ်။ ကိုမြတင့်ကတော့ ညွန့်စိန်ကို ပွေ့ထားရင်းက

      ” သမီးလေးကို ဘယ်သူက လာခေါ်နေလို့လဲ သမီးရယ်။ ဖေဖေ့ကို နားလည်အောင်ပြောပြဦးလေ”

      လို့ နားမလည်စွာနဲ့ မေးလိုက်တယ်။

      ” ဟိုမှာ…သမီးကို လာခေါ်နေတာ…”

      ” ဟင်…”

      ညွန့်စိန်လေးပြတဲ့ သစ်ပင်အောက်မှာတော့ ဘာဆိုဘာမှရှိမနေပါဘူး။

      ” ကလေးက တစ်ခုခုကို မြင်ပြီး လန့်လို့ပြောတာထင်တယ်”

      အခြားသူတွေက ပြောကြတယ်။ ဒီတော့ ကိုမြတင့်က

      ” အင်း…ဖြစ်နိုင်ပါတယ်။ ကလေးတွေ ကစားရင်း တစ်ခုခုမြင်မိတာနေမှာ။ ကဲဗျာ…ဒီနေ့တော့ ကလေးတွေကြောင့် ကျုပ်တို့တတွေ အလုပ်နားပြီး အိမ်ပြန်လိုက်တော့မယ်”

      ကိုမြတင့်တို့ မိသားစု ပစ္စည်းတွေသိမ်းလို့ အိမ်ကို ပြန်ခဲ့ကြတယ်။

      အိမ်ရောက်တော့ ကလေးတွေကို ပရိတ်ရေတိုက်ပြီး ခြံအနှံ့ဆီပရိတ်ရေဖြန်းပြီးတာနဲ့ အံ့အားသင့်ဖွယ်ပဲ ကလေးနှစ်ယောက်စလုံး မငိုတော့ဘူး။

      ပြီးတော့ ကလေးတွေဟာ ထူးဆန်းစွာနဲ့ပဲ နှစ်ယောက်စလုံး အိပ်ချင်တယ်ပြောပြီး အိပ်ယာထဲ၀င်လို့အိပ်ကုန်ကြတော့တယ်။

      ညနေဘက်ရောက်တော့ ညွန့်စိန်ကော ၀င်းထိန်ပါ တငွေ့ငွေ့နဲ့ အဖျားတွေ စ’တက်ကြပါတော့တယ်။

******

     ညဉ့်နက်ပိုင်းရောက်တော့ ကလေးနှစ်ယောက်ရဲ့ အဖျားက ပိုကဲလာတယ်။

     ” ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေတော့ဘူး လှစိန်။ ကလေးတွေကို ဆေးဆရာဆီသွားပြမှဖြစ်တော့မယ်”

     ချက်ချင်းပဲ လင်မယားနှစ်ယောက် ကလေးတွေကို တစ်ယောက်စီ ပွေ့လို့ ရွာထဲကို ပြေးကြပါတော့တယ်။

      ” ဆရာကြီး…ဆရာကြီး”

      ညဉ့်နက်လှပြီဖြစ်တာကြောင့် ဆေးဆရာကြီးကို အတော်ပဲ နှိုးယူကြရတယ်။

      အတော်ကလေးကြာပါမှ ဆေးဆရာကြီးက နိုးလာခဲ့ပြီး သူတို့ကို အိမ်ပေါဆီခေါ်လို့ ကလေးတွေကိုစမ်းသပ်ပါတော့တယ်။

      ” ဟာ…”

      ဆေးဆရာကြီးဆီက အာမေဋိတ်ပါ။

      ” ဆရာကြီး…ဘာဖြစ်တာလဲ။ ပြောပြပါဦးဗျာ၊ ကျုပ်တို့ စိတ်ပူလွန်းလို့ပါ”

     ကိုမြတင့်တို့ လင်မယားနှစ်ယောက် ပြာပြာသလဲမေးကြတယ်။

     ” ကလေး နှစ်ယောက်စလုံး အသက်မရှိကြတော့ဘူး…”

      ” ဗျာ…ဘယ်လိုဖြစ်ရတာလဲ…”

      ” အီး…ဟီး…ဟီး…သားတို့သမီးတို့ရေ…မေမေတို့ကို ထားရစ်ပြီလား…”

      ကိုမြတင့်က မယုံနိုင်လောက်အောင်ပဲ အံ့သြရင်းပေါ့။ ယောက်ျားသားဆိုတော့ မျက်ရည်ကိုတော့ ထိန်းထားနိုင်ခဲ့တယ်။

     မလှစိန်ခမျာတော့ မိန်းမသား၊ မိခင်တစ်ယောက်ပေမို့ ဖြေမဆည်နိုင်တော့ဘဲ ရင်ဘတ်စည်တီးလို့ ငိုပါတော့တာပဲ။

      သူတို့အသံတွေကြောင့် အခြားသူတွေရောက်လာခဲ့ကြတယ်။

      သူတို့မိသားစုလေးရဲ့အဖြစ်အပျက်ကြောင့် စိတ်မခိုင်သူတို့ မျက်ရည်ကျကြတယ်။ အချို့ကတည်း တီးတိုးတီးတိုး သဖန်းပိုးပေါ့။

      ” အင်း…ဟင်း…ဟင်း…မေမေ…မေမေ…”

       ဆန့်ဆန့်လေးတွေရှိနေတဲ့ကြားက အသံနဲ့အတူ လူးလွန့်လာတဲ့ ညွန့်စိန်လေး။

      ” ဟင်…သ…သမီး…”

      ” သမီးလေး မသေဘူးနော်…”

     ညွန့်စိန်က ခေါင်းကို ခပ်သာသာညိတ်ပြတယ်။ ဒီတော့မှ မလှစိန်ကော ကိုမြတင့်ပါ သမီးကလေးကို အရူးကြီးတွေများလို ပွေ့ဖက်ပြီး ငိုကြွေးကြပါတော့တာ။

      ညွန့်စိန်လေး သတိရပြီဆိုတော့ ၀င်းထိန်ကလေးကိုလည်း သတိရလာနိုးနဲ့ ဝိုင်း၀န်းလို့ ပြုစုလှုပ်နှိုးကြတယ်။

      ဒါပေမယ့် အချိန်တွေသာ ကုန်လွန်သွားခဲ့တယ်။ ၀င်းထိန်လေးက နိုးမလာခဲ့တော့ဘဲ ဘ၀တစ်ပါးဆီကို ကူးပြောင်းသွားခဲ့ပါတယ်။

