၀ဋ်ကြွေးကြမ္မာ

၀ဋ်ကြွေးကြမ္မာ(စ/ဆုံး)

————————-

လမ်းမထက်မှသည် အိမ်ဘက်သို့ ဦးတည်၍ လာနေသော ဦးထွန်းသာကိုတွေ့သည့်အခါ ဦးဘကျော်
တ​စ်ယောက်် အနေရခက်သွားသည်။ မိမိအားမြင်ပါက အိမ်ကိုအလည်လာမည်စိုးသောကြောင့် လမ်းမဘက်သို့လှည့်မကြည့်ပဲ ယက်လက်စတောင်းအား သည်းကြီးမဲကြီးဟန်ဆောင်ယက်နေလိုက်သည်။

မိမိလှည့်ကြည့်ပါက နုတ်ဆက်ပြီးအိမ်ထဲ၀င်လာမည်စိုးသောကြောင့် ဖြစ်သည်။

မနေ့ကလုပ်ထားသည့်ကိစ္စအတွက် ဦးထွန်းသာများရိပ်မိနေမလားဆိုသည့်အတွေးဖြင့် ရင်ထဲတွင် ဗလောင်ဆူလျက် ရှိသည်။ တောင်းကိုဟန်ပြကြိုးစားပြီးယက်နေသော်လည်း စိတ်ကတောင်းယက်သည့်ထဲသို့ရောက်မနေ။ အနောက်မှ ဦးထွန်းသာ နုတ်ဆက်မည့်အသံထွက်ပေါ်လာမည်ကိုသာစိုးရိမ်လျက်ရှိနေသည်။

“ဗျို့…..။ ဦးဘကျော်…။ကြိုးစားပန်းစား ပါလားဗျ ”

နုတ်ဆက်မည်စိုး၍ ကျောခိုင်းကာမှ ဦးထွန်းသာက နုတ်ဆက်ဖြစ်အောင်နုတ်ဆက်လာသေးသည်။ ပထမ ချက်ချင်းပြန်မဖြေပဲ မကြားချင်ရောင်ဆောင်လိုက်သေး၏။

“ဦးဘကျော်….။ မိုးချုပ်နေပြီလေဗျာ…။ နားပါတော့လား…။ ကျုပ်အလည်လာတာဗျ.. ။”

“သြော်….။ ဦး… ဦးထွန်းသာ…ပါလား..။ လာလေ အိမ်ထဲကို အကြမ်းရေလေးသောက်ပါဦး..။”

မကောင်းတတ်၍ခေါ်လိုက်သော်လည်း ဦးထွန်းသာကို စေ့စေ့မကြည့်ရဲပါ။မိမိလုပ်ထားသည့်ကိစ္စအား ရိပ်မိသွားပြီး လာပြောခြင်းဖြစ်လေမလားဟု စိတ်ထဲထင့်ကာစိုးရိမ်လျက်ရှိသည်။

“မနက်ဖန် လပြည့်နေ့ ဘုန်းကြီးကျောင်းဥပုပ်သွားစောင့်ရအောင်လို့ လာပြောတာ ကိုဘကျော်ရေ…။”

မိမိစိုးရိမ်နေသည့်ကိစ္စမဟုတ်မှ ဦးဘကျော်ဟင်းချနိုင်တော့သည်။ရေနွေးခွက်ကိုကျင်းနေရာမှ ဦးထွန်းသာအား ကြည့်လိုက်မိ သည်။ပြုံးရွှင်နေသော ဦးထွန်းသာ၏မျက်နှာကိုမြင်မှ မိမိလုပ်ထားသည့်ကိစ္စမရိပ်မိသည်ကို သိသွားပြီး စိတ်အေးရတော့သည်။

“မနက်ဖန် ..ဥပုပ်နေ့လား..ဦးထွန်းသာ…။ ကျုပ်လည်း အလုပ်တွေများနေတာနဲ့ ဥပုပ်နေ့မှန်းတောင်မသိတော့ဘူးဗျာ…။ မွေးထားတဲ့ ကြက်တွေက များလာတော့ မနိုင်ဘူးဦးထွန်းသာရေ…။ ခုတောင်ကြက်မ သုံးလေးကောင်က ဥ နေပြီ ။ ဥတောင်းမလုပ်ပေးရသေးတာနဲ့ အသည်းသန်တောင်းယက်နေရတာ…။ သားအကြီးကောင် ကလည်း လယ်ထဲခြံထဲနေကုန်ဆိုတော့ ဒါတွေမလုပ်နိုင်ဘူးလေ..။ မိန်းမ နှင့် သမီးကြီးကလည်း သူ့ဆိုင်နဲ့သူ မအားရှာဘူး။”

