ကိုယ်တွေ့ပယောဂ

ကိုယ်တွေ့ပယောဂ(စ/ဆုံး)
———————-

ကျတော်နှင့် ဆရာမင်းဒေဝသည် မိတ်ဆွေ
တစ်ဦး၏ ဖိတ်ကြားချက်အရမြစ်ဝကျွန်းပေါ်
မြို့လေးတစ်မြို့သို့ ရောက်ရှိလာခဲ့ကြပါသည်။
မြို့လေးမှာ မြစ်ချောင်းများပတ်လည်ဝန်းရံ
စီးဆင်းလျက် ရှိနေပြီး နေချင်စဖွယ် လှပ
သာယာပါသည်။ မြစ်ကမ်းတစ်လျှောက်ရှိ
ဆန်စက်များမှာ မီးခိုးတလူလူနှင့် ရှိနေပြီး
သင်္ဘောကြီးငယ်၊ လှေသဗ္ဗာန်တို့မှာ မြစ်ထဲ
တွင် ဥပဟို သွားလာနေကြပါသည်။

ကျတော်တို့ကို ဖိတ်ခေါ်သူ ဦးလှထွန်းဆို
သူမှာ မြို့လေးတွင် အတော်အတန်ချမ်း
သားသူတစ်ဦးဖြစ်၏။ ကျတော်တို့သည်
ဦးလှထွန်းနေထိုင်ရာ ကမ်းနားလမ်းရှိနှစ်
ထပ်တိုက်ကလေးသို့ ဆိုက်ဆိုက်မြိုက်
မြိုက်ကြီး ရောက်ရှိလာခဲ့ကြသည်။

“ဟာ ဆရာမင်းတို့ ရောက်လာပြီဟေ့”

ဦးလှထွန်းက ဝမ်းပန်တသာ ဆီးကြိုပါ၏။
ဆရာမင်းဒေဝကို အဖျားဆွတ်၍ ဆရာမင်း
ဟု သုံးနှုန်းခြင်းကြောင့် ဦးလှထွန်းနှင် ဆ
ရာမင်းဒေဝမှာ ဟိုးယခင်ကတည်းက သိ
ကျွမ်းခင်မင်ခဲ့ကြဟန်တူ၏။ ဆရာမင်းဒေဝ
က ကျတော်နှင့် ဦးလှထွန်းကို မိတ်ဆက်
ပေး၏။ ဦးလှထွန်းဆိုသူမှာ ပိန်ပိန်ပါးပါး
လူကောင်သေးသေးနှင်ဖြစ်သော်လည်း
မျက်နှာမှာမူ လွန်စွာဥပဓိရုပ်ကောင်း၏။

သူ၏ ဥပဓိရုပ်ကောင်းခြင်းမှာ သူ၏ လူ
ကောင်သေးပုခြင်းကိုပင် ဖုံးကွယ်နိုင်စွမ်း
ရှိပါပေသည်ဟု ကျတော်တွေးမိသည်။
အချိန်မှာ နေ့လည်(၁၂)နာရီခန့်ရှိပြီ
ဖြစ်ရာ အိမ်သူအိမ်သားများမှာ ကျတော်
တို့နှစ်ဦးအတွက် နေ့လည်စာကို ဖွယ်
ဖွယ်ရာရာ ပြင်ဆင်ကြ။ မြစ်ဝကျွန်းပေါ်
ဒေသထွက် ငါး၊ ပုဇွန်များ၊ အသီးအရွက်
များမှာ လတ်ဆတ်ပြီး ထမင်းကိုလွန်စွာ
မြိန်စေပါသည်။

ထမင်းစားပြီးသည်နှင့် ကျတော်တို့နှစ်ဦးအား
အပေါ်ထပ်ရှိ အခန်းတစ်ခုသို့ခေါ်ကာ
လက်ဖက်ရည်နှင့် မုန့်ချိုများကို တည်ခင်းဧည့်
ခံ၏။ အပေါ်ထပ်တွင် ဦးလှထွန်းနှင့်ကျနော်
တို့နှစ်ဦးသာ ရှိတော့သောအခါ ဆရာမင်းဒေ
ဝမှ ဦးလှထွန်းအား…

“ကဲ…ကိုလှထွန်းရေ၊ စာထဲမှာ ခင်ဗျားပြောတဲ့
အရေးတကြီးကိစ္စဆိုတာ ဘာများတုံးဗျ”

ဟု မေးလိုက်၏။ ဦးလှထွန်းက ဘာမှမပြော
သေးဘဲ ကျတော်ကို မသိမသာ အကဲခတ်
ကြည့်လိုက်သည်တွင် …

