ကျွန်ပ်နဲ့တောနက်ထဲမှဘုန်းတော်ကြီး

ကျွန်ပ်နဲ့တောနက်ထဲမှဘုန်းတော်ကြီး(စ/ဆုံး)
=========================

နွေရာသီကာလမို့ ရွက်ခြောက်များတတော၊တတောင်လုံးကြွေလျှက် တောအုပ်၊တောင်ကုန်းများပေါ်တွင်ပေါက်နေသော သစ်ပင်များမှာ အရွက်ဗလာကျင်း
လျှက်ရွက်ခြောက်များကလေနဲ့အတူ
တဖြုတ်ဖြုတ်ကြွေဆင်းနေသည် ။

ရွာမှရှည့်လိုက်ပစ်ကြသောခလေးများမှာ ယခုလို
ရာသီတွင်ရှည့်လိုက်ကြရာဝယ်
ရှည့်ကသစ်ခေါင်းအတွင်းဝင်သွားပါက အခေါင်းထွက်ပေါက်များကိုပိတ်၍ ရှည့်ဝင်သွားရာအပေါက်အတွင်းသို့ သစ်ရွက်၊သစ်ကိုင်းခြောက်များ သွပ်သွင်းပြီးမီးရိူ့တတ်ကြ၏ ။

အပူဒဏ် ၊မီးခိုးဒဏ်ကြောင့်သစ်ခေါင်းအတွင်း
ရောက်နေသော ရှည့် မှာမီးရိူ့ရာအပေါက်မှ
အတင်းပြန်ထွက်ကြရာတွင်စောင့်
နေကြသော ကောင်လေးများလက်ချက်ဖြင့် အသက်
ပျောက်ရတော့သည် ။

ရှည့်လိုက်သောကောင်လေးများရိူ့လိုက်သော
မီးက နွေကာလမို့ မီးပွားစင်ထွက်ရာနေရာတိုင်းတွင်
လောင်စာက အသင့်ရှိနေသည်မို့ တောမီးလောင်
ပါတော့၏ ။

တောမီးက တတောတတောင်လုံးနေ့ညပတ်လောင်ပြီးလောင်စာရှိရာ မီးကူး၍ သွားနေပါသည် ။

တောမီးလောင်ချိန်တွင် တောနေတိရိစ္ဆာန်များမှာ
ဘေးလွတ်ရာရှောင်ပြေးကြရကုန်၏ ။

ကျွန်ပ်နဲ့ သာဝ ဆရာတပည့်နှစ်ယောက်မှာတောမီး
လောင်ပြီးတပတ်အကြာတွင် အမဲပစ်ရန်ထွက်လာ
ကြသည် ။

နွေဥတု နေ့လည်ပိုင်းမှာ ပူပြင်းခြောက်သွေ့စွာ
ရှိနေပါသည် ။

”…တတောလုံးတတောင်လုံးလည်း ပြောင်ရှင်း
နေတာ သားကောင်တွေ ဘယ်မှာသွားနေကြပြီလဲ
မဆိုနိူင်ဘူး….”

” တောညိုကြီးဖက်ရောက်ကုန်ကြပြီပေါ့ကွာ၊
အဲဖက်မှာက စမ်းပေါက်တွေ၊စမ်းချောင်းတွေပေါတော့ အပင်တွေစိမ်းစိမ်းစိုစိုနဲ့တောမီးနှစ်တိုင်းလွတ်
တယ်လေ ၊… ”

” ဝေးတယ် ကိုကြီးရ. မိုးတွင်းဆို နှစ်ရက်လောက်
သွားရတဲ့ခရီးပဲ…”

” ခုက မိုးတွင်းမှမဟုတ်တာကွာ ၊ တောင်မီးလောင်
ထားလို့ပြောင်ရှင်းနေတာ နေ့တဝက်စာခရီးလောက်
ပဲရှိမယ် ၊…တညအိပ်လောက်အမဲသွားပစ်ကြတာပေါ့…..”

မိုးရာသီကာလတွင် အပြိုင်းအရိုင်းပေါက်နေသော ခြုံနွယ်ပင်များ သစ်ပင်ငယ်များကြောင့်တော
အတွင်းသွားလာရ ခရီးမတွင်သော်လည်း တောမီးက
သစ်ရွက်ခြောက်များ ခြုံနွယ်များကို လောင်ကျွမ်းသွား
ရာ ပြောင်ရှင်းလျှက်သွားလာရလွယ်ကူနေသည် ။

ကျွန်ပ်တို့ယခုအမဲပစ်သွားမည့်တောညိုကြီးမှာ
သစ်ပင်ကြီးများ ခြုံနွယ်ပင်များ ထူပိန်းစွာပေါက်နေပြီး
နွေရာသီကာလမှာပင်စမ်းချောင်းများရှိနေသောကြောင့်တောမီးလွတ်သလို သစ်ပင်ကြီးများ ခြုံနွယ်များထူပိန်းနေရာနွေကာလတွင်သားကောင်များခို
အောင်းတတ်ကြ၏ ။

တောညိုကြီးအစပ်သို့ဝင်မိချိန်မှာပင်ကျွန်ပ်တို့မှာ
အမောပြေသွားရတော့သည် ။

တခြားနေရာတွင်သစ်ပင်ကြီးများအရွက်ကြွေနေကြသော်လည်း တောညိုကြီးတောင်ကြောတလျှောက်ပေါက်သော သစ်ပင်ကြီးများမှာ အရွက်များစိမ်းစို
ဝေဆာနေသလို ခြုံနွယ်ပင်များကလည်းစိမ်းစိုစွာ
ဖြင့်ရှိနေသည် ။

တောညိုကြီးတွင်ပေါက်သော သစ်ပင်ခြုံနွယ်များ
မှာတခြားသောနေရာတွင်ပေါက်သော အပင်များနဲ့မတူပဲ ပုံစံတမျိုးကွဲလျှက်ရှိနေ၏ ။

တောညိုကြီးစဝင်ချိန်မှာပင် ကျေးငှက်သံများ
နဲ့အတူ မျောက်အုပ်စုအော်သံများကြားနေကြရသည် ။

” …ဟူး..ပူလိုက်တာကွာ.ခုမှနေရထိုင်ရ
သက်သာတော့တယ်..ဒီမှာခနနားပြီးထမင်းစားကြမယ် .. ”

”.. ဒီနေရာက နိူင်ငံခြားဗွီဒီယိုကားထဲပါတဲ့
သဲကန္တာရက အိုအေစစ်လိုနေရာမျိုးနဲ့တူတယ်…
အေးစိမ့်နေတာပဲ…ကိုကြီးဖိုးတေရာ.. ”

” လုပ်ပြီ..သာဝကတော့လေ၊ ဗွီဒီယိုကားတွေကြည့်
စိတ်ကူးတွေယဉ်နဲ့ ဟုတ်နေတာပဲ..”

စမ်းချောင်းတခုအနီးအရောက်မှာတော့
ကျွန်ပ်တို့ဆရာတပည့်မှာ ချွေးပြန်နေသောခြေလက်
မျက်နှာများကိုဆေးကြောလိုက်ကြရင်း ပါလာသော
ထမင်းထုတ်များဖြေစားနေကြတော့သည် ။

…ဟာ…ဒီမျောက်တွေက ကျက်သရေတုန်းတယ်၊
ဟေ့သွား.. သွားစမ်း….

