ကိုယ့်ရဲ့သက်တန့်ငယ်(စ/ဆုံး)
—————————–
“ပန်းလေး.. သက်တန့် ကားတိုက်လို့ ဆုံးပြီတဲ့..”
“ဟင်.. မဖြစ်နိုင်တာ ညနေကတောင် ငါနဲ့ ဖုန်းပြောသေးတယ်..”
“မယုံရင် လိုင်းဖွင့်ကြည့်.. Fbမှာ သူ့ပုံတွေ တက်နေတယ်..”
မျက်ရည်တွေက ထိန်းမရအောင် ပေါက်ခနဲ စီးကျလာသည်။ဘုရား ..ဘုရား သက်တန့် ဘာမှ မဖြစ်ပါစေနဲ့။ပန်းလေး လက်တွေ တုန်ယင်စွာနဲ့ လိုင်းဖွင့်လိုက်သည်။ပြီးတော့ FBက သူ့wallထဲ အသည်းအသန် ၀င်ပြီး ကြည့်လိုက်လျှင်.. လူသေတွေ ထည့်ထဲ့ အအေးခေါင်းထဲ က သက်တန့်ကို တွေ့လိုက်ရသည်။
ကျနေတဲ့ မျက်ရည်စတွေကို ဖယ်ရင်း အတန်ကြာ စိုက်ကြည့်ပြီးနောက်..စိုးရိမ်စိတ်ထက် စိတ်ဆိုးခြင်းက ၀င်ရောက်လာခဲ့သည်။ဒါမနှစ်က ပန်းလေးတို့ ပရဟိတအဖွဲ့မှာ လုပ်အားပေးရင်း သက်တန့် ပြတ်တီးပြတ်ချော် ရိုက်ခဲ့တဲ့ ပုံ မဟုတ်လား..။
သူအကောင့်လေး Active now ဖြစ်နေတာမြင်တာနဲ့..
“နောက်စရာ မဟုတ်ဘူး.. သက်တန့် နင်အခု တင်ထားတဲ့ ပုံဖျက်..”
လို့ လှမ်းပို့လိုက်သည်။ပန်းလေးပို့တဲ့စာ seen ဖြစ်ပြီး တော်တော်နှင့် reply မပြန်။
“သက်တန့်.. ငါ စိတ်တိုလာပြီနော်.. ”
“….”
“အေး စာမပြန်ရင် ငါ Blockပြီ..”ဆိုမှ..
“April fool ..” တဲ့။
စိတ်တိုဖို့ ကောင်းလိုက်တာ။ ဒါ နောက်စရာလား။ဖုန်းဆက်ပြီး မဟုတ်က ဟုတ်က ပြောတဲ့ သူရကိုလဲ စိတ်ဆိုးမိသည်။သက်တန့်တို့ အဖွဲ့ vd callခေါ်ပြီး.. April fool လုပ်တာကို ၀မ်းသာ အားရ ပြောနေလျှင်..
“မလုပ်ကောင်းတာတွေ လုပ်နေ.. နင် အဲ့လို အကျင့်တွေ မပျောက်တာကြောင့်.. ငါ စိတ်ညစ်တာ..”
ပြောပြီး လိုင်းပိတ်ပစ်လိုက်သည်။
သက်တန့် ဖုန်းတွေ ခေါ်လဲ မကိုင်။စက်ပိတ်ပြီး အိပ်ယာထဲ လှဲပစ်လိုက်သည်။ဒီညတော့ အိပ်ပျော်မည် မထင်။သက်တန့် ဘာမှ မဖြစ်တာကိုပဲ ကျေးဇူးတင်ရမလို..။ရင်ထဲ အပူလုံးကြီး ကျသွားသည်..။သက်တန့်အတွက် စိတ်ပူမိတာတော့ အမှန်ပါ။အခုဆို Aprilလ တစ်ရက်နေ့ ရောက်နေပြီ..။ သင်္ကြန်မှာ ပန်းလေး မရှိပါပဲ ..သက်တန့် တစ်ယောက် ကဲ နေမှာ မြင်ယောင်မိပါသေးသည်။ ကျောင်းပိတ်ရက်မို့ ပန်းလေး တစ်ယောက် အကြောင်းမရှိဘဲ အိမ်ထဲကနေ အိမ်ပြင်မထွက်ရ၍ သက်တန့်နှင့် မဆုံဖြစ်ပါ။
ဟူးးးး..။ သက်တန့်ရေ .. ရှင့်ကို စိတ်မချ ဖြစ်နေမိတာတော့ အမှန်ပါနော်။
@@@@@
“အခန်း ၂”
တစ်နှစ်မှ တစ်ခါသာ ပွင့်တဲ့… ပိတောက်ပန်းတွေ ကိုပန်ပြီး.. ပန်းလေး ပျော်နေမိသည်။
ဒီနေ့ အကြိုနေ့။
အိမ်မှာ မုန့်လုံးရေပေါ် စတုဒီသာ ကျွေးမည်ဖြစ်၍ သက်တန့်တို့ အဖွဲ့ ရောက်လာမည်မှာ မလွဲမသွေ။
ရေစိုမှာ ကြောက်၍ ရေလောင်းမည့်သူ လာတိုင်း အိမ်ထဲ ၀င်ပုန်းရတာ အမော။
တူးပို့ တူးပို့ သီချင်းသံကြားတိုင်း ရင်ခုန်နေမိသည်။
“မိကေ ငါ ကြည့်ကောင်းရဲ့လား..”
