ကဝေကလေး (စ/ဆုံး)

Unicode Version

ကဝေကလေး (စ/ဆုံး)
—————————-
စုန်းကဝေပညာသည်တွေဟာ ဘုရင်မင်းမြတ်ကို ပညာနှင့်တဖုံ၊ လက်ရုံးရည်နှင့်တဖုံ အမျိုးမျိုးသော လုပ်ကြံသတ်ဖြတ်မှုတွေကို ကြံစည်ခဲ့ကြသည်။ ဘုန်းကံမြင့်မားလွန်းသည့် ဘုရင်မင်းမြတ်အား သူတို့ပညာများနှင့် တိုက်ရန်မဖြစ်နိုင်သော်လည်း အောက်လက်ငယ်သား စစ်သည်ရဲမက်များကို ပညာနှင့်ပြုစား၍ ဘုရင်ကိုလုပ်ကြံကြ၏။ သို့သော်လည်း ဘုရင်မင်းမြတ်၏ ဘုန်းကံကြောင့် သေကံမရောက် သက်မပျောက်ပေ။ တစ်ခါ၌ ဘုရင်မင်းမြတ် ပွဲတော်တည်မည့် ဟင်းခွက်များထဲကို အဆိပ်တစ်မျိုးခပ်လိုက်ကြသော်လည်း ဘုရင်မင်းမြတ် ပွဲတော်တည်မည့်အချိန် ဘယ်ကပေါ်လာမှန်းမသိသော ခွေးပိန်လေးတစ်ကောင်က တဆာဆာ‌အူနေသောကြောင့် သဒ္ဒါတရား ကြီးမားလှသော ဘုရင်မင်းမြတ်သည် သူအရင်မစားပဲ ထိုခွေးအားအရင်ချကျွေးလိုက်လေ၏။
ခွေးပိန်ခမျှ ဘုရင်မင်းမြတ်ချကျွေးသော ကြက်ရိုးကိုစား၍ ကောက်ကာငင်ကာ အကြောများဆွဲပြီး အမြှုမ့်တစီစီနှင့် ထိုနေရာမှာတင် သေဆုံးသွားလေ၏။ ထိုအချင်းအရာအား ဘုရင်မင်းမြတ်ကမြင်လေတော့ စားဖိုဆောင်မှုးနှင့် ဟင်းပွဲပြင်သော နန်းတွင်းသူ၊ နန်းတွင်းသားတွေကို ရှေ့တော်မှောက်ခေါ်သွင်း၍ အမျိုးမျိုး စစ်မေးသော်လည်း သူတို့မဟုတ်ကြောင်း သစ္စာရေသောက်ပြသူနှင့် ကျိန်တွယ်ကာပြသူတို့ကြောင့် ဘုရင်မင်းမြတ်အခက်တွေ့ရရှာ၏။ ထိုစဉ် နန်းတော်အတွင်းသို့ ဘုရင်မင်းမြတ်ကိုးကွယ်ယုံကြည်သော ရသေ့ကြီးဦးဝိမာလ ကြွရောက်လာခဲ့ပေ၏။
“ဒါကာဘုရင်မင်းမြတ် အသင့်အား အဆိပ်ခပ်သတ်သူတို့မှာ ဤနန်းတော်အတွင်းကမဟုတ်၊ သင်၏တိုင်းပြည်အပြင်ဘက်က မကောင်းသောပညာသည်တွေက လုပ်လိုက်ခြင်းသာဖြစ်တယ် ဒါကာဘုရင်မင်းမြတ်။”
“တင်ပါ့ဘရ‌သေ့။ ဤသို့လောသေချာပါက ထိုပညာသည်များအား ဖမ်းစီး၍ တောင်စွယ်မှာ နေမကွယ်ခင် ခေါင်းဖြတ်သတ်ခိုင်းပါ့မယ်။”
“စိတ်လျော့ပါဒါကာဘုရင်မင်းမြတ် သင့်အနေနဲ့ ထိုပညာသည်များအား သတ်လိုက်ပါက အသင့်၌ အကုသိုလ်ကံဝဋ်‌ကျွေးတွေ များလှပါတယ်။ အသင်၏ဘုန်းကံက အလွန်ကြီးမားတာမလို့ သူတို့မသတ်နိုင်ကြပါဘူး။ ကံကံ၏အကျိုးအတိုင်း သူတို့လည်း သူတို့လုပ်ရပ်ကြောင့် သူတို့တန်ပြန်ထိပါလိမ့်မယ်။ အသင်၏အမျက်ဒေါသကို လျှော့ပါလေ။”
ရသေ့ကြီးဦးဝိမာလစကားကြောင့် ဘုရင်မင်းမြတ်လည်း စိတ်လျှော့ပြီး အမိန့်ကိုပြန်ရုတ်သိမ်းခဲ့သည်။ သို့သော် ထိုပညာသည်များက နောင်တစ်ကြိမ် လုပ်ကြံကြချိန်၌ ဘုရင်မင်းမြတ်၏ ဘုန်းတန်ခိုးအာနုဘော်တို့ကြောင့် အထက်နတ်များက ကြည့်မနေဝံ့တော့ပဲ ထိုပညာသည်များကို ဆုံးမလေတော့၏။ အထက်နတ်များကို ပညာသည်များ မခုခံနိုင်ပဲ ကျဆုံးကုန်၏။ သို့သော် သေကံမပါသည့် ယုဇနဆိုသော ဝမ်းတွင်းကဝေမလေးက ထွက်ပြေးနိုင်ခဲ့၏။ နတ်များအနေနှင့် ထိုကလေးမလေးအား လိုက်လံဆုံးမခြင်း မပြုတော့တာက နောင်အခါ၌ အမှားကြီးတစ်ခုဖြစ်လာခဲ့လေ၏။
&&& &&&
သူရသည် ထိုအိပ်မက်ကို မက်၍ နိုးလာခဲ့၏။ သူ၏အမြင်အာရုံအရ ယုဇနဆိုသော ကလေးမလေးသည် ယခုအချိန်ထိရှိနေသေးပါက သူ၏ပညာများနှင့် လူတွေကိုဒုက္ခပေးနိုင်ဖွယ်ရာ ရှိနေ၏။ သို့မဟုတ် သေဆုံးသွားတာလားဖြစ်နိုင်၏။ စဉ်းစားတွေးတောပြီး ဇရပ်ပေါ်ကနေဆင်း၍ ဇရပ်နှင့်အနီးက ရေတွင်း၌ ခြေလက်မျက်နှာ သန့်စင်လိုက်လေ၏။ ထို့နောက် သူသည် ဇရပ်ပေါ်ကိုပြန်တက်လာသည့်အချိန် ခွန်းသနှင့်စောသက ပြန်ရောက်လာကြလေ၏။ ခွန်းသ၏လက်ထဲ၌ ငှက်ပျောတစ်ခိုင်ပါသလို၊ စောသလက်ထဲ၌လည်း အုန်းသီးသုံးလုံးပါတာကို မြင်လိုက်ရလျှင်ဖြင့် ကန်တော့ပွဲထိုးရန် ပစ္စည်းများသွားဝယ်ခြင်းဖြစ်မည်ဟု ထင်လိုက်မိ၏။
“ဆရာတောင်နိုးနေပါရော့ဗျ။” ဟု စောသကပြော၍ သူ၏အုန်းသီးများကို နေရာတကျထားလိုက်၏။
“အေး ခုဏကပဲနိုး‌တာ။ မင်းတို့ကအုန်းသီး၊ ငှက်ပျောသီးတွေနဲ့ဆိုတော့ ဘာပွဲထိုးမလို့လဲ။”
“ဒီလိုဆရာရေ ကျုပ်တို့ရွာထဲကို လိုအပ်တာတွေသွားဝယ်တုန်း မိန်းမကြီးတစ်ယောက်ဆရာရယ် အမြှုမ့်တစီစီနဲ့လဲကျနေတာဗျ။ ဘယ်သူကမှမကူတာနဲ့ ကျုပ်တို့လည်း ပြေးထူပြီးကြည့်တော့ ဝက်ရူးပြန်နေတာဆရာရ။ အဲဒါနဲ့ကျုပ်တို့ညီအစ်ကိုနှစ်ယောက်လည်း တတ်သလောက်လေး အကြောတွေဘာတွေနှိပ်ပေးလိုက်တာ သက်သာသွားပါ့ရော။ အဲဒီမိန်းမကြီးက ကျေးဇူးတင်လို့ဆိုပြီး ပိုက်ဆံပေးတာ ကျုပ်တို့ကမယူတော့ သူ့အိမ်ခေါ်သွားပြီး အုန်းသီးတွေငှက်ပျောသီးတွေ ပေးလွှတ်လိုက်ကြတာနဲ့ ကျုပ်တို့လည်းယူလာခဲ့တာဆရာရေ။ ”
သူရက အနည်းငယ်ပြုံးလိုက်ပြီး…
“ဘာအတွက်ပေးတာတဲ့တုန်း။” ဟုမေး‌လိုက်၏။ ထိုအခါခွန်းသက..
“ကျုပ်လည်းအဲဒါကိုဘဝင်မကျတာဆရာ‌။ ဘာအတွက်ပေးတာတုန်းလို့မေးတော့ ဆရာလေးတို့ ကန်တော့ပွဲဘာညာထိုးတော့ မလိုအောင်လို့တဲ့။ ဆရာစဉ်းစားကြည့် ကျုပ်တို့ကဆရာတွေမှန်းသူကဘယ်လိုသိတုန်း။” ဟု ဘောက်ဆတ်ဆတ်နှင့်ပြောလိုက်သောအခါ စောသက..
“ငါတို့အဝတ်အစားတွေ ကြည့်ပြီး ဆရာလို့ခေါ်တာနေမှာပေါ့ကွာ။”ဟု ‌ပြန်ပြောလေ၏။ သူရသည် စောသ၏အနားကိုကပ်သွားကာ ညာလက်သီးကိုဆုပ်၍ ဂါထာကိုရွတ်ပြီးသည့်အခါ စောသနဖူးကို လက်ဖနောင့်နှင့်ရိုက်ချလိုက်၏။ စောသက အနောက်ကိုလန်ကျမလိုဖြစ်သွားပြီးမကြာ စောသ၏အနောက်၌ အရိပ်မဲလေးတစ်ခုက အငွေ့ပျံ၍ပျောက်သွားခဲ့၏။ စောသက သူရဆုံးမသည်ဟုထင်ကာ ‌တောင်းပန်၏။ ခွန်းသသည် သူရအနားသို့ကပ်သွားပြီး…
“ဆရာ အဲဒါက…။” ဟု ပြော၍ ရပ်လိုက်လျှင် သူရကခေါင်းကိုညိမ့်ကာ..
“ဟုတ်တယ် အဲဒါလမိုင်းကပ်သွားတာ။” ဟုပြောလိုက်၏။
“စောသ။”
“ဗျာဆရာ။ ကျွန်တော်ဘာလုပ်မိမှန်းမသိပေမဲ့ ကျွန်တော်ဆရာမကြိုက်တာ နောက်မလုပ်တော့ပါဘူး။”
“မဟုတ်ဘူးစောသ၊ ငါမင်းကိုအပြစ်ပေးတာမဟုတ်ဘူး၊ ငါမေးတာ မှန်မှန်ဖြေစမ်း မင်းမနေ့ညကဘုရားမှာ ဘာတွေလုပ်လဲ။”
“မနေ့ညက ဘုရားမှာ သမထအရင်ထိုင်တယ်ဆရာ၊ တရားထိုင်နေတုန်း ကျွန်တော်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရတယ်၊ ခဏနေတော့ ကျွန်တော့်ဘေးကနေ လူလေးလို့ခေါ်သံကြားတာနဲ့ မျက်လုံးဖွင့်ကြည့်တော့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ အဲဒီအဘိုးကြီးက မုတ်‌ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး အဖြူ၊ ခေါင်းကဆံပင်ကလည်း အဖြူကြီးပဲဆရာ။ ကျွန်‌တော်က ဗျာအဘလို့ပြောတော့ ကျွန်တော့်လက်ထဲကို စိပ်ပုတီးတစ်ကုံးပေးတယ်။ ပေါက်မြောက်အောင်လုပ်နော်လို့ ပြောပြီး သူကပျောက်သွားတယ်ဆရာ။ ကျွန်တော်လည်း ဘာမှန်းမသိပေမဲ့ အဲဒီပုတီးကိုကြည့်ပြီး စိပ်ကြည့်ချင်လာတာနဲ့ အရဟံကြီးပဲ ၁၀၈ပတ်တိတ်စိပ်လိုက်တယ်။ အဲဒါပါပဲဆရာ။”
စောသက ပြောရတာ မောသွား၍ ရေအိုးစင်ကနေ ရေ‌တစ်ခွက်ခပ်သောက်လိုက်၏။ သူရက သူ၏မျက်မှောင်ကျုံ့၍ တစ်စုံတရာစဉ်းစားနေရင်းကနေ တစ်ခုခုကိုသိသွားသလို ပြုံးလိုက်လေ၏။
“စောသ လာအုံး။ မင်းပုတီးပါယူခဲ့။”
စောသက သူ့လွယ်အိတ်ထဲကနေ ပုတီးကိုထုတ်၍ သူရကိုပေးလိုက်၏။
“ကျွန်းနက်ပုတီးကို။ လက်စသတ်တော့ မင်းရဲ့ရှေးဘဝအနွယ်တွေက မင်းကိုဒီထပ်စွမ်းအောင် ကူညီနေကြပြီ။”
“နားမလည်ဘူးဆရာ။”
“ဒီလိုကွ။ ပုတီးလုပ်တဲ့နေရာမှာ ပိတောက်သား၊ ကျွန်းသား၊ နံ့သာ၊ ကျွန်းနက်သားစတဲ့ ဟာတွေနဲ့ ပုတီးလုပ်ကြတယ်။ ဒါပေမဲ့ ဒီထဲမှာ ကျွန်းနက်ပုတီးက တို့လိုလောကီဆရာတွေနဲ့ တယ်ဟန်ကြတယ်။ သူတို့မှာကလည်း သဘာဝကနေရရှိထားတဲ့ ဓာတ်သဘောတွေရှိတယ်။ ဒီလိုပုတီးမျိုးကို လက်ကိုင်စွဲပြီးစိပ်တဲ့ဆရာက သာမာန်ဆရာတွေကုမရတဲ့ ပယောဂကို တောက်တစ်ချက်ခတ်ရုံနဲ့ ကုနိုင်တယ်။ အဲဒါကြောင့် မင်းရဲ့ရှေးဘဝအနွယ်ဝင်တွေက ကျွန်းနက်ပုတီးကိုပေးပြီး သမာဓိအားကို ပိုထူထောင်စေချင်တာ။ မင်းအနေနဲ့က စေတစ်လုံးပိုင်နီးပါး ‌တိုးတက်လာပါပြီ။ မင်းရဲ့ပညာလမ်းပွင့်လင်းလာတဲ့အချိန်မှာ လမိုင်းကပ်သွားတာ။ ပြီးတော့ မင်းတို့ကူညီခဲ့တဲ့ မိန်းမကြီးက ပညာသည်ပဲ။”
“ဗျာ။ ဆရာကလည်း ရွာသူလောက်ကတော့ ကျွန်တော်တို့ သိနိုင်ပါတယ်။”
“သူကရွာသူအဆင့်မှမဟုတ်တာ၊ ၇ကြိုးဒေါ်ချိုတဲ့ အဲဒီဒေါ်ချိုက သူ့ပညာကို ဖွက်တတ်တယ်ကွ။ မင်းတို့မပြောနဲ့ ငါတောင်သူနဲ့တွေ့ရင် ပညာသည်မှန်းတန်းသိမှာမဟုတ်ဘူး။ အဲဒီလောက်ထိကို သူ့ပညာကိုဖွက်ပြီး သိုသိုသိပ်သိပ်နေတတ်တာ။”
“ဒါဆိုလည်းဆရာရယ် သူ့ကိုခေါ်ပြီး ဆုံးမသင့်တာ ဆုံးမလိုက်ပါ့လား။”
“ဒေါ်ချိုက စုန်းကောင်းတစ်ယောက်ပါ။ မင်းတို့တစ်ခုသိထားရမှာက စုန်းကဝေပညာကိုတတ်တိုင်းလည်း အကုသိုလ်ကြီးလုပ်နေကြတာမဟုတ်ဘူး။ တချို့က ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီပညာကိုသင်ထားကြတာ။ တချို့များကြတော့ မွေးကတည်းက ပညာဘူးပါကြပြီး ကိုယ့်ကိုယ်ကိုယ် ဝမ်းတွင်းပညာသည်မှန်းတောင်မသိကြဘူး။ ဒါကြောင့် ဒီပညာတတ်တိုင်းမကောင်းတာမဟုတ်ဘူး။ ဒေါ်ချိုဆိုစုန်းသာပြောတာ ဘုရား၊ တရား၊ သံဃာကြည်ညိုတယ်။ အကုသိုလ်အလုပ်တွေရှောင်ပြီး ဘုရားရှိခိုးတယ်၊ ကောင်းမှုကုသိုလ်တွေလုပ်တယ်။ ငါတို့တာဝန်က ၇ရက်သားသမီးတွေကိုကယ်တင်ပြီး သဘာဝတရားကြီးကို ဆန့်ကျင်တဲ့သူတွေကို တားဆီးသင့်တာ တားဆီး၊ ဆုံးမသင့်တာဆုံးမဖို့ပဲကွ။”
“ဟုတ်ကဲ့ဆရာ ကျွန်တော်တို့မှတ်ထားပါ့မယ်။ ဆရာ….. ကြည့်ရတာ ဒေါ်ချိုတော့ ကျုပ်တို့ကိုပညာစမ်းပြီထင်တယ်ဗျို့။ ဟိုမှာကြည့်ကြအုံး။”
‌ခွန်းသပြတာကိုကြည့်လိုက်သောအခါ အုန်းသီးများက ကောက်ရိုးလုံးများဖြစ်သွားကာ၊ ငှက်ပျောခိုင်က ထင်းကိုင်းခြောက်ကြီးဖြစ်သွားလေ၏။ သူရက ပါးချိုင့်အသေးလေးများပေါ်သည်အထိပြုံးရယ်ကာ..”မင်းတို့ ပညာစိတ်ကြီးဝင်နေမှာစိုးလို့ ဒေါ်ချိုကပညာပြလိုက်တာကွ။”ဟု ‌ဆို၍ ဆရာတပည့်သုံးဦးသား ရယ်မောလိုက်ကြ၏။
ဤသို့ဖြင့် သူရတို့သည် ထိုဇရပ်ပေါ်၌သာ တရားထိုင်ခြင်း၊ အင်းစမရေးဆွဲခြင်းများ ပြုလုပ်လျှက်ရှိကာ နေနေကြ၏။ ညနေမှောင်ရီပျိုးချိန်၌ ဇရပ်‌ကို မိန်းမကြီးတစ်ယောက်က ပြုံးပြုံးရွှင်ရွှင်မျက်နှာနှင့် တောင်းတစ်ခုကိုရွက်၍ ရောက်လာလေ၏။ စောသနှင့်ခွန်းသက ထိုမိန်းမကြီးကိုတွေ့သောအခါ..
