အောင်မြတ်သာနှင့်ကြောင်တစ်ရာစေတီ
ညမိုက်ညဖြစ်တဲ့အတွက် ထုံးမန်းရွာတစ်ရွာလုံး အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေမယ့်ရွာရဲ့အလယ်မှာပေါက်ရောက်နေတဲ့ ကုက္ကိုပင်ကြီးရဲ့အပေါ်မှာတော့ ပတ္တမြားရောင်ကဲ့သို့ နီရဲနေတဲ့ အလုံးနှစ်လုံးရှိနေခဲ့တယ်။
မကြာခင် ကုက္ကိုပင်ပေါ်ကနေ ဘုတ်ခနဲ ခုန်ချလာတဲ့ အသံနဲ့အတူ နီရဲတောက်နေတဲ့အလုံးနှစ်လုံးက မြေပြင်ပေါ်ကို ရောက်လာခဲ့တယ်။
ထိုစဉ်
” ဟေးးးး လိုက်ဟ ဖမ်းဟ မလွတ်စေနဲ့ ”
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
ညာသံပေးအော်ဟစ်သံ၊ သံချောင်းခေါက်သံတွေက ငြိမ်သက်နေတဲ့တစ်ရွာလုံးလန့်နိုးစေတဲ့ထိ ဆူညံလာခဲ့တယ်။
ပတ်ပတ်လည် ဝိုင်းထားတဲ့ လူအုပ်ကြီးရဲ့အလယ်မှာတော့ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်နက်တစ်ကောင်က အကြောက်အလန့်မရှိ မတုန်မလှုပ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။
လူအုပ်ကြီးက အော်ဟစ်ခြောက်လှန့်ရင်း အလယ်ကိုတစ်ဖြေးဖြေးဝိုင်းလာခဲ့ရာ ကြောင်နက်ရဲ့အနီးကို တစ်ရွေ့ရွေ့ရောက်ရှိလာခဲ့ကြတယ်။
လူတွေအနားရောက်လာတဲ့အချိန်မှာပဲ ငြိမ်သက်နေတဲ့ ကြောင်နက်က ခွီးးး ဆိုပြီး အော်ကာ လေးဘက်လေးတန် ဝိုင်းထားတဲ့လူတွေရဲ့ခေါင်းပေါ်ကို ခုန်ကျော်ပြီး ရွာအပြင်ဘက်ကို ပြေးထွက်သွားပါလေရော။
မထင်မှတ်ထားတဲ့အဖြစ်ကြောင့် ရွာသားတွေအားလုံး မှင်သက်နေတဲ့အချိန်
” လိုက်ကြ လိုက်ကြဟ ဒီတစ်ခါလွတ်ရင် နောက်တစ်ခါဘယ်တော့မှမိမှာမဟုတ်ဘူး” ဆိုတဲ့အသံက လူအုပ်ထဲကနေထွက်ခေါ်လာခဲ့တယ်။
အသံကြားတော့မှ ရွာသားတွေ သတိပြန်ဝင်လာပြီး ထွက်ပြေးသွားတဲ့ကြောင်နက်အနောက်ကို တုတ်တွေ၊ ဓါးတွေကိုင်ကာ ပြေးလိုက်ကြပါလေရော။
+++++++++++
ထုံးမန်းရွာဆိုတာက တောတက် ထင်းခုတ်၊ အမဲလိုက်တဲ့ အလုပ်နဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ ရွာဖြစ်တယ်။ လုပ်တဲ့အလုပ်က ထမင်းဝရုံသာသာလောက်ပဲဝင်ငွေရတယ်ဆိုပေမယ့် ရွာသားတွေအားလုံး သူတို့ရဲ့ဖြစ်တည်မှုကို ကျေကျေနပ်နပ်လက်ခံထားကြတယ်။
တစ်နေ့မှာတော့ ” ဟိုဘက်ရွာမှာ ကြောင်နက်တစ်ကောင်ဖမ်းမိလို့ရောင်းလိုက်တာ ငွေသောင်းဂဏန်းအထိရတယ်”ဆိုတဲ့စကားက ထုံးမန်းရွာအတွင်းပျံ့နှံလာခဲ့တယ်။
ဆန်တစ်အိတ်ကို ငွေငါးရာစွန်းစွန်းသာ ရှိတဲ့ခေတ်ဖြစ်တဲ့အတွက် သောင်းဂဏန်းဆိုတဲ့ပမာဏက ရွာသူရွာသားတွေအဖို့ မက်လောက်စရာဖြစ်ခဲ့တယ်။
စကားပါးလာတဲ့သူက တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်ဖြစ်မှရမယ်တဲ့။
ရွာသားတွေအကြပ်ရိုက်ကြရပီ။ သူတို့မြင်ဖူးတဲ့ ကြောင်နက်တွေက ခန္ဓာကိုယ်ပဲမဲနက်ကြတာမဟုတ်လား။ အခုကတော့ မျက်လုံး၊ လက်သည်း၊ ခြေသည်းတွေကအစ မဲနက်နေမှ ဈေးကောင်းရမယ်ဆိုတော့ မဖြစ်နိုင်ပါဘူးဆိုပြီး အကုန်မေ့မေ့လျော့လျော့နေကာ ကိုယ့်အလုပ်ကို ဆက်လုပ်ခဲ့ကြတယ်။
