” ကံကြွေး ” (စ/ဆုံး)

” ကံကြွေး ” (စ/ဆုံး)

===========================

အခန်း ၁

 

နေမင်းကြီးသည် သူ၏ လိမ္မော်ရောင် အလင်းစက် ဖျော့ဖျော့တို့ကို ရွှေဝါရောင် စပါးခင်းများ ပေါ် နောက်ဆုံး လက်ကျန်
ခွန်အားတို့နှင့် နှုတ်ဆတ် နေသည်။

နတ်တောင်ချောင်း ရွာ၏ ရွာပြင် ထန်းတော မှာတော့ အောင်မင်းတို့ လူသိုက် တစုကအရှိန် ကောင်းတုန်းပင်။

အောင်မင်းတို့လို တောရွာ ဒေသမှာ စီပွားရှာ ရခြင်းက တကယ်တော့ အလွန် ပင်ပန်း လှသည်။မိုးမလင်းခင် အာရုဏ် ကျင်းပြီ ဆိုတာနှင့် နွားနှစ်ကောင်ဆွဲ လယ်ထဲမှာ နွားနှင့် အပြိုင် ရုန်းကန် ရသည်မှာ မလွယ် လှပေ။

လယ်ထဲ ထမင်းပို့ သည့်အချိန်မှသာ ခဏသာ နားနေနိုင်သည်။အာရုဏ်ထဲက ထွန်ယက် ရသည့် လယ်က မနက်ဆွမ်းခံ ဝင်ချိန်မှာတော့ သုံးချိုး တချိုး လောက်တော့ ခရီးတွင်ပေသည်။

ကျန်တဲ့ နှစ်ချိုး ကတော့ ထမင်းစား ခဏနားပြီး အရိပ်ကောင်းသည့် ကုက္ကိုပင်ရိပ် (ဒါမှမဟုတ်)ညောင်ညိုပင်ရိပ်မှာ ဆေးဖတ်လိပ်လေးသောက် သစ်မြစ်ကို ခေါင်းအုံး ပြီးစားထားတဲ့ ထမင်းဆိပ်လေးနဲ့ ဆရက်မင်း စည်းစိမ် ခဏ ယူရသည်။

ပြီးတာနှင့် ပြန်ထ မပြီးပြတ်သေးသော လယ်အား ထွန်ယက်ဖို့ ပြင်ကြ ရပြန်သည်။ထွန်ယက်မှု့ တခုထည်း ကြောင့်တော့ အောင်မင်းတို့ ပင်ပန်းသည်ဟု မငြင်းပါ။

နာရီပြန် နှစ်မောင်း လောက်ဆို နွားနှစ်ကောင်နှင့် ထွန်ယက်မှု့က ပြီးပြီ။ပြီးတာနှင့် လှည်းမှာ နွားနှစ်ကောင်ကိုတပ် လယ်ကွင်းပြင် ကန်သင်းရိုး ဘေးမှ လူနှစ်ရပ်လောက် မြင့်တဲ့ ကောက်လှိုင်းစည်း ပုံကြီးတွေကို လှည်းနှင့် အခေါက်ခေါက်

တိုက်ကာ စပါး ခြွေလှေ့ မည့်စက် နားကို သွားချ ရသည်ကလည်း မသက်သာပေ။ဒီလို လုပ်နေရ သည်မှာကား သုံးလေးယောက် လုပ်ရခြင်း မဟုတ်။တဦးထည်းနှင့်သာ အပြီးလုပ်ကြရသည်။

ဒီလို အလုပ်တွေကို နေ့စဉ်နဲ့အမျှ လုပ်လာရတော့ အောင်မင်း စိတ်ညစ်လာသည်။ သူက တကယ်တော့ ဖြတ်လမ်း လိုက်၍ ကြီးပွား ချင်သည့်သူ။

မွေးကတည်းက ရွံ့နှင့် နပန်း ဖက်လုံးလာ ရတော့ အောင်မင်း အရွယ် ရောက်လာလေ ချမ်းသာချင်သည့် စိတ်က ကြီးစိုး လာသည်။

အခုလည်း ထန်းတောမှာ နေဝင်ပြီဆို တာတောင် အိမ်မပြန် နိုင်သေးပဲ ရွာထဲက ဖိုးခွေးတို့ လူသိုက်နှင့် ဝိုင်းဖွဲ့ကာ အာပေါင် အာရင်းသန်သန် အာလေး လျှာလေးနှင့် ဘယ်လို ကြီးပွားအောင် လုပ်ရမလဲ ဆိုတာကို မုန့်ဆီကြော်က ဘယ်ဆီ

နေမှန်းမသိ နှုတ်ခမ်းလန်နှင့် တည့်ပါ့မလား လုပ်နေကြသည်။

“ထွီ့. အေ့ ဆိုးလိုက်တဲ့ ဘဝ ဘယ်တော့ များမှ ချမ်းသာ မလဲ မသိဘူး ဖိုးခွေးရာ ဂလု ဂလု ဂလု…အေ့”

“အောင်မင်း မင်းဟာ ဖြေးဖြေး သောက်ပါကွာ တော်ကြာ ထရည်သီးလို့ သေရင် ချက်ကြီး အပြစ် ဖစ်နေပါမယ်ကွ… အေ့”

“ဖိုးခွေး မင်းက ချက်ကြီးကို သွားသနား နေတယ် ဟုတ်လား အေ့..ဒီကောင်က ထတောကြီး တခုလုံး ပိုင်ထားတာ မင်းတို့ ငါတို့ထက် ချမ်းသာ တယ်ကွ..အေ့.အူး”

“မင်းလဲ သူ့လို ချမ်းသာချင်ရင် စွန့်စား ပေါ့ကွ ခွီးမှပဲ မင့်ရှင်းပြရတာ သောက်နေတဲ့ ထရည် အမှုးတောင် ပြေတော့မယ် အာ့လာ ..မင်းသိလား မင်းသိလား..အေ့”

“စွန့်စား မယ်ကွာ ငါဘယ်လို စွန်စား ရမလဲ မင်းပြော..ပြောအေ့ ဒါပေမဲ့ အောင်မင်းကို ချောက်တော့ မတွန်းနဲ့နော်..အေ့..အော့..အောင်မင်း ဒီရွာမှာ ဘာကောင် ဆိုတာ မင်းတို့ သိတယ်နော်.. အေ့”

“ချောက်မတွန်းပါဘူး ချစ်ယောက်ဖကြီးရာ အတည်ပြောမှာဘာ ဟဲ ဟဲ ဟဲ”

“ကဲ ဒါဖြင့် ပြောကွာ ငါဘာ အလုပ် လုပ်ရမလဲ”

“မင်းတောင်ပိုင်းက ဖိုးတုတ်ကို သိတယ်မလား”

“သိတယ်လေ အဲ့ဒါ ဘာဖြစ်လဲ ဒီကောင် ဟိုတလောက ပွပေါက် တိုးလို့ ဝိုင်းနှစ်ဝိုင်းတောင် ဝယ်ထားတယ်လေ”

“အေး အဲ့ကိစ္စပဲ ဒီကောင် နေ့ချင်းညချင်း ချမ်းသာသွားတာ ဟို နတ်ရဲတောင်ပေါ်ကို စွန့်စားပြီး သွားလို့ အဲ့ဒိမှာ ရတနာတွေ ရှိတယ်လို့ ပြောကြတယ်လေ”

“အေး ငါလည်း သတင်းသဲ့သဲ့ ကြားတယ် အဲ့ဒါသာ မှန်ရင်တော့ နတ်ရဲတောင်ပေါ် သွားမယ်ကွာ”

“ကြည့်လဲ လုပ်နော် အောင်မင်း ဖိုးတုတ်က ချမ်းသာ သွားပေမဲ့ သှူရှာလာတဲ့ စည်းစိမ်တွေ ဘာတခုမှကို မသိတော့တာ အခုဝိုင်းနှစ်ဝိုင်း ဝယ်တယ် ဆိုတာလည်း သူ့အမက စီမံတာလေ ဒီကောင် ကိုယ်တိုင် ကတော့ ကြောင်စီစီဖြစ်ပြီး ဘာမှလည်း မေးလို့မရ စကားလည်း မပြောတော့ဘူးရယ်
ဒီကောင် အဲ့တောင်ပေါ်မှာ ဘာတွေ အမှား လုပ်ခဲ့လဲ မသိဘူး”

” အေ့.. အော. မသိဘူးကွာ ဒါတွေ ငါ အယုံအကြည် မရှိဘူး ငါချမ်းသာချင်တာပဲ သိတယ် အေ့”

တွေ့ပါပြီ အဆင်း ဘီးတပ် ပေးတဲ့သူ၊လောဘ သားကောင် အောင်မင်းတယောက် နတ်ရဲတောင်ပေါ် သွားရင် ဘာတွေများ ဆက်ဖြစ် လာလိမ့် အုံးမည် ဆိုတာတော့ မည်သူမျှ အတပ်ပြောနိုင်မည် မဟုတ်တော့ချေ။

“ကဲ ချစ်ယောက်ဖ ဖိုးခွေး ငါကောင်း နေပြီ.. အေ့..မ..မရတော့ဘူး ပြန်ပြီ..အေ့”

ဒယိမ်းဒယိုင်ဖြင့် ထထွက်သွားသော အောင်မင်းကို ကြည့်၍ ထန်းတော ပိုင်ရှင် ချက်ကြီး ဖိုးခွေးတို့နား ရောက်လာပြီး ပြစ်တင် ပြောတော့သည်။

“မင်းတို့ ဘာလို့ အောင်မင်းကို လျောက်ပြောတာလဲ ဒီကောင်က စဉ်းစား ညဏ်ရှိ တာမဟုတ်ဘူး တော်ကြာ တခုခု ဖစ်နေရင် ခက်မယ်”

“ထားလိုက် ကိုချက်ရာ ဒီကောင် ချမ်းသာချင်တဲ့ စိတ်ရှုးပေါက်နေလို့ ပြောလိုက်တာ နေပစေ သူ့ကို ပြောရတာနဲ့ ကျုပ်တို့ သောက်ထားတဲ့ ထရည် အရှိန် တောင်ပြေ သွားပြီ အဲ့တော့ ထရည် ထပ်ချ ပေးအုံး ကိုချက်”

ချက်ကြီးလည်း ဖိုးခွေးတို့ လူစုကို ခေါင်းတခါခါ ကြည့်၍ သူအပင်ပေါ် တက်ထားသော ထမြူ သုံးအိုး ကို ထပ်ချ ပေးလိုက်ပြီး ထန်းတဲ ထဲကို ဝင်သွား တော့သည်။

******************
အခန်း ၂
ဦးမင်းသူနှင့် ဒေါ်လေးခင်တို့က အောင်မင်းကို ကြည့်၍ စိတ်ပူသော လေသံနှင့် ဖြောင်းဖြ နေကြသည်။

“သားရယ် အဲ့ဒိ နတ်ရဲတောင် ပေါ်တော့ မသွားပါနဲ့ အဖေတို့ မချမ်းသာချင် ပါဘူး စိတ်ချမ်း သာရင် တော်ပါပြီကွာ”

“ဟာ အဘနဲ့အမ ကလည်း ကျုပ်တို့ မချမ်းသာရင် ဒီလို ပင်ပန်းတဲ့ လယ်အလုပ် တွေကို ကျုပ်က ဆက်လုပ် နေရအုံး မှာပေါ့ ကျုပ်တော့ ရှေ့ဆက် မလုပ် နိုင်တော့ဘူး ဒါကြောင့် နတ်ရဲတောင် ပေါ်သွား ဖြစ်အောင် သွားမှာ”

“အဲ့ဒိတောင်က အစောင့် အရှောက် တွေရှိပြီး အမှားအယွင်း မခံဘူး လေကွာ ”

“ဟာ မသိဘူးဗျာ အဲ့ဒါတွေ ကျုပ်မယုံဘူး ကျုပ်ကတော့ သွားဖြစ်အောင်ကို သွားမှာ”

ဖခင် ဦးမင်းသူက ကုလားထိုင်ပေါ် ထိုင်နေရင်း ဇနီးသည် လေးခင်ကို ငဲ့ကြည့် လေသည်။ဘယ်လို လုပ်ကြမလဲ ဟူသောအကြည့်။အောင်မင်းကို ဆုံးမ ပါအုံးဟု မျက်နာရိပ် မျက်နှာကဲ ပြလိုက် လေသည်။

ဒေါ်လေးခင်လည်း သားဖြစ်သူနား ကပ်၍ အကျိုးသင့် အကြောင်းသင့် ရှင်းပြ ပြောဆို နေသည်။

“သားလေး ငအောင် မင်းအဘ ပြောတာ ဟုတ်ပါတယ်ကွယ် အမတို့ မချမ်းသာချင်ပါဘူး လယ်အလုပ်ပဲ ကြိုးစားလုပ်ပါလား သားရယ်”

“အမတို့ အဘတို့ မချမ်းသာချင် ပေမဲ့ ကျုပ်က ချမ်းသာ ချင်တယ် အခုဆို ကျုပ်ဘဝမှာ လူပျို အရွယ် ဖြစ်ပြီး သူများ ဝတ်သလိုမဝတ်ရ သူများ စားသလို မစားရနဲ့ ဒီဘဝကြီးကို တော်တော်စိတ်ကုန် နေပြီ ဒါကြောင့် ကျုပ်ကတော့ သွားမှာပဲ အမတို့ ကျုပ်ကို မတားကြနဲ့”

အောင်မင်း ထိုသို့ ပြောပြီး ထိုင်နေရာမှ ထထွက် သွားသည်။ သားဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ပြီး ဦးမင်းသူနှင့် ဒေါ်လေးခင်တို့ သက်မ ကိုယ်စီ ချမိကြသည်။

ဘယ်လို ပြောပြော မိဘ စကား နားထောင်မည့် ကလေး မဟုတ်သည်ကိုလည်း သိထားကြသည်။အောင်မင်းက ငယ်စဉ်ထည်းက တဇွတ်ထိုး တစောက်ကန်း သူလုပ်ချင်ပြီဆို မှား

မှားမှန်မှန် ကမူးရှုးထိုး လုပ်တတ်သည်။အဲ့လို လုပ်ခဲ့လို့ပဲ သူကိုယ်တိုင်လည်း အမှားတွေ ကြုံခဲ့ရသလို သူ့မိဘနှစ်ပါးမှာလည်း သူကြောင့် စိတ်ဆင်းရဲရပေါင်း များပြီ။လူတွေသည် သူ့ကံနှင့် သူအကျိုးပေး ဖြစ်တည် လာသည် ဆိုသည်ကို အောင်မင်း တယောက် နားမလည်ပေ။သူများ ချမ်းသာတိုင်း

သူပါ ချမ်းသာရမည်ဟု တထစ်ကျသတ်မှတ် ထားသည်။အောင်မင်းရဲ့ နောက် အကျင့်ဆိုး တခုက လူကြီးသူမကို မရိုသေသလို မူးယစ်သောက်စား ခြင်းကို အလွန် ခုံမင်သည်။ရုပ်ကလေး ကတော့ ကြည့်ပျော် ရှုပျော်ရှိပြီး ယောက်ကျား ပီသသည့်

အသွင်အပြင် ရှိသည်။သို့သော်လည်း အောင်မင်း၏ နှုတ်ဝဇီကား ကြမ်းလှသည်။မူးလာပြီဆို ပိုဆိုးသည် မိခင်ဖခင်တောင် ရိုသေရကောင်းမှန်း မသိသည့် လူစားမျိုးပင် ဖြစ်သည်။

အခုလည်းကြည့် မိဘတွေ တားနေသည့် ကြားက နတ်ရဲတောင်ပေါ် သွားဖို့ ပြင်ဆင် နေလေသည်။

နတ်ရဲတောင် ဆိုသည်ကား နတ်တောင်ချောင်း ရွာလေး၏ အရှေ့ မြောက်ဖက်တွင် ရှိသည်။ရွာနှင့် ကတော့ ဝေးလှသည်ဟု မဆိုသာပေ ရွာမှမျှော်ကြည့်မည် ဆိုပါက မှိုင်းမှိုင်း ညို့

ညို့နှင့် အမြဲလိုလို မြူမှုန်များ ရစ်သိုင်း နေတတ်ပြီးတောင်မကြောကြီး တခုလုံးသည် တည်ငြိမ် ရင့်ကျတ်သော နှစ်ချို့မြွေကြီး တကောင် လဲလျောင်း နေသလို ရှိသည်။

နတ်ရဲတောင်ဟု အဘယ်ကြောင့် ခေါ်တွင် ရသနည်းဆိုမူ ရှေးယခင်က ဒီတော ဒီတောင် ဝန်းကျင်တွင် ဝိဇ္ဇာဓိုရ် အများ

အပြား ရှိသည်ဟု ရှေးလူကြီး သူမတို့ ပြောစကားကြောင့် ကြားဖူး နေကြသည်။ထိုဝိဇ္ဇာဓိုရ် များက သူတို့၏ အဂ္ဂိရက် ကျင့်စဉ်များကို ဒီတောင်ပေါ်တွင် နေထိုင်၍ ကျင့်သုံးခဲ့ကြပြီး

ထိုအထဲတွင်မှ ပြဒါးသေ၊သံသေ ကျင့်စဉ်များ နှင့်ဆက်လျင်းပြီး တောတွင်းရှိ လှိုဏ်ဂူကြီး တခုအတွင်းတွင် အလွန် တန်ဖိုးရှိသော ခြတောင်ပို့ရှိ ခြသံများကို အသုံးပြုပြီး ထိုဝိဇ္ဇာဓိုရ်

တို့ကသူတို့၏ ဓာတ်လုံး များနှင့် ထိတွေ့ လိုက်သည့်အခါ အလွန်အဖိုး ထိုက်တန်သော ကျောက်မျက်ရတနာ အမြောက်အများ ဖြစ်ပေါ်လာသည် ဆိုသည်ကို တဆင့်စကား တဆင့်နားနှင့် ကြားဖူးနေ

ခြင်းကြောင့် အောင်မင်းတို့လို လောဘသားကောင် များအနံ့ခံ၍ မလုပ်သင့် မလုပ်ထိုက်သည် များကို လုပ်နေကြခြင်း ဖြစ်သည်။နောက်စကား တခုက ထိုရတနာများသည် နောင်ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရား အားပူဇော်ရန် ထားသည်ဟုလည်း ကြားဖူး နေသည်။

ဒါကြောင့် ဒီနတ်ရဲတောင်ကို သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့က စောင့်ရှောက် နေပေသည်။တောင်ပေါ်ကို ရိုးရိုးသားသား မျစ်ချိုး မှိုခူး လောက်က ဘာမှ အန္တရာယ် မရှိပေမဲ့

မရိုးမသားနှင့် ရတနာတွေ ရှာဖို့ လာမည်ဆိုပါက အန္တရာယ် အမျိုးမျိုးနှင့် ကြုံရပြီး ရွာတောင်ပိုင်းက ဖိုးတုတ်ကဲ့သို့ပင် ရူးကြောင်ကြောင် ဖြစ်ကာ ဆွံ့အသွားသည့် အဖြစ်မျိုးနှင့် ကြုံတွေ့

နိုင်ပေသည်။ဒါတောင်ဖိုးတုတ်က ကံကောင်းလို့ ရွာကို ပြန်ရောက်လာနိုင်ပေမဲ့ သူ့အရင် သွားသည့် တချို့လူများကတော့

တောင်ပေါ်တွင် သေသလား ရှင်သလား လုံးလုံးမသိရပဲ ရွာကို ပြန်လမ်းမရှိ ပျောက်သွားကြသည်။

အခုလည်း လာပြန်ပြီ အောင်မင်း မိဘတွေနှင့် ခင်မင်ကြတဲ့ မိတ်ဆွေ တွေက အတန်တန်တား နေလျက်က နတ်ရဲတောင်ဖက်ကို ထွက်လာခဲ့သည်။

++++++++++++++

အခန်း ၃

ွရွာမှ ဝေလီဝေလင်း အချိန်တည်းက ထွက်လာခဲ့သည့် အောင်မင်း နေထန်းတဖျား လောက်ရောက်တော့ နတ်ရဲတောင်၏

တောစပ် အခြေကို ရောက်လာခဲ့သည်။သူ၏ လက်ထဲတွင်တော့ တောကောင်များ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် ဒူးလေးတလက်ကိုတော့ အသင့်အနေအထားနှင့် ကိုင်လာသည်။

တောစပ်မှ အတွင်းကို ဝင်မိသည်နှင့် နေပျောက်ပင် မထိုးသော စိမ့်ကြီး ဂနိုင်ကြီး၏ ချမ်းစိမ့်တဲ့ အအေးဓာတ်ကို အောင်မင်း ထိတွေ့ ခံစား လိုက်ရသည်။

သူ၏ မျက်လုံးများကတော့ တောတွင်းရှိ မည်သည့် နေရာကိုမှ အလွတ် မပေးပဲ စူးစိုက် ကြည့်ကာ ခြေသံလုံလုံဖြင့် ရှေ့

ဆက်တိုးလာနေသည်။တောလမ်း တလျှောက်တွင် သားကောင် ငယ်လေးများကို တွေ့ရသော်လည်း ပစ်ခတ် ဖမ်းဆီး

ခြင်းမရှိပဲ သူ၏ မူလ ရည်ရွယ်ချက် ရတနာများ ရှိနေနိုင်သော
ကျောက်လိုဏ်ဂူကြီးကို မျက်လုံးရှင်ရှင် ထား၍ ရှာနေမိသည်။

တောအတွင်းကိုသူဝင်လာသည်မှာ တမိုင်ခရီးမျှ အကွာအဝေးကို ရောက်သောအခါ နှစ်ချို့ပျဉ်းမပင်ကြီး တပင်ကိုတွေ့ရပြီး

ထိုအပင်ကြီး၏ အောက်တွင် ဝတ်ဖြူစင်ကြယ် ဝတ်ထား၍ တပလ္လင်ခွေထိုင်ကာ မျက်လုံးစုံမှိတ်၍ ပုတီးစိပ်နေသော အသက်အားဖြင့် ၇၀ခန့် ရှိသော အဖိုးအို တဦးကို တွေ့လိုက်ရသည်။

ထိုအဖိုးအိုက အောင်မင်း သူ၏အနီးကို ရောက်သည်နှင့် မှိတ်ထားသော မျက်လုံးကို ဖွင့်၍ ပုတီးစိပ်ခြင်းကို ရပ်တန့်ပြီး

တည်ငြိမ် လေးနက်သော အသံနှင့် ပြောလိုက်သည်။

“လူလေး ဒီကို မလာ သင့်ဘူး ထင်တယ်”

“တောပဲ ဗျ ကျုပ်လာချင်လာမယ် သွားချင်သွားမယ် ခင်ဗျားအပူ မပါဘူး ထင်တယ်”

“အဘက လူလေးအတွတ် အန္တရာယ်ရှိလို့ သတိပေးတာပါ လူလေးပြောသလို တောတောင် အတွင်းဆိုတာ လူတိုင်းဝင်ထွက်နိုင်ပါတယ် ဒါပေမဲ့ ကောင်းသောလာခြင်းနဲ့လာရင် ဘာမှ မဖြစ်သလို ရည်ရွယ်ချက် အမှားတွေနဲ့ လာရင်တော့ ကံကြွေးတွေ ဆပ်ရနိုင်တယ်နော်”

“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက် နေတာလား”

လူကြီးသူမကို ရိုသေမှု့ မရှိသူ ပီပီ ကိုယ့်အဖိုး အရွယ်ကို အောင်မင်း ခွန်းတုံ့ ပြန်နေသည်မှာ ရိုင်းစိုင်း လှသည်။

“အဘက မခြိမ်းခြောက် တတ်ပါဘူး အန္တရာယ်ကို ကြိုမြင်လို့ သတိ ပေးနေ တာပါ”

“ရတယ် ကျုပ်ဆိုတဲ့ အောင်မင်းဆီကို ဘယ်လို အန္တရာယ်မှ မလာနိုင်ဘူး လာခဲ့ရင်လဲ ဒါနဲ့ တွေ့မယ်”

အောင်မင်းက သူ့လက်ထဲမှ ဒူးလေးကို မြှောက်ပြ၍ ရှေ့ဆက်သွားသည်။အဘိုးအိုလည်း သူ့အားမချေမငံ ပြောသွားေ သာအောင်မင်းကို ကြည့်၍ သက်ပြင်းမောကို ချမိပြီး နှုတ်မှ တိုးတိုးလေး ရေရွတ် လိုက်လေသည်။

“ေဩာ် သဗေသတ္တာ ကမ္မသကာ ပဲလေ သတ္တဝါတခု ကံတခုပေါ့ ကျန်းမာကြပါစေ”

အောင်မင်း နတ်ရဲတောင် တောအတွင်းကို ဝင်လာသည်မှာနှစ်နာရီ ခန့်မျှပင် ရှိပေသည်။ဒီအချိန်မှာ တောကလည်း နက်

မှန်းမသိ နက်လာ လေသည်။တခါတရံ ကျားဟိန်းသံများပင် ကြားလာရသည်။ရှေ့ကို သတိကြီးစွာ ထား၍ ခြေသံလုံလုံ

ဖြင့်လျောက်နေရင်း သစ်ရွတ်များ ဖုံးလွှမ်း နေသော မြေပြင်ကို နင်းချ လိုက်သည်နှင့် အောင်မင်း တယောက် ရင်ထဲ အသဲထဲ အေးကနဲ ဖြစ်သွားပြီး အောက်ဖက်ရှိ အလွန်နက်ရှုိင်း

သောချောက်ကမ္ဘားကြီးအောက်ကို ဒလိမ့် ခေါက်ကွေး ကျသွားသည်ကိုသာ နောက်ဆုံး သိလိုက် ရပြီး သူ၏ မျက်လုံး

ထဲတွင် လောကကြီး တခုလုံး မှောင်အတိ ကျသွားတော့သည်။

+++++++
အခန်း ၄ ဇာတ်သိမ်းပိုင်း

မည်မျှ ကြာအောင် သတိလစ် မေ့မြော နေမိသည်မသိ မျက်နှာ ထက်ဆီကို အေးမြသော ရေစက်ရေပေါက်များ လာရောက်ထိခတ်မှ အောင်မင်း သတိပြန်လည် လာခဲ့သည်။

သူ၏ ဦးခေါင်း တခုလုံးသည် မူးဝေ နောက်ကျိ နေပြီး ပိတ်ထားသော မျက်လုံး တို့ကို ဖွင့်ကြည့် မိသောအခါ မိမိသည်

ပက်လက် အနေအထား တိုင်းရှိနေသည်ကို သတိပြု မိသည်နှင့် လူးလဲ၍ ထထိုင် လိုက်သည်။ပြီးနောက် သူရောက် နေရာ ပတ်ဝန်း ကျင်ကို သတိထား ကြည့်မိ သောအခါ လှိုဏ်

ဂူ တခု အတွင်း ရောက်နေ သည်ကို သတိ ပြုမိ လိုက်သည်။အောင်မင်း၏ နားထဲတွင် ရေစီးသံ သဲ့သဲ့ ကြားနေသဖြင့်

ခပ်လှမ်းလှမ်းကို မျှော်ကြည့် မိရာ ကျောက်တုံး ကျောက်စိုင်များကြားတွင် ကွေ့ပတ် စီးဆင်း နေသော အလွန် ကြည်လဲ့

နေသည့် ရေအိုင် ငယ်လေး တခုကို တွေ့လိုက် ရသည်။ထိုရေအိုင် လေးအတွင်းသို့ အထက်မှ ရေများ တပေါက်ပေါက် ကျနေသည် ကို တွေ့ရသဖြင့် အပေါ်သို့ မော့်ကြည့်ရာ ဂူအမိုး

မျက်နှာ ကျတ်ရှိ ရွှေရောင် အဆင်း ရှိသော ကျောက်ပန်းဆွဲ များမှ တစက်စက် ကျနေသည်ကို သတိထားမိသည်။ခုန သူ့မျက်နှာပေါ် ကျသော ရေပေါက် များပင် ဖြစ်မည်။ထိုအခါမှ

အောင်မင်း ဂူတခုလုံးကို လှည့်ပတ် ကြည့်မိရာ မြင်မြင် သမျှ ကျောက်စိုင် ကျောက်ခဲ တို့သည် ရွှေရောင် ဝင်းနေပြီး ရွှေဗိမ္မာန်ကြီး တခု အတွင်းကို ရောက်နေသလို စိတ်က ခံစားလိုက်ရသည်။

ရေအိုင် ငယ်လေး၏ ဘေးမှ လမ်းလေးအတိုင်း ဂူအတွင်းပိုင်းကို ဝင်သွား သည့်အခါ အတွင်းဖက်ဆီမှ အလွန် သာယာ

ငြိမ့်ညောင်း၍ နားထောင် ကောင်းလှသော ယောက်ကျား တဦး၏ သီချင်းဆိုသံကို အောင်မင်း ကြားလိုက် ရသည်။

သူ့တသက်တွင် ဤမျှလောက် သာယာ ငြိမ့်ညောင်းစွာ သီဆိုတတ်သော အသံမျိုးကို မကြားဖူးပေ။သိချင်စိတ်နှင့် ထိုသီချင်းသံ ထွက်ပေါ် နေရာကို ခပ်သွက်သွက်ပင် လှမ်းသွားမိတော့သည်။

လှုိဏ်ဂူ၏အဆုံးတွင်တော့ အောင်မင်း သူတွေ့ချင်သော သီချင်းသီဆို နေသူကို တွေ့ရရုံမက သူနတ်ရဲတောင်ကို လာရခြင်း၏ ရည်ရွယ်ချက်လည်းပြည့်ပြီဟု ဆိုနိုင်လေပြီ။

အောင်မင်း၏ မျက်လုံးတို့ လောဘ ကြောင့်အရောင်တောက်လာလေသည်။ရှေ့တွင် မြင်နေရသော လူနှစ်ရပ်ခန့်မျှရှိသော ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အများအပြားကို တွေ့လိုက် ရရုံမက

ထိုရတနာ ပုံ၏ ဘေးတွင် ယောက်ကျား တယောက်သည် တလက်လက် တောက်နေသော နတ်ဝတ်တန်ဆာ ကဲ့သို့

အဝတ်အစားများ ဝတ်ထားပြီး ဦးခေါင်း ထက်၌ ရတနာ မျိုးစုံ စီခြယ် ထားသော သရဖူ တခုကို ဆောင်း၍ သာယာငြိမ့်ညောင်းသော သံစဉ် တပုဒ်ကို နားဝင်ချိုစွာ သီဆိုနေလေသည်။အောင်မင်းလည်း ထိုသူ၏ အနားကို ကပ်သွားပြီး သိချင်

သည်များကို မေးလိုက် လေသည်။

“ဒီက မိတ်ဆွေက ရတနာတွေ ရလို့ အပျော်လွန်ပြီး သီချင်းဆိုနေ တာလား ”

“ကျုပ် သီချင်း ဆိုနေတာ မဟုတ် ပါဘူး ကျုပ်ခေါင်းမှာ သင်တုန်း ဓားစက်က လည်နေလို့ နာလွန်းလို့ အော်ညည်းနေတာပါ မင်းက ဒီကို ဘယ်လို ရောက်လာ တာလဲ”

“ကျုပ် ဒီရတနာ တွေကို ယူဖို့ လာတာ”

“အဲ့ဒါဆိုရင်တော့ မင်းလာရာ လမ်းကို ပြန်ပါ ဒီရတနာတွေကိုလည်း ယူဖို့ မကြိုးစား ပါနဲ့ ငါ့လို အဖြစ်ဆိုး မျိုးမင်းကြုံရလိမ့်မယ်”

“ဟားဟား ဟား အောင်မင်းကို သူငယ်နှပ်စားများ ထင်နေလားကိုယ့် မျက်စိရှေ့ ရတနာပုံ ကြီးတွေ့တာ မယူရင် အရှုးပေါ့ကွ မင်းက ဒီလောက် များတဲ့ ရတနာတွေကို တယောက်ထဲ အပိုင်စီးချင်လို့လား”

“ငါ မင်းကို ဘယ်လို ရှင်းပြ ရမလဲ အရင်က ငါလည်း ဒီမှာ ရတနာတွေ ယူဖို့ လာတာ ဒီရတနာတွေက နောင်ပွင့်မဲ့ ဘုရားကိုလှုဖို့အတွတ် ဝိဇ္ဇာဓိုရ်တွေက အဓိဌာန် ထားတာ အဲ့ဒါတွေကို ငါက ပြစ်မှား စော်ကား မိလို့ အခုလို အရှင် လတ်လတ် အသူရကာယ်ဘုံကို ရောက်နေ ရတာ”

“အဲ့ဒါတွေ ငါနားမလည်ဘူး မင်းခေါင်းပေါ်က သရဖူကို လည်း ယူမယ် ဒီရတနာ တွေလည်းယူမယ်”

ထိုအခါ အောင်မင်းနှင့် စကားပြော နေသော ထိုအမျိုးသားလည်း သူ၏ ကံကြွေး တို့ပေး ဆပ်ဖို့ ကုန်ဆုံး သွားပြီ ဆိုတာကို သိလိုက်သည်နှင့် သူ့အစား ကံကြွေး ဆပ်မည့် လူသစ်တဦး ရောက်လာခဲ့ပြီ ဆိုတာကို ရိပ်မိလေသည်။သူ့ခေါင်းပေါ်

တဝီဝီ လည်နေသော သင်တုန်း ဓားစက်ကို ဆွဲချွတ် ကြည့်ရာ အလွယ်တကူ ချွတ်၍ ရသွားသည်။ကံကြွေးတွေ ဆပ်

နေသည့် အချိန်တွင် သင်တုန်းဒါးစက်ကို ချွတ်ဖို့ ကြိုးစား လိုက်တိုင်းဦးခေါင်းရှိ ဦးဏှောက်တို့ တစဆီ ဖြစ်ကာ ခေါင်းထက်မှ သွေးများ ဒလဟော စီးလာကြသည်။

အောင်မင်းကား ထိုအကြောင်း အရာများကို စိုးစဉ်းမျှ မသိချေ သူ၏ မျက်လုံးထဲ၌ ထိုယောက်ကျာင်္်း ဆောင်းထားသော ဦးခေါင်းထက်က သရဖူသည် အလွန် လှလွန်း ပေသည်။ထို့ကြောင့် ရတနာပုံကြီး အနီးကို တိုးသွားပြီး သူ့အား သရဖူကို

ပေးရန် လက်ထဲတွင် ကိုင်ထားသော ဒူးလေးနှင့် ချိန်၍ ပြောလိုက်သည်။

“ကဲ မိတ်ဆွေ ဒီတော ဒီတောင် ထဲမှာ မင်းကို ပစ်သတ်လိုက်လို့လဲ ဘာမှ မဖြစ်ဘူး အဲ့တော့ မင်းဆောင်း ထားတဲ့သရဖူနဲ့ ဒီရတနာတွေကို ငါပဲ ယူမယ် မင်းအသားမနာ ချင်ဘူးဆိုရင်တော့ ဒီနေရာက လစ်တော့ ဟင်း ဟင်း”

“မင်း သေချာ စဉ်းစား ပါအုံး ငါ့ခေါင်း ပေါ်က သင်တုန်း ဓားစက်နဲ့ ဒီရတနာ တွေကို တကယ် ယူမှာလား”

“ယူမှာပေါ့”

“ပြောမရတော့လည်း ယူပေါ့ကွာ ငါကတော့ ဒီရတနာတွေလည်း မမက်တော့ပါဘူး ငါ့ဘဝ လွတ်မြောက်ရင် တော်ပါပြီ ကဲ ရော့ ရော့ ယူပါ”

အောင်မင်း တယောက် ထိုအမျိုးသား ချွတ်ပေးသော သရဖူကို ဝမ်းသာအားရ ယူ၍ သူ၏ ခေါင်းပေါ် ဆောင်းလိုက်သည်နှင့် သင်တုန်းဓားစက် ဖြစ်သွားကာ တဝီဝီ လည်၍သူ့ခေါင်းရှိ ဦးနှောဏ် တို့အား တစဆီ ဆွဲဖဲ့လိုက်သော အခါ အောင်မင်းတယောက် နာကျင် လွန်းသဖြင့် အော်ဟစ် ညည်းညူနေတော့သည်။

“အ. အ. အား အား နာလှချည်ရဲ့ ဟေ့လူ ငါ့ကို ကယ်ပါအုံး အား အမလေး ကယ်ကြ ပါအုံး”

မူလ ပထမ အသူရကာယ် ဘုံသားလည်း အောင်မင်း၏ အဖြစ်ကို ကြည့်၍ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။

ထိုအချိန်တွင် အောင်မင်း၏ ရှေ့၌ ဝတ်ဖြု စင်ကြယ် ဝတ်ဆင်ထားသော အဖိုးအို တဦးပေါ် လာပြီး သနား ကြင်နာစွာ ပြောလိုက် လေသည်။

“ဒီလို အန္တရာယ်ကို မြင်လို့ အဖိုး လူလေးကို တားခဲ့ သားပဲ ”

“အဖိုး အဖိုး သားကို ကယ်ပါအုံး ကြောက်ပါပြီဗျ အ. အား အား အား အီး ဟီး ဟီး”

မရတော့ဘူး လူလေး မပြစ်မှား အပ်တဲ့ အရာတွေပေါ် လူလေး ရဲ့လောဘက အနိုင်ရသွားပြီလေ အဲ့ဒိတော့ လူလေး ဒီမှာ ဝဋ်ကြွေး ကံကြွေးတွေ မကုန်မချင်း ဆပ်ရတော့မယ် ပြုသူအသစ် ဖြစ်သူ အဟောင်း ပဲလူလေး”

အဖိုးအိုလည်း ထိုမျှသာ ပြောပြီး အောင်မင်း၏ ရှေ့မှ ကွယ်ပျောက် သွားခဲ့ လေပြီ။တကယ်တော့ ဝဋ်ကြွေး ခံနေ ရသော အသူရကာယ်ဘုံသား၏ နာကျင်လွန်း သဖြင့် အော်ညည်း

နေသော အသံတို့ကို အောင်မင်းတယောက် သူ၏နားထဲ၌ သာယာစွာ သီဆိုနေသော သီချင်းသံများဟုသာ ကြားခဲ့ရသည်။ဦးခေါင်းထက်မှာ ရှိနေသော သင်တုန်းဓားစက် ကိုလည်း အလွန်လှသော သရဖူ တခုအဖြစ်သာ မြင်ခဲ့လေသည်။

အခုတော့ သူ့အတွတ်က အရာရာသည် နောက်ကျ သွားခဲ့လေပြီ ။နှုတ်ဝစီ ကြမ်းတမ်းခြင်း၊သေအရက်အား အလွန်အကြုး ကြိုက်နှစ်သက်ခြင်း၊မိခင်ဖခင်နှင့် လူကြီးသူမ တို့အား

ရိုသေမှု့ မရှိခဲ့ခြင်း၊ဘုရားရှင်အား လှုဒါန်းပူဇော်ရန် ရည်ရွယ်ထားသော လှုဖွယ်ဝထ္ထုတို့ အပေါ်၌ လောဘ တက်မိခြင်း

စသည့် အကုသိုလ်ကံ တို့ကြောင့် အောင်မင်းတယောက် အရှင်လတ်လတ် အသူရကာယ်

ဘုံကို ရောက်သွား ခြင်းဖြစ်သည်။သူ၏ အကုသိုလ်ကံ တို့က အလွန်ကြီးမား သဖြင့် အချိန်အတိုင်းအတာ ဘယ်လောက်ကြာမှ ပြန်လည် လွတ်မြောက် နိုင်တော့မည်ကိုတော့ ဘယ်သူမှ အတတ်ပြော နိုင်မည် မဟုတ် တော့ချေ။

ပြီးပါပြီ

စာဖတ်သူတွေ အားလုံးကို လေးစားလျက်

ရေးသားသူ- ရောင်နီ(ရွှေဥက္ကလာ)

#crd