ကဝေပျိူ့၏အချစ်

*ကဝေပျိုရဲ့အချစ်*📖📖📖(စ/ဆုံး)

*******************************
__________________မူရင်းရေးသားသူ _ဆရာတာတေ

ဒီအကြောင်းကို ဘယ်တော့မှ
မပြောဘူးလို့ ဆုံးဖြတ်ထားတာပါ။
အခုတော့ ကျုပ်ငယ်ငယ်က
အကြောင်းတွေကို ပြန်ပြောလက်စနဲ့
ပြောပြ လိုက်ပါတော့မယ်လေ။
ကျုပ်မှာ ချစ်သူ ရှိခဲ့ဖူးတယ်ဗျ။
အင်း…ခင်ဗျားတို့ကတော့ အံ့သြသွားမှာပေါ့။
ဆရာမျိုးစုံနဲ့တွဲပြီး သင်္ချိုင်းကြို သင်္ချိုင်းကြား
လျှောက်သွားနေတဲ့ တာတေလိုကောင်က
ချစ်သူရှိခဲ့ဖူးတယ်ဆိုတော့ အံ့သြမှာပေါ့ဗျာ။

ကျုပ်တို့ရွာကတော့ မဟုတ်ပါဘူး။
ဟိုဘက်ရွာ ဘန့်ဘွေးကုန်းကပါ။
သူ့နာမည်က လှယဉ်တဲ့ဗျ။

သူ့မိဘတွေနဲ့ ကျုပ်မိဘတွေက သူငယ်ချင်း
တွေပေါ့ဗျာ။ လှယဉ်က လုံးကြီးပေါက်လှဗျ။
လှယဉ်ဆိုတဲ့အတိုင်း တကယ်ယဉ်ပြီး တ
ကယ်လှတဲ့သူပါဗျာ။ ဘန့်ဘွေးကုန်းမှာ
တော့ ကျုပ်ရည်းစားက ကွမ်းတောင်ကိုင်
နံပါတ်တစ်ဗျ။ ဒီလိုဗျို့။
တစ်နွေမှာ လှယဉ်မောင်တွေ ရှင်ပြုကြ
တယ်။ အဘတို့ အမေတို့ကလည်း သူတို့
သူငယ်ချင်းတွေ အလှူဆိုတော့ သွားရ
တာပေါ့ဗျာ။ ကျုပ်က အဘတို့ကို လှည်း
မောင်းပြီး လိုက်ပို့ရတာလေ။ ဘန့်ဘွေး
ကုန်းမှာ ညအိပ်မှာဆိုတော့ ကျုပ်မှာ
နွားကြီးနှစ်ကောင်အတွက် ပြောင်းရိုး
စဉ်းပြီးသားတွေကို ဂုန်နီအိတ်ကြီးနဲ့
ထည့်လို့ပေါ့ဗျာ။

ဘန့်ဘွေးကုန်းရောက်တော့ အဘသူငယ်
ချင်း ဘိုးအောင်စိန်က သူတို့အိမ်မှာ ညအိပ်
ရမယ်ဆိုလို့ ကျုပ်တို့ အလှူအိမ်မှာပဲ အလှူ
အိမ်မှာပဲ ညအိပ်ရတာပေါ့ဗျာ။

အကျွေးအမွေးကတော့ ဘုန်းကြီးကျောင်း
မှာဆိုတော့ ဟိုမှာပဲ ချက်ကြပြုတ်ကြတာ
လေ။ အိမ်မှာက လူရှင်းပါတယ်။ အဲဒီမှာ
ကျုပ်နဲ့ လှယဉ် တွေ့ကြတာပေါ့ဗျာ။ ဖူးစာ
ဆိုတာ ဒီလိုပဲ ထင်ပါတယ်လေ။ တွေ့တွေ့
ချင်း လှယဉ်ကို ကျုပ် စွဲလန်းသွားတာဗျ။
လှယဉ်လည်း ကျုပ်လိုပဲ ထင်ပါတယ်။

ကျုပ်နဲ့ လှယဉ် အဲဒီညက သူတို့ဝိုင်းထဲမှာ
ထိုးထားတဲ့ ကနဖျင်းထဲမှာထိုင်ပြီး စကား
ပြောကြတာ တော်တော်ကို ညဉ့်နက်တယ်
ဗျ။ စပြောတုန်းကတော့ ဘန့်ဘွေးကုန်းက
တခြားအပျိုတွေ၊ ကာလသားတွေလည်း ပါ
တာပေါ့ဗျာ။ ဘန့်ဘွေးကုန်းက ကာလသား
တွေကလည်း ကျုပ်ကို မသိတဲ့သူ ရှိတာမှ
မဟုတ်တာ။ အားလုံးဝိုင်းထိုင်ပြီး လက်ဖက်
သုပ်တွေ ၊ ဂျင်းသုပ်တွေ စားကြ၊ ရေနွေး
ကြမ်း သောက်ကြ၊ ရယ်စရာတွေ ပြောကြ
ဆိုကြနဲ့ တောဓလေ့ကလေးနဲ့ ပျော်နေ
ကြတာပေါ့လေ။

ဒီမှာတင် ကျုပ်ရဲ့ မျက်လုံးအကြည့်တွေက
လှယဉ်ရဲ့ မျက်နှာအလှပေါ်ကနေ မခွာနိုင်
အောင် ဖြစ်ခဲ့ရတာပေါ့ဗျာ။ တခြားသူတွေ
အလစ်မှာ ကျုပ်က လှယဉ်မျက်နှာကလေး
ကို ခိုးကြည့်ရတာပေါ့။ လှယဉ်ကလည်း
ကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိ
မသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။

ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီး
လှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ်
ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင်
ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့
ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင်
ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်း
ကုန်းရော သိကုန်ကြတာပေါ့။

ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့
တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့
ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း
လှယဉ်က ကျုပ်ကိုမေးတယ်။

“ကိုတာတေ လှယဉ်တို့အကြောင်းတွေ
ဘာသိတုံး” တဲ့။

“ဘာအကြောင်းတွေတုံး လှယဉ်ရဲ့၊
ကျုပ်သိတာက လှယဉ်ဟာ အဘသူငယ်
ချင်း ဘိုးအောင်စိန်ရဲ့သမီး၊ ဘန့်ဘွေးကုန်း
ရဲ့ ကွမ်းတောင်ကိုင် အချောအလှတစ်ယောက်၊
တစ်ရွာလုံးက ကာလသားတွေ ဘယ်သူမှ
ပိုးလို့မရဘဲ ကျုပ်ကျမှ ရည်းစားဖြစ်ခဲ့တာ
လေ၊ ကျုပ် စွံလို့ပေါ့ လှယဉ်ရဲ့၊ တခြား
ဘာများသိရဦးမှာတုံး”

ကျုပ်စကားကို ကြားတော့ လှယဉ်က
ရယ်တယ်ဗျ။ သူ ဘာရယ်မှန်း ကျုပ်
မသိဘူးဗျ။ ကျုပ် သိတာက တစ်ခုတည်း
ပဲ ရှိတာ။ ကျုပ် လှယဉ်ကို အရမ်းချစ်တယ်။
လှယဉ်ကလည်း ကျုပ်ကို ချစ်တယ်လို့
ယုံတယ်။ တစ်နေ့တော့ အဘခိုင်းလို့
ငွေတွင်းကုန်းကိုသွားပြီး နှမ်းမျိုးတွေ
ယူရတယ်။

နှမ်းအိတ်တွေ သယ်ရမှာဆိုတော့ လှည်းနဲ့
သွားရတာပေါ့ဗျာ။ ကျုပ် နှမ်းအိတ်တွေယူပြီး
ပြန်လာတော့ ငွေတွင်းကုန်းရွာလယ်လမ်းမှာ
ကိုကြီးစိန်မောင်နဲ့ တွေ့တယ်ဗျ။

“ဟာ တာတေပါလား၊ ငွေတွင်းကုန်းကို
ဘာလုပ်လာတုံး”

ကိုကြီးစိန်မောင်ဆိုတာ ကျုပ်နဲ့ လွှတ်ခင်တဲ့
လူဗျ။ ရိုးလည်းအားကြီးရိုးတာ။ ခုထိ အိမ်
ထောင်မကျဘဲ လူပျိုကြီးဘဝနဲ့ နေတာ။
အလုပ်လည်း လွှတ်လုပ်တဲ့လူဗျ။

“ဟ ကိုကြီးစိန်မောင်၊ အဘ လွှတ်လိုက်လို့
လာတာဗျ ။ နှမ်းမျိုးတွေ လာသယ်တာ”

“သြော် ဘိုးကံလှကြီးဆီက ထင်တယ်”

“ဟုတ်တယ်ဗျ၊ ကိုကြီးစိန်မောင်ရဲ့”

“အေး ဟိုနေ့ကတင် ဘိုးကံလှ ပြောသေး
တယ် ။ ထနောင်းကုန်းက ဘိုးတော်ကို
နှမ်းမျိုးပေးရမယ်ကွ စိန်မောင်ရတဲ့၊ ငါက
ဘယ်ဘိုးတော်တုံးဆိုတော့ ဘိုးတော်ထွန်း
လှလေ၊ တာတေရဲ့အဖေလေကွာ”တဲ့။

“သြော် ဟုတ်တယ် ကိုကြီးစိန်မောင်ရေ ၊
အဘကဘိုးကံလှကြီးရဲ့ နှမ်းရင်မျိုးကို
သိပ်သဘောကျတာဗျ။ သူတို့ချင်း မြို့
မှာတွေ့တော့ တစ်ခါတည်း ပိုက်ဆံပေး
ပြီး မှာလိုက်တာ။ အခုမှပဲ လာသယ်ဖြစ်
တာဗျို့”

“နို့ တာတေ ဘယ်တော့ပြန်မှာတုံး”

“နှမ်းအိတ်တင်ပြီးရင် တအောင့်နေပြီး
ပြန်မှာပေါ့ ကိုကြီးစိန်မောင်ရ”

“အေး ဒါဆို ငါ မင်းလှည်းကြုံနဲ့ လိုက်ခဲ့မယ်”

“ဟာ လိုက်လေဗျာ၊ ကိုကြီးစိန်မောင်
ကလည်း ဒါ ပြောရမယ့်လူမှ မဟုတ်တာ”

“ငါ ထနောင်းကုန်းကို သွားမလို့ကွ”