” …မျောက်တွေကိုသွားမောင်းမနေနဲ့ သာဝရယ်
ဒီကောင်တွေက လူတွေဘာလုပ်လဲ အားကြီး
စပ်စုတဲ့ကောင်တွေ ထားလိုက်စမ်းပါ…”

” တော်တော်ဆိုးတဲ့အကောင်တွေ သေနတ်နဲ့
ပစ်လိုက်စမ်းပါကိုကြီးရာ မှတ်လောက်သားလောက်
ရှိသွားအောင်…”

” ကျွန်ပ်မှ မျောက်ကိုမသတ်တာ သာဝရာ
စိတ်ထဲထားမနေပါနဲ့ ထမင်းစားစရာရှိတာစားပါ… ”

ကျွန်ပ်နဲ့သာဝထမင်းစားနေချိန်တွင်မျောက်တအုပ်မှာ အနီးအနားသစ်ပင်များသို့ရောက်လာပြီး စူးစမ်းဟန်ကြည့်ရင်းတကွီးကွီး အသံပြုရင်း အော်ဟစ်
နေကြရာ သာဝက ဒေါသဖြစ်လာဟန်ဖြင့် ထမင်းစား
ရပ်၍ ခဲဖြင့်လှမ်းပေါက်ရာ ခဲလုံးလွတ်ရာသစ်ပင်မြင့်
ကြီးများပေါ်တက်ပြေးသွားကြသည် ။

သာဝမှာလက်ပြန်ဆေး၍ထမင်းစားရန်ပြင်နေချိန်
မျောက်များမှာလူနဲ့မနီးမဝေးသစ်ကိုင်းများသို့ရောက်
လာသောကြောင့်သာဝမှ ခဲဖြင့်ထပ်ပေါက်ရန်ပြုနေသောကြောင့်မနေသာပဲတားမြစ်လိုက်ရသည် ။

” ဒီမျောက်တွေက လွန်ကိုလွန်ပါတယ်
လူကိုလည်းမကြောက်မလန့်နဲ့ စိတ်တိုဖို့ကောင်းလိုက်တာဗျာ…”

” ချားဒါဝင် အဆိုစကားရှိတယ်ကွ
လူဆိုတာ မျောက်ကဆင်းသက်လာတာတဲ့ ။
ဒီစကားမှန်တယ်ပြောရမလား လူလုပ်တာလိုက်လုပ်
လို့ ရယ်ရခက်ငိုရခက်ဇာတ်လမ်းတွေရှိတယ်…”

” ဘယ်လိုဇာတ်လမ်းမျိုးတွေလဲကိုကြီးဖိုးတေ
ပြောပြပါလား… ”

” ဒီအတိုင်းမရဘူးကွာ ၊ဇက်ကြောလေးဘာလေး
ဆွဲပေးရမယ်.. အဲတာဆိုရင်ပြောပြမယ်…”

” ဇာတ်လမ်းမပြောပြလည်း နှိပ်ပေးနင်းပေးနေကျပဲဟာ အထူးအဆန်းလုပ်လို့ …”

စားသောက်ပြီးချိန်အထိအနားပတ်လည်တွင်
ရှိနေသော မျောက်များကိုကြည့်၍ ဒေါပွနေသော
သာဝကိုကြည့်၍ ကျွန်ပ်မှာ ကြားဖူးထားသော
မျောက်များနဲပတ်သက်သော အကြောင်းအရာများကို
သတိရလာမိသည် ။

သာဝက ကျွန်ပ်ကိုဇက်ကြောဆွဲပေးနေချိန်မှာ
ကျွန်ပ်ကြားဖူးထားသော မျောက်ဇာတ်လမ်းကိုပြော
ပြရန်အစချီလိုက်တော့သည် ။

ဦးဖိုးမောင်တို့သားအဖသုံးယောက်မှာအနောက်
ရိုးမတောတွင်းသို့လွှ ဆွဲရန် ရောက်နေကြသည် ။

အိမ်သုံး ပျဉ် ၊ သစ်လုံးများကိုငါးမန်းစွယ် လွှကြီး
များဖြင့်လိုအပ်သလိုခွဲခြမ်းဖြတ်တောက်ရန်ဖြစ်သည်။

လွှ ဆွဲခြင်းဆိုသည်မှာ လူတရပ်ကျော်မြင့်သော
လေးတိုင်စင်ပေါ်တွင် ခုတ်လှဲထားသော သစ်တုံးကြီး
တင်၍ လိုအပ်သလို ခွဲစိတ်ဖြတ်တောက်ရသည် ။

ထိုသို့လွှဆွဲရန်လူသုံးယောက်လို၏ ။

လွှဆရာသည် လွှဆွဲရာတွင်အခရာကျသူဖြစ်သည် ။

ခွဲစိတ်မည့်သစ်တုံးကို မီးသွေးစိမ်ထားသောကြိုးဖြင့်
သစ်တုံးပေါ် မျဉ်းတားအမှတ်အသားပြုပြီး လွဆရာက
မျဉ်းအတိုင်းအလိုက်သင့်လွှဆွဲ၍ရစေရန်ချိန်ပေးရသလို၊ လွှ မညှပ်စေရန် သစ်သား” သပ် ” တခုဖြင့်
ခွဲကြောင်းတလျှောက် ဆွဲလိုက် သပ်ကိုရွေ့ရိုက်လိုက်ဖြင့်လုပ်နေရသည် ။

စင်အောင်တွင်နှစ်ယောက်နေပြီး ထိုနှစ်ယောက်က
လွှ ဆရာတည့်ပေးထားသော လွှလမ်းကြောင်းအတိုင်းအလိုက်သင့်ဆွဲသွားရုံပင်ဖြစ်၏ ။

တနေကုန်တနေခန်း တရှဲရှဲတဟဲဟဲမြည်သံဖြင့်
လွှဆွဲအလုပ်ကပင်ပန်းသောအလုပ်ပင်ဖြစ်သည် ။

ဦးဖိုးမောင်မှာ ငယ်စဉ်လူပျိုပေါက်ကတည်းက လွှဆွဲလာသူဖြစ်၏ ။

မိသားစုကိုလည်း သူတတ်မြောက်ရာ လွှဆွဲ၍
ကျွေးမွေးလာရာ သားနှစ်ယောက်ပင်လူပျိုအရွယ်ရောက်လာကြပြီဖြစ်သည် ။

သားများအရွှယ်ရောက်သောအခါ တခြားသူများနဲ့
လွှမဆွဲ သားဖသုံးယောက် လွှတဆိုင်းထောင်၍
ဆွဲကြတော့သည် ။

သားဖသုံးယောက်မှာ တနေကုန်တနေခန်း
သစ်လုံးများခွဲစိတ်ဖြတ်တောက်နေကြရာ သူတို့ဘေး
ပတ်လည်တွင်မျောက်များက သူတို့သားအဖသုံးယောက်လုပ်ကိုင်နေသည်ကိုစူးစမ်း ကြည့်ရူနေကြသည် ။

လွှဆွဲနေသောနေရာမှာ
တောနက်ပိုင်းကျသည့်အရပ်၊ လူအရောက်နည်း
သောအရပ် မျောက်များပေါသော အရပ်ဖြစ်၏ ။

ညနေစောင်းသောအခါ လုပ်ငန်းသိမ်းဆည်း၍စခန်းချရာနေရာသို့ပြန်ခဲ့ကြသည် ။

ဦးဖိုးမောင်တို့သားအဖသုံးယောက်ထွက်သွားသည်
နဲ့မျောက်အုပ်မှာ လွှစင်ပေါ်သူ့ထက်ငါ အလုအယက်
တက်၍ကျန်နေရစ်ခဲ့ကြသည် ။

နောက်တနေ့မိုးလင်း၍ လွှစင်ရှိရာသို့လာကြရာ
လွှစင်နားသို့မရောက်မှီကပင်မျောက်များ၏ တကွီးကွီး
အော်မြည်သံများကြားနေကြရသည်။

ဦးဖိုးမောင်တို့သားအဖ လွှစင်နားရောက်သောအခါ
စင်ပေါ်တက်နေသော မျောက်အုပ်မှာ နီးစပ်ရာသစ်ပင်များပေါ်သို့ပြေးတက်သွားကြသည် ။

”…အဖေ…ဒီမျောက်က အတင့်ရဲလှချည်လား
အမယ် လူလာတာတောင်မပြေးဘူး…”

”…ဟုတ်ပါ့… လူကိုတောင် မျက်လုံးအပြူးသား
ထိုင်ကြည့်နေတယ်… ကဲကွာ….”