မိကေ ကျွန်မကို မျက်စောင်းထိုးကြည့်သည်။
“နင် ငါ့ကို ဒါပဲမေးနေတာ .. အခါ တစ်ရာ မကတော့ဘူး..”
ကျွန်မ မနေတတ်စွာ ရှက်ကို့ ရှက်ကန်းနဲ့ မသိမသာ ကြိတ် ပြုံးလိုက်မိသည်။ကျွန်မ အမူအယာတွေပဲ သိသာလွန်းလေ သလား..။
“နင့် ကြည့်ရတာ ဂဏှာ မငြိမ်ဘူး.. သင်္ကြန်ပါဆို ရေပက်မှာပေါ့.. ။ အိမ်ထဲ ၀င်၀င်ပြေးနေ..”
“မဟုတ်ဘူး မိကေရဲ့… သက်တန့်က ငါ့ကို သု ပထမဆုံး ရေလောင်းချင်တာတဲ့..။ ရေတွေ ရွှဲနေလို့ ဘယ်ဖြစ်မလဲ..။ငါလဲ သူ ပထမဆုံး ရေလောင်းတာပဲ လိုချင်တာ..”
“အေးပါကွာ.. ရှင်တို့က rsတွေပဲ Roကြပေါ့..”
လို့နှုတ်ခမ်းကြီး မဲ့ပြီးပြောလျှင်.. ပန်းလေး ဟန်မဆောင်နိုင်စွာ အားရပါးရ ရယ်လိုက်မိသည်။
အုန်းလက်လေးတွေ ထိုးပြီး.. မုန့်လုံးရေပေါ်လေးကျွေးနေတဲ့ ပန်းလေးတို့ မန်းတပ်ကို လူအုပ်ကြီး ကျလာတာနှင့် ရင်တွေ ပူလာသည်။သက်တန့်တို့ ရောက်ပါလာဦးမလား။ပန်းလေး.. သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
“အမလေး..”
အေးစက်ထုံကျင်နေတဲ့ ရေခဲရေ ပုခုံးပေါ်ကျလာတာကြောင့် ပန်းလေး လန့်သွားသည်။ဘယ်သူ ရေလောင်းလိုက်တာလဲ။ပန်းလေး ထိုလူကို စိတ်ဆိုးစွာ ကြည့်လိုက်မိလျှင်..
“သက်တန့်..”
သက်တန့် ပါးချိုင့်လေး နှစ်ဖက်ပေါ်အောင် ပန်းလေးကို ပြုံးပြီး ကြည့်နေသည်။တခြားသူဆို ရန်လုပ်မည့် ပန်းလေး သက်တန့်ကို မြင်လျှင်.. မျက်နှာလေး နီမြန်းကာ ခေါင်းကို ငုံထားလိုက်မိသည်။
“ကိုယ့်ကိုရော ရေ မလောင်းတော့ဘူးလား ..”တဲ့။
ပန်းလေး ..သူ့ကို တစ်ချက်ကြည့်ကာ.. မျက်နှာလေးကို မဲ့လိုက်သည်။
“ဒီလောက် ရေတွေ ရွှဲနေတာ.. ပန်း.. ရေလောင်းပေးဖို့ လိုသေးလို့လား..”
“မတူဘူးလေ.. ပန်းရဲ့.. ကိုယ်က ပန်းလေး ရေလောင်းတာကိုပဲ လိုချင်တာ..”
“အဟမ်း.. ပန်းရေ..အန်တီ ကြည့်နေတယ်နော်..”