“ဘယ်သူ့အိမ်တုံးဗျ၊ ကိုကြီးစိန်မောင်ရ”

“အိမ်မဟုတ်ဘူးကွ၊ ပုဗ္ဗာရုံဆရာတော်ဆီကို
သွားမှာကွ၊ ဆရာတော် ဆေးဖော်ဖို့ ပျားရည်
စစ်စစ် သွားလှူမလို့ “

“သြော် လာလေ၊ နို့ ပျားရည်ပုလင်းကော”

“မပါသေးဘူးလေကွာ၊ အခု အိမ်ပြန်
ယူလိုက်မယ်လေ”

“ပြန်ယူ၊ ပြန်ယူ၊ ကျုပ် စောင့်နေမယ်။
အေးအေးဆေးဆေးလုပ်၊ ကျုပ် အချိန်
ရတယ်ဗျ”

“အေးပါ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်”

အဆင်တော့ ပြေသားဗျ။ ကျုပ်လာတုန်း
က တစ်ယောက်လည်း ပျင်းဖို့တောင်
ကောင်းသေးဗျာ။ အခု အပြန်ကျတော့
ကိုကြီးစိန်မောင်နဲ့ စကားပြောဖော် ရ
တာပေါ့ဗျာ။ ငွေတွင်းကုန်းအထွက်က
လှည်းလမ်းက လွှတ်ကြမ်းတာဗျ။

ကျုပ်ဖြင့် နှမ်းအိတ်တွေနဲ့ဆိုတော့ လှည်းကို
မနည်းထိန်းမောင်းနေရတာဗျို့။ ချိုင့်ထဲ ဘီး
စောင်းကျသွားရင် အဆင်မသင့် ဝင်ရိုးကျိုး
တာတို့၊ လှည်းပဒေါင်းကွဲတာတို့ ဖြစ်တတ်
တာဗျ။ ကျုပ်ကတော့ ဒီနေရာမွေး၊ ဒီနေရာ
ကြီးလာတဲ့ကောင်ဆိုတော့ ဘယ်နား ဘာ
ရှိတယ်ဆိုတာ အတတ်ကို သိနေတာပေါ့
ဗျာ။ ဒီလမ်းတွေပေါ်မှာ ညဘက်ကြီး စွတ်
ပြေးခဲ့ရတာတွေ ကျုပ်ကြုံဖူးပါတယ်။

ဒါပေမဲ့ လှည်းမောင်းရင်တော့ ကျုပ်က
ကျုပ်လှည်းနဲ့ ကျုပ်နွားကြီးတွေကို အား
ကြီးညှာတဲ့ ကောင်ဗျ။

“ဒါကြောင့်လည်း လူကြီးတွေက မင်းကို
လွှတ်ချီးမွမ်းကြတာကွ”

လှည်းကျန်တိုင်ကို ကိုင်ရင်းလိုက်လာတဲ့
ကိုကြီးစိန်မောင်က ကျုပ်ကို ပြောတယ်ဗျာ။

“ဘာတုံး ကိုကြီးစိန်မောင်ရ”

“လှည်းမောင်းတာလေကွာ၊ တာတေတို့များ
လှည်းမောင်းရင် သူ့လှည်းနဲ့ သူ့နွားတွေ
မနာအောင် လွှတ်ဂရုစိုက်တာတဲ့။ တာတေ
မောင်းတဲ့ လှည်းများစီးရရင် အားကြီးစည်း
စ်ိမ်ရှိတယ် ဆိုပဲကွ။ အခု ငါကိုယ်တိုင် မင်း
မောင်းတဲ့လှည်းကို စီးကြည့်တော့မှ ဟုတ်
သားဟလို့ တွေးမိလို့ပါကွာ”

ကျုပ်က ကိုကြီးစိန်မောင် ပြောတာကို
သဘောကျပြီး ပြုံးလိုက်တယ်။

“ကျုပ်က အဘနွားကြီးနှစ်ကောင်ကို
အားကြီးချစ်တာဗျ။ ကိုကြီးစိန်မောင်ရ၊
ဒါကြောင့် နွားတွေကို ညှာပြီး အမြဲမောင်း
တာ။လှည်းလမ်းဆိုတာက မြေပြန့်ကြီး
သွားရတာမျိုးမှ မဟုတ်တာဗျာ။ လျှိုထဲ
နိမ့်ဆင်းသွားလိုက်၊ ကုန်းပေါ်မော့တက်
လိုက်ရနဲ့ နွားတွေ ခမျာ အားကြီးပင်ပန်း
ကြတာ”

“အင်း မင်းပြောတာ ဟုတ်တာပေါ့
တာတေရာ၊ တို့အညာနွားဆိုတာ
အားကြီးပင်ပန်းတာကွ၊ ပဲတိုက်ရ၊
နှမ်းတိုက်ရ၊ ရေစည်တိုက်ရ။ ဒီကြားထဲ
ဟိုရွာ ဒီရွာ သွားကြ၊ ဘုရားပွဲသွားကြ၊
အလှူသွားကြနဲ့ ထမ်းပိုးချွတ်ရတယ်
လို့ သိပ်ရှိတာ မဟုတ်ဘူးလေ”

“အဲဒါကြောင့် ကျုပ်က နွားတွေကို
သနားလည်း သနား၊ ချစ်လည်း ချစ်
တာပေါ့ ကိုကြီးစိန်မောင်ရ”

“အင်း နွားတွေကို ချစ်တာကတော့
ကောင်းပါတယ်ကွာ၊ ဘာအန္တရာယ်မှ
မရှိပါဘူး၊ အေး လူတွေကို ချစ်ရင်တော့
ကြည့်ပြီး ချစ်ပေါ့ကွာ”

ကျုပ် ကိုကြီးစိန်မောင်ကို လှည့်ကြည့်
လိုက်တယ်။ သူ့စကားက ဘာကိုရည်
ရွယ်တာတုံးဆိုတာ ကျုပ် အကဲခတ်
တာပေါ့ဗျာ။

“မင်းက ငါ့ကို အကဲခတ်တာလားကွ
တာတေရ ၊ ဟား ဟား ဟား”

ကိုကြီးစိန်မောင်ဆိုတာ ကျုပ်တို့ငယ်ငယ်
ကတည်းက ချီပိုးပြီးလာတဲ့ အစ်ကိုတွေပဲ
ဗျ ။ ကျုပ်တို့ကို မတော်တာတွေ့ရင်ရိုက်
ပုတ်ပြီးတောင် ဆုံးမလို့ရတဲ့သူတွေပါ။

“ကိုကြီးစိန်မောင်စကားက ဘယ်လို
ကြီးတုံးဗျာ”

“အေး မင်းနဲ့ အေးအေးဆေးဆေး
ခုလိုကြုံတုန်း မင်းကို ပြောစရာက
လေးတွေ ရှိနေလို့ကွ တာတေရ”

” ဟာ ကိုကြီးစိန်မောင်ကလည်းဗျာ
ကျုပ်ကို ပြောစရာရှိရင် ပြောပါဗျ၊
ကျုပ်တို့အရွယ်တွေက ကိုကြီးတို့
ညီတွေ အရွယ်ပါဗျ”

” အေး အဲဒါကြောင့် ပြောတာပေါ့ကွာ”

ကိုကြီးစိန်မောင်က ကျုပ်ကို ပြောသင့်
မပြောသင့် ချင့်ချိန်နေတဲ့ပုံဗျ။ ဒီတော့
လူ့သဘာဝအတိုင်း ကျုပ်က ပိုပြီးသိ
ချင်လာတာပေါ့ဗျာ။

“ဘာများတုံး ကိုကြီးစိန်မောင်ရ”

လို့ ကျုပ်က ထပ်မေးလိုက်တော့မှ
ကိုကြီးစိန်မောင်က သက်ပြင်းတစ်ချက်
ချလိုက်ပြီး ပြောတယ်ဗျ။

“ဒီလိုကွ၊ ခုတလောမှာ ဘယ်သွားသွား
မင်းသတင်းပဲ ကြားနေရတာကွ တာတေရ”

“ဗျာ၊ ကျုပ်သတင်း ဟုတ်လား၊
ဘာများတုံးဗျ”

“မင်းနဲ့ လှယဉ်အကြောင်းပေါ့ကွာ”

“ဟာ ကိုကြီးစိန်မောင်ကလည်း ကျုပ်က
ဘာများလဲလို့၊ ဒီကိစ္စက ဘာများ ဒီလောက်
ထူးဆန်းနေလို့တုန်းဗျာ၊ လူပျိုနဲ့ အပျိုသမီး
ရည်းစား ဖြစ်တာပဲဟာ၊ ဘာများဆန်းနေလို့
တုံး ကိုကြီးရဲ့”

” ဆန်းနေတာပေါ့ကွ၊ မင်း စဉ်းစာကြည့်လေ၊
လှယဉ်ကလေး ဘယ်လောက်ချော၊ ဘယ်
လောက်လှသလဲ၊ ဒါပေမဲ့ သူ့ကို ဘန့်ဘွေး
ကုန်းက ကာလသားတွေတစ်ယောက်မှ
ပိုးတဲ့လူ မရှိဘူးကွ”

“ဟာ ကိုကြီးစိန်မောင်ကလည်း မပိုးဘဲ
ရှိမလား လှယဉ်က ပြန်မကြိုက်လို့ ရှိမှာပေါ့”

ကိုကြီးစိန်မောင်က ခေါင်းခါပြတယ်ဗျ။

“ဟဲ့ နွား၊တည့်တည့်ဆွဲလေ၊ ဟိုဘက်က
ငညိုကြီးက အဖြောင့်သွားလေကွာ၊
အို ဘယ်တုန်း ဟဲ့နွား”

ကျုပ်က နွားတစ်ချက်ငေါက်ပြီး ကိုကြီး
စိန်မောင်ကို လှည့်ကြည့်တယ်။

“မဟုတ်ဘူး တာတေ၊ မင်းမသိလို့ကွ၊
လှယဉ်ကို ကာလသားတိုင်း ပိုးချင်ကြတာ
ဘန့်ဘွေးကုန်းတင်မကဘူးကွ၊ မင်းတို့ထ
နောင်းကုန်းရော၊ ငါတို့ ငွေတွင်းကုန်းရော
ဟိုဘက်က မီးလောင်ကုန်းရော၊ အိုကွာ
ဆရာမနိုင်ကရော၊ လှယဉ်ကို မြင်ဖူးတဲ့
လူတိုင်း ပိုးချင်ကြတာကွ”

