ကိုယ်ပြုသည့်ကံ(စ/ဆုံး)
———————————–
နာမည်က ရင်မေ ။ သူမမှာ ကလေး ၂ ယောက်
ရှိပြီး၊ မိသားစုစားဝတ်နေရေးအတွက် ခင်ပွန်း
ဖြစ်သူကလည်း မြို့မှာ အလုပ်ကြိုးစားရှာဖွေ
သလိုရင်မေလည်းတစ်ဘက်တစ်လှမ်းက
မိသားစု စားဖို့နေရေးအတွက် အိမ်ရှေ့မှာ
ကုန်စုံဆိုင်လေး ဖွင့်ထားမိလေ၏။ လင်ယောက်
ကျားဖြစ်သူ ကိုစိုင်းလွင်ရဲ့ ဝင်ငွကအပိုသက်သက်
သာ။
ကျောင်းမသွားခင်အကြီးဆုံးသားဖြစ်သူ
စိုင်းမောင်က သူမအတွက် အားကိုးအားထား
ဖြစ်ရလေသည်။ မနက်ခင်း ဆိုင်ဖွင့်ပြီးဆိုရင်
ကျောင်းမသွားခင် ဆိုင်အတွက် ဝေယျာဝစ္စ
ပြုလုပ်ပြီးမှ ကျောင်းသွားတတ်လေသည်။
ဒါကလည်းအလိုက်တသိ လုပ်ပေးခြင်းမဟုတ်ပဲ
TVတစ်လုံး ဝယ်ပေးမယ် ဟုပြောဆိုထားခြင်း
ကြောင့် ဖြစ်သည်။ သားနှစ်ယောက်က
တစ်ယောက်နဲ့တစ်ယောက်ဗီဇ ခြင်းမတူညီကြပါ။ အကြီးကောင်က သူ့လိုချင်တာ ပူဆာရင် အိမ်
အလုပ်ကိုမခိုမကပ်ပဲ လုပ်တတ်လေ့ရှိသည်။
အငယ်ကောင်ဖြစ်တဲ့စိုင်းနောင်ကျတော့
အအိပ်မက်သလိုအဆော့လည်းမက်တာကြောင့်
သူ့ကို အားကိုးအားထား၍ မရခဲ့ပေ။
“သားရေ မင်းညီအငယ်ကောင်ကို နိုးလိုက်အုန်း
လေကျောင်းသွားဖို့…” အအိပ်မက်တဲ့ သားအငယ်
ကောင်အကြောင်း သိထားတဲ့ သူမက အမြဲလိုလို
သတိပေးတတ်လေ့ရှိသည်။
” အမေသားက ဘာမှအားကိုးလို့မရဘူး၊
နိုးမှထတယ် အိမ်အတွက် ဘာမှကူဖော်မရဘူး”
“သားကလဲကွယ် မင်းညီက ငယ်ပါသေးတယ် ”
“ဘယ်ကငယ်ရမှာတုန်း အမေ့ရဲ့၊ ခုဆိုအမေ့သား
က ၁၄နှစ်ထဲတောင်ရောက်နေပြီး ဘာမှမငယ်
တော့ဘူး”
“ဟဲ့…အဲ့လိုတွက်ကပ်နေ၊ နင်တို့လိုချင်တဲ့
TV မမျှော်လင့်နဲ့ တကတည်းပဲ….”
