ကျိန်စာသင့်လက်စွပ်

ကျိန်စာသင့်လက်စွပ်(စ/ဆုံး)
—————————

ညက မှောင်လွန်းတယ်။ မှောငတာမှ ပိန်းပိတ်အောင်မှောင်တာမျိုး။ခပ်စောစောပိုင်းက တစ်ခြမ်းပဲ့သာနေတဲ့ လလေးကို တိမ်ညိုတိမ်ပုပ်တွေ လွှမ်းမိုးသွားလို့ မလင်းနိုင်တော့ဘူး။ တစ်ချက်တစ်ချက် ဝေ့ဝဲတိုက်
ခတ်လာတဲ့ လေကလေးကြောင့် သစ်ပင်ရဲ့သစ်ကိုင်း
တွေက လှုပ်ယိုင်ယိမ်းခါနေပြီ။ မိုးတစ်ပြိုက်ရွာထား လေတော့ မိုးစက်တို့ ခိုနားနေရာကနေ တဖြုတ်ဖြုတ်
ကြွေကျနေလေရဲ့။ လမ်းပေါ်မှာလည်း ရေအိုင် ရေဗွက်တွေက မင်းမူ နေပါတယ်။

အမှောင်ကို လုံးဝ မခွင်းနိုင်ပေမယ့် လက်ဆွဲမီးအုပ်လေးရဲ့ လင်းလက်မှုက သွားလမ်းလေးကို ထင်သာမြင်သာရှိစေတယ်။ မည်းမည်း လူအရိပ်တစ်ခုက
တရွေ့ရွေ့ လျှောက်လှမ်းနေရင်း ဘေးဘီကို သတိနဲ့ ကြည့်သွား နေရတဲ့ဟန်ပန်။ ပြိုးပြက်နဲ့ လပ်သွားတဲ့ လျှပ်နွယ်လျှပ်ပန်းအလင်းရောင်အရ ဒီလူသွားနေတာကရွာနှင့်ဝေးတဲ့ သုသာန်တစပြင် သင်္ချိုင်းဆီကို။ ဒီအချိန် … ဒီလိုနေရာမျိုးမှာ လူသူမရှိထိုက်ဘူးလေ။အမှန်ဆို မိုးရာသီရဲ့ အေးစက်မှုတွေနဲ့အတူ အိမ်မှာ
ကွေးနေသင့်တာပေါ့ ။ ဘာကြောင့်များ သူသွားနေပါ
ပါလိမ့်။ တွေ့တဲ့သူမြင်တဲ့သူရှိရင်တော့ ဒီမေး ခွန်းမေးကောင်းမေးမိမှာပဲ။ သူကလည်း.. လူသူလေးပါးမသိအောင်သွားနေပုံမျိုး။တိတ်တဆိတ် လျှို့ဝှက်တဲ့
အလုပ်ကို လုပ်နေသလို။

လက်ဆွဲ မီးအုပ်ကတစ်ဖက် အထမ်းအပိုးတွေက
ကတစ်ဖက်။ ခေါင်း‌ပေါ်မှာလည်း ဦးထုပ်ပါပေးမယ့်
တစ်ကိုယ် လုံးမှာမိုးရေတွေရွှဲရွှဲစို လို့။ မြွေမကြောက်ကင်းမကြောက် သွားနေတဲ့ အသွားဟာ သူ့အတွက် အကျိုးတရား တစ်ခုတော့ ရှိတာဖြစ်ရမယ်။

လေ အနောက်မှာ မိုးက သည်းလာပြန်တော့ မီးအုပ်ကို လေတိုးပြီး ငြိမ်းမသွားရအောင် ထိန်းနေရတာက အလုပ်တစ်လုပ်။တဖြည်းဖြည်းနဲ့ ထိုသူဟာ သင်္ချိုင်း
အဝင်ဝကို ရောက်လာတယ်။ သေသွားသူတွေ မြုပ်နှံထားတဲ့နေရာမို့ လေအသုတ်မှာ အန်ချင်စရာ ပုပ်အဲ့
အဲ့ အနံ့ဆိုးကြီးက ပတ်ဝန်းကျင် ကို ပြန့်လွင့်နေတာ
အဆိုးသား။ ခွေး တွေ တူးဖော်စားကြလို့ ကျင်းတိမ်မှာ မြုပ်နှံထားတဲ့ ဖျာလိပ်ပတ်အလောင်း တွေရဲ့ အနံ့ဖြစ်နိုင်တယ်။ တောရွာဆို တော့ တချို့က အခေါင်းနဲ့
အကျအန မမြုပ်နိုင်ကြပါဘူး။

သင်္ချိုင်းဇရပ်မှာ မီးအုပ်နဲ့ထိုလူ ခဏနားလိုက်ပြီး ပြန်
ထကာ အလောင်းတွေကို သရဏဂုံ တင်လေ့ရှိကြတဲ့ ဇရပ်ဟာ ရှိလှမှ (၁၅)ပေ ပတ်လည်လောက်မျှ ပဲရှိပါတယ်။သွပ်မိုး မိုးထားပေမယ့် တချို့သွပ်တွေက
အထိန်းသံတွေ မရှိတော့တာကြောင့် ကွာကျနေပြီ။
တောသင်္ချိုင်းဆိုတော့ အစောင့် သုဘရာဇာတွေလဲ မရှိဘူးလေ။

ဒီအတွက် လက်ဆွဲမီးအုပ်ကိုင်ထားတဲ့သူက လွတ်
လပ်စွာနဲ့ သင်္ချိုင်းထဲမှာ အခွင့်အရေးရနေပြီ။သူ့အစီ
အစဉ်အနေနဲ့ တူးဖော်ရတဲ့ကိစ္စ မှာ အနှောင့်အယှက်မရှိတာဟာ သူ့အတွက် ရင်အေးစရာပါပဲ။ သူတစ် အောင့်လောက်နားပြီး အလုပ်စတော့မယ့် အချိန်
ရောက်ပြီ။

သင်္ချိုင်းထဲက မြေပုံတွေကို ရှာဖွေကြည့်ရင်း သေချာ မှတ်ထားတဲ့ လောလောလတ်လတ် မြေပုံသစ်တစ်ခုကို တူး ရမှာပါ။ “ခွပ်” ပေါက်တူးသံကြား နေရပြီ။ မိုးကလည်း စဲသွားတာနဲ့ အကိုက်ပါပဲ။ နောက်ကနေတဲ့ တိုက်ခိုက်လာတဲ့ လေတွေက အဝတ်တွေကို လေတိုးရင် ကျောချမ်းစရာကြီး၊၊ ကိုယ့်ဆန္ဒဇောတွေကြောင့် မကြောက်ရင် သာရှိမယ်။ ဒီလိုအချိန် ဒီလိုအခါမှာ
သင်္ချိုင်းထဲ ရှိနေတာက ကျောထဲ ခပ်စိမ့်စိမ့်။

ပေါက်တူးသံက ချက်မှန်မှန်ပေါက်ပြီး တွင်းကနက်
သည်ထက် နက်လာသည်။ လရောင်လေးက မိုးစဲ
ရင်း တိမ်ကင်းစင်ကာ ပြိုးပြိုးပြက်ပြက် အရောင်
လင်းလာလို့ တော်ပါသေးရဲ့။ မီးအုပ် အလင်းရောင်လောက်နဲ့ အလုပ်လုပ်ဖို့က မလွယ်တာတော့ သေချာတယ်။ပတ်လည်မြေသားတွေ မာကျောမနေဘဲ မိုး
ရေနဲ့ ပျော့ပြောင်းပြောင်းမို့ တူးရသက်သာတာ။

