ကတုံးညီနောင်

ကတုံးညီနောင်(စ/ဆုံး)

———————

သူဇာသည် အလယ်တန်းပြကျောင်းဆရာမ လေးတစ်ယောက်ဖြစ်သည်။

သူဇာ့အမျိုးသားကတပ်မတော်မှ အရာရှိတစ်ဦးဖြစ်သောကြောင့် သူဇာတို့လက်ထပ်ပြီးစတွင် စစ်ဝတ်စုံဝတ်ဆင်ထားသော ခင်ပွန်းသည်၏ဆိုင်ကယ်နောက်တွင် ခါးဖက်ကာလိုက်စီးတတ်သော ဆရာမဝတ်စုံလေးနှင့် သူဇာတို့စုံတွဲကို ကြည့်ရသည်မှာ ပနံတင့်လှသည်။

သူဇာတစ်ယောက် မိဘများရှိရာ မြို့ငယ်လေးနှင့် မိုင်၂၀ခန့်ဝေးကာလမ်းပန်းဆက်သွယ်ရေးသိပ်မကောင်းသော ရွာကျောင်းလေးတစ်ကျောင်းတွင် တာဝန်ကျနေခြင်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးမကောင်းဟုဆိုရခြင်းမှာလည်း ထိုရွာလေးသို့ရောက်ရန် ပေလမ်းမကြီးဘေးမှ 12မိုင်ခန့် အတွင်းဘက်သို့ ထပ်မံဝင်သွားရသော ကျောက်ခင်းလမ်းတစ်ဝက် မြေခင်းလမ်းတစ်ဝက် လမ်းကြောင့်ဖြစ်သည်။

ကျောက်ခင်းလမ်းမှာ မိုးရွာလျှင် သွားဖြစ်ရုံသာကောင်းသော်လည်း မြေခင်းလမ်းမှာမူကား မြေစေးအမျိုးအစားဖြစ်သောကြောင့် အ​တော်လေး ချော်လေသည်။

သူဇာနေထိုင်ရာဒေသက မိုးများသော တောင်ပေါ်ဒေသဖြစ်သောကြောင့် ကျောင်းသွားကျောင်းပြန်နေ့စဥ်ပြုလုပ်လျှင်လမ်းက ချော်ကာသွားလာရ သိပ်အဆင်မပြေလှသောကြောင့် သူဇာတစ်ယောက် တာဝန်ကျသောရွာလေးတွင်ပင် အိပ်ရသည်ကများသည်။

ခင်ပွန်းသည်မင်းလွင်ကလည်း သူဇာနေထိုင်ရာ မြို့ငယ်လေး ရှိစစ်တပ်တစ်တပ်က အရာရှိမို့ တပ်မတော်တာဝန်ကို ၂၄နာရီအပြည့်ထမ်းရွက်ရကာ မိန်းမအရေးထက် နိုင်ငံတော်တာဝန်ကိုသာ ဦးစားပေးရလေသည်။

ဒီတစ်ပတ်သူဇာ ကိုလာကြိုတော့ သူဇာ့အမျိူးသား မင်းလွင်၏ မျက်နှာကား သိပ်မသာယာချေ။

“အစ်ကို ဘာများဖြစ်လို့လဲ မျက်နှာက မသာမယာနဲ့ပါလား ”

“ကိုယ်အိမ်ရောက်မှ အေးဆေး ပြောမယ်သူဇာ”

ဟုဆိုသောကြောင့်သူဇာလည်း ဘာများလည်းဟု တွေးလျှက်မင်းလွင်ဆိုင်ကယ်နောက်မှ လိုက်ပါလာလေသည်။

သူဇာတို့လက်ထပ်ပြီးစအချိန်တွင် သူဇာ့အမေတို့အိမ်ဘေးလေး၌ အဖီလေးဆောက်ကာနေကြခြင်းဖြစ်သည်။

ကိုမင်းလွင်တပ်သို့ လိုက်မနေချင်သော သူဇာ့ဆန္ဒကြောင့် သူဇာ့အိမ်တွင်သာနေဖြစ်သွားခြင်းဖြစ်လေသည်။