ဆိုပြီး မိကေက ရေဖလားကို ကမ်းပေးလျှင်..ပန်းလေး.. သက်တန့်ကို ပုခုံးကနေ ရေကို ညင်သာစွာ လောင်းလိုက်သည်။
ပြီးတော့.. ကျန်တဲ့ သူငယ်ချင်းတွေကိုပါ အိမ်က မရိပ်မိအောင် ကပြာကယာ လောင်းလိုက်ရသည်။
“မနက်ဖြန် ကားနဲ့သင်္ကြန်လည်ကြမယ်.. ပန်း လိုက်ခဲ့မယ် မလား..”တဲ့။
“ဟိုလေ.. ပန်း..”
“လိုက်ခဲ့ပါ ပန်းရယ်.. ကိုယ်တို့ ဝိုင်းပြောပေးမယ်လေ.. ပန်းနဲ့အတူ သင်္ကြန်လည်ချင်တယ်..။ သူငယ်ချင်းတွေနဲ့ တစ်ရက်လောက်လည်မယ်လို့ ပြောရင် ပန်း ဖေဖေ ခွင့်ပြုမှာပါ.. နော်..ပန်းလေး..”
ပန်းလေး .. မငြင်းချင်ပါ။ခေါင်းကိုအသာလေး ငြိမ့်လိုက်ပြီး..
“ပန်း..ဖေဖေ့ကို ပြောကြည့်ပါ့မယ်..”
အိမ်က ခွင့်မပြုမှာ ပန်းလေး စိုးရိမ်နေခဲ့မိပါသည်။
@@@@@@@
“အခန်း ၃”
ညဘက်..
မိသားစုတွေ စုံပြီး TVကြည့်နေစဉ်.. ပန်းလေး မနက်ဖြန် သင်္ကြန်အကျနေ့ လည်ဖို့ အပူကပ်ရတော့မည်။
တစ်ခါမှလဲ အခုလို အခွင့်အရေး မတောင်းခဲ့ဖူးသောကြောင့် ပန်းလေး စိတ်လှုပ်ရှားနေမိသည်။
မေမေ့ကိုလဲ ညနေထဲက မိကေနဲ့ အတူ ခွင့်တောင်းထား၍ စစ်ကူ ရဖို့ အားကိုးတကြီး ကြည့်နေမိသည်။ မေမေက ဖေဖေ့ကို ခွင့်တောင်းဖို့ အရိပ်အခြေပြလျှင် အားတက်လာသည်။
ပန်းလေး ဘာလုပ်လုပ် မေမေနဲ့ အမြဲ တိုင်ပင်ဖြစ်သည်။မေမေက ခေတ်သဘာ၀ကို နားလည်ပေး၍ အတော်အတန် ပန်းလေး ဖြစ်ချင်တာကို လိုက်လျောတတ်သည်။
ပန်းလေး.. သက်ပြင်းကို မသိမသာလေး ခိုးချပြီး အားယူကာ..ဖေဖေ့ကို စကားတွေ ပြောဖို့ ပြင်ဆက်လိုက်သည်။
“ဖေဖေ သမီး မနက်ဖြန် သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ချင်တယ်..။”
ဖေဖေ ပန်းလေးကို မျက်လုံး တစ်ချက် ၀င့့်ကြည့်လျှင်.. သိမ်ငယ်စိတ်တွေ ၀င်လာသည်။
ဖေဖေ ပန်းလေးကို ဆူတော့မှာလား..။ဘယ်လိုပဲ ဖြစ်ဖြစ် မနက်ဖြန် သက်တန့်နဲ့ အတူ သင်္ကြန် လည်ချင်နေတဲ့က တားဆီးလို့ မရ။ဒီအသက်အရွယ်ထိ ဖေဖေ ပိတ်ပင် တားဆီးနေတာကိုလဲ မနှစ်သက်တော့ပါ။
“ဘယ်တုန်းက လည်ရဖူးလို့လဲ..”
“ကိုရယ်.. သမီးလဲ သူ့သူငယ်ချင်းတွေနဲ့ လည်ချင်ရှာမှာပေါ့။ဒုတိယနှစ်တောင် ရောက်နေပြီ..။တစ်ရက်လောက် ပေးလည်လိုက်ပါ။”
ကျွန်မ အတန်ငယ် အားရှိသွားသည်။မေမေ ကူပြောပေးလျှင် ပန်းလေး သင်္ကြန်လည်ရတော့မည်။
“မိကေတို့လဲ ပါမှာပါ ဖေဖေရယ်.. အခုက သူငယ်ချင်းတွေလဲ အများကြီး.. သမီး တစ်ရက်လောက် သင်္ကြန်လည်ဖူးချင်လို့ပါ..”
“ယောကျာ်းလေးတွေ ပါတယ်..မလိုက်ရဘူး..”