“ပြောမှာသာ ပြောပါဗျ၊ ဒီက မိတ်ဆွေက
ကျတော်နဲ့ အတူ လက်တွဲလုပ်နေတဲ့သူ
တစ်ဦးပါ စိတ်ချ ရပါတယ်”

ဟု ဆရာမင်းဒေဝက ပြောလိုက်သည်တွင်…

“ဒီလိုပါဗျာ ဆရာမင်းသိတဲ့အတိုင်း ကျုပ်မှာ
သားသမီးဆိုလို့ သမီးကလေးမသူဇာ တစ်
ယောက်ပဲရှိတာလေ၊ ဒီိလိုနဲ့ သမီးသူဇာ
အရွယ်ရောက်လာတော့ ကျုပ်လည်း မြို့
ပေါ်က သင့်တော်ရာ မိတ်ကောင်း၊ဆွေ
ကောင်းထဲက လူငယ်တစ်ယောက်နဲ့နေ
ရာချထားပေးဖို့ စီစဉ်ခဲ့တယ်”

“ကောင်းတာပေါ့ ကိုလှထွန်းရယ် သမီး
ကညာ အခါမလင့်စေနဲ့ ဆိုသလိုပေါ့”

“အင်း…ဒါကြောင့်လည်း ကျုပ်တို့နဲ့ ဂုဏ်
ရည်တူထဲက လူရွယ်တစ်ယောက်နဲ့ စီစဉ်
ပေးခဲ့တာပေါ့။ အမှန်တကယ်ဆို ဒီနေ့ဟာ
သမီးလေးမင်္ဂလာပွဲ ကျင်းပရမယ့်နေပဲဗျ
ဆရာမင်းရ”

“ဗျာ…”

ကျနော်တို့မှာ ဦးလှထွန်းစကားကြောင့် အံ့သြသွားကြရသည်။ ဆရာမင်းဒေဝက
လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး
စိုးရိမ်စွာ မေးလိုက်သည်။

“မသူဇာလေး ဘာများဖြစ်သွားလို့လဲ ကို
လှထွန်း”

“ဘာဖြစ်သွားတယ်ဆိုတာ မကြာခင်
ဆရာမင်းတို့တွေ့ရပါလိမ့်မယ်ဗျာ၊
သတို့သားဘက်ကတော့ ကျုပ်သမီး
လေးကို စိတ်မနှံ့ရှာတော့ဘူးဆိုပြီး
မင်္ဂလာပွဲကို ဖျက်သွားခဲ့လေရဲ့…”

ဦးလှထွန်းမှာ ရှက်ရွံ့ဝမ်းနည်းနေရှာသည်။

“ခု ဘယ်မှာတုန်း ကလေးမ၊ မတွေ့ပါလား”

“ဒီအိမ်က ဧည့်လာဆောင်လာ များလို့
(၁၄)လမ်းဘက်က၊ ကျုပ်အစ်မ၊ သူ့အ
ဒေါ်များအိမ်မှာ သွားထားရတယ်၊ ဆရာ
မင်းရဲ့”

“ကဲ ဒါဆိုလည်း ဘယ်လိုဖြစ်တယ်ဆို
တာ သိရအောင် ခုပဲသွားကြည့်ကြစို့ဗျာ”

ဆရာမင်းဒေဝ စကားဆုံးသည်နှင့် ကျ
နော်တို့သည် မသူဇာလေးရှိရာသို့ စက်
ဘီးများဖြင့် ထွက်ခဲ့ကြတော့သည်။

အတန်ငယ်ကျယ်ဝန်းသော ခြံဝိုင်းကလေး
ထဲတွင် ရေနံချေးဝနေသော နှစ်ထပ်သစ်
သားအိမ်မည်းတစ်လုံးရှိသည်။ ခြံပတ်လည်
စည်းရုံးတွင် ပုံနားရိပ်ပင်များ ထူထပ်စွာပေါက်
နေသောကြောင့် အပြင်ဘက်မှ ရုတ်တရက်
ကြည့်လိုက်လျှင် အိမ်ကလေးကို မမြင်ရပေ။

ခြံဝမှ ခေါင်းလောင်းလေးကို လှုပ်လိုက်ရာ၊
ကလေးမလေးတစ်ဦးက ခြံတံခါးလာဖွင့်ပေး
သည်။ ဦးလှထွန်းနှင့် ပါလာသော ကျတော်
တို့နှစ်ဦးကိုကြည့်ကာ စိုးရွံ့သောမျက်နှာနှင့်…

“သူ…သူတို့က…”

