ကြုံရဆုံရပရလောက(စ/ဆုံး)
—————————–
အချိန်ကာလအားဖြင့် ၁၉၉၀ခုနှစ်၀န်းကျင်ခန့်ကဖြစ်၏။
စိမ်းညှို့ညှို့ သစ်ပင်များဖြင့် အုံ့မှိုင်းနေသော တောင်တန်းကြီးသည် မြူနှင်းပဝါဖြူအား ရစ်သိုင်းခြုံထားလေသည်။
ထိုတောင်တန်းကြီးပေါ်၌ ငြိမ်သက်စွာအိပ်မောကျနေသော မြို့လေး၏ အမည်သည်ကာ ကမ္ဘာဇဌာနီဟု လူသိများသည် တောင်ကြီးမြို့လေးဖြစ်၏။
ထိုမြို့ေလးသည် အေးချမ်းသာယာကာ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု စသဖြင့် တိုင်းရင်းသားအများစုများနေထိုင်ရာမြို့လေးဖြစ်ကာ အပန်းဖြေမြို့တော်လေးအဖြစ်လဲ ထင်ရှား၏။
ဘုန်းမောင်သည် အင်းသားလူမျိုးဖြစ်ကာ အရပ်မြင့်မြင့်အသားဖြူဖြူနှင့် ဥပဓိရုပ်ကောင်းသူတစ်ယောက်မို့ မိန်းခလေးအများစုက သူ့အား မျက်နှာသာပေးကြလေ၏။
ဘုန်းမောင်၏ မိဘများကလည်း ငွေးကြေးချမ်းသာကြွယ်၀သည့်အလျှောက် သူတို့၏ သားအား ထိုစဉ်က ကြေးရတက်ရှင်များသာ စီးနိုင်သည့် ယမ်မဟာ ဆိုင်ကယ်အား ၀ယ်ပေးထားလေရာ ဘုန်းမောင်သည် အဆင်းဘီးတပ်သူကဲ့သို့ ဆိုင်ကယ်တစ်စီးဖြင့် နေရာအနှံ့ရောက်လေတော့သည်။
သူ၏ ဆိုင်ကယ်နောက်မှလဲ ကာလာစုံမိန်းမလှလေးများကလည်း လိုက်ပါတတ်ကြ၏။
ထိုသို့အချောအလှလေးများပါလျှင် ဘုန်းမောင်တစ်ယောက် ဆိုင်ကယ်အား လီဗာတင်ကာ အသားကုန်မောင်းနှင်လေ့ရှိသည်။
ထိုသို့မောင်းလျှင် မိန်းခလေးများက ပြုတ်ကျမည်စိုးသောကြောင့် သူ့ခါးအား တင်းကြပ်စွာ ဖက်ထားတတ်သည်ကို သိသောကြောင့်ဖြစ်သည်။
ထိုစဉ်အချိန်က တောင်ကြီးမြို့ အတက်လမ်းနှင့် အဆင်းလမ်းသည် တစ်လမ်းတည်းကိုသာ အသုံးပြုသေးကာ အေးသာယာမြို့သစ် တည်ခါစအချိန်လဲဖြစ်၏။
ဘုန်းမောင်၏ သူငယ်ချင်း ကျော်စိုးတို့မိသားစုသည် အေးသာယာမြို့သစ်သို့ ပြောင်းရွှေ့နေထိုင်ကြလေရာ ဘုန်းမောင်တစ်ယောက် တောင်ကြီးနှ့င်အေးသာယာအား အိမ်ဦးနှင့်ကြမ်းပြင်ကဲ့သို့ လူးလားခေါက်တုံ့သွားလာမောင်းနှင်လေတော့သည်။
ထိုနေ့ကိုတော့ ဘုန်းမောင်တစ်ယောက်မှတ်မိနေသေး၏။
ထိုနေ့သည်ကား ကျော်စိုး၏ မွေးနေ့မို့ အေးသာယာရှိ အသစ်ဖွင့်ထားသောဘီယာဆိုင်၌ စားသောက်နေကြ၏။
” မင်းဒီည ငါ့အိမ်မှာပဲ အိပ်ပါလား ငဘုန်း ”