အမေဖြစ်သူစကားကြားရတော့ စိုင်းမောင်လည်း
ပါးစပ်ပိတ်ငြိမ်သက်သွားတော့သည်။ Tv ဆိုလို့
တစ်ရပ်ကွက်လုံးပေါင်းမှ ဒေါ်မိအေးတစ်အိမ်ပဲ
ရှိလေသည်။ဒေါ်မိအေးက စီးပွားရေးဆန်သူ
တစ်ယောက်ဖြစ်သည်။ အိမ်မှာလည်း ရင်မေ
တို့လို ကုန်စုံဆိုင်လေးဖွင့်ထားသလို လာကြည့်
ကြတဲ့ လူကြီး၊ကလေးတွေအပေါ် ခေါင်းပုံဖြတ်
တတ်လေ့ရှိသည်။ သူ့တို့အိမ် Tvလာကြည့်ရင်
လည်း မုန့်ကလည်းဝယ်စားရ သလို၊ TVကြည့်ခ
တစ်ယောက် ၅၀ကျပ် ကောက်ခံလိမ့်ရှိသည်။
အရပ်ထဲက ကလေးတွေဆိုလည်း ကျောင်းမုန့်ဖိုး
၅၀၊ ၁၀၀ ရတာလေးတွေ စုဆောင်းပြီး သွားကြည့်
ကြလေ့ရှိသည်။ ဒါကြောင့် စိုင်းမောင်TV ပူဆာ
သည့်ဆိုလည်း မမှားပါ။
ရင်မေလည်း ကျောင်းသားနှစ်ယောက်
အတွက်မနက်စာ ပြင်ဆင်ပေးဖို့ အလုပ်ရူပ်နေ
လေသည်။ကလေးနှစ်ယောက်ကျောင်းသွား
တော့လည်း မနက်စောစောကဝယ်လာတဲ့
ငါးများကို ကိုင်တွယ်ပြီး ချက်ပြုတ်ဖို့
ပြင်ဆင်ရလေသည်။ စျေးဆိုင်တစ်ဘက်
ဆိုတော့ချက်ရင်းပြုတ်ရင်း စျေးရောင်းရင်းဖြင့်
သူမလည်း တော်တော်လေးအလုပ်ရူပ်နေတော့
သည်။
” မိန်းမရေ မိန်းမ …လာကြည့်စမ်းပါအုန်း ”
ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတဲ့ ခင်းပွန်းဖြစ်
သူ ခေါ်သံကြောင့် သူမလည်း မီးဖိုချောင်အခန်း
ထဲကနေ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်လာ
လေသည်။
” အကိုစိုင်းလွင်ရယ် လာမယ့်ဆို
လမ်းထိပ်က ကြိုးဖုန်းဆက်လည်းရရက်သားနဲ့
ရှင်ကြိုပြောထားတော့ ဟင်းကောင်းလေးတစ်ခွက်
ချက်လို့ရတာပေါ့တော်…”
” ဒီနေ့မချက်ဖြစ်တော့ နောက်နေ့ချက်ပေါ့
မိန်းမရ ၊ ဒါနဲ့ကလေးတွေကျောင်းသွားပြီးလား”
” သွားပြီးပေါ့အကိုရေ ရှင်သားတွေက ညနေခင်းကျောင်းဆင်းမှပြန်လာတော့မှာ”
“ဟုတ်လား ခါတိုင်းဒီကောင်တွေ ထမင်းချိုင့်
မထုတ်ပါဘူး”
” ရှင်သားအကြီးကောင်ပေါ့ အိမ်အလုပ်လုပ်
ရမှာကြောက်လို့ထင်ပါရက် ညီအကိုနှစ်ယောက်
လုံး ထမင်းချိုင့်ထုတ်သွားကြတယ်လေ ”
” ဟုတ်လား မိန်းမရ အတော်ပဲကွာ ဟဲဟဲ”
” ရှင်နော်…”
စိုင်းလွင်က ကျီစယ် တဲ့ လေသံဖြင့်ပြောလိုက်
တော့ ရင်မေကမျက်စောင်းထိုး ပြလိုက်တယ်။
” ငါမိန်းမက ဘာတွေအထာပေါက်နေတာလဲ
ဟိုမှာ တွေ့လား ….”