ဟု ထစ်ငေါ့စွာ မေးလာသည်။ခြံထဲကို မျက်နှာစိမ်းဧည့်သည်ပါလာ၍ ဖြစ်လိမ့်
မည်။

“ရတယ် ဒါ နင်တို့အစ်မကို ကုဖို့ ငါပင့်
လာတဲ့ ဆရာ၊ ဘယ်နှယ့်လည်း အစ်မ
အခြေအနေကောင်းလား”

“ခုတော့ ငြိမ်နေတယ် ဘဘကြီး”

“ကဲ…လာ ဆရာတို့ သမီးက တစ်ခါ
တလေ စိတ်ရိုင်းထပြီး သောင်းကျန်း
တဲ့အခါကျ မရိုသေ့စကား ဆရာရယ်၊
အဝတ်အစားတောင်ကပ်ချင်တာ
မဟုတ်ဘူးဗျ”

ဆရာမင်းဒေဝမှာ ဦးလှထွန်းစကားကြောင့်
မျက်မှောင်ကြုပ်ပြီး တစ်စုံတခုကို စဉ်းစား
သွားပုံရသည်။ အိမ်လေး၏ ဆင်ဝင်အောက်
ဝင်လိုက်သည်နှင့် အေးစိမ့်သွားသလို ခံစား
ရသည်။ ဘာမှမမြင်၊ မကြားရသေးပါဘဲနှင့်
ကြက်သီးများဖြန်းကနဲ ထသွားမိသည်မှာ
ဆန်းသည်။ အိမ်တံခါးကို အတွင်းမှ ဂျက်
ချထား၏။ အသက်ငါးဆယ်ကျော်အရွယ်
ထောင်ထောင်မောင်းမောင်း မိန်းမကြီး
တစ်ယောက် တံခါးလာဖွင့်ပေး၏။

ကျတော်တို့သည် ဦးလှထွန်းဦးဆောင်မှုဖြင့်
အိမ်အပေါ်ထပ်သို့ တက်ခဲ့ကြသည်။ အပေါ်
ထပ်သည် ဟောခန်းကြီးတစ်ခု ဖြစ်သည်။

မည်သည့် ပစ္စည်း-ပစ္စယမျှ မရှိဘဲ ရှင်းလင်း
နေသည်။ ပြတင်းတံခါးများကို အကုန်ပိတ်
ကာ ဂျက်ချထားသည်။ အပေါ်ထပ် အိမ်
လည်တိုင်နားတွင် အဝတ်အစားဖယိုဖရဲနှင့်
မိန်းမပျိုတစ်ဦး ဆံပင်ဖားလျားချပြီး ဆောင့်
ကြောင့် ထိုင်နေသည်ကို တွေ့ကြရသည်။

“ဟီး…ဟီး ဟီး ဟီး…ဟား ဟား ဟား ဟား”

ထိုမိန်းမပျိုက ဆရာမင်းဒေဝကို လက်ညှိုး
ထိုးရင်း ရုတ်တရက် စူးစူးဝါးဝါးအသံကုန်
ထရယ်သည်။ ရယ်သံက ကျယ်သထက်
ကျယ်လာပြီး အသံမှာ အက်ကွဲလာသည်။

“သမီး…ဟဲ့ …သမီးသူဇာ…”

ဦးလှထွန်းက သမီး ဖြစ်သူကို ဟန့်သည်။
မရ။ မသူဇာက မမှု။ ဆရာမင်းဒေဝကိုသာ
လှောင်ပြောင်ရယ်မောနေသည်။ အခန်းကို
အလင်းရောင်ပေးထားသော ခြောက်ဆယ်
ဝပ်အား မီးလုံးလေးပင် တဖျတ်ဖျတ်မျက်
တောင်ခပ်လာသည်။ ဆရာမင်းဒေဝက
မသူဇာဘေးမှ ဖြတ်ကာ ခေါင်းရင်းဘက်
တွင် ဝင်ထိုင်လိုက်သည်။ ကျတော်နှင့်
ဦးလှထွန်းမှာ လှေကားထိပ်နား၊ ခပ်လှမ်း
လှမ်းမှာပင် ကျန်ရစ်ကာ အခြေအနေကို
စောင့်ကြည့်နေကြသည်။

“ဘုတ်”

ဆရာမင်းဒေဝက ကြမ်းပြင်ကို လက်ဝါးနှင့်
အသာပုတ်လိုက်သည်။

“တိတ်စမ်း”