မျက်ရည်တွေက ချက်ချင်း ဝဲတက်လာသည်။ပန်းလေး မေမေ့ကို အားငယ်စွာ မရဲတရဲ ကြည့်လိုက်မိသည်။
“ယောကျာ်းလေး သူငယ်ချင်းတွေပါတော့ ပို အဆင်ပြေတာပေါ့ ကိုရဲ့.. မိန်းကလေးတွေချည်းဆို ဘယ်ဖြစ်မလဲ..”
“ထပ်မပြောနဲ့..မလိုက်ရဘူး..”
ဒါ ဖေဖေ့ရဲ့..
တစ်သွေး တစ်သံ တစ်မိန့်။
ပန်းလေး စိတ်ကောက်ပြီး.. အခန်းထဲ၀င်ခဲ့သည်။ညစာ စားချိန်တောင် အပြင်ကို မထွက်ခဲ့။
@@@@@@@
“အခန်း ၄”
မနက်ရောက်တော့..
မေမေ အခန်းတံခါး လာခေါက်သည်။ပန်းလေး တံခါး ဖွင့်မပေး..။ကိုယ့် ဘ၀ကို ချူပ်ချယ်ခံထားရတာကိုပဲ ၀မ်းနည်းနေမိသည်။ထိုအခါ..
“သမီး သူငယ်ချင်းတွေ ရောက်နေပြီ..။သင်္ကြန်မလည်ဘူးလား..။”
ဟင်..။
ပန်းလေး ချက်ချင်းပင် အိပ်ယာကနေ ကောက်ထလိုက်သည်။အခန်းတံခါးကို ချက်ချင်းဆွဲဖွင့်လိုက်ပြီး.
“မေမေ..တကယ်လား..ဖေဖေက ခွင့်ပြုတယ်လား ”
ဆိုလျှင် မေမေမျက်နှာက အပြုံးတွေ ဝေနေသည်။
ပန်းလေး ၀မ်းသာအားရ မေမေ့ကို ကလေးတစ်ယောက်လို ဖက်ကာ ခုန်ပေါက်ပြီး အိမ်အောက်ကို ပြေးဆင်းလာခဲ့သည်။ပန်းလေး သင်္ကြန်လည်ရတော့မည်။
ဧည့်ခန်းက ဆက်တီမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ဖေ့ကို မြင်လျှင်.. အိုးတို့ အန်းတန်းနဲ့ အရှိန်လေး လျော့လိုက်ရသည်။အိနြေ္ဒမရစွာ ပျော်မြူးနေလို့ မဖြစ်။
အမြင်ကတ် ပုဒ်မနှင့် ပါမစ် ပိတ်သွားမှာ စိုးရိမ်ရသည်။
မိကေ သက်တန့်နဲ့ သူငယ်ချင်းတွေကလဲ ကျွန်မကို ပြုံးစိကြီး ကြည့်နေလျှင် အပျော်တွေ ကူးစက်လာသည်။ကျွန်မ အနားရောက်တာနဲ့..
“ပန်းလေး နင်..မျက်နှာ မသစ်ရသေးဘူး မလား..။
ခေါင်းစုတ်ဖွားနဲ့..”
ဟင်..
ဟုတ်သားပဲ အိပ်ယာကနေ ခုမှ ထ လာခဲ့တာ.. မျက်နှာတောင် မသစ်ရသေး..။ရှက်လွန်းလို့ မျက်နှာ ဘယ်ထားရမှန်းမသိ..။
“လာ ..မြန်မြန်ပြင်.. ငါ ဝိုင်းကူပေးမယ်..တော်ကြာဦးက စိတ်ပြောင်းပြီး.. မလိုက်ခိုင်းပဲ နေလိမ့်မယ်..”တဲ့..။
ပန်းလေး အိမ်ပေါ်ပြန်တက်.. မျက်နှာသစ်.. ခပ်သွက်သွက်လေးနဲ့.. အလှဆုံးပြင်ကာ.. အ၀တ်အစားလဲပြီး.. သင်္ကြန်လည်မယ့် ကားပေါ် တက်ခဲ့သည်။
“နောက်မကျစေနဲ့..”