မင်းလွင်၏ဆန္ဒကား သူဇာ့အားတပ်ထဲတွင်လိုက်နေစေလိုသည်။

စစ်သားဆိုတာ သာမန်ဝန်ထမ်းတွေလို ရုံးတက်ရုံးဆင်းချိန်မရှိ ၊၂၄နာရီအပြည့် တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်သောကြောင့် မင်းလွင်တစ်ယောက် သူဇာ့မိဘအိမ်တွင်သူဇာကျောင်းပိတ်ရက်များတွင်လိုက် နေရသည်မှာလည်း အဆင်မပြေလှပေ။

သူဇာကကျောင်းဖွင့်ရက်များတွင်မူအိမ်ထောင်သည် အရာရှိလေး မင်းလွင်တစ်ယောက် လူပျိုဘားတိုက်တွင်သာ နေရသည်မို့ အရာရှိသူငယ်ချင်းများ၏ စနောက်မှုကိုလည်း မကြာခဏ ခံရလေသည်။

သူဇာ​ကျောင်းပိတ်ရက်များတွင် မင်းလွင်တစ်ယောက် သူဇာ့အိမ်လာအိပ်လျှင်လဲ စိတ်ချလက်ချမအိပ်ရ။

တစ်ခါတစ်ရံ ညကြီးဖုန်းဆက်ခေါ်လျှင်မင်းလွင်တစ်ယောက်တပ်ထဲသို့ ဆိုင်ကယ်လေးဖြင့် အပြေးအလွှားသွားရသည်။

သူဇာ့အိမ်နှင့်တပ်က သိပ်မဝေး၍သာတော်သေးသည်ဟု ဆိုရမည်။

မနက်တန်းစီအမှီလည်းသွားရသေးသည်။

စစ်သားဟူသည် အမိတပ်မတော်သည်သာ ပထမဖြစ်လေသောကြောင့် တစ်ခါတစ်ရံတွင်မူသူဇာက မိမိအားအရေးမစိုက်ရကောင်းလားဟူ၍လည်း မင်းလွင်အား မကြာခဏ စိတ်ကောက်တတ်သေးသည်။

သူဇာအိမ်ပြန်ရောက်တော့ “ပြောလေကိုမင်းလွင် “ဟုဆိုကာ သူဇာက ခြင်းတောင်းလေးကို ချကာ တန်းလျားခုံလေးတွင် ထိုင်လိုက်သည်။

သူဇာ့အဖေက သတင်းစာ ဖတ်ရင်း သူဇာနှင့်ကိုမင်းလွင်ကို အကဲခတ်သလိုကြည့်နေလေသည်။

သူဇာ့ မေမေကလည်း “သမီးတို့ပြန်လာပြီလား.”ဟုဆိုကာ လက်ဖက်သုတ်ပန်းကန်လေးကိုင်လျှက် သူဇာတို့ရှိရာသို့ ထွက်လာကာ သမီးနှင့်သမက်ရှေ့တွင်လက်ဖက်သုတ်ပန်းကန် အားချပေးလိုက်သည်။

မင်းလွင်က သူဇာ အားကြည့်ကာ

“အဘလေး ကတော် အစ်မကြီးက မှာလိုက်တယ်၊သူဇာလဲ ကတော်တစ်ယောက် ဖြစ်နေပြီမို့ သူဇာ့ကို တပ်မိသားစုထဲ နေစေချင်တယ်၊သူဇာက ဝန်ထမ်းဖြစ်တာကိုလည်း နားလည်တယ်၊ဒါပေမဲ့ ကျောင်းပိတ်ရက်လေးမှာတော့ ကတော်တစ်ယောက်အနေနဲ့ တပ်မိသားစုလေးမှာ နေပြီး တပ်အထှာတွေလေ့လာစေချင်တယ်၊ တပ်မှာလဲ အရာရှိကတော် တွေနည်းတာကြောင့် ဖြစ်နိုင်လျှင်သူဇာ့ကို အပါခေါ်ဖို့ မှာလိုက်တယ်၊သူဇာနဲ့ ကိုယ့်အတွက် လိုင်းခန်းလဲ အဆင်သင့်ရှိတယ်”

