ကလဲ့စား

ကလဲ့စား(စ/ဆုံး)
—————–

မြနှင်းရည်တစ်ယောက် အိပ်မရတာ နှစ်ညရှိပြီ
မျက်လုံးမှိတ်လိုက်ဖို့ပြင်လိုက်တိုင်း နံရံဆီကနေပဲ့တင်ထပ်ကာကြားနေရတဲ့ လူမမာညည်းသံတွေကိုအတိုင်းသားကြားနေရ၏

ပထမတုန်းသတိမထားမိပေမယ့် ဒီလိုနှစ်ညဆက်တိုက်ကြားလာရတော့ သတိမထားမိလို့မရ ကြာလာတာနဲ့အမျှ အိမ်မှာမနေချင်တော့

ယောကျာ်းဖြစ်သူ ထက်မြတ်ဆွေမှာလည်း အလုပ်ပင်ပန်းနေတော့ တရေးမျှမနိုးဘဲအိပ်ပျော်လျက်

ဒီကြားထဲဗိုက်ကနာလာသဖြင့် ​နှိုးမရတဲ့ယောကျာ်းကိုထားပြီး ကြောက်တဲ့ကြားက အိမ်သာဆီကိုပြေးရ၏

* တောက်…….*

အပြင်က ကျယ်လောက်စွာတောက်ခေါက်လိုက်တဲ့အသံကြောင့် အသည်းငယ်အောင်လန့်သွားမိသည်
ပြီးတော့ အိမ်သာထဲကမ၀ံ့မရဲထွက်ကာ အိပ်ခန်းဆီကိုခပ်ဖွဖွ၀င်လာစဥ်
သူမယောကျာ်းကိုယ်ပေါ်တွင် မတ်တပ်ရပ်နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်တော့ အားခနဲ အသံထွက်ကာအော်မိ၏
သူမအသံကြားသွားပုံရသည် ထိုမိန်းမက ဇက်ကြောလိမ်ပြီးလှည့်လာကာ

* နင်ငါ့ကိုမှတ်မိလား……*

ဆိုပြီးအသံကြီးနဲ့ပြောလေရာ မြနှင်းရည်မှာ အိမ်ထဲကနေတစ်ခါတည်းလစ်ပြေးတော့သည်
ထိုနေ့ကစပြီးအိမ်မကပ်ချင်တော့ သူငယ်ချင်းတွေအိမ်မှာခနခနနေပြီး ကြောက်စိတ်တွေပြေဖို့ night out တွေထွက် ပျော်ပါးပြီးအချိန်ခနကြာလာသည်
ဒီတော့မှ နည်းနည်းစိတ်သက်သာရာရလာ၏

အိမ်ကိုတော့ တစ်ရက်တစ်လေသွား သွားတော့ထက်မြတ်ဆွေနဲ့ခနခနစကားများရသည်
မြနှင်းရည်ဒီလိုလုပ်တာ မိဘတွေသိတော့ အကျိုးအကြောင်းမေးမြန်းပြီး ညှိရပြန်၏

ထိုနေ့ကသူမကိုခြောက်တဲ့သရဲမရဲ့မျက်နှာကိုမြနှင်းရည်ရင်းနှီးသည် ယောကျာ်းဖြစ်သူကိုမပြောရဲအကြောင်းရှိသေး၏

ထိုသို့သူမကိုလိုက်လံခြောက်လန့်နေတဲ့အကြောင်းအရင်းမှာ လွန်ခဲ့တဲ့တစ်လလောက်ကဆုံးသွားတဲ့ ခင်နှင်းဝေဆိုတဲ့မိန်းမတစ်ယောက်နဲ့ပတ်သတ်ခဲ့သည်ပင်

(2)

လွန်ခဲ့တဲ့ တစ်လခန့်က

မှောင်ရီသန်းနေတဲ့မြက်ခင်းတွေကြားက ဖြတ်မောင်းနေတဲ့ ကုန်တင်ယာဥ်တစ်စီးက ဇွန်ပန်းညိုဆိုတဲ့ ရွာဆီကိုဦးတည်မောင်းလာသည်
ဆောင်းဦးလေတစ်ချက်စီဝှေ့လိုက်တဲ့မှိုင်းပျပျကွင်းပြင်ကြီးကိုငေးမောရင်း ခံစားချက်တစ်ချို့ကို
လေးနက်စေခဲ့မိ၏

အံကိုတင်းတင်းကြိတ်ရင်း နှစ်ခါပြန်မစဥ်းစားချင်လောက်အောာင်စိတ်နာမိနေသည်
ဘ၀မှာတစ်ခါမှမချစ်ဖူးခဲ့တဲ့အချစ်မျိုးနဲ့ချစ်ခဲ့မိပါသော်လည်း ကျမနောက်ဆုံးရလိုက်တာက သစ္စာဖောက်ခံရခြင်းပေါ့

ကုန်တင်ယာဥ်မှာ ညအမှောင်ကိုကားမီးတစ်ချက်ထိုးကာ ဖောက်ထွင်းမောင်းနှင်နေသည်
ဒီတောအုပ်ကျော်လွန်ရင်တော့ ကျမရည်ရွယ်ထားတဲ့နေရာကိုရောက်ပေမည်

တောလမ်းဖြစ်တဲ့အလျောက် လမ်းကမကောင်းသဖြင့် ကားမှာတဒုန်းဒုန်းဖြင့် တစ်ခါတစ်ခါ တစ်ခါမှဒီလိုကားမျိုးမစီးဖူးတဲ့ကျမက အော့အန်ချင်လာသလိုပင်

ကျွီ………

* ရောက်ပြီ ညီမ *

ကားဆရာရဲ့လှမ်းသတိပေးတဲ့အသံကြောင့် သတိတွေပြန်၀င်ကာ ထုံကျင်နေတဲ့​ခြေထောက်ကိုအားယူပြီး ကားပေါ်ကကျမဆင်းလိုက်သည်

ပခုံးပေါ်ကို ဖန်စီလွယ်အိတ်ကြိုးလေးကိုတစ်ချက်တင်ကာ ပါလာတဲ့ဖုန်းမီးခပ်ညစ်ညစ်ဖြင့် အမှောင်လမ်းကြားထဲကိုထိုးကြည့်မိ၏

သိပ်မနီးမဝေးတဲ့ တောဂမုန်းပင်တွေကြားမှ မီးအလင်းရောင်ထင်းနေတဲ့ အိမ်တစ်လုံးကို ကျမလျှောက်လာခဲ့သည်

အိမ်နားရောက်တော့ ဆွေးမြေ့လုနီးပါးဖြစ်နေတဲ့ ခြံတံခါးကိုအသာယာလေးဆွဲဖွင့်ကာအိမ်တံခါးကိုခေါက်လိုက်သည်

ခနကြာတော့ အထဲကအသက်ခုနှစ်ဆယ်ကျော်၀န်းကျင်ခန့်အဖွားအိုတစ်ယောက်ထွက်လာကာ ကျမကိုအကဲခတ်ကြည့်လိုက်တာကိုသတိထားမိ၏