“နို့ ဘာကြောင့် မပိုးကြတာတုံးဗျ”

“မပိုးဆို လှယဉ်အဘွား ဒေါ်ဆုံကြီးကို
ကြောက်ကြလို့ပေါ့ကွ”

“သြော် ဒါလား၊ ကျုပ်က ဘာကြောင့်
များတုံးလို့ဗျာ”

“မင်းလည်း ကြားဖူးတယ်မို့လား၊
လှယဉ်တို့အဘွား ဒေါ်ဆုံကြီး
အကြောင်းကို”

“ဟာ ကြားဖူးပါတယ်ဗျာ၊ ဆယ့်နှစ်ကြိုး
ကဝေမကြီးဆိုတာလေ”

” ဒါနဲ့များကွာ၊ မင်းမို့လို့ မကြောက်မရွံ့
လှယဉ်ကို ကြိုက်ရဲသေးတယ်”

“ဟာ ကိုကြီးစိန်မောင်ကလည်း ဒေါ်ဆုံကြီး
က ရှိမှ မရှိတော့တာ။ ပြီးတော့ ဘွားဆုံကြီး
ရှိတုန်းကရော ဘယ်သူ့ကို ပြုစားလိုက်တယ်
လို့ ရှိခဲ့လို့လားဗျ၊ မီးဖွားမယ့်သူတွေ မီးမဖွား
နိုင်ဖြစ်နေရင် ဘွားဆုံကြီးကို လှည်းနဲ့ ပြေး
ပင့်ကြရတာပဲမို့လား ကိုကြီးစိန်မောင်ရဲ့”

“အေးပေါ့ တာတေရ၊ အဲဒါကြောင့်
လူတွေက ဘွားဆုံကြီးကို ပိုကြောက်ကြ
တာပေါ့ကွ”

“အလိုဗျာ၊ မီးမဖွားနိုင်တဲ့သူကိုလည်း
ကယ်ပေးရသေးတယ်၊ ဘာကို ပိုကြောက်
ကြတာတုံးဗျ”

“ဟကောင် တာတေ၊ မင်း ဒီအကြောင်းတွေ
မကြားဖူးဘူးထင်တယ်”

“ဘာအကြောင်းတုန်း ကိုကြီးစိန်မောင်ရဲ့၊
ဟဲ့ ဟိုကောင်ကြီး ငနီ မှန်မှန်သွားလေ၊
ဘာဖြစ်လို့ အပြေးသွားနေတာတုံး၊ ရှေ့
က ကုန်းတက်ကျရင် ရုန်းရဦးမှာ၊ ဟင်း
မှန်မှန်လျှောက်လေ၊ ဘယ်ကိုတုန်း ဟို
ကောင် ငညို တောက်၊ ဟင်း”

ကျုပ်က နွားငေါက်နေရတာနဲ့ စကား
တောင် ရပ်သွားတယ်ဗျ

“ဘွားဆုံကြီးက မီးမဖွားနိုင်လို့ အသက်
ဘေးကြုံတော့မယ့် မီးနေသည်အိမ်ကို
ရောက်တာနဲ့ အိမ်ပေါ်ကလူတွေကိုအိမ်
အောက်ကို ဆင်းခိုင်းတာဟေ့၊ပြီးရင်
ထွန်းထားသမျှ မီးတွေ သူ့အလိုလို ငြိမ်း
သွားရောတဲ့ကွ၊ သူ့ပါးစပ်ကလည်း ဘာ
တွေရွတ်မှန်း မသိဘူးတဲ့၊ မီးနေသည်ရဲ့
ဗိုက်ကို ပွတ်ပြီး ရွတ်တော့တာတဲ့ဟေ့။

မီးနေသည်က လှစ်ခနဲ အိပ်ပျော်သွားသလို
ဖြစ်သွားရောတဲ့ဗျာ၊ အဲဒီမှာ ဘယ်လို လုပ်
လိုက်တယ် မသိဘူးတဲ့ဟေ့၊ ကလေး အပြင်
ရောက်နေရောဗျာ၊ ဒီတော့မှ မီးဖွားတဲ့သူက
လန့်နိုးသလို ဖြစ်သွားပြီး နာတာ ကျဉ်တာ
တွေ အားလုံးပျောက်သွားပြီး ဘာမှကို မ
သိလိုက်ဘဲ ကလေးမွေးပြီး သွားရောတဲ့
ဟေ့၊ ကလေးငိုသံကြားမှ အိမ်က လူတွေ
လည်း အိမ်ပေါ်ပြန်တက်လာပြီး မီးတွေ
ထွန်းကြရတာပေါ့ကွာ။

အဲ ဒါပေမဲ့ သူ့ကို ဘာကျွေးကျွေး မစား
ဘူးတဲ့၊ ရေတောင် တိုက်လို့ မရဘူးတဲ့
ဗျာ။ ကန်တော့ရင်လည်း လုံးဝလက်
မခံဘူးတဲ့ဟေ့။ ပြီးတော့ သူက ပြော
သေးသဗျာ။ ငါ့ကို မကန်တော့ကြနဲ့၊
ကန်တော့ချင်ရင် မဂျမ်းကြီးကို ကန်
တော့တဲ့ဗျာ”

“မဂျမ်းကြီး ဟုတ်လား ကိုကြီးစိန်မောင်၊
မဂျမ်းကြီး ဆိုတာ ဘယ်သူတုံးဗျ”

“မသိဘူးလေကွာ၊ မသိလို့ သူ့ကို မေးရင်
လည်း ပြန်မပြောဘူးတဲ့ဟေ့၊ လူတွေက
လည်း ဘွားဆုံကြီးကိုကြောက်လို့ သိပ်
မမေးရဲဘူးပေါ့ကွာ”

“လူတွေက ဘွားဆုံကြီးကို ဘာဖြစ်လို့
ဒီလောက် ကြောက်ကြတာတုံးဗျ ကို
ကြီးစိန်မောင်ရ “

“ဟကောင် တာတေရ၊ လပြည့် လကွယ်
တိုင်း သူတို့ဝိုင်းထဲက သပိတ်လုံးလောက်
ရှိတဲ့ မီးလုံးကြီး ပျံထွက်သွားတတ်တာကို
ဘန့်ဘွေးကုန်းတစ်ရွာလုံး ကလေးက
စပြီး မြင်ဖူးနေတာကွ”

“ကိုကြီးစိန်မောင်ရာ ကျုပ်ကို ကပ်ဖဲ့
လုပ်ပြီး မေးနေတယ်လို့တော့ မထင်ပါနဲ့
ဗျာ၊ ကျုပ် တကယ်မသိတာပါဗျာ၊ ဘွား
ဆုံကြီးက ဘယ်လိုလုပ်ပြီး မီးလုံးကြီး
ဖြစ်သွားတာတုံးဗျ”

“ဟကောင် တာတေရ၊ မီးလုံးဆိုပေ
မယ့် မီးရောင်လို လင်းနေတဲ့ အလုံးကြီး
ကွ။ မီးတောက်မီးလျှံကြီးကို ပြောတာ
မဟုတ်ဘူးဟ၊ အဲဒီလို မီးလုံးကြီး ပျံ
သွားပြီဆိုရင် ဘွားဆုံကြီးက သူ့အိပ်
ရာပေါ်က တောင့်တောင့်ကြီး ဖြစ်နေ
ရောတဲ့ဟေ့၊ အိပ်ပျော်နေတာတဲ့ကွ၊
အဲဒီမီးလုံးကြီး ပြန်ရောက်လာမှ ပြန်
လှုပ်ပြီး နိုးလာတာတဲ့ဟေ့”

“ဟင် ကိုကြီးစိန်မောင် ဒါတွေကို
ဘယ်လိုသိတုံး”

“ဟာ ဒီကောင်နှယ် လှယဉ်တို့အဖေ ဘိုး
အောင်စိန်နဲ့ လှယဉ်အမေ အရီးမယ်မတို့
အိမ်ထောင်ကျတော့ ဘယ်သူမှ သဘော
မတူကြဘူးလေ၊ ဆွေတွေမျိုးတွေ အားလုံး
ဝိုင်းဖျက်တဲ့ကြားကနေ ဘိုးအောင်စိန်က
ဇွတ်ယူတာတဲ့ဟေ့၊ ငါ့အဖေနဲ့ ဘိုးအောင်
စိန်နဲ့က သူငယ်ချင်းတွေလေကွာ၊ ငါ့အဖေ
ပြောပြလို့ ဒါတွေကို ငါသိတာပေါ့ကွာ၊
ဒီတုန်းက ဘိုးအောင်စိန်ကို တွေ့ရင်
အဖေတို့က ဝိုင်းစကြတာတဲ့ကွ”

“ဟင် ဘယ်လိုစကြတာတုံး”

“ဟေ့ကောင် အောင်စိန်၊ မင်းဗိုက်ထဲမှာ
အူတွေ၊ အသည်းတွေရော ရှိသေးရဲ့ကွာ။
မင်းယောက္ခမ ဒေါ်ဆုံ နှုတ်စားသွားပြီလား၊
မင်း ညဘက်အိပ်ရင် ဗိုက်ကို စောင်နဲ့ပတ်
ပြီး အိပ်နော်၊ ဒါထက် နေပါဦး အောင်စိန်ရဲ့၊
မင်းယောက္ခမ ဒေါ်ဆုံကြီးက လပြည့် လ
ကွယ် မီးလုံးကြီးလို ပျံတက်သွားရင် သူ့
ကိုယ်လုံးကြီးရော ကျန်ခဲ့သလား၊ ပါသွား
သလား” အဲဒီလိုပေါ့ကွာ၊ ဝိုင်းပြီး စကြ
နောက်ကြ ၊ ဝိုင်းပြီး မေးကြ မြန်းကြ
ပေါ့ကွာ”

“အဲဒီတော့ ဘိုးအောင်စိန်ကြီးက
ဘာပြန်ပြောတုန်းဗျ။ ဟဲ့နွား ၊
တယ် ငညို ပေကပ်ကပ်နဲ့ကွာ၊
တောက်၊ ဟဲ့ ဆွဲလေ၊ ဟဲ့ “