ဟုဆိုကာ ဆိုင်ကယ်စီးလာ၍ ဖရိုဖရဲ ဖြစ်နေသော သူ့ဇာဆံပင်လေးတွေကို သပ်ပေးရင်း ပြောလေသည်။

သူဇာ့အမေက

“မှန်တာပေါ့သားရယ် အမေတို့ကလည်း သမီးနဲ့သားတို့ကိုအမေတို့အိမ်မှာ မနေစေချင်တာမဟုတ်ဘူး၊ သားအလုပ်များနေတာကို လဲ ကိုယ်ချင်းစာပါတယ်၊ သမီးသူဇာအနေနဲ့လည်း စစ်သားကိုယူထားပြီးမှ သူ့ဘဝကိုနားလည်ရမယ်လေ ၊ဒီလူကိုယူပြီးမှတော့ ဒီလမ်းကိုမဖြစ်မနေလျှောက်ရမယ်မဟုတ်လား”

သူဇာ့အဖေက

“သမီးတပ်ထဲ ကိုသာလိုက်သွားလိုက်ပါ၊အဖေတို့နဲ့လည်း တစ်မြို့ထဲ နေတာပဲ သမီးအားရင်လာလည်လို့ရတယ် ၊အမေအဖေအတွက်မပူနဲ့၊နင့်ညီမတွေရှိတယ်၊ ကဲကဲ မင်းလွင်ရေ အထုတ်အပိုးတွေသာပြင်ဆင်ပြီး နင့်မိန်းမပါတစ်ခါတည်း ခေါ်သွားချေ”ဟုဆိုလေတော့သည်။

ဤသို့ဖြင့် သူဇာတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့်နှင့် တပ်ထဲသို့ရောက်လာတော့သည်။

တပ်ထဲတွင် ကျောင်းပိတ်ရက်လေးသာ နေရသော်လည်း ပျော်စရာကောင်းသော တပ်မိသားစုထဲတွင်သူဇာ ပျော်ကာ နေသားတကျ ရှိလာသည်။

အသီးအရွက် ရိက္ခာစိုလေးတွေလဲရသောကြောင့် လင်မယားနှစ်ယောက် လစာလေးများပင် စုမိဆောင်းမိလာသည်။

သူဇာလည်း ကိုယ်ဝန်ရှိကာ မီးဖွားခွင့်ယူချိန်တွင် ကိုမင်းလွင်လည်း ရှမ်းပြည်နယ် ဗထူးတပ်မြို့လေးတွင် အရာရှိလက်နက်ကြီးသင်တန်းသွားရောက်၍ တက်ရတော့သည်။

သူဇာကလေးမွေးတော့ မိဘအိမ်မှာပင် မီးဝင်မီးထွက် အေးအေးဆေးဆေး နေရလေသည်။

ယောက်ျားက သင်တန်းတက်နေရ၍ အနားမှာမရှိသော်လည်း အမေနဲ့ ညီမလေးတွေက လိုလေသေး မရှိ ပြုစုပေးကြလေသည်။

သူဇာသမီးလေး တစ်ယောက်မွေးဖွားပြီးသမီးလေးက နှစ်နှစ်သမီးအရွယ် ခန့်သို့ရောက်သောအခါတွင် ကိုမင်းလွင်လဲ မြို့ကြီးတစ်မြို့ ရှိတပ်တစ်တပ် သို့ရာထူးတိုးဖြင့် ပြောင်းရလေတော့သည်။

သူဇာသည်လည်း ကိုမင်းလွင် တာဝန်ကျသောမြို့သို့ အလယ်တန်းပြရာထူးဖြင့်တပ်ကျောင်းလေးတစ်ကျောင်းတွင် တာဝန်ထမ်းဆောင်ရန်လိုက်ပါပြောင်းရွေ့ခွင့် ရလေသည်။

သူဇာတို့နေမည့်လိုင်းခန်း ရှေ့တွင် အပင်ကြီးများ လည်း ရှိကာ တစ်အိမ်နှင့်တစ်အိမ်ကား အနည်းငယ်စီ ခြားလေသည်။