” မရဘူးငစိုး ၊ အိမ်က ဘွားတော်က စိတ်အရမ်းပူတတ်တာ ခဏနေ မှောင်တာနဲ့ပြန်တော့မယ်၊ ဟိုနေ့ကလဲ ပစောက်ကွေ့နားမှာ ကားတစ်စီးမှောက်ထားသေးတာ ၊ ငါတော့ အဲ့ဒီနားရောက်ရင် အသားကုန်ပိတ်မောင်းတာ ကြောက်လို့ ”
” ဟ ခုမှ ခြောက်နာရီခွဲကျော်ကျော်ပဲရှိသေးတာလေ ၊ ပြန်တော့မို့လား ”
” ခြောက်နာရီခွဲသာပြောတယ် အပြင်လဲ ကြည့်လိုက်အုံး ၊ ဆောင်းခါမို့ အစောကြီးနေ၀င်သွားပြီ၊ ရာသီဥတုကလဲ အသည်းခိုက်အောင်အေးတာကွ ၊ ငါပြန်ရမှာက တောင်ပေါ်ကိုလေကွာ တော်ပြီ…ခုပဲပြန်တော့မယ်ကွာ ”
ပြောနေရင်းပင် ဘုန်းမာင်တစ်ယောက် လည်သာအင်္ကျီ၏ဇစ်အား လည်ပင်းထိဆွဲတင်ကာ ပြန်ရန်ထလိုက်လေတော့သည်။
ငစိုးလည်း သူငယ်ချင်းဖြစ်သူ ငဘုန်းအား တားလည်းရမည်မဟုတ်မှန်းသိ၍ မတားတော့ပဲ အခြားသူငယ်ချင်းများနှင့် စကားဆက်ပြောနေလေသည်။
ဘုန်းမောင်တစ်ယောက် ဆိုင်ကယ်စီးနေရင်း တောင်ကြီးတက်ရန် ထုံးဖိုနားအရောက်
လမ်းဘေးရှိသစ်ပင်ကြီးအောက်၌ အမျိုးသမီးတစ်ဦးသည် သူ၏ဆိုင်ကယ်အားလှမ်းတားလိုက်သည်မို့ ဆိုင်ကယ်အားရပ်ကာ
” ဘာလဲညီမ …”
” ဟိုလေ ….အရေးကြီးလို့ တောင်ကြီးကိုလမ်းကြုံလိုက်ချင်လို့ပါ ၊
ဒီအချိန်ကားကလဲ မရှိတော့ …”
ထိုမိန်းခလေးသည် မျက်လုံးမျက်ဖန်ကောင်း၍ မျက်နှာဝိုင်းကာ သူ၏ဆံနွယ်ရှည်များက တင်ပါးအထိ ဝဲကျနေ၏။
ဘုန်းမောင်သည် မိန်းခလေးအတွေ့အကြုံရှိသူပီပီ တစ်ချက်ပြုံးလိုက်ကာ
” တောင်ကြီးက ဘယ်နေရာကို ပို့ပေးရမှာလဲ ”
” ဩ တကူးတကတော့ ပို့ပေးစရာမလိုပါဘူး အစ်ကို၊ ရပခ ရှေ့မှာဆင်းမယ်လေ ”
“ဩ ဒါဆိုလဲတက်လေ လမ်းကြုံပါတယ်”
ဘုန်းမောင်စိတ်ထဲ၌ ထိုမိန်းခလေးသည် ရပခ စစ်တပ်ထဲကဖြစ်မည်ဟု ထင်လိုက်မိ၏။
” ညီမ သေချာကိုင်နော် ၊ အစ်ကိုက ဆိုင်ကယ်မောင်း နဲနဲကြမ်းတယ် ”
” ဟုတ်ရပါတယ် ၊ ဟိုလေ ဆိုင်ကယ်က မြင့်တော့ အစ်ကို့ခါးကို ဖက်ထားလို့ရလားဟင် ”
မိန်းခလေး၏ စကားကြောင့် ဘုန်းမောင် သဘောခွေ့သွားကာ
” ရပါတယ်ဗျား …ရပါတယ် “ဟု လှိုက်လှိုက်လှဲလှဲ ပြောမိလေသည်။
မိန်းခလေးဆိုင်ကယ်ပေါ်တက်သည်နှင့် ဘုန်းမောင်လဲ ဆိုင်ကယ်အားစတင်မောင်းနှင့်လေတော့သည်။
မိန်းခလေး၏ သူ၏ခါးအား တင်းကြပ်စွာဖက်ထား၏။
ပစောက်ကွေ့နေရာအနီးရောက်သောအခါ အပုတ်နံ့ကြီးသည် နှာ၀သို့တိုး၀င်လာသဖြင့်
” ဟင် နံလိုက်တာနော် ပုတ်စော်က ”