….ဝှီး….

…ဘုတ်….

” ဟေ့..ဟေ့..သားတို့မျောက်ကသေနေပြီထင်တယ်ကွ… မလူပ်ဘူး….”

တခြားသောမျောက်များအပင်ပေါ်တက်သွား
ကြသော်လည်း ခွဲလက်စ သစ်တုံးကြီးပေါ်တွင်
မျောက်ကြီးတကောင်က ဆောင့်ကြောင့်ထိုင်ကာ
မျက်လုံးအပြူးသားနဲ့သူတို့ကိုကြည့်နေရာ ၊ သားနှစ်ယောက်မှာ လူကိုမကြောက်သော မျောက်ကို အံ့သြ
စွာပြောဆိုရင်း သားငယ်ဖြစ်သူက မြေပေါ်မှလက်တဆုတ်စာ ခဲလုံးကိုကောက်၍ မျောက်ကြီးကို ပစ်ထည့်
လိုက်ရာ ခဲလုံးက မျောက်ရင်ဘတ်ကို အရှိန်ဖြင့်ထိမှန်သော်လည်း မျောက်ကြီးက မပြေး၊ ထိုင်ရက်သား
ရှိနေသောကြောင့် သေနေသောမျောက်ဖြစ်မှန်း ဦးဖိုး
မောင်ကသိလိုက်သောကြောင့်သားများကိုပြောလိုက်
သည် ။

ခွဲဖြတ်ဆဲသစ်တုံးပေါ်တွင်ဆောင့်ကြောင့်ထိုင်၍သေ
နေသောမျောက်သေကြီးကိုကြည့်ရင်းသားဖသုံးယောက်အံ့သြစွာဖြင့်အနားတိုးကပ်ကြည့်လိုက်ကြရာ
မျောက်ကြီးသေဆုံးရသောအကြောင်းအရင်းအမှန်
ိုသိလိုက်ရတော့သည်။

အကြောင်းမှာ လွှစင်ပေါ်မှဦးဖိုးမောင်က
လွှကြောင်းဆွဲရလွယ်စေရန်လွှဆွဲရာ သစ်တုံးကြား
သပ်ကို နူတ်လိုက်၊ရိုက်လိုက်တနေကုန်လုပ်နေခြင်းကို အပင်ပေါ်မှလူလုပ်သမျလိုက်ကြည့်နေသော
မျောက်များကမှတ်သားထားကြပြီး လူမရှိချိန်တွင် “သပ် “ကိုနူတ်လိုက်၊ပြန်ရိုက်သွင်းလိုက်လုပ်ရန်သပ်ကိုနူတ်ပုံရ၏ ။

ထိုသို့လုပ်ရန် သပ် ကိုနူတ်လိုက်ချိန်တွင်မျောက်ကြီး ဝှေးစေ့မှာ လွကြောင်းရာထဲဝင်နေရာ သပ်ကို
နူတ်လိုက်ချိန် ဝှေးစေ့ကို ညှပ်လိုက်သလိုဖြစ်သွားခြင်း
ကြောင့် မျောက်ကြီးသေသွားရခြင်းဖြစ်ပါတော့သည် ။

သားအဖသုံးယောက်မှာလည်း ရိက္ခာအခြောက်
များသာစားနေရသည်မှာကြာပြီမို့ ကြံကြံဖန်ဖန်
လာသေနေသော မျောက်ကို ခုတ်ထစ်ချက်ပြုတ်စား
သောက်လိုက်ကြတော့သည် ။

ဦးဖိုးမောင်တို့သားအဖများ သစ်ခွဲရာမှပြန်လာ၍
ရွာသို့ပြန်ရောက်သောအခါ ၊ သူတို့ကြုံတွေ့ခဲ့ရသော
မျောက်ကြီးဂွေးစေ့ သပ် ညှပ်၍သေသောအကြောင်းရွာသားများကိုပြောပြရာ ရွာသားများမှာ
ပထမအံ့သွကွ၏ ။

ပြီးနောက် ၊ပြုံး၊ ရယ် ကြကုန်တော့သည်။

….ဟား…ဟား…ဟား….ဟား……ဟား….

ကျွန်ပ်ပြောပြသော အဆော့မက်၍သေရသောမျောက်အကြောင်းနားထောင်၍ သာဝမှာ တဟားဟားအော်ရယ်နေရာ အပင်ပေါ်မှမျောက်များမှာ တကွီးကွီးအော်ရင်းကျွန်ပ်တို့ကို အထူးအဆန်းစိုက်ကြည့်
နေကြ၏။

”..တော်တော်ဆော့တဲ့မျောက်တွေ ဆော့စရာရှားလို့
သပ်ကိုသွားနူတ်ရတယ်လို့…. ”

” ဆော့တာတော့ ပြောမနေနဲ့ကွာ တချို့ဆို တောထဲမှာ လူမရှိပါဘူးဆိုပြီး ပုဆိုးလေးချွတ် ၊အကျီလေး
ချွတ်ပြီးရေချိုးမိပါတယ် ။

ဘယ်အချိန်ကတည်းက လူအလစ်ချောင်းနေတဲ့
မျောက်တွေလဲမသိပါဘူးရောက်လာပြီး ၊ ပုဆိုးအင်
ကျီတွေယူပြေးပြီး သူထက်ငါ အလုအယက်လူဝတ်
သလိုဝတ်မယ်လုပ်ကြတာ ပုဆိုးတွေ အင်ကျီတွေက
အစိတ်စိတ်အမွှာမွှာ ဖြစ်ပါလေရော ၊ မျောက်တွေကိုယ်မှာတော့ ပုဆိုးစ အင်ကျီစလေးတွေပတ်ပြီးတော့ပေါ့…။

လူကတော့ ဒုက္ခရောက်ပါလေရော ပုဆိုးမရှိ၊
အင်ကျီမရှိတော့ ရွာထဲလည်းဝင်မရတော့ ညနေမိုးချုပ်အထိစောင့်ပြီးဝင်ရပါလေရော.. မျောက်တွေက
အဲလောက်ဆော့တာမျိုးကွ….”

