ကတိမတည်မိခြင်း

*ဂတိမတည်မိခြင်း*📖📖📖

***************************

         အုံ့မှိုင်းနေသောညတစ်ည။ မိုးရိပ်မိုးပေါက်တို့က တဖျောဖျောကျနေ၏။ ​မြေပြင်ပေါ်ရှိ ဗွက်အိမ်လေးနှင့်မိုးပေါက်တို့ ထိတွေ့သံတို့သည် မှောင်မိုက်သောညကိုဖောက်ထွင်းလျှက် ကျယ်လောင်စွာထွက်ပေါ်လာ၏။

” ပေါက်….ပေါက်…ပေါက်….”

” ကျီ….ကျီ…ဂျစ်….”

” ဗျောက်….ဗျောက်…ဗျောက်….”

ထိန်ပင်ကုန်းသုဿာန်ထဲရှိ ဇရပ်မဲမဲကြီးသည်ကား အမှောင်ထုထဲ၌တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင်နေသည့်အလား ထီးထီးကြီးရှိနေ၏။ ထိုဇရပ်ပေါ်မှ မီးစတစသည်ရဲခနဲ ရဲခနဲဖြင့် ထွက်ပေါ်လာ၏။ ခေါင်မိုးရှိသွပ်ပြားနှင့် သစ်ကိုင်းတို့၏ပွတ်သပ်သံတို့ကား တစ္ဆေတစ်ကောင်၏လက်သည်းဖြင့် ကုတ်ခြစ်နေသည့်နှယ် တကျစ်ကျစ်မြည်နေ၏။ ထို့အတူမိုးစက်မိုးပေါက်တို့ကလည်း ခေါင်မိုးပေါ် တပေါက်ပေါက်ကျနေ၏။ ထိုခေါင်မိုးပေါ်မှတဆင့်တံစက်မြိတ်မှစီးဆင်းလာသောရေတို့သည်မြေပြင်ပေါ်ရှိ ဗွက်အိမ်တို့နှင့်ထိတွေ့ကာ တဗျောက် ဗျောက်မြည်နေပြန်၏။

” ဆရာကြီး…ခုထိဘယ်သူမှမလာသေးဘူးနော်….”

ဇရပ်ထဲရှိလူငယ်က ကျန်လူတစ်ယောက်အားမေးလိုက်ခြင်းဖြစ်၏။ ထိုအမေးကြောင့် ဆေးလိပ်မီးကို ရဲခနဲဖွာရှိုက်နေသည့် လူက

” လာမှာပေါ့ကွာ…မင်းစိတ်မလောစမ်းပါနဲ့…. အသေအချာကိုလာမှာ…သူတို့မလာလို့မရဘူး….”

” ဟုတ်ဆရာကြီး….”

မိုးကားပို၍သည်းထန်စွာရွာသွန်းလာ၏။

” ဟင်းနော်….မိုးကလည်းမတိတ်ဘဲ ပိုပြီးသည်းနေပါရော့လားကွာ….”

လူရွယ်ကဟင်းခနဲသက်ပြင်းချပြီး ထိုစကားဆိုလေရာ ဆေးလိပ်ဖွာနေသောလူကြီးက

” တောက်! မင်းဘယ်လိုဖြစ်နေတာလဲ…မင်းစိတ်မရှည်ရင် သွားပြန်တော့….ငါဒေါသမထွက်ခင်….”

ထိုသို့မာန်မဲလိုက်မှ လူရွယ်မှာဘာမှမပြောတော့ဘဲ ဇက်ကလေးပုကာ ကြမ်းပြင်ကိုအမှတ်မဲ့လျှောက်ခြစ်နေမိ၏။

” သေချာထိမ်းဟ….အလောင်းလျှောကျမယ်….ဟိုကောင်တွေမီးသေချာထိုးပေးလိုက်ကြစမ်း….မှောင်ကြီးမဲထဲ မြွေပါးကင်းပါးတွေနင်းမိမှ တစ်ပူပေါ်နှစ်ပူဆင့်နေမယ်….”

” စိတ်ချကိုဖိုးအေး….”

” ဝေါ….ဖျော….ဖျော…..”

” ဝုန်း….”

” ဂျိန်း… ဂျိန်း….”

မိုးသံလေသံနှင့်အတူ လူတစ်စုကအလောင်းတစ်လောင်းကိုမနိူင်မနင်းသယ်လာကြ၏။ အလောင်းကိုအခေါင်းထဲထည့်ပြီးသယ်လာခြင်းမဟုတ်။ ခေါင်းနှင့်​ခြေထောက်တို့ပင်မလုံသည့် ဖျာကြမ်းတစ်ချပ်နှင့် ဖြစ်သလိုပတ်ပြီး လူနှစ်ယောက်က ခေါင်းတစ်ဖက်ခြေတစ်ဖက်မကာ သယ်လာခဲ့ကြခြင်းပင်။

        ထိုလူတစ်စုတို့က သုဿန်ထဲရောက်သည်နှင့် လွှတ်ရာနေရာ၌ကျင်းတူးကြ၏။ မိုးရေတို့ကြောင့်မြေကပျော့နေလေရာ ခန၌ပင်လူတစ်ယောက်သာသာမြုပ်နိူင်သော ကျင်းတစ်ကျင်းတူးပြီးသွား၏။ ကျင်းတူးပြီးသည်နှင့် ထိုလူတစ်စုသည် အလောင်းအား မ ယူကာကျင်းထဲသေချာထည့်ပြီး ​မြေမြုပ်ပစ်လိုက်ကြ၏။ ခြေစလက်စဖျောက်ပြီးသည်နှင့် ထိုလူတစ်စုတို့မှာ လာရာလမ်းအတိုင်းလှည့်ပြန်သွားကြကုန်၏။

          ထိုလူအုပ်စုပြန်သွားကြသည်နှင့်ဇရပ်ပေါ်မှလူနှစ်ယောက်သည် စောစောကလာမြုပ်ထားသောမြေပုံဆီသို့လာခဲ့ကြ၏။

” အလောင်းကိုပြန်ဖော်လိုက်ငခေါ…”

” တ….တကယ်ကြီးပြန်ဖော်ရမလားဆရာ….”

” ဟ…ငါကစနောက်နေမလား မိကျောင်းမသားရ….မြန်မြန်လုပ်အချိန်မရှိဘူး….”

” ဟုတ်…ဟုတ်…”

ပါးမဲကြီးခိုင်းသည့်အတိုင်း စောစောကမြုပ်ထားသောအလောင်းကိုပြန်ဖော်လိုက်၏။ ခန၌အလောင်းကောင်မှာပြန်ပေါ်လာပြီး အလောင်းကောင်မျက်နှာ၌ရွှံ့ဗွက်တို့ ပေကျံနေ၏။

” ချီခဲ့လိုက်ငခေါ….”

ငခေါလည်းဆရာဖြစ်သူခိုင်းသည့်အတိုင်း အလောင်းကိုမနိူင်မနင်းချီလာခဲ့ပြီး သုဿန်အပြင်မှောင်ရိပ်ကျသောနေရာ၌ ဖွက်ထားသောလှည်းပေါ်သို့တင်လိုက်၏။

” ဘယ်သွားကြမလဲဆရာ….”

” တောစပ်က အိမ်ပျက်ကြီးဆီကိုမောင်း….”

” ဟင်….ဆရာ….အဲအိမ်ပျက်ကြီးက သရဲအတော်ခြောက်တာနော်ဗျ….”

” လျှာအတော်ရှည်တဲ့ကောင်….နင့်ပထွေးသရဲလောက်ကိုငါကမမှုတာဟ…”

ငခေါလည်းဘာမှဆက်မပြောရဲတော့ဘဲ နွားလှည်းကိုတောစပ်ရှိအိမ်ပျက်ကြီးဆီသို့ဦးတည်မောင်းလိုက်၏။ အိမ်ပျက်ကြီးရှိရာတောစပ်သည်ကား ရွာနှင့်အလွန်အလှမ်းဝေးသလို သရဲအလွန်ခြောက်သည်ဆိုသောကြောင့် တော်ရုံမည်သူမျှမလာကြချေ။

         တောစပ်ရှိအိမ်ပျက်ကြီးဆီရောက်သည်နှင့်လှည်းကိုရပ်လိုက်ကြ၏။ အိပ်ပျက်ကြီးသည်ကား လျှပ်စီးရောင်အောက်၌ သဘက်ကြီးငုတ်တုတ်ထိုင်နေသယောင်။ ဆရာမဲကြီးသည် အိမ်ပျက်ကြီးကိုကြည့်ပြီး ပြုံးလိုက်၏။

” ကောင်မလေးကိုသယ်ခဲ့ငခေါ…”

” ဟုတ် ဆရာ….”

ငခေါလည်းကောင်မလေးကလောင်းကိုသယ်ပြီး ဆရာမဲကြီး၏အနောက်သို့လိုက်လာခဲ့၏။ အိမ်ပျက်ကြီးသည် မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော်လည်း လုံးဝနေ၍မရသည်ကမဟုတ်။ ပါးမဲကြီးသည် တံခါးမကြီးကိုအသာတွန်းဖွင့်ပြီး ဖယောင်းတိုင်ကြီးတစ်တိုင်ကို လွယ်အိတ်ထဲမှထုတ်ကာ မီးညှိပြီး အလင်းရောင်ရစေလိုက်၏။

” ကျွီ….ကျွီ….”

