ကျက်ကုန်းမှအိမ်ကြီး

*ဘွားမယ်စိန်နှင့်ကျတ်ကုန်းမှအိမ်ကြီး*📖📖📖

**********************************

စ…ဆုံး

“ကိုဘကျော်…တော့်ရွာကမရောက်နိုင်သေးဘူးလား
မိုးကလည်းချုပ်နေလှပြီတော့်”

“ရှေ့တစ်ရွာကျော်ရင်ရောက်ပါပြီ
ခင်မရယ်…
ဘာလဲ မင်းပင်ပန်းနေပြီလား”

“အို…နွားလှည်းစီးတာမပင်ပန်းပဲလားတော်…
လူတကိုယ်လုံးကိုင်ရိုက်ထားသလိုအသားတွေနာလှပြီရှင့်”

ကိုဘကျော်နဲ့မခင်မ တို့မှာ ညားခါစဇနီးမောင်နှံဖြစ်သည်။
ယခုလည်း ကိုဘကျော်၏မွေးရပ်ဇာတိရွာဆီသို့
ခရီးထွက်လာခဲ့ကြခြင်းပင်။
မခင်မ မှာ တရွာသူဖြစ်လေသည်။
တရွာသူမခင်မ နှင့်ကိုဘကျော်တို့ မှာ မခင်မ၏ဇာတိရွာ၌
၌အခြေချနေထိုင်ဖြစ်ကြ၏။

“အေးပါခင်မရယ်…ရှေ့တရွာရောက်ရင်ခဏလှည်းရပ်ပြီး
နားကြတာပေါ့”

ဟု…ပြောလေမှ မခင်မ
ညည်းတွားခြင်းရပ်တန့်သွားလေသည်။

“ဟဲ့…နွား…ပေကပ်ကပ်နဲ့ လမ်းကိုဖြောင့်ဖြောင့်ဆွဲလေ”

“ဖြန်း……”

ကိုဘကျော်တို့နွားလှည်းလေးသည် လရောင်အောက်၌
တရိပ်ရိပ်ရွေ့လျားနေခဲ့၏။

“အို…ခင်မ…ဟိုးရှေ့မှာ ရွာတရွာရောက်ပြီထင်တယ်….”

“ဟင်…ဟုတ်ပါရဲ့…….”

မီးရောင်များလင်းထိန်နေသော အိမ်ကြီးတအိမ်ကို
ကိုဘကျော်တို့တွေ့မြင်သွားကြခြင်းပင်။

“ရွာထိပ်ကအိမ်ထင်ပါရဲ့…လူတွေမအိပ်သေးကြပုံပဲခင်မရဲ့”

“ဒါဆိုလည်း ကျုပ်တို့လှည်းရပ်ပြီးခဏနားကြရအောင်တော်”

“ဖြစ်ပါ့မလားကွာ…တို့ကိုလူစိမ်းတွေဆိုပြီး
နှင်ထုတ်နေပါဦးမယ်”

“အိုတော်…ပြောကြည့်ရမှာပေါ့…
ကျုပ်ကတော့ဗိုက်တွေလည်းဆာနေပြီ ကိုဘကျော်ရယ်…”

ကိုဘကျော်တစ်ယောက် ဇနီးသည် မခင်မ၏သနားစဖွယ်အသံကိုကြားရသောအခါ၌…

“အေးပါကွာ…ပြောကြည့်ကြတာပေါ့”

ဟု…ပြောလိုက်တော့သည်။

အိမ်ကြီး၏အရှေ့သို့ရောက်သောအခါ
ခြံဝင်းတံခါးမှာပိတ်ထားလေသည်။
အတွင်းမှအလင်းရောင်များကိုမြင်ကြရတာပေါ့
ကိုဘကျော်လှည်းအထက်မှ…

“ဗျို့…အိမ်ရှင်တို့…အိမ်ရှင်တို့……..”