“ဒေါ်ချိုရေ ကျုပ်တို့နောက်တစ်ခါ ပညာစိတ်ကြီးမဝင်တော့ပါဘူးဗျာ ဘာမှမလုပ်နဲ့တော့နော်။”ဟု ခွန်းသက နောက်ပြောင်လိုက်သလို…
“‌ထိုင်ပါအုံးဒေါ်ချို။”ဟု စောသကကြိုဆိုလေ၏။ ဒေါ်ချိုကသူရကိုကြည့်၍ …
“ဆရာလေးနဲ့ တန်းတူနေရာမျိုးမှာ ကျွန်မထိုင်မရပါဘူး။ ဒီမှာဆရာလေးတို့ညစာ စားလို့ရအောင် ထမင်းနဲ့အသီးအရွက်ကြော်တွေလာပို့တာပါ။”ဟုပြောကာ တောင်းကိုဇရပ်ပေါ်တင်လိုက်လေ၏။ စောသနှင်ခွန်းသက သူရကိုကြည့်၍ ယူရနိုးနိုး၊ မယူရနိုးနိုးဖြစ်နေကြ၏။ ဒေါ်ချိုက စောသနှင့်ခွန်းသအဖြစ်ကိုသိသွားကာ..
“ယူပါဆရာလေးတို့၊ မနက်က ကျွန်မပညာစမ်းမိတာ တောင်းပန်ပါတယ်၊ ဒီတစ်ခါတော့ သာမာန်ဟင်းနဲ့ထမင်းကို စေတနာနဲ့လာပို့တာမလို့ စိတ်ဖြောင့်ဖြောင့်နဲ့သာစားနိုင်ပါတယ်။” ဟု ပြောသောအခါ စောသနှင့်ခွန်းသက သူရကိုကြည့်လိုက်၏။ သူရကခေါင်းညိမ့်ပြမှသာလျှင် ယူလိုက်လေ၏။ ဒေါ်ချိုက သူရကိုကြည့်၍..
“ဆရာက ပါရမီရှင်မောင်သူရဆိုတာလား။” ဟု မေးလေ၏။
“ဟုတ်ပါတယ် အဒေါ်။ ကျွန်တော့်နာမည်သူရပါ။”
“ဆရာ့နာမည်ကို ကျွန်မကြားဖူးတာကြာပါပြီ။ အခုမှပဲ တွေ့ဖူးတော့တယ်။ ဆရာက ကျွန်မတို့ပညာသည်လောကမှာတော့ အတော်နာမည်ကြီးပဲဆရာ၊ တချို့ဆို ဆရာ့နာမည်ကြားတာနဲ့တင် ပုန်းနေကြပြီ။ ဒါပေမဲ့ဆရာ သတိထားပါ၊ ဆရာ့ကိုသတ်ဖို့ကြံနေတဲ့ ပညာသည်တွေကလည်းမနည်းဘူးဆရာ အတော်စွမ်းတဲ့ သူတွေပါ။”
“ဟုတ်ကဲ့ အခုလိုသတိပေးစကားပြောကြားတာ ကျေးဇူးတင်ပါတယ် အဒေါ်။”
“ဒါနဲ့ဆရာ့ကို ကျွန်မ တစ်ခုထပ်ပြောပါရစေ။”
“ဟုတ်ကဲ့ ပြောပါအဒေါ်။”
“ရာစုနှစ်များစွာ ဂူထဲမှာအိပ်ပျော်နေတဲ့ ကဝေသခင်မလေး နိုးလာပြီတဲ့ဆရာ။”
“အဲဒါဘာကိုပြောတာလဲ မသိဘူး။”
“ကျွန်မတို့လောကက ဒဏ္ဍာရီလိုလို၊ တကယ်လိုလို ဇာတ်လမ်းလေးကို အရင်ဆုံးပြောပြပါ့မယ် ဆရာ။ အနော်ရထာမင်းကြီးလက်ထပ်က မင်းကြီးကိုလုပ်ကြံဖို့ချောင်းနေတဲ့ ပညာသည်တွေက အစုအဝေးနဲ့နေကြတယ်ဆရာ။ ဘုရင်မင်းကြီးကို သတ်ဖို့မဆိုထားနဲ့ ‌ဆံချည်တစ်မျှင်ကိုတောင် သူတို့ရန်မမူနိုင်ခဲ့ဘူး။ ဒါကလည်း ဘုရင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကြောင့်ပါ။ အဲဒီလိုဘုရင်ကိုလုပ်ကြံကြတော့ အထက်နတ်တွေကစိတ်ဆိုးပြီး ပညာသည်တွေကို ချေမှုန်းခဲ့တယ်ဆရာ။ အဲဒီထဲကမှ ကလေးမလေးတစ်ယောက်က ထွက်ပြေးနိုင်ခဲ့တယ်။ အဲဒီကလေးမလေးက ဝမ်းတွင်းပညာဘူးပါတဲ့ကဝေမလေးပါ။ ပြီးတော့ သူ့ဆီမှာ ပညာကျမ်းစာအုပ်ကြီးလည်းပါလာခဲ့တယ်။ အဲဒီကလေးမလေးက သူ့အမေအဖေတွေ မလုပ်နိုင်ခဲ့တဲ့အရာကို သူလုပ်ပြမယ်ဆိုပြီး ပညာကျမ်းစာအုပ်ထဲကအတိုင်း အကုန်လိုက်လုပ်ခဲ့တယ်။ အဲဒီမှာ ဂူအောင်းကျင့်ရင်းကနေ အနည်းငယ်လွဲချော်ပြီး အိပ်ပျော်သွားတယ်။ ရာစုနှစ်ပေါင်းများစွာ သူအိပ်ပျော်သွားတာတောင် မသေတဲ့အပြင်၊ သူ့ခန္ဓာကိုယ်ကလည်းအခုထိ ၁၅နှစ်အရွယ်ကလေးမလေးသာသာပါပဲ။ အဲဒီဂူထဲမှာ ကလေးမလေးအိပ်ပျော်နေတာကို ကဝေကြီးတစ်ယောက်ကတွေ့ပြီး ဒါက‌ ကဝေသခင်မလေးပဲလို့ပြောပါတယ်။ အိပ်ပျော်နေတဲ့ ကဝေသခင်မလေးကို ပညာသည်တွေ လက်ဆင့်ကမ်းပြီးစောင့်ရှောက်လာကြတယ်။ အခုအဲဒီကဝေသခင်မလေးက နိုးလာပြီလို့ပြောနေကြပါတယ်။ သခင်မလေးရဲ့ ပညာကထက်သောမထက်သော သူ‌တော်တော်ကြာ အိပ်ပျော်သွားတာကိုသိပြီး တောက်ခတ်လိုက်တာ နားစည်ကိုကွဲမတတ်ပဲတဲ့ဆရာ။ ”
“အခု အဲဒီကဝေသခင်မ‌လေးက ဘယ်မှာလဲအဒေါ်။”
“စိတ်မရှိပါနဲ့ဆရာ ကျွန်မမှာ ဒီလောက်ပဲ ပြောပြခွင့်ရှိပါတယ်။ ကျွန်မအနေနဲ့ ဒီပညာတတ်မြောက်ထားတဲ့သူဆိုတော့ မကောင်းတာမလုပ်ပေမဲ့ စည်းကမ်းတွေကိုလိုက်နာရပါတယ်ဆရာ။”
“ကောင်းပါပြီဗျာ ဒီလောက်ပြောပြတာကို ကျေးဇူးတင်ပါတယ်။”
“ဒါဆို သွားခွင့်ပြုပါအုံးဆရာ ထမင်းတောင်းကိုတော့ ကျွန်မ မနက်မှပဲ လာယူပါ့မယ်။”
“ဟုတ်ကဲ့ပါ အခုလိုထမင်းကျွေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးဆပ်ခွင့်ကြုံရင် ကျွန်တော်ပြန်ဆပ်ပါအုံးမယ်။”
“မလိုတာဆရာရယ် ကျွန်မဆရာတို့ကို စေတနာနဲ့ကျွေးတာပါ၊ တခြားမျှော်မှန်းတာမရှိပါဘူး။ သွားလိုက်ပါအုံးမယ်ဆရာ။”
သူရ ခေါင်းညိမ့်ပြလိုက်ချိန်၌ ဒေါ်ချိုက ပြန်သွားခဲ့လေ၏။ ဒေါ်ချိုပြန်သွားသောအခါ သူရတို့ဆရာတပည့်သုံးဦးသည် ထမင်းဟင်းများကို စားကြလေ၏။ သူရက အရင်စစားမှသာလျှင် စောသနှင့်ခွန်းသက လိုက်စားကြလေ၏။ ထမင်းစားနေချိန်၌ စောသက…
“ဒေါ်ချိုပြောသွားတဲ့ ကဝေသခင်မလေးဆိုတာ အတော်စွမ်းပုံပဲနော်ဆရာ။ ကျုပ်တို့နဲ့ တစ်ခါလောက်တော့ တွေ့ချင်စမ်းပါဘိဗျာ။” ဟု ရယ်ရယ်မောမောပြောလေ၏။ ခွန်းသက ထမင်းတစ်လုပ်ကို ပါးစပ်ထဲထည့်၍…
“ထူးတော့ထူးဆန်းသားနော်ဆရာ။ ဒီလောက်နှစ်တွေကြာတာတောင် ခန္ဓာကိုယ်ကထွားမလာဘူးဆိုတော့ ဒါပေမဲ့ ဒါကတကယ်လည်းဟုတ်ချင်မှဟုတ်မှာပါ။ ဒေါ်ချိုအစကပြောတာကြည့်လေ သူတို့လောကက ဒဏ္ဍာရီလိုလို၊ တကယ်လိုလို လို့ပြောသွားတာ။” ဟု ပြောလေ၏။ သူရကတော့ မည်သည့်တစ်ခွန်းမှ ဝင်ရောက်ပြောခြင်းမရှိ၊ ထမင်းကိုသာ အေးအေးလူလူစား၍ သူ၏တပည့်နှစ်ဦးပြောတာကို ခေါင်းညိမ့်ကာ‌နားထောင်နေခဲ့၏။ ထမင်းစားသောက်ပြီးကြသောအခါ အနည်းငယ်လှမ်းလျှောက်ကြပြီး သမထ ထိုင်ကြလေ၏။ သူရသည် သမထထိုင်နေချိန်၌ ဝုန်းခနဲဆိုသလို မီးလောင်နေသော ရွာတစ်ရွာကို တွေ့လိုက်ရ၏။ သက်ကြီးရွယ်အိုးများ၊ ကလေးသူငယ်များက မီးလောင်ကျွမ်း၍ ကူပါကယ်ပါ တဆာဆာအော်ငိုနေသံများနှင့် မီးလောင်ကျွမ်းပြီးသေသွားသည့် အလောင်းများကိုတွေ့လိုက်ရ၏။ မီးကလည်း သာမန်မီးမဟုတ်၊ အနက်ရောင်မီးတောက်များ တောက်လောင်နေခြင်းဖြစ်ပေ၏။ ထိုစဉ် ရွာအပြင်၌ အနက်ရောင်ဝတ်ရုံလူငါးဦးနှင့် တစ်ကိုယ်လုံးဝါထိန်နေ‌သည့် ဝမ်းဆက်ကိုဝတ်ထားသော ကလေးမလေးတစ်ဦးက လူတွေပြေးကြ၊ လွှားကြ၊ သေဆုံးကြတာကို သွေးအေးအေးနှင့်ရပ်ကြည့်နေတာကို သူရမြင်တွေ့လိုက်ရ၏။
သူရသည် လူတွေ၏ အော်ဟစ်ငိုကြွေးသံတွေကို နားစဉ်ရင်း၊ သေဆုံးကြတာကို မြင်တွေ့ရင်း မျက်ရည်များ အလိုလိုစီးဆင်းကျလာခဲ့၏။ ထိုအမြင်အာရုံကွယ်ပျောက်သွားချိန်၌ ရ‌သေ့ကြီးတစ်ပါးပေါ်လာခဲ့ပြီး “ကြို့ပင်စုကျေးတော်ရွာ”ဆိုသည့် ဆိုင်းဘုတ်ကလေးအား ပြ၍ ပျောက်သွားခဲ့၏။ သူရသည် သမထထိုင်ခြင်းကိုဖြုတ်၍ ဇရပ်ထောင့်၌သွားရောက်ထိုင်ကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်လေ၏။ တိမ်မည်းများက ကောင်းကင်ပေါ်မှာ ပြေးလွှားနေတာကို လ၏အလင်းရောင်နှင့် ကောင်းစွာမြင်နေ၏။
သူရကထိုအရာကိုကြည့်၍…
“အမှောင်ဖုံးလွမ်းသွားရင် အလင်းကိုဘယ်လိုပြပြ မမြင်နိုင်ကြတော့ဘူးပဲ။ အင်း အလင်းရှိရင်အမှောင်ရှိတယ်။ ကုသိုလ်ရှိရင် အကုသိုလ်ရှိတယ်။ ဒင်္ဂါးမတ်စေ့လို ခေါင်းနဲ့ပန်း ကျောခြင်းကပ်နေကြတာ။ ကျောခြင်းကပ်နေမှတော့ အနောက်ကိုလှည့်မကြည့်သ၍ ဘယ်ဟာအဆိုး ဘယ်ဟာအကောင်းလည်းမသိနိုင်ကြပဲ၊ ကိုလုပ်တာပဲ မှန်တယ်ထင်နေကြတာကို။ အတော်ကိုလည်းရှုပ်ထွေးလှပါ့လား။” ဟု တစ်ကိုယ်တည်း ရေရွတ်မိလေ၏။ နံနက်လင်းသောအခါ သူရသည် သူ၏တပည့်နှစ်ယောက်ကိုခေါ်၍ မြောက်ဘက်အရပ်ကို ခရီးထွက်လာခဲ့လေ၏။ လမ်းတွင် သစ်ပင်ကြီးတစ်ပင်ကို လက်နှင့်ပုတ်၍ နတ်တစ်ပါးအား‌ခေါ်ယူ၍ “ကြို့ပင်စုကျေးရွာ ဘယ်မှာရှိလဲ။”ဟုမေးပြီး ထိုနတ်လမ်းပြလိုက်သည့်အတိုင်း လျှောက်လာခဲ့၏။
ညနေ နေမဆောင်းမီအချိန်၌ ကြို့ပင်စုကျေးတော်ရွာဟု ကမ္မည်းထိုးထားသော ဆိုင်းဘုတ်ကလေးအရှေ့သို့ ရောက်လာခဲ့ကြသည်။ သူရသည် ရွာကိုလှမ်းမျှော်ကြည့်သောအခါ မည်သည့် အမှောင့်ပယောဂကိုမှ မမြင်ရပေ။ စိတ်အတွင်းကနေ ကြို့ပင်စုကျေးတော်ရွာ၏ ရွာတော်ရှင်ကို ပင့်လိုက်ပြီးခဏအကြာ သူရအ‌ရှေ့ကို သျှောင်ထုံးလေးနှင့် မြန်မာဝတ်စုံကိုဝတ်ဆင်ထားသော ကလေးတစ်ယောက်ပေါ်လာလေ၏။
“အသင်က ရွာတော်ရှင်လား။”
“ဟုတ်ပါတယ်။ ကျုပ်နာမည်ဖိုးစံထူးပါ။ ဒီကြို့ပင်စုကျေးရွာရဲ့ ရွာတော်ရှင်ပေါ့။ ဆရာတို့က ဘာကိစ္စရှိလို့လဲ။”
“သင့်အနေနဲ့ ရွာထဲမှာ ပညာသည်အချို့ဝင်ထွက်သွားလာတာ တွေ့မိလား။”
“ဟင့်အင်း ကျုပ်ရွာကိုဘယ်ပညာသည်မှ မဝင်ဘူး။ ဒါပေမဲ့ ဟိုးကတောင်ပေါ်မှာ ပညာသည်တွေနဲ့ကလေးမလေးတစ်ယောက် ရောက်နေတယ်လို့ ကျုပ်ဦးလေးကပြောတယ်။ ကျုပ်ကိုတောင် ဒီရက်ပိုင်းထဲ တောင်ပေါ်မလာနဲ့အုံးတဲ့ ဒီပညာသည်တွေကအတော်စွမ်းတယ်လို့ပြောတာပဲ။”
“ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ကို သွားခွင့်ပြုပါအုံး။”
“ဟုတ်ကဲ့ပါဗျ။”
သူရသည် ရွာတော်ရှင်လေးဖိုးစံထူးပြောသည့်အတိုင်း တောင်ဘက်ကိုဦးတည်လျှောက်လာခဲ့၏။ လမ်း၌စောသနှင့်ခွန်းသကို အင်းစမများ အကုန်နှိုးထားရန် မှာကြားလိုက်၏။
“အင်းတွေက နှိုးထားပြီးပါပြီဆရာ။ ဒါပေမဲ့ ကျွန်တော်တို့ အခုရင်ဆိုင်ရမဲ့ ပညာသည်က ဘယ်လိုအဆင့်မျိုးလဲဆိုတာ သိပါရစေ။”ဟု ခွန်းသကမေးလေ၏။
“ခွန်းသရေ ဒေါ်ချိုပြောတဲ့ ကဝေသခင်မလေးဆိုတာ တကယ်ရှိတယ်ကွ။ စောသ မင်းသိပ်တွေ့ချင်တဲ့ ကဝေသခင်မလေးကို ငါတို့အခု ပညာပြိုင်ဖို့သွားနေတာပဲ။” ဟု သူရကပြောလိုက်သောအခါ စောသနှင့်ခွန်းသခမျှ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာ၏။ ထို့နောက်သူရသည် သူ၏အိပ်မက်အကြောင်းကိုပြောပြ၍ ထိုမိန်းကလေးက ကဝေသခင်မလေးဖြစ်ကြောင်း၊ သူ၏ဘေး၌ရှိသောပညာသည်တွေက ကဝေကြီးတွေဖြစ်ကြောင်း၊ သည်တစ်ခါ ပညာပြိုင်ခြင်းသည် မိမိတို့အသက်ပါ သေနိုင်ကြောင်း ပြောပြလိုက်၏။
“ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုရက်စက်တဲ့ပညာသည်တွေကို မသုတ်သင်ပြီးခြင်း မသေချင်ဘူးဆရာ။” ဟု စောသကပြောသလို ခွန်းသကလည်း..