ဖြစ်ချင်တော့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကိုငွေရဆိုတဲ့လူက သူ့ရဲ့ခြံစည်းရိုးပေါ်မှာ လမ်းလျောက်နေတဲ့ ကြောင်နက်တစ်ကောင်ကို အမှတ်မထင်မြင်တွေ့လိုက်ရတယ်။
ဒီစကားကြောင့် ရွာသားတွေအားလုံးရဲ့စိတ်ထဲမှာ ပျောက်ကွယ်လုဆဲဆဲဖြစ်နေတဲ့ လောဘဇောတွေ ပြန်လုပ်ပေါ်ပေါက်လာခဲ့တယ်။
ဒါကြောင့် ရွာသူ၊ရွာသားတွေအားလုံး စုစည်းပြီး ကြောင်နက်ကိုရအောင်ဖမ်းမယ်၊ ဖမ်းမိလို့ရောင်းဖြစ်ရင် ငွေကိုအချိုးကျ ယူကြမယ်ဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ သဘောတူခဲ့ကြတယ်။
အခုတော့ ရွာသားတွေ လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ကြောင်နက်ကို မိလုမိခင်ဖြစ်ပြီးကာမှ လွတ်မြောက်သွားတဲ့အတွက် တစ်ရွာလုံး တောက်တစ်ခတ်ခတ်ဖြစ်ကာ ထွက်ပြေးတဲ့နောက်ကို တောနင်းလိုက်ရှာပါလေရော။
++++++++++++++++++++
သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့ခွဲပြီး လိုက်ရှာခဲ့ကြပေမယ့် ကြောင်နက်ရဲ့အရိပ်အယောင်ကိုတောင်မတွေ့ရတဲ့အတွက် အားလုံးစိတ်လျော့ကာ ခြေပစ်လက်ပစ်ထိုင်နေကြတဲ့အချိန် တောနက်ထဲကနေ ကြောက်လန့်တစ်ကြားအော်ဟစ်လိုက်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။
” ဟေ့ ဟေ့ ဒါက မောင်ခန့်ရဲ့ အော်သံမဟုတ်လား သူနဲ့ဘယ်သူနဲ့တွဲထားတာလဲ”
ကိုတိုးကြီးစကားကြောင့် အချင်းချင်းပြန်ကြည့်ကာ လူစစ်လိုက်ပြီး
” မောင်ခန့်က ကိုလှိုင်မြင့်တို့အတွဲကပဲ အခုသူတို့ တစ်တွဲလုံးပျောက်နေတာ ”
” ဟာ မဖြစ်ဘူး မဖြစ်ဘူး အသံကြားတဲ့ဘက်ကို လိုက်ရှာမှဖြစ်မယ် အားလုံး လူစုမကွဲအောင် သတိထားကြ ၊ တစ်ခုခုဆို ဂျိုးကူသံနဲ့အချက်ပေး၊ နာမည်မခေါ်မိစေနဲ့ ကြားလား”
ဦးတိုးကြီးစကားကြောင့် ရွာသားတွေအားလုံး ခေါင်းကိုယ်စီညိမ့်လိုက်ပြီး အသံကြားတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။
အတန်ကြာတဲ့အထိ တောနင်းရှာပြီးတဲ့နောက်မှာတော့ သရက်ပင်တစ်ပင်ကိုမှီပြီး အသက်ကို မနည်းရှူနေရတဲ့ မောင်ခန့်ကိုတွေ့လိုက်ရတယ်။
” မောင်ခန့် မောင်ခန့် သတိထားဦး ဟေ့ ဟေ့”
ဦးတိုးကြီးက တစ်ကိုယ်လုံးဒဏ်ရာဗရပွနဲ့ အမောဖောက်နေတဲ့ မောင်ခန့်ကိုဆွဲထူလိုက်တဲ့အချိန် ဘေးပတ်ပတ်လည်အမှောင်ထုတွေထဲကနေ နီရဲနေတဲ့ပတ္တမြားခဲတွေ အစီအရီပေါ်ထွက်လာခဲ့တယ်။
” ဦး တိုး ပြေး ပြေး ပြေးးးတော့ ဒါ ဒါ ထောင်ချောက်ကြီး အားလုံး သေကုန်ကြလိမ့်မယ်”
မရှိရှိတဲ့အားနဲ့ပြောလိုက်တဲ့ မောင်ခန့်စကားကြောင့် ပါလာတဲ့သူတွေအားလုံး သတိပြန်ဝင်လာပြီး လာရာလမ်းအတိုင်းပြန်ပြေးဖို့အလုပ် အမှောင်ထုတွေထဲကနေ တစ်ဘုတ်ဘုတ် ခုန်ထွက်လာတဲ့ ကြောင်နက်အကောင်ပေါင်းများစွာကို မြင်တွေ့လိုက်ရတယ်။