တစ်စတစ်စ နဲ့ တူးနေရင်း အခေါင်းပေါ်လာပြီ လေ။ ပါလာတဲ့ ကုလားအော် တူနဲ့ အခေါင်းကို ဖွင့်ရတာ သိပ်မကြာလှဘူး။ မီးအုပ်ကို အနီးကပ် လှမ်းယူပြီး အခေါင်း ထဲက အလောင်းရဲ့ လည်ပင်းအောက်ကို နှိုက်လိုက်တယ်။ မာမာကျစ်ကျစ်နဲ့ ပစ္စည်းတစ်ခုကိုစမ်းမိတဲ့အခါ ကမန်းကတန်း ဆွဲယူဖို့ လုပ်နေတုန်း

“အောင်မလေးဗျ” ငယ်သံငယ်ရင်းပါအောင် စူးစူး ဝါးဝါး ကြောက်ကြောက်လန့်လန့်နှင့် အော်သံ။

ဘာဖြစ်လို့လဲဆိုတော့ သေနေတဲ့ ဖြူဖပ်ဖြူရော် လူသေရဲ့ မျက်နှာကြီးဟာ မျက်လုံးပွင့်လာလို့ပါပဲ။ မျက်လုံးတွေကလှုပ်ရှားမှုမရှိပေမယ့် အရည်လည်နေတာမျိုးမို့ မကြောက်ဘဲနေပါ့မလား။ ထိုသင်္ချိုင်းတစ်ခုလုံး အော်သံ ကြောင့် ညံသွားတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++

ဒီဇာတ်လမ်းကို အစ်မဖြစ်သူရဲ့ သံကြိုး စာကနေ စရမယ်။

“မောင်လေး၊ အမြန်လာပါ။”

ရိုက်တဲ့ သံကြိုးက ထိတ်လန့်သာသာပဲ ။ ကျွန်တော်နဲ့ အစ်မက ပြေးကြည့်မှ မောင်နှမအရင်း ဒီနှစ်ယောက် တည်းမို့ အစ်မဘာများဖြစ်လို့ပါလိမ့် ဆိုတဲ့အတွေးက ရင်ထဲမှာ ပလောင်ဆူဝေလျှက် ယောက်ယက်
ခတ်နေခဲ့ပါတယ်။ အမတစ်ခုခု ဖြစ်ရင်လည်း သူ
ကိုယ်တိုင် သံကြိုးရိုက်နိုင်ပါ့လား။ သူ့မိသားစုကိစ္စ
ကြောင့်လားမသိ။ သူ ခင်ပွန်း (ယောက်ဖကြီး) က ပင်စင်နီးခါ ချူချာတယ်လို့ ကြားဖူးတာကလည်း ရှိသေး။ အတွေးစဉ်သာ ထွေးတစ်ပိုက်နဲ့ ပြည်ကို ထွက်လာခဲ့ရတယ်။ ကမန်းကတန်းခရီး ။ ထွက်ခဲ့ရတော့ ဟင်္သာတမှာ ကျန်ရစ်တဲ့ ကျွန်တော့် မိသားစုက လည်း စိတ်ပူကြတာပေါ့။

ပြည်ရောက်တော့ အစ်မတို့ တစ်မိသားစုလုံးက ကျန်းကျန်းမာမာ ရွှင်ရွှင်ပျပျနဲ့တွေ့ရတယ်။ အံ့ဩစရာပဲ။
“မမရယ်၊ သံကြိုးရတော့ ဖြုန်းခနဲ စိတ်ပူသွားတယ်။ အမျိုးမျိုးတွေးမိတာ ပေါ့။ မမ သံကြိုးကြီးက လန့်စရာ စာပဲ မဟုတ်လား”

“အေး- ငါထင်တော့ထင်သား၊ ဒီသံကြိုးစာကို မြင်ရင်စိုးရိမ်ကြမှာလို့”

မမက ရယ်ရယ်မောမော ပြောလိုက်တယ်။ သူရယ်နိုင်သေးတာ အံဩလွန်းလို့။ အမြန် လာရတဲ့လူမှာတော့ အမောတကော။

“ဘယ်သူများ ဘာများဖြစ်လို့ သံကြိုးမှာလိုက်ရတာလည်း မမ”

“ဟဲ့- အရေးကြီးတဲ့ကိစ္စရှိလို့ပေါ့။ အဲဒီအကြောင်းက မင်းကို ကျကျနန ပြောပြရမှာ။ ဒါမှလည်း ဘာဆက်လုပ် ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပေါ့”

အဲဒီအချိန် မမ ဖြစ်သူရဲ့စကားကို စိတ်ဝင်စားမိသွားကာ ကျွန်တော်က “မောင်လေး ခရီးရောက်မဆိုက်
နားဦးမယ်။ ပြီးတော့ တို့မောင်နှမတွေ ဆွေးနွေးကြ
တာပေါ့။”ဆိုပြီးရေမိုးချိုး လိုက်တယ်။ ပြီး‌တော့မှ
ထမင်းစားပြီး မမရဲ့ ကလေးတွေ ကအပေါ်ထပ်တက်သွားတယ်။ စာကျက်ကြတော့မယ်ဆိုပဲ။

ယောက်ဖဖြစ်သူ လူအေးကြီးက တီဗွီရှေ့မှာ ကုလား
ထိုင် တစ်လုံးနဲ့ တီဗွီကိုကြည့်နေတုန်း မောင်နှမတွေ စကားစဖြစ်တယ်။ ဧည့်ခန်း စားပွဲဝိုင်းမှာ မောင်နှမနှစ်ယောက်တည်း မို့ လွတ်လွတ်လပ်လပ် ပြောကြရင်း ပြည် လှမ်းခေါ်ရတဲ့ အကြောင်းအရင်းကိုပြော
ပြပါတယ်။

“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က မမ အိပ်မက်မက်တယ်။ မမရောက်နေတာက ဒီအိမ်တော့မဟုတ်ဘူး။ မြန်အောင်က အဖေတို့၊အမေတို့အိမ်မှာပါ။ မမတို့ရဲ့ အဘေးကြီးဓာတ်ပုံကို မောင်လေး မြင်ဖူး တယ်နော်။ တစ်ချိန်က နန်းတွင်းစာရေးတော်ကြီး ဦးမှတ်ဆိုပြီးထင်ရှားခဲ့တယ်။ ၁၈၈၅ ခု သီပေါဘုရင် ပါတော်မမူခင် နန်းတွင်းအရှုပ်အထွေးတွေ ဖြစ်လာတော့ နန်းထဲက တိတ်တဆိတ်ထွက်ပြီး အောက်အရပ်ကိုပြေးတဲ့အထဲမှာ တို့ အဘေးလည်း ပါတယ်”