ဖေဖေ့ရဲ့..အမိန့်..။
အကုန်လုံး နောက်မကျဖို့ .. ဘာမှ မဖြစ်စေဖို့ ကတိတွေ ပေးပြီး.. အိမ်ကနေ ထွက်ခဲ့ကြသည်။
@@@@@@
“အခန်း ၅”
ပထမဆုံး သင်္ကြန်ကို သူငယ်ချင်းတွေနဲ့ လည်ခွင့်ရတဲ့ ပါမစ်မို့.. အရမ်းကို ပျော်နေမိသည်။
ချစ်ရတဲ့သူ .. သက်တန့်ပါနေသည့် အတွက် လုံခြုံသလိုလဲ ခံစားရသည်။သက်တန့်သာ ပန်းလေး အတွက် အရာရာပါ။
ဂျင်းဘောင်းဘီ အပြာ..တီရှပ်အဖြူလေးအပေါ်မှာ.. ကုတ်အကျီ အဖြူလေး ထပ်၀တ်ထားတဲ့ ပန်းလေးကို.. သက်တန့်က လှတယ်တဲ့..။
တစ်လမ်းလုံး ပက်လိုက်ကြတဲ့ ရေတွေ..။အေးခိုက်တုန်ယင်နေသည်။မန်းတပ် တစ်ခုတိုးတိုင်း.. သက်တန့် ရင်ခွင်ထဲ.. တိုး၀င်ရတာကိုက ရင်ခုန်စရာ။ဘယ်အရာနဲ့မှ မလဲနိုင်ပါ။သက်တန့်ရဲ့ ချစ်သူ ဖြစ်နေရတာကိုပင် ကျေနပ်ဂုဏ်ယူနေမိသည်။နောက်ထပ် မန်းတပ်တစ်ခု မတိုးခင်.. တစ်နေရာ အရောက်..
“ပန်း.. ကိုယ်.. စားစရာ တစ်ခုခု ဆင်း၀ယ်ဦးမယ်နော်..။”
“ပန်းလဲ လိုက်ခဲ့မယ်..”
“မလိုက်နဲ့..ပန်း.. လူတွေ ရှုပ်တယ်.. ကားပေါ် မိကေတို့နဲ့ နေခဲ့..ကိုယ်ချက်ချင်းပြန်လာခဲ့မယ်.”
ပန်းလေး တားဖို့ အချိန်ပင်မရလိုက်။ပန်းလေး ဗိုက်ဆာတယ်ထင်၍ သက်တန့် စားစရာ ဆင်း၀ယ်သည် ထင်ပါသည်။သက်တန့်ကို ကြည့်ပြီး စိတ်ပူတဲ့ ဝေဒနာက ဘာကြောင့်ရယ် မသိ တစ်စိုလာသည်။ပန်းလေး ဗိုက်မဆာပါဘူး.. သက်တန့်ရယ်.. ဘာမှ ၀ယ်မနေတော့ပဲ ပြန်လာပါတော့။
ထိုအခါ..
“ဗြန်း”
ခနဲ အသံနဲ့ အတူ.. ပန်းလေး မျက်နှာ တစ်ခုလုံး စပ်ပြီး ပူထူသွားသည်။ရေတွေ မွန်းပြီးသက်ရှု မ၀သလို ခံစားချက်။
“ပန်းလေး..ရလား..××××× ”
“တောက်ခ်.. မို်က်ရိုင်းလိုက်တာ..××× မျက်နှာတည့်တည့် ရေပုံးနဲ့ ပက်သွားတာ××..”
သူငယ်ချင်းတွေ ပန်းလေးကို ဖေးမပြီး.. တစ်ယောက်တစ်ပေါက်.. ထိုလူကို အပြစ်တင် နေတာတွေလဲ ကြားတစ်ချက် မကြားတစ်ချက်။
နားတွေအူပြီး မျက်ရည်ပူတွေ စီးကျလာသည်။
“ပန်း..ဘာဖြစ်တာလဲ.. ဘယ်သူက ဘာလုပ်သွားတာလဲ..××”
သက်တန့်ရဲ့ အမေးကိုလဲ ပန်းလေး မဖြေနိုင်။
“ဟိုဘက် ကားပေါ် တက်သွားတာ..×××× ”
ကားပေါ်က ယောက်ျားလေး သူငယ်ချင်းတစ်ချို့နဲ့ သက်တန့် ဆင်းသွားတာ သိလိုက်လျှင်.. ပန်းလေး ခေါင်းတွေ မူးသွားသည်။ သက်တန့်တို့ ရန်ဖြစ်ကြတော့မည် မဟုတ်လား..။ပန်းလေး ဘာမှ တားချိန် မရလိုက်။အကုန်လုံး ပူထူကုန်သည်။
သက်တန့်တို့ သွားတဲ့ဘက် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လျှင်.. ငိုချင်စိတ်တို့က ထိန်းမရ။ သက်တန့် တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်မိသည်။
ပန်းလေး လူအုပ်ကြီးကို ဖယ်ပြီး.. အတင်းတိုး၀င်ကြည့်လိုက်သည်..။လမ်းပေါ်မှာ သွေးတွေနဲ့..လဲနေတဲ့ သက်တန့်ကို မြင်လျှင်..ပန်းလေး လောကကြီးနဲ့ အဆက်သွယ် ပြတ်သွားသည်။
@@@@@@
“အခန်း ၆”
“ပန်း..”