စိုင်းလွင် လက်ညိုးထိုးပြရာ သူမလည်း
ကြည့်မိလိုက်သည်။ ပုဆိုးကြမ်းဖြင့် ကျကျနန
ထုတ်ပိုးထားတာကြောင့် သူမလည်း ထိုအရာကို
စိတ်ဝင်တစား သွားကြည့်မိတော့,,,,
” ဟင်,,, Tvကြီးတစ်လုံးပါလား အကိုရယ်
ဘယ်လောက် ပေးဝယ်လိုက်ရတာလဲ…”
သူမလည်းမိန်းမသားပီပီ နှမြောတဲ့စိတ်ဖြင့်
မေးမိလိုက်လေသည်။
” ဝယ်လာတာမဟုတ်ဘူး မိန်းမရေ၊ ဘောစိက
သူ့အိမ်မှာ TVအသစ်တစ်လုံးထပ်ဝယ်
လာလို့လက်ဆောင်ပေးလိုက်တာဟ…”
” ဟုတ်လား…. ဝမ်းသားလိုက်တာအကိုရယ်၊
ရှင်သားနှစ်ယောက်က လိုချင်နေတာနဲ့ အတော်
ပဲ ”
“သိတယ်လေ အကိုသားတွေရဲ့ ဆန္ဒ ကို
သိပြီးသားအဲ့မို့ ဖုန်းကြိုမဆက်တာပေါ့”
စိုင်းလင်းလည်း ပြောပြောဆိုဆိုဖြင့်
ယူဆောင်လာတဲ့ TVအား အိမ်ထဲသို့
ရွှေ့လိုက်လေပြီး၊ ကလေးတွေမလာခင်
Tvအား အမြန် တပ်ဆင်ဖို့ပြင်ဆင်နေမိ
တော့သည်။ ကျောင်းဆင်းချိန်ရောက်တော့
ပြန်လာကြတဲ့ စိုင်းမောင်၊နဲ့စိုင်းနောင်တို့
ညီအကိုနှစ်ယောက်ကလည်း အဖေဖြစ်သူနဲ့
စားပွဲဲခုံပေါ်ကTvတစ်လုံးမြင်လိုက်ရတော့
ခုန်ပေါက် ၍ ပျော်နေကြလေသည်။
” ဒါမှ တို့အဖေကွ…”
အဖေဖြစ်သူအား အနမ်းတွေ အပြိုင်အဆိုင်
ပေးလိုက်ကြတော့ အဖေဖြစ်သူ စိုင်းလွင်လည်း
သားနှစ်ယောက် ပြုလုပ်ပုံကြည့်ပြီးသဘောကျ
ရယ်မောနေသလို။
ရင်မေလည်း သားဖသုံးယောက်အားကြည့်ရင်း
စိတ်ချမ်းသာနေမိတော့သည်။
အခြားအကြောင်းတော့မဟုတ် စုဆောင်းမိ
ထားတဲ့ သူမငွေတွေ မထိရလို့ပင်ဖြစ်သည်။
ရင်မေကငယ်ကတည်းက စီးပွားရေး သိတတ်
သူတစ်ယောက်ဖြစ်သည်။ ကလေးဘဝက မိခင်
ဖြစ်သူနှင့်အတူရွာထောင်ဘူတာရုံး တစ်ခုမှာ
စျေးအတူ ရောင်းဖူးခဲ့လေသည်။
မောင်နှမ ၅ယောက်မှာ မှာ ရင်မေဟာ
အလတ််မဖြစ်သည်။သူမ၏ အထက်မှာလည်း
အမတစ်ယောက် အကိုတစ်ယောက်ရှိခဲ့လေပြီး
သူမအောက်မှာလည်း ညီမတစ်ယောက် မောင်
လေးတစ်ယောက်လည်း ရှိခဲ့လေသည်။
အမကြီး ဖြစ်သူကလည်း စက်ချုပ်ပညာ
သင်ယူပြီး ၊ အကိုဖြစ်သူကတော့ ကျောက်
ဖောက်လုပ်ငန်းသင်ယူခဲ့လေသည်။ ဖခင်ဖြစ်
သူကလည်းမနက်မိုးလင်းပြီးဆိုတာနဲ့ပဲ
မိခင်ဖြစ်သူထံ ငွေကြေးတောင်းပြီး အရက်
ဆိုင်သို့ မိုးလင်းကနေမိုးချုပ်ထိသောက်
တတ်သူဖြစ်လေသည်။
အရက်ကြောင့်ပဲ အဖေလည်းဆုံးသွားခဲ့သည်။
အရွယ်ရောက်လာကြတဲ့ မောင်နှစ်မ၅ယောက်
စလုံးလည်း အလုပ်ကိုယ်စီဖြစ်လာကြလေသည်။
ရင်မေက အရင်အိမ်ထောင်ရက်သားကျ၍
အမေဖြစ်သူအား အမထံ အပ်နှင်းပြီး အမျိုးသား
ရှိတဲ့ အရပ်သို့သွားရောက်နေထိုင်ခဲ့လေသည်။
အိမ်ထောင်အစမှာလည်း စီးပွားရေး အဆင်