“အဖေတို့ပြောဖူးပါတယ် အင်္ဂလိပ်လက်အောက် ရောက်တော့လည်း တို့ အဘေးကြီးဟာ မြန်အောင်မှာပဲ အခြေ ချပြီး မိသားစုနဲ့နေခဲ့တယ်။ အဘေးကြီး မှာ သမီးတစ်ယောက်တည်း ရယ်။ အဲဒီတဦးတည်း
သော သမီးက မြန်အောင်သားနဲ့ပဲ အိမ်ထောင် ပြုခဲ့တာ သားနှစ်ယောက် ထွန်း ကားပြန်တယ်။ အဲဒါက ဘကြီးနဲ့အဖေ ပေါ့။

ဒီနောက် ဆွေစဉ်မျိုးဆက်တော့ မောင်လေး သိမှာပါ။ မမက ပြည်သားနဲ့ အိမ်ထောင်ကျပြီး ပြည်မှာ‌
ရောက်ခဲ့သလို မောင်လေးကလည်း ဟင်္သာတသူနဲ့ရပြီး ဟင်္သာတအရောက်နေခဲ့တယ်။ မြန်အောင် မှာက အဖေရယ်၊ အမေရယ်၊ ဘကြီးတို့ မိသားစုရယ်ပဲရှိတာမဟုတ်လား”

“ဟုတ်ပါတယ် မမရဲ့။ အဖေနဲ့ အမေတို့က ဘကြီးသမီး အပျိုမကြီးနဲ့ နေတာ။ ဘကြီးတို့တွေက အိမ်
သပ်သပ်တစ်အိမ်နေတယ်။ ကျွန်တော်ရောက်နေကျ
ပဲဟာ သိတာပေါ့။ ဒါ နဲ့ မမပြောမယ့်အကြောင်းနဲ့ ဆိုင်လို့ လား။ကျွန်တော်နားမလည်လို့ပါ။ မမ အစော
က အိပ်မက်ဆိုတာကကော”

“သိပ်ဆိုင်တာပေါ့ကွယ်။ အဘေး ကြီးတည်ထားခဲ့တဲ့. ကိုးတောင်ပြည့်ဘုရားကိုသိတယ်နော်။ . ဘာတွေဌာပနာထား တယ်ဆိုတာလည်း မကြာခဏပြောနေလို့သိပြီပဲ။ အဲဒီဘုရားဟာ တောင်ရိုးမှာတည်ထားတော့ သွားရ လာရတာက ခက်တယ်။ အဖောက်ခံလိုက်ရတယ်တဲ့ ဌာပနာ ကို”

“ဘာ. . . ဘယ်လို”

ကျွန်တော့်အသံက နည်းနည်း တော့ ကျယ်သွားလိမ့်မယ်ထင်တယ်။ ဒီလိုယုတ်မာတဲ့ ဘုရားပစ္စည်းကို
လုပ်ယူကြတော့လေ။

“ဟုတ်တယ်၊ ` စေတီတော် ရဲ့ ဌာပနာဖောက်ပြီး
ပစ္စည်းမှန်သမျှ ယူသွားကြတယ်တဲ့ မမကိုလာအသိပေးတယ်”

“ဘယ်သူက လာပြောတာလဲ”

“မင်း ယုံမလားတော့ မသိဘူး။ အ‌ဘေးကြီး အိမ်မက်
လာပေးတာ”

“မမကတော့ လုပ်ပြီ။ အဘေး ကြီးသေတာဖြင့် ကြာလှပြီ။ နောက်ပြီး ဒီလို အိမ်မက်တွေပေးတယ်လည်းပြောတာ မကြားခဲ့ဖူးဘူး။ ဟုတ်နိုင်ပါ့မလား မမ “

“မင်းပြောတာ … မှန်ပါတယ်။ အရင်က မကြားဖူးပါဘူး။ အခုဟာက တကယ်ကွယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက တောင်ရိုးရွာလေးမှာ နေတဲ့ ဘုရားကို ထုံးသုတ်ပြီး သန့်ရှင်း၊ ရေးလုပ်ပေးနေကျ ဖထီးက ဘုရား ဌာပနာအဖောက်ခံရတာ ဟိုကျန်ခဲ့တဲ့ သုံးရက်လောက်က သတင်းလာပို့တယ် လေ။
အဖေဆီကိုပေါ့ လူကြုံနဲ့စာပေးလိုက် တယ်။ အမှုလည်းဖွင့်ထားတယ်တဲ့။ ကဲ- ဟုတ်မနေဘူးလား”

“ဟင်- ဒါဆိုဖြစ်တာအမှန်ပဲပေါ့။မမ မက်တဲ့အိမ်မက်ကို ပြောပါဦး”

“အဘေးကြီးဟာ ဓာတ်ပုံထဲက အပတ်အစားအတိုင်း ခေါင်းပေါင်းတွေ၊ တောင်ရှည်တွေနဲ့ ရင်ဖုံးအင်္ကျီဝတ်လို့၊ လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကို ကိုင်ထားတယ်။ မမကို ခေါ်တာ သမီးလေးတဲ့။ အဘေးကြီးရဲ့ ဘုရားကို မသမာသူတွေ ဖောက်သွားတယ်။ ရွှေ ဘုရား၊ ငွေဘုရား၊ ပယင်းဘုရားနဲ့ ငွေခွက်တွေရယ်၊ ပတ္တမြားလက်စွပ်တစ်ကွင်းပါသွားတယ်။ ပတ္တမြားလက်စွပ်က အဘေးကြီးကို ဘဝရှင်မင်း
တရားကြီး ဟိုတစ်ချိန် ဆုတော်လာဘ်တော်အဖြစ် ပေးသနားခဲ့တာမို့ အဘေးကြီး လှူစဉ်ကတည်းက ဆုတောင်းပတ္တနာ ပြုရင်း ဖျက်လိုဖျက်ဆီးပြုတဲ့သူတွေ အတွက် ကျိန်စာဆိုခဲ့တယ်။ ငယ်နုတဲ့ အရွယ်မို့ လုပ်ကောင်း မလုပ်ကောင်း မစဉ်းစားခဲ့ဘူး။

ဒီအတွက် အစဉ်အဆက် ရသူတွေ မကောင်းသလို လှူခဲ့တဲ့သူမှားလည်း အကုသိုလ်ဖြစ်စေတယ်ကွယ်။ အဘေးကြီး စိတ်မကောင်းဖြစ်ရတာ ပေါ့။ဖောက်ထွင်းသူကလည်း တို့အနွယ်တော်ထဲကပါပဲ။ သူ့နာမည်က ထွန်းဝင်း မျက်စိတစ်ဖက်မကောင်းတဲ့သူတဲ့ အဘေးက ပြောတယ် သမီးရဲ့မောင်အငယ်ကို ပြန်ယူခိုင် ပါ။ အင်္ဂါသမီးက ကြာသပတေးသား ကိုခိုင်းမှ အောင်မြင်မယ်။ ပြန်ပြီးယူ မယ့်လူကလည်း ကံငါးပါးလုံသူဖြစ်တဲ့သူမှ အောင်မြင်မှာလေ။ သမီးလေး အဘေးကြီးအတွက် ဆောင်ရွက်ပေးပါဆိုပြီး ပျောက်ကွယ်သွားတာပါပဲ”

“အဘေးကြီးက ဘာဖြစ်နေတာလဲ မမသိလား”

“တောက်လျှောက် အဘေးကြီးကပဲ ပြောသွားတာ။ မမ လည်း မမေးမိတော့ မသိဘူးကွယ့်၊မေးဖို့လည်း သတိမရတာ အမှန်ပါ”