သူ၏စကားအား မိန်းခလေးသည် ပြန်မဖြေပေ။
ထိုစဉ် မိန်းခလေး၏ ဆံနွယ်များသည် သူ၏ရှေ့သို့ လွင့်ဝဲလာ၏။
” ဟင် ”
သူရုတ်တရက်လန့်သွား၏။
သူ၏ဆိုင်ကယ်မောင်းနှုန်းဖြင့် ဆံပင်များသည် အနောက်ဘက်သို့သာ လွင့်ဝဲ နေရမည်ဖြစ်သော်လည်း ဆံနွယ်များသည် လေကိုဆန်ကာ သူ၏ရှေ့ထိ လွင့်ဝဲနေခဲ့လေသည်။
သူ၏ခါးအားဖက်ထားသောလက်များသည် မြွေတစ်ကောင်ပမာရစ်ပတ်လာကာ အသက်ရှုများပင်ကြပ်လာ၏။
ကြောက်ကြောက်လန့်လန့်ဖြင့် စကားပင်မဆိုနိုင်တော့ပဲ ဆိုင်ကယ်အား လီဘာတင်မောင်းသော်လည်း သူ၏ရှေ့၌ ဆံနွယ်ရှည်များက လွင့်ဝဲနေဆဲ ၊
ထိုဆံနွယ်ရှည်ကြီးထဲမှ မိန်းမတစ်ယောက်၏မျက်နှာသည် သူ့အားအနီးကပ်စောင့်ငဲ့ကာ ကြည့်လာသည်မို့
” အား ….”
သူအထိတ်တလန့်အော်လိုက်၏။
” ဆင်းစမ်းကောင်မ ဆင်း ဆင်း ၊ သရဲမ ၊ ငါ့ဆိုင်ကယ်ပေါ်ကဆင်း ”
” သားလေး သားလေး သတိထားပါကွယ် ”
” သူဆိုင်ကယ်မှောက်ပြီး ခေါင်းထိထားလို့ ကယောင်ကတမ်းပြောနေတာနေမှာပါ ဒေါ်လေး ၊ တဖြည်းဖြည်းနဲ့ ပြန်ကောင်းသွားပါလိမ့်မယ် ”
လူအများက ဘုန်းမောင်တစ်ယောက် အရက်သောက်ကာ မူးပြီးဆိုင်ကယ်မောင်းရင်း ဆိုင်ကယ်မှောက်၍ခေါင်းထိသွားသဖြင့် ခပ်ကြောင်ကြောင်ဖြစ်သွားသည်ဟု ထင်ကြလေသည်။
သူကြုံခဲ့ရသည့် အဖြစ်အား ပြောပြသော်လည်း အချို့ကမယုံကြပါချေ။
ဖြစ်ရပ်မှန်(၂)
သူ၏အမည်က မောင်အောင်။
သူသည် လူငယ်ပီပီ အပေါင်းအသင်းမင်၏။အပေါင်းအသင်းလည်း စုံ၏။
သူသည်တောင်ကြီးသားတစ်ယောက်ဖြစ်သော်လည်း သူ၏သူငယ်ချင်းများက အရပ်ဒေသစုံ၏။
စိုက်ခေါင်၊ ညောင်ရွှေ၊ ရွှေညောင်၊ မိုင်းပျဉ်း၊ ကလော စသဖြင့် နယ်စုံက သူငယ်လျင်းများနှင့်ခင်မင်လေသည်။
ထို့ကြောင့် စိုက်ခေါင်ပွဲရှိလျှင်လဲ အပေါင်းအသင်းများစုကာ သွားရောက်လည်ပတ်ကြ၏။
ကက္ကူဘုရားပွဲဆိုလျှင်လဲရောက်၏။
ပင်းတယတပေါင်းပွဲဆိုလျှင်လဲ ဆိုင်ကယ်များဖြင့် အုပ်စုလိုက်လည်ပတ်ကြပြန်သည်။
သူ၏မိဘနှစ်ပါးက သူ့ညီမကလေးမွေးသဖြင့် ရန်ကုန်သို့သွားကြသည်မှာ နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သဖြင့်သူသည် လက်ရှိအချိန်၌ သူ၏အဖွားနှင့်နှစ်ဦးတည်းသာ အိမ်၌ ကျန်ရစ်ခဲ့သည်။ အဖွားဖြစ်သူကလဲ သူ့အားလွန်စွာချစ်၏။
သို့သော်သူကား အိမ်သိပ်မကပ်ပဲ အပေါင်းသင်းများနှင့် လည်ပတ်သွားလာသည်ကသာ များလေသည်။