ရာပေါင်းများစွာသော ကြောင်နက်တွေက တစ်ဂီးဂီးနဲ့မာန်ဖီရင်း ဦးတိုးတို့လူအုပ်ကို လှည့်ပတ်ချောင်းမြောင်းနေရင်း ရုတ်တရက် ခုန်အုပ်ကာ တိုက်ခိုက်ကြပါလေရော။
များမကြာမီ တောအုပ်အတွင်းထဲမှာ ကမ္ဘာပျက်မတတ်အော်ဟစ်သံတွေနဲ့အတူ ညငှက်တစ်အုပ်က အလန့်တကြားထပျံတဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။
++++++++++++++++
“ဝုတ် ဝုတ် ဝုတ် ဂီး ဂီး”
တစ်နေရာကိုကြည့်ပြီး စူးစူးဝါးဝါးထိုးဟောင်နေတဲ့ ခွေးနက်ကြီးအသံကြောင့် အောင်မြတ်သာ ဆက်မသွားတော့ပဲ ရပ်လိုက်ပြီး
” ဘာတွေ့လို့ ဒီလောက်ထိဟောင်နေရတာလဲ ငမဲတူး ”
” ဝုတ် ဝုတ် ဝုတ် ”
” ထားလိုက်ပါကွာ မင်းကိုလိုက်စတိုင်း ပြန်ရန်တွေ့နေမယ်ဆိုရင် ငါတို့ဒီတစ်သက် ကြောင်တစ်ရာစေတီကိုရောက်ပါဦးမလား ဒီလိုနာနာဘာဝတွေက နေရာတိုင်းမှာရှိတယ် မဲတူးရ”
အောင်မြတ်သာစကားအဆုံးမှာ မဲတူးက နားလည်တဲ့ဟန်နဲ့ တအီအီလုပ်ပြီး အရှေ့ကို ထွက်သွားခဲ့တယ်။
သစ်ပင်ခြုံနွယ်တွေပိတ်ဖုံးနေတဲ့ တောတွင်းတစ်နေရာရောက်တော့ မိုးလဲချုပ်နေပီမို့ ဆက်မသွားတော့ပဲ မီးဖိုတစ်ဖိုဖိုကာ အနားယူခဲ့ကြတယ်။ မဲတူးကတော့ မီးဖိုဘေးမှာ ခွေခွေလေးအိပ်နေတဲ့အချိန် အောင်မြတ်သာကတော့ တရားထိုင်နေခဲ့တယ်။
ညကတစ်ဖြေးဖြေးနက်လာလေလေ တောက ပိုပြီးတိတ်ဆိတ်လာလေလေဖြစ်လာခဲ့တယ်။
” ရှပ် ရှပ် ရှပ်
လိုက်ဟ ဖမ်းဟ “ဆိုတဲ့အသံက တိတ်ဆိတ်နေတဲ့ညအချိန်မှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာလဲ တရားထိုင်နေရင်း ကြားလိုက်ရတဲ့အသံကြောင့် စိတ်ကိုအနည်းငယ်ညွှတ်လိုက်ရာ တောထဲမှာ တုတ်တွေ၊ ဓါးတွေကိုင်ပြီး တစ်ခုခုကိုအသည်းအသန်လိုက်ရှာနေတဲ့ လူသုံးယောက်ကိုတွေ့လိုက်ရတယ်။
မကြာခင် လူသုံးယောက်ဘေးပတ်ပတ်လည်ကနေ နက်မှောင်နေတဲ့ ကြောင်တွေ ရာပေါင်းများစွာပေါ်လာပြီး ကိုက်ခဲပါလေရော။
သုံးရက်ထဲက နှစ်ယောက်ကတော့ နေရာမှာလဲကျသွားခဲ့ပေမယ့် ကျန်တစ်ယောက်ကတော့ တောထဲကိုဝင်ပြေးသွားခဲ့တယ်။ ကြောင်နက်အုပ်ကြီးကလဲ တောထဲဝင်ပြေးသွားတဲ့ လူနောက်ကို ထပ်ချပ်မကွာလိုက်ပါသွားတာကိုမြင်လိုက်ရတယ်။
” ဝုတ် ဝုတ် ဝုတ်”
မဲတူးရဲ့ စူးစူးဝါးဝါး ထဟောင်သံကြောင့် အောင်မြတ်သာစိတ်တွေ ခေတ္တလွှင့်ပျံ့သွားခဲ့ရာ စေနက မြင်တွေ့နေရတဲ့ မြင်ကွင်းတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ မိမိစိတ်ကိုပြန်လည်စုစည်းပြီး ပြန်လည်ရှုမှတ်လာခဲ့တာ ထွက်ပြေးသွားတဲ့ လူကို ဝိုင်းပြီးကိုက်ခဲနေကြတဲ့ ကြောင်နက်အုပ်ကို မြင်တွေ့လိုက်ရပြန်တယ်။