* တော်တော်အငြိုးကြီးတဲ့ မိန်းကလေးပါလား *

အဲ့သလိုကောက်ချက်ချပြီး ဘာမှဆက်မပြောတော့ဘဲ အိမ်ထဲကို၀င်ဖို့အချက်ပြလိုက်သည်
ကျမအိမ်ထဲ၀င်တော့ တစ်ခါမှမရဖူးတဲ့ ညှီနံ့တွေကတရစပ်၀င်လာ၏ အိမ်နံရံတွင်လည်း ၀က်ဦးခေါင်းတွေ ကျွဲဦးခေါင်းတွေနဲ့ တခြားအမျိုးမည်မသိတဲ့ဦးခေါင်တွေကအပြည့်

* ကဲ ညည်းကို ငါဘာကူပေးရမလဲ *

အဖွားအိုရဲ့မေးခွန်းအဆုံး တခဏငြိမ်သက်သွားတဲ့ အငြိုးမီးတောက်တွေပြန်တောက်လာပြီး အံကိုတင်းတင်းကြိတ်ကာ အတွေးစတစ်ချို့က ထိုနေရာသို့ခေါ်ဆောင်သွားသည်

…………

* ခင်…ဒီ၀ါကျွတ်ရင် ကိုယ်မင်းကိုလက်ထပ်မယ်နော်*

* မစောလွန်းဘူးလားမောင်ရာ…… အဖေတို့ရဲ့သဘောထားကိုလည်းမေးကြည့်ရအုံးမယ်..*

* ခင်ကလည်းကွာ မောင်ကခင်နဲ့ အမြန်နီးစပ်ချင်လှပြီ
တော်ကြာ ခင် မောင့်ကိုထားသွားမှဖြင့်…*

*မောင်နော် လက်ထပ်မယ်ဆိုတာငြင်းလို့ ခင့်ကိုစကားနာထိုးမနေနဲ့
ခင်..ကလေမောင့်တစ်ယောက်ထဲပဲချစ်တာ
မောင်ပဲ မိန်းကလေးချောချောလေးတွေမြင်ရင် လိုက်စချင်နေတာမလား….. မောင့်အကြောင်းမသိရင်ခက်မယ်နော်…*

စိတ်မပါဘဲငြင်းလိုက်ပေမယ့် ကျမလည်းမောင်နဲ့အမြန်နီးစပ်ချင်သည်မှာအမှန်ပင် ဒါပေမယ့် မောင်က ကျမမိဘတွေအားကျရလောက်တဲ့အလုပ်အကိုင်မရှိသဖြင့် ကျမလိုအင်ဆန္ဒတစ်ခုတည်းပဲဦးစားပေးလို့မရ
ရေရှည်ကိုတွေးကြည့်မည်ဆိုရင် အိမ်ထောင်တစ်ခုထူထောင်ဖို့က ထမင်းစားရေသောက်ကဲ့သို့မလွယ်ကူ
အိမ်ထောင်ဦးစီးဖြစ်မည့်သူက အလုပ်အကိုင်ကောင်းကောင်းတစ်ခုအတည်တကျရှိထားမှ တော်ကာကျမည်
မဟုတ်ရင် ယခုငွေကြေးအခြေအနေ ခေတ်ကာလအခြေအနေတွေနဲ့ဆို အဆင်ပြေဖို့ကထင်သလောက်မလွယ်

* သမီးကို ယူမည့်ယောကျာ်းက အဖေတို့လောက်မချမ်းသာရင်တောင် အဖေတို့မျက်နှာမပျက်စေမယ့် လူမျိုးကိုပဲယူနော် ဒါမှအဖေတို့ နောက်ဆံမတင်းနိုင်မှာ*

ဆိုတဲ့ အဖေ့ရဲ့စကားက ကျမနားထဲအကြိမ်ကြိမ်ကြားနေရဆဲ

ကျမ မောင့်မျက်နှာလေးကိုမော့ကြည့်လိုက်ပြီး ရင်ထဲထုတ်မပြောရဲတဲ့စကားတစ်ချို့ကိုမျိုသိပ်ကာထားလိုက်မိသည်

………..

* ဟဲ့… ခင်နှင်းဝေ နင့်ကိုပြောစရာရှိတယ်…*

* ကောင်မ နင်နော် ငါ့နာမည်ကိုအဲ့သလောက်ထိ ဆွဲဆန့်ပြီးခေါ်ဖို့လိုလို့လား…*

* စတာပါ ငါနင့်ကိုအရေးကြီးပြောစရာရှိလို့ *

ညမအိပ်ခင် ကျမသူငယ်ချင်း ဂျုးဂျုး ig ကနေစာလာပို့တော့ ကျမလည်းဖောက်သည်ချပြီးစာပြန်ပို့နေရသည်

* နင့်ကောင် ထက်မြတ် လေ မြနှင်းရည်နဲ့တွဲပြီးသွားနေတာကို ဒီနေ့ cherry စတိုးဆိုင်မှာတွေ့လိုက်တယ်

ပြီးတော့ နှစ်ယောက်သားပရောပရည်လုပ်နေတာဟာ ငါမပြောချင်တော့ဘူး

အစကတည်းက မြနှင်းရင်ကစိတ်ပုပ်စိတ်ယုတ်ရှိမယ်ဆိုတာငါမပြောခဲ့ဘူးလား

သူက နင့်ကိုသစ္စာဖောက်ပြီး နင့်ကောင်လေးကိုစနိုက်ကျော်လုပ်တော့မှာနော် *

ဂျုးကအဲ့သလိုစာလာပို့တော့ ကျမလည်းမယုံနိုင်အောင်ဖြစ်သွားမိသည် မြနှင်းရည်က တက္ကသိုလ်တုန်းကခင်ခဲ့တဲ့သူငယ်ချင်းအရင်းကြီးပင် ယခုကဲ့သို့နောက်ကျောကိုဓားနဲ့ထိုးလိမ့်မယ်လို့တစ်ခါမှမတွေးဖူးခဲ့

* ခင့်သူငယ်ချင်း မြနှင်းရည်ဆိုတဲ့ တစ်ယောက်လေ သူကချစ်စရာလေးနော် *
ဆိုတဲ့အရင်တုန်းကမောင်ပြောခဲ့တာကို စသလိုနောက်သလိုထင်ပြီး အမှတ်မဲ့နေခဲ့သလို
မြနှင်းရည်ကလည်း အဲ့သလောက်ထိယုတ်မာလိမ့်မယ်လို့မထင်ခဲ့မိပေ

မဖြစ်နိုင်ပါဘူးလို့စိတ်ထဲဖြည့်တွေ့ဖို့လုပ်စဥ်မှာပင် noti သံတစ်ချက်၀င်လာသဖြင့် ကျမ၀င်ကြည့်လိုက်တော့ အသဲတွေကြေမွသွားသလိုခံစားလိုက်ရသည်