” မြေးလေး …”
” ဗျာအဖွား ”
” ဘယ်တွေများလည်ပတ်နေတာလဲမြေးရယ်၊ အိမ်မှာက အဖွားတစ်ယောက်ထဲ …မြေးလေးတစ်ခါသွားရင် သုံးလေးရက်ကြာတယ် ၊ အဖွားမှာ မြေးလေး အတွက်စိတ်ပူလိုက်ရတာ …မြေးလေးပြန်မလာရင် သူများတွေများ မြေးလေးကို သတ်လိုက်ပြီလား ၊ လမ်းမှာများ တစ်ခုခုဖြစ်နေလာဆိုပြီး တတွေးထဲတွေး တပူထဲပူနေရတာ ”
အဖွားဖြစ်သူ၏ စကားကြောင့် မောင်အောင်သည် အဖွားအား သနားသွားကာ
” ဩ အဖွားရယ် ၊ စိတ်မပူပါနဲ့၊ ဒီတစ်ခါ ညအိပ်ညနေမသွားတော့ဘူးနော်စိတ်ချ ”
မောင်အောင်၏ အဖွားဖြစ်သူက မြေး၏စကားကြောင့် လှိုက်လှိုက်လှဲလှဲပြုံးကာ
” အင်းပါ ၊ မြေးလေး ပြန်မလာမချင်း အဖွားအိပ်မပျော်လို့ပါကွယ် ”
” စိတ်ချ ၊ ညတိုင်းပြန်အိပ်မယ်နော် ဟုတ်ပြီလား အဖွား ‘
” အေးပါကွယ် ”
မောင်အောင်၏ စကားကြောင့် အဖွားဖြစ်သူကလဲ ကျေနပ်သွားရှာလေသည်။
နောက်ရက်၌ မိုင်းပျဉ်းကသူငယ်ချင်းက ပွဲဖိတ်သဖြင့် မောင်အောင်တစ်ယောက် မိုင်းပျဉ်းဘက်ရောက်နေပြန်၏။
အပေါင်းအသင်းများနှင့်သောက်စားပျော်ပါးရင်း ညအချိန်သို့ရောက်လာခဲ့ပြီဖြစ်၏။
မှတ်မှတ်ရရ ထိုနေ့သည် လကွယ်နေ့ဖြစ်၏။
” ငါပြန်မှရမယ် သားကြီး ..အိမ်မှာ ငါ့အဖွားတစ်ယောက်တည်း ”
” ဟာ ညဘက်တောင်ရောက်နေပြီ ”
” ညလည်းဘာဖြစ်လဲကွာ တောင်ကြီးကမဝေးပါဘူး ”
” ဟ မဝေးလဲ လှမ်းတယ်လေကွာ ၊ မင်းပြန်ရင် ငါတို့လဲ လိုက်ပြန်မယ်၊ မင်းတစ်ယောက်တည်းတော့ စိတ်မချဘူး ”
” ဒါဆို ပိုကောင်းတာပေါ့ကွာ ”
ဤသို့ဖြင့် ညဆယ်နာရီခန့်၌ မောင်အောင်နှင့် သူ၏သူငယ်ချင်းနှစ်ယောက်သည် မိုင်းပျဉ်းမှ ထွက်ခွာလာကြ၏။
မောင်အောင်က ဆိုင်ကယ်တစ်စီး၊ သူ၏သူငယ်ချင်းနှစ်ယောက်က ဆိုင်ကယ်တစ်စီးဖြစ်၏။
အပြန်လမ်း၌သူသည် ဆိုင်ကယ်အား လီဘာတင်မောင်းနှင်လာရာ သူငယ်ချင်းနှစ်ယောက်စီးသောဆိုင်ကယ်က နောက်မှ ပြတ်ကျန်ခဲ့၏။
အတော်လေးမောင်းနှင်ပြီးမှ လမ်း၌ သူတစ်ဦးတည်းဖြစ်နေသည်ကို သတိထားမိသွား၏။
ထိုညသည် လကွယ်ညလဲ ဖြစ်လေရာ ပတ်၀န်းကျင်တစ်ခုလုံးက သူ၏ဆိုင်ကယ်မီးထိုးသည့်နေရာမှအပ ပိန်းပိတ်အောင် မှောင်နေလေသည်။
ထိုအခါမှ သူလည်း အနည်းငယ် ကြောက်စိတ်၀င်လာ၏။
သူ၏သူငယ်ချင်းဆိုင်ကယ်ကား အရိပ်အယောင်မျှပင်ပေါ်မလာသေးပေ။