”…ဟား..ဟား….ဟား….ဟား…..တော်တော်ဆိုးတဲ့ကောင်တွေပဲ…”

” …ဖြည်းဖြည်းရယ်ပါကွ တောထဲတောင်ထဲ… ”

”….အင်ကျီ၊ပုဆိုးမရှိတဲ့ လူရဲ့ ဒုက္ခကိုတွေးပြီး
ရယ်ချင်လာလို့ပါ အတော်ဆိုးတဲ့မျောက်တွေ
အဲလူကတော့ မျောက်ကို အတော်ဒေါသဖြစ်နေမှာပဲ… ”

”…အဲတာထက် ထူးဆန်းတာပြောပြမယ့် ဇာတ်လမ်း
တပုတ်ရှိသေးတယ်ကွ… ”

” မျောက်အကြောင်းလား ဆက်ပါအုံး ကိုကြီးဖိုးတေရ…”

ကျွန်ပ်တို့ဆရာတပည့်မှာ အမဲမပစ်နိူင်ပဲ
အေးမြသောအရိပ်အောက်တွင် ထိုင်ရင်းစကားစ
မပြတ်နိူင်ပဲရှိနေသည် ။

ကျွန်ပ်ပြောပြသော မျောက်ဇာတ်လမ်းကိုနားထောင်၍ သာဝတယောက် အတောမသတ်ရယ်မောနေသည် ။

ကျွန်ပ်လည်း အမဲပစ်ရန်ခပ်ပျင်းပျင်းရှိနေသည်မို့
တခြားမျောက်ဇာတ်လမ်းတပုတ်ကိုပြောပြရန်
ဇာတ်လမ်းအစချီလိုက်ပြန်၏ ။

စပါးများရင့်မှည့်၍ ရိတ်သိမ်းပြီးသောအခါ ကောက်လိူင်းများကိုစုပုံ နည်းနည်းစီဖြန့်ခင်းကာ ထိုအပေါ်တွင်
နွားသုံးလေးကောင်ကိုတက်နင်းစေ၍ စပါးနယ်ရသည်။

တပိုးတွဲထားသောနွားများကို လူတယောက်က
ထိန်းကိုင်ရင်း ကောင်လိူင်းများပေါ်နေရာလပ်မကျန်
နင်းနေချိန်တွင် တခြားတယောက်မှ ကောက်ဆွတလက်ဖြင့် စပါးပင်များကိုအထက်အောက်လှန်လှော၍
စပါးပင်မှစပါးကြွေစေရန်၊ စပါးနှံတွင်
အသီးမကျန်စေရန်နွားခွာဖြင့်စပါးထိစေရန်ပြုလုပ်
ပေး၍ အသီးချွေရသည် ။

ဦးထွန်းကြည်တို့လင်မယားမှာ လူပိုမရှိသော
ကြောင့်စပါးလိူင်းပေါ်မိန်းမကနွားဖြင့်လှည့်ပတ်၍
စပါးချွေနေချိန် ဦးထွန်းကြည်က ကောက်ဆွတလက်ဖြင့် စပါးပင်များပိကပ်မနေစေရန် ကောက်ဆွတလက်
ဖြင့်လှန်လှောပေးနေ၏ ။

စပါးနယ်ရန်နေရာ တလင်းပြင်ကိုလယ်ကွက်တခုတွင်ရိုးပြတ်များ ခုတ်ထွင်ရှင်းလင်း၍ မြေသားညီစေရန်ပြုပြင်ကာ ထိုမြေသားကို နွားချေးစိမ်းကိုရေပြစ်ပြစ်
နဲ့ဖျော်၍သုတ်လိမ်းထားလိုက်သည် ။

နွားချေးများခြောက်သွားသောအခါမြေပြင်မှာ
တင်းရင်းမာကျောသွားပြီး အင်္ဂတေကိုင်ထားသည်အ
လားရှိနေပါတော့သည် ။

ထိုမြေပေါ်တွင် အရိပ်ရစေရန်အမိုးကာများပြုလုပ်ပြီးချွေမည့်စပါးလိူင်းများချ၍ စပါးချွေခြင်းဖြစ်သည်။

ဦးထွန်းကြည်တို့လယ်မှာ ရွာနဲ့အတန်လှမ်းသော
ရိုးမတောင်ခြေဘေးမှတောင်လယ်ဖြစ်သည် ။

လင်မယားနှစ်ယောက်စပါးချွေနေချိန်တွင်မျောက်များမှာ စပါးချွေနယ်သောနေရာနဲ့ အနီးဆုံးသစ်ပင်
ပင်များပေါ်ရောက်လာပြီး တကွီးကွီးအော်ရင်းစူးစမ်း
ဟန်ကြည့်နေကြသည် ။

မနက်စောစောထမင်းချက်ပြုတ်စားသောက်ပြီး
စပါးချွေနယ်ကြရာမှ နေ့လည်ပိုင်းတွင်နွားစာကျွေး၊
နွားရေတိုက်အတွက်နားကြပြီး နေ့လည်စာစားသောက်ပြီးသောအခါစပါးထပ်ချွေကြပြန်၏ ။

ညနေစောင်းလေးနာရီခန့်အချိန်တွင်နွားများကို
ဖြုတ်၍ ခြေဆန့်လက်ဆန့်ဖြစ်စေရန်လွတ်ထားလိုက်
ပြီး လူများမှာရေမိုးချိုးစားသောက်ပြီး မိုးစုန်းစုန်း
ချုပ်သွားတော့သည် ။

လယ်က စပါးတင်းနှစ်ရာကျော်ထွက်သည်မို့အနည်းဆုံး တပတ်ခန့်အသီးချွေရမည်ဖြစ်ရာလင်မယား
နှစ်ယောက်မှာလယ်တဲဝင်နေကြခြင်းဖြစ်သည် ။

ညရှစ်နာရီခန့်တွင်လင်မယားနှစ်ယောက်အိပ်ယာဝင်ကြရင်း နှစ်ခြိုက်စွာအိပ်မောကျနေကြတော့သည် ။

တနေကုန်ပင်ပန်းထားသောအရှိန်ဖြင့် အိပ်မောကျနေရာမှ ညနက်သန်းခေါင်အချိန်တွင် ဦးထွန်းကြည်
နိူးလာ၏ ။

ဝမ်းဗိုက်က တရစ်ရစ်နာလျှက် ဝမ်းသွားလိုသော
ကြောင့်နိူးလာခြင်းဖြစ်သည် ။

လတခြမ်းပဲ့အလင်းရောင်က ထိန်လင်းစွာရှိနေသောကြောင့် တဲနဲ့ အတန်ငယ်လှမ်းသော လယ်ကွက်မှ ကန်သင်း ပေါ်ထိုင်၍ လေတဖြူးဖြူးဖြင့် ကိစ္စ
ဝိစ္စရှင်းပြီး စပါးချွေရာဖက်သို့ ကြည့်လိုက်မိချိန်တွင်
မျက်လုံးများပြူးကျယ်သွားကာ ရင်ထဲထိတ်ခနဲ ခုန်သွားရပါတော့သည် ။

သူတို့စပါးချွေသောနေရာလူပ်ရှားနေသူများကို
လရောင်အောက်တွင်တွေ့လိုက်ရသောကြောင့်ပင်
ဖြစ်သည် ။

စပါးခိုးသူများရောက်နေခြင်းလားဟုတွေးပြီး
စိတ်ပူ၊ရင်ထိတ်မိခြင်းပင် ။

နေပူ၊မိုးရွာမရှောင်နွားနဲ့ ဖက်ရုန်းထားသော
စပါးများကို လာခိုးသူရှိနေပြီဆိုသောအသိကြောင့်
မခံချင်စိတ် ဒေါသစိတ်များ ရုန်းကြွလာရင်း
တဲအနီး အမြန်သွားပြီး တဲခေါင်းရင်းနံရံတွင်ထောင်
ထားသော ” လှံ ” ကိုယူ၍ စပါးချွေရာနေရာသို့ချည်း
ကပ်လာခဲ့တော့သည် ။

မချွေရသေးသောကောက်ပုံများကိုရွေ့ပြောင်း
နေသူ စုပုံနေသူများမှာ အဝေးမှလှမ်းကြည့်ရာ
သေးသေးကွေးကွေးဖြစ်နေသောကြောင့် ကျောထဲ
စိမ့်ကနဲဖြစ်သွားမိသည် ။