******

     အချိန်တွေ ကြာခဲ့ပါပြီ။

     ဇရာရဲ့ စကားပြောမှုကြောင့် ကိုမြတင့်တို့ မလှစိန်တို့လည်း အရွယ်အိုခဲ့ကြပြီ။

     ညွန့်စိန်လေးဟာလည်း ငယ်စဉ်က သေကံမရောက်ဖြစ်ခဲ့ချိန်ကစလို့ ယနေ့အထိကို ဖျားနာခြင်းမလျဉ်းမရှိ၊ ကျန်းမာရေးကောင်းမွန်လွန်းစွာနဲ့ ပျိုရွယ်သော အရွယ်ဆီကိုပင် ရောက်ခဲ့ရပြီး ချစ်ရသူပင် ရှိခဲ့ရလေတယ်။

     ” အညွန့်…အကိုတို့ အကိုတို့ မြန်မကြာကိုပဲ လက်ထပ်ချင်လှပြီကွာ”

     မိုးဦးကာလ၊ ကောက်စိုက်ချိန်။

     လယ်ကျင်းက အပြန် ချစ်ရသူ ကိုထူးနဲ့ ပထမဆုံးအကြိမ် ခဏတွေ့ဆုံနေတဲ့ ညွန့်စိန်။

     တကယ်တော့ ကိုထူးနဲ့ ညွန့်စိန်တို့ ချစ်သူဖြစ်တာရယ်က သိပ်မကြာသေးဘူး။ ထန်ကုန် တစ်လရယ်ပေါ့။ သို့ပေမယ့် ယောက်ျားလေးတို့ ထုံးစံအရ ကိုထူးကတော့ နီးစပ်ချင်လွန်းလှပြီ။

     ” အို…ကိုထူးရယ်။ တော်ကလည်း ဘယ်လိုများ ပြောတာလဲတော့်။ ပုဆိုးတန်တင် အကြင်လင်မယားဖြစ်ဖို့ သုံးနှစ်သုံးမိုးတဲ့…ကျုပ်တို့ အခုမှရည်းစားဖြစ်တာ ဘာကြာသေးလို့တုန်း၊ တွေ့တာတောင်မှ ဒါက ပထမဆုံးအကြိမ်ရှိသေးတာကို…”

      ညွန့်စိန်ပြောတော့ ကိုထူး ပြုံးစစဖြစ်သွားတယ်။ ပြီးတော့မှ…

      ” အဟီး…ဟုတ်လား။ ငါလည်း ရင်ထဲရှိတာကို ပြောလိုက်တာပါ အညွန့်ရယ်”

      ကိုထူးရဲ့ ခါးဆီကို ညွန့်စိန်ရဲ့ လက်က လိမ်ကျစ်ဖို့ ကျရောက်သွားခဲ့ရတယ်။

******

     ” ဟေ့ကောင်…မင်း သေဖို့သာ ပြင်ထား”

      မျက်ထောက်နီနဲ့ သူ့ကို ကြိမ်းမောင်းနေတဲ့ လူတစ်ယောက်ကြောင့် ကိုထူး ဘာရယ်ကို ဂဃနဏနားမလည်နိုင်။

      ” ခင်ဗျားနဲ့ ကျုပ်…အခုမှ ဆုံဖူးတာလေ၊ ဘာလို့များ လာကြိမ်းမောင်းနေရတာလဲ…”

      ” ဟေ့ကောင်…မင်းအခု ကြံစည်နေတဲ့သူက ငါ့ရဲ့ မိန်းမကွ၊ သူက ငါ့ကို စိတ်ဆိုးပြီး လူ့ဘ၀ကို ငါ့သားနဲ့ သားအမိနှစ်ယောက် ကူးသွားတာ၊ ငါ့သားကိုတော့ ငါပြန်ခေါ်နိုင်ခဲ့တယ်။ သူကတော့ ငါနဲ့ ရန်ဖြစ်ပြီး လူ့ဘ၀မှာပဲနေမယ်ဆိုလို့ ငါပြန်မခေါ်တော့တာ၊ မင်း…နောက်ဆုတ်ရင် ဆုတ်၊ မဆုတ်ရင် ငါ့အကြောင်းသိရမယ်…”

      ကိုထူး တစ်ဖက်လူ ပြောနေတာကို ဘာမှနားမလည်နိုင်။

     တစ်ဖက်ကလူက သူပြောလျင်ရာပြောပြီး လှည့်ထွက်သွားခဲ့တယ်။

     ” ဟေ့လူ…ဟေ့လူ…နေဦးလေဗျာ…”

      ကိုထူး လှမ်းခေါ်ပေမယ့် တစ်ဖက်သူက မကြားသယောင်ပြုပြီး ဘုရားတစ်ဆူဆီကို ၀င်ရောက်သွားလေတယ်။

      ကိုထူး ဘုရားကို မြင်တော့ ဘာရယ်မဟုတ် ရေရွတ်မိလိုက်တယ်။

      ” ဒါ…၀င်္ကဘာဘုရားပဲ”

     ရေရွတ်ပြီးတာနဲ့ ကိုထူးလန့်နိုးခဲ့ရတယ်။

     သူ မနက်ပိုင်းလယ်ထဲဆင်းပြိး ထမင်းစားနားပြန်တက်ချိန်။

     နေ့လယ်စာစားပြီး ခဏတာ လယ်တဲလေးထက်မှာ မှေးခနဲအိပ်ပျော်သွားခဲ့တာမှာ အိပ်မက်မက်တာပဲ။

     အလုပ်ရှိသေးတာမို့ ကိုထူး လယ်ထပြန်ဆင်းဖို့ ထခဲ့တယ်။ အိပ်မက်ကြောင့် ခေါင်းက ညည်းစီစီနဲ့။

     အရီးတုတ်တို့ လယ်ကျင်းဘက်မှာ ညွန့်စိန်တို့ ကောက်စိုက်နေကြတာကို ကိုထူးတွေ့လိုက်တယ်။ ပြီးတော့ ဆခြလှမ်းတို့က အဲ့ဒီဘက်ဆီကို…။

******

      ” ဟင်…ကိုထူးကလည်း အိပ်မက်ကြီးကို တကယ်များထင်နေတာလား”

       ညွန့်စိန်ကို အိပ်မက်အကြောင်း ပြောပြလိုက်တယ်။

      ” အိပ်မက်ဆိုပေမယ့် တကယ့်အဖြစ်အပျက်ကြီးလိုပဲ အညွန့်ရ”

      ” အို…ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုတာက စိတ်စွဲထင်ရင်လည်း မက်တာပါပဲ၊ စိတ်ထဲထားမနေပါနဲ့တော့…”

      ညွန့်စိန်ပြောလေတော့ ကိုထူးခေါင်းညိတ်ပါတယ်။

     ဒါပေမယ့်လည်း သူ့စိတ်ထဲမှာတော့ ဖြည့်တွေးလို့မရသေး။ စိတ်ကောလူပါ နေရတာတစ်မျိုးကြီး မွန်းကျပ်ကျပ်နဲ့ပဲ။