“အဘေးကြီးပြောပုံအရဆို မမကအင်္ဂါသမီး မစိုးယုမော် ၊ ကျွန်တော်က … ကြာသပတေးသား ပြည်သိမ်းကျော်မို့ ကျွန်တော်တို့ မောင်နှမကို ရည်ညွှန်းတာပဲပေါ့။ ငယ်စဉ်က မပြောလိုပေမယ့်သိတတ်တဲ့အရွယ်
ကစပြီး ကျောင်းနေစဉ်ကာလက အစ တက္ကသိုလ်ရောက်ချိန်အထိ နောက်တော့ အိမ်ထောင်ကျတဲ့တိုင်အောင် ငါးပါးသီလလုံခဲ့ပါတယ်။ ဒါကလည်း ဗုဒ္ဓဘာသာကို စူးစူးနစ်နစ် ကိုးကွယ် ဆည်းကပ်တဲ့ မိဘနှစ်ပါးရဲ့ လမ်းပြမှုကျေးဇူးကြောင့်ပါပဲ။ ”

“ဒီတော့ မောင်လေး တာဝန်ယူ နိုင်ပါ့မလား။ မမကတော့ ဒီကိစ္စကို ဆောင်ရွက်နိုင်တာ အဘေးကြီးပြော သလို မင်းကို တစ်ထစ်ချယုံကြည်တယ်”

“လက်စွပ်တစ်ကွင်း ပြန်ရဖို့ဆိုတာ လွယ်မယောင်နဲ့ အခက်သား၊ တစ်ဆင့်နဲ့ တစ်ဆင့် လက်ပြောင်းသွားမှာ စိုးတာပါ။ အိမ်က အရောင်းအဝယ်ကိစ္စက အခု လောလောဆယ် မမညီမနဲ့လွှဲခဲ့ လို့ ရတယ်။ တာဝန်ယူမယ်ဗျာ မမသာ စိတ်ချမ်းသာနေတော့ ကျွန်တော်
လုပ်မယ်

“မင်းတာဝန်ယူလိုက်တာ ဝမ်းသာ တယ်။ ဒီကအပြန် အဖေတို့ဆီ ဝင်လိုက်၊ သိသင့်တာတွေသိသွားရတာပေါ့။ မင်း တစ်ခု သတိထားရမှာက ဘကြီးရဲ့သား ထွန်းရှင်ဟာ အဘေးကြီးပြောတဲ့ ပုံစံပဲ။ သူရယ်လို့ တပ်အပ်မပြောမိစေနဲ့။ ဘကြီးဟာ သူ့သားကို မိုက်
လွန်းလို့ အိမ်ပေါ်က မောင်းချထားပေမယ့် ဘယ် လောက်ဆိုးဆိုး သူ့သားအရင်းဆိုတာ မင်းသိဖို့ လိုတယ်။ နားလည်တယ်နော် ပိုက်ဆံကိုတော့ မပူနဲ့နော်
လိုသလောက်ယူသွား”

ကျွန်တော်က သဘောပေါက်ကြောင်း ခေါင်းကို
တဆတ်ဆတ်ညိတ်ပြီး ရှေ့လာမယ့် အရာတွေက
ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားနေခဲ့
တာပေါ့။

***************************************************************

“အေး – မင်းအစ်မကို သိအောင် ပြောရတာလည်းအကြောင်းရှိပါတယ်။ ဒီကိစ္စ ဖထီးလာမပြောခင်ကတည်းက သိတာကွ၊ ဘာဖြစ်လို့လဲဆိုတော့ကာ
အဘိုးအိပ်မက်ပေးတာ နှစ်ခါတောင်မှ ဖထီးလာပြောတော့ သေချာသွားတာပေါ့ကွာ။ အိပ်မက်ထဲမှာ မင်းအစ်မကို ‌လာပြောသလိုပဲ ”

အဖေက သူ့အိပ်မက်ကို စေ့စေ့ပေါက်ပေါက် ပြန်
ပြောနေတာ အစ်မအတိုင်းပဲ။

“ဆန်းတယ် အဖေရေ…အစ်မကိုလည်း အိပ်မက်
ပေးတော့ ယုံတဝက် မယုံတဝက် ဖြစ်နေတာပေါ့
အဖေ စာပေးလိုက်တော့ သေချာသွားတာ။ ဒီတော့မှ ကျွန်တော့်ကို သံကြိုးရိုက်ပြီးခေါ်တယ်ဆိုပဲ။ ဒီကိစ္စတွေ အဖေ ဘယ်သူ့အသိပေးသေးလဲ၊ ဘကြီးတို့ကို
ရော ပြောထားသေးလား”အဖေကခေါင်းကိုတွင်တွင်
ခါလိုက်တယ်။

“အေး မင်းအဖေ ဒီလောက်ညံ့မလား မင်းအမေကိုတောင် ပေါက်ပေါက်၀၀ များမှာစိုးလို့ အသိမပေးခဲ့ဘူး။ အဘိုး ရဲ့အိပ်မက်က အရှင်းကြီးပဲဟာ။ မင်း ဘကြီးပြောလို့ဘယ်ဖြစ်မလဲ၊ သိပ်သိတာပေါ့ သားရယ်”

အဖေနဲ့ ဆွေးနွေး တိုင်ပင်ရင်း ကိုထွန်းရှင် မြို့က
ပျောက်သွားတာ သိလိုက်ရတယ်။ သူ့ဇနီးနဲ့ ကလေးနှစ် ယောက်က ဒီမှာရှိနေတုန်းပါ။ ကြားရတာက သူ့ဇနီးဟာ ဈေးထဲမှာရှိတဲ့ ဆိုင်လေးနဲ့ ပစ္စည်းတွေကို မတန်တဆဈေးနဲ့လျှော့ရောင်းတယ် ဆိုတဲ့သတင်း
ထွက်နေပေမယ့် ဝယ်သူမရှိသေးဘူး။ ကျွန်တော် စုံစမ်းကြည့်လိုက်မိတယ်။ ဒါနဲ့ ကျွန်တော်က အဖေကို တွေ့တဲ့အခါ စကားဆက်ရင်း

“အဖေက တစ်ပတ်ကြာရင် ဆိုင်ဝယ်မယ်ဆိုပြီးစရံ
ပေးထားလိုက်ပါ။ သူတို့ ထွန်းရှင်နောက်ကိုလိုက်မှာသေချာတယ်။ ကျွန်တော့် အိမ်ကနေ ပြန်ရောက်တဲ့အချိန် ငွေချေ ပေါ့။ သူတို့နောက်လိုက်မှ ထွန်းရှင် ကို တွေ့နိုင်မယ်။ ကျွန်တော်မှန်း မသိ အောင် လိုက်ရမှာလေ။ သိရင် သူတို့ပြေးတော့မှာ သေချာသလောက်ပါပဲ။ကျွန်တော် ဒီမြို့ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်
နက်တည်း ရုပ်ဖျက်နိုင်ဖို့ကိစ္စအတွက် ဇာတ်တွေမှာ ပြဇာတ် ဒါရိုက်တာလုပ်နေတဲ့ ကိုသန်းဝင်းရဲ့အကူ အညီယူရတော့မယ်။ သူကလည်း အားတက်သရောကူမယ်လို့ ပြောတယ်။ ” အဖေကို မှာကြားစရာတွေ
ကို မှာထားခဲ့ပြီး ကျွန်တော်ရဲ့ ဟင်္သာတ ချစ်ဇနီးရှိ
ရာကို ပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တဲ့အခါ ခရီးထွက်ဖို့ရာ အပြည့်အစုံလုပ်ကိုင်ပြီး ဇနီးဖြစ်သူကို အရိပ်အမြွက်လောက် အသိပေးခဲ့တယ်။