မောင်နဲ့မြနှင်းရည်တို့အတူတူတွဲသွားတွဲလာလုပ်နေတဲ့ပုံရော ပရောပရည်လုပ်နေတဲ့ပုံကိုပါမြလိုက်ရတဲ့နောက်ဆုံးမှာအံ့သြခြင်းတွေနဲ့အတူ ပါးပြင်ပေါ်ကိုမျက်ရည်တွေကရုတ်တရက် စီးလာခဲ့၏

အဲ့ဒီနေ့ကစပြီး မောင်ကျမကို ရှောင်လာတော့သည် ဖုန်းဆက်လည်းမကိုင် မက်ဆေ့တွေဆက်တိုက်ပို့ပေမယ့် မောင့်ဆီကပြန်စာမလာ

နောက်ပြီးကျမအသိနောက်ကျချိန်က ကျမရဲ့ဗိုက်ထဲမောင်နဲ့ရတဲ့ကိုယ်၀န်ကိုလွယ်ထားရသည်ဆိုတာပါပဲ

စိတ်တွေထူပူပြီး မောင့်ကိုအသည်းအသန်အလိုရှိခဲ့ပေမယ့် ယခုဇွန်ပန်းညိုရွာဆီကို မလာခင်တစ်လအတွင်းမှာပင် မောင့်ဆီကလက်ထပ်ဖိတ်စာရောက်လာခဲ့သည်
ဖိတ်စာအဖုံးပေါ်မှာ ကျမမဟုတ်တဲ့တခြားမိန်းကလေးတစ်ယောက်ရဲ့နာမည်ပေါ့

နောက်တော့ ထိုင်းနယ်စပ် ချင်းမိုင်ဘက်ကိုပြောင်းသွားတယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် မောင် ကျမကိုအဆက်အသွယ်ပြတ်ထားခဲ့တယ်ဆိုတာ သိလိုက်ရတော့သည်

…………..

* ကျမအသည်းတွေ ကျမရဲ့အရှက်သိက္ခာတွေ ပြိုကွဲပျက်စီးခဲ့သလို ဒင်းတို့ကိုလည်း ထပ်တူခံစားရအောင်လုပ်ပေးပါ….*

* ဟာ့ …ဟာ့… ဟာ့..*

အဖွားအိုကခပ်ညင်းညင်းရယ်မောရင်း ခေါင်းကိုတတွင်တွင်ညိတ်လိုက်ကာ

* ညည်းရဲ့ စိတ်ဆန္ဒတွေက ဒီလောက်တောင် ဖြစ်နေမှတော့ ငါလည်းနှစ်ခါမပြောတော့ပါဘူး..
ဒါပေမယ့် ညည်းပေးဆပ်ရမှာက နည်းနည်းတော့များမယ်နော်…*

* ကျမဂရုမစိုက်ဘူး အဖွား… ဘာပဲပေးရပေးရ သူတို့အလဲအကွဲ..ဖြစ်ရင်ပြီးပြီ…*

ဒေါသသံတွေနဲ့တစ်ခေါက်ချင်းပြောလိုက်တဲ့စကားတွေက
ကျမကိုလမ်းမှန်သို့မမြင်နိုင်ခဲ့ အချစ်ကြီးရင်အမျက်ကြီးသလို
မောင့်ကိုပိုင်ဆိုင်ခွင့်မရတဲ့အပြင် အဖေနာမည်မရှိဘဲမွေးရမယ့် ဗိုက်ထဲကကလေးအတွက် အငြိုးမီးတောက်တွေကတစ်ကိုယ်လုံး၀ါးမြိုနေပြီးဆိုတာမသိတော့ပါ

* လာမည့် လကွယ်ညရဲ့ ညတစ်နာရီတိတိမှာ ငါပေးတဲ့ဟာတွေကို သေချာလုပ်ရမယ်
အစီရင်တွေပြီးသွားလို့ သုံးရက်အတွင်းညည်းရဲ့စိတ်ထဲကမကျေနပ်သူတွေအားလုံး အသက်ကိုပေးဆပ်ရလိမ့်မယ်…*

ကျမနည်းနည်းလန့်သွားမိသည် အသက်ကိုပေးဆပ်ရလောက်တဲ့အထိဖြစ်မယ်ဆိုတော့ ဒီကိစ္စက သာမန်ဖြစ်တော့မည်မဟုတ်
အခုစိတ်နှစ်ခွတွေဖြစ်ကာ ထူပူမိသွား၏

အချိန်ခနထိငြိမ်သက်နေပြီးမှ အဖွားအိုကိုတစ်ချက်ကြည့်ကာ ကျမ…………..
ခေါင်း ညိတ် လိုက် မိ သည်

(3)

* ဒါဘယ်ကလဲ ….*

အိမ်ထဲ၀င်၀င်ချင်းအဖေကဆီးကြိုမေးလိုက်သဖြင့် ခြေလှမ်းတုံ့ဆိုင်းသွား၏ ကိစ္စတွေကိုအဖေက မသိသေးပေမယ့် အမေကတော့သိလို့ နှစ်ဦးသားခေါင်းပူးတိုင်ပင်ပြီးကာမှ အမေ့ခွင့်ပြုချက်မပါဘဲ ယခုလိုဇွန်ပန်းညို ရွာကိုအရဲစွန့်သွားခဲ့သည်

အခုလည်းညအိပ်ရေးတွေပျက်ပြီး မျက်နှာမကောင်းစွာ၀င်လာတာကိုအဖေသတိထားမိမည်ဆိုရင်လည်းထားချင်စရာ

* အခုတလောခြေလှမ်းတွေမရိုးဘူးဆိုတာ အဖေသိတယ်နော် ပြော သမီးဘာဖြစ်နေတာလဲ *

* ဘာမှမဖြစ်ပါဘူးအဖေ ဒီအတိုင်း ညကပါတီမှာ သူငယ်ချင်းတွေနဲ့ ပျော်တာများသွားလို့..*

* အေးအေး နောက်တစ်ခါတော့ အဲ့သလိုမဖြစ်စေနဲ့နော်*

* ဟုတ်အဖေ ..*

အခန်းထဲကို၀င်ပြီး အိပ်ယာပေါ်ကိုဘုန်းခနဲမြည်အောင်လှဲချပြီးနောက် အဖွားအိုရဲ့အမှာစကားသံတွေကိုပြန်ကြားယောင်လာသည်

* အခုပေးလိုက်တဲ့ ဓားကိုကို အဲ့ဒီကောင်လေးရဲ့ ဓာတ်ပုံမှာ ညတစ်နာရီတိတိအချိန် နင့်ရဲ့သွေးကိုလူးပြီးထိုးစိုက်လိုက်….

ပြီးတော့ သုံးရက်မပြည့်မချင်း ညည်းအိမ်ကနေဘယ်မှမသွားရဘူး ညည်းရဲ့စိတ်ထဲမှာ သူ့ကိုမုန်းနေတဲ့အငြိုးတွေကိုအာရုံစိုက်ထား …..