******

      ” ကိုထူး…ကျွဲခတ်ခံရလို့တဲ့…”

      ညနေပိုင်း အရီးတုတ် လယ်ကျင်းကနေ အလုပ်သိမ်းပြီး ညွန့်စိန်တို့ အိမ်ကို ပြန်ရောက်ရုံရှိသေး၊ ကိုထူးရဲ့ သတင်းကြောင့် ပြာယာခတ်သွားရတယ်။

      ချက်ချင်းဆိုသလိုပဲ ညွန်စိန်ရွာထဲက ကိုထူးအိမ်ဆီကို ပြေးခဲ့တယ်။

     အိမ်ရောက်တော့ ကိုထူးခမျာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိပ်ရာထဲမှာ ပက်လက်ကလေး မှိန်းနေတယ်။

       ” ကိုထူး…ဘယ်လိုများဖြစ်ရတာလဲဟယ်…”

     ညွန့်စိန်အသံကြားတော့ ကိုထူးက မျက်လုံးဖွင့်ကြည့်ပြီး ခပ်သဲ့သဲ့ အားယူပြုံးရင်း

      ” ကိုထူး…အညွန့်နဲ့တွေ့ပြီး လယ်ထဲပြန်ဆင်းခဲ့တာ။ လယ်ကို ဒီရက်ပိုင်းမှာပဲစိုက်နိုင်အောင်လို့ သမန်းညက်ချင်တာနဲ့ နည်းနည်းမိုးချုပ်မှ ထွန်ဖြုတ်ပြီး ရွာထဲပြန်ဖို့ လှည်းကောက်တာမှာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ကျွဲတစ်ကောင်က ၀င်လါပြီး အတင်းခတ်သွားတော့တာ အညွန့်ရယ်…”

     ” ဟင်…”

     ညွန့်စိန် အံ့သြလွန်းရတယ်။

    ကိုထူးပြောတဲ့ အိပ်မက်နဲ့လည်း သက်ဆိုင်မယ်လို့ ယူဆမိနေတယ်။ ဒါပေမယ့် ဒါတွေဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့ အဖြေအတိအကျကို သူမသိနိုင်ဘူး။

     ” အား…ကျွတ်…ကျွတ်…”

     ကိုထူးရဲ့ ညည်းသံကြားတော့ ညွန့်စိန် စိတ်ပူသွားရတယ်။

     အဲ့ဒီ့ညက ကိုထူးကို စိတ်ပူလွန်းစွာနဲ့ပဲ ညနည်းနည်းမှောင်ပါမှ ညွတိ့စိန်ပြန်ခဲ့မိလေတယ်။

******

     ” ရှင်မရေ…ရှင်မ…”

     ” မေမေရေ…မေမေ…”

      ခေါ်သံတွေကြောင့် ညွန့်စိန် ပတ်၀န်းကျင်ကို ကြည့်မိတယ်။

     သူရောက်နေတာ စွန်ပါချောင်းအလယ်က သဲသောင်ခုံကြီးတစ်ခုပေါ်မှာ။ သူ့ကို ခေါ်နေတဲ့အသံတွေက သောင်ခုံတစ်ဖက်ထိပ်ဆီမှာ ရပ်နေတဲ့ သားအဖနှစ်ယောက်ဆီက။

     ” စိတ်ဆိုးပြေပါတော့ ရှင်မရယ်။ ပြန်ခဲ့ပါတော့နော်။ အခုဆို သားလေးကော ဟော့ဒီ့က အမောင်ပါ မင်းကို လွမ်းလှပြီ…လာခဲ့ပါတော့ကွာ…”

     သူကို ရည်ညွန်းပြောနေတာမို့ ညွန်စိန် အံ့သြရတယ်။ ပြီးတော့ ခေါင်းကိုလည်း ခါရမ်းမိတယ်။

     ” လိုက်ခဲ့ပါကွာ…လာခဲ့နော် … “

     ” မေမေရယ်…ပြန်လာပါတော့နော်…”

     အသံတွေက နီးလာလိုက်၊ ဝေးသွားလိုက်။ ပုံရိပ်တွေကလည်း ေ၀၀ါးလှုပ်ရှားလာတယ်။

     ” အို…မလာပါဘူး။ မလိုက်ဘူး…ဟုတ်တယ်။ မလိုက်ဘူး…လာမခေါ်နဲ့၊ လာမခေါ်နဲ့…”

    ညွန့်စိန် သူတို့ကို ကြည်ရင်း ကြောက်လာတာမို့ အသံကုန် အော်ဟစ်လိုက်မိရင်း အိပ်ရာက လန့်နိုးလာရတယ်။ ဇောချွေးတွေက တစ်ကိုယ်လုံး ရွှဲနစ်လို့။

     “သမီး…သမီး…ဘာဖြစ်တာလဲ…”

     အော်သံကြောင့် လန့်နိုးလာတဲ့ မိခင်ဖြစ်သူက စိုးရိမ်တကြီးမေးရင်း အနားရောက်လာတယ်။

     ” သ…သမီး…အိပ်မက်မက်တာ အမေ…”

     ဖခင်ဖြစ်သူပါ အနားရောက်လာတယ်။ သောက်ရေတစ်ခွက်ကိုလည်း ကမ်းပေးလာခဲ့တယ်။ ပြီးတော့ အိပ်မက်အကြောင်းကို မေးပြီး အကြောက်လွန်နေတဲ့ ညွန့်စိန်ကို ကြောက်စိတ်ပြေအောင် နေပေးကြတော့တာ။

    အချိန်အတော်ကြာပြီး သန်းခေညင်ယံကြက်တွန်ပါမှ အဖေရော အမေပါ အိပ်ရာပြန်၀င်ကုန်ကြတယ်။

    ညွန့်စိန်မှာတော့ ပြန်လည်အိပ်လို့မပျော်နိုင်ဘဲ အိပ်မက်အကြောင်းကို ပြန်မြင်ယောင်ရင်း မိုးစင်စင်လင်းခဲ့ရပါတယ်။

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၂)

******

     ကိုထူးမကျန်းမာချိန်မှာ အလုပ်ကပြန်လာချိန်တိုင်း နေ့စဉ်ရက်ဆက်ဆိုသလိုပဲ ညွန့်စိန် သွားကြည့်ပြီး ကူညီပေးဖြစ်တယ်။

     ဒီအတောအတွင်းမှာ ညွန့်စိန် တစ်ခါမက်ဖူးတဲ့ အိပ်မက်ကိုပဲ တစ်ထပ်ထဲနီးပါး သုံးကြိမ်တိတိကို ထပ်မက်သေးတာ။