အိမ်ယာက နှစ်ထပ်ပျဥ်ဆောင်အိမ် ဖြစ်လေသည်။အောက်ထပ်တွင် မီးဖိုခန်း၊ အိပ်ယာခန်းတစ်ခန်းပါရှိကာ ရေချိုးခန်း၊အိမ်သာလည်း ရှိလေသည်။

အပေါ်ထပ်တွင်ဘုရားခန်းနှင့်အိပ်ယာခန်းတစ်ခန်းပါရှိသည်။

သူဇာသမီးလေး မိုးမိုးက နှစ်နှစ်သမီးလေးအရွယ်ပေ မို့စကားတီတီတာတာပြောတတ်တဲ့အရွယ်လေးဖြစ်ရာ အလွန်ပင်ချစ်စဖွယ်ကောင်းလေသည်။

ထိုတပ်အသစ်သို့ရောက်ပြီး သူဇာတို့လင်မယားနှင့်သမီးက အိမ်ပေါ်ထပ်အိပ်ယာခန်းတွင်အိပ်ကြသည်။

အောက်ထပ်အိပ်ယာခန်းကား အိမ်သာဘက်မှအနံ့အသက်များဝင်လာတတ်သောကြောင့် အပေါ်ထပ်အိပ်ယာခန်းတွင်သာ အိပ်​ဖြစ်ကြတော့သည်။

အပေါ်ထပ်အိပ်ယာခန်းတွင် မိသားစုအိပ်ကုတင်ပု တစ်လုံးရှိကာခြေရင်းတွင် နံရံကပ်ဗီဒိုတစ်ခုပါရှိလေသည်။

သူဇာ့သမီးလေးကား အိပ်ယာခန်းတွင်းဝင်လျှင် အောက်ချ၍မရဘဲ သူဇာ့ပေါ်သို့တွယ်တတ်ကာ နေတတ်သည်။

နေ့လည်ခင်းအိပ်ချိန်တွင်လည်း အောက်ထပ်အိပ်ယာခန်းတွင်သိပ်ပါက သမီးလေးက ကောင်းစွာအိပ်ပျော်တတ်သော်လည်း အပေါ်ထပ်အိပ်ယာခန်းတွင်မူ ကြာကြာမအိပ်ပဲ လန့်ငိုတတ်လေသည်။

ထို့ကြောင့်သူဇာလည်း ထိုအခန်းအား အနည်းငယ်သံသယ ဝင်မိလေသည်။

အိမ်၏လှေကားကလည်း နှစ်ဆစ်ချိုးကွေ့ကာ တက်ရသောလှေကား ဖြစ်သည်။

တစ်နေ့ကျောင်းပိတ်ရက် သူဇာနှင့်သမီးလေး အိပ်ပေါ်ထပ်အိပ်ယာခန်းတွင် နေ့ခင်းဘက် အိပ်ပျော်နေစဥ် သူဇာကသမီးလေး၏ အသံကြားသောကြောင့် လန့်နိုးလာလေသည်။

ထိုအချိန်တွင် သူဇာ့သမီးလေးက နံရံကပ် ဘီဒိုကြီးအားကြည့်ကာ နှုတ်ခမ်းကိုက်ပြလိုက် ၊လက်နှင့်ထုမယ့်ဟန်ရွယ်လိုက်လုပ်နေပြီး “သွား….သွား”ဟုတစ်စုံတစ်ဦးအားမောင်းထုတ်နေလေသည်။

သူဇာလည်း နံရံကပ်ဗီဒိုအားကြည့်လိုက်ရာ တံခါးမှာအနည်းငယ်ဟလျှက်ရှိပြီး အတွင်း၌မူကားမှောင်မဲလျှက်မည်သည့်အရာမျှ မမြင်ရချေ။

သူဇာရောက်ကတည်းက ထိုဗီဒိုကြီးအား အသုံးပြုခြင်းမရှိသလို ထိုဗီဒိုကြီးအား ယောင်လို့ပင်ဖွင့်မကြည့်မိ။

ယခင်ရက်များကတော့ ထိုဗီဒို တံခါးကား စေ့နေအောင်ပိတ်ထားကာ သစ်သားမောင်းတံလေးဖြင့်ဗီဒိုထိပ်မှ တားထားသော်လည်း ယခုမူကားအနည်းငယ်ဟနေသည်မှာထူးဆန်းသကဲ့သို့ရှိနေသည်။