“ဒါတော့ ဒါပေါ့ ဦးဘကျော်ရေ…။ ကိုယ့်အသက်ရွယ်ကိုလည်း မေ့မထားနဲ့ဦးဗျ..။ ကျုပ်တို့အသက်ရွယ်က ဘုရားသွား ကျောင်းတက်လုပ်ရမယ့်အရွယ်ရောက်နေပြီ။ စီးပွားရေးလုပ်တာလုပ်တာပေါ့ဗျာ…။ ဒီဘဝအတွက်ချည်း ကြည့်မနေ နဲ့နောင်ဘ၀အတွက် ရိက္ခာယူဦး..။ အသေမဦးခင် ညဏ်ဦးထားမှ ရမယ် ဦးဘကျော်ရေ…။”

ဦးထွန်းသာပြောသည့်စကားများကို စိတ်ထဲတွင်တော့ သိပ်နှစ်မြိုလှပါ။သို့သော်လည်း ပစ်ပစ်ခါခါပယ်ချ၍မကောင်း သောကြောင့် အလိုက်သင့်မျှောလိုက်ပေနေရသည်။

“အင်းပါဗျာ…။ လုပ်တော့လုပ်မှာပါ..။ မနက်ဖန်တော့ မအားသေးဘူး ။ နောက်အပတ်မှပဲ ဘုန်းကြီးကျောင်းလိုက် ပါတော့ မယ် ဦးထွန်းသာရေ…။ တကူးတက လာခေါ်တာလည်းကျေးဇူးတင်ပါတယ်ဗျာ..။ ကျုပ်မှာလည်း လုပ်စရာတွေက များနေသေးလို့ပါ..။”

“ကဲပါလေ… သဘောရှိသလိုပါပဲဗျာ…။ကဲ… ဒါဆိုနည်းနည်းလည်းမှောင်နေပြီဆိုတော့ ကျုပ်ပြန်တော့ မယ်။ အားရင် အိမ်ဘက်လှည့်ခဲ့ပါဦး…။ ကျုပ်တို့ကလည်း ခြံခြင်းသာကပ်နေကြတာ သိပ်မရောက်ဖြစ်ကြဘူးရယ်…။”

“ဟုတ်ကဲ့…လာခဲ့ပါမယ် ဦးထွန်းသာ…။”

ဦးထွန်းသာပြန်သွားသည့် အခါ ယက်လက်စတောင်းအား မမှောင်ခင်ပြီးရန်ကမန်းကတမ်းယက်လိုက်သည်။ ရင်ထဲတွင်တော့ မိမိ ခြံတစ်ထွာကျော်ကျော်လောက် ခိုးထားတာကို ဦးထွန်းသာ မသိလေခြင်းဟုတွေးကာ အကျေနပ်ကြီးကျေနပ်နေ မိသည်။

ဦးထွန်းသာ နှင့် ဦးဘကျော်တို့ခြံမှာ ခြံခြင်းကပ်ရက်ဖြစ်၏။ သို့သော်လည်း ရွာခြံများပီပီ ခြံမှာကျယ်ပြောလွန်းသောကြောင့် တစ်အိမ်နှင့်တစ်အိမ်မှာအနည်းငယ်တော့ လှမ်းပါသည်။ဦးဘကျော် ခြံထက် ဦးထွန်းသာ၏ ခြံမှာ တစ်ဆလောက်ပင် ပိုမိုကျယ်၀န်းလှသည်။

အစကမူ ဦးဘကျော်ခြံမှာ ယခုကဲ့သို့ လေးထောင်စပ်စပ်မဟုတ်ပါ။ရှေ့မျက်နှာစာမှာ နည်းနည်းရွဲ့စောင်းနေသလို အနောက်တွင်လည်း တစ်ခြမ်းစောင်းနေ၏။ဦးဘကျော်ကိုယ်တိုင် တစ်နှစ်နည်းနည်း စီ လမ်းမြေနှင့် ဦးထွန်းသာ၏ ခြံမြေကို မသိမသာ ခိုးယူထားသောကြောင့် ယခုအခါ ခြံမှာ လှလှပပ လေးထောင့်စပ်စပ်ဖြစ်လျက်ရှိသည်။

