ကျူး

ကျူး(စ/ဆုံး)
———–

ဧရာဝတီ မြစ်ဆိပ်က ဆင်ခြေလျှော ကုန်းမြင့်ကို ကိုက် တော်တော်များများ တက်လာရင်ပဲ သည်ရပ်ကွက်ကလေးကို စတွေ့ရမှာပါ။ မြစ်ဆိပ် ကမ်းထိပ်မှာတော့ ကြီးမားတဲ့ ညောင်ပင်ကြီး ရှိမယ်။ ရပ်ကွက်ကလေးနဲ့ မြစ်ဆိပ်ကို နယ်ခြားထားတဲ့ ညောင်ပင်ကြီးပေါ့။ညောင်ပင်ကြီးက ကျော်ရင် ဖုန်တသောသော ထနေတဲ့ ရပ်ကွက် ကလေးထဲကို ရောက်နိုင်ပြီ။ ကွမ်းယာဆိုင်လေးတွေ၊ အမိုးအကာမရှိတဲ့ အကြော်ဆိုင်ကလေးတွေကို ဖြတ်ပြီးရင်တော့ ခပ်စိတ်စိတ်အိမ်တွေ ပြုံစုနေတဲ့ ရပ်ကွက်ကလေးထဲ တကယ်ရောက်ပြီ။

သည်ရပ်ကွက်ကလေးထဲမှာ အိမ်ထောင်ဦးစီး ယောက်ျားသားတွေထက် မှီခိုသူ မိန်းမတွေ၊ ကလေးတွေက ပိုများတယ်။ ဒါလည်း သဘာဝပေါ့လေ။သည်တော့ သတင်းတစ်ခုရှိရင် ပျံ့နှံ့လွယ်တယ်။ အဲသည်သတင်းဟာ မူရင်းထက် အပိုသာရှိမယ်။လိုတယ်ဆိုတာ မရှိသလောက်ဘဲ။

တစ်ယောက်အတင်း တစ်ယောက် ပြောကြပြီး နေ့မကူးခင် အပြောခံရသူရဲ့နား ရောက်သွားတယ် ဆိုပါတော့။ သင်္ကာရှင်းကြတယ်။ ချီးကျူးဖို့ ကောင်းတာက သူတို့ဟာ ဝန်ခံရဲကြတယ်။ ဘူးကွယ် ဟန်ဆောင် မနေကြဘူး။ ပြဿနာကို အော်ကြီးဟစ်ကျယ် ရှင်းတယ်။ ငယ်ကျိုးငယ်နာ ဖော်တယ်။ သည့်ထက် ပြင်းထန် လာရင်တော့ သတ်ကြ ပုတ်ကြလိမ့်မယ်။ နှစ်ရက်လောက် ရှိရင် သူတို့ ပြန်တည့် သွားကြတာပါပဲ။ ပြီးရင် ခါတိုင်းလိုပဲ တစ်ယောက်ဆီက တစ်ယောက် ချေးကြငှားကြ ပြန်ရော။ တစ်ယောက်အတင်း တစ်ယောက် ပြောကြပြန်ရော။

လမ်းဘေး ကွမ်းယာဆိုင်က မိအေး လင်ငယ်နေတဲ့ အကြောင်း သူ့ယောက်ျား ကိုဖိုးထောင်ရဲ့ နား ရောက်အောင် ပို့နိုင်ကြတယ်။ ပို့နိုင်ဆို သူတို့အိမ်တွေကလည်း လုံခြုံတာမှ မဟုတ်ဘဲကိုး။ ကိုဖိုးထောင်နဲ့ မိအေး သတ်ကြပုတ်ကြ ဆိုရင်တော့ ဝင်မဆွဲဘဲ ဝိုင်းကြည့်ကြတယ်။ နောက်ဆုံး နှစ်ယောက်စလုံး မောပန်းပြီး ငြိမ်သက် သွားပြီဆိုမှ ကိုယ့်အိမ်ကိုယ် ပြန်ကြတယ်။ နောက် သုံးရက်လောက် ဒါမှမဟုတ် နောက်ထပ် သတင်းတစ်ခု မပေါ်မချင်းကတော့ မိအေးတို့ လင်မယား သတ်တဲ့ အကြောင်းက လူတိုင်း ပါးစပ်ဖျားမှာ အမြှုပ်တစီစီပဲ။ ဆေးလိပ် လိပ်တဲ့ မိသီ တစ်ယောက် အသက်သုံးဆယ် မပြည့်သေးပေမယ့် လင်သုံးယောက် ပြောင်းပြီးတဲ့ အကြောင်းကတော့ သတင်းဟောင်းသွားပြီကိုး။

အိမ်ထောင်စု ငါးစု ပြုံနေကြတဲ့ ဦးအုန်းမောင်တို့ ဝိုင်းတိုက်က တစ်လုံးတည်းသော အိမ်သာ ကြီးကတော့ ပြည့်ရုံမက မောက်လျှံတောင် ကျနေပြီ။ နဂိုခပ်ကျဲကျဲ အိမ်သာခွေက ဝါးစတွေမှာ ကပ်ငြိနေတဲ့ အစိုင်အခဲတွေက ဝါကြန့်ကြန့်တောင် မဟုတ်တော့ဘူး။ ညိုမည်းလို့။ ယင်ကောင်တွေက တဝီဝီ ပျံသန်းနေသလို အနံ့ကလည်း ထောင်းထောင်းထ။ အိမ်နီးနားချင်းတွေမှာ အသက်အောင့်ထား ရတော့တာပေါ့။ ကြာတော့ အသက်တောင် မရှူဝံ့အောင် ဖြစ်လာတယ်။ သည်တော့မှ ရပ်ကွက်လူကြီးကို ပြေးတိုင်တယ်။