သမီးလေးထိုဗီဒိုအားဖွင့်မည်ဆိုပါကလည်း သမီးအရပ်နှင့် ဗီဒိုထိပ်မှ သစ်သားမောင်းတံလေးအား လှည့်ဖွင့်ရန်မှာ မည်သို့မျှပင် မဖြစ်နိုင်။

ကိုမင်းလွင်က ဖွင့်ရအောင်လည်းထိုဗီဒိုကို စေ့စေ့ပင် ကြည့်မိဟန်မျှပင် မပေါ်ပေ။

သူဇာတို့ အိပ်ချိန်မှသာ အပေါ်ထပ်သို့တက်လေ့ရှိသည်။

များသောအားဖြင့် အိမ်အောက်တွင်သာနေတတ်ကြလေသည်။

သမီးလေး အပြုအမူကိုကြည့်ကာ သူဇာလဲ ကြက်သည်းများထလာပြီး

” သမီးဘာမြင်လို့လဲ ၊ဘယ်သူ့ကိုတွေ့လို့လဲ”ဟုမေးရာ သမီးက ဗီဒိုကြီးအားလက်ညှိုးထိုးပြကာ

“ဟိုမှာလေမေမေရဲ့ ဦးဦးကတုံးက ဗီဒိုထဲက ရယ်ပြနေတာ မတွေ့ဘူးလား ၊သွားတွေကလဲ အကြီးကြီးပဲ မျက်လုံးကလဲ ဒီလိုကြီး” ဟုဆိုကာ သူ့မျက်လုံးလေးအား ပြူးပြလေသည်။

သူဇာက လည်း “အမလေး”ဟုယောင်၍ပင်အော်မိကာ “လာသမီး မေမေတို့ အိမ်အောက်ဆင်းရအောင်”ဟု ပြောတော့သူဇာ့ သမီးက “မေမေဒီအောက်ကို ဒီလိုသွားပြီးဦးဦးကတုံးတစ်ယောက်ဝင်သွားတယ်”ဟုဆိုကာ လေးဘက်ထောက်သွားသည့်အမူအယာလုပ်ပြီး ကုတင်အောက်အား လက်ညှိုးထိုးပြလေတော့သည်။

သူဇာလဲ သမီးလေးအား အမြန်ပွေ့ချီကာ အိမ်အောက်ထပ်သို့ ဆင်းပြေးလေတော့ သည်။ထိုစဥ်သမီးက လှေကားထိပ်အားလက်ညှိုးထိုးကာ “ဦးဦးကတုံးနှစ်ယောက်ရပ်ပြီးရယ်ပြနေတယ်”ဟုပြောလိုက်သေးသည်။

သူဇာလည်း ကြောက်လွန်း၍ အိမ်ထဲ၌ပင်မနေရဲတော့ပဲ အိမ်ရှေ့ သစ်ပင်အောက်တွင် သားအမိနှစ်ယောက်ထိုင်နေလိုက်တော့သည်။

သမီးက သူဇာ့ကိုယ်ပေါ်မှအောက်ဆင်းကာ အပင်လေးများအားခူး၍ဆော့နေရင်း အိမ်အပေါ်ထပ် ပြတင်းပေါက်ဖွင့်ထားသည်ကို မော့ကြည့်ပြီး “မေမေ ဦးဦးကတုံးနှစ်ယောက်က သမီးတို့ကိုခေါ်နေတယ်”ဟုပြောတော့ သူဇာလဲ သမီးကို ပွေ့ချီကာ ကိုမင်းလွင် ရှိရာရုံးဘက်သို့ အလျှင်စလို ထွက်လာလိုက်တော့သည်။

ကိုမင်းလွင်လဲ ထမင်းစားရန်အိမ်သို့ပြန်အလာ သူဇာတို့သားအမိနှင့်လမ်းတွင်ဆုံလေရာ”သူဇာ မျက်စိမျက်နှာကလည်းပျက်လို့ ဘာဖြစ်လာတာလဲ ၊သမီးလေး ဘာဖြစ်လို့လဲ “ဟု စိုးရိမ်ကြီးစွာ မေးလျှက် သမီးလေးမိုးမိုးအား လှမ်းချီလိုက်တော့သည်။