” ဖလပ်….ဖလပ်…. “

” စွီ….စွီ….စွီ…. “

မဖွင့်သည်မှာကြာပြီဖြစ်သဖြင့် တံခါးပတ္တာမှာကြပ်နေပြီး ဖွင့်လိုက်သည့်အခါ တကျွီကျွီမြည်သွားသဖြင့် အိမ်ပျက်ကြီးထဲခိုအောင်းနေသော ငှက်အချို့နှင့်မြေကြွက်ကြီးတို့မှာ ထွက်ပြေးကြကုန်၏။ အိမ်ပျက်ကြီးထဲတွင် အမှိုက်များရှုပ်ပွနေသကဲ့သို့ အနံ့အသက်များကလည်း အော်ကလီဆန်စရာကောင်းလှ၏။ ပင့်ကူအိမ်တို့ကလည်း သပွတ်အူသဖွယ်အိမ်ပျက်ကြီးထဲ၌ရှုပ်ထွေးနေ၏။

” မဆိုးဘူး… နေလို့ရတယ်ငခေါ….ကောင်မလေးကို ကုတင်ပေါ်ချပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ကွာ….”

” ဟမ်….ကျွန်…ကျွန်တော်မလုပ်ရဲဘူးနော်ဆရာ….”

ပါးမဲကြီးစကားကြောင့် ငခေါဆိုသူမှာ လန့်သွား၏။

” ဟ…ဒါမင်းမိန်းမဖြစ်လာမဲ့သူဟ…ကျုပ်တစ်ယောက်လုံးရှိနေတာ ဘာတွေကြောက်နေတာလဲ….ရော့…ကောင်မလေးကိုဒီဝမ်းဆက်လဲဝတ်ထားပေးပြီး ဒီဘူးထဲကသနပ်ခါးနဲ့အမွှေးအကြိုင်တွေလူးထားပေးလိုက်….ခပ်မြန်မြန်လုပ်အချိန်မရှိဘူး….”

သူ့မိန်းမဖြစ်လာမည့်သူဟူသောစကားကြောင့် ငခေါကြီးမှာသဘောအကျကြီးကျသွားပြီး ပါးမဲကြီးလှမ်းပေးသော အဝတ်နှင့်အမွှေးအကြိုင်ဘူးကိုလှမ်းယူကာ ကုတင်နားသို့တိုးကပ်သွား၏။ ထို့နောက်ကောင်မလေးအားပတ်ထားသော ဖျာကြမ်းချပ်ကြီးကိ​ုဖယ်လိုက်၏။ ထို့နောက်အိမ်အနောက်ရှိရေတွင်းပျက်မှ ရေခပ်လာပြီး ကောင်မလေးအလောင်းကို သန့်ရှင်းပေးလိုက်ရာ ကောင်မလေးမှာအလွန်ချောမောလှပသူတစ်ယောက်ဖြစ်ကြောင်း ငခေါသိလိုက်ရ၏။ သန့်ရှင်းရေးလုပ်ပေးပြီးသည်နှင့် ကောင်မလေးခန္ဓာကိုယ်မှအဝတ်အစားများကို ချွတ်လိုက်၏။

” ဟာ…..”

” ဂလု….”

မီးရောင်ဖျော့ဖျော့အောက်တွင် တွေ့လိုက်ရသော ကောင်မလေး၏ မိမွေးတိုင်းဖမွေးတိုင်းအလှတရားကြောင့် ငခေါမှာအသက်ရှူပင်မှားပြီး တံတွေးကိုဂလုခနဲမျိုချလိုက်၏။
ထို့နောက်တကိုယ်လုံးကိုအမွှေးအကြိုင်များလိမ်းကြံပေးလိုက်ပြီး အဝါနုရောင်ဝမ်းဆက်ကို ဝတ်ပေးလိုက်ရာ ကောင်မလေးအလောင်းမှာ အိပ်ပျော်နေသည့် နတ်သမီးတစ်ပါးနယ် လှပတင့်တယ်နေ၏။ ငခေါမှာကောင်မလေးအလောင်း၏အလှတရားကြောင့် ကြောက်ရကောင်းမှန်းလဲမသိတော့ချေ။

” ပြီးပြီလားငခေါ….”

ပါးမဲကြီးက မေးလိုက်မှ ငေါကြီးမှာသတိပြန်ဝင်လာပြီး

” ပြီး…ပြီးပါပြီဆရာ….”

” အေးပြီးရင်လည်း မင်းရဲ့ဆံပင်ရယ်၊လက်သည်းခြေသည်းရယ်၊လက်မောင်းသွေးရယ် ပေးစမ်းငါ့ကို….”

” ဟင်…ဘာ…ဘာလုပ်မလို့လဲဆရာ….”

” လျှာမရှည်နဲ့ဟ နင့်လိုရုပ်ဆိုးပြီးသွားခေါနေတဲ့ကောင်ကို ဟိုကောင်မလေးမြင်သွားရင် လန့်ပြီးပြန်သေသွားမှာစိုးလို့ဟ….”

” ဆရာကလည်း ကျုပ်ကခေါပေမဲ့ ချစ်တတ်ပါတယ်ဗျာ….”

ပါးမဲကြီးစကားကြောင့် ငခေါမျက်နှာမှာ နေထိပန်းလို ညိုးနွမ်းသွားတော့၏။ ထို့​နောက်ခြေသည်းလက်သည်းညှပ်ရန်ထွက်သွား၏။ ပါးမဲကြီးလည်း ကောင်မလေး၏ ခေါင်း၊လက်နှစ်ဖက်၊ခြေထောက်နှစ်ဖက် အနားသို့ ဦးခေါင်းခွံငါးလုံးကို ချပြီးထိုခေါင်းငါးလုံးပေါ်သို့ ဖယောင်းတိုင်ထွန်းလိုက်၏။ ထိုဦးခေါင်းခွံငါးလုံးမှာ သွေးစသွေးနနှင့် အရေခွံအသားစတို့အနည်းငယ်ကပ်နေသည်ကိုကြည့်ခြင်းအားဖြင့် သိပ်မကြာသေးခင်ကမှ လောလောလတ်လတ်သေထားသော အစိမ်းသေတို့၏ ခေါင်းခွံများဖြစ်ကြောင်း သိသာနေ၏။ ခန၌ငခေါသည် အိုးချမ်းပဲ့တစ်ခုနှင့်အတူ ရောက်လာ၏။

” ရပြီဆရာ….ရော့…”

” အေးငခေါ…မင်းကကောင်မလေးရဲ့ခြေရင်းမှာနေကွ….ဘာဘဲဖြစ်လာဖြစ်လာမကြောက်နဲ့နော်ကြားလား….”

” ဟုတ်ဆရာ….”

ပါးမဲကြီးက ငခေါကမ်းပေးသောအိုးချမ်းပဲ့ကလေးထဲမှ သွေးများကို ယူလိုက်ပြီး တဖန် လက်သည်း၊ခြေသည်းနှင့်ဆံပင်များ ထည့်ထားသောအိုးချမ်းပဲ့ကိုအပူပေးပြီးအမှုန့်ဖြစ်အောင်ချေလိုက်ကာ သွေးခွက်ထဲသို့ပေါင်းထည့်လိုက်ပြီး ကောင်မလေး၏ပါးစပ်ကိုဟကာလောင်းထည့်လိုက်၏။ ငခေါကားဆရာဖြစ်သူလုပ်သမျှကို စိတ်ဝင်တစားကြည့်နေ၏။ ပါးစပ်ထဲသို့ ငခေါ၏သွေးများ လောင်းထည့်ပြီးသည်နှင့် ပါးမဲကြီးသည် ကောင်မလေး၏နဖူးကိုလက်ဖြင့်ထောက်ပြီး မျက်လုံးနှစ်ဖက်ကိုအစုံမှိတ်ကာ ငခေါနားမလည်သောဂါထာကိုရွတ်လိုက်၏။ ထိုသို့ရွတ်နေစဥ်ထွန်းထားသောအလင်းတိုင်သည် လေတိုက်ပြီးမီးငြိမ်းသွား၏။ ပု​ပ်အဲ့အဲ့စိမ်းရွှေရွှေအနံ့များလည်း ရလာ၏။ ငခေါမှာ ထိုအနံ့များကြောင့် ကြ က်သီးဖြန်းဖြန်းထသွား၏။

” ဟင်း….ဟင်း…”

” ဟင်းဟင်း…. ဟင်း…”

အမှောင်ထုထဲမှ ညည်းသံများလည်းအဆက်မပြတ်ထွက်ပေါ်လေရာ ငခေါမှာ ဆံပင်များမိုးပေါ်ထောင်တက်သွားသည်အထိ ကြောက်လန့်သွား၏။
ခန၌ညည်းသံများ၊လေသံများ ပြန်လည်ပျောက်ကွယ်သွားပြီး ပါးမဲကြီး၏ မန္တာန်ရွတ်သံက စည်းချက်ညီစွာပြန်လည်ထွက်ပေါ်လာ၏။

” အင်း….ဟင်း….”

” ဗိုက်….ဆာ….တယ်….”

” ဟားဟားဟား… ဟားဟားဟား… အောင်ပြီကွ….အောင်ပြီ….အောင်ပြီ..”