သူလည်း ရှေ့ဆက်မောင်းရန်သာ ဆုံးဖြတ်လိုက်၏။
စလဲရွာသို့ရောက်ခါနီး အချိန်၌ သူ၏ရှေ့ခပ်လှမ်းလှမ်း၌ ဆိုင်ကယ်တစ်စီး၏ မီးရောင်အားမြင်လိုက်ရာ သူလည်း အဖော်ရပြီဟုတွေးရင်း အားတက်သွားကာ ထိုဆိုင်ကယ်နောက် လိုက်ရန်ဆုံးဖြတ်လိုက်၏။
သူ့ဆိုင်ကယ်မီးရောင်ဖြင့် ထိုဆိုင်ကယ်အား မြင်နေရပြီဖြစ်၏။
ထိုဆိုင်ကယ်သည် wave ဆိုင်ကယ် အနီရောင်ဖြစ်ကာ ဆိုင်ကယ်ပေါ်၌ လူနှစ်ယောက်စီးနင်းလိုက်ပါလျက်ရှိ၏။
နောက်ကစီးသည့်သူသည် ဂျုံခမောက်အား ကျော၌ လွယ်ထားလေသည်။
သူမည်မျှမောင်းစေကာမူ ထိုဆိုင်ကယ်အား မမီဖြစ်နေသဖြင့် အားမလိုအားမရဖြစ်လာ၏။
ထိုဆိုင်ကယ်သည်ခပ်မှန်မှန်သာမောင်းနေခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဆိုင်ကယ်နောက်မှလူလွယ်ထားသော ဂျုံခမောက်သည် လွင့်ခြင်း လှုပ်ခြင်းမရှိပဲ ထိုလူ၏ကျော၌သာ တည်တည်ငြိမ်ငြိမ်ကပ်နေသောကြောင့်ဖြစ်၏။
ထိုစဉ် ရှေ့မှဆိုင်ကယ်သည် ရုတ်တရက် လမ်းဘေးရှိခြုံထဲသို့မောင်း၀င်သွား၏။
” ဟင် အပေါ့တွေဘာတွေများ သွားကြတာလားဟ”
သူလည်း ထိုသို့တွေးကာ ထိုဆိုင်ကယ်ကွေ့၀င်သော နေရာသို့ရောက်သောအခါ ဆိုင်ကယ်အားရပ်ကာ အခြေအနေအား အကဲခတ်လိုက်၏။
မြင်ရသောမြင်ကွင်းကြောင့် သူလည်းရုတ်တရက်ကြောင်သွားလေသည်။
” ဟင် ဒီနေရာက ခြုံတွေချည်းပဲ ဟိုနှစ်ယောက်ရော ဆိုင်ကယ်ရော ဘယ်ရောက်သွားပါလိမ့် ‘
သူလဲ ဆိုင်ကယ်မီးဖြင့်ထိုနေရာအား ထိုးကြည့်စဉ် အကောင်အထည်မမြင်ရပဲ ပအိုဝ်းဘာသာစကားဖြင့် ယောက်ျားနှစ်ယောက်စကားပြောသံ၊ နာနာကျင်ကျင်ညည်းတွားသံများကို ကြားလာရ၏။
” ဟင် ဒါ ဒါ သရဲခြောက်တာနေမှာ ”
သူလဲ ဆိုင်ကယ်အားစက်ပြန်နိုးလေရာ
” ဟား ဟား ဟား …”
ရင်ခေါင်းသံကြီးဖြင့် အော်ရယ်သံကြီးသည် ခြုံထဲမှ ထွက်ပေါ်လာ၏။
သူလဲ တွေဝေမနေတော့ပဲ ဆိုင်ကယ်အား လီဗာတင်ကာ အသားကုန်မောင်းလေရာ ရယ်သံကြီးသည် သူ့နောက်လိုက်ပါလာလေသည်။
သူလည်း ရသမျှဘုရားစာများအား ရွတ်ကာ ဆိုင်ကယ်အား ဒုန်းစိုင်းမောင်းရာ တောင်ကြီးကို ဘယ်လို ရောက်သွားမှန်းပင်မသိတော့ပေ။
အိမ်သို့ရောက်သည်အထိ ကတုန်ကရင်ဖြစ်နေရှာလေသည်။
” မသေကောင်း မပျောက်ကောင်းမြေးလေးရယ် …နောက်ဆို ညတအားနက်ရင် ပြန်မလာတော့နဲ့ကြားလား ”
” ဟုတ်ကဲ့ပါအဖွား ”