“ပန်းလေး..”
ခေါ်သံတွေ ကြားတစ်ချက် မကြားတစ်ချက်။
မျက်လုံးထဲ.. သက်တန့် သွေးတွေနဲ့ လမ်းပေါ်မှာ လူးလှိမ့်နေတာ မြင်တာနှင့်…။
“သက်တန့်..”
သတိရလာပြီး.. ထထိုင်ချိန်တွင်.. မေမေက ပန်းလေး ဘေးမှာ ထိုင်ပြီး ငိုနေသည်။
ပန်းလေး အိမ်ပြန်ရောက်နေတာလား..။
မဝံ့မရဲနဲ့ မေမေ့ဘေး မတ်တပ်ရပ်နေတဲ့ ဖေဖေ့ကို ကြည့်မိလျှင်..
“သင်္ကြန်ကို ရည်းစားနဲ့ လည်ရဖို့ မိဘကို သူငယ်ချင်းတွေနဲ့လို့ လိမ်တယ်။မိဘက စေတနာနာနဲ တားတာကို ပိတ်ပင်တယ်လို့ မြင်တယ်.. သမီး ဘာတွေဖြစ်ခဲ့ မှတ်မိလား..”တဲ့..။
မျက်ရည်စတွေ တစ်လှိမ့်ချင်း စီးကျလာသည်။
“သက်တန့် .. သက်တန့် ဘာဖြစ်သွားလဲဟင်.”
ပန်းလေး စိုးရိမ်တကြီး မေးနေမိသည်။
“ရှက်ဖို့ ကောင်းလိုက်တာ..။လူကြားလို့မှ မကောင်း..။သင်္ကြန်လည်တာ ကောင်မလေး မျက်နှာရေနဲ့ပက်လို့ ကောင်လေး ရန်ဖြစ်တာ ဓားထိုးခံရပြီး အရေးပေါ် ရောက်တဲ့ သတင်း။ Fb Pageတွေမှာ ပလူပျံနေပြီ။ကျောင်းမဖွင့်မချင်း ဖုန်းမကိုင်နဲ့တော့..”
ဆိုပြီး..ပန်းလေး ခုတင်ဘေးက ဖုန်းကို ဖေဖေသိမ်းသွားသည်။
ဟင့်..
ရှိုက်ခနဲ ငိုချလို်က်ယုံက လွဲလို့ ဘာမှ မတတ်နိုင်။
သက်တန့် ဘယ်လို အခြေအနေ ရှိလဲ..ပန်းလေး ဘာမှ မသိရ။
ပန်းလေး… ရှင့်ကို ဘယ်လို ဆက်သွယ်ရမလဲ.. သက်တန့်ရေ…။
@@@@@@@
“အခန်း ၇”
တစ်နေ့လုံး.. အပြင်မထွက်ပဲ သင်္ကြန်အတက်နေ့ထိ အခန်းထဲ အောင်းနေခဲ့သည်။
သက်တန့်နဲ့ အဆက်အသွယ် မရှိတဲ့ နေ့တွေက ပန်းလေးအတွက် ကမ္ဘာပျက်နေသလိုပင်။
သက်တန့် မရှိတဲ့ နေရာ.. ပန်းလေး မနေချင်ပါ။
ဒီ သင်္ကြန်အတက်နေ့ ..ညလေးမှာတော့.. စိတ်ထဲ အရမ်းကို ထူးခြားနေသည်။
သက်တန့်.. ပန်းလေးဆီ ရောက်လာလိမ့်မယ်လို့လဲ ယုံကြည်နေမိသည်။
ပန်းလေး စာအုပ်လေး တစ်အုပ်ယူကာ အိမ်ရှေ့ ဒါန်းလေးမှာ တစ်ယောက်တည်း ထွက်ထိုင်လိုက်သည်။
မသိစိတ်ထဲမှာ.. သက်တန့် ရဲ့ ခေါ်နေသံ နားထဲ ကြားနေသလိုမျိုး..။
“ပန်းလေး..”
ဟင်..
သက်တန့်ရဲ့ အသံ..။
ပန်းလေးများ နားကြားလွဲလေ သလား..။
ဟိုဒီ ပတ်ရှာနေမိသည်။ထိုအခါ..