ကျုပ်ကလည်း လှည်းမောင်းရင်း စကား
ပြောရတာကိုးဗျ။ စကားက ပြတ်ပြတ်သွား
တာပေါ့လေ။

” သူငယ်ချင်းတွေဆိုတော့ ပြောတာပေါ့
ကွာ၊ ဘိုးအောင်စိန်ပြောတာက ဒီလိုကွ

‘ဟာကွာ၊ အောင်စိန်ပါဆိုမှ၊ ဘယ်မှာ
ဖာသိဖာသာ နေလိမ့်မတုံးကွာ၊ ငါ့
ယောက္ခမ ဒေါ်ဆုံက စုန်းတွေ ကဝေတွေ
တောက်စားတဲ့ အချိန်ဆိုရင် မီးလုံးကြီး
ပျံထွက်သွားရောကွ၊ ငါ သူ့အခန်းကို
သွားဖွင့်ပြီး ကြည့်တာပေါ့ကွာ၊ စန့်စန့်
ကြီးဟေ့၊ ဒီတော့ အသက်မှ ရှူရဲ့လား
ဆိုပြီး ကြက်တောင်ကလေးယူပြီး
အဘွားကြီးရဲ့နှာခေါင်းဝကိုတေ့ကြည့်
တာပေါ့ ။ ဟာ ရှူတယ်ဟေ့၊အသက်မှန်
မှန်ရှူပြီး အိပ်နေတာကွ၊ ကိုယ်ကြီးက
တော့ အလောင်းကောင်ကြီးလို တောင့်
တောင့်ကြီး ဖြစ်နေတာကွ၊ဝိုင်းထဲကို
အဲဒီမီးလုံးကြီး ပြန်ဝင်လာမှ လှုပ်
လာတာဟေ့’

‘နေပါဦး အောင်စိန်ရဲ့၊ မင်း အဲဒီလို
ထချောင်းတာကို ကဝေမကြီး မယ်
ဆုံက မသိဘူးလားကြ’

‘ ဟာ ဘယ်သိလိမ့်မတုံးကွာ’

‘သတိတော့ ထားနေပါကွာ၊ မတော်
မင်းအူတွေ အသည်းတွေ နှိုက်စားသွား
မှဖြင့်ကွာ၊ အင်း ကဝေမကြီးရဲ့သမီးမှန်း
သိလျက်နဲ့ မင်းကလည်း ဇွတ်ယူခဲ့တာကိုး။
ဒါထက် မင်းက ဘုရားတွေ ဘာတွေကော
မှန်မှန်ရှိခိုးရဲ့လား’

‘ခိုးတော့ ခိုးတယ်ကွ၊ ဒါပေမဲ့ သူတို့အိမ်မှာ
ရှိခိုးရင် မယ်ဆုံကြီးက မကြိုက်ဘူးကွ၊
တစ်ခါတစ်လေ ငါ တိတ်တိတ်ကလေး
ရှိခိုးရင်တောင် သူသိတယ်လေ’

‘ဟေ အဲဒါဆို ဘာပြောတုံး’

‘ပြောတော့ မပြောဘူးကွ၊ ဟင်း၊ ဟင်း၊
ဟင်းနဲ့ ညည်းသလိုကြီး လုပ်တယ်ကွ၊
ငါလည်း ကြောက်တော့ ဆက်ပြီး ရှိမ
ခိုးရဲပေါ့ကွာ’

‘ဒီလိုတော့ မဟုတ်ပါဘူးကွာ၊
ငါယောက္ခမကြီး မရှိတဲ့အချိန်ဆို
အိမ်မှာ ရှိခိုးလို့ ရပါတယ်။ ငါ ရွာဦးက
စေတီမှာ ဘုရားရှိခိုး၊ ပုတီးစိပ် အမြဲ
သွားလုပ်ပါတယ်ကွ’

‘သြော် အေး အေး ၊ ဘုရားတော့ စိတ်ထဲ
မှာ အမြဲရှိခိုးနေပါ သူငယ်ချင်းရာ၊ မင်းမှာ
အန္တရာယ်မကြီးနဲ့ တစ်အိမ်တည်း အတူ
နေနေရတာကွ’

‘ဟာ မင်းတို့ ထင်သလောက်လည်း
မဆိုးပါဘူးကွ၊ ငါ့ယောက္ခမ မယ်ဆုံကြီး
က ကဝေမကြီးသာဆိုတယ်၊ ဘယ်သူ့ကို
မှ ဒုက္ခမပေးပါဘူးကွာ၊ မီးမဖွားနိုင်တဲ့သူ
တွေကိုတောင် လိုက်ကယ်ပေးနေတာ
မင်းတို့လည်း သိတာပဲလေ’

‘အေး ဒါတော့ ဟုတ်ပါတယ်လေ’

အဲဒီလိုပေါ့ တာတေရာ၊ အဖေတို့၊
ဘိုးအောင်စိန်တို့ ငယ်ငယ်က တွေ့
ကြရင် ဒါပဲ ပြောကြဆိုကြတာတဲ့ကွ”

“နေပါဦး ကိုကြီးစိန်မောင်ရဲ့၊ အခုဟာ
က ဘွားဆုံကြီး သေသွားတာလည်း
ကြာနေမှာပဲဗျာ”

“ဟကောင် တာတေ၊ မင်း အဲဒါတွေ
ခက်တာပေါ့ကွ၊ ဘွားဆုံကြီး သေသွား
ပြီးတဲ့နောက်မှာကို အဲဒီဝိုင်းထဲက မီး
လုံးကြီး ပျံတက်နေတုန်းပဲတဲ့ကွ”

“ဗျာ၊ ဟုတ်ရဲ့လား ကိုကြီးစိန်မောင်ရဲ့”

“သြော် ဟုတ်ပါတယ်ဆိုကွာ၊ ဒါကြောင့်
မင်းကို ငါ သတိပေးချင်လို့ ဒီအကြောင်း
တွေ ပြောနေတာပေါ့”

“ဗျာ”

ဒီတစ်ချက်တော့ ကျုပ်ငိုင်သွားပြီဗျို့။
ကျုပ်တော်တော် ခေါင်းရှုပ်သွားတယ်ဗျာ။
ကိုကြီးစိန်မောင် ပြောသလိုဆိုရင် ကျုပ်
ဘာဆက်လုပ်ရမှန်းတောင် မသိတော့
ဘူးဗျာ။

“ဟာ ဒီနွား၊ ရုန်းလေ၊ ဖြန်း”

အို ကျုပ် ငညိုကို ကြိမ်နဲ့ ရိုက်လိုက်တယ်။
ရိုက်ပြီးမှ ကျုပ် သတိဝင်သွားတာဗျ။ ဘယ်
တုန်းကမှ ကျုပ် ဒီကောင်ကြီးတွေကို မရိုက်
ခဲ့ဘူး။ ကျုပ် ဘယ်လိုဖြစ်ပြီး ငညိုကို ရိုက်
လိုက်မိပါလိမ့် ကျုပ်စိတ်တွေကို ကျုပ်ရ
အောင် ထိန်းလိုက်တယ်

“ဒါဆိုရင် ဘွားဆုံကြီးက သူ့ပညာကို
အမွေပေးခဲ့တာပေါ့နော် ကိုကြီးအောင်စိန်”

“ဒါပေါ့ကွာ၊ သူ့သမီး အရီးမယ်မကို
သူပေးခဲ့မှာပေါ့၊ ဒီတော့ အရီးမယ်မ
ဆီကနေ ဒီပညာတွေကို အမွေခံရမှာ
ဘယ်သူ ဖြစ်မတုံး၊ မင်း စဉ်းစားလေ
တာတေရာ”

“လှယဉ်ပဲ ရှိတာပေါ့ဗျာ”

“အဲဒါကြောင့် ငါ့ညီကို အစ်ကိုကြီးက
သတိပေးတာပါကွာ၊ စိတ်တော့ မ
ကောင်းစရာပေါ့ကွာ၊ ဒါပေမဲ့ ခုနေ
နောက်ပြန်ဆုတ်ရင် မီသေးတာပဲ
တာတေရာ”

ကျုပ် နောက်ပြန်မဆုတ်ချင်ဘူး။ ဘယ်
တော့မှ မဆုတ်ဘူး။ တာတေဆိုတဲ့ကောင်
က နောက်ပြန်ဆုတ်မယ့်ကောင် မဟုတ်
ဘူး။ ရှေ့ကိုပဲ တိုးမယ့်ကောင်ဗျ။ ကဝေ
မရဲ့သမီးဖြစ်ဖြစ်၊ ဆယ့်နှစ်ကြိုးမရဲ့သမီး
ဖြစ်ဖြစ် ကျုပ်လှယဉ်ကို ချစ်တယ်။ လှ
ယဉ်ကို ရအောင် ကျုပ် ယူမယ်။ ဒီဘဝ
မှာ ကျုပ်လှယဉ်ကို ရအောင်ပေါင်းမယ်။
ကျုပ်ဘဝရဲ့ လက်တွဲဖော်ဟာ လှယဉ်
ပဲ ဖြစ်မယ်။ ကျုပ် စိတ်ထဲမှာ တော်တော်
ကို ကျယ်ကျယ်လောင်လောင် အော်
ပြောပစ်လိုက်တယ်။

ဒါပေမဲ့ ပါးစပ်ကတော့ ဘာမှမဖွင့်မပြော
ခဲ့ပါဘူး။ ကိုကြီးစိန်မောင်က ကျုပ်ကို
ညီတစ်ယောက်လို သတိပေးနေတာ
မို့လား။ တာတေက စပ်စုတတ်တာပဲ
ရှိတာပါ။ မရိုင်းပါဘူးဗျာ။

ထနောင်းကုန်းကိုရောက်တော့ ကျုပ်
ကိုကြီးစိန်မောင်ကို ပုဗ္ဗာရုံကျောင်းအထိ
လိုက်ပို့ပေးလိုက်တယ်။ ဆရာတော့်ဆီ
တော့ မဝင်တော့ဘူးဗျာ။ ကျုပ်မှာက နှမ်း
အိတ်တွေ ပါလာတော့ အိမ်ကိုပဲ မောင်း
လာခဲ့တယ်။ အဲဒီညက ကျုပ် အိပ်မပျော်
ဘူးဗျာ။ ကျုပ်မျက်စိထဲမှာတော့ ကျုပ်ကို
ပြုံးကြည့်နေတဲ့ လှယဉ်ရဲ့ မျက်နှာလေး
ကိုပဲ မြင်နေတာဗျ။