ရော့ ဒီထမီအနားစကို ဓာတ်ပုံကိုချည်ပြီးသုံးရက်မြောက်တာနဲ့မီးရှို့ ကျန်တဲ့ကိစ္စတွေကို ငါဒီကနေလုပ်ထားပေးမယ် *

* ပြီးပြီလား…*

*ကျန်သေးတယ်..*

နာကျင်စွာတောက်တစ်ချက်ခေါက်ကာ ရင်ထဲမှာ ၀မ်းနည်းမှုတွေအာဃာတတွေရောထွေးပြွပ်သိပ်နေတဲ့ကျမကအချစ်အတွက်ရူးမိုက်တော့မည့် မကောင်းဆိုး၀ါးတစ်ကောင်ဖြစ်မှန်းမသိဖြစ်လာသည်

* ရှင်…. ကျမကိုအပြစ်မတင်နဲ့… ရှင့်ကြောင့် ဒီလိုတွေဖြစ်လာစေတာ ကျမခံစားရသမျှရှင်လည်း
ခံလိုက်ပေအုံးပေါ့ ကိုထက်မြတ်ဆွေရယ်…..*

မျက်ရည်ပူတွေစီးဆင်းလာတဲ့ကြားက မျက်လုံးကိုမှိတ်ပစ်ကာ ပင်ပန်းခဲ့တာတွေကိုကျမ ကျောခိုင်းလိုက်တော့သည်

(4)

ဒီနေ့မှဘာမှန်းမသိစိတ်တွေလေးလံနေသည် အလုပ်ထဲမှာလည်းစိတ်မပါ နေမကောင်းချင်သလိုလည်းဖြစ်လာတာကြောင့် အလုပ်ကနေထွက်လာပြီး အိမ်ကိုသာတန်းပြန်လာခဲ့၏

မိန်းမဖြစ်သူမြနှင်းရည်မှာ ယခုတလောအိမ်မကပ် ညားခါစကချစ်မ၀ဖြစ်ခဲ့ပေမယ့် ကြားကာလအချိန်ခနကြားမှာ သူမခြေလှမ်းတွေပျက်လာသည်
အပေါင်းအသင်းတွေနဲ့ night out တွေထွက် သူငယ်ချင်းတွေအိမ်မှာအိပ် တစ်ခါတစ်ခါ သူ့ကိုယ်သူအိမ်ထောင်ရှင်မတစ်ယောက်ဆိုတာမေ့လျော့နေသည့်အလားပင်

ထက်မြတ်ဆွေတစ်ယောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အိတ်ကပ်ထဲကစီးကရက်တစ်လိပ်ထုတ်ကာမီးညှိလိုက်သည်
တစ်ဖွာနှာစ်ဖွာခန့်ဆွဲလိုက်ပြီးနောက် အိမ်တံခါးကို
တွန်းဖွင့်လိုက်သည်

အိမ်ထဲ၀င်ပြီးသည်နှင့် ခုံပေါ်တတ်ပြီးတုံးလုံးနားလိုက်၏ ကိုယ်ကအလုပ်တွေမနားတမ်းလုပ်နေရတော့အိမ်ပြန်တံခါးဆီက မိန်းမရဲ့ကြိုဆိုနေသည့်မျက်နှာလေးကိုတောင့်တမိသည်
အခုကဖြင့်အထင်အမြင်ကတလွဲစီပင်
စိတ်ညစ်ညစ်ဖြင့် ခေတ္တမှေးမျောနေစဥ် ထက်မြတ်ဆွေနားထဲ မီးဖိုချောင်ဆီမှ ပန်းကန်သံ ဇွန်းသံတို့ကို ရုတ်တရက်ကြားလိုက်သည်

* ဒီနေ့ အိမ်မှာတောင်ရှိလို့ပါလား *

ဆိုပြီး စိတ်ကတွေးကာမီးဖိုချောင်ဆီကိုတန်း၀င်လာခဲ့သည် အခန်းထဲမှာ မြနှင်းရည်တစ်ယောက် ထက်မြတ်ဆွေ၀င်လာသည်ကို သတိမထားမိသည်လားမသိ သူ့ကိုကျောပေးကာ ဘာတွေလှီးဖြတ်နေမှန်းစဥ်းစားမရ
အနားကိုတိုးကာ ပခုံးပေါ်ကနေလှန်းကြည့်လိုက်စဥ်
မြနှင်းရည်မှာ ကြက်သားကိုစဥ်းတီတုံးပေါ်၌ တစ်ဒုတ်ဒုတ်ဖြင့်ခုတ်လှီးနေသည်ပင်

* ဒီနေ့ ဟင်းတောင်ချက်မယ်ပေါ့ ဘာစိတ်ကူးပေါက်တာလဲ မြ…*

ထက်မြတ်ဆွေမေးသည်ကို မြနှင်းရည်ကမကြားသလိုလုပ်ကာ ကြက်သားအခုတ်မပျက်
မကြားသည်ဟုထင်ပြီး ထပ်မံတစ်ကြိမ်မေးလိုက်ပြန်သည်

* မြ ကိုယ်မေးနေတယ်လေ ဘာစိတ်ကူးတွေပေါက်နေတာလဲလို့ ..*

ထပ်မေးပေမယ့် ထပ်မဖြေတော့ ထက်မြတ်ဆွေမှာ ဒေါသရုတ်တရက်ထွက်သွား၏ စိတ်ထဲမှာလည်း ငါမေးတာတောင်မကြားရအောင် ဘယ်ကောင့်အကြောင်းတွေနေသလဲမသိ ပေါ့

* ဂျွတ်…. ကလောက်…*

ထိုစဥ်အိမ်ရှေ့ဆီမှ တံခါးဖွင့်သံကိုထပ်မံကြားလိုက်ရသည် အပြင်သို့ဘယ်သူများလဲလို့ မြနှင်းရည်ကိုဂရုမစိုက်ဘဲ ထွက်ကြည့်ရာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်

မြနှင်းရည် ရေမွှေးအိတ်တစ်ခုဖြင့် ရှပ်ပြာရှပ်ပြာ၀င်လာသည်ပင် သူမကိုမြင်လို့ကြောင်ကြည့်နေတဲ့ထက်မြတ်ဆွေအား မဲ့ရွဲ့ကာကိုလှမ်းပြောလိုက်၏

* ကို… ဘာတွေထူးထူးဆန်းဆန်းကြည့်နေတာလဲ

ရေမွှေးအိတ်ပါ သူငယ်ချင်းကလက်ဆောင်ပေးတာ

ကိုလဲသုံးလို့ရတယ်နော်..*

ထိုကဲ့သို့သာပြောပြီး အခန်းထဲကို၀င်သွားလေသည်

* မဖြစ်နိုင်တာ…. ဒါဆို မီးဖိုချောင်ထဲမှာရှိနေတာ မြမဟုတ်ဘူးပေါ့ ..*

မီးဖိုချောင်ဆီကို ပြန်သွားကြည့်တော့ ခုနကကြက်သားခုတ်နေတဲ့ မြနှင်းရည်မှာမရှိတော့ပေ
ပျောက်ချင်းမလှပျောက်သွားတဲ့ ထိုမိန်းကလေးကို အမြင်မှားသည်မဖြစ်နိုင် သေသေချာချာထိတွေ့ခဲ့သေးတာပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကဲ့သို့အဖြစ်ကို ထက်မြတ်ဆွေတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားသည်