လယ်အထက်တောင်ပေါ်တွင် ရွာဟောင်းတခု
ကရှိနေပြီး သင်းချိုင်းဟောင်းလည်းရှိရာ သရဲခြောက်သည်ဟုနာမည်ကြီးရာ ယခုသူ့စပါးချွေသော
နေရာတွင်တွေ့နေရသူများမှာ သရဲတစ္ဆေ၊ မှင်စာများ
လားဟူ၍ စိတ်အတွင်းထင်မှတ်သောကြောင့် ကြောက်စိတ်အနည်းငယ်ဝင်သွားမိခြင်းဖြစ်သည် ။

ကြောက်စိတ်ဖြင့် ဦးထွန်းကြည်တွေဝေနေစဉ်၊
ထူးဆန်းသော မြင်ကွင်းတခုကြောင့် ပါးစပ်အဟောင်း
သားဖြစ်သွားရပါတော့သည် ။

ပုပုသေးသေးအကောင်များမှာ စုပုံထားသော
စပါးပုံပေါ်တက်၍ ဝါးပိုးဝါးဖြင့်ပြုလုပ်ထားသော
နွားထမ်းပိုးကို သုံးလေးယောက်စုထမ်း၍ နောက်မှတယောက်က တုတ်တချောင်းဖြင့်လိုက်ကာ နွားဖြင့်
စပါးချွေသလို လုပ်နေကြခြင်းပင်ဖြစ်၏ ။

ဦးထွန်းကြည်တယောက် ကြောက်စိတ်ကဝက်၊
အံ့သြစိတ်က တဝက်ဖြင့် ပုံထားသော ကောက်လိူင်း
ပုံများကို ကွယ်၍ ထိုသူများနဲ့ နီးကပ်နိူင်သမျနီးကပ်စေရန်အနီးသို့တိုးကပ်ကြည့်သောအခါမှ အဖြစ်မှန်ကို
သိသွားကာ မပြုံးပဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့
သည် ။

သူတွေ့လိုက်ရသောအရာမှာကား မျောက်ဖင်နီ(ဒေသအခေါ် ခွေးနီးပါးခန့်ရှိ)မျောက်တအုပ်မှာ နေ့လည်ပိုင်း ဦးထွန်းကြည်တို့ စပါးချွေနေသည်ကိုကြည့်၍
ညပိုင်းလူခြေတိတ်ချိန်တွင် လူများစပါးခြွေသလို
ရှေ့မှမျောက်သုံးလေးကောင်က နွားလုပ်၍ နောက်မှ
မျောက်တကောင်က နွားများကိုထိန်းသောလူနေရာမှ
နေကာ စပါးချွေနေကြခြင်းပင်။

နောက်မှမျောက်မှာ သူ့မိန်းမဆောင်းသော
ခမောက်အစုတ်ကိုပင်ဆောင်းထားသေးသည် ။

ဦးထွန်းကြည်၏ ရယ်သံကြောင့်မျောက်များမှာ
လန့်ဖျတ်၍ ခြေဦးတည့်ရာပြေးလွှားကုန်ကြတော့သည် ။

” ….ဟား..ဟား…ဟား…ဟား…

အတော်ဆိုးတဲ့မျောက်တွေပါလား…”

ကျွန်ပ်မှာ လူကြီးသူမများထံမှနားထောင်ဖူးသော
မျောက်နဲ့ပတ်သက်သော ဇာတ်လမ်းများ သာဝကိုပြောပြရာ သာဝတယောက် ပါးစပ်မစေ့နိူင်ရယ်မော
လျှက်ရှိနေပါတော့သည် ။

ညနေစောင်းလေပေါက်ချိန်လည်းရောက်ပြီမို့
ကျွန်ပ်မှာ ရေသောက်ဆင်းမည့် သားကောင်များပစ်
ခတ်ရန်တောညိုကြီး အတွင်းပိုင်းမှ ရေကန်ကြီးရှိရာ
ဦးတည်လာခဲ့ကြ၏ ။

တောင်ကြောရေထွက်ပေါက်များမှ ရေများဖြင့်
အိုင်ထွန်းနေသော ရေကန်ကြီးမှာ ယခုလိုနွေကာလမှာပင် ရေခန်းမသွားပဲ ရေများရှိနေသည် ။

ကန်ဘေးပတ်လည်တွင်သစ်ပင်ကြီးများက
ရေကန်ကို အုပ်မိုးလျှက် ရှိနေကြ၏ ။

နွေရာသီကာလရေရှားချိန် များတွင် ယခုကန်သို့ သားကောင်များ ရေသောက်ရန်လာလေ့ရှိရာ စောင့်ပစ်ရန်တွေးထားခြင်းဖြစ်သည် ။

ကျေးငှက်သာရကာလေးများနဲ့ တိရိစ္ဆာန်ပေါင်းစုံ
ရေကန်ကြီးအတွင်းရေလာသောက်ရာမှ ကျွန်ပ်မှာ
ဆူဖြိုးလှသော ဆတ်ဖားကြီးတကောင်နဲ့ ချေ တကောင်ပစ်ခတ်ရရှိ၏ ။

ရရှိလာသော သားကောင်များကို ကျွန်ပ်တို့နေ့လည်ထိုင်စကားပြောသောနေရာတွင်သယ်လာကြသည်။

ရရှိလာသောသားကောင်များကို ရှေးဦးစွာတော
မြှောက်ခြင်းပြုသည်။

တနယ်နဲ့တနယ် တောတင်မြောက်ပုံခြင်းကား
မတူနိူင်ပေ ။
ကျွန်ပ်တို့ဒေသတွင် တောတင်မြှောက်ခြင်းမှာကား
နားရွက်ထိပ်၊ ခွာထိပ် ၊ဂျိုထိပ် စသောနေရာများကို
စတိသဘော လှီးဖြတ်ပြီး သစ်ရွက်တရွက်တွင်ထည့်
ပြီးသစ်ပင်ခွကြားများတွင်တင်၍ တောပိုင်၊တောင်ပိုင်
များကို အဦးအဖျားတင်မြောက်ကြောင်း ပြောဆို
တင်မြောက်ခြင်းဖြစ်သည် ။

ကျွန်ပ်တို့နှစ်ယောက်လုံးမှာ အမဲဖျက်ခြင်းကို
ကျင့်သားရနေကြပြီမို့ တနာရီခွဲခန့်အချိန်တွင် ခုတ်ထစ်ပြီးစီးသွားတော့သည် ။

ခုတ်ထစ်ပြီးချိန်တွင် အနားမယူအားသေးပဲ
ထင်းခြောက်များ ရသလောက်ရှာဖွေရန် သာဝအား
ခိုင်းထားရသလို ကျွန်ပ်ကလည်း ဝါးပင်များခုတ်၍
သုံးတောင်ခန့်အမြင့် လေးတိုင်စင်တခုဆောက်ပြီး
လျှင်အောက်မှ ထင်းထည့်၍ မီးမွေးထားသည် ။

အသားကြပ်တိုက်ရန် မီးတောက်မလိုပဲ မီးခဲအရှိန်
လိုသောကြောင့် သစ်တုံးခြောက်ခပ်ကြီးကြီးများ
ထည့်ရ၏ ။

သစ်တုံးကြီးများမှသာ မီးခဲများကျနိူင်ပြီး အသား
ကင်ရန်အနေတော်ဖြစ်ချိန်မှ ခုတ်လှီးထားသော
အသားများကိုစင်ပေါ်တင်၍ အပေါ်အောက်လှန်ကာ
ကင်ပေးနေရသည် ။

” သာဝရေ မနက်စောစော အသားကျက်ချိန်လောက်ပြန်ကြမယ် ၊ ခုညမအိပ်လို့ဖြစ်တယ်မဟုတ်လား။
အသားကင်အနံ့ကြောင့် တခြားတောကောင်တွေ
လာနိူင်တယ် ဒီတော့ ဒီနေရာ ဘေးပတ်လည်မှာ
မီးပုံသုံးလေးပုံ ဖိုထားပြီး ထင်းမပြတ်တမ်းထည့်ထား
ရမယ်… ”

” ကျွန်တော်ဆက်လုပ်လိုက်မယ် ကိုကြီးဖိုးတေ
ရေချိုးလိုက်လေ ပူအိုက်နေရောပေါ့….”