လူကြီးက ပထမအကြိမ် ဝမ်နင်ပေးတယ်။ မမှုဘူး။ ဒုတိယအကြိမ်လည်း သည့်အတိုင်း။ တတိယ အကြိမ် ရောက်ရင်တော့ ကမန်းကတန်း အမှိုက် ဖို့ရတော့တာပဲ။ လူကြီးကို ကြောက်လို့တော့ မဟုတ်ဘူး။ လေးစားလို့တော့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကို အသက် မရှူနိုင်ကြတော့လို့။ ဒါပေမဲ့ အနံ့က သိပ်မပြယ်ချင်ဘူး။ လေဝှေ့ရင် အနံ့က ကပ်ပါလာတုန်း။ဦးအုန်းမောင်တို့ ငါးအိမ်ထောင် စုပေါင်း စပ်ပေါင်း ငွေကောက်ခံတယ်။ နောက်ထပ် အိမ်သာကျင်း တစ်လုံး ထပ်တူးတယ်။ ဝါး ကျိုးတိုးကျဲတဲ အိမ်သာခွေကို ကျင်းထဲ ပစ်ချတယ်။ အိတ်စုတ်တွေ ကာထားတဲ့ အိမ်သာလုံးကို ရွှေ့တင်တယ်။ ပြီးပြီပေါ့ အသစ်တစ်လုံး။ ဒါပေမဲ့ တွင်းကလည်း တိမ်၊ လူသုံးဆယ်ကျော် ဒဏ်ကလည်း မသေး။ သန့်ရှင်းရေးသုံး ကိရိယာတွေကိုလည်း ကျင်းထဲ ပစ်ချ။ ဆိုတော့ ခဏကလေးနဲ့ ပြန်ပြည့်လာ ပြန်ရော။ မောက်လျှံလာပြန်ရော။ အနံ့က မခံမရပ်နိုင်အောင် ထွက်လာရင် အိမ်နီးနားချင်းတွေက ရပ်ကွက်လူကြီးကို ပြေးတိုင်ပြန်ရော။
ထုံးစံအတိုင်း ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် သတိပေးတော့မှ အမှိုက်ဖို့ပစ် လိုက်တယ်။ ပြီးတော့ မံမသေသေးတဲ့ အရင်တွင်းဟောင်းကို ပြန်ဖော်တယ်။ ဖော်ထားတဲ့ မြေကြီး မဟုတ်၊ ဘာမှ မဟုတ်ရဲ့ ညှီစို့စို့ အနံ့က ပိုလို့တောင် ဆိုးရဲ့။

ဒါပေမဲ့ အဲသည် ဦးအုန်းမောင်ရဲ့ အိမ်သာက ဆယ့်နှစ်ရာသီ အနံ့ကို အိမ်နီးချင်းများက သည်းခံကြသလို၊ ရပ်ကွက်လူကြီးကလည်း တစ်လကို နှစ်ကြိမ် လောက်တော့ စိတ်ရှည်လက်ရှည် ရှင်းပေးတယ်။

ကိုသန်းဌေးတို့ အိမ်ကတော့ အလုပ်နားတဲ့နေ့ ဆိုရင် ဆောင်းဘောက် နှစ်လုံးကို အိမ်ရှေ့ ကပြင်မှာ ထုတ်ပြီး မနားတမ်း ဖွင့်တယ်။ သူ အလုပ် မနားရရင် ကက်ဆက် နားရတယ်။ သူ့မိန်းမ မချိုက ကက်ဆက် ခလုတ်တွေကို ဖွင့်တတ်၊ ပိတ်တတ်တာ မဟုတ်ဘူး။ အခွေကတော့ ခွေစုံကို ဖွင့်တာ။ တွံတေးစိုးအောင်၊ ဇော်ဝင်းထွဋ်၊ မာမာအေး၊ ပိုးအိစံ တကယ်ကို အစုံဖွင့်တာလေ။ ဖွင့်ရင်လည်း ဆက်တိုက်ဖွင့်တယ်။ နားပူလာတဲ့ တစ်ယောက်ယောက်က အိမ်ခေါင်ပေါ် ဒိုင်းကနဲ တစ်ချက် ပစ်လိုက်ရင် မချိုက ဘက်ထရီ ထဖြုတ်တယ်။

“ဟေ့ ဘယ်ကာလနာလဲ၊ ငါ့အိမ်ကို ခဲနဲ့ထုတာ။ ကိုယ့်ရှိလို့ ကိုယ်ဖွင့်တာ ဘာဖြစ်လဲ။ ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူးဟေ့။ မိချိုတဲ့ တစ်ချိုတည်း ရှိတယ်”

ထအော်တော့တာ။ ပြီးရင် ဘက်ထရီကလစ်ကို ပြန်ချိတ်တယ်။ ဝေါခနဲ အသံတွေ ထွက်ကျလာတယ်။ မချိုက အဲသလို နှုတ်ကြမ်း အာကြမ်း ရှိပေမယ့် ခေါင်းကိုဆီလိမ်း၊ ရှိုးကလေး တပြပြ လုပ်တတ်တဲ့ သူ့ယောက်ျားကိုတော့ မယား ငယ်ယူမှာ အလွန်စိုးတာကလား။ နာမည် ခေါ်တာအောင် “ကွမ်းဌေး” တဲ့။