ဟု…အော်ခေါ်တော့သည်။

“ဘယ်သူတွေလဲ”

ကိုဘကျော်၏ခေါ်သံအဆုံး၌ ပိတ်ထားသော
အိမ်တံခါးမကြီးမှာချက်ချင်း
ပွင့်လာခဲ့ပြီးနောက်
အမျိုးသားကြီးတစ်ဦးထွက်လာခဲ့လေသည်။
အမျိုးသားကြီးသည် သောင်တစောင်းထုံးဖွဲ့ထားပြီး
မျက်နှာထားမှာ တည်ကြည်လွန်းလှ၏။
ဝတ်ဆင်ထားသောအဝတ်အစားများမှာလည်း တောက်တောက်ပြောင်​ပြောင်ဖြင့် ကြည့်ရှု၍ကောင်းပေသည်။

“ကျုပ်တို့ကခရီးသွားတွေပါ ဦးကြီး…
ခရီးလည်းပန်းလာလို့ခဏလောက်ဝင်နားချင်လို့ပါဗျ…..”

ဟုပြောသောအခါ…ထိုအမျိုးသားကြီးမှာမျက်ခုံးများကျုံ့၍
အလိုမကျဟန်ဖြင့်ကြည့်နေလေသည်။
ထိုအခါ မခင်မသည်…

“ဦးကြီးရယ်ကျုပ်တို့ဗိုက်တွေလည်းဆာနေလို့ပါ…
ခဏလောက်ဖြစ်ဖြစ်ရေလေးသောက်ရင်းနားပါရစေတော်…”

ဟု…ပြောလေသောအခါ ကိုဘကျော်မှာမနေသာတော့…

“ကဲပါခင်မရယ်…အိမ်ရှင်ကမှမကြည်ဖြူတာ
တို့ခရီးတို့ပဲဆက်ကြတာပေါ့…မင်းလည်းဟိုရောက်မှနားတော့”

ကိုဘကျော်ပြောလည်းပြော
လှည်းအဆက်မောင်းဖို့ပြင်တော့သည်။
ထိုစဥြ…

“ရတယ်…ဝင်နားကြ….ဝဏ္ဏ…ဟေ့…ဝဏ္ဏ…..”

“ဗျာ…ဘဘ…….”

“ဧည့်သည်တွေကိုအိမ်ထဲခေါ်ခဲ့…
ထမင်းစားဖို့လည်းပြင်ပေးလိုက်ဦး”

“ဟုတ်ကဲ့ဘဘ……”

အိမိပိုင်ရှင်အမျိုးသားကြီးသည်နေရာမှချက်ချင်းပင်
လှည့်ထွက်သွားတော့သည်။
ကိုဘကျော်တို့လင်မယားကိုလည်း ဝဏ္ဏဆိုသောလူငယ်လေးမှ
ခြံဝန်းတံခါးလာဖွင့်ပေးကာနွားလှည်းကိုကူဖြုတ်ပေး၏။
နွားများအစာကျွေးထားခဲ့ပြီးနောက် ကိုဘကျော်တို့နှစ်ဦးအား
အိမ်ကြီးအတွင်းသို့ခေါ်လာခဲ့သည်။

“ဟင်…..”

“လူတွေများလှပါလားကောင်လေး……”

အိမ်ကြီးအတွင်းသို့ရောက်ရောက်ခြင်းမြင်ရသည်မှာ…
အိမ်အတွင်း၌ စကားပြောနေကြသော လူကြီးများ….
ဆော့ကစားနေသောကလေးလူငယ်များ ရှိနေခြင်းကြောင့်ပင်။
သို့သော်ဝဏ္ဏသည်ကမည်သည့်စကားကိုမှမဖြေခဲ့။

“ဒီချိန်ထိမအိပ်ကြသေးတာ ဒီအိမ်မှာအလှူတစ်ခုခုရှိပုံပဲတော့်”

“အင်း…ဟုတ်မယ်ကွ”

ကိုဘကျော်နဲ့မခင်မတို့အချင်းချင်းပြောနေကြခြင်းပင်။
ထမင်းစားအခန်းအတွင်းဆီသို့ ကိုဘကျော်တို့ဝင်လာသည်ထိ
လူများသည် ကိုဘကျော်တို့ကို သတိမပြုမိကြ။

“ကဲ…ထိုင်ကြပါ…ထမင်းနဲ့ဟင်းတွေကတော့အသင့်ပဲ…
ဒီကနောင်ကြီးတို့အကြိုက်စားကြပါ…
ကျုပ်ကတော့သွားလိုက်ဦးမယ်…
ကျုပ်ရှိနေရင်စားရသောက်ရတာမလွတ်လပ်မှာဆိုးလို့ပါ”

“ကျေးဇူးတင်ပါတယ်ငါ့ညီရာ…
ဟင်းတွေထမင်းတွေကလည်း
စုံလင်လှပါလားကွာ…….”