မပြေလို့ မိဘအား မထောက်ပံ့ဖြစ်ခဲ့ပေမယ့်
အငယ်ကောင်မွေးပြီး ကလာမှာတော့ မိခင်အား
တစ်ဘက်တစ်လှမ်းက ငွေကြေးဖြင့် ထောက်ပံ့
ပေးခဲ့သူလည်းဖြစ်သည်။
Tv ရောက်လာတဲ့နေကစပြီး ကြွားဝါ တတ်ကြတဲ့
ညီအကိုနှစ်ယောက်သတင်းကြောင့် အိမ်နီးနား
ချင်း ကလေး၊ လူကြီးတွေကအစ သိလာကြတော့
ရင်မေတို့ ကုန်စုံဆိုင်လေးလည်း အရင်ကထက်
ရောင်းအားကောင်းလာလေသည်။
ရင်မေက အိမ်ကို လာကြည့်ကြတဲ့ ကလေး
လူကြီးတွေအပေါ် ငွေကောက်ခံခြင်း
မရှိခြင်းကြောင့်ပင်ဖြစ်သည်။ စိုင်းလွင်လည်း
ခွင့်ရက်ပြည့်၍ မြို့သို့ အလုပ်ကိစ္စဖြင့် ခရီး
ထွက်သွားတော့ အိမ်မှာ ရင်မေတို့ သားမိသုံး
ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ တစ်နေ့
ရင်မေလည်း ကုန်စုံဆိုင်အတွက် လိုအပ်တဲ့
ကုန်ခြောက်တွေဝယ်ဖို့ စျေးသို့ထွက်လာခဲ့လေ
သည်။
” အဲ့ကောင်မ ယောက်ကျားပေါ့ ဘယ်ကနေ
ခိုးလာမှန်းမသိတဲ့ Tvအစုတ်ကို ဗန်းပြပြီး
စျေးရောင်းစားနေတာသိလား ”
နားထဲ ဆက်ခနဲကြားလိုက်ရတဲ့ စကားကြောင့်
ရင်မေ ဒေါပွသွားလေသည်။
“ဟဲ့..ကောင်မ မိအေး ညည်းဘယ်သူအကြောင်း
ပြောနေတာလဲ ပြန်ပြောစမ်း” တစ်လမ်းကျော်
မိအေးစကားသံကြောင့် သူမလည်း ပြန်လည်
တုန့်ပြန်ကားမေးလိုက်မိသည်။
” ဘယ်သူ့အကြောင်းမှ ပြောတာမဟုတ်ဘူးဟေ့
ညည်းအကြောင်းပြောနေတာလေ မသိဘူးလား
ကောင်မရဲ့…”
” ဘာပြောတယ် ကောင်မ ”
” ဖျောင်း ”
” အား..”
ရင်မေ ဒေါသကို ပို၍ စွလိုက်လေခြင်းလားမသိ
လျင်မြန်လှတဲ့ လက်ဝါးတစ်ဘက်က မိအေးပါး
ပြင်အား ချလိုက်လေခြင်းပင်ဖြစ်သည်။
မိအေးလည်း အားခနဲ အော်မိလိုက်ပြီး
ရင်မေအားမကျေမနပ်စိုက်ကြည့်ပြီး
” ညည်းက ငါကို ရိုက်တယ်ပေါ့ဟုတ်လား ”
ပြောပြောဆိုဆို ဖြင့် မိအေးက လုံချည် အား
ခက်တိုတိုဝတ်လိုက်ပြီး ရင်မေ ဆံပင်အားပြေး
ဆွဲလိုက်လေသည် ။ သွက်လက် တဲ့ ရင်မေ
ကလည်းမိအေး လက်နှစ်ဘက်အား ပြန်ဖမ်း
မိလိုက်ပြီးမိအေး ခန္ဓာ ကိုယ်အားတွန်းလှဲလိုက်လေသည်။ လှဲကျသွားတဲ့ မိအေးအပါ်ကနေ ရင်မက
တတ်ခွပြီး မိအေးပါးပြင်အား လက်ဝါးဖြင့်
ဘယ်ပြန်ညာပြန် ချမိလိုက်လေသည်။
” ဟဲ့ ကောင်မ ငါတို့မျိုးရိုးက
သူခိုးမျိုးရိုးမရှိဘူး ။ ညည်းသာ မတန်တဆတွေ
တောင်းပြီး စီးပွားရှာနေတာကောင်မရဲ့”
လုံးထွေးနေကြတဲ့ သူတို့နှစ်ယောက်ရဲ့
အော်ဟစ်ဆူညံတွေကြောင့် စျေးထဲ ရုတ်ရုတ်
သဲသဲ ဖြစ်သွားကြလေပြီး စျေးဝယ်သူ တချို့
ကလည်းပွဲကြည့်ပရိတ်သတ်အနေနဲ့ ဝိုင်းကြည့်
နေကြလေသည်။
” ဟိတ် ရပ်စမ်း..”