*.. အား……*

အတွေးတွေ၀ဲလည်နေစဥ်မှာပင် အခန်းထဲကမြနှင်းရည်အော်သံရုတ်တရက်ထွက်လာသဖြင့်
အပြေး၀င်ကြည့်တော့ ငိုကြီးချက်မနဲ့သူမမှာ ထက်မြတ်ဆွေကို လာဖက်၏

* ဘာဖြစ်တာလဲမြ…
ဘာဖြစ်လို့လဲ…*

*ရေချိုးခန်းထဲမှာ…..*

တစ်စုံတစ်ခုကိုအရမ်းကြောက်လန့်နေတဲ့သူမကိုကြည့်ပြီး မေးငေါ့လိုက်၏

* ရေချိုးခန်းထဲမှာ မိန်းမတစ်ယောက်ငိုနေတယ် *

* ဘာ …….*

ထက်မြတ်ဆွေမှာ အလန့်တကြား အော်မိသွား၏
ခုနကတွေ့ ခဲ့တဲ့မိန်းမများလားလို့ မ၀ံ့မရဲနှစ်ယောက်သားရေချိုးခန်းတံခါးကို ဘုန်းခနဲတွန်းလိုက်တော့

အခန်းထဲ၌ ရေကျနေတဲ့ပိုက်ခေါင်းကလွဲပြီးတခြားဘာမှထူးခြားတာမတွေ့ရ

* မရှိပါဘူး မြရဲ့..*

* ရှိတယ် မြသေချာမြင်လိုက်တာ
ဆံပင်ဖားယားကြီးနဲ့….*

* စိတ်ထင်တာနေမှာပါ မကြောက်နဲ့နော် ကိုယ်တစ်ယောက်လုံးရှိတယ်…*

အဆင်ပြေအောင်ကြည့်နှစ်သိမ့်ပေမယ့် ကိုယ်တိုင်လဲတွေ့ခဲ့တော့ နည်းနည်းလန့်နေမိသည်မှာအမှန်ပင်
ထက်မြတ်ဆွေမှာ အတွေးတစစီဖြင့် နားမလည်နိုင်သည့်အရာကို ထပ်မတွေးရဲတော့ဘဲ သက်ပြင်းတစ်ရှိုက်ချလိုက်သည်

(5)

တန်ဆောင်မုန်းလဆန်းပြည့်နေနီးပြီဖြစ်လို့ အာကာတစ်ခွင်တွင်လမင်းကြီးက ထိန်ထိန်သာနေသည်
ဆောင်းဦးလေတစ်ခါစီဝှေ့လိုက်တိုင်း အသားထိအောင်ကျီစယ်သွားသလို ခပ်ညှင်းညှင်းလေးနဲ့ပေါ့

ညဆယ်နာရီကျော်နေပြီဆိုပေမယ့် ထက်မြတ်ဆွေတို့လင်မယားနှစ်ယောက်မှာ အိမ်ရှေ့၀ရံတာခန်းတွင် နှစ်ဦးသားအချစ်တွေဖလှယ်နေကြလျက်

ဟိုးအဝေးဆီကထွက်ပေါ်လာတဲ့ သီချင်းသံသဲ့သဲ့လေးက အဖော်ပြုထားတော့ လမင်းကြီးအလင်းဖျောက်ဖျက်မည့် တိမ်စိုင်တိမ်လိုက်တွေ တရွေ့ရွေ့တတ်လာနေသည်ကို သူတို့သတိမထားမိ

အချိန်အခါမဟုတ်ရုတ်ချည်းတတ်လာတဲ့ တိမ်မဲတိမ်ခဲတွေက တဖြေးဖြေးနီးစပ်လာနေပါပြီ

ဆောင်းဦးတဝှေ့ဝှေ့ကလည်း ထန်မှန်းမသိ ထန်လာသည်

* ကိုကို ….တော်တော့
မိုးရွာတော့မယ်ထင်တယ်
ချမ်းလာပြီ အထဲ၀င်ကြရအောင်..*

*အင်း…..*

အလျင်အမြန်ပဲ တံခါးကိုဆွဲဖွင့်ပြီး အထဲကို၀င်ဖို့လုပ်ကြတော့သည်
ထိုစဥ် အိမ်ထဲဆီက လူနာတစ်ယောက်ရဲ့ မသဲမကွဲညည်းသံတစ်ချို့ကို နှစ်ယောက်သားကြားလိုက်ရ၏

* ကို … ကြားလိုက်လား..*

* အင်း…..*

* နေ့လည်ကတွေ့တဲ့ မိန်းမများလားမသိဘူး
မြကြောက်လာပြီ *

* မြကလဲ ကိုယ်ရှိတာကို စိတ်အေးအေးထား *

* အင်း…..ဟင်း….ဟင်း…*

ဒီတစ်ခေါက် သူတို့ရှေ့အနီးဆီက နီးနီးကပ်ကပ်ကြားလိုက်ရတာကို သိလိုက်သည်
ထိုသို့ကြားလိုက်ရသဖြင့် မြနှင်းရည်မှာ အလန့်တကြားအော်မိသွား၏

* အမယ်လေး… *

* ဘယ်သူလဲ
ထွက်ခဲ့စမ်း *

ထက်မြတ်ဆွေက အဲ့သလိုအသံခပ်ကျယ်ကျယ်နဲ့ အော်ပြောလိုက်မှ ပိုဆိုးသွားသလိုပင် အိမ်တစ်ခုလုံးတစ်ဒုန်းဒုန်းမြည်အော် ဓာတ်ပုံတွေ ပစ္စည်းပစ္စယတွေကျကွဲကုန်၏

* ဖေဖေ….*

ထိုကြားကလေးမတစ်ယောက်ရဲ့ ခေါ်သံကို ထပ်မံကြားလိုက်ရတော့ ထက်မြတ်ဆွေမှာ တင်းထားတဲ့စိတ်တွေတောင် ခြောက်ခြားလာသည်

ထက်မြတ်ဆွေမဆိုထားနှင့် မြနှင်းရည်မှာကား မိန်းမသားဖြစ်တဲ့အလျောက် မျက်နှာမှာသနားစရာကောင်းလောက်အောင်ဇီးရွက်လောက်သာရှိတော့၏

နှစ်ယောက်သား ဘယ်မှမရွေ့ဘဲရပ်နေကြစဥ် အချိန်အခါမဟုတ်ရွာချလိုက်တဲ့ မိုးကြောင့် အသံတွေပိုကျယ်လာသလိုခံစားလိုက်ရပြီး မှိက်တုတ်မှတ်တုတ် မီးတွေကြားက မိန်းမတစ်ယောက် ကလေးတစ်ယောက်ရဲ့ လက်ကိုဆွဲကာ ​အိမ်ခန်းတံခါး၀နားကရပ်နေကြသည်ကို ရုတ်တရက်မြင်လိုက်တော့ နှစ်ယောက်သား အသံကုန်အော်ပြီး ၀ရံတာကိုထွက်ကာ အနီးနားက အိမ်နီးချင်းတွေကို လှမ်းကာအော်ခေါ်ကြတော့သည်