လှယဉ်ကို ကျုပ်မခွဲနိုင်ဘူး။ ကျုပ်မခွဲ
ပါရစေနဲ့ဗျာ။ဆယ့်နှစ်ကြိုးကဝေမကြီးရဲ့
မြေးဖြစ်လို့၊ ပြီးတော့ ပညာလက်ဆင့်ကမ်း
ခဲ့ရတဲ့ အရီးမယ်မရဲ့ သမီးဖြစ်လို့ ကျုပ်ချစ်
သူကို ကျုပ် မုန်းလိုက်ရတော့မှာလား။

ဝေးပါသေးရဲ့ဗျာ၊ ကျုပ်က တာတေပါဗျ၊
လှယဉ်ကို ကျုပ်ရအောင် ယူမယ်ဗျ။ လှ
ယဉ်နဲ့ ကျုပ်နဲ့ ဘန့်ဘွေးကုန်းမြောက်
ဘက်က ခင်တန်းကလေးမှာ မကြာ မ
ကြာ တွေ့ဖြစ်ကြတယ်။ ခင်တန်းမှာပွင့်
နေတဲ့ တောရိုင်းကလေးတစ်ပွင့်ပါဗျာ။

ကျုပ် လှယဉ်စိတ်ဆင်းရဲမယ့် စကားတွေ
လုံးဝမပြောခဲ့ပါဘူး။ လှယဉ်နဲ့ အရိုးသား
ဆုံး၊ အသန့်စင်ဆုံး ချစ်ခင်ကြတယ်။ တစ်
ယောက်နဲ့ တစ်ယောက် အသည်းပေါက်
မတတ် ချစ်ခဲ့ကြတာပါဗျာ။

တစ်ရက်ပေါ့ဗျာ။ ကျုပ်ထုံးစံအတိုင်း
ဝိုင်းထဲမှာ မန်ကျည်းပင်ကြီးအောက်
မှာ နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး
အိပ်တော့မလို့ လုပ်နေတာ။ ဝါးပိုးခြမ်း
ခေါင်းအုံးကလေးကို အမေ့တဘက်
ကလေးခင်းလို့ပေါ့ဗျာ။

“ကိုကြီးတာတေ၊ အိပ်နေလားဗျ”

ကျုပ်ဝိုင်းဝကို ခေါင်းထောင်ကြည့်လိုက်
တယ်။ ဝိုင်းထဲကို ခြေလှမ်းကျဲကျဲလှမ်းပြီး
ဝင်လာတဲ့ ကျောက်ဒိုးဗျ။ ကျုပ် ချက်ချင်း
အိပ်နေရာက ထလိုက်တယ်။

“ဟေ့ကောင် ကျောက်ဒိုး လာ၊ မင်း
ဘယ်သူ့ဆီ လာတာတုံး၊ ထနောင်းကုန်း
မှာ မင်းသူငယ်ချင်း ရှိလို့လား”

ခင်ဗျားကိုတောင် ကျုပ်ပြောမပြရသေးဘူး။
ကျောက်ဒိုးဆိုတာ လှယဉ်မောင် နှစ်ယောက်
ထဲက အငယ်ကောင်ဗျ။ ဒီကောင့်မှာ နာမည်
တော့ ရှိတယ်ဗျ။ ကျုပ်မေ့နေပြီ။ အိမ်မှာတော့
ကျောက်ဒိုးပဲ ခေါ်ကြတာ။ အကြီးကောင်က
သံခဲတဲ့။ မနှစ်က ရှင်ပြုတာ ဒီကောင်တွေ
ညီအစ်ကိုလေဗျာ။

“လာဟေ့ ကျောက်ဒိုး၊ ရှင်ပြုပြီးမှ မင်းလည်း
ထွားလာလိုက်တာ၊ ငါ့အရပ်တောင် ကျော်
သွားပြီထင်တယ်”

ကျောက်ဒိုးက ကျုပ်ထိုင်နေတဲ့
ကွပ်ပျစ်မှာပဲ ဝင်ထိုင်တယ်

“ကျုပ်က သူငယ်ချင်းဆီလာတာ မဟုတ်
ဘူးဗျ။ ကိုကြီးတာတေဆီကို လာတာ”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ပြောလေ”

“ကျုပ်အစ်မ လွှတ်လိုက်လို့လာတာဗျ။
အစ်မလှယဉ်က ပြောတယ် မနက်ဖြန်
ချိန်းထားတဲ့ ခင်တန်းကို မလာနဲ့တော့တဲ့။
သူ့မှာ အရေးကြီးတဲ့ကိစ္စ ရှိလို့တဲ့၊ အဲဒါ
လာပြောတာဗျ”

ကျောက်ဒိုးကို ကြည့်ရတာ နည်းနည်းတော့
ရှက်ကိုးရှက်ကန်းဖြစ်နေပုံပဲဗျ။

“သြော် အေးအေး မင်း ထမင်းစားပြီးမှ
ပြန်လေကွာ”

“မစားတော့ဘူး ကိုကြီးတာတေ၊ အစ်မ
လှယဉ်က ပြောပြီးရင် ချက်ချင်းပြန်ခဲ့လို့
မှာလိုက်တယ်ဗျ”

“ဒါထက် ကျောက်ဒိုး၊ ကြုံတုန်း မင်းကို
မေးရဦးမယ်၊ မင်းကကော မင်းအစ်မလှယဉ်
နဲ့ ငါနဲ့ကို သဘောတူရဲ့လားကွ”

ကျုပ်က ကျောက်ဒိုးကို သွေးထိုးစမ်းပြီး
မေးကြည့်တာပေါ့ဗျာ။ ကျောက်ဒိုးက
မျက်နှာကို တစ်ဖက်လှည့်ပြီး ပြောတယ်ဗျ။

“ကျုပ်အစ်မလှယဉ် သိပ်ချောတယ်
ဒါပေမဲ့ ခင်ဗျားမှ မယူရင် ကျုပ်အစ်မကို
ယူတဲ့သူ ရှိမှာမှ မဟုတ်တာ၊ ကိုကြီး
တာတေကို သဘောတူပါတယ်ဗျာ”

“ဟေ လှယဉ်ကို ဘာဖြစ်လို့ ယူမယ့်သူ
မရှိရမှာလဲကွ၊ မင်းအစ်မ ဒီလောက်ချောတာ”

“ကိုကြီးတာတေရာ၊ လူတွေက ကျုပ်တို့ကို
ကဝေမျိုး၊ စုန်းမျိုးလို့ သတ်မှတ်ထားကြ
တာဗ်”

“သြော် ဒါကြောင့်လား”

“နေပါဦး ကိုကြီးတာတေရာ၊ ကျုပ်ကလည်း
ခင်ဗျားကို မေးရဦးမယ်၊ ခင်ဗျားကော ကျုပ်
အစ်မကို တကယ်ယူရဲ့လို့လား၊ လူတွေက
ခင်ဗျားကိုပါ ကဝေမျိုး၊ စုန်းမျိုးလို့ ပြောကြ
မှာ။ ကျုပ်တို့ကို လူတွေကြည့်တဲ့ အကြည့်
တွေဟာ ဘယ်လောက်အခံရခက်တယ်ဆို
တာ ခင်ဗျား မသိပါဘူးဗျ”

“ငါ သိပါတယ် ကျောက်ဒိုးရာ၊ ဒါတွေကို
ငါမမှုပါဘူးကွာ၊ ငါ မင်းအစ်မလှယဉ်ကို
ယူရဲပါတယ်၊ ဘယ်သူတွေ ဘာပဲပြောပြော
ငါ ဂရုမစိုက်ဘူးကွာ၊ ငါ လှယဉ်ကို ယူမှာ”

“ဒါဆိုလည်း ပြီးရောဗျာ၊ ကျုပ် ပြန်မယ်”

“နေဦး ကျောက်ဒိုး၊ ငါ ရွာထိပ်အထိ
လိုက်ပို့မယ်”

ကျုပ်က ကျောက်ဒိုးကို ရွာထိပ်အထိ
လိုက်ပို့တယ်။ ဒါပေမဲ့ အိမ်ပေါ်ကနေ
မသိမသာ ကြည့်နေတဲ့ ကျုပ်အဘကို
ကျုပ် သတိမထားမိဘူးဗျ။ နောက်နေ့
မနက် ဝေလီဝေလင်းထပြီး ကျုပ်နဲ့ အ
ဘနဲ့ ယာထဲသွားတယ်။ ယာထွန်ဖို့
ပေါ့ဗျာ။ ကျုပ်နဲ့အဘနဲ့ ယာတွေ နေ့
ဆက်ထွန်နေတာဗျ။

ဒီနေ့ ထွန်မယ့်အကွက်က ဆပ်သမြှောင်လို့
ခေါ်တဲ့ အကွက်ပေါ့ဗျာ၊သိပ်မကျယ်ပါဘူး။ ဘုန်းကြီးကျောင်းကဆွမ်းစားတဲ့ ကြေးမောင်း
ထုချိန်ဆိုရင် ပြီးသွားမှာပါ။ ဒါကြောင့် သား
အဖနှစ်ယောက် နွားနှစ်ကောင်ဆွဲပြီး အစော
ကြီး ထလာကြတာ။ ယာထဲရောက်တော့
အဘက မန်ကျည်းပင်ကြီးအောက်မှာ
ထမင်းတောင်းလေးကလေးချပြီး ရေနွေး
ခရား ထုတ်တယ်။ ကျုပ်က နွားတွေကို
ထွန်မှာတပ်တာပေါ့ဗျာ။ ဒီတုန်းမှာပဲ…

“ဟဲ့ တာတေ၊ ဟိုမှာကြည့်စမ်း  ဟိုမှာ”

လို့ ပြောပြီး အဘက လက်ညှိုးထိုးပြတယ်
အဘပြတဲ့ဘက်ကို ကြည့်လိုက်တော့
ဘန့်ဘွေးကုန်းရွာဘက်ဗျ။

“ဟာ မီးလုံးကြီးပါလား”