မကြာခင် လူသံတွေကြားလာရပြီး မီးတုတ်တွေ လက်နက်တွေကိုင်ဆောင်ထားကြတဲ့လူတွေရောက်လာခဲ့ကြတယ်။ ကြောင်နက်အုပ်တွေကတော့ လူသံကြားတာနဲ့ ဘေးမှာရှိနေတဲ့ ခြုံတွေထဲဝင်ရောက်သွားကြတယ်။
” ဂီး ဂီး ဝုတ် ဝုတ် ဝုတ် အဂီးးးး”
ရန်သူကိုတွေ့သလို စူးစူးဝါးဝါးထိုးဟောင်လိုက်တဲ့ အသံကြောင့် အောင်မြတ်သာ တရားထိုင်နေတာကိုဖြုတ်လိုက်ပြီး ကြည့်လိုက်ရာ အမှောင်ထုထဲကို ကြည့်ပြီး မာန်ဖီနေတဲ့ မဲတူးကိုမြင်တွေ့လိုက်ရတယ်။
” မဲတူး ဒီကိုလာစမ်း ”
အောင်မြတ်သာခေါ်သံကြောင့် မဲတူးက အမြှီးလေးကုပ်ကာတအီအီနဲ့ ဘေးကိုရောက်လာခဲ့တယ်။
” သင်တို့ပိုင်နက်ထဲမှာ ကျုပ်တို့မဟုတ်တာ တစ်ခုမှမလုပ်ဘူး ဒါကြောင့် မနှောက်ယှက်ပါနဲ့”
အောင်မြတ်သာက စိတ်ထဲကနေရေရွတ်ပြီး မီးအရှိန်သေစပြုနေတဲ့ မီးပုံထဲကို ထင်းခြောက်တွေပစ်ထည့်လိုက်တယ်။
ခြောက်သွေ့နေတဲ့ ထင်းစတွေကြောင့် မီးအရှိန်က တစ်ဖြေးဖြေးအားကောင်းလာပြီး ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်လာခဲ့တဲ့အချိန် တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်နက်တွေက အောင်မြတ်သာတို့ဘေးပတ်ပတ်လည်မှာဝိုင်းထားတာကို မြင်လိုက်ရတယ်။
” ကဲ မဲတူးရေ မင်းတာဝန်က ငါ့ကိုလမ်းပြဖို့ပဲမဟုတ်လား အခုငါလိုချင်တဲ့နေရာကိုရောက်ပီမို့ မင်းလဲ လာရာလမ်းအတိုင်းပြန်ပေတော့”
အောင်မြတ်သာစကားကို မဲတူးက နားလည်တဲ့အလား အမြှီးလေးနှံ့ကာ လာရာလမ်းအတိုင်းလှည့်ပြန်သွားခဲ့တယ်။
မဲတူးပြန်သွားတာနဲ့ အောင်မြတ်သာက ထင်းမီးပုံထဲမှာရှိနေတဲ့ မီးစတစ်စကို ကောက်ကိုင်ကာ လူသွားလမ်းသဖွယ်ဖြစ်တည်နေတဲ့ တောလမ်းလေးထဲကို ဝင်လာခဲ့လိုက်တယ်။
လက်ထဲကိုင်ထားတဲ့ မီးတုတ်ရဲ့အလင်းရောင်အရှိန်နဲ့ကြည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချက် အပင်တွေအောက်မှာ အရိုးကျနေပီဖြစ်တဲ့ ရုပ်အလောင်းတွေကိုလဲ မြင်တွေ့ခဲ့ရတယ်။
အလောင်းကောင်တွေကို ဖြတ်ကျော်ပြီးတဲ့အချိန်မှာတော့ ပြင်းထန်အေးမြတဲ့လေအချို့က အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကိုလာရောက်ရိုက်ခတ်တယ်ဆိုရင်ပဲ ဘေးနားတစ်ဝိုက်မှာ လိုက်ပါလာကြတဲ့ ကြောင်နက်တွေက လျင်မြန်တဲ့အရှိန်နဲ့ ခုန်ပေါက်ပြေးလွှားကာ ပျောက်ကွယ်သွားကြတယ်။
” နောင် ဝေ ဝေ ဝေ”
သာယာအေးမြစွာထွက်ပေါ်လာတဲ့ ကြေးစည်သံကြောင့် အောင်မြတ်သာလဲ လက်ထဲကိုင်ထားတဲ့ မီးတုတ်ကို အပေါ်မြင့်တင်ပြီးကြည့်လိုက်ရာ ရေညှိတွေ ၊ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ အမြင်မသင့်ဖြစ်နေတဲ့ စေတီပျက်တစ်ဆူကို ဖူးမြင်လိုက်ရတယ်။
စေတီရဲ့အပေါ်မှာတော့ မှိန်ပြပြဆီမီးတိုင်တစ်တိုင်ထွန်းထားပြီး မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးဗရပွနဲ့ လူတစ်ယောက် ဘုရားရှိခိုးနေတာကိုလဲမြင်တွေ့လိုက်ရတယ်။