“ဒါဖြင့် ကိုက အဘေးတော်သူရဲ့ (ဆုတော်လာဘ်တော်) ပတ္တမြားလက်စွပ် ရှာထွက်ရတော့မယ်ပေါ့ ”

“ဒီလိုပြောရမှာပဲ ချစ်ရေ”

“ဒါဆို ဘယ်လောက်အထိ ဘယ်လောက်ကြာမှာလဲ ဟင်”

“အဲဒါတော့ အတိအကျမပြော နိုင်ဘူး။ တစ်ဖက်ကို
လည်း စောင့်ကြည့်ရမယ် တစ်လလည်း ဖြစ်နိုင်မယ်
ပြောဖို့မလွယ်ဘူးကွာ၊ အခြေအနေပေါ် မူတည်တာပဲ” ဇနီးဖြစ်သူကိုတော့ နည်းနည်းနဲ့အများ စိတ်အေးအောင် ပြောခဲ့လိုက်ပြီး နောက်တစ်နေ့မှာ မြန် အောင်လိုက်ခဲ့တယ်။ အဖေနဲ့ ပူးပေါင်းပြီး စီစဉ်ထားတဲ့ကိစ္စ
တွေက ချောချောမောမောပါ။ ကိုထွန်းရှင်ဇနီးက ချက်ချင်း ခရီးမထွက်သေးဘဲ တစ်စုံတစ် ယောက်ကို စောင့်နေလေသလားမသိ။ နှစ်ရက်လောက်မှာအဖြေပေါ်တွေ တာပဲ။ ကိုထွန်းရှင်ကိုယ်တိုင် မလာဘဲ သူ့ အဖော်တစ်ယောက် လွှတ်လိုက် တယ်။ ဒီအဖော်က သူ့တို့မိသားစု ခေါ် သွားမှာလေ။ သူတို့နောက်က ကျွန်တော် လိုက်ရင်းပေါ့။

သူတို့တွေ မန္တလေးကို အဝေးပြေးကားစီးတဲ့အခါ
သူတို့စီး လာတဲ့ကားကိုပဲ လက်မှတ်အရယူပြီး လိုက်ခဲ့တယ်။ ကိုထွန်းရှင်ဇနီးက တွေ့ ဖူးခဲ့ပေမယ့် မဆုံကြတာဘဲနှစ်ချီနေပြီ။ အဖေနဲ့ အမေတို့က ဟင်္သာတရောက် ရောက်လာလို့ မြန်အောင်မသွားဖြစ်ခဲ့ တာ ကြာနေပြီ။ နှုတ်ခမ်းမွေးအတုကို တပ်ထားပြီး ဒီဂရီမပါတဲ့ ပိုတိုဂရေးမျက်မှန်ဆင်ထားတော့ သူမမှတ်မိနိုင်ပါဘူး။ကားကြီးတွေက တစ် ညလုံးမောင်းတာမို့ မိုးလင်းခါနီးလောက် ကျွဲဆည်ကန်ကားဝင်း ထဲ ဝင်တယ်။ ကိုထွန်းရှင် ကားဂိတ်လာကြိုတာ တွေ့ရပေမယ့် သူလည်း သိပ်ဂရုတစိုက် မရှိလေတော့ ကျွန်တော့်ကို သတိမထားမိတာ ဖြစ်ရမယ်။

ကိုထွန်းရင်တို့ တည်းခိုနေရာက အိမ်တော်ရာဝင်းနားမှာ။ သူ့မိတ်ဆွေ အိမ်လို့ထင်ရတယ်။ သူ့လက်ထဲ ဘုရား ဌာပနာတွေ ရှိဦးမှာသေချာသလောက်ပါပဲ။

မန္တလေးရောက်တော့ ဟင်္သာတ သားကျော်တင့်ကို သတိရမယ်။ သူ့ အခု မြို့နယ်မှူး ဖြစ်နေ ပြီလို့ မြို့လာတုန်းက ပြောဖူးသလို ရဲအရာရှိ ကျွန်တော်လိုက်နေတဲ့ လုပ်ငန်းတွေမှာ ကူညီနိုင်မှာပဲပေါ့။ သူ့ကိုသွားတွေ့တဲ့ အခါ သူကလည်း ငယ်သူငယ်ချင်း၊ (ပုသိမ်တက္ကသိုလ်မှာ တစ်ဆောင် တည်း။ ဘာသာတွဲလည်း.. အတူတူ၊ တစ်နှစ်တည်းအောင်ကြတာ) ဆိုတော့ ဝမ်းသာအားရ အကူအညီပေးရှာတယ်။ မြန်အောင်ရဲစခန်းကို ဆက်သွယ်ပြီး ကိုယ် လိုအပ်တာတွေ သူပဲစီစဉ်ပေးလို့ အဆင် ပြေ ချောမောသွားတယ်။ ကျွန်တော်ချည်း သက်သက်ဆိုရင် မလွယ်လောက်ဘူး။ တိုင်းကျော်လုပ်တဲ့ ရဲလုပ်ငန်း‌တွေက
တကယ်ခက်တာ ဒါနဲ့ ကိုကျော်တင့်နဲ့ ပူးပေါင်းပြီး
ကိုထွန်းရှင်ကို ဖမ်းဝရမ်းထုတ်ကာ အချိန်တိုအတွင်း
၎င်းရဲ့ ခဏတည်းနေတဲ့ အိမ်ပေါ်ထပ်က သစ်သားသေတ္တာကြီး ထဲက ဘုရားဌာပနာတချို့တွေ တွေ့ရပြီး ရောင်းချထားတာတွေရဲ့ ငွေဖြတ်ပိုင်း ကိုလည်း သိမ်းနိုင်ခဲ့တယ်။ ဒီအချိန်မှာ ကိုထွန်းရှင်က ဆေးရုံ ပေါ်ရောက်နေပြီ။ မနေ့ကတော့ အကောင်း သား။

လက်စွပ်အရောင်းအဝယ်ဖြစ်တော့မှာမို့ စရံငွေပေး
လိုက်တဲ့ ငွေငါးသိန်း ထဲက တချို့ယူပြီး ဟိုတယ်တက်ပြီး စားသောက်ကြတယ်ကိုး။ ညတွင်းချင်း ရင် ထဲကပူလာလို့ အန်တာကသွေးခဲတွေ။ အခြေအနေမကောင်းတော့လို့ ဆေးရုံ တင်လိုက်ရတယ်။ ဆေးရုံပေါ်မှာ သူ့ဇနီးခမျာ မျက်နှာငယ်ငယ်လေး၊ ကိုထွန်းရှင် ဆေးရုံတက်နေရပေမယ့် လက်စွပ်က အရောင်း
အဝယ် ဖြစ်သွားပြီတဲ့။ မန္တလေးက ကုန်သည်ကြီး တွေ မဟုတ်ပဲ ရှမ်းပြည်နယ်ဘက် ကဆင်းလာတဲ့ကုန်သည် ဝယ်ပြီး ရန် ကုန်ကိုဆက်သွားတယ်ဆိုတဲ့သတင်းပဲ ရလိုက်တာ၊ ရောင်းရငွေတွေကို ကိုထွန်း ရှင်မိတ်ဆွေတွေ ယူလာလို့ ရဲက သိမ်း ဆည်းလိုက်တယ်။