မသူဇာကို စေ့စေ့ကြည့်ပြီး အမိန့်ပေးလိုက်
သည်။ရယ်သံမှာ တိကနဲ ရပ်တန့်သွားသည်။
မသူဇာမှာ ဆောင့်ကြောင့်ထိုင်လျက်ကပင်
ဆရာမင်းဒေဝနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်
အနေအထားပြောင်းလိုက်သည်။ မျက်လုံးပြူး
ကြီးများဖြင့် ဆရာမင်းဒေဝကို စိုက်ကြည့်နေ
သည်။ ခန္ဓာကိုယ်ကို ယိမ်းထိုးလှုပ်ရှားနေသည်။

“နာမည်ပြောစမ်း…”

ဆရာမင်းဒေဝက အာဏာသံဖြင့် မေးသည်
ကို မသူဇာက မဖြေ။ ခေါင်းကိုခါယမ်းပြသည်။

“ဘယ်အရပ်ကလဲ…”

ခေါင်းခါမြဲပင်။

“ဘာကြောင့် ခုလိုလုပ်ထားတာလဲ”

မဖြေ။

“ဘာလိုချင်လို့လဲ”

မဖြေ။

“ကောင်းပြီ၊ ဒီမှာ ကြည့်စမ်း”

ဆရာမင်းဒေဝက ညာလက်ဖဝါးပေါ်တွင်
ဘယ်လက်ညှိုးဖြင့် တစုံတရာကို ရေးဆွဲ
စီရင်လိုက်သည်။ ပြီးနောက် လက်ဖဝါးကို
မသူဇာ မျက်နှာရှေ့ ဖြန့်ပြလိုက်သည်။

“အီး…”

“ဒုန်း…”

မသူဇာသည် လက်ဝါးကို မြင်သည်နှင့်
အော်ပြီး နောက်ပြန်လဲကျသွားခြင်းဖြစ်
သည်။ ကြမ်းပြင်ပေါ်တွင် ညည်းညူ
အော်ဟစ်တွန့်လိမ်နေသည်။ ဆရာမင်း
ဒေဝက လက်ဝါးကို ပြန်ဆုပ်လိုက်သည်။

“ကဲ…ထစမ်း”

မသူဇာမှာ ဖြေးညှင်းစွာ ထသည်။

“ခြေဆင်းပြီး ထိုင်စမ်း”

မသူဇာမှာ အမိန့်ကို ခံတန်တန်၊ ကပ်တပ်တပ်
လုပ်နေသေးသည်။ ဆရာမင်းဒေဝက ညာလက်
ကိုမြှောက်ပြလိုက်မှ ပြောသည့်အတိုင်း ခြေဆင်း
ပြီး ထိုင်လိုက်သည် မသူဇာ ခြေမနှစ်ချောင်းမှာ
ပူးကပ်နေသည်မှာ ကြိုးဖြင့် ပူးချည်ထားသလား
ပင် ထင်ရသည်။ ကျတော်မှာ ဆရာမင်းဒေဝနှင့်
အတူ ပွဲအတော်တော်များများ နွှဲဖူးပေရာ၊ မသူ
ဇာအား တစုံတယောက်က ပြုစားထားသဖြင့်
အမှောင့်ပယောဂ ပူးဝင်နေမှန်း ခြေဆင်းထိုင်ပုံ
ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါသည်။

ဆရာမင်းဒေဝသည် ညာလက်ဖဝါးကို မသူဇာ
ခေါင်းပေါ်အုပ်မိုးပြီး ယခင်မေးခဲ့သော မေးခွန်း
များအတိုင်းပင် ပြန်မေးပါသည်။ မသူဇာတွင်
ဝင်ပူးနေသော အမှောင့်ပယောဂမှာ ဆရာမင်း
ဒေဝ၏ လက်ဖဝါးပေါ်မှ ပညာစက်ကြောင့်
မငြင်းဆန်နိုင်ပဲ မချွင်းမချန် ဖြေရတော့သည်။

“ရေစပ်နားက သဖန်းပင်က မဲကြီးပါ
အစာစားရမယ်ဆိုပြီး စေခိုင်းလို့ပါ”

မသူဇာထံ ပူးကပ်နေသော အမှောင့်ပယောဂ
မှာ ကမ်းနားစပ် ရေသဖန်းပင်တွင် နေထိုင်ခွင့်
ရှိသော သတ္တဝါဖြစ်ကြောင်း သိရသည်။

“ကိုယ်နေရာ ကိုယ်ပြန်စမ်း”

ဆရာမင်းဒေဝသည် ရေသဖန်းပင်မှ အကောင်
ကို လေသံမာမာဖြင့် အမိန့်ပေးမောင်းထုတ်
လိုက်သည်။ ထိုသတ္တဝါကို မသူဇာကိုယ်မှ
မောင်းထုတ်လိုက်သည်နှင့် သူ့ကိုကျွေးမွေး
ကြိုးကိုင်နေသော ပညာသည်မှာ ချက်ချင်း
ရောက်ရှိလာပြီး မသူဇာထံတွင် ဝင်ရောက်
ပူးကပ်တော့သည်။