အသံရှင် သိနေတဲ့ ရင်မေတို့နှစ်ယောက် ရန်ပွဲ
လည်းငြိမ်သက်သွားတော့သည်။ ထိုအသံရှင်က
အခြားမဟုတ် တစ်ရွာလုံး ကြောက်ရတဲ့ ရပ်ကွက်
လူကြီးဦးတင့်ငွေသာဖြစ်သည်။
” နင်တို့တွေ အရှက်အကြောက်မရှိကြဘူးလား
ဒီလောက်လူတွေ ဝိုင်းကြည့်နေတာ ၊ ဘယ်လို
ဖြစ်တာလဲ ငါကို ပြောစမ်း…”
“ဘယ်လိုဖြစ်ရမှာလဲ ဦးတင့်ငွေ ရဲ့ ဒီကောင်မ
ကျုပ်ပါးကို အရင်ရိုက်တာ ”
မိအေးကအရင်စပြောလိုက်လေသည်။
” ညည်းက ဘာကိစ္စရိုက်ရတာတုန်း”
ဦးတင့်ငွေလည်း ရင်မေဘက်လှည့်ပြီးမေးလိုက်
တော့ရင်မေကလည်း အကျိုးအကြောင်း ပြန်ပြော
ပြလေတော့သည်။ ရင်မေပြောပြမှ ဦးတင့်ငွေ
လည်း သဘောပေါက်သွားလေသည်။
” မိအေး နင်ကိုက မနေနိုင်မထိုင်နဲ့ သူဘာသာ
ဘယ်ကရရ နင်နဲ့ဘာဆိုင်လဲ ၊ ကိုယ့်ဘာသာနေ
စမ်းပါ ၊ ရင်မေကလည်း လက်မပါနဲ့
နောက်ထပ်ဖြစ်ရင် နင်တို့နှစ်ယောက်စလုံးကို
ဒဏ်ငွေတပ်မယ်”
ရက်ကွက်လူကြီးရှင်းပေးမှ ရန်ပွဲပြီးသွား
ပေမယ့်လည်း မိအေးရင်ထဲက ပူလောင်မူ
တွေကတော့ မငြိမ်းချမ်းသေးပါ။
≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋≋
” စိုင်းမောင်ရေ အမေ လုံချည် တစ်ကွင်း
ရုတ်မိသေးလား ”
” မရုတ်ဘူးလေး အမေ ”
မိခင်ဖြစ်သူ စကားသံကြောင့်TVကြည့်နေတဲ့
စိုင်းမောင်က ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
လူတွေလည်းနော် ခိုးစရာရှားလို့ လုံချည်ကိုမှ
ရွေးခိုးရသလား။ ရင်မေလည်းစိတ်ထဲ မကျေမ
နပ်စွာတွေးလိုက်မိသေးသည်။
× × × × ×
ရင်မေလည်း သားနှစ်ယောက်အတူ ခရီးထွက်
ဖို့ ပြင်ဆင်နေတော့သည်။ ထိုခရီးက အခြား
မဟုတ် ခင်ပွန်းဖြစ်သူထံ အလည်တစ်ခေါက်
သွားဖို့ဖြစ်သည်။ ရထားလက်မှတ် ဖြတ်ဖို့
သားမိသုံးယောက်လည်း အများတန်းတူ
တန်းစီလိုက်လေသည်။
” နင်နာမည် ရင်မေ လား ”
“ရှင် ”
သူမနာမည်အား ရင်းရင်းနှီးနှီး သိနေတဲ့
လက်မှတ်ရောင်းသူ အသက်၆၀ကျော် ဦးလေး
တစ်ယောက်အမေးကြောင့် ရင်မေ အံ့အားသင့်
သွားရလေသည်။
“ဦးလေးက ရင်မေကို သိနေတာလား ”
” သိတာပေါ့ ငါတူမကြီးကို ။ ဦးလေးအကြံ
ပြုပေးမလို့ပါ ၊ ဘုရား၊တရားလေးလုပ်အုန်း