      မှတ်မှတ်ရရ နောက်ဆုံးအကြိမ်မှာတော့ ညွန့်စိန် အဲ့ဒီ့သားအဖကို ခါးခါးသီးသီးကို ငြင်းပစ်ခဲ့လိုက်တယ်။ ငြင်းဆန်ပြီးတာနဲ့ ညွန့်စိန်ကတော့ ငြင်းပြီးတာနဲ့ အိပ်မက်ကနေ လန့်နိုးတာ အချိန်ကိုက်ပဲ။ အဲ့ဒီ့နောက်ပိုင်းတော့

အဲ့ဒီ့အိပ်မက်ကို ထပ်မမက်တော့ပါဘူး။

     အိပ်မက်ထပ်မမက်တော့ ညွန့်စိန်စိတ်ထဲ ကျေနပ်နေမိတယ်။ မဟုတ်ရင် အဲ့ဒီ့အိပ်မက်ကြောင့်ပဲ လူက စိတ်နဲ့ကိုယ် မကပ်နိုင်ဘူး။

    အချိန်တစ်လလောက်ကြာတော့ ကိုထူး ဒဏ်ရာတွေပျောက်လို့ အကောင်းပကတိ ကျန်းမာလာခဲ့တယ်။ ညွန့်စိန်အပါအ၀င် အားလုံးက ကိုထူးအတွက် ၀မ်းသာလိုက်ကြရတာ ပြောဖွယ်ရာတောင်မရှိဘူး။

     ဒီကြားထဲမှာပဲ ထပ်ဆင့်လာတဲ့ သတင်းကောင်းက ရှိသေး။ ကိုထူးနဲ့ ညွန့်စိန်တို့ရဲ့ မင်္ဂလာကိစ္စလေ။

     ကိုထူးရဲ့ မိဘတွေက ညွန့်စိန်ကို အမှတ်ပြည့်ပေးခဲ့ကြတယ်။ ဒါကြောင့်ပဲ ညွန့်စိန်ရဲ့ မိဘတွေဆီကို သီတင်းကျွတ်အမီ အမြန်ဆုံး သားရေးသမီးရေး ကမ်းလှမ်းတော့တာ။

      ညွန့်စိန်ဘက်က မိဘတွေကလည်း သူတို့မျက်ကွယ်မပြုခင် သမီးလေးကို စိတ်ချချင်တာကြောင့် လိုလိုလားလားပဲ ခေါင်းညိတ်ခဲ့တာပ။

* * * * * *

    သီတင်းကျွတ်ပြီဆိုတာနဲ့ ကိုထူးတို့အိမ်ရှေ့မှာ မဏ္ဍပ်ကြီးက ခမ်းနားလွန်းတဲ့ အပြင်အဆင်တွေနဲ့ ဟည်းထ’လို့။

    ခြံ၀န်းထဲမှာတော့ မနက်ဖြန် ဧည့်ခံဖို့အတွက်ကို ချက်ပြုတ်တဲ့အဖွဲ့နဲ့ အခင်းအကျင်းလုပ်တဲ့အဖွဲ့ ရွာဓလေ့အရ သူနိုင်ကိုယ်နိုင်။

       ကိုထူးကတော့ ညွန့်စိန်ပြောခဲ့ဖူးတဲ့ သုံးနှစ်သုံးမိုးမတိုင်ခင် နီးစပ်ရတော့မှာမို့ ပျော်လို့မဆုံး၊ မော်လို့မဆုံး။

     တကယ်တော့ ညွန့်စိန်က သူပြောခဲ့ဖူးတာကို မမှတ်မိတာ မဟုတ်ဘူး။ မှတ်မိရဲ့သားနဲ့ ကိုထူးကို သနားစိတ်ကြောင့် ခေါင်းညိတ်ခဲ့တာ။ ချစ်တာကြောင့်လည်းပါတာပေါ့။

     နေ့လည်ဘက်ရောက်တော့ အိုးခွက်ပန်းကန်တွေကို ရွာဦးကျောင်းဆီမှာ သွားငှါးဖို့ ကိုထူးက ကာလသားတို့ကို ဦးဆောင်ပြီး ထွက်လာခဲ့ကြတယ်။

      ကျောင်းကြီးဆီရောက်တော့ ကျောင်းထိုင်ဘုန်းကြီးဆီကို ကိုထူးကပဲ ခွင့်ပန်လျှောက်တင်၊ ဘုန်းကြီးရဲ့ မိန့်စကားတွေကို နာယူပြီးတာနဲ့ ကျောင်းအောက်ထပ်က အိုးခွက်တွေယူဖို့ ဆင်းလာခဲ့ကြတယ်။

    ဆင်းမလာခင်မှာ ကိုထူးသတိထားမိတာ တစ်ခုက သူဆင်းကာနီး ကျောင်းထိုင်ဘုန်းကြီးက စူးစူးစိုက်စိုက်တစ်ချက်ကြည့်လိုက်တာကို။ ဘာကြောင့်ရယ်တော့ ကိုထူးမတွေးမိပါဘူး။

     ” တောက်…”

     ” ဟင်…”

     ကျောင်းအောက်ထပ်ကို ၀င်၀င်ချင်းကြားရတဲ့ ဒေါသတကြီးတောက်ခေါက်သံ။

     ” တောက်ခေါက်သံက အကျယ်ကြီးပဲ။ ဘယ်သူ တောက်ခေါက်တာလဲဟ…”

     သူ့မေး၊ ငါ့မေးနဲ့ အားလုံးက ခေါင်းရမ်းကြရင်း စကားသံတွေက တစ်ယောက်တစ်ပေါက်။

     တကယ်တော့ အသံက သူတို့အဖွဲ့ဆီက မဟုတ်ဘူး။ အသံက သူတိုမျက်နှာမူရာ ကျောင်းအောက်ထဲက ထွက်လာတာ။

     ” အောက်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ် ထင်တယ်…”

     တစ်ယောက်ရဲ့ အပြောကြောင့် အောက်ထပ်ထဲ ဝိုင်းရှာကြပေမယ့် ဘယ်သူ့ကိုမှ မတွေ့ကြရဘူး။

     ” အိုးခွက်တွေ မထုတ်ကြသေးပါလား။ ဘာဖြစ်ကြလို့လဲ တကာတို့…”

     ဆွမ်းစားကျောင်းက ဥူးဇင်းလေးက အနောက်ကလိုက်ဆင်းလာရင်း အောက်ထဲမှာ တစ်စုံတစ်ရာကို အသည်းအသန်လိုက်ရှာနေတဲ့ ကိုထူးတို့ကို တွေ့လို့ မေးတာ။

    ” ဘာမှမဖြစ်ပါဘူး ဘုရား…”

     ” အင်း…ဘာမှမဖြစ်ရင်လည်း ပြီးတာပဲ။ အခုကျုပ်လာတာ တကာတို့ကို ဘုန်းကြီးက အမှာခိုင်းလိုက်လို့…”

     ” တင်ပါ့…”