ဘန့်ဘွေးကုန်းရွာအစွန်က တောတန်းကလေး
ပေါ်မှာ နိမ့်ချည်မြင့်ချည် ပျံနေတဲ့ မီးလုံးကြီးဗျ
ဟော ကြည့်နေတုန်းမှာပဲ မီးလုံးကြီးက အောက်
ကို ထိုးဆင်းသွားတယ်ဗျ။ ဟာ ပြန်ပြီးတက်လာ
ပြန်ပြီ။ ဟော ထိုးဆင်းသွားပြန်ပြီဗျို့။ အဘ
ကလည်း မန်ကျည်းပင်အောက်ကနေ ရပ်ပြီး
ကြည့်နေတယ်ဗျ။

“စုန်းတွေ ကဝေတွေ တောက်စားနေတာ
ဖြစ်မှာပေါ့ကွာ”

အဘက ဒါပဲပြောပြီး ရေနွေးကြမ်း
ထိုင်သောက်နေတယ်ဗျ။ ကျုပ်ကတော့
ဘာမှမပြောဘဲ ယာစထွန်တယ်။ကျုပ်
လှမ်းကြည့်လိုက်တော့ ဘန့်ဘွေးကုန်းက
မီးလုံးကြီး မတွေ့တော့ဘူးဗျ။ အဲဒီနေ့က
မွန်းတည့်ချိန်လောက်မှ အဘနဲ့ ကျုပ်နဲ့
အိမ်ပြန်ရောက်ကြတယ်

နေ့ခင်းကျတော့ ကျုပ်က ကွပ်ပျစ်မှာ
အိပ်နေတယ်။ တကယ်ဆိုရင် ဒီလိုနေ့မှာ
လှယဉ်နဲ့ ချိန်းတွေ့နေကြဗျာ။မနေ့က
ကျောက်ဒိုး လာပြောထားတော့ ကျုပ်
မသွားဘူးလေ။ အိမ်မှာပဲ အိပ်နေရတာ
ပေါ့ဗျာ။

“ဟေ့ကောင် တာတေ၊ ငါက မင်းကို
တွေ့ပါ့မလားလို့ကွ”

ဝိုင်းပေါက်ဝက အသံကြားလို့ ကျုပ်
ခေါင်းထောင်ကြည့်လိုက်တော့ …

“ဟာ ကိုကြီးစိန်မောင်ပါလား၊ လာလေ
ကိုကြီး၊ ပုဗ္ဗာရုံကျောင်းကို သွားမလို့လေ”

“ဟာ ပုဗ္ဗာရုံကျောင်းကို သွားမှာ မဟုတ်
ဘူးကွ၊ မင်းဆီကိုလာတာကွ တာတေရ”

ကိုကြီးစိန်မောင်က ပြောပြောဆိုဆိုနဲ့ ကျုပ်
ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်တယ်။ ကျုပ်က
နဂါးဆေးပေါ့လိပ်တစ်လိပ်ကလေးပေးပြီး
မီးခတ်နဲ့ မီးညှိပေးလိုက်တယ်။  ကိုကြီး
စိန်မောင်က ဆေးပေါ့လိပ်ကိုနှစ်ဖွာ သုံးဖွာ
ဖွာပြီး အမောဖြေနေတယ်ဗျ။ ပြီးတော့မှ…

“တာတေ၊ ငါ ညက ဘန့်ဘွေးကုန်းမှာ
အိပ်တာ၊ ငါတို့အရီးလေး နေမကောင်းလို့ကွ”

“ကိုကြီးစိန်မောင်တို့ အဘွားလေးက
ဘယ်သူတုံး”

“ဟာ တာတေကလည်း အရီးဝိုင်းစိန်လေ၊
အဖေ့ညီမအရင်းပေါ့ကွ”

“သြော် ဟုတ်လား၊ အရီးဝိုင်းစိန်ကိုတော့
သိသားပေါ့ဗျ ကိုကြီးစိန်မောင်တို့အဖေနဲ့
မောင်နှမမှန်း သိကို မသိတာဗျ။ သြော်
ဒါထက် မနက်က ဝေလီဝေလင်းထပြီး
အဘနဲ့ ကျုပ်နဲ့ ယာထဲဆင်းတော့ ဘန့်
ဘွေးကုန်းဘက်မှာ မီးလုံးကြီးတစ်လုံး
ပျံနေတာ တွေ့တယ်ဗျ ။ ကျုပ်က မြင်
တာမဟုတ်ဘူး။ အဘ ပြလို့မြင်တာဗျ”

“အေး အခု ငါလာတာ အဲဒီကိစ္စပဲကွ”

“ဗျာ ဘာကိစ္စတုံးဗျ”

“မနေ့က ညနေက ဘန့်ဘွေးကုန်းသုသာန်
က ဇရပ်ပေါ်မှာ လွတ်အိတ်ကြီးတွေ လွယ်
ထားတဲ့ လူနှစ်ယောက် ရောက်တာတွေ့
တယ်လို့ ရွာထဲမှာ ပြောနေကြတယ်ကွ။ဒါနဲ့
ငါ့ညီဝမ်းကွဲ တောကျော်နဲ့ ငါနဲ့ မသိမသာ
သွားပြီး အကဲခတ်တော့ ဟုတ်တယ်ကွ။
နှုတ်ခမ်းမွေးကြီးတွေနဲ့ တစ်ယောက်က
သျှောင်ထုံးကြီးနဲ့ကွ၊ တစ်ယောက်ကတော့
ရိုးရိုးဆံပင်ပါပဲ။ ဇရပ်ပေါ်မှာ ဖယောင်းတိုင်
တွေ ထွန်းပြီး တစ်ခုခုလုပ်နေတာကွ၊ ဘာ
လုပ်နေတာလဲတော့ မသိဘူးကွ၊ ငါတို့
ညီအစ်ကိုလည်း မသိမသာဘဲ ပြန်လာ
ခဲ့တာပေါ့ကွာ၊ ရွာထဲမှာတော့ တိုးတိုး
တိုးတိုးနဲ့ ဒီအကြောင်း ပြောနေကြတာ
ပေါ့ကွာ။ မနက်လေးနာရီလောက်ကျ
တော့ ဘိုးအောင်စိန်တို့ ဝိုင်းထဲက
မီးလုံးကြီးတစ်လုံး ပျံတက်သွားတယ်လို့
ကင်းစောင့်တဲ့ ကောင်လေးတွေ လာ
ပြောလို့ ငါလိုက်သွားပြီး ကြည့်တယ်ကွ”

“ဘယ်ကို သွားကြည့်တာတုံး
ကိုကြီးစိန်မောင်ရ”

“ဟိုကောင်တွေက သင်္ချိုင်းကုန်းဘက်ကို
ပျံထွက်သွားတယ်ဆိုလို့ သင်္ချိုင်းကုန်း
ဘက်ကိုလိုက်ကြည့်တာကွ”

“ဘာတွေ့တုံးဗျ”

“ဟာ တွေ့တာပေါ့ကွာ၊ မီးလုံးကြီး သစ်ပင်
တွေပေါ်မှာ ဝဲနေတာကွ၊ မနေ့က ငါတွေ့ခဲ့
တဲ့ လူနှစ်ယောက်က ဇရပ်နဲ့ သင်္ချိုင်းကြားက
ကွက်လပ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက်
ဆယ်ပေလောက်ခွာပြီး ရပ်နေကြတာကွ၊

မီးလုံးကြီးက အပေါ်မှာ ဝဲနေရာကနေ ထိုး
ဆင်းလာပြီး ဝင်းဝင်း ဝင်းဝင်းနဲ့ အလင်းတန်း
တွေ လွှတ်လိုက်တာကွ။ ဟိုလူနှစ်ယောက်
ကလည်း ဝင်းဝင်း ဝင်းဝင်းနဲ့ အလင်းတန်း
တွေနဲ့ ပြန်ပစ်တာပဲဟေ့၊ မီးလုံးကြီးက အ
ပေါ်ကို ထိုးတက်သွားလိုက်၊ အောက်ကို
စိုက်ဆင်းလာပြီး အလင်းတန်းတွေ တဝင်း
နဲ့ ပစ်လိုက်၊ အောက်က လူနှစ်ယောက်
ကလည်း အလင်းတန်းတွေနဲ့ ပြန်ပစ်
လိုက်နဲ့ တော်တော်ကြာတယ်ကွ။

ခဏနေတော့ မီးလုံးကြီးက ပစ်လိုက်တဲ့
အလင်းတန်းကြီးဟာ သျှောင်ထုံးမပါတဲ့
လူရဲ့ ကိုယ်ထဲကို ဖောက်ဝင်သွားရော
ဟေ့၊ အဲဒီလူလည်း မြေကြီးပေါ်မှာ
လူးလှိမ့်ပြီး အသံနက်ကြီးနဲ့ ‘အား’
ခနဲ တစ်ချက် ကြုံးအော်လိုက်ပြီး
ဆန့်ငင် ဆန့်ငင် ဖြစ်နေရောဟေ့။

သျှောင်ထုံးနဲ့ လူကြီးက သူ့လူကို ပြေး
ပွေ့ပြီး ပါးစပ်ထဲကို ဆေးတွေ ထိုးထည့်
ပေးတယ်ကွ။ ဒါပေမဲ့ ဆေးမမီတော့ဘူး
ထင်တယ်ကွ၊ ငြိမ်ကျသွားရောဟေ့၊
သျှောင်ထုံးနဲ့လူက ‘တောက်’ခနဲနေအောင်
တောက်ခေါက်လိုက်ပြီး မော့ကြည့်တယ်။
ဒါပေမဲ့ မီးလုံးကြီးက မရှိတော့ဘူးကွ”

“ဟာ ဟိုလူ သေသွားတာပေါ့ ဟုတ်လား
ကိုကြီး”

“အေး သေတာပေါ့ကွာ၊ သေလိုက်တာမှ
စန့်စန့်ကြီးဟေ့၊ ပါးစပ်ကလည်း သွေး
တွေ တပွက်ပွက်နဲ့ အန်တာကွာ၊ မြင်
လို့ကို မကောင်းပါဘူး”

“အဲဒီမီးလုံးကြီးက လှယဉ်တို့ဝိုင်းထဲက
ထွက်လာတာပေါ့ ဟုတ်လား ကိုကြီး
စိန်မောင်”

“အေး ဟုတ်တယ် တာတေ၊ ကင်းစောင့်
တဲ့ သာကျော်နဲ့ ကျားကြီးက သေသေချာ
ချာကို တွေ့ခဲ့တာပါဆိုကွာ”