ညည်းသံနှင့်အတူလူတစ်ယောက်၏စ​ကားပြောသံ၊ဆရာပါးမဲကြီး၏ ဝမ်းသာအားရရယ်မောသံတို့တပြိုင်ထဲထွက်ပေါ်လာသလို အရိုးခေါင်းပေါ်မှ ဖယောင်းတိုင်မီးများလည်း အလိုလိုမီးပြန်လင်းလာ၏။ ကုတင်ပေါ်လှဲလျောင်းနေသောကောင်မလေးမှာလည်း ငေါက်ခနဲထ ထိုင်ကာ ငခေါကိုသဲကြီးမဲကြီးကြည့်နေသဖြင့် ငခေါလန့်သွား၏။ ထိုအခါပါးမဲကြီးက

” ငခေါ…ငါ့လွယ်အိတ်ထဲက အထုပ်လေးယူခဲ့စမ်းကွာ…”

ဆိုသဖြင့်ငခေါလည်း ကောင်မလေး၏အနားမှထလာခဲ့ပြီး ဆရာဖြစ်သူ၏လွတ်အိတ်ကြီးရှိရာသို့ လာပြီးအထုပ်ကိုယူလိုက်၏။

” ရပြီဆရာ…ဒါကဘာထုပ်ထားတာလဲဆရာ…အနံ့ကမွေးနေတာဘဲ…”

” ငါ့သမီးစားဖို့ ငါအထူးစီမံထားတဲ့လူသားဟင်းကွ…ဟားဟားဟား…”

” ဗျာ!….”

ပါးမဲကြီးစကားကြောင့် ငခေါမှာမိမိကိုင်ခဲ့သောဖက်နဲ့ထုပ်ထားသည့်အထုပ်မှာ လူ၏အသားကိုဖက်ဖြင့်ထုပ်ထားခြင်းဖြစ်ကြောင်းသိလိုက်ရသဖြင့် လက်နှစ်ဖက်ကို ပုဆိုးဖြင့်အမြန်သုပ်ပစ်လိုက်၏။ ပါးမဲကြီးက ထိုဖက်စိမ်းထုပ်ကိုဖြေလိုက်ပြီး ကောင်မလေးရှေ့ချပေးလိုက်ကာ

” ရော့ငါ့သမီး…စား…ခုတော့ဒီလောက်ဘဲစားနှင့်အုံး နောက်မှငါ့သမီးအတွက်အဖေအများကြီးယူပေးမယ်…ဟုတ်ပြီလား….”

ကောင်မလေးမှာထိုအထုပ်ကိုမြင်သည်နှင့် သရေကျလာကာ လက်ဖြင့်အလျှင်အမြန်ကောက်စားလိုက်၏။

” အော့….ဝေါ့….ဝေါ့….”

ထိုမြင်ကွင်းကြောင့်ငခေါမှာ ပျို့တက်လာပြီး တဝေါ့ဝေါ့ထိုးအန်လေ၏။

” ငခေါ…မင်းအန်မနေနဲ့…နောက်ဆိုငါ့သမီးစားဖို့ မင်းကိုယ်တိုင်လူသားရှယ်ချက်ကျွေးရမှာ….”

” ဗျာ! ဆ…. ဆရာကြီး…. “

” ဘာလဲ…မင်းကငါ့သမီးကို ဒါလေးတောင်မလုပ်ပေးနိူင်ဘူးလား….”

ပါးမဲကြီးစကားကြောင့် ငခေါမှာ ကောင်မလေးကိုကြည့်ပြီး

” ကျုပ်မိန်းမအတွက် ကျုပ်အကုန်လုပ်ပေးမယ်ဆရာ….”

” ဒီလိုမှပေါ့ကွာ….ဟားဟား…”

မိန်းကလေးမှာစားသောက်ပြီး မျက်လုံးသေကြီးဖြင့် ဘာစကားမှမဆိုဘဲ ငုတ်တုတ်ထိုင်နေ၏။

” ဆ…ဆရာ…သူက…ဘာ….ဘာမှလည်းမပြောဘူးနော်….”

” သူလိုတာရှိရင်ပြောလိမ့်မယ်ကွ…ကဲသူ့ကိုငါတို့နာမည်တစ်ခုပေးရမယ်ကွ…အင်း…နုဝါ…မဆိုးဘူး….သူ့ကိုနုဝါလို့နာမည်ပေးလိုက်မယ်…ကဲသမီး…ဒီနေ့ကစပြီး နင့်နာမည်ကနုဝါ….ဟောဟိုမှာရပ်နေတဲ့ လူကနင့်ယောကျာ်းငခေါဘဲ….မှတ်ထားနော်…”

ပါးမဲကြီးစကားကြောင့် ကောင်မလေးမှာ ငခေါကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်၏။

          သောင်ထွန်းနှင့်ဖိုးအေးတို့သူငယ်ချင်းလေးယောက် တစ်ဖက်ရွာရှိဖဲဝိုင်းမှပြန်လာခဲ့ကြ၏။ လေးယောက်စလုံးလည်း ဖဲနိူင်လာသဖြင့် ရေချိန်ကိုက်နေကြပြီဖြစ်၏။ အချိန်ကား ညမှောင်ရီတရောအချိန်။

” ဟေ့ကောင်ဖိုး​အေး….မင်း…မင်းတို့တွေသတ်လိုက်တဲ့မိုးမိုးက ချစ်စရာလေးကွာ…နှမြောစရာကြီး…အေ့…ဂေ့…”

” ဟေ့ကောင် သောင်ထွန်း….မင်းလုပ်မှငါတို့တွေအကုန်ထောင်နန်းစံရတော့မှာကွ…ငါ့လခွီးတဲ့မှ… ဒီကိစ္စဘယ်သူမှသိလို့မရဘူးကွ….”

” ဟာ…ငါက အဲနေ့ညကအကြောင်းကို ပြန်မြင်ယောင်လာလို့ပါကွ…ဟီးဟီး… “

” မင်းပါးစပ်ပိတ်ထားစမ်းကွာ….ကောင်မလေးကိုငါတို့သတ်လိုက်တာသိသွားရင် ငါတို့တစ်ယောက်မှလွှတ်ဖို့လမ်းမရှိဘူးကွ….ဒီကိစ္စကိုမင်းစိတ်ထဲမှာဘဲထားလိုက်….ဘယ်တော့မှထုတ်မပြောမိစေနဲ့….မင်းနောက်တစ်ခါဒီအကြောင်းထပ်ထွက်လာရင် မင်းလျှာကိုဖြတ်ပြီး အရက်နဲ့မြည်းပစ်မယ်ကြားလား….”

” ငါ…ငါကစတဲ့ဟာကိုကွာ…”

” တော်ကြစမ်းကွာ…ဟိုမှာကြည့်ကြစမ်း….ကိုက်ဘဲကိုက်မနေကြနဲ့ကွ…”

” ဟာ…ဆော်လေးတပွေပါလားကွ…ဒီအချိန်ကြီးဘယ်ကဟာလေးလဲမသိဘူးကွ…ဒီညလည်းမုတ်ဆိတ်ပျားစွဲပြီထင်ရဲ့ကွာ….ဟင်းဟင်း…”

သုံးယောက်သား စံတင့်ညွှန်ပြသည့်နေရာသို့ကြည့်လိုက်ရာ သစ်ပင်အောက်၌ ကျောပေးကာထိုင်နေသောကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အောင်ဝင်းကဝမ်းသာအားရထိုသို့ဆိုလိုက်၏။ အမှန်စင်စစ် ထိုလူလေးယောက်သည် လူမိုက်လူရမ်းကားများဖြစ်ပြီး မိန်းကလေးများကိုချောင်းမြောင်းကာ အဓမ္မပြုကျင့်ပြီး သတ်ပစ်သည့် လူ့အန္တများဖြစ်၏။ လက်ယဥ်နေသဖြင့် လူသတ်ရသည်မှာ သူတို့အတွက် ကြက်ကလေး၊ငှက်ကလေးသတ်သလိုပင်။ ယခုလည်း အဖော်မပါသောမိန်းကလေးကိုတွေ့လိုက်ရသဖြင့် မျက်လုံးများအရောင်တောက်နေကြ၏။

” ဟေ့ကောင်တွေ…ဒီကောင်မလေးကြည့်ရတာ တစ်ယောက်ယောက်ကိုစောင့်နေတဲ့ပုံဘဲကွ…သွားမေးကြည့်ရအောင်…”

လေးယောက်သား ကောင်မလေးရှိရာသို့သူ့ထက်ငါဦးအောင် သွားလိုက်ကြ၏။ ကောင်မလေးသည် သူတို့ကိုမြင်ပုံမပေါ်ဘဲ အဝေးတစ်နေရာသို့သာငေးမောနေ၏။

” ညီမလေး….”

” ရှင့်! “

ရုတ်တရက်ခေါ်လိုက်သောအသံ​ကြောင့် မိန်းကလေးမှာလန့်ပြီးအနောက်သို့လှည့်ကြည့်လာ၏။

” အားပါးပါး….လှလိုက်တာကွာ….နေပါအုံး…ညီမလေးကိုတစ်နေရာရာမှာမြင်ဖူးနေသလိုဘဲ….”

” တော်ပါကွာ…ကောင်မလေးကဒီလောက်ချောလှတာကို ဘယ်မှာမြင်ဖူးမလဲ….ဒါ…ဒါနဲ့လေညီမလေးက တစ်ယောက်ထဲလား….ဒီအချိန်ကြီး…ဘယ်…ဘယ်သွားမို့လဲဟင်…”

စံတင့်က ကောင်မလေးကိုစူးစူးရဲရဲကြည့်ပြီး မေး၏။

” ဟို…ဟိုဘက်ရွာကို သွား…သွားမလို့ပါရှင့်….ငယ်ငယ်တုန်းကတေ့ာအဲဒီကိုရောက်ဖူးပါတယ်…ဒါပေမဲ့ခုတစ်ခေါက်သွားမယ်လုပ်တော့ လမ်းသိပ်မမှတ်မိသလိုဖြစ်နေလို့ဒီမှာ ခနနားပြီးစဥ်းစားနေတာပါ….”