ဝဏ္ဏသည်ကိုဘကျော်တို့ကိုပြုံးပြပြီးထိုနေရာမှထွက်သွားတော့၏။
ကိုဘကျော်တို့လင်မယားလည်း အငွေ့တထောင်းထောင်းဖြစ်နေသော ထမင်းနဲ့ဟင်းများကိုကြည့်ရင်း
ဗိုက်မှာပို၍ဆာလောင်လာခဲ့တော့သည်။

“ကဲ…ကိုဘကျော် ကျုပ်တော့ဗိုက်ဆာလှပြီ..
ဟန်လည်းမဆောင်နိုင်တော့ဘူး…
ဒါမို့စားတော့မယ်တော်….”

ဟုဆိုကာ…မခင်မသည် စတင်ခူးခပ်၍စားတော့၏။
ကိုဘကျော်မှာလည်း မခင်မအတိုင်းပင်
ထမင်းခူး၍အားပါးတရစားတော့သည်။
သူတို့အတွက်ထိုထမင်းများ…ဟင်းများမှာ
အလွန်ကောင်းမွန်နေပေရာ…

“ငါတော့ဒီလိုအရသာရှိတဲ့ ထမင်းနဲ့ဟင်း…
တစ်ခါမှမစားဖူးသေးဘူးခင်မရယ်…
စားလို့ကောင်းလိုက်တာကွာ”

“ဟုတ်ပါ့တော်…အရမ်းကိုအရသာရှိလွန်းတယ်…
စား…စား….ကိုဘကျော်……”

မခင်မတို့…ကိုဘကျော်တို့မှာ
ထမင်းဝိုင်း၌ခေါင်းမဖော်တမ်းအပြိုင်အဆိုင်ပင်
စားသောက်နေကြတော့၏။

********************

အဘိုးအိုသည် ခြံဝိုင်းတံခါးပွင့်နေခြင်းကို
အံ့သြသင့်နေ၏။
ထိုမျှမကသေး ခြံဝိုင်းအတွင်း၌ နွားနှစ်ကောင်နှင့် လှည်းတစ်စီးချွတ်ထားသည်ကိုမြင်လေရာ…..

“ဧည့်သည်တွေများရောက်နေကြတာလား…
ဒါမှမဟုတ်…သော့အိမ်ပါမရှိတာဆိုတော့
သူဌေးတို့ရောက်နေကြတာများလား…”

နှုတ်မှရွတ်ရင်း အိမ်ကြီးအတွင်းသို့ဝင်လာခဲ့တော့သည်။
အိမ်ကြီးအတွင်း၌  မရှင်းလင်းတာကြာမြင့်ပုံဖြင့်
ဖုန်များတသောသောထနေလေသည်။

အိမ်ကြီးအတွင်း၌လူရိပ်မတွေ့သောကြောင့်
ဆက်လက်ရှာဖွေနေစဥ် ထမင်းစားခန်းအတွင်းသို့ရောက်လာသောအခါ ထမင်းစားပွဲ၌ မှောက်လျက်သား အိပ်ပျော်နေသော
လူနှစ်ဦးကိုတွေ့သွားသောအခါ အဘိုးအိုမှာ အံသြသင့်သွားလေသည်။
ထိုလူနှစ်ဦးကိုသေချာကြည့်ပြီး…

“ဟေ့…ဟေ့….ထကြစမ်း..ထကြစမ်း….
ဒီအိမ်ထဲမှာဘယ်လိုရောက်နေကြတာလဲ”

ဟုအော်ဟစ်လိုက်လေရာ…အိပ်ပျော်နေကြသော
လူနှစ်ယောက်မှာ ….