ပြီးခဲ့သည့်အပတ်ကလည်း ခြံစည်းရိုးပင်စိုက်သလို လုပ်ပြီး ဦးထွန်းသာ၏ခြံအား တစ်ထွာကျော်ကျော်လောက် ခိုးယူ ထားသေးသည်။ ဦးထွန်းသာ၏ခြံပင်ကျယ်၍လားမသိ ။ မိမိ ခိုးယူတိုင်း မရိပ်မိကြပေ။ ဦးထွန်းသာကိုယ်တိုင်သည်လည်း အိမ်စီးပွားရေးကို မိမိလောက် စိတ်၀င်စားသူမဟုတ်။အမြဲတမ်းအေးအေးလူလူနေပြီး နိုင်ငံခြားတွင်ရောက်နေသည့် သားနှစ်ယောက်ပို့သည့် ပိုက်ဆံကို လင်မယားနှစ်ယောက်ချွေတာ၍စားသောက်နေထိုင်သူများ ဖြစ်သည်။

အချိန်ပြည့် ဘုရားသွားကျောင်းတက်လုပ်နေတတ်သူများဖြစ်သည်။
အများတကာအမြင်တွင်အေးချမ်းသည်ဟုတ်ဆိုနိုင်သော်လည်း ဦးဘကျော်ကား ထိုသို့မမြင်ပါ။ ငွေမရှိလျှင် လူရာ မ၀င်မျက်နှာငယ်မည်ကိုဦးဘကျော်အလွန်တရာကြောက်သည်။ ရပ်ထဲရွာထဲတွင် သူများထက်မသာလျှင်တောင် သူများ ထက်တော့ မနိမ့်ချင်သည့်ဆန္ဒဦးဘကျော်ထံတွင်ရှိသည်။ထို့ကြောင့် လယ်ခြံများစိုက်ပျိုးခြင်းအပြင် ၊ သမီးနှင့် ဇနှီးအား လမ်းထိပ်တွင် ကုန်စုံဆိုင်ဖွင့်ထားပေး၏။မိမိကိုယ်တိုင်းလည်း အိမ်တွင်၀င်ငွေရရန်အတွက် ကြက်မွေးမြူရေးပါ တစ်နိုင် တွဲလုပ်နေသည်ဖြစ်ရာ တစ်ပတ်တစ်ပတ်ကြက်ဥဖိုးနဲ့ပင် မိသားစုမီးဖိုချောင်စရိတ် ကာမိသည်။

ဦးဘကျော်၏ကြိုးစားရှာဖွေစုဆောင်မူကြောင့် ရပ်ထဲရွာထဲတွင် အဆင်ပြေပြေနေနိုင်သည်ကို ဦးဘကျော် အလွန်တရာ ဂုဏ်ယူနေသူဖြစ်သည်။

***

နောင်ဝေဝေ ကြေးစည်သံနှင့်အတူ ဦးဘကျော်၏ အသုဘသည် သံဝေဂ ရစရာကောင်းလှပေသည်။

“ အမေလေး အဖေရယ်….။ သမီးတို့ကို ထားခဲ့ပြီလား..။ထကြည့်ပါဦးအဖေရဲ့။”

“ကိုဘကျော်ရယ်…။ ကျုပ်တို့ကို တသက်လုံးလုပ်ကျွေးခဲ့ပြီး ခုတော့ ရှင်နားချိန်တောင်မယူရပဲ သေသွားပြီးလား အဖြစ်ဆိုးလိုက်တာ ယောကျာင်္းရယ်…။”

ငြိမ်သက်နေသော ဦးဘကျော်၏အသက်မဲ့ခန္ဓာကိုယ်ကိုကြည့်ကာ မိန်းမ နှင့် သားသမီးများ အသည်းအသန် ငိုကြွေးနေကြသော်လည်း ဦးဘကျော်မသိနိုင်တော့ပါ။သူချစ်သော ၊ သူခင်တွယ်သောအရာမှန်သမျှကို ဦးဘကျော် ထားရစ်ခဲ့ရလေပြီ။

အလုပ်ကိုကြိုးစား လုပ်ကိုင်ရင်း စီးပွားရေးသရဲစီးသော ဦးဘကျော်မှာ မိမိကျန်းမာရေးကိုပင်ဂရုမစိုက်နိုင်ပဲနေပူစပ်ခါးတွင်အရွယ်နှင့်မမျှအောင်အလုပ်လုပ်သောကြောင့်ဦးနှောက်သွေးကျောပြတ်ပြီးရုတ်တရက်ဆုံးပါးသွားလေတော့သည်။ အသက် ၅၀ ကျော်အရွယ် သန်တုန်းမြန်တုန်းရှိသေးသော် လည်း သေမင်းက အသက်အပိုင်းခြား အရွယ်ကိုမကြည့်ခဲ့ပါ။

ဘုရားသွားကျောင်းတက်ကာ ဥပုပ်စောင့်ကုသိုလ်ယူရန် တစ်ရက်ပြီးတစ်ရက်ရွှေ့ခဲ့သော ဦးဘကျော်သည် သေဆုံး ချိန်အထိ တစ်ရက်မှ ဘုန်းကြီးကျောင်းမေ၇ာက်ခဲ့ပါ။