” ညီမလေးတစ်ယောက်ထဲ သရဲတွေမကြောက်ဘူးလား…ဟဲဟဲ….”

သောင်ထွန်းက ထိုသို့မေးရင်း မိန်းကလေး၏လက်ကို လှမ်းကိုင်လိုက်၏။

” ဟင်….ညီ….ညီမလေး….နေ…နေမကောင်းဘူးလားဟင်….လက်ကလေးတွေအေးစက်နေတာဘဲ….”

” နဲနဲနေမကောင်းဖြစ်ချင်နေတာရှင့်…”

” ဒါဆိုခရီးဆက်လို့ဘယ်ဖြစ်မလဲညီမလေးရ….ပြီးတော့မှောင်နေပြီ…မနက်မှသွားပေါ့…..”

ဖိုးအေးကထိုသို့ဆိုလာ၏။ မိန်းကလေးက

” ညီ….ညီမလေးလည်း အဲလို့တော့တွေးမိပါတယ်….ဒါ….ဒါပေမဲ့ဒီရွာမှာညီမအသိအိမ်မရှိတော့ ဘယ်မှာတည်းရမှန်းမသိလို့ ပါ….”

မိန်းကလေး၏စကားကိုကြားသည်နှင့် လူလေးယောက်မှာ ရေငတ်ချိန်ရေတွင်းထဲကျသလိုဖြစ်သွားပြီး မျက်လုံးများအရောင်တောက်ကာ

” ဟာ….ဒါဆိုအစ်ကို့အိမ်လိုက်ခဲ့လေညီမလေး….အစ်ကို့အိမ်မှာဘာမှအားနာစရာမလိုဘူး….”

” ဟာ…အစ်ကိုကြီးသောင်ထွန်းကလည်းလုပ်ပြီ…ညီမလေးကိုအားနာစရာ….အစ်ကို့အိမ်လိုက်ခဲ့ညီမလေး အစ်ကို့အိမ်မှာဘယ်သူမှမရှိဘူး….”

အချင်းချင်းအဝေမတည့်ဖြစ်ကာ သူခေါ်မယ်ငါခေါ်မယ်လုပ်နေကြ၏။

” တော်ကြစမ်းကွ….ကောင်မလေးကိုအားနာဖို့ကောင်းတယ်…ဒီလိုလုပ်ငါတို့ရွာမှာဧည့်သည်တွေတည်းဖို့ဆောက်ထားပေးတဲ့သီးသန့်အိမ်လေးရှိတယ်လေ….ညီမလေးကိုအဲဒီတဲဆီခေါ်သွားကြရင်မကောင်းဘူးလား….”

လူလေးယောက်မှာ အချင်းချင်းမျက်စပစ်ကြပြီး

” ဪဟုတ်သားဘဲ…မေ့နေလိုက်တာ…ဒီအကြံမဆိုးဘူးကွ….လာညီမလေး..အစ်ကိုတို့နောက်လိုက်ခဲ့….”

” ဟုတ်ကဲ့….ကျေးဇူးပါရှင့်… “

ကောင်မလေးကိုအလယ်မှာထားပြီး အရှေ့နှစ်ယောက် အနောက်နှစ်ယောက်ခွဲကာ ရွာအနောက်သို့ခေါ်သွားကြ၏။ မိန်းကလေးကဘားစကားတခွန်းမှမ​ပြောဘဲ တိတ်တဆိတ်လိုက်လာ၏။ ထိုစဥ် လေပြေတစ်ခုတိုက်ခတ်လာပြီး ပုပ်အဲ့အဲ့အနံ့ပါသယ်ဆောင်လာ၏။

” ထွီး….နံတာကွာ….ဘာနံ့ကြီးလဲမသိဘူး….”

” ဟုတ်ပါ့ကွာ….”

ကွမ်းတစ်ယာညှက်ခန့်အကြာ၌ ယာတောထဲရှိတဲအိမ်လေးတစ်လုံးဆီသို့ရောက်လာခဲ့ကြ၏။

” ဟင်….တဲအိမ်ကလည်း ရွာထဲမှာလည်းမဟုတ်ဘူးနော်…”

” ဧည့်သည်တွေလွပ်လွပ်လပ်လပ်နေလို့ရအောင်လို့ပါကွာ….လာအစ်ကိုလိုက်ပို့ပေးမယ်….ေဟ့ကောင်တွေ ငါကောင်မလေးကို တဲပေါ်ပို့ပေးလိုက်အုံးမယ်ကွာ….”

ဖိုးအေးကထိုသို့ပြောပြီး ကောင်မလေးကိုခေါ်ကာတဲပေါ်တက်သွား၏။ ကျန်သုံးယောက်မှာ ဖိုးအေး၏အကြံကိုသိသဖြင့် အသာခေါင်းညိတ်ပြလိုက်ကြ၏။ ထိုညကားသူတို့အဖို့ လူ့လောက၌နေရသည့်နောက်ဆုံးညဟု သူတို့သိလိုက်ပါလျှင်မူ။

         ငခေါမှာ မိန်းမရပြီးကတည်းက တောစပ်ရှိအိမ်ပျက်ကြီးတွင်သာနေထိုင်၏။ နေ့လည်နေ့ခင်းဘက်တွင်နုဝါမှာ သူနဲ့အတူရှိနေပြီး ညဘက်တွင်တစ်ညလုံးပျောက်နေတတ်ကာ လင်းပိုင်းမှပြန်လာတတ်၏။ ပြန်လာချိန်၌ ဖက်နှင့်ထုပ်ထားသော အသားထုပ်များပါလာမြဲဖြစ်၏။ ထိုအချိန်တွင်ငခေါသည်မိန်းမဖြစ်သူယူလာသည့်အထုပ်ကိုဖြည်ကာ မကျက်တကျက်ချက်ပေးပြီးစားစေ၏။ ဆရာပါးမဲလည်း နုဝါယူလာသော ဝါးဆစ်ပိုက်ထဲမှ သွေးကိုသာသောက်ပြီး ဘာမှမစားချေ။ ငခေါမှာ ပါးမဲကြီးနှင့် မိန်းမဖြစ်သူကို ကြည့်ပြီးမသတီသလို ဖြစ်လာ၏။

” ဦးရာစု ယာတောထဲကတဲအိမ်မှာ အလောင်းတွေ တွေ့လို့တဲ့ဟေ့….”

” ဟာ…တကယ်ကြီးလား…ဘယ်သူလာပစ်ထားတာလဲဟ….”

” တို့သွားကြည့်ရအောင်….”

ရွာထဲ၌ယောကျာ်း၊မိန်းမ၊ကလေးများမကျန် ထိုသတင်းကြောင့်လှုပ်လှုပ်ယွယွဖြစ်သွားကြ၏။

” ဦးရာစု မနက်ကယာတောထဲသွားတော့ သူ့တဲနားမှာအပုပ်နံ့ရလို့ဆိုပြီး သွားကြည့်တာ အလောင်းတွေကိုတွေ့သတဲ့တော့….”

” ​ကြောက်စရာကြီးပါလားအေ့…ဘယ်သူ့ကလောင်းတွေတဲ့လည်း….”

” သူလည်းမသိဘူးတဲ့အေ့….အလောင်းတွေကပုပ်ပွနေပြီဆိုဘဲအေ့….”

” ဦးရာစုမို့ရွာပြန်ပြီးအကြောင်းကြားနိူင်သေးတာ….သူ့နေရာမှာကျုပ်ဆို အဲနေရာမှာတင် မေ့လဲကျသွားမှာ….”

မိန်းမကြီးတို့လည်း သူတို့ကြားခဲ့သည့်သတင်းကို အချင်းချင်းပြန်လည်ဖောက်သည်ချနေကြ၏။ ယာတောထဲတွင်အလောင်းတွေ့သည်ဆိုသောကြောင့် ရွာသူကြီးလ​ည်း လူယုံဖြင့်မြို့သို့အကြောင်းကြားခိုင်းပြီး သူက ကာလသားအချို့ကိုစုလိုက်ကာ ဦးရာစု၏ယာခင်းထဲသို့သွားလိုက်ကြ၏။

         မြို့ရှိ သက်ဆိုင်ရာတို့ကလာကြည့်သွားပြီး ထိုလူများသေဆုံးသွားသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း၊တောကောင်ကြီးတို့က တိုက်ခိုက်သတ်ဖြတ်သွားသည်ဖြစ်နိူင်ကြောင်း ကောက်ချက်ချလိုက်၏။ အလောင်းပိုင်ရှင်အားစုံစမ်းကြည့်ရာ ရွာမှလူနှစ်ယောက်နှင့် တစ်ဘက်ရွာကလူနှစ်ယောက်ဖြစ်ကြောင်းသိလိုက်ရ၏။ လူသတ်တရားခံမှာ တောကောင်ကြီးဖြစ်နိူင်ကြောင်းဆိုသဖြင့် ထိုလူသတ်မှုအား ပြည်ဖုံးကားချလိုက်၏။

          အိမ်ပျက်ကြီးထဲ၌ငခေါသည် ငေးမှိုင်နေ၏။

” ဆရာ….ကျုပ်ရွာခနပြန်ချင်လို့ဗျာ….အဲဒါကျုပ်ကိုခွင့်ပြုပေးပါလား…မိုးမချုပ်ခင် ကျုပ်ပြန်လာခဲ့မယ်လေ….”

” ဟငခေါရ….မင်းမိန်းကဒီမှာလေ…ရွာပြန်ပြီးဘာလုပ်မှာလဲ….”