    ” အိုးခွက်တွေ ထုတ်ပြီးရင် ဘုန်းကြီးက တကာကိုထူးကို အပေါ်တက်ခဲ့ဦးတဲ့…”

    ” တင်ပါ့…တပည့်တော် သွားလိုက်ပါ့မယ်…”

     အိုးခွက်တွေ ထုတ်ပြီးတော့ ကိုထူးတို့ ကျောင်းပေါ် ပြန်တက်ခဲ့တယ်။

     ” အေး…တကာကိုထူး၊ လာ…”

      ကိုထူးက ဘုန်းကြီးရှေ့ ဒူးတုပ် ၀တ်ပြုလိုက်ပြီး…။

     “တပည့်တော်ကို အခေါ်ရှိတယ်ဆိုလို့ဘုရား…”

      ” အေး…ဟုတ်တယ်။ အခုနက ဘုန်းကြီးတကာ့ကို မြင်ရတာ တစ်ခုခုထူးခြားနေတယ်လို့ သိမိလိုက်သလိုပဲ။ ဒါကြောင့် အရံအတားဖြစ်အောင် တကာ့ကို အဆောင်လက်ဖွဲ့လေးပေးမလို့…”

     ” တင်ပါ့ဘုရား…”

      ဘုန်းကြီးက သင်္ကန်းကြိုးအနီစ’လေးမှာ ကြေးပြားလေးတွေပါတဲ့ လက်ဖွဲ့တစ်ခုပေးလာတယ်။ ကိုထူးလည်း ရိုရိုသေသေနဲ့ ယူလို့ ချက်ချင်းပဲ သူ့ရဲ့ ညာဘက်လက်မောင်းမှာ သေသေချာချာချည်နှောင်လိုက်တော့တာ။

* * * * * *

     ညဘက်ရောက်တော့ ချက်ပြုတ်သူတို့အကြားမှာ ကိုထူးတို့ အပျော်လွန်ပြီး ဗျာများလို့။

     ” ဖိုးသော်…ထင်းကုန်တော့မယ်၊ ထင်းတဲက တစ်ပွေ့လောက် သွားယူချေဦး…”

     ကာလသားခေါင်းကိုဖိုးကုလားက ခိုင်းတာ။ အခိုင်းခံရတဲ့ ဖိုးသော်ဆိုတဲ့ ကာလသားပေါက်စ’က…။

     ” ဟာ…ကိုဖိုးကုလားကလည်း အမှောင်ကြီးထဲ ကျုပ်တစ်ယောက်ထဲသရဲကြောက်တယ်ဗျ…”

    သရဲကြောက်တတ်တဲ့ ဖိုးသော်ရဲ့ အဖြေကို အားလုံးဝိုင်းရယ်ကြရော။ ရယ်သံတွေစဲတော့ မနေသာတဲ့ ကိုထူးက…။

     ” ဖိုးသော်…မင်း နေနေ… ငါပဲသွားလိုက်မယ်…”

     ” နှစ်ယောက်ဆိုရင်တော့ ကျုပ်သွားရဲတာပေါ့ဗျ…”

     ” အေး…ဒါဖြင့်လည်း သွားကြမယ်…”

     ကိုထူးက ပြောပြီး လောလောနဲ့ ချက်ချင်းသွားဖို့ သွားဖို့ပြင်တော့ ကျန်တဲ့ ကာလသားတို့က…

     ” ဟေ့…ကိုထူး။ သိပ်လည်း မလောစမ်းပါနဲ့ဟ။ အေးဆေးလုပ်လည်း မင်းနဲ့ ညွန့်စိန်တို့ မနက်ဖြန် ညားမှာပါကွာ…”

     ရယ်သံတို့က သောခနဲပဲ။ ကိုထူးက ရှက်သွားတဲ့ မျက်နှာပေးနဲ့…။

     ” အိုကွာ…မင်းတို့ကလည်း တယ်နောက်တာပဲ…”

     ” အိုကွာ…လုပ်မနေနဲ့။ မိန်းမရရင် မင်းမအိုချင်လည်း အိုကိုအိုရမှာက အသေချာပဲ…ဟား…ဟား…ဟား…”

     ကိုဖိုးကုလားကပါ ၀င်နောက်တော့ ရယ်သံတို့က ထိန်းမရတော့။ အားလုံးက သူ့ကို ဝိုင်းစ’နောက်နေတာမို့ ကိုထူး တကယ်မနေတတ်တော့ဘူး။

     ” ဟာ…လုပ်ပြန်ပြီဗျာ။ ဟေ့…ဖိုးသော် မြန်မြန်လာကွာ…သွားကြမယ်။ တော်ကြာထပ်နောက်ရင် ငါမနေတတ်တော့ဘူး…”

     ကိုထူးက ပြောပြီး ထင်းတဲဘက်ကို ပြာပြာသလဲ ထွက်သွားတယ်။

    အနောက်က ဖိုးသော်က ကပိုကယို၊ ကသောကမျော ပြေးလိုက်တော့ ရယ်သံတို့က ထပ်မံထွက်ပေါ်လာရော။

* * * * * *

     ” ရော့…မင်းက ဒီတစ်ပွေ့ကိုယူ့…”

     ကိုထူးက ဖိုးသော်ကို ထင်းတစ်ပွေ့ကမ်းပေးပြီး သူအတွက် တစ်ပွေ့စာထပ်ယူဖို့ပြင်လိုက်တယ်။

     ” အား…”

     လက်ညှိုးနဲ့ လက်မဂွဆုံက မီးစနဲ့ထိုးသလို ပူခနဲခံစားချက်။ မျက်၀န်းမှာ မြင်လိုက်ရတာက ထင်းတွေနံဘေးက ရိပ်ခနဲ ရှည်မျောမျောအကောင်ရဲ့ လှုပ်ရှားမှု။ ကိုထူးရင်ထဲ ထိတ်ခနဲဖြစ်ပြီး ထူပူသွားတယ်။

     ” ကိုထူး…ဘာဖြစ်တာလဲ…”

     ” အ…အကောင်ရှည်…”

     ” ဟင်…ဘယ်မှာလဲ…”

     ” ဟို…ဟိုမှာ…ဒီကောင် ငါ့ကို တုပ်သွားပြီ…”

     ညရေးညတာမို့ ကိုထူးက အမှီအပ’ရန်ကြောက်လို့ စကားကို ဝှက်ပြောတာ။

    ဖိုးသော်ကြည့်မိတော့ ကိုထူးပြတဲ့နေရာက ထင်းပုံအောက်ကို ရိပ်ခနဲတိုး၀င်သွားတဲ့ အကောင်ကို မြင်လိုက်ရတယ်။

     ဖိုးသော် ပြာသွားရပြီး ချက်ချင်းပဲ သူ့လက်ထဲက ထင်းတွေကို ပစ်ချလို့ ကိုထူးဆီပြေးလာရင်း ပါးစပ်ကလည်း…။

