ကုန်းခေါင်ခေါင်မှာငါးဖမ်းသူ၏သမီး

*ကုန်းခေါင်ခေါင်မှာငါးဖမ်းသူ၏သမီး*📖📖📖

********************************************
ဆရာဦးမိုးမြင့်(B.Sc)ရေးသားသည်။

ဟိုးရှေးရှေးတုန်းက လယ်သမားကြီးနှစ်ဦးရှိသတဲ့

လယ်သမားကြီးနှစ်ဦးစလုံးဟာ မြင်းတစ်ကောင်စီ

ရှိကြတယ်

ဒါပေမယ့် ချမ်းသာတဲ့လယ်သမားရဲ့မြင်းက မြင်းထီးဖြစ်ပြီး ဆင်းရဲတဲ့လယ်သမားရဲ့မြင်းက မြင်းမတဲ့ ။

တစ်နေ့ သူတို့နှစ်ဦးဟာ အတူတကွ ခရီးသွားကြတယ်။

ဆင်းရဲတဲ့လယ်သမားကမြင်းစီးလို့

ချမ်းသာတဲ့လယ်သမားကတော့မြင်းလှည်းစီးလို့

ပေါ့။

သူတို့နှစ်ယောက်ဟာအဲဒီညမှာ အတူတကွ

အနားယူကြသတဲ့ သူတို့အိပ်စက်နေတုန်းမှာ

ဆင်းရဲတဲ့လယ်သမားရဲ့ မြင်းမကသားပေါက်သတဲ့

အဲဒီမြင်းပေါက်ကလေးက ချမ်းသာတဲ့လယ်သမားရဲ့ လှည်းအောက်ကိုတွားဝင်ပြီး အိပ်နေခဲ့တယ်။

မနက်မိုးလင်းလို့ အဲဒီအဖြစ်အပျက်ကိုတွေ့တော့

ချမ်းသာတဲ့လယ်သမားက……

“ဟော ကြည့်စမ်း ကျုပ်မြင်းလှည်းက မြင်းသား

ပေါက်လေးမွေးတယ်”

လို့ပြောလိုက်သတဲ့

အဲဒီတော့ဆင်းရဲတဲ့ လယ်သမားကြီးက

“ဘာပြောတယ် အဲဒီမြင်းပေါက်လေးက

ကျုပ်မြင်းမရဲ့သားဗျ ” လို့ပြန်ပြောလိုက်သတဲ့။

“ဟာ ခင်ဗျားမြင်းဆို ခင်ဗျားမြင်းမနားမှာရှိမှာပေါ့

အခုကြည့်ပါလား ကျုပ်လှည်းအောက်မှာ

ကျုပ်လှည်းကမွေးလို့ ကျုပ်လှည်းနား ကပ်နေတာပေါ့ ”

ချမ်းသာတဲ့လယ်သမားက အတင်းအကျပ်ကြီး

ဆက်ပြောသတဲ့။

“ခင်ဗျား ရူးနေသလား ဘယ်လိုလုပ်ပြီး လှည်းက

သားပေါက်မလဲဗျ ခင်ဗျားလှည်းက သားပေါက်ဖို့

နေနေသာသာ ခင်ဗျားမြင်းထီးကတောင်

သားမပေါက်နိုင်ဘူး ခင်ဗျားသမီးတွေ ခင်ဗျားဝမ်းနဲ့

လွယ်မွေးခဲ့တာလား”

ဆင်းရဲတဲ့လယ်သမားကအဲဒီလိုပြောလိုက်သတဲ့

“မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုထက်

မှန်ကန်တာဘာရှိမလဲ ကျုပ်လှည်းအောက်မှာ

မြင်းရောက်နေတာ ကျုပ်လှည်းကဖွားလို့ပေါ့ဗျာ

ခင်ဗျားသာငတုံးငမိုက် ဟုတ်တိုင်း မှန်ရာကို

ဟုတ်တိုင်းမှန်ရာကိုမမြင်ဘူးလား ”