” ကျုပ် ရွာကိုသတိရလို့ပါဗျာ….ခနဘဲ….ကျုပ်တကယ်ပြန်လာခဲ့ပါ့မယ်…”

” မင်းအသက်ကို မင်းမိန်းမဘဲပိုင်တယ်ကွ….မင်းပြန်ချင်ရင်သူ့ကိုခွင့်တောင်းကြည့်လေ….”

ပါးမဲကြီးမှာထိုသို့ပြောပြီး တောအုပ်ထဲဝင်ရောက်ပျောက်ကွယ်သွား၏။
ငခေါလည်း ထိုအိမ်ကြီးထဲတွင်ဆက်မနေချင်တော့သဖြင့် အိမ်ကြီးထဲမှ တိတ်တဆိတ်ထွက်သွားရန်ကြံစည်နေ၏။
တစ်ခုသောညနေခင်း၌ ခင်ခင်သည် သောက်ရေခပ်ရန်အလို့ငှာ ရွာထဲရှိ သောက်ရေတွင်းသို့လာခဲ့၏။ ညနေညီအစ်ကိုမသိတသိအချိန်ဖြစ်သဖြင့် ရေတွင်းနားတွင်လူသူရှင်းလင်းနေ၏။ ခင်ဝင်းကရေငင်ပြီး ရေအိုးရွက်မည်အပြု သူ့ထံသို့ဦးတည်လာနေသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသဖြင့် အဖော်ရပြီထင်ကာဝမ်းသာ သွား၏။ ထိုမိန်းကလေးကသူ့ဆီဦးတည်လာပြီးရေတွင်းနားအရောက်တွင်

” ရေဆာလို့…ရေတိုက်အုံး….”

” ရှင့်….ရေဆာရင်ရေတွင်းထဲက ငင်ပြီးသောက်လေ….ကျုပ်ကပြန်တော့မှာရှင့်….ဒါနဲ့အစ်မက ဧည့်သည်ထင်တယ်နော်… “

” နင့်ရေအိုးထဲကရေဘဲသောက်ချင်တာ….”

” အိုတော်….ကျုပ်အိုးထဲကရေလည်း ဒီတွင်းထဲကဘဲငင်တာရှင့် ရေကအတူတူဘဲ….အဲမှာကိုယ့်ဘာသာငင်ပြီးသောက်ချေ….ကျုပ်ပြန်ပြီ….”

မျက်နှာစိမ်းမိန်းကလေး၏စကားကြောင့် ခပ်စွာစွာရှိလှသောခင်ဝင်းမှာ သူ့အိုးထဲကရေမတိုက်နိူင်ကြောင်ပြောပြီး လှည့်ပြန်မည်အလုပ်

” အား……”

” ခွမ်း…..”

ခင်ဝင်း၏ငယ်သံပါသည့်အော်သံနှင့်အတူ ရေအိုးကျကွဲသံတို့ဆူညံစွာထွက်ပေါ်လာ၏။ စောစောကမျက်နှာစိမ်းမိန်းကလေးသည် သရဲတစ္ဆေတစ်ကောင်ဖြစ်သွားပြီး ခင်ဝင်း၏လည်ပင်းကိုက်ခဲထားလိုက်ရာ ခင်ဝင်းမှာဆန့်တငင်ငင်ဖြစ်ရင်း သေဆုံးသွား၏။ သရဲကြီးသည် ခင်ဝင်း၏မသေမရှင်ရုပ်အလောင်းကို ချွန်မြသောလက်သည်းဖြင့် လည်ဇလုတ်ကိုထိုးချလိုက်ပြီးဝါးဆစ်ဖြင့်သွေးကိုခံယူလိုက်၏။ ထိနောက်အသားအချို့ကို ဆုတ်ယူကာ သစ်ရွက်ဖြင့်ထုပ်ပိုးပြီး အလောင်းကိုရေတွင်းထဲပစ်ချလိုက်၏။

        ပါးမဲကြီးသည် သူ့ပုံရိပ်ကိုမှန်ထဲပြန်ကြည့်ပြီး  အံကိုတင်းတင်းကြိတ်လိုက်၏။

” တောက်! ဟိုကောင်မအသုံးမကျလို့ ငါ့မျက်နှာပိုပြီးရုပ်ဆိုးသွားရတာ….ငါ့အလုပ်ကိုလာဖျက်ဆီးသွားတဲ့ဟိုဆရာကောင်ကိုလည်း ငါပြန်ပြီးသတ်ရမယ်….”

” ခွမ်း…”

ထိုစကားဆိုပြီး ကြည့်မှန်ကိုကြမ်းပေါ်သို့ပစ်ပေါက်လိုက်ရာ မှန်မှာအစိပ်စိပ်အမွှာမွှာကြေမွသွား၏။ နုဝါလည်း ယူလာသော ဝါးဆစ်ဘူးကိုပါးမဲကြီးထံကမ်းပေးလိုက်ပြီး

” အဖေပြောတဲ့ ဆရာကောင််တွေခုထိရောက်မလာသေးဘူးလား….”

” လာမှာ သူတို့မကြာခင်ဒီရွာကိုရောက်လာကြမှာ….ငါ့အစီအရင်ကိုဖျက်ခဲ့တဲ့ဒီကောင့်ကို လည်ချောင်းသွေးဖောက်ပြီး ငါ့မျက်နှာပေါ်ကအမာရွတ်ကိုဖျောက်ပစ်ရမယ်….”

” ငခေါကိုသမီးကြည့်မရတော့ဘူးအဖေ….”

” သတ်ပစ်လိုက်တော့…ဒီကောင့်ကိုထားထားလည်းဘာမှအသုံးမဝင်ဘူး….”

ဆရာပါးမဲကြီးနှင့် နုဝါတို့စကားပြောနေခိုက် ငခေါမှာအိမ်ကြီးထဲမှတိတ်တဆိတ်ထွက်လာပြီးထွက်ပြေးရန်ကြံ၏။

” ယောကျာ်း….ဒါကဘယ်လဲ….”

” ဟင်….နု….နုဝါ…..”

” ဟင်းဟင်း….ရှင်ကကျုပ်ကိုထားခဲ့ပြီး ရွာပြန်မယ်ပေါ့ဟုတ်လား….”

” မ…မဟုတ်ပါဘူး နုဝါ ရာ….ခနလေးပြန်….ပြန်….”

” ထာဝရပြန်ရအောင်လုပ်ပေးမယ်….ဟားဟားဟား….”

ငခေါပြော၍ပင်မဆုံးသေး ငုဝါသည်ကြောက်စရာအသွင်ပြောင်းသွားပြီး ငခေါကိုခုန်အုပ်ကာ လည်လိမ်ချိုးသတ်ပစ်လိုက်၏။

” ဟားဟားဟား… ဟားဟားဟား…. “

         ခင်ဝင်းတစ်ယောက်ရွာမှပျောက်ချင်းမလှပျောက်သွားသဖြင့် သူ့မိခင်ကပူဆွေးသောကရောက်နေ၏။

” အစ်မမေရယ်….ခင်ဝင်းဘယ်သွားမယ်လို့ပြောခဲ့လဲ….”

” ဘာမှကိုပြောမသွားတာတော်….ကျုပ်နဲ့ရန်ဖြစ်ပြီး ညကြီးမိုးချုပ်ထွက်သွားတာဘဲ…ကျုပ်လည်းစိတ်တိုနေတော့ဘယ်သွားမှာလဲမမေးမိခဲ့ဘူး….ငါ့အပြစ်တွေပါအေ….အဟင့်…. “

ဒေါ်ရီမေကပြောရင်းငိုသံစွက်လာ၏။ညီမဖြစ်သူ ဒေါ်ရီသန်းက

” လင်နောက်များလိုက်ပြေးသွားတာလားမသိဘူး….တဘက်ရွာကအောင်စိုးနဲ့မေတ္တာမျှနေတယ်လို့ကြားတယ်…”

” ဒါဆိုလည်းစုံစမ်းပေးပါအုံးညီမရယ်…ကျုပ်သမီးတစ်ခုခုဖြစ်ရင် ကျုပ်ရင်ကွဲရချေရဲ့အေ….”

ဒေါ်ရီသန်းလည်း သားအကြီးကောင်ကိုတဘက်ရွာလွှတ်လိုက်ကာ ခင်ဝင်းသတင်းစုံစမ်းခိုင်း၏။ နှစ်ရက်ခန့်ကြာပြီး သားမောင်မှာရွာပြန်ရောက်လာခဲ့ပြီးအကျိုးအကြောင်းပြန်လည်ပြောပြ၏။

” တဘက်ရွာလည်းရောက်မလာဘူး…သူ့ရည်းစားအောင်စိုးလည်းရွာမှာရှိနေတယ်ဆိုရင်တော့ ဒီကောင်မလေးတစ်ခုခုဖြစ်ပြီထင်တယ်ညီမရယ်….”