မောင်အောင်လည်း အဖွားတိုက်သော ပရိတ်ရေအား သောက်ပြီးမှ အနည်းငယ်အကြောက်ပြေသွားလေသည်။
ထိုနေ့ညက မောင်အောင်တစ်ယောက် အဖွားဖြစ်သူရွတ်သော ဘုရားစာများကို နားထောင်ပြီး အချိန်အတော်ကြာမှာသာ အိပ်ပျော်သွားလေတော့သည်။
ဖြစ်ရပ်မှန် (၃)
” ဒီညဘာကားလဲ ဦးမြင့် ”
” ဒီည ရဲကိုကိုနဲ့ လင်းဇာနည်ဇော်ကားတင်မယ် စိန်ပုရေ ”
” ဟာ ကျုပ်ကြိုက်တဲ့မင်းသားနဲ့မင်းသမီးပါလား၊ ကျုပ်လာကြည့်မှာနော်၊ ရှေ့ဆုံးက နေရာ တစ်နေရာ ကျုပ်အတွက်ချန်ထားပေး
ကျုပ်အတွက်နေရာမရှိလို့ကတော့ ဒီညပြရမယ်မထင်နဲ့ ၊ ကျုပ်အကြောင်းသိတယ်နော်”
” အေးပါကွာ စိန်ပုရာ ”
စိန်ပုထွက်သွားသောအခါ ဦးမြင့်တစ်ယောက် ခေါင်းအားခါရမ်းမိလသည်။
စိန်ပုသည် ရွှေထွက်သည်ဟု နာမည်ကြီးသောရွာတစ်ရွာ၌ နေထိုင်သူဖြစ်၏။
ဗီဒီယိုရုံများ ခေတ်စားလာသည့်အခါ စိန်ပုတစ်ယောက် ဇာတ်ကားကြည့်ခြင်းအား လွန်စွာကြိုက်နှစ်သက်လာ၏။
သူသည် အလွန်ရိုင်းစိုင်းသူတစ်ယောက်ဖြစ်ကာ အရက်ကလဲ သောက်၏။
မိဘကို မိဘမှန်းမသိအောင်ပင် ရိုင်းသူဟုဆိုရပေမည်။
သူ၏ အမျိုးသမီးသည် ကချင်မဖြစ်ကာ ဂျာဒေါင် ဟုအမည်ရ၏။
ဂျာဒေါင်သည် ငွေရှာကောင်းသူတစ်ယောက်ပင် ။
ဂျာဒေါင်၏ ကြိုးပမ်းမှုဖြင့် စိန်ပုတို့အိမ်၌ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားနိုင်ခဲ့ပြီဖြစ်၏။
ထိုအခါ စိန်ပုသည် နေ့ရောညပါ အရက်လေးတမြမြဖြင့် လူတကာအား ပတ်ကာရန်ရှာနေတော့သည်။
ယခုလဲ စိန်ပုတစ်ယောက် ဦးမြင့်၏ ဗီဒီယိုရုံအား ညတိုင်းသွား၏။
စိန်ပုလာကြည့်လျှင် ကျန်လူများက သိပ်မလာချင်ကြတော့ ။
ညအချိန် အပမ်းပြေရန် ဗီဒီယိုလာကြည့်ခါမှ စိန်ပု၏ အရစ်ကို ခံကြရသဖြင့် စိန်ပုကြည့်သော ဗီဒီယိုရုံအား လူအများက ရှောင်ကွင်းသွားကြလေ၏။
ထိုအခါ ဗီဒီယိုရုံ ပိုင်ရှင်များက ကောက်ကြေးအနည်းသာရသဖြင့် စိတ်ညစ်ကြရသည်။
ယခုလဲဦးမြင့်တစ်ယောက် ယနေ့ည၌ စိန်ပုတစ်ယာက် ဇာတ်ကားလာကြည့်မည်ဟုဆိုသဖြင့် စိတ်ညစ်နေခြင်း ဖြစ်၏။
ဗီဒီယိုပြချိန်သည် ညခုနစ်နာရီမှ ကိုးနာရီခန့်အထိဖြစ်၏။
ဗီဒီယိုမပြမီ စတိတ်ရှိုးခွေများအား ပြသလေ့ရှိရာ စိန်ပုတစ်ယောက် ဟိုဟာမကြိုက်ဘူး ၊ ဒါပဲ ဖွင့်ဟု ဆရာကြီးစတိုလ်ဖြင့် ရစ်နေလေသည်။
စိန်ပုရှိသဖြင့် ကြည့်သူသိပ်မရှိပေ။