* ကယ်ကြပါအုံး…. လုပ်ကြပါအုံး … တစ်ယောက်ယောက် လာကြပါအုံး…*

ထိုသို့ခေါ်ပေမယ့် ဘယ်သူမှမကြားသလို ဘယ်သူမှလာမကူကြ
ထက်မြတ်ဆွေတို့မှာဘယ်ကရောက်လာမှန်းမသိတဲ့သရဲမနဲ့ အိမ်တစ်လုံးတွင် ချာချာလည်နေကြလို့မဆုံးဖြစ်နေတော့သည်

တစ်ညလုံး အလဲအကွဲဖြစ်ကြပြီးနောက် မိုးလင်းခါနီးမှလင်မယားနှစ်ယောက်မောမောနဲ့အိပ်ငိုက်ကျသွားကြ၏

(6)

တစ်ညလုံးအိပ်ရေးတွေပျက်ရသဖြင့် အလုပ်ထဲမှာစိတ်မပါဘဲ တစ်ချိန်လုံးငိုက်နေသည်

* ဟဲ့… ထက်မြတ် နင်ဘာလို့အဲ့လောက်ထိဖြစ်နေတာလဲ
သူဌေးမြင်သွားရင်အဆူခံနေရမယ်နော် *

လက်ကုတ်ကာ စာရေးမ လှမ်းသတိပေးလိုက်မှ သတိပြန်၀င်ပြီး သံပုရာရည်တစ်ခွက်ဖျော်သောက်လိုက်ရသည်

စိတ်ထဲမှာလည်း ညကျရင်အိမ်ကိုတောင်မပြန်ရဲတဲ့အခြေအနေဖြစ်နေပေပြီ

သို့ပေမယ်လည်းမတတ်နိုင်တော့ အချိန်နာရီကလူကိုမစောင့်ဆိုသလို အချိန်တွေတဖြေးဖြေးကုန်ပြီး
ညနေစောင်းလာခဲ့သည်

အလုပ်ပြီးတော့တံခါးကိုပိတ်ရန်အလုပ် မြနှင်းရည်မှာဘယ်ဆီကရောက်လာမှန်းမသိ ထက်မြတ်ဆွေခါးကိုလာတို့ကာ

* မြအိမ်မပြန်ရဲသေးလို့ ကို့ကိုစောင့်နေတာ *

* ဟုတ်လား… သူငယ်ချင်းအိမ်မသွားဘူးလား..*

* ဒီနေ့တစ်ယောက်မှမအားကြဘူး… ခရီးထွက်မယ့်သူနဲ့ သင်တန်းမှာညအိပ်မယ့် သူနဲ့ *

* အင်းပါ .. လာကားပေါ်တတ်တော့..*

ကားပေါ်ကိုတတ်ကာ နှစ်ယောက်သား ထိုနေရာကမောင်းထွက်လာသည်
တရွေ့ရွေ့နဲ့ မောင်းလာတော့ မိုင်တိုင်……. နားကိုရောက်လာခဲ့၏

* ဘယ်လိုလုပ်ကြမလဲ ကို..*

တစ်လမ်းလုံးငြိမ်သက်လာပြီး ရုတ်တရက်ပြောလိုက်သဖြင့် ထက်မြတ် သူမကိုတစ်ချက်ကြည့်လိုက်၏
ကိုယ်တိုင်တောင်လန့်နေတာ မြတစ်ယောက် တော်တော်ကြောက်နေရှာမှာပဲလို့ တွေးလိုက်မိသည်

* တစ်ရက်တော့ သည်းခံရမှာပေါ့ နောက်နေ့ အမေတို့ကိုပြောပြီး တစ်ခုခုလုပ်ကြမယ်လေ ..*

* မရဘူး… မြအရမ်းကြောက်နေပြီ အခုပဲအမေတို့ဆီကိုသွားကြမလား…*

* မြကလဲကွာ အခုသွားလို့ဘယ်မီတော့မလဲ အချိန်လည်းကြည့်အုံး…*

* နင်က ငါပြောတာကို အလေးမထားတာလား သောက်ကောင်…*

ချက်ချင်းဆိုသလိုသူမရဲ့အသံက မူမမှန်ဘဲ သြသြကြီးဖြစ်လာသဖြင့် ထက်မြတ်ဆွေမှာ အသည်းတွေလှန်တတ်သွားသလို ကြောက်လန့်သွားသည်

သူမကိုကြည့်တော့လဲ မြနှင်းရည်ပင်
ထိုစဥ် ထက်မြတ်ဆွေမှာ ကားနောက်ကြည့်မှန်ကို
မထင်မှတ်ဘဲကြည့်မိသွားကာမှ ပိုခြောက်ခြားသွား၏

သူ့ဘေးက မြနှင်းရည်မှန်ပေမယ့် မှန်ထဲ၌ ​မျက်နှာတစ်ခုလုံးဗလပွဖြင့် ခက်ထန်နေသည့်သရဲမတစ်ကောင်ပင်

* ငါမေးတာဖြေလေ…
ဟဲ့… စားပြီးနားမလည်တဲ့ကောင်
နင်ငါ့စကားကို အလေးမထားဘူးပေါ့လေ
အေး… နင်တို့ အခုပဲသေစေရမယ်..*

ထိုမျှသာပြောပြီး ခေါင်းငိုက်စိုက်ကျသွားကာ မြနှင်းရည်မှာ သတိလစ်သွားခဲ့၏
ထက်မြတ်ဆွေမှာတော့ ကြောက်နေတဲ့ကြားက ကားအမောင်းမပျက် အရှိန်လျှော့ရမဲ့အစား ပိုမြန်လာသည်

* ဟင်း…. ဘာဖြစ်သွားတာလဲမသိဘူး
ငိုက်ခနဲ ဖြစ်သွားတယ်..
ကို ရောက်ပြီလား…*

မြနှင်းရည်မေးတာကို ထက်မြတ်ဆွေမဖြေ သူ့ကိုကြည့်ရသည်မှာ ကျောက်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး

* ကို အရှိန်လျှော့အုံးလေ *
* ကို ဖြေးဖြေးမောင်းလို့ …*

ထက်မြတ်ဆွေကိုလှုပ်ပြီး သူမမှာအလန့်တကြားပြောနေပေမယ့် ဟိုတစ်ယောက်က ကြက်သေသေဆဲ
နှစ်ယောက်သားကားထဲမှာ ပျာယာခတ်နေကြစဥ်
လမ်းအကွေ့ကမောင်းနှင်လာတဲ့ကုန်တင်ကားတစ်စီးနဲ့ အမှတ်မထင်၀င်တိုက်မိတော့သည်

* ဒုန်း….*

(7)