     ” လာကြပါဦးဗျို့…ကိုထူးကို အကောင်ရှည်တုပ်သွားလို့…”

   အားလုံး အထိတ်တလန့်နဲ့ ပြေးလာကြတာ အုတ်အော်သောင်းနင်း။ တချို့က ကြက်သေသေနေကြတယ်။ သတိရှိတဲ့ ကိုဖိုးကုလားက…။

     ” ဟေ့ဟေ့…ငထူး၊ မင်းမလှုပ်နဲ့။ ငြိမ်ငြိမ်လေးနေ။ ငါတို့မင်းကို အိမ်ပေါ်ခေါ်သွားမယ်…”

     ကာလသားတို့က ကိုထူးကို ပွေ့ချီပြီး အိမ်ဆီကို ခေါ်ကြရော။ ကျန်တဲ့သူတွေကလည်း ဆေးဆရာကြီး ဦးဘရွှေကို အမြန်ဆုံး အပြေးပင့်ကြတယ်။ သူတို့ရွာမှာ တစ်ခုခုဆို တိုင်းရင်းဆေးဆရာကြီးကိုပဲ အားကိုးကြရတာ။

    အဖြစ်အပျက်က ညတွင်းချင်းပဲ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ရွာဆူသွားလေရဲ့။ ဆူလည်းဆူချင်စရာလေ။ မနက်ကို မင်္ဂလာဆောင်မယ့် သတို့သား မြွေကိုက်ခံရတော့ အားလုံးစိတ်ပူမိကြတာကိုး။ ကိုထူးတို့အိမ်ဆီကို လူတွေတစ်အုပ်တစ်မကြီး ရောက်လာကြတယ်။

     ဆေးဆရာကြီး ရောက်လာတော့ ကိုထူးက အိပ်ရာထဲမှာ ငုတ်တုပ်။ သူ့ကြည့်ရတာ ဘာမှမဖြစ်သလို လန်းလန်းဆန်းဆန်းပဲ။

     ညွန့်စိန်နဲ့ မိဘအသိုင်းအဝိုင်းတို့ကတော့ ကိုထူး အသက်အန္တရာယ်ဖြစ်မှာကို စိတ်ပူနေကြတယ်။ ညွန့်စိန်ဆို မျက်ရည်လေးတစမ်းစမ်းနဲ့။

     ဆေးဆရာကြီးက ကိုထူးကို စမ်းသပ်ကြည့်တယ်။ လက်ခွနေရာမှာ မြွေအစွယ်ပေါက်ရာနှစ်ပေါက်ရှိပေမယ့်လို့ သွေးစို့နေတာမျိုးက မရှိဘူး။ ပုံမှန်ရှေးဆရာတို့ရဲ့ စကားအတိုင်းဆို လူတစ်ယောက်ရဲ့ ခြေမ၊ လက်မကြားခွဆီကို အဆိပ်ရှိမြွေတို့ ကိုက်ခဲ့ရင် သွေးကြောဆုံရှိတဲ့နေရာမို့ ဆေးမမီဘူးတဲ့။ ဆေးဆရာကြီးက စိတ်ရှည်လက်ရှည်နဲ့ ကိုထူးကို စမ်းသပ်ပြီး အတော်ကြာတော့ အံ့သြနေတဲ့ မျက်နှာထားနဲ့…။

     ” သွားရာမဟုတ်ဘဲ အစွယ်ရာနဲ့ဆိုတော့ ကိုက်တဲ့ကောင်က မြွေဆိုးဆိုတာတော့ သေချာတယ်။ ဒါပေမယ့် ထူးဆန်းတာက မင်းဆီမယ် အဆိပ်တက်တဲ့ လက္ခဏာ ရှိမနေဘူး။ ဒါမျိုးက ဖြစ်ခဲတယ်။ ပြီးတော့ အတော့်ကို နားလည်ရ ခက်တယ်လို့လည်း ပြောရမယ်။ အခုကော…မင်းဘယ်လိုခံစားနေရတုန်း…”

      ” ဘယ်လိုမှ မနေဘူး ဘကြီး။ ကျုပ် နေလို့ကောင်းတယ်…”

     ” အင်း…ထူးတော့ အတော့်ကို ထူးဆန်းတာကလား…”

     ဆေးဆရာကြီး ရေရွတ်စကားဆုံးချိန်၊ ကိုထူးတစ်စုံတစ်ရာကို သတိရမိသွားတယ်။

    ” နို့ပေမယ့် ဘကြီး၊ ကျုပ်သတိထားမိတာတော့ ရှိတယ်…”

     ” ဟေ…ဘယ်လိုများတုန်း…”

     ” ဒီကောင် ကျုပ်ကို ကိုက်လိုက်တဲ့အချိန် ကျုပ်လက်မောင်းမှာချည်ထားတဲ့ နေ့လည်က ဘုန်းကြီးပေးထားတဲ့ လက်ဖွဲ့လေးက တင်းခနဲဖြစ်သွားတယ်…”

    ကိုထူးစကားအဆုံး ဆေးဆရာကြီးက ခေါင်းကိုတွင်တွင်ညိတ်ရင်း…။

    ” ဒါဆိုရင်တော့ သေချာပြီ။ မင်းအသက်ကို တို့များရဲ့ ဘုန်းကြီးက ကယ်လိုက်တာပဲ မောင်။ ဘုန်းကြီးက သာသနာ့အရေးမှာတင်မဟုတ်ဘူး။ အခြားတစ်ဖက်မှာလည်း နှံ့နှံ့စပ်စပ်ရှိတယ်ကွ။ ဒါကို သိသူနည်းကြတယ်…”

     အားလုံး လက်မောင်းက လက်ဖွဲ့ကို ဝိုင်းကြည့်မိကြရင်း ထုံးစံအတိုင်း ထင်မြင်ချက် ကိုယ်စီနဲ့။ ရွာကျောင်းထိုင်ဘုန်းကြီးအကြောင်းကိုလည်း ထပ်ဖန်တလဲလဲ ချီးမွမ်းပူဇော်ကြလို့။

     တအောင့်ကြာတော့ ဆေးဆရာကြီး ပြန်ကြွသွားခဲ့တယ်။

    ကိုထူးကတော့ တကယ့်ကိုပဲ ဘာမှမဖြစ်တဲ့အပြင် ဆေးဆရာကြီးကိုတောင် ခြံ၀အထိလိုက်ပို့ခဲ့သေးတာ။

     သူ့စိတ်ထဲမှာတော့ မနက်ကျလို့ ဘုန်းကြီးဆွမ်းစားကြွလာရင် ဒီအကြောင်းကို မေးလျောက်ဦးမယ်လို့လည်း တေးထားမိလိုက်တယ်။