တချို့တစ်ဝက်ကနေ.အကုန် လောက်နီးပါး ရဲတွေဆောင်ရွက်လို့ ပြန် ရခဲ့ပေမယ့် အဓိကဖြစ်တဲ့ လက်စွပ်‌တော့ မရသေးဘူး။ ကိုထွန်းရှင် မိတ်ဆွေတစ်ဦး ပြောပြလို့ ရှမ်းပြည်နယ်က ကုန်သည် တည်းခိုမယ့် ဟိုတယ်နာမည်ကိုပဲ သိ လိုက်တာပါ။ ဒီလမ်းအတိုင်း ခြေရာ ကောက်ပြီး ထပ်လိုက်ရမှာက ကျွန်တော် ပေါ့။

“သူငယ်ချင်းရယ်။ မင်းကူညီလိုက်လို့ ဒီကကိစ္စတွေ ပြတ်သွားပါပြီ။ ငါက လက်စွပ်နောက်ကိုလိုက်ရဦးမယ်”

“အေး – မင်းပြောပြတဲ့ ဒီဘုရား ဌာပနာကိစ္စမှာ မင်းအတွက် လက်စွပ် ကို ပြန်ရအောင်လုပ်ဖို့ ကျန်သေး
တာပဲ။ လိုက်ရမှာကတော့ မိုးမဆုံးမြေမဆုံးလို့ ဆိုရမယ်။ ငါ့သူငယ်ချင်း သွားလမ်းသာ ပြန်လမ်းဖြောင့်ပါစေကွာ”

သူငယ်ချင်း ကျော်တင့်ကို နှုတ် ဆက်ပြီး အဲဒီညပဲ မန္တလေးကထွက်ခဲ့ တယ်။ မြမန္တလာထွန်းကားကြီးနဲ့ ည ပိုင်းထွက်ခဲ့လေတော့ အထက်အညာရဲ့ ညရှုခင်းလေးတွေဟာ အောက်အရပ် ဒေသနဲ့မတူ တစ်မူဆန်းသစ်လို့ပါပဲ။ ညမှောင်သွားတဲ့အခါ “မီးလေး တွေက စီစီရီရီ ထွန်းလင်းနေမြဲ ။

တစ်လမ်းလုံး ဘုရားဌာပနာကိစ္စပဲ စဉ်း စားလာတာ။ ကိုထွန်းရှင် ဆေးရုံပေါ် မှာပြောခဲ့တာတွေကိုလည်း ကြားယောင် နေတယ်။ သူ့စကားက အံ့ဩစရာ။

“ညီလေး၊ ငါလေ အကြီးအကျယ် မှားသွားပြီ။ တကယ်တော့ နဂိုက ပေပေတေတေနေလာတဲ့ ငါလိုလူမျိုးပဲ ဒီလို လုပ်မိတာပါ။ ငွေမရှိတော့ လုပ်မိလုပ်ရာလုပ်ခဲ့ဟာမျိုး။ဌာပနာ တွေဖောက်တဲ့နေ့ကတည်း
က မှားမှန်း သိခဲ့တယ်။ ညည နားထဲမှာ ကြေးစည် သံ၊ ခေါင်းလောင်းသံတွေညံနေတာပဲ။ မင်းအဖေတို့အိမ်မှာ ဓာတ်ပုံချိတ်ထားတဲ့ တို့ရဲ့အဘေး ဟိုလူကြီးကလည်း လက် ညှိုးတထိုးထိုးနဲ့ အိပ်မက်ထဲမှာကွာ

‘မျိုး ရိုးဂုဏ်ကိုမစောင့်တဲ့ကောင်၊ အကျင့် တန်တဲ့ လူယုတ်မာ။´ ဘ၀မကောင်း၊ သံသရာမကောင်းတဲ့အလုပ်လုပ်တယ်။ နင့်အပြစ်ဒဏ်နင်ခံပေဦး။ ငါ့ကျိန်စာ နင်ဧကန်သင့်တော့မယ်”ဆိုပြီး မျက်နှာကို ခပ်မာမာထန်ထန်နဲ့ပြောတဲ့နေ့ကစလို့ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်း ခြင်းမစားရပါဘူးကွာ။ သိပ်ဆန်းတာ က ငါကြိုက်ကြံတိုက်လုပ်တဲ့ကိစ္စ၊ ခြေ ရာဖျောက်လာတဲ့ကိစ္စဟာ ငါ့ဆီတန်တန်းမတ်မတ်ကို ရောက်လာတာပါပဲ။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ် မှာပေါ့ကွာ။ နောင်တဆိုတာ နောင်မှရတာမျိုးပါ”

ကျွန်‌တော်စိတ်ထဲမှာတော့ မင်းမသိသေးတာတွေ အများကြီး’လို့ ထွန်းရှင်အား ကြည့်ကာ ရေရွတ်
လိုက်တယ်။

ကံဆိုးတယ်လို့ ပြောမှာပါ။ ရန်ကုန်က ဟိုတယ်ရောက်သွားတော့ ဟိုရောက်နေတဲ့ ရှမ်းပြည်နယ်က ကုန်သည် ဆေးရုံတက်နေရပြန်တယ်။ ဟိုတယ် ခန်းထဲမှာ တစ်ညလုံး သွေးတွေအန်တာ သွေးခဲတောင်ပါတယ်ဆိုလား။ ကိုထွန်းရှင်နဲ့ ဖြစ်ပုံခြင်း တစ်ထပ်တည်းပဲ။ ဒါပေ မယ့် သူက ရဲနဲ့ မပတ်သက်တော့လို့ဝင်လို့ ထွက်လို့လွယ်တယ်။ သူ့ခမျာ သွေးအန် ပြီး ဗရုတ်သုတ်ခတွေဖြစ်နေတုန်း လက် ဆွဲအိတ်သေးတစ်အိတ် အခိုးခံရတယ် တဲ့။ အိတ်ထဲမှာ ငွေသားငါးသိန်းရယ်၊ အဖိုးတန်လက်စွပ်တစ်ကွင်းရယ် ပါသွား တယ်လို့ သူကပြောပြန်ရော။ ဧကန္တ အဘေးကြီးလက်စွပ်ပဲနေမှာပါ။ ဒီလက် စွပ်ဆိုရင်ဖြင့် ဒီဟိုတယ်မှာပဲ လမ်းဆုံး ပြီလို့ ပြောရတော့မှာပေါ့။