***

“မလှတင်… တစ်မျိုးတော့မထင်ပါနဲ့ဗျာ..။ ဦးဘကျော်မကျွတ်ဘူးထင်တယ်..။ သူ့ကိုတစ်ခုခု ကောင်းမူကုသလို လုပ်ပေးကြရအောင်လား…။”

ရုတ်တရက်ကြားလိုက်ရသည့် ဦးထွန်းသာစကားကြောင့် ဦးဘကျော်၏ ဇနှီးဖြစ်သူ ဒေါ်လှတင်မှာ အလွန်တရာ စိတ်ဆိုးသွားသည်။

“နေပါဦး …။ ကိုထွန်းသာ …။ ဘယ်လိုလုပ်ပြီး ကျွန်မယောကျာင်္းမကျွတ်ဘူးလို့ပြောနိုင်ရတာလဲ..။ ထင်ကြေးတွေမပေးပါနဲ့ရှင်…။ သွားလေသူ ကိုဘကျော်အတွက် စိတ်မကောင်းလွန်းလို့ပါ..။”

ဒေါသတကြီးငြင်းလိုက်သောကြောင့် ဦးထွန်းသာဆက်ပြောမည့်စကားများ ဆွံအသွားရသည်။သို့သော်လည်း မိမိကိုယ် တိုင်မျက်စိနှင့် မြင်ခဲ့သည်မို့ လူကြီးပီပီမပြော၍မဖြစ်ပါ။ မိမိတို့၏ ဥပက္ခာပြစ်မူတစ်ခုတည်းနဲ့ သွားလေသူ ဦးဘကျော်ဒုက္ခရောက်နေမည်ကို ဦးထွန်းသာမလိုလားပါ။ထို့ကြောင့် စိတ်တို့ကို ကိုလျှော့ကာ ဒေါ်လှတင်အား နားလည် အောင် ရှင်းပြရလေတော့သည်။

“မဟုတ်သေးဘူး…ဒေါ်လှတင်…။ အဲလောက်ထိစိတ်မဆိုးပါနဲ့ဗျာ..။ ကျွန်တော်ဆိုတာလည်း တခြားသူမဟုတ်ပါ ဘူး။ ခင်ဗျားတို့မိသားစုနဲ့လည်း ရပ်ဆွေရပ်မျိုးလိုဖြစ်နေပါပြီ။ မနေ့ညက ကျွန်တော် ဦးဘကျော်ကို ခြံနောက်လေးမှာ တွေ့လိုက်တယ်။”

ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့် ဒေါ်လှတင်သည် တအံ့တသြ ဦးထွန်းသာအားလှည့်ကြည့်လိုက်မိသည်။

“ဟုတ်တယ်…။ ခင်းဗျားတို့ခြံစည်းရိုးနဲ့ ကျုပ်တို့ခြံစည်းရိုးနားလေးမှာ ဘာလုပ်နေလဲမသိဘူး။ ကုန်းကုန်းကွကွ နဲ့။ အစက လူလို့ထင်နေတာ …။ ကျုပ်ကိုသိသိသာသာကြီးကို ကိုယ်ထင်ပြသွားတာ..။ သူ့ကြည့်ရတာလည်း အကူညီလိုနေတဲ့ ပုံပဲဗျ။ ကျုပ်သူ့ကိုမှတ်မှတ်မိချင်းပဲ စည်းရိုးကြားထဲကနေပြန်ပျောက်သွားတာ…။ ကျုပ်လည်း ကြက်သီးထထနှင့် အမျှ ဝေပေးလိုက်ပါသေးတယ်ဗျာ…။”

“ရှင်မျက်စိမှားတာရောမဖြစ်နိုင်ဘူးလား ကိုထွန်းသာ ။တစ်ခုခုကိုစိတ်စွဲရင်လည်း ဒါမျိုးက မြင်တတ်တာပဲလေ။”

မိမိစကားအား လုံး၀မယုံကြည်သလို ခါးခါးသီးသီးညင်းနေသောကြောင့်ဦးထွန်းသာစိတ်ကုန်သွားသည် ။ ထို့ကြောင့် စကားနည်းရန်စဲဆိုသလိုသာ ဖာသိဖာသာနေရန်ဆုံးဖြန်လိုက်မိတော့သည်။

***

ဦးထွန်းသာစကားကြားပြီး ဒေါ်တင်လှ အိမ်မပျော်နိုင်…။ အိပ်ယာထဲတွင် ဘက်သည်ဘက်လူးလိမ့်ရင်း လင်သား ဦးဘကျော်ရှိနေတုန်းက အချိန်များကိ ုပြန်စဉ်းစားနေမိသည်။