“ကွမ်းဌေးရယ် ဒီနေ့ တော် ကြိုက်တတ်တဲ့ ဝက်သားနီချက် ဆီပြန်ကလေး ချက်ထားတာရယ် တော့်”

လို့ ပြောပေမယ့် တကယ်တမ်းကျတော့ ရေထိုးထားတဲ့ ဝက်သား ဆယ့်ငါးကျပ်သား လောက်က ရေပေါ် ပေါလော မျောနေတာ။

ညဉ့်နက်သန်းခေါင် အထိ တစ်ယောက်ယောက်က ထွက်မအော်ရင် ဝိုင်းမသိမ်းတတ်တဲ့ ကြည်စိုးတို့ ဂစ်တာဝိုင်းကတော့ ညတိုင်း လူငယ်တွေနဲ့ အုန်းအုန်းထလို့။ ဂစ်တာဝိုင်း စပြီဆိုတာနဲ့ ရောက်လာပြီ။သံရည်ကျိုတဲ့ သိန်းထွန်းခေါ် ဗြဲကြီး၊ သစ်စက်က မြင့်သန်းခေါ် နှာတွန့်၊ ဘာအလုပ်မှ မရှိဘဲ လတ်လျား၊ လတ်လျား ကျောင်းသားလူထွက် ကျော်မြင့်ဦးခေါ် ဖင်ကောက်။ သူတို့ နာမည်ပြောင်တွေက နာမည်ရင်းထက် ပိုပြီး လူသိများတယ်။ ကြည်စိုးကလည်း ငှက်ဆိုး ဆိုပဲ။
တစ်ခါတလေ သူတို့ဝိုင်းကို ဧည့်သည်တော် တစ်ယောက် ရောက်ရောက်လာတယ်။ မြစ်ဆိပ်ကို လှေ ကမန်းကတန်း ထိုးဆိုက်ပြီး ရေမချိုး ထမင်းမစားဘဲ ကုန်းပေါ်တက် သီချင်း ဝင်ဟစ်တတ်သူကလည်း ညီညီမောင် ခေါ် ဝက်ကြီး တဲ့လေ။ တကယ်တော့ သီချင်းကလေး တစ်ပုဒ်ဆိုဖို့ သူလာရတဲ့ ခရီးက နည်းတာ မဟုတ်ဘူး။ အထက် မလယ်ရွာကတောင် လာရတာ ။ ဖအေက လှေသူကြီး။

တောသားပေမယ့် မယ်ဒလင်ကို အောက်တယ် ထင်နေတဲ့ကောင် ဆိုတော့ ဂစ်တာရှိတဲ့ သည်ဘက်ကမ်း ကူးကူးလာရတာ လွယ်တော့ မလွယ်ဘူး။ ဝါသနာကိုး။ ပြီးတော့ ဂစ်တာဝိုင်းကို ခင်မင်တာထက် ဂစ်တာတီးတဲ့ အုတ်ခုံလေးရှေ့ ဆံတိုမလေးကို ရှိတ်ချင်တာလည်း ပါတာပေါ့လေ။

“ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ် xxx ဒါပေမဲ့ ကိုယ့်ရဲ့ဘဝက ချို့တဲ့တာ မင်းအသိပါ xxx ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် xxx အလှလေး ပွန်းပဲ့သွားရင် ကိုယ် ရင်ကျိုးရချေရဲ့ xxx လာ လာ လာ လာ xxx ဪ- တစ်နေ့နေ့ ဝေးရမှာလား နုံချာတဲ့ အနုပ်စုတ် ဘဝနဲ့”

သည်နေရာ ရောက်တော့ ငှက်ဆိုးတို့ အဖွဲ့က-

“ဟေ့ကောင် ဝက်ကြီး၊ မင်းဆိုတာ လိုနေသေးတယ်ကွ။ ဒီမှာ ဒီလို၊ နုံချာတဲ့ အနုပ်စုတ် ဂုတ်စုတ် ဘဝနဲ့၊ အဲသလိုကွ”

မလယ်ရွာသား ဝက်ကြီးကတော့ တကယ် မှတ်ရှာတယ်။ အသံကို မြှင့်တဲ့ပြီး “နုံချာတဲ့ အနုပ်စုတ် ဂုပ်စုတ် ဘဝနဲ့” ကို အော်ဆိုတယ်။ ထပ်ကျော့တယ်။ ငှက်ဆိုးတို့ အဖွဲ့ အူတွေ လိပ်တက်လာပြီး ကွယ်ရာကျမှ တဝါးဝါးနဲ့ ရယ်ကြတယ်။ ဆံတိုမလေးကို ဝက်ကြီး တကယ်ပဲ လက်ဖျားနဲ့တောင် မထိလိုက်ရပါဘူး။ တခြား တစ်ယောက်နဲ့ ရည်းစား ဖြစ်သွားတယ်။

အဲသည် အခါမှာတော့ ဝက်ကြီးရဲ့သီချင်းကလည်း ပြောင်းသွားပြီ။

“ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး xxx ဒီမိန်းမကို နောက်တစ်ခါ ဘယ်တော့မှ မကြည့်တော့ဘူး”

မကြည့်ချင်လို့လည်း မရဘူးလေ။ ဆံတိုမလေးက သူတို့ ဂစ်တာဝိုင်း ရှေ့မှာပဲ သူ့ကောင်လေးနဲ့ ဖြတ်လျှောက်ပြတယ်။ သမင်လည်ပြန် ပြုံးပြတယ်။ ခုန်ဆွ ခုန်ဆွ ဖြစ်နေတဲ့ ဝက်ကြီးကို ငှက်ဆိုးတို့က ဝိုင်းအားပေးတယ်။

“ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်မှာပေါ့ ဝက်ကြီးရာ၊ မိန်းမ ပေါပါတယ်။ ဒီမှာ ဟေ့ကောင် ဝက်ကြီး ဟစ်စမ်းကွာ၊ ဂျက်မြသောင်း သီချင်း”

ငှက်ဆိုးက ဂစ်တာ ဆွဲတဲ့ပြီး အတောကလေး ဝင်လိုက်ရင်ပဲ-

“မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီးထဲမှာ xxx တို့ယောက်ျားတွေ မွေးဖွား ကြီးပြင်းလာ”

အားလုံး သံပြိုင် ဟစ်ကြတယ်။ ဒါပေမဲ့ အသံနာတာပဲ အဖတ်တင်တယ်။ ဆံတိုမလေးက အိမ်ထောင် ကျသွားပြီ။ သူ့ရည်းစား ကောင်လေးနဲ့တော့ မဟုတ်ဘူး။ တခြား တစ်ယောက်နဲ့။

“ဟေ့ ဘယ်မုဆိုးမအိမ်က ညှော်ကြော်နေတာလဲ ဟင်၊ တစ်ရပ်လုံးကို မွှန်နေတာပဲ”

ဒေါ်တုတ်မက ခုနစ်သံချီ ဟစ်လိုက်တော့ ညှော်လုပ်နေတဲ့ ဒေါ်ကျင်ငွေရဲ့ သမီးသုံးယောက် ထွက်လာကြတယ်။

“ဆီရှိလို့ ကြော်တာ ဘာဖြစ်သလဲ။ သူများလို ကြော်ချင်လို့တောင် ကြော်နိုင်လို့လား”

ဘာပြောကောင်းမလဲ၊ ရန်ဖြစ်ကြတော့တာပါပဲ။ တစ်ယောက် တစ်ခွန်း ဆဲကြဆိုကြနဲ့ အသံတွေ ပြာအက်လာတဲ့ အထိ။ တစ်ဖက်မှ မလျှော့ဘူး။ ညှော် ဒယ်အိုးကတော့ အနံ့ အကင်းသေသွားပြီ။ နားကလော လာတဲ့ ဒေါ်တုတ်မရဲ့သား ပေါက်ကျော်က ဝါးလုံးနဲ့ ပြေးတဲ့ပြီး ယမ်းလိုက်တယ်။ ဒေါ်ကျင်ငွေနဲ့ သမီးသုံးယောက် အိမ်ထဲကို အလုအယက် ပြေးဝင်ကြတယ်။ ပေါက်ကျော်က ဒေါ်ကျင်ငွေ့အိမ် ဝင်းထရံကို ဝါးလုံးနဲ့ တဖြန်းဖြန်း ရိုက်တယ်။

“ငါ့အမေကို ဆဲတဲ့ ကောင်မတွေ ထွက်ခဲ့”

ပေါက်ကျော်က စိန်ခေါ်တယ်။ ဒါပေမဲ့ ဘယ်သူမှ ထွက်မလာကြပါဘူး။ မိန်းမသားတွေချည်း မဟုတ်လား။ ကိုယ်က ညှော်မဟစ်ဘဲ ကြော်မိသကိုး။ ပြီးတော့ ပေါက်ကျော်ကိုလည်း ကြောက်ရသေးတာ။

သည်ရပ်ကွက်ကလေး ထဲမှာ ပေါက်ကျော်လိုပဲ ကြောက်ရတဲ့သူ နောက်တစ်ယောက် ရှိသေးတယ်။ ဦးပဉ္စင်းလူထွက် ကိုအေးလေ။ ရပ်ကွက်ထဲကတော့ သူ့ကို ဦးဇင်း ကိုအေးလို့ နှုတ်ကျိုးနေကြပြီ။ လူပျိုကြီး လုပ်နေလို့ သူဘာကြောင့် ဦးပဉ္စင်း လူထွက် လာရတာလဲ ဆိုတာကို ဘယ်သူမှ နားမလည်ကြဘူး။
သူက မဟုတ်တာ လုပ်ခဲသလို မဟုတ်တာ လုပ်တဲ့သူ အကြောင်းဆို ဟောင်ဖွာဟောင်ဖွာ လုပ်တော့တာ။ သူ မထင်ရင်လည်း တစ်ဖက်လူမရှိ ရမ်းတတ်သေးတယ်။ သူ့ကို တုပြိုင် ပြောရအောင်ကလည်း သူပြောတာ အမှန်ဖြစ်နေရင် ငြိမ်နေပေရော့။ အကြောင်း ရှိတယ်လေ။ဒါပေမဲ့ လူတစ်ယောက်မှာ အကြောက်အလန့် တစ်ခုခုတော့ ရှိနေတတ်တာ မဟုတ်လား။ ဦးဇင်းလူထွက် ကိုအေး လန့်တာက သူ့အဖေကိုလည်း မဟုတ်ဘူး။ သူ့ယောက်ဖ ရပ်ကွက်လူကြီး ကိုထွန်းဖေကိုလည်း မဟုတ်ဘူး။ သူ လန့်တာ ပင်စင်ယူထားတာ သိပ်မကြာသေးတဲ့ ဦးဘစံကိုပဲ။