“ဟင်…ဟင်…ဟင်း…ဟင်း …ငါ့နယ်လာ
ကျူးတဲ့ မလောက်လေး မလောက်စား
ဆရာစုတ်”

မသူဇာမှာ ချက်ချင်းပင် မျက်နှာထားရော၊
အသံပါပြောင်းသွားပြီး ဆရာမင်းဒေဝကို
ရန်တွေ့သည်။ လေသံက ဝဲတဲတဲဖြစ်သည်။

“သေချင်လို့ လာရှုပ်တာလား ဆရာစုတ်ရဲ့”

“ခင်ဗျားက ကျုပ်ကို မခန့်လေးစားပြော
ရအောင် ဘယ်သူမို့တုန်း၊ ကိုယ့်နာမည်
ရော ကိုယ်ထုတ်ပြောဝံ့ရဲ့လား”

“အောင်မှာ လာချေသေးရဲ့၊ ဟဲ့ ဆယ့်
နှစ်ကြိုးအဆင့်ရှိတဲ့ ယောနယ်က စော
ကြွယ်တဲ့ဟေ့”

ဆရာမင်းဒေဝမှာ နားထောင်းပြီး ခေါင်း
တငြိမ့်ငြိမ့် လုပ်နေသည်။ ကျနော်သည်
ဆရာနှင့်အတူ ‘ပွဲတွေ့’ကွင်းဆင်းဖူးသူ
ဖြစ်ရာ၊ ထိုပညာသည် ပညာဂုဏ်မောက်
ပြီး သူ့နာမည်၊ သူပညာအဆင့်၊ သူကျက်
စားရာနယ် တို့ကို ဖော်ပြလိုက်ခြင်းသည်
သူ့သေတွင်းသူတူးလိုက်ခြင်းဖြစ်သည်။

ဆရာမင်းဒေဝသည် ထိုပညာသည်မိန်းမ
အရပ်ဒေသကို အုပ်ချုပ်သူ ပိုင်ရာဆိုင်ရာ
နတ်များကို သူ့ညာဖက် ပခုံးထက်ဝယ်ကြွ
တော်မူရန် ပင့်ဖိတ်လိုက်ပေပြီ။

မသူဇာကိုယ်ထဲမှ ပညာသည် စောကြွယ်
သည် ခေသူမဟုတ် ဆရာ နတ်ကြီးများကို
မပင့်ဖိတ်မီကလေးတွင် လက်ကို ဝှေ့ယမ်း
ကာ စက်ကြိုးများ ထုတ်လွှတ်တိုက်ခိုက်
လိုက်သည်။ အမည်းရောင်ကြိုးမျှင်ကလေး
များမှာ သက်ရှိမြွေ၊ သတ္တဝါများသဖွယ် လှုပ်
ယမ်းပြီး ဆရာမင်းဒေဝ၏ မျက်စိ၊ နား၊ နှာ
ခေါင်း၊ ဒွာရပေါက်များသို့ ဦးတည်လျက်ပြေး
ဝင်လာကြသည်။

ကျနော်သည် ထိုစက်များကို မြင်နိုင်စွမ်းရှိ
ခြင်းမှာ ဆရာမှ စက္ခုသိဒ္ဓိဖွင့်ပေး ထားချိန်
ဖြစ်သောကြောင့် ဖြစ်သည်။

ယခုလို ပညာသည်များနှင့် တိုက်ခိုက်သော
အကြောင်းအရာများကို တချိန်တွင် ပြန်လည်
ရေးသားဖော်ပြလိုကြောင်း ဆရာ့ထံခွင့်တောင်း
ဖူးရာ၊ ဆရာကလည်း ခွင့်ပြု၏။ ထိုရေးသားရာ
တွင် ထဲထဲဝင်ဝင်သိရှိနိုင်စေရန်အတွက် ယခု
လို’ပွဲ’များတွင် ပွဲစသည့်နှင့် ကျတော်၏ စက္ခု
သိဒ္ဓိကို ဖွင့်ပေးထားခြင်းဖြစ်၏။ထို့ကြောင့် ရံဖန်
ရံခါ အခြေအနေအရ ဆရာ့ကို ကျတော်ဝင်
ရောက် ကူညီနိုင်ခဲ့သည်များလည်းရှိ၏။