“ဒါဆိုရင် ဒီမီးလုံးကြီးက ကျုပ်ယောက္ခ
မလောင်း ဆယ့်နှစ်ကြိုးကဝေမကြီး
အရီးမယ်မ ဖြစ်မှာပေါ့ဗျာ”

ကျုပ်စကားကိုကြားတော့ ကိုကြီးစိန်မောင်
က ခေါင်းခါပြတယ်ဗျ။ ပြီးတော့မှ မျက်နှာ
ပျက်ပျက်နဲ့ ပြောတယ်။

“မနေ့က ရွာမှာ အရီးမယ်မ မရှိဘူးကွ၊
မြို့ကိုသွားတယ်။ ဘိုးအောင်စိန်လည်း
ပါသွားတယ်။ အရီးမယ်မတို့ အဒေါ်တစ်
ယောက် ဆုံးလို့တဲ့၊ နောက်နှစ်ရက်
လောက်ကြာမှ ပြန်လာမှာတဲ့ “

“ဗျာ ဒါဆိုရင် ဒီ ဒီ မီးလုံးကြီးက…”

ကျုပ် ကိုကြီးစိန်မောင်ရဲ့ မျက်နှာကို
အကဲခတ်လိုက်တယ်။

“ငါ အတိအကျတော့ မသိဘူး တာတေ၊
ဒါပေမဲ့ အိမ်မှာက လှယဉ်နဲ့ သူ့မောင်
နှစ်ယောက်ပဲရှိတာ”

“ဗျာ”

“မဗျာနဲ့ လူလေး၊ အဲဒါ မင်းသူငယ်ချင်းမ
လှယဉ်ကွ”

ဘယ်တုန်းက နောက်မှာရောက်နေမှန်း
မသိတဲ့ ကျုပ်အဘ ဝင်ပြောလိုက်တာဗျ။

“ဟင် အဘ၊ အဘသိတယ် ဟုတ်လား”

“သိပါပြီလား တာတေရယ်၊ အောင်စိန်က
ငါ့သူငယ်ချင်းလေ၊ ငါတို့ဝိုင်းပြီးဖျက်နေတဲ့
ကြားက မယ်မကို ဒီကောင် ဇွတ်ယူသွား
တာ၊ သူ့ယောက္ခမ မယ်ဆုံကြီး မသေခင်
မှာ သူ့ပညာတွေ မယ်မကို ပေးတာ မဟုတ်
ဘူးကွ၊ သူ့မြေးမ လှယဉ်ကို ပေးခဲ့တာ။

သူတောက်စားချိန်မှာ ငုံထားတဲ့ ကွမ်းဖက်
ကို လှယဉ်ကို ကျွေးလိုက်တာကွ၊ ဒီမိန်းမ
ကြီးက နည်းတဲ့အဆင့် မဟုတ်ဘူး၊မောက်
လုံးထက် သုံးဆင့်မြင့်တယ်တဲ့။

အစိမ်းရောင်စက်တွေ လွှတ်နိုင်တယ်တဲ့။
ပညာပေးပေးချင်း လှယဉ်က အောင်သွား
တယ်ဆိုပဲ။ ပညာပေးတဲ့ ဆရာထက် တစ်
ဆင့်နိမ့်တဲ့ ပညာသည် ဖြစ်လာတာလေ။
အဲဒီဆရာ သေတော့မှ သူက အဲဒီဆရာရဲ့
အဆင့်ကိုရတာ၊ အခု မယ်ဆုံမရှိတော့
လှယဉ်က သူ့အဘွားမယ်ဆုံရဲ့ အဆင့်ကို
ရသွားတာပေါ့။

အဲဒါ အောင်စိန်က သူ့သမီးဆီက ပညာကို
နှုတ်ပစ်ဖို့ အစွမ်းထက်တဲ့ ဆရာကို ကြိတ်ပြီး
ရှာနေတာ၊ ငါ့ကိုလည်း အကူအညီတောင်း
လို့ ငါလည်း ကြိတ်ပြီး ဆရာစုံစမ်းနေတာကွ၊

မင်း သတိမထားမိလို့ပါ  လူလေး တာတေရာ၊
သူတို့ အလှူလုပ်တုန်းက ကျောင်းကို မယ်မ
လိုက်လာပြီး ဘုန်းကြီးကို ရှိခိုးပြီး လှူကြတန်း
ကြတာလေ။ ကဝေဆိုရင် မယ်မက ဘုရားတို့
ဘုန်းကြီးတို့ကို ဘယ်ရှိခိုးလိမ့်မတုံး၊ အဲဒီတုံး
က မင်းသူငယ်ချင်းမ လှယဉ်က နေမကောင်း
လို့ဆိုပြီး အိပ်ရာထဲက မထွက်ဘဲနေလို့ ဘုန်း
ကြီးကျောင်းကို ပါမှ မလာတာ”

ဟုတ်သားပဲဗျာ။ အဘပြောမှ ကျုပ်သတိ
ထားမိတယ်။ ကျုပ်နဲ့ ရွာဦးက ဘုရားမှာ
တစ်ခါတွေ့ကြတုန်းကလည်း ဟိုလိုလို၊
ဒီလိုလိုလုပ်ပြီး ဘုရားရှိခိုးမသွားဘူးဗျ။
နောက်ဆိုရင် ဘုရားကို ဘယ်တော့မှ
မလာဘူးလေ။ ရွာမြောက်က ခင်တန်းမှာပဲ
သူနဲ့ကျုပ်နဲ့ တွေ့ကြတာ၊ သြော် ဖြစ်မှ
ဖြစ်ရလေ လှယဉ်ရယ်။ ကျုပ်စိတ်မကောင်း
လိုက်တာဗျာ။ ကျုပ်နာမည် တာတေပါ။
ကျုပ်က ကိစ္စတစ်ခုကို နောက်ဆုတ်
တတ်တဲ့လူ မဟုတ်ပါဘူးဗျာ။

ကျုပ်ချစ်သူ လှယဉ်ဟာ ကဝေမကလို့
ဇော်ကနီ၊ ဇော်ကနက်၊ မောက်လုံး၊
မောက်ပြား ဖြစ်နေပစေ။ ကျုပ် လှယဉ်ကို
ယူမှာ။ ပြီးရင် လှယဉ်ကို နားဝင်အောင်
ပြောပြီး သူ့ပညာကို ဆရာကောင်း သမား
ကောင်းနဲ့ နှုတ်ပစ်မှာပေါ့ဗျာ။ ဘာဖြစ်သေး
တုံး။ အဲဒီနေ့က ကိုကြီးစိန်မောင်နဲ့ အဘ
က ကျုပ်ကို ဖျောင်းဖျကြတယ်။

လှယဉ်ကို မယူဖို့၊ နောက်ဆုတ်ဖို့ နားချ
ကြတာပေါ့ဗျာ။ ဒီလိုနဲ့ ညမိုးချုပ်သွားတယ်။
ကိုကြီးစိန်မောင်လည်း ကျုပ်တို့အိမ်မှာ
ညစာ စားတယ်။ ကျုပ်ကတော့ စားလို့ကို
မရပါဘူးဗျာ။ ရင်ထဲမှာ နင့်တင့်တင့်ကြီးကို
ဖြစ်နေတာဗျ။ အမေကတော့ တစ်ခွန်းပဲ
ပြောတာဗျ။

” ငါ့သား တာတေ၊ သူ့ဟာသူ စဉ်းစားပြီး
လုပ်သင့်တာ လုပ်ပါလိမ့်မယ်လေ”

အဲဒီညက အဘနဲ့အမေက ဆွဲတာနဲ့
ကိုကြီးစိန်မောင် ကျုပ်တို့အိမ်မှာပဲ
အိပ်တယ်ဗျ။ အမေရယ်၊ အဘရယ်၊
ကိုကြီးစိန်မောင်ရယ်၊ ကျုပ်ရယ်၊ စ
ကားပြောနေကြတုန်း ည ရှစ်နာရီ
ကျော်လောက်မှာ…

“ကိုကြီး တာတေ၊ ကိုကြီးတာတေ”

ဝိုင်းဝက လှမ်းခေါ်လိုက်တဲ့အသံကို
ကျုပ်ရော အဘတို့ရော ကြားလိုက်ကြတယ်။

“ဘယ်သူတုံး တာတေ၊ ညကြီးအချိန်မတော်”

အမေကပြောတော့ ကျုပ်ချက်ချင်းထ
ကြည့်လိုက်တယ်

“ဘယ်သူတုံး”

လို့ ကျုပ်က မေးလိုက်တယ်ဗျ။ ဝိုင်းဝမှာ
ရပ်နေတဲ့ ကောင်လေးက…

“ကျုပ်ပါဗျ ၊ ကိုကြီးတာတေ၊ ကျောက်ဒိုးပါ”

“ဟေ ကျောက်ဒိုး၊ ဘာဖြစ်လို့တုံး၊
ညကြီးမိုးချုပ်လာတာ”

“တာတေ ဒါ လှယဉ်မောင်လား”

ကိုကြီးစိန်မောင်က ကျုပ်ကို မေးတယ်။

“ဟုတ်တယ်ဗျ “

ပြောပြောဆိုဆို ကျုပ်က အိမ်ပေါ်က
ဆင်းပြီး ဝိုင်းဝကို ပြေးလာခဲ့တယ်
ကျုပ်နောက်က ကိုကြီးစိန်မောင်လည်း
ကပ်ပါလာတယ်။

“အစ်မလှယဉ်နဲ့ အောက်လမ်းဆရာကြီးနဲ့
တိုက်ကြတော့မယ်ဗျ။ အစ်မလှယဉ် ဆံပင်
ကြီးဖားလျားချပြီး သင်္ချိုင်းဘက်ကို ထွက်
သွားတယ်”

“ဟေ ဟုတ်လား၊ လာ ကျောက်ဒိုး သွား
ကြမယ် “

ကျုပ်ပြေးပြီ။ ကိုကြီးစိန်မောင်နဲ့ ကျောက်ဒိုး
လည်း ကျုပ်နောက်က ပြေးလိုက်လာကြ
တယ်။ ကျုပ်ခြေထောက်တွေကိုတောင်
နှေးနေတယ်လို့ ကျုပ်စိတ်က ထင်နေတာ
ဗျ။ ကျုပ်ပြေးနေတာ ခြေထောက်နဲ့ မြေ
ကြီးနဲ့ ထိမှထိရဲ့လားတောင် မသိပါဘူးဗျာ။