တကယ်ဆိုပါမူ ဒေါ်လှတင်အတွက် ဦးဘကျော်သည် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်၏။အိမ်ထောင်ကျစကတည်းက သေဆုံးချိန်ထိ မယားမှတ်မှတ်သားမှတ်မှတ် ရှာကျွေးခဲ့သည်။ ဦးဘကျော်ကြောင့် ဒေါ်လှတင် တစ်ခါမှ စိတ်မဆင်းရဲခဲ့ရဖူးပါ။

မိသားစုကို လူစေ့တန်းစေ့ထားနိုင်ဖို့အရေး ဦးဘကျော် အလုပ်ပေါင်းစုံလုပ်ခဲ့ရသည်။ ယခုလိုလယ်ပိုင်ခြံပိုင်မရှိစဉ်က ဆိုပါမူ ငါးရှာဖားရှာလည်း လုပ်ခဲ့ရသည်။ရွာမှာ ဘယ်သူမှမလုပ်ချင်သည့် နွားသတ်၊၀က်သတ် အလုပ်ကို လည်းလုပ်ခဲ့သည်။ ဆင်းရဲလွန်းသောကြောင့် အလုပ်မှန်သမျှ ဦးဘကျော် ကြိုးစားလုပ်ကာ ယခုအခြေနေရောက်အောင်ရုန်းကန်ခဲ့သည် ကို ဒေါ်လှတင် ကိုယ့်တွေ့ဖြစ်သည်။

မိသားစုယခုလို အေးအေးလူလူနေနိုင်ဖို့အရေး အလုပ်မှန်သမျှ လက်မရွံ့လုပ်ခဲ့သော ဦးဘကျော်အဖို့ ဘ၀ ကူးမကောင်း မှာကို တော့ ဒေါ်လှတင် စိုးရိမ်မိလေသည်။ခင်ပွန်းဖြစ်သူ ဆုံးပြီး သူ့အတွက်ရည်စူးကာ ကောင်းမူကုသိုလ်များ တစ်ခုပြီးတစ်ခုလုပ်ပေးခဲ့သော်လည်း မသေဆုံးခင်အချိန်က ဦးဘကျော်လက်ဖြင့် တစ်ခါမှ အလှူကြီးအတန်းကြီး မလှူဖူးပါ။ ရှာသမျှ ခြစ်ကုပ်စုဆောင်းနေခဲ့သောကြောင့် တရားဘာ၀နာ လိုက်စားဖို့ပင်အချိန်မရလိုက်သည့် ခင်ပွန်းသည်အကြောင်းကို စဥ်းစားရင်း စိတ်မကောင်းဖြစ်လွန်းသဖြင့် ဒေါ်လှတက်သည် သက်ပြင်းအကြိမ်ကြိမ် ချမိလေသည်။

ဦးထွန်းသာပြောပြသည်ကို မခံနိုင်လွန်း၍ အချေအတင်ငြင်းဆန်ခဲ့သော်လည်း ရွာထဲရပ်ထဲတွင် ထိုသတင်းက အတော် လေးပျံနေသည်ကို ဒေါ်လှတင် သိသည်။ မိမိတို့အိမ်ရှေ့က ဖြစ်သွားပါက လမ်းကြားထဲမှာ ကုန်းကုန်းကွကွ လုပ်နေသည့် ဦးဘကျော်ကို တွေ့သည်ဟု ရွာထဲကလူအတော်များများ ပြောနေကြသည်ကိုလည်း ကြားခဲ့ရသည် မှာ နားစွန်နားဖြားပင်မဟုတ်။ မိမိခင်ပွန်းအား မကျွတ်မလွတ်သူဟု မထင်စေချင်လို့သာ ထိုသို့ပြောလာတိုင်း ဘူးတစ်လုံးခါ ငြင်းခဲ့မိပေမဲ့ ကိုယ်တိုင်ခင်ပွန်းသည် ထိုသို့ဖြစ်နေမည်ကို စိတ်ပူမိလေသည်။

တစ်ညလုံးခင်ပွန်းသည်အကြောင်း စဉ်းစားရင်း မိုးပင် လင်းခါနီးချေပြီ။ရွာထဲမှ လင်းကြက်သွန်သံများတောင် ထွက်ပေါ်လို့လာသည်။ တစ်ညလုံး မျက်ရည်ကျထားသည့်မျက်လုံးများက အတော်လေးကျိန်းစပ်လို့နေပါသည်။ အိပ်ယာထဲ ဟိုဘက်ဒီဘက်လူးလိမ့်ကာအိပ်ရင်းမှ ဝေသီဝေလင်းအချိန်လောက်တွင် ဒေါ်လှတင်အိပ်ပျော်သွားခဲ့သည်။