ချမ်းသာတဲ့ လယ်သမားက တုံ့ပြန်ပြောလိုက်သတဲ့

အခြေအနေအငြင်းအခုံဖြစ်တာ ပြန်းထန်သထက်

ပြင်းထန်လာပြီးဘယ်လိုနည်းနဲ့မှရှင်းမရတဲ့ နောက်ဆုံး သူတို့ပြဿနာကို ဇာဘုရင်ကြီးဆီ

သယ်သွားသတဲ့။

ဇာဘုရင်ကြီးက ဆင်းရဲတဲ့လယ်သမားနဲ့

ချမ်းသာတဲ့လယ်သမားပြောကြားချက်တွေ

နားထောင်ပြီးတော့ သူတို့ကို ပဟေဠိ၅ခု

ဖြေခိုင်းလိုက်သတဲ့။

အဲဒီပဟေဠိ ဖြေနိုင်သူကို မြင်းပေါက်လေးပိုင်ရှင်ပဲ

လို့ဆုံးဖြတ်လိုက်သတဲ့။

ဘုရင်ကြီးမေးလိုက်တဲ့ ပဟေဠိ ငါးခုကတော့

လောကကြီးမှာဘယ်အရာကအမြန်ဆုံးလဲ

ဘယ်အရာကအသန်ဆုံးလဲ

ဘယ်အရာဟာအဝဆုံးလဲ

ဘယ်အရာဟာအပျော့ပျောင်းဆုံးလဲ

ဘယ်အရာဟာအကြင်နာဆုံးလဲတဲ့။

ချမ်းသာတဲ့လယ်သမားကြီးက သူ့ယောက္ခမကြီးဆီ

သွားပြီးအကြံဉာဏ်တောင်းလိုက်သတဲ့။

“ဇာဘုရင်ကြီးက ကျွန်တော့်ကို ပဟေဠိငါးခု

ဝှက်လိုက်တယ် လောကကြီးမှာ ဘယ်ဟာအမြန်ဆုံး ဘယ်ဟာအသန်ဆုံး

ဘယ်ဟာအဝဆုံး ဘယ်ဟာအပျော့ပျောင်းဆုံး

ဘယ်ဟာအကြင်နာဆုံးလဲတဲ့”

အဲဒီတော့ ချမ်းသာတဲ့ လယ်သမားကြီးရဲ့

ယောက္ခမက ပြန်ပြောလိုက်တယ်။

“အဲဒါ ပဟေဠိလားကွ အဿထိုရ်မြင်းထက်

မြန်တဲ့မြင်းဘယ်ရှိမလဲ ကျာပွတ်နဲ့သာ

နာနာဆော်ထည့်လိုက် သွေးရူးသွေးတန်းပြေးတဲ့

ယုန်ထက်တောင်မြန်သေး နောက်ပြီးတို့ဝက်ထက်

ဝတဲ့အရာလောကမှာမရှိဘူး နှစ်နှစ်လောက်အစာကောင်းကောင်းကျွေးလိုက်ရင်

တို့ကောင်ကြီးမတ်တတ်တောင်မရပ်နိုင်ဘူး

ပျော့ပျောင်းတာကတော့ကွယ် ငါ့ကြက်မွှေး မွေ့ရာကြီးထက်

ပျော့ပျောင်းနူးညံ့နေတာ ဘယ်ရှိမလဲ နောက်ပြီး

လောကကြီးမှာငါ့မြေး မင်းသားထက်ပိုပြီး

အကြင်နာတရားရှိတဲ့လူ အခုလည်းမရှိဘူး

နောက်လည်းရှိမှာမဟုတ်ဘူး ”

ချမ်းသာတဲ့လယ်သမားကြီးရဲ့ ယောက္ခမကြီးက

အဲဒီလိုအပြတ်ဖြေလိုက်သတဲ့ကွယ်။

ဆင်းရဲတဲ့လယ်သမားကြီးကတော့ အိမ်ပြန်သွားပြီး

ငိုင်နေသတဲ့ အဲဒီလို ဖခင်ကပြန်လာပြီး

စိတ်ညစ်ညူး ငေးငိုင်နေတာတွေ့တော့

သမီးဖြစ်သူကလည်း စိတ်ပူပန်ပြီးအသည်းအသန်

မေးမြန်းလိုက်သတဲ့။

“အဖေ အဖေ ဘာတွေဖြစ်လာတာလဲ”

အဖေဖြစ်သူက အကျိုးအကြောင်းရှင်းပြပြီး

စကားနိဂုံးချုပ်လိုက်သတဲ့။

“အဲဒီပဟေဠိတွေကို တစ်သက်လုံးထိုင်တွေးနေလို့

တောင်အဖေရေးရေးလေးသိမှာမဟုတ်ဘူး”

ဒါပေမယ့် ဉာဏ်ပညာထက်မြတ်တဲ့ သမီးလေးဟာ

ဇာဘုရင်ကြီးမေးမြန်းလိုက်တဲ့ ပဟေဠိကို

ချက်ချင်းပဲ အဖြေတွေးမိသတဲ့။

“အဖေ ဇာဘုရင်ကြီးဆီပြန်ပြီး ချက်ချင်းပဲ

လျှောက်တင်လိုက်ပါ လောကကြီးမှာ အလျှင်မြန်ဆုံးနဲ့အသန်စွမ်းဆုံးကလေပါပဲ

အဝဆုံးအရာကတော့ ပံသု ပထဝီမြေကြီးပါ

အရာရာတိုင်းဟာကမ္ဘာမြေကြီးကိုမှီဝဲပြီး ကြီးပြင်း

ကြီးထွားရတာပါ နောက်ပြီးအပျော့ပျောင်းနူးညံ့ဆုံးကတော့

လူ့လက်ပါ လူတစ်ယောက်ဟာ ဘယ်ပေါ်မှာ

အိပ်စက်အိပ်စက် သူ့လက်ကိုအမြဲအုံးနိုင်ပါတယ်

နောက်ပြီးအိပ်မက်လှလှလေးထက်အကြင်နာတရားပြည့်ဝတဲ့အရာမရှိပါဘူး”

ဆင်းရဲတဲ့လယ်သမားကြီးရဲ့သမီးက

အဲဒီလိုဖြေလိုက်သတဲ့။

အဲဒီတော့ဆင်းရဲတဲ့လယ်သမားနဲ့ချမ်းသာတဲ့

လယ်သမားဟာ ဇာဘုရင်ကြီးရှေ့တော်မှောက်ပြန်ဝင်ကြသတဲ့။

ဇာဘုရင်ကြီးဟာအဲဒီလယ်သမားနှစ်ဦးရဲ့အဖြေကို

နားထောင်ပြီးတော့ဆင်းရဲတဲ့လယ်သမားကြီးကို

မေးမြန်းလိုက်သတဲ့။

“ဒီအဖြေကို မောင်မင်းကိုယ်တိုင်ရခဲ့တာလား

ဒါမှမဟုတ်တခြားသူ တစ်ယောက်ယောက်က

ဖြေပေးလိုက်တာလား ”

“မှန်လှပါ ကျွန်တော်မျိုးမှာ သမီးတစ်ယောက်

ရှိပါတယ် အဲဒီသမီးက အဖြေပေးလိုက်တာပါ”

“အိမ်း မောင်မင်းသမီး ပညာရှိပါပေတယ်

မနက်ဖြန်ကျရင် ဒီကြက်ဥအလုံးပေါင်း၁၅၀က

ပေါက်တဲ့ ကြက်လေးအကောင်၁၅၀ကို

ငါကိုယ်တော်မြတ်ထံယူလာပါစေ”

ဇာဘုရင်ကြီးကကြက်ဥအလုံး၁၅၀ ထည့်ထားတဲ့

ခြင်းတစ်ခြင်းကိုပေးပြီးအမိန့်တော်ချမှတ်လိုက်သတဲ့။

ဆင်းရဲတဲ့လယ်သမားကြီးလည်း အတော်စိတ်ညစ်

သွားရှာတယ်။

“အို …စိတ်ညစ်ရပါလားကွယ် အဖြေတစ်ခု

ဖြေနိုင်လိုက်တာနဲ့နောက်တစ်ခုထပ်ဖိတယ်

အကုသိုလ်ဆိုတာတစ်ခုတည်းမလာဘူး အတွဲလိုက်

ကြီးလာတယ်ဆိုတာဒါကို ပြောတာဖြစ်မယ်”

ဆင်းရဲတဲ့လယ်သမားကြီးဟာကြက်ဥခြင်းကို

ဆွဲပြီးညည်းညည်းညူ ညူ အိမ်ပြန်ခဲ့သတဲ့။

ဒါပေမယ့် ပညာရှိတဲ့ သူ့သမီးကတော့ အေးအေးဆေးဆေးပဲပြန်ဖြေလိုက်သတဲ့။

“မပူစမ်းပါနဲ့အဖေရယ် ဇာဘုရင်ကြီးဆီ

ပြန်သွားပြီးတော့ကြက်ပေါက်လေးကို

တစ်နေ့တည်းမှာထွန်ရက် စိုက်ပျိုး ပျိုးနုတ်

ကောက်သိမ်းတဲ့ပြောင်းခင်းကပြောင်းနဲ့ကျွေးမွေး

ပြုစုရမှာမို့အဲဒီပြောင်းတွေကို ကြိုတင်ထောက်ပံ့ထားပါလို့ ပြန်လျှောက်တင်ပါ”

ဆင်းရဲတဲ့လယ်သမားလည်း သမီးဖြစ်သူရဲ့

ညွှန်ကြားချက်အတိုင်း ဇာဘုရင်ရှေ့တော်မှောက်

ဝင်ပြီးလျှောက်တင်လိုက်သတဲ့။

ဇာဘုရင်လည်းသူ့ပညာပြကွက်ကိုပြေပြေပြစ်ပြစ်

တုံ့ပြန်လိုက်နိုင်တဲ့မိန်းမပျိုကိုစိတ်ထဲက

ထောမနာပြုရင်းနောက်တစ်ချက်ကိုမိန့်လိုက်ပြန်သတဲ့။

“မောင်မင်းသမီးတော်ဟာ ဒီလောက်တောင်တော်

နေမှ မနက်ဖြန်ကျရင်ငါကိုယ်တော်မြတ်

ရှေ့မှောက်ကို ဝင်လာစေ ဒါပေမယ့်ငါကိုယ်တော်မြတ်ဆီလာတဲ့အခါ

ခြေကျင်မလာရဘူး မြင်းစီးမလာရဘူး အဝတ်အစားဝတ်မလာရဘူး ကိုယ်လုံးတီးမလာရဘူး သိမ်းထားလို့မရတဲ့

လက်ဆောင်တစ်ခု ပါလာရမယ်”

ဇာဘုရင်ကြီးက အဲဒီလို အမိန့်ပြန်ချလိုက်တော့

ဆင်းရဲတဲ့လယ်သမားကြီးလည်း အတော့်ကို

စိတ်ညစ်သွားပြန်သတဲ့။

“သူ့သမီးကတော့ ဒီပဟေဠိကို ရှင်းနိုင်မှာမဟုတ်ဘူး”

ပတ်ဝန်းကျင်ကလည်း ကြောင့်ကြောင့်ကြကြ

မှတ်ချက်ချလိုက်သတဲ့။

ဒါပေမယ့် သမီးလေးကမမှုဘူး။

“မနက်ခင်းဟာ ညနေထက်ပညာရှိပါတယ် အဖေ

အဖေမြည်းတစ်ကောင်နဲ့ ငှက်တစ်ကောင်သာ

သွားရှာခဲ့ပါ”

အဘိုးကြီးလည်းမြည်းတစ်ကောင်နဲ့ ငှက်တစ်ကောင်သွားရှာပြီးပြန်လာသတဲ့။

နောက်တစ်နေ့ကျတော့ ဆင်းရဲတဲ့လယ်သမားရဲ့

သမီးဟာအဝတ်အစားတွေချွတ်ပြီး ငါးပိုက်ကွန်ကို

ခြုံလွှမ်းလိုက်သတဲ့။

ပြီးတော့ငှက်လှောင်အိမ်ကိုကိုင်ပြီး မြည်းစီးပြီး

ထွက်လာသတဲ့ ဇာဘုရင်ကြီးအမိန့်ချလိုက်တဲ့အတိုင်း အဝတ်အစားလည်းမဝတ် မိမွေးတိုင်းဖမွေးတိုင်းလည်းမဟုတ် ခြေကျင်လည်းမဟုတ် မြင်းစီးလျက်လည်းမဟုတ်

ဘူးပေါ့။

ဇာဘုရင်ကြီးရှေ့မှောက်ကိုရောက်တော့ ငှက်ကို

ပေးလိုက်သတဲ့။

“အရှင်မင်းကြီးအတွက် သိမ်းထားလို့မရတဲ့လက်ဆောင်ပါ”

ဘုရင်မင်းမြတ်လည်း ငှက်လှောင်အိမ်ကို ဖွင့်လိုက်တာနဲ့ငှက်လေးလည်းမိုးကောင်းကင်ယံ

ထဲပြေးတက်သွားသတဲ့။

“မင်းဟာသိပ်ပညာရှိတာပဲ ငါကိုယ်တော်မြတ်

အမိန့်ချမှတ်တဲ့အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်နိုင်တာပဲ ဒါနဲ့မင်းဘယ်လို

အသက်မွေးဝမ်းကျောင်းပြုလဲ မင်းအဖေကဆင်းရဲတယ် မင်းတို့ဘယ်လိုများ

လုပ်ကိုင်စားသောက်လဲ ”

လို့ဇာဘုရင်ကြီးက ဆက်လက်မေးမြန်းလိုက်သတဲ့

“ကျွန်မအဖေဟာကုန်းခေါင်ခေါင်မှာ ငါးဖမ်းပါတယ် ရေပြင်ထဲမှာလို တံငါပိုက်ကောင်းကောင်း သုံးတာမဟုတ်ပါဘူး

လိပ်ပြာဖမ်းတဲ့တုတ်တံရှည်နဲ့ပိုက်မျိုးပဲသုံးပါတယ်

သူကကမ်းပါးတစ်လျှောက်ပြေးရင်း ငါးဖမ်းသွားတတ်တယ် ကျွန်မကရသမျှငါးတွေကို

ကျွန်မဂါဝန်စမှာစုသိမ်းလာပြီးနေရဲ့အပူနဲ့

ငါးစွတ်ပြုတ်လုပ်စားကြတယ်”

ဆင်းရဲတဲ့လယ်သမားသမီးကအဲဒီလိုပြန်ဖြေလိုက်

သတဲ့။

“အို… အဓိပ္ပာယ်မရှိလိုက်တာ ကုန်းခေါင်ခေါင်မှာ

ဘယ်ငါးမျိုးများအသက်ရှင်လို့ရမလဲ”

“အရှင်မင်းမြတ်လည်း ပညာရှိပါပေတယ်

အဲဒီတော့ဘယ်လိုလုပ် မြင်းလှည်းမျိုးက

သားပေါက်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့

ပြောပြစမ်းပါအရှင်မင်းကြီး”

ဇာဘုရင်ကြီးလည်းကလိမ်ကကျစ်လုပ်တဲ့

ချမ်းသာတဲ့လယ်သမားကြီးကို အပြစ်ဒဏ်

ခတ်ပြီးမြင်းပေါက်လေးကိုဆင်းရဲတဲ့လယ်သမား

ကြီးကို ပေးလိုက်သတဲ့။

နောက်ပြီးဇာဘုရင်ကြီးဟာ ဆင်းရဲတဲ့လယ်သမား

ကြီးရဲ့သမီးကိုမိဖုရားမြှောက်လိုက်သတဲ့ကွယ်။

ပြီးပါပြီ………