နင်တို့အိမ် တတ်တော့မှာ ”
ထူးထူးဆန်းဆန်းစကားနဲ့ပင် ရင်မေ အိပ်ယာက
နိုးလာလေသည်။ထိုအဘိုးကြီးအား သူမ မသိပေ
ဆိုသောငြားလဲ၊ စီးပွားရေး တတ်ဖို့ပြောဆိုခြင်း
ဖြစ်တယ်ဟု မှတ်ယူထားမိတော့သည်။
ဘုရား၊တရားဆိုလို့ရင်မေလည်း သတိရသွား
လေသည်။အကြီးဆုံးသားဖြစ်သူ စိုင်းမောင်
မွေးတုန်းက ဘာသာတရား အလွန်ကိုင်ရိူင်းခဲ့
လေသည်။ အငယ်ဆုံးသားဖြစ်သူ စိုင်းနောင်
မွေးပြီး စီးပွားရေးအဆင်ပြေတဲ့နောက်ပိုင်း
မှာတော့ သူမလည်း ဘာသာတရားအား
ဟုတ်တိပတ်တိမလုပ်ဖြစ်ခဲ့ပါ။
“ငါလည်း ပြင်းနေလို့မဖြစ်တော့ဘူး ဘုရား၊
တရားလေးလုပ်အုန်းမှာပဲ “ဟု တွေးတော
နေမိတော့သည်။ သူမလည်း နောက်တစ်နေ့
ညပိုင်းကစ၍ ဘုရားရှိခိုး၊ မေတ္တာပို့
သရဏဂုံ သုံးပါးအား ၃ ခေါက်တိတိ ပုတီးစိပ်
လေတော့သည်။ မနက်ခင်းအားရင် အားသလို
ဘုရားဂုဏ်တော်အား ရွတ်ဖတ် မိလိုက်သေးသည်။
၃ ရက်တိတိ ဘုရားတရားအလုပ်တွေအား
ဖိလုပ်နေတော့သည်။ သူမလည်း ထုံစံအတိုင်း
ပုတီးစိပ်ပြီး၍အမျှဝေကာ တစ်နေကုန် အလုပ်
ပင်ပမ်းမူဒဏ်တွေကြောင့်အိပ်ယာစောစောဝင်
ဖြစ်ခဲ့လေသည်။
” ကျိ…ကျိ…”
ပြတင်းပေါက် တံခါးဖွင့်လိုက်တဲ့ အသံကြောင့်
ရင်မေ လည်း အိပ်ပျော်နေရင်းက နိုးလာလေ
သည်။
” ဟင်”
ပြတင်းပေါက်တံခါးဘောင်ပေါ်မှာ လူတစ်
ယောက်အား မလှမ်းမကမ်း မြင်လိုက်
တော့ ရင်မလည်း အံ့အားသင့် သွားရလေ
သည်။ ထိုလူပုံစံက လူထွားကြီးတစ်ယောက်
ဖြစ်ပြီး အမှောင်ရိပ်ကြောင့်ထိုလူပုံသဏ္ဌာန်
က သဲသဲကွဲကွဲမမြင်ရပေ။
ဒုက္ခပါပဲ သူခိုးလားမသိဘူး။ သူမလည်း စိတ်
ထင်မြင်ရာတွေးတောရင်း အိပ်ယာပေါ်က
ထထိုင်ဖို့ ကြိုးစားသောလည်း တစ်စုံတစ်ယောက်
က ချည်နှောင်သလို ခန္ဓာ ကိုယ်တစ်ခုလုံးလည်း
လူပ်မရပေ။
သူခိုးဖြစ်သူကလည်း ပြတင်းပေါက်ကနေ
ခုန်ချလိုက်ပြီး သူမ အိပ်ယာနားဆီသို့
ချည်းကပ်လာလေသည်။ သေချာပြီးလေ
တစ်စုံတစ်ယောက်က လုပ်ကြံတယ်
ဆိုတာ သိလိုက်ရတော့ သူမလည်း
ဇောချွေးတွေပျံလာပြီး စိုးရိမ်တကြီး
ဖြစ်မိရလေသည်။
ဘုရား ဘုရား ကယ်တော်မူပါဘုရား စိတ်ထဲ
ရေရွတ်ရင်း ….