“အကြောင်းမဲ့ လူပေါင်းများစွာကိုသတ်ဖြတ်ပြီး သူတို့ကအေးအေးလူလူခရီးသွားနိုင်တာကို အံ့ဩတာအမှန်ပဲဆရာ။ ကျွန်တော်သိချင်တာ သူတို့ကဘယ်ကိုခရီးသွားနေတာလဲဆရာ။” ဟု မေးလေ၏။
“မဟာမြိုင်တောကို။”
“ဗျာ… သူတို့ကမဟာမြိုင်တောကို ဘာလုပ်ဖို့ရှာနေတာလဲ။ အဲဒီလိုရှာတော့ရောတွေ့မှာမလို့လား။”
“မဟာမြိုင်တောက အထက်ပုဂ္ဂိုလ်တွေဆီကနေ ကမ္ဘာပျက်တာတောင် မသေနိုင်တဲ့ဆေးကိုတောင်းဖို့ပဲ။ တကယ်တော့ သူတို့အယူတွေလွဲနေကြတာ၊ အဲဒီလိုဆေးမျိုးက မရှိဘူး။ မဟာမြိုင်တောဆိုတာ သူတော်ကောင်းတို့တရားကျင့်ကြံရင်း နောင်ပွင့်မယ့်ဘုရားကို ဖူးမျှော်ဖို့ စောင့်နေတဲ့နေရာ သူတို့လို မိစ္ဆာအတတ်ပညာနဲ့ သူတွေက တွေ့နိုင်မတဲ့လား။ ငါတို့ကိုအထက်ပုဂ္ဂိုလ်ကြီးတွေက ဒီပညာသည်တွေကို ဆုံးမဖို့တာဝန်ပေးလိုက်ပြီ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆုံးမရမှာပဲ” ဟု သူရ၏ အနည်းငယ်မာကြောသွားသောလေသံကြောင့် စောသနှင့်ခွန်းသတို့ ထပ်အံ့ဩမိပြန်၏။ သူရနောက်ကို သူတို့လိုက်ခဲ့သည့်တလျှောက် မည်သည့်လူကိုမဆို၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ရိုင်းစိုင်းတဲ့ပညာသည်ကိုမဆို တည်ညိမ်ကြည်လင်အေးချမ်းလှသော အသံနှင့်သာပြောသောသူရက ယခုအခါ လေသံမာနေသောကြောင့် ဤတစ်ခါပညာသည်များသည် အတော်ကို ယုတ်မာရိုင်းစိုင်းကြသည့် ပညာသည်များဖြစ်မည်ဟု မှတ်ချက်ချလိုက်ကြ၏။
သူရတို့သည် တောင်ပေါ်ကိုစတင်တက်လာခဲ့ကြတော့သည်။ တောင်ခါးစောင်းသို့မရောက်ခင်အလို၌ သူရသည် သစ်ပင်ပေါ်မှာ နေရာလပ်မရှိအောင် ငုတ်တိုင်ထိုင်နေကြသော မျက်လုံးနီနီ၊ အရိပ်မဲကြီးများနှင့် ပရလောသားများကို တွေ့လိုက်ရ၏။ ရှေ့ဆက်တိုးလာသောအခါ ထိုပရလောကသားများက သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာခဲ့ကြသည်။ သူရက ညာလက်ကိုဆန့်တန်း၍ ဝှေ့ရမ်းလိုက်သောအခါ ပ‌ရလောကသားများပျောက်ကွယ်သွား၏။ “ငါတို့လာမှာကို ကြိုသိလို့ သူတို့ပညာနဲ့ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်ပရလောက‌သားတွေပဲ။ သတိရှိရှိနေကြ အခုကစပြီး ငါတို့ဘယ်နားကလာနေတယ်ဆိုတာ သူတို့သိသွားကြပြီ။”ဟု တပည့်နှစ်ဦးကိုသတိပေး၍ ဆက်လက်တက်လာခဲ့ကြ၏။
သူရတို့တောင်ပေါ်ကိုဆက်လက် တက်လာကြချိန်၌ တရွှီရွှီနှင့် မြွေဆိုးများတွန်သံကို နေရာပေါင်းစုံကနေ ကြားလိုက်ရသောအခါ သူရတို့ဆရာတပည့်သုံးဦး တုံ့ခနဲရပ်သွားကာ အသံများကိုသေချာနားထောင်နေ၏။ စောသသည် သူ၏လွယ်အိတ်ထဲကနေ ပညာအတိုက်ဖျက်အင်းကိုထုတ်၍ ဂါထာစုပ်ကာ လေပေါ်ကိုပစ်တင်လိုက်လေ၏။ ပညာအတိုက်ဖျက်အင်းက လေပေါ်မှာ အစိတ်စိတ်အမွှာမွှာကွဲထွက်လာပြီး အင်းထဲကနေ ရွှေရောင်ပညာစက်များက ဝုန်းခနဲဆိုသလို အရပ်လေးမျက်နှာအား ဖြန့်ကျဲသွားသောအခါ မြွေဆိုးတွန်သံများကို မကြားရတော့ပေ။
သူရတို့ခြေလှမ်းနှစ်ဆယ်ခန့်လှမ်းအပြီးမှာ ဝတ်ရုံအနက်နှင့် လူနှစ်ယောက်က သူရတို့အရှေ့ကို လေပေါ်ကနေ ဆင်း၍ ရောက်ချလာခဲ့၏။ ထိုဝတ်ရုံအနက်နှင့်လူနှစ်ဦးက ဝတ်ရုံကိုချွတ်ချလိုက်သောအခါ အသက်၅၀ ဝန်းကျင်လူကြီးနှစ်ဦးဖြစ်နေ၏။ သူတို့သည် သစ်ရွက်ခြောက်များကို ကောက်ယူ၍ တညီတညာတည်း ဖြန့်ကျဲချလိုက်သောအခါ သစ်ရွက်များက လင်းနို့အုပ်ကြီးဖြစ်သွားပြီး သူရတို့ဆီတရှိန်ထိုးပျံသန်းလာကြ၏။ စောသနှင့်ခွန်းသက အရှေ့ကိုတိုး၍ အဆင်သင့်ထုတ်ထား‌သော အင်းနှစ်ချပ်ကို ပြန်ပစ်လိုက်သောအခါ အင်းချပ်နှစ်ချပ်က လင်းနို့အုပ်ကြားထဲရောက်သွားပြီး ဝုန်းခနဲဆိုသလို မီးများထတောက်၍ ပြာကျသွားခဲ့၏။
လူကြီးနှစ်ဦး၏မျက်နှာက ခက်ထန်လာကာ သူတို့၏ ပညာစက်ကိုလက်မှာစု၍ ပစ်လွှတ်လိုက်၏။ စောသနှင့်ခွန်းသက အကာအကွယ်အင်းကို ကိုယ်စီထုတ်ကာ ကာလိုက်သောကြောင့် ကဝေ‌ပညာစက်များက အကာအရံကိုထိ‌၍ ဝုန်းခနဲမြည်ပြီး ပျောက်သွားခဲ့၏။ လူကြီးနှစ်ဦးသည် သူတို့၏ လက်ကိုကိုက်ကာ ကျလာသောသွားများအား နဖူး၌လိမ်း၍ ဂါထာရွတ်လိုက်သောအခါ လေတွေဝုန်းခနဲတိုက်လာ၏။ သူရသည် လေထဲ၌ ပညာစက်များက ဓားတစ်လက်လို ပါနေတာကိုမြင်သွားကာ ‌လက်အုပ်ချီ၍ တစ်စုံတရာကိုရွတ်ဖတ်ပြီး လက်နှစ်ဖက်ကို လူကြီးနှစ်ဦး၏တည့်တည့်ကိုထားကာ ဆောင့်တွန်းလိုက်လေ၏။ လူကြီးနှစ်ဦးက ဝုန်းခနဲဆိုသလို အနောက်ကိုလွင့်သွားပြီး ကျောက်တောင်နှင့်ခေါင်းရိုက်မိ၍ သေဆုံးသွားကြ၏။ တိုက်ခတ်နေသောလေများကလည်း ညိမ်သက်သွားခဲ့၏။ လူကြီးနှစ်ဦး သေဆုံးပြီးခဏအကြာ၌ ငရဲမီးတောက်က ဝါးမျိုသွားခဲ့လေ၏။
တဖြည်းဖြည်းနှင့် နေရောင်ကွယ်ပျောက်သွား၏။ လပြည့်နေ့ဖြစ်တာကြောင့် လ၏အလင်းရောင်နှင့် သူရတို့အနည်းငယ်မြင်ရသော လမ်းကလေးအတိုင်း လျှောက်လာကြချိန် ဝေါ!!ဝေါ!!ဝေါ!! ဆိုသော တောပြိုသောအသံများကို ကြားရ၍ အသံလာရာသို့လှည့်ကြည့်လိုက်သောအခါ ဧရာမမြွေကြီးများက ခေါင်းပေါ်မှအချွန်တက်ကြီးနှစ်ခုနှင့် သူရတို့ဘက်ကိုလာနေလေ၏။ သူရတို့ကိုမြင်တာနှင့် စတင်တိုက်ခိုက်လေ၏။ သူရသည် လက်ကိုရှေ့ဆန့်ထုတ်ကာ မြွေကြီးများကို တွန်းထုတ်လိုက်၏။ မြွေကြီးများကပြန်ထလာပြီး သူရတို့ကိုအစွယ်နဲ့လှမ်းပေါက်ချိန် စောသနှင့်ခွန်းသက အကာကွယ်အင်းကြီးများကိုထုတ်၍ ကာလိုက်ကြသည်။ မြွေကြီးများက အကာရံကို ကိုယ်လုံးဖြင့်တိုက်လိုက်၊ အမြှီးဖြင့်ရိုက်လိုက်၊ ခေါင်းဖြင့်တိုက်လိုက်နှင့် အကာရံကိုချိုးဖောက်ကြ၏။ သူရသည် လွယ်အိတ်ထဲကနေ ဂဠုန်အရုပ်ကလေးတစ်ရုပ်အားထုတ်၍ ဂါထာမန္တာန်စုပ်ကာ လေပေါ်သို့ပစ်တင်ပြီး ကိုယ်ခွဲဂါထာကို ထက်မံရွတ်လိုက်သောအခါ ဂဠုန်ရုပ်ကနေ ပုံစံတူ အရုပ်များခွဲထွက်၍ တဖြည်းဖြည်းကြီးလာကြ၏။
ဂဠုန်များကအသက်ဝင်လာကြ၏။ ဂဠုန်တွေကိုမြင်သောအခါ မြွေကြီးများသည် လန့်ဖြန့်သွားကြကာ ပြေးကြလေ၏။ သို့သော် ဂဠုန်များကအလွတ်မပေး၊ သူတို့ခြေသည်းများနှင့်ကုတ်၍ချီကာ လေပေါ်၌ သတ်ဖြတ်လိုက်ကြ၏။ မြွေကြီးများအကုန်ပျောက်သွားချိန် ဂဠုန်တွေလည်းပျောက်သွားကာ ဂဠုန်အရုပ်ကလေးတစ်‌ရုပ်သာ သူရလက်ထဲပြန်ရောက်လာ၏။ သူရတို့သည် ဆက်လက်လျှောက်လာခဲ့၏။ မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဂူကြီးတစ်ဂူရှေ့၌ မီးဖို၍ ထိုင်နေကြသော ဝတ်ရုံနက်နှင့် လူနှစ်ဦး၊ အဝါရောင်တောက်လှသော မြန်မာဝမ်းဆက်ကိုဝတ်ဆင်ထားသည့် ကလေးမလေးတစ်ဦးအား တွေ့မြင်လိုက်ကြရ၏။
စောသနှင့်ခွန်းသသည် ဤကဲ့သို့အပြစ်ကင်းစင်သော မျက်နှာနှင့်ကလေးမတစ်ဦးက ကဝေသခင်မလေးတစ်ဦးဖြစ်ကာ ရက်စက်ယုတ်မာရိုင်းစိုင်းသည်ဟု တခြားလူများကိုပြောလျှင် ယုံကြမည်မဟုတ်ကြောင်း တွေးမိလိုက်ကြ၏။
ကလေးမလေးက သူရတို့ကိုမြင်သောအခါ အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းမရှိ၊ အေးစက်စက်နိုင်လာသော မျက်လုံးများနှင့် အသက်မဲ့သောအပြုံးအားပြုံး၍ ထိုင်ရာကနေထလိုက်သောအခါ ဘေးနားကလူနှစ်ဦးကလည်း ထလာခဲ့ကြ၏။ ထိုကလေးမလေးက သူရကိုကြည့်၍…
“ငါ၏ရှေ့‌မောက်တောင် ရောက်လာနိုင်တဲ့ သင်တို့ကို အသိမှတ်ပြုပါတယ်။ သင်တို့၏ပညာအား အသိမှတ်ပြုသည့်အနေနှင့် ဆုလာဒ်နှစ်ခုပေးသနားမယ်။ သင်တို့၏အသက်အား ငါ့ထံပေးအပ်မလား၊ လာရာလမ်းအတိုင်းလှည့်ပြန်မလား။” ဟု ရှေးသုံးနန်းသုံးလေသံနှင့် သူရကိုကြည့်၍ ပြောလေ၏။ သူရက မျက်မှောင်ကိုကျုံ့လိုက်သည့်အခါ ထိန်ထိန်သာလင်းလျှက်ရှိသောကောင်းကင်က အမှောင်ဖုံးလွှမ်းသွား၏။
“သင်၏လုပ်ရပ်တွေကို တားပြီး သင့်လိုရက်စက်ယုတ်မာနေတဲ့ ကဝေမတစ်ကောင်ကို ကျွန်ုပ်သုတ်သင်ဖို့ရောက်လာရတာပဲ။ သင့်အနေနှင့် ပညာများကိုအသာတကြည်လှူမလား၊ မချိမဆန့်ဝေဒနာခံစားပြီးမှ လှူမလား ကြိုက်ရာကိုရွေးခွင့်ရှိတယ်။”
“တယ် ငါလိုသခင်မလေးအား ရိုင်းပြစွာပြောဆိုဝံ့သလားဟေ့၊ ဟဲ့ဘသက်နဲ့စံမြ သည်ငမိုက်သားတွေကို အသေသတ်ကြစမ်း။”
ထိုကလေးမလေးဆီက အမိန့်ရတာနှင့် ဘေးနားက လူနှစ်ဦးက အစိမ်းရောင်ပညာစက်၊ အနီရောက်ပညာစက်နှင့် ပစ်လေ၏။ သူရက ထိုပညာစက်များကို ညာလက်ပြန်နှင့်ရိုက်ချလိုက်သောအခါ ပညာစက်များက ဘေးကိုလွင့်စင်သွားကာ သစ်ပင်များကိုထိမှန်၍ တဝုန်းဝုန်းမြည်ကာ သစ်ပင်ကြီးများလဲကုန်ကြ၏။ ထိုအခါ ဘသက်နှင့်စံမြဆိုသူတို့က ဂါထာမန္တာန်များကို ကျယ်လောင်စွာရွတ်ဖတ်လိုက်သည်။ ခဏအကြာ၌ အမှောင်ထဲကနေ ‌အပေါ်ပိုင်းခန္ဓာကိုယ်သာပါပြီး အောက်ပိုင်းက အနက်ရောင်အခိုးငွေ့များနှင့် မိစ္ဆာများက လက်ထဲမှာ ဓားကောက်အရှည်ကြီးတစ်ချောင်းကို လက်နှစ်ဖက်ကကိုင်၍ လေပေါ်၌ပျံသန်းကာ ရောက်လာကြ၏။
ထို့နောက် သူရတို့ဆီကို လေပေါ်၌ပျံသန်း၍လာကြကာ အနားသို့ရောက်တာနှင့် ဓားများလွှဲ၍ခုတ်ပိုင်းကြသည်။ သို့သော် ရွှေအိုရောင်အကာရံများပေါ်လာကာ အကာရံကိုသာ ချွမ်ခနဲမြည်အောင် ထိကုန်ကြ၏။ သူရသည် အင်းတစ်ချပ်ကိုထုတ်၍ လေပေါ်သို့ပစ်တင်လိုက်သောအခါ ဓား၊ လှံ၊ လေး၊ ‌မြှားကိုင်ဆောင်ထားကြသော ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက အင်းချပ်ထဲကနေထွက်လာကြပြီး မိစ္ဆာများနှင့် တိုက်ခိုက်ကြ၏။ မိစ္ဆာများက လေပေါ်၌ပျံသန်း၍ တိုက်ခိုက်ကြသလို၊ ဂိုဏ်းစောင့်ပုဂ္ဂိုလ်များကလည်း လိုက်ခံတိုက်ခိုက်ကြ၏။ သို့သော် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက အရေးနိမ့်နေတာကို သူရကမြင်သည့်အခါ စိတ်အတွင်းကနေ နတ်ဘီလူးညီနောင်အား တလိုက်လေ၏။ သူရအရှေ့၌ ခန္ဓာကိုယ်ကြီးမားလှသော နတ်ဘီလူးညီနောင်က ဆူးတင်းပုတ်ကြီးများကိုကိုင်၍ ပေါ်လာခဲ့၏။
ဘီလူးညီနောင်က အခြေအနေကိုသဘောပေါက်သည့်အလား ဆူးတင်းပုတ်ကြီးနှင့် မိစ္ဆာများကို တိုက်ခိုက်လေ၏။ မိစ္ဆာကိုမထိပဲ မြေပြင်ကိုထိသောအခါ မြေကြီးပင်ကျွံ၍ သိမ့်ခနဲတုန်တုန်သွားလေ၏။ ဘီလူးညီနောင်၏တန်ခိုးဣဒ္ဓိပါဒ်ကြောင့် မိစ္ဆာများ အခိုးငွေ့များအဖြစ် ပျောက်သွားကြ၏။ ထိုအခါ ဂိုဏ်းစောင့်ပုဂ္ဂိုလ်နှင့် ဘီလူးညီနောင်တို့သည့် ကဝေကလေးမလေးနှင့် ဝတ်ရုံအနက်နှင့် လူတို့ဆီကိုပြေးဝင်တိုက်ကြလေ၏။ ဝတ်ရုံအနက်နှင့်လူနှစ်ဦးက ကလေးမလေးရှေ့ကနေ ကာလိုက်ကြကာ ပညာစက်များနှင့် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များကို ပစ်လိုက်သောကြောင့် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက မြူမှုန်များအဖြစ်ပျောက်သွားကြလေ၏။ ဘီလူးညီနောင်ကို ပညာစက်နှင့်ပစ်သောအခါ ဘီလူးညီနောင်က တင်းပုတ်များနှင့်ကာ၍ တင်းပုတ်နှင့်ထုလိုက်သည့်အချိန် ကလေးမလေးလက်ကနေ အစိမ်းရောင်ပညာစက်များထွက်လာခဲ့၏။ သူ၏လက်ကိုအပေါ်မြှောက်လိုက်သောအခါ ပညာစက်များက တင်းပုတ်ကိုရစ်ပတ်၍ ဘီလူးညီ‌နောင်ကို ချုပ်ထားလိုက်လေ၏။
ထိုကလေးမလေးက တွန်းထုတ်လိုက်သောအခါ ဘီလူးညီနောင်သည် အဝေးကိုလွင့်ကာ ပျောက်သွားကြ၏။ ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူနှစ်ဦးက သူတို့၏ပညာစက်များကို အကုန်စု၍ ပစ်လွှတ်လိုက်၏။ စောသနှင့်ခွန်းသကလည်း အစောတည်းက နှိုးထားသော ကဝေစက်ဖျက်အင်းတော်ကြီးနှင့် လောင်မီးပြာကျအင်းကို ပြန်ပစ်လိုက်၏။ အင်းချပ်များက ကဝေပညာစက်များနှင့် ထိသောအခါ ကဝေပပညာစက်များအကုန်ပျောက်သွားပြီးခဏအကြာ ဝတ်ရုံအနက်နှင့်လူနှစ်ဦးသည် ခန္ဓာကိုယ်မှာမီးများထတောက်လောင်သောကြောင့် အသံနက်ကြီးများနှင့်အော်ကာ ပြာဖြစ်သွားခဲ့ကြ၏။ ကလေးမလေးသည် ထိုသူတို့သေဆုံးသွားတာကို ကြည့်၍ သူရဘက်ကိုအေးစက်စက်မျက်နှာပေးနှင့် ပြန်လှည့်လာ၏။