သူဇာလည်း ငိုယိုကာ ကိုမင်းလွင်အားအကြောင်းစုံပြောပြလိုက်လေတော့သည်။

ကိုမင်းလွင်ကလည်း “တပ်ဆိုတော့လဲ အိမ်က ကိုယ့်စိတ်ကြိုက်အိမ်ပြောင်းမရဘူးသူဇာရယ်၊ ဒီည အောက်ထပ်အခန်းမှာအိပ်ကြတာပေါ့ ၊ညနေဘက် စျေးသွားပြီး လိုအပ်တာဝယ်ပြီး နက်ဖြန်မနက်တပ်ဦးကျောင်းက ဆရာတော်ကိုပင့်ပြီး အိမ်မှာအန္တရာယ်ကင်းတရား နာလိုက်မယ်လေသူ​ဇာ ကောင်းတယ်မို့လား”ဟုဆိုတော့သူဇာလည်း ခေါင်းညိမ့်လိုက်လေသည်။

ထို့နောက် မင်းလွင်လဲ သမီးလေးကိုတစ်ဖက် သူဇာ့ကိုတစ်ဖက် လက်လေးတွဲကာ အိမ်သို့ပြန်လာကြတော့သည်။

အိမ်ပြန်ရောက်တော့ ကိုမင်းလွင်တို့မိသားစု ထမင်းစားနေစဥ် အပေါ်ထပ်တွင် တရှပ်ရှပ်လမ်းလျှောက်သံများ ဗီဒိုတံခါး ဖွင့်ပိတ်သံများကို ကြားနေရသည်။

ကိုမင်းလွင်မိသားစုလဲ ထမင်းစားပြီးသောအခါ ရုံးဘက်သွားကာ အထက်အရာရှိအား အကျိုးအကြောင်းပြောပြလိုက်သည်။

အထက်အရာရှိတစ်ယောက်မှ ယခင်ကတော့ ထိုအိမ်တွင်သရဲခြောက်သည်ဟု မကြားဖူးကြောင်း၊ယခုကိုမင်းလွင်တို့ ရောက်လာမှ ဤသို့ကြုံရသည်မှာ ကိုမင်းလွင်တို့အမျှပေးဝေမှုရမှ ကျွတ်လွတ်မည့်သူများ ဖြစ်နိုင်ကြောင်း၊မည်သည့်အချိန်ကတည်းက ထိုအိမ်တွင်ရှိနေသည်မှာ မခန့်မှန်းတက်ကြောင်း ကိုမင်းလွင်အားပြောလေသည်။

ကျန်အရာရှိတစ်ဦးကတော့
“မင်းလွင် ရေ ဘဝအဆက်ဆက်က တော်စပ်ခဲ့ဖူးတဲ့ဆွေမျိုးတွေထဲကလားမှမသိတာကွာ ၊မင်းအလှူလုပ်ပေးစေချင်လို့ သူတို့ရှိကြောင်းအသိပေးတာ နေမှာပေါ့၊ ငါကလည်းဒီတပ်ရောက်တာ သိပ်မကြာသေးတော့ မသိဘူး ၊အဲဒီအိမ်တွေကတော့ နှစ်အတော်ကြာပြီထင်ပါရဲ့ကွာ “ဟုဆိုလေသည်။

သူဇာလည်း “တော်သေးတယ်ကိုမင်းလွင် ရယ် သူဇာ အရင်ရက်တွေက ကျောင်းဖွင့်တော့ သမီးရယ်သူဇာရယ် ကျောင်းသွားနေရလို့၊ နေ့တိုင်းသာ အဲဒီအိမ်မှာ နေရရင်ဒုက္ခ”ဟုညည်းညူလိုက်မိသည်။

မင်းလွင်တို့မိသားစုလဲ အရာရှိအားနှုတ်ဆက်ကာ တပ်ဦးဘုန်းကြီးကျောင်းသို့သွားလိုက်ကြပြီး ဘုန်းကြီးထံ အလုံးစုံလျှောက်ကာ မနက်အာရုံဆွမ်းစားကြွပါရန် လျှောက်ထားလေသည်။