ခြံတံခါး၀ကနေ .. ပန်းလေးကို လှမ်းကြည့်နေတဲ့.. သက်တန့်ကို မြင်လျှင် ငိုချင်လာသည်။
အိမ်ထဲက ဖေဖေနဲ့ မေမေကို အရိပ်အကဲ ကြည့်ကာ.. ခြံအပြင် ပြေးထွက်ပြီး.. သက်တန့်ကို ဖက်ထား လိုက်မိသည်။
ပြောစရာ စကားတွေက ရင်ထဲ ပြည့်နေပေမယ့် .. စကားလုံးတွေက ထွက်မလာ..။
ရှင့်ကို အချိန်တိုင်း လွမ်းနေတာပါ သက်တန့်ရယ်..။
“သက်တန့်.. ရေတွေ ရွှဲနေပြီး.. တစ်ကိုယ်လုံး အေးစက်လို့ပါလား..။ ဆေးရုံတက်နေတာဆို။ဘယ်နေ့က ဆင်းတာလဲ..။ဒဏ်ရာရော သက်သာလား..”
ပန်းလေး စကားတွေ ပြောနေပေမယ့်.. သက်တန့် တစ်ခွန်းမှ ပြန်မပြော။
“ပန်း..ပြောနေတာ ကြားရဲ့လား.. သက်တန့်..”
သက်တန့်ရဲ့ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရသည်။
ဘာတွေ ဖြစ်နေတာလဲ သက်တန့်ရယ်။
“ကိုယ်.. ပန်းလေးကို တွေ့ချင်လွန်းလို့လာတာ.. ခု ပြန်ရတော့မယ်.. အန်တီ.. ပန်းလေးကို ခဏနေ ထွက်ရှာတော့မယ်.. အိမ်ထဲ ၀င်တော့နော်..”တဲ့..။
သက်တန့်ရဲ့ အသံက ဟိုးးးးး အဝေးကြီးကနေ လာတဲ့ အသံမျိုး..။မသိရင် ပန်းလေးကို ခွဲသွားမယ့် ခံစားချက် ၀င်လာသည်။
သက်တန့်ကို ဖက်ထားတဲ့ ပန်းလေး လက်တွေ စေးကပ်ချွဲပြစ်လာသလို ခံစားရလျှင်.. လက်တွေကို ကြည့်လိုက်မိသည်။
ဟင်..
သွေး… သွေးတွေ..။
သက်တန့်ရဲ့ ဘယ်ဘက် ဗိုက်နားလေးမှာ သွေးတွေ စီးကျနေတာ မြင်လျှင်..
“ကိုယ် ပြန်တော့မယ်..”
“ဘယ်ပြန်မလို့လဲ.. သက်တန့်ရဲ့ ဒဏ်ရာကသွေးတွေ ထွက်နေတာ လမ်းမှာ တစ်ခုခု ဖြစ်ရင် ဘယ်လို လုပ်မလဲ..”
လို့ ငိုပြီး ပြောလိုက်မိသည်။
“စိတ်မပူနဲ့နော် ပန်းလေး.. ဘာမှ မဖြစ်ဘူး.. ကိုယ် ပြန်ရောက်တာနဲ့.. ဖုန်းဆက်မယ်..”တဲ့…။
လှည့်ထွက်သွားတဲ့ သက်တန့်ကို ပန်းလေး တားချိန်မရလိုက်..။
ပန်းလေးကို မထားခဲ့ပါနဲ့ သက်တန့်ရယ်..။
@@@@@@@@@
“အခန်း ၈”
“သမီး..အပြင်မှာ ဘာထွက်လုပ်နေတာလဲ..”
မေမေ ခြံထဲကနေ ထွက်လာတာ မြင်လျှင် မျက်ရည်စတွေကို မြန်မြန် သုတ်ပစ်လိုက်သည်။
မေမေက ပန်းလေးကို စိတ်မကောင်းစွာကြည့်ပြီး..
“ရော့.. ဖုန်းလာတယ်.. သမီးသူငယ်ချင်း သက်တံ့ဆိုလား.. စောနလေးက ဆုံးသွားလို့တဲ့..”
ဟင်..
အသက်ရှုသံတွေ ရပ်သွားသလို ခံစားလိုက်ရသည်။
“မဖြစ်နိုင်တာ မေမေကလဲ..”
ပန်းလေး မေမေ့ဆီက ဖုန်းကို ယူလိုက်ပြီး..
“ဟယ်လို..”
ထူးလိုက်တဲ့နဲ့…။
“ပန်းလေး.. သက်တန့် ဆုံးပြီ.. အီး ဟီး ဟီး..”