ဒါပေမယ့် သုံးလေးရက်အကြာ ဟိုတယ်မန်နေဂျာနဲ့တွေ့တော့ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာသား။ ဒီဟိုတယ်မှာ လက်ဆွဲအိတ် အခိုးခံရတဲ့ ကိစ္စဖြစ်တာနဲ့ မရှေးမနှောင်း တွံတေး တောကြီးတန်းဘက်မှာနေတဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် ခွင့်မတင်ပဲအလုပ်ပျက်ကွက်နေတယ်။ အရင့်အရင်
ကလည်း သောက်စားတာ၊ လောင်းကစားတွေနဲ့ပတ်သက်ပြီး သတိပေးခံတဲ့အတွက် ရဲတပ်ဖွဲ့ကို ဧည့်သည် လက်ဆွဲအိတ်ပျောက်မှုနဲ့ ပတ်သက်လို
မသင်္ကာဖွယ်ရာလူတစ်ယောက်အဖြစ် ထားကြောင်းလည်း သိလာရတယ်။သူ့ရဲ့ တွံ့တေးကို လိုက်ရပြန်တယ်။ မဆုံနိုင်သေးတဲ့ ခရီးကြီး။ကံသေကံမ မပြော
မပြောနိုင်ပေးမယ့် ဖြစ်နိုင်ချေထားပြီး ကံစွပ်ကံငြား
သွားရတဲ့ ခရီးကြီး။

တွံတေးနဲ့ မနီးမဝေး ရွာကလေး တစ်ရွာ။ ဆေးရုံတက်သူ ကုန်သည် ပြောစကားအရ အိတ်ထဲပါသွား
တဲ့ လက်စွပ်သာ ကျွန်တော်ရှာနေတဲ့ လက်စွပ် ဖြစ်
ပါစေ ဆုတောင်းရင်းပေါ့ ခိုးသွားတာက ရှာနေတဲ့
လက်စွပ် ဟုတ်၊ မဟုတ် မပြောနိုင်ဘူးလေ။ရွာထဲ‌
ရောက်တော့ တည်းခိုဖို့က အခက်။ရွာထိပ်က ထမင်း
ဆိုင်လေးမှာ စုံစမ်းရင်ရနိုင်မလားမသိဘူး။

ထမင်းဆိုင် ဆိုပေမယ့် ထမင်းဟင်းထက် အရက်ကို အဓိကထားပြီး ရောင်းတာ။ဆိုင်လေးရှေ့မှာက ဖျင်း ထိုးပြီး အရက်သမားတွေဝိုင်းဖွဲ့ သောက်စားနေ ကြတယ်။ ထမင်းတစ်ပွဲမှာစားလိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေတာ လာပြီး သောက်စားနေကြတဲ့ လူသိုက် တွေကြည့်ရတာ ရှုသိုးသိုး မှုန်တေတေ နဲ့ လူမိုက်ရုပ်တွေ။ ဇက်ရဲလက်ရဲလုပ် တဲ့ ပုံစံတွေ လို့
ပြောရမှာပဲ။ အကြောင်းမရှိ အကြောင်းရှာ ပွဲရှာ ရန်
ဖြစ်ဖို့ တာစူနေဆဲ။ အမြန်ဆုံးထွက်ခွာ ပြင်နေတုန်း ပြဿနာစတွေ့တော့တာပဲ

အရက်လာဝယ်တဲ့ လူရွယ် ကောင်လေး တစ်ဦးကို နိုင်လိုမင်းထက် စော်ကား ကြတယ်။ ပွဲက လူရွယ်နဲ့ လူကြီး ကြည့် မကောင်းပါဘူး။

“မင်းဦးလေး ဖဲခိုးတာကြောင့် သေပြီးပြီနော်။ အေး
သေတာတောင်နည်းသေးတယ် နေပါဦး၊ ဘယ်သူကအရက်ဝယ် ခိုင်းတာလဲ။ မင်းဦးလေးမှမရှိတော့တာ။
အော် သိပြီ၊ မင်းအဒေါ် မဆိုးမချော အချောလေးရဲ့ နောက်လင်ဖြစ်ရမယ်”

“တို့ကိုလဲ ကြိုက်လို့ရတယ် မင်းအဒေါ်ကို တာဝန်ယူနိုင် -တယ်ကွ။ ၀မ်းမ၀ပေမယ့် ခါးလှလာမှာ အမှန်ပဲ”

သူတို့စကားသူတို့ သဘောကျပြီး ရယ်သံတွေတညံ
ညံ သောသော။ လူရွယ်လေး မှာ သူတို့စကားတွေကြောင့် ဒေါသထွက်လို့ အံကိုတင်းတင်း ကြိတ်ခဲ့မိတယ်။ အသားတွေလည်းဆတ် ဆတ်တုန်လို့။

“ဘာလဲ – မင်းကမကျေနပ်ဘူး လား၊ ဘာဖြစ်ချင်တာလဲ” လူရွယ်လေးကို တစ်ဦးက ရင်ဘတ်ဆောင့်ဆွဲလိုက်တယ်။

“ခင်ဗျားတို့ လွန်ပြီထင်တယ်ဗျာ၊ ငယ်ရွယ်သူဆိုပြီး ဒါလောက် စော်ကားတာ မကောင်းပါဘူး” မဆီမဆိုင်ဝင်ပြောမိတဲ့ ကျွန် တော့်ဘက်ကို ရန်ပွဲရဲ့မြှားဦးက လှည့် လာပြီလေ။ လူသုံးယောက်က ဝုန်းခနဲ ထလိုက်ကြတယ်။

“ဒါက တို့နယ်၊ မင်းက လူစွာလာလုပ်တာလား”

“လူစွာလာလုပ်တာမဟုတ်ပါဘူး၊ ကြည့်မကောင်းလို့တားတာပါ”

“ဪ – တားတာတဲ့။ ကဲ- တား တဲ့လူကို ဆုပေးလိုက်ကြရအောင်”

တစ်ယောက် ပြေးဝင်လာပြီး ၎င်းထိုးလိုက်တဲ့အရှိန်နဲ့ လက်ကို ညှပ်လိမ်ပြီးနောက် မျက်နှာကို တံတောင်နဲ့
ရိုက်ချလိုက်တယ်။ ဒုတိယကိုမှူ ပြေးလာတဲ့ ခြေအစုံကို အောက်ခြေလွှတ်အောင် ဖြတ်ကန်ပြီး ၎င်းလေထဲမှာတင် မျက်နှာကိုညာလက်သီးနဲ့ ကျွေးလိုက်
တယ်။နောက်ဆုံးတစ်ယောက်ကိုတော့ ၎င်းထိုးချက်
တွေ ကာကွယ်ရင်း လစ်ဟာနေတဲ့ အရှိုက်နေရာကို
ပင့်လက်သီး ကျွေးကာ ပွဲသိမ်းပေးလိုက်တယ်။ ဒီလို
ပမွှားတွေအတွက် ခုခံကာကွယ်ဖို့ ဗန်တို/ဗန် ရှည်
သိုင်းသင်ထားတဲ့ ကျွန်တော်က အေးဆေးပေါ့။

ဒါနဲ့ အရက်လာဝယ်တဲ့ လူငယ်လေးကို လက်ဆွဲပြီး ထမင်းဆိုင်ကနေ လစ်ထွက်လာခဲ့တယ် ။ မဟုတ်ရင်
ဒီထက်လူအုပ်များလာရင် ကိုယ့်ရဲ့လမ်းတွေလွဲသွား
နိုင်တယ်လေ။

“အစ်ကိုကဘယ်သွားမှာလဲဟင်”

“တည်းစရာ ရှာရင်း ထမင်းဆိုင်ထဲဝင်လာတာပါ။
ပြီးတော့လဲ လူတယောက် လာရှာတာလဲ ပါတယ်
မတွေ့ သေးပါဘူး”