အိပ်ပျော်တစ်၀က်နိုးတစ်၀က်ဖြစ်နေတုန်း မျက်၀န်းအိမ်ထဲအလိုလို နေရာယူလာသည့် ခင်ပွန်းသည်၏ မျက်နှာကြောင့် ဒေါ်လှတင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ စိတ်ထဲတွင်တော့ အိမ်မက်လိုလို လက်တွေ့လိုလို ဇဝေဇ၀ါဖြစ်လျက် ရှိသည်။ခင်ပွန်းသည်အားတွေ့လိုက်ရသည့် ပုံစံကြောင့် ဒေါ်လှတင် ရင်ထဲတွင် စူးနစ်စွာခံစားလိုက်ရသည်။
ဦးဘကျော်မှာ အလွန်တရာ စုတ်ပြတ်ဆင်းရဲလျက်ရှိ၏။ အသားအရေများခြောက်ကပ်ပြီး အရိုးပေါ်အရေ တင်ဖြစ်သည်။တစ်ကိုယ်လုံးလည်း စုတ်ပြတ်ပြီး ဒဏ်ရာဗရပွနှင့်ဖြစ်၏။တကိုယ်လုံး ဖုန်အထပ်ထပ်ပေကျံကာ လူရုပ်ပင် မထွက် ပေ။
အစာအာဟာရပြတ်ကာ ယိုင်နှဲနှဲဖြစ်နေသော ခြေလှမ်းများဖြင့် သူမထံတနုံ့နုံ့လျှောက်လာ၏။

“ကိုဘကျော်ရယ်….။ ဘယ်လိုဖြစ်တာလဲ…။”

“ငါ ၀ဋ်ကြွေးတွေပေးဆပ်နေရတယ်လှတင်…။နင်တို့ကို အိမ်မက်ပေးချင်ပေမဲ့ အခွင့်မသာလို့ အိမ်မက်မပေး ရတာ…။ ငါ့ကို ဘယ်သူမှ မကယ်နိုင်တော့ပါဘူးလှတင်ရယ်..။ ငါလုပ်ခဲ့တဲ့အပြစ်တွေအတွက် ငါအခုပေးဆပ်နေရတယ်။ နောက်ဘ၀ကို ငါခုထိမကူးနိုင်သေးဘူး။အရမ်းကိုဒုက္ခဆင်းရဲရောက်နေရတယ်။ ငါအစားလည်းမစားရဘူး။ နေစရာလည်းမရှိဘူး။ငါ လူဘ၀တုန်းက လမ်းမြေနဲ့ ဘေးခြံက ဦးထွန်းသာရဲ့မြေတွေကို ခိုးမိလို့အခု အဲဒီအပြစ်တွေကို ပေးဆပ်နေရတယ်။ ငါ ခိုးယူခဲ့မိတဲ့ အပေါ်ယံမြေအတိုင်းအတာအတိုင်း အောက်က ယူဇနာပေါင်းများစွာနက်တဲ့ချောက်ကြီးကို အမြဲ မြေဖို့နေရတယ်။ အဲဒီချောက်နက်ကြီးကို မပြည့်မချင်းမြေဖို့ပြီးပေးဆပ်နေရတယ်။

…..မြေဖို့နေတဲ့အချိန် နေအပူရှိန်က ကန္တာရက နေလို့ ကျောကွဲမတတ်ပူလှတယ်။ ပြီးတော့ နားလို့လည်းမရဘူး။ ခွေးနက်ကြီးတွေက စောင့်ကြည့်နေကြတယ်။ နားလိုက်ပြီးဆိုတာနဲ့ ခွေးနက်ကြီးတွေ ဝုိင်းကိုက်တာကို ခံရတယ်ပြန်တယ်။
ငါ့ကို ကူညီပါဦး လှတင်ရယ်။ငါနောင်တတွေရနေပါပြီ။ လူ့ဘ၀တုန်းက ဘုရားမသိ တရားမသိပဲ၊ မကောင်းမူ တွေလုပ်ခဲ့လို့ အဲ့ဒီမကောင်းမူတွေအကုန်လုံးက ငါ့နောက်က တပ်ကြပ်မကွာလိုက်ပြီးပေးဆပ်နေရတယ် ။ ဦးထွန်းသာ ကိုလည်း တောင်းပန်ပေးပါ။ မြေခိုးမိတဲ့အတွက်ခွင့်လွှတ်ပါလို့။ ပြီးတော့ သူ့မြေကိုလည်းပြန်ယူပါလို့ တောင်းပန်ပြီး ပြန်ပေး ပေးပါမိန်းမရယ်…။ လမ်းမြေကို ခိုးခဲ့မိတဲ့အတွက်လည်း ခိုးထားတဲ့အတိုင်း ခြံကိုနောက်ကိုပြန်ဆုတ်ပေးပါ…။