“အင်းးးးး……”

“ဝါးးး……”

ဟု ညည်းတွားရင်းနိုးလာခဲ့ကြတော့၏။
သူတို့၏ မျက်လုံးများကိုပွတ်သက်ပြီးဘေးဘီကို
ကြည့်ကြလေရာ သူတို့အားကြည့်နေသောအဘိုးအိုကိုလည်းကောင်း….ဖုန်များအတိုင်းသားရှိသည့်စားပွဲနှင့် ပင့်ကူမျှင်များရှုပ်ထွေးနေသော အခန်းကိုလည်းကောင်းတွေ့သွားကြချိန်မှာ…ထိတ်လန့်သွားကြဟန်ဖြင့်…

“ငါတို့…​ဘယ်ကိုရောက်နေတာလဲ”

“ဟင်…ဒါကဘယ်နေရာလဲ”

ဟု..အော်ဟစ်ကြတော့သည်။
ထိုလူနှစ်ဦးကြောင့်အဘိုးအိုမှာလည်း…

“ဟေ့…မင်းတို့သော့ခတ်ထားတဲ့ခြံထဲကို
ဘယ်လိုဝင်လာကြတာလဲ…
မင်းတို့ကသူခိုးတွေလား…..”

ဟု…မေးပြန်လေသောအခါ…ထိတ်ထိတ်ပြာပြာဖြင့်…

“ကျုပ်တို့သူခိုးတွေမဟုတ်ပါဘူးအဘရယ်…
ကျုပ်တို့ကခရီးသွားတွေပါဗျာ…..”

“မင်းတို့က ခရီးသွားတွေဆိုရင် ငါ့ခြံဝန်းတံခါးသော့က
ခတ်ထားရာကနေ ဟောဒီစားပွဲမှာဘာလို့ရောက်
နေတာလဲရကွ….”

“ဗျာ…..”

ကိုဘကျော်တို့လင်မယားမှာ အတော်ထိတ်လန့်နေကြလေပြီ။
အဘိုးအို၏သူခိုးဟုသော စွပ်စွဲနေခြင်းကိုပြန်လည်ဖြေရှင်းဖို့
အတွက် ကိုဘကျော်မှ…

“အဘရယ်…ကျုပ်ပြောပြပါ့မယ်…
ဒီလိုပါ ညက မိုးလည်းချုပ်နေပြီမို့….ကျုပ်တို့လည်း
ခဏနားဖို့ စဥ်းစားမိတာနဲ့…ဟောသည်က အိမ်မှာဝင်နားမိတာပါ…ကျုပ်တို့နားဖို့လည်း ဒီအိမ်က လူကြီးတစ်ယောက်ဆီမှာခွင့်တောင်းကြပါတယ်…သူက​တောင်ခွင့်ပြုပေးလို့ သူ့ရဲ့သားလား..မြေးလားမသိတဲ့ဝဏ္ဏဆိုတဲ့ကောင်လေးကိုယ်တိုင်
ကျုပ်တို့ကိုဒီထမင်းစားခန်းမှာ ထမင်း၊ဟင်းတွေနဲ့ဧည့်ခံပါသေးတယ်…ဒါ့အပြင် ကျုပ်တို့ဝင်လာတော့ သူတို့အမျိုးအဆွေတွေဆိုတဲ့လူတွေ တော်တော်များများလည်းရှိကြပါတယ်ဗျာ……”

ကိုဘကျော်စကားနားထောင်နေသော အဘိုးအိုမှာ မျက်လုံးများပင်ပြူးသွားရှာသည်။

“ဟေ…..ဘယ်လို…ဘယ်လို….လူတွေရှိတယ်…ဟုတ်လား”

အဘိုးအိုမှအထိတ်တလန့်မေးသောအခါ မခင်မ မှ…

“ဟုတ်တယ်အဘ…ကျုပ်တို့လာတော့ဒီအိမ်ကြီးက
မီးတွေလင်းနေတာ…ဒါနဲ့ကျုပ်တို့လင်မယားလည်း
လူတွေ မအိပ်ကြသေးဘူးထင်လို့အိမ်ရှင်တွေအော်ခေါ်ပြီး​
ခဏနားဖို့ခွင့်တောင်းလိုက်ကြတာ…
ဒါပေမယ့် ထမင်းစားသောက်နေကြရင်း
ဘာတွေဖြစ်သွားသလဲတော့မသိဘူး…အဘလာနိုးမှပဲ
ကျုပ်တို့နိုးလာတော့တာပဲတော်….”