မိကေရဲ့ ရှိုက်ကြီး တစ်ငင်ငိုပြီး..တစ်လုံးချင်း အားယူ ပြောလိုက်တဲ့ အသံ။နားမလည်နိုင် ဆွံ့အသွားသည်။သက်တံ့ ဆုံးပြီတဲ့.. ပန်းလေး မယုံနိုင်..။
အခုလေးတင်ပဲ ပန်းလေးနဲ့ စကားတွေ ပြောနေခဲ့တာ မဟုတ်လား..။ဒါမှ မဟုတ်..ပန်းလေးကို လာနှတ်ဆက်တာလား သက်တန့်ရယ်..။မျက်ရည်တွေ တစ်လှိမ့်ချင်း စီးကျလာသည်။
“မေမေ.. သက်တန့် ဆုံးပြီတဲ့..။ သမီး အခုလေးတင်.. ခြံရှေ့ သက်တန့်နဲ့ စကားပြောနေတာ..”
ဆိုပြီး တစ်ယောက်ထဲ မျက်ရည်တွေကြားထဲက ခြောက်ကပ်စွာ ရယ်ရင်း ပြောနေမိသည်။
ဒါတွေအကုန်လုံး အိမ်မက်တစ်ခု ဖြစ်လိုက်ပါတော့လား..။
အိမ်မက်သာဆို အခုချက်ချင်း အိမ်မက်ဆိုးကနေ နိုးထပါရစေတော့လား.. သက်တန့်ရယ်..။
ပန်းလေး ထို နေရာမှာ ထိုင်ချပြီး.. ရှိုက်ကြီး တငင် ငိုချပစ်လိုက်သည်။
@@@@@
“အခန်း ၉”(ဇာတ်သိမ်းပိုင်း)
သက်တန့်ရဲ့ အုတ်ဂူလေးကို ကြည့်ပြီး.. ပန်းလေး ပြုံးလိုက်မိသည်။
အေးချမ်းစွာ နေပါတော့ သက်တန့်ရေ..။
ပန်းလေးရဲ့ မျက်ရည်တွေ သက်တန့် အတွက် အပူတွေ မဖြစ်စေချင်တော့..။
အဲ့နေ့က ပန်းလေးသာ သင်္ကြန်လည်ဖို့ မလိုက်ခဲ့ဘူး ဆိုရင်.. သက်တန့်လည်း အခုလို အဖြစ်နဲ ကြုံရမှ ာ မဟုတ်ဘူးနော်..။
ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့တဲ့..။
ရှေး လူကြီးတွေ ပြောခဲ့တဲ့ စကား။
တကယ်ဆို…
တစ်လပဲ ကြာကြာ တစ်နှစ်ပဲ ကြာကြာ.. ကိုယ့်ရဲ့ ‘စိတ်’သာ အဓိကပဲ မဟုတ်လား..။
ပန်းလေးကတော့.. ရှင့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးနော်..။
လက်ထဲက နှင်းဆီရဲရဲ ပန်းလေး တစ်စည်းကို သက်တန့်ရဲ့ အုတ်ဂူလေးပေါ် တင်ခဲ့လိုက်သည်။
ဒီနေ့ ..ဆိုလျှင် သက်တန့် ဆုံးတာ ၅နှစ်ပြည့်ပြီ။
မျက်ရည်တွေ ကျမလာအောင် ထိန်းရင်း..တစ်လှမ်းချင်း လျှောက်ကာ..ကားပေါ်တက်ပြီး စက်ကို နှိုးလိုက်သည်။
“ပန်းလေး..”
သက်တန့်ရဲ့ ခေါ်သံ ပန်းလေး ကြားလိုက်မိသလိုပါပဲလား..။
ကားလေးကို မောင်းရင်း.. ဘက်မှန်ကနေ သက်တန့်ရဲ့ အုတ်ဂူလေးကို ကြည့်လိုက်မိသည်။
ဟင်..
သက်တန့်.. ပန်းလေးကို လက်ပြပြီး နှုတ်ဆက်နေတာပါလား။ရင်ထဲမှာ.. နာကျင်စွာ ပြုံးလိုက်မိသည်..။
သက်တန့်ရေ..ဘယ်နေရာ ဘယ်ကိုပဲ ရောက်ရောက်..ပန်းလေး မျက်လုံးထဲ..ရှင့်ကိုပဲ မြင်ယောင်နေမိတာပါနော်..။
*ပြီးပါပြီ*
လေးစားစွာဖြင့်..
နွေရွက်လွှာ
×××××××××××××××××××××××××××××××××××××××