“ဟာ – ဒါဖြင့် ရွာထဲက ကျွန် တော်တို့အိမ်လိုက်ခဲ့ဦး၊ အသုဘဖြစ်နေလို့ အိမ်မှာလည်းလူနည်း နေတာနဲ့အတော်ပဲ”

တည်းစရာနေရာ မရှိတဲ့အချိန်မို့ အဆင်သင့်ဖြစ်သွားတယ်။ သူတို့အိမ်ကထမင်းဆိုင်နဲ့ သိပ်မဝေးလှ။ သူ့အဒေါ်ယောက်ျား သူ့ဦးလေး ဆုံးသွားရှာတယ်။ သေတာက လူသတ်မှုဆိုပါလား။

မနက်ဖြန် အသုဘချတော့မယ် ဆိုတော့ အသုဘကခေါင်းသွင်းပြီးပြီ။ အလောင်းကို ခေါင်းသွင်းပြီးလို့ လမ်း ပေါ်ထုတ်ထားတာလေ။ တွေ့တဲ့ လူရွယ်လေးက ရည်ရည် မွန်မွန် ခင်မင်ဖော်ရွေမှုလည်းရှိတယ်။

“အစ်ကိုတွေ့ချင်တာဘယ်သူလဲ၊ကျွန်တော်တို့များ သိမလားလို့”

“သူ့နာမည်က ခင်ထွန်း၊ သူ့ကို ကျော်ခင်ထွန်းလည်း ခေါ်တယ်တဲ့”

“ဟာ – သိတာပေါ့၊ ရွာတောင်ဖျားမှာနေတာ။ ရန်ကုန်က ဟိုတယ်တစ် ခုမှာလုပ်တယ်။ သူ့ဆွေမျိုးတွေ မြောက် ဥက္ကလာမှာရှိတယ်တဲ့။ ရွာပြန်ရောက် နေတာ လေး၊ငါး၊ခြောက်ရက် ရှိပြီ။ အသုဘမှာ ဖဲအကြီးအကျယ်ရုံး သွားတာ သူပဲ။ ပါတဲ့လက်စွပ်တောင် ဦးလေးဆီပေါင်ရတဲ့အထိရှုံးတာ။ဦး လေးက ဝိုင်းကျွတ်နိုင်တော့ ရလိုက်တာ မနည်းဘူး။ လေး၊ငါး၊ဆယ်သိန်းလောက် ရှိမယ်။ ကိုခင်ထွန်းနောက်နေ့ သွေးအန် လို့ဆိုလား။ ကျွန်တော်တို့အသိ
ဦးလေးတစ်ယောက်ဆီ ဆေးကုနေရတယ်ဗျ”

လူရွယ်လေးဆီက အတော်ပြည့် ပြည့်စုံစုံ သိလိုက်ရတယ်။ ဒါပေမယ့် သူ့ဦးလေး အပေါင်ခံ ထားတဲ့လက်စွပ် နီးစပ်လာပြီပဲ။ အစဖော်ဖို့မလွယ်တော့လို့ နည်း နည်းသွေးတိုးစမ်း မေးမိတယ်။

“အို့ – နေပါဦး၊ မင်းဦးလေးသေတော့ မင်းဒေါ်လေးက လက်စွပ်ကိုရ တာပေါ့ ဟုတ်လား၊ သူတို့ကလင်မယား တွေဆိုတော့…”

“မဟုတ်ဘူးဗျ၊ ဦးလေးက သူ့ ယောက္ခမ ကျွန်တော့်အဘကို ပေးလိုက် တာ။ လူကြီးဝတ်ပါစေ ဆိုတဲ့ သဘောပေါ့ဗျာ။ လက်စွပ်က အကြီးသား”

“ဪ – ဒါဖြင့် မင်းအဘရသွား တာပဲ။ အဘက အခု မတွေ့ပါလား”

“အဘက နယ်တစ်ခါထွက်ရင် တစ်လကိုးသီတင်းကြာတတ်တယ်။ ဦးလေးဆုံးပေမယ့် သူ့အသိတွေ ချိန်းထား တဲ့ရက်မပျက်ဖို့ သူ့သမီးကို ပြောဆိုပြီးမှ သွားတာပါ။ ကိစ္စဝိစ္စတွေအတွက်ပေါ့”

လက်စွပ်ကိစ္စက ဝေးသွားပြန်ပြီ။ နီးလျက်နဲ့ဝေးရပြီကော။

“အဘက ဆန်းတယ်၊ ကိုခင်ထွန်းကို နိုင်တဲ့နောက်နေ့ဦးလေး အသက်ခံရတာပဲ။ ဖဲဝိုင်းကအပြန် မှောင်ရိပ်က အားကိုးနဲ့ အသတ်ခံရတာ။ ဦးလေးအခေါင်းကိုသွင်းတော့ အဘကိုယ်တိုင်သွင်းတယ်။ မသွင်းခင်ည ကတည်းက မသန့်ရှင်းတဲ့ပစ္စည်း၊ သက် ဆိုင်သူလာယူပါစေ။ လျှောက် ဒုက္ခ မပွားပါစေနဲ့တော့” ဆိုပြီး အထုပ်လေး အင်္ကျီအောက်ကိုသွင်းလိုက်တာ ကျွန် တော်မြင်တယ်။ လူတွေအိပ်နေပြီလေ။ ကျွန်တော်တစ်ရေးနိုးတဲ့အချိန်ပေါ့”

ဒီမှာတင် ထခုန်ချင်လောက်အောင် ဝမ်းသာသွားမိတယ်။ အသုဘချပြီး နောက်ညမှာ သင်္ချိုင်းကုန်းထဲ
မသာ အလောင်း ဖော်ယူခဲ့တာပါပဲ။ ကြောက်လို့ အော်သံထွက်သွားနေပေမယ့် သင်္ချိုင်းနဲ့နီးရာ အိမ်
ထဲကလူတွေအားလုံးက အိပ် မောကျနေတော့ မကြားကြဘူး။ နောက်နေ့ သင်္ဘောဆိပ်လိုက်ပို့တဲ့
လူငယ်လေးကို ငွေသုံးသောင်း ပေးလိုက်တယ်။

အဘေးကြီး ဆုတော်လာဘ်တော် အဖြစ်ရတဲ့
လက်စွပ်ကြောင့် သွေး အန်တဲ့ ကိုထွန်းရှင် က
တစ်လအကြာ ထောင်ချုပ်မှာ ဆုံးတယ်။
တခြားလူတွေ တော့ ဘယ်လိုခံစားရတယ်မသိချေ။

ကြောက်စရာကျိန်စာရယ်၊ ဒီအဖြစ် အပျက်တွေကို အိပ်မက်ပေးတဲ့အဘေးကြီးရယ်၊ သက်ဆိုင်သူလာယူမယ်ဆိုတဲ့ အဘရယ်ကကျွန်တော့်ဘဝမှာ အဆန်း တကြယ်တွေပါပဲ။ ကိုယ်တိုင် လှုပ်ရှား သွားလာရတဲ့ အဖြစ်မို့သာပဲ ။ သူတစ်ပါး ပြန်ပြောတဲ့ဖြစ်ရပ်ဆိုရင် ယုံရ ခပ် ခက်ခက်။

လူသေကောင်ကြီး မျက်လုံးပွင့်တယ်…….လို့။

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။