ကျွန်ပ်မှာ သာဝကိုမှာစရာရှိသည်ကိုမှာပြီး
စောင်းချောင်းတွင် ရေစိမ်ချိုးလိုက်သည် ။

တနေကုန်ပူအိုက်၍ချွေးများနဲ့စိုကပ်နေရာ အေးမြသောစမ်းရေကြောင့်လူက လန်းဆန်းသွားရတော့၏ ။

ကျွန်ပ်ရေချိုးပြီးချိန်တွင် သာဝကိုရေချိုးခိုင်းလိုက်
သည် ။

နွေရာသီမို့ သစ်ကိုင်းခြောက်၊သစ်ပင်ခြောက်များကို
ဝေးဝေးလံလံရှာစရာမလိုပဲ အနီးဝန်းကျင်မှာပင်အလွယ်တကူရနိူင်သောကြောင့် ထင်းခြောက်များကိုသာဝက တပုံတပင်စုပုံထားသည်ကိုတွေ့ရသည် ။

ကျွန်ပ်တို့ဆရာတပည့်နှယောက်မှာ ညစာချက်မနေကြတော့ပဲ ဆတ်၊ချေ အသဲ အမြစ် တို့ကိုဆားပွတ်
ဖုတ်ကင်၍ ရေနွေးကြမ်းသောက်ကာ ညစာဖြည့်တင်း
လိုက်ကြသည် ။

ညသည်မှောင်သထက်မှောင်မဲလာပြီဖြစ်၏ ။

အိပ်တန်းတက်ကျေးငှက်တို့အော်မြည်သံ၊ မျောက်များအော်သံ၊ ချေဟောက်သံများ အစပထမမှောင်စ
တွင်ကြားနေရသော်လည်း တဖြည်းဖြည်းအသံများတိတ်ဆိတ်လာပါတော့သည် ။

အသားများမှ အဆီများများက မီးခဲများအပေါ်ပြုတ်
ကျရာ ရှဲခနဲမြည်သံနဲ့အတူ အသားညှော်နံ့က မီးခိုးငွေ့
များနဲ့အတူ ပတ်ဝန်းကျင်တွင် လွှမ်းခြုံလျှက်ရှိနေသည် ။

ကျွန်ပ်တို့ဘေးပတ်လည်တွင် သစ်တုံးကြီးများဖြင့်
ဖိုထားသော မီးပုံကြီးလေးပုံရှိနေပါသည် ။

အသားညှော်နံ့ကြောင့်တောတိရိစ္ဆာန်များရောက်
လာနိူင်သော်လည်းတောနေသတ္တဝါများမှာ မီးကို
ကြောက်လန့်သောကြောင့် အနားကပ်ရဲကြမည်မဟုတ်ပေ။

ရိုးမတောမို့ နွေပင်ဖြစ်စေကာမူ၊ညပိုင်းတွင်
အေးစိမ့်လာသော်လည်း ကျွန်ပ်တို့မှာ အသားများ
အထက်အောက် အကျက်ညီစေရန်လှန်လှောပေးခြင်း
ထင်းမီးလျော့လာချိန်တွင်မီးထပ်ထည့်ပေးခြင်းကိုပြု
လုပ်နေရသောကြောင့် အအေးဒဏ်ကိုမခံစားမိပေ။

ကျွန်ပ်နဲ့သာဝမှာ
ခုတ်ထစ်လာသောဝါးများကို ခုတ်ထစ်စိတ်ဖြာ၍
ခြင်းကျားကြီးတယောက်တလုံးယက်နေကြသည် ။

ကျက်သွားသော အသားများကို ခြင်းကျားတွင်
ထည့်၍သယ်ရန်ယက်နေကြခြင်းဖြစ်၏ ။

စကားတပြောပြောဖြင့် လုပ်စရာရှိသည်များ
လုပ်နေကြရင်း သန်းခေါင်ယံအချိန်သို့ ရောက်မှန်း
မသိရောက်လာပါတော့သည် ။

”…ကိုကြီး…ကိုကြီး…ဟိုမှာ ဘာကောင်ကြီး
တွေလဲမသိဘူး….”

ပြီးခါနီးခြင်းကျားကြီးလက်စသတ်နေသော
ကျွန်ပ်မှာ သာဝအပြောကြောင့် ဆတ်ခနဲခေါင်းမော့
၍လက်က သေနတ်ကိုအလိုလိုဆုတ်ကိုင်ထားပြီး
ဖြစ်နေသည် ။

နီနီရဲရဲ မျက်လုံးကြီးနှလုံးက လက်နှိပ်ဓတ်မီး
နှစ်လက်ထွန်းထားသည်အလားအရောင်ထွက်နေသောအကောင်ကြီးတကောင်က ခပ်လှမ်းလှမ်း
တွင်ရှိသည် ။

…ဟာ…ကင်းခြေများ ကောင်ကြီးပဲ နည်းနည်း
နောနော အကောင်ကြီးလား…

…မကြောက်နဲ့သာဝ ဒီကောင်ကြီး မီးရောင်တွေရှိနေလို့မလာရဲဘူး မီးပုံတွေကိုသာ မီးမပြတ်တမ်းထည့်ထား….

အုန်းပင်၏ ပင်စည်လုံးအရွယ်ခန့်ရှိ ကင်းခြေများ
မှာအသားညှော်နံ့ရသောကြောင့် ရောက်လာခြင်းဖြစ်ဟန်တူသည်။

မီးပုံရှိလေးပုံက အရပ်လေးမျက်နှာ အရှိန်ပြင်းစွာ
ရှိနေသောကြောင့်ရှေ့မတိုးရဲပဲ လှည့်ပတ်နေရင်း
နောက်ဆုံးလက်လျော့ကာ တောတွင်းဝင်ရောက်ပျောက်ကွယ်သွားသည် ။

ကင်းခြေများထွက်သွားပြီးများမကြာမှီအချိန်မှာပင်၊
အနံ့ခံအလွန်ကောင်းသောတောခွေးများရောက်လာကြ၏ ။
လူရှိနေသည့်အပြင် မီးကိုမဖြတ်ကျော်ရဲသော
ကြောင့် လက်လျော့ပြန်သွားကြပြန်သည် ။

…ကွီး….ကွီး….ကွီး…

..ဟာ ဒီမျောက်တွေက ဒီအချိန်ထိမအိပ်ကြသေးဘူးလားမသိဘူး…

.”..ဒီလိုရှိတယ် သာဝရ မျောက်တွေမှာ အလေ့အကျင့်
တခုရှိတယ် ၊ ညအိပ်ချိန်ရောက်တိုင်းတနာရီလောက်ကြာရင်တခါ မျောက်တကောင်ကမြေကြီးပေါ်ဆင်း
လာပြီး မြေကြီးရှိမရှိ စမ်းလေ့ရှိကြတယ်။

အဖွဲ့ထဲကတကောင်စီအလှည့်ကျဆင်းစမ်းကြည့်ကြတာပေါ့…”

”..အဆန်းပါလား ဘာလို့မြေကြီးကိုစမ်းကြည့်ကြတာလဲ ကိုကြီးဖိုးတေ၊ ”

” မပြောတတ်ပါဘူးကွာ ၊ ငါထင်တာက အပင်ပေါ်
နေကြတဲ့ကောင်တွေဆိုတော့ ညမှောင်ချိန်မြေကြီး
ကိုမမြင်ရတော့ ရှိမရှိဆင်းစမ်းနေကြတာလားမဆို
နိူင်ပါဘူး….”