” သူခိုးဗျို့ ..သူခိုး”
အော်ဟစ်မိလိုက်သောလည်း သူမ
အသံက ထွက်မပါလာပေ။ ထိုလူကြီးကလည်း
သူမအနီး ရောက်လာတော့ ရင်မေလည်း
အရမ်းထိတ်လန့်တုန်လှုပ်သွားမိတော့သည်။
” ဟင် ”
မီးအလင်းရောင်ကြောင့်မြင်တွေ့လိုက်ရတဲ့
ထိုလူကြီးမျက်နှာက ဟာလာဟင်းလင်း
ဖြစ်နေလေပြီး ဖွကျဲနေတဲ့ဆံပင်တွေကလည်း
မြွေပုံစံသဏ္ဌာန် ကွေးကောက်တွန့်လိမ်နေလေ
သည်။သူမလည်း ကျောက်ရုပ်ကြီးပမာ ကြည့်ရုံ
ကလွှဲ၍ဘာမှမတတ်နိုင်ခဲ့ပေ။
” သေပေတော့ ”
စူးစူးဝါးဝါး အသံကြီးတစ်ခုထွက်ပေါ်လာပြီး
ရင်မေအား အပေါ်စီးကနေလည်မျိုအား
ညစ်ဖို့ ကြိုးစားလိုက်တဲ့အခိုက်အတန့်မှာပဲ
ရင်မေလည်း စွမ်းအားတစ်ခုရလိုက်သလိုမျိုး
ချက်ချင်းဆိုသလို ထိုလူကြီးရဲ့ လက်နှစ်ဖက်
အား မိမိရရ အလျင်အမြန် ဖမ်းဆုတ်လိုက်လေ
သည်။
“အံမယ်လေး ပူလိုက်တာ လွတ်လွတ်
ငါကိုလူတွေသိကုန်တော့မှာ ”
ထွက်ပေါ်လာတဲ့ အမျိုးအမီးအသံကြောင့်
ရင်မေလည်း ပါးစပ်ဟောင်းသားဖြစ်မိလိုက်
သေးသည်။ တတ်လာတာ ယောက်ကျား
ဘယ်လိုလုပ် မိန်းမအသံပါလိမ့်။
” ပူတယ် ပူတယ် လွတ်လွတ်”
” မလွတ်ဘူး နင်ဘယ်သူလည်း ငါကို
ဘာကိစ္စ ရန်လာရှာတာလည်း ”
” နင်တို့ ရွာက မိအေး ခိုင်းလို့ လုပ်ရတာပါ
ငါနဲ့ မဆိုင်ပါဘူး၊ မိအေးက နင်ကို ဂုတ်ချိုး
သတ်ပေးပါဆို့လို့ လုပ်ခဲ့မိတာပါ ”
ထိုစကားကြားလိုက်တဲ့ ရင်မေလည်း
တွေးဝေသွားလေသည်။ မိအေးဆိုလို့
ဟိုတစ်နေ့က ဆိုင်ပိတ်ပြီး ရွာပြန်သွားတယ်ဟု
သိလိုက်ရလေသည်။ အဲ့နေ့က
ထမီတစ်ကွင်း ပျောက်သွားတဲ့ ကိစ္စနဲ့များ
ဆက်ဆက်နေမလား။
” ကျိ ”
အိမ်နောက်ဖေး တံခါး အား ဖွင့်လိုက်တဲ့
အသံကြီးကြားလိုက်ရတဲ့ အချိန်မှာတော့
သူမ ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံကလည်း
ချက်ချင်းလက်ငင်းကြက်ပျောက်ငှက်ပျောက်
မရှိိတော့ပေ။
နာရီကို လှမ်းကြည့်မိလိုက်တော့ လည်း
၁၂ နာရီတိတိဖြစ်နေလေသည်။