မည်မျှအထိ သတိမေ့လျော့နေသည်မသိ ခေါင်းတွေမူးနောက်စွာဖြင့် အရင်ဆုံးနိုးလာသူက မြနှင်းရည်
သူမဘေး၌ သေလားရှင်လားမသဲကွဲတဲ့ ထက်မြတ်ဆွေမှာ ခေါင်းတွင်မြင်မကောင်းအောင် သွေးတွေအလိမ်းလိမ်းဖြင့်

မြနှင်းရည်မှာ သူ့ကိုကြည့်ရင်းအာခေါင်တွေခြောက်လာသည် အကူအညီရှာဖို့ အော်လိုက်တော့လဲ လည်ချောင်းထဲက အသံထွက်မလာပေ

သူမတစ်ကိုယ်လုံးထုံကျင်လာကာ ၀မ်းနည်းလာသည် တုန်ယင်လာသည်

* ကို…..*

စိတ်ထဲက တဖွဖွအော်နေပေမယ့် နှုတ်ဖျားက တစ်စုံတစ်ရာအသံမှထွက်မလာ ထက်မြတ်ဆွေကိုဘေးကိုအားပြုရွေ့ရင်း ပျက်စီးနေတဲ့ကားကို စက်နှိုးကြည့်လိုက်သည်

ကားကပျက်စီးလုနီးပါးဖြစ်နေပေမယ့် စက်ကနှိုးလာခဲ့တော့ အိမ်ဆီကိုသာတရွေ့ရွေ့မောင်းလာခဲ့၏

မိနစ်၀က်ခန့်ကြာတော့ သူမတို့အိမ်ကိုရောက်လာခဲ့သည် မြနှင်းရည်မှာ မူးဝေနေတဲ့ကြားမှ ကားပေါ်ကဆင်းလိုက်ပြီး ထက်မြတ်ဆွေကို ထုတ်ဖို့ ကားမှန်ကိုဖွင့်လိုက်သည်

* ဟင် … ကို… ကိုဘယ်ရောက်သွားတာလဲ *

တစ်လမ်းလုံးပါလာတဲ့ ထက်မြတ်ဆွေမှ သူမကားတံခါးဖွင့်လိုက်တော့ ပျောက်ချင်းမလှပျောက်သွားခဲ့၏
တစ်ယောက်ထဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ
တစ်ယောက်ထဲရူးတော့မလို
ကားတံခါးကိုပိတ်ထားတဲ့ကြားက ဘယ်ဆီကိုရောက်သွားမှန်းမသိတဲ့ယောကျာ်းဖြစ်သူကို ဘယ်မှာရှာရမှန်းမသိ

ရူံးပွဲချထိုင်ချလိုက်ကာ မျက်ရည်သာကျလာပြီး ငိုဖို့အားပင်မရှိတော့

* ဟင်း…..ဟင်း…ဟင်း *

အိမ်တံခါးကရုတ်တရက်ပွင့်သွားကာ အထဲက ကလေးအနှီးတစ်ခုကိုပိုက်ထားတဲ့ မိန်းမတစ်ယောက်ကို သူမမြင်လိုက်ရ၏

* ချစ်ရတဲ့သူကို ဆုံးရူံးရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာအခုသိပြီမလား သစ္စာဖောက်မ..*

ထိုအသံပိုင်ရှင်ကို မြနှင်းရည်ကောင်းစွာသိသည်
သိဆိုသူမကိုယ်တိုင် သူ့ဆီကထက်မြတ်ဆွေကိုလုယူခဲ့တဲ့သူငယ်ချင်းအရင်းကြီးခင်နှင်းဝေပင်

ကြောက်လန့်မှုတွေ အံသြမှုတွေရောယှက်ကာ မေးခွန်းတွေမေးချင်ပေမယ့် အသံကအခုထိထွက်မလာသေး

* နင့်ကြောင့် ငါပတ်၀န်ကျင်းမှာ မျက်နှာမပြရဲအောင် ဖြစ်ခဲ့ရတယ် ငါ့ရဲ့မွေးလာမယ့် ကလေးကိုအဖမဲ့အောင်လုပ်တဲ့နင်တို့နှစ်ယောက်..
ဘယ်လိုလဲ သိပ်ကိုနာကျရသလား…*

အိမ်ထဲကထွက်လာပြီး အသံသြသြအဆုံး ခင်နှင်းဝေမှာ မျက်နှာပေါ်မှာဒဏ်ရာဗလပွနဲ့ သွေးရဲရဲနီနေတဲ့ ခြောက်ခြားမျက်၀န်းကို သူမမကြည့်ရဲတော့
ထိုနေရာက တစ်ခါတည်းထွက်ပြေးလာခဲ့၏

အမေတို့ဆီကို မြနှင်းရည်ပြေးနေခဲ့သည် ဝေးလှတဲ့နေရာကိုသူမပြေး၏
ဒါပေမယ့် သူမ မပင်ပန်း မမော အချိန်တခနလေးနဲ့ အိမ်ကိုရောက်သွားခဲ့သည်

သူမခြံထဲကို၀င်လိုက်သည်နှင့် အိမ်ထဲ၌ ငိုယိုနေတဲ့အသံကိုကြားနေရသည်
ဘာတွေဖြစ်နေမှန်းမသိ
ရဲတစ်ယောက်နှစ်ယောက်နှင့် တခြားလူတွေစုအုံနေ၏
သေချာနားထောင်ကြည့်တော့ အမေဖြစ်သူတို့အသံ
သိချင်ဇောတွေမထိန်းနိုင်သဖြင့်လူတွေကြားထဲကိုဖောက်ကာ ကြည့်လိုက်သည်

မြနှင်းရည် သူမရဲ့မျက်လုံးသူမယုံနိုင် အံ့သြတုန်လှုပ်မှုတွေနဲ့အတူအရိုးကျိုးပျက်ထိုင်ချလိုက်၏

* ငါ့သမီး အဖြစ်ဆိုးလှချည်လား
လုပ်ပါအုံး ဖေကြီးရဲ့ …*

မြနှင်းရည်ရဲ့အမေမှာ လူတွေကြားထဲ အော်ငိုနေသည် ကြားထဲမှာကား ရုပ်မှန်းလို့မရအောင် ပျက်စီးသွားကာသေဆုံးပြီးဖြစ်နေတဲ့ မြနှင်းရည်ရုပ်အလောင်း

အချိန်ခနကြာတော့
မြနှင်းရည်တစ်ခုခုမှားနေသည်ကိုသတိထားမိသည် အခုသူမရဲ့အလောင်းတစ်ခုသာရှိပြီး ထက်မြတ်ဆွေအလောင်းကိုမတွေ့ရ
ဒါမှမဟုတ် ထက်မြတ်ဆွေအသက်ရှင်နေတာလား
ပျာယာခတ်ကာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့နေရာကိုပြေးရပြန်သည်

ကားလမ်းမကြီးတစ်ခုလုံး မိုးလင်းခါနီးမလင်းတလင်းကြားမှာ ခပ်၀ါး၀ါး
ကားတိုက်ခဲ့တဲ့နေရာတစ်ခုလုံးသွေးတွေပျံ့ကျဲကာ
တစပြင်ကဲ့သို့ခြောက်ကပ်နေသည်
မြနှင်းရည်တစ်ယောက် နေရာစုံအောင်ရှာဖွေပေမယ့် ထက်မြတ်ဆွေကိုလုံး၀မတွေ့