ဘုရားရှိခိုးနေတဲ့လူက အမျှတန်းတွေဝေ၊ မေတ္တာပို့ပြီးတာနဲ့ အောင်မြတ်သာရှိတဲ့ဘက်ကို လျောက်လာပြီး
” ဘယ်လိုလဲ အင်းဝိဇ္ဇာကြီး ကြောင်တစ်ရာစေတီကို လာဖူးတာလား”
” အကြောင်းတိုက်ဆိုင်တော့လဲ ရောက်လာရတာပေါ့ဗျာ ဒါနဲ့ သင်ပုံစံကြည့်ရတာ ဥစ္စာစောင့်လဲမဟုတ်၊ နာနာဘာဝလဲမဟုတ်ဆိုတော့ သင်က ဘယ်သူလဲ”
” ကျုပ်ဘယ်သူဆိုတာကအရေးမကြီးပါဘူး သင်လဲရောက်တုန်းရောက်ခိုက် စေတီကိုလှည့်ပတ်ဖူးမျှော်လိုက်ပါဦး”
ညစ်နွမ်းနေတဲ့အဝတ်အစားတွေဝတ်ထားပြီး ရှုပ်ထွေးနေတဲ့ဆံပင်ကိုပိုင်ဆိုင်ထားတဲ့သူရဲ့စကားကြောင့် အောင်မြတ်သာ ဘုရားရင်ပြင်ပေါ်တက်လာပြီး ထိခြင်းငါးပါးနဲ့ကန်တော့လိုက်တဲ့ အချိန် နားမခံနိုင်အောင် ဆူညံလွန်းတဲ့ ကြောင်အော်သံအချို့ကိုကြားလိုက်ရတယ်။
အောင်မြတ်သာလဲ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ကိစ္စတွေကို အရေးမထားပဲ ဂုဏ်တော်တွေရွတ်ဖတ်ပူဇော်ခဲ့တာ နံနက်အရုဏ်တက်ချိန်ရောက်မှ ပြီးဆုံးခဲ့တယ်။
” ကိုယ့်လူလာတာကို ဒီကအစောင့်တွေ လန့်နေကြတယ်”
စကားအဆက်စပ်မရှိပဲပြောလိုက်တာကြောင့် အောင်မြတ်သာ အံ့ဩသွားပြီး
” ကျုပ်က ဘာလုပ်မှာမို့လို့ သူတို့ကလန့်နေကြတာလဲ”
” သင်က စလာထဲက ကြောင်တစ်ရာစေတီမှာ စောင့်တဲ့ အကြီးအမှူးကို ဆုံးမမယ်ဆိုပြီး သတင်းလွှင့်ထားတာကိုး ဒါကြောင့် သူ့လက်အောက်က ငယ်သားအချို့က သင့်ကိုအနှောက်အယှက်တွေပေးနေတာ အခုနေလဲထွက်လာပြီဆိုတော့ သင့်ကိုလိုက်ပြစရာရှိသေးတယ် ကျုပ်အနောက်ကလိုက်ခဲ့”
” လိုက်တာကဟုတ်ပါပြီ သင့်ကိုသင်လဲမိတ်မဆက်၊ သင့်အကြောင်းလဲဘာမှမပြောဘူးဆိုတော့ လူကောင်းလား လူဆိုးလား ကျုပ်ဘယ်လိုခွဲခြားလို့ရမှာလဲ”
အောင်မြတ်သာစကားအဆုံးမှာ ညှင်းသိုးသိုးနဲ့လူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
” မဟာမြိုင်တောထဲမှာ နေထိုင်စရာ ဥသျှစ်ပင်ပေါက်နေတဲ့ အထိုင်ရကိုယ်တော်က ဒီလိုပြောတာကြားရတာ ကျုပ်ဖြင့် တကယ်ရီချင်တယ်”
” ဟက်ဟက် ကျုပ်နေထိုင်တဲ့အပင်ကိုတောင်အတိအကျပြောနိုင်တယ်ဆိုတော့ သင်လဲခေသူမဟုတ်ဘူးပဲ”
” အဲဒါတွေ အသာထားဗျာ ကျုပ်ကိုခေါ်ရတာ ခက်နေရင် မီးခဲလို့ခေါ်လဲရပါတယ်”
” မီးခဲ မီးခဲ မကြာခင် အရှိန်အဟုန်နဲ့တောက်လောက်မယ့် မီးခဲပေါ့ ဟုတ်လား”
” ဟဲဟဲ ဆိုပါတော့ဗျာ အခုတော့ စေတီကို လှည့်ပတ်ဖူးမျှော်ကြရအောင်”
အောင်မြတ်သာလဲ မီးခဲခေါ်ဆောင်တဲ့နောက်ကို လိုက်လာပြီး ကြည့်လိုက်ရာ စေတီရဲ့အနောက်ဘက်အောက်ခြေမှာ ရေညှိတွေအလိပ်လိုက်တက်ကာ အရောင်အဆင်းမရှိတဲ့ ကြောင်ရုပ်ထုတွေကိုမြင်လိုက်ရတယ်။
” ဒီကြောင်ရုပ်တွေက အသက်ဝင်နေကြတယ် ကျုပ်စရောက်တုန်းကဆိုရင် အတော်ဆိုးဆိုးကိုရန်ပြုခဲ့တာ၊ လမ်းမှာ လူသေအလောင်းတွေကို။တွေ့ခဲ့သေးတယ်မဟုတ်လား”