” ဒီတိုင်းနေလို့တော့မဖြစ်ဘူး…သူကြီးကိုသွားပြီးအကြောင်းကြားမှဖြစ်မယ်…”

        ဒေါ်ရီမေတို့ညီအစ်မ၏တိုင်ကြားချက်ကြောင့်သူကြီးလည်း ချက်ချင်းလူစုကာ ခင်ဝင်းကိုတောနင်းရှာ၏။ ရွာပြင်တောစပ်ရှိအိမ်ကြီးပါမကျန်လူစုခွဲပြီးရှာရာ ရွာမှလအတော်ကြာကြာပျောက်သွားသော တစ်ကောင်ကြွက်ငခေါ၏ရုပ်အလောင်းကိုတွေ့လိုက်ရ၏။

      ညနေစောင်းခန့်၌ရွာထဲမှရှာကြသောကာလသားအုပ်စုက ရွာလယ်ရှိရေတွင်းထဲ၌ ပေါလောပေါ်နေသောမိန်းကလေး၏အလောင်းကိုတွေ့သွားကြ၏။ ထိုရေတွင်းသည် ရေချိုတွင်းဆိုသော်ငြားလည်း ရွာသူရွာသားတို့ကသိပ်မသုံးကြချေ။ အကြောင်းကား ရွာရှိအိမ်တိုင်းလိုလို၌ ရေတွင်းများရှိကြသောကြောင့်ပင်။ ထိုရေတွင်းကို အိမ်တွင်ရေတွင်းမရှိသည့်လူအနည်းငယ်ကသာ လာခပ်ကြ၏။ သို့ကြောင့်ခင်ဝင်းအလောင်းရေတွင်းထဲရှိနေသည်ကိုမည်သူမျှမတွေ့ကြသောကြောင့်ပင်။

” ရွာလယ်ကရေတွင်းထဲမှာ အလောင်းတစ်လောင်းတွေ့တယ်တဲ့ဟေ့….”

” ဟင်…မ…မခင်ဝင်းများလား….”

” ဒါတော့အတပ်မပြောနိူင်သေးဘူး…ရွာကကာလသားတွေဆင်းဆယ်နေကြတုန်း….”

” လာလာ…တို့သွားကြည့်ရအောင်…”

အမျိုးသမီးတစ်စုလည်းအလောင်းတွေ့သည်ဆိုသော ရွာလယ်ရှိရေတွင်းသို့လာကြ၏။

” အဖြစ်ဆိုးလှချည်လားသမီးလေးရယ်….အမေ့အပြစ်တွေပါကွယ်…ငါ့သမီးလေး….အီးဟီးဟီး…. “

” သတိထားပါအုံးအစ်မရယ်….လောလောဆယ် အိမ်အရင်ပြန်ကြရအောင်ပါ….နော်….”

” မပြန်ဘူး….ငါ့သမီးလေး မပါဘဲငါမပြန်ဘူး….အီးဟီးဟီး…. “

ဒေါ်ရီမေက သမီး၏အလောင်းဘေး၌ငိုကြွေးနေ၏။ အလောင်းမှာပုပ်ပွနေပြီဖြစ်သဖြင့် ကြည့်နေကြသူများမှာနှာခေါင်းကိုပိတ်ထားကြ၏။ ခန၌လူအုပ်ဆီသို့သူကြီးရောက်လာပြီး

” ဖယ်ကြ….ဖယ်ကြ….ကလေးတွေညကြလန့်နေမယ်…ပြန်ကြတော့ပြန်ကြတော့….ကာလသားတွေအလောင်းကိုအခေါင်းသွင်းဖို့လုပ်ကြ…”

” ဟုတ်သူကြီး… “

” အောင်ဟိန်း…မင်းကကာလသားအချို့ကိုခေါ်ပြီး ရွာပြင်တောစပ်ဆီကိုသွား….အဲဒီမှာငခေါရဲ့အလောင်းတွေ့ခဲ့တယ်….အဲဒီအလောင်းကိုအခေါင်းရိုက်ပြီးသဂြိုလ်ပေးလိုက်…အိမ်ပျက်ကြီးကိုလည်းမီးရှိူ့ခဲ့လိုက်ကြတော့….”

သူကြီးကထိုသို့ပြောလိုက်ရာ လူစုက

” ဟေ…ငခေါအလောင်းတဲ့လား…ဒီလူရွာကပျောက်သွားတာကြာပြီနော်…”

” ဟုတ်ပါ့…သူကအဲအိမ်ပျက်ကြီးထဲဘာသွားလုပ်တာလဲ….”

” အိမ်ပျက်ကြီးမှာသရဲတစ္ဆေတွေရှိနေတာလေ….ငခေါကဘာသွားလုပ်လိုက်မှန်းမှမသိဘဲ….သရဲတစ္ဆေတွေသတ်လိုက်တာနေမှာပေါ့….”

” ကိုသာလုံး ပြောတာဖြစ်နိူင်တယ်….”

ရွာသူရွာသားတို့ကမှတ်ချက်အမျိုးမျိုးပေးနေကြ၏။ ခင်ဝင်း၏အလောင်းကိုအိမ်သို့ပြန်သယ်လာခဲ့ကြပြီးအခေါင်းသွင်းလိုက်ကြ၏။

” သူကြီး…သူကြီး….”

” ဟေ…ဘာတုံးကွ…”

” ရွာပြင်မှာ ကောင်မလေးတစ်ယောက်ရောက်နေတယ်…ရွာထဲဝင်ချင်လို့တဲ့….”

” ဘယ်ကလူလဲဟ…ရွာထဲမှာနာရေးရှိနေတာ…ဘယ်သူ့အိမ်ကဧည့်သည်လဲ…ခေါ်လာခဲ့လိုက်ကွာ….”

” ဟုတ် သူကြီး….”

ခင်ဝင်း၏နာရေးကိစ္စနဲ့်ရှုပ်နေသဖြင့်သူကြီးလည်း ထိုမျှသာပြောပြီးလွှတ်လိုက်၏။ အလောင်းကို ဒေါ်ရီမေ၏ဆန္ဒအရ တညထားပြီး နောက်နေ့၌သံဃာများပင့်ကာသရဏဂုံတင်ပြီး မြေမြုပ်သဂြိုလ်လိုက်၏။

” မနေ့ညက ရွာထဲမှာ မိန်းမတစ်ယောက် လျှောက်သွားနေတယ်တဲ့ကွ…”

” မခင်ဝင်းများလား…”

” မဟုတ်ဘူးတဲ့….သူကြီးအိမ်မှာတည်းတဲ့ကောင်မလေးတဲ့…”

” ဟေ…”

တီးတိုးတီးတိုးစကားကြောင့် သူကြီးလည်း လှည့်ကြည့်လာပြီး

” သံဃာတွေတရားဟောနေတယ်ကွ…တိတ်တိတ်နေကြ…”

သူကြီးကဟန့်လိုက်ရာ ထိုနှစ်ယောက်မှာငြိမ်ကျသွား၏။

          ရွာထဲသို့သံဃာများဆွမ်းခံကြွလာ၏။ သူကြီးအိမ်၌ပုံမှန်ဆွမ်းလောင်းနေကြဖြစ်သော်လည်းယခုမူကား အိမ်တံခါးပင်မဖွင့်ကြသေးချေ။ ဆရာတော်ဘုရားသည်  အိမ်ထဲသို့လှမ်းကြည့်ပြီး မျက်နှာပျက်သွား၏။

” မောင်ကျောင်းသား….ရွာထဲကလူတွေကိုအမြန်သွားခေါ်လိုက်စမ်း…ဒကာကြီးအိမ်မှာတစ်ခုခုဖြစ်နေပြီ…”

” တင်ပါ့ဘုရား…. “

မောင်ကျောင်းသား၏ဆော်ဩသံကြောင့် သူကြီးအိမ်ရှေ့သို့ ရွာသူရွာသားများတုတ်၊ဓားဆွဲကာရောက်လာကြ၏။

” ဘာဖြစ်လို့လဲဘုရား….”

” ဒကာတို့ သူကြီးအိမ်ထဲမှာတစ်ခုခုဖြစ်နေပြီ….သတိထားပြီးဝင်သွားကြ…”

ဆရာတော်ဘုရားကထိုသို့မိန့်ပြီးနုတ်မှလည်းရတနသုတ်ကို အသံထွက်ရွတ်လိုက်၏။

” ပဏိဓာနတော ပဋ္ဌာယတတာ ဂတဿ ဒသပါရမိယော…….”

သူကြီး အိမ်ထဲသို့ဝင်သွားကြသည့်လူများလည်း ပိတ်ထားသောတံခါးကိုတွန်းဖွင့်လိုက်ကြ၏။

” ဟာ…သူကြီး…သူကြီး….”

” ဝုန်း….”

” ပြေးပြီကွ.. ဟိုမှာဟိုမှာ သူကြီးကိုသတ်သွားတဲ့သူက…”

နုဝါလည်း လူသားကိုအားပါးတရစားနေစဥ် အိမ်ထဲဝင်လာကြသောလူများကြောင့် ထွက်ပြေးရန်အလို့ငှာ ပြတင်းတံခါးကိုဖွင့်ပြီး ခုန်ချလိုက်၏။ ဆရာတော်ဘုရားကလည်း ရတနသုတ်ကို အသံမြင့်ပြီးရွတ်လိုက်၏။

” ကောဋီသတသဟသေသု၊ စက္ကဝါဠေသုဒေဝတာ၊ယဿာ ဏံ ပဋိဂ္ဂဏှန္တိ၊ယဥ္စဝေသာလိယာပုရေ….”

ထိုအသံကြားသည်နှင့် နုဝါမှာ ကိုက်ထားသောလက်တစ်ဖက်ကိုပစ်ချလိုက်ပြီးမြေပေါ်၌လူးလွန့်နေ၏။

” အား….မရွတ်နဲ့….မရွတ်နဲ့….”