    ညရဲ့ အချိန်တွေသာ ကုန်သွားခဲ့တယ်။ မနက်လင်းတဲ့အထိ ကိုထူးကတော့ ထူးထူးခြားခြားဘာမှမဖြစ်ဘဲ အကောင်းပကတိပါပဲ။

* * * * * * *

မနက်အစောအချိန်…။

     သံဃာတော်တို့ကို အာရုံဆွမ်း ကပ်ဖို့ ကိုထူးတို့အဖွဲ့ အိမ်ပေါ်မှာ ဆွမ်းပွဲတွေပြင်နေကြတယ်။

     ကာလသား၊ ကာလသမီးတချို့က မဏ္ဍာပ်ထဲ အကျွေးအမွေးဧည့်ခံဖို့အတွက် ပြင်ဆင်နေကြလို့။

     တဖြေးဖြေးနဲ့ အိမ်ဆီမှာရော မဏ္ဍာပ်ထဲမှာပါ တရားနာဖို့ လာရောက်သူတို့က တဖွဲဖွဲနဲ့ စည်ကားလာတယ်။

     ” အီး…”

     မချိမဆန့်အော်သံနဲ့အတူ မဏ္ဍပ်ထဲမှာ ဧည့်ခံကျွေးမွေးရေးအတွက်ပြင်နေတဲ့ အေးဘုံဆိုတဲ့ အပျိုမလေး ရုတ်တရက် လဲကျသွားတာ။

    မဏ္ဍာပ်ထဲ ဆူညံပွက်လောရိုက်ပြီး အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြရတယ်။

     ” တက်သွားတာနေမယ်။ ခြေမတွေ လက်မတွေ ဝိုင်းချိုးနှိပ်ကြပါဟ…

     တက်တယ်ထင်ပြီး ခြေမချိုး၊ လက်မချိုးနဲ့ တအောင့်ကြာတော့ ” ဟင်း…”ခနဲ သက်ပြင်းချသံနဲ့အတူ ကလေးမလေး သတိလည်လာတယ်။

     ” ကလေးမ၊ အေးဘုံ ညည်း သတိရပြီလား…”

     ရွာထဲက မအေးဆိုတဲ့ အမျိုးသမီးကြီးက မေးတာ။ အေးဘုံက ခေါင်းကြီးကို ငုံ့ထားရင်း တွင်တွင်ရမ်းခါလိုက်ပြီး အသံသြသြကြီးနဲ့…။

     ” ငါက နင်တို့မေးနေတဲ့ သူမဟုတ်ဘူး…”

     ” ဟင်…”

     ထွက်လာတဲ့အသံက ယောကျာ်းသံကြီးမို့ အားလုံးတအံ့တသြ။

     ” ၀င်ပူးတာဟေ့…၀င်ပူးတာ…”

     တစ်ယောက်တစ်ပေါက် ပြောဆိုသံတွေကြားချိန် ၀င်ပူးခံနေရတဲ့ အေးဘုံက အံကြီးကြိတ်လိုက်ပြီး…။

     ” မကျေနပ်ဘူး…ငါမကျေနပ်ဘူးဟေ့…”

     အော်သံကြီးက ကြက်သီးထစရာ။ လူအုပ်ထဲရှိနေတဲ့ အတွေ့အကြုံရှိသူ ဘကြီးတင့်ဆွေက…။

     ” မင်းက ဘယ်သူလဲ။ ဘာဘို့မကေနပ်ဘူးလို့ပြောတာလဲ…”

     ” မကျေနပ်ဘူး။ ကိုထူးဆိုတဲ့ကောင်ကို ငါလုံး၀မကျေနပ်ဘူး…”

     ” ဟာ…”

     လူအုပ်ထဲ ရပ်ကြည့်နေတဲ့ ကိုထူး အံ့သြသွားတယ်။ နံဘေးက ညွန့်စိန်ဆိုလည်း မျက်လုံးလေးအဝိုင်းသားနဲ့။

     ” ကိုထူးက မင်းအပေါ် ဘာအပြစ်လုပ်မိလို့လဲ…”

     ” ဒီကောင် ငါ့မိန်းမကို ငါတားနေတဲ့ကြားက အရယူဖို့ကြိုးစားနေတာ။ ဒင်းကို မှတ်လောက်သားလောက်အောင်လို့ ကျွဲနဲ့တိုက်သတ်ထားလည်း ဒင်းမမှတ်ဘူး။ ငါ ဒေါသဖြစ်ပြီး ညတုန်းက မြွေနဲ့အသေတိုက်သတ်တာမှာလည်း ဒင်းက ကံကောင်းနေသေးတယ်…ဟင်း…ဟင်း…”

      အဖြစ်အပျက်အလုံးစုံက စေ့စေ့တွေးတော့ ရေးရေးပေါ်လာတယ်။ ကိုထူးကြုံရသမျှ ထူးဆန်းမှုတို့က ယခု၀င်ပူးနေသူရဲ့ ပယောဂကြောင့်သာ။

     ” ဒါဖြင့် မင်းမိန်းမဆိုတာက…”

     ” သူက ငါ့မိန်းမပဲ။ သူ့နာမည်က မယ်ရှင်…”

     ” အို…”

      လက်ညှိုးက ညွန့်စိန်ဆီ တန်းလို့။ ညွန့်စိန် အံ့အားသင့်ရင်း အာရုံထဲမှာ အိပ်မက်ထဲက အကြောင်းတွေက ဖျတ်ခနဲပြန်ပေါ်လာရတယ်။

     ” ဒါဖြင့် သူက မယ်ရှင်ဆို မင်းကကော ဘယ်ကလဲ၊ ဘယ်သူလဲ…”

      ” ငါက ၀င်္ကဘာဘုရားသိုက်က။ ငါ့နာမည်က သိုက်စောင့်ငညို…”

      ဖြေသံအဆုံး ဘုန်းကြီးတွေကြွလာတာကြောင့် တချို့က အဖြစ်အပျက်ကို အပြေးလျှောက်တင်ကြရော။

    ဘုန်းကြီးတွေ မဏ္ဍာပ်ထဲရောက်လာတော့ အေးဘုံကို ၀င်ပူးနေတဲ့ ငညိုဆိုတဲ့ ပုဂ္ဂိုလ်က လက်အုပ်ချီပြီး အသေအချာကို ဦးခိုက်တော့တာ။ ပြီးတော့…ရုတ်တရက် ငိုချလေပြီး

      ” အရှင်ဘုရား တပည့်တော်တို့ သားအဖကို ကယ်တင်ပေးပါဘုရား…”

* * * * * *

      အေးဘုံဆီ ၀င်ပူးနေတဲ့ သိုက်စောင့် ငညိုက သူတို့ရဲ့ အတိတ်ဘ၀နဲ့ သိုက်စောင့်ဘ၀က အဖြစ်အပျက်တွေကို ဘုန်းကြီးဆီ လျှောက်တင် ပြောပြနေတယ်။