ဆရာသည် ထိုမိန်းမစက်များ ဤမျှမြန်လိမ့်
မည်ဟု ထင်ထားပုံမရ။ဆိုင်ရာနတ်များကို
အာရုံပြုပင့်ဖိတ်နေချိန်လည်း့ဖြစ်သော
ကြောင့် အငိုက်မိမလိုပင် ဖြစ်နေ၏။

နောက်သို့ ယိုင်သည် ဆိုရုံလေး ယိုင်သွား
ပြီး ညာလက်ကို ဖြန့်ထုတ်လိုက်သည်တွင်
အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာ
ပြီး မြွေများသဖွယ် တွန့်လိမ်နေသော စက်
ကြိုးမည်းများကို တိကနဲဖြတ်ချလိုက်တော့
သည်။ ရုတ်တရက် အခန်းထဲတွင် အမွှေး
နံ့တစ်ခု လှိုင်ထွက်လာသည်။

ကျတော်ဝမ်းသားသွားသည်။ ဆရာပင့်ဖိတ်
လိုက်သော ဆိုင်ရာနတ်တစ်ပါး ကြွလာပြီး
မသူဇာကိုယ်တွင် ပူးနေသော စောကြွယ်
မှာ ဆရာ့သမာဓိကို ပျက်ပြားစေရန် မသူဇာ
၏ အင်္ကျီနှင့်ထမိန်ကို ချွတ်ချရန် ကြိုးစား
သည်။ ပါးစပ်မှ အယုတ္တ၊ အနတ္တများကို
ပြောဆိုသည်။

“နင့်ကို လှုပ်မအောင် ကြိုးနဲ့တုပ်မှ ဖြစ်မယ်”

ဆရာမင်းဒေဝ ပါးစပ်မှ ထိုသို့ပြောလိုက်
သည်နှင့် စောကြွယ်မှာ တုန့်ကနဲရပ်သွား
သည်။ လက်နှစ်ဖက်မှာ ခါးနောက်နား
ကြက်ခြေခတ်ပစ်လျက်၊ မမြင်ရသော
တစုံတစ်ယောက်က ချက်ချင်း တုပ်နှောင်
လိုက်ပုံရသည်။

“ဒူးထောက်ခိုင်းမှ ဖြစ်မယ်”

လွန်စွာ အားသန်သူတစ်ဦးက ချုပ်ကိုင်ပြီး
ဒူးထောက်စေခိုင်းလိုက်သလိုပင်။ ရုန်းရင်း
ကန်ရင်းမှ ဒူးထောက်လျက်သား ဖြစ်သွား
သည်။

“နင့်ပညာကို ငါသိမ်းမယ်၊ ပညာအပ်ပါ”

ဆရာက ဘယ်လက်ဝါးဖြန့်ကာ ပညာ
အပ်ခိုင်းသည်။စောကြွယ်က ခေါင်းမာသည်။

“မပေးနိုင်ဘူး ငါ့ပညာ”

“ကောင်းပြီ ပါးစပ်ကို ပိတ်ထားပြီး၊ ဒဏ်
တစ်ချက်ခတ်ပါ ”

မသူဇာနှုတ်ခမ်းနှစ်လွှာမှာ တင်းတင်းစေ့
ပိတ်သွားသည်။

“ဟူး …”

မသူဇာထံမှ မချိတင်ကဲ ညည်းညူသံ
ထွက်လာပြီး၊ ကျော့ကော့ထွက်သွားသည်
ခေါင်းငိုက်စိုက်ကျပြီး တဆတ်ဆတ်တုန်
နေသည်။ မြင်ကွင်းကိုကြည့်ပြီး ကျတော့်
ဘေးမှ ဦးလှထွန်းသည် တုန်လှုပ်ချောက်
ချားသွားသည်။

“သမီး”

“ဦးလှထွန်း စိတ်ထိန်းပါဗျာ၊ ခုဟာက
ဦးလေးသမီး မဟုတ်သေးပါဘူး၊ ပညာ
သည် စောကြွယ်ပါ၊ သူ့ကိုဒဏ်တပ်
နေတာပါ”

ဦးလှထွန်းမှာ သက်မကြီး’ဟူး’ကနဲ ချကာ
မျက်တောင်မခတ်ဘဲ အခြေအနေကို ဆက်
ကြည့်နေသည်။ဆရာက မေးသည်။

“ကဲ…နင့်ပညာကို အသာတကြည် အပ်
မလား၊ ငါ နှုတ်ယူရမလား၊ ငါ နှုတ်ယူ
ရင် နင်သက်ဆိုးမရှည် ဖြစ်သွားလိမ့်
မယ် အပ်မှာလား”