ဦးဘစံက ရွှေဘိုတင်မောင် အဖွဲ့ရဲ့ ဆဒ္ဒန်ဆင်မင်း ဇာတ်ထုပ်ခွေကို အသည်းစွဲ ကြိုက်တာ။ ကြိုက်လိုက်သမှ နေကုန်နဲ့ နေခန်း မနားတမ်း ဖွင့်တယ်။ ပါးစပ်က လိုက်ဆိုတယ်။ တွေ့ရာလူကို ပြောတယ်။ ရပ်ကွက်ထဲက ပုံကပ်ပြောတတ်တဲ့ ဦးသံလုံးကတော့-

“ဘဝဆက်တိုင်း ဆက်တိုင်း ဦးဘစံအိမ်က ရွှေဘိုတင်မောင် တိပ်ခွေနဲ့ မစိန်ဌေးအိမ်က ဆိုင်ကယ် မဖြစ်ပါရစေနဲ့ဗျာ”

လို့ ပြောတတ်တယ်။ ဒေါ်စိန်ဌေးတို့က တစ်လောတုန်းက သိန်းထီပေါက်တယ်။ ဘယ်လောက် ပေါက်သလဲတော့ မသိဘူး။ ဆိုင်ကယ် တစ်စီးတော့ ဝယ်ဖြစ်အောင် ဝယ်တယ်။ အဲသည် ဆိုင်ကယ်ကို ဒေါ်စိန်ဌေးရဲ့ သားသမီးသုံးယောက် လူလဲနဲ့ စီးတယ်။ တစ်ယောက်ဆင်း တစ်ယောက်ခွ။ လူသာ နားတယ်။ ဆိုင်ကယ် မနားရဘူး။ ဦးဘစံအိမ်က ရွှေဘိုတင်မောင်ကမှ တစ်ခါတလေ နားရသေးတယ်။ လျှပ်စစ်မီး မလာတဲ့နေ့တွေမှာ ပေါ့လေ။လျှပ်စစ်မီးဆိုလို့ သည်ရပ်ကွက်လေးထဲမှာ တကယ်ကျတော့ မီတာ မရှိပါဘူး။ မီးမလာရင် ဘက်ထရီ အားမသွင်းရလို့ပါ။

ဦးဘစံက တိပ်ခွေ ဖွင့်ရုံနဲ့တင် အားရတာ မဟုတ်ဘူး။ တွေ့တဲ့လူတိုင်းကို ဆဒ္ဒန်ဆင်မင်း ဇာတ်ထုပ်အကြောင်း ပြောတယ်။ ဆွေးနွေးတယ်။ ရွှေဘိုတင်မောင် ဇာတ်ထဲက ဆဒ္ဒန်ဆင်မင်းအသံ သရုပ်ဆောင်သူ တစ်ဦးဦး ရှိနေသေးရင် ဂုဏ်ပြု ချီးမြှင့်ချင်တယ် လို့တောင် ဆိုလိုက်သေးရဲ့။ ကြာတော့ လူတွေက ဦးဘစံနဲ့ စကားလက်ဆုံ ကျရမှာတောင် ကြောက်လာကြတယ်။ စကားလက်ဆုံကျဖို့ မပြောနဲ့။ မျက်နှာချင်း ဘွားခနဲ ဆိုင်မိရင်ပဲ မသိမသာ ရှောင်ထွက်ကြတာလေ။ မိလိုက်ရင်လည်း မလွယ်ဘူးကိုး။

အဲသည် ဦးဘစံက လူအားဖြစ်နေတဲ့ ဦးဇင်းလူထွက် ကိုအေးကိုတော့ အမိအရ ဖမ်းတယ်။ ဦးဇင်းကိုအေး ခမျာ လူခင် ဖြစ်နေတာက တစ်ကြောင်း၊ သူ ဦးပဉ္စင်းဘဝက ဆွမ်းခံအိမ် ဖြစ်ခဲ့တာက တစ်ကြောင်းဆိုတော့ အားနာရတာ ပေါ့လေ။ အာနာတော့ ပေနေရတယ်။ သူပေနေရတာကို သိပုံ မရတာလား၊ သိသိနဲ့ပဲလား၊ သိသိနဲ့က ပိုပြီး ဖြစ်နိုင်တယ်။ ဦးဘစံကတော့ ရွှေဘိုတင်မောင် လေ အလိုက်အတိုင်း ငိုချင်းတွေတောင် ဟဲ ဟဲ ပြလိုက်သေးရဲ့။ ဒါကြောင့် ဦးဘစံဟာ သည်ရပ်ကွက်ထဲ သူ့ကွယ်ရာမှာ ဆဒ္ဒန်ဘစံလို့ အမည်တွင် နေတယ်။