“သင်တို့ ကျွန်ုပ်လိုသခင်မနဲ့ ပညာပြိုင်ဖို့ထိုက်တန်ပါတယ်လေ။ သင်တို့ပညာက ကျွန်ုပ်ရဲ့ပညာတွေကို ခုခံနိုင်ရင်ခုခံကြည့်ပါအုံး။”
အထက်ပါအတိုင်းပြောပြီး ထိုကလေးမလေးက သူ၏လက်ကောက်ဝတ်ကို လှပစွာလှည့်ကာ လက်ချောင်းထိပ်များက ပညာစက်များနှင့် တစ်ခုခြင်းစီပစ်လွှတ်နေ၏။ သူရသည် “‌ကဝေ့လက်ချိုးနဲ့ပညာပဲ။”ဟု နှုတ်ကရေရွတ်၍ သူ၏တပည့်နှစ်ဦးအား နောက်ကိုအသာဆွဲ၍ ညာလက်ဖဝါးနှင့် ပညာစက်များကို ကာထားလေ၏။ ကလေးမလေးသည် မြေကြီးကိုလက်နှင့်ပုတ်၍ တစ်ခုခုအားရွတ်လိုက်သောအခါ မြေကြီးထဲကနေ အစိမ်းရောင်တောက်လှသော ဆူးချွန်များနှင့်နွယ်တွေက သူရဆီကို မြေကြီးထဲကနေ မြုပ်ချည်ပေါ်ချည်နဲ့ တိုးလာလေ၏။ သူရက ညာဖနောင့်ကိုပေါက်ချလိုက်သောအခါ အကုန်ပျောက်သွားလေ၏။ ထိုကလေးမလေးက မဲ့ပြုံးလေးပြုံး၍ သူ၏ဆံပင်ကိုဖြည်ချလိုက်သောအခါ ဆံပင်များက မြေကြီးနှင့်ထိလုနီးပါး‌ရှည်နေ၏။
သူ၏ဆံပင်များကိုလက်နှင့်ကိုင်၍ သူရကိုကြည့်ကာ တစ်ခုခုပြောလိုက်တာနှင့် ဆံပင်များက မြွေအုံလိုက်ကြီးဖြစ်သွား၏။ အမြှီးများက ကလေးမလေးခေါင်း၌ တွယ်ကယ်ပြီး ‌ခေါင်းများက အောက်ကိုတွဲလောင်းကျလျှက်ရှိ၏။ ကလေးမလေးက ခေါင်းကိုခါထုတ်တာနှင့် မြွေများကရှည်သွားပြီး အရှိန်နှင့် သူရထံကို ပါးစပ်ကြီးဟလျှက်ဝင်လာကြ၏။ သူရကညာလက်ကိုဆန့်၍ ဟဲ့ခနဲငေါက်ကာ ပြန်တွန်းလိုက်သောအခါ ဆံပင်များအဖြစ်ပြန်ပြောင်းသွား၏။ ကလေးမလေးသည် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းအစုံနှင့် သူရကိုကြည့်၍ လက်သီးဆုပ်၍ဖြန့်ချလိုက်သောအခါ အနက်ရောင်မီးတောက်များက သူ၏လက်၌တောက်လောင်နေ၏။ သူရက ထိုအရာကိုမြင်သည့်အခါ၌” မဟူရာမီးတောက်စက်ပဲ။” ဟုရေရွတ်၍ လွယ်အိတ်ထဲက‌နေ အင်းတစ်ချပ်ကိုထုတ်ပြီး အဆင်သင့်ကိုင်ထားလိုက်၏။
ခွန်းသ‌နှင့်စောသကတော့ အကာအင်းများကိုတစ်‌ယောက်ကကိုင်၍ သံကဝေရုပ်လေးကို တစ်ယောက်ကထုတ်ထားကာ သူရအနောက်ကနေ ရပ်ကြည့်နေကြ၏။ ကလေးမလေးသည် မဟူရာမီးတောက်များနှင့် သူရထံကိုအားကုန်လွှဲပစ်လိုက်သောအခါ သူရကလည်း အင်းချပ်နှင့်ပြန်ပစ်လိုက်၏။ အင်းချပ်ကလေးနှင့် မဟူရာမီးတောက်များထိသွားသည့်အခါ အင်းချပ်ကလေးက မဟူရာမီးတောက်များကို စုပ်ယူသိမ်းသွားလေ၏။ ထိုအရာကိုမြင်သောအခါ ကလေးမလေးမျက်နှာ အနည်းငယ်ပျက်ယွင်းသွား၏။
ဤတစ်ခါ၌သူသည် လက်ကိုနှစ်ဖက်ပူး၍ အဝါရောင်ပညာစက်များကို ထုတ်ကာ သူရထံကိုပစ်လွှတ်၏။ သူရက လက်နှစ်ဖက်နှင့်ကာလိုက်သောအခါ အကာရံတစ်ခုပေါ်လာကာ ဒုန်းခနဲ အသံကျယ်ကြီးမြည်၍ မီးများကလည်းထတောက်သွားခဲ့၏။ ကလေးမလေးသည် မြေပြင်ပေါ်ထိုင်ချလိုက်ကာ ဥုံခံ၍တစ်စုံတရာရွတ်ဖတ်လိုက်သည့်အချိန် သူ၏အနောက်ကနေ မျက်လုံးတစ်လုံးတည်းသာပါပြီး ခန္ဓာကိုယ်က ရာဝင်အိုးမျှရှိသော သဘက်ကြီးတစ်ကောင်က ခရင်းသုံးခွကို ကိုင်၍ ဦးချိုကြီးတကားကားနှင့် ပေါ်လာလေ၏။ သူ၏ခန္ဓာကိုယ်က နီရဲနေကာ အပေါ်ပိုင်းဗလာကျင်းနှင့် အောက်ပိုင်းက အနည်ရောင်အဝတ်စကြီးကို စည်းထားလေ၏။ ထိုသဘက်ကြီးအား သူရမြင်သောအခါ “ငရဲထိန်းကိုဆင့်ခေါ်ပြီး တိုက်ခိုင်းတာပဲ။ ဒါကြောင့်လည်း ကဝေသခင်မလေးလို့ တင်မြှောက်ခံရတာကိုး။” ဟု ပြော၍ မထိတထိပြုံးလိုက်လေ၏။
ငရဲထိန်းကြီးသည် သူ၏ခရင်းခွနဲ့ သူရဆီကိုလျှင်မြန်လွန်းလှသောအရှိန်နှင့် ပြေးထိုး၏။ သူရကညာလက်နှင့်ကာလိုက်သော်လည်း အကာရံကိုထိုးဖောက်၍ သူရမျက်နှာတည့်တည့်ကို ဝင်လာလေ၏။ သူရလည်း ဝုန်းခနဲဆိုသလိုပျောက်သွားကာ မီးဖိုဘေး၌ အေးအေးလူလူပြန်ပေါ်လာ၏။ “ငရဲထိန်းက အတော်စွမ်းတာပဲ။”ဟု ပြော၍ သူ၏ခေါင်းပေါင်းကိုချွတ်လိုက်သည့်အချိန် ငရဲထိန်းက ထက်မံတိုက်ခိုက်ရန်‌ပြေးလာ၏။ သူရကခေါင်းပေါင်းပုဝါကို ဆောင့်ခါချလိုက်သောအခါ ပုဝါထဲကနေ ဝုန်းခနဲဆိုသလို ရွှေရောင်ပညာစက်က ထွက်‌သွားပြီး ငရဲထိန်းအား အနောက်ကိုတွန်းထုတ်လိုက်လေ၏။
ငရဲထိန်းက ပြန်ထလာသည့်အချိန် သူရလည်း ခေါင်းပေါင်းပုဝါကို အရှည်လိုက်အတိုင်း ပစ်လွှတ်လိုက်၏။ ခေါင်းပေါင်းပုဝါထဲ‌ကနေ ရွှေအိုရောင်ကြိုးမျှင်များထွက်လာကာ ငရဲထိန်းတစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်ပစ်၏။ ထိုအခါကလေးမလေးက သူ၏ဂါထာကို အသံမာမာနှင့်ကျယ်လောင်စွာရွတ်လေ ငရဲထိန်းကပိုမိုရုန်းကန်လေဖြစ်တာကို သူရကသိလိုက်လေ၏။ သူ၏လက်ညိုးထိပ်၌ ရွှေအိုရောင်ပညာစက်သေးလေးစုကာ ထိုကလေးမလေးတည့်တည့်ပစ်လွှတ်လိုက်သောအခါ ကလေးမလေးက ကိုယ်ကိုယ်တစ်ပတ်လှည့်၍ရှောင်လိုက်သောကြောင့် ဘေးကိုထိမှန်သွား၏။ သို့သော် ဂါထာရွတ်တာရပ်သွားသောအခါ ငရဲထိန်းကပျောက်ကွယ်သွားလေ၏။
ထိုအခါကလေးမလေးသည် ဒေါသတွေအင်မတန်ကိုထွက်လာကာ သူ၏လက်ထဲကိုအရောင်မျိုးစုံနှင့် ပညာစက်များစုနေလေ၏။ ကလေးမလေးက ပညာစက်များစုနေချိန် လေများက ဝေါခနဲဝေါခနဲတိုက်ခိုက်လာ၏။ သူရက အခြေအနေကိုသဘောပေါက်ကာ ခွန်းသထံက သံကဝေရုပ်နှင့် သူ၏လွယ်အိတ်ထဲက နဂါးပတ်ကျော့ကွင်းကိုထုတ်ထားလိုက်၏။ ထို့နောက်ကဝေအချုပ်အင်းတော်ကြီးကိုပါ အရန်သင့်ထားထား၏။ ကလေးမလေးက ပညာစက်များအကုန်စုပြီးသောအခါ အရောင်အသွေးစုံလင်လှသည့် ပညာစက်လုံးကြီးနှင့် သူရထံကိုပစ်လွှတ်လိုက်၏။ ကဝေပညာစက်လုံးကြီး ပျံဝဲလာသည့်တလျှောက်ဘေးပတ်ဝန်းကျင်မီးလောင်ပြာကျကာ မြေကြီးပင်ကွဲအက်လာခဲ့သည်။ သူရကသံကဝေရုပ်လေးကို ပြန်ပြစ်လိုက်သောအခါ မီးကိုရေနှင့်ငြိမ်းလိုက်သလို သံကဝေရုပ်ထဲကနေ ရွှေရောင်ပညာစက်တွေထွက်လာကာ ကဝေပညာစက်လုံးကြီး ချိုးဖျက်ပြစ်လိုက်လေ၏။
ကဝေပညာစက်လုံးကြီးပျောက်သွားချိန်၌ သူရက နဂါးပတ်‌ကျော့ကွင်းနှင့်ကလေးမလေးကိုပစ်ကာ ကဝေအချုပ်အင်းတော်ကြီးနှင့်ပါ ထက်မံပစ်လွှတ်လိုက်၏။ ကလေးမလေးသည် လှုပ်မရပြုမရနှင့် တောင့်တောင့်ကြီးမတ်တပ်ရပ်နေချိန် သူရက အနားကိုလျှောက်သွားကာ ညာလက်ဖဝါးနှင့် ကလေးမလေးငယ်ထိပ်ကိုအုပ်မိုး၍ ဂါထာတစ်ပုဒ်ရွတ်လိုက်၏။ ကလေးမလေးကိုယ်ထဲကနေ အမဲရောင်အငွေ့တွေထွက်လာသည့်အခါ ချုပ်ထားသမျှဖြည်ပေးလိုက်တာနှင့် ကလေးမလေးက အဝါရောင်ကဝေပညာစက်ဘူးကို အန်ချလိုက်လေ၏။ သူရက ကဝေပညာဘူးကိုကောက်၍ လွယ်အိတ်ထဲထည့်ကာ ကလေးမလေးကိုကြည့်မိသောအခါ ဆံပင်များဖြူဖွေးလာပြီးအသားအရေများ ရွတ်တွလာကာ ‌တဖြည်းဖြည်းနှင့်အရိုးစုသဏ္ဍန်ပြောင်း၍ ပုံလျှက်သားမြေပြင်မှာ စုကြသွားလေ၏။ သူရသည် ထိုအရာကိုကြည့်၍ “သဗ္ဗေသတ္တာ ကမ္မသကာ။” ဟု ရေရွတ်ပြီးသည့်နောက် ထိုတောင်ပေါ်မှဆင်း၍ နောင်တစ်နေရာသို့ တပည့်နှစ်ဦးနှင့်အတူ ထွက်လာခဲ့လေတော့သတည်း။
~~~~~
ပြီးပါပြီ။
#စာပေချစ်သူများအားလေးစားလျှက်
#မိုးထွန်း(မကွေး)

Zawgyi Version

ကေဝကေလး (စ/ဆုံး)
—————————-
စုန္းကေဝပညာသည္ေတြဟာ ဘုရင္မင္းျမတ္ကို ပညာႏွင့္တဖုံ၊ လက္႐ုံးရည္ႏွင့္တဖုံ အမ်ိဳးမ်ိဳးေသာ လုပ္ႀကံသတ္ျဖတ္မႈေတြကို ႀကံစည္ခဲ့ၾကသည္။ ဘုန္းကံျမင့္မားလြန္းသည့္ ဘုရင္မင္းျမတ္အား သူတို႔ပညာမ်ားႏွင့္ တိုက္ရန္မျဖစ္ႏိုင္ေသာ္လည္း ေအာက္လက္ငယ္သား စစ္သည္ရဲမက္မ်ားကို ပညာႏွင့္ျပဳစား၍ ဘုရင္ကိုလုပ္ႀကံၾက၏။ သို႔ေသာ္လည္း ဘုရင္မင္းျမတ္၏ ဘုန္းကံေၾကာင့္ ေသကံမေရာက္ သက္မေပ်ာက္ေပ။ တစ္ခါ၌ ဘုရင္မင္းျမတ္ ပြဲေတာ္တည္မည့္ ဟင္းခြက္မ်ားထဲကို အဆိပ္တစ္မ်ိဳးခပ္လိုက္ၾကေသာ္လည္း ဘုရင္မင္းျမတ္ ပြဲေတာ္တည္မည့္အခ်ိန္ ဘယ္ကေပၚလာမွန္းမသိေသာ ေခြးပိန္ေလးတစ္ေကာင္က တဆာဆာ‌အူေနေသာေၾကာင့္ သဒၵါတရား ႀကီးမားလွေသာ ဘုရင္မင္းျမတ္သည္ သူအရင္မစားပဲ ထိုေခြးအားအရင္ခ်ေကြၽးလိုက္ေလ၏။
ေခြးပိန္ခမွ် ဘုရင္မင္းျမတ္ခ်ေကြၽးေသာ ၾကက္႐ိုးကိုစား၍ ေကာက္ကာငင္ကာ အေၾကာမ်ားဆြဲၿပီး အျမႇဳမ့္တစီစီႏွင့္ ထိုေနရာမွာတင္ ေသဆုံးသြားေလ၏။ ထိုအခ်င္းအရာအား ဘုရင္မင္းျမတ္ကျမင္ေလေတာ့ စားဖိုေဆာင္မႈးႏွင့္ ဟင္းပြဲျပင္ေသာ နန္းတြင္းသူ၊ နန္းတြင္းသားေတြကို ေရွ႕ေတာ္ေမွာက္ေခၚသြင္း၍ အမ်ိဳးမ်ိဳး စစ္ေမးေသာ္လည္း သူတို႔မဟုတ္ေၾကာင္း သစၥာေရေသာက္ျပသူႏွင့္ က်ိန္တြယ္ကာျပသူတို႔ေၾကာင့္ ဘုရင္မင္းျမတ္အခက္ေတြ႕ရရွာ၏။ ထိုစဥ္ နန္းေတာ္အတြင္းသို႔ ဘုရင္မင္းျမတ္ကိုးကြယ္ယုံၾကည္ေသာ ရေသ့ႀကီးဦးဝိမာလ ႂကြေရာက္လာခဲ့ေပ၏။
“ဒါကာဘုရင္မင္းျမတ္ အသင့္အား အဆိပ္ခပ္သတ္သူတို႔မွာ ဤနန္းေတာ္အတြင္းကမဟုတ္၊ သင္၏တိုင္းျပည္အျပင္ဘက္က မေကာင္းေသာပညာသည္ေတြက လုပ္လိုက္ျခင္းသာျဖစ္တယ္ ဒါကာဘုရင္မင္းျမတ္။”
“တင္ပါ့ဘရ‌ေသ့။ ဤသို႔ေလာေသခ်ာပါက ထိုပညာသည္မ်ားအား ဖမ္းစီး၍ ေတာင္စြယ္မွာ ေနမကြယ္ခင္ ေခါင္းျဖတ္သတ္ခိုင္းပါ့မယ္။”
“စိတ္ေလ်ာ့ပါဒါကာဘုရင္မင္းျမတ္ သင့္အေနနဲ႔ ထိုပညာသည္မ်ားအား သတ္လိုက္ပါက အသင့္၌ အကုသိုလ္ကံဝဋ္‌ေကြၽးေတြ မ်ားလွပါတယ္။ အသင္၏ဘုန္းကံက အလြန္ႀကီးမားတာမလို႔ သူတို႔မသတ္ႏိုင္ၾကပါဘူး။ ကံကံ၏အက်ိဳးအတိုင္း သူတို႔လည္း သူတို႔လုပ္ရပ္ေၾကာင့္ သူတို႔တန္ျပန္ထိပါလိမ့္မယ္။ အသင္၏အမ်က္ေဒါသကို ေလွ်ာ့ပါေလ။”
ရေသ့ႀကီးဦးဝိမာလစကားေၾကာင့္ ဘုရင္မင္းျမတ္လည္း စိတ္ေလွ်ာ့ၿပီး အမိန႔္ကိုျပန္႐ုတ္သိမ္းခဲ့သည္။ သို႔ေသာ္ ထိုပညာသည္မ်ားက ေနာင္တစ္ႀကိမ္ လုပ္ႀကံၾကခ်ိန္၌ ဘုရင္မင္းျမတ္၏ ဘုန္းတန္ခိုးအာႏုေဘာ္တို႔ေၾကာင့္ အထက္နတ္မ်ားက ၾကည့္မေနဝံ့ေတာ့ပဲ ထိုပညာသည္မ်ားကို ဆုံးမေလေတာ့၏။ အထက္နတ္မ်ားကို ပညာသည္မ်ား မခုခံႏိုင္ပဲ က်ဆုံးကုန္၏။ သို႔ေသာ္ ေသကံမပါသည့္ ယုဇနဆိုေသာ ဝမ္းတြင္းကေဝမေလးက ထြက္ေျပးႏိုင္ခဲ့၏။ နတ္မ်ားအေနႏွင့္ ထိုကေလးမေလးအား လိုက္လံဆုံးမျခင္း မျပဳေတာ့တာက ေနာင္အခါ၌ အမွားႀကီးတစ္ခုျဖစ္လာခဲ့ေလ၏။
&&& &&&
သူရသည္ ထိုအိပ္မက္ကို မက္၍ ႏိုးလာခဲ့၏။ သူ၏အျမင္အာ႐ုံအရ ယုဇနဆိုေသာ ကေလးမေလးသည္ ယခုအခ်ိန္ထိရွိေနေသးပါက သူ၏ပညာမ်ားႏွင့္ လူေတြကိုဒုကၡေပးႏိုင္ဖြယ္ရာ ရွိေန၏။ သို႔မဟုတ္ ေသဆုံးသြားတာလားျဖစ္ႏိုင္၏။ စဥ္းစားေတြးေတာၿပီး ဇရပ္ေပၚကေနဆင္း၍ ဇရပ္ႏွင့္အနီးက ေရတြင္း၌ ေျခလက္မ်က္ႏွာ သန႔္စင္လိုက္ေလ၏။ ထို႔ေနာက္ သူသည္ ဇရပ္ေပၚကိုျပန္တက္လာသည့္အခ်ိန္ ခြန္းသႏွင့္ေစာသက ျပန္ေရာက္လာၾကေလ၏။ ခြန္းသ၏လက္ထဲ၌ ငွက္ေပ်ာတစ္ခိုင္ပါသလို၊ ေစာသလက္ထဲ၌လည္း အုန္းသီးသုံးလုံးပါတာကို ျမင္လိုက္ရလွ်င္ျဖင့္ ကန္ေတာ့ပြဲထိုးရန္ ပစၥည္းမ်ားသြားဝယ္ျခင္းျဖစ္မည္ဟု ထင္လိုက္မိ၏။
“ဆရာေတာင္ႏိုးေနပါေရာ့ဗ်။” ဟု ေစာသကေျပာ၍ သူ၏အုန္းသီးမ်ားကို ေနရာတက်ထားလိုက္၏။
“ေအး ခုဏကပဲႏိုး‌တာ။ မင္းတို႔ကအုန္းသီး၊ ငွက္ေပ်ာသီးေတြနဲ႔ဆိုေတာ့ ဘာပြဲထိုးမလို႔လဲ။”
“ဒီလိုဆရာေရ က်ဳပ္တို႔႐ြာထဲကို လိုအပ္တာေတြသြားဝယ္တုန္း မိန္းမႀကီးတစ္ေယာက္ဆရာရယ္ အျမႇဳမ့္တစီစီနဲ႔လဲက်ေနတာဗ်။ ဘယ္သူကမွမကူတာနဲ႔ က်ဳပ္တို႔လည္း ေျပးထူၿပီးၾကည့္ေတာ့ ဝက္႐ူးျပန္ေနတာဆရာရ။ အဲဒါနဲ႔က်ဳပ္တို႔ညီအစ္ကိုႏွစ္ေယာက္လည္း တတ္သေလာက္ေလး အေၾကာေတြဘာေတြႏွိပ္ေပးလိုက္တာ သက္သာသြားပါ့ေရာ။ အဲဒီမိန္းမႀကီးက ေက်းဇူးတင္လို႔ဆိုၿပီး ပိုက္ဆံေပးတာ က်ဳပ္တို႔ကမယူေတာ့ သူ႔အိမ္ေခၚသြားၿပီး အုန္းသီးေတြငွက္ေပ်ာသီးေတြ ေပးလႊတ္လိုက္ၾကတာနဲ႔ က်ဳပ္တို႔လည္းယူလာခဲ့တာဆရာေရ။ ”
သူရက အနည္းငယ္ၿပဳံးလိုက္ၿပီး…
“ဘာအတြက္ေပးတာတဲ့တုန္း။” ဟုေမး‌လိုက္၏။ ထိုအခါခြန္းသက..