       သူပြောပြတာတွေမှာ အတိတ်ဘ၀က ထီးနန်းစွန့်ပြီး စစ်ဘေး တိမ်းရှောင်လာတဲ့ အရှင်သခင်နဲ့အတူ လိုက်ပါရင်း စွန်ပါချောင်းနံဘေးမှာ အခြေပြုဖြစ်ကြပုံ။

     နောက်…။

     ၀င်္ကဘာဘုရားကို တည်ဖြစ်ကြပုံနဲ့ သူတို့သေလွန်ပြီးတဲ့နောက် သိုက်စောင့်ဖြစ်ခဲ့ကြရတဲ့အကြောင်း။

     သိုက်စောင့်ဘ၀မှာ မယ်ရှင်က သူနဲ့ အချင်းများပြီး သားဖြစ်သူကိုခေါ်လို့ လူ့ဘ၀ကို ထွက်သွားခဲ့လို့ သူလိုက်ခေါ်ချိန် မယ်ရှင်က ပြန်လိုက်မလာဘဲ သားဖြစ်သူသာ ပြန်လိုက်လာခဲ့တဲ့ အကြောင်းတွေကို သိုက်စောင့်ငညိုက အကျဉ်းချုံးပြီး ပြောပြတာ။

     သူတို့အကြောင်းကို ကြားရတော့ နားထောင်သူတို့ခမျာ အသည်းအူလိုက်လို့ ရင်တဖိုဖို။

      ညွန့်စိန်မှာလည်း သူ့အတိတ်ဘ၀ကခင်ပွန်းဖြစ်သူ သိုက်စောင့်ငညိုပြောပြတာတွေကို တချို့တ၀က် မှတ်မိရင်း မျက်ရည်လည်ရွှဲနဲ့။

     ” တပည့်တော်တို့သားအဖ ရှင်မကို တစ်ပါးသူလက်ထဲ မပေးအပ်ချင်ပါဘူးဘုရား…”

     စကားကို အဆုံးသတ်ပြီးချိန် ငညိုက ဆက်လက်လျှောက်တင်တာ။

     ဘုန်းကြီးက…။

     ” ဒါဆိုရင်တော့ တကာကြီးအကောင်းဆုံး သုံးသပ်နိုင်ဖို့ ဘုန်းကြီးဥပမာတစ်ခုပြောပြမယ်…”

    ” တင်ပါ့ဘုရား…”

    ” လူတစ်ဦးဆီမှာ လွန်စွာမှ ကြီးမားပြီး အရိပ်အာဂါသရတဲ့ သစ်ပင်ကြီးတစ်ပင် ရှိတယ်ဆိုပါစို့။ မုန်တိုင်းတစ်ခုကြောင့် အဲ့ဒီ့သစ်ပင်ကြီး လဲကျသေဆုံးသွားတဲ့အချိန်မှာ ပိုင်ရှင်အနေနဲ့ နှမြောစိတ်နဲ့ သေနေတဲ့အပင်ကြီးကို ဒီအတိုင်း ပြန်ထောင်ထားမလား၊ ဒါမှမဟုတ် ပရိဘောဂအဖြစ်ပြောင်းလဲမလား။ တကာကြီးကိုထူးဆိုရင်ကော ဘယ်လိုဆုံးဖြတ်မလဲ…”

      ကိုထူးက လက်အုပ်ကို ချီလိုက်ရင်း…။

     ” ပြန်ရှင်ဖို့ မလွယ်တာမို့ အကျိုးရှိအောင် ပရိဘောဂအဖြစ် အသုံးပြုမှာပါ ဘုရား…”

      ” အင်း…တကာကြီးမောင်ညိုဆိုရင်ကော…”

      ” အတူတူပါပဲ ဘုရား…”

      ” အင်း…တကယ်တော့ လူ့ဘ၀ဆိုတာ ရခဲလွန်းတယ် တကာကြီး။ ဟော…ရလာပြန်တော့လည်း လူလားမြောက်ဖို့အတွက်က ခက်ခဲရပြန်တယ်။ ဒီတော့ တကာကြီးကို တွေးစေချင်တာက လဲကျသေဆုံးနေတဲ့ သစ်ပင်ကြီးကို ပြန်ရှင်သန်အောင်စိုက်တာထက်၊ ပရိဘောဂအဖြစ်အသုံးပြုသလိုမျိုး မိမိရဲ့ ဇနီးဖြစ်သူ လူ့ဘ၀ကို ရောက်တုန်းရောက်ခိုက်မှာ သူစိတ်ပျော်အောင်ထားပြီး သူပြုလုပ်ပေးမယ့် ကုသိုလ်ကောင်းမှုတွေကို အမျှအတန်း ခံယူတာက အကျိုးရှိစေလိမ့်မယ်လို့ ယူဆမိတယ် တကာကြီး။ ဆုံးဖြတ်ချက်ကတော့ တကာကြီး စိတ်အလိုကျသာ ဆုံးဖြတ်ပါလေ…”

      ” တင်ပါ့ဘုရား…”

      သိုက်စောင့်ငညို ခေါင်းငိုက်စိုက်ကျသွားတယ်။ အချိန်တော့ သိပ်မကြာဘူး။ ချက်ချင်းဆိုသလိုပဲ ဆုံးဖြတ်ချက်ချပြီးဟန်နဲ့ ညွန့်စိန်နဲ့ ကိုိထူးတို့ကိုကြည့်ပြီး…။

      ” မယ်ရှင်…လူ့ဘ၀မှာ စိတ်ပျော်သလိုသာနေပါတော့။ တို့သားအဖအတွက်လည်း ကုသိုလ်ကောင်းမှုပြုပေးပါနော်။ တို့သားအဖ ရှင်မကို စောင့်ရှောက်ပါ့မယ်။ အနွယ်တွေကိုတော့ အဆက်ဖြတ်ဖို့ မကြိုးစားပါဘူးလို့တော့ ကတိပေးပါ…”

     ညွန့်စိန်ကို ရည်ညွှန်းပြီး ကြေကြေကွဲကွဲနဲ့ ပြောတာ။ ကြားရသူတို့ ရင်ထဲဆို့နင့်ကြရတယ်။

      ” က…က တိပေးပါတယ်…”

      ညွန့်စိန်က မျက်ရည်တို့ကြားက ခေါင်းကိုညိတ်ပြရင်း ကတိပေးလိုက်တော့ သိုက်စောင့်ငညို၀င်ပူးနေတဲ့ အေးဘုံတစ်ယောက် ခွေခေါက်ပြီးကျသွားတော့တာ။

ဆက်ရန်။

                                    နောင်ရိုး( ဆေးတပ်)