စောကြွယ်သည်ဆရာ့ကို မီးဝင်းဝင်းတောက်
နေသော မျက်လုံးများဖြင့် အာခံကာပြန်ကြည့်
နေသည်။

“ကောင်းပြီလေ၊ နင်ထိုက်နဲ့ နင့်ကံပေါ့”

ဆရာသည် တစ်စုံတစ်ခုကိုဆုံးဖြတ်လိုက်
ပုံရသည်။ အိတ်ထဲမှ တစ်ထွာခန့်ရှိသည့်
သံလျက်ကလေးတစ်လက် ထုတ်လိုက်
သည်။ သံလျက်ဖြင့် စောကြွယ်ကိုချိန်
လျက် ပညာနှုတ်သည့် အမိန့်ပြန်တမ်း
ကို အထက်ပုဂ္ဂိုလ်များကိုယ်စား အသံ
နေအသံထားဖြင့် ရွတ်ဆိုကာ နာရီ၊ နေ့
ရက်၊ အချိန်အတိအကျဖြင့် ရွတ်ဆိုလေ
ရာ စောကြွယ်မှာ မြေတွင် ဖျတ်ဖျတ်လူး
ကာ လူးလှိမ့်နေရတော့သည်။

ဆရာ့ပါးစပ်မှ ပြန်တမ်းရွတ်ဆိုသံ တိကနဲ
ပြီးဆုံးသွားသည်နှင့် တွန့်လိမ်လူးလှိမ့်နေ
နေသော စောကြွယ်(သို့)မသူဇာကလေး
မှာ ဆတ်ကနဲ ငြိမ်ကျသွားလေသည်။ ကျ
နော့်နံဘေးမှ ဦးလှထွန်းလည်း …

“သမီး…”

ဟု အော်ဟစ်ကာ မသူဇာထံပြေးကပ်
သွား၏။ နာရီကို ကြည့်လိုက်ရာ ညနေ
(၃)နာရီ တိတိ။

“ဘာမှ မဖြစ်ပါဘူး ကိုလှထွန်း၊ ခဏနေရင်
သတိရလာပါလိမ့်မယ်၊ ကိစ္စပြီးသွားပါပြီ။
သတိရလာရင် ရေလေးဘာလေး တိုက်
လိုက်ပါ၊ စိတ်ချရပါပြီ”

“ဟုတ်ကဲ့ပါ၊ ဆရာမင်း ဟုတ်ကဲ့ပါ”

ဦးလှထွန်းမှာ အောက်ထပ်မှ မိန်းမငယ်
လေးနှင့် အဒေါ်ကြီးကို အပေါ်ထပ်ခေါ်
ကာ မသူဇာလေး၏ ကပိုကရိုအဝတ်အ
စားများကို ပြင်ဆင်စေသည်။ ကျတော်
တို့သုံးဦးသား အောက်ထပ်သို့ ဆင်းလာ
ပြီး ဧည့်ခန်းတွင် ထိုင်လိုက်ကြသည်။

“ခင်ဗျားနဲ့ စီးပွားပြိုင်ဘက်က မကျေနပ်
လို့ ပညာသည်ကို အဖိုးအခပေးပြီး လုပ်
တာပဲ ကိုလှထွန်း၊ ဘယ်သူဆိုတာသိချင်
သေးသလား”

ဆရာက မေးလိုက်သည်။

“မသိချင်ပါဘူး ဆရာမင်းရယ်၊ စီးပွားရေးမှာ
ကျုပ်က ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်
ကန်လုပ်ပြီး ချမ်းသာလာတာပါ၊ ဒါကို မလိုတဲ့
လူတွေလည်း ရှိမှာပေါ့လေ၊ ကိုယ့်ကံရှိလို့
အလုပ်ခံရတယ်ပဲ မှတ်ပါတယ်”

ဦးလှထွန်းမှာ တရားနှင့်ဖြေရင်းပြောသည်။

“ဖေဖေ”

ထိုစဉ်မှာပင် လှေကားပေါ်မှ မသူဇာကလေး
ဆင်းလာပြီး သူ့အဖေကို နှုတ်ဆက်သည်။

“သမီး နေကောင်းလား”

ဦးလှထွန်းမှာ ဝမ်းသာအားရဖြင့် သမီးဖြစ်
သူကို မေးသည်။

“ဟုတ်တယ်ဖေဖေ၊ သမီး အခု နေကောင်း
သွားပါပြီ၊ ဟိုရက်တွေက ဘာတွေ ဖြစ်နေမှန်း
ကိုမသိတာ၊ စိတ်တွေရှုပ်နေပြီး အိမ်မှာလည်း
မဟုတ်ဘဲ ဘယ်တွေမှန်းလည်း မသိဘူး၊
လျှောက်သွားနေမိတယ်”