“က်ဳပ္လည္းအဲဒါကိုဘဝင္မက်တာဆရာ‌။ ဘာအတြက္ေပးတာတုန္းလို႔ေမးေတာ့ ဆရာေလးတို႔ ကန္ေတာ့ပြဲဘာညာထိုးေတာ့ မလိုေအာင္လို႔တဲ့။ ဆရာစဥ္းစားၾကည့္ က်ဳပ္တို႔ကဆရာေတြမွန္းသူကဘယ္လိုသိတုန္း။” ဟု ေဘာက္ဆတ္ဆတ္ႏွင့္ေျပာလိုက္ေသာအခါ ေစာသက..
“ငါတို႔အဝတ္အစားေတြ ၾကည့္ၿပီး ဆရာလို႔ေခၚတာေနမွာေပါ့ကြာ။”ဟု ‌ျပန္ေျပာေလ၏။ သူရသည္ ေစာသ၏အနားကိုကပ္သြားကာ ညာလက္သီးကိုဆုပ္၍ ဂါထာကို႐ြတ္ၿပီးသည့္အခါ ေစာသနဖူးကို လက္ဖေနာင့္ႏွင့္႐ိုက္ခ်လိုက္၏။ ေစာသက အေနာက္ကိုလန္က်မလိုျဖစ္သြားၿပီးမၾကာ ေစာသ၏အေနာက္၌ အရိပ္မဲေလးတစ္ခုက အေငြ႕ပ်ံ၍ေပ်ာက္သြားခဲ့၏။ ေစာသက သူရဆုံးမသည္ဟုထင္ကာ ‌ေတာင္းပန္၏။ ခြန္းသသည္ သူရအနားသို႔ကပ္သြားၿပီး…
“ဆရာ အဲဒါက…။” ဟု ေျပာ၍ ရပ္လိုက္လွ်င္ သူရကေခါင္းကိုညိမ့္ကာ..
“ဟုတ္တယ္ အဲဒါလမိုင္းကပ္သြားတာ။” ဟုေျပာလိုက္၏။
“ေစာသ။”
“ဗ်ာဆရာ။ ကြၽန္ေတာ္ဘာလုပ္မိမွန္းမသိေပမဲ့ ကြၽန္ေတာ္ဆရာမႀကိဳက္တာ ေနာက္မလုပ္ေတာ့ပါဘူး။”
“မဟုတ္ဘူးေစာသ၊ ငါမင္းကိုအျပစ္ေပးတာမဟုတ္ဘူး၊ ငါေမးတာ မွန္မွန္ေျဖစမ္း မင္းမေန႔ညကဘုရားမွာ ဘာေတြလုပ္လဲ။”
“မေန႔ညက ဘုရားမွာ သမထအရင္ထိုင္တယ္ဆရာ၊ တရားထိုင္ေနတုန္း ကြၽန္ေတာ္ေလဟာနယ္ထဲေရာက္သြားသလိုခံစားလိုက္ရတယ္၊ ခဏေနေတာ့ ကြၽန္ေတာ့္ေဘးကေန လူေလးလို႔ေခၚသံၾကားတာနဲ႔ မ်က္လုံးဖြင့္ၾကည့္ေတာ့ အဘိုးႀကီးတစ္ေယာက္ကို ေတြ႕လိုက္ပါတယ္။ အဲဒီအဘိုးႀကီးက မုတ္‌ဆိတ္ေမႊး၊ ႏႈတ္ခမ္းေမႊး အျဖဴ၊ ေခါင္းကဆံပင္ကလည္း အျဖဴႀကီးပဲဆရာ။ ကြၽန္‌ေတာ္က ဗ်ာအဘလို႔ေျပာေတာ့ ကြၽန္ေတာ့္လက္ထဲကို စိပ္ပုတီးတစ္ကုံးေပးတယ္။ ေပါက္ေျမာက္ေအာင္လုပ္ေနာ္လို႔ ေျပာၿပီး သူကေပ်ာက္သြားတယ္ဆရာ။ ကြၽန္ေတာ္လည္း ဘာမွန္းမသိေပမဲ့ အဲဒီပုတီးကိုၾကည့္ၿပီး စိပ္ၾကည့္ခ်င္လာတာနဲ႔ အရဟံႀကီးပဲ ၁၀၈ပတ္တိတ္စိပ္လိုက္တယ္။ အဲဒါပါပဲဆရာ။”
ေစာသက ေျပာရတာ ေမာသြား၍ ေရအိုးစင္ကေန ေရ‌တစ္ခြက္ခပ္ေသာက္လိုက္၏။ သူရက သူ၏မ်က္ေမွာင္က်ဳံ႕၍ တစ္စုံတရာစဥ္းစားေနရင္းကေန တစ္ခုခုကိုသိသြားသလို ၿပဳံးလိုက္ေလ၏။
“ေစာသ လာအုံး။ မင္းပုတီးပါယူခဲ့။”
ေစာသက သူ႔လြယ္အိတ္ထဲကေန ပုတီးကိုထုတ္၍ သူရကိုေပးလိုက္၏။
“ကြၽန္းနက္ပုတီးကို။ လက္စသတ္ေတာ့ မင္းရဲ႕ေရွးဘဝအႏြယ္ေတြက မင္းကိုဒီထပ္စြမ္းေအာင္ ကူညီေနၾကၿပီ။”
“နားမလည္ဘူးဆရာ။”
“ဒီလိုကြ။ ပုတီးလုပ္တဲ့ေနရာမွာ ပိေတာက္သား၊ ကြၽန္းသား၊ နံ႔သာ၊ ကြၽန္းနက္သားစတဲ့ ဟာေတြနဲ႔ ပုတီးလုပ္ၾကတယ္။ ဒါေပမဲ့ ဒီထဲမွာ ကြၽန္းနက္ပုတီးက တို႔လိုေလာကီဆရာေတြနဲ႔ တယ္ဟန္ၾကတယ္။ သူတို႔မွာကလည္း သဘာဝကေနရရွိထားတဲ့ ဓာတ္သေဘာေတြရွိတယ္။ ဒီလိုပုတီးမ်ိဳးကို လက္ကိုင္စြဲၿပီးစိပ္တဲ့ဆရာက သာမာန္ဆရာေတြကုမရတဲ့ ပေယာဂကို ေတာက္တစ္ခ်က္ခတ္႐ုံနဲ႔ ကုႏိုင္တယ္။ အဲဒါေၾကာင့္ မင္းရဲ႕ေရွးဘဝအႏြယ္ဝင္ေတြက ကြၽန္းနက္ပုတီးကိုေပးၿပီး သမာဓိအားကို ပိုထူေထာင္ေစခ်င္တာ။ မင္းအေနနဲ႔က ေစတစ္လုံးပိုင္နီးပါး ‌တိုးတက္လာပါၿပီ။ မင္းရဲ႕ပညာလမ္းပြင့္လင္းလာတဲ့အခ်ိန္မွာ လမိုင္းကပ္သြားတာ။ ၿပီးေတာ့ မင္းတို႔ကူညီခဲ့တဲ့ မိန္းမႀကီးက ပညာသည္ပဲ။”
“ဗ်ာ။ ဆရာကလည္း ႐ြာသူေလာက္ကေတာ့ ကြၽန္ေတာ္တို႔ သိႏိုင္ပါတယ္။”
“သူက႐ြာသူအဆင့္မွမဟုတ္တာ၊ ၇ႀကိဳးေဒၚခ်ိဳတဲ့ အဲဒီေဒၚခ်ိဳက သူ႔ပညာကို ဖြက္တတ္တယ္ကြ။ မင္းတို႔မေျပာနဲ႔ ငါေတာင္သူနဲ႔ေတြ႕ရင္ ပညာသည္မွန္းတန္းသိမွာမဟုတ္ဘူး။ အဲဒီေလာက္ထိကို သူ႔ပညာကိုဖြက္ၿပီး သိုသိုသိပ္သိပ္ေနတတ္တာ။”
“ဒါဆိုလည္းဆရာရယ္ သူ႔ကိုေခၚၿပီး ဆုံးမသင့္တာ ဆုံးမလိုက္ပါ့လား။”
“ေဒၚခ်ိဳက စုန္းေကာင္းတစ္ေယာက္ပါ။ မင္းတို႔တစ္ခုသိထားရမွာက စုန္းကေဝပညာကိုတတ္တိုင္းလည္း အကုသိုလ္ႀကီးလုပ္ေနၾကတာမဟုတ္ဘူး။ တခ်ိဳ႕က ကိုယ့္မိသားစု၊ ကိုယ့္ေဆြမ်ိဳး၊ ကိုယ့္အသိုင္းအဝိုင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ ဒီပညာကိုသင္ထားၾကတာ။ တခ်ိဳ႕မ်ားၾကေတာ့ ေမြးကတည္းက ပညာဘူးပါၾကၿပီး ကိုယ့္ကိုယ္ကိုယ္ ဝမ္းတြင္းပညာသည္မွန္းေတာင္မသိၾကဘူး။ ဒါေၾကာင့္ ဒီပညာတတ္တိုင္းမေကာင္းတာမဟုတ္ဘူး။ ေဒၚခ်ိဳဆိုစုန္းသာေျပာတာ ဘုရား၊ တရား၊ သံဃာၾကည္ညိဳတယ္။ အကုသိုလ္အလုပ္ေတြေရွာင္ၿပီး ဘုရားရွိခိုးတယ္၊ ေကာင္းမႈကုသိုလ္ေတြလုပ္တယ္။ ငါတို႔တာဝန္က ၇ရက္သားသမီးေတြကိုကယ္တင္ၿပီး သဘာဝတရားႀကီးကို ဆန႔္က်င္တဲ့သူေတြကို တားဆီးသင့္တာ တားဆီး၊ ဆုံးမသင့္တာဆုံးမဖို႔ပဲကြ။”
“ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္တို႔မွတ္ထားပါ့မယ္။ ဆရာ….. ၾကည့္ရတာ ေဒၚခ်ိဳေတာ့ က်ဳပ္တို႔ကိုပညာစမ္းၿပီထင္တယ္ဗ်ိဳ႕။ ဟိုမွာၾကည့္ၾကအုံး။”
‌ခြန္းသျပတာကိုၾကည့္လိုက္ေသာအခါ အုန္းသီးမ်ားက ေကာက္႐ိုးလုံးမ်ားျဖစ္သြားကာ၊ ငွက္ေပ်ာခိုင္က ထင္းကိုင္းေျခာက္ႀကီးျဖစ္သြားေလ၏။ သူရက ပါးခ်ိဳင့္အေသးေလးမ်ားေပၚသည္အထိၿပဳံးရယ္ကာ..”မင္းတို႔ ပညာစိတ္ႀကီးဝင္ေနမွာစိုးလို႔ ေဒၚခ်ိဳကပညာျပလိုက္တာကြ။”ဟု ‌ဆို၍ ဆရာတပည့္သုံးဦးသား ရယ္ေမာလိုက္ၾက၏။
ဤသို႔ျဖင့္ သူရတို႔သည္ ထိုဇရပ္ေပၚ၌သာ တရားထိုင္ျခင္း၊ အင္းစမေရးဆြဲျခင္းမ်ား ျပဳလုပ္လွ်က္ရွိကာ ေနေနၾက၏။ ညေနေမွာင္ရီပ်ိဳးခ်ိန္၌ ဇရပ္‌ကို မိန္းမႀကီးတစ္ေယာက္က ၿပဳံးၿပဳံး႐ႊင္႐ႊင္မ်က္ႏွာႏွင့္ ေတာင္းတစ္ခုကို႐ြက္၍ ေရာက္လာေလ၏။ ေစာသႏွင့္ခြန္းသက ထိုမိန္းမႀကီးကိုေတြ႕ေသာအခါ..
“ေဒၚခ်ိဳေရ က်ဳပ္တို႔ေနာက္တစ္ခါ ပညာစိတ္ႀကီးမဝင္ေတာ့ပါဘူးဗ်ာ ဘာမွမလုပ္နဲ႔ေတာ့ေနာ္။”ဟု ခြန္းသက ေနာက္ေျပာင္လိုက္သလို…
“‌ထိုင္ပါအုံးေဒၚခ်ိဳ။”ဟု ေစာသကႀကိဳဆိုေလ၏။ ေဒၚခ်ိဳကသူရကိုၾကည့္၍ …
“ဆရာေလးနဲ႔ တန္းတူေနရာမ်ိဳးမွာ ကြၽန္မထိုင္မရပါဘူး။ ဒီမွာဆရာေလးတို႔ညစာ စားလို႔ရေအာင္ ထမင္းနဲ႔အသီးအ႐ြက္ေၾကာ္ေတြလာပို႔တာပါ။”ဟုေျပာကာ ေတာင္းကိုဇရပ္ေပၚတင္လိုက္ေလ၏။ ေစာသႏွင္ခြန္းသက သူရကိုၾကည့္၍ ယူရႏိုးႏိုး၊ မယူရႏိုးႏိုးျဖစ္ေနၾက၏။ ေဒၚခ်ိဳက ေစာသႏွင့္ခြန္းသအျဖစ္ကိုသိသြားကာ..
“ယူပါဆရာေလးတို႔၊ မနက္က ကြၽန္မပညာစမ္းမိတာ ေတာင္းပန္ပါတယ္၊ ဒီတစ္ခါေတာ့ သာမာန္ဟင္းနဲ႔ထမင္းကို ေစတနာနဲ႔လာပို႔တာမလို႔ စိတ္ေျဖာင့္ေျဖာင့္နဲ႔သာစားႏိုင္ပါတယ္။” ဟု ေျပာေသာအခါ ေစာသႏွင့္ခြန္းသက သူရကိုၾကည့္လိုက္၏။ သူရကေခါင္းညိမ့္ျပမွသာလွ်င္ ယူလိုက္ေလ၏။ ေဒၚခ်ိဳက သူရကိုၾကည့္၍..