မခင်မ၏ပြောစကားကြောင့် အဘိုးအိုမှာခေါင်းတညိတ်ညိတ်ဖြင့်….

“အင်း…ဟုတ်တော့ဟုတ်နေပါပြီကွယ်….
အဘက ဒီအိမ်ကခြံစောင့်…မနေ့ညက ရွာထဲမှာ
အဘသမီးနေမကောင်းလို့
လူနာသွားကြည့်ရင်းပြန်မလာဖြစ်တာကွဲ့…
အဘပြန်လာတော့ ခြံဝန်းတံခါးကလည်းသော့မရှိ…
မောင်ရင်တို့ကလည်းအထဲရောက်နေကြတာဆိုတော့
အဘကလူဆိုးသူခိုးတွေထင်လိုက်မိတာ……”

“ဗျာ….အဘက ဒီအိမ်ကခြံစောင့်ဆိုတော့….
ညကလူတွေက ညကလူတွေကဘယ်သူတွေတုန်းဗျ”

“အင်း…ဒါကတော့အဘပြောပြပါ့မယ်…
မောင်ရင်တို့လည်းအဘပြောတာနားထောင်ပြီးမှအားလုံးကို
သဘောပေါက်ကြလိမ့်မယ်ကွဲ့…….”

“ပြောပါအဘရယ်…ကျုပ်တို့သိချင်ပါတယ်”

အဘိုးအိုမှ ကိုဘကျော်စကားကိုခေါင်းညိတ်ပြပြီး…

“အင်း…ဒီအိမ်က
သူဌေးကြီးဦးတော်ဝင်ပိုင်တာကွဲ့…
သူဌေးကြီးကမြို့ပေါ်မှာလည်း အိမ်တွေအများကြီးရှိတယ်…
ဒါပေမယ်လို့ကွယ်…သူဌေးဆိုတဲ့သဘောအတိုင်း
ဟောသည်နေရာကမြေကိုဝယ်ပြီး အပန်းဖြေစံအိမ်ဆောက်တော့တာပဲ….အိမ်ကလည်းမောင်ရင်တို့တွေ့တဲ့အတိုင်း
အတော်ကိုခန့်ညားတယ်လေ…
အိမ်ဆောက်ပြီးတဲ့အချိန်သူဌေးမိသားစု
လာနေကြတာပေါ့ကွယ်…
အဲ့သည်မှာ​ခြောက်လိုက်တဲ့သရဲဆိုတာမောင်ရင်ရယ်…
လူကိုအန္တရာယ်မပေးကြပေမယ့်…
သူတို့ကအသွင်အမျိုးမျိုးပြ
ခြောက်လန့်နေတော့ သူဌေးတွေလည်းဘယ်နေရဲကြမလဲ…
နောက်ဆုံးတော့ အဘကိုပဲ ဒီမှာခြံစောင့်ခန့်ပြီး မြို့ကိုပြန်သွားကြတော့တယ်…အဘကလည်း အသက်ကြီးပြီဆိုတော့
အလုပ်လည်းမလုပ်နိုင်တော့ပါဘူး…
ဒီခြံကလည်းအဘကလွဲပြီး
ဘယ်သူမှမနေရဲကြတော့ပိုခက်တာပေါ့ကွယ်…. “

အဘိုးအိုပြောပြသော အိမ်ကြီး၏ရာဇဝင်ကြောင့်
ကိုဘကျော်တို့လင်မယားမှာ ကြက်သီးများပင်ထနေကြသည်။

“ဒါဆို ကျုပ်တို့ညကတွေ့တာ…သရဲတွေပေါ့
ဟုတ်လားအဘ…..”