ခပ်လှမ်းလှမ်းတောအုပ်ဆီမှမျောက်များဆူဆူညံ့ညံ့
အော်ဟစ်သံကြောင့် သာဝကို ကျွန်ပ်က မျောက်များ
၏ထူးဆန်းသော အမူအကျင့်တခုကိုရှင်းပြလိုက်ခြင်း
ဖြစ်သည် ။

” ကိုကြီးဖိုးတေ… ဟိုမှာ.. ဟိုမှာတွေ့လား….”

” တိတ်တိတ်နေသာဝ ၊ ငါခွင့်ပြုချက်မရပဲ ဘာမှမလုပ်နဲ့ ၊ ဘာမှလည်းမပြောနဲ့နော်… ။..”

ကျွန်ပ်က သာဝကိုမျောက်အကြောင်းရှင်းပြနေချိန်
ကျွန်ပ်တို့အနီးမီးပုံရှေ့သို့ ရောက်လာသူများကြောင့်
သာဝကို ကြိုတင်၍ သတိပေးစရာများကြိုတင်သတိ
ပေးထားလိုက်ရ၏ ။

ရောက်လာကြသူများမှာ ဖြူဖြူဝဝကြည်ညိုဖွယ်ရာ
ရုပ်သွင်ဖြင့် သင်္ကန်းရုံထားသော ဘုန်းတော်ကြီး
တပါးနဲ့ ပိန်ကပ်ကပ်မဲနက်နက် အသားအရေရှိသော
ဘုန်းတော်ကြီးနောက်လိုက် ကပ္ပိယတယောက်တို့
ဖြစ်ကြသည် ။

” ..ဒကာကြီးတို့က မုဆိုးတွေလား အသားညှော်
နံ့ရတော့ အသားလေး ဘာလေးအလှူခံရအောင်
ရောက်လာတာပဲ ဒကာကြီး…”

” အရှင်ဘုရားက ဘယ်အရပ်မှာ သီတင်းသုံးပြီး
ဘယ်အရပ်ကိုကြွမှာလဲဘုရား ၊ ညကြီးအချိန်လင့်
နေပြီမို့ ခုလိုတောထဲလျှောက်သွားနေတာ အန္တရယ်
များပါတယ်…. ”

” မုဆိုးဖြစ်တဲ့ ဒကာကြီးက လက်နက်ကိုအားကိုး
အားထားပြုတယ် ၊ တိရိစ္ဆာန်တွေကျတော့ သွား၊လက်သည်း၊ခြေသည်းကို အားကိုးတတ်ကြတယ်။
ဘုန်းကြီးတို့မှာ လက်နက်က မေတ္တာလက်နက်
ရှိတာမို့ မေတ္တာပို့သပြီးသွားလာနေတော့ ဘေးမတွေ့
ပါတယ် ။

ဘုန်းကြီးတို့နေတာက ဟိုးအရှေ့တောင်ရိုးလေးမှာ
ကျောင်းသင်္ကန်းဆောက်နေတာ ၊ လာတာကဒကာကြီးဆီလာတာပါပဲ ၊အသားလာ အလှူခံတာပါ… ”

” သတ္တာဝါတွေကိုမေတ္တာရှေ့ထားတဲ့ အရှင်ဘုရား
အသားစားတယ်ဆိုတော့ တပည့်တော်အံ့သြမိပါတယ်၊ …”

” ဘုန်းကြီးတို့ဟာလည်း ရဟန္တာအဆင့်မရောက်သေးပဲ သာမာန်ရဟန်းတော်အဆင့်မှာသာရှိသေးတာမို့
စိတ်သဘောဆန္ဒကိုမချိုးနှိမ်နိူင်သေးတာမို့ အသား
စားလိုစိတ်ရှိနေတာ မဆန်းပါဘူး ဒကာကြီး…”

” အရှင်ဘုရား အလိုရှိသမျအသား တပည့်တော်
လှူပါ့မယ် ၊ အထဲကြွလာပါဘုရား….”

ကျွန်ပ်နဲ့ ဘုန်းတော်ကြီးတို့စကားအပြန်အလှန်ပြောနေကြခြင်းပင်။
ကျွန်ပ်မှာ မုဆိုးအလုပ်မတတ်သာ၍လုပ်နေရသော်လည်းဘာသာရေးကို အပြည့်အဝမလုပ်နိူင်သော်လည်း သံဃာသူမြတ်များကို ရိုသေလေးစား၊
ရိုကျိုးစိတ်ရှိသူဖြစ်သည် ။

ညအချိန်တောကြီးမျက်မည်းတွင်အသားလာ၍
အလှူလာခံသော ဘုန်းကြီးကို စိတ်အတွင်းသံသယ
ဖြစ်မိသည်။
သို့ရာတွင်
သိလိုသည်များမေးမြန်းရာတွင်ရိုရိုသေသေမေးမြန်း
နေခြင်းဖြစ်သည် ။

ကျွန်ပ်က အသားလှူရန်ပင့်ဖိတ်ခြင်းကိုတုံဏှာဘာဝိ
နူတ်ဆိတ်လျှက်ရှိနေ၏ ။

” ဒကာကြီးတို့ မီးလင်းဖိုမီးအရောင်က ပူပါဘိနဲ့ကွယ်
ဒီကိုလာ လှူပါလား. ဒကာကြီး….”

” အကယ်၍ အရှင်ဘုရား တပည့်တော်တို့ဆီ
အလှူလာမခံနိူင်ရင် အရှင်ဘုရားရဲ့ ဒကာ ကပ္ပိယကို
လွတ်လိုက်ပါဘုရား…၊ ဒီလိုမှမဟုတ်ရင်တပည့်တော်တို့မလှူနိူင်ကြောင်းပါ….”

ကျွန်ပ်စကားကြောင့်ဘုန်းကြီးနဲ့ ကပ္ပိယကြီးမှာ
တိုးတိုးကြိတ်၍ စကားပြောဆိုနေကြသည် ။

ကပ္ပိယကြီးကခေါင်းတယမ်းယမ်းရှိနေသောကြောင့်ငြင်းဆန်နေဟန်တူ၏ ။

ဘုန်းတော်ကြီးမှကျွန်ပ်ကိုလာရောက်၍ အသားများ
လှူဒန်းခိုင်း၏ ။
ကျွန်ပ်က လာရောက်အလှူခံပါကလှူမည်ဖြစ်ကြောင်း၊ ကျွန်ပ်တို့သွား၍မလှူနိူင်ကြောင်း စကားကိုယတိ
ပြတ်ပြော၍ငြင်းဆန်ထားသည် ။

”..မောင်ပိန်.. ငါအသား စားချင်တယ် သွားယူလာ
ပေးစမ်း…”

….မဖြစ်…မဖြစ်ဘူးလေ..အရှင်ဘုရား…

…သွားယူဆိုယူစမ်းကွာ..

နောက်ဆုံး ကပ္ပိယကြီးမှာ ဘုန်းတော်ကြီးက
စကားသံခပ်ပြတ်ပြတ်ဖြင့်ပြောဆိုလာသောအခါ
မဝံ့မရဲခြေလှမ်းများဖြင့် ရှေ့သို့တိုးကပ်လာသည် ။

….အား…အား…အောင်မလေးဗျ….