“ဆရာက ပါရမီရွင္ေမာင္သူရဆိုတာလား။” ဟု ေမးေလ၏။
“ဟုတ္ပါတယ္ အေဒၚ။ ကြၽန္ေတာ့္နာမည္သူရပါ။”
“ဆရာ့နာမည္ကို ကြၽန္မၾကားဖူးတာၾကာပါၿပီ။ အခုမွပဲ ေတြ႕ဖူးေတာ့တယ္။ ဆရာက ကြၽန္မတို႔ပညာသည္ေလာကမွာေတာ့ အေတာ္နာမည္ႀကီးပဲဆရာ၊ တခ်ိဳ႕ဆို ဆရာ့နာမည္ၾကားတာနဲ႔တင္ ပုန္းေနၾကၿပီ။ ဒါေပမဲ့ဆရာ သတိထားပါ၊ ဆရာ့ကိုသတ္ဖို႔ႀကံေနတဲ့ ပညာသည္ေတြကလည္းမနည္းဘူးဆရာ အေတာ္စြမ္းတဲ့ သူေတြပါ။”
“ဟုတ္ကဲ့ အခုလိုသတိေပးစကားေျပာၾကားတာ ေက်းဇူးတင္ပါတယ္ အေဒၚ။”
“ဒါနဲ႔ဆရာ့ကို ကြၽန္မ တစ္ခုထပ္ေျပာပါရေစ။”
“ဟုတ္ကဲ့ ေျပာပါအေဒၚ။”
“ရာစုႏွစ္မ်ားစြာ ဂူထဲမွာအိပ္ေပ်ာ္ေနတဲ့ ကေဝသခင္မေလး ႏိုးလာၿပီတဲ့ဆရာ။”
“အဲဒါဘာကိုေျပာတာလဲ မသိဘူး။”
“ကြၽန္မတို႔ေလာကက ဒ႑ာရီလိုလို၊ တကယ္လိုလို ဇာတ္လမ္းေလးကို အရင္ဆုံးေျပာျပပါ့မယ္ ဆရာ။ အေနာ္ရထာမင္းႀကီးလက္ထပ္က မင္းႀကီးကိုလုပ္ႀကံဖို႔ေခ်ာင္းေနတဲ့ ပညာသည္ေတြက အစုအေဝးနဲ႔ေနၾကတယ္ဆရာ။ ဘုရင္မင္းႀကီးကို သတ္ဖို႔မဆိုထားနဲ႔ ‌ဆံခ်ည္တစ္မွ်င္ကိုေတာင္ သူတို႔ရန္မမူႏိုင္ခဲ့ဘူး။ ဒါကလည္း ဘုရင္မင္းႀကီးရဲ႕ ဘုန္းတန္ခိုးေၾကာင့္ပါ။ အဲဒီလိုဘုရင္ကိုလုပ္ႀကံၾကေတာ့ အထက္နတ္ေတြကစိတ္ဆိုးၿပီး ပညာသည္ေတြကို ေခ်မႈန္းခဲ့တယ္ဆရာ။ အဲဒီထဲကမွ ကေလးမေလးတစ္ေယာက္က ထြက္ေျပးႏိုင္ခဲ့တယ္။ အဲဒီကေလးမေလးက ဝမ္းတြင္းပညာဘူးပါတဲ့ကေဝမေလးပါ။ ၿပီးေတာ့ သူ႔ဆီမွာ ပညာက်မ္းစာအုပ္ႀကီးလည္းပါလာခဲ့တယ္။ အဲဒီကေလးမေလးက သူ႔အေမအေဖေတြ မလုပ္ႏိုင္ခဲ့တဲ့အရာကို သူလုပ္ျပမယ္ဆိုၿပီး ပညာက်မ္းစာအုပ္ထဲကအတိုင္း အကုန္လိုက္လုပ္ခဲ့တယ္။ အဲဒီမွာ ဂူေအာင္းက်င့္ရင္းကေန အနည္းငယ္လြဲေခ်ာ္ၿပီး အိပ္ေပ်ာ္သြားတယ္။ ရာစုႏွစ္ေပါင္းမ်ားစြာ သူအိပ္ေပ်ာ္သြားတာေတာင္ မေသတဲ့အျပင္၊ သူ႔ခႏၶာကိုယ္ကလည္းအခုထိ ၁၅ႏွစ္အ႐ြယ္ကေလးမေလးသာသာပါပဲ။ အဲဒီဂူထဲမွာ ကေလးမေလးအိပ္ေပ်ာ္ေနတာကို ကေဝႀကီးတစ္ေယာက္ကေတြ႕ၿပီး ဒါက‌ ကေဝသခင္မေလးပဲလို႔ေျပာပါတယ္။ အိပ္ေပ်ာ္ေနတဲ့ ကေဝသခင္မေလးကို ပညာသည္ေတြ လက္ဆင့္ကမ္းၿပီးေစာင့္ေရွာက္လာၾကတယ္။ အခုအဲဒီကေဝသခင္မေလးက ႏိုးလာၿပီလို႔ေျပာေနၾကပါတယ္။ သခင္မေလးရဲ႕ ပညာကထက္ေသာမထက္ေသာ သူ‌ေတာ္ေတာ္ၾကာ အိပ္ေပ်ာ္သြားတာကိုသိၿပီး ေတာက္ခတ္လိုက္တာ နားစည္ကိုကြဲမတတ္ပဲတဲ့ဆရာ။ ”
“အခု အဲဒီကေဝသခင္မ‌ေလးက ဘယ္မွာလဲအေဒၚ။”
“စိတ္မရွိပါနဲ႔ဆရာ ကြၽန္မမွာ ဒီေလာက္ပဲ ေျပာျပခြင့္ရွိပါတယ္။ ကြၽန္မအေနနဲ႔ ဒီပညာတတ္ေျမာက္ထားတဲ့သူဆိုေတာ့ မေကာင္းတာမလုပ္ေပမဲ့ စည္းကမ္းေတြကိုလိုက္နာရပါတယ္ဆရာ။”
“ေကာင္းပါၿပီဗ်ာ ဒီေလာက္ေျပာျပတာကို ေက်းဇူးတင္ပါတယ္။”
“ဒါဆို သြားခြင့္ျပဳပါအုံးဆရာ ထမင္းေတာင္းကိုေတာ့ ကြၽန္မ မနက္မွပဲ လာယူပါ့မယ္။”
“ဟုတ္ကဲ့ပါ အခုလိုထမင္းေကြၽးတာကိုလည္း ေက်းဇူးတင္ပါတယ္။ ေက်းဇူးဆပ္ခြင့္ႀကဳံရင္ ကြၽန္ေတာ္ျပန္ဆပ္ပါအုံးမယ္။”
“မလိုတာဆရာရယ္ ကြၽန္မဆရာတို႔ကို ေစတနာနဲ႔ေကြၽးတာပါ၊ တျခားေမွ်ာ္မွန္းတာမရွိပါဘူး။ သြားလိုက္ပါအုံးမယ္ဆရာ။”
သူရ ေခါင္းညိမ့္ျပလိုက္ခ်ိန္၌ ေဒၚခ်ိဳက ျပန္သြားခဲ့ေလ၏။ ေဒၚခ်ိဳျပန္သြားေသာအခါ သူရတို႔ဆရာတပည့္သုံးဦးသည္ ထမင္းဟင္းမ်ားကို စားၾကေလ၏။ သူရက အရင္စစားမွသာလွ်င္ ေစာသႏွင့္ခြန္းသက လိုက္စားၾကေလ၏။ ထမင္းစားေနခ်ိန္၌ ေစာသက…
“ေဒၚခ်ိဳေျပာသြားတဲ့ ကေဝသခင္မေလးဆိုတာ အေတာ္စြမ္းပုံပဲေနာ္ဆရာ။ က်ဳပ္တို႔နဲ႔ တစ္ခါေလာက္ေတာ့ ေတြ႕ခ်င္စမ္းပါဘိဗ်ာ။” ဟု ရယ္ရယ္ေမာေမာေျပာေလ၏။ ခြန္းသက ထမင္းတစ္လုပ္ကို ပါးစပ္ထဲထည့္၍…
“ထူးေတာ့ထူးဆန္းသားေနာ္ဆရာ။ ဒီေလာက္ႏွစ္ေတြၾကာတာေတာင္ ခႏၶာကိုယ္ကထြားမလာဘူးဆိုေတာ့ ဒါေပမဲ့ ဒါကတကယ္လည္းဟုတ္ခ်င္မွဟုတ္မွာပါ။ ေဒၚခ်ိဳအစကေျပာတာၾကည့္ေလ သူတို႔ေလာကက ဒ႑ာရီလိုလို၊ တကယ္လိုလို လို႔ေျပာသြားတာ။” ဟု ေျပာေလ၏။ သူရကေတာ့ မည္သည့္တစ္ခြန္းမွ ဝင္ေရာက္ေျပာျခင္းမရွိ၊ ထမင္းကိုသာ ေအးေအးလူလူစား၍ သူ၏တပည့္ႏွစ္ဦးေျပာတာကို ေခါင္းညိမ့္ကာ‌နားေထာင္ေနခဲ့၏။ ထမင္းစားေသာက္ၿပီးၾကေသာအခါ အနည္းငယ္လွမ္းေလွ်ာက္ၾကၿပီး သမထ ထိုင္ၾကေလ၏။ သူရသည္ သမထထိုင္ေနခ်ိန္၌ ဝုန္းခနဲဆိုသလို မီးေလာင္ေနေသာ ႐ြာတစ္႐ြာကို ေတြ႕လိုက္ရ၏။ သက္ႀကီး႐ြယ္အိုးမ်ား၊ ကေလးသူငယ္မ်ားက မီးေလာင္ကြၽမ္း၍ ကူပါကယ္ပါ တဆာဆာေအာ္ငိုေနသံမ်ားႏွင့္ မီးေလာင္ကြၽမ္းၿပီးေသသြားသည့္ အေလာင္းမ်ားကိုေတြ႕လိုက္ရ၏။ မီးကလည္း သာမန္မီးမဟုတ္၊ အနက္ေရာင္မီးေတာက္မ်ား ေတာက္ေလာင္ေနျခင္းျဖစ္ေပ၏။ ထိုစဥ္ ႐ြာအျပင္၌ အနက္ေရာင္ဝတ္႐ုံလူငါးဦးႏွင့္ တစ္ကိုယ္လုံးဝါထိန္ေန‌သည့္ ဝမ္းဆက္ကိုဝတ္ထားေသာ ကေလးမေလးတစ္ဦးက လူေတြေျပးၾက၊ လႊားၾက၊ ေသဆုံးၾကတာကို ေသြးေအးေအးႏွင့္ရပ္ၾကည့္ေနတာကို သူရျမင္ေတြ႕လိုက္ရ၏။
သူရသည္ လူေတြ၏ ေအာ္ဟစ္ငိုေႂကြးသံေတြကို နားစဥ္ရင္း၊ ေသဆုံးၾကတာကို ျမင္ေတြ႕ရင္း မ်က္ရည္မ်ား အလိုလိုစီးဆင္းက်လာခဲ့၏။ ထိုအျမင္အာ႐ုံကြယ္ေပ်ာက္သြားခ်ိန္၌ ရ‌ေသ့ႀကီးတစ္ပါးေပၚလာခဲ့ၿပီး “ႀကိဳ႕ပင္စုေက်းေတာ္႐ြာ”ဆိုသည့္ ဆိုင္းဘုတ္ကေလးအား ျပ၍ ေပ်ာက္သြားခဲ့၏။ သူရသည္ သမထထိုင္ျခင္းကိုျဖဳတ္၍ ဇရပ္ေထာင့္၌သြားေရာက္ထိုင္ကာ ေကာင္းကင္ေပၚကို ေမာ့ၾကည့္လိုက္ေလ၏။ တိမ္မည္းမ်ားက ေကာင္းကင္ေပၚမွာ ေျပးလႊားေနတာကို လ၏အလင္းေရာင္ႏွင့္ ေကာင္းစြာျမင္ေန၏။
သူရကထိုအရာကိုၾကည့္၍…
“အေမွာင္ဖုံးလြမ္းသြားရင္ အလင္းကိုဘယ္လိုျပျပ မျမင္ႏိုင္ၾကေတာ့ဘူးပဲ။ အင္း အလင္းရွိရင္အေမွာင္ရွိတယ္။ ကုသိုလ္ရွိရင္ အကုသိုလ္ရွိတယ္။ ဒဂၤါးမတ္ေစ့လို ေခါင္းနဲ႔ပန္း ေက်ာျခင္းကပ္ေနၾကတာ။ ေက်ာျခင္းကပ္ေနမွေတာ့ အေနာက္ကိုလွည့္မၾကည့္သ၍ ဘယ္ဟာအဆိုး ဘယ္ဟာအေကာင္းလည္းမသိႏိုင္ၾကပဲ၊ ကိုလုပ္တာပဲ မွန္တယ္ထင္ေနၾကတာကို။ အေတာ္ကိုလည္းရႈပ္ေထြးလွပါ့လား။” ဟု တစ္ကိုယ္တည္း ေရ႐ြတ္မိေလ၏။ နံနက္လင္းေသာအခါ သူရသည္ သူ၏တပည့္ႏွစ္ေယာက္ကိုေခၚ၍ ေျမာက္ဘက္အရပ္ကို ခရီးထြက္လာခဲ့ေလ၏။ လမ္းတြင္ သစ္ပင္ႀကီးတစ္ပင္ကို လက္ႏွင့္ပုတ္၍ နတ္တစ္ပါးအား‌ေခၚယူ၍ “ႀကိဳ႕ပင္စုေက်း႐ြာ ဘယ္မွာရွိလဲ။”ဟုေမးၿပီး ထိုနတ္လမ္းျပလိုက္သည့္အတိုင္း ေလွ်ာက္လာခဲ့၏။
ညေန ေနမေဆာင္းမီအခ်ိန္၌ ႀကိဳ႕ပင္စုေက်းေတာ္႐ြာဟု ကမၼည္းထိုးထားေသာ ဆိုင္းဘုတ္ကေလးအေရွ႕သို႔ ေရာက္လာခဲ့ၾကသည္။ သူရသည္ ႐ြာကိုလွမ္းေမွ်ာ္ၾကည့္ေသာအခါ မည္သည့္ အေမွာင့္ပေယာဂကိုမွ မျမင္ရေပ။ စိတ္အတြင္းကေန ႀကိဳ႕ပင္စုေက်းေတာ္႐ြာ၏ ႐ြာေတာ္ရွင္ကို ပင့္လိုက္ၿပီးခဏအၾကာ သူရအ‌ေရွ႕ကို ေသွ်ာင္ထုံးေလးႏွင့္ ျမန္မာဝတ္စုံကိုဝတ္ဆင္ထားေသာ ကေလးတစ္ေယာက္ေပၚလာေလ၏။
“အသင္က ႐ြာေတာ္ရွင္လား။”
“ဟုတ္ပါတယ္။ က်ဳပ္နာမည္ဖိုးစံထူးပါ။ ဒီႀကိဳ႕ပင္စုေက်း႐ြာရဲ႕ ႐ြာေတာ္ရွင္ေပါ့။ ဆရာတို႔က ဘာကိစၥရွိလို႔လဲ။”
“သင့္အေနနဲ႔ ႐ြာထဲမွာ ပညာသည္အခ်ိဳ႕ဝင္ထြက္သြားလာတာ ေတြ႕မိလား။”
“ဟင့္အင္း က်ဳပ္႐ြာကိုဘယ္ပညာသည္မွ မဝင္ဘူး။ ဒါေပမဲ့ ဟိုးကေတာင္ေပၚမွာ ပညာသည္ေတြနဲ႔ကေလးမေလးတစ္ေယာက္ ေရာက္ေနတယ္လို႔ က်ဳပ္ဦးေလးကေျပာတယ္။ က်ဳပ္ကိုေတာင္ ဒီရက္ပိုင္းထဲ ေတာင္ေပၚမလာနဲ႔အုံးတဲ့ ဒီပညာသည္ေတြကအေတာ္စြမ္းတယ္လို႔ေျပာတာပဲ။”
“ေက်းဇူးတင္ပါတယ္။ ကြၽႏ္ုပ္တို႔ကို သြားခြင့္ျပဳပါအုံး။”
“ဟုတ္ကဲ့ပါဗ်။”
သူရသည္ ႐ြာေတာ္ရွင္ေလးဖိုးစံထူးေျပာသည့္အတိုင္း ေတာင္ဘက္ကိုဦးတည္ေလွ်ာက္လာခဲ့၏။ လမ္း၌ေစာသႏွင့္ခြန္းသကို အင္းစမမ်ား အကုန္ႏႈိးထားရန္ မွာၾကားလိုက္၏။
“အင္းေတြက ႏႈိးထားၿပီးပါၿပီဆရာ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အခုရင္ဆိုင္ရမဲ့ ပညာသည္က ဘယ္လိုအဆင့္မ်ိဳးလဲဆိုတာ သိပါရေစ။”ဟု ခြန္းသကေမးေလ၏။
“ခြန္းသေရ ေဒၚခ်ိဳေျပာတဲ့ ကေဝသခင္မေလးဆိုတာ တကယ္ရွိတယ္ကြ။ ေစာသ မင္းသိပ္ေတြ႕ခ်င္တဲ့ ကေဝသခင္မေလးကို ငါတို႔အခု ပညာၿပိဳင္ဖို႔သြားေနတာပဲ။” ဟု သူရကေျပာလိုက္ေသာအခါ ေစာသႏွင့္ခြန္းသခမွ် ပါးစပ္အေဟာင္းသား ျဖစ္သြားရရွာ၏။ ထို႔ေနာက္သူရသည္ သူ၏အိပ္မက္အေၾကာင္းကိုေျပာျပ၍ ထိုမိန္းကေလးက ကေဝသခင္မေလးျဖစ္ေၾကာင္း၊ သူ၏ေဘး၌ရွိေသာပညာသည္ေတြက ကေဝႀကီးေတြျဖစ္ေၾကာင္း၊ သည္တစ္ခါ ပညာၿပိဳင္ျခင္းသည္ မိမိတို႔အသက္ပါ ေသႏိုင္ေၾကာင္း ေျပာျပလိုက္၏။
“ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒီလိုရက္စက္တဲ့ပညာသည္ေတြကို မသုတ္သင္ၿပီးျခင္း မေသခ်င္ဘူးဆရာ။” ဟု ေစာသကေျပာသလို ခြန္းသကလည္း..