“အေး ခုတော့ ဒီက ဆရာ ကုပေးလို့ သမီး
လေး ဝေဒနာ ပျောက်ကင်းပါပြီကွယ်၊ ကဲ
ဆရာ့ကို ဦးချပြီး ကန်တော့လိုက်ဦး”

မသူဇာမှာ ချက်ချင်းပင် ဆရာမင်းဒေဝကို
ဦးချကန်တော့ကာ ကျေးဇူးတင်ကြောင်း
ပြောရှာ၏။

နောက်နေ့မနက် သင်္ဘောနှင့်ပင် ပြန်ရန်
စီစဉ်ထားပြီးဖြစ်ရာ ကျတော်တို့မှာ ထိုနေ့
ညနေပိုင်းသာလျှင် မြို့လေးကို တစ်ပတ်
ပတ်ကြည့်ကြရန် အချိန်ရှိ၏။

ကျနော်နှင့်ဆရာသည် ဦးလှထွန်းစီစဉ်ပေး
သော စက်ဘီးကိုယ်စီဖြင့် မြို့ကို လှည့်လည်
ကြ၏။ မြစ်ဝကျွန်းပေါ်မြို့ကလေး၏ ညနေ
ဆည်းဆာမှာ လှပကြည်နူးဖွယ်ရာ ဖြစ်၏။

အကြော်တဲကလေးတစ်ခုတွေ့၍ ဝင်စား
ကြည့်ကြရာ လွန်စွာ လက်ရာကောင်း
သောအကြော်ဆိုင်ဖြစ်သည်ကို ဝန်ခံကြ
ရပေမည်။ အကြော်သည် မိန်းမကြီးနှင့်
အကြော်လာဝယ်သူအချို့ ပြောနေသော
စကားသံက ကျတော်နားထဲဝင်လာ၏။

” ညနေ သုံးနာရီလောက်ဖြစ်မှာပေါ့၊
ဗြုန်းစားကြီး သေတာဟဲ့၊ အကောင်းကြီး
ကနေ အိပ်ရာထဲ ခဏလှဲလိုက်ဦးမယ်ဆိုပြီး
ဝင်အိပ်လိုက်တာတဲ့၊ တော်တော်နဲ့ မနိုးလို့
နှိုးကြည့်တော့မှ အသက်မရှိမှန်း သိရတာ”

“ဟဲ့ ဒါနဲ့ ကျောကုန်းမှာ မီးလောင်ဖုတွေ
ဆိုလား ဘာလဲ”

“မီးလောင်ဖုတွေ မဟုတ်ဘူးတော်ရေ၊
အရိုက်ခံထားရတဲ့ အရှိုးရာကြီး၊ ကျော
ကုန်းမှာ အထင်းသားကြီး ဒဏ်ရာက
အသားထဲကို နစ်ဝင်နေတာ၊ အဲဒီအရာ
ကြီးက မီးလောင်ထားသလို မည်းကျွမ်း
နေတာလေ”

“ဟဲ့ အိပ်ယာထဲအိပ်နေတာ ဘယ်သူက
မီးတုတ်နဲ့ ဝင်ရိုက်မတုန်း၊ ရိုက်လဲသိရမှာ
ပေါ့၊ အိမ်ရှေ့မှာ သူ့ယောင်္ကျားဘလှ
တစ်ယောက်လုံးထိုင်နေတာ”

“အစ်မရေ၊ အစ်မတို့ ၊ ကျမတို့ ဥာဏ်မမှီ
တာ မသိတာတွေ လောကကြီးမှာ အများ
ကြီးပါပဲ၊ ခု ဒေါ်မြကြွယ် သေတာကိုပဲကြည့်”

“အေး …နင် ပြောတာလည်း ဟုတ်ပါ
တယ်ဟယ်”

ထိုအပြန်အလှန်ပြောဆိုသံများကြောင့်
ကျတော်သည့် ဆရာ့မင်းဒေဝမျက်နှာကို
ဖျတ်ကနဲ ကြည့်မိလိုက်သည်။

ဆရာကတော့ ဖာသိဖာသာနှင့် မသိသလိုပင်။
အကြော်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်
နှင့် လွန်စွာခံတွင်း တွေ့နေပုံရသည်။

နောက်နေ့မနက်တွင် ကျတော်တို့သည်
ဧရာဝတီသင်္ဘောကြီးစီးပြီး ရန်ကုန်သို့
ပြန်ခဲ့ကြပါတော့သည်။

မူရင်းရေးသူ ဆရာ ကဝေနီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

#တာတေ