အိမ်ပေါ်ရှိ ရှိလူများလည်း ပြေးဆင်းလာကြပြီးကောင်မလေးကိုဝိုင်းထားလိုက်ကြ၏။

” ဒီကောင်မက လူမဟုတ်ဘူးကွ…သတ်ကြ…ရိုက်ကြ…”

လူစုကတုတ်၊ဓားတို့ဖြင့် ဝိုင်းရိုက်ကြရန်လုပ်၏။ ထိုအခါဆရာတော်ဘုရားက ခါးပန်းကြိုးကို​ဖြေလိုက်ပြီး သပိတ်ကိုအနောက်က ကိုယ်တော်ထံကမ်းပေးလိုက်၏။ ထို့နောက် ပါးစပ်မှရတနသုတ်ကိုမပြတ်တမ်းရွတ်ပြီး ရွာသားများဝိုင်းထားသော ကောင်မလေးထံသွားကာ ခါးပန်းကြိုးဖြင့် ပတ်ပြီးချည်ထားလိုက်၏။

” အား…… မလုပ်နဲ့…. မလုပ်နဲ့… နာတယ်…..ပူတယ်…”

ကောင်မလေးအသံမှာ အက်ရှရှဩဩကြီးဖြစ်သွားပြီး နာနာကျင်ကျင်အော်ဟစ်ကာ လူးလွန့်နေ၏။

” ဒကာတို့ ကညင်ကုန်းရွာကို အမြန်သွားပြီး ကညင်ကုန်းဘုန်းကြီးကျောင်းမှာတည်းတဲ့လူငယ်နှစ်ယောက်ကို အမြန်သွားခေါ်လာခဲ့ချေ…..ဒီမကောင်းဆိုးဝါးကိုသုံးရက်ထက်ပိုပြီးမထိန်းချုပ်နိုင်ဘူးဆိုတာသတိထားပါ….အမြန်သွားချေတော့….”

” တင်ပါ့ဘုရား… “

ကာလသားခေါင်းကလည်းအဖော်တစ်ယောက်ကိုပါခေါ်ပြီး ကညင်ကုန်းရွာသို့သွားခဲ့ကြ၏။

         ထိုမိန်းကလေးကို သူကြီးအိမ်၌ဖမ်းချုပ်ထားပြီး ရွာသားများကနေ့ညမပြတ်စောင့်ကြည့်နေကြ၏။ ပါးမဲကြီးသည် နုဝါကိုတည်ကြ က်အဖြစ်ထားပြီးမောင်ရေခဲကိုစောင့်နေ၏။

          ထိန်ပင်ရွာသားနှစ်ယောက်လည်းကညင်ကုန်းရွာသို့ရောက်လာခဲ့ပြီး ကညင်ကုန်းဆရာတော်အား အကြောင်းစုံပြောပြလိုက်၏။ ကညင်ကုန်းဆရာတော်လည်း မောင်ရေခဲတို့ကို အကျိုးအကြောင်းပြောပြလိုက်ရာ မောင်ရေခဲလည်း

” အရင်ပြန်သွားပြီးအကြောင်းကြားနှင့်ချေ… ကျုပ်တို့ဒီညအရောက်လာခဲ့မယ်…”

” ခုလိုက်ခဲ့ပေးလို့မရဘူးလားဆရာတို့ရယ်…ဒီမိန်းကလေးလွှတ်သွားခဲ့ရင် ကျုပ်တို့တစ်ရွာလုံးဒုက္ခရောက်မှာမို့ပါ…”

” နားလည်ပါတယ်ဗျာ…ကျုပ်တို့လည်း ကိစ္စတွေမပြီးပြတ်သေးလို့ပါ…စိတ်ချဂတိပေးတယ်…ဒီညကျုပ်တို့အရောက်လာခဲ့မယ်ဗျာ….”

” ဒါဆိုလည်းမျှော်နေမယ်ဆရာတို့….ခွင့်ပြုပါအုံးဗျ….”

ထိန်ပင်ရွာသားနှစ်ယောက်လည်း ဆရာတော်ဘုရားနှင့် မောင်ရေခဲတို့ကိုနူတ်ဆက်ပြီး ပြန်သွားကြ၏။ မောင်ရေခဲတို့ကချက်ချင်းလိုက်သွားချင်သော်လည်း ဒေါ်မယ်ဆုံ အမှုကိစ္စကမပြီးပြတ်သေးသဖြင့် ဖြေရှင်းနေရသေး၏။ ထိုနေ့ည၌ လင်းလေကျေးရွာသို့ပြန်သွားပြီး ဒေါ်မယ်ဆုံသေဆုံးရခြင်းကိစ္စကိုသက်ဆိုင်ရာကစစ်မေးနေရာ အတော်ကြာသွားသဖြင့် ထိန်ပင်ရွာသို့မသွားလိုက်ရချေ။

          နောက်နေ့၌စောစောထကာ ကညင်ပင်ဆရာတော်ဘုရားကိုနုတ်ဆက်ပြီး ထိန်ပင်ရွာသို့ရောက်လာခဲ့ကြ၏။ ရွာထိပ်ရောက်သည်နှင့် ခွေးနက်ကြီးတစ်ကောင်သည် ပြေးလာပြီး မာန်ဖီနေ၏။

” ဂီး…..ဂါး….”

” ဝုတ်….ဝုတ်…”

” ဟာဆရာ….နောက်ဆုတ်နေ….ကျွန်တော်လုပ်လိုက််မယ်…”

မောင်ထင်ပေါ်ကဆရာဖြစ်သူ၏ရှေ့၌ကာထားလိုက်၏။ မောင်ရေခဲ လည်း

” ဖယ်နေထင်ပေါ်….ဒါကသာမန်ခွေးမဟုတ်ဘူး… ဟိုကောင်ကဝေလွှတ်လိုက်တဲ့ခွေးဘဲ….”

ထိုစဥ်ခွေးနက်ကြီးသည် မောင်ရေခဲတို့အား ဒေါသတကြီးခုန်အုပ်လိုက်၏။ မောင်ရေခဲက မောင်ထင်ပေါ်ကိုတွန်းထုတ်လိုက်ပြီး ထိုခွေး၏နူတ်သိီးအားလှမ်းဆွဲကာ မူလပြန်အင်းချပ်ကိုပစ်ထည့်လိုက်၏။

” ဂီး…..ဂရား….”

ခွေးစွယ်ကြီးမှာ မောင်ရေခဲ၏ဘယ်ဘက်လက်မောင်းကိုကိုက်မိသွားပြီး အဝတ်ဖြူဖြူတို့မှာ သွေးတို့ရဲသွား၏။ ထို့အတူခွေးနက်ကြီးမှာလည်း ရွှံ့ရုပ်လေးတစ်ရုပ်ဖြစ်သွားပြီး ခေါင်းမှာကြေမွနေ၏။

” ဟာဆရာ….လက်မောင်းကိုကိုက်မိသွားပြီ….ဘာလို့ကာလိုက်တာလဲဗျာ….ကျုပ်ကြောင့်ဆရာ အနာတရဖြစ်သွားပြီဗျ….”

” စိတ်မကောင်းမဖြစ်ပါနဲ့ထင်ပေါ်….အကြောင်းတရားကြောင့် အကျိုးခံစားရတာပါ…ငါဂတိမတည်မိလို့ ငါပြန်ခံရတာ…ဘာမှမဖြစ်ဘူး …လာရွာထဲသွားကြမယ်….”

” ဆရာ့လက်က ဒဏ်ရာကရောဘယ်လိုလုပ်မလဲ…”

” ရတယ်ထားလိုက်…အသက်နဲ့အဝေးကြီး….”

ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက်လုံး သူ့ကြီးအိမ်ရှိရာသို့မေးမြန်းပြီးရောက်လာခဲ့ကြ၏။

” ဟာ…ဆရာလေးတို့ရောက်လာကြပြီကိုး….ကျုပ်တို့ကမနေ့ညကလာမယ်ဆိုလို့မျှော်နေတာဗျ…”

” အေးဗျာ…ကျုပ်တို့လည်း ညကကိစ္စတွေမပြီးပြတ်သေးတာနဲ့ မလာဖြစ်ခဲ့တာ….ဒါနဲ့မိန်းကလေးကရော….”

” ဟောဟိုမှာချည်ထားတယ်ဆရာ…”

ကာလသားခေါင်းလည်း မောင်ရေခဲ အားကောင်မလေးကိုချည်းထားသောနေရာသို့ပို့ပေးလိုက်၏။

” ဟင်းဟင်း… ငါ့ကိုလွှတ်ပေးစမ်း…”

” ငါလွှတ်တာနဲ့နင်တို့တစ်ရွာလုံးသေပြီသာမှတ်ပေတော့….”

” ငြိမ်ငြိမ်နေစမ်း….မင်းကဘယ်သူလဲ…ဒီလိုလုပ်ဖို့ ဘယ်သူကခိုင်းစေခဲ့တာလဲ….”

” ဟားဟားဟား…မင်းလိုဂတိမတည်တဲ့ဆရာကောင်ကများ ငါ့ကိုမေးရဲသေးတယ်ပေါ့….သေချင်နေပြီထင်တယ်….”

ကောင်မလေးမှာဖုတ်ဝင်နေမှန်းသိသော်လည်း မူလဖုတ်ကောင်ကိုမမြင်ရချေ။ အကြောင်းမှာ မောင်ရေခဲသည် ပရလောက သားတို့ကို မြင်နိူင်သောအစွမ်းမရှိတော့သောကြောင့်ပင်။

” ထင်ပေါ်…. လွယ်အိတ်ထဲကသိမ်ဝင်သပိတ်ကွဲအင်းနှင့် ရေစင်တစ်ခွက်ပေးစမ်းကွာ….ရွာသားတွေက အခေါင်းတစ်လုံးအသင့်လုပ်ထားပေးဗျာ…..”