စောဒက တံခါးဖွင့်လိုက်တဲ့ အသံကြောင့်
ရင်မေလည်းအိပ်ရာက နိုးတစ်ဝက်ဖြစ်သွား
လေသည်။
စိုးရိမ်စိတ်တို့ကလည်း ငြိမ်သက်မသွားသေးပါ။
” အိမ်ထဲက ဘယ်သူလဲဟေ့ ”
” အမေသားပါ ”
သားကြီးဖြစ်သူအသံကြားလိုက်ရတော့မှ
သူမလည်း စိတ်သက်သာရလေတော့သည်။
“ဟဲ့ ..မအိပ်သေးပဲ ဘာလုပ်နေတာလဲ”
” အိပ်တယ်လေအမေရဲ့ ၊ အပေါ့သွားချင်လို့
နိုးလာတာပါ”
” ဒါနှဲ့ … ဘယ်နှစ်နာရီရှိပြီးလဲ သား ”
” ၁၂နာရီ ပဲ ရှိသေးတာ အမေရဲ့ “,
” ဟင်,,,,ဟုတ်လား ”
သူမလည်း အံ့သြ မိသွားရလေသည်။
” ဘာဖြစ်နေတာလဲ အမေရ ၊ ထိတ်လန့်
တကြားနဲ့ ”
” ဘာမှမဖြစ်ပါဘူး သားရယ် ”
သူမလည်းသားဖြစ်သူအား တုန့်ပြန်စကားပြော
မိလိုက်လေသည်။ အပြင်မှာ အမှန်တကယ်
ဖြစ်ပျက် သွားတဲ့ အိပ်မက်အကြောင်းတွေးတော
ရင်းဖြင့်မိုးလင်းသွားခဲ့ရလေသည်။
” ဘယ်သူသေလို့တုန်း မမစန်းရဲ့ ”
” ငါညီမ မကြားမိဘူးထင်တယ် အနောက်
စျေးဆိုင်တဲ့ မိအေးလေ သူ့ရွာမှာ ရုတ်တကြီး
ဆုံးသွားတယ်ဆိုလားပဲ ,,,”
“ဟုတ်လား…မမစန်း ”
စျေးဝယ်လာသူ မစန်းကြည် စကားကြားလိုက်
တော့ သူမလည်း ကိုယ်နားကိုယ်ပင် မယုံသင်္ကာ
ဖြစ်မိလိုက်သေးသည်။
” ဘယ်လိုဆုံးသွားတာလဲ မမစန်းရဲ့..”
” ရုတ်တရက် ဇက်ကြိုးကျပြီး ဆုံးသွား
တယ်ပြောတာပဲ ”
” ဘုရား ဘုရား ” ရင်မေလည်း စိတ်မကောင်း
စွာဖြင့်ဘုရားတမိလိုက်တော့သည်။
သေချာပြီးလေ မနေ့ညက အမှန်တစ်ကယ်ပဲ
သူသေကိုယ်သေ တိုက်ခိုက်ကြတာပဲ ဖြစ်မယ်။
ဘုရား၊တရားကယ်လို့သာပေါ့ နောက်မို့ဆို
မတွေးဝံစရာပင်။ ရင်မေလည်း ထိုဖြစ်စဥ်နဲ့
အတူ အိပ်မက်ပေးခဲ့ တဲ့ နတ်ကောင်းနတ်
မြတ်တွေ အား ကုသိုလ်ပြုအမျှဝေပေးခဲ့
သလို သူမကိုယ်တိုင်ကလည်း ဘာသာတရား
စွဲစွဲမြဲမြဲလုပ်ကိုင်ဖို့ စိတ်ဆုံးဖြတ် ချခဲ့မိတော့
လေသည်။ ( ပြီးပါပြီ )
စာချစ်သူအားလုံးကို လေးစားလျက်ပါ🙏🙏🙏
လိုအပ်ချက်များစွာဖြင့်
စာရေးသူ – အလင်းရောင်
Credit