အာတွေခြောက်ကပ်ကာ နားထဲမှာလည်း နီးလိုက်ဝေးလိုက်နဲ့ကြားနေရတဲ့ထက်မြတ်ဆွေရဲ့အသံကို
ဘယ်ဆီဘယ်၀ယ်ကကြားရမှန်းမသိ

တဖြေးဖြေးအမှောင်ထုတွေကြီးစိုးလာကာ မည်းမည်းအကောင်တွေနဲ့အတူ အရပ်အရှည်ကြီးဖြင့် တူကြီးကိုယ်စီကိုင်လာတဲ့ လူသန်ကြီးနှစ်ယောက်က သူမဆီကိုဦးတည်လာနေသည်
ထို့နောက်သူမကို ဆွဲကာခေါ်ဆောင်သွားခဲ့လေ၏

(8)

* တန်ဆောင်မုန်းလဆန်း (၁၄) ရက်မှာကွယ်လွန်သွားတဲ့ မမြနှင်းရည် ကြားရအရပ်ကသာဓုယူပါလော့ *

* ကြားကြားသမျှ အမျှ အမျှ အမျှ..*

တစ်လခန့်ကြာပြီးနောက် ပြောင်းလဲသင့်တာတွေပြောင်းလဲပြီး တစ်ချို့စိတ်ထဲမေ့နိုင်သယောင် မမေ့နိုင်သယောင် တစ်ချို့အကြောင်းအရာတွေက လည်းအသစ်ပြန်ဖြစ်ဖို့မလွယ်တော့ပါ

ဦးတင်ဝေစိုးမှာ အုတ်ဂူအသစ်လေးကိုကြည့်ကာ နောင်တတွေရနေသည်
ဒီလောက်အထိ မိုက်ရူးရဲဆန်ခဲ့မယ်လို့မထင်ခဲ့ပေမယ့် အခုကတော့ဖြစ်ပြီးခဲ့ပါပြီ
သစ်ရွေကြွေသံအချို့က သုသာန်ထဲတစ္ဆေသရဲတွေများပြေးလွှားနေသည့်အလား
ခေတ္တမျှဆိတ်ငြိမ်ပြီးနောက် တရွေ့ရွေ့ဖြင့်ထွက်ခွာလာခဲ့သည်
အုတ်ဂူဖြုုဖြုုလေးပေါ်လေတစ်ချက်တိုက်လိုက်တိုင်း ဆောင်းနှင်းစက်လေးတွေက အပေါ်ကနေဖြတ်ပြေးသွား၏
ဆေးအနက်ရောင်ရေးထားတဲ့နာမည်တစ်လုံးကထင်းကာပေါ်လွင်နေသည်

မခင်နှင်းဝေ
အသက် (25)

(9)

ဇွန်ပန်းညိုရွာစွန်ဂမုန်းတောထဲ၌ အဖွားအို ကြာညိုမှာ အချိန်မတော် ထမြည်လိုက်တဲ့ ကျီးကန်းကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်

* ညည်းရဲ့ရလဒ်က မကောင်းဘူးလို့ငါပြောခဲ့ပေမယ့် ညည်းကအငြိုးကြီးတာကိုး..*

အဲ့ဒီနေ့က မေးခဲ့သည် ညည်းပေးဆပ်ရမှာများမယ်လို့ ညည်းအသက်ကိုအလဲအထပ်လုပ်မှ ဒီကိစ္စကအထမြောက်မယ့်အကြောင်း

* ညည်းကောင်လေးဓာတ်ပုံ သွေးလူးပြီးထိုးစိုက်လိုက်ရမယ်
သုံးရက်မပြည့်မချင်း ဘယ်မှမသွားရဘူး
သုံးရက်မြောက်တဲ့နေ့ သန်းခေါင်ယံမှာ အဲ့ဒီ ဓာတ်ပုံကိုထိုးစိုက်ထားတဲ့ ဓားနဲ့ နှလုံးသားတည့်တည့်ကိုထိုးရမယ် ဘယ်လိုလဲ
ညည်းပေးဆပ်ရဲလား စဥ်းစားလို့ရတယ်နော် *

အချိန်ခနမျှ ငြိမ်သက်နေပြီး နှုတ်ခမ်းကိုစေ့စေ့ကိုက်ကာ ခေါင်းညိတ်လိုက်သည်
အဖွားအိုကြာညိုတစ်ယောက် တုန်လှုမိသည်မှာအမှန် ဒီလောက်ထိအငြိုးကြီးတဲ့သူမျိုးမတွေ့ဖူးမကြုံဖူးခဲ

ရုပ်ကလေးသနားကမားနဲ့ အဲ့သလောက်ထိအမျက်ကြီးတဲ့ ခင်နှင်းဝေကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်

အတွေးတွေကိုဖြတ်ကာ မီးထွန်းညှိုလိုက်သည် ထိုစဥ်

ရုတ်တရက်ဗိုက်နာလာသဖြင့် ကုန်းကုန်း ကုန်းကုန်းဖြင့်နောက်ဖေသွားရတော့၏
ထိုစဥ်လေတွေချက်ချင်းတိုက်လာကာ လရောင်ကိုတိမ်လိပ်တွေဖုံးအုပ်လိုက်သည်

* အင်း…..ဟင်း… ဟင်း…*

ခြောက်ခြားစရာအသံက ဂမုန်းပင်ကြားထဲကထွက်လာရာ အဖွားအိုကြာညိုတစ်ယောက် မီးအိမ်ကိုအားပြုရင်း ဖြဲကြည့်လိုက်ရာ ကလေးတစ်ယောက်ကိုပိုးထားပြီး ရယ်ကြည့်နေတဲ့ ထက်မြတ်ဆွေနဲ့ ခင်နှင်းဝေကို တွေ့လိုက်ရစဥ်

* ဟဲ့ နင်တို့ငါ့နဲ့မဆိုင်တော့ဘူး ဝေးဝေးသွားကြစမ်း*

အိမ်ထဲကိုပြေး၀င်ဖို့ပြုစဥ် နောက်နေရှည်လျားလှတဲ့လက်တစ်ဖက်က ဆံပင်ကိုဆောင့်ဆွဲလိုက်ရာ နောက်ပြန်ပစ်လဲကျသွားပြီး အောက်ကအဆင်သင့်ခံနေတဲ့ ၀ါးချွန်မှာ အဖွားအိုကြာညိုခေါင်းကိုတစ်ခါတည်း ဖောက်၀င်သွား၏
ထို့နောက် ဆန့်ငင်ဆန့်ငင်ဖြင့် အသက်ပျောက်သွားခဲ့သည်

ဖွားကြာညိုအလောင်းကိုတခနကြည့်ပြီး ခင်နှင်းဝေတို့ မဲ့ပြုံးတစ်ချက်ပြုံးကာ ဂမုန်းပင်ကြားထဲပျောက်ကွယ်သွားလေ၏

end———— Nway