” ရစေရမယ်ဆရာလေး….”

ရွာသားတို့လည်းအခေါင်းတစ်လုံးကိုအမြန်ရိုက်လိုက်ကြ၏။ မောင်ရေခဲက အိမ်ပေါ်တက်ပြီး အဘဆရာသခင်များကို တိုင်တည်၏။ တအောင့်အကြာ၌ပြန်ဆင်းလာရာ ရွာသားတို့က

” အခေါင်းရပြီဆရာလေး…”

” ဒါဆို ဟိုကောင်မလေးရဲ့အနောက်ဘက်ကိုထားပေးဗျာ…ခေါင်းရင်းဘက်ကို အိမ်အပြင်ဘက်ပေါက်ဝကိုမူထားပေး….”

” ဟုတ်ကဲ့ဆရာ….”

ရေစင်ခွက်နဲ့ သိမ်ဝင်သပိတ်ကွဲအင်းပြားကိုကိုင်ပြီး ကောင်မလေးအနားတိုးကပ်သွားလိုက်၏။

” ငါ့ကိုလွှတ်ပေးလို့ ပြောနေတယ်နော်….လွှတ်ပေးစမ်း….ငါလွှတ်တာနဲ့ မင်းအရင်သေမယ်မှတ်…”

ဆိုကာကောင်မလေးက အံကြိတ်ပြီးပြောနေ၏။ မောင်ရေခဲ ကဘာမျှပြန်မပြောဘဲ ကောင်မလေး၏ခေါင်းကိုရေစင်ဖြင့်တောက်ပြီး ရတနသုတ်ကိုရွတ်လိုက်၏။

” အား….ပူတယ်….ပူတယ်….တော်တော့….”

” ထပြီး အခေါင်းထဲဝင်စမ်း….”

” ဂျစ်…ဂျစ်…ဂျစ်….”

ကောင်မလေးက သွားတဂျစ်ဂျစ်ကြိတ်ကာ မလှုပ်မယှက်ထိုင်နေမြဲ။

” ထပြီး အခေါင်းထဲဝင်လို့ငါပြောနေတယ်….ထစမ်း…. “

” နင်အရင်ဝင်ပြလေ…ဟင်းဟင်း … “

” ခေါင်းမာနေတယ်ပေါ့ဟုတ်လား….ရော့ကွာ….”

ဆိုကာသိမ်ဝင်သပိတ်ကွဲအင်းဖြင့် နဖူးကိုကပ် လိုက်​ပြီးဖုတ်ထုတ်မန္တာန်ကိုရွတ်လိုက်၏။

” အား……..ဝင်မယ်….ငါဝင်မယ်….”

ကောင်မလေးလည်းနာနာကျင်ကျင်အော်ဟစ်ပြီး အကြောကပ်နေသကဲ့သို့ထလာကာ လမ်းပေါက်ဝသို့ခေါင်းမူပြီး အခေါင်းထဲဝင်သွားတော့၏။ မောင်ရေခဲလည်း အင်းချပ်ကိုမဖယ်သေးဘဲ မန္တာန်ကိုဆက်ရွတ်လိုက်ရာ

” အား……….”

ဟူသောအသံနက်ကြီးတချက်အော်ပြီး ဖုတ်ကောင်မှာထွက်သွားတော့၏။
ထိုအခါအခေါင်းထဲရှိမိန်းကလေးမှာအရိုးစုသာကျန်တော့၏။

” ဟင်…အရိုးဘဲကျန်တော့တယ်….”

” ဟယ်….အရိုးစုကြီးဟ…”

ကြည့်နေကြသူတို့မှာကြောက်လန့်တကြားဖြင့်အနောက်သို့ဆုတ်သွားကြ၏။ မောင်ရေခဲက

” ကဲ…အခေါင်းကိုအသေပိတ်ပြီး မြေမြုပ်သဂြိုလ်လိုက်တော့…ကောင်မလေးကဆုံးသွားတာကြာပြီ….ဒါကိုအောက်လမ်းဆရာတစ်ယောက်က ဖုတ်ပြန်သွင်းထားတာ….”

” ဗျာ….”

” အိုး…..”

” ကြောက်ဖို့ကောင်းလိုက်တာဗျာ….”

ရွာသူရွာသားများထံမှ အသံထွက်ပေါ်လာပြန်၏။ နောက်တစ်နေ့၌ သူကြီးတို့မိသားစု၏ရုပ်အလောင်းကို ကောင်းမွန်စွာသဂြိုလ်ပေးရန်လုပ်နေကြစဥ် ယောကျာ်းတစ်ယောက်သည် ခါးတောင်းကျိုက်ပြီးဝင်လာ၏။

” တောက်! ဂတိသစ္စာမရှိတဲ့အကောင်…သိပ်ကိုစွမ်းနေတယ်ပေါ့ဟုတ်လား….”

ဆိုကာမောင်ရေခဲကို လက်ထဲမှကိုင်ထားသောဓားဖြင့် ခုတ်ရန်လုပ်၏။ ရွာသားများကမြင်လိုက်ကြရာ ထိုလူအားဝိုင်းဆွဲထားကြ၏။

” လှစိုး….မင်းဘယ်လိုဖြစ်နေတာလဲ…ဆရာလေးတို့ကငါတို့ရွာကိုကယ်ခဲ့တာနော်…”

” နင်တို့တွေငါ့ကိုလွှတ်စမ်း….ငါလှစိုးမဟုတ်ဘူး ငါကဝေမြမောင်ကွ….”

ဆိုပြီးချုပ်ထားသောရွာသားနှစ်ယောက်အား ခါထုတ်လိုက်ရာ ထိုနှစ်ယောက်မှာ ခပ်ဝေးဝေးသို့လွှင့်သွားပြီးအထိနာသွားကုန်၏။ ထိုအခါမောင်ရေခဲက

” အဲဒီနေရာမှာဘဲရပ်လိုက်စမ်း….တစ်ဖဝါးမှမရွေ့စေရ ဒါအမိန့်ဘဲ….”

ဟုဆိုလိုက်ရာ ထိုလူမှာခြေထောက်များကြွမရဘဲ ​ဒူးထောက်ကာထိုင်ချသွား၏။

” ဒီမှာ မြမောင်…. မင်းကလေ မင်းအသက်ထက်များတဲ့အပြစ်တွေလုပ်ထားတာတောင် အပါယ်ကိုမကြောက်သေးဘူး….ထပ်ပြီး မိုက်မဲချင်သေးတယ်….”

” ဟားဟားဟား…..ဟားဟားဟား….”

” ငါ့ကိုတရားချချင်တယ်ပေါ့ဟုတ်လား…အဲဆိုလည်းနောက်ဘဝမှ ဆက်ပြီးတရားချကွာ….”

ဆိုကာ ထိုလူသည် မြေကြီးကိုပုတ်ပြီး လက်ခမောင်းခတ်လိုက်ရာ သူကြီး၏အိမ်အရှေ့ဘက်တစက်မြိတ်ရှိထုတ်တန်းပေါ်ရောက်သွား၏။ ထို့နောက် ထိုလူ၏ပါးစပ်မှ အထက်ဆုံးဖြစ်သည့် ဂပ္ဗလာကြိုးကို မောင်ရေခဲထံပစ်လွှတ်လိုက်၏။ မောင်ရေခဲက ကဝေစက်ဖြတ်အင်းဖြင့်ပြန်ကာထားသော်လည်း ထိုကပ္ဗလာကြိုးမှာ ပြင်းလှသဖြင့် ရင်ဘတ်ကိုထိမှန်သွားပြီး အနောက်သို့ဖင်ထိုင်ရက်လဲကျသွား၏။ ကဝေစက်ဖြတ်အင်းမှာလည်း မီးတောက်ထသွားပြီး အမှုန့်ဖြစ်သွားသကဲ့သို့ ထုတ်တန်းပေါ်ရှိကဝေကြီးလည်း မြေကြီးပေါ်ပြုတ်ကျက ပတ်ပတ်လည်၌မီးထတောက်သွားပြီး ခန၌ကဝေကောင်မှာပြာများပင်မကျန်တော့ဘဲငရဲမီးတောက်၏ဝါးမျိုခြင်းကိုခံလိုက်ရ၏။

” ဆရာ…ဆရာ….ရရဲ့လား….”

” အဟွတ်…အဟွတ်…. ဝေါ့…..”

” ရ…ရတယ်ထင်ပေါ်….ဘာ…ဘာမှမဖြစ်ဘူး….”

မောင်ထင်ပေါ်က ဆရာဖြစ်သူကို အသာဖေးမထားလိုက်၏။ ကာလသားခေါင်းက

” ဆရာလေးကို အိမ်ပေါ်ခေါ်သွားကြဟေ့….ဒိုးမောင်….နင်ကဆေးဆရာကြီးဦးဒီပကို သွားပင့်ချေ….”

အားလုံးကမောင်ရေခဲကိုစိတ်ပူသွားကြ၏။ မောင်ရေခဲမှာ ကဝေ၏ကပ္ဗလာစက်ကြိုးက ရင်ဘတ်ကိုထိသွားသဖြင့် သွေးအန်ကာသတိလစ်မေ့မြောသွား၏။ မောင်ရေခဲ၏ဝိဉာည်ကား ခန္ဓာကိုယ်မှ ခေတ္တခွာကာ ဆရာသခင်ရှိရာ ဟိမဝန္တာတောထဲသို့ ရောက်နေသတည်း။……။

(အဘဆရာသခင်တို့အားဦးထိပ်ပန်ဆင်လျှက်)

# ပြီး

# ခွန်း