ရပ်ကွက်ထဲမှာ လူချမ်းသာ စာရင်းဝင် ဗွီဒီယိုရုံပိုင်ရှင် ဦးပေါက်စ တစ်ယောက်ကတော့ နိုင်ငံခြားကား မပြရလို့ ပိတ်ပင်ထားပေမယ်လို့ သိပ်တော့ စိတ်ညစ်ဟန် မတူဘူး။ သူ ဘာလုပ်ရမယ် ဆိုတာ သူသိတယ်။ လူရွယ်တချို့က ဦးပေါက်စ အနား ကပ်မေးလာရင် သူက ခေါင်းတစ်ချက် ညိတ်ကာ ပြလိုက်တယ်။ ဒါပဲ။ မေးတဲ့သူက သူ့ခေါင်းကို သဘောပေါက်တယ်။ဗွီဒီယိုရုံရှေ့မှာ ရောင်စုံမြေဖြူတွေ ဗရပွ ခြယ်မှုန်းထားတဲ့ သင်ပုန်းကြီးကို ဦးပေါက်စရဲ့ သား ချစ်တူးက အနီးကပ် ကြည့်တယ်။ ခပ်ဝေးဝေးက ကြည့်တယ်။ အားမရတာနဲ့ နောက်ထပ်တစ်ရစ် ထပ်ချဲ့တယ်။ ကာလာစုံနိုင်သမျှ စုံအောင် သုံးတယ်။ သူက ဆိုင်းဘုတ်တာဝန်ခံကိုး။ညအချိန်ရောက်ရင် တစ်ရပ်လုံး ရှိသမျှ ကလေး၊ မိန်းမတွေ ရုံထဲ စုပြုံဝင်ကြတော့တာပဲ။ အခွေထိုးလိုက်တာနဲ့ တစ်ပြိုင်နက် ရှိသမျှ ပြတင်းပေါက် အားလုံး ပိတ်တယ်။ လေမဝင်တော့ လှောင်အိုက်လာပြီး ချွေးပြိုက်ပြိုက် ကျကြတယ်။ ဒါပေမဲ့ တစ်စက်ကလေး မညည်းကြဘူး။ အာရုံက ဖန်သားပြင် ပေါ်မှာချည်းပဲ။ အိုက်လွန်းမက အိုက်လာတော့ မိတ်တွေ ယားလာဟန် တူပါရဲ့။ နို့စို့ကလေးတွေ အော်ငိုကြတယ်။ မအေလုပ်သူက ကလေးတင်ပါးကို တစ်ချက်နှစ်ချက် ရိုက်တဲ့ပြီး ပါးစပ်ထဲ နို့ပိန်ကလေး တပ်လိုက်တယ်။ ကလေး အငိုတိတ်သွားတယ်။ နောက်တော့ အိပ်ပျော်သွား ရှာတယ်။ ချွေးတွေကတော့ နစ်လို့ပေါ့။

ဗွီဒီယိုရုံ ဘက်ဆီက မီးစက်သံ တဂျုန်းဂျုန်းကို ကိုပွေးကျောက်တို့ အဖွဲ့က မမှုဘူး။ အရက်ပုန်း ဆိုင်လေးထဲမှာပဲ ဆိုင်ရှင် မသန်းရီကို တိုးတိုးကြိတ်ကြိတ် အမြည်းတောင်းတယ်။ မသန်းရီက လာသမျှ ဧည့်သည်တိုင်းကို အမြည်း ထုတ်ပေးတာတော့ မဟုတ်ဘူး။ လူကြည့်ပေးတာ။ နှမ်းဖတ်ချဉ်သုပ်၊ ငါးကြင်း အရေခွံကြော်၊ ဆိတ်သားခြောက်ဖုတ်။ သူ့ဟာနဲ့သူ။
တစ်ခါက အကြွေးကျန် မဆပ်ဘဲ ဖဲရှုံးပစ်တဲ့ ကိုပွေးကျောက်ကို အိမ်တိုင်ရာရောက် သွားဆဲပြီးပြီ။ ဆဲပေမယ့်လည်း ကိုပွေးကျောက်ကတော့ မလှုပ်ပါဘူး။ သူ့အကျင့်မှ မဟုတ်ဘဲကိုး။ကိုပွေးကျောက်ရဲ့ မိန်းမ မသေးတာကတော့ ငြိမ်ခံမနေဘဲ သူ့ယောက်ျားကို ပုလိပ်စစ် စစ်တယ်။ သည်တော့မှ ဖဲရှုံးတာရော၊ အရက်ကြွေး တင်တာတွေရော အကုန် ပေါ်တော့တာ။ မသေးတာက ကျိန်တော့ ကိုပွေးကျောက်က ထကန်တယ်။ မသေးတာကလည်း ဘယ်ခံမလဲ။ နပန်းထလုံးတာပေါ့။ ကိုပွေးကျောက်က မသေးတာရဲ့ ဆံပင်ကို ဆွဲနှိမ်တယ်။ မသေးတာက လက်လှမ်းမီသမျှ တွေ့သမျှ ကိုက်ဆွဲတယ်။ မသန်းရီ တစ်ယောက် လင်မယားသတ်တာ ဝင်ဆွဲရ ကောင်းနိုးနိုး၊ မထူးဘူးဆိုပြီး လူအုပ်ထဲ ရောယောင် ကြည့်နေလိုက်တယ်။

သည်အရပ်ထဲမှာ လင်မယား ရန်ဖြစ်တာ ဆန်းတာတော့ မဟုတ်ဘူး။ ကိုတောက်ထိန်နဲ့ မသန်းပုတို့ လင်မယားဆို ညနေ မီးခွက်ထွန်းချိန် ရောက်ရင် အချိန်မှန် ရန်ဖြစ်နေကျ။ ရန်မဖြစ်တဲ့ နေ့ဟာ တစ်ယောက်ယောက် အိမ်မှာ မရှိတဲ့ နေ့ပဲ။

“တစ်နေ့ လာလည်း ချဉ်ပေါင်စပ်ချဉ်ချက်နဲ့ ပဲလှော်ပဲ၊ နင့်ဟာ ဟင်းပြောင်းစမ်းပါဦး သန်းပုရာ”
“ပြောတော့ တယ်လွယ်၊ ကလေး လေးယောက်နဲ့ ခြောက်ယောက် အိုးကြီးကို တော်က ဘာဟင်းနဲ့ ထိန်းထားချင်သေးလို့တုံး”