” ဟုတ်တယ် ကျုပ်တွေ့ခဲ့တယ် အဲဒီလူတွေက ဘယ်လိုကြောင့် သေနေရတာလဲ”
” လပြည့်လကွယ်နေ့တွေဆိုရင် ဒီရုပ်ထုတွေက အသက်ဝင်ပြီး အနီးအနားရွာတွေဆီကို အလည်သွားကြတယ်။ မနက်အရုဏ်တက်ခါနီးဆိုရင် ဒီကိုပြန်ရောက်လာတတ်ကြတယ်။ တစ်နေ့မှာတော့ အရုဏ်တက်လို့ကြည့်လိုက်တာ ရုပ်ထုတွေထဲမှာ ကြောင်နက်ရုပ်တစ်ရုပ်က အစိပ်စိပ်အမွှာမွှာကွဲကြေနေတာကိုတွေ့ခဲ့ရတယ်။ နောက်မှကျုပ်သိရတာက လူနေအရပ်ကိုသွားတဲ့ ဒီကြောင်နက်က အဖမ်းခံရပြီး အသတ်ခံလိုက်ရတာပဲ”
” ဟေ သူတို့က တကယ်ကြောင်မှမဟုတ်တာ ဘယ်လိုအဖမ်းခံရတာလဲ”
” ဟဲဟဲ ကိုယ့်ဆရာက ဒီကိုအခုမှရောက်တော့ ဖြစ်ရပ်ဆန်းတွေကိုဘယ်သိမှာလဲ၊ ဒီကြောင်ရုပ်ထုတွေက တကယ်ကြောင်အစစ်တွေဗျ။ သူတို့ဆိုခဲ့တဲ့ကျိန်စာကြောင့် ရုပ်ထုလိုဖြစ်နေကြတာ။ လပြည့်လကွယ်နေ့တွေဆိုရင် ကျိန်စာကနေ ခေတ္တလွတ်မြောက်ပြီး လူနေအရပ်တွေထိ ခြေရှည်ကြတာ။ နောက်ပြီး သူတို့က ဒီနယ်မြေထဲကို လူစိမ်းဝင်တာမကြိုက်ဘူး။ မကောင်းတဲ့အကြံစည်နဲ့ဝင်လာလို့ကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ ကိုက်သတ်ကြတာ”
” တယ်လဲထူးဆန်းတာကိုး ဒါကြောင့် ညက ကျုပ်ပတ်ပတ်လည်မှာ ဒီကောင်တွေ ရှိနေတာကိုး”
” ဟုတ်တယ် ကျုပ်ဒီကိုစရောက်တုန်းကလဲ ခင်ဗျားလိုပဲစောင့်ကြည့်ခံခဲ့ရတာ၊ အခုတော့ ကျုပ်ကသူတို့ကိုပြန်စောင့်ကြည့်နေရပီလေ”
အောင်မြတ်သာတို့လဲ စကားပြောရင်း လမ်းလျောက်လာခဲ့တာ မြေကြီးထဲကိုကျွံဝင်နေတဲ့ စင်္ကြန်လမ်းတစ်နေရာကိုရောက်လာခဲ့ကြတယ်။
“ဒီနေရာက ဌာပနာတိုက်ကိုသွားတဲ့လမ်းကြောင်းလေ”
” သင်က သိလှချည်လား ”
” သိဆို ကျုပ်တရားထိုင်နေရင်း ဌာပနာတိုက်ထဲ မယောင်မလည်နဲ့ရောက်သွားဖူးတာကိုး၊ အထဲမှာ ဓါးစက်၊ လှံစက်၊ မီးစက်တွေ နေရာလပ်မရှိအောင် စီရင်ထားကြတာ သာမန်လူတွေဝင်မိရင်တော့ မတွေးရဲစရာပဲ”
” အထင်ကရ ဘုရားတွေရဲ့ ဌာပနာတိုက်ထဲမှာ ဒီလိုအစီရင်မျိုးတွေထားရှိတတ်ကြတာ ထုံးစံပါပဲ။ ဒါနဲ့ သင်ကရော အခုဘယ်ကိုဆက်သွားမယ် ဆုံးဖြတ်ထားလဲ”
” ကျုပ်ကတော့ တောထဲပဲပြန်ဝင်တော့မယ်။ ရှုပ်ထွေးပွေလီတဲ့ လောကကြီးကို အတော်စိတ်ကုန်နေပြီ”
” ကျုပ်ကတော့ ဝင်မရသေးဘူးဗျ။ အခုလဲ ဒီစေတီမှာစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမဖို့ လာခဲ့တာ။ ဖြစ်ချင်တော့ တွေ့ချင်တဲ့သူနဲ့မတွေ့ပဲ ခင်ဗျားနဲ့လာတွေ့တာပဲဗျို့”
” ခင်ဗျားပြောတဲ့ပုဂ္ဂိုလ်ဆိုတာ ဟိုအပင်အောက်ကကောင်ကိုပြောတာလား”
မီးခဲရဲ့စကားကြောင့် အောင်မြတ်သာလှမ်းကြည့်လိုက်ရာ ထန်းပင်အောက်ခြေမှာ လက်ညိုးလုံးလောက်ရှိတဲ့ လျှော်ကြိုးနဲ့တုပ်နှောင်ခံထိထားတဲ့ လူလိုလို ဘီလူးလိုလိုအကောင်ကိုမြင်လိုက်ရတယ်။
” သူက…..”