ညရှစ်နာရီအချိန်ခန့်၌ စိန်ပုတစ်ယောက် ဇာတ်ကားကြည့်ရင်း အပေါ့သွားချင်လာသဖြင့် ဗီဒီယိုရုံ နောက်ဖေးဘက်ထွက်လာ၏။
မိုးကလဲ ရွာနေသည်မို့ အပင်ကြီးတစ်ပင်အောက်၌ အပေါ့သွားရန်ပြင်နေစဉ်
အပင်ကြီး၏နောက်ဘက်မှ အရပ်ခုနစ်ပေခန့် ရှိသော အသားညိုညို လူကြီးသုံးယောက်ထွက်လာကာ
” ဟေ့ကောင် လာစမ်း လိုက်ခဲ့စမ်း ”
” ဟင် မင်းတို့ကဘယ်သူလဲ ငါ့ကိုများဘာကောင်ထင်နေလို့လဲ ”
” ကြာတယ်ကွာ ဆွဲခေါ်ကြ ”
ထိုလူကြီးများက တစ်ကယ်ဆွဲခေါ်မည့်ဟန်ပေါ်သောကြောင့်
” လိုက် လိုက်ပါ့မယ်ဗျာ ”
သူလဲ ကြောက်ကြောက်ဖြင့် ထိုလူသန်ကြီး သုံးဦး ခေါ်ဆောင်ရာနောက် လိုက်သွားခဲ့ရလေသည်။
မိုးကလဲ ရွာ ၊ ကြောက်ကလဲကြောက်မို့ သေးပင် ပေါက်ချမိ၏။
သူသည် ထိုလူကြီးများအား ဤရွာ၌ တစ်ကြိမ်မှ မမြင်ဖူးခဲ့ပါချေ။
ဘယ်က ဘယ်လိုပေါ်လာကာ သူ့အား မည်သည့်အရပ်သို့ ခေါ်ဆောင်သွားလေမည်နည်းဟု တွေးရင်း မျက်ရည်များပင်ကျလာ၏။
သို့သော် အသံထွက်၍ မငိုရဲပါချေ။
ထိုလူကြီးများနှင့်ယှဉ်ကာ လမ်းလျှောက်ရသည်မှာ စိန်ပုတစ်ယောက် အသက်ပင်ထွက်ချင်လှအောင် ပင်ပန်းနေချေပြီ ။သွားရသည့်နေရာကလဲ တောထဲမို့ ဆူးခြုံများနှင့်ခြစ်မိသဖြင့် ခြေထောက်တစ်ခုလုံးပင် စပ်ဖျင်းဖျင်းဖြစ်နေ၏။
ရွာနှင့် ဆယ်မိုင်ခန့်ဝေးသော နေရာသို့ရောက်သောအခါ ထိုလူကြီးများသည် မျောက်ချောပင်ကြီးအောက်၌ ရပ်သွားကြ၏။
ထိုသူများ ရပ်သွားသဖြင့် စိန်ပုလဲ လိုက်ရပ်ရလေသည်။
” ဟေ့ကောင် အပင်ပေါ်တက်စမ်း ”
” ဗျာ ”
” ဘာပေကပ်ကပ်လုပ်နေတာလဲ တက်ဆို တက်စမ်း ဘုန်း ”
ပြောနေရင်း သူ့ကျောအားရိုက်ချလိုက်သဖြင့် သူလဲ မျောက်ချောပင်ပေါ်သို့တက်ရလေတော့သည်။
မျောက်ချောပင်သည် အပင်ကြီးအမျိုးအစားဖြစ်ကာ ပင်စည်၌ အကိုင်းအခက်များလည်းမရှိသည့်အပြင် အခေါက်သည်လည်း အလွန်ချောကာမျောက်များပင် တက်ရခက်သဖြင့် မျောက်ချောပင်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။
မိုးကလဲရွာ ၊ အပင်ကလဲချော မို့ စိန်ပုတစ်ယောက် အပင်ပေါ်သို့ မတက်နိုင်ပေ။
စိန်ပုက လျှောကျလာလိုက် ဟိုလူကြီးများက ရိုက်လိုက်ဖြင့် ငရဲကျနေသလိုခံစားနေရ၏။
သူတို့ ရိုက်လွန်းသဖြင့် နာကျင်ကာ အပင်ပေါ်သို့ မရမက ကြိုးစားတက်ရင်း ပြုတ်ကျလေရာ
” အား ….”