……ပြီးတော့ငါ့ကို ကောင်းမူလေးတွေလုပ်ပေးပါဦးမိန်းမရယ်။ ဒီ၀ဋ်ကြွေးသံသရာကနေ မလွှတ်နိုင်ပေမဲ့ မင်းတို့ ကောင်းမူကုသိုလ်လုပ်ပေးရင် ဒီဘ၀မှာ နည်းနည်းများသက်သာလေမလားလို့ပါကွာ။ မင်းတို့လည်း ဘုရား တရား များများလုပ်ကြပါ။ လူ့ဘ၀ရတုန်းကောင်းမူကုသလိုလ်တွေနှင့်ရှင်သန်နိုင်အောင်ကြိုးစားကြပါ။ ငါ့ကိုကြည့်ပြီးသံဝေဂ ရကြပါ။ ငါက ဒီ၀ဋ်ကြွေးကြမ္မာတွေကို ကြိုတင်မသိလို့ ပေးဆပ်နေရပြီ။ မင်းတို့ကအချိန်မှီပါသေးတယ်။မကောင်းမူတွေကို ရှောင်ကြပါ…။ ကောင်းမူ ကုသလိုလ်တွေလုပ်ကြပါကွာ…။

လူ့ဘ၀မှာ ရှုာခဲ့တဲ့စည်းစိမ်ဥစ္စာတွေက သေတဲ့အခါဘာမှ ယူသွားလို့မရပေမဲ့။ကိုယ်လုပ်ခဲ့တဲ့ မကောင်းမူ ၊ ကောင်းမူ တွေက ကိုယ့်နောက်ကိုတပ်ကြပ်မကွာအမြဲလိုက်နေမှာပါ…။ ငါ့ကိုကူညီကြပါ…။ ကယ်ကြပါဦးနော်..။ ငါ ဒီ၀ဋ်ကြွေ တွေက မြန်မြန်ကျွတ်ချင်ပြီ…။”

“ကိုဘကျော်….။ ကိုဘကျော်….။”

“အမေ…။ အိမ်မက်တွေမက်နေတာလား…။ မိုးတောင်စင်စင်လင်းနေပြီ..။ အမေ အိပ်ရာကမထသေးလို့သမီးလာကြည့်တာ…။”

ကုတင်ဘေးတွင်ထိုင်ကာ စိုးရိမ်တကြီးကြည့်နေသည့် သမီးဖြစ်သူအား မြင်သည့်အခါ ဒေါ်လှတင် သမီး၏လက်အား အားကိုးတကြီးဆွဲလိုက်မိသည်။အိမ်မက်ထဲတွင် မြင်မက်ခဲ့သည့် ခင်ပွန်းသည်ဦးဘကျော်အတွက်လည်း စိတ်မကောင်းလွန်း သဖြင့် မျက်ရည်ပေါက်များ စီးကျလျက်ရှိသည်။အိမ်မက်ဟုဆိုသော်လည်း စောစောက ပြောခဲ့သည့်အကြောင်းအရာများက ခင်ပွန်းဖြစ်သူကိုယ်တိုင် အပြင်တွင်လာရောက်ပြောဆိုသလိုခံစားမိ၏။

“သမီး….။ သမီးတို့အဖေ အိမ်မက်ပေးတယ်..။ သမီးတို့အဖေ မကျွတ်သေးဘူးသမီးရယ်..။ သံသရာတစ်ဖက်ကမ်း မှာ ဒုက္ခရောက်နေရှာတယ်..။ စိတ်မကောင်းလိုက်တာသမီးရယ်..။
ဒေါ်လှတင်ငိုပြောပြောသည့် အခါ သမီးဖြစ်သူပါလိုက်ငိုလေသည်။ယခင်နေ့များကတည်းက တစ်ရွာလုံး ဦးဘကျော်အား မကျွတ်ဟုပြောနေခြင်းကြောင့် ဒေါ်လှတင်တို့တစ်မိသားစုလုံး စိတ်မကောင်းကြ။ယခုအခါ အိမ်မက်လာပေးမှ ဦးဘကျော် ၏ ပေးဆပ်နေရသော ၀ဋ်ကြွေးကံကြမ္မာကို မျက်ဝါးထင်ထင်မြင်လိုက်ရသည့်အတွက်
ဒေါ်လှတင် မည်သို့မှခံစားနိုင်စွမ်းမရှိပေ။