ကျုပ်ရှေ့မှာ ဘန့်ဘွေးကုန်းသင်္ချိုင်းကို
ကျုပ်မြင်နေရပြီဗျ ။ ရောက်ပြီ။ ကျုပ်
ရောက်ပြီ။ ဟာ တိုက်ခိုက်ကုန်ကြပါ
ပေါ့လား။ ဆံပင်ကို ဖားလျားကြီးချ
ထားတဲ့ ကျုပ်ချစ်သူ လှယဉ်ကတစ်
ဖက်၊ သျှောင်ထုံးနဲ့အောက်လမ်းဆ
ရာကြီးက တစ်ဖက်။

ဟာ အောက်လမ်းဆရာက သူ့လက်ဝါး
နှစ်ဖက်က တဝင်းဝင်းနဲ့ ထွက်လာတဲ့
စက်တွေနဲ့ ပစ်ပြီဗျို့။ ဟာ လှယဉ်က
လည်း စက်တွေထုတ်ပြီး ပစ်တယ်။
နှစ်ဖက်လွှတ်တဲ့ စက်တွေက လမ်း
မှာတင်တွေ့ပြီး…’ဝုန်း’ဆိုတဲ့  အသံ
ကြီးမြည်သွားတယ်ဗျ။

ဟာ မီးခိုးလုံးကြီး ထွက်သွားလိုက်တာဗျာ
သင်္ချိုင်းဝန်းကျင်မှာ ဘန့်ဘွေးကုန်းရွာသား
တွေ ဝိုင်းကြည့်နေကြပါရောလား။

ကျုပ်လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူးဗျာ၊
လှယဉ်မျက်နှာမှာ ကျုပ်အင်မတန်မြတ်နိုးတဲ့
နူးညံ့မှုတွေ မရှိတော့ဘူးဗျာ။ အင်မတန်ရက်
စက်တဲ့ မျက်နှာပါဗျာ။ ပစ်ပြန်ပြီဗျို့။ ဒီတစ်ခါ
လှယဉ်က စက်နဲ့ အရင်ပစ်တယ်ဗျ။

လှယဉ်ပစ်တဲ့စက်က အလင်းလုံးကလေး
တစ်ခုဗျ။ သူ့လက်ဝါးနှစ်ဖက်ကြားက
ထွက်သွားတာ။ အဲဒီအလင်းလုံးလေး
က အောက်လမ်းဆရာကြီးကိုပတ်ပြီး
ပျံနေပြီဗျို့။ အောက်လမ်းဆရာကြီးက
အလင်းလုံးကလေးကို မနည်းကို ရှောင်
နေရတာဗျို့။

ဟော အောက်လမ်းဆရာကြီးက သူ့
လွယ်အိတ်ထဲက အင်းချပ်လား ဘာလား
မသိဘူးဗျ။ ထုတ်လိုက်ပြီ။ ဟော ဟော
အလင်းစက်ကို ပစ်ဖို့ ချိန်နေတယ်ဗျ။
ဟော ပစ်ပြီ ပစ်ပြီ။

“ဝုန်း”

အလင်းစက်ကလေးကို သွားထိပြီး
‘ဝုန်း’ဆိုတဲ့ အသံကြီး ထွက်လာတာဗျို့။
ဟာ အောက်လမ်းဆရာကြီး ဖင်ထိုင်လျက်
လဲကျသွားပြီဗျို့။ ဟော ပြန်ထလာပြီ
ပြန်ထလာပြီ။

ဟာ လှယဉ်ရဲ့ ပါးစပ်ထဲက အစိမ်းရောင်
တောက်တောက်အလင်းတန်းတွေ ထွက်
လာပြီဗျ။ အလင်းတန်းကလေးတွေ ငါးခု
လောက်ရှိတယ်။ ဟော ပေါင်းသွားပြီ။
အလင်းတန်းကလေးတွေက ကြိုးကျစ်
သလိုကျစ်ပြီး တစ်ချောင်းတည်း ဖြစ်
သွားပြီ။ ဟော ရှေ့ကို တိုးသွားပြီ။

ဟာ အောက်လမ်းဆရာကြီးကလည်း
သူ့ပါးစပ်ကြီးကို ဟပြီး အလင်းတွေ
ထုတ်နေပြီဗျ။ သူက အဖြူရောင်
အလင်းတန်းတွေဗျ။ သူကလည်း
ကြိုးကျစ်သလို လိမ်သွားပြီး ရှေ့ကို
တိုးလာပြီဗျ။

ဟာ အစိမ်းရောင်နဲ့ အဖြူရောင် အလင်း
တန်းနှစ်ခုတွေ့ပြီး လိမ်သွားပြီဗျို့။ ဟော
လိမ်လျက်သားနဲ့ ရှေ့ကို တိုးသွားပြီဗျို့။
အဖြူရောင်စက်တွေက လှယဉ်ဘက်ကို
တိုးသွားသလို အစိမ်းရောင်စက်တွေက
လည်း အောက်လမ်းဆရာကြီးဘက်ကို
တိုးသွားနေပြီ။

ဒီတုန်းမှာပဲ ကျုပ် သူ့ကို သတိရသွားတယ်။
မဖဲဝါလေ။ ကျုပ် သူ့ကို ခေါ်ကြည့်ဖို့ သတိ
ရသွားတယ်။ ချက်ချင်းပဲ သင်္ချိုင်းထဲကို
ကျုပ် ပြေးဝင်လိုက်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ၊ ကျုပ် တာတေ
ပင့်ဖိတ်ပါတယ်၊ ရောက်ရာအရပ်ကနေ
အမြန်ကြွခဲ့ပါ၊ မဖဲဝါ အမြန်ကြွခဲ့ပါ။
ဒီပွဲကို အနိုင်အရှုံး ဆုံးဖြတ်ပါ၊
လောကနဲ့ မထိုက်တဲ့ သူကို
သုတ်သင်လိုက်ပါ မဖဲဝါ”

ကျုပ်စိတ်ကို မဖဲဝါဆီ ညွှတ်ပြီး
ပင့်လိုက်တယ်

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး”

ဟာ လာပြီ၊ မဖဲဝါ  ကြွလာပြီ။ သူ့ရဲ့
ခွေးကြီးအသံကို ကြားနေရပြီ။ ဟာ
ဟုတ်ပါ့ဗျာ။ ဂူတွေအပေါ်ကနေ လေ
ထဲမှာ ရွေ့လာတာဗျို့။ အရပ်ကြီး
ဆယ်ပေလောက်မှာ ဆံပင်ဖားလျား
ကြီးချပြီး ထမီရင်လျားကြီးနဲ့ဗျ။

ပြေးလာတဲ့ မဖဲဝါကြီး သင်္ချိုင်းအလယ်
လောက်မှာ တန့်ခနဲ ရပ်သွားတယ်။
ကျုပ်လည်း နောက်ကို လှည့်ကြည့်
လိုက်တော့ အောက်လမ်းကြီးရဲ့
အဖြူရောင်စက်တွေက လှယဉ်ရဲ့
ပါးစပ်ထဲကို ဝင်သွားပြီ။

လှယဉ်လွှတ်တဲ့ အစိမ်းရောင်စက်တွေ
ကလည်း အောက်လမ်းကောင်ကြီးရဲ့
ပါးစပ်ထဲကို ဝင်နေပြီဗျ။

မဖဲဝါ ရပ်ပြီးကြည့်နေတယ်။ ဘာမှ
မလုပ်ဘူးဗျ။ ပြီးတော့ ကျုပ်ကို တစ်
ချက်ကြည့်ပြီး လှည့်ထွက်သွားတယ်
ကျုပ်ခေါ်တာ နောက်ကျသွားပြီဆို
တဲ့ ပုံစံဗျ။ ဟာ လဲသွားပြီ။ လှယဉ်
ရော၊ အောက်လမ်းကြီးရော လဲ
သွားကြပြီ။

အောက်လမ်းကောင်ကြီးက ဆန့်ငင်
ဆန့်ငင် ဖြစ်ပြီး ငြိမ်သွားပြီဗျ။ ကျုပ်က
လှယဉ်ဆီကို ပြေးတယ်။

လှယဉ်ပါးစပ်ထဲက သွေးတွေ
ပွက်ခနဲ အန်တယ်။ ကျုပ် လှယဉ်
ကို တွေ့ထားလိုက်တယ်။ လှယဉ်
က ကျုပ်ရင်ဘတ်မှာ သူ့ပါးကလေး
ကို ကပ်ထားပြီး ကျုပ်ကို စိုက်ကြည့်
တယ်။ ပါးစကလည်း သွေးတွေ
ဒလဟော စီးကျနေတယ်ဗျ။

“တာတေ လှယဉ်က ကဝေမ
တစ်ယောက်ပါ”

“လှယဉ် နင်ဘာပဲဖြစ်ဖြစ် ငါ
နင့်ကို ချစ်မှာပါ”

“ငါ ယုံပါတယ် ငါလည်း နင့်ကို
အရမ်းချစ်တယ် တာတေ”

သူ့လက်ကလေးတစ်ဖက်နဲ့ ကျုပ်ပါးကို
လှမ်းကိုင်တယ်

“အင့် ၊ ဝေါ့ “

ဒီိတုန်းမှာပဲ လှယဉ်ရဲ့ခေါင်းက ဘေးဘက်
ကို စောင်းပြီး သွေးတွေ ထိုးအန်တယ်။
ကျုပ်ပါးကို ကိုင်ထားတဲ့ သူ့လက်ကလေး
ပြုတ်ကျသွားတယ်။

နှလုံးတွေလည်း အခုန်ရပ်သွားပါပြီ ။
ကျုပ် မျက်လုံးထဲက မျက်ရည်တွေ
လှယဉ်ရဲ့ ပါးပေါ်ကို တပေါက်ပေါက်
ကြွေကျကုန်တယ်။

တာတေ့ရင်ထဲမှာ နှလုံးသား
မရှိတော့သလိုကို ခံစားလိုက်ရ
တာပါပဲဗျာ။

ပြီးပါပြီခဗျာ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

သင်္ချိုင်းရှင်မ မဖဲဝါ စာအုပ်မှကောက်နုတ်တင်ပြထားသည်

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။