….ဟင်.. ကိုကြီးဖိုးတေ.. ဟိုလူဘယ်လိုဖြစ်
သွားတာလဲ….

…အသာနေ သာဝ ငါပြောထားသလို ဘာမှမလုပ်ပဲ
အခြေအနေစောင့်ကြည့်နေ….

ကျွန်ပ်တို့ရှိရာလျှောက်လာသော ကပ္ပိယကြီးမှာ
မီးပုံနဲ့နီးလာသောအခါ တကိုယ်လုံးအသားများ
ရှေ့တိုးမရပဲ တကိုယ်လုံးပူလောင်ဟန်ဖြင့်နောက်
သို့ဆုတ်သွားပါတော့သည် ။

..အရှင်ဘုရားတို့ဟာ သာမာန်လူသားတွေမဟုတ်ဘူးဆိုတာ တပည့်တော် ရိပ်မိပါတယ် ၊
အသားစားချင်စိတ်ရှိရင်ပေးလိုက်ပါမယ် ၊ယူသွားကြပါ…..

ကျွန်ပ်မှာ အစကတည်းကပင်စိတ်အတွင်းမသင်္ကာ
သလိုရှိနေရာမှ ကပ္ပိယကြီး ကျွန်ပ်တို့အနားမလာနိူင်
သည်မို့ ပို၍သေချာသွားပါသည် ။

ကျွန်ပ်မှာ ကျက်စပြုနေပြီဖြစ်သောအသားနှစ်ပိသာခန့်ကို ဖက်ဖြင့်ထုတ်၍ လှမ်းပစ်ပေးလိုက်ရာ
ကပ္ပိယကြီးမှကောက်၍ ဘုန်းတော်ကြီးကိုသွား
ပေးနေသည်ကိုတွေ့ရသည် ။

ဘုန်းတော်ကြီးမှာ ကျွန်ပ်တို့ရှိရာသို့ကျေးဇူးတင်
ဟန်ဖြင့် လှမ်းကြည့်ရင်းခနမျရပ်နေသည် ။

…သတ္တဝါတိုင်းဟာ စွဲလမ်းမူကိုမပယ်ဖျက်နိူင်ကြဘူး
ဆိုပေမယ့် အစွဲအလန်းစိတ်တအားပြင်းထန်ရင်
အတတ်ကြူး အရူးဖြစ်ဆိုသလို ဖြစ်ကုန်ကြတော့
တာပါပဲ၊
ကျွန်ပ်လည်း ဒီလိုပါပဲ တောင်ပေါ်တောရကျောင်း
မှာဟေါဒီကပ္ပိယကြီးကိုအဖော်ပြုရင်းတရားအလုပ်
လုပ်နေချိန် ဆင်းရိုင်းအုပ်ဖြတ်ချိန်မှာ အသက်ဆုံး
ရူံးခဲ့ရတယ် ၊
ဘယ်လောက်ပဲတရားအလုပ် လုပ်နေပါစေ၊
သေချိန်မှာ တရားအသိပျောက်ခဲ့လို့ခုလိုမကောင်းတဲ့
ဘုံဘဝရောက်နေရတာပဲ…၊
ဘုန်းကြီးတို့စားချင်တဲ့အသားပေးတဲ့မုဆိုးကြီးတို့ကို
ကျေးဇူးတင်ပါတယ်.. ။..”

ဘုန်းတော်ကြီးကသူပြောလိုရာပြောပြီး ကပ္ပိယကြီး
ကိုအဖော်ပြု၍တောတွင်းအမှောင်ထုအတွင်းဝင်ရောက်ပျောက်ကွယ်သွားပါသည်။

ဘုန်းတော်ကြီးပြောသောစကားများကို ကျွန်ပ်အပြည့်အဝနားမလည်ပေ။

သို့ရာတွင် သေခါနီးစိတ်အစွဲကြောင့်မကျွတ်မလွတ်
သောဘဝရောက်နေမှန်းတော့သိလိုက်သည် ။

”…ဘုန်းကြီးလည်း သရဲရှိတာပဲ ကျောချမ်းစရာကြီး
ကိုကြီးဖိုးတေရာ… ”

”..အသားစားချင်လို့လာတောင်းရုံပါပဲ လူကိုအန္တရယ်
ပြုမယ့်သူတွေ ပရလောကသားတွေ မဟုတ်ပါဘူးကွာ၊ နောက်ပြီး ပရလောကသားဆိုတာ ဘုန်းကြီးလည်းရှိတာပါပဲ ၊ မင်းမကြားဖူးဘူးလား စကားပုံတခု
ရှိတယ် ၊ ကတုံးနဲ့ဆံထုံးက ငရဲမှာ အများဆုံးဆိုတာ..”

” အဲဒီစကားရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ
ကိုကြီးဖိုးတေ… ”

” မိန်းမနဲ့ ဘုန်းကြီးတွေကိုဆိုလိုတာ သာဝရ၊
ရဟန်းဝတ်ပေမယ့် ရဟန်းတို့စောင့်ထိန်းရမယ့်
ဝိနည်းသိက္ခာပုတ်ကိုမစောင့်ထိန်းရင် လူထက်ပို
အပြစ်ကြီးတာမို့ ငရဲမှာ ဘုန်းကြီးတွေအများဆုံးလို့
ဆိုလိုဟန်ရှိတယ် ။
မိန်းမတွေကျတော့ မနာလိုဝန်တိုစိတ်က အများ
သားမဟုတ်လား တခုမဟုတ်တခု အပြစ်ကျုးလွန်
နေကြတယ် ၊ ဒါကြောင့် အဲဒီဆိုလိုတာဖြစ်မယ်.. ၊
ငါစိတ်ထဲရှိသလို အနက်အဓိပ္ပါယ်ဖွင့်တာဆိုတော့
မှားတော့မှားနိူင်တယ် ၊ ငါကမုဆိုးဆိုတော့ ဘာသာ
ရေးအလှမ်းဝေးတယ်ပြောရမယ် ၊ တကယ်အကျယ်
တဝင့်သိချင်ရင်လူကြီးသူမတွေကို မေးစမ်းကြည့်
ပေါ့ကွာ….”

သာဝမှာ ပရလောကသား ဘုန်းကြီးနဲ့ ကပ္ပိယကိုတွေ့ခြင်းကြောင့်အနည်းငယ်ကြောက်လန့်နေဟန်
ရှိရာ ကျွန်ပ်က သာဝမကြောက်စေရန်ပြောပြနေခြင်း
ဖြစ်သည် ။

တညလုံးဟိုအကြောင်းဒီအကြောင်းပြောဆိုကြရင်း မိုးလည်းလင်းလာ၏ ။

နှစ်ယောက်သားကြပ်တိုက်ထားသော အသားများကို
ခြင်းကြားတွင်ထည့်ထမ်း၍ ရွာသို့ပြန်လာခဲ့ကြတော့သည်။

ကျွန်ပ်မှာ ပရလောကဘုန်းကြီးနဲ့ ယခုမှပထမဆုံး
အကြိမ်တွေ့ဖူးခြင်းဖြစ်သည် ။

ပရလောကသားဘုန်းကြီးကိုကြောက်စိတ်အလျှင်းမရှိပဲ သတိသံဝေဂတရား တခုရင်ထဲရောက်လာသလိုခံစားနေရမိပါတော့သည် ။

=============================

ပြီးပါပြီ

မြူခိုးအလင်္ကာ

စာရေးသူကိုလေးစားစွာဖြင့် Credit ပေးပါတယ်။

#တစ္ဆေမြို့တော်