” သူ့ကိုယ်သူတော့ ဒီစေတီအစောင့်လို့တော့ပြောတာပဲ။ ကျုပ်ကို ဆက်ဆံတာအချိုးမပြေလို့ နှစ်ချက်သုံးချက်လောက် ပိတ်ကန်ပြီး ကြိုးနဲ့တုပ်ထားလိုက်တာ”
မီးခဲစကားကြောင့် အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး
” ဒါဖြင့် ကျုပ်သူ့ဆီက ခွင့်ပြုချက်တောင်းစရာလေးရှိလို့ ကြိုးဖြည်ပေးလိုက်စမ်းပါဗျာ”
” ဘာလဲ ကိုးနဝင်းစေတီက သဘက်ကြီး ကိစ္စလား”
” ဟ ခင်ဗျားက သိလှချည်လား”
” သိဆို ခင်ဗျားကို လိုက်ပို့တဲ့ မဲတူးဆိုတဲ့ကောင်က ကျုပ်လက်ချက်ကြောင့် အခုလိုအပိုးကျိုးနေတာလေ၊ သူ့ဆရာ သဘက်ကြီးကလဲ ကျုပ်ကို အကူညီတောင်းထားဖူးတယ်”
” ဟုတ်လား ဒါဖြင့် သင်ကူညီပေးလို့ရနေတာပဲ ဘာကြောင့် ကျုပ်ကို ဒီရောက်အောင် ခေါ်လာခဲ့တာလဲ”
” ဘာကြောင့်ဆိုတော့ ကျုပ်ဘဝနဲပတ်သတ်တဲ့ အကြောင်းအရာတွေကို အခြားတစ်ယောက်စီ ပေးချင်လို့ သင့်ကို ဒီရောက်အောင် ခေါ်လိုက်ရတာပဲ”
” သင်ဘဝအတွက် အရေးကြီးတယ်ဆိုရင် ကျုပ်ကူညီပေးပါမယ် ၊ ကျုပ်ကိုပေးချင်တဲ့အရာက ဘာများလဲ”
အောင်မြတ်သာစကားအဆုံးမှာ မီးခဲက သူလွယ်ထားတဲ့အိတ်ထဲကနေ ဟောင်းနွမ်းလုဆဲဆဲဖြစ်နေတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ကာ ကမ်းပေးလိုက်တယ်။
” ဒီစာအုပ်ထဲက အကြောင်းအရာတွေက ဘာတွေများလဲ’
” အမှန်တိုင်းပြောရရင် ကျုပ်ကိုယ်တိုင်ဖောက်ခဲ့တဲ့ လမ်းစဉ်တွေကို အဆင်ပြေသလိုချရေးထားတဲ့ စာအုပ်ပဲ၊ ဒီထဲပါတဲ့အရာတွေက မသင့်တော်တဲ့လူတွေလက်ထဲရောက်သွားရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်၊ ဒါကြောင့် သင့်ကို ထိန်းသိမ်းဖို့အကူညီတောင်းရတာပါ”
” ကျုပ်က ဒီစာအုပ်ကို ဘယ်သူ့ကိုပေးရမှာလဲ”
” လောလောဆယ် ဒီစာအုပ်ကို သင်ပဲသိမ်းထားပေးပါ ၊ စာအုပ်ပိုင်ရှင်က အခုချိန်မမွေးဖွားသေးတဲ့အတွက် သူမွေးဖွားပြီး အရွယ်ရောက်လာတဲ့ထိ သင်ကစောင့်ဆိုင်းပြီး သူ့လက်ထဲကို အပ်နှံပေးပါ၊ ကျုပ်စိတ်ချမယ်နော်”
အောင်မြတ်သာလဲ သူ့ကိုကမ်းပေးထားတဲ့ စာအုပ်ကိုလှမ်းယူလိုက်တဲ့အချိန် အရှေ့မှာရှိနေတဲ့ မီးခဲဆိုတဲ့သူရဲ့ခန္ဓာကိုယ်က တစ်ဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားခဲ့တယ်။
(မီးခဲဆိုတဲ့သူပေးသွားတဲ့ စာအုပ်ကို ပိုင်ဆိုင်မယ့်သူရဲ့အကြောင်းကိုတော့ သီးခြားထပ်ရေးပေးသွားပါမယ်)
+++++++++++++
” ကျုပ်ကိုလွှတ်ပေးပါ လွှတ်ပေးပါ ကျုပ်မစော်ကားတော့ပါဘူး တောင်းပန်ပါတယ် လွှတ်ပေးကြပါ”
ထန်းပင်အောက်ကနေ အော်ဟစ်တောင်းပန်နေတဲ့အသံကြောင့် အောင်မြတ်သာ တရားဖြုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။
” ဆရာ ဆရာ ကျုပ်ကို လွှတ်ပေးပါ ကျုပ်တကယ် လိမ်မာပါတော့မယ်”
အောင်မြတ်သာလဲ ထပ်ခါတစ်လဲလဲ တောင်းပန်တဲ့အသံကြောင့် စေတီပေါ်ကနေ ထန်းပင်ရှိတဲ့ဘက်ကို ဆင်းလာခဲ့လိုက်တယ်။
” သင့်ကို ချုပ်နှောင်သွားတဲ့သူပြောတာကတော့ မှတ်သားလောက်အောင်ထားရမယ်တဲ့ အခုသင်ကကျုပ်ကို တစ်မျိုးပြောနေပြန်ပီ”
” မဟုတ်ပါဘူးဆရာရယ် ကျုပ်တကယ် လိမ်မာပါတော့မယ် ချည်ထားတဲ့ကြိုးကိုသာဖြုတ်ပေးပါ”
” ကျုပ်သင့်ကိုလွှတ်ပေးတာက လွှတ်ပေးလို့ရတယ် ဒါပေမယ့် …..”