ထို့နောက်မိသားစုသုံးယောက် တပ်အနီးက ညနေခင်းစျေးလေးသို့သွားကာ လိုအပ်သည်များဝယ်ကာ အိမ်ပြန်ခဲ့ကြသည်။

အိမ်သို့ရောက်လျှင် ကိုမင်းလွင်လဲ အောက်ထပ်အခန်းအား ရှင်းကာ အပေါ်ထပ်မှအိပ်ယာကို အောက်ထပ်သို့ရွှေ့လိုက်လေသည်။

ကိုမင်းလွင်က အပေါ်ထပ်သို့ထပ်မံတက်ကာ “ကဲဒီအခန်းထဲမှာ ရှိနေတဲ့ နောင်တော်မိတ်ဆွေကြီးတွေအတွက် မနက်ဖြန်မနက် အလှူလုပ်ပြီး တရားနာပါမယ်။

တရားနာပြီး သာဓုခေါ်ကျွတ်လွတ်နိုင်အောင် ကျူပ်မင်းလွင်က ဖိတ်ပါတယ်။

ကျုပ်မိသားစုကို ဒီတစ်ညတော့ မနှောင့်ယှက်ပဲ ကောင်းကောင်းမွန်မွန်နေပေးပါ “ဟုဆိုတော့ အခန်းပြတင်းပေါက်တစ်ချပ်က လေမတိုက်ပဲ အလိုလိုပိတ်သွားစဥ် အခန်းတွင်းဗီဒိုကလည်း အတွင်းမှတစ်ဦးတစ်ယောက်ဆွဲပိတ်လိုက်သလို တစ်ပြိုင်နက်ဖြစ်ပေါ်သွားလေသည်။

ထိုညသူဇာ အိပ်ပျော်တော့ ထူးဆန်းသောအိပ်မက်ကို မက်လေတော့သည်။

အိပ်မက်ထဲတွင် ငယ်ထိပ်က အတော်ချွန်နေသော ကတုံးနှင့်လူနှစ်ဦးကို တွေ့ရလေသည်။ကတုံးများက ပြောင်နေအောင်တုံးထားပြီး တစ်ဦးက အနည်းငယ်ဗိုက်ပူကာပိုဝသည်ဟုထင်ရပြီး ကျန်တစ်ဦးမှာ ထိုသူထက် အနည်းငယ်ပိန်သယောင်ရှိသည်။

ထိုသူနှစ်ဦးမှာ အင်္ကျီစွပ်ကျယ်အဖြူ ခပ်နွမ်းနွမ်းကိုဆင်တူဝတ်ဆင်ထားက ပုဆိုးမှာ အမဲရောင်အကွက်ကြီးလူကြီးအဆင်အား ခပ်တိုတိုဝတ်ထားကြသည်။

ထိုသူနှစ်ဦး၏ မျက်လုံးများက ပြူးထွက်နေကာ အတွင်းမှ မျက်စံအမဲကား သေးသေးလေးသာပါရှိလေသည်။

သူဇာလည်း ထိုသူနှစ်ဦးရှိရာ အပေါ်ထပ်အိပ်ယာခန်းတွင်ရောက်ရှိနေပြီး ကြောင်ကြည့်နေမိလေရာ ထိုသူနှစ်ဦးက သူဇာအားရယ်ပြလေသည်။

ထိုသူနှစ်ဦးရီလိုက်သောအခါ သွားဖုံးများပင်ပေါ်လျှက်ရှိပြီး သွားများက သာမန်လူသွားများထက်သုံးဆခန့်ပိုကြီးသည်ကိုတွေ့ရသည်။

သူဇာလဲ ကြောက်လန့်တကြား အိမ်အောက်ဆင်းပြေးတော့ လှေကားထိပ်တွင်ထိုကတုံးနှစ်ဦးကမတ်တတ် ရပ်လျှက်

” ထတော့ ဆွမ်းချက်ဖို့အချိန်ရောက်ပြီ ငါတို့တရားနာဖို့စောင့်နေတယ်”ဟုအသံသြကြီးဖြင့် ပဲ့တင်သံထပ်သလိုနှစ်ယောက်ပြိုင်တူပြောသံကဲ့သို့ကြားရလေသည်။

သူဇာလဲ လန့်နိုးလာကာ နာရီကြည့်တော့ မနက်လေးနာရီအတိ။

သူဇာလည်း ကိုမင်းလွင်အားနိုးကာ မနက်အာရုံဆွမ်းကပ်ရန်ချက်ပြုတ်ပြင်ဆင်ကြတော့သည်။ထိုသို့ချက်ပြုတ်နေကြစဥ်သမီးလေးက အောက်ထပ်အိပ်ယာခန်းတွင် နှစ်ခြိုက်စွာ အိပ်မောကျလျှက်ရှိသေးသည်။

ဘေးအိမ်မှအရာရှိကတော်အချို့ကလည်း လာရောက်ဝိုင်းဝန်းကူညီပေးကြလေသည်။

သူဇာတို့လင်မယားလည်း ချက်ပြုတ်ပြင်ဆင်ပြီး အိမ်သို့ဘုန်းကြီးသုံးပါးကြွလာ သောအခါ အာရုံဆွမ်းအားဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဝတ္ထု ငွေအချို့နှင့်ကန်တော့ပွဲအားချလျှက် တရားနာရန်ပြင်ဆင်ကြတော့သည်။

ဘုန်းကြီးအား အကျိုးအကြောင်းကြိုတင်လျှောက်ထားပြီးဖြစ်လေရာ ဘုန်းကြီးက ဤအဆောက်အဦးတွင်းရှိမမြင်အပ်သောပုဂ္ဂိုလ်များအား ဖိတ်ကြားကာ တရားဟောကြားပြီးတရားနာပရိတ်သတ်မှ သာဓုအနုမောဒနာများ ခေါ်ဆိုလိုက်ကြ၏။

ထိုအချိန်တွင်သမီးလေးက အောက်ထပ်တွင် အိပ်နေရာမှ မည်သည့်အချိန်ကတည်းက နိုးနေမှန်းမသိပေ။

သမီးလေးက” မေမေရေ ဦးဦးကတုံးနှစ်ယောက် အဝတ်သစ်တွေနဲ့ သွားလိုက်ကြပြီ”ဟုသမီးလေး အော်သံကိုကြားလိုက်ရသောအခါ တရားနာ ပရိတ်သတ်အားလုံးပြုံးမိကြလေတော့သည်။

ကိုမင်းလွင်နှင့်မသူဇာတို့လင်မယားလည်း အလွန်ပီတိဖြစ်လျှက်ရှိနေလေသည်။

ဘုန်းကြီးသုံးပါးပြန်ကြွသွားပြီးနောက် သူဇာတို့လင်မယားလည်း ရောက်ရှိနေသောတရားနာပရိတ်သတ်အနည်းအား ထမင်းဟင်းများဖြင့် သုံးဆောင်ဧည့်ခံ လေသည်။

ထိုတပ်တွင် သူဇာတို့ အလှူလေးကား ထူးဆန်းသော အလှူလေး အဖြစ်ပြောစမှတ်ပြုကြလေတော့သည်။

နောက်ပိုင်း သူဇာတို့ အခြားတပ်သို့ပြောင်းရွေ့ရသည့် အချိန်အထိထိုအိမ်လေးတွင် ဘာခြောက်လှန့်မှုမှမကြုံရတော့ချေ။

ထိုတပ်တွင် ကိုမင်းလွင်တစ်ယောက် လေးနှစ်ခန့်တာဝန်ထမ်းဆောင်ပြီး ရာထူးထပ်မံတိုးကာ တိုင်းတပ်တစ်တပ်သို့ထပ်မံပြောင်းရွှေ့ကြရပြန်လေသည်။
ထိုတပ်တွင်မည်သို့ထူးခြားမှုမျိုးကြုံရမလဲ၊ သူဇာတာဝန်ကျရာအထကကျောင်းကြီးတွင်လည်း
သူဇာတို့သားအမိ ဘာတွေကြုံရမလဲ ဆိုတာ “အစည်းအဝေး”စာမူတွင် ဆက်လက်ဖတ်ရှုပေးကြပါရန်

လေးစားလျက်
စာရေးသူ -Nan Kyarnyo