စိန်ပုတစ်ယောက် နာကျင်လွန်းသဖြင့် အပင်အောက်၌ လူးလှိမ့်နေ၏။
ထိုအခါမှ ထိုလူကြီးသုံးယောက်မှာ ပျောက်ကွယ်သွားလေသည်။
” တောက်နွားကလဲ ချည်တိုင်က လွတ်ပြီး ဘယ်ရောက်မှန်းမသိဘူး ၊ ဟင်….ဒီဘက်တောထဲမှာ ခြေရာတွေပါလား ၊ နွားသူခိုးများလားမသိဘူး ၊ ခြေရာအတိုင်းလိုက်ကြည့်မှ ”
နွားပျောက်ရှာသူက ခြေရာအတိုင်း လိုက်ကြည့်ရာ မျောက်ချောပင်အောက်၌ လူးလိမ့်ညည်းတွားနေသော စိန်ပုကိုတွေ့လိုက်ရာ
” ဟင် စိန်ပု ၊ မင်းဒီမှာဘာလာလုပ်တာလဲ ဘာတွေဖြစ်နေတာလဲ ”
” ကျုပ် ကျုပ်ရဲ့ခါး…..အားး”
စိန်ပုသည် ထိုသူကိုတွေ့လိုက်ရသဖြင့် စိတ်အားလျော့ချလိုက်ရာ လောကကြီးတစ်ခုလုံး အမှောင်တိကျသွားလေသည်။
ထိုသူလဲ ရွာသို့ပြန်ကာ စိန်ပု၏ အမျိုးသမီးနှင့် အခြားသူများကို ပြောပြရာ
စိန်ပုမိန်းမ ဂျဒေါက်က..
” ဟင် ဟုတ်လား ညက မူးမူးရူးရူးနဲ့ လျှောက်သွားရင်း ရောက်သွားတာနေမှာ ခုအခြေအနေတိုင်းဆို လှည်းနဲ့သွားခါ်ရမယ် ”
စိန်ပုအားလှည်းဖြင့် ရွာသို့ပြန်ခေါ်ခဲ့ကြ၏။
စိန်ပုသည် ခါးရိုးကျိုးသွားသဖြင့် မန္တလေးဆေးရုံကြီး၌ ခါးအားစတီးရိုးထည့်ကာ ကုသမှုခံယူခဲ့ရသော်လည်း အိပ်ရာထဲမှ မထနိုင်တော့ပါချေ။
စိန်ပုသည် သူ့ထံလာမေးသည့်သူတိုင်းအား သူကြုံခဲ့ရသည့် အဖြစ်အပျက်များအား ငိုယိုကာ ပြောပြလေ့ရှိ၏။
ယခင်က မိဘအပေါ်ပင် ရိုင်းစိုင်းသော စိန်ပုတစ်ယောက် ခါးကျိုးသည့်ဝေဒနာဆိုးကြီးအား ဆယ့်ငါးနှစ်ခန့်ကြာအောင်ခံစားပြီးမှကွယ်လွန်ခဲ့လေသည်။
စိန်ပုပြောသည့် လူကြီးသုံးဦးကိုမူ ယခုချိန်ထိ မည်သူမှ မတွေ့ဖူးကြပါချေ။
လေးစားလျက်
စာရေးးသူ နန်းကြာညို