” ဒါပေမယ့် ဘာဖြစ်လဲ ”
” မနေ့ညက ကျုပ်တရားထိုင်တဲ့အချိန် တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေတဲ့ လူအချို့ကိုမြင်လိုက်ရတယ်၊ သူတို့ရဲ့မျက်နှာမှာလဲ ထိတ်လန့်ကြောက်ရွံ့မှုတွေကိုအရှင်းသားမြင်တွေ့နေရတယ် ၊ ဒီလူတွေကို သင်တို့ခိုင်းစေဖို့အသုံးပြုနေတာလား”
အောင်မြတ်သာစကားကြောင့် ထန်းပင်အောက်မှာ ချုပ်နှောင်ခံထားရတဲ့သူရဲ့မျက်နှာအနည်းငယ်ပျက်သွားပြီး
” မဟုတ်ပါဘူး မဟုတ်ပါဘူး သူတို့က ဒီနယ်မြေကို ကျူးကျော်ဝင်လာလို့ ကျုပ်လက်အောက်ငယ်သားတွေက အပြစ်ပေးခဲ့ကြတာပါ။ အခြားဘာမှမလုပ်ထားပါဘူး”
” ကောင်ပြီ ဒါဖြင့်လဲ လမ်းမှာတွေ့ခဲ့တဲ့ အရိုးတွေကို ကျုပ်ပြန်ယူသွားပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးမယ် ကျုပ်ဒီကနေပြန်သွားပြီးကာမှ သင့်ကိုချုပ်နှောင်ထားတာ အလိုလိုပျက်ပျက်သွားလိမ့်မယ်”
အောင်မြတ်သာစကားအဆုံးမှာ ထန်းပင်အောက်မှာချုပ်နှောင်ခံထားရတဲ့သူဆီကနေ ဘာသံမှထပ်ထွက်မလာတော့ပဲ ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။
ညသန်းခေါင်အချိန်မှာတော့ ကြောင်တစ်ရာစေတီပေါ်ကို အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမနှစ်ယောက် တက်လာခဲ့တာကို အင်းကွက်ဆွဲနေရင်း လှမ်းမြင်လိုက်ရတယ်။
မိန်းမနှစ်ယောက်က ဘုရားပေါ်ရောက်တာနဲ့ အမွှေးတိုင်၊ဖယောင်းတိုင်တွေ ပူဇော်ပြီး မတ်တပ်ရပ်လျက်နဲ့ပင် ဘုရားရှိခိုးနေခဲ့တယ်။ အားလုံးပြီးစီးသွားတဲ့အချိန်ရောက်တော့ အင်းကွက်ဆွဲနေတဲ့ အောင်မြတ်သာဆီကို တန်းတန်းမတ်မတ်လျောက်လာခဲ့ကြတယ်။
” ဆရာ စေတီမှာ နေထိုင်လို့ သက်တောင့်သက်သာဖြစ်ပါရဲ့လား”
” အင်း အဆင်ပြေပါတယ် သင်တို့ကျုပ်ကို ဘာများပြောစရာရှိလဲ မရှိရင် ကိုယ့်လမ်းကိုယ်သွားကြ”
” ရှိပါတယ်ဆရာ ”
” ကဲ ဘာအရေးကိစ္စများရှိပါသလဲ ကျုပ်နိုင်တဲ့ဘက်က ကူညီပေးပါမယ်”
” မကြာခင် ကြောင်တစ်ရာစေတီရှိရာကို သီလသမာဓိပညာနဲ့ပြည့်စုံတဲ့ ဆရာတော်တစ်ပါး သီတင်းသုံးဖို့ကြွလာပါလိမ့်မယ်။ ဆရာတော် ကြွလာတာကို မနှစ်သက်ကြတဲ့ တောစိုးနတ်ကြီးနဲ့အပေါင်းအပါတွေက ဒီဘက်ကို မကြွဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးကြပါလိမ့်မယ်ဆရာ။ ဆရာတော်က ကျင့်ကြံစွမ်းနုသေးတယ်ဆိုပေမယ့် ဒီအရပ်ဒေသက ဆရာတော်ရဲ့အောင်မြေဖြစ်လာပါလိမ့်မယ်။ ဒီတောရဲ့ အနောက်ဘက် ချောင်းရိုးမှာနေထိုင်ကြတဲ့ နဂါးမျိုးနွယ်တွေကလဲ ဆရာတော်ကိုဖူးမျှော်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ ဆရာအနေနဲ့ ဆရာတော်ကို ကူညီပြီး ဒီအရပ်ဒေသမှာ သာသနာထွန်းကားအောင် ကူညီပေးစေချင်ပါတယ်”
” သင်တို့ပြောတဲ့ဆရာတော်က အခုဘယ်မှာ သီတင်းသုံးနေလဲ”
” ဆရာတော်အလောင်းလျာက ဝဋ်ကြွေးတစ်ခုဆပ်ဖို့ကျန်နေသေးတာကြောင့် လူ့ဘဝမှာပဲရှိနေပါသေးတယ်”
” သဘောပေါက်ပြီ သင်တို့နှစ်ယောက်ပြောချင်တာကို ကျုပ်သဘောပေါက်ပြီ မကြာခင် ဒီအရပ်ဒေသမှာ ဘာသာ သာသနာထွန်းကားဖို့အတွက် ကျုပ်တတ်နိုင်သလောက် ပါရမီဖြည့်ဆည်းပေးပါမယ် ”
အောင်မြတ်သာစကားအဆုံးမှာ အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမနှစ်ယောက်က လက်အုပ်လေးတွေချီကာ ပြန်ထွက်သွားခဲ့ကြတယ်။
နောက်တစ်နေ့မနက်ရောက်တော့ ကြောင်တစ်ရာစေတီပေါ်မှာ အသင့်ထွန်းညှိထာတဲ့ ဖယောင်းတိုင်းသုံးတိုင်ကလွဲရင် အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိကြတော့ပေ။
နောက်ဝတ္တုမှာတော့ ကြောင်တစ်ရာဆရာတော်အလောင်းလျာကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ၊ ဆရာတော်ရဲ့ဝဋ်ကြွေးကရော ဘယ်လောက်ကြီးမားလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ပါရမီဖြည့်လမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)