“အေၾကာင္းမဲ့ လူေပါင္းမ်ားစြာကိုသတ္ျဖတ္ၿပီး သူတို႔ကေအးေအးလူလူခရီးသြားႏိုင္တာကို အံ့ဩတာအမွန္ပဲဆရာ။ ကြၽန္ေတာ္သိခ်င္တာ သူတို႔ကဘယ္ကိုခရီးသြားေနတာလဲဆရာ။” ဟု ေမးေလ၏။
“မဟာၿမိဳင္ေတာကို။”
“ဗ်ာ… သူတို႔ကမဟာၿမိဳင္ေတာကို ဘာလုပ္ဖို႔ရွာေနတာလဲ။ အဲဒီလိုရွာေတာ့ေရာေတြ႕မွာမလို႔လား။”
“မဟာၿမိဳင္ေတာက အထက္ပုဂၢိဳလ္ေတြဆီကေန ကမာၻပ်က္တာေတာင္ မေသႏိုင္တဲ့ေဆးကိုေတာင္းဖို႔ပဲ။ တကယ္ေတာ့ သူတို႔အယူေတြလြဲေနၾကတာ၊ အဲဒီလိုေဆးမ်ိဳးက မရွိဘူး။ မဟာၿမိဳင္ေတာဆိုတာ သူေတာ္ေကာင္းတို႔တရားက်င့္ႀကံရင္း ေနာင္ပြင့္မယ့္ဘုရားကို ဖူးေမွ်ာ္ဖို႔ ေစာင့္ေနတဲ့ေနရာ သူတို႔လို မိစာၦအတတ္ပညာနဲ႔ သူေတြက ေတြ႕ႏိုင္မတဲ့လား။ ငါတို႔ကိုအထက္ပုဂၢိဳလ္ႀကီးေတြက ဒီပညာသည္ေတြကို ဆုံးမဖို႔တာဝန္ေပးလိုက္ၿပီ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ဆုံးမရမွာပဲ” ဟု သူရ၏ အနည္းငယ္မာေၾကာသြားေသာေလသံေၾကာင့္ ေစာသႏွင့္ခြန္းသတို႔ ထပ္အံ့ဩမိျပန္၏။ သူရေနာက္ကို သူတို႔လိုက္ခဲ့သည့္တေလွ်ာက္ မည္သည့္လူကိုမဆို၊ မည္သည့္ပုဂၢိဳလ္၊ မည္သည့္႐ိုင္းစိုင္းတဲ့ပညာသည္ကိုမဆို တည္ညိမ္ၾကည္လင္ေအးခ်မ္းလွေသာ အသံႏွင့္သာေျပာေသာသူရက ယခုအခါ ေလသံမာေနေသာေၾကာင့္ ဤတစ္ခါပညာသည္မ်ားသည္ အေတာ္ကို ယုတ္မာ႐ိုင္းစိုင္းၾကသည့္ ပညာသည္မ်ားျဖစ္မည္ဟု မွတ္ခ်က္ခ်လိုက္ၾက၏။
သူရတို႔သည္ ေတာင္ေပၚကိုစတင္တက္လာခဲ့ၾကေတာ့သည္။ ေတာင္ခါးေစာင္းသို႔မေရာက္ခင္အလို၌ သူရသည္ သစ္ပင္ေပၚမွာ ေနရာလပ္မရွိေအာင္ ငုတ္တိုင္ထိုင္ေနၾကေသာ မ်က္လုံးနီနီ၊ အရိပ္မဲႀကီးမ်ားႏွင့္ ပရေလာသားမ်ားကို ေတြ႕လိုက္ရ၏။ ေရွ႕ဆက္တိုးလာေသာအခါ ထိုပရေလာကသားမ်ားက သစ္ပင္ေပၚကေန ခုန္ဆင္းလာခဲ့ၾကသည္။ သူရက ညာလက္ကိုဆန႔္တန္း၍ ေဝွ႔ရမ္းလိုက္ေသာအခါ ပ‌ရေလာကသားမ်ားေပ်ာက္ကြယ္သြား၏။ “ငါတို႔လာမွာကို ႀကိဳသိလို႔ သူတို႔ပညာနဲ႔ဖန္ဆင္းထားတဲ့ ပုံရိပ္ေယာင္ပရေလာက‌သားေတြပဲ။ သတိရွိရွိေနၾက အခုကစၿပီး ငါတို႔ဘယ္နားကလာေနတယ္ဆိုတာ သူတို႔သိသြားၾကၿပီ။”ဟု တပည့္ႏွစ္ဦးကိုသတိေပး၍ ဆက္လက္တက္လာခဲ့ၾက၏။
သူရတို႔ေတာင္ေပၚကိုဆက္လက္ တက္လာၾကခ်ိန္၌ တ႐ႊီ႐ႊီႏွင့္ ေႁမြဆိုးမ်ားတြန္သံကို ေနရာေပါင္းစုံကေန ၾကားလိုက္ရေသာအခါ သူရတို႔ဆရာတပည့္သုံးဦး တုံ႔ခနဲရပ္သြားကာ အသံမ်ားကိုေသခ်ာနားေထာင္ေန၏။ ေစာသသည္ သူ၏လြယ္အိတ္ထဲကေန ပညာအတိုက္ဖ်က္အင္းကိုထုတ္၍ ဂါထာစုပ္ကာ ေလေပၚကိုပစ္တင္လိုက္ေလ၏။ ပညာအတိုက္ဖ်က္အင္းက ေလေပၚမွာ အစိတ္စိတ္အမႊာမႊာကြဲထြက္လာၿပီး အင္းထဲကေန ေ႐ႊေရာင္ပညာစက္မ်ားက ဝုန္းခနဲဆိုသလို အရပ္ေလးမ်က္ႏွာအား ျဖန႔္က်ဲသြားေသာအခါ ေႁမြဆိုးတြန္သံမ်ားကို မၾကားရေတာ့ေပ။
သူရတို႔ေျခလွမ္းႏွစ္ဆယ္ခန႔္လွမ္းအၿပီးမွာ ဝတ္႐ုံအနက္ႏွင့္ လူႏွစ္ေယာက္က သူရတို႔အေရွ႕ကို ေလေပၚကေန ဆင္း၍ ေရာက္ခ်လာခဲ့၏။ ထိုဝတ္႐ုံအနက္ႏွင့္လူႏွစ္ဦးက ဝတ္႐ုံကိုခြၽတ္ခ်လိုက္ေသာအခါ အသက္၅၀ ဝန္းက်င္လူႀကီးႏွစ္ဦးျဖစ္ေန၏။ သူတို႔သည္ သစ္႐ြက္ေျခာက္မ်ားကို ေကာက္ယူ၍ တညီတညာတည္း ျဖန႔္က်ဲခ်လိုက္ေသာအခါ သစ္႐ြက္မ်ားက လင္းႏို႔အုပ္ႀကီးျဖစ္သြားၿပီး သူရတို႔ဆီတရွိန္ထိုးပ်ံသန္းလာၾက၏။ ေစာသႏွင့္ခြန္းသက အေရွ႕ကိုတိုး၍ အဆင္သင့္ထုတ္ထား‌ေသာ အင္းႏွစ္ခ်ပ္ကို ျပန္ပစ္လိုက္ေသာအခါ အင္းခ်ပ္ႏွစ္ခ်ပ္က လင္းႏို႔အုပ္ၾကားထဲေရာက္သြားၿပီး ဝုန္းခနဲဆိုသလို မီးမ်ားထေတာက္၍ ျပာက်သြားခဲ့၏။
လူႀကီးႏွစ္ဦး၏မ်က္ႏွာက ခက္ထန္လာကာ သူတို႔၏ ပညာစက္ကိုလက္မွာစု၍ ပစ္လႊတ္လိုက္၏။ ေစာသႏွင့္ခြန္းသက အကာအကြယ္အင္းကို ကိုယ္စီထုတ္ကာ ကာလိုက္ေသာေၾကာင့္ ကေဝ‌ပညာစက္မ်ားက အကာအရံကိုထိ‌၍ ဝုန္းခနဲျမည္ၿပီး ေပ်ာက္သြားခဲ့၏။ လူႀကီးႏွစ္ဦးသည္ သူတို႔၏ လက္ကိုကိုက္ကာ က်လာေသာသြားမ်ားအား နဖူး၌လိမ္း၍ ဂါထာ႐ြတ္လိုက္ေသာအခါ ေလေတြဝုန္းခနဲတိုက္လာ၏။ သူရသည္ ေလထဲ၌ ပညာစက္မ်ားက ဓားတစ္လက္လို ပါေနတာကိုျမင္သြားကာ ‌လက္အုပ္ခ်ီ၍ တစ္စုံတရာကို႐ြတ္ဖတ္ၿပီး လက္ႏွစ္ဖက္ကို လူႀကီးႏွစ္ဦး၏တည့္တည့္ကိုထားကာ ေဆာင့္တြန္းလိုက္ေလ၏။ လူႀကီးႏွစ္ဦးက ဝုန္းခနဲဆိုသလို အေနာက္ကိုလြင့္သြားၿပီး ေက်ာက္ေတာင္ႏွင့္ေခါင္း႐ိုက္မိ၍ ေသဆုံးသြားၾက၏။ တိုက္ခတ္ေနေသာေလမ်ားကလည္း ညိမ္သက္သြားခဲ့၏။ လူႀကီးႏွစ္ဦး ေသဆုံးၿပီးခဏအၾကာ၌ ငရဲမီးေတာက္က ဝါးမ်ိဳသြားခဲ့ေလ၏။
တျဖည္းျဖည္းႏွင့္ ေနေရာင္ကြယ္ေပ်ာက္သြား၏။ လျပည့္ေန႔ျဖစ္တာေၾကာင့္ လ၏အလင္းေရာင္ႏွင့္ သူရတို႔အနည္းငယ္ျမင္ရေသာ လမ္းကေလးအတိုင္း ေလွ်ာက္လာၾကခ်ိန္ ေဝါ!!ေဝါ!!ေဝါ!! ဆိုေသာ ေတာၿပိဳေသာအသံမ်ားကို ၾကားရ၍ အသံလာရာသို႔လွည့္ၾကည့္လိုက္ေသာအခါ ဧရာမေႁမြႀကီးမ်ားက ေခါင္းေပၚမွအခြၽန္တက္ႀကီးႏွစ္ခုႏွင့္ သူရတို႔ဘက္ကိုလာေနေလ၏။ သူရတို႔ကိုျမင္တာႏွင့္ စတင္တိုက္ခိုက္ေလ၏။ သူရသည္ လက္ကိုေရွ႕ဆန႔္ထုတ္ကာ ေႁမြႀကီးမ်ားကို တြန္းထုတ္လိုက္၏။ ေႁမြႀကီးမ်ားကျပန္ထလာၿပီး သူရတို႔ကိုအစြယ္နဲ႔လွမ္းေပါက္ခ်ိန္ ေစာသႏွင့္ခြန္းသက အကာကြယ္အင္းႀကီးမ်ားကိုထုတ္၍ ကာလိုက္ၾကသည္။ ေႁမြႀကီးမ်ားက အကာရံကို ကိုယ္လုံးျဖင့္တိုက္လိုက္၊ အျမႇီးျဖင့္႐ိုက္လိုက္၊ ေခါင္းျဖင့္တိုက္လိုက္ႏွင့္ အကာရံကိုခ်ိဳးေဖာက္ၾက၏။ သူရသည္ လြယ္အိတ္ထဲကေန ဂဠဳန္အ႐ုပ္ကေလးတစ္႐ုပ္အားထုတ္၍ ဂါထာမႏၲာန္စုပ္ကာ ေလေပၚသို႔ပစ္တင္ၿပီး ကိုယ္ခြဲဂါထာကို ထက္မံ႐ြတ္လိုက္ေသာအခါ ဂဠဳန္႐ုပ္ကေန ပုံစံတူ အ႐ုပ္မ်ားခြဲထြက္၍ တျဖည္းျဖည္းႀကီးလာၾက၏။
ဂဠဳန္မ်ားကအသက္ဝင္လာၾက၏။ ဂဠဳန္ေတြကိုျမင္ေသာအခါ ေႁမြႀကီးမ်ားသည္ လန႔္ျဖန႔္သြားၾကကာ ေျပးၾကေလ၏။ သို႔ေသာ္ ဂဠဳန္မ်ားကအလြတ္မေပး၊ သူတို႔ေျခသည္းမ်ားႏွင့္ကုတ္၍ခ်ီကာ ေလေပၚ၌ သတ္ျဖတ္လိုက္ၾက၏။ ေႁမြႀကီးမ်ားအကုန္ေပ်ာက္သြားခ်ိန္ ဂဠဳန္ေတြလည္းေပ်ာက္သြားကာ ဂဠဳန္အ႐ုပ္ကေလးတစ္‌႐ုပ္သာ သူရလက္ထဲျပန္ေရာက္လာ၏။ သူရတို႔သည္ ဆက္လက္ေလွ်ာက္လာခဲ့၏။ မိနစ္ႏွစ္ဆယ္ခန႔္အၾကာ၌ ဂူႀကီးတစ္ဂူေရွ႕၌ မီးဖို၍ ထိုင္ေနၾကေသာ ဝတ္႐ုံနက္ႏွင့္ လူႏွစ္ဦး၊ အဝါေရာင္ေတာက္လွေသာ ျမန္မာဝမ္းဆက္ကိုဝတ္ဆင္ထားသည့္ ကေလးမေလးတစ္ဦးအား ေတြ႕ျမင္လိုက္ၾကရ၏။
ေစာသႏွင့္ခြန္းသသည္ ဤကဲ့သို႔အျပစ္ကင္းစင္ေသာ မ်က္ႏွာႏွင့္ကေလးမတစ္ဦးက ကေဝသခင္မေလးတစ္ဦးျဖစ္ကာ ရက္စက္ယုတ္မာ႐ိုင္းစိုင္းသည္ဟု တျခားလူမ်ားကိုေျပာလွ်င္ ယုံၾကမည္မဟုတ္ေၾကာင္း ေတြးမိလိုက္ၾက၏။
ကေလးမေလးက သူရတို႔ကိုျမင္ေသာအခါ အံ့ဩျခင္း၊ ထိတ္လန႔္ျခင္း၊ ေၾကာက္႐ြံ႕ျခင္းမရွိ၊ ေအးစက္စက္ႏိုင္လာေသာ မ်က္လုံးမ်ားႏွင့္ အသက္မဲ့ေသာအၿပဳံးအားၿပဳံး၍ ထိုင္ရာကေနထလိုက္ေသာအခါ ေဘးနားကလူႏွစ္ဦးကလည္း ထလာခဲ့ၾက၏။ ထိုကေလးမေလးက သူရကိုၾကည့္၍…
“ငါ၏ေရွ႕‌ေမာက္ေတာင္ ေရာက္လာႏိုင္တဲ့ သင္တို႔ကို အသိမွတ္ျပဳပါတယ္။ သင္တို႔၏ပညာအား အသိမွတ္ျပဳသည့္အေနႏွင့္ ဆုလာဒ္ႏွစ္ခုေပးသနားမယ္။ သင္တို႔၏အသက္အား ငါ့ထံေပးအပ္မလား၊ လာရာလမ္းအတိုင္းလွည့္ျပန္မလား။” ဟု ေရွးသုံးနန္းသုံးေလသံႏွင့္ သူရကိုၾကည့္၍ ေျပာေလ၏။ သူရက မ်က္ေမွာင္ကိုက်ဳံ႕လိုက္သည့္အခါ ထိန္ထိန္သာလင္းလွ်က္ရွိေသာေကာင္းကင္က အေမွာင္ဖုံးလႊမ္းသြား၏။
“သင္၏လုပ္ရပ္ေတြကို တားၿပီး သင့္လိုရက္စက္ယုတ္မာေနတဲ့ ကေဝမတစ္ေကာင္ကို ကြၽႏ္ုပ္သုတ္သင္ဖို႔ေရာက္လာရတာပဲ။ သင့္အေနႏွင့္ ပညာမ်ားကိုအသာတၾကည္လႉမလား၊ မခ်ိမဆန႔္ေဝဒနာခံစားၿပီးမွ လႉမလား ႀကိဳက္ရာကိုေ႐ြးခြင့္ရွိတယ္။”
“တယ္ ငါလိုသခင္မေလးအား ႐ိုင္းျပစြာေျပာဆိုဝံ့သလားေဟ့၊ ဟဲ့ဘသက္နဲ႔စံျမ သည္ငမိုက္သားေတြကို အေသသတ္ၾကစမ္း။”
ထိုကေလးမေလးဆီက အမိန႔္ရတာႏွင့္ ေဘးနားက လူႏွစ္ဦးက အစိမ္းေရာင္ပညာစက္၊ အနီေရာက္ပညာစက္ႏွင့္ ပစ္ေလ၏။ သူရက ထိုပညာစက္မ်ားကို ညာလက္ျပန္ႏွင့္႐ိုက္ခ်လိုက္ေသာအခါ ပညာစက္မ်ားက ေဘးကိုလြင့္စင္သြားကာ သစ္ပင္မ်ားကိုထိမွန္၍ တဝုန္းဝုန္းျမည္ကာ သစ္ပင္ႀကီးမ်ားလဲကုန္ၾက၏။ ထိုအခါ ဘသက္ႏွင့္စံျမဆိုသူတို႔က ဂါထာမႏၲာန္မ်ားကို က်ယ္ေလာင္စြာ႐ြတ္ဖတ္လိုက္သည္။ ခဏအၾကာ၌ အေမွာင္ထဲကေန ‌အေပၚပိုင္းခႏၶာကိုယ္သာပါၿပီး ေအာက္ပိုင္းက အနက္ေရာင္အခိုးေငြ႕မ်ားႏွင့္ မိစာၦမ်ားက လက္ထဲမွာ ဓားေကာက္အရွည္ႀကီးတစ္ေခ်ာင္းကို လက္ႏွစ္ဖက္ကကိုင္၍ ေလေပၚ၌ပ်ံသန္းကာ ေရာက္လာၾက၏။
ထို႔ေနာက္ သူရတို႔ဆီကို ေလေပၚ၌ပ်ံသန္း၍လာၾကကာ အနားသို႔ေရာက္တာႏွင့္ ဓားမ်ားလႊဲ၍ခုတ္ပိုင္းၾကသည္။ သို႔ေသာ္ ေ႐ႊအိုေရာင္အကာရံမ်ားေပၚလာကာ အကာရံကိုသာ ခြၽမ္ခနဲျမည္ေအာင္ ထိကုန္ၾက၏။ သူရသည္ အင္းတစ္ခ်ပ္ကိုထုတ္၍ ေလေပၚသို႔ပစ္တင္လိုက္ေသာအခါ ဓား၊ လွံ၊ ေလး၊ ‌ျမႇားကိုင္ေဆာင္ထားၾကေသာ ဂိုဏ္းေစာင့္ပုဂၢိဳလ္မ်ားက အင္းခ်ပ္ထဲကေနထြက္လာၾကၿပီး မိစာၦမ်ားႏွင့္ တိုက္ခိုက္ၾက၏။ မိစာၦမ်ားက ေလေပၚ၌ပ်ံသန္း၍ တိုက္ခိုက္ၾကသလို၊ ဂိုဏ္းေစာင့္ပုဂၢိဳလ္မ်ားကလည္း လိုက္ခံတိုက္ခိုက္ၾက၏။ သို႔ေသာ္ ဂိုဏ္းေစာင့္ပုဂၢိဳလ္မ်ားက အေရးနိမ့္ေနတာကို သူရကျမင္သည့္အခါ စိတ္အတြင္းကေန နတ္ဘီလူးညီေနာင္အား တလိုက္ေလ၏။ သူရအေရွ႕၌ ခႏၶာကိုယ္ႀကီးမားလွေသာ နတ္ဘီလူးညီေနာင္က ဆူးတင္းပုတ္ႀကီးမ်ားကိုကိုင္၍ ေပၚလာခဲ့၏။