မသန်းပုက ပြန်ပက်ရင်လည်း ကိုတောက်ထိန်က ခံချင်တာ မဟုတ်ဘူး။ သည်တော့ ဆက် စကားများ ကြတယ်။ တစ်ခါတလေ ရန်ဖြစ်ရင်းနဲ့ ရက်ချိန်းတောင် ပေးလိုက်သေးရဲ့။

“ဒီမှာ သန်းပု၊ နင် ပေါင်ထားတဲ့ ငါ့ပုဆိုးကို လဆန်းသုံးရက်နေ့ ရအောင် ရွေးထားရင် ထား။ မထားလို့ကတော့ အဲဒီနေ့ကျ သိမယ်”

ဆိုတာမျိုး။

“တော် အရင်အပတ် ဥပုသ်တုန်းက စက်ပိုင်က ဘောက်ဆူး ပေးလိုက်သေးဆို။ ဒီတစ်ခါ ဥပုသ်ကျရင်တော့ ကျုပ်ကိုယ်တိုင် လုပ်ခ သွားရှင်းမယ်။ ကြားထဲ ယူသုံးထားရင်တော့လား ဟင်း လာမယ့် ဥပုသ်ကျရင် တော်မလွယ်ဘူး မှတ်”

ဆိုတာမျိုး။ တစ်ခါတလေ သူတို့လင်မယား ရန်ဖြစ်လိုက်ကြတာ ထမင်းမစား ဟင်းမစား။ ဒါပေမဲ့ သူတို့လင်မယား ဘယ်တော့မှ ကွဲမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကလေးက လေးယောက်ကိုး။ စုံဖြစ်နေတော့ အညီအမျှ ခွဲဝေယူရမှာ ကြောက်လို့တဲ့။

ရပ်ကွက်ထဲက ကလေးတွေကတော့ နေထွက်က နေဝင် အသားကုန် ဆော့တော့တာ။ ပေသီးဝိုင်း၊ အရုပ်ကားထပ်၊ စွန်လွှတ်ကြရုံဆို တော်သေးရဲ့။ အခုတော့ ဗွီဒီယိုကားတွေ ကြည့်ကြည့်ပြီး ပါးစပ်က တယားယားအော်၊ တစ်ယောက်နဲ့ တစ်ယောက် ကန်ကြ၊ ကျောက်ကြ၊ သတ်ကြ ပုတ်ကြ။ ကလေးတွေကတော့ “ချတမ်း” ကစားတာလို့ပြောကြတယ်။”ချတမ်း” ဆိုတဲ့ ကစားနည်းဟာ သူတို့ခေတ်ကျမှ ပေါ်ပေါက်လာတဲ့ ကစားနည်းသစ် တစ်ခုကိုး။

အဲသည် ကလေးတွေ ကျောင်းနေလောက်တဲ့ အရွယ်ရောက်ရင် ရပ်ကွက်ထဲက မူလတန်း ကျောင်းကလေးမှာ ကျောင်းနေကြတယ်။ မနက်လင်းရင် လွယ်အိတ်ဆွဲ ကျောင်းသွား။ ခဲတံ၊ စာအုပ် အစုံအလင် ပါ၊ မပါ ဘယ်မိဘကမှ တစ်ချက်ကလေး ဖွင့်မကြည့်ဘူး။ ကျောင်းပြန်လာရင် လွယ်အိတ်ကို ဖုတ်ခနဲ ပစ်ချပြီးရင် ဆော့တော့တာပဲ။ ည ခုနစ်နာရီ ထိုးလုနီးပါး ငွေနှစ်ကျပ် မရမက ပူဆာပြီး ဗွီဒီယိုရုံကို ပြေးတော့တာပါ။ထူးဆန်းတာက အဲသည် ကျောင်းသားတွေဟာ ည ည စာမအံကြတာပဲ။ သည်ရပ်ကွက်မှာ စာအံသံ မကြားရဖူးဘူး။ ကလေးတွေရဲ့ ပါးစပ်ဖျားမှာတော့ ကြော်ငြာသီချင်းတွေနဲ့ ဗွီဒီယိုရုပ်ရှင် အကြောင်းတွေသာ ရေပန်းစားနေတော့တာ။ ဒါကလည်း သူတို့ခေတ်ကျမှ ပေါ်ပေါက်လာတဲ့ အာရုံသစ်ကိုး။

ကလေးတွေလိုပဲ ရပ်ကွက်ကလေးထဲမှာ စည်ကားနေတတ်တာ ခွေးတွေပဲ။ ခွေးပိန်၊ ခွေးဝဲစား၊ ခွေးပု ခွေးပေါင်းကို စုံနေတော့တာလေ။ ခွေးတွေကြားမှာ ထင်ပေါ်နေတာ “ဘိုမ” ဆိုတဲ့ ခွေးမလေးပါ။ ဘိုမက အမွေး စုတ်ဖွားဖွားနဲ့ နိုင်ငံခြား ခွေမမျိုးလေး။သည်ရပ်ကွက်ကလေးနဲ့ လက်တစ်ကမ်း အကွာက ဧရာဝတီ ဆိပ်ကမ်းမှာ ကုန်လာချတဲ့ သင်္ဘောတစ်စင်းက မေ့ကျန်ရစ်ခဲ့တာပါ။