“ဒါပေါ့ကွယ်……”

“အမယ်လေး…ကျုပ်တို့ကိုညကထမင်းတွေတောင်ကျွေးကြသေးတယ်….အီး….ကြောက်လိုက်တာတော်……”

မခင်မ အကြောက်ကြီးကြောက်နေလေသည်။

“ဒါနဲ့အဘ….ဒီနေရာကဘာလို့သရဲတွေဒီလောက်
ခြောက်လန့်နေရတာလဲဗျ”

ကိုဘကျော်ကမေးသည်။

“ဘာလို့ဆို…ဒီနေရာက အရင်ကသင်္ချိုင်းဟောင်းမြေလေကွယ်…ပြောရရင်တော့ာကျတ်ကုန်းပေါ့…
သူဌေးကြီးကလည်းမြေရိုင်းထင်ပြီးဝယ်လိုက်တာ…
ဒါလည်းအိမ်ဆောက်ပြီးချိန်မှသိကြတာလေ…
ဘာမှမတတ်နိုင်ကြတော့ဘူးပေါ့…”

“သြော်…ကြောက်စရာပါလားဗျာ….
ဒါနဲ့ဆရာသမားတွေခေါ်ပြီး ဒီကျတ်သရဲတွေကို
မဖယ်ရှားကြဘူးလားဗျ…”

“ဘယ်နေမလဲကွာ…ခေါ်လိုက်တဲ့ဆရာတွေ…
မရပါဘူးကွာ…တချို့ဆရာတွေဆို…
လိုက်ကိုမလိုက်ရဲကြတာဟေ့…..”

“အင်း…ဒါဆိုအတော်ဆိုးတာပဲဗျ…
အယ်…နေပါဦး….ကျုပ်တို့ရွာရဲ့ဘေးကရွာမှာ…
ဘွားမယ်စိန်ဆိုတာရှိတယ်…
ဘွားမယ်စိန်က သရဲ…တစ္ဆေတွေကိုဖယ်ရှားတဲ့နေရာမှာ
အတော်နာမည်ကြီးတယ်ဗျ…
အဘတို့အကူအညီလိုရင် ကျုပ်ရွာရောက်တာနဲ့
ဘွားကိုသွားတွေ့ခဲ့ပါ့မယ်…..”

“ဟား…ဒါဆိုရင်တော့ အဘသူဌေးတော့ဝမ်းသာရှာမှာပဲ…
မောင်ရင်ပြောတဲ့ဘွားမယ်စိန်ကို ဒီအိမ်ကြီးအကြောင်းပြောပြပြီး အကူအညီ​တောင်းပေးပါကွယ်…မောင်ရင်တို့အတွက်လည်း
အကျိုးမယုတ်စေရပါဘူး”

“ဟုတ်ပြီအဘ…ဒါဖြင့်ကျုပ်တို့ရွာကပြန်ရင်
ဒီကိုနောက်တခေါက်ထပ်ဝင်လာခဲ့ပါ့မယ်…”

“ကျေးဇူးတင်ပါတယ်ကွယ်…အခုလိုကူညီပေးမယ်ဆိုတော့”

“ရပါတယ်အဘရယ်…ကဲ…ဒါဖြင့်ကျုပ်တို့လည်း
ခရီးဆက်ကြတော့မယ်ဗျာ…နှုတ်ဆက်ပါတယ်အဘ”

ကိုဘကျော်တို့လင်မယားသည်အဘိုးအိုအားနှုတ်ဆက်၍
မိမိတို့ရွာဆီသို့ခရီးဆက်ကြတော့၏။
မခင်မတစ်ယောက် လှည်းအထက်မှနေ၍ ယအိမ်ကြီးကို
လှည့်ကြည့်လှည့်ကြည့်ဖြင့်…

“ကျုပ်တော့ ကြောက်လိုက်တာ ကိုဘကျော်ရယ်….”

“အိုကွာ…တို့ကိုဘာမှ အန္တရာယ်မပေးကြပါဘူး
မကြောက်ပါနဲ့တော့ခင်မရယ်…..”

ဟုဖြေသိမ့်ပေးရှာတော့သည်။

***************************

ဘွားမယ်စိန်၏နေအိမ်၌ ဧည့်သည်တစ်ဦးရောက်ရှိနေသည်။
ထိုသူက ကိုဘကျော်ပင်ဖြစ်၏။
ကိုဘကျော်မှာ အင်တိုင်းရွာဇာတိဖြစ်သောကြောင့်
ဘွားမယ်စိန်အကြောင်းအားသိရှိထားသူပင်။
ယခုလည်း သူတို့လမ်းခရီး၌ ကြုံတွေ့ခဲ့ရသော
ကျတ်ကုန်းမှအိမ်ကြီးအကြောင်းကိုဘွားမယ်စိန်ထံလာရောက်ပြောကြားအကူအညီတောင်းခြင်းပင်။
ဘွားမယ်စိန်မှာလည်း ကိုဘကျော်ပြောသော အိမ်ကြီးအကြောင်းနှင့်ကိုဘကျော်တို့လင်မယားကြုံတွေ့ခဲ့ရသော
အဖြစ်အပျက်များကိုနားထောင်အပြီး၌….

“အင်း…ဒီကိစ္စက
ထင်သလောက်တော့မရိုးရှင်းဘူးမောင်ရင်ရဲ့…
ဘာလို့ဆို အစမှာကတည်းကမှားယွင်းနေတာကွဲ့…
တကယ်ကျ သူဌေးဦးတော်ဝင်ကကျတ်ကုန်းမြေမှာ အိမ်ဆောက်တယ်…ကျတ်သရဲတွေက​
ခြောက်လန့်ကြတယ်ဆိုတော့…ဒီကိစ္စကို
ဘွားဘက်ကလည်းဘာမှလုပ်မပေးနိုင်ဘူးကွယ်…”

“ဗျာ…ဘာလို့လဲဘွား”

“ဘာလို့ဆို…အဲ့သည်မြေက ကျတ်တွေပိုင်ဆိုင်တာလေ
ဒါကို သူဌေးဦးတော်ဝင်က အိမ်ကြီးရခိုင်ဆောက်နေမိတာ…
တကယ်ကျ သူဌေးဦးတော်ဝင်ကဧည့်သည်
အိမ်ရှင်ဘက်ကမကြည်ဖြူလို့ဧည့်သည်ကိုနှင်လွှတ်တာ…
ဧည့်သည်ဘက်က အိမ်ရှင်ကိုပြန်တိုက်ထုတ်ရင် သူတို့ဘက်ကပိုဆိုးလာလိမ့်မယ်…လူမသေတာပဲကံကောင်းတယ်ကွဲ့…
အခုကြည့်လေ မောင်ရင်တို့လင်မယားကိုတောင်
သူတို့ဘာမှရန်မပြုလိုက်ကြဘူးမလား…
ဒီတော့ မောင်ရင်ကြုံရင်ဝင်ပြောခဲ့ရမှာက
အဲ့သည်ထက်ပိုဆိုးမလာခင်
အိမ်ကိုဖျက်ပြီးပြောင်းကြဖို့ပဲ….
ဘွားဘက်ကလည်းဒီလောက်ပဲ ပြောနိုင်တယ်ကွယ်……”

ဘွားမယ်စိန်စကားကြောင့် ကိုဘကျော်မှာ
ခေါင်းလေးညိတ်ပြီး…

“ဟုတ်ကဲ့ပါဘွား…ကျုပ်တို့အပြန်ဝင်ပြီး
အဲ့သည်ကခြံစောင့်အဘကိုပြောထားခဲ့ပါ့မယ်…..”

ဟုပြောလိုက်တော့လေသည်။

ကိုဘကျော်တို့လင်မယားရွာမှပြန်သောအခါ၌
ကျတ်ကုန်းမှအိမ်ကြီးသို့ဝင်ကာ ဘွားမယ်စိန်ပြောသောစကားကို ခြံစောင့်အဘိုးကြီးအားပြောပြခဲ့တော့သည်။

ထိုသို့ဖြင့်
နောက်တနှစ်ကိုဘကျော်တို့ ရွာသို့အပြန်၌ ထိုကျတ်ကုန်းနေရာ၌​မြေလွတ်ကြီးသာကျန်ရှိပြီး…အိမ်ကြီးမှာမရှိတော့ပေ။
အကြောင်းမှာ သူဌေးကြီးဦးတော်ဝင်မှာ
ဘွားမယ်စိန်၏စကားအတိုင်း ပြုလုပ်ခဲ့သောကြောင့်ပင်ဖြစ်၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)