ထို့ကြောင့် နေ့တွင်းခြင်းပင် ခင်ပွန်းဖြစ်သူ၏ တောင်းဆိုချက်အတိုင်း ကောင်းမူကုသလိုလုပ်ပေးရန်စီစဉ်ကြသည်။ ဦးဘကျော် ခိုးယူထားသည့် လမ်းမြေကိုလည်း ခြံကိုနောက်ဆုတ်လိုက်သည့်အပြင် ဦးထွန်းသာ ခြံမြေကိုလည်း ခိုးယူထား သည့်မြေအတိုင်းပြန်ပေးလိုက်၏။ထို့နောက် ခင်ပွန်သည်ဦးဘကျော်အစား ဦးထွန်းသာ အား လမ်းမြေခိုးယူခဲ့ခြင်းကို တောင်းပန်ပေးခဲ့ကြသည်။

“ခွင့်လွှတ်ပါတယ် မလှတင်ရယ်…။ ငါတို့က တခြားသူတွေမှမဟုတ်တာ…။ ကိုဘကျော် အခုလိုဖြစ်နေတယ်ဆိုတော့ ငါတို့လည်းစိတ်မကောင်းပါဘူး။တကယ်တော့ ကိုဘကျော် ငါ့တို့ခြံမြေက်ို တစ်နှစ်နည်းနည်းစီခိုးခိုးလာတာ ငါ့တို့အစကတည်း က သိပါတယ်။ ငါတို့ မွေးကတည်းက နေလာတဲ့ခြံပဲမသိပဲနေပါ့မလား..။ အချင်းချင်းအငြင်းမပွားချင်သလို ကိုဘကျော် ကိုလည်း အားနာလို့ဘာမှမပြောခဲ့တာပါ…။ ကဲ့ခုတော့…။ ကာယကံရှင်ကလည်း ပြန်ပေးခိုင်းတယ်ဆိုတော့ ငါတို့မြေအတိုင်း ပြန်ယူပါ့မယ်..။ ပီးတော့ ကိုဘကျော်ကိုလည်း ခွင့်လွှတ်ပါတယ်။ ဒါကြောင့် ၀ဋ်ခံနေရတာဆိုလည်း အမြန်ကျွတ်ပါစေ လို့ ငါဆုတောင်းပေးပါတယ် မလှတင်ရယ်…။ ”

ဦးထွန်းသာစကားဆုံးသည့်အခါ ဒေါ်လှတင်မှာ ခင်ပွန်းသည်အတွက်စိတ်မကောင်းလွန်းသဖြင့် တအိအိရှိုက်ငိုမိ၏။ ၀ဋ်ကြွေး ရှိရင်ကျေပါစေတော့ ကိုဘကျော်ရယ် လို့စိတ်ထဲက အကြိမ်ကြိမ်ဆုတောင်းပေးနေမိသည်။

ထို့နောက် ကွယ်လွန်သူဦးဘကျော်အတွက် ရည်စူးကာ ကောင်းမူကုသိုလ်များ လုပ်၍ ဦးဘကျော်အတွက်အမျှ ပေးဝေ သည့်အပြင် ဒေါ်လှတင်ဘုရားရှိခိုးတိုင်လည်း ဦးဘကျော် အားအမျှတန်းပေးဝေ မေတ္တာပို့ ပေးခဲ့၏။

နောက်ပိုင်းတွင်ဦးဘကျော်မကျွတ်ဘူး၊ ဦးဘကျော်ခြောက်သည် ဆိုသည့်အသံများ ရွာထဲတွင်မကြားရတော့ပါ။

သို့သော် ဦးဘကျော် အမှန်တကယ်ကျွတ်လွတ်သွားခဲ့ပြီလား၊ ၀ဋ်ကြွေးများအား ဆက်လက်ပေးဆပ်နေရတုန်းလား ဆိုသည်ကိုတော့ မည်သူမှသိနိုင်မည်မဟုတ်ပါ။ လူ့ဘ၀တွင်ရှိခဲ့သည့်ကာလအတွင်း ပြုလုပ်ခဲ့ကြသော မကောင်းမူများ၏ ၀ဋ်ကြွေးကြမ္မာသည် လွန်စွာကြောက်စရာကောင်းလှပေ၏။

တစ်ရွာလုံး ဦးဘကျော်၏ အဖြစ်ကို ကြည့်ပြီး သံဝေဂရခဲ့ကြပါတော့သည်။

(ဖြစ်ရပ်မှန်ကိုအခြေခံ၍ရေးဖွဲ့ပါသည်။)

ချစ်ခြင်းများစွာဖြင့်

ညီလေးငယ်