ဘိုမကို ဒေါ်ခင့်သား မြင့်အောင်က မြစ်ထဲ ရေချိုးသွားရင်းက တွေ့လာခဲ့တာ။ ခွေးပေါက်စနလေးတုန်းက မြင့်အောင်ဟာ ဘိုမကို သိပ်ချစ်တာ။ သူနဲ့အတူ အိပ်တယ်။ အတူ စားတယ်။ သူ့မုန့်ဖိုးထဲကတောင် နွားနို့လေး ဝယ်တိုက်လိုက်၊ အမဲအရွတ်လေး ဝယ်ကျွေးလိုက်လုပ်သေးတာလေ။ ငွေပေးပြီး လာဝယ်တာလည်း မရောင်းရက်ခဲ့ဘူး။
တဖြည်းဖြည်းနဲ့ ခွေးကလေး ကြီးလာတော့ မြင့်အောင် ရိုးအီသွားတယ်။အိမ်က ထမင်းရည် သောက်ချင်သောက်၊ မသောက်ချင်နေ ပစ်ထားတယ်။ ခွေးကံပဲ။

နောက်တော့ ဘိုမက တခြားခွေးတွေနဲ့အတူ အရပ်ထဲ လည်ခိုးစားတော့ တာပါ။ ညနေ ထမင်းစားချိန် ရောက်ရင် ရပ်ကွက်ကလေးဟာ ခွေးလိုက်ထုသံ၊ ခွေးအော်သံ၊ ကလေးငိုသံတွေနဲ့ စီစီညံနေတော့တယ်။

မနက်မိုးလင်းက မိုးချုပ်တဲ့အထိ အသံမျိုးစုံနဲ့ ဆူညံနေတတ်တဲ့ သည် ရပ်ကွက်ကလေးက စိတ်ပျက်စရာ ကောင်းပေမယ့် ဘယ်တော့မှ ခိုးရာပါပစ္စည်း မမိဖူးဘူး။ လူသတ်မှု မရှိဘူး။ ဥပဒေနဲ့ ငြိစွန်းတဲ့ တစ်စုံတစ်ရာ အမှုတောင် မရှိဘူး။

တစ်နေ့တော့ သည်ရပ်ကွက်ကလေးထဲကို လူလေးငါးယောက် ရောက်လာတယ်။ သူတို့ လက်ထဲမှာ စာရွက်လိပ်တွေ ပါလာတယ်။ ပေကြိုးတွေ ပါလာတယ်။ လမ်းတွေပေါ်မှာ အဲသည် ပေကြိုးကြီးကို ဆွဲဆန့်ကြတယ်။ တိုင်းကြတယ်။ ပြီးတော့ ဝါးတိုင်ကလေးတွေ စိုက်ကြတယ်။ သည်ရပ်ကွက်ရဲ့ ထုံးစံအတိုင်း လူတွေကတော့ ဝိုင်းအုံ ကြည့်ကြတာပေါ့။

“အလံကလေးတွေဟေ့၊ လာကြည့်ကြစမ်း၊ အလံကလေးတွေ၊ ဟ အလံကလည်း ကြွပ်ကြွပ်အိတ်ကြီးတွေ”

ကလေးတွေက တစ်ယောက်တစ်ပေါက် အော်ကြတော့ သတင်းက ပျံ့နှံ့သွားတယ်။ ကလေးတွေက မြင်ကွင်းကို အထူးအဆန်းတစ်ခုလို မျက်လုံး အပြူးသားနဲ့ ကြည့်ကြတယ်။ နောက်တော့ လူကြီးတွေလည်း မျက်လုံးပြူးကုန် ကြတာပါပဲ။ သည့်နောက်မှာတော့ ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တဲ့ ဝက်ကြီးတို့ ဂစ်တာသံတွေရော၊ ကလေးငိုသံတွေရော၊ ဗွီဒီယိုရုံက မီးစက်သံ တဂျုန်းဂျုန်းရော အားလုံးဟာ တိတ်ဆိတ်သွားတယ်။

ဧရာဝတီမှာတော့ လှိုင်းကြက်ခွပ်ကလေးတွေ ထနေလေရဲ့။ သစ်ရွက်ကလေးတွေ လှုပ်နေကြလေရဲ့။ တသွေးသွေး တိုက်ခတ်လာတဲ့ မြစ်လေဟာ ရပ်ကွက်ကလေးထဲကို လွတ်လွတ်လပ်လပ် တန်းတန်းမတ်မတ်ကြီး ဝင်သွားတယ်။ ပြီးတော့ ဝါးလုံးထိပ်ဖျားက ကြွပ်ကြွပ်အိတ်ကလေးတွေကို တဖျပ်ဖျပ် မြည်အောင် ခါပစ်လိုက်သေးတယ်။ ကြွပ်ကြွပ်အိတ် လေတိုးသံဟာ ရပ်ကွက်ကလေးကို လွှမ်းမိုးထားတယ်။ မြစ်လေကလည်း တသွေးသွေး။ကြွပ်ကြွပ်အိတ်ကလေးတွေကလည်း တဖြန်းဖြန်း မြည်လို့။

ဒါပါပဲ။ အသံဆိုလို့ သေသေချာချာ နားထောင်မှ ဒါပဲ ရှိတော့တာလေ။

အခုတော့လည်း ရပ်ကွက်ကလေးဟာ တကယ့်ကိုပဲ ဆိတ်ငြိမ်သွားတယ်။ ငြိမ်လိုက်သမှ တုတ်တုတ်တောင် မလှုပ်ဘူး။ ။

______________*****__________

#ခင်ခင်ထူး
#ကျူး
Bookish by Karine #ပေ့ခ်ျထဲမှကူးယူဖော်ပြပါသည်။