ဘီလူးညီေနာင္က အေျခအေနကိုသေဘာေပါက္သည့္အလား ဆူးတင္းပုတ္ႀကီးႏွင့္ မိစာၦမ်ားကို တိုက္ခိုက္ေလ၏။ မိစာၦကိုမထိပဲ ေျမျပင္ကိုထိေသာအခါ ေျမႀကီးပင္ကြၽံ၍ သိမ့္ခနဲတုန္တုန္သြားေလ၏။ ဘီလူးညီေနာင္၏တန္ခိုးဣဒၶိပါဒ္ေၾကာင့္ မိစာၦမ်ား အခိုးေငြ႕မ်ားအျဖစ္ ေပ်ာက္သြားၾက၏။ ထိုအခါ ဂိုဏ္းေစာင့္ပုဂၢိဳလ္ႏွင့္ ဘီလူးညီေနာင္တို႔သည့္ ကေဝကေလးမေလးႏွင့္ ဝတ္႐ုံအနက္ႏွင့္ လူတို႔ဆီကိုေျပးဝင္တိုက္ၾကေလ၏။ ဝတ္႐ုံအနက္ႏွင့္လူႏွစ္ဦးက ကေလးမေလးေရွ႕ကေန ကာလိုက္ၾကကာ ပညာစက္မ်ားႏွင့္ ဂိုဏ္းေစာင့္ပုဂၢိဳလ္မ်ားကို ပစ္လိုက္ေသာေၾကာင့္ ဂိုဏ္းေစာင့္ပုဂၢိဳလ္မ်ားက ျမဴမႈန္မ်ားအျဖစ္ေပ်ာက္သြားၾကေလ၏။ ဘီလူးညီေနာင္ကို ပညာစက္ႏွင့္ပစ္ေသာအခါ ဘီလူးညီေနာင္က တင္းပုတ္မ်ားႏွင့္ကာ၍ တင္းပုတ္ႏွင့္ထုလိုက္သည့္အခ်ိန္ ကေလးမေလးလက္ကေန အစိမ္းေရာင္ပညာစက္မ်ားထြက္လာခဲ့၏။ သူ၏လက္ကိုအေပၚေျမႇာက္လိုက္ေသာအခါ ပညာစက္မ်ားက တင္းပုတ္ကိုရစ္ပတ္၍ ဘီလူးညီ‌ေနာင္ကို ခ်ဳပ္ထားလိုက္ေလ၏။
ထိုကေလးမေလးက တြန္းထုတ္လိုက္ေသာအခါ ဘီလူးညီေနာင္သည္ အေဝးကိုလြင့္ကာ ေပ်ာက္သြားၾက၏။ ထိုအခါ အနက္ေရာင္ဝတ္႐ုံႏွင့္ လူႏွစ္ဦးက သူတို႔၏ပညာစက္မ်ားကို အကုန္စု၍ ပစ္လႊတ္လိုက္၏။ ေစာသႏွင့္ခြန္းသကလည္း အေစာတည္းက ႏႈိးထားေသာ ကေဝစက္ဖ်က္အင္းေတာ္ႀကီးႏွင့္ ေလာင္မီးျပာက်အင္းကို ျပန္ပစ္လိုက္၏။ အင္းခ်ပ္မ်ားက ကေဝပညာစက္မ်ားႏွင့္ ထိေသာအခါ ကေဝပပညာစက္မ်ားအကုန္ေပ်ာက္သြားၿပီးခဏအၾကာ ဝတ္႐ုံအနက္ႏွင့္လူႏွစ္ဦးသည္ ခႏၶာကိုယ္မွာမီးမ်ားထေတာက္ေလာင္ေသာေၾကာင့္ အသံနက္ႀကီးမ်ားႏွင့္ေအာ္ကာ ျပာျဖစ္သြားခဲ့ၾက၏။ ကေလးမေလးသည္ ထိုသူတို႔ေသဆုံးသြားတာကို ၾကည့္၍ သူရဘက္ကိုေအးစက္စက္မ်က္ႏွာေပးႏွင့္ ျပန္လွည့္လာ၏။
“သင္တို႔ ကြၽႏ္ုပ္လိုသခင္မနဲ႔ ပညာၿပိဳင္ဖို႔ထိုက္တန္ပါတယ္ေလ။ သင္တို႔ပညာက ကြၽႏ္ုပ္ရဲ႕ပညာေတြကို ခုခံႏိုင္ရင္ခုခံၾကည့္ပါအုံး။”
အထက္ပါအတိုင္းေျပာၿပီး ထိုကေလးမေလးက သူ၏လက္ေကာက္ဝတ္ကို လွပစြာလွည့္ကာ လက္ေခ်ာင္းထိပ္မ်ားက ပညာစက္မ်ားႏွင့္ တစ္ခုျခင္းစီပစ္လႊတ္ေန၏။ သူရသည္ “‌ကေဝ့လက္ခ်ိဳးနဲ႔ပညာပဲ။”ဟု ႏႈတ္ကေရ႐ြတ္၍ သူ၏တပည့္ႏွစ္ဦးအား ေနာက္ကိုအသာဆြဲ၍ ညာလက္ဖဝါးႏွင့္ ပညာစက္မ်ားကို ကာထားေလ၏။ ကေလးမေလးသည္ ေျမႀကီးကိုလက္ႏွင့္ပုတ္၍ တစ္ခုခုအား႐ြတ္လိုက္ေသာအခါ ေျမႀကီးထဲကေန အစိမ္းေရာင္ေတာက္လွေသာ ဆူးခြၽန္မ်ားႏွင့္ႏြယ္ေတြက သူရဆီကို ေျမႀကီးထဲကေန ျမဳပ္ခ်ည္ေပၚခ်ည္နဲ႔ တိုးလာေလ၏။ သူရက ညာဖေနာင့္ကိုေပါက္ခ်လိုက္ေသာအခါ အကုန္ေပ်ာက္သြားေလ၏။ ထိုကေလးမေလးက မဲ့ၿပဳံးေလးၿပဳံး၍ သူ၏ဆံပင္ကိုျဖည္ခ်လိုက္ေသာအခါ ဆံပင္မ်ားက ေျမႀကီးႏွင့္ထိလုနီးပါး‌ရွည္ေန၏။
သူ၏ဆံပင္မ်ားကိုလက္ႏွင့္ကိုင္၍ သူရကိုၾကည့္ကာ တစ္ခုခုေျပာလိုက္တာႏွင့္ ဆံပင္မ်ားက ေႁမြအုံလိုက္ႀကီးျဖစ္သြား၏။ အျမႇီးမ်ားက ကေလးမေလးေခါင္း၌ တြယ္ကယ္ၿပီး ‌ေခါင္းမ်ားက ေအာက္ကိုတြဲေလာင္းက်လွ်က္ရွိ၏။ ကေလးမေလးက ေခါင္းကိုခါထုတ္တာႏွင့္ ေႁမြမ်ားကရွည္သြားၿပီး အရွိန္ႏွင့္ သူရထံကို ပါးစပ္ႀကီးဟလွ်က္ဝင္လာၾက၏။ သူရကညာလက္ကိုဆန႔္၍ ဟဲ့ခနဲေငါက္ကာ ျပန္တြန္းလိုက္ေသာအခါ ဆံပင္မ်ားအျဖစ္ျပန္ေျပာင္းသြား၏။ ကေလးမေလးသည္ မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းအစုံႏွင့္ သူရကိုၾကည့္၍ လက္သီးဆုပ္၍ျဖန႔္ခ်လိုက္ေသာအခါ အနက္ေရာင္မီးေတာက္မ်ားက သူ၏လက္၌ေတာက္ေလာင္ေန၏။ သူရက ထိုအရာကိုျမင္သည့္အခါ၌” မဟူရာမီးေတာက္စက္ပဲ။” ဟုေရ႐ြတ္၍ လြယ္အိတ္ထဲက‌ေန အင္းတစ္ခ်ပ္ကိုထုတ္ၿပီး အဆင္သင့္ကိုင္ထားလိုက္၏။
ခြန္းသ‌ႏွင့္ေစာသကေတာ့ အကာအင္းမ်ားကိုတစ္‌ေယာက္ကကိုင္၍ သံကေဝ႐ုပ္ေလးကို တစ္ေယာက္ကထုတ္ထားကာ သူရအေနာက္ကေန ရပ္ၾကည့္ေနၾက၏။ ကေလးမေလးသည္ မဟူရာမီးေတာက္မ်ားႏွင့္ သူရထံကိုအားကုန္လႊဲပစ္လိုက္ေသာအခါ သူရကလည္း အင္းခ်ပ္ႏွင့္ျပန္ပစ္လိုက္၏။ အင္းခ်ပ္ကေလးႏွင့္ မဟူရာမီးေတာက္မ်ားထိသြားသည့္အခါ အင္းခ်ပ္ကေလးက မဟူရာမီးေတာက္မ်ားကို စုပ္ယူသိမ္းသြားေလ၏။ ထိုအရာကိုျမင္ေသာအခါ ကေလးမေလးမ်က္ႏွာ အနည္းငယ္ပ်က္ယြင္းသြား၏။
ဤတစ္ခါ၌သူသည္ လက္ကိုႏွစ္ဖက္ပူး၍ အဝါေရာင္ပညာစက္မ်ားကို ထုတ္ကာ သူရထံကိုပစ္လႊတ္၏။ သူရက လက္ႏွစ္ဖက္ႏွင့္ကာလိုက္ေသာအခါ အကာရံတစ္ခုေပၚလာကာ ဒုန္းခနဲ အသံက်ယ္ႀကီးျမည္၍ မီးမ်ားကလည္းထေတာက္သြားခဲ့၏။ ကေလးမေလးသည္ ေျမျပင္ေပၚထိုင္ခ်လိုက္ကာ ဥဳံခံ၍တစ္စုံတရာ႐ြတ္ဖတ္လိုက္သည့္အခ်ိန္ သူ၏အေနာက္ကေန မ်က္လုံးတစ္လုံးတည္းသာပါၿပီး ခႏၶာကိုယ္က ရာဝင္အိုးမွ်ရွိေသာ သဘက္ႀကီးတစ္ေကာင္က ခရင္းသုံးခြကို ကိုင္၍ ဦးခ်ိဳႀကီးတကားကားႏွင့္ ေပၚလာေလ၏။ သူ၏ခႏၶာကိုယ္က နီရဲေနကာ အေပၚပိုင္းဗလာက်င္းႏွင့္ ေအာက္ပိုင္းက အနည္ေရာင္အဝတ္စႀကီးကို စည္းထားေလ၏။ ထိုသဘက္ႀကီးအား သူရျမင္ေသာအခါ “ငရဲထိန္းကိုဆင့္ေခၚၿပီး တိုက္ခိုင္းတာပဲ။ ဒါေၾကာင့္လည္း ကေဝသခင္မေလးလို႔ တင္ေျမႇာက္ခံရတာကိုး။” ဟု ေျပာ၍ မထိတထိၿပဳံးလိုက္ေလ၏။
ငရဲထိန္းႀကီးသည္ သူ၏ခရင္းခြနဲ႔ သူရဆီကိုလွ်င္ျမန္လြန္းလွေသာအရွိန္ႏွင့္ ေျပးထိုး၏။ သူရကညာလက္ႏွင့္ကာလိုက္ေသာ္လည္း အကာရံကိုထိုးေဖာက္၍ သူရမ်က္ႏွာတည့္တည့္ကို ဝင္လာေလ၏။ သူရလည္း ဝုန္းခနဲဆိုသလိုေပ်ာက္သြားကာ မီးဖိုေဘး၌ ေအးေအးလူလူျပန္ေပၚလာ၏။ “ငရဲထိန္းက အေတာ္စြမ္းတာပဲ။”ဟု ေျပာ၍ သူ၏ေခါင္းေပါင္းကိုခြၽတ္လိုက္သည့္အခ်ိန္ ငရဲထိန္းက ထက္မံတိုက္ခိုက္ရန္‌ေျပးလာ၏။ သူရကေခါင္းေပါင္းပုဝါကို ေဆာင့္ခါခ်လိုက္ေသာအခါ ပုဝါထဲကေန ဝုန္းခနဲဆိုသလို ေ႐ႊေရာင္ပညာစက္က ထြက္‌သြားၿပီး ငရဲထိန္းအား အေနာက္ကိုတြန္းထုတ္လိုက္ေလ၏။
ငရဲထိန္းက ျပန္ထလာသည့္အခ်ိန္ သူရလည္း ေခါင္းေပါင္းပုဝါကို အရွည္လိုက္အတိုင္း ပစ္လႊတ္လိုက္၏။ ေခါင္းေပါင္းပုဝါထဲ‌ကေန ေ႐ႊအိုေရာင္ႀကိဳးမွ်င္မ်ားထြက္လာကာ ငရဲထိန္းတစ္ကိုယ္လုံးကို ရစ္ပတ္ခ်ဳပ္ေႏွာင္ပစ္၏။ ထိုအခါကေလးမေလးက သူ၏ဂါထာကို အသံမာမာႏွင့္က်ယ္ေလာင္စြာ႐ြတ္ေလ ငရဲထိန္းကပိုမို႐ုန္းကန္ေလျဖစ္တာကို သူရကသိလိုက္ေလ၏။ သူ၏လက္ညိဳးထိပ္၌ ေ႐ႊအိုေရာင္ပညာစက္ေသးေလးစုကာ ထိုကေလးမေလးတည့္တည့္ပစ္လႊတ္လိုက္ေသာအခါ ကေလးမေလးက ကိုယ္ကိုယ္တစ္ပတ္လွည့္၍ေရွာင္လိုက္ေသာေၾကာင့္ ေဘးကိုထိမွန္သြား၏။ သို႔ေသာ္ ဂါထာ႐ြတ္တာရပ္သြားေသာအခါ ငရဲထိန္းကေပ်ာက္ကြယ္သြားေလ၏။
ထိုအခါကေလးမေလးသည္ ေဒါသေတြအင္မတန္ကိုထြက္လာကာ သူ၏လက္ထဲကိုအေရာင္မ်ိဳးစုံႏွင့္ ပညာစက္မ်ားစုေနေလ၏။ ကေလးမေလးက ပညာစက္မ်ားစုေနခ်ိန္ ေလမ်ားက ေဝါခနဲေဝါခနဲတိုက္ခိုက္လာ၏။ သူရက အေျခအေနကိုသေဘာေပါက္ကာ ခြန္းသထံက သံကေဝ႐ုပ္ႏွင့္ သူ၏လြယ္အိတ္ထဲက နဂါးပတ္ေက်ာ့ကြင္းကိုထုတ္ထားလိုက္၏။ ထို႔ေနာက္ကေဝအခ်ဳပ္အင္းေတာ္ႀကီးကိုပါ အရန္သင့္ထားထား၏။ ကေလးမေလးက ပညာစက္မ်ားအကုန္စုၿပီးေသာအခါ အေရာင္အေသြးစုံလင္လွသည့္ ပညာစက္လုံးႀကီးႏွင့္ သူရထံကိုပစ္လႊတ္လိုက္၏။ ကေဝပညာစက္လုံးႀကီး ပ်ံဝဲလာသည့္တေလွ်ာက္ေဘးပတ္ဝန္းက်င္မီးေလာင္ျပာက်ကာ ေျမႀကီးပင္ကြဲအက္လာခဲ့သည္။ သူရကသံကေဝ႐ုပ္ေလးကို ျပန္ျပစ္လိုက္ေသာအခါ မီးကိုေရႏွင့္ၿငိမ္းလိုက္သလို သံကေဝ႐ုပ္ထဲကေန ေ႐ႊေရာင္ပညာစက္ေတြထြက္လာကာ ကေဝပညာစက္လုံးႀကီး ခ်ိဳးဖ်က္ျပစ္လိုက္ေလ၏။
ကေဝပညာစက္လုံးႀကီးေပ်ာက္သြားခ်ိန္၌ သူရက နဂါးပတ္‌ေက်ာ့ကြင္းႏွင့္ကေလးမေလးကိုပစ္ကာ ကေဝအခ်ဳပ္အင္းေတာ္ႀကီးႏွင့္ပါ ထက္မံပစ္လႊတ္လိုက္၏။ ကေလးမေလးသည္ လႈပ္မရျပဳမရႏွင့္ ေတာင့္ေတာင့္ႀကီးမတ္တပ္ရပ္ေနခ်ိန္ သူရက အနားကိုေလွ်ာက္သြားကာ ညာလက္ဖဝါးႏွင့္ ကေလးမေလးငယ္ထိပ္ကိုအုပ္မိုး၍ ဂါထာတစ္ပုဒ္႐ြတ္လိုက္၏။ ကေလးမေလးကိုယ္ထဲကေန အမဲေရာင္အေငြ႕ေတြထြက္လာသည့္အခါ ခ်ဳပ္ထားသမွ်ျဖည္ေပးလိုက္တာႏွင့္ ကေလးမေလးက အဝါေရာင္ကေဝပညာစက္ဘူးကို အန္ခ်လိုက္ေလ၏။ သူရက ကေဝပညာဘူးကိုေကာက္၍ လြယ္အိတ္ထဲထည့္ကာ ကေလးမေလးကိုၾကည့္မိေသာအခါ ဆံပင္မ်ားျဖဴေဖြးလာၿပီးအသားအေရမ်ား ႐ြတ္တြလာကာ ‌တျဖည္းျဖည္းႏွင့္အ႐ိုးစုသ႑န္ေျပာင္း၍ ပုံလွ်က္သားေျမျပင္မွာ စုၾကသြားေလ၏။ သူရသည္ ထိုအရာကိုၾကည့္၍ “သေဗၺသတၱာ ကမၼသကာ။” ဟု ေရ႐ြတ္ၿပီးသည့္ေနာက္ ထိုေတာင္ေပၚမွဆင္း၍ ေနာင္တစ္ေနရာသို႔ တပည့္ႏွစ္ဦးႏွင့္အတူ ထြက္လာခဲ့ေလေတာ့သတည္း။
~~~~~
ၿပီးပါၿပီ။
#စာေပခ်စ္သူမ်ားအားေလးစားလွ်က္
#